အင်န်ဂျီအို တွေကိုအသုံးပြုပြီး နိုင်ငံတွေကို ဖိအားပေးခြင်း
ရေးသူ - စန္ဒရာဂျိန်း။ ဘာသာပြန် - ဗသြ
၂၀၁၂ ခုနှစ်၊ မေလထုတ် ပိုင်အိုးနီးယား
(Pioneer) ဂျာနယ်ထဲက စန္ဒရာဂျိန်း (Sandhya Jain) ရေးတဲ့ “အင်န်ဂျီအို တွေကို အသုံးပြုပြီး
နိုင်ငံတွေကို ဖိအားပေးခြင်း” (Using NGOs
to Coerce Nations) ဆိုတဲ့ ဆောင်းပါးကို ဗသြ ဘာသာ ပြန်တာဖြစ်ပါတယ်။
အနောက်နိုင်ငံများက
ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ပေါ်လစီတွေအပေါ် သြဇာညောင်းနိုင်ဖို့နဲ့ အဆောက်အအုံတွေကို
တွန်းလှန်ပစ်တာ လုပ်နိုင်ဖို့အတွက် အင်န်ဂျီအိုတွေကို ငွေကြေးတွေ ထောက်ပံ့ကြပါတယ်။
အိန္ဒိယမှာ ပြည်ပက ထောက်ပံ့တဲ့ အင်န်ဂျီ အိုတွေ
မလိုအပ်ပါဘူး။
လူထုတွေကို ပုလိပ်နဲ့
တခြားအာဏာပိုင် အဖွဲ့အစည်းတွေရဲ့ ဖိနှိပ်မှုရန် ကကာကွယ်ဖို့၊ ဆင်းရဲမှုတိုက်ဖျက်ဖို့၊
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ဖို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ လူမှုရေး လုပ်ငန်းတွေလာ
ထူထောင်ကြတယ်ဆိုတဲ့ အင်န်ဂျီအိုတွေကို ပြည်ပနိုင်ငံတွေက သူတို့ အကြံနဲ့သူတို့ ငွေကြေးတွေ
ထောက်ပံ့ကြတာ ဖြစ်တယ်ဆိုတာကို အနောက်တိုင်း မဟုတ်တဲ့ နိုင်ငံတွေဟာ အစောကြီးကတည်းက နောကြေအောင်
သိနားလည်နေခဲ့ကြ ပါပြီ။ ဒီ အဓိပ္ပာယ်အရ ဆိုရင် ဒါတွေဟာ ဖိအားပေးရေး ဒီပလိုမေစီ၊ စစ်မဟုတ်တဲ့နည်းနဲ့
စစ်ပြုတာတမျိုးသာ ဖြစ်ပါတယ်။
အာရပ်နွေဦးကို အစောဆုံး
ပျက်စီးသွားစေခဲ့တဲ့ အီဂျစ်မှာ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်တုန်းက ပြည်ပ အင်န်ဂျီ
အိုတွေကို‘ကိုင်’ ခဲ့ပါတယ်။ ကာတာစင်တာ(Carter Center) အပါ အမေရိကန် လူမှုရေး အစုရှစ်ခုကို
လိုင်စင်ပေးဖို့ ငြင်းပယ် လိုက်ပါတယ်။ ဒါ သူတို့ဆီမှာ သမတရွေးကောက်ပွဲ မတိုင်မီ လေးတင်မှာပါ။
အီဂျစ်နိုင်ငံရဲ့ ဥပဒေမှာ အင်န်ဂျီအိုတွေကို လိုင်စင်မရှိရင် လုပ်ကိုင်ခွင့်မပြုပါဘူး။
ကွမ်ဂို (quango)
လို့ခေါ်ကြတဲ့ အမေရိကန် အင်န်ဂျီအိုတွေကတော့
ပြည်ပမှာ ဒီမိုကရေစီတင်ပို့တယ် ဆိုတာကို အာရုံထားကြပါတယ်။ ဒါဟာ အမေရိကန် အကျိုးပြုတဲ့
အစိုးရတွေ ဖော်ထုတ်တာကို ကြားကောင်းအောင် ပြောတာပါ။ ပြီးခဲ့တဲ့ လထဲတုန်းက ယူအေအီး နိုင်ငံမှာ
အဓိကအားဖြင့် အမေရိကန် အစိုးရက ငွေကြေးထောက်ပံ့ထားတဲ့ ဒီမိုကရက် တစ်ပါတီရဲ့ ကွမ်ဂိုတွေကို
ပိတ်ပစ်လိုက်ပါတယ်။ ဒါဟာ ဆော်ဒီအာရေးဗျားနဲ့ တခြားနိုင်ငံတွေက ကွမ်ဂိုတွေက သူတို့ နိုင်ငံပြည်တွင်းရေးတွေမှာ
ဝင်ရှုပ်နေကြလို့ စည်းဝါးရိုက်ကြပြီး ယူအေအီးကို
ပိတ်ပင်စေလိုက်တာလို့ ဆိုကြပါတယ်။
အစိုးရ အများအပြားကတော့
ဒီကွမ်ဂိုတွေဟာ နိုင်ငံတွေရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို စွက်ဖက်တာလို့ ရှုမြင်ကြ
ပါတယ်။ “ဒီမိုကရေစီလှုပ်ရှားသူ” ဆိုတာတွေကို
မွေး (အရင်ဆိုဗီယက်ပြည်ထောင်စု နိုင်ငံတွေမှာ ပေါ်ပေါက်ခဲ့တဲ့ အရောင် တော်လှန်ရေးတွေကို
ပြန်တွေးကြည့်လိုက်ပါ) ပြီး သူတို့ဟာ အမေရိကန် အလိုရှိတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်အောင်
အခြေအနေတွေ ဖန်တီးခဲ့ကြပါတယ်။ ယူအေအီးနဲ့ တခြား ပင်လယ်ကွေ့ နိုင်ငံတွေရဲ့ အမေရိကန်နဲ့
ဂျာမန်ဖောင်ဒေးရှင်းတွေရဲ့ လုပ်ငန်းတွေကို ချုံ့ပစ်ဖို့ ဆုံးဖြတ်ခဲ့တာဟာ အစိုးရတွေက တိုက်ရိုက်၊ ဒါမှမဟုတ်
သွယ်ဝိုက်ပြီး ထောက်ပံ့နေတဲ့ အဖွဲ့ အစည်းတွေကို ဆွေးနွေး သဘောတူညီထားချက်များနဲ့ အညီသာ
လုပ်ကိုင်ခွင့်ပြုတဲ့၊ သူတို့ထင်သလို လုပ်ကိုင်ခွင့်မရှိတော့ တဲ့ စနစ်သစ်တခု ပေါ်ပေါက်လာစေမယ်နဲ့
တူပါတယ်။
အင်န်အီးဒီ (NED)
အမျိုးသား ဒီမိုကရေစီမြှင့်တင်ရေးအဖွဲ့ဟာ ရီဂင်အစိုးရနဲ့ အင်မတန်နီးစပ်ပါတယ်။ ဒီအဖွဲ့ကို
တည်ထောင်တဲ့သူဟာ အရင်က ပါမောက္ခတဦးလည်းဖြစ်၊ ၀ါရှင်တန်ပို့စ် သတင်းစာမှာ ရေးနေသူလည်းဖြစ်၊
နိုင်ငံတကာ သေနင်္ဂဗျူဟာ လေ့လာရေးဗဟို (CSIS) အဖွဲ့ဝင် လည်းဖြစ်တဲ့ အယ်လင်ဝန်း စတိန်း
(Allen Weinstein) ဆိုသူ ဖြစ်ပါတယ်။ သူဟာ အင်န်အီးဒီကို စထောင်ကတည်းက အမေရိကန် နိုင်ငံခြားရေးဝါဒအတွက်
အသုံးပြုစရာဖြစ်စေဖို့ ရည်ရွယ်ပြီး ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ လက်ျာအယူသည်းသမားတွေ
ပါဝင်တဲ့ နိုင်ငံတကာ သေနင်္ဂဗျူဟာ လေ့လာရေးဗဟို
ဆိုတဲ့ ဉာဏ်ကြီးရှင်အဖွဲ့မှာက အရင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေဖြစ်တဲ့ ကစ်စင်းဂါး
၊ ဘရေးဇင်းစကီး စသူတွေ ပါဝင် ပါတယ်။ အင်န်အီးဒီရဲ့ ပထမဆုံး ဒါရိုက်တာဖြစ်တဲ့ ကားလ်ဂါးရှမင်
(Carl Garshman) ကတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောပါတယ်။ “အင်န်အီးဒီဟာ စီအိုင်အေအတွက်တပ်ဦး ဖြစ်စေရမယ်”
တဲ့။ အင်န်အီးဒီကို စတင်တည်ထောင်တဲ့ ၁၉၈၃ခုနှစ် က စပြီး ဒီ အဖွဲ့ရဲ့နှစ်စဉ် အသုံးစရိတ်တွေကို
အမေရိကန် ကွန်ဂရက်လွှတ်တော်က အမေရိကန်နိုင်ငံ ထောက်လှမ်းရေး လုပ်ငန်းဘတ်ဂျက်ရဲ့ အစိတ်အပိုင်းတခု
အနေနဲ့ ခွင့်ပြုခဲ့တာပါ။ သူတို့ရဲ့ အလုပ်ကတော့
လက်ဝဲဆန့်ကျင်ရေး၊ အလုပ်သမား လှုပ်ရှားမှု ဆန့်ကျင်ရေး လုပ်ငန်းတွေကို အထောက်အကူ ပေးတာ၊
ဗင်နီဇွေးလား၊ ဟေတီစတာတို့မှာ ရွေးကောက် ပွဲတွေကို ၀င်ရှုပ်တာ၊ အမေရိကန် အာဏာကို ကဏ္ဋကောစ
ပြုတဲ့ နိုင်ငံတွေကို မတည်ငြိမ်အောင်လုပ်တာ စတာတွေပါပဲ။
၁၉၄၁ ခုနှစ်မှာ တည်ထောင်တဲ့
လွတ်လပ်မှုအိမ်တော် (Freedom House) ဟာလည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက်ဆိုပြီး
တည်ထောင်ခဲ့တာပါပဲ။ သူ့အလုပ်က အမေရိကန်ရာစုနှစ်သစ်
စီမံကိန်း (Project for the New American Century) အကောင်အထည်ဖော်ရေးဖြစ်ပြီး ၀ါရှင်တန်
အစိုးရရဲ့ စစ်ရေးအရ ရမ်းကားမှုတွေမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဘုရှ် အစိုးရက သူ့ရဲ့ “အကြမ်းဖက်မှုတိုက်ဖျက်ရေး”
စစ်ပွဲမှာ ဒီအိမ်တော်ကို အသုံးချခဲ့ပါတယ်။ ဒီ အဖွဲ့ရဲ့ရံပုံငွေ ၆၀% ကို အမေ ရိကန်အစိုးရဟာ နိုင်ငံတကာ ဖြစ်ပေါ်တိုးတက်ရေးအတွက်
အမေရိကန် ကိုယ်စားလှယ် (USAID)၊ နိုင်ငံခြားရေးဌာနနဲ့ NED တို့က တဆင့် ပေးပါတယ်။ ဒီလိုနဲ့ ဒီလွတ်လပ်မှု အိမ်တော်ဟာ အာရပ်နွေဦး လှုပ်ရှားမှုထဲကို
ပစ်ဝင်ပြီး အဲဒီက လူမှုအဖွဲ့ အစည်းတွေနဲ့ လူပုဂ္ဂိုလ် တဦးချင်းတွေကို လေ့ကျင့်ပေးတာ၊
ငွေကြေး ထောက်ပံ့တာတွေ လုပ်ပါတယ်။ တခြား သူတို့ပေး ကမ်းခဲ့တဲ့ လှုပ်ရှားမှုတွေထဲမှာ အီဂျစ်က
ဧပြီ ၆ရက်လှုပ်ရှားမှု၊ ဘာရိန်းလူ့အခွင့်အရေးဌာနနဲ့ ယီမင်နိုင်ငံကအောက်ခြေ လှုပ်ရှားသူတွေပါဝင်ပါတယ်။
ဘုရှ်အစိုးရဟာ အင်န်ဂျီအိုတွေကို သူတို့ရဲ့ နယ်ချဲ့ရေး အစီအစဉ်တွေထဲမှာလဲ
ပါခိုင်းပါတယ်။ ၂၀၀၃ ခုနှစ်မှာ USAID ခေါင်းဆောင် အင်န်ဒရူးနတ်စီးယိုးစ်က ‘အင်န်ဂျီအိုတွေနဲ့ USAIDတို့ရဲ့
ပူးတွဲ လုပ်ဆောင်ချက်ကြောင့် အာဖဂန်က ကာဇိုင်း
အစိုးရ ပြုတ်မကျပဲ တည်မြဲခဲ့တယ်၊ ဒါပေမဲ့ အာဖဂန်လူမျိုးတွေက ဒါကို သဘောမကျဘူး’ လို့ပြောပါတယ်။
အီရတ်မှာကျတော့ သူတို့က အင်န်ဂျီအိုတွေ လုပ်တာဟာ
အမေရိကန်အစိုးရပေါ်လစီအရ လုပ်တာဖြစ်တယ်လို့ အများက မြင်စေချင်ပါတယ်။ ဒီထက်ပို ဗြောင်မကျနိုင်တော့ဘူး
ထင်ပါတယ်။
အခုအထိ ပြောရရင် အသုံးဝင်ဆုံး
ကရိယာကတော့ “နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်” (Amnesty International) ဆိုတာကြီး
ပါပဲ။ ဒီအဖွဲ့ရဲ့ လက်ရှိ ဒါရိုက်တာချုပ် ဆူဇန်နော့ဆယ်လ် (Suzanne Nossel)ဟာ အရင်က အမေရိကန်အစိုးရ
နိုင်ငံခြားရေးဌာနက နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာမှာ ဒုတွဲဘက် အတွင်းရေးမှူး ဖြစ်ပါတယ်။
လစ်ဗျားမှာ အမေရိကန်က ကုလသမဂ္ဂကို “လူသားရေးအတွက်
စွက်ဖက်မှု” လုပ်ခိုင်းတာလို သူများတွေကို ကိုယ့်အတွက် လုပ်ခိုင်းပြီး အမေရိကန်ရဲ့ ရည်မှန်းချက်တွေ
အောင်မြင်အောင် စွမ်းဆောင်တာမျိုးကို “ဉာဏ်ရည်အင်အား”
(smart power) အသုံြး့ပုတယ် ဆိုတဲ့ အသုံးအနှုန်းကို
တီထွင်သူလို့ နာမည်ရခဲ့ပါတယ်။
ဒီ “နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်”
အဖွဲ့အစည်းဟာ ဆီးရီးယားမှာ ၀ါဒဖြန့်ချိရေး စစ်မျက်နှာပြင်က ပါဝင်ခဲ့ ပါတယ်။ ဆီးရီးယားမှာ
၂၀၁၁ ခုနှစ် အတွင်း အချုပ်နှောင့်ခံရစဉ် သေဆုံးသူများ ဆိုတဲ့ အစီရင်ခံစာကို ရေးတဲ့
လူက အင်တာဗျူးတခုမှာ “နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်”
အဖွဲ့အစည်းကို ဆီးရီးယားနိုင်ငံက သူ့ပြည်တွင်း အ၀င်မခံခဲ့ဘူး၊ ဒါကြောင့် လန်ဒန်နဲ့ အိမ်နီးနားချင်း နိုင်ငံတွေ၊
တခြား ရေသောက်မြစ်တွေမှာ အခြေပြုပြီး ရေးခဲ့တာပါလို့ ၀န်ခံခဲ့ပါတယ်။ တနည်းပြောရရင်
အတည်ပြုလို့မရတဲ့ သတင်းတွေကို အခြေပြုတာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာတော့
အနောက်တိုင်းအင်န်ဂျီအိုတွေနဲ့ နှစ်ပေါင်းများစွာ စိတ်မပျော်မရွှင် စခန်းသွားတဲ့ အကြားကပဲ
ပြည်ထောင်စုအစိုးရဟာ တမီလ်နိုင်ဒူး ဒေသမှာ
ရူပီး ကုဋေ၁၅၀၀၀ ကုန်ကျတဲ့ ‘ကူဒန်ကူလမ်’ ညူကလီယာ ဓာတ်အားပေး စက်စီမံကိန်း တည်ဆောက်ရာမှာ
ထိသွားတာနဲ့ မျိုးဗီဇ ပြုပြင်ထားတဲ့ သီးနှံတွေ ကို ကန့်ကွက်ဆန္ဒပြတာတွေ ကြုံရတော့မှ
ထိပ်တိုက်ရင် ဆိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အိန္ဒိယဥပဒေမှာ အင်န်ဂျီအိုတွေကို နိုင်ငံရေး ရည်ရွယ်ချက်အတွက်၊ ဒါမှမဟုတ် တိုင်းပြည်ရဲ့လုံခြုံရေး၊ သေနင်္ဂဗျူဟာ အကျိုးစီးပွား၊
စီးပွားရေး အကျိုးစီးပွားတို့ကို ထိခိုက်စေရင် မယူရ လို့ပိတ်ပင်ထားပါတယ်။ တကယ်မှာတော့
ခရစ်ယံ ဘုရားကျောင်းက ဦးစီးပြီး ‘ကူဒန်ကူလမ်’စီမံကိန်းကို
ကန့်ကွက်တာဟာ နိုင်ငံရေး ရည်ရွယ်ချက် သက်သက်ပါ။
အင်န်ဂျီအိုတွေရဲ့
အင်အားအပေါ် လူတွေက အာရုံပြုမိလာတာဟာ ဒီအဖွဲ့အစည်းတွေရဲ့ ကြောက်ခမန်းလိလိ ရံပုံငွေတွေ၊
ဘာသာ ကူးပြောင်းလဲရေး အပါ သံသယဖြစ်စရာ အစီအစဉ်တွေနဲ့ ပြည်တွင်းရေးရာတွေမှာ ၀င်ရောက်စွက်ဖက်တဲ့
အကန့်အသတ်မရှိ အင်အားတွေကြောင့် ဖြစ်ပါတယ်။ မိမိတို့ ပိုင်အိုးနီးယားဂျာနယ်က ပထမဆုံး
သတင်းပေးခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ကိန်းဂဏန်းများအရ ဆိုရင် အင်န်ဂျီအိုတွေဟာ ၂၀၀၁
ခုနှစ် နဲ့ ၂၀၁၀ ခုနှစ် အတွင်း ရူပီးငွေကျပ် ကုဋေ ၇သောင်းထက်မနည်း ရရှိခဲ့ကြပါတယ်။
( ဒီနေ့လက်ရှိပေါက်ဈေး အရဆိုရင် အမေရိကန် ၁ဒေါ်လာဟာ အိန္ဒိယရူပီး ၆၁.၇၅ နဲ့ ညီမျှပါတယ်-
ဘာသာပြန်သူ)။ ငွေအများဆုံး ပေးသူတွေကတော့ အမေရိကန်၊
ဂျာမဏီနဲ့ ဗြိတိန်တို့ဖြစ်ပြီး အများဆုံး လက်ခံရရှိသူတွေကတော့ အမေရိကန် အခြေစိုက် “အာရှအတွက်သမ္မာကျမ်းစာ” - ရူပီး ၂၃၂.၇၁ ကုဋေ၊ စပိန်နိုင်ငံ အခြေစိုက် “ဗင်းဆင့်ဖယ်ရာဖောင်ဒေးရှင်း” - ရူပီး
၂၂၈.၆၀ ကုဋေ နဲ့ အမေရိကန် အခြေစိုက် “ကမ္ဘာလုံးဆိုင်ရာ
အမြင်တော်ဌာန” - ရူပီး ၁၉၇.၆၂ ကုဋေတို့ ဖြစ်ကြပါတယ်။
ဒီ ကိန်းဂဏန်းတွေကို
ဆက်လက် သရုပ်ခွဲကြည်လိုက်ရင် အများဆုံး (ရူပီး ၁၄၈၂.၇၁ ကုဋေ) ဟာ အဆောက်အအုံ တည်ဆောက်ရေး
တွေအတွက် အသုံးပြုတာ ဖြစ်ပြီး သူ့နောက်ကမှ ကျေးလက် ထူထောင်ရေးက ရူပီး ၉၄၄.၃၀
ကုဋေ၊ ကလေးများ ရံပုံငွေက ရူပီး ၇၄၂.၄၂ ကုဋေ၊ ကျောင်းနဲ့ တက္ကသိုလ်ကောလိပ်များ တည်ဆောက်ထိန်းသိမ်းမှုက
ရူပီး ၆၃၀.၇၈ ကုဋေ၊ ဆင်းရဲတဲ့ ကလေးငယ်တွေ ပညာသင်စရိတ်ထောက်ပံ့တာက ရူပီး ၄၅၄.၇၀ ကုဋေ
ဖြစ်ပါတယ်။
ကဲ - ဘယ်အဖွဲ့ကပဲ
ဖြစ်ဖြစ် ဒီ အသုံးစရိတ်တွေထဲက ၅၀ ကနေ ၇၀ ရာနှုန်းကို အဆောက်အအုံ တည်ဆောက်မှု အတွက် သုံးတယ်၊
ဥပမာ မြေ၀ယ်၊ အဆောက်အဦဆောက်၊ မော်တော်ကား၊
ရုံးသုံး၊ လက်ကိုင်ဖုံး၊ ကွန်ပြူတာ၊ ကင်မရာ စတာတွေဝယ်တာ၊ လစာပေး၊ တိုင်ပင်ခပေး၊ သီးသန့်ဝန်ဆောင်ခပေး၊
ခရီးသွားစရိတ်တွေ အတွက်သုံးတယ်ဆိုရင် ဒါတွေကို အခွန်လွှတ် ပေးရမှာလား။
“အလှူအတန်း” အတွက်၊
ဒါမှမဟုတ် “အများဆိုင်ရာ ၀န်ဆောင်မှု” လို့မပြောနိုင်တဲ့
ဘာသာကူးပြောင်းမှု အသုံးစရိတ် တွေလည်း အများကြီး ရှိပါသေးတယ်။ အထူးသဖြင့် “ကမ္ဘာလုံးဆိုင်ရာအမြင်တော်ဌာန” ဆိုရင် သူတို့ ၀က်ဘ်ဆိုက်မှာ
ဝန်ခံ ထားသလိုပဲ ခရစ်ယံ ဘာသာသက်သက် အတွက်ဖြစ်ပါတယ်။ သူတို့အဖွဲ့မှာ လုပ်ကိုင်နေသူ ၀န်ထမ်း
၂၀ ရာခိုင်နှုန်းဟာ တခြား ဘာသာဝင်တွေ ဖြစ်ပေမဲ့ နောက်မှာ ၀င်လာမယ့် ၀န်ထမ်း အားလုံးဟာ
ခရစ်ယံဘာသာကို ယုံကြည်သက်ဝင်တဲ့ အကြောင်း စာနဲ့ ရေးတင်ရမယ်လို့ ဆိုပါတယ်။ သည့်မတိုင်ခင်ကလေးကပဲ
အမေရိကန်မှာရှိတဲ့ သူတို့ဝန်ထမ်းတချို့ကို တခြားဘာသာထဲ ကူးပြောင်းလို့ ဖြုတ်ပစ် လိုက်ပါသေးတယ်။
ဒီ အတွေ့အကြုံတွေအရ
အိန္ဒိယနိုင်ငံသား အမြောက်အမြားဟာ သူတို့ တိုင်းပြည်အနေနဲ့
သူ့နိုင်ငံသားတွေရဲ့ ဘ၀ ဖွံ့ ဖြိုးရေးအတွက် ပြည်ပအထောက်အပံ့တွေ မလိုဘူး၊ လူမှုရေးလုပ်ငန်း အားလုံးကို
ပြည်တွင်းက လှူဒါန်း ငွေနဲ့ပဲ အဓိပ္ပာယ် ရှိရှိ ခန့်ခွဲ လုပ်ကိုင်သွားရင်ဖြစ်တယ်လို့
ယူဆကြပါတယ်။ အိန္ဒိယနိုင်ငံ ကိုယ်တိုင်က တခြား အာရှနဲ့ အာဖရိက နိုင်ငံတွေကို အထောက်အပုံတွေ
ပေးသလောက် ပေးနေတဲ့အချိန်မှာ အလှူအတန်းဆိုတဲ့ အမည်ခံပြီး နိုင်ငံရေး ရည်ရွယ်ချက်တွေကို
အကောင်အထည် ဖော်နေတဲ့ ပြည်ပက ငွေကြေးထောက်ပံ့မှုကို လက်ခံလို့ အကျိုးမရှိဘူးလို့ ယူဆကြပါတယ်။
ဘာသာပြန်သူ ဗသြ
ဘာသာပြန်သူမှတ်ချက်
၂၀၁၂ ခုနှစ်၊ မေလထုတ်
ပိုင်အိုးနီးယား (Pioneer) ဂျာနယ်ထဲက စန္ဒရာဂျိန်း (Sandhya Jain) ရေးတဲ့ “အင်န်ဂျီအို
တွေကို အသုံးပြုပြီး နိုင်ငံတွေကို ဖိအားပေးခြင်း” (Using NGOs to Coerce Nations) ဆိုတဲ့ ဆောင်းပါးကို
ဘာသာ ပြန်တာပါ။ ဒီနေ့ဗမာနိုင်ငံမှာ အင်န်ဂျီအိုတွေ
ဒလဟောဝင်ပြီး လုပ်ချင်တာ လုပ်ခွင့်ရနေတာမို့ စဉ်းစားနိုင်ကြအောင် ကိုယ့် ထက်အရင် အင်န်ဂျီအိုတွေနဲ့
ထိတွေ့ ပတ်သက်ခဲ့ရသူတွေရဲ့ အတွေ့အကြုံကို မျှလိုက်တဲ့ သဘောပါ။