Thursday, July 4, 2013

ဆိတ်ဖွားကော်မရှင်ဇာတ်သိမ်းခြင်း ရေးသူ - ယာတောကသာဗျော



(အဝေးကပေးစာတစောင်)

ဆိတ်ဖွားကော်မရှင်ဇာတ်သိမ်းခြင်း
ကိုဟိုဒင်းရေ-

            ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင်ရဲ့ လုပ်ငန်းလည်း အပြီးသတ်တော့ ၀ှီးဖတ် ပါပဲလားဗျ။  
           
ကော်မရှင်ကြီး ပေါ်ထွက်လာကာစတုန်းကတော့     ဟေ့ - ငါတို့ လွှတ်တော်ကို ထိရင် ဓားကြည့် ဆိုသလို အမောက် တထောင်ထောင်၊ ရန်စွယ် တငေါငေါနဲ့ ”ငါ့ အကြောင်း သိစေမယ်” ဆိုပြီး အကြီးအကျယ် ကြုံးဝါး ထွက်လာတာဗျ။ ဒါပေမဲ့ အခုတော့ သူတို့လည်း ဗိုလ်သိန်းစိန်အစိုးရ လက်ထက် အလျှိုလျှို ပေါ်ခဲ့တဲ့ ကော်မရှင်တကာထဲက ကော်မရှင်တခုလိုပဲ နိဂုံးချုပ်သွား တာပဲကိုး။
           
ဒီကိစ္စ စပေါ်လာတော့ ကျနော်တို့က ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ကြပြီလား၊ ပွဲကြီးပွဲကောင်း တွေ့ရတော့မှာလား၊ အာဏာရ စစ်ထိပ်သီးတွေ အကြားက ပဋိပက္ခကို တွေ့ရတော့မှာလား ဆိုပြီး နည်းနည်း စိတ်ဝင်စား လိုက်မိတာတော့ ၀န်ခံရမှာ ပေါ့ဗျာ။ ဒါ့အပြင် အခုကိစ္စမှာ ဒီကော်မရှင်ဆိုတာကို မေးချင်ရာ မေးဆိုတဲ့ ပုလိပ်အာဏာပါ ပေးလိုက်တာမို့ ပိုပြီး စိတ်ဝင်စား မိတယ်ဗျ။ သူတို့ကလေ မေးပါသဗျ။ မေးတာမှ ဆယ့်လေးယောက်တောင်မှ။ နောက်ပြီး အဲဒီ အမေးခံရတဲ့ လူတွေကလည်း ဒိတ်ဒိတ်ကြဲတွေ၊ ဒီလိုနဲ့ အစောပိုင်း အစစ်ခံသူတွေထဲက တချို့ကဆိုရင် ဆိတ်ဖွား ဘယ်သူဖြစ်နိုင်တယ် ဆိုတာကိုတောင် ထောက်ပြခဲ့ကြသေးတယ်လို့ ဆိုသကိုး။ ဒါကြောင့် ကျနော်ကလည်း ဒီတပွဲမှာတော့ "ကဲ- ချက်ကြီးနဲ့ ဟ၀ှာ၊ ဘယ်သူက အထက်မှာလဲ" ဆိုတာကို တွေ့ရပြီမှတ်နေတာ။  ကောင်းခန်းရောက်ပြီမှတ်ခဲ့တာ။  

တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းအားလုံးရဲ့ အထက်မှာရှိနေတဲ့၊ "ပြည်သူတွေက ရွေးချြယ်တင်မြှောက်ထား တယ်" ဆိုတဲ့ ဒီလို လွှတ်တော်လို အဖွဲ့အစည်းကသာ စုံစမ်းလိုက်၊ မေးလိုက်လို့တော့ ဘာရမလဲ၊ ရေပြင်ကို ကြိမ်စကြာနဲ့ ရိုက်ခေါ်လိုက်သလို ဖောင်တော်ဦး ဒူးတုပ်လျက် ပေါ်ရမှာပေါ့လို့  ထင်ထားတာဗျ။ ဟဲ-ဟဲ၊ ပေါ်ဘူးဗျ။ ဘာမှ မပေါ်ဘူး။ အဲ- "ဘူး" တွေပဲ တလုံးပြီးတလုံး ပေါ်ခဲ့တယ်။ ဘယ်သူကမှ ၀န်မခံဘူး။ တနည်းပြောရရင် တချို့က လိမ်ကြသဗျ။ သူတို့ခမျာ လိမ်တာ အကျင့်ပါနေလို့လားတော့ မသိပါဘူး။ "ပြည်သူ့လွှတ်တော်" ဆိုတာကြီးကိုတောင် လိမ်ရဲကြတာကိုး၊

နောက်ဆုံးကျတော့ မဟာကော်မရှင်တော်ကြီးဟာ "နောက်နောင်တွင် ထပ်မံမပြုလုပ်ရန် သတိပေးသည်" ဆိုတဲ့ အမြီးရှိတဲ့ကောင်တွေ ရိပ်မိကြဟေ့ ဆိုတာမျိုးပဲ ကြိမ်းနိုင်လိုက်တာ တွေ့ရတော့တာပဲဗျ။ ဒါကြောင့်လည်း ကျနော့် မိတ်ဆွေတချို့က စောစောကတည်းက "ဒါကြီးဟာ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး၊ စောင့်ကြည့်ပါ" လို့ ပြောခဲ့ကြတာကိုး။ ကျနော်ကတော့ စုံထောက်ဝတ္ထုတွေ အဖတ်များ၊ လျှို့ဝျက်သဲဖို ရုပ်ရှင်တွေ အကြည့်များခဲ့လို့ ထင်တယ် မျှော်တလင့်လင့် ဖြစ်ခဲ့တယ်။ အခုတော့ ရခိုင်ပြည်နယ် ဘာသာရေး ပဋိပက္ခ စုံစမ်းရေးကော်မရှင်၊ လက်ပန်းတောင်းကိစ္စ စုံစမ်းရေးကော်မရှင် စတာတွေလိုပဲ ပြည်သူတွေ ကျေနပ်လောက်တဲ့ ဘာအဖြေမှ ထုတ်မပေးနိုင်တဲ့ အမြုံကော်မရှင်တခုပဲဖြစ်နေတာ တွေ့ရ ပြန်ပြီ်။ ငယ်ငယ်တုန်းက ကလေးချင်း ချကြရင် ကိုယ်ကမနိုင်တဲ့အခါမှာ ကိုယ်က စကားတခွန်လောက်ပဲ ကြောအောင် ပြောပြီး လှည့်ထွက်ခဲ့ရတာလို ကော်မရှင်ကလည်း "အမှောင်ထဲမှ ခဲနှင့်ထုသူသာ ဖြစ်နေသောကြောင့် လွှတ်တော်က ပြန်လည်ရှင်းလင်းပြရန် လိုအပ်ခြင်း မရှိကြောင်း" လို့ပဲ တခွန်းပြန်ပက်ခဲ့တာ တွေ့ရတယ်ဗျ။ တခြားဟာတွေ ရှုံးချင်ရှုံးပစေ၊ လေတော့ မရှုံးစေနဲ့ပေါ့လေ။
           
ဒါပေမဲ့ ကော်မရှင်အစီရင်ခံစာမှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၀ရက်တုန်းက ဒေါက်တာဆိတ်ဖွားရဲ့ ၀က်ဘ်ဆိုက်မှာ တောင်းပန်ခဲ့တယ်၊ အဲဒါကို လက်ခံတယ်လို့ ဖော်ပြထားတာကို တွေ့ရတော့လည်း  ဒီကိစ္စဟာ ဟိုပုံပြင်ထဲကလို သူတို့ချင်း  အကြားမှာ သူခိုးနဲ့ အိမ်ရှင်သာ သိတဲ့ကိစ္စလို ဖြစ်နေသလား အောက်မေ့မိတယ်။
           
ကျနော်တို့ ငယ်ငယ်တုန်းက ကလေးတွေ နှာချေရင် ဘေးမှာရှိတဲ့လူကြီးတွေက "ဟဲ့၊ ဆိတ်ဖွားကနိ-ကနိ" လို့ သတိပေးတာ၊ ဆုတောင်းတာကို မှတ်မိတယ် မဟုတ်လား။ အခုလည်း ဆိတ်ဖွားတော့ ဂန့်ပြီလို့ထင်ခဲ့တာဗျ။ ဒါပေမဲ့ ဒီကိစ္စမှာ လက်တွေ့မှာ သူခိုး အလိမ္မာမျက်နှာကြီးဖြစ်နေတယ် ထင်ပါ့ဗျာ။ "ပြည်သူ့ကိုယ်စားလှယ်တွေ" ဟာ အားမတန် မာန်ချလိုက်ရတာ အမှန်ပဲဗျ။ လွှတ်တော်က အလျှော့ပေးရတဲ့ လူတွေ၊ အာဏာပိုင် အဖွဲ့အစည်းတွေ ရှိသေးသကိုးလို့ပဲ အနတ္တတရားကို မှတ်ရတာပေါ့။ ကာလုံ အဖွဲ့ကို ရွေးခြယ်နိုင်ခွင့် မရှိမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်သဘောမတူပဲ မပြင်ဆင်နိုင်မှု၊ အခုကိစ္စမှာ အရှက်ပြေ အမျက်ဖြေ ထုတ်ပြန်စာလောက်သာ ထုတ်နိုင်ခဲ့မှု စတာတွေကို ကြည့်ရင် ဒီဗိုလ် သိန်းစိန်အစိုးရ လက်ထက်မှာ အုပ်ချုပ်ရေး သမားစဉ်အရဆိုရင် လွှတ်တော်ဟာ နံပတ်ဘယ်လောက်မှာများ ရှိသလဲ ဆိုတာ စဉ်းစားစရာပဲနော် မိတ်ဆွေကြီး။
           
အခု ဒီကိစ္စမှာ ကော်မရှင်ကို တော်တော့လို့ အမိန့်ပေးတဲ့ လူ့အဖွဲ့အစည်းမရှိဘူးလို့ ဆိုနိုင်မလား။ ကျနော်ကတော့ ပေါ်လာတုန်းကလည်း ပေါ်စေ ဆိုလို့ ပေါ်လာတဲ့ ကော်မရှင်ဟာ ဖျက်စေ ဆိုရင်လည်း ဖျက်ရမှာပဲလို့ ထင်မိသဗျ။ ဘာပဲ ပြောပြော အခုဟာကလည်း သူတို့ချင်း လက်ဝါးချင်း ရိုက်ပြီး လိမ်တာ ခံလိုက်ရသလို ခံစားမိနေတယ်။ ဒီခေတ်မှာတော့ သူတို့ ပြောတာကို ယုံရင် ယုံသူ့ အပြစ်ပေါ့ဗျာ။
           
ဒါပါပဲ။
           
ဘယာဘေးကွားဝေးကြပါစေ။
                                            
ယာတောကသာဗြော