Saturday, February 22, 2014

တိုးတက်မှုနဲ့ တန်ဖိုး ရေးသူ - လူထုစိန်ဝင်း

တိုးတက်မှုနဲ့ တန်ဖိုး




' မြန်မာတွေမှာ အဖေနေ့တို့၊ အမေနေ့တို့၊ ဆရာများနေ့တို့ ဆိုတာမျိုးတွေ ဘာကြောင့် ရှိမနေတာလဲ။'

ကျောင်းသူကျောင်းသားတွေက ဒီမေးခွန်းမျိုး မကြာကြာ မေးတတ်ကြ ပါတယ်။ ဒီဘက်ခေတ် လေးငါးခြောက်နှစ် အတွင်းမှာ အမေးများလာတာပါ။ ဟိုအရင်ခေတ်က သိပ်အမေး မရှိလှပါဘူး။ ဒီလိုနေ့မျိုးတွေ လုပ်လေ့လုပ်ထ လည်း မရှိခဲ့ပါဘူး။

လူငယ်တွေက မေးလာမှ ဒီကိစ္စကို ပြန်စဉ်းစား ကြည့်မိပါတယ်။ ဟုတ်ပါတယ်။ မြန်မာ့ဓလေ့မှာ ဝါဆိုလပြည့် နေ့တို့၊ သီတင်းကျွတ်လပြည့်နေ့တို့၊ တန်ဆောင်မုန်းလပြည့်နေ့တို့ စတဲ့ ဘာသာရေးနဲ့ နှီးနွှယ်တဲ့ နေ့မျိုး၊ ပွဲလမ်းသဘင်မျိုးက လွဲပြီး တခြားနေ့မျိုးဆိုတာ မရှိပါဘူး။

ဘာကြောင့် အဲဒီလို မရှိသလဲဆိုတော့ မြန်မာလူမျိုးတို့ရဲ့ စရိုက်ကိုက အပရိက ဟန်လုပ်တဲ့ (form) ထက် အနှစ်သာရ (content) ကို ပိုပြီး အလေးထားတတ်တဲ့ သဘောမျိုး ရှိလို့လားလို့ တွေးကြည့်မိတယ်။ ကြည့်လေ။ မြန်မာတွေက ကျေးဇူးတင်ပါတယ် (Thank you) ဆိုတဲ့ စကားမျိုး၊ ဝမ်းနည်းပါတယ် (Sorry) ဆိုတဲ့စကားမျိုး ပြောတဲ့အလေ့မှ မရှိတာ။ ကျေးဇူးတင်ရမယ့် ကိစ္စမျိုးဆိုရင် ကိုယ်ထိလက်ရောက်ကို သွားပြီး ရှိခိုးကန်တော့ တတ်ကြတာမျိုး မဟုတ်လား။ လူတဖက်သားကို မတော်တဆ ထိမိတိုက်မိတဲ့ ကိစ္စမျိုး ကြုံရင်လည်း ပါးစပ်က ပေါ့ပေါ့လေး 'ဆောရီး' လို့ ပြောလိုက်တာ မဟုတ်ဘူးလေ။ တကယ်ကို အားတုံ့အားနာ ဖြစ်ရတဲ့ ရိုရိုကျိုးကျိုး ပုံစံနဲ့ 'ကန်တော့၊ ကန်တော့' ဆိုပြီး လှိုက်လှိုက်လှဲလှဲကို တောင်းပန်းတိုးလျှိုး ပြုလေ့ ရှိတာပါ။

နောက်တကြောင်းက မြန်မာ့လူ့အဖွဲ့အစည်းမှာ သားသမီးများ အိမ်ထောင်မကျမချင်း မိဘနဲ့ အိမ်ခွဲပြီး နေလေ့မရှိ ကြပါဘူး။ နယ်တွေမှာဆိုရင် အိမ်ထောင်ကျသွားတာတောင် မိဘနဲ့ မခွဲမခွါ နေလေ့ ရှိပါသေးတယ်။ အဲလို အတူနေကြတော့ နေ့စဉ်ထမင်းဝိုင်းတွေမှာ မိဦးဖဦး အရင်ခူးပြီး စားလေ့ မရှိပါဘူး။ မိဘကို ဦးချပြီးမှ စားလေ့ရှိပါတယ်။ နေ့စဉ် မိဘကို ခြေဆုပ်လက်နယ်ပြုတာ၊ အိပ်ရာဝင် ရှိခိုးကန်တော့တာ စတာမျိုးတွေလည်း ဝတ်မပျက် လုပ်လေ့ရှိပါတယ်။ ပြီးတော့ အခါကြီး ရက်ကြီးများမှာ မိဘဘိုးဘွားတွေကို ကန်တော့ရုံမျှမက ဦးကြီး၊ ဦးလေး၊ ဒေါ်ကြီး၊ ဒေါ်လေးတွေ၊ ဆရာသမားတွေပါ မကျန်ရအောင် ကန်တော့တဲ့ အလေ့လည်း ရှိပါတယ်။ အဲဒီအလေ့တွေကြောင့် အဖေနေ့၊ အမေနေ့ ဆိုတာမျိုး၊ ဆရာများနေ့ ဆိုတာမျိုး လုပ်ဖို့ မလိုအပ်တာများလား လို့လည်း အတွေးရောက်မိပါတယ်။

ဘယ်လိုပဲ ဖြစ်စေ၊ ရှေးက မရှိခဲ့ပေမယ့် အခုတော့ အဖေနေ့တို့၊ အမေနေ့တို့ ဆိုတာတွေတင်မက ဗလင်တိုင်းနေ့တို့၊ ဟဲလိုဝင်းနေ့တို့ ဆိုတာမျိုးတွေပါ မြန်မာ့လူဘောင်ထဲ ရောက်ရှိလာပါပြီ။ ဒီအလေ့အထတွေဟာ မြန်မာ့ဓလေ့မဟုတ်ဘူး။ အနောက်တိုင်းဓလေ့ ဖြစ်တယ်ဆိုပြီး ပိတ်ပင်တားဆီးလို့လည်း မရနိုင်တော့ပါဘူး။ ဈေးကွက် စီးပွါးရေးစနစ်နဲ့ မြို့ပြ ယဉ်ကျေးမှုခေတ်ရဲ့ ဆင့်ပွါးရလဒ်အဖြစ် သဘောထားကြရတော့မှာ ဖြစ်ပါတယ်။

ဒီကိစ္စတွေ စဉ်းစားရင်းနဲ့ လွန်ခဲ့တဲ့ လေးငါးလက သတင်းစာဖြတ်ပိုင်းတခုကို ပြန်ရှာပြီး ဖတ်ကြည့်မိပါတယ်။ ဖြတ်ပိုင်းလေးထဲမှာ ပါတဲ့ အိန္ဒိယနိုင်ငံက သတင်းလေးတပုဒ်က ဒီလို ဆိုပါတယ်။

'ဗလင်တိုင်းနေ့၊ အဖေနေ့၊ အမေနေ့ဆိုတာတွေဟာ နိုင်ငံစုံ ကုမ္ပဏီကြီးတွေက သူတို့ ပစ္စည်းတွေ ရောင်းကောင်းအောင် လုပ်နေကြတဲ့ ကိစ္စတွေ ဖြစ်တယ်။ ဗလင်တိုင်းနေ့ဆိုတာ အိန္ဒိယလူ့ဘောင်ရဲ့ ကျင့်ဝတ်တွေ၊ ယဥကျေးမှုတွေနဲ့ ဆန့်ကျင်နေတယ်'

ဗီနေးတီဝါရီဆိုတဲ့ ဟိန္ဒူဘာသာဝင်၊ အိန္ဒိယနိုင်ငံသားတယောက်ရဲ့ အပြောဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက် နေ့မှာ ကျရောက်တဲ့ အနောက်တိုင်းပွဲတော်နေ့ကို အိန္ဒိယနိုင်ငံမှာရှိတဲ့ ဟိန္ဒိုဘာသာရေးအဖွဲ့အစည်းများက ဆန့်ကျင်ကန့်ကွက်နေကြတဲ့အတွက် မြောက်ပိုင်းက ဥတ္တရာပရာဒက်ရှ်ပြည်န်ာရဲ့ မြို့တော် လပ်ကနောင်မြို့မှာ ဈေးဆိုင်တွေ မဖွင့်ရဲဘဲ ပိတ်ထားကြပါတယ်။ ဟိန္ဒူဂျာဂရမ်မန့်ခ်ျ (ဟိန္ဒူနိုးကြားရေးစင်မြင့်) လို့ခေါ်တဲ့ ဘာသာရေး အဖွဲ့အစည်းတရပ်က ဗလင်တိုင်းနေ့ဟာ အိန္ဒိယရိုးရာယဉ်ကျေးမှုများနဲ့ ဆန့်ကျင်တဲ့အတွက် အထိမ်းအမှတ်ပွဲတော်များ မကျင်းပဖို့ သတိပေးခဲ့ပါတယ်။

ဗလင်တိုင်းနေ့ကျင်းပလိုတဲ့ လူငယ်တွေနဲ့ ဘာသာရေးအဖွဲ့အစည်းတွေကြား ပဋိပက္ခတွေ ဖြစ်လာမှာ စိုးရိမ်ရတဲ့အတွက် လပ်ကနောင်မြို့ ဈေးကြီးကို ရဲက စောင့်ကြပ်ပေးထားကြပါတယ်။

'ဘယ်သူမှ ယဉ်ကျေးမှုပုလိပ်လုပ်လို့ မရပါဘူး။ ကျွန်တော်တို့ရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ဝင်ရောက်နှောက်ယှက် ဖို့ ဘယ်အဖွဲ့အစည်းတွေမှာမှ အခွင့်အရေးမရှိပါဘူး'

လပ်ကနောင်တက္ကသိုလ်ကျောင်းသားဖြစ်တဲ့ အာလုပ်ဆင်းက ပြောကြားခဲတဲ့စကား ဖြစ်ပါတယ်။

လပ်ကနောင်မြို့ရဲ့ နောက်တောင်ဘက် ကီလိုမီတာ ၆၀ လောက် ဝေးတဲ့ ကန်ပူမြို့မှာ ဟိန္ဒူဘာသာရေး အဖွဲ့အစည်းဝင်များက ဗလင်တိုင်းကဒ်ရောင်းတဲ့ဆိုင်တွေကို ဝင်ရောက်ဖျက်ဆီးကြတဲ့အတွက် လပ်ကနောင် ဆိုင်ရှင်တွေက ပိတ်ထားခဲ့ကြတာ ဖြစ်ပါတယ်။

ဘုံဘေမြို့ကြီးမှာလည်း လက်ယာအဖွဲ့အစည်းတရပ်ဖြစ်တဲ့ သျှီဝသေနပါတီအကြီးအကဲ သက္ကရေးကိုယ်တိုင်က ဗလင်တိုင်းနေ့ပါတီတွေ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ဆိုင်တွေ၊ ကလပ်တွေရဲ့ရှေ့မှာ ဆန္ဒပြကြဖို့ လှုံ့ဆော်ခဲ့ပါတယ်။

ဘာသာရေးအဖွဲ့အစည်းတွေက အဲဒီလို လှုံ့ဆောင်မှုတွေ ပြုနေကြတဲ့အတွက် ဆိုင်ရှင်တွေက ဆိုင်ဖျက်ခံရမှာ စိုးပြီး ဆိုင်တွေ ပိတ်ထားခဲ့ကြတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက ဗလင်တိုင်းနေ့ကို ဆန့်ကျင်ကြတဲ့ ဘာသာရေးအဖွဲ့အစည်းများရဲ့ လုပ်ရပ်ဟာ အရှေ့တိုင်းနိုင်ငံ အားလုံးရဲ့ ပြယုဂ်ဖြစ်ပါတယ်။ နိုင်ငံတွေ စီးပွါးဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ မီဒီယာတွေနဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေ တင်သွင်းလာကြတဲ့ အနောက်တိုင်းယဉ်ကျေးမှုတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာမြဲ ဖြစ်ပါတယ်။ စီးပွါးရေးသမား တွေက သူတို့ကုန်ပစ္စည်းတွေ ရောင်းရဖို့အတွက် ဘာသာရေး၊ လူမှုရေးနေ့များကို ခုတုံးလုပ်လေ့ရှိပါတယ်။ အဲဒါကြောင့် ဒီဘက်ခေတ်မှာ ဗလင်တိုင်းနေ့တို့၊ ဟဲလိုဝင်းနေ့တို့ ဆိုတာတွေ အရှေ့တိုင်းနိုင်ငံတွေမှာ ခေတ်စားလာခဲ့ပါတယ်။ ပညာတတ် လူငယ်လူရွယ်၊ ကလေးတွေက အတုမြင် အတတ်သင် လုပ်ခဲ့ကြပါတယ်။ အဲဒါကို ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ရှေးဟောင်းဓလေ့ကို ထိန်းသိမ်းထားလိုတဲ့ ကွန်ဆာဗေးတစ်တွေက မနှစ်မြို့နိုင်ကြပါဘူး။ အနောက်တိုင်း ယဉ်ကျေးမှုတွေက အရှေ့တိုင်းရဲ့ ရိုးရာ ယဉ်ကျေးမှုတွေကို ဖျက်ဆီးပစ်လိမ့်မယ်လို့ စိုးရိမ်ကြောင့်ကြ ဖြစ်နေကြပါတယ်။

ရှေးရိုးသမားတွေက ဘယ်လောက်တားတား၊ ပညာတတ်လူငယ်တွေကတော့ အနောက်တိုင်းယဉ်ကျေးမှုကို ကြိုဆိုလက်ခံလိုကြပါတယ်။ ရှေးရိုးသမားတွေနဲ့ ပညာတတ်ခေတ်လူငယ်တွေအကြား ရှိနေတဲ့ ဒီပဋိပက္ခဟာ အိန္ဒိယနိုင်ငံ တခုတည်းမှာသာ မဟုတ်ပါဘူး။ စင်ကာပူ၊ တရုတ်၊ ဂျပန် စတဲ့ တခြား အာရှနိုင်ငံတွေမှာလည်း ရှိနေပါတယ်။

ဗလင်တိုင်းနေ့ ဆိုတာမျိုးကျရင် စီးပွါးရေးသမားတွေက ပို့စကဒ်တွေ အမျိုးမျိုး လုပ်ရောင်းပြီး စီးပွါးရှာစမြဲ ဖြစ်ပါတယ်။ ဟိုတယ်တွေ၊ ကလပ်တွေမှာလည်း ဗလင်တိုင်းနေ့ ပွဲတော်အမျိုးမျိုး လုပ်ပြီး လူဝင်များအောင် လုပ်လေ့ရှိပါတယ်။ အဲဒါကြောင့် ဗလင်တိုင်းနေ့တို့၊ အဖေနေ့၊ အမေနေ့တို့ ဆိုတာတွေဟာ စီးပွါးရေးသမားတွေက စီးပွါးရှာဖို့ တမင်သက်သက် လှုံ့ဆော်နေတာ ဖြစ်တယ်လို့ ကန့်ကွက်ပြောဆိုနေကြတာ ဖြစ်ပါတယ်။ အဲဒီ ပြောဆိုချက်ဟာ မှန်သင့်သလောက်လည်း မှန်နေပါတယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ တိုးတက်ဖွံ့ဖြိုးချင် ကြတာချည်းပါ။ တိုးတက် ဖွံ့ဖြိုးဖို့ဆိုရင် နိုင်ငံပေါင်းစံနဲ့ ဆက်သွယ်ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ အဲဒီအခါ အနောက်တိုင်း ဓလေ့ထုံးစံ ယဉ်ကျေးမှုတွေကို ပိတ်ပင်တားဆီးလို့ မရနိုင်ပါဘူး။ ဘယ်လိုပဲ တားဆီး ပိတ်ပင်တွေ လုပ်လုပ် ရရာဝင်ပေါက်ကနေ တိုးဝင်လာကြမှာပါ။ ဒါဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပေးရတဲ့ တန်ဖိုး ဖြစ်ပါတယ်။

အရာရာမှာ ကမ္ဘာပြုမှု ကြွေးကြော်သံတွေ ကြီးစိုးနေတဲ့ ခေတ်ကြီးထဲမှာ ကိုယ့်ဘက်က တန်ဖိုးဘယ်လောက်အထိ၊ ဘယ်အတိုင်းအတာထိ ပေးမလဲဆိုတာကို နိုင်ငံငယ်လေးများ ကြိုတင် စဉ်းစား ပြင်ဆင်ထားသင့် ကြပါတယ်။ လုံးဝ တန်ဘိုးမပေးနိုင်ဘူး၊ မပေးချင်ဘူးဆိုလို့ မရနိုင်ပါဘူး။ တိုးတက်မှုကို ယူချင်ရင် တန်ဘိုးပေးပြီးမှ ယူရပါမယ်။ တန်ဘိုးမပေးချင်ရင် တိုးတက်မှု မရနိုင်ပါဘူး။ ဒီနှစ်ခုစလုံးကို ရယူထားနိုင်ဖို့ဆိုတာ လက်တွေ့မဖြစ်နိုင်ပါဘူး။

နိုင်ငံငယ်လေးများအဖို့ ဒီအချက်ကို ပီပီပြင်ပြင် သိမြင်သဘောပေါက်ထားဖို့ လိုပါတယ်။ အဲဒီလို သိမြင်သဘောပေါက်ထားပါမှ ကိုယ်ထိန်းသိမ်းထားချင်တဲ့ ရိုးရာအစဉ်အလာ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားနိုင်မှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

လူထုစိန်ဝင်း

၂၀၊ ၂၊ ၂၀၀၁။

Wednesday, February 12, 2014

အမျိုးသားစိတ် ရေးသူ အောင်ဗလ

"တိုင်းခေတ်သစ်ထူနေဆဲမှာ
ယိုင်းပင်းလို့ကူညီကြပါ။
ကိုယ့်အမျိုးသားချစ်လို့ရယ်.
သူ့အမျိုးလဲ နှစ်ဖို့မရည်ရွယ်.."

၁၉၄၆ ခုနှစ်က ကျွန်တော်တို့ သီဆိုခဲ့ကြသည့် နိုင်ငံရေးတေးပိုဒ်ကလေးသည် ကျွန်တော့်ဦးနှောက်တွင်းသို့ ဝင်လာသဖြင့် ရင့်ကျူးမိပါသည်။ ၁၉၄၆ ခုနှစ်က တေးနှင့်အတူ ၁၉၃၈ ခုနှစ်ဇူလိုင်လအတွင်းက အဖြစ်အပျက်များသည်လည်း ပိတ်ကားကျယ် ရုပ်ရှင်ကြီးကို ကြည့်ရသည့်အလား ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှား မြင်ယောင်လာပါသည်။

ကျွန်တော့်ဇာတိ မြင်းခြံခရိုင် ညောင်ဦးမြို့ကလေးမှာ ဖြစ်ပါသည်။ ကျွန်တော်မှာ ကျောင်းသားအရွယ်ရှိသေးသည်။

"ဒုဌဂါမဏိမင်းကြီးဟာ ကျေးကုလား တဆဲ့ခြောက်ပြည်ထောင်ကို သတ်တာ သာသနာရေးစစ်ပွဲမို့ တယောက်နဲ့ တခြမ်းသာ ငရဲကြီးတယ်" စသည်ဖြင့် သံဃာတပါးက တရားဟောသည်။ ထုံးကို ဂါထာဖြင့်မန်းကာ ကျွန်တော်တို့၏ နဖူးကို တို့ပေးသည်။ မင်းတို့ ဒီညဥ့်အဖို့ ဒုတ်ပြီး၊ ဒါးပြီး၊ သေနတ်ပြီးပြီကွ။ မကြောက်ကြနှင့်ဟု ဆရာတော်က မိန့်ကြားသည်။ ထိုနောက် လူဦးရေ တရာခန့်သော ကျွန်တော်တို့ လူအုပ်သည် ကုလားရပ်ကွက်ဖြစ်သော ဈေးပိုင်းသို့ ချိတက်ကြလေတော့သည်။

ကုလားဆိုင် မှန်သမျှကို ကျွန်တော်တို့ ဖျက်ဆီးကြသည်။ ကျွန်တော်က ဖါလူဒါဆိုင်မှ ပုလင်းတွေကို ရိုက်ခွဲရသည်။ ကျွန်တော်မှာ ထိုစဉ်က အသက်အရွယ် ငယ်လှသဖြင့် ပေါ့ပါးသော ထိုတာဝန်ကို ပေးကြသည်။ လူကြီးများက ထို့ထက်ကြီးမားခက်ခဲသော ဖျက်ဆီးမှုကို ပြုကြသည်။ ဈေးတဝိုက်ရှိ ကုလားဆိုင်မှန်သမျှ ပျက်စီးကျေမွ သွားတော့သည်။

ဈေးတဝိုက်ကို ဖျက်ဆီးပြီးသောအခါ ကျွန်တော်တို့သည် ဈေးနှင့် မလှမ်းမကမ်းရှိ ဗလီဆီသို့ ချီတက်ကြပြန်သည်။ ကုလားကုန်စုံဆိုင် တခုမှ ရခဲ့ရှိသော တူရွင်းများ၊ တူများ၊ ပေါက်ပြားပေါက်ချွန်များ တို့ဖြင့် အသေပိတ်ထားသော ဗလီကြီးကို ဖောက်ကြတော့သည်။

အချို့သော လူအုပ်သည် မြို့ပြင်ဘက်ဆီသို့ ဆက်လက် ချီတက်ကာ၊ ကုလားအမျိုးသား တဦးပိုင်သော ရေနံဆီချက်စက်ရုံသို့ ဝိုင်းကြသည်။ စက်ရုံတွင်းမှ ကုလားက သေနတ်ဖြင့် ပြန်လည် ခုခံသောအခါ စောစောက သေနတ်ပြီးသည်ဆိုသော ကျွန်တော်တို့ ထုံးမန်းဆရာ အတော်များများ ထိကြတော့သည်။ ဒဏ်ရာရ ကြတော့သည်။ ကံအားလျော်စွာ အသေအပျောက်မရှိ။

ကျွန်တော်သည်မူ ဗလီအတွင်းမှ လက်တလုံးခန့်ထူသော ဧရာမကြေးအိုးကြီးကို လှိမ့်၍ထုတ်ကာ ဗလီပြင်ဘက်ရှိ ချောင်းထဲ၌ ချ၍ ဖျက်ဆီးသည့်တာဝန်ကို ယူခဲ့သည်။ ကြေးအိုးကြီးကို ချောင်းထဲ၌ ချကာ ပေါက်ချွန်းနှင့် တအားပေါက်ရသည်။ တညလုံး တဒိုင်းနှင့် ပေါက်ရ၏။ မနက်လင်းသောအခါတွင်မှ ကြေးအိုးမှာ အနည်းငယ်သာ ပျက်၏။ ထို့ကြောင့် ကျွန်တော်မှာ ရေနံဆီချက်စက်ရုံဖက်သို့ လိုက်မသွားနိုင်သောကြောင့် မသေမနာ ကျန်ခဲ့သည်။

နံနက်လင်းသောအခါ ညက အောင်ပွဲ၏ မာန်ယစ်နေသော ကျွန်တော်သည် ကျွန်တော်၏ ဖခင်နှင့် တို့ဗမာ အစည်းရုံးခေါင်းဆောင် သခင်ကြီးတဦး ဆွေးနွေးနေကြသည်ကို ကြားရသောအခါ၌ ညက ကျွန်တော် အမှားကြီး အမှားခဲ့သသည်ကိုလည်း သတိရမိပါသည်။ ထိုအမှားမျိုးမှ ပြန်၍ အဖတ်ဆယ်နိုင်သည်။ အမြတ်ထုတ်နိုင်သည်ကို လည်း သိလိုက်ပါသည်။

ကျွန်တော့်ဖခင်သည် ကုလားအမျိုးသား မိတ်ဆွေများနှင့် အတော်ရင်းနှီးသူ ဖြစ်သောကြောင့် ကုလားတို့၏ ပျက်စီးမှုအတွက် ကြေကွဲဝမ်းနည်းကြောင်း ပြောပါသည်။ သခင်ခေါင်းဆောင်က ပြောသည်မှာ "လူမျိုးရေး အဓိကရုဏ်းဆိုတာ အလွန် မလိုလားအပ်တဲ့ အရာပေါ့ဗျာ၊ မဖြစ်အောင် တားဆီးရမယ်၊ ရှောင်ရမယ်၊ ဖြစ်မိရင်လဲပဲ မီးလောင်မှုကို ငြိမ်းသလို မကြီး မပွါး မကျယ် မပြန့်ပဲနှင့် ပြီးငြိမ်းအောင် အမြန်ငြိမ်းရမယ်"

"မီးကို ငြိမ်းသတ်ပြီးတဲ့အခါ နောက်ထပ်မလောင်အောင် အတားအဆီး အဟန့်အတား လုပ်ဖို့ရာ အရေးအကြီးဆုံးပဲ၊ ဟောဒီလို ကုလား ဗမာ အဓိကရုဏ်းမျိုး နောက်ထပ်မဖြစ်အောင် တားဆီးတဲ့ နည်းတနည်း၊ အကွက်တကွက်ကို ကျွန်တော် မြင်ထားတယ်။ အဲဒါက ဘာလဲဆိုတော့ ဗမာ့စီးပွါးရေး နယ်နမိတ် ကန်ဘောင်ရိုးကို ချဲ့ဖို့ပဲ။ အခု ဖြစ်တဲ့ ကုလားဗမာ အဓိကရုဏ်းဟာ ဦးရွှေဖီ၏ မော်လဝီနှင့် ယောဂီစာတမ်းက စတာဆိုပေမယ့် ဘာသာရေးကြောင့် ဖြစ်ရတာ ဆိုပေမယ့် စင်စစ်တော့ စီးပွါးရေး မခံချင်စိတ်လေးတွေ ပါတယ်ဗျ။ ကုလားတွေက  ဗမာ့စီးပွါးရေး စားကျက်မှန်သမျှ လက်ဝါးကြီး အုပ်ထားတာကို လက်မဲ့ဖြစ်တဲ့ ဗမာတွေရဲ့ အတွင်းစိတ်ထဲမှာ မခံချင်စိတ်လေးတွေ ရှိကြတယ်။ အဲဒီ စီးပွါးရေး မခံချင်စိတ်လေးတွေဟာ ဘာသာရေးပြသနာက မီးပွင့်လိုက်တော့ အဓိကရုဏ်း မီးတောက်ကြီး ဖြစ်ရတာပေါ့"

"အဲဒီတော့ ခင်ဗျားအဖို့ ကုလားအမျိုးသားတွေကို ချစ်လို့ ကုလားတွေကို ထိခိုက်နာကျင်မှုကို မမြင်ချင် မကြားချင်ရင် နောက်ထပ် အဲ့ဒါမျိုး မဖြစ်အောင် ကာကွယ်ရမယ်ဗျ။ ကာကွယ်ဖို့ကတော့ ခင်ဗျားကိုယ်တိုင် သူတို့ စီးပွါးရေးနယ်ထဲ ဝင်လုပ်ပါ။ စီးပွါးရေးလုပ်ငန်းတွေကို ဗမာတွေ ဝင်လုပ်လို့ ရှိရင် လူမျိုးအချင်းချင်း စီးပွါးရေး မကျေနပ်မှု ပြသနာ မရှိဘူး။ ဘာသာရေး၊ နိုင်ငံရေးပြသနာ ပေါ်ခဲ့ရင်လဲ မကြီးထွါးပဲ ပြီးသွားတတ်တယ်"

သခင်ကြီး၏ နိုင်ငံရေး သြဝါဒကို ကျွန်တော်၏ ဖခင်က လေးလေးနက်နက် နာယူပြီး ယုံယုံကြည်ကြည် လက်ခံလိုက်ပါသည်။ ကျွန်တော့်ဖခင်ကိုယ်တိုင် မြန်မာပိုင် ကုန်စုံဆိုင်တဆိုင်ကို တည်ထောင်ခဲ့ပါသည်။ ကျွန်တော်တို့ မြို့ကလေးနှင့်တကွ မြန်မာပြည် တပြည်လုံးတွင် သံဃာသြဝါဒခံ ဆိုင်းဘုတ်ကလေးများနှင့် မြန်မာကုန်စုံဆိုင်၊ မြန်မာဆံပင်ညှပ်ဆိုင်များ၊ မြန်မာလက်ဘက်ရည်ဆိုင်များ၊ မြန်မာထမင်းဆိုင်များ၊ မြန်မာလုပ်ငန်းငယ်များတို့ အမြောက်အမြား ပေါ်ပေါက်ခဲ့ပါသည်။

ကုလားတို့ နေရာယူထားသော စီးပွးရေးလုပ်ငန်းများတို့မှ လုပ်ကိုင်၍ ရနိုင်သမျှသော လုပ်ငန်းမှန်သမျှကို မြန်မာများ ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် ကုလားနှင်မြန်မာ အကြားတွင် စီးပွါးရေး မကျေနပ်မှုများ ကြီးကြီးမားမား မရှိတော့ပဲ ပြေလည်ခဲ့ပါသည်။ ထိုအဓိကရုဏ်း၏ နောက်ပိုင်းတွင် ကြီးမားသော ကုလားဗမာ လူမျိုးရေး ပဋိပက္ခ မရှိခဲ့ရုံမျှမက ညီညွတ်မှုကိုပင် ရခဲ့ကြပါသည်။ အင်္ဂလိပ်နယ်ချဲ့သမားကို တိုက်ခိုက်ရာတွင် ကုလားနှင့် ဗမာတို့သည် ညီရင်းအစ်ကိုများကဲ့သို့ စည်းရုံးမိကြကာ သွေးစည်းညီညွတ်စွာဖြင့် ပုခုံးချင်းယှဉ်၍ တိုက်ခိုက်နိုင်ခဲ့ကြပါသည်။

ထိုနှစ်က ဖြစ်ပွါးသော ကုလားဗမာ ဘာသာရေး အဓိကရုဏ်းသည် ဗမာပြည်၏ ရာဇဝင်၌ ဆုံးရှုံးကွက် တကွက် ဖြစ်ပါသည်။ သို့သော ဥာဏ်အမျှော်အမြင် ကြီးမားသော တို့ဗမာအစည်းအရုံး ခေါင်းဆောင်မှုများ၏ ညွှန်ကြားမှုကြောင့် အရှုံးထဲမှ အမြတ်ထွက်ခဲ့ရပါသည်။ ပျက်စီးသွားသော ကုလားတို့၏ စီးပွါးရေးလုပ်ငန်းများအတွက် ဝမ်းနည်းရသော်လည်း မြန်မာပိုင် စီးပွါးရေးလုပ်ငန်းများကို အစားထိုး ထူထောင်နိုင်သောကြောင့် တိုင်ပြည်တွင်လည်း အမြတ်ရပါသည်။ ကုလားဗမာ ချစ်ကြည်မှုကိုလည်း ရသည်။

ထို့ကြောင့် ကျွန်တော်သည် ၁၉၃၈ ခုနှစ်က ဖြစ်ပွါးခဲ့သည့် ကုလားဗမာအဓိကရုဏ်းကြီးကို ဖြင်ယောင်ရင်း ၁၉၄၆ ခုနှစ်က သီဆိုခဲ့သည့် နိုင်ငံရေး တေးတပိုဒ်ကိုလည်း ရင့်ကျူးမိပါသည်။

"တိုင်းခေတ်သစ် ထူထောင်ဆဲမှာ၊
ယိုင်းပင်းလို့ ကူညီကြပါ။
ကိုယ့်အမျိုးသားချစ်လို့ရယ်
သူ့အမျိုးလဲ နှစ်ဖို့ မရည်ရွယ်.။"

အောင်ဗလ။


[သတင်းစာဆရာကြီး အောင်ဗလ ရဲ့ ကျွန်တော်ကြားဘူးသလို ပြောဆိုပါမည် စာအုပ် - ၁၉၆၈ ခုနှစ်၊ ပထမအကြိမ်ထုတ်ဝေခြင်းမှ ကူးယူဖော်ပြပါတယ်.။]