Friday, September 10, 2010

ခပ်ပါးပါးအလင်းခွံ
ရေးသူ- မောရူးဆိုး




မှိုတက်တဲ့ မျက်နှာမှာ
ရှက်စရာမသိ
မှိုဖျက်တဲ့ မျက်နှာမှာ
သက်သာဖွယ်မရှိ။


ချေးညှော်စွန်း အဖုံးချပ်
ဖျတ်ခနဲ ကွာကျတဲ့အခါ
အမှတ်မရှိ
ခပ်ရိရိ ချဉ်ဖတ်တထုပ်လို
ပစ်လည်းခက် စားလည်းခက်မို့
နေ့ဖို့ညစာ သံယောဇဉ်
ရှင်သေ သေတဲ့ သီချင်းနဲ့
ထမင်းစားကြတာပေါ့။

ကမ္ဘာကျဉ်းကျဉ်းထဲက သမ္ဘာ
နေစရာရှိတုန်းပါပဲ။

သောက်ရေအိုးစင်ပေါ်မှာ
ဖျားနာကင်းခဲ့ပြီ
မျှော်လင့်ခြင်း ကင်းခဲ့ပြီ
ပြီတီတီ လမ်းမများတို့
ခရီးဝေးဝေး ရောက်ခဲ့ပြီးနောက်။

ပန်းပွင့်များ၏ မွှေးရနံ့သည်
ပြင်းထန်သည့် အပုပ်နံ့ ပမာ
သစ်ရွက်ကြွေတို့၏ အရောင်သည်
တောက်လောင်သည့် မီးညွန့်ပမာ
မိုးစက်တို့၏ မြေသင်းမှုန့်သည်
လွင့်ပျံ့သည့် မီးခိုးပမာ။

ကျွန်ပ်တို့၏ သစ်ပင်များ
ရွှေမချအားတော့ပါ။ ။


မောရူးဆိုး
[ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် ၃၃ သြဂုတ်လ၊ ၂၀၁၀]

1 comment:

  1. ကျနော်တို့ သစ်ပင်တွေ ရွှေမချအားရုံတင် ဘယ်က ပါ့မလဲ ဆရာရယ်။
    ရေလည်းမလောင်းအား
    ပေါင်းလည်း မသင်အားတာပါ။

    သူ့အလိုလိုရှင်သန်နေနေတာကိုပဲ
    ကျေနပ်နေရတဲ့ ဘ၀တွေ များလွန်းတော့..
    အချိန်တန်လို့ ခြောက်သွေ့ကြွေကျသွားလဲ
    ခပ်ပေါ့ပေါ့ပဲပေါ့။

    ကျေးဇူး။

    ReplyDelete