Monday, March 24, 2008

တဟီတီသွားရအောင်
ရေးသူ-ဒဂုန်တာရာ

သရက်ပွင့်တို့
နီကြင့်ဝါ၀ါ၊ ကြွေရင့်ဖွာကြ
လွင့်ကာရှပ်ရှပ်၊ ရေကမ်းစပ်သို့
ပြေးကပ်တော့မည်၊ ပင်လယ်ဆီသို့
တဟီတီဆိုတဲ့ ကျွန်းကလေးလေ။


အို.... ဘယ်ကြည့်ကြည့်
ဝင်းမှည့်ငိုက်ယွန်း၊ နေရာင်ထွန်း၍
ရွက်ပွန်းထိယှက်၊ သရက်ရွက်တို့
ပြိုးပြက်နီနီ၊ ဂိုဂင်နီနှင့်
တဟီတီဆိုတဲ့ ကျွန်းကလေးလေ။

အဲသည်ကျွန်းမှာ
မိန့်ခွန်းမြွက်ကြား၊ တရားဟောသံ
နိုင်ငံရေးလည်း မရှိဘူးကွယ့်။

လူ့ဘ၀၏
အပေါ်ယံလွှာ၊ ၀ဲကာကြည်နူး
လုပ်ဇာတ်မြူး၏၊ စိတ်ကူးဝတ္ထု
အတုရုပ်ရှင်လည်း မရှိဘူး။

အဘွားလုပ်သူ
ငြူစူစောင်းမြောင်း၊ ကြိမ်းမောင်းမာန်မဲ
ဆဲရေးသံများ၊ မကြားရဘူး
သိုက်မြုံဦးမှ၊ ကျူးရင့်ဆိုဟန်
ငှက်သံကိုသာ ကြားရမယ်။

ရေညှိအောက်မှ
မြွေဟောက်ဝါကြား၊ တို့ ကစားပြီး
စွန့်စားခန်းလည်း တွေ့နိုင်သေး။

ရှန်ပိန်အရက်
မချက်လိုဘူး၊ အုန်းရည်ကိုသောက်
တမော့လောက်နှင့်၊ မူးနောက်ဝေပြီး
သဲငွေသောင်မှာ အိပ်နိုင်သေး။

ဆာရင်လည်းလေ
တွဲလွဲငုံ့ဆိုင်၊ ငှက်ပျောခိုင်မှ
ခူးကိုင်ဆွက်ကာ၊ အခွံနွှာပြီး
ဗီတာမင်များ၊ ဓာတ်အားကြွယ်လှ
ပလုပ်ပလောင်း စားနိုင်သေး။

ဘာလိုသေးလဲ
အေးအေးမေ့ပျောက်၊ သစ်ပင်အောက်မှ
နှစ်ယောက်တည်းပဲ၊ လက်တွဲချင်တွဲ
မေလည်းသီချင်း၊ လွတ်လပ်ခြင်းနဲ့
ရှိုက်မျှဉ်းတေးကို၊ အော်ဆိုချင်ဆို
ပျက်ပြိုအက်ကွဲကြောင်သွားပေစေ။

ဘာလိုသေးလဲ
ငြိမ့်အေးတိတ်ဆိတ်၊ သစ်ပင်ရိပ်မှာ
မမှိတ်ရေးရေး၊ မျက်လုံးမှေး၍
တွေးတောကြံဖန်၊ ကာရန်ကိုရှာ
ကဗျာစပ်ကာ ရူးနိုင်သေး။

ဘယ့်နှယ်လဲမေ
လူထဲသူထဲ၊ ဟန်ဆောင်ဝဲမှ
တိုးရှဲဝေးရာ၊ ထိုကျွန်းသာသို့
ဘယ်ခါလိုက်မယ် ပြောစမ်းပါ့။

[ရှုမ၀မဂ္ဂဇင်း၊ ၁၉၄၉]
ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် ၁၄၊ စက်တင်ဘာ၊ ၂၀၀၇ မှ ကူးယူဖော်ပြပါတယ်။

2 comments:

  1. မာယာသို့

    လွတ်လပ်ရေးခေတ်က ရေးစပ်ခဲ့တဲ့ ဆရာတာရာကဗျာ
    လေးဟာ ယနေ့အချိန်အထိ လှပနေသေးတယ်။ ကျနော်
    တို့ မျိုးဆက်သစ် မျိုးဆက်ဟောင်းတွေ ပြောင်းသော်လဲ
    ပဲ ဆရာ့စာတွေကို ကြိုက်နှစ်သက်တဲ့ပုံစံ မပြောင်းနိုင်ပါ
    လားဗျာ။ ကျနော်တို့ မိဘတွေလက်ထက်က အလွန်နှစ်
    ခြိုက်ခဲ့တဲ့ ဆရာ့စာတွေ သားသမီးတွေဖြစ်တဲ့ ကျနော်တို့
    လက်ထက်မှာလဲ စဉ်ဆက်အလိုက် အသဲခိုက်အောင် တ
    ကယ်ပဲ ကြိုက်နေကြပါသေးတယ်ဗျာ ...

    ကဗျာ ပထမပိုင်းမှာ ကျွန်းကလေးရဲ့သရုပ်ကို ဖော်ထုတ်
    ထားတယ်။ အဲသည်နောက် ပတ်ဝန်းကျင်ကို ပီပြင်စေဖို့
    ဇာတ်ပို့တဲ့ အရာလေးတွေ အခြေအနေတွေကို တရေး
    ရေးနဲ့ ခပ်ပါးပါးလေး တင်ပြထားတယ်။ သိပ်အပြည့်အဝ
    ကြီးတင်ပြရင်လဲ ကဗျာက ရှည်လျားပြီး အီသွားမှာစိုးလို့
    ထင်ပါတယ်။ ဒီကဗျာဖတ်ရင်း ဆရာတာရာနဲ့အတူ ကျ
    နော်လဲ အဲသည်မှာ ရောက်သွားသလိုပဲဗျာ ...

    ကမ်းခြေမှာ အပန်းဖြေနိုင်တဲ့ သဘာဝတွေ ရှန်ပိန်အစား
    အုန်းရည်ချိုကို တင်စားထားပြန်တယ်။ ပန်းသီးအစားလဲ
    ခြံထွက်ငှက်ပျောနဲု့ လောကွတ်လုပ်ထားသေးတယ်ဗျာ။

    တကယ့်တော့ ဆရာ့ကဗျာဟာ ဒီကျွန်းလေးအကြောင်း
    ကို ဖော်ညွှန်းသည်ထက် “မေ”ကို စွဲမက်စွာနဲ့ ဒီနေရာက
    လေးမှာ ဖိတ်ခေါ်လာချင်ကြောင်းကို တင်စားဖွဲ့နွဲ့ထားတါ
    လို့ ကျနော် ထင်တယ်။

    အေးဗျာ ... စာကောင်းတွေ တင်ပြလို့ ကျေးဇူးပဲဗျာ ...

    ReplyDelete
  2. ဆရာတာရာရဲ့ကဗျာ

    တဟီဟီသွားရအောင် ကဗျာက နှစ်သက်စရာကောင်းပါ တယ်။ ကျွန်းလေးတကျွန်းရဲ့ သဘာဝအလှတွေကို လှပ
    စွာ ဖွဲ့ဆိုထားတယ်။

    ကဗျာသက်တမ်းက လွတ်လပ်ရေးဝန်းကျင်ကာလသက်
    တမ်းဖြစ်လေတော့ မိဘများ ဆယ်ကျော်သက်ဘ၀ကလို့
    ခန့်မှန်းလို့ရတယ်။ သူတို့ခေတ်က သူတို့တွေ ဒဂုံတာရာ
    ကို ကြိုက်သလို မျိုးဆက်သစ် ကျနော်တို့လက်ထက်မှာ
    လဲ ကြိုက်နှစ်သက်ခြင်း ပြင်းပြခဲ့တာပဲ။ နှစ်ကာလတွေက
    ပြောင်းလဲကွာခြားခဲ့သော်ငြားလည်း အကြိုက်ချင်းအနေ
    နဲ့ အတူတူပါပဲ။ အရသာက ပျက်မသွားဘူး မဟုတ်လား။

    ဒီကဗျာလေးက ပတ်ဝန်းကျင် နှစ်သက်ခုံမင်လာအောင်
    ပတ်ဝန်းကျင်ရဲ့စွဲဆောင်အားတွေ ဖြည့်ဆည်းထားတယ်။
    ကျွန်းရဲ့သဘာဝကို ရုပ်လုံးကြွစေတယ်။ ရှန်ပိန်အစားထိုး
    အုန်းရေ၊ မြို့ပြတွေမှာထွက်တဲ့ သစ်သီးများအစား ကျွန်း
    ထွက် ငှက်ပျောကို ရိုးရိုးယဉ်ယဉ် ဖော်ပြထားတယ်။

    ကဗျာကို ဖတ်ပြီး တဟီဟီကျွန်းသို့ သွားလည်ချင်စိတ်
    အပေါက်သားလား။ ညံ့လိုက်ပါဘိ။ အဲဒီကျွန်းဟာ ဘယ်
    မှာရှိမှန်း ကျနော်လည်း မသိဘူးဗျ။ ကဗျာအရသာကို ခံ
    စားရင်း နှလုံးသားက ရော်ရမ်းမိတာပါ။

    တကယ်တော့ ဆရာတာရာဟာ ချစ်သူကို အလည်ဖိတ်
    ဖို့ရာ ကဗျာလေးကို ရေးကြောင်း နောက်ဆုံးစာပိုဒ်မှာ
    ဖွင့်ဟထားတယ်။ “မေ”ဆိုသော မိန်းမချောတဦးလို့သာ
    စိတ်ကူးမှာ အတွေးရောက်တယ်။

    ဒါပေမဲ့ ကဗျာက လှပါတယ်။
    ပြန်လည်တင်ပြတဲ့ မာယာကို ကျေးဇူးတင်ပါတယ်။

    မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ

    ဝေမိုး

    ReplyDelete