Monday, August 30, 2010

မမြမှီ
ရေးသူ- ကြည်အေး




{တာရာမဂ္ဂဇင်း၊ အတွဲ ၃၊ အမှတ် ၂၀၊ သြဂုတ်လ၊ ၁၉၄၉ မှ ကူးယူဖော်ပြပါတယ်။}


မမြမှီသည် မိန်းမလိမ္မာကလေးဟု ကျော်စောလေသည်။
"ကျမ သမီးက မွေးကတဲက အေးတာရှင့်- နို့ဆာလို့ ငိုရမှန်းသိတာ မဟုတ်ဘူး..." ဟု သူမ၏ မေမေ ပြောစမှတ် ရှိသည်။
မမြမှီ၏ ကလေးဘ၀မှာ ချမ်းမြ၍ အစွန်းအထင်းမရှိဟု ဆိုရပေမည်။ မိဘများက သူမကို သမီးလိမ္မာ ဖြစ်စေချင်သည်။ ထို့ကြောင့် မမြမှီသည် လူကြီးများရှေ့မှာ ကိုင်းညွတ်သွားခြင်း၊ လူကြီးပြောစကားကို နားထောင်ခြင်း၊ ဘုရားရှိခိုး အလွတ်ကျက်ခြင်းနှင့် ဘုန်းကြီးဆွမ်းလောင်းခြင်းကို ငယ်ငယ်ကလေးထဲက တတ်လေသည်။
ဖေဖေက "ငါ့သမီးက လိမ္မာတယ်ဟေ့..." ဟု ပြောတတ်သည့်အခါမျိုးမှာ သူမသည် ကလေးတို့၏ ရှက်ပြုံးနှင့် ကလေးတို့၏ ကျေနပ်ခြင်းရောနှောသော အမူအရာဖြင့် မနေတတ် မထိုင်တတ် ဖြစ်တတ်လေသည်။ မမြမှီသည် နားမလည်သည့်အရွယ်မို့ ချီးမွမ်းလိုက်သည့်အခါမှာ ရောင့်တက်မိသလိုလိုတောင် ဖြစ်သေးသည်။
ဒေါ်ဒေါ်က "တူမလေးက မိဘမျက်နှာသာပေးတိုင်း ရွှေရေးပန်းကန်တက် မလုပ်ရဘူးကွဲ့.." ဟု ဆုံးမ၏။ ထို့ကြောင့် မမြမှီသည် အိနြေ္ဒပြန်ဆယ်ပြီး အေးအေး ငြိမ်ငြိမ်ကလေးဘဲ နေပြန်သည်။
ကျောင်းနေရ၍ အပေါင်းအသင်းက များလာသည့်အခါမှာ သူမသည် ဆော့ချင်၊ စကားများချင်၊ သီချင်းဆိုချင်၊ ကချင် ဖြစ်လာလေသည်။
မေမေက "သမီးဟာ လိမ္မာတယ်ဆို၊ မိန်းကလေးဆိုတာ သိမ်သိမ်မွေ့မွေ့ ရှိရတယ်ကွဲ့.... အသံကျယ်တိုင်း သီချင်း အော်မဆိုရဘူး.. စကားမများရဘူး..." ဟု ပြောသည်။ သူမသည် ရှက်ပြီး မျက်ရည်ကလေးများတောင် လည်လာ၏။ ဒါကို မေမေက ပြုံး၍ သမီး၏ နဖူးဆံစကလေးကို နမ်းလိုက်လေသည်။
မမြမှီသည် "သြော်.. ငါဟာ မိုက်လိုက်တာ.. ကြည့်စမ်း မေမေက သမီးလေးကို လိမ္မာစေချင်ရှာလို့ ပြောတာဘဲ.." ဟု နောင်တ ရမိလေသည်။
သူမသည် သီချင်းကို ဘုရားရှိခိုးထက် ကျက်၍ ရလွယ်သော်လည်း ဓမ္မစကြာစာအုပ်ကိုသာ တကိုင်ကိုင်နှင့် နေလေသည်။ သူမသည် လိမ္မာသည်ဆိုသော စကားလုံးကလေးကို ခုံမင်မိလေသည်။
တခါမှာ မမြမှီသည် အတန်းဆရာမက အထင်လွဲပြီး ရိုက်ခြင်းကို ခံရ၏။
သူမသည် မတရားအလုပ်ခံရသူဖြစ်၍ ဒေါသထလာသည်။ ပြန်လှန်ပြောချင်လာသည်။ သို့သော် လူကြီးများ ရွံရှာတတ်သည့် မိုက်တိမိုက်မဲသူငယ်မကလေးဟု အခေါ်ခံရမည်ကို စိုးရွံ့ပြီး ကြိတ်နေ၏။ ဆရာမက တခါထပ်ပြီး မုန့်စားမဆင်းရဟု ဒါဏ်ပေးပြန်ရာ သူမသည် လွယ်အိတ်ကို လွယ်ပြီး အိမ်ကို တခါထဲ ပြန်ခဲ့ လေသည်။
မေမေက ဆီး၍ "သမီး... မိုက်လှချည်လားကွယ်.. မေမေဖြင့် ရှက်ပါရဲ့- ဆရာဆိုတာ တပည့်ကို ရိုက်စမြဲပေါ့.." ဟုဆိုသည်။
မမြမှီ၏ ကျောင်းပြောင်းပေးရန် ပူဆာလိုစိတ်တို့သည် အဝေးသို့ ထွက်ပြေးကုန်ကာ ငိုချလိုက်မိ တော့သည်။ နောက်တနေ့ ဖေဖေက မျက်နှာထားကြီးနှင့် သူမအား ဆုံးမပြန်သည်ကို အသဲမှာ စွဲ၍ မဆုံးပေ။ မမြမှီသည် ဆရာမ ဘာပြောပြော ငုံ့ခံသော ကျောင်းသူ အလိမ္မာကလေး ဖြစ်ပြန်လေသည်။
မမြမှီသည် ၆ တန်း ရောက်သည့်အခါ ကျောင်းမှ ကစားခုံစားပွဲကို ပါချင်စိတ် ရွရွတက်၍ လာ၏။ မ၀ံ့မရဲနှင့်ပင် စိတ်နှိုးဆော်လွန်း၍ ဒေါ်ဒေါ်ကတဆင့် မေမေ့ကို ပြောခိုင်းရသည်။ မေမေက အခွင့်မပေး၊ အကျိုးမရှိတဲ့ အလုပ်တဲ့။
သူမသည် အသံတုန်တုန်နှင့် "ကျမ္မာရေး လိုက်စားတော့ ကိုယ်လုံးကိုယ်ပေါက် လှတာပေါ့ မေမေရဲ့.. ကျမ သူငယ်ချင်း မေစီ ခြေသလုံးလေးကို လှတယ်လို့ လူတိုင်း ပြောကြတယ်..." ဟု ပြောလိုက်မိလေသည်။
မေမေသည် အံ့သြသွားပြီး "သြော်... ဟိုကောင်မ ရှပ်တပ်တပ်ကလေးဟာလား.. မေစီတဲ့လား.. သူနဲ့ မပေါင်းနဲ့သမီး... အကျင့်တွေ ကူးစက်ကုန်မယ်...."
မေစီကို သူမ တော်တော်ချစ်သဖြင့် မခံချင်ဘဲ....
"မေစီက သမီးကို ချစ်ပါတယ် မေမေရယ်.. သူ့အဖေကြီး အရက်သောက်တာတွေ.. မယားငယ် ယူတာတွေ တောင် ပြောပြတယ်..."
မေမေ၏ မျက်နှာသည် တင်းမာသွားပြီး "ညည်းကကော .. မေမေတို့ စီးပွါးပျက်တဲ့အကြောင်းတွေ ဘာတွေ ပြောမပြဘူးလား.." ဟု ငေါ့လေသည်။
သူသည် မလုံမလဲ ဖြစ်လာလေသည်။
မေစီကို အားကျမိသဖြင့် မိဘကို မကျေနပ်တာကလေးတွေ တခါတခါ ပြောမိတတ်၏။ ပွဲမကြည့်ရသည့် အကြောင်း၊ ကျောင်းစာကို စိတ်မပါသည့်အခါတောင် ကျက်ရသည့်အကြောင်း။
မမြမှီသည် မေစီနှင့် တိတ်တဆိတ် ခင်မင်မြဲ ခင်မင်နေသည်။ သို့သော်လည်း အိမ်လည် မခေါ်ဝံ့တော့ချေ။
သူမသည် အရွယ်ကလေး ရလာသည်ဖြစ်၍ လှချင် ပချင်လည်း ဖြစ်လာသည်။ မေစီဝတ်သည့် ဘော်လီဟိုက်ဟိုက်၊ အင်္ကျီလုံချည် ဆန်းဆန်း၊ ခုံမြင့်ဘိနပ်တို့ကို တပ်မက်လာသည်။ မျက်နှာ နှုတ်ခမ်း ပါး ခြယ်သစရာကိုလည်း လိုချင်လာသည်။ ထိုကြောင့် မုန့်ဘိုးကို စုပြီး ၀ယ်မိသည်။ ပဌမတော့ ပြောင်ပြောင် အသုံးမပြုရဲ....။ တဖြည်းဖြည်းနှင့် စမ်းပြီး လုပ်ရသည်။
ဖေဖေသည် သူမ၏ အလှပြင်ပစ္စည်းများကို အားလုံးယူပြီး လွှင့်ပစ်လိုက်လေသည်။ "ကြီးလေချဉ်လေ သံပုရာသီး" ဟုလည်း ခေါ်သေးသည်။ မမြမှီ ရှက်၍ မပြီးတော့... သူမ၏ လိမ္မာတယ်ဆိုသော နာမည်သည် ပျက်ရချေပြီ။ ကိုယ့်ကိုယ်ကို မုန်းစိတ်တွေ ၀င်လာလေသည်။ အို.... နောက်မမိုက်တော့ပါဘူးဟု.. ဓိဌာန်မိလေသည်။
၇- တန်းအောင်သော် မိဘတို့သည် သမီးကို ကျောင်းနှုတ်လိုက်လေသည်။ မမြမှီစိတ်ကတော့ ကောလိပ်တောင် သွားလိုက်ချင်သေး၏။ သို့သော် ဘာမှ ပြောမနေတော့ဘဲ ကျောင်းထွက်လိုက်လေသည်။
အိမ်မှာနေရတာ ပျင်းစရာ ကောင်းလှပါတကား။ ဘယ်ကိုမှလည်း မလည်ရ။ ထိုကြောင့် စာအုပ်များကို ဘတ်စ ပြုလာ၏။ ချစ်မုန်တိုင်း၊ ချစ်လှေလူး၊ ထိုနောက် လွမ်းမှုံမှုံ၊ ထိုနောက် လူ့မာန၊ ထိုနောက် စိတ္တဗေဒ၊ အတွေးသစ် ဆိုရှယ်လစ်ဇင်း။
တအိမ်လုံး သူမအား မျက်မှောင်ကုပ်လေသည်။ လူကြီးတို့သည် အထင်သေးသော မျက်နှာဖြင့် ဆူလည်း ဆူပူသေးသည်။ မေမေက "ငါကတော့ သြချလိုက်တော့မယ်ဟေ့" ဟု ဆိုသည့်အခါမူကား မမြမှီသည် စာအုပ်အားလုံးကို သူငယ်ချင်းတွေ ပေးပစ်လိုက်လေသည်။
အအားမနေတတ်သဖြင့် မမြမှီသည် မီးဖိုချောင်ထဲသို့ ၀င်သည်။
မိုးလင်းလျှင်ထ၊ ဘုရားရေကပ်၊ ပန်းလဲ ဆွမ်းတင်၊ ပြီးတော့ ထမင်းဟင်းဝင်ချက်၊ ထမင်းပွဲပြင်၊ ပြီးလျှင် အ၀တ်လျှော်၊ တဖန် ကော်ဖီဖျော်၊ ပြီးလျှင် မီးပူတိုက်၊ ညနေစောင်းလျှင် ထမင်းပြန်ချက်၊ သူမသည် ချုပ်စရာ လုပ်စရာကလေး များကိုတောင်မှ စေ့စေ့စပ်စပ်ရှိလာသည်။ အကူအညီခေါ်ထားသည့် ကလေးမ ကလေးများ ကိုပင် စိတ်တိုင်းမကျချင်ပေ။
တနေ့လုံး လုပ်ရ ကိုင်ရနှင့် မောကာ ညကျတော့ တရေးထဲနှင့် မိုးလင်းအထိ အိပ်ရသည်။ နေ့ဆိုလျှင် အိမ်မှုပြု၊ ညဆိုလျှင် အိပ်။
မိဘများက သဘောကျပြီး "မမြမှီဟာ လိမ္မာပါတယ်လို့ ဆိုနေတာ....." ဟု ချီးမွမ်းကြပြန်သည်။
အမှန်ပင် မမြမှီသည် အိမ်မှာ အရေးပါလာလေသည်။ ဖေဖေ့ ဧည့်သည်ကအစ မမြမှီနှင့် ပြီးစီးနိုင်သည်။ မေမေဆိုလျှင် အိမ်ကို ပြန်လှည့် မကြည့်ရတော့ဘဲ ဥပုသ် စောင့်ချင်သလောက်စောင့်ကာ နေလေသည်။

သူမသည် မေစီနှင့်ပါတ်သက်ပြီး ကာတွန်းဆရာကလေးတယောက်နှင့် ခင်မင်မိ၏။ သူသည် ပျော်ရွှင်ပေါ့ပါး၍ သူ့ကာတွန်း ရုပ်ကလေးများလိုပင် ဟာသရှိ၏။ မေမေ ဖေဖေတို့ကိုတော့ ကြောက်သည် ဆိုသည်။ သူက ပွင့်လင်း လွတ်လပ်သော စိတ်ရှိသည်။
"မမြမှီကို ကျွန်တော် လွတ်လပ်ခြင်း ပေးချင်ပါတယ်ဗျာ... ကျွန်တော်တို့ နှစ်ယောက် စိတ္တသုခ ရှာရအောင်...." ဟု ပြောလာသည်။
မမြမှီသည် သက်ပြင်းကိုသာ ကြိတ်ပြီးချမိလေသည်။
သူမသည် သမီးလိမ္မာဖြစ်၍ မိဘကွယ်ရာမှာ ဘာမှ မလုပ်၊ သူမကိုယ်ကို သူမ မပိုင်၊ မိဘက ပိုင်သည်ဟု ယုံကြည်လျက် ထားလေသည်။ ဒါမှ အေးမည် မဟုတ်လား။ သူမသည် ခေါင်းခါယင်း၊ ခေါင်းခါယင်းနှင့် နောက်ဆုံးတော့ မိဘပိုင် မဟုတ်တော့ဘဲ ချစ်သူပိုင် မမြမှီဖြစ်၍ လာလေသည်။

အဆုံး၌ မိဘတို့သည် မမြမှီကို လင်ပေးစားလိုက်ကြ၏။

"ကာတွန်းဆရာဆိုတာ ဘာများ မက်စရာတုန်း... မမိုက်ချင် စမ်းပါနဲ့အေ.. မိဘဆိုတာ ဆင်စီးလို့ မြင်း....." လိမ္မာချင်သော မမြမှီသည် မျက်ရည်ကိုတောင်မှ ချုပ်တည်းထားပြီး မချစ်သူကို ယူလိုက်၏။ လိမ္မာသည့် သားသမီးသည် မိဘ၏ စိတ်အနှောက်အယှက်ကို မဖြစ်ရအောင် အသက်အသေခံပြီး လုပ်မည်ဖြစ်၏။ ပြီးတော့ တိမ်းပါး မှားယွင်းသွားအုန်း... ကိုယ့်မှာ အပြစ်မရှိ၊ ကိုယ်ကြိုက်လို့ ယူတာမှာ မဟုတ်ဘဲ... မိဘ ပေးစားတာ။

မကြေနပ်နိုင်သည့် ကာတွန်းဆရာက "မမြမှီဟာ ကိုယ့်ကိုယ်ကို နှစ်နေတာဘဲ ကျွန်တော်တော့ လူတွေဟာ တကိုယ်တည်း မွေးဖွားလာပြီး တကိုယ်တည်း သဘောနဲ့ လုပ်နိုင်ခွင့် ရှိတဲ့ တရားကို ယုံတယ်။ မိဘ ဆွေမျိုး မိတ်ဆွေ စသည်တွေဟာ စင်စစ်တော့ ပုဂ္ဂလိက အနေနဲ့ ကြည့်ယင် ဘာမှ မဆိုင်ပါဘူး... တော်လှန်တဲ့ ညာဉ်ကလေးကို မွေးစမ်းပါ... မမြမှီရယ်...." ဟု စာရေးလိုက်လေသည်။

မမြမှီက ကြိတ်၍ရှိုက်ပြီး "အို..... မမိုက်ချင်ဘူး- မမိုက်ချင်ဘူး- ဒါဘဲ....." ဟုသာ ပြောတတ်တော့သည်။
မှန်၏။ မမြမှီကို မင်္ဂလာပွဲ ပရိသတ်များက သမီးအလိမ္မာကလေးဟု ကောင်းချီးပေးကြလေသည်။
မမြမှီသည် မယားလိမ္မာလည်း ဖြစ်ပေသေး၏။
သူမ၏ ကိုကိုမှာ မမြမှီက ပြုစုတာကို "လိမ္မာတယ်- လိမ္မာတယ်" ချီးမွမ်းယင်း မိုက်မဲ နွဲ့ဆိုးတတ်သော အသစ်ကလေးများကို ရှာတတ်လာသည်။
မမြမှီသည် အတွင်းမီးကို အပြင်မထုတ်ဘဲ ရင်ထဲမှာသာ ထားလေသည်။ မေမေ့ကိုတောင်မှ မတိုင် မတော။
ငါဟာ ယောက်ျားလုပ်ကျွေးတာကို ခံစားပြီးနေယင် ယောက်ျားရဲ့ အလုပ်ကို စွက်ဘက်ခွင့် မရှိဘူး... မယားဆိုတာ လင်ပိုင်ပစ္စည်းဘဲ မဟုတ်လား။ ဟောဒီ မော်တော်ကား၊ ရေဒီယို၊ တိုက်နှင့် ခြံလိုပေါ့... ပြီးတော့ မှားတယ်ဆိုပြီး ပြင်ဆင်မယ်ကြံရင် မိုက်တာပေါ့။ လင်မကောင်းဘူးဆိုပြီး ချစ်သူဟောင်းဆီ ပြန်သွားကြည့်ပါလား။ ဘယ်သူက ဘယ်လောက်များ ပြောလိုက်မလဲကွယ်....
စင်စစ် မမြမှီသည် လိမ္မာပါးနပ်စွာ ဖုံးတတ် ဖိတတ်သဖြင့် လူအပေါင်းတို့က "မမြမှီဟာ အင်မတန် လင်ရတော်တယ်" ဟု ပြောဆို နေကြပြန်ပေပြီ။
သူမ၌ သားကလေး ရလာသည်ကို တွယ်တာ ရပြန်၏။ ပြုစု ယုယရပြန်၏။ မမြမှီသည် မအေလိမ္မာကြီးလည်း ဖြစ်ရပြန်သည်။ အကြောင်းမှာ သားနှင့် ပတ်သက်သမျှ မကောင်းကြောင်းကို အလိမ်အညာ ဘာနှင့်ပင် ဖြစ်ဖြစ် လင်သည် မသိအောင် ဖုံးဖိရပြန်လေသည်။
မမြမှီ၏ သားသည် ကြီးပြင်းလာပြီး ပညာကောင်းကောင်း သင်ချိန်မှာ မမြမှီ၏ ယောက်ျားသည် ဆုံးပါး၍ သွား၏။ သို့သော်လည်း နောက်အိမ်ထောင်ပြုဘို့ မစဉ်းစား.... သားအတွက် ညှာရပေမည်။
သား၏ မျက်လုံးကြီး လှန်ပြီး ကြည့်တတ်သော ဒေါသကို သူမ ခပ်ရွံ့ရွံ့လည်း ရှိ၏။ ဒါတွေထက် သားကို ချစ်သော မိခင်ဟု လူများက ချီးမွမ်းသည်ကို မဖျက်ဆီးချင်ပေ။ သူမသည် အမြဲတမ်း အနာခံရသော မိန်းမလိမ္မာမဟုတ်လား။
ယခုဆိုလျှင် သားကြီးမှာ ဇနီးတောင် ရ၍ နေပါပြီကော... လိမ္မာသော အမေသည် သားနှင့်ပါတ်သက်၍ ချွေးမကိုလည်း အမွှမ်းတင်ရပြန်သည်။
ယနေ့ သားက မွေးသည့် မြေးကလေး ကလေးအဘို့ ဒေါ်မြမှီသည် လိမ္မာသော ဖွါးအေကြီး ဖြစ်လျက်နေပြန်လေ၏။


ကြည်အေး။
{တာရာမဂ္ဂဇင်း၊ အတွဲ ၃၊ အမှတ် ၂၀၊ သြဂုတ်လ၊ ၁၉၄၉ မှ ကူးယူဖော်ပြပါတယ်။}

Monday, August 23, 2010

ကိုရွှေဘယဉ်ကျေးမှုရနံ့ သင်းပျံ့တဲ့မြေ
ရေးသူ- နောင်ကျာ်



[ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် (၃၂)၊ ဇူလိုင်လ၊ ၂၀၁၀ ခုနှစ် မှာဖော်ပြထားတဲ့ အထူးပြုစာမျက်နှာ ဆောင်းပါးကို မာယာက ကြိုက်နှစ်သက်၍ တဖန် ကူးယူယူဖော်ပြခြင်း ဖြစ်ပါတယ်။]


လူရယ်လို့ ဖြစ်လာတဲ့ ဘ၀အခိုက်အတန့်လေးမှာ ကိုယ်ချစ်ရတဲ့သူ၊ ကိုယ်လေးစားရတဲ့သူ၊ ကိုယ်အားကျရတဲ့သူ၊ ကိုယ်ကြည်ညိုရတဲ့သူ..... စသဖြင့် ရှိတတ်ကြတယ်။ တချို့ကို ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်ဖူးပြီး ချစ်ရတာ။ တချို့ကိုတော့ တခါမှ မမြင်ဘူးပဲ တဆင့်စကား တဆင့်နားနဲ့ ကြားပြီး (ဒါမှမဟုတ်) စာထဲမှာပဲ တွေ့ဖူးပြီး ချစ်နေရတာ။ သြော်.... သံယောဇဉ်၊ သံယောဇဉ်။ ပါဠိလိုတော့ သံယောဇန။ မြန်မာလိုပြန်တော့ နှောင်ဖွဲ့သော သဘော.... တဲ့။

သံယောဇဉ်ဆိုတာ သမီးရည်းစား၊ လင်မယား၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ မိသားစု ဆွေမျိုး အသိုင်းအ၀ိုင်းကြားမှာပဲ ရှိတာတော့ မဟုတ်ပါဘူး။ ကိုယ်လေးစားရ၊ အားကျရ၊ ကြည်ညိုရသူတွေနဲ့ ပါတ်သက်ရင်လည်း သံယောဇဉ်ဆိုတာ ရှိပါတယ်။ ပြီးတော့ ကိုယ်သဘောကျတဲ့ ပုဂ္ဂိုလ်ဆိုတာလည်း လောကကြီးမှာ ရှိတတ်ပါသေးတယ်။ သူ့ကို ဆိုရင်လည်း သံယောဇဉ် ဖြစ်နေတတ်ပါသေးတယ်။

ကိုယ်ရောက်နေတဲ့ လူ့ဘ၀သက်တမ်းရဲ့ ဖြတ်သန်းခဲ့တဲ့ ခရီးလမ်းတလျှောက်မှာ (လူမှုဆက်ဆံရေး ကျယ်ရင် ကျယ်သလောက်) လူပေါင်းစုံနဲ့ ထိတွေ့ ဆက်ဆံကြရပါတယ်။ အဲဒီ လူမှုဆက်ဆံရေးတွေထဲမှာပဲ ကိုယ်ချစ်ရတဲ့သူ ဆိုတာကို (တယောက်မက) တွေ့ခဲ့ကြမှာပါ။ ရင်ခုန်မိခဲ့တဲ့ သူတွေလည်း တွေ့ခဲ့ရဖူးမှာပါ။ ကိုယ်လေးစားတဲ့ ပုဂ္ဂိုလ်ဆိုတာကိုလည်း (အသက်အရွယ်အလိုက်) တယောက်ထက်မက တွေ့ခဲ့ကြဖူးမှာပါ။ ကိုယ်အားကျတဲ့ (နယ်ပယ်အသီးသီးက) ပုဂ္ဂိုလ်တွေကိုလည်း တွေ့ခဲ့ဖူးကြလိမ့်မယ် ထင်ပါတယ်။ ကိုယ်က ကြည်ညိုမိပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးကျတော့ ရှေ့ပိုင်းမှာ ပြောခဲ့တဲ့ လူပုဂ္ဂိုလ်တွေလောက် အရေအတွက်များမှာ မဟုတ်တော့ပါဘူး။

ကြည်ညိုရတဲ့ ပုဂ္ဂိုလ်ကျတော့ လေးစားတာတွေ၊ တန်ဖိုးထားတာတွေ၊ အားကျတာတွေ၊ သံယောဇဉ်ဖြစ် ရတာတွေ၊ သူ့ရဲ့ကိုယ်ကျင့်တရားနဲ့ ရပ်တည်ချက်အပေါ် ယုံကြည်တာတွေ၊ မှန်တဲ့ဘက်မှာ အမြဲတမ်းရှိနေလို့ သဘောကျတာတွေရော အားလုံးပေါင်းစုပြီး ဖြစ်တဲ့ခံစားမှုနဲ့ သဘောထားမျိုးဆိုတော့ ကိုယ်ဘ၀ရဲ့ ရှားရှားပါးပါး ပုဂ္ဂိုလ်တယောက် ဖြစ်နေတတ်ပါတယ်။ ကြည်ညိုစရာ ကောင်းတဲ့ ပုဂ္ဂိုလ်ရယ်လို့ စံထားသတ်မှတ်ခံရသူတွေဟာ များသောအားဖြင့် ကွယ်လွန်သွားခဲ့ပြီးတဲ့ ပုဂ္ဂိုလ်မျိုးတွေ အဖြစ်များမယ် ထင်ပါတယ်။ သက်ရှိထင်ရှား ပုဂ္ဂိုလ်မျိုးက အရေအတွက်မများလှဘူးလို့ ထင်မိပါတယ်။ ဒါကတော့ ကိုယ့်တဦးချင်းစီရဲ့ 'စံသတ်မှတ်' တွေနဲ့ ပိုပြီး သက်ဆိုင်ပါ လိမ့်မယ်။

လူတွေရဲ့ သဘာဝက ရင်းရင်းနှီးနှီး လက်ပွန်းတတီး ရှိနေသူဆီမှာ လေးစားစရာ၊ ကြည်ညိုစရာကောင်း တဲ့ အချက်အလက် (ကိုယ်ကျင့်တရားစံ) တွေ ရှိနေပေမယ့် အဲဒီ လူပုဂ္ဂိုလ်ကို အသိအမှတ်ပြုရကောင်းမှန်း၊ တန်ဘိုးထား လေးစားရကောင်းမှန်း မသိကြပါဘူး။ တချို့ကတော့ မသိချင်ယောင် ဆောင်နေတတ်ကြပါတယ်။ တချို့ဆိုရင် 'ရွာနားဘုရား၊ ရွာသားမကြည်ညို့' ဖြစ်ရုံမကဘဲ ပခုံးချင်းတိုင်းတာတို့၊ ပြဿနာရှာတာတို့၊ စော်ကားမော်ကား လုပ်တာတို့တောင် ရှိတတ်ကြပါတယ်။ မလိုသူတွေရဲ့ အကြည့်မှာ အပြစ်ရှာတဲ့ အနံ့ခံ ကရိယာတွေ ပါတတ်ပါတယ်။ ကဲ့ရဲ့ချင်သူတွေရဲ့ အကြည့်မှာ မနာလို အမုန်းတရားတွေ ပါတတ်ပါတယ်။ အတ္တကြီးသူတွေရဲ့ အကြည့်မှာ ပြိုင်ဘက်အညှိုးတွေ ပါတတ်ပါတယ်။ မာန်ထောင် မောက်မာသူတွေရဲ့ အကြည့်မှာ အထင်သေးစော်ကားစိတ်တွေ ပေကျံနေတတ်ပါတယ်။ အဲဒီလို ကြည့်တတ်သူတွေ သတိထား စဉ်းစားမိဖို့ လိုတာကတော့ ကိုယ်လှမ်းကြည့်မိတဲ့ ပုဂ္ဂိုလ်ဟာ 'လူသားပုထုဇဉ်' ဖြစ်တယ်ဆိုတာကိုပါ။ အမှားလား၊ ရည်ရွယ်ချက်ရှိတဲ့ အမှားလား ဆိုတာ ခွဲကြည့်ရမှာပါ။ ခွင့်လွှတ်သင့်တဲ့ အမှား၊ ခွင့်လွှတ်လို့ မဖြစ်တဲ့ အမှား၊ ကာယကံရှင်ပဲ ထိခိုက်တဲ့အမှား၊ လူတွေကို ဒုက္ခရောက်စေတဲ့အမှား၊ အမှားလို့ ထင်နေမိတဲ့အမှန်... စသဖြင့် ခွဲခြားကြည့်ဖို့တော့ လိုပါလိမ့်မယ်။

ယဉ်ကျေးတာတော့ ကောင်းပါရဲ့

ကျွန်တော် ဆောင်းပါးရေးတဲ့ အခါမျိုးမှာ ကိုးကားတာ၊ ရည်ညွှန်းတာမျိုး လုပ်တတ်ပါတယ်။ အဲဒီလို အခါတိုင်းမှာ စာအုပ်တအုပ်၊ ဒါမှမဟုတ် ဆောင်းပါးတပုဒ်မှာပါတဲ့ ကလောင်နာမည်အတိုင်းရေးပြီး ကိုးကားလေ့ ရှိပါတယ်။ ဥပမာ- ဇော်ဂျီ၊ မင်းသုဝဏ်၊ တိုက်စိုး.... အစရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ စာကို ညွှန်းတာပဲ ဖြစ်ဖြစ်၊ ကိုးကားတာပဲ ဖြစ်ဖြစ် လုပ်တဲ့ အခါတိုင်းမှာ ကလောင်နာမည်ကို မူလဖော်ပြထားသလိုပဲ ရေးလေ့ရှိပါတယ်။ ကလောင်နာမည် ရှေ့မှာ 'ဆရာ' ဆိုတဲ့ စကားလုံးကို သုံးလေ့မရှိသလောက်ပါပဲ။ အဲဒါကို မိုက်ရိုင်းတယ်၊ ရိုင်းစိုင်းတယ်၊ ဂုဏ၀ုတ္တိ ၀ယ၀ုတ္တိ မရှိဘူးလို့ ထင်မှတ်သူတွေ ရှိနိုင်ပါတယ်။ အဲဒီလို ထင်သူတွေ ရှိရင် 'သုတေနသနထုံး' ကို လေ့လာကြည့်စေချင်ပါတယ်။

လောကကြီးမှာ တချို့ဟာ ယဉ်ကျေးလေးစားဖို့ လိုအပ်တာကို ယဉ်ကျေးလေးစားရကောင်းမှန်း မသိဘဲ၊ လိုက်နာ စောင့်ထိန်းရကောင်းမှန်း မသိဘဲ မလိုအပ်တာကို လေးစားယဉ်ကျေးချင်ယောင် ဆောင်ပြနေတာမျိုးတွေ ရှိပါတယ်။ အတော့်ကို စိတ်ညစ် စက်ဆုပ်စရာ ကောင်းတာ မျိုးပါ။ စိတ်ဓါတ်ပိုင်းဆိုင်ရာ၊ သဘောထားပိုင်းဆိုင်ရာ ယဉ်ကျေးမှုကို တဆင့်မြှင့်တင်ပြီး စိတ်ထားရင့်ကျက်သူ ဖြစ်လာအောင် ကြိုးစားအားထုတ်တာမျိုး မလုပ်ပဲ အပေါ်ယံ ထင်သာ မြင်သာတဲ့ ကိစ္စတွေလောက်မှာပဲ ယဉ်ကျေးချင်ယောင် ဆောင်ပြနေမတာမျိုးတွေက အစဉ်အလာကြီးတခု ဖြစ်လာနေပြီလား။ ဒါဆိုရင် အဲဒီ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ဟာ ဘယ်လောက်တောင် စိုးရိမ်စရာကောင်းတဲ့ ရေမှတ်ကို ရောက်သွားနိုင်မယ်လို့ ထင်မိပါသလဲ။

နောက်ပိုင်းကြမ်းမှ ကြမ်းတာ

မလိုအပ်ဘဲ လေးစားပြနေတဲ့ ကိစ္စ၊ လေးစားသင့်တဲ့နေရာမှာ မလေးစားတတ်တဲ့ ကိစ္စကနေ ဆက်စပ်ပြီး လေးစားမှု၊ ချစ်ခင်အားကျမှုနဲ့ ဘ၀ကို ကိုယ်စားပြုနိုင်တဲ့ ပုဂ္ဂိုလ်တယောက်အကြောင်းကို သတိရလာပါတယ်။ ဆက်ပြောခွင့် ပြုပါ။

ကျွန်တော်တို့ ငယ်ငယ်တုန်းက ရုပ်ရှင်လောကမှာ 'ရွှေဘခေတ်' ဆိုတာ ရှိခဲ့ပြီး ကျွန်တော်လည်း အတော်လေး မှီခဲ့ပါတယ်။ ရုပ်ရှင်မင်းသား 'ရွှေဘ' ပါတဲ့ ဇာတ်ကားအတော်များများကို ကြည့်ဖူးပြီး သဘောလည်း ကျခဲ့ဖူးပါတယ်။ ကျွန်တော့်လို 'ရွှေဘ' ရုပ်ရှင်ကားတွေ ကြည့်ပြီး ကြီးလာသူတွေနဲ့ တက္ကသိုလ်ကျောင်းသား ဘ၀မှာ ဆုံခဲ့ပါတယ်။ အဲဒီကာလတုန်းက ရန်ကုန်တက္ကသိုလ်ကို လာတက်ကြတဲ့ နယ်မြို့ အသီးသီးက ကျောင်းသားအတော်များများ ရှိနေပါသေးတယ်။

တရက်မှာ ထုံးစံအတိုင်း လက်ဘက်ရည်ဆိုင်ထိုင်ရင်း ရောက်တတ်ရာရာတွေ ပြောနေကြရာကနေ ငယ်ငယ်တုန်းက သဘောကျခဲ့ဖူးတဲ့ ရုပ်ရှင်မင်းသားတွေအကြောင်း ရောက်သွားပါလေရော။ အဲဒီမှာတင် ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ရွှေဘရဲ့ ရုပ်ရှင်ကားတွေနဲ့ သူ့ပရိသတ်တွေ အကြောင်းကိုပါ တယောက်တပေါက် ပြောဖြစ်ကြပါတယ်။ အဲဒီစကားဝိုင်းထဲမှာ အညာဒေသသား နှစ်ယောက်လည်း ပါ, ပါတယ်။ သူတို့နှစ်ယောက်က ဇာတိမြို့ချင်းတော့ မတူပါဘူး။

အညာသားတယောက်ကပြောတယ်

"ကျွန်တော်တို့ မြို့က လူတွေရဲ့ ရွှေဘကို လေးစားပုံများကတော့ဗျာ.... တရက်မှာ ကျွန်တော်တို့ မြို့ကို လူစိမ်းတယောက် ရောက်လာတယ်။ သူသွားချင်တဲ့နေရာကို ဆိုက်ကား ငှားစီးရင်း ရုပ်ရှင်ရုံရှေ့ ရောက်လာတော့ 'အော်... ဒီမြို့မှာ ရွှေဘကား ပြနေတာကိုး' လို့ ပြောသတဲ့။ အဲဒီတော့ ဆိုက်ကားဆရာက သူ့ခရီးသည်ကို 'ခင်ဗျား.. ကိုရွှေဘလို့တော့ ပြောပါဗျာ' တဲ့။ ခရီးသည်ကလည်း အခြေအနေကို သဘောပေါက်ပုံမရတဲ့ လူမျိုး ထင်ပါရဲ့ဗျာ။ 'ရွှေဘဆိုပြီး ရေးထားလို့ ရွှေဘ ခေါ်တာပဲဗျ၊ ဘာမှားလို့လဲ' လို့ ပြန်ပြောသတဲ့။ အဲဒီအခါမှာ ဆိုက်ကားဆရာက သူ့ဆိုက်ကားကို ရပ်လိုက်ပြီး 'ကဲ... ကိုရွှေဘလို့မှ မခေါ်နိုင်ရင်တော့ အခုချက်ချင်း ဆိုက်ကားပေါ်က ဆင်းတော့ဗျာ။ ဆိုက်ကားခလည်း ပေးမနေနဲ့တော့' လို့ပြောပြီး ဆိုက်ကားပေါ်က မောင်းချလိုက်တာဗျ"

ဝိုင်းထဲက တယောက်က 'ခင်ဗျားတို့မြို့က လူတွေက ရွှေဘကို အဲဒီလောက် လေးစားကြတာလား' လို့ မေးလိုက်တယ်။ နောက်ထပ် အညာသားက ၀င်ပြောတယ်။

'ဟုတ်တယ်ဗျ။ ကျွန်တော်တို့ ဘက်က လူတွေက ရွှေဘကို အရမ်းချစ်ကြ လေးစားကြတာ။ သူ သရုပ်ဆောင်တဲ့ ဇာတ်ကားတွေမှာ ရွှေဘကြီးက ကျေးလက် အဖိနှိပ်ခံ လူတန်းစားနေရာက သရုပ်ဆောင်ပြီး ဖိနှိပ် ဗိုလ်ကျ အနိုင်ကျင့်လေ့ရှိတဲ့ ကျေးလက်အာဏာရှိတဲ့ သူ့တပည့် လူမိုက်တွေကို အညံ့မခံဘဲနဲ့ ပြန်ချလေ့ရှိ တာကိုး။ ဒါကြောင့် သဘောကျတာပေါ့' ဆိုပြီး ပြောတယ်။ ကျွန်တော်တို့ စကားဝိုင်းထဲက မိတ်ဆွေတယောက် ကလည်း 'အဲဒီ လူဆိုးလူမိုက်လုပ်တဲ့ ချီးဗူးတို့၊ ဌေးဝင်းတို့ ညိုအေးကြီးတို့ အုပ်စုကလည်း အဖွဲ့နာမည်နဲ့ သရုပ်ဆောင်တာ အတော့်ကို အောင်မြင်ခဲ့တာဗျ။ သူတို့ လူကြမ်းအဖွဲ့ နာမည်က ဘာတဲ့။ ကျွန်တော် ပြောခါနီးမှ မေ့သွားလို့ဗျ' လို့ ပြောတော့ ဘေးနားထိုင်နေတဲ့ မိတ်ဆွေက 'သမ္မတလူကြမ်းအဖွဲ့တဲ့ဗျ၊ ရွှေဘကားတွေကို ကြိုက်ရင် သမ္မတလူကြမ်းအဖွဲ့ နာမည်ကိုလည်း သတိရမှာပေါ့ဗျာ' လို့ ၀င်ထောက်ပေးလိုက်တယ်။

'အဖွဲ့လိုက် သရုပ်ဆောင်တဲ့ လူကြမ်းခေတ်ကလည်း တခေတ်ရှိခဲ့သေးတယ်ဗျ' လို့ ဒုတိယ အညာသားက ၀င်မှတ်ချက်ပေးပြီး သူငယ်ငယ်တုန်းက အတွေ့အကြုံကို ဆက်ပြောပြတယ်။

"ကျွန်တော်တို့မြို့က ရုပ်ရှင်ရုံမှာ ရွှေဘကားပြတော့ ပရိသတ်တွေက ရုံပြည့်လျှံ အားပေးကြတာဗျ။ ရုပ်ရှင်ကား စပြလို့ သိပ်မကြာခင်ကတည်းက ကျုပ်တို့ ရွှေဘကြီးခမျာ နည်းမျိုးစုံနဲ့ အနိုင်ကျင့်ခံရ၊ စော်ကားရန်စ ခံရ၊ နှိပ်စက်ခံရတော့တာပါပဲ။ ပြီးတော့ ကိုယ့်အိမ်မှာ ကိုယ်နေရင်း အမှုဆင် အဖမ်းခံရပြီး ထောင်ချခံရတယ်။ သားကို သိတ်ချစ်လွန်းတဲ့ အမေကြီးလည်း စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး သေတယ်။ ရွှေဘရဲ့ ညီမလေးကိုလည်း လူမိုက်တွေက မုဒိန်းကျင့်ပြီး သတ်ပစ်လိုက်ကြတယ်။ အဲဒါကို ကြည့်နေရတဲ့ ပရိသတ်က ရွှေဘကြီးဘက်က မခံမရပ်နိုင် ဖြစ်လာပြီး ဒေါသနဲ့ အော်ကြ ဟစ်ကြ ဆဲဆိုကြနဲ့ တရုံလုံး ဆူညံကုန်တာပေါ့ဗျာ။ တချို့ဆိုရင် ရုပ်ရှင်ပိတ်ကားကိုတောင် ခဲနဲ့ လှမ်းပစ်ကြတာ။ ဟို လူမိုက်တွေကို တချက်လောက် ထိရင်လည်း မနည်းဘူး ဆိုတဲ့ ရွှေဘဘက်က မကျေနပ်တဲ့ စိတ်နဲ့။ အဲဒီလို ပြဿနာဖြစ်လာတော့ ရုပ်ရှင်ပြစက်ကိုင်နေတဲ့ လူတွေက ရုပ်ရှင်ပြနေတာကို ခဏရပ်လိုက်တယ်။ ပြီးတော့ အသံချဲ့စက်ကနေ ရုပ်ရှင်ကြည့်ပရိသတ်ကို စကားလှမ်း ပြောတယ်။ အဲဒီလို ပြောလိုက်တော့မှဘဲ ပရိသတ်ထဲမှာ ဖြစ်နေတဲ့ပြဿနာက အေးဆေးသွားပြီး လက်ခုပ်တီးသူ တီးကြ၊ လက်ခေါက်မှုတ်သူ မှုတ်ကြ"

'နောက်ပိုင်းမှာ ပြေလည်သွားမှာဗျာလို့ ပြောလိုက်တာ မှုတ်လား' လို့ ကျွန်တော်က ဖြေမေး မေးလိုက်တယ်။ ဟုတ်တယ်လေဗျာ ဇာတ်လမ်းဆိုတာမျိုးကို အဆုံးသတ်ချိန်ရောက်ရင် ပြေလည်အောင် ဖြေရှင်းပေးလိုက်ကြတာပဲ။ ၀တ္ထုပဲ ဖြစ်ဖြစ်၊ ပြဇာတ်ပဲ ဖြစ်ဖြစ်၊ ရုပ်ရှင်ပဲ ဖြစ်ဖြစ် အဲဒီလိုပဲ ဇာတ်သိမ်း တတ်ကြတာဆိုတော့ ကျွန်တော်က အဲဒီလို ၀င်ပြောလိုက်တာပေါ့။

ပဟေဠိဖွက်လိုက်တဲ့ ကိုရွှေအညာသား တက္ကသိုလ်ကျောင်းသားကြီးက ပြုံးပြီး ခေါင်းခါပြတယ်။ ကျန်တဲ့ လူတွေကလည်း သူဘာပြောမလဲ ဆိုတာကို လှမ်းကြည့်ပြီး နားထောင်နေကြတယ်။

'သူပြောလိုက်တဲ့စကားက အရေးကြီးတယ်။ ဇာတ်လမ်းအတတ်ပညာသဘောနဲ့ ပြောရရင် ပရိသတ်ရဲ့ သိချင်စိတ်ကို နှိုးဆွပေးတဲ့ (Suspense) စကားမျိုးပဲ။ သူက ပရိသတ်ကြီး ခင်ဗျာ၊ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ကိုရွှေဘဟာ အစပိုင်းမှာမို့လို့ ခံနေရတာပါ။ ပရိသတ်ကြီး အနေနဲ့ သည်းခံပြီး ဆက်ကြည့်ပေးကြပါ။ သိပ်မကြာခင်မှာ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ ကိုရွှေဘဟာ သူ့ကို အနိုင်ကျင့်သူတွေကို လက်စားချေပါလိမ့်မယ်။ ကိုရွှေဘနောက်ပိုင်းမှာ ကြမ်းပြပါလိမ့်မယ်တဲ့။ ရွှေဘ နောက်ပိုင်းကြမ်းမယ်ဆိုတဲ့ စကားကြောင့် ပရိသတ် ကျေနပ်သွားတာ။ အဲဒီလိုမှ မဟုတ်ရင်.....'

သူက ပြောပြီး တ၀ိုင်းလုံးကို ပြုံးကြည့်လိုက်ပါတယ်။ ကျွန်တော်တို့ကလည်း သူပြောချင်တာကို သဘောပေါက်လို့ ပြုံးလိုက်ကြပါတယ်။ ဒီစကားတွေကို ပြောခဲ့ကြတာ ၁၉၈၃- ၈၄ ၀န်းကျင် ကာလတွေကပါ။ အခု ရန်ကုန်တက္ကသိုလ် ၀င်းထဲမှာ ကျွန်တော်တို့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ ထိုင်ခဲ့ကြတဲ့ ဂျပ်ဆင်ကင်တင်း ဆိုတာလည်း မရှိတော့ပါဘူး။ ကျွန်တော်တို့ ထိုင်နေကျ စာပွဲရှည်ကို အုပ်မိုးထားတဲ့ ရေတမာပင်ကလေးကတော့ ရှိနေဦးမယ်ထင်တယ်။ ဂျပ်ဆင်ဘုရားရှိခိုးကျောင်းနဲ့ ကပ်လျက်၊ အပန်းဖြေရိပ်သာနောက်ဘက် ကော်ရစ်ဒါနဲ့ ကပ်လျက်ဆိုတော့ အပင်ကြီးတပင်အနေနဲ့ ရှိနေနိုင်ပါဦးမလား။ နှစ်ပေါင်း အစိတ်ကျော်ခဲ့ပြီဆိုတော့ တရက်လောက်တော့ အလွမ်းပြေ သွားကြည့်ရပါဦးမယ်။

ကိုယ်စားပြုနိုင်မှ

ရုပ်ရှင်မင်းသား ရွှေဘကို သူ့ပရိသတ်တွေက 'ကိုရွှေဘ' လို့ ခေါ်ကြတယ်။ လူငယ်လေးတွေက 'ဦးရွှေဘ' လို့ ခေါ်ကြတယ်တဲ့။ အဲဒီအခါ ကာလတွေတုန်းက နယ်မြို့နဲ့ ကျေးလက်ပရိသတ်ရဲ့ အသည်းစွဲ အနုပညာရှင်တွေ ထဲမှာ ရုပ်ရှင်ဆိုရင် 'ရွှေဘ'၊ အဆိုကျော်ဆိုရင် 'တွံတေးသိန်းတန်' ဆိုပြီး ဖြစ်ခဲ့ဖူးပါတယ်။ သူတို့ နှစ်ယောက်စလုံးကလည်း ကျေးလက်ဘ၀နဲ့ ကျေးလက်ခံစားမှုကို ကိုယ်စားပြုနိုင်ခဲ့ကြပါတယ်။ ဘ၀ကို ကိုယ်စားပြုပြီး ထုတ်ဖော်ပြနိုင်သူဆိုရင် သက်ဆိုင်ရာ ဘ၀ထဲက ပရိသတ်တွေအနေနဲ့ အဲဒီပုဂ္ဂိုလ်ကို သူတို့တွေရဲ့ ကိုယ်စားလှယ်အနေနဲ့ အသိအမှတ်ပြုပြီး အားပေတတ်ကြတဲ့ သဘာဝရှိပါတယ်။

အနုပညာရှင်တွေ၊ စာရေးဆရာတွေ၊ လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေကို သူ့ပရိသတ်တွေက ချစ်စရာအကြောင်းအချက် ခိုင်လုံလို့၊ လေးစားစရာ အကြောင်းအချက် ခိုင်လုံလို့၊ ယုံကြည်စရာ အကြောင်းအချက် ခိုင်လုံလို့ ချစ်ကြ၊ လေးစားကြ၊ ယုံကြည်တန်ဖိုး ထားခဲ့ကြတာပါ။ လေးစားမှုရအောင်၊ သဘောကျ ချစ်ခင်နှစ်သက်မှု ရအောင်ဆိုပြီး လုပ်ကြံဖန်တီးယူလို့ ရရင်လည်း ခဏလောက်ပဲ ဖြစ်ပါလိမ့်မယ်။ မိုးထဲရေထဲမှာ ရုပ်လုံးကွဲသွားတတ်ပါတယ်။

ပရိသတ်ပြည်သူတွေရဲ့ လေးစားမှုခံရ၊ သဘောကျခံရ၊ အချစ်ခံရ၊ တန်ဖိုးထားခံရ၊ ယုံကြည်ခံရ၊ ကြည်ညိုခံရသူ တွေဟာ သူတို့ရဲ့ ဘ၀တခုလုံးကို လူ့အဖွဲ့အစည်းနဲ့ ဆက်စပ်တဲ့ ကိစ္စရပ်တခုထဲမှာ နှစ်မြှုပ်ပုံအောပြီး အနစ်နာခံ ရင်းနှီးပေးဆပ်ခဲ့ကြသူတွေပါ။ လူတချို့တလေက အလံရှူးတွေ သုံးပြီး အများရဲ့ ချစ်ခင်လေးစားမှု ရအောင် မြှူဆွယ်လှည့်ဖျားရယူနိုင်ကြရင်လည်း ကာလတို တခုလောက်ပဲ ရမှာပါ။ ကျီးကန်းဟာ ဒေါင်းယောင်ဆောင်လို့ မရပါဘူး။ ခွေးအဟာ ခြင်္သေ့ယောင်ဆောင်လို့ မရပါဘူး။ လင်းတဟာ လင်းယုန်ယောင်ဆောင်လို့ မရပါဘူး။ သဘာဝတရားထဲမှာ အမြဲတမ်း မှန်နေတဲ့ သဘာဝတရားစစ်စစ်လည်း ဖြစ်နေပါသေးတယ်။

သိမှပြောလို့ရတာ

လူရယ်လို့ ဖြစ်လာတဲ့ ဘ၀အခိုက်အတန့်ကလေးမှာ ကိုယ်ချစ်ရတဲ့သူ၊ ကိုယ်လေးစာရတဲ့သူ၊ ကိုယ်အားကျရတဲ့သူ၊ ကိုယ်ကြည်ညိုရတဲ့သူ... စသဖြင့် ရှိတတ်ကြပါတယ်။ အဲဒီပုဂ္ဂိုလ်တွေရဲ့ အောင်မြင်ထင်ရှား လူသိမများခင် ဘ၀ အစပိုင်းတွေဟာ ခက်ခဲကြမ်းတမ်းပြီး ဒုက္ခမျိုးစုံကို ဖြတ်သန်းခဲ့ရတာချည်းပါပဲ။ အောင်မြင်တဲ့ ဘ၀ပိုင်းကို ရောက်ခါနီးတော့မှပဲ သူ့ဘ၀ကို ခပ်လှမ်းလှမ်းက ထိုင်ကြည့်နေသူ တယောက်ယောက်က (အကြောင်းသိပီပီ) ရွှေဘရုပ်ရှင်ကားပြတဲ့သူ ပြောသလို ပြောခွင့်ရတာပါ။

'ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ကိုရွှေဘဟာ အစပိုင်းမို့ လှိမ့်ခံနေရတာပါ။ နောက်ပိုင်းကြမ်းပြပါလိမ့်မယ်'။

နောင်ကျော်
[ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် (၃၂)၊ ဇူလိုင်လ၊ ၂၀၁၀ ခုနှစ် မှာဖော်ပြထားတဲ့ အထူးပြုစာမျက်နှာ ဆောင်းပါးကို မာယာက ကြိုက်နှစ်သက်၍ တဖန် ကူးယူယူဖော်ပြခြင်း ဖြစ်ပါတယ်။]

Friday, August 6, 2010

အမှန်တရားဆိုတာ တစ်ခုတည်းပဲ ရှိတယ်
ရေးသူ- လူထုစိန်ဝင်း



(၂၀၁၀ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ထုတ် the Hot News ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ မိတ်ဆွေတယောက်ဆီက အီးမေလ်ရလို့ မာယာပရိသတ်အတွက် မာယာက ကူးယူဖော်ပြတာ ဖြစ်ပါတယ်။ )


ဒီမိုကရေစီနဲ့ ဗဟုဝါဒ ဆိုတဲ့ စကားလုံးတွေ ခေတ်စားနေတဲ့ အချိန်မှာ အလားတူ လူပြောများတဲ့ တခြား စကားလုံး တစ်ခု ရှိပါသေးတယ်။ အမှန်တရား ဆိုတာ တစ်ခုတည်း ရှိတာ မဟုတ်ဘူး။ ကြည့်တဲ့ သူတွေရဲ့ ရှုထောင့်ကို လိုက်ပြီး အမှန်တရား အမျိုးမျိုး ကွဲပြား ခြားနားစွာ တည်ရှိနေတယ် ဆိုတဲ့ စကားဖြစ်တယ်။


မရေရာမှုတွေနဲ့ခေတ်

အမှန်တရားဆိုတဲ့ အပေါ်မှာကို သံသယပွားသူ တချို့လည်း ရှိသေးတယ်။ လူ့လောကမှာ သေချာ ရေရာတဲ့ အရာဆိုတာ ဘာမှမရှိဘူး။ မသေချာ မရေရာမှုတွေ ကြားမှာ မျက်မမြင် ပုဏ္ဏားများ ဆင်စမ်းသလို စမ်းတဝါးဝါးနဲ့ ကိုယ်ထင်တာ ကိုယ်ပြော နေကြတာပဲ ဖြစ်တယ်လို့ ဆိုသူက ဆိုကြတယ်။ အဲဒီအဆိုရဲ့ နောက်ဆက်တွဲ အဖြစ် အမှန်တရားကို ကိုင်စွဲတယ်။ အမှန်တရား အတွက် စွန့်လွှတ် အနစ်နာခံတယ် ဆိုတဲ့ သူများကို တစ်ယူသန် အယူသည်းသူ၊ မျက်ကန်းများ အဖြစ် ပြက်ရယ် ပြုတာတွေ ကပ်ပါလာလေ့ ရှိတယ်။

အားပေးရာကျတယ်

အမှန်တရားကို ကိုင်စွဲလို့ ပျက်ရယ် ပြုတာက ကိစ္စမရှိဘူး။ ထင်ရာစိုင်းပြီး မမှန်မကန် လုပ်နေတာ တွေကို သူတို့လည်း သူတို့ရှုထောင့်က အမှန်တရားလို့ ယူဆပြီး လုပ်နေကြတာပဲ။ အပြစ်ပြောလို့ မရဘူးဆိုတဲ့ သဘောထား မျိုးကတော့ မဟုတ်တာကို အားပေး အားမြှောက် ပြုလုပ်ရာ ကျတယ်။ သဘော မတူနိုင်ဘူး။ လူ့လောကမှာ အယူဝါဒမျိုးစုံ ရှိနေကြတာ မှန်တယ်။ မတူကွဲပြားတဲ့ အယူဝါဒ အမျိုးမျိုးကို သည်းခံပြီး လူတိုင်းရဲ့ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်မှုကို လေးစားစွာ အတူတကွ ယှဉ်တွဲ နေထိုင်ခြင်းကို လူ့ယဉ်ကျေးမှုလို့ သတ်မှတ်ခေါ်ဆို ခဲ့ကြတာ ဖြစ်တယ်။ အဲဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရလည်း ဖြစ်တယ်။

တောင်တက်လမ်း အသွယ်သွယ်

တောင်တစ်တောင်ကို တက်ဖို့ လမ်းကြောင်း အသွယ်သွယ် ရှိနိုင်တယ်။ အယူဝါဒ မျိုးစုံဟာ တောင်တက် လမ်းကြောင်း အသွယ်သွယ်နဲ့ တူတယ်။ ဘယ်လမ်းကြောင်းက တက်မှ မှန်တယ်လို့ သတ်မှတ်လို့ မရဘူး။ ဘယ်လမ်းကြောင်း ကပဲ တက်တက် မလျော့သော ဇွဲသတ္တိနဲ့ မမှိတ်မသုံ တက်ရင် နောက်ဆုံးမှာ တောင်ထိပ်ဖျားကို ရောက်မှာ သေချာတယ်။ တောင်ထိပ်ကို ရောက်အောင် တက်မယ် ဆိုတဲ့ ပြတ်သား ရေရာတဲ့ ဦးတည်ချက်နဲ့ ခိုင်မြဲတဲ့ ဇွဲသတ္တိ မရှိဘဲ လမ်းတစ်ဝက်က နောက်ပြန် လှည့်တတ်တဲ့ လူစားမျိုးကတော့ တောင်ထိပ်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ပါဘူး။ လမ်းသွယ်တွေ များတာက အကြောင်း မဟုတ်ဘူး။ အဆုံးထိ ရောက်အောင် တက်ဖို့သာ အရေးကြီးတယ်။

ထိပ်ဖျားဆိုတာ တစ်ခုပဲ ရှိတယ်

တောင်တက်လမ်းတွေ ဘယ်လောက်ပဲ များများ တောင်ထိပ် ဖျားကတော့ တစ်ခုပဲရှိတယ်။ နှစ်ခု ရှိနေတယ် ဆိုရင် တောင်ထိပ်ဖျားလို့ မခေါ်နိုင်ဘူး။ မမှိတ်မသုန် ခိုင်ကျည်တဲ့ ဇွဲသတ္တိနဲ့ တက်လာရင် ဘယ်လမ်းကြောင်းကပဲ တက်လာ တက်လာ တောင်ထိပ်ဖျားကို မလွဲဧကန် ရောက်မှာ သေချာတယ်။ ဗဟုဝါဒဆိုတဲ့ အယူဝါဒ မျိုးစုံဟာ အမှန်တရား ဆိုတဲ့ တောင်ထွတ်ဖျားကို ရောက်အောင် တက်တဲ့ လမ်းသွယ်တွေပဲ။ မရေမတွက်နိုင် လောက်အောင် အများကြီး ရှိနိုင်တယ်။ ဒါပေမယ့် တောင်ထိပ်ဖျား အခေါင်အထွတ် ဆိုတာကတော့ တစ်ခုပဲ ရှိနိုင်တယ်။ ဒါကြောင့် အခေါင်အထွတ်လို့ ခေါ်တာ ဖြစ်တယ်။

အမှန်တရား တစ်ခုတည်း

အမှန်တရား ဆိုတာ နှစ်ခု မရှိနိုင်ဘူး။ တစ်ခုတည်း ရှိလို့ အမှန်တရားကို သတ်မှတ်တာ ဖြစ်တယ်။ အနောက်တိုင်း ရှုထောင့် အမှန်တရား၊ အရှေ့တိုင်း ရှုထောင့် အမှန်တရားရယ်လို့ မရှိဘူး။ လူ့လောက အမှန်တရားဆိုတာ တစ်ခုတည်းပဲ ရှိတယ်။ အနောက်ရှုထောင့်၊ အရှေ့ရှုထောင့်၊ အမှန်တရား တောင်ထွတ်များကို သွားတဲ့ ချဉ်းကပ် လမ်းကြောင်း၊ လမ်းသွယ်တွေသာ ဖြစ်တယ်။ အမှန်တရား မဟုတ်ဘူး။ အရှေ့တိုင်းသား များက ၃၂ ကောဋ္ဌာသနဲ့ ဖွဲ့စည်းထားပြီး အနောက်တိုင်းသား တွေက ၃၆ ကောဋ္ဌာသ အစုအဖွဲ့ကြီးသာ ဖြစ်ပြီး အောက်ဆီဂျင်ကို ရှုသွင်းပြီး အသက်ရှင် နေကြတာ အတူတူ ဖြစ်တယ်။

လူယဉ်ကျေးဆိုတာ

တောင်ထွတ်ကို ရောက်ဖို့ လမ်းကြောင်းတွေ အသွယ်သွယ် ရှိတာကို လက်ခံ အသိအမှတ်ပြုပြီး တခြား လမ်းကြောင်း တွေက တက်နေကြသူများကို တောင်တက်ဖော်များ အဖြစ် သဘောထား နိုင်သူများကို လူ့ယဉ်ကျေးလို့ သတ်မှတ်ကြတယ်။

အလိုတူအလိုပါပဲ

လမ်းကြောင်းနဲ့ ပန်းတိုင်ကို ရောထွေးပြီး အမှန်တရားဆိုတာ တစ်ခုတည်း ရှိတာ မဟုတ်ဘူးလို့ ပြောနေကြတာ ဖြစ်တယ်။ လူ့လောကမှာ လူဆိုးနဲ့ လူကောင်းရယ်လို့ ခွဲခြား သတ်မှတ်ထားတဲ့ နှုန်းစံတွေ ရှိပြီးသား ဖြစ်တယ်။ ဒါကို မရှုပ်မရှုပ်အောင် ကောင်းတယ် ဆိုးတယ် ဆိုတာ ပုံသေကားချ သတ်မှတ်ထားလို့ မရဘူး။ သူ့ဘက်က အမှန်နဲ့ ကိုယ့်ဘက်က အမှန် မတူကြဘူး။ အမှန်တရား အများကြီး ရှိတယ် စသဖြင့် ပြောနေကြတာ လူဆိုးတွေ ဘက်က ရှေ့နေ လိုက်ပေး နေကြတာ ဖြစ်တယ်။ အလိုတူ အလိုပါပဲ ဖြစ်တယ်။

ရောင်တော်ပြန် ရောလွှတ်တာ

ဒီမိုကရေစီနဲ့ ဗဟုဝါဒ စကားလုံးတွေ ခေတ်စား နေတာနဲ့ ရောင်တော်ပြန် ရောပြီး လူမသမာ တွေက လူဆိုး လူကောင်း ဆိုတဲ့ နှုန်းစံတွေ မတူကွဲပြား အမျိုးမျိုး အစားအစား ရှိတယ်။ အမှန်တရား ဆိုတာလည်း အများကြီး ရှိတယ်လို့ ကြွေးကြော် ဝါဒဖြန့် နေကြတာ ဖြစ်တယ်။ လူ့လောကမှာ မရေရာ မသေချာမှုတွေ ပြည့်နှက် နေပေမယ့် ရေရာ သေချာ တာတွေလည်း အများကြီး ရှိပါတယ်။ မတရားမှုနဲ့ တရားမှုကို တိကျ ပြတ်သားစွာ ခွဲခြား သတ်မှတ်ချက်တွေ နိုင်ငံတိုင်း လူမျိုးတိုင်းမှာ ရှိပါတယ်။ တာလီဘန်တွေက ဈေးထဲမှာ ဗုံးခွဲတိုက်ခိုက်တာဟာ ရက်စက် ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုလို့ ယဉ်ကျေးတဲ့ လူသားတိုင်း က သတ်မှတ် ထားကြပါတယ်။

ရက်စက်ကြမ်းကြုတ်မှုပဲ

အလားတူပဲ အာဖဂန်နိုင်ငံက မူလတန်း ကျောင်းသားပေါ် ကျချင်ကျ၊ လူအိုရုံပေါ် ကျချင်ကျ၊ ဆေးရုံပေါ် ကျချင်ကျ၊ ဈေးထဲ ကျချင်ကျ၊ ဘယ်နေရာကျကျ လူတွေ ကြောက်လန့်သွားရင် ပြီးရောဆိုတဲ့ သဘောနဲ့ လူမပါတဲ့ လေယာဉ် တွေပေါ်က ဗုံးတွေ ဒလစပ် ကြဲချနေတဲ့ အမေရိကန်ရဲ့ လုပ်ရပ်တွေ ဟာလည်း လူမဆန်တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေပဲ ဖြစ်တယ်လို့ လူ့ယဉ်ကျေးတိုင်းက သတ်မှတ်ကြပါတယ်။ အပြစ်မဲ့တဲ့ အရပ်သူ အရပ်သားတွေကို သတ်ဖြတ်တာဟာ ဘယ်လို အကြောင်း ပြချက်မျိုးနဲ့မှ တရားတယ်လို့ သဘော မထားနိုင်ပါဘူး။ ဒီလိုလုပ်ရပ်ကို မှန်တယ်လို့လည်း ဘယ်သူကမှ လက်မခံနိုင်ပါဘူး။

ဗြောင်လိမ်နေတာ

ဒီလို ရက်စက် ကြမ်းကြုတ် မှုကြီးတွေကို ပြောင်ပြောင် တင်းတင်း ကျူးလွန် နေကြသူများက သူတို့ရဲ့ ရာဇဝတ်မှု တွေကို ဖုံးကွယ်ဖို့ အတွက် အမှန်တရား ဆိုတာ တစ်ခုတည်း ရှိတာ မဟုတ်ဘူးဆိုတဲ့ အယူအဆကို ဝါဒဖြန့် ကြွေးကြော်နေတာ ဖြစ်တယ်။ သူတို့ ရှုထောင့်က ကြည့်တဲ့ အမှန်တရား အတိုင်း ဆောင်ရွက်တာ ဖြစ်လို့ သူတို့ မလွန်ဘူး။ မမှားဘူး။ အမှန်တရား ဆိုတာ လောကမှာ တစ်ခုတည်းပဲ ရှိပါတယ်။ သွားတဲ့ လမ်းကြောင်း တွေသာ အသွယ်သွယ် များနေတာ ဖြစ်တယ်ဆိုတဲ့ အချက်ကို သဘော ပေါက်ထားဖို့ လိုပါတယ်။ အယူဝါဒတွေ အမျိုးမျိုး ရှိနေတာနဲ့ အမှန်တရားတွေ အများကြီး ရှိတယ်လို့ နားမယောင်သင့်ဘူး။ အယူဝါဒတွေက အမှန်တရား မဟုတ်ဘူး။ အမှန်တရားကို သွားရာ လမ်းကြောင်း တွေသာ ဖြစ်တယ်။ အမှန်တရား ဆိုတာ နှစ်ခု မရှိနိုင်ပါဘူး။

လူထုစိန်ဝင်း

Monday, August 2, 2010

ရွေးကောက်ပွဲ
ရေးသူ- မောင်အေးဝင်း



ဘယ်တော့လုပ်မယ်လို့ မကြေငြာသေးတဲ့၊ လာတော့မယ်လို့ ထင်နေကြတဲ့၊ ရွေးကောက်ပွဲအတွက် လှုပ်ရွလှုပ်ရွ ဖြစ်နေကြတာ ကြားနေရလို့၊ အဝေး တနေရာကနေ ဗမာပြည်ရဲ့ အနှစ် (၆၀) အတွင်း ရွေးကောက်ပွဲ သမိုင်းတွေကို ပြန်ကြည့်မိပါတယ်။ ကိုယ်တို့ပြေ ကိုယ်တို့ရွာမှာ ဘယ်လိုရွေးကောက်ပွဲတွေ လုပ်ခဲ့ပါသလဲ။

လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စု မြန်မာနိုင်ငံမှာ ပြည်ထောင်စု အစိုးရဟာ ပထမဦးဆုံးအကြိမ် အထွေထွေ ရွေးကောက်ပွဲ ကြီးကို ၁၉၅၁ ခုနှစ်မှာ ပြုလုပ်ပါတယ်။ တကယ်တော့ ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးကို ကြေငြာပြီး ၁၈ လအကြာ၊ ၁၉၄၉ ခုနှစ် ဇွန်လမှာ ကျင်းပဖို့ပါဘဲ။

မကျင်းပနိုင်ပါဘူး။ လုံခြုံမှု အာမခံချက်မရှိလို့ အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရတာ (၂) နှစ်ကြာသွားပါတယ်။ ဒါကြောင့် ၁၉၅၁ ခုနှစ် ဇွန်လမှာမှ စတင် ကျင်းပနိုင်ပါတယ်။ ရွေးကောက်ပွဲကာလဟာ (၆) လလောက် ကြာခဲ့ပါတယ်။ ဒါတောင် တချို့ မဲဆန္ဒနယ်တွေမှာ မဲမပေးနိုင်ခဲ့ပါဘူး။

အဲဒီ ရွေးကောက်ပွဲကြီးမှာ ပြည်ထောင်စုအစိုးရဟာ ပါလီမန်ဒီမိုကရေစီ ထုံးတမ်းစဉ်လာကို ချိုးဖောက်တဲ့ အပြုအမူတွေ အမြောက်အမြား ပြုလုပ်ခဲ့တယ်။ လက်နက်ကိုင် ခြိမ်းခြောက်မှု အမျိုးမျိုးနဲ့ သတ်ဖြတ်မှုတွေ၊ မဲခိုးမှုတွေ၊ မဲပုံးပျက်စီးမှုတွေလည်း အများကြီးပါဘဲ။ "ရွေးကောက်ပွဲကိုလည်း အကြိမ်ကြိမ် အလီအလီ ကျင်းပခြင်း ပြုခဲ့ရာ၊ မဲဆန္ဒ နှစ်နယ်၌ ရှုံးနိမ့်သွားသော အစိုးရအဖွဲ့ဝင် ၀န်ကြီးတို့သည် နောက်အကြိမ် ကျင်းပသော မဲဆန္ဒနယ် များတွင် အရွေးခံခြင်းပင် ပြုခွင့် ရရှိခဲ့ကြလေသည်" လို့ ဆရာဗန်းမော်တင်အောင်က "ကိုလိုနီခေတ် မြန်မာနိုင်ငံ သမိုင်း" စာအုပ်မှာ ဖော်ပြထားပါတယ်။

သခင်တင်ဟာ ပထမအသုတ်ရွေးကောက်ပွဲမှာ သာယာဝတီခရိုင်က ၀င်ရွေးတာ ရှုံးသွားပါတယ်။ ဒုတိယအသုတ်မှာ ဖြူးမဲဆန္ဒနယ်က ၀င်ရွေးပြီး အမတ်ပြန်ဖြစ်ပါတယ်။

အဲဒီ ရွေးကောက်ပွဲကြီး ပြီးတော့ စပ်ရွှေသိုက်နေရာမှာ သမ္မတအသစ်ရွေးဖို့ အမျိုးသားလွှတ်တော်ကို သမ္မတလောင်းနှစ်ဦး တင်သွင်းလာပါတယ်။ တဦးက ကိုလိုနီဆန့်ကျင်ရေး ၀ံသာနု ကာလတုန်းက ဂျီစီဘီအေ အသင်းကြီးဥက္ကဌကြီး (ဟိုတုန်းက အခေါ် သမ္မတကြီး) ဖြစ်တဲ့ မွန်အမျိုးသား ဦးချစ်လှိုင်ဖြစ်ပြီး နောက်တဦးက တောင်သူလယ်သမားသူပုန် ကာလတုန်းက သူပုန်ခေါင်းဆောင်ကြီး ဆရာစံကို ကြိုးပေးခဲ့တဲ့၊ နယ်ချဲ့တို့အပေါ် အမှုတော်ထမ်း ကောင်းလို့ အင်္ဂလိပ်က ဆာဘွဲ့ပေး သူကောင်းပြုခံရတဲ့ ဦးဘဦး ဖြစ်တယ်။ ပြည်ထောင်စု အစိုးရဟာ ဦးဘဦးကို နာမည်ရှေ့က "ဒေါက်တာ" ဘွဲ့ ဆင်မြန်းပြီး နိုင်ငံတော် သမ္မတခန့်လိုက်ပါတယ်။

"အလွန်ကျဉ်းမြောင်းသည့် ဖဆပလ ဆိုရှယ်လစ်တို့သည် ဦးချစ်လှိုင်အား လက်မခံဘဲ၊ မိမိတို့ ကြိုးဆွဲရာကမည့်၊ ရွေးကောက်ပွဲတွင် မိမိတို့အား ကူညီခဲ့သည့် ဆာဘဦးကို ဇွတ်အတင်း တင်ခဲ့ပါသည်..." [ဗိုလ်ချုပ်အကို ဦးအောင်သန်း ရေး- ၁၆ နှစ် နိုင်ငံရေးအတွေ့အကြုံ]။

ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ အရွယ်ရောက်ပြီး မဲဆန္ဒပေးနိုင်သူ ၈ သန်းရှိရာမှာ (၁) သန်းခွဲလောက် သာ မဲပေးနိုင်ခဲ့တာမို့ နှစ်ဆယ်ရာနှုန်းတောင်မပြည့်ပါဘူး။

အာဏာရ ဖဆပလအစိုးရဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ ပြဌာန်းချက်အရ၊ ၁၉၅၆ ခုနှစ်မှာ ဒုတိယအကြိမ် ရွေးကောက်ပွဲကို ကျင်းပပေးရပြန်ပါတယ်။ ဒီတကြိမ်မှာတော့ အာဏာရပါတီထဲမှာ အကွဲအပြဲတွေ အတော်ပြင်းထန်နေတာ တွေ့နေရပါပြီ။ ဦးကျော်ငြိမ်း နဲ့ ဦးနု အပြန်အလှန်ပေးစာ (၁၉၅၆ ခု ဇူလိုင် ၃ ရက်) ကို ကြည့်ရင် သိသာပါတယ်။ ၀န်ကြီးချုပ်ဦးနုနဲ့ သခင်တင်က တအုပ်စုနဲ့ ဆိုရှယ်လစ်ပါတီရဲ့ ဥက္ကဌ ဦးဘဆွေ နဲ့ ဦးကျော်ငြိမ်းက တအုပ်စု ဖြစ်ပါတယ်။ နုတင်- ဆွေငြိမ်း တိုက်ပွဲလို့ နံမည်တွင်ခဲ့ပါတယ်။

ဒီတချီ ရွေးကောက်ပွဲကို အလီလီအလာလာ လုပ်မနေတော့ပဲ တချီထဲနဲ့ အပြတ်လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် မဲဆန္ဒနယ် ၁၀ ခု ကိုတော့ လုံခြုံရေး အကြောင်းပြချက်နဲ့ ပိတ်ထားရပါတယ်။ သတ်ဖြတ်မှုတွေကလည်း ကြောက်စရာကောင်းလောက်အောင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ပေါ်ခဲ့ပါတယ်။

အာဏာရပါတီဟာ ပြည်သူ့လွှတ်တော်ရဲ့ အတည်ပြုချက်ကိုယူပြီး ပြည်တွင်းစစ် အမြစ်ဖြုတ်ရေး ရည်ရွယ်ချက်နဲ့ လက်နက်တပ်ဆင်ပေးထားတဲ့ "ပြူစောထီး" ဆိုတာကို မွေးထုတ်ထားပါတယ်။ အဲဒီ ခါးပိုက်ဆောင် ပြူစောထီး တွေဟာ အတိုက်အခံတွေကို ညှင်းဆဲ ရုံမက၊ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေနဲ့ ရမ်းကားချင်တိုင်း ရမ်းကားလာပါတယ်။ ရှမ်းပြည်နယ်မှာ ပအို့ဝ်အမတ် ဦးအောင်သာသတ်မှု၊ မင်းလှ လေးလောင်းပြိုင်၊ မြိတ် မပို သတ်မှုတို့ဟာ နာမည်ကျော်ခဲ့ပါတယ်။

ဒီ ဒုတိယအကြိမ် ရွေးကောက်ပွဲက ပထမအကြိမ်ထက် ၂ ဆနီးပါး တိုးတက် မဲပေးတာ တွေ့ရတယ်။

အာဏာရပါတီတွင်းတိုက်ပွဲဟာ နုတင်-ဆွေငြိမ်း ဆိုပြီး ပြောင်ကွဲသွားပါတယ်။ သန့်ရှင်းဖဆပလ နဲ့ တည်မြဲဖဆပလ လို့ ဖြစ်သွားပါတယ်။ စစ်တပ်တွင်းက တည်မြဲဖဆပလကို လိုလားတဲ့ အင်အားစုတွေဟာ ဦးနုအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းဖို့ ကြံစီလာပါတယ်။ ၁၉၅၈ စက်တင်ဘာ ၂၈ လောက်တွင် စစ်တပ်က အာဏာသိမ်းမယ်လို့ ကောလာဟလတွေ ထွက်လာပါတယ်။ ဒါပေမယ့် စက်တင်ဘာ ၂၆ မှာတော့ ၀န်ကြီးချုပ်ဦးနုဟာ သူနဲ့ ဗိုလ်ချုပ်နေ၀င်း တို့ အပြန်အလှန် ပေးစာ နှစ်စောင်ကို ရေဒီယိုကနေ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ပေးစာ ဆိုလိုရင်းက သူက ၀န်ကြီးချုပ်ရာထူးက ထွက်ပေးပြီး ဗိုလ်ချုပ်နေ၀င်းကို ၀န်ကြီးချုပ်ရာထူး ယူဖို့ ဖြစ်ပါတယ်။ အာဏာသိမ်းတော့မယ့် ဗိုလ်ချုပ်နေ၀င်းကို အကင်းပါးတဲ့ ဦးနုက သူ့သဘောနဲ့သူ လွှဲပေးလေဟန် တိုင်းပြည်ကို ကြေငြာလိုက်ပါတယ်။

တည်မြဲဖဆပလက စစ်တပ်ကို အာဏာလွှဲခြင်းအား ထောက်ခံရုံမက သူကပင် စစ်တပ်ကို အာဏာသိမ်း ခိုင်းသယောင် သတင်းလွှင့်ကြပါတယ်။ ဗိုလ်ချုပ်အကို ဦးအောင်သန်းကတော့ "ထိုသို့ သတင်းလွှင့်မှုကြောင့် (၀ါ) ဦးကျော်ငြိမ်း၏ စကားလုံးများအတိုင်း ရေးရလျှင် စစ်တပ်အတွက် အငှားတရားခံ လိုက်ခဲ့မှုကြောင့် ....." လို့ ၁၆ နှစ်နိုင်ငံရေး အတွေ့အကြုံ စာအုပ်ထဲ ရေးထားပါကြောင်း။

[ကိုးကားစာအုပ်များ။ ၁။ ဗန်းမောင်တင်အောင်- ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း။
၂။ ဗိုလ်ချုပ်အကို ဦးအောင်သန်း- ၁၆နှစ် နိုင်ငံရေးအတွေ့အကြုံ။
၃။ နုတင် နှင့် ဆွေငြိမ်း ဘယ်သူမှန်သလဲ။]