Sunday, April 19, 2015

[စာအုပ်အညွှန်း]

[စာအုပ်အညွှန်း]








သက္ကရာဇ်ကောဇာ ၁၃၇၇ ခု ပါ


ကိုယ့်ဆီကို ဗမာပြည်က ပို့နေကျ စာအုပ်တွေ ကာလတစုံတရာ  ရပ်သွားလို့ အသစ်တွေနဲ့ ခေတ္တ ပြတ်ခဲ့ရတယ်။  ခု - ရောက်မယ့်ရောက်တော့ ဟိုက ဒီက တပြိုင်နက်တည်းလိုလို ရောက်လာကြတာ..။

မြန်မာသက္ကရာဇ် နှစ်သစ်အကူး မှာ ကိုယ့်အကြိုက်စာအုပ်တွေ တပျော်တပါးကြီး ရောက်ချလာပါတယ်။  မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်၊ ၁၃၇၇ ခုနှစ် ဖြစ်ပါစေသတည်း……..။

ပထမအသုတ်မှာ ရောက်လာတဲ့ အထဲက ပထဆုံး ကိုင်လိုက်တာ.
မောင်မှိုင်းလွင်(အင်းဝ) ရဲ့ - နွေဦးငှက်ရဲ့ အိပ်တန်းပြန် -

ကျေနပ်ခြင်းနဲ့ အတူ ကဗျာဆရာနဲ့ ကိုယ်တို့ရဲ အတိတ်ကို အသာ လှပ်ကြည့်မိတယ်။  ကြာပြီ ဆိုပေမယ့် ပုံရိပ်တွေက ထင်ရှားတုန်း၊ ပြတ်သားတုန်း။  အင်း ဆေးသားတွေက ခိုင်တာကို.။

ခု စာအုပ်မှာ ပါတဲ့ ကဗျာတွေဟာ မဂ္ဂဇင်းတွေထဲက၊ အင်တာနက်ထဲက ရထားပြီး ကဗျာတွေ တော်တော်များပါတယ်။  ခု စာအုပ်အဖြစ် စုစည်းမှု တခု ထွက်လာတော့ ကျေနပ်မိတာ အမှန်

ဒီလို ကဗျာစာအုပ်မျိုးတွေကို ကျောင်းမုန့်ဘိုးတွေထဲက ဝယ်ကြ၊ ဖတ်ကြ၊ စုကြဆောင်းကြ၊ လက်ဆောင်တွေ ပေးကြ။  လက်ဆောင်တွေ ယူကြ။  တသ သ.. နဲ့ ပေါ့။

မောင်မှိုင်းလွင်(အင်းဝ) နဲ့ ကိုယ်က စက်မှုတက္ကသိုလ်ကို အတူရောက်၊ အတူတက်၊ အတူ ကန်ထုတ် ခံခဲ့ရသလို၊ အတူရေး၊ အတူဖတ်၊ အတူပျော်၊ အတူလှုပ်ရှားခဲ့ကြတာ.။  ကြို့ကုန်းကျောင်းကနေ အင်းစိန်တောရ ပြောင်းတော့လည်း အတူတူ……

စက်မှုတက္ကသိုလ် ရောက်ခါစမှာ မှတ်မှတ်ရရ ကျောင်းက ကြော်ငြာသင်ပုန်းမှာ ကပ်ထားတယ်။  ကဗျာဝါသနာရှင်တွေ စိတ်ဝင်စားရင် လာရောက်တက်ကြဖို့ ကမ်းလှမ်းဖိတ်ခေါ်တဲ့ အစည်းအဝေး ဖိတ်စာ။

 - မွန်းတည့်နေရိပ် - ကဗျာစာအုပ် ထုတ်ဝေကြမလို့ စုစည်းတဲ့ အစည်းအဝေးတခု ဖိတ်ခေါ်ခြင်း။  ကိုယ်တို့ သွားတက်တယ်။  မိန်းကလေး ရှားပါတဲ့ ကိုယ်တို့ ကျောင်းမှာ ကဗျာစာအုပ် အစည်းအဝေးကို မိန်းကလေး ၂ ဦး ၃ ဦး လာတက်တာ တွေ့မိတယ်။

နောက်တော့ ဆရာဗဂျီအောင်စိုး ဆွဲတဲ့ မျက်နှာဖုံးနဲ့ မွန်းတည့်နေရိပ် ထွက်လာတယ်။  နောက်တော့ တက္ကသိုလ် ရွှေရတုအထိမ်းအမှတ် ထုတ်တဲ့ ရနံ့ပန်း ကဗျာစာအုပ်၊ နောက်တော့ မဆလပါတီ ဗဟိုကော်မတီက ပါမောက္ခချုပ်ကို ခေါ်ကြိမ်းတယ်လို့ ကြားတဲ့ - အပြာရောင်မီးတောက်- ကဗျာစာအုပ်။ ဒိအပြင် ဖယောင်းစက္ကူမှာ ရေးပြီး စာကူးစက်နဲ့ လှည့်ထုတ်တဲ့ ကဗျာ စာအုပ်တွေလည်း……… ဟောတအုပ် ဟောတအုပ်

". အပူမီးခ
ဒေါသမှိုင်းဝေ မျက်နှာတွေ
ဒီမျက်နှာတွေများ
ပေါင်းစည်းသွားမိရင်တော့
မီးတောက်ဘဲပေါ့။
အပူချိန် အမြင့်ဆုံးရောက်
မီးတောက်အပြာရောင်
အဲဒီအခါ.."။   ။ [အပြာရောင်မီးတောက်]

"..သုဝဏ္ဏသျှံ
အမှန်တရား၊ ဘက်တော်သားမို့
ဆိပ်လူးမျှားဒဏ်၊ ပြင်းအားထန်လည်း
ဆယ်ပြန်သတ်ဦး မသေနိုင်။   ။"['သွေးပျက်မုဆိုး အပြစ်မဲ့သားကောင်' အပြာရောင်မီးတောက် စာအုပ်]

"ကောက်ရိုးမီးလို
ဝုန်းဆိုထတောက်၊ ဗြုန်းဆိုပျောက်မို့
ခြောက်သွေ့မြေမာ၊ ဤနေရာတွင်
နောင်ခါမီးလောင်လွယ်ဦးမည်။   ။" [ရနံ့ပန်း၊ မြန်မာစာဌာန၊ ရန်ကုန်စက်မှုတက္ကသိုလ်၊ ၁၉၇၀ ခု]

အဲဒီခေတ်ဟာ စက်မှုတက္ကသိုလ် စာပေနဲ့ အနုပညာရှင်တို့ရဲ့ ရွှေခေတ်။

ကျနော် ဖတ်ဖို့ ပထဆုံး ကောက်ကိုင်လိုက်တဲ့ "နွေဦးငှက်ရဲ့အိပ်တန်းပြန်" ကဗျာ စာအုပ်ဟာ မောင်မှိုင်းလွင် အင်းဝရဲ့ စွယ်တော်ရိပ် ခေတ်ကာလကနေ ဒီနေ့ခေတ် လက်နဲ့ရေး၊ စိတ်နဲ့ရေး တာတွေ ကောင်းနိုးရာရာ စုစည်းထားတာ..။

"ကဗျာ့မိုးကြိုးသွား
နှလုံးသားထိမှန်
မိုးချုန်းသံထက်
ဟိန်းဟိန်းညံခြိမ့်စွဲနေခဲ့
'ကြွေဒါကိုက ပွင့်ခြင်းဘဲဟေ့' ……တဲ့။   ။"[နေ့စွဲကျော်ဒိုင်ယာရီစာမျက်နှာများ၊ စာကူးစက်နဲ့ ထုတ်တဲ့ ကဗျာစာအုပ်]

၁၃၇၇ ခု နှစ်သစ်မှာ မောင်မှိုင်းလွင် အင်းဝ ကျူးရင့်တဲ့ အမှောင်ခေတ်ရဲ့ သူရဲကောင်းပြတိုက်ထဲက ပုလွေသံကို ဝမ်းမြောက်ပီတိနဲ့ နာခံလိုက်ပါတယ်။