Wednesday, August 27, 2014

ဒဂုန်တာရာ - မေ ဝတ္ထု အမှာစာ -ရေးသူ ကိုဗဟိန်း

"ကိုဗဟိန်းမသေ"
သခင်ဗဟိန်းကွယ်လွန်ခြင်း ၆၆ နှစ်မြောက် အမှတ်တရ - အဖြစ် ထုတ်တဲ့
ကိုဗဟိန်း ရေးသားခဲ့သော စာများကို စုစည်းထုတ်ဝေခြင်းစာအုပ်။
[ပထမအကြိမ်၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာ]


ဒဂုန်တာရာ - မေ ဝတ္ထု
အမှာစာ
[စာမျက်နှာ ၂၃ - ၂၅]


မေ ဝတ္ထုကို ဖတ်ရသည်မှာ ရှမ်ပိန်အရက်ကို သောက်လိုက်ရသည်နှင့် တူလေသည်။  အဘယ်ကြောင့်ဆိုသော် သူ့အရသာမှာ အခြား အစာအဟာရများလို  ဒါချည်း ဒါချည်း မဟုတ်ဘဲ ထူးထူးကဲကဲ ရှိန်းကနဲ ဖိန်းကနဲ ဖြစ်သွားသောကြောင့် ဖြစ်သည်။

သူ့ကို လျှာပေါ် တင်လိုက် ကတည်းက ဆန်းသစ်သော ဝေဒနာကို တွေ့ရသည်။  ခါတိုင်း စားနေကျ အရာများထက် ထူးသည်ကိုတော့ သိလိုက်သည်။  ဝမ်းထဲသို့ ချောချောမွေ့မွေ့ ဝင်မသွား၊ ပထမတော့ ပူတူတူ ရှိန်းတိန်းတိန်း နှင့်ပင် မျိုချလိုက်ရသည်။  သူ့ကို ဖတ်နေစဉ်ပင် အသစ်အဆန်း ကလေးများကို မတွေးဝံ့ဝံ့ တွေးဝံ့ဝံ့ ဖြစ်နေရသည်။  သို့ ရာတွင် ဘာပဲ ဖြစ်ဖြစ် သူ့ကို တွေ့ရ၍ ခံစားရမည့် ဝေဒနာကို ရင်ဆိုင်ရမည်။  သူ့ အယုအယကို ခံယူရာ၌ သူ့ကို အရည်လည်ဖို့ လိုသည်။  သူ၏ အယုအယမှာ အရည်လည်ရေး ပေါ်တွင် တည်လေသည်။  အရည်လည်လာလေ ဖတ်၍ အင်မတန် အရသာရှိလေ ဖြစ်သည်။  သူ့စိတ်ကူးကို ဖော်ကျူးသော အရေးအသားမှာ အနုစိတ်သည်။  သူ အနုစိတ်သလောက်ကို ကြည့်သူက မြင်မှ ဟန်ကျမည်။  သူ၏ ရောင်ခြည်များသည် ရှေ့ဝယ် လှပစွာ ထင်လာလေသည်။  ထိုရောင်ခြည်များသည် ပဉ္စလက်နည်းဖြင့် ပေါ်လာသော ရောင်ခြည်ဖြစ်၍ ထိုဟာသာ သူ၏ Art အနုပညာ ဖြစ်လေသည်။  ဒီဟာများသာ အရက်ကို မူးရသော အရသာ ဖြစ်လေသည်။

မေသည် မည်သူ့ အအုပ်အထိန်းကိုမှ မခံရသော ကောလိပ်ကျောင်းသူကလေး ဖြစ်လေသည်။  သူ့သဘောအတိုင်း ဘာမဆို လုပ်နိုင်သည်။  မေသည် ကျောင်းက ထွက်လျှင် ထွက်ခြင်း လူဂုဏ်တန်တွေနှင့် တွေ့ရသည်။  ပထမတော့ လူဂုဏ်တန်ကို နားမလည်၊ လူဂုဏ်တန်ကို အကဲမခတ်တတ်။  နောက်ဆုံး မေသည် လူဂုဏ်တန်ကို နားလည်လေသည်။  နားလည်လျှင် လူဂုဏ်တန်ကြောင့်ပင် သူတို့ကို စွန့်ခွါ၍ သွားရလေသည်။  ဒီအခန်းအထိ ဝတ္ထုရေးဆရာက လူဂုဏ်တန်တွေကို ပြောင်လှောင်လေသည်။  ဝတ္ထုရေးဆရာသည် မေ ဘက်ကနေ၍ လူဂုဏ်တန်ကို သရော်သည်။  နှုတ်ခမ်းမဲ့သည်။ ကျန် အခန်းများတွင် ဝတ္ထုရေးဆရာသည် မေ့ဘက်ကလည်း မနေ၊ ဘယ်ဘက်ကမှ မနေပေ။  မေ့ဘဝကိုသာ ဝတ္ထုရေးဆရာသည် ပန်းချီဆရာလို ပုံတူ ရေးပြသည်။  မေ့ပုံကားကို ရေးရာ၌ တလုံးတပါဒမျှ မကွန့်၊ ဆေးရောင်နှင့်လည်း မမှုန်းသေး၊ မေ့ကို စက္ခုဖြင့် မြင်ရသည့်အတိုင်းသာ ရေးဆွဲလေသည်။  တခုတော့ ရှိသည်။  ပုံကားကို ဆွဲရာတွင် ဆေးသား အင်မတန် ညီသည်။  အချယ်အလှယ် လှပသည်။  လက်ရာ ယဉ်ကျေးသည်။  ပုံကားပြီးလျှင် ဝတ္ထုရေးဆရာက မညွှန်ပြ၊ ကြည့်သူကသာ အလင်းနှင့် အမှောင်ကို ခွဲခြားရမည် ဖြစ်လေသည်။  ခွဲခြား၍ စိတ်ကူးဥာဏ် ထုတ်ရခြင်းမှာ အရသာ တမျိုး ဖြစ်လေသည်။

=======================================

မေဝတ္ထုကို ရေးသော ကိုဌေးမြိုင်သည်(ဒဂုန်တာရာ) မှာ ကျောင်းသား ဖြစ်လေသည်။  သူသည် တက္ကသိုလ် သမဂ္ဂအသင်းတွင် အမှုဆောင်တဦး ဖြစ်၍၊ သူသည် မနှစ်က ဝါဒပြန့်ပွါးရေးမှူး ဖြစ်လေသည်။  ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသော မျိုးညွန့် မဂ္ဂဇင်းနှင့် တက္ကသိုလ်သမဂ္ဂမှ ထုတ်ဝေသော အိုးဝေမဂ္ဂဇင်းတို့တွင် အယ်ဒီတာ ဖြစ်ခဲ့သည်။  သူသည် သမဂ္ဂအစည်းအရုံး စင်မြင့်မှ လာသော စာရေးဆရာ ဖြစ်လေသည်။  သူရေးသော ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာများကို ဒဂုန်မဂ္ဂဇင်း၊ ဂန္တလောက၊ ယူနီဘာစီတီ ကောလိပ်မဂ္ဂဇင်းများတွင် ဖတ်ရသည်။  သူသည် စာပေကို ရေးစက ကဗျာများကို ရေးသည်။  ယခုမူ သူသည် ဝတ္ထုရေးဆရာ ဖြစ်လေပြီ။  သူ့တွင် ကဗျာ စိတ်ကူး ရှိသည်။  ထို့ကြောင့် သူရေးသားရာ၌ စာလုံးကလေးများမှာ ကဗျာဆန်သည်။  အင်မတန် လှပသည်။  သူသည် ဝတ္ထုကို ရေးသားရာ၌ စာလုံးလေးများကို ပန်းသီသလို သီသည်။  နောက်တခုမှာ သူသည် စကားလုံးထုဆရာ ဖြစ်သည်။  သူသည် စကားလုံး အသစ်ကလေးများ ကို ထုလုပ်သည်။ အသစ်အဆန်းများ ပေါင်းဖွဲ့၍ သူ့အရေးအသား ဖြစ်လာရသည်။  သူသည် သီကုံး ရေးသားရာ၌ Rhythmic ညီညွတ်၍ ပြေပြစ်သည်။

သူသည် တော်လှန်ရေးသမားလည်း ဖြစ်လေသည်။  ရေးနေကျ စိတ်ကူးနေကျများကို တော်လှန်၍ အသစ်ထွင်သည်။  လေပြေလေညှင်းဟု မသုံး။ လေနုအေးဟု ရေးသည်။ ကစားသည် ဟုမရေး။  နော့သည်ဟု ရေးသည်။  ဒီလို သူသည် ဘယ်သူနှင့်မှ မတူ။  ဘယ်ဟာနှင့်မှ မတူသော အရသာ ရှန်ပိန်အရက်ကို သောက်၍ မူးနေသော အရသာ ဖြစ်လေသည်။  မေ၏ ပုံကားသည် ရှေ့တွင် အခိုးအငွေ့များသဖွယ် လိပ်၍ လိပ်၍ သဏ္ဍာန်ဝတ္ထုတခု ဖြစ်ပေါ်နေလိမ့်မည်။  ထိုပုံသဏ္ဍာန်သည် မေဝတ္ထု ဖြစ်၍ အရက်ကို မူး၍ လာရန်မှာ အမှာကို ကျော်၍ ရှေ့ဆက် ဝတ္ထုကို ဖတ်ဖို့ပင် ဖြစ်လေသည်။

သခင်ဗဟိန်း
တက္ကသိုလ်သမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများသမဂ္ဂအသင်း ဥက္ကဌဟောင်း။
၈-၈-၄၁။ ရန်ကုန်။

[ဒဂုန်တာရာ "မေ" တတိယအကြိမ်၊ မန္တလေး၊ မိုးဦးပန်း စာပေတိုက်၊ ဖေဖော်ဝါရီ ၁၉၆၃]

Monday, August 25, 2014

စွယ်တော်ရိပ်မှ တိုက်ပွဲခြေရာများ….ရေးသူ မောင်ခိုင်အောင်(စစ်တွေ)

ဆရာကြီးသခင်ကိုယ်တော်မှိုင်း
ငြိမ်းချမ်းရေးနှင့်မျိုးဆက်များ
------------------------------------
၇၄၊ ၇၅၊ ၇၆ နိုင်ငံရေးအင်အားစု
ပထမအကြိမ်၊ မတ်လ၊ ၂၀၁၃ ခုနှစ်။


[စာမျက်နှာ ၁၀၉ - ၁၂၀]


စွယ်တော်ရိပ်မှ တိုက်ပွဲခြေရာများ.
မောင်ခိုင်အောင်(စစ်တွေ)



ထီမထင် ကျောင်းတော်သားတွေရဲ့
အမည်အစဉ် ခေါင်းပေါ်ဖျားမှာလ
မင်းတို့ ဆရာကို
စာရင်းတို့ကာ ထားကြပေတော့

သခင်ကိုယ်တော်မှိုင်း

၁၉၇၃ မှာ စွယ်တော်ရိပ်ကနေ ကဗျာစာအုပ်လေးတအုပ်ကို ကျွန်တော်နဲ့ ကိုမြင့်စံတို့ ထုတ်ခဲ့ကြတယ်။  "မနက်ဖန်ရဲ့ ရင်ခုန်သံ"  ဖြစ်တယ်။  ကိုမှိုင်းပေးတဲ့ နာမည်ပါ။  သူက ဒဂုန်တာရာနဲ့ ဆရာကြီးမှိုင်းကို ကိုးကွယ် လေးစားသူပါ။  စာအုပ်လေးကို မောင်ဆန်းညွန့်က ဖယောင်းမှာ ရေးပြီး ကိုမှိုင်းက လိုတာတွေကို စီစဉ် ပေးတယ်။  နောက်ကျောဖုံးမှာ ဆရာကြီးမှိုင်းရဲ့ ထီမထင်ကျောင်းတော်သား စာပိုဒ်၊ ဂေါ်ကီရဲ့ ဝါကျ၊ လူရွှင့်ရဲ့ 'စာပေဟာ မိုးနဲ့ မြေကို မှောက်လှန်မပစ်နိုင်ဘူး'  ဆိုတဲ့ ဝါကျတွေကို ကျွန်တော် ဖော်ပြခဲ့တယ်။

စွယ်တော်ရိပ်ဆိုတာ RIT လို့ခေါ်တဲ့ စက်မှုတက္ကသိုလ်ရှေ့က စာအုပ်အငှားဆိုင်လေးပါ။  အဲဒီမှာ ကျွန်တော်တို့ စုစည်းခဲ့ကြတယ်။  "ကျွန်ခေတ်မှာ လူလိမ္မာ မလုပ်ချင်စမ်းပါနဲ့"  ဆိုတဲ့ ဆရာကြီးမှိုင်းရဲ့ သြဝါဒနဲ့ ကြီးပြင်းလာတဲ့ ကျောင်းသားဆိုးတွေပေါ့။

ကျွန်တော်တို့ ကဗျာတွေ ရေးခဲ့ကြ၊ စာအုပ်တွေ ထုတ်ခဲ့ကြ၊ စာတမ်းတွေ ဝေခဲ့ကြတယ်။

ကိုစိုးထွဋ်(မောင်စိုးစံ)၊ မြင့်အောင်ကြည်(မြေဝါ)၊ တို့က ကျွန်တော့်ထက် တနှစ်စောတယ်။  တင်အေးကြူ(မောင်မှိုင်းလွင်)၊ သန်းလင်း(ဘုန်နွယ်လင်း)၊ စံမြင့်(မောင်မြင့်စံ)၊ ဆန်းညွန့်(မောင်ဆန်းညွန်-ရေကျော်) တို့က တနှစ်နောက်ကျတယ်။  နောက်ပိုင်းမှာ ဝင်းမြင့်(ဝင်းမင်းထွေး) လည်း လူမိုက်အုပ်ထဲ ပေါင်းစည်း လာခဲ့တယ်။  သူတို့က အနုပညာအား ကောင်းကြပေမယ့် ကျွန်တော်က သဘောတရား နိုင်ငံရေး အားသန်တယ်။  လူထုတိုက်ပွဲ အမြင်ကတော့ အတူတူပါပဲ။  စက်မှုတက္ကသိုလ်ရဲ့ နိုင်ငံရေးဘဝမှာ မေ့နိုင်စရာ မရှိတဲ့ ရဲဘော်တဦး ကတော့ ခင်မောင်လေး(မုံရွာ)ပါ။  ကိုမြင့်ဆွေ (မုံရွာ ဆားလင်းကြီး) က ကျွန်တော်နဲ့ အတန်းတူ၊ တကယ့်အကိုကြီး။  ချင်းတွင်းဒိုးရဲ့ ဆရာကြီး (၁၉၆၉) ကျွန်းဆွယ်ကျောင်းသားလှုပ်ရှားမှုမှာ ကျွန်တော်နဲ့ ကိုမြင့်ဆွေ ကျောင်းထုတ်ခံရတယ်။  သူနဲ့ ပါတ်သက်ပြီး ခင်မောင်လေးကို ရင်းနှီးယုံကြည် သိကျွမ်းခဲ့ရတယ်။  သူက ဟိတ်ဟန် ပကာသန ကင်းတဲ့သူ၊ ပညာတတ် တက္ကသိုလ်ကျောင်းသားနဲ့တောင် မတူဘူး။ ဒါပေမယ့် လေ့လာရေး ကောင်းတယ်။  စိတ်ဓါတ်ကောင်းတယ်။  ရန်ကုန်မှာ လူထုလှုပ်ရှားမှုတွေ အရှိန်စယူလာတဲ့ကာလမှာ သူက မြရာပင် တောနက်ထဲကို ပျံသွားတယ်။  သူ့ကို ရခိုင်သွားမှာလားလို့ ကျွန်တော် မေးခဲ့သေးတယ်။  ရဲရင့်တဲ့ လူငယ်တဦးဟာ မဟုတ်မမှန်တဲ့ စွဲချက်တွေနဲ့ တော်လှန်ရေးရဲ့ သားကောင်ဘဝနဲ့ မုတ်သုန်တောနက်ထဲ ကြွေခဲ့ရတယ်။

၁၉၆၉ လှုပ်ရှားမှုထဲက ကိုတင်လှိုင်(ပဲခူး) ကနေ ခင်မောင်လေး ထိုမှ၊ ညီလေး ဖုန်းမော်ထိ ထိုမှသည်……။  ကျွန်တော်တို့ ချစ်သော ကျောင်းဟာ မြေဖြူနံ့သင်းမနေပဲ သွေးတွေ စွန်းထင်းခဲ့ရလေတယ်။

၁၉၇၄ ရဲ့ မိုးဦးရက်မှာ ကိုမြင့်ဆွေ၊ ကိုမှိုင်း၊ ကျွန်တော်တို့တတွေ ကြို့ကုန်းဘီပီအိုင်ရှေ့ကို ရောက်ခဲ့ရတယ်။  အင်းစိန် မီးရထား စက်ရုံဝင်းထဲကို ကျွန်တော်တို့ ဝင်ခဲ့တယ်။  ကျွန်တော်တို့နဲ့ အတူ ထမင်းထုပ်တွေ၊ ဆေးလိပ်တွေ၊ ငှက်ပျောသီး၊ စားစရာတွေ ပါလာတယ်။  ကြေငြာစာရွက်တွေ ပါလာတယ်။  အုတ်ကျင်းရပ်ကွက် ထဲက ဆင်းရဲတဲ့ အလုပ်သမား မိသားစုဆီ ကျွန်တော်တို့ ရောက်ခဲ့တယ်။

ဆန်ပေးပါ၊ ထမင်းပေးပါ. ကလေးတွေရဲ့ အသံ မိခင်တွေရဲ့ အသံဟာ ဘယ့်နှယ် ချိုမြ နိုင်ပါ့မလဲ၊ အင်းစိန်လမ်းမ ပေါ်က စက်ရုံတွေ ရှေ့မှာ ကျွန်တော်တို့ ကျောင်းသားတွေဟာ မိန့်ခွန်းတွေ ပြောကြတယ်။  ကြွေးကြော်သံတွေ ဟစ်ခဲ့ကြတယ်။  ဒါဟာ လူထုတိုက်ပွဲ၊ အလုပ်သမားတွေရဲ့ တရားတဲ့ တိုက်ပွဲ၊ စစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ တိုက်ပွဲ၊ ကျွန်တော်တို့ တိုးတက်တဲ့ ကျောင်းသားတွေ ပူးတွဲ တိုက်ပွဲဝင်တဲ့ အရေးတော်ပုံ။

(၁၉၆၉) ကျွန်တော် ဆယ်တန်းနှစ်က သြဂုတ်လမှာ ထမင်းငတ်တဲ့ ပြည်သူတွေ ဆန်တောင်းတဲ့ လှုပ်ရှားမှု ဖြစ်ခဲ့တယ်။  ဆန်ရေစပါး ပေါများကြွယ်ဝတဲ့ ရခိုင်ပြည်မှာ ဆန်တွေရှား၊ မတရားဈေးကြီးပြီး ပြည်သူတွေ ထမင်း ငတ်ရသတဲ့။  ဂိုဒေါင်မှာ ဆန်တွေ ဆန်တွေ။  ဆန်ပေးပါ ဆန်ပေးပါ။

စစ်တွေမြို့ ကလေးရဲ့ လမ်းပေါ်မှာ နှင်းဆီပန်း နီနီကြီးတွေ ပွင့်ခဲ့ရတယ်။  မီးခိုး ကျည်ခိုးတွေ ဝေခဲ့တယ်။  လမ်းနဘေး ဆတ်ရိုးကျ ချောင်းကလေးမှာ ညှီစို့ နီရဲ ခဲ့ရတယ်။  ကျွန်တော်နဲ့ တခုံတည်း ထိုင်တဲ့ ကိုသာအေး (မြောက်ဦး) ဟာ ရင်ခွဲရုံထဲမှာ။ ဦးခေါင်းဟာ ကြေမွ သွားခဲ့ပြီး။  ကျွန်တော် သွားမကြည့်ရဲ ခဲ့ပါ။  အဲသည်လိုပဲ အင်းစိန်လမ်းမပေါ် ဖြစ်ခဲ့တယ်။  ဘာတာထိပ်မှာ ဖြစ်ခဲ့တယ်။  ဘာတာထိပ်မှာ ကုက္ကိုပင်ကြီးတွေ၊ သစ်ပင်ကြီးတွေ ရှိပါတယ်။  လင်းဆွဲတွေ ငှက်တွေ နားနေတတ်တယ်။

"ညနေစောင်း မှောင်ရီရီမှာ ငါ အိမ်ေ၇ှ့ မြေနီလမ်းကနေ ကြည့်လိုက်ရင် သစ်ပင်မှာ တွဲနေတဲ့  လင်းဆွဲငှက်တွေကို ဒီမှာ ကျဆုံးသွားတဲ့ ဝိဥာဉ်တွေလို့ ခံစားရတယ်" ဟု ဘာတာလမ်းထဲမှ နာမည်ကျော် ကဗျာဆရာမကြီးက ပြောဖူးပါတယ်။

နောက်နေ့မနက်မှာ ဆင်မလိုက်သင်္ဘေကျင်း ဝင်စီး တိုက်ခိုက်ခံရပြီး အလုပ်သမားထုရဲ့ တရားတဲ့ တောင်းဆိုမှုဟာ အသံတိတ်သွားခဲ့ရပါတယ်။  ကျွန်တော်တို့လည်း ထိကြ နာကြ ပြေးခဲ့ရသည်ပဲ။

သိတ်တော့ မကြာလိုက်ပါ။  ခြောက်လအကြာမှာ တိုက်ပွဲ ဖြစ်လာခဲ့တာပါပဲ။  တက္ကသိုလ်မှာ ဝေတဲ့နှင်းရေ.. နှင်းလေးတွေမှ ဟုတ်ရဲ့လား။  ၁၉၇၄ ဒီဇင်ဘာ မြကျွန်းညိုညို ယမ်းခိုးတွေ ဝေခဲ့ရပါတယ်။

ကိုစံသာ(စစ်တွေ)တို့၊ သက်လှိုင်၊ ဂိုရှယ်တို့ ကျောင်းက အုပ်စုတွေ အင်းစိန်နရသိန်ထဲ ရောက်သွားတယ်။  ဘိုဘိုကျော်ညိမ်း တို့လည်း ပါသွားတယ်။ RIT ကျောင်းသားတွေအတွက် အင်းစိန်ဈေး၊ အင်းစိန်ထောင်ဆိုတာ ယဉ်ပါးနေကျ မြင်ကွင်းပါ။  အခုတော့ စွယ်တော်ရိပ် ပညာတက္ကသိုလ်ကနေ အင်းစိန် ဘဝတက္ကသိုလ်ကို ရောက်ခဲ့ရတယ်။

၁၉၇၅ ဇွန် (၆) အလုပ်သမားတွေရဲ့ တရားတဲ့ တိုက်ပွဲ ဖြိုခွဲ ချေမှုန်းခံရတဲ့ တနှစ်ပြည့်နေ့။  အင်းစိန် လမ်းမပေါ် ရဲဘော်တွေ ကျဆုံးခဲ့ရတဲ့နေ့။  သမိုင်းဝင် သွေးစွန်းတဲ့နေ့။  ကြေညာချက်တွေ ထွက်လာတယ်။  တက္ကသိုလ်ကျောင်းသား သမဂ္ဂရဲ့ အသံ ခပ်သဲ့သဲ့ တက္ကသိုလ် လေထုထဲ ပျံ့နေတယ်။  စက်မှုတက္ကသိုလ် စွယ်တော်ရိပ်မှာ ပျံ့နေတယ်။

အဲဒီနေ့မှာ ဗမာဖက်ဆစ်ဗိုလ်ချုပ်ရဲ့ လက်ပါးစေ ပညာရေး အာဏာပိုင်တွေဟာ ငြိမ်းချမ်းတဲ့ စွယ်တော်ရိပ် ခြံ ကျောင်းဝင်းကို ရောက်လာကြတယ်။  ကျွန်တော်တို့ရဲ့ ခန့်ညားလှပတဲ့ ကျောင်းတော်ခန်းမထဲမှာ ကျောင်းသားကျောင်းသူအပြည့် သူတို့နဲ့ တွေ့ကြမယ်။  ငြိမ်းချမ်းစွာ ပညာသင်ကြားရေး ရွှေပြည်အေးတရားနဲ့ ကျောင်းသားလှုပ်ရှားမှုကို ဦးချိုးပစ်ဖို့ ကျောင်းသားထုကို လူထုလှုပ်ရှားမှုနဲ့ ခွဲပစ်ဖို့၊ ခေါင်းမာတဲ့ ကျောင်းသားတွေကို ဆွဲထုတ်ပြီး ခေါင်းရိုက်ခွဲဖို့ သူတို့ လာခဲ့ကြသည်။

စက်မှုတက္ကသိုလ်ဆိုတာ နူးညံ့သိမ်မွေ့တဲ့ ယုန်ကလေးတွေရဲ့ ကျောင်း၊ တွန်ကျူးတတ်တဲ့ ဒေါင်းတွေရဲ့ ကျောင်း၊ ရဲရင့်တဲ့ ကျားသစ်တွေရဲ့ ကျောင်း. အဲဒီမှာ ဓမ္မနဲ့ အဓမ္မ ထိပ်တိုက်တွေ့ခဲ့တယ်။  ညှိနှိုင်းလို့ မရဘူး။  တိုက်ပွဲ ပေါ်ထွက်လာခဲ့တယ်။  သမိုင်းဆောင်တွေဘက်က ကြွေးကြော်သံတွေ ဟိန်းထွက်လာတယ်။

အဓိပတိလမ်းမ ဘွဲ့နှင်းသဘင်ခန်းမမှာ ခွပ်ဒေါင်းအလံ ပျံ့လွင့်နေတယ်။

ဇွန်လ (၈) ရက်နေ့ နေရောင်ခြည် လင်းလက်နေတယ်။ တခါတခါ မိုးမှုန်လေးတွေ ခပ်ဖွဲဖွဲ ကျလာတတ်တယ်။

ကျောင်းသားတွေ၊ ပြည်သူတွေ၊ အလုပ်သမားမိသားစုတွေဟာ အင်းစိန်လမ်းမကြီးအတိုင်း ချီတက်လာကြတယ်။  ကြွေးကြော်သံတွေ၊ တောင်းဆိုချက်တွေ၊ စစ်အစိုးရရဲ့ မှားယွင်းဖောက်ပြန်မှုတွေကို ဖွင့်ချ ဝေဖန်ထားတဲ့ စာရွက် ဟာတမ်းတွေ၊ ပြည်သူလူထုကြား ပျံ့နှံ့သွားတယ်။  စက်မှုတက္ကသိုလ်ကို ဖြတ်ပြီး အင်းစိန်နရသိန်ကြီးဆီ ချီတက်လာခဲ့ကြတယ်။  အင်းစိန်ထောင်ကြီးကို ဝိုင်းပတ်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်။ ထောင်ထဲမှာ ကျောင်းသား၊ အလုပ်သမားရဲဘော်တွေ ရှိတယ်။ ရဟန်းသံဃာတွေ ရှိတယ်။ မတရားတဲ့ ဥပဒေတွေနဲ့ ထောင်ချ နှိပ်စက်ထားတယ် မဟုတ်လား။

နောက်နေ့တွေမှာ မြို့တော်ခန်းမ ရှေ့ဆီ၊ ပြီးတော့ ပန်းဆိုးတန်းတရားပွဲ၊ အတွင်းဝန်ရုံးကို ဝိုင်းပတ်ချီတက် ဆန္ဒပြပွဲ။

ကျွန်တော်တို့ ဘာတွေ တောင်းဆိုခဲ့ကြပါသလဲ၊
(၁) ကုန်ဈေးနှုန်းကြီးမြင့်တာကို ဖြေရှင်းပေးပါ။
(၂) ပညာတတ်ဘွဲ့ရ အလုပ်လက်မဲ့ ပြဿနာကို ဖြေ၇ှင်းပေးပါ။
(၃) ကျောင်းသားသမဂ္ဂကို တရားဝင် ရပ်တည်ခွင့်ပေးပါ။
(၄) မတရားဖမ်းဆီးထားတဲ့ ကျောင်းသား၊ အလုပ်သမား၊ ရဟန်းသံဃာတွေကို လွှတ်ပေးပါ။

၁၀ ရက်နေ့ ညနေ ချီတက်ပွဲအပြီးမှာ သပိတ်စခန်းဟာ ရွှေတိဂုံရင်ပြင်တော်ကို ပြောင်းခဲ့တယ်။

၁၁ ရက်နေ့ နံနက် (၄) နာရီ။

မုခ်လေးဘက်ရဲ့ လှေကားထစ်တွေပေါ်မှာ ဖြည်းဖြည်းချင်း တက်လာတဲ့ လက်နက်ကိုင် စစ်သားတွေကို မြင်နေရတယ်။ တံခါးတွေကို ဖွင့်လိုက်တယ်။

ရွှေတိဂုံဘုရားရင်ပြင်ပေါ်က ပြည်သူ့အခွင့်အရေး၊ ကျောင်းသားအခွင့်အရေး တောင်းနေတဲ့ ကျွန်တော်တို့ကို သူပုန်ဌာနချုပ်တခုလို တပ်မတော်က ဝိုင်းပိတ်ဖမ်းဆီးခဲ့သည်ပဲ။ ရဲရင့်ထူးချွန် ပြောင်မြောက်သည့် စစ်ဆင်ရေးကြီး၊ ထူးချွန်ပါဘိ စစ်ဦးစီချုပ် သူရကြီး။

ရဲအချုပ်ကားတွေနဲ့ ကျွန်တော်တို့ကို ဖမ်းယူလာခဲ့တယ်။

"ဟံသာဝတီ အဝိုင်းကွ၊ လှည်းတန်းရောက်တော့မယ်.."

"ကမ္ဘာမကြေ ဗမာပြည်. ဒါ  တို့ပြည်"  သီချင်းတစ ထွက်လာသည်။ ထို့နောက် လမ်းတလျှောက်လုံးတွင် ကျွန်တော်တို့ သီချင်းသံ "ကမ္ဘာမကြေ"

======================================================

မောင်မြင့်ဆွေနှင့် အပေါင်းအပါများ ဆိုပြီး ကျွန်တော်တို့ကို စစ်ခုံရုံးတင်ခဲ့တယ်။  ကိုးနှစ်တန်းမှာ ကျောင်းထဲက ကိုမြင့်ဆွေ၊ မြင့်အောင်ကြည်၊ နဲ့ ကျွန်တော်။ (၇)နှစ်တန်းမှာ ကိုစောနိုင် (ဟန်အောင်) နဲ့ ဘလှိုင်(မြောက်ဦး) တို့ ပါတယ်။

အဲဒီတုန်းက ထောင်ထဲမှာ နိုင်ငံရေးသမားကြီးတွေ မရှိသလောက်ပဲ။  ရခိုင်နဲ့ ကရင်တော်လှန်ရေးအနွယ် ရဲဘော် လေး၊ ငါးဦးပဲ ရှိတယ်။

ကျွန်တော်တို့ အဆောင် (၃) ဟာ ဟိုတုန်းက နိုင်ငံရေးအဆောင်။ အောက်ထပ်မှာ အိပ်ခုတင်တွေ ရှိသေးတယ်။  အဆောင်နဲ့ တွဲလျက် ထမင်းစားဆောင်ရဲ့ စားပွဲတွေ ရှိသေးတယ်။  ကျွန်နော်တို့က သပိတ်မှောက်ကျောင်းသား တွေ၊ အာဏာပိုင်တွေ အမြင်မှာတော့ ရာဇဝတ်သားတွေ။  ထောင်ကို ထောက်လှမ်းရေးက အုပ်ချုပ်တယ်။  ကျွန်တော်တို့ ထူးခြားတဲ့ အခွင့်အရေး ဘာတခုမှ မရဘူး။  စပါးလုံး စပါးခွံတွေနဲ့ လုံးတီးထမင်း၊ ပဲဟင်းကြဲကြဲနဲ့ အညံ့စား ငပိတကော်။

အချိန်တိုတို အတွင်းမှာပဲ စစ်ပုလိပ်တွေနဲ့ ကျွန်တော်တို့ ထိပ်တိုက် တွေ့ခဲ့ရတော့တယ်။  ကွဲကြ နာကြရတယ်။  ကျွန်တော် (၅)ဆောင်ကို ရောက်သွားတယ်။  ကိုအောင်ထိုက်၊ ကိုစိုးအောင်တို့ ဆေး (၂) အုပ်စုကြီးနဲ့ သွားဆုံတယ်။  ကျွန်တော်တို့နဲ့ အခန်းကပ်လျက်မှာ ဦးထွေးမြင့် ရှိတယ်။

အသက်ငယ်တဲ့ ကျွန်တော်တို့ ရဲဘော်တွေကို တွဲဘက်ထောင်ပို့ပြီး တောင်ယာအလုပ်ကြမ်း ခိုင်းနေတယ်လို့ ကြားရတယ်။  စိတ်မချမ်းသာစရာ သတင်းပါဘဲ။ လက်ခံနိုင်စရာ မရှိပါဘူး။  နောက်မကြာမီ ကျွန်တော်တို့ ကျောင်းသားတွေကို တွဲဘက်ထောင် ပို့လိုက်ပါတော့တယ်။  တွဲဘက်ဟာ မုန်တိုင်းမထခင်ထိ နေပျော်စရာလေးပါ။  ထောက်လှမ်းရေးက တပ်ကြပ်ကြီးတဦး တိုက်ရိုက်အုပ်ချုပ်တယ်။  မီးရထားလမ်းဘေးက တွဲဘက်ထောင်ကို အောင်ဆန်းဘက်သွားရင် ဘတ်စ်ကားပေါ်က မြင်ဖူးနေခဲ့တယ်။

မိုးလင်းရင် ပဲပြုတ်၊ ကောက်ညင်းပေါင်း အော်ရောင်းသံတွေ ကြားရတယ်။  ရထားတွေက ဖြတ်ဖြတ် မောင်းသွားတယ်။  ဘော်လုံးကန်စရာ ကွင်းလေး ရှိတယ်။  ကျွန်တော်တို့ ကဗျာရွတ်ကြတယ်။  လက်ရေးမဂ္ဂဇင်းတစောင်ကို ကျွန်တော်တို့ ထုတ်ခဲ့ကြတယ်။  "ခေါ်သံ" ။  ကျွန်တော်တို့ ကာလတုန်းက (AAWB) အာရှအာဖရိက စာရေးဆရာ ကဗျာဗျူရိုက ထုတ်တဲ့ "The Call"  မဂ္ဂဇင်းဆိုတာ ရှိပါတယ်။

"ခေါ်သံ" မဂ္ဂဇင်း အပြင်အဆင်နဲ့ ပန်းချီတွေကို ကိုစံမင်း၊ ကိုအင်ဒရူးတို့ ပန်းချီဆရာ အုပ်စု (ဦးသန့်) က တာဝန်ယူပါတယ်။

တွဲဘက်ဟာ သီခြားနယ်မြေဖြစ်လို့ ထောင်ဝင်စာ သွားတွေ့ရတာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။  ဝန်ထမ်းရပ်ကွက် လမ်းတွေကို ဖြတ်လျှောက်ရတယ်။  အမျိုးသမီးထောင်ရှေ့က ဖြတ်ရတယ်။ ကျွန်တော်တို့ရဲ့ သပိတ်ရဲဘော် အမျိုးသမီးတွေ နန်းခင်ထွေးမြင့်(ဘားအံ)၊ နန်းရွက်နု(ရှမ်းတော်လှန်ရေး)၊ နေရီဘဆွေတို့ အဲဒီမှာ ရှိပါတယ်။

ထောင်ဝင်စာကနေ တဆင့် မှိုင်းရာပြည့် ပြင်ဆင်မှုတွေကို ကြားနေရတယ်။  လူထုချီတက်ပွဲ၊ လူထုအခမ်းအနား၊ ကျောင်းသားတိုက်ပွဲ၊ ကျွန်တော်တို့ တိုက်ပွဲတုန်းက အင်းစိန်ထောင်ကို ဝိုင်းခဲ့ကြတယ်။  သူတို့ လာဝိုင်းခဲ့ရင်..။  ကျွန်တော်တို့ စိတ်လှုပ်ရှားနေခဲ့ကြတယ်။  စိတ်စောနေကြတယ်။  ထောင်အပြင်မှာ ရဲဘော်တွေ ကျန်ရစ်ခဲ့တယ်။  မျိုးဆက်တွေ ရှိနေတယ်။  ယုံကြည်နေတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ဂူဗိမာန်၊ ရွှေတိဂုံဘုရားရင်ပြင်တော်၊ ဘွဲ့နှင်းသဘင်ခန်းမ၊ ခွပ်ဒေါင်း အောင်လံတော်၊ မြို့ပြလမ်းမပေါ်မှ လူထုတိုက်ပွဲများ ကျွန်တော်တို့ အာရုံထဲမှာ လန်းဆတ်နေတယ်။  တွဲဘက်ထောင်ဟာ ခေါ်သံကို နားစွင့်နေတယ်။

ညဟာ တိတ်ဆိတ်နေတယ်။  ဝုန်းကနဲ မီးရထားတစီး ဖြတ်သွားတယ်။  ခွေးတွေ အူတယ်။  မိုးလင်းလာတယ်။  ဖြိုခွဲ ခံလိုက်ရပြီ။

ကိုမှိုင်းနဲ့ သန်းလင်းကို ဖမ်းမိတယ်။  ဝင်းမြင့်လည်း ပါတယ်။  တင်မောင်ဦးကိုလည်း မိထားပြီ။

တင်မောင်ဦးဟာ ကျွန်တော်နဲ့ ဒီဇင်ဘာ ဦးသန့် မတိုင်ခင်ကတည်းက သိကျွမ်းယုံကြည်ခဲ့ကြတာ။  သူက ချင်း ကျွန်တော်က ရခိုင်၊ တိုင်းရင်းသားပေါင်းစုံတက္ကသိုလ်စာ/ယဉ် (စာပေနှင့်ယဉ်ကျေးမှုဆပ်ကော်မတီ) မှာ ဆုံလာတာ။  ဒီဇင်ဘာလှုပ်ရှားမှု စကတည်းက တွဲလာတာ။  အလုပ်သမားတိုက်ပွဲလွန်၊ ပြီးတော့ ကျွန်တော်တို့ နှစ်ပတ်လည်လွန်မှာ သူဟာ ရှေ့ဆုံးကပဲ။  သပိတ်စခန်းကို ရွှေတိဂုံ ရွှေ့လာတော့ သူက နောက်ချန် ဆုတ်သွားတယ်။

ကိုဦးသာမောင်(ဥပဒေ) ကော လှသောင်းကြီးကော။

နရသိန်ထဲမှာ ဆုံကြတာပေါ့ ကိုမှိုင်းရေ။

ဆက်တိုက်ပါပဲ။  ကျွန်တော်တို့ဆီကို စစ်ဖိနပ်ကြီးက ဝဲလာတယ်။  ကျောင်းသားတွေ အလုပ်လုပ်ရမယ်။  အလုပ်ခွဲမယ်။

ကျွန်တော်တို့ရှေ့မှာ တွဲဘက်ကလေးဆောင် ရှိတယ်။  ကိုဓနုတို့၊ ကိုစောနိုင် တို့ ရှိတယ်။  နေပူထဲမှာ၊ ယာခင်းထဲမှာ၊ မဲပြာနေတဲ့ ကျွန်တော်တို့ ရဲဘော်တွေအကြောင်း၊ ကျွန်တွေလို အရိုက်ခံနေရတဲ့ ရဲဘော်လေးတွေ။  ရင်ထဲမှာ မချိပေမယ့် ဘာလုပ်ကြမလဲလို့ တွေးနေတာ။  အခု မြားဦးဟာ ငါတို့ဆီ လာပါပေါ့လေ။

တုန့်ပြန်မှုက ရှင်းရှင်းလေးပါ။

မလုပ်နိုင်ဘူး။  သပိတ်မှောက်ကျောင်းသား၊ နိုင်ငံရေးကျောင်းသား။  ရာဇဝတ်ကောင် မဟုတ်ဘူး။

ကျွန်တော်တို့ ရင်ကွဲတိုက်ဆီ ရောက်လာတယ်။  အခန်းတွေက မျက်နှာချင်းဆိုင်၊ တိုက်တခြမ်းမှာ ကြိုးသမားတွေ ထားတယ်။

မိလ္လာဂန်ဖလား အထုတ်မှာ ခြေချော်ပြီး ဖလားကျကွဲသွားတယ်။  စစ်ပုလိပ်က ဂန်ဖလား အသစ်ယူလာပြီး ပြန့်ကျဲနေတဲ့ မိလ္လာတွေကို လက်နဲ့ ကျုံးထည့်ဖို့ ဖိုးအေးလေးကို ပြောတယ်။  ကလေးက ဘာလုပ် ဘာပြောရမှန်းမသိ ဖြစ်နေတာကို သားရေပြားနဲ့ ဆက်တိုက်ရိုက်နေတယ်။  ဖိုးအေးလေးက မိလ္လာကို လက်နှစ်ဘက်နဲ့ ကျုံးပြီး…….

"ဖိုးအေး မလုပ်နဲ့.. ဟေ့ကောင်တွေ……"  သံတံခါးတွေကို ကျွန်တော်တို့ ဝုန်းဒိုင်းဆောင့်၊ ဝါဒါတွေ ပြေးလာ. တံခါးတွေဖွင့် ထုတ်ရိုက် ခုခံကြ.. ပုံစံထိုင်။  တိုက်(၁) ကနေ ကျွန်တော်တို့ ပြောင်းခဲ့ကြတယ်။

ကိုတင်မောင်ဦးကို တိုက် (၁)က အထွက်မှာ လျှပ်တပြက် မနီးမဝေး ဆုံခဲ့ရသေးတယ်။  သူက လက်သီးဆုပ်ပြီး ထောင်ပြတယ်။  လုံချည်ဖြူနဲ့ အင်္ကျီမပါ၊ လည်ပင်းမှာ မျက်နှာသုတ်လေး ပတ်လို့။  အပြုံးကို လှမ်းမြင်ရတယ်။  နောက်ဆုံး မြင်ကွင်းပါပဲ။

ကျွန်တော် (၆) တိုက်ထဲ ရောက်လာတယ်။  စဖမ်းလာတုန်းက စစ်ကြောရေးကာလမှာ တကြိမ်။  ထောင်ချပစ်ပြီး နောက်ထပ်လက်ကျန် ဇာတ်လမ်းတွဲတွေကို စစ်ရင်း ဒုတိယအကြိမ် ရောက်ခဲ့တယ်။  တတိယအကြိမ် အမှောင်တိုက်။

ဖျာမရှိဘူး၊ စောင်မရှိဘူး။ ထမင်းတပုဂံ၊ ရေတဖလား၊ ဂန်ဖလားတခု၊ မီးမှိန်မှိန် တပွင့်၊ တံခါးနှစ်ထပ်၊ သံတိုင်လေးချောင်းနဲ့ ပြတင်းငယ်တပေါက်။

ကိုခင်မောင်လေးရေ…… ရေ
ကျွန်တော်တို့ဟာ စာအုပ်တွေ ကျွန်တော်တို့ ချစ်တဲ့ ကျောင်းစာအုပ်တွေကို ဖြဲဆုတ် မီးတုတ်တွေ လုပ်ခဲ့ကြတယ်။
စာသင်ခန်းနဲ့ ခုံတန်းတွေဟာ ခံကတုတ်တွေ ဖြစ်လာခဲ့ကြတယ်။
ကတ္တရာလမ်းတွေဟာ စစ်မြေပြင် ဖြစ်လာခဲ့ကြတယ်။
ဒီလိုနဲ့ နရသိန် စစ်ပုလိပ် အကျဉ်းစခန်းတွေဟာ
ကျွန်တော်တို့ စာသင်ခန်း ဖြစ်လာခဲ့ပေါ့။
"ကယ်တင်ရှင် ဘယ်သောအခါမှ မရှိပေ
နတ်သိကြား မင်းဖရားကို ဒို့မယုံပေ
နှောင်ကြိုးကို ဒို့လက်ရုံးနဲ့ ချိုးဖျက်မလေ
သောကဗျာပါဒ ဘောကင်းစင်စေ
လုယက်ခြင်းမှ အမှန်မလွဲပင် ကင်းစေ
အများပြည်သူ တူညီ ပျော်မြူးကြစေ
အားလုံးက တာဝန်ကိုယ်စီထမ်းမလေ
ရဲဘော်တို့.. လာ စု ရုံးလေ
အဆုံးစစ်ပွဲ နွှဲမယ်လေ.."

အမှန်တရားအတွက် အဖိနှိပ်ခံပြည်သူတွေအတွက် ၇ဲဘော်တွေဟာ အသက်တွေကိုတောင် စတေးသွားကြခဲ့ပြီပဲ။  အမှောင်တိုက်ထဲမှာ အင်တာနေရှင်နယ်ကို တိုးတိုးဆိုရင်း အချိန်တွေကို ဖြတ်သန်းရတာ၊ ဘာများခက်ခဲလို့လဲ၊ ဘာများ ကြီးကြီးကျယ်ကျယ် ဆုံးရှုးံနစ်နာရလို့လဲ၊  ကိုခင်မောင်လေးရေ……

တိုက် (၅) ကို ပြန်ရောက်လာတဲ့အခါ ကိုမှိုင်း၊ ကိုသန်းလင်းနဲ့ ကိုဝင်းမြင့်တို့ ရောက်နှင့်နေပြီ။  မှိုင်းရာပြည့် မျိုးဆက်တွေ ဆက်တိုက် ဝင်လာကြတယ်။  နောက် မီးမောင်း၇ဲဘော်တွေ ရောက်လာတယ်။  ခြောက်တိုက် အဝင်အထွက်မှာ ကိုထွန်းအောင်ကျော်(လိပ်ကလေး)နဲ့ ခဏ ဆုံခဲ့ရသေးတယ်။  သူက မီးမောင်းနဲ့ ပါလာတာ။  ကျွန်တော့် နောင်တော် စီနီယာ။  ကိုကိုးကျွန်းပြန်။  မီးမောင်းမှာ ကျွန်းပြန်နှစ်ဦး ပါလာတယ်။  သူနဲ့ ကိုမြအေးပါ။  တပ်မတော် မှတ်တမ်းရုံးက ဆာဂျင်တွေ ပါတယ်။

နောက်ပိုင်းဟာ (၅)တိုက်ဟာ ထောင်ထဲက လွတ်လပ်နယ်မြေတခုလို ဖြစ်ပါတယ်။  ပဲဟင်းကောင်းတယ်။  ဟင်းချက်လို့ ရတယ်။  စာအုပ်တွေ သွင်းလို့ ရတယ်။  စစ်တုရင်ပြိုင်ပွဲတွေ ညနေဆည်းဆာ ဂီတပွဲတွေ။ အမှတ်တရ ဂုဏ်ပြုပွဲ၊ ဂုဏ်ပြုတေးတွေနဲ့ အပြင်လောကကိုတောင် မေ့ချင်ချင်။  နိုင်ငံရေးသင်တန်းကျောင်း တခုလိုပဲ။  ကဗျာစာအုပ်တွေလည်း ထုတ်ခဲ့ကြတယ်။

"……….အများအတွက် ကုဋေကုဋာဆိုတာ..ကိုယ့်အတွက် ဆကေ(နည်းနည်း) ရာပါရေ.၊ အရာရာ အောင်မြင်ဖို့အတွက် တိုက်ပွဲဝင်လာခဲ့ကတ်တေ…….။ ဒေနေရာက အိမ်ကိုလွမ်းလို့ အားလည်းမငယ် နိန်ဂဲ့ဝေ၊ ငရို့ပိုင် ပျော်စီကြောင်းနဲ့ မှန်းဆ ဆုတောင်း ပါရေလေ လွမ်းရသူ့အကြောင်း မပါစီဝေ………"
စိန်ရွှေမိုးနဲ့ သာထွန်းအောင်၇ဲ့ ရခိုင်သီချင်းကို စုပေါင်း ဆိုကြရင်း ချစ်သူကို လွမ်းစိတ်၊ အိမ်လွမ်းစိတ်၊ အားငယ်စိတ်တွေ ဝေးနေခဲ့ကြတယ်။

နောက်တော့လည်း အရိပ်မဲကြီးက လာထိုးတာပါပဲ။  ကျောင်းသားတွေ အလုပ်လုပ်ရမယ်။  လေးဆောင်၊ ငါးဆောင်မှာ ပြဿနာတွေ ဖြစ်ကြ။  ရိုက်နှက်ခံရပြီး စစ်ခွေးတိုက်ဆီ ပြောင်းခံရ။  စိတ်မချမ်းမြေ့ဖွယ် နာကျည်းဖွယ် သတင်းတွေကို ကြားလာရတယ်။

အဆောင်က ကျောင်းသားရဲဘော်တွေ ကျွန်ပြုနှိပ်စက် ခံနေရချိန်မှာ တိုက် (၅) တိုက် (၄) မှာ ကျွန်တော်တို့ ငြိမ်းချမ်းစွာ နေဖို့ မဖြစ်နိုင်တော့ပါဘူး။

ဒီလိုနဲ့ တိုက်ပွဲမီးလျှံထဲကို ကျွန်တော်တို့ တိုးဝင်ခဲ့ကြတယ်။

"ဘာ ထမင်းမစားဘူး၊ အစာငတ်ခံမယ် ဟုတ်လား၊ ရေတောင် မပေးဘူးကွာ"

ဆာဂျင်သိန်းမြိုင်က ပြတ်တယ်။  ရေအိုးတွေ လာသွန်ပစ်တယ်။  အပ်ြငမှာ မိုးတွေ ရွာနေတယ်။  ကျွန်တော်တို့မှာ ရေတောင် သောက်စရာ မရှိဘူး။

အမှောင်တိုက်ထဲ ကျွန်တော်တို့ ပြန်ရောက်ခဲ့ကြပြန်တယ်။

ပုံစံထိုင်၊ အပြည့်ထိုင်၊ ဒါထောင်ကွ၊ သတ်ပစ်လို့ရတယ်။ နောက်ပေါက်က ထုတ်လိုက်ရုံပဲ။

"..ဟေ့ကောင်  အလုပ်လုပ်မလား မလုပ်ဘူးလား.. ပြောစမ်း"

"ကျွန်တော် ကျောင်းသားပါ အလုပ်…….."

နောက်ကျောပေါ်ကို ခြေဖဝါး ပြင်းပြင်း ကျလာတယ်။  ရှေ့ကို ငိုက်ကျသွားတယ်။  ခြေထောက်တွေ သားရေပြးတွေ ကျောပေါ်ရောက်လာတယ်။  ရင်ညွန့်နဲ့ နံဘေးကို လက်နဲ့ အုပ်ပြီး ကာထားတာ ခြေဦးက ထိုးဝင်လာတယ်။

တဖက်ခန်းက အလန့်တကြား အော်သံကို ကြားရတယ်။

"စစ်ပုလိပ် အကျဉ်းစခန်းများဆီ အစာရေ ပြတ်ကာ သေအောင် သတ်ပါစေ အောင်လံလွှင့်ကာ နောက်မတွန့်ခဲ့သည် - ဒူးမတုပ် ခဲ့သည် ဦးမညွတ်ခဲ့သည်……"  နောင်တော်ကြီးများ ဆိုခဲ့သော တေးသည် နရသိမ် နံ၇ံများတွင် ပဲ့တင်ထပ်နေခဲ့သည်။

ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ရတယ်။  မှန်ပါတယ်။  ကျောင်းသားတွေ အသီးသီး အဆောင်ကို ရောက်သွားခဲ့ကြတယ်။  ဆိုင်ရာ အလုပ်တွေ လုပ်ကြရတယ်။  တိုက်ထဲမှာ ကျွန်တော်တို့ ကျန်ရစ်ခဲ့ကြတယ်။

လူမိုက် ပြဿနာကောင်တွေ ကိုမြင့်ဆွေ၊ ကိုမှိုင်းနဲ့ ကျွန်တော်တို့ ဆယ်ဦးဟာ နောက်ဆုံးမှာ (၁) ဆောင်ကို ရောက်လာခဲ့တယ်။  အာဏာပိုင်တွေနဲ့ အမြဲတမ်း ပြဿနာ တက်တတ်တဲ့ လည်ပင်းကြောတင်းတင်းနဲ့ စိန်ရွှေမိုး(ရခိုင်) လည်း ပါတယ်။  အဆောင်နဘေး စေတီလေးနဲ့ ညောင်ပင်ရိပ်ဟာ ကျွန်တော်တို့ရဲ့ ကွန်းပေါ့။

ထောင်ထဲမှာ တိုက်ပွဲ ဒီရေ ကျသွားခဲ့ပါပြီ။  ကျွန်တော်တို့ စာဖတ်ကြတယ်။  အနာဂတ်ကို မျှော်ကြည့်ကြတယ်။  အိမ်ကို လွမ်းတယ်။  ကျောင်းကို လွမ်းတယ်။  ဒီကျောင်းက ကျောင်းသားဆိုးတွေ ထွက်လွန်းတယ်။  ဟုတ်တယ်။  အာရ်အိုင်တီ စွယ်တော်ရိပ် Rangoon Institute of Technology လေ။  ကျွန်တော်က Revolutionary Institute of Technology လို့ ဂုဏ်ယူခဲ့တယ်။

"……မီးလောင်မြေ တစပြင်မှာ အတည်၊ ထွန်းသစ်တဲ့ တက္ကသိုလ် ဒို့ဆောက်မည်.၊ စစ်အာဏာရှင် ဖျက်ဖြိုကာအတည်.. ပြည်သူ့ခေတ်တွင် ဒို့တတွေ ကျောင်းတက်မည်…….."  တို့ အစ်ကိုတွေ ဆိုခဲ့ဖူးသော တေးတစကို ဆိုညည်းရင်း နရသိမ် ညများကို ပျော်ရွှင်စွာ ဖြတ်ခဲ့ကြတယ်။

================================================================

တွေးမိသမျှဟာ လွမ်းစရာ……..။

ညီလေး ဖုန်းမော်ရေ

မင်းတို့ ငါတို့ ချစ်တဲ့ အာရ်အိုင်တီကျောင်းကြီးကို အညှိုးတကြီးနဲ့ ဖျက်ဆီးပစ်ကြတယ်ကွာ။

အခုတော့ ဒီဇိုင်းသစ် နာမည်သစ်နဲ့ ကျောင်ကြီး ပြန်ဖွင့်ပြီ။

မင်း ဝမ်းသာတော့ ညီလေးရေ

ပညာခေတ်ကြီးမှာ ထူးချွန်ထက်မြက်တဲ့ သူရသတ္တိရှိတဲ့ တက်ခနိုခရက်တွေကို ဒီကျောင်းကြီးက မွေးထုတ်ပေးလမ့်မယ်လို့ ငါတို့ ယုံကြည်နေတယ်။

ပြည်သူ့ခေတ်တွင် တို့တတွေ ကျောင်တက်မယ် ညီလေးရေ……

ရိုးသားစွာ ပွင့်ပွင့်လင်းလင်း ပြောရရင်
အားလုံးကို မေ့ပစ်ပြီး
ဒီကျောင်ကြီးမှာ စာသင်ချင်သေးတယ်
ပညာဥာဏ်ကို မြတ်နိုးပေမယ့်
ပညာရေးကို စတေးခဲ့ရ၊ ဘဝတွေကို စတေးခဲ့ရတဲ့
ဒီအမှောင်ခေတ်ဆိုးကြီင်္း ဘယ်တော့ နိဂုံးတိုင်မလဲ။


မောင်ခိုင်အောင်(စစ်တွေ)
ရဲဘော်မိတ်ဆွေ ကိုခင်မောင်လေး(မုံရွာ)နဲ့
ကိုမြင့်ဆွေ(ဆားလင်းကြီး) တို့အတွက်
လွမ်းသူ့ပန်းခွေ စာတမ်းလေးပါ။



Saturday, August 23, 2014

အင်းစိန်ထောင်ထဲက မှိုင်းရာပြည့် - ရေးသူ ဖိုးကျော့



ဆရာကြီးသခင်ကိုယ်တော်မှိုင်း
ငြိမ်းချမ်းရေးနှင့်မျိုးဆက်များ
------------------------------------
၇၄၊ ၇၅၊ ၇၆ နိုင်ငံရေးအင်အားစု
ပထမအကြိမ်၊ မတ်လ၊ ၂၀၁၃ ခုနှစ်။










အင်းစိန်ထောင်ထဲက မှိုင်းရာပြည့်


၁၉၇၄ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့တွင် အလုပ်သမားများ စက်ရုံဆန္ဒပြမှုနှင့် ရေကြည်အိုင်မှ အင်းစိန်ထောင်ထဲ ရောက်လာသော မိမိတို့ ဂုံနီစက်ရုံမှ အလုပ်သမား (၁၉) ယောက်မှာ ၁၉၇၆ ခုနှစ် ရောက်လာသော်လည်း အမှုက စစ်၍ မပြီးနိုင်သေး။

မိမိတို့ နေလာခဲ့ရသော ထောင်သက်တမ်းကာလတွင် အကျဉ်းသားတွေ တော်တော်စုံသည်။  သခင်စိုးကြီး၊ လော်စစ်ဟန်၊ အာဇာနည်ကုန်းကို ဥမင်လှိုဏ်ခေါင်းတူးပြီး မဟောသဓာဥာဏ်နှင့် နိုင်ငံတော် အကြီးအကဲများကို ဗုံးဖောက်လုပ်ကြံရန် ကြံစည်ခဲ့သော အိုင်စီအက်စ် ဦးစောဟန်၊ ပါလီမန်အမတ်ဟောင်း ဆိုသော ထွန်းမြင့်ကြူ၊ ဇော်ဝမ်း၊ အမျိုးသမီးများထဲတွင် မာလာ၊ အာဇာနည် စန်းစန်း၊ ဘိုးတော်စစ်ဆင်ရေးမှ ဘိုးတော်တင်ဦး၊ ဘိုးတော်မြစိန်၊ ဆင်ဖြူတော်စစ်ဆင်ရေးမှ သူဌေးရှော်ဖီ စသည်ဖြင့် လူတော်တော်စုံသည်။

ထိုထဲတွင် မိမိတို့ (၃)ဆောင်၊ အောက် (၂) ခန်းကို ရောက်လာသောအခါ မြန်မာ့ပင်လယ်ပြင်တွင် ငါးလာခိုးဖမ်းကြသော ထိုင်းတန်ကေးမှ ပသျှူးများကိုလည်း တွေ့ရသည်။  ၃ - ဆောင်အပေါ်တွင်မူ နိုင်ငံရေးသမား၊ ကျောင်းသားများ ရှိကြ၏။  ထင်ရှားသူများမှာ ဦးထွေးမြင့် (ဝန်ကြီးဟောင်း ဦးကျော်ငြိမ်း ယောက်ဖ)၊ ဦးရဲထွန်း (ဒေါက်တာဘမော် သမက်)၊ တင်ဝင်း (မာလာ-တင်ဝင်း၊ မာလာက အမျိုးသမီးအဆောင်)၊ ဦးကျော်ဇံ၊ ထွန်းအောင်ကျော်တို့ အဖွဲ့(ဘဲဖြူ၊ ဘဲနာ၊ ဘဲမည်း)၊ ဗိုလ်ချုပ်ကျော်ဇော ထွက်သွားရာတွင် ကားနှင့်လိုက်ပို့ခဲ့သူ ကိုရဲဝင်း၊ ရွှေတိဂုံကုန်းတော်ပေါ်မှ ကျောင်းသားများ၏ နာယကကြီး ဗိုလ်ကြီး(ငြိမ်း) ဦးအောင်သန်းတင်၊ ဗိုလ်မြတို့အဆက် တက္ကသိုလ်ဆရာ အော်လင်ဒိုး နှင့် ကိုအေးကြူ၊ မန်းငွေအောင်တို့အဆက် ဦးအောင်စိန်သာ၊ ကိုကျော်ခိုင်တို့အဖွဲ့၊ လူတွေက စုံသည်။

စာရေဆရာသားများ ဖြစ်ကြသော ဗဟိန်းအောင်၊ ဇော်ငြိမ်းလတ်၊ မော်ကြီး၊ သားကြီးဇေယျ၊ စည်သူမြသန်း စသည်ဖြင့် စာရေးဆရာ သားတွေကလည်း မနည်း။  ထို့ကြောင့် သူတို့ဆီက အထွေထွေ နိုင်ငံရေး သတင်းစကားများကို ကြားကြရသည်။  အပြင်တွင် မှိုင်းရာပြည့် ဆန္ဒပြမှု ဖြစ်တော့မည် ဆိုသည်ကိုတော့ ကျောင်းသားများဆီက ကြားရသည်။

ထောင်ထဲတွင် မှိုင်းရာပြည့် အထိမ်းအမှတ်အဖြစ် ကျောင်းသားများ၏ စည်းရုံးမှုနှင့် မှိုင်းရာပြည့်အထိမ်းအမှတ် စာစောင်ငယ်တစောင်ကို လက်ရေးနှင့် အကြံအဖန်လုပ်ပြီး ထုတ်ကြရန် စိုင်းပြင်းကြ၏။  ကဗျာ အများဆုံး ပါသည်။  မိမိကိုလည်း ကဗျာတပုဒ် ရေးပေးရန် ကျောင်းသားများက စာရေးကမ်းပြီး တောင်းဆိုလာ၏။  မိမိမှာ ထောင်ထဲတွင် ကြာနေပြီ ဖြစ်သဖြင့် ခေါင်းက မကောင်းတော့။  လူက ထုံထိုင်းနေပြီ။  အသစ်ကဗျာရေးရန် ကြိုးစားကြည့်သော်လည်း ခေါင်းက ထွက်မလာ။  ထိုအခါ ငဝ်စဉ်ကပင် အလွတ်ရထားဖူးသော ဘကြီးမှိုင်း၏ မဟာလေးချိုးကြီးထဲက စာတပုဒ်ကို သတိရပြီး -

ထဆင်ထူးကို တမြည်မြည်သင်ခဲ့သမို့
ထီမထင် ကျောင်းတော်သားတွေရဲ့
အမည်အစဉ် ခေါင်းအပေါ်ဖျားမှာလ
မင်းတို့ဘော်ဒါက်ု စာရင်းတို့ကာ ထားလိုက်ကြပေတော့၊
ဟု ဘကြီးမှိုင်းကဗျာကိုပင် ရေးပေးလိုက်ရ၏။

ထောင်ထဲတွင် စက္ကူအခက်အခဲကြောင့် သူတို့လက်ရေးနှင့် ကော်ပီဘယ်နှစ်စောင် ဖြန့်ဝေကြသည်မသိ။  တခန်းပြီး တခန်း လက်ဆင့်ကမ်း ဖတ်ကြကာ မိမိတို့ အခန်းကိုလည်း ထိုစာစောင်(မှိုင်းရာပြည့်) ရောက်လာ၏။

ခေတ်နှောင်းက အဘိုးမှိုင်း၏ လေးချိုးကြီး ကဲ့သို့ပင် အမှန်လည်း ထီမထင် ကျောင်းတော်သူ ကျောင်းတော်သား များသည်  အပြင်တွင် မှိုင်းရာပြည့်ကို ထီမထင်စွာ ဆင်နွှဲခဲ့ကြတော့သည်။  (၁၉၇၆) ခုနှစ်၊ မတ်လ (၂၃) ရက်ဟု ထင်သည်။  မှိုင်းရာပြည့်အရေးအခင်းကြောင့် ထောင်ထဲရှိ ၇၄၊ ၇၅၊ ၇၆ အလုပ်သမား၊ ကျောင်းသား၊ နိုင်ငံရေးသမားအားလုံးကို ထောင်ဝင်စာ၊ ရုံးထွက်ပိတ်လိုက်၏။  ထောင်အာဏာပိုင်များက အပြင်နှင့် လုံးဝ အဆက်အသွယ် ဖြတ်ထားသည်။

သို့သော ပျော်နေကြ၏။  အလုပ်သမား၊ ကျောင်းသား၊ နိုင်ငံရေးသမား အားလုံး တိုင်းတလျှောက်တုန်စေ (ဆန္ဒပြ)၊ ဂိုဏ်းမပျောက်ပုံသေပြီး၊ ကြုံပလေမြန်တိုင်း။

ထဆင်ထူး အီတင်သည် ထီမထင် ရှေးသိုက်တနှိုင်း
မပေါ်ဖူး ပေါ်လာသည် တော်ပါပေ့ လူ့တိုင်း
ကော်စရာ ထိုသမိုင်းပေထင့် ဒီမှိုင်းတို့ခေတ်မှာ……..

ဆန္ဒပြမှုတွေ၊ မဆလ ဆန့်ကျင်သူတွေ မပေါ်စဖူး ပေါ်လာသည်မှာ အမှန်ပင်။  မှိုင်းရာပြည့်နောက်တွင် မီးမောင်း၊ အရျွှေ့လေ၊ ရေပူစီးကြောင်း စသည်ဖြင့် လှုပ်ရှားမှုတွေ ဆက်တိုက်ပေါ်လာသည်။  သို့သော အစဉ်အလာ အတိုင်းပင် အာဏာရှင် အမျိုးသားဖက်ဆစ် မဆလ အစိုးရသည် သူတို့၏ လက်မရွံ့စစ်တပ်နှင့် အရေးအခင်း အားလုံးကို ပစ်သတ် နှိမ်နင်းခဲ့၏။

မှိုင်းရာပြည့်ကို မဆလ အစိုးရက ဆလိုင်းတင်မောင်ဦးတို့ မိသားစုအရေးအခင်းဟု သေးသိမ် မှိန်ပျောက် သွား အောင် ဝါဒဖြန့် လုပ်ပစ်လိုက်၏။  တင်မောင်ဦးကို ဖမ်းမိကြောင်း ကြားရသည်။  သူ့အဖေနှင့် သူ့နှမငယ်အား ထောင်ဒဏအပြစ်ပေးကြောင်း တင်မောင်ဦးအား သေဒဏ်ပေးကြောင်း သတင်းကို ကြားကြရသည်။

ထောင်ထဲတွင် တနေ့ထက် တနေ့ ကျောင်းသား၊ အလုပ်သမား၊ နိုင်ငံရေးသမားတို့ များများလာ၏။  မှိုင်းရာပြည့် ထောင်ချလိုက်သော ကျောင်းသားတွေကလည်း မနည်း။  မိမိတို့လည်း ၃ ဆောင် အောက်ခန်းမှ အပေါ် (၄)ခန်းသို့ ပြောင်းကြရသည်။  ထိုအထဲတွင် နောင်၌ မိမိနှင့် အတူ နေခဲ့ကြရသူများမှာ မှတ်မိသလောက်၊ စန္ဒာထူးမင်းဝင်း (ဘုရားနီ - ကဗျာဆရာ)၊ တင်ထူးလွင်၊ ကျော်စိန်ဦး၊ သိန်းသန်းဦး၊ ဇော်ငြိမ်းလတ်၊ ကျော်ဇော (ကျွန်တော့် အင်္ဂလိပ်စာဆရာ)၊ သန်းထွေး၊ အောင်ကျော်ဦး - နှစ်ဦး၊ စံနု၊ ဘဲဖြူ- ဘဲနာ အုပ်စု မဟုတ်သော ထွန်းအောင်ကျော်၊ ခင်မောင်စိုး(RFA)၊ ရာကျော်၊ စံရွှေမောင် - နှစ်မောင်၊ ကိုမြင့်ဦး(ဆလိုင်းတင်မောင်ဦး အမှုတွဲ)၊ သန်းထွန်း၊ ပလောင်တင်အောင်၊ ရခိုင်တင်အောင်၊ အောင်ညွန့်၊ မြတ်သာထွန်း၊ မြစ်ကြီးနား မြင့်အောင်ကြီး၊ ဗေဒါ၊ ကျော်ခိုင်၊ ငြိမ်းဝေသစ်(နာဂကျောင်းသား)၊ အိုင်ဗင်၊ ဝင်းလွင်၊ မြင့်သန်း၊ အောင်ညွန့်၊ ကျော်ဝင်း (ပန်းချီ)၊ အာနီ၊ သတ္တိ၊ မာရှယ် စသူတို့ ဖြစ်သည်။

မြတ်ခိုင် (လျှပ်တပြက်) ကမူ မိမိနှင့် အတူမနေလိုက်ရ၊ ၃ ဆောင် ခဏရောက်လာပြီး အဆောင်ပြောင်းသွားသည် ထင်၏။

အရေးအခင်းတွေ ဆက်တိုက် ဖြစ်လာသဖြင့် အလုပ်သမား၊ ကျောင်းသား၊ နိုင်ငံရေးသမားတွေမှာ ရုံးမထွက်ရ၊ ထောင်ဝင်စာမရကြတော့။  သို့သော် ပျော်နေကြသည်။  သည်အတိုင်းဆိုလျှင် နောက်ထပ်လည်း အရေးအခင်းတွေ ဆက်တိုက် လာလေဦးမည်။  ပါးစပ်ပိတ် နှုတ်ပိတ် ခံထားကြရသော ပြည်သူများ ငတ်ပြတ် ဒုက္ခရောက်နေသော ပြည်သူများ ပါဝင်လာကြရလိမ့်မည် ဟု အားတက်နေကြ၏။  သို့သော် အပြင်တွင် ဘာသံမှ မကြားရတော့ပဲ ငြိမ်းသွားကြပြန်လေသည်။  မိမိတို့မှာလည်း ရုံးထွက်။  ထောင်ဝင်စာ ရကြပြန်၏။

မိမိတို့ အမှု မပြီးမီ ဆလိုင်းတင်မောင်ဦး အဖေနှင့် သူ့နှမငယ်ကို သာယာဝတီထောင်သို့ ပြောင်းလိုက်ကြောင်း သတင်းရသည်။  သူတို့ ထောင်ပြောင်းရာတွင် မိမိတို့ အလုပ်သမား၊ သင်္ဘောကျင်းစက်ရုံက ထောင် (၁၀) နှစ်  ချထားသူ ကိုတင်မြင့်လည်း ပါသွားသည်။  သူတို့ကို သံခြေကျင်းခတ်၍ ထုတ်သွားကြောင်း သတင်းရသည်။

မကြာပါချေ။  ဆလိုင်းတင်မောင်ဦးကို ၁၉၇၆ ခုနှစ်၊ ဇွန်လ (၂၆) ရက်၊ စနေနေ့ နံနက်တွင် အင်းစိန်ထောင်၌ပင် ကြိုးပေးကွပ်မျက်လိုက်သည်။

အမှန်မှာ ထိုစဉ်က ၈၈ အရေးအခင်းလို ဖြစ်လာခဲ့လျှင် နိုင်ငံ ဤမျှ  နာ  မည်မဟုတ်ပေ။  သို့သော် အလုပ်သမား၊ ကျောင်းသား၊ နိုင်ငံရေးသမားများ လောက်သာ လှုပ်ရှားခဲ့ကြ၏။  ပြည်သူတွေ ပါမလာကြသဖြင့် အရေးတော်ပုံကြီးသည် ချုပ်ငြိမ်းသွားခဲ့ရလေသည်။



ဖိုးကျော့

လန်ဒန်မြို့ကို ဖုန်သုတ်နေသူများ - ရေးသူ စန္ဒာထူးမင်းဝင်း

ဆရာကြီးသခင်ကိုယ်တော်မှိုင်း
ငြိမ်းချမ်းရေးနှင့်မျိုးဆက်များ
------------------------------------
၇၄၊ ၇၅၊ ၇၆ နိုင်ငံရေးအင်အားစု
ပထမအကြိမ်၊ မတ်လ၊ ၂၀၁၃ ခုနှစ်။


[စာမျက်နှာ - ၄၆]



လန်ဒန်မြို့ကို ဖုန်သုတ်နေသူများ

သံဆန်ခါလေးထောင့်
မျက်စိပေါက်များစွာ
အုတ်ခုံပေါ်က ရိက္ခာထုပ်
ကိုယ့်အုပ်စုနဲ့ကိုယ်
ရင်မောစရာ့ ခေါင်းလောင်းသံ
မောင်းထုတ်သံတွေ ဆူညံ
လက်သီးဆုပ် နှုတ်ဆက်
ရုတ်တရက် ပျောက်ကွယ်သွားခဲ့။

အဲဒီမြင်ကွင်းကို ဖြတ်ကျော်
မြင်ကွင်းတဆင့်ပြောင်း ရင်ဆိုင်
'စပါတာကပ်စ်' ခေတ်ကို ခံစား
ခေါမလုပ်သားတို့ရဲ့
ဘင်္ဂလားဒေ့ရှ် ဝေဒနာနဲ့
ပိရမစ်ဂူတွေ တည်ဆောက်
တိရစ္ဆာန်ရုံ နိမိတ်ပုံ
ကိုလိုနီစရိတ် ကုန်ကျနေတုန်း။

ကျောင်းသား အလုပ်သမား
လယ်သမားတို့ရဲ့ ပြတိုက်အဖြစ်
ခေတ်ဒေသနာများကို ပြောကြားနေကြရဲ့။

စန္ဒာထူးမင်းဝင်း
၁၂-၈-၇၈ (စနေနေ့)

မြန်မာစာအဓိက၊ ရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်

Friday, August 22, 2014

မှိုင်း သရဏံ ဂစ္ဆာမိ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း
ငြိမ်းချမ်းရေးနှင့်မျိုးဆက်များ
------------------------------------
၇၄၊ ၇၅၊ ၇၆ နိုင်ငံရေးအင်အားစု
ပထမအကြိမ်၊ မတ်လ၊ ၂၀၁၃ ခုနှစ်။


မှိုင်း သရဏံ ဂစ္ဆာမိ

တိုင်း န, ဘယံ အပြစ်အနာမရှိစေဖို့
လှိုင်း အထန်ထန် အနစ်နာထိပေမယ့်
ကိုင်း အနာခံ သစ္စာတပည့်တို့ရဲ့
မှိုင်း သရဏံ ဂစ္ဆာမိကြစို့ကွယ့်။

မောင်မှိုင်းလွင် (အင်းဝ)

၂၃ မတ်လ ၂၀၁၂။