Tuesday, September 30, 2008

ခရွန်ထေ့ပ်မှအယုဒ္ဓယသို့
ရေးသူ-မောင်မင်းရာ










ရှစ်နှစ်ကျော်ကြာပြီး (၁၉၉၁ မှ ၁၉၉၉) ဘန်ကောက်ကို ပြန်ရောက်တဲ့ အချိန်မှာ အသစ်အဆန်းလို ဆီးကြိုနေတဲ့ ပူလောင်မွန်းကြပ်ခြင်းနဲ့အတူ အဆင်သစ်တရပ်က နေရာတိုင်း လိုလိုမှာ တွေ့နေရတဲ့ 7 Eleven တွေပါဘဲ။ ဟိုတုန်းက တမြို့လုံးလိုလို လျှောက်သွားနေတာ ရှားရှာပါးပါး တဆိုင်ပဲ သတိထားမိတယ်။ ဒါလဲ ခုပြောတဲ့ 7 Eleven လိုဖွင့်တာမျိုးမဟုတ်ဘူး။ ဆိုင်နာမည်ကို 7 Eleven လို့သာ ပေးထားပုံရတာပါ။ မြို့ထဲကနေ သိတ်မိုးချုပ်ချုပ် ပြန်တဲ့ညမျိုးဆို သူပိတ်နေပြီ။ Bang Na High way ကို မရောက်ခင်၊ ရဲစခန်းနားက Sukhumvit လမ်းမကြီးပေါ်မှာ သူ့ကို တွေ့နေရတယ်။


ခုတော့ 7 Eleven တွေများ မှိုလိုပေါက်။ ပြေးမလွတ်ဘူး။ ဒါပေမဲ့ အမေရိက, က 7 Eleven တွေထက် အများကြီး သာတယ်။ ဆိုင်တွေက သပ်သပ်ရပ်ရပ်၊ မွှေးမွှေးကြိုင်ကြိုင်၊ ဖော်ဖော်ရွေရွေ၊ ယဉ်ယဉ်ကျေးကျေး။ ဒါက ထိုင်းနိုင်ငံက လူမျိုးတွေရဲ့ လူမှု အဆင့်အတန်း အကျင့်စရိုက်နဲ့လည်း ဆိုင်မယ်ထင်တယ်။
ကိုယ်တွေ့ဖူးတဲ့ အမေရိက, က 7 Eleven တွေမှာတော့၊ အချိန်အခါနဲ့ နေရာဒေသ လိုက်ပြီး မနှစ်မြို့စရာ၊ စိတ်ညစ်ညူးစရာ၊ အော့နှလုံးနာစရာ၊ ရွံ့ရှာမုန်းတီးစရာတွေ တော်တော်များ များတွေ့ရတယ်။ ရေခဲသေတ္တာကို ဆွဲဖွင့်၊ ဘီယာ ခြောက်ပုလင်းတွဲ နှစ်တွဲကို လက်တဖက်စီမှာ စုံကိုင်လိုက်ပြီးမှ၊ လူတွေကြားကပဲ 'ယူသွားပြီဟေ့' ဆိုပြီး ပြောပြောဆိုဆိုနဲ့ လုပြေးသွားတာမျိုး၊ hot dog မှာ ဆမ်းတဲ့ ခရမ်းချဉ်သီးဆော့စ်တွေကို လိုတာထက် အမြောက်အများ ပိုယူလိုက်ပြီး စားပွဲပေါ်တွေမှာ၊ ဆိုင်ကြမ်းပြင်မှာ ဖြန်းချခဲ့ပြီး၊ ကိုယ့်နဲ့ မဆိုင်သလို လုပ်သွားတဲ့ တာဝန်မဲ့မှုမျိုး၊ ကိုယ်က ပစ္စည်းတခုကို ဆွဲယူလိုက်လို့ အောက်ကိုကျသွားတဲ့ ပစ္စည်းကို ပြန်ကောက်တင်ပေးဖို့ ၀န်လေးတာမျိုး။ ကလေးလူကြီး၊ ယောက်ျားမိန်းမ လစ်ရင်ရင် လစ်သလို ခိုးဝှက်ကြတာမျိုး။ ဘေးလူက မြင်လျက် မပြောရဲလို့ မမြင်ချင်ဟန်ဆောင်နေရတာ။ ခိုးထားတဲ့ ပစ္စည်းအိတ်ထဲမှာ ရှိနေတာ သိလို့ ဆိုင်ထဲက မထွက်ခင် ပြန်ထားလိုက်ပါပြောတာကို မျက်စေ့ကို လက်သီးနဲ့ထိုးပြီး ထွက်ပြေးလို့ ရောင်းသူမှာ မျက်လုံးပျက်ခဲ့ရတာမျိုး။ နောက်ဆုံး နေ့ခင်းကြီး ကြောင်တောင် ဓါးပြ၀င်တိုက် တာမျိုး၊ သေနတ်ပြပြီးတိုက်လို့ ပိုက်ဆံပေးလိုက်တာတာင်၊ သေနတ်နဲ့ ပစ်သွားတာမျိုး။ ဒါတွေကို မိတ်အင်အမေရိကလို့ ပြောလို့ရတယ်။ ဘန်ကောက်မှာ၊ ထိုင်းမှာ တခါမှ မတွေ့ မိပါဘူး။
ဟိုတုန်းက ဆူကွန်ဗစ်လမ်းမကြီးပေါ်လောက်မှာ၊ တိုးရစ်များတဲ့နေရာလောက်မှာ တဆိုင်တလေ တွေ့ရတဲ့ Pizza ဆိုင်တွေ၊ ခုတော့ မှိုလိုပေါက်။ Domino Pizza, Pizza Hut တွေ နေရာဝင် ယူနေကြပြီ။ delivery ကို မော်တော်ဆိုင်ကယ်နဲ့ လိုက်ပို့တယ်။ မော်တော်ဆိုင်ကယ် အရောင်၊ မောင်းတဲ့လူရဲ့ ယူနီဖောင်းအရောင်၊ Pizza ဆိုင်အရောင်အတိုင်း စိမ်းနီကြောင်ကြား။ delivery ကို ကားနဲ့ လိုက်ပို့နေရင်လဲ ဘန်ကောက်ကားကြပ်ပုံမျိုးနဲ့ စားရဖို့ မလွယ်ဘူး။ မော်တော်ဆိုင် ကယ်ကျတော့ ပလက်ဖောင်းပေါ်က တက်မောင်းတယ်လေ။ ဒါကတော့ မိတ်အင်ဘန်ကောက် ပါ။ ဟိုတုန်းက အမေရိကအနံ့အသက် မက်ဒေါ်နယ်လ်၊ ကင်တပ်ကီ လောက်ပဲ။ ခုတော့ Pizza တွေအပြင်, ယိုးဒယားစာနဲ့ ရေးထားတဲ့ Malboro, Kit-kat, Frito-lay, Trident တွေ 7-Eleven ထဲအကုန် ရောက်နေပြီ။ မိတ်အင်ထိုင်းလင်း.......

xxxx xxxxx xxxx xxxxx

ဘန်ကောက်ရောက်ပြီး နောက်တနေ့ မနက်နိုးတော့ ဟိုတယ်က မနက်စာကြွေးတဲ့ အခန်းကိုသွားကြည့်တယ်။ မဖွင့်သေးဘူး။ ကိုယ့်မှာ ခရီးသွားရင် ပြဿနာက အဲဒါပဲ။ ကိုယ် အိပ်ယာကထတဲ့ အချိန်ဟာ ဟိုတယ်တွေမှာ မနက်စာမကြွေးသေးဘူး။ ကိုယ်ကလဲ ဟိုတယ် ကကြွေးတဲ့ မနက်စာထက် အပြင်မှာ စောစောစီးစီး ရောင်းချတဲ့အစာကို ပိုမက်တယ်။
ဘာခက်တာလိုက်လို့ လမ်းတွေက ကျွမ်းပြီးသားပဲဟာ။ ဖက်ဘူလီရဲ့ လမ်းကြားနေရာ အတော်များများမှာ သူ့အချိန်နဲ့သူ စားစရာ မပြတ်ရှိနေတာ။ ဘုန်းကြီးတွေ ဆွမ်းခံကြွတာကို ကြည်ညိုလိုက်ပြီး လမ်းဘေးမှာကြော်ရောင်းနေတဲ့ အီကြာကွေးသည်ဆီက cell phone လောက်အရွယ် အီကြာကွေးကလေးတွေ ၀ယ်လာခဲ့တယ်။
ဟိုတယ်ခပေးတဲ့ထဲမှာ မနက်စာအတွက်ပါ ထည့်တွက်ထားတာမို့ မစားရင်လဲ မတန်ဘူး။ လမ်းဘေးမှာ ထိုင်းတွေရောင်းတာလောက်တော့ မမက်မောလှပေမဲ့ မပျက်မကွက် စားပါတယ်။ ဒါပေမယ့် ထိုင်းဟိုတယ်တွေက များသောအားဖြင့် ကိုယ့်ပါးစပ်နဲ့ တွေ့တဲ့ မနက်စာတွေ ရတတ်ပါတယ်။ သူတို့မှာ မနက်စာကို အရှေ့တိုင်းအစာ၊ အနောက်တိုင်းအစာ နှစ်နေရာခွဲထား တတ်တာမို့ အရှေ့တိုင်း အစာဘက်မှာ ထမင်းကြော်ဖြစ်ဖြစ်၊ ကြာဇံကြော်ဖြစ်ဖြစ်၊ ကွေ့တီယို ဖတ်စီယူ ဖြစ်ဖြစ်၊ ဆံပြုတ်ဖြစ်ဖြစ်၊ ခံတွင်းတွေ့မယ်ထင်တာ ပန်းကန်ထဲလျှောက်ထည့်ပြီး၊ အပြင်က ကိုယ်ဝယ် လာတဲ့ အီကြာကွေးနဲ့ လက်ဘက်ရည်နဲ့ တနေ့တာ ခရီးရှည်ချီတက်ဖို့ ဗိုက်ကို အပြတ်ဖြည့် ထားရတယ်။

xxxx xxxx xxxx xxxx

လွန်ခဲ့တဲ့ ရှစ်နှစ်က ကွန်ပြူတာတွေ cell phone တွေက ဘန်ကောက်မှာ မတွင်ကျယ် သေးဘူး။ ပိုက်ဆံချမ်းသာတဲ့လူတွေ လမ်းပေါ်မှာ ကြွားဝါပြီးကိုင်ကြတဲ့ 1 litre ရေသန့်ဘူးအရွယ် လောက်ကြီးတဲ့ ဝေါ်ကီတော်ကီလိုမျိုး တယ်လီဖုံးတွေ။ အိမ်ဖော် ကောင်မလေးက နောက်ကနေ တယ်လီဖုံးခြင်းကို ကိုင်လိုက်ရတဲ့၊ အဖြစ်မျိုးတွေ မတွေ့ရ တော့ဘူး။ ငှက်ပျောကြော်သည် အမျိုးသမီးက ဆိုင်ခင်းဖို့ ဗန်းတွေချ၊ ခုံတွေခင်းနေတာ cell phone ပန်းရောင်ကလေးကို နားနဲ့ ပုခုံးကြားမှာညှပ်ပြီးပြောလို့။
ဟိုတုန်းက မာဘွန်ခရောင် Mabong Khrong မှာ ခိုးကူး ကွန်ပြူတာ game diskette တွေ ရောင်းတယ်။ ဆယ်ဘတ် လောက်ပဲပေးရတာ။ ဈေးလည်ခေါင်က လူသွားလမ်းဘေး တွေမှာ အ၀တ်ကန့်လန့်ကာတွေ ကာထားတဲ့ စပွဲတခင်းစာ ဆိုင်ခန်းလေး တွေ။ သူ့ဆီမှာ အယ်လ်ဘမ်နဲ့ ကက်တလောက်ပဲ ထားတယ်။ လိုချင်တာမှာခဲ့၊ နောက်တခေါက် ပြန်သွား ရတယ်။
ခုတော့ Pan Tip ပလာဇာ လေးထပ်တိုက်ကြီးတခုလုံး ကွန်ပြူတာနဲ့ ကွန်ပြူတာ ဆိုင်ရာ ပစ္စည်းတွေချည်းပဲ။ ခေတ်ပြောင်းတာက မြန်လိုက်တာ။

xxxx xxxx xxxx xxxx xxxx

ပထမဆုံး ပြန်ခြေချတဲ့(၁၉၉၉) ခရီးကို ရတုန်းရခိုက် ဘန်ကောက်မှာပဲ ကုန်ချင်တယ်။ ဟိုတယ်မှာ တနေ့တနေ့ ဆင်းလိုက်တက်လိုက်၊ ၀င်လိုက်ထွက်လိုက်နဲ့ တယောက်ထဲ ရှုတ်နေ တာကို သတိထားမိတဲ့ လူကလဲ သတိထားမိတယ်။ တနေ့တော့ ဟိုတယ်ဧည့်ခန်းမှာ စပွဲတလုံး ချပြီး အယ်လ်ဘမ်စာအုပ်တွေ ရှေ့ချထားတဲ့ မိန်းမက၊ သူ့ဘက်ကို လှည့်အကြည့်မှာ အကြည့် ချင်းဆုံသွားတာနဲ့ကို 'ဆ၀ါဒီခ' ပြီး သူ့အယ်လ်ဘမ်ကို လှမ်းပြတော့တာပဲ။ ကိုယ်ကလဲ သိတဲ့အတိုင်း စပ်စပ်စုစုသမားဆိုတော့ အနားကပ်သွားပြီး သွားကြည့်လိုက်တယ်။
သူက ခရီးသွားလုပ်ငန်း ကုမ္ပဏီတခုက ကိုယ်စားလှယ်။ ကိုယ်တည်းနေတဲ့ First Hotel နဲ့ မဆိုင်ဘူး။ ကြည့်စရာရှုစရာ သွားချင်စရာတွေ၊ သွားလို့ရတဲ့ Tour Packages တွေလာရောင်းတယ်။ ချင်းမိုင်သွားမလား၊ မဲဆောက်သွားမလား၊ ကျောက်ဖရားမြစ်ထဲ လှေစီးမလား၊ တောထဲမှာဆင် သွားစီးမလား၊ မြွေအလမ္ပါယ်ကြည့်မလား၊ မိချောင်းကြည့် မလား၊ ကန်ချနဘူလီက ကွေးမြစ်ပေါ်က ၀ါးဖောင်ဟိုတယ်မှာ သွားအိပ်မလား၊ သွားနည်းမျိုးစုံ၊ ကြည့်စရာမျိုးစုံကို သူ့ အယ်ဘမ် ထဲမှာ သူ့နှုန်းထားနဲ့သူ ပြထားတယ်။
သူ့အတိုင်းသာဆို ငွေထုပ်ပိုက်လာပြီး ဘန်ကောက်မှာ နှစ်လ သုံးလနေမှ ရမလားပဲ။
ဒါနဲ့ ကိုယ်စိတ်ဝင်စားတဲ့အထဲက ည လဲ မအိပ်ရဘူး၊ ဈေးလဲအသင့်အတင့် တခုကို ရွေးလိုက်တယ်။
အယုဒ္ဓယခရီးစဉ်....။
သူ့ နည်းနာထဲမှာ ဈေးအပေါဆုံးခရီးစဉ်က နေ့ချင်းပြန်၊ အသွားအပြန် Tour Bus နဲ့။ အလယ်အလတ်ဈေးနှုန်းက Tour Bus နဲ့ သွား၊ သင်္ဘောနဲ့ပြန်၊ သင်္ဘောပေါ်မှာ နေ့လည်စာ ကြွေးတယ်။ အလည်အလတ်နှုန်းထားပဲ ကားနဲ့သွား၊ သင်္ဘောနဲ့ပြန်တာကို လက်မှတ်တစောင် ဖြတ် လိုက်တယ်။
နောက်တနေ့ မနက် ဟိုတယ်မှာ breakfast စားပြီးတာနဲ့ အသင့်လာစောင့်နေတဲ့ van ကားလေးနဲ့ တနေရာကို လိုက်သွားရတယ်။ အဲဒီမှာ သူတို့ Tour Bus ကြီးတွေ ရှိတယ်။ ကိုယ်လိုပဲ ဟိုတယ်တွေက သူလိုက်ကောက်လာတဲ့ လူတွေကို ဆိုင်ရာကားတွေပေါ် တင်ပေး တယ်။
စနစ်ကျပြီး အဆင်ပြေလိုက်တာမှ သိပ်ကို ကျေနပ်စရာကောင်းတာပဲ။ ပြောထားတုန်း ကတမျိုး၊ လုပ်တော့တမျိုး မဖြစ်ဘူး။ လမ်းတလျှောက် သူ့အစီအစဉ်တွေက ချိတ်ဆက်ကို မိနေတာပဲ။
အယုဒ္ဓယမှာ ကြည့်ထိုက်တာတွေကို Tour company က သူ့စကားပြန်နဲ့သူ အနှံ့လိုက် လံရှင်းပြတယ်။ အယုဒ္ဓယကို မြင်တော့ ကိုယ့်ပြေကိုယ့်ရွာ ပုဂံကို သတိရလိုက်တာ။ မြို့ခံနယ်ခံတွေရဲ့ လူမှုစီးပွါးအခြေအနေ ကောင်းပုံရတော့ နိုင်ငံခြားခရီးသွားတွေ အပေါ်မှာ ရှက်စရာ၊ မျက်နှာပူစရာအဖြစ်တွေ မတွေ့ခဲ့ရဘူး။
ဗမာတွေ ဖျက်သွားလို့ ပျက်ရတဲ့ အယုဒ္ဓကို သင်ခန်းစာ ယူဖွယ် ရေးသားထားတာတွေ ဖတ်ရတော့ ရင်နင့်စရာ ကောင်းပါတယ်။ စစ်ပွဲတွေကို အမှတ်အသားပြရာမှာ ဒီနေရာက တိုက်ပွဲဖြစ်တဲ့နေရာ၊ ဒီနေရာက ဘယ်သူနဲ့ဘယ်သူ စီးချင်းထိုးတဲ့နေရာ စသဖြင့် သမိုင်းကို အသေအချာ မှတ်တိုင်ထူပြထားတာတွေ လိုက်ပြီး ဖတ်ရုံနဲ့ ကိုယ့်နားထဲ ဆင်သံမြင်းသံ၊ အော်သံဟစ်သံတွေ ကြားလာသလိုပဲ။
ဧည့်သည်တွေ အပျော်စီးဖို့ ဆင်တွေလဲလုပ်ထားတယ်။ ဆင်ဦးစီးတွေက ရှေးတုန်းက အယုဒ္ဓယသားတွေ အ၀တ်အစားနဲ့။ မြို့ထဲ တချို့နေရာတွေမှာ ဘုရားပျက်တွေက Appartment တိုက်တွေကြား ရောက်နေတာ ကြည့်ရတာ အရသာ တမျိုးပဲ။ (ချင်းမိုင်မှာလဲ ဒါမျိုးတွေ့ဖူး တယ်)။
နေ့တ၀က်နဲ့ ပြစရာတွေ လျှောက်ပြပြီး သင်္ဘောဆိပ်ကို ရောက်လာတယ်။ သူ့လိုပဲ တခြား Tour ကုမ္ပဏီတွေက ကားတွေကလဲ နေ့လည်စာ စားချိန်အမီ မြစ်ဆိပ်ကို အသီးသီး ရောက်လာကြတယ်။ ကိုယ့်စိတ်ထဲမှာ နေ့တ၀က်ဟာ အယုဒ္ဓယကို သိမြင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ညအိပ်ညနေ နားနားနေနေ ကြည့်မှ နှံ့စပ်သိမြင်နိုင်လိမ့်မယ်။ ခုဟာက ရောက်တဲ့အချိန်မှာပဲ နေကအတော်ပူနေပြီ။ မကြည့်နိုင်တော့ဘူး။
လူစုံလို့ သင်္ဘောထွက်တာနဲ့ အသင့်ပြင်ဆင်ထားတဲ့ နေ့လည်စာနဲ့ တည်ခင်းဧည့်ခံ တော့တာပဲ။ အစားနဲ့ အချိုရည်က buffette အလကားကြွေးတယ်။ ယမကာက ကိုယ့်စရိတ်နဲ့ ကိုယ်။
မိုးမချုပ်ခင် မှောင်စပျိုးမှာ ဘန်ကောက်ပြန်ရောက်လာတယ်။

မောင်မင်းရာ။





စက်တင်ဘာ၊ ၂၀၀၈။

Sunday, September 28, 2008

ပြည်တော်သာခင်ခင်ဦး (၁၉၅၂-ခု၊ စက်တင်ဘာလ)


{ပြည်တော်ကို တကယ်သာချင်ရှာသော ဗမာနိုင်ငံသားတိုင်း........သို့}
စာရေးသူ။
(ဗန်းမော်တင်အောင်)



စာရေးသူ၏အမှာ။

(က)
"ပြည်တော်သာရမည်......"
အထက်ပါ ကြွေးကြော်သံတရပ်ကား အရပ်ရှစ်မျက်နှာနှင့် အကြိုအကြားများ၌ပင် မကျန် ယနေ့တွေ့မြင်ကြားသိ၍ ဘတ်ရှုနေကြရသည်။ အမျိုးလေးပါးမျှသာမက၊ အရူးများပင် ဘတ်ရှုနေရပေလိမ့်မည်။ ဤ "ကြွေးကြော်သံ" သည် လူထု၏အသံမဟုတ်၍ ငွေကြေးအတော် အကုန်အကျခံကာ ကြော်ငြာပေးနေပုံလည်းရသည်။
"ပြည်တော်သာရမည်......တဲ့......."

(ခ)
ယနေ့ ဗမာနိုင်ငံ၏ အများဆုံးသော ပြည်သူလူထုကြီးဖြစ်သည့် အလုပ်သမားများ လယ်သမားများ စားရမဲ့၊ နေရမဲ့နှင့် ငတ်မွတ်ကာ ဒုက္ခအမျိုးမျိုး ရောက်နေရသော အချိန်၌ "ပြည်တော်သာရမည်" ဟူသော ကြွေးကြော်သံကို ကြားရ၏။
ယနေ့ ဗမာနိုင်ငံ၌ ပြည်သူတို့၏ ဒီမိုကရေစီအရေးအခွင့်များအား ဖျက်ဆီးပိတ်ပင်ခြင်း ခံနေရသည်နှင့်အမျှ ပြည်သူ့သားကောင်း သမီးကောင်း မြောက်မြားစွာတို့သည် အာဏာပိုင်တို့ ၏ လုပ်ကြံမှုတရားရုံးတော်များနှင့် အကျဉ်းထောင်များ၌ အမျိုးမျိုး စွပ်စွဲခြင်းခံရလျက် အမျိုးမျိုး ရိုက်နှက်ညှင်းပန်း နှိပ်စက်ခြင်းကို အော်ဟစ်ညည်းတွားခံနေရသော အချိန်၌ "ပြည်တော်သာရ မည်" ဟူသော ကြွေးကြော်သံကို ကြားရ၏။
ယနေ့ ဗမာနိုင်ငံ၌ "ဗမာလူမျိုးကြီး" ၀ါဒ၏ ဖိနှိပ်ချုပ်ချယ်မှု လက်ဝါးကြီးအုပ်၍ အာဏာရှင်ဆန်ဆန်ကျင့်ကြံမှုများကြောင့် လူနည်းစုများဖြစ်ကြသော ကရင်-မွန်-ရှမ်း-ပအိုး-ကချင်-ချင်း-ကယား နှင့် ရခိုင်အမျိုးသားတို့သည် ၎င်းတို့ အမျိုးသားလွတ်မြောက်ရေးနှင့် ကိုယ်ပိုင်ဆုံးဖြတ်ပြဌာန်းပိုင်ခွင့်အတွက် လူးလဲရုန်းကန်နေရသော အချိန်၌ "ပြည်တော်သာရ မည်" ဟူသော ကြွေးကြော်သံကို ကြားရ၏။
ယနေ့ ဗမာနိုင်ငံ၌ နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းချင်းအား ညီတူမျှတူ သဘောမထားဘဲ တပါတီအာဏာရှင်စနစ် ကျင့်သုံးမှုကြောင့်၎င်း၊ ဖိနှိပ်ချုပ်ချယ်မှုကြောင့်၎င်း၊ လေးနှစ်ကျော်ငါးနှစ်မျှ ပြည်တွင်းစစ်ပွဲသည် ရှည်လျားကြာမြင့်လာခဲ့သော အချိန်၌ "ပြည်တော်သာရမည်" ဟူသော ကြွေးကြော်သံကို ကြားရ၏။
ယနေ့ ကမ္ဘာကြီးတခုလုံးကို လက်ဝါးကြီးအုပ်၍၎င်း ထင်သလိုချယ်လှယ်သွေးစုပ်ရန် မိုက်မဲစွာ စိတ်ကူးရင်း၊ မိုက်မဲလှသော စိတ်ကူးကို လက်တွေ့အကောင်အထည် ဖော်ရေး အတွက် နောက်ထပ် တတိယကမ္ဘာစစ်ကြီးတခုကို ရန်စမီးမွှေး၍ တိုက်ခိုက်ရန် ကမ္ဘာ့အနိုင် နိုင်ငံ၌ ကျူးကျော်ဝင်ရောက်ကာ စစ်အခြေခံစခန်းများ ပြုလုပ်လျက် အမေရိကန်နယ်ချဲ့သမား သည် စစ်မက်ပြင်ဆင်နေ၏။ ဥရောပတိုက်တွင် ဆိုဗီယက်ယူနီယံနှင့် ပြည်သူ့ဒီမိုကရေစီနိုင်ငံ များအား ၀င်ရောက်တိုက်ခိုက်ရန် အတ္တလံတိတ်ကျူးကျော်ရေး စာချုပ်များကိုချုပ်၍ နာဇီ ဂျာမဏီအား လက်နက်တပ်ဆင်စေ၏။ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများ၌ လက်နက်နိုင်ငံ များနှင့် စစ်စခန်းများကို ဆောက်လုပ်နေ၏။ ဤကဲ့သို့ အလားတူပင် အာရှတိုက်၌ တရုပ်ပြည်သူ့သမတနိုင်ငံနှင့် ကိုလိုနီနှင့် ကိုလိုနီတပိုင်းနိုင်ငံများ၏ အမျိုးသားလွတ်မြောက်ရေး ကို ဖျက်ဆီး တိုက်ခိုက်ရန် အတိအလင်း ၀င်ရောက်တိုက်ခိုက်ရန် ခြိမ်းခြောက်နေခြင်းမှ ယနေ့ ကိုးရီးယား၌ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ကာ အပြစ်ကင်းမဲ့သော ကိုးရီးယားပြည်သူတို့အား မီးလောင်ဗုံးကြီးများ အဆိပ်ပိုးမွှားလက်နက်များဖြင့် သတ်ဖြတ်ကာ ယခင်ဖက်ဆစ်ဂျပန်အား လည်း လက်နက်တပ်ဆင်လျက် ရှိနေသောအချိန်၌ ဗမာနိုင်ငံတွင် "ပြည်တော်သာရမည်" ဟူသော ကြွေးကြော်သံကို ကြားရ၏။
ယခုကဲ့သို့ တရားလွန်ကျူးကျော် သောင်းကျန်းနေသော အမေရိကန်နယ်ချဲ့သမားအား လက်ရှိအာဏာပိုင်တို့သည် သွားရောက်ပင့်ဖိတ်လာခဲ့ပြီးနောက်၊ အမျိုးမျိုးသော တဖက်သတ် စာချုပ်များကို ချုပ်ဆိုလက်ခံခဲ့ကြခြင်းကြောင့် အမေရိကန်နယ်ချဲ့သမားသည် ဗမာနိုင်ငံ၌ စစ်သင်္ဘောကျင်းများ၊ စစ်လေယဉ်ပျံကွင်းများကို အတိအလင်း ဆောက်လုပ်နေကာမျှနှင့် မရပ်သေးဘဲ ဗမာနိုင်ငံ၏ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကို ဖျက်ဆီးချေမှုန်းရန်နှင့် တရုပ်ပြည်သူ့သမတနိုင်ငံအား ရန်စ, ၀င်ရောက်တိုက်ခိုက်ရန် တရုတ်ဗမာနယ်စပ် တလျှောက် ၌ လက်နက်ကိုင်စစ်တပ်များဖြင့် ကျူးကျော်ဝင်ရောက်ကာ တပ်စွဲနေ၍ ဗမာနိုင်ငံ၏ အခြေ အနေသည် အလွန်တရာ စိုးရိမ်ထိတ်လန့်ဘွယ်ရာ ကျရောက်နေရသော အချိန်၌ "ပြည်တော် သာရမည်" ဟူသော ကြွေးကြော်သံကို ကြားရ၏။
ဤကဲ့သို့ နိုင်ငံတကာ့ရေးရာအခြေအနေသည် စိုးရိမ်ထိတ်လန့်ဘွယ်ရာ ဖြစ်ပေါ်နေကာ ပြည်တွင်းအခြေအနေသည်လည်း ကြောက်မက်ဆိုးဝါးဘွယ်ရာ ဖြစ်ပျက်နေရသော အချိန် ကာလ၌ "ပြည်တော်သာရမည်" ဟူသော လူတစုလောက်က အော်ဟစ်ကြွေးကြော်နေခြင်းမှာ သူရူး၏ ဆောင်းညအိပ်မက်၌ ဂယောင်ဂတမ်းနှင့် ပြောမိပြောရာ ပြောဆိုနေခြင်းနှင့်သာ တူနေပေသည်။ အနက်အဓိပ္ပါယ်မရှိ၊ အမြီးအမောက်လည်းမတည့်၊ မိမိဘာသာ ယောင်ယမ်း ပြောဆိုနေသော စကား၏ အနက်အဓိပ္ပါယ်ကို သူရူးသည် သိချင်မှသာ သိပေမည်။
"ပြည်တော်သာရမည်...... တဲ့...."

(ဂ)
"ပြည်တော်သာ" သည် လူတိုင်း၏ အိပ်မက်ဖြစ်၏။ အမျိုးလေးပါးသာမက အရူးလဲပါ၏။ သို့ရာတွင် အိပ်မက်ကို အကောင်အထည်ဖော်ရာ၌ ဖြစ်ပေါ်နေသော လက်ရှိအခြေအနေအား ကောင်းစွာနားလည်နှံ့စပ်ခြင်း ရှိရမည် ဖြစ်သကဲ့သို့၊ အတိတ်၏ ရာဇ၀င်ကိုလည်း ကောင်းစွာ နားလည်ထားရန်လို၏။ သို့မှသာ အနာဂါတ်၌ရှိသော "ပြည်တော်သာ" အတွက် လက်တွေ့ တည်ဆောက်ရမည့် လုပ်ငန်းကို ချမှတ်နိုင်ပေလိမ့်မည်။
"ပြည်တော်သာရမည်" ဆိုသော ပြည်တော်သာ၌ လူတစုနှင့် တပါတီအတွက်လောက် သာ ပြည်တော်သာနေလျင် ထိုပြည်တော်သည် ပြည်တော်သာ မဟုတ်နိုင်ဘဲ ပြည်တော်နာ နှင့် ပြည်တော်ချာသာ ဖြစ်ပေလိမ့်မည်။ "ပြည်တော်သာ" ဆိုသည်မှာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် သာနိုင်မှ တကဲ့ပြည်တော်သာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် တယောက်တလက် ပြည်တော်သာသော့ချက်ဟူသော ဆိုထုံးစကားကဲ့သို့ "ပြည်တော်သာရမည်" ဟူသော ကြွေးကြော်သံအတွက် ပြည်သူတို့၏ ဘဏ္ဍာငွေများဖြင့် ကြော်ငြာနေကြသူများကား ကြော်ငြာကာလှည့်ဖျားနေကြသည့်အခိုက် ပြည်တော်ကို အမျိုး လေးပါးနှင့် သူရူးပါမကျန် လူတိုင်းလူတိုင်းအတွက် တကယ်သာစေလိုလှသော လူငယ်စာရေး ဆရာတဦး သတင်းစာဆရာတဦး အနေနှင့် ခဲခဲယဉ်းယဉ်းနှင့် အလုအယက်ဘမ်းဆီးနေရသော အချိန်ကလေး အနည်းမျှကြားမှ သူ၏ "ပြည်တော်သာခင်ခင်ဦး" ကို ကျိုးပမ်းရေးထုတ်၍ တင်ပြခြင်း ပြုလိုက်ရပါသည်။
"ပြည်တော်သာရမည်......."
သို့ရာတွင် လူတစုနှင့် တပါတီအတွက်မျှသာမဟုတ်၊
ဗမာတမျိုးသားလုံးအတွက် ပြည်တော်သာရမည်။

တင်အောင်။
၂၄-၈-၅၂။

Friday, September 26, 2008

ဂျက်လန်ဒန်၊ သူ့ဘ၀ သူ့စာပေ (ဒုတိယအကြိမ်-၂၀၀၁၊ ဇွန်လ)


ဒုတိယအကြိမ် ထုတ်ဝေသူ့အမှာ

စာပေသူရဲကောင်းတလူ

'လောက၌ ထာဝရ မိတ်ဆွေနှင့် ထာဝရ ရန်သူဟူ၍ မရှိ။
ထာဝရ အကျိုးစီးပွါးသာရှိသည်'

(ဗန်းမော်တင်အောင်၏ မြစ်ဧရာပေါ်ဝယ်...... မှ)

ပုဂံရွှေပြည်မှသည် စတုတ္ထမြန်မာနိုင်ငံသမိုင်းခေတ်ဆီ......
စာပေသူရဲကောင်းနှင့် မဟာစကြာဝဠာထဲကလင်းယုန်


(၁)
လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်ခန့်ဆီက
မဟာစကြာဝဠာထဲ တောင်ပံတဖျန်းဖျန်းခတ်လျက် ပျံဝဲသွားခဲ့လေသော
လင်းယုန်ကြီး .........

ထိုလင်းယုန်ကြီးသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသည့်နောက် စတုတ္ထမြန်မာနိုင်ငံ သမိုင်းခေတ်၏ စာပေလောက အတိုင်းအတာအားဖြင့် 'ကြီးမြတ်ခြင်းဂုဏ်' နှင့် ထိုက်တန်သည်ဟု ကောင်းမြတ်သော မနသီနှင့် ကျွန်တော်တွေးဆ ဆင်ခြင်မိသည်။ ဤသည်မှာ ကျွန်တော် တဦးချင်း၏ တသီးပုဂ္ဂလ ခံစားသိမြင် နားလည်ချက်မျှသာ ဖြစ်ပါသည်။

'ရိုးသားဖြောင့်မတ်ခြင်း (Simplicity) မရှိသောနေရာ၌ ကြီးမြတ်ခြင်းတရား (Greatness) သည် မရှိ'


ဟု ကမ္ဘာကျော် ရုရှစာရေးဆရာကြီး လီယိုတော်စတွိုင်းက မြွက်ဆိုဖူးသည်။ ဆရာဗန်းမော်တင်အောင်သည် မိမိ၏ လူမှုအဖွဲ့အစည်းအတွင်း သူရောက်ရှိခဲ့သော အဆင့်နှင့် နေရာတိုင်း၌ လူပုဂ္ဂိုလ်ရေးရာအရလည်းကောင်း၊ စာပေရေးရာအားဖြင့်လည်းကောင်း၊ ရိုးသားဖြောင့်မတ်ခြင်း အလှဂုဏ်နှင့် ကုံလုံပြည့်စုံသည် ဟူသောအချက်ကို 'အချိန်တည်း ဟူသော သဲပွင့်ကလေးများပေါ်တွင် အမှတ်ထင်ထင် တင်ကျန်ရစ်သော သူ၏လက်ရာများ' က အခိုင်အမာ သက်သေထူပြလျက် ရှိသည်။

(၂)
ဆရာဗန်းမော်တင်အောင်အပါအ၀င် မြန်မာ့သမိုင်းပညာရှင်နှင့် သမိုင်းသုတေသီတွေ က မြန်မာ့လူမှုဖြစ်ပေါ်တိုးတက်ရေးနှင့် မြန်မာ့သမိုင်းအစဉ်ကို အဓိကအားဖြင့် သမိုင်းခေတ်ကြီး လေးခေတ် ဆစ်ပိုင်းခွဲခြား ပြကြပါသည်။
အနော်ရထာမင်း တည်ထောင်ခဲ့သော ပုဂံရွှေပြည်ကို ပထမမြန်မာနိုင်ငံ သမိုင်းခေတ်၊
တပင်ရွှေထီးနှင့် ဘုရင့်နောင်ကျော်ထင်နော်ရထာတို့ တည်ထောင်ခဲ့သော ဟံသာဝတီ ရွှေပြည်ကို ဒုတိယမြန်မာနိုင်ငံသမိုင်းခေတ်၊
အလောင်းမင်းတရား ဦးအောင်ဇေယျတည်ထောင်ခဲ့သော ကုန်းဘောင်ရွှေပြည်ကို တတိယမြန်မာသမိုင်းခေတ်နှင့်၊
လွတ်လပ်သော ပြည်ထောင်စုသမ္မတနိုင်ငံကို စတုတ္ထမြန်မာနိုင်ငံသမိုင်းခေတ်
ဟူ၍ ဖြစ်သည်။
ကျွန်တော် စီးပွါးရေးတက္ကသိုလ်သို့ တက်ရောက်ခါစ .... ဆရာဗန်းမော်တင်အောင်၏ 'မြန်မာနိုင်ငံတော်သမိုင်း' နှင့် 'ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း' အမည်ရှိ သမိုင်းစစ်တမ်း ကျမ်းနှစ်စောင်အပြင် အခြားသောမြန်မာ့သမိုင်းပညာရှင်တွေ၏ ကျမ်းအစောင်စောင်ကိုလည်း အတော်အသင့် လေ့လာဖတ်ရှုခွင့် ရခဲ့ပါသည်။ ထိုမြန်မာ့သမိုင်းကျမ်းများ၌ လွတ်လပ်ရေးရပြီး နောက် ပြည်ထောင်စုမြန်မာနိုင်ငံကို စတုတ္ထမြန်မာနိုင်ငံ သမိုင်းခေတ်ဟူ၍ တင်စားခေါ်ဝေါ် သော အဆိုအမိန့်တရပ် ပါရှိပေရာ၊ ထိုအဆိုကို ကျွန်တော်လွန်စွာ နှစ်ခြိုက်သဘောကျမိ ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် စတုတ္ထမြန်မာနိုင်ငံ သမိုင်းခေတ်ထဲမှာ မွေးဖွားရှင်သန်ပြီး၊ လူဖြစ်တည်နေမှု ကြုံဆုံခွင့်ရထားသူ တဦးပါကလားဟူသော အသိဖြင့် မိမိကိုယ်မိမိ ဂုဏ်ယူဝင့်ကြွားစိတ်၊ နိုးထတက်ကြွမှု လှိုင်းခတ်ခံစားရသောကြောင့်ပင် ဖြစ်ပါသည်။
မှန်ပါသည် ..... ကျွန်တော်တို့ ဖြတ်သန်းလျှောက်လှမ်းနေသည့် စတုတ္ထမြန်မာနိုင်ငံ သမိုင်းခေတ်သည် ကမ္ဘာ့စနစ်ကြီး အထွေထွေအရပ်ရပ် တိုးတက်ဖြစ်ထွန်းပြောင်းလဲမှုနှင့် ရင်ဘောင်တန်းလျက် အလွန်ထူးခြားတောက်ပသည့် သမိုင်းလက္ခဏာနှင့် ပြည့်စုံ၍ အနာဂတ်စက်မှု၊ အီလက်ထရွန်နစ်၊ ကွန်ပြူတာအဆင့်မြင့်နည်းပညာနှင့် တတ်သိပညာ ဖွံ့ဖြိုးတိုးတက်မှုတို့နှင့်အတူ အလျှံပယ်ကြွယ်ဝချမ်းသာသော လိုတ,ရ ခေတ်မီမြန်မာ့လူမှုအဖွဲ့ အစည်း ပေါ်ထွန်းဖြစ်တည်နေမည့် ပဉ္စမမြန်မာနိုင်ငံသမိုင်းခေတ်သစ်ဆီ ဦးတည်လှမ်းတက်ဖို့ ရေခံမြေခံကောင်း မြှော်လင့်ချက်ရောင်ခြည် သန်းဖြာလင်းလက်နေသည့် အခါသမယဟု ဆိုရကောင်းမည် ထင်ပါသည်။

(၃)
ပြင်သစ်ပြည် ခေတ်ဆန်းချိန်ကာလကို အင်္ဂလိပ်ကဗျာစာဆို သုခမိန်ကြီး ၀ဒ်စ၀သ် (Wordsworth) က ကဗျာတပုဒ်ရေးဖွဲ့ မွမ်းထုံပြခဲ့သည်။ ထိုကဗျာထဲမှာ ပွင့်သစ်စ နုပျိုငယ်ရွယ်သူ မျိုးဆက်သစ်တွေကို ရည်ညွှန်းထားသည့် စာပိုဒ်ကလေးတပိုဒ် ပါရှိပါသည်။ ကျွန်တော်ကား သာမန်စာဖတ်သူတဦးမျှသာဖြစ်ပြီး ကဗျာဖွဲ့နွဲ့တတ်သူ ကဗျာဆရာတဦး မဟုတ်လေ၍ မြန်မာပြန်ရန် မ၀ံ့စားပါ။ သို့ပါ၍ ရန်ကုန်တက္ကသိုလ် သမိုင်းပါမောက္ခဟောင်း ဆရာဦးတင်အုန်း (ယခုကွယ်လွန်) ပြန်ဆိုထားချက်ကို မူရင်းနှင့်တွဲ၍ စာဖတ်သူတွေ ခံစားနိုင်ရန် ဖော်ပြလိုက်ရပါသည်။

'Bliss was it in that dawn to be alive,
But to be young was very heaven!'
'ဟောင်းနွမ်းသောဘ၀အခြေမှ
သစ်လွင်သောဘ၀အခြေကို
ကူးပြောင်းတည်ဆောက်နေသော
ရောင်နီပျိုးဖျ တော်လှန်ရေးကာလနှင့်
ကြုံရဆုံရခြင်းသည် ကံထူးသည်။
စွမ်းအားသစ်သစ် ငယ်ရွယ်သူများဖြစ်မူ
အဟောဝတ သာလွန်၍ပင် ကံထူးစွ'

(ပညာပဒေသာစာစောင်၊ အတွဲ ၅၊ အပိုင်း ၄၊ ၁၉၇၈။)

ကောင်းပြီ..... စတုတ္ထမြန်မာနိုင်ငံ သမိုင်းခေတ်မှသည် အလျှံပယ်ကြွယ်ဝချမ်းသာသော လိုတ,ရ ခေတ်မီမြန်မာ့လူမှုအဖွဲ့အစည်း (Mordern Affluent Society of High-mass Consumption) ပေါ်ထွန်းဖြစ်တည်နေမည့် ပဉ္စမမြန်မာနိုင်ငံ သမိုင်းခေတ်သစ်ဆီ မြှော်လင့်ချက်ရောင်ခြည် သန်းဖြာလင်းလက်နေသည့် အခါကာလကောင်း......။

(၄)
အင်္ဂလိပ်စာပေ သုခမိန်ကြီး သောမဲ့စ်ကာလိုင်း (Thomas Carlyle) က သူ့ခေတ် သူ့အခါ၏ ကာလဒေသပယောဂ ရုပ်ဝတ္ထု အခြေအနေများကိုကြည့်၍ လူ့လောက၌ သူရဲကောင်း ၆ မျိုးရှိသည်ဟု သူရဲကောင်းတို့၏ ပုံရိပ်များကို မီးမောင်းထိုးပြဖူးသည်။ ထို သူရဲကောင်း ၆ မျိုးအကြောင်းကို ဤနေရာ၌ ကျွန်တော် အကျယ်ဆွေးနွေးမည် မဟုတ်ပါ။ အမြွက်မျှ ဖော်ပြရုံသာ ရည်ရွယ်ပါသည်။
ပထမအမျိုးအစား သူရဲကောင်းမှာ မိုးကျရွှေကိုယ် သူရဲကောင်း (၀ါ) နတ်ဒေ၀တာ သူရဲကောင်း (Divinity Hero) ဖြစ်သည်။ ကမ္ဘာ့မြေထဲပင်လယ်ဒေသနှင့် ကမ္ဘာ့မြောက်ဘက် ခြမ်းရှိ စကင်းဒီနေးဗီးယန်းလူမျိုးတို့၏ ပဂန်းနစ်ဇင်း(Paganism) ထွန်းကားစဉ်က အိုဒင် (Odin) အမည်ရှိ သူရဲကောင်းမင်းသားတပါး ပေါ်ထွန်းခဲ့ဖူးသည်။ သူကား သတ္တိအလွန် ပြောင်သည်။ အရာရာအောင်နိုင်သည်။ ဆန္ဒရှိသမျှ လိုတ,ရသည်။ သူ့မှာ တိုင်ပင်ဖော်တိုင် ပင်ဖက် ဂုဏ်ရည်တူ မှူးကြီးမတ်ရာ ၁၂ ဦး ရှိသည်။ ထို့ကြောင့် ယင်းဒေသနေ လူအပေါင်း တို့က အိုဒင်ကို နတ်ဒေ၀တာသဖွယ် မိမိတို့၏ သူရဲကောင်းအဖြစ် သက်ဝင်ယုံကြည် ခဲ့ကြသည်။
ဒုတိယ သူရဲကောင်းမျိုးမှာ တမန်တော်သူရဲကောင်း (Prophet Hero) ဖြစ်သည်။ တမန်တော် သူရဲကောင်းအဖြစ် မူဆလင်ဘာသာဝင်တို့၏ အစ္စလမ်ဝါဒ (Islam) ကို ထူထောင် ဟောညွှန်ပြခဲ့သည့် မဟိုမက် (Mahomet) အား သောမဲ့စ်ကာလိုင်းက အဓိကညွှန်းဆိုသည်။
တတိယအမျိုးအစား သူရဲကောင်းကား ကဗျာစာဆို (၀ါ) ကဗျာသူရဲကောင်း (Poet Hero) ဖြစ်သည်။ ဒန်တီ(Dante) နှင့် ရှိက္ကစပီးယား (Shakspeare) တို့မှာ ကြီးကျယ် ထင်ရှားသော ကဗျာသူရဲကောင်းများဖြစ်သည်ဟု ကာလိုင်းက ထောက်ပြသည်။
စတုတ္ထသူရဲကောင်းမျိုးမှာ ဘုန်းတော်ကြီးသူရဲကောင်း (Priest Hero) ဖြစ်သည်။ ခေတ်ပြုပြင်ပြောင်းလဲရေးသမား မာတင်လူသာ(Martin Luther) နှင့် နော့(ဆ်) (Knox) တို့နှစ်ဦးကို ကြီးကျယ်ထင်ရှားသော ဘုန်းတော်ကြီးသူရဲကောင်းများအဖြစ် ကာလိုင်းက ပုံရိပ်ထိုးပြသည်။
ပဉ္စမသူရဲကောင်းမျိုးကား စာရေးဆရာ(၀ါ) စာပေသူရဲကောင်း (Man-of-Letters Hero) ဖြစ်သည်။ ဂျွန်ဆင် (Johnson)၊ ရူးဆိုး (Rousseau)၊ ဘန်းစ် (Burns) နှင့် ဂိုးထေး (Goethe) တို့၏ ပုံရိပ်များကို ကြီးမြတ်ထင်ရှားသော စာပေသူရဲကောင်းတွေဟူ၍ ကာလိုင်းက မီးမောင်းထိုးပြသည်။
နောက်ဆုံး ဆဌမအမျိုးအစားသူရဲကောင်းမှာ မင်းစိုးရာဇာသူရဲကောင်း (King Hero) ဖြစ်သည်။ ကရွမ်းဝဲလ် (Cromwell) နှင့် နပိုလီယွန် (Napoleon) တို့သည် ခေတ်သစ် တော်လှန်ပြုပြင်ပြောင်းလဲရေးသမား မင်းစိုးရာဇာ သူရဲကောင်းကြီးများဖြစ်ကြသည်ဟု သောမဲ့စ်ကာလိုင်းက ညွှန်ပြသည်။

(၅)
သောမဲ့စ်ကာလိုင်း မီးမောင်းထိုးပြသော သူရဲကောင်းပုံရိပ် ၆ မျိုးအနက် စာရေးဆရာ (၀ါ) စာပေသူရဲကောင်း (Hero as a Man of Letters) မှာ ခေတ်သစ်လူသားနှင့် လူ့လောကအတွက် အရေးကြီးဆုံးသော ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်ဖြစ်သည်ဟု မှတ်သားရ၏။ ထို့ကြောင့် စာပေသူရဲကောင်း အယူအဆကို ကျွန်တော်လွန်စွာ စိတ်ဝင်စားမိပါသည်။
ဘယ်လို ပုဂ္ဂိုလ်မျိုးကို စာပေသူရဲကောင်းခေါ်သနည်း။ ကာလိုင်း၏ အလိုအားဖြင့် စာပေသူရဲကောင်း၌ ကြီးကျယ်မြင့်မြတ်သော နှလုံးဝိညာဉ် တခုရှိသည်။ ယင်းနှလုံးဝိညာဉ် သည် သူ့လူမျိုး၊ သူ့ယဉ်ကျေးမှုနှင့် သူ့လောက အ၀န်းအ၀ိုင်းအတွက် သာမဟုတ်၊ လူသားအားလုံး ဆက်နွှယ်ပေါင်းဆုံရာ မနုဿဘုံကြီးအတွက်လည်း မယိမ်းမယိုင် ကျောက်စာ တိုင်ကြီးကဲ့သို့ တည်မြဲခိုင်ခံ့သော ဥပဓိရှိသည်။ ထာဝရ မပျက်မယွင်းသော 'ဂတိမြဲခြင်းဂုဏ်' နှင့် အကြွင်းမဲ့ ပြည့်စုံသည်။ ထို 'မြဲသောဂတိ' ကို အသက်သေဘေးအကြောင်းပြု၍ သော်လည်းကောင်း၊ စည်းစိမ်ဥစ္စာဟူသော အနုပ်ဝတ္ထုကြောင့်သော်လည်းကောင်း၊ စိုးစဉ်းမျှ မဖောက်ဖျက်၊ မပျက်ယွင်းစေပြီ။ သူသည် လောကအတွက် အစဉ်သဖြင့် ဂုဏ်သိက္ခာ ရှိသောအလုပ်၊ ထာဝရကြီးမြတ်သော အလုပ်ကို လုပ်ကိုင်လျက်ရှိသည်။ ဤသို့ 'ဂတိမြဲခြင်းဝိညာဉ်၏အရှင်သခင်' ဖြစ်သောကြောင့် စာပေသူရဲကောင်းသည် လောက၏ မီးရှူးတန်ဆောင်.......၊ လောက၏ ပဲ့ကိုင်မှူး......။ သူလမ်းပြရာနောက်သို့ လောကတခုလုံး လိုက်ကြသည်။ သူ့သွန်သင်ချက်အတိုင်း တလောကလုံး လိုက်လုပ်ကြသည်။ သူနှင့် လူ့လောက အပြန်အလှန်ပြုမူ ဆက်ဆံရေးသည် လူ့လောက၏ ယေဘူယျအခြေအနေကြီး ထဲက အထူးခြားဆုံးနှင့် အရေးပါဆုံး အရာဖြစ်သည်။ သို့ဖြင့် တချိန်သောအခါ၌ ကြီးမြတ်သူ အဖြစ် ထင်ပေါ်ကျော်ကြားလာသည်။ သည်လိုဖြစ်လာအောင် သူ့မှာ နိုးထတက်ကြွသော ၀ိညာဉ် (inspired soul) ရှိသည်။ ထိုဝိညာဉ်သည် ဇစ်မြစ်ကောင်း (၀ါ) ရေခံမြေခံကောင်းရှိခြင်း (originality)၊ နှလုံးစိတ်ဝမ်း ဖြူစင်ဖြောင့်မတ်ခြင်း (sincerity)၊ ပါရမီညာဉ်ထက်သန်ခြင်း (genius) စသည့် စာပေသူရဲကောင်းအရည်အချင်းတွေနှင့် ထုံမွှမ်းနေတော့သည်။ ဤကား သောမဲ့စ်ကာလိုင်း ရေးဆွဲပြသော စာပေသူရဲကောင်း ပုံရိပ်ရှည်ကြီးထဲက လိုရင်းမျှသာပါပဲ။
သို့လျှင်...... ရိုးသားဖြောင့်မတ်ခြင်းနှင့် ကြီးမြတ်ခြင်းဂုဏ် ကုံလုံထုံမွှမ်းနေသည့် စာပေသူရဲကောင်း.......။

(၆)
လူ့အသိ အလိမ္မာတရား ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ လူ့လောက၌ ပုဂ္ဂလိကပိုင် စနစ် ထွန်းကားလာ၍ လူတန်းစားတွေ အကွဲကွဲအပြားပြား ပေါ်ပေါက်လာပြီး ကတည်းက လူသည် ကမ္ဘာလောကကြီးအား အဓိကအမြင် နှစ်မျိုးဖြင့် ကြည့်မြင်လာခဲ့သည်။ ပထမအမြင် က စိတ်ဝါဒအမြင်၊ ဒုတိယက ရုပ်ဝါဒအမြင် ဖြစ်သည်။
လူသည် သာမန်လူမှုကိစ္စရေးရာများ၌ သိသာထင်ရှာခြင်း မရှိသော်လည်း အကျိုးစီးပွါး ပြဿနာများနှင့် နင်လားငါလား ထိပ်တိုက်ရင်ဆိုင်ရသည့်အခါမျိုး၌ကား ဖုံးကွယ်ဟန်ဆောင် ထားခြင်းငှာ မတတ်သာတော့ဘဲ ထိုဝါဒအမြင်နှစ်ရပ်အနက် အမြင်တရပ်ရပ်ဘက်မှ အခိုင်အမာ စည်းပြတ်ဘက်လိုက် ရပ်တည်သွားမြဲဖြစ်သည်။ ကျွန်တော်တို့သည် ဤတရား ကိုယ်သဘောကို မလွန်ဆန်နိုင်သောကြောင့် ကျွန်တော်တို့ နေထိုင်ရာ လူ့ကမ္ဘာကြီး၌ မရေမတွက်နိုင်အောင် များပြားလှသော ပြဿနာနှင့် ပဋိပက္ခပေါင်းများစွာတို့သည် လူ့အသိ အလိမ္မာတရားနှင့် လူ့ယဉ်ကျေးမှု အထွတ်အထိပ်စံနှုန်းသို့ ရောက်ရှိနေပြီဆိုသည့် ကနေ့ ကမ္ဘာရွာခေတ် (Global Village) တိုင်အောင် မလွဲမရှောင်သာ ဖြစ်ပွါးပေါ်ပေါက်နေဆဲ ဖြစ်သည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေကြရသည်။
အကျိုးစီးပွါးဆိုင်ရာ ကမ္ဘာ့အမြင်ဝါဒနှစ်ရပ်၏ ပဋိပက္ခသည် ကမ္ဘာ့စာပေလောက အသိုင်းအ၀ိုင်းသို့လည်း ဂယက်ရိုက်ခတ်လာသည်။ ကမ္ဘာ့စာပေနယ် နှစ်ခြမ်းကွဲခဲ့သည်။ တခြမ်းက အရင်းရှင်လူတန်းစား အကျိုးပြုစာပေ၊ စိတ်ဝါဒဂိုဏ်းက ဦးဆောင်သည်။ နောက်တခြမ်းက ပြည်သူ့အကျိုးပြု ဆိုရှယ်လစ်သရုပ်မှန်စာပေ၊ ရုပ်ဝါဒဂိုဏ်းက ဦးဆောင်သည်။ ဤရပ်တည်ချက် ကွဲပြားခြားနားမှု ပဋိပက္ခသည် လူတို့၏ အကျိုးစီးပွါးချင်း၊ လူတန်းစားတို့၏ အကျိုးစီပွါးချင်း ဆန့်ကျင်ကွဲပြားနေသမျှ ကာလပတ်လုံး အသိမှတ်ပြုသည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ ကမ္ဘာအရှည် ဆက်လက်တည်ရှိနေပေမည်။
ရုပ်ဝါဒီနှင့် ဆိုရှယ်လစ်ဝါဒီတွေ ရှုမြင်ခဲ့သော ခေတ်ကြီးငါးခေတ် သမိုင်းအမြင်နှင့် အယူအဆသည် အရင်းရှင်ကော်ပိုရိတ်ယဉ်ကျေးမှု (Capitalist Corporate Culture) ၏ ရှေ့တန်းစာပေတိုက်စစ်မှူးတဦးဖြစ်သော ကမ္ဘာကျော် ထော့ဖလာ (Toffler) ၏ လှိုင်းကြီး သုံးလှိုင်း အောက်ဝယ် နစ်မျောပါသွားပြီဟု ရှေ့နေလိုက်သူက လိုက်သည်။ ငါးစိမ်းကို မြင်၍ ငါးကင်ကို ပစ်ကာ အလျှံပယ်ကြွယ်ဝမှု၏ ပုခက်တွင်း၌ မွေးဖွားကြီးပြင်းလာသူ (Son in the cradle of Affluency) ဖူကူးယာမာ (Fukuyama) က 'သမိုင်နိဂုံး' (End of History) ဟု ဟစ်ကြွေးလိုက်သည်။ 'ရုပ်ဝါဒသွားတော့၊ စိတ်ဝါဒလာလော့' ဆိုသည့် နိမိတ်ပြ အဓိပ္ပါယ်။ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦတခုဖြစ်သော State Empire Building ၏ ခေါင်ထွတ် ပေါ်ကနေ၍ ကမ္ဘာကြီးအား အပေါ်စီး ဒေါင်လိုက်ကြည့်မြင်ကာ မျက်မှောက်ခေတ် ကမ္ဘာကြီး၌ လူတန်းစားပဋိပက္ခနှင့် အကျိုးစီးပွါး ပဋိပက္ခတွေ မရှိတော့ပြီ။ လူမျိုးချင်း ယဉ်ကျေးမှုပဋိပက္ခ (Clash of Civilations) အသေးအမွှား လက်ကျန်ရှင်းတမ်းလောက်သာ ရှိတော့သည်ဟု အိမ်ဖြူတော်၏ ကမ္ဘာလုံးဆိုင်ရာ မူဝါဒရေးရာမှူး ဆင်မြူအဲလ်ဟန်တင်တန် (Samuel Hantington) က ယုတ္တိဆင်ခြေထုတ်ပြသည်။ (ပီဒီကျော်စွာ၏ စီမံခန့်ခွဲရေးမှူး ကောင်း အရည်အချင်းစံနှုန်းများ စာအုပ်အမှာစာမှ.....)
ယင်းကြွေးကြော်ပြောဆိုချက်နှင့် ဆင်ခြေများသည် ပုဂ္ဂလိကပိုင်စနစ်နှင့် လူတန်းစား တွေ ကွဲပြားလာပြီးကတည်းက ကမ္ဘာကြီးအပေါ် ရှုမြင်လာခဲ့သည့် ၀ါဒအမြင်ကြီး နှစ်ရပ်၏ ပဋိပက္ခမှ ကမ္ဘာ့စာပေလောကအပေါ် ဂယက်ရိုက်ခတ် ထင်ဟပ်လာသော အကျိုးဆက်များ ဖြစ်သည်။ သူ့ဝါဒ သူ့လူတန်းစားနှင့် သူ့အကျိုးစီးပွါးကို စာပေမျက်နှာစာမှ အကျိုးပြုဖို့ ကြိုးပမ်း အားထုတ် ချက်မျှသာ ဖြစ်သည်။
စင်စစ် ဤကိစ္စမျိုးသည် အဆန်းတကြယ်တော့ကား မဟုတ်။ လူ့သမိုင်း၌ အကြိမ်အခါပေါင်း မြောက်များစွာ ဖြစ်ပေါ်ခဲ့ဖူးပြီ။

(၇)
ကမ္ဘာ့စာပေလောက၌ လွန်စွာကြီးကျယ်ထင်ရှားသည့် ဆိုရှယ်လစ်သရုပ်မှန်စာပေ ရှေ့တန်းတိုက်စစ်မှူးနှင့် စာပေတပ်မမှူးကြီးတွေ လေးငါးခြောက်ဦးခန့် ရှိမည်ဟု ကျွန်တော် ထင်သည်။ သည်ထက်ပို ရှိကောင်း ရှိမည်။ ကျွန်တော်မကျွမ်းနှံ့လို့သာ မသိတာ ဖြစ်ပေမည်။ ကျွန်တော်သိသလောက် ပြောရပါလျှင် တရုပ်ပြည်က လူရွှန်း၊ ရုရှပြည်က ဂေါ်ကီနှင့် ကဗျာအကျော်အမော် မာယာကော့စကီး၊ ဂျာမဏီပြည်က ဗာတော့ဗရက်၊ ချီလီပြည်က ကဗျာဆရာကြီး နီရူးဒါးနှင့် အမေရိကန်ပြည်က ဂျက်လန်ဒန်။ ပီးတော့ ..... ကိုယ့်အထွာနှင့် ကိုယ်ဆိုရသော် မြန်မာပြည်က ဗန်းမော်တင်အောင်။
ဂျက်လန်ဒန်နှင့် ဗန်းမော်တင်အောင်တို့မှာ အဓိကမဟာဗျူဟာ တူညီချက်တွေ ရှိသည်။ ကမ္ဘာ့အမြင် လောကအမြင်တူသည်။ မူဝါဒနှင့် လမ်းစဉ်တူသည်။ လူတန်းစား ရပ်တည်ချက်နှင့် အကျိုးပြုချက် တူသည်။ ရုပ်ဝါဒအမြင် စွဲကိုင်တာခြင်း တူသည်။ ဆိုရှယ်လစ်သရုပ်မှန်စာပေ ယုံကြည်ခံယူချက်ချင်း တူသည်။ နှစ်ဦးစလုံး၌ 'နိုးထတက်ကြွ သော ၀ိညာဉ်၊ တည်ကြည်ခိုင်ခံ့သော ဥပဓိနှင့် ထာဝရတည်မြဲသောဂတိ' ကိုယ်စီ ရှိကြသည်။ ဤ၀ိညာဉ်၊ ဤဥပဓိနှင့် ဤဂတိတို့ဖြင့် ကွယ်လွန်ချိန်ထိ မဆုတ်မနစ် စာရေးသားခဲ့ကြသည်။ သူ့လောက၊ သူ့ဝန်းကျင်၊ သူ့ပြည်သူနှင့် သူ့လူတန်းစားကို အကျိုးပြုခဲ့ကြသည်။ ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ် မတွန့်ဆုတ်ခဲ့၊ မသွေဖီခဲ့၊ မယိမ်းယိုင် မတွေဝေခဲ့။ ရိုးသားဖြောင့်မတ်ခြင်းနှင့် ကြံ့ခိုင်မြဲမြံခြင်း အလျဉ်းရှိခဲ့သည်။ သူတို့နှစ်ဦး၏ စာပေလက်ရာများ (literary works) ကို ဖတ်ရှုလေ့လာကြည့်ပါက သည်ယုတ္တိတရားတွေကို ထင်ရှားစွာ တွေ့ရပါမည်။ ဤသည်ပင် ရိုးသားဖြောင့်မတ်ခြင်းနှင့် ကြီးမြတ်ခြင်းဂုဏ် ကုံလုံသည့် စာပေသူရဲကောင်း၏ အရည်အချင်း ပုံရိပ်တွေပဲ မဟုတ်လော။
သို့အတွက် ဂျက်လန်ဒန်ကို သူ့ပြည်သူတွေက ချစ်ခင်လေးစားကြသလို ဗန်းမော်တင်အောင်ကိုလည်း မြန်မာပြည်သူတွေက ချစ်ခင်လေးစားကြသည်။ ကြီးမြတ်သော အမျိုးသားစာပေ သူရဲကောင်းတွေအဖြစ် အသိအမှတ် ပြုကြသည်။
လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို စတုတ္ထမြန်မာနိုင်ငံ သမိုင်းခေတ်ဟူ၍ မြန်မာ့သမိုင်းပညာရှင်တွေက သဘောတူ လက်ခံထားသော အဆိုအမိန့်ကို အထက်တနေရာမှ ကျွန်တော်တင်ပြခဲ့ပြီးပြီ။ သူ့ခေတ် သူ့အခါအလျောက် လူ့လောက၌ သူရဲကောင်း ၆ မျိုးရှိသည့်အနက် ရိုးသားဖြောင့်မတ်ခြင်းအစ ကြံ့ခိုင်မြဲမြံခြင်းအလယ် ကြီးမြတ်ခြင်းအဆုံးရှိသော အရည်အချင်းစံဝင် နှလုံသားဝိညာဉ်ရှင် စာရေးဆရာကို စာပေသူရဲကောင်း ခေါ်ထိုက်ကြောင်း အင်္ဂလိပ်စာပေသုခမိန်ကြီး သောမဲ့စ်ကာလိုင်း၏ အဆိုကိုလည်း ကျွန်တော်တစေ့တစောင်း ရေးပြခဲ့ပြီး ဖြစ်သည်။ ယင်းအဆိုနှစ်ရပ်ကို ပေါင်းစည်းညီညွတ်ခြင်း ပြုထားသော သမူဟ အဆိုတရပ် ဤနေရာ၌ ကျွန်တော် ရိုးသားပွင့်လင်းစွာ တင်သွင်းလိုသည်။ ထိုအဆိုသည်လည်း ကျွန်တော်တဦးချင်း၏ ပုဂ္ဂလိကခံစား သိနားလည်ချက် သက်သက်မျှသာဖြစ်သည်ဟူသော အချက်ကို သတိပြု မှတ်ယူစေချင်ပါသည်။ အဆိုမှာ ဤသို့........
"ဗန်းမော်တင်အောင်သည် စတုတ္ထမြန်မာနိုင်ငံ သမိုင်းခေတ်၏ စာပေသူရဲကောင်း တလူ........."

(၈)
ကျွန်တော်သည် ဘောဂဗေဒသမားတဦးဖြစ်သည့်အားလျော်စွာ အလုပ်တခုကို အကောင်အထည်မဖော်မီ ဦးစွာပထမ လုပ်ငန်းစဉ်တရပ် (Program) ရေးဆွဲလေ့ရှိပါသည်။ နည်းပညာဘာအားဖြင့် လုပ်ငန်းစီမံချက် (၀ါ) လုပ်ငန်းစီမံကိန်းရေးဆွဲခြင်း (Planning) ဟု ခေါ်ကြသည်။ စီးပွါးရေးဆန်ဆန် လုပ်ရသော ကိစ္စရပ်တိုင်း၌ ဤသို့ ပဏာမလုပ်ငန်းအစီအစဉ် (၀ါ) စီမံချက်တရပ် ရေးဆွဲရခြင်းမှာ မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။
ခုလည်း ..... စာအုပ်ထုတ်ဝေရေး အစီအစဉ်တရပ် ရေးဆွဲပြီးသည့်အခါ မိမိစာအုပ်တိုက် ထူထောင်မည်၊ သည်မူ၊ သည်စည်းကမ်း သည်ကျင့်ဝတ် သည်စနစ်တွေနှင့် လုပ်ကိုင်မည့်အကြောင်း နီးစပ်ရာမိတ်ဆွေ၊ သူငယ်ချင်းအပေါင်းအသင်း ရောင်းရင်းတွေကို ချပြပြီး၊ အကြံဥာဏ်တောင်းခံသည်။ မှတ်မှတ်ရရ ဆရာလေးဦးကို သီးခြားစီ တွေ့ဆုံခဲ့သည်။ ဆရာမောင်ပေါ်ထွန်း၊ ဆရာ မောင်မောင်ဇေယျ (ဒဿနပညာဆရာ ကိုမောင်မောင်)၊ သူငယ်ချင်း ကဗျာဆရာမောင်ညီညွတ် နှင့် ကဗျာဆရာ စာရေးဆရာ ညိုသစ်....
သည်ဆရာတွေမှာ လေ့လာဖြည့်ဆည်းထားသော ဘ၀ရပ်တည်ဘောင် (Frame of reference) တစုံတရာ အခိုင်အမာ ရှိနေကြသည်ဟု ကျွန်တော်ယုံကြည်သည်။
လူသည် သူ လေ့လာဖြည့်ဆည်းထားသော ရပ်တည်ဘောင် (Frame of reference) အရ လောကကို ကြည့်မြင်သည်။ ပတ်ဝန်းကျင်ကို ဝေဖန်သုံးသပ်သည်။ လူမှုရေးရာ ကိစ္စတွေကို အကဲဖြတ်သည်။ သူ့၌ရှိသော ရပ်တည်ဘောင်ကောင်းရင် ကောင်းသလို၊ ညံ့ရင် ညံ့သလို .... မြင့်ရင် မြင့်သလို၊ နိမ့်ရင် နိမ့်သလို လောက၀န်းကျင်ပေါ် အကျိုးသက်ရောက် တတ်သည်။ ထို့ကြောင့် ကျွန်တော်တို့ နယ်ပယ်၌ ရပ်တည်ဘောင် အရေးကြီးသည်ဟု မြင်မိသည်။ သည်လို ရပ်တည်ဘောင် ခိုင်မာရင့်ကျက် မြင့်မားသူတွေက ကျွန်တော့်ကို အကြံညာဉ်ကောင်းတွေ အားတက်သရော ပေးကြသည်။ ကျွန်တော် ၀မ်းသာမဆုံး ဖြစ်ခဲ့သည်။
နောက်တပါတ်၊ နောက်တနေ့ဝယ်...... လေထန်ကုန်းမှာ ပြန်ဆုံကြတော့ ညိုသစ်က 'ရော့... စာမူကောင်းတခု၊ ခင်ဗျားတိုက်က ထုတ်သင့်တယ်' ဟု ဆိုကာ စာအုပ်တအုပ် လှမ်းပေးသည်။ ကျွန်တော် ယူကြည့်လိုက်တော့ ဆရာဗန်းမော်တင်အောင်ရေးသည့် 'ဂျက်လန်ဒန် သူ့ဘ၀ သူ့စာပေ' စာအုပ်။ သူ (ညိုသစ်) ပထမအကြိမ် ထုတ်ဝေခဲ့သည်။ ကျွန်တော်ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
သို့နှင့် သည်စာအုပ်ကို ဒုတိယအကြိမ်ထုတ်ဝေဖို့ ကျွန်တော် အားထုတ်ခဲ့ရခြင်း ဖြစ်ပါသည်။

(၉)
အမှန်စင်စစ် ဂျက်လန်ဒန်နှင့် ဗန်းမော်တင်အောင်တို့မှာ စာပေဆင်ကြီးနှင့် စာပေဝေလငါးကြီး တွေချည်း။ ဤစာအုပ်သည်ကား ကမ္ဘာ့စာပေလောက က စာပေဆင်ကြီးနှင့် စာပေဝေလငါးကြီးဖြစ်သော ဂျက်လန်ဒန်၏ အတ္ထုပ္ပတ္တိပုံရိပ်ကို မြန်မာစာပေနယ်က စာပေဆင်ကြီးနှင့် စာပေဝေလငါးကြီးဖြစ်သူ ဗန်းမော်တင်အောင်က ရေးဖွဲ့ ခြယ်မှုန်းထားခြင်းဖြစ်သည်။ ဘာမဟုတ်သည့် ကျွန်တော်ကား.....။
ဆိုခဲ့သည့်အတိုင်း စာပေရေးရာနှင့် စပ်လျဉ်း၍ ကျွန်တော်သည် ဘာမျှမဟုတ်၊ သာမန် စာဖတ်ပရိသတ်မျှသာ ဖြစ်ပါသည်။ သို့အတွက် ကျွန်တော်ထမ်းဆောင်သင့်သော တာဝန်မှာ ဤရွေ့ ဤမျှသာဟု ဆိုရလျင် လုံလောက်မည် ထင်ပါသည်။

ပီဒီကျော်စွာ
မြင့်မြတ်သူစာအုပ်တိုက်
၉-၆-၉၉

Thursday, September 25, 2008

လွမ်းစရာရှိမှလွမ်းပါတယ်
ရေးသူ- လူထုစိန်ဝင်း

စာအုပ်ထုတ်ဝေရေး လုပ်နေတဲ့ လူငယ်ထုတ်ဝေသူတဦး ရောက်လာပြီး၊ ကွယ်လွန်သူ တိုင်းသိပြည်သိ ပုဂ္ဂိုလ်တယောက်အကြောင်း အမှတ်တရ စာအုပ်ထုတ်ဖို့အတွက် ဆောင်းပါး ရေးပေးဖို့ ပြောပါတယ်။ ကွယ်လွန်တာတောင် တော်တော်ကြာပြီဖြစ်တဲ့ အဲဒီ ပုဂ္ဂိုလ်ကြီးဟာ သူ့ခေတ်သူ့အခါက ထင်ရှားတဲ့စာရေးဆရာ တဦးဖြစ်ပါတယ်။ နိုင်ငံရေးနယ်ပယ်မှာလည်း လူသိများပါတယ်။ ရေးစရာမရှိတဲ့လူ ထုတ်ဝေသူလူငယ်ကို သွယ်ဝိုက်ပြောမနေတော့ဘဲ ဒဲ့ဒိုး ပဲ ချက်ချင်းအဖြေပေးလိုက်ပါတယ်။ ကွယ်လွန်သူဟာ အသက်အရွယ်ချင်း ကွာခြားမှုကြောင့် ရင်းနှီးကျွမ်းဝင်မှု ရှိခဲ့သူမဟုတ်ပါဘူး။

သာမန်မြင် တွေ့ဖူးရုံလောက် ရှိတာပါ။ အဲဒီတော့ သူ့အကြောင်းကို ဆရာ ဒဂုန်တာရာရဲ့ 'ရုပ်ပုံလွှာ' လို စာမျိုးလည်း ရေးနိုင်စွမ်းမရှိပါဘူး။ ဖတ်ဖူးတဲ့ သူ့စာတွေအကြောင်း၊ သူ့နိုင်ငံ ရေးအကြောင်း ရေးဖို့ကြတော့လည်း ခက်တာက နယ်ပယ်နှစ်ခုစလုံးမှာ ကိုယ်နှစ်သက်တာ တခုမှမရှိပါဘူး။ အဲဒီတော့ ဘာသွားရေးရမှာလဲ။ မြင်တဲ့သိတဲ့အတိုင်း ရေးဖို့ဆိုတာကလည်း ကွယ်လွန်သူ တယောက်ရဲ့ အပြစ်အနာအဆာတွေ ဖော်ထုတ်ရေးသားတယ်ဆိုတာ လူ့ယဉ်ကျေးမှုအရ မလုပ်အပ်တဲ့အရာမဟုတ်လား။ ပါတီမှန်သမျှဝင်ခဲ့သူ သူရေးတဲ့စာတွေဟာ သူ့ခေတ် သူ့အခါကရောင်းအကောင်းဆုံး စာရင်းဝင်တွေ ဖြစ်ခဲ့တာမှန်ပါတယ်။
ဒါပေမဲ့ အများစုက မြီးကောင်ပေါက် အရွယ်ကြိုက် အချစ်ကြောင့်အသည်းကွဲတာ၊ မျက်ရည်ချောင်းစီးရတာမျိုးတွေများပါတယ်။ ကလေးကြိုက် ကဗျာဆန်ဆန် စကားလုံး လှလှလေးတွေနဲ့ မြီးကောင်ပေါက်အကြိုက် ကြီးကြီးကျယ်ကျယ် ဘ၀ဒဿနစကားလုံးတွေ 'မံ'သထားပြီး နောက်ဆုံးကျတော့ အရက်နာကျ သွားရတာချည့်ပါပဲ။ နိုင်ငံရေးဖက် ကျတော့လည်း ပြောစရာဆိုလို့ မြန်မာပြည်မှာ ရှိရှိသမျှ နိုင်ငံရေးပါတီ တခုမှမရှိဘူးဆိုတဲ့ မှတ်လောက်သားလောက်လုပ်ရပ်တွေပဲ ရှိပါတယ်။ သခင်ခေတ်မှာ သခင်စဖြစ်ခဲ့ပြီး၊ အင်္ဂလိပ်အစိုးရကို ကလော်တုတ်ခဲ့ဖူးပါတယ်။ ဂျပန်ခေတ်ရောက်တော့ အာရှလူငယ်ဖြစ် လိုက်၊ နောက်တော့ အလံနီဖြစ်လိုက် ဗကပဖြစ်လိုက်နဲ့ ထောင်တွေဘာတွေလည်း လူအထင်ကြီး ခံရရုံလောက်ကျဖူးပါတယ်။ ဖဆပလအစိုးရ ခေတ်ကျတော့လည်း တိုက်ခန်း တွေ ဘာတွေရလိုက်ပါသေးတယ်။ နောက်ဆုံး မကွယ်လွန်ခင်မှာတော့ ခေတ်ပြောင်း တော်လှန်ရေးဆိုတာတွေ ဘာတွေ ကြွေးကြော်အော်ဟစ် သွားပါသေးတယ်။ အဲဒီလို သမိုင်းကြောင်းရှိခဲ့သူ တယောက်အကြောင်း ဘာတွေများစာဖွဲ့ရမှာလဲ။ လွမ်းစရာရှိမှ လွမ်းပါတယ် လွမ်းလောက်စရာ ဘာတခုမှ မကျန်ရစ်တဲ့ သူတယောက်အကြောင်းကို ''နာမည်ကျော်လို့'' ဆိုပြီး စာအုပ် ထုတ်လို့ရော သူသမိုင်းကပြောင်းသွား၊ ကောင်းသွားမှာလား။ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခဲ့ဖူးတယ်။ ဆိုတာနဲ့ပဲ ကြည်ညိုရမှာလား။ စာရေးဆရာဖြစ်တယ် ဆိုတာနဲ့ပဲ လေးစားဦး ထားရမှာလား။ သူပါဝင်ပတ်သက်တဲ့ နိုင်ငံရေးကရော ဘယ်လို ဟာမျိုးလဲ။ သူရေးခဲ့တာ ဘယ်လို စာမျိုးလဲဆိုတာတွေနဲ့ပဲသူ့ကို အကဲဖြတ်ရလိမ့်မယ် ထင်ပါတယ်။ အဲဒါကြောင့် မရေးချင်ဘူးပြောလိုက်တာ ဖြစ်ပါတယ်။ ကိုယ်နဲ့ အယူအဆချင်း မတူလို့ မလေးစားတာ မဟုတ်ပါဘူး၊ အယူအဆချင်းမတူပေမယ့်လို့ ရင်းနှီးကျွမ်းဝင်ခဲ့သူတွေ၊ လေးစားရိုသေခဲ့သူတွေ အများကြီးရှိပါတယ်။ လူချင်း ပေါင်းသင်းဆက်ဆံရာမှာ အယူအဆတို့ ယုံကြည်မူတို့ သိပ်အရေးမကြီးပါဘူး။ လူတကိုယ် စိတ်တမျိုး ဆိုတဲ့အတိုင်း၊ လူတိုင်း လူတိုင်း ကိုယ်နှစ်သက်စုံမက်ရာကို ယုံကြည်ကြမှာပဲဖြစ်တယ်။ ကိုယ့်လွတ်လပ်ခွင့်ကို တန်ဖိုးထားသလို သူ့လွတ်လပ်ခွင့်ကိုလည်း တန်ဖိုးထားလေးစားရ ကောင်းမှန်းသိတဲ့ 'စိတ်ယဉ်ကျေးမှု' အထက်တန်းကျသူတွေကြားမှာ အယူအဆ မတူကွဲပြားမှုတွေဟာ ဘာမှ အနှောင့်အယှက် မဖြစ်နိုင်ပါဘူး။ အထက်တန်းကျတဲ့ စိတ်ယဉ်ကျေးမူ အယူအဆချင်းမတူလို့ ယုံကြည် ချက်ခြင်းမတူလို့ဆိုပြီး 'ငါနဲ့မတူငါ့ရန်သူ' လို့ သဘောထားခြင်းဟာ၊ စိတ်ယဉ်ကျေးမှုနိမ့်ကျမူ ကိုဖော်ပြရာ ရောက်ပါတယ်။ လူမှုဆက်ဆံရေး နယ်ပယ်မှာ အရေးကြီးတာက အယူအဆတွေ၊ ယုံကြည်မှုတွေ မဟုတ်ပါဘူး။ အထက်တန်းကျတဲ့စိတ်ယဉ်ကျေးမူ (moral integrity) ရှိဖို့သာ ဖြစ်တယ်လို့ ထင်ပါတယ်။ လူ့ကျင့်ဝတ်၊ လူ့သိက္ခာကို တန်ဖိုးထားလေးစားရ ကောင်းမှန်းသိ တဲ့လူစားမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလို လူစားမျိုးဟာ 'သိက္ခာကိုရိက္ခာနဲ့မလဲဘူး' ဆိုတဲ့စကားအတိုင်း ငွေ၊ ရာထူး၊ အာဏာဆိုတဲ့ ကိုယ်ကျိုးစီးပွားအတွက် ကိုယ့်သိက္ခာကို ရောင်းစားတဲ့ အလုပ်မျိုးဘယ်တော့မှမလုပ်ဘူး။ ဒီလိုလူမျိုးဆိုရင် ဘာဝါဒကိုပဲ ကိုင်စွဲကိုင်စွဲ ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ် လေးစားကြည်ညိုအပ်တာပဲဖြစ်ပါတယ်။ မာသာထရီဇာ ဆိုတာ အဲဒီလို ပုဂ္ဂိုလ်မျိုးပါ။ တောင်အာဖရိကနိုင်ငံသား နယ်လ်ဆင်မင်ဒဲလားလည်း အလားတူပါပဲ။ သူ့လူမျိုးနဲ့ သူ့နိုင်ငံအတွက် လူမျိုးဆက် တဆက်လုံးလုံး အကျဉ်းထောင်ထဲမှာ နေခဲ့ရပြီး၊ ထောင်ကလွတ်လို့ နိုင်ငံအကြီးအကဲ သမ္မတရာထူးရခဲ့ပေမဲ့ နောက်ဆုံးမှာ ရာထူးက အငြိမ်းစားယူပြီး သာမန်လူသား တယောက်အနေနဲ့ပဲ အေးအေးချမ်းချမ်း ရိုးရိုးကုပ်ကုပ်နေခဲ့သူ ဖြစ်ပါတယ်။ ဒီခေတ်လို ကာလပျက်ကြီးထဲမှာ မင်ဒဲလားလိုလူမျိုး ဘယ်မှာရှာ တွေ့နိုင်ပါ့မလဲ။ မင်ဒဲလားတို့၊ မာသာထရီဇာတို့ဆိုတာ တကယ့်ကို သူတော်စင်တွေဖြစ်ကြတယ်။ သူတို့လို လူတွေကိုလူမျိုးမတူ၊ ဘာသာကွဲပြားပေမဲ့ ရှိခိုးဦးခိုက်ပြုထိုက် ပါပေတယ်။ ကိုယ်ကောင်း စားရေးသာလုပ် စာအုပ်ထုတ်ဖို့လာပြောတဲ့ ပုဂ္ဂိုလ်ကျတော့ မာသာထရီဇာလိုလူမျိုး မဟုတ်သလို၊ မင်ဒဲလားလို ပုဂ္ဂိုလ်လည်း မဟုတ်ပါဘူး။ သူ့ဘ၀ တစ်လျောက်လုံးမှာ လူအထင်ကြီးစေမဲ့ စကားကြီးစကားကျယ်တွေ ပြောနေပေမဲ့ တကယ်တမ်းကျတော့ သူ့တကိုယ် ကောင်းစားရေးကလွဲပြီး ဘာမှလုပ်ခဲ့တာမဟုတ်ပါဘူး။ ခိုင်ခိုင်မာမာ ကိုင်စွဲထား တဲ့မူတခု၊ ယုံကြည်မှုတခုလည်း မရှိခဲ့ဖူးပါဘူး။ ရေစုံမှာ အလိုက်သင့်ကလေး စီးမျောပြီး တက်သမျှ အစိုးရနဲ့ တည့်အောင်ပေါင်း အခွင့်အရေးယူဖို့ လောက်သာ တသက်လုံးလုပ်ခဲ့တာ ပါ။ မြန်မာပြည်မှာ ပေါ်ပေါက်ခဲ့ဖူးသမျှ နိုင်ငံရေးပါတီဟူသမျှမှာ မပါခဲ့ဖူးတာမရှိတဲ့ လူစားမျိုးကို ဘယ်လိုလုပ် လေးစားရမှာလဲ။ လေးစားမှုဆိုတာ ငွေနဲ့လည်းမဆိုင်ပါဘူး။ ရာထူးအာဏာနဲ့ လည်းမဆိုင်ပါဘူး။ 'သိက္ခာ'နဲ့ သာဆိုင်ပါတယ်။ (moral integrity) ဆိုတဲ့ စိတ်ယဉ်ကျေးမှု အထက်တန်းကျပြီး တည်ကြည်ခိုင်မြဲတဲ့ သိက္ခာရှိသူမှန်ရင် လူတကာလေးစားကြမှာ ပါပဲ။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေဆိုရင်တော့ 'အာကာကိုလွှာပုံပြုပြီး မေယုကိုစုတ်တံချီ' လို့တောင် ရေးလို့ ကုန်နိုင် ဖွယ်မရှိတော့ပါဘူးလို့ပဲ ပြောလိုက်ချင်ပါတော့တယ်။

လူထုစိန်ဝင်း
{Weekly Eleven Journal}

အပြောမှန်ကြရဲ့လား
ရေးသူ- ဇော်ဝင်းကို

၁၉၇၅ ခုနှစ်၊ ပေါင်းလောင်းမြစ်ကမ်းဘေး......။
ထိုင်နေတဲ့ လူစုကတော့ ကျွန်တော်ရယ်၊ ကိုသင်းခိုင်ရယ်၊ ဇော် (ပျဉ်းမနား)ရယ်၊ ကိုဟိန်းလတ်ရယ်၊ ကိုဝင်းမောင်ထိုက်ရယ်၊ ကိုကျော်မင်းဟန်ရယ်၊ ပြီးတော့..... ဆရာဒဂုန်တာရာနဲ့ ဦးလေးဦးတင်အောင်........။
ဆရာဗန်းမော်တင်အောင်ကို 'ဦးလေးဦးတင်အောင်' လို့ပဲ ကျွန်တော်ခေါ်လေ့ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဆရာဗန်းမော်တင်အောင်တို့၊ ဆရာမြသန်းတင့်တို့ကို၊ 'ဦးလေး' လို့ပဲ ကျွန်တော်တို့ လူငယ်တွေက ခေါ်ခဲ့ကြတာကိုး။ နောက်တော့လဲ ဆရာဒဂုန်တာရာကိုပါ 'ဦးလေး' လို့ ကျွန်တော် ခေါ်ဖြစ်တော့တယ်။
လူငယ်တွေ (အဲဒီတုန်းကတော့ လူငယ်တွေပေါ့) ဘက်က အဲဒီအချိန်မှာ စကား ဆက်တိုက်ပြောနေသူက ကျွန်တော်....။
ကျွန်တော် ဦးတည်ပြောနေသူကတော့ ဦးလေးဦးတင်အောင်.......။


ဒါပေမယ့် တူတယောက်က ဦးလေးတယောက်ကို လေးစားစွာ ပြောနေတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ အသည်းအမည်းကြီးကြီး၊ အညှိုးတကြီး စကားလုံးတွေနဲ့ ပစ်ပေါက်နေခဲ့တာ။
ကျွန်တော်ပြောနေတာကတော့ အဲဒီကာလအတွင်းကထွက်ခဲ့တဲ့ ဦးလေး ဦးတင်အောင်ရဲ့ 'မြစ်ဧရာပေါ်ဝယ်' နဲ့ ပါတ်သက်လို့ပါ။ အဲဒီစာအုပ်ထဲမှာ ဦးလေးက 'ဓနရှင်လောက' စာအုပ်ရေးသူနဲ့ ပတ်သက်လို့ ကောက်ချက်တခုချမိတယ်။ ဒါကို ကျွန်တော်က သဘောမတူဘူး။ ကျွန်တော့်ဘက်က ထောက်ခံတဲ့ သမိုင်းအချက်အလက်တခုကိုလဲ ကျွန်တော်ရထားတယ်။ အဲဒီအချက်နဲ့ နွယ်ပြီး 'မြစ်ဧရာပေါ်ဝယ်' ကို ကျွန်တော် ဝေဖန်ခဲ့တာပါ။ အချက်အလက်ကတော့ မှန်ပါရဲ့။ ဒါပေမယ့် အဲဒီအချက်အလက်နဲ့ တခြားအချက်အလက် အချို့ပေါ် အခြေခံပြီး ဦးလေးဦးတင်အောင်အပေါ် ကျွန်တော်ဆွဲပြလိုက်တဲ့ ကောက်ချက် ကတော့ (ခုပြန်တွေးရင်) ကြောက်စရာကောင်းလောက်အောင် ပြင်းထန်နေခဲ့တယ်။ ကျွန်တော့် စကားလုံးတွေကလဲ ရုပ်ဝတ္ထုများသာ ဖြစ်ခဲ့ရင် တဖက်သား အပိုင်းပိုင်း ပြတ်သွားလောက် အောင် စူးရှခဲ့တယ်။ ကြားဇာတ်ဆောင်သဘောတရား....၊ ဓနရှင်ပေါက်စ ကျောရိုးမဲ့မှု...၊ လစ်ဘရယ်ဒီမိုကရက်...၊ ပန်းခင်းကို မြင်းစီးပြီးကြည့်...။ အို... အဲဒီအချိန်က အရင့်သီးတကာ့ အရင့်အသီးဆုံး ဆဲရေးစကားတွေနဲ့ ကျွန်တော် တလုံးပြီးတလုံး ပစ်ပေါက်....။
ဦးလေးဦးတင်အောင်ဟာ ခေါင်းကို စိုက်ထားတယ်။ ကျွန်တော့်စကားလုံးတွေ ရင့်သီးသထက်ရင့်သီးလာတာနဲ့အမျှ ဦးလေးရဲ့ ခါးဟာ ပိုမိုပြီး ကိုင်းကျလာတယ်။ နောက် ပုခုံးနှစ်ဖက်ဟာ သိမ့်ခနဲ့ သိမ့်ခနဲ.....။ ဟော- ဦးလေး ငိုနေပြီ။ မျက်လုံးမှာ မျက်ရည်တစမှ မတွေ့ရပေမယ့် ရင်ထဲက ငိုနေပြီ။

(၁)

ဦးလေးနဲ့ နှစ်ပေါင်းများစွာ ဘေးချင်းယှဉ်အိပ်ခဲ့၊ မျက်နှာချင်းဆိုင် ပြောဆိုဆွေးနွေး ငြင်းခုန်ခဲ့၊ လက်ချင်းတွဲလို့ မရဏတရားကို ရင်ဆိုင်ခဲ့ဖူးတာပဲ။ ကိုယ့်ဦးလေး ဘာဖြစ်နေပြီဆိုတာ ကိုယ်သိတာပေါ့။ ဒါပေမယ့် ကျွန်တော့်စကားကို ရပ်မပစ်ဘူး။ ကျွန်တော့် စကားလုံးတွေဟာ ကျွန်တော်တို့ နှစ်ယောက်လုံး ကြုံခဲ့ဖူးတဲ့ လှိုင်းလုံးတွေလို တ၀ုန်းဝုန်း။ နောက်ဆုံး ကျွန်တော် လက်ညှိုးငေါက်ငေါက်ထိုးပြီး ဦးလေးကို ပြောလိုက်တယ်။
"ဦးလေးမှာ အဲဒီလို ရေးဖို့၊ အဲဒီလို ဝေဖန်သုံးသပ်ဖို့ အရေးမရှိဘူး" လို့။
ဦးလေးရဲ့ခါးဟာ ဆတ်ခနဲမတ်လာတယ်။ ပြီးတော့ ကျွန်တော့်ကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။ သူ့မျက်လုံးမှာ မျက်ရည်ဝေနေပေမယ့် ထူးခြားတဲ့ အလင်းရောင်တခုနဲ့ ရွှန်းတောက်နေရဲ့.....။
ဦးလေးက သူ့အံကပ်ကို ချွတ်လိုက်တယ်။ ကျွန်တော်တို့ကို ပြတယ်။ ကြိုးပြာ ပေါ်ပလင် လက်ရှည်အင်္ကျီရဲ့ လက်တွေကို ပင့်ပြီး အရိုးရိုးပြိုင်းပြိုင်းကျနေတဲ့ သူ့လက်အစုံကို ပြတယ်။ အင်္ကျီရင်ဘတ်ကို လှပ်ပြတယ်။ ....ပြတယ်။ ....ပြတယ်။ ....ပြတယ်။ ပြီးတော့မှ သွားတွေကြိုးကြဲက လေထွက်နေပေမယ့် အင်မတန်ပီပြင်တဲ့ အသံနဲ့ ပြောလိုက်တယ်။ (ဒေါသသံတော့ လုံးဝ မပါဘူး။ ဒါပေမယ့် အင်မတန်လေးနက်သလောက် ဆွေးမြေ့တဲ့ အသံ နဲ့.....။)
"ကိုဇော် သိပါတယ်ဗျာ၊ ကျွန်တော် ဘာအတွက် ဘယ်လောက်လုပ်ကိုင်ခဲ့တယ်၊ ဘာတွေ ရင်ဆိုင်ခဲ့ရတယ်၊ ဘာတွေကို စွန့်လွှတ်ခဲ့ရတယ်ဆိုတာ ကိုဇော်အသိဆုံးပါ။ ကျွန်တော် စွန့်လွှတ်ခဲ့တဲ့ ဒီအသွေးအသား၊ ကျွန်တော်ဆုံးရှုံးခဲ့တဲ့ ဒီခွန်အား၊ ကျွန်တော်ပေးဆပ် ခဲ့ရတဲ့ ဒီဘ၀ အစိတ်အပိုင်းတွေကို ထောက်ထားပြီး ဒီလောက်မှ ပြောဖို့အခွင့်အရေး ကျွန်တော့်ကို မပေးနိုင်တော့ဘူးလား......" တဲ့။
တခြားလူတွေ အားလုံး ငြိမ်ကြည့်နေကြတယ်။ သူတို့ အားလုံးရဲ့ မျက်ရည်တွေဟာ ဦးလေးကို လေးစားစွာ၊ ပြီးတော့ ၀မ်းနည်းစွာ။ ပေါင်းလောင်းမြစ်ရေစီးသံ တရှဲရှဲအကြားမှာ ကျွန်တော့ ဘေးကလူတွေရဲ့ ပင့်သက်ချသံကို ကျွန်တော်ကြားနေရတယ်။
ကျွန်တော်ဆက်မပြောတော့ပါဘူး။ ဒါပေမယ့် အံတချက်ကြိတ်ပြီး စိတ်ထဲက ဦးလေးကို ပြန်ပြောလိုက်တယ်။ 'ကျွန်တော်အမှန်ကို ပြောတာဘဲလေ' လို့။

(၂)

၁၉၇၈ ခုနှစ်၊ ဆိတ်ဖလူးနံ့သင်းတဲ့ အခန်းလေးတခုအတွင်းမှာ...။
ကျွန်တော် ရုတ်တရက် လန့်နိုးလာတယ်။ ဒီဇင်ဘာလရဲ့ အအေးရှိန်ထဲမှာပေမယ့် ကျွန်တော့်တကိုယ်လုံး ချွေးတွေရွှဲလို့။ အပြင်မှာတော့ ပေတံတွေ တချောင်းပြီးတချောင်း ကျိုးသံကြားရဲ့။ အရှေ့အရပ်က တခုခုပြိုလဲကျသံ။ နောက်- အနောက်ဘက် လေဟုန်ပြင်းပြင်း တိုက်ခတ်စ ပြုနေတာကိုလဲ အသံအရရော...........................
ကျွန်တော် ရုတ်တရက် ထထိုင်လိုက်တယ်။ ပြီးတော့ အော်ခေါ်လိုက်တယ်။
"ဦးလေး....ဦးလေးဦးတင်အောင်" လို့။
ပေါင်းလောင်းမြစ်တနေရာမှာ ကျွန်တော်အမှားကြီးတခုကို ကျူးလွန်ခဲ့မိပြီ။ ပြန်လည် ရုတ်သိမ်းလို့ မရနိုင်တဲ့ နှုတ်လွန်မှုကြီးကို ကျွန်တော်ကျူးလွန်ခဲ့မိပြီ။ အချက်အလက် အမှန် တချို့တလေအပေါ် အခြေခံပြီး ကောက်ချက်အမှားကြီးတွေကို ကျွန်တော်ဆွဲခဲ့မိပြီ။ ဦးလေးရေ.... ကျွန်တော့်ကို ခွင့်လွှတ်ပါ။
အလွန်ကြမ်းတမ်းတဲ့ ဘ၀ထဲကို အလွန် အသက်ငယ်စွာ ရောက်ရှိခဲ့တဲ့ ကျွန်တော့်ကို ဦးလေးတို့ ၀ိုင်းပြီး ဖေးမကူညီခဲ့ကြတယ်။ လမ်းကြောင်းတည့်မတ်ပေးခဲ့ကြတယ်။ ၀မ်းစာ ဖြည့်တင်းပေးခဲ့ကြတယ်။ နေရာတကာမှာလဲ 'အဲဒီတုန်းက ကျွန်တော်တို့အထဲမှာတော့ သူက အငယ်ဆုံးလေ' ဆိုပြီး ရှေ့တန်းတင် ပေးခဲ့ကြတယ်။ ဦးလေးကို ပြန်ခြောက်ခဲ့ပြီ။
စကားတတ်စ ကလေးငယ်က သူတတ်လာတဲ့ အဆဲစကားနဲ့ ဆဲပြတာကို မနာနိုင်ကြဘဲ 'ဟယ်.... ဒီလူကလေး ဆဲတောင် ဆဲတတ်နေပြီဟဲ့' လို့ ချစ်စိတ်ကို အရင်းခံပြီး ခွင့်လွှတ်ခဲ့တဲ့ လူကြီးမိဘတွေလို အတူနေရစဉ် ဘ၀ကြမ်းက (စကားလုံးအကြီးကြီးတွေနဲ့) ကျွန်တော် သင်ဆဲ ဆဲခဲ့တာမှန်သမျှ မနာနိုင်ကြတာကို အခွင့်ကောင်းယူပြီး လူပုံအလယ်မှာ ဦးလေးကို ကျွန်တော် စော်ကားမိခဲ့ပြီ။ အကျင့်စာရိတ္တအရ မနှိုင်းယှဉ်သာအောင် ဖြူစင် သန့်ရှင်းတဲ့၊ ရိုးသားမှုမှာ စံနမူနာဖြစ်တဲ့၊ ဆင်းရဲပင်ပန်းခံရာ စွန့်လွှတ်ရာမှာ သူမတူတဲ့၊ ပြီးတော့ ယုံကြည်ရာကို တည်ငြိမ်စွာ စူးတစိုက် ရှိခဲ့တဲ့ ဦးလေးကို ကျွန်တော်က..... ကျွန်တော်လို ကောင်က လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြစ်တင်ရှုတ်ချမိခဲ့ပြီ။
ကျွန်တော် ကျွန်တော်ယုံကြည်ရာမှန်သမျှကို တိုင်တည်ပြီး အလေးအနက် ဆုံးဖြတ် လိုက်မိတယ်။
"ဦးလေးနဲ့ ပြန်တွေ့တွေ့ချင်း ဦးလေးကို ငါတောင်းပန်မယ်" လို့။
ဒါပေမယ့် အဲဒီအချိန်မှာပဲ ဦးလေးမရှိတော့ပြီဆိုတာ၊ ဦးလေးကို ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ဘူးဆိုတာ၊ ဦးလေးကို ဘယ်တော့မှ တောင်းပန်လို့ မရနိုင်တော့ဘူးဆိုတာ အဲဒီတုန်းက ကျွန်တော် မသိခဲ့ပါဘူး။

(၃)

ဆရာဗန်းမော်တင်အောင်ကို ကျွန်တော် ဝေဖန်ခဲ့ရာမှ အချက်အလက်အချို့တော့ မှန်ပါရဲ့၊ ဒါပေမယ့် အောက်ပါနည်းနာဆိုင်ရာ အမှားတွေကို ကျူးလွန်မိတယ်လို့ ကျွန်တော် ပြန်သုံးသပ်မိပါတယ်။

၁။ ကျွန်တော်ရဲ့ ဝေဖန်ရေးဟာ 'အကျကောက်ဝေဖန်ရေး' သာဖြစ်ခဲ့တယ်။
လူတယောက်ကို ဝေဖန်တော့မယ်ဆိုရင် အဓိကနဲ့သာမည ကို ခွဲခြားဖို့ လိုပါတယ်။ အသေးအဖွဲ အမှားလေးတွေကို မှန်ဘီလူးနဲ့ ပြူးပြဲရှာပြီး အဲဒီလက်ရာတခုလုံးရဲ့ သာလွန် ကောင်းမွန်ချက်တွေကို မျက်ကွယ်ပြုပစ်တာ၊ အသေးအဖွဲ အမှားကလေးတွေကို ပုံကြီးချဲ့ပြီး၊ အားကောင်းချက်များကို ဖုံးကွယ်သွားစေတာဟာ 'အကျကောက်ဝေဖန်ရေး' လို့ အမည်ပေးရ မယ် ထင်ပါတယ်။ ကျွန်တော့်အနေနဲ့လဲ ဆရာဗန်းမော်တင်အောင်ရဲ့ 'မြစ်ဧရာပေါ်ဝယ်' ကို ဝေဖန်ရာမှာ အဲဒီဝတ္ထုထဲက အသေးစိတ် အချက်အလက် တခုနှစ်ခုကို အကျကောက်ပြီး သူ့ဝတ္ထုရဲ့ ဦးတည်ချက်၊ သူ့ဝတ္ထုရဲ့ ၀ိဥာဉ်၊ သူ့ဝတ္ထုရဲ့ အားကောင်းချက်တွေကို ဖုံးလွှမ်းပစ်မိ ခဲ့တယ်။

၂။ ကျွန်တော့်ရဲ့ ဝေဖန်ရေးဟာ 'အဆောတလျင် ယေဘူယျပြုခြင်း' အမှားကို ကျူးလွန်ခဲ့တယ်။
ဝေဖန်ရေးဟာ ဆင်ခြင်စဉ်းစားမှု၊ ခွဲခြမ်းစိတ်ဖြာမှုပေါ်မှာ အခြေပြုတာပါ။ ဒါကြောင့် ဝေဖန်ရေး လုပ်တော့မယ်ဆိုရင် ယုတ္တိဗေဒနည်းကျ ဆင်ခြင်စဉ်းစားမှု ရှိဖို့လိုပါတယ်။ ယုတ္တိဗေဒမှာ 'အဆောတလျင် ယေဘူယျပြုခြင်း' (Hasty Generalization) ဆိုတဲ့ ဆင်ခြင်ပုံ အမှားတမျိုး ရှိတယ်။ ခြုံယူဆင်ခြင်မှုစနစ်နဲ့ ဆင်ခြင်ရာမှာ အချက်အလက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပြည့်စုံသထက် ပြည့်စုံအောင်မစုဆောင်းဘဲ၊ ရရာအချက်အလက်တချို့ အပေါ် အခြေပြုပြီး အမြန်အဆန် ကောက်ချက်ဆွဲလိုက်တဲ့ အမှားမျိုးပါ။ ကျွန်တော့်အနေနဲ့လဲ ဆရာဗန်းမော်တင်အောင်ရဲ့ တခြား ပြုစုပြီး စာပေတွေ၊ သူ့ဖြတ်သန်းမှု အစဉ်အလာတွေ၊ သူ့ရဲ့ အထင်အရှားဖြစ်တဲ့ သဘောတွေကို ထည့်သွင်းမစဉ်းစားမိခဲ့ဘူး။ အချက်အလက်တွေကို ပြည့်စုံသထက် ပြည့်စုံအောင် မစုဆောင်းမိခဲ့ဘူး။

၃။ ကျွန်တော်ရဲ့ဝေဖန်ရေးဟာ 'ဆန္ဒစွဲကျတဲ့ ဝေဖန်ရေး' ဖြစ်ခဲ့တယ်။
ကောက်ချက်ကို အရင်ဆွဲပြီးမှ အဲဒီကောက်ချက်ကို ထောက်ခံဖို့ အချက်အလက်တွေ ရှာတာဟာ ဆန္ဒစွဲကျတဲ့စဉ်းစားမှု ( Subjective thinking) ပါ။ ဝေဖန်ရေးမှာလဲ 'ဒီလူ၊ ဒီစာရေးဆရာဟာဖြင့် ဒီလိုမျိုး ဖြစ်တယ်။ ဒါကြောင့် သူ့မှာတော့ ဒီလိုအမှားမျိုး ရှိမှာပဲ' လို့ ကြိုတင် ဆုံးဖြတ်ထားမိတာမျိုး ရှိတတ်တယ်။ အဲဒါ ဆန္ဒစွဲကျတဲ့ ဝေဖန်ရေးပါ။ ကျွန်တော့်အနေနဲ့လဲ (အဲဒီအချိန်က ဆရာဗန်းမော်တင်အောင်ကို အားမလိုအားမရနဲ့ ကြိုတင်သတ်မှတ်ချက်တွေ ရှိနေခဲ့တယ်။ အဲဒီ ကြိုတင်သတ်မှတ်ထားချက်အရ အဲဒီကြိုတင် သတ်မှတ်ထားချက်ကို အထောက်အကူပြုမဲ့ အချက်အလက်တွေကိုသာ လိုက်ရှာနေမိတယ်။ အမှားတွေ့တယ် ထင်လိုက်တာနဲ့ အဲဒီအချက်အလက်အပေါ်မှာ အခြေပြုသလို ပုံဖမ်းပြီး မူလကောက်ချက်ကို ချပြလိုက်တာပါဘဲ။

၎။ ကျွန်တော်ရဲ့ ဝေဖန်ရေးဟာ 'အတ္တဗဟိုပြုဝေဖန်ရေး' သာဖြစ်ခဲ့တယ်။
အဲဒီအချိန်က ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို သိပ်မှန်၊ သိပ်ဟုတ်၊ သိပ်ပြတ်သားတယ် လို့ ထင်နေခဲ့တယ်။ တခြားသူတွေကိုလဲ.... လူတယောက်မှားတယ်လို့ ထင်ရင်လဲ 'မှားရကောင်းလား၊ ငါ့လောက်မှ မမြင်ရကောင်းလား' လို့ ဒေါသ ထွက်မိပြန်ရော။ ပြီးတော့ 'အကြောင်းပြလိုက်မယ်' ဆိုတဲ့ စိတ်တွေ ကဲနေတာကြောင့် 'နည်းနည်း မမှားလိုက်နဲ့၊ ငါနဲ့တွေ့သွားမယ်' ဆိုတဲ့ မာန်မာနတွေ ကဲနေမိခဲ့တယ်။ ဒီလို အတ္တဗဟိုပြုစိတ်နဲ့ ဆရာဗန်းမော်တင်အောင်ရဲ့ ၀တ္ထုကို ကျွန်တော် ဝေဖန်ခဲ့တာပါ။ တကယ်တော့ ကျွန်တော့် ဝေဖန်ရေးဟာ ဆရာဗန်းမော်တင်အောင်ကို ကူညီလိုစိတ်က ပေါ်လာတာ မဟုတ်ဘဲ ကျွန်တော်ရဲ့ အတ္တကို အစာကျွေးရာက ပေါ်ပေါက်လာတဲ့ အတ္တဗဟိုပြုဝေဖန်ရေး (Self-centered Criticism) သာ ဖြစ်ခဲ့ပါတယ်။

(၄)

ကျွန်တော် ကြားဖူးခဲ့တယ်။ ရွယ်တူသူငယ်ချင်းတယောက်က ပြောတာလား၊ ကိုယ့်ထက်အသက်အရွယ် ကြီးသူတယောက်က ပြောတာလား၊ မမှတ်မိဘူး။ ပြောသူရဲ့ ကိုယ်ပိုင်စကားလား၊ သူကိုယ်တိုင် တနေရာရာက ကြားဖူးဖတ်လို့ ထပ်ဆင့်ကိုးကားတာလား ဆိုတာလဲ မသိဘူး။ မှတ်မှတ်ရရတော့ ကြားဖူးတယ်။
'အမှန်ကို ပြောသလို အပြောလဲ မှန်ရတယ်' တဲ့။
အမှန်ကို ပြောဖို့ ကျွန်တော်တို့မှာ အခွင့်အရေးရှိသလို တာဝန်လဲ ရှိပါတယ်။ အမှန်လို့ တထစ်ချ မဆိုနိုင်ရင်တောင်မှ မှန်တယ်ထင်ရာကို ပြောဖို့ ကျွန်တော်တို့မှာ အခွင့်အရေး ရှိပါတယ်။ မှန်တယ်ထင်ရာကို ပြောရဲတဲ့ သတ္တိကိုလဲ ကြိုဆိုသင့်ပါတယ်။
ဒါပေမယ့် ဘယ်အချိန်ပြောရမှာလဲ။ ဘယ်လိုပြောရမှာလဲ။ ဒါကတော့ သေသေချာချာ စဉ်းစားရမယ့် ကိစ္စပါ။ ပြောသူက ဘယ်သူလဲ။ အပြောခံရသူက ဘယ်သူလဲ။ ပြောသူရဲ့ ဖြတ်သန်းမှုက ဘယ်လိုလဲ။ အပြောခံရသူရဲ့ ဖြတ်သန်းမှုနဲ့ အစဉ်အလာက ဘယ်လိုလဲ။ အဲဒီ အခြေအနေ အရပ်ရပ်နဲ့ အချက်အလက်ပေါင်းများစွာကို သုံးသပ်ပြီးမှ ဘယ်လိုပြောမလဲ ဆိုတဲ့ နည်းနာကို မှန်ကန်စွာ ရွေးချယ်သင့်ပါတယ်။
အပြောခံရသူက အစဉ်အလာကြီးမားရင် သတိထားပြောရမယ်လို့ ဆိုတာ မဟုတ်ပါဘူး။ အပြောခံရသူရဲ့ အနေအထားကို ထည့်သွင်းတွက်ချက်ဖို့ပါ။ အပြောခံရသူဟာ နုနယ်သေးတဲ့အချိန်မှာ ရေနွေးပူနဲ့ လောင်းပစ်တာမျိုး၊ မိတ်ဆွေအချင်းချင်းကို ပြောရမှာကို ရန်သူလို ရန်စွယ်ငေါငေါ ပြောတာမျိုးလဲ မှန်ကန်တဲ့ပြောနည်းလို့ ဆိုနိုင်မှာ မဟုတ်ဘူးပေါ့။
အထူးသဖြင့် စာပေနယ်မှာ စာပေသမားအချင်းချင်း ပြောကြဆိုကြတာဟာ ဘယ်လိုပုံစံမျိုး ဖြစ်သင့်ပါသလဲ။ ကိုယ်မှန်တယ် ထင်ရုံမျှနဲ့၊ ကိုယ့်ဘက်က ပိုင်နိုင်ပြီလို့ ထင်ရုံမျှနဲ့ နှုတ်စွမ်းအားရှိသမျှ တဆုံးတဆ ပြောလိုက်ကြတော့မှာလား။ အလွန်အကျွံ ဒေါသတကြီးနဲ့ ပြောကြဆိုကြတော့မှာလား။

(၅)

လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော်ကျော်အတွင်းမှာ မဂ္ဂဇင်းတွေ အပြိုင်းအရိုင်း ပေါ်လာကြပါတယ်။ တချို့က ဟုန်းကနဲတောက်၊ ဟုပ်ကနဲပျောက်၊ တချို့က တအုပ်နဲ့ ဇာတ်သိမ်း၊ တချို့ကလဲ စိုက်လိုက်မတ် အောင်လံလွှင့်လို့။
ဒီမဂ္ဂဇင်းတွေထဲမှာ လူငယ်ဝေဖန်ရေး ဆောင်းပါးရှင်တွေလဲ အများအပြား ပါဝင်ရေး သားလာကြတယ်။ သူတို့ အများစုဟာ ရဲရဲတွေး၊ စူးစူးနစ်နစ်ခွဲခြမ်းစိတ်ဖြာပြီး ထက်ထက် မြက်မြက်ရေးတာကြောင့် စာပေလောကမှာ 'စာပေဝေဖန်ရေး' ဆိုတဲ့ ကဏ္ဍကလေးဟာ အုံးအုံးကျွတ်ကျွတ်နဲ့ပါပဲ။
အစပိုင်းမှာတော့ စာပေလောကသား အချင်းချင်းရော၊ စာဖတ်ပရိသတ်တွေကပါ ဒီစာပေဝေဖန်ရေး ဆောင်းပါးတွေကို ရွှင်လန်းတက်ကြွစွာနဲ့ ကြိုဆိုကြတယ်။ 'ဘယ်ဆောင်းပါး မှာတော့ ဘယ်စာရေးဆရာ၊ ဘယ်စာအုပ်ကို ဘယ်လိုဝေဖန်ထားလေရဲ့' ဆိုပြီး စာပေသမား အချင်းချင်းလဲ လက်တို့ သတင်းပေးကြရဲ့၊ စာဖတ်ပရိသတ်တွေကလဲ စိတ်ဝင်တစား ရှာဖွေ ဖတ်ရှုကြရဲ့။
ဒါပေမယ့် တဖြေးဖြေးနဲ့ စာပေဝေဖန်ရေးဆိုတဲ့ ဆောင်းပါးတွေမှာ စကားလုံးမီးရှူး မီးပန်းလွှတ်တာတွေ များသထက် များလာတယ်။ အချက်အလက်ကို အသေအချာ မစုဆောင်းဘဲ 'မြန်မြန်ပြော၊ များများပြော၊ မှားမှားမှန်မှန်ပြော' ဆိုတာမျိုးတွေ ဖြစ်လာတယ်။ အစဉ်အလာရှိတဲ့ စာရေးဆရာကြီးတွေကို 'တမင်ဖြိုလိုက်မဟဲ့' ဆိုတဲ့ စိတ်မျိုးနဲ့ ဝေဖန်တာတွေ မကြာခဏ တွေ့လာရတယ်။ နာမည်တက်စ လူငယ်စာရေးဆရာတွေကို အညွန့်ချိုးသလို ပစ်ပစ်ခါခါ ဝေဖန်တာမျိုးလဲ အများအပြား ဖတ်လာရတယ်။ စာပေဝေဖန်ရေးဟာ စာဖတ်ပရိသတ်အတွက်၊ စာပေသမား အချင်းချင်းအတွက် အင်အားဖြစ်ရမယ့်အစား ကြောက်စရာ လန့်စရာ ဖြစ်လာတယ်။ သူတို့တွေရဲ့ ဆောင်ပါးတွေမှာသာမက သူတို့ရဲ့ 'အင်တာဗျူး' ဆိုတာတွေမှာပါ သူတို့ အတ္တတွေဟာ အငွေ့တထောင်းထောင်းနဲ့။

(၆)

ကိုယ့်ကိုယ်ကို ဒဏ်ခတ်တဲ့အနေနဲ့ ချောင်ထိုးထားခဲ့တဲ့ ကလောင်ကို ကောက်ကိုင်လာ မိတာဟာ မေးခွန်းတခု မေးချင်လို့ပါ။ ကိုယ်တိုင်ကျူးလွန်ခဲ့မိတဲ့ အမှားတခုကို တမြေ့မြေ့ ပြန်လည်သုံးသပ်ရင်း စာပေဝေဖန်ရေးဆောင်ပါးရှင်တွေကို ရင်းနှီးခင်မင်စွာ မေးချင်လို့ပါ။
မိတ်ဆွေရောင်းရင်းများခင်ဗျာ။ စာပေညီအကိုတော်များခင်ဗျာ-
"အမှန်ကို ပြောတယ်ပဲထားပါတော့၊ အပြောရောမှန်ကြပါရဲ့လား....."

ဇော်ဝင်းကို။
{ထုတ်ဝေသူ- "ပြည်သူ့ဘက်တော်သားများ" ရဲ့ ဗန်းမော်တင်အောင်-တိုင်းပြုပြည်ပြု စာရေးဆရာ သတင်းစာဆရာ၊ စာအုပ်မှ ကူးယူဖော်ပြပါတယ်။ }

Tuesday, September 23, 2008

မှောင်မိုက်သောညများ
ရေးသူ- ဗန်းမော်တင်အောင်

(က)

သူပုန်ကြီးပထမနှင့် ဒုတိယပုံနှိပ်ခြင်းများနှင့် ပြည်တော်သာခင်ခင်ဦး စာအုပ်များအား ရာဇသတ် ကြီး ပုဒ်မ၁၂၄ (က) နှင့် စွဲဆို၏။ ထိုအချိန်က ပုဒ်မ ၁၂၄ (ခ) ကို နောက်ထပ်၍ အစိုးရသည် မပြုလုပ်ရသေးပေ။
ပြည်တွင်းစစ်၊ ပြည်တော်သာ၏နေ့တနေ့နှင့် သူပုန်ကြီးစသော အမှုအခင်းများအတွက် ကျွန်တော်သည် တရားဥပဒေ၏ လမ်းကြောင်းအတိုင်း နိုင်ငံတော် အစိုးရ၏ စွပ်စွဲချက်များကို တရားရုံးတော်၌ ခုခံထုချေခြင်းပြုခဲ့၏။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အကို ဦးအောင်သန်းနှင့် ရက္ကန်းဦးလှထွန်းဖြူ (ယခု ဘဏ္ဍာရေးဋ္ဌာန ပါလီမန်အတွင်းဝန်) စသော ပုဂ္ဂိုလ်ကြီးများက ကျွန်တော်၏ ဘက်မှ ဝိုင်းဝန်း၍ သက်သေခံခဲ့ကြ၏။
သို့ရာတွင် ဤအမှုအခင်းများ ပြီးသည့်နောက်၌လည်း တရားလိုဖြစ်သော နိုင်ငံတော်အစိုးရသည် ကျွန်တော့်အပေါ်၌ ရန်ငြိုးမပြေနိုင်သေးသကဲ့သို့ နောက်ထပ်၍ တမှုပြီးတမှု တရားစွဲဆိုခြင်းပြုလာပြန်၏။ "အမေ" ဆိုသော စာအုပ် တအုပ်တည်းကိုပင် စာအုပ်တအုပ်တည်းဖြစ်ပါလျက် နှစ်ကြိမ်ပုံနှိပ်ခြင်းပြုရ သဖြင့် အမှု (၂) မှုခွဲ၍ တရားစွဲဆိုသည်အထိ ပြုလုပ်လာ၏။
အားထားစရာဆို၍ ကျွန်တော်အတွက် တရားရုံးမင်းသာလျှင် ရှိတော့၍ တရားလိုဖြစ်သော နိုင်ငံတော် အစိုးရမင်းများက ဤကဲ့သို့ တမှုပြီးတမှု အလီလီအလာလာ ပြုလုပ်နေသောကိစ္စကို တားမြစ်၍ တရားစွဲဆိုရန်ရှိသော ကိစ္စများအားလုံးကို တပြိုင်တည်း တရားစွဲဆိုခြင်း ပြုရစေရန် တောင်းပန်ပြောဆိုခြင်း ပြုရတော့၏။ သို့ရာတွင် တရားရုံးမင်းသည် ကျွန်တော်၏ တောင်းဆိုချက်ကို မကြားယောင် မသိယောင်ပြုလုပ်နေခဲ့၏။ ထို့ကြောင့် အမေနှင့် ပြည်တော်သာခင်ခင်ဦးစသော စာအုပ်များကို တရားစွဲဆိုသောအခါ ကျွန်တော်သည် တရားရုံးတော်သို့ တက်ရောက်ထုချေခြင်း အလျဉ်းမပြုခဲ့တော့ပေ။ ကျွန်တော်၏ မျက်ကွယ်ရာ၌သာလျှင် ထိုအမှုများကို စစ်ဆေး၍ အပြစ်ပေးခြင်း ခံခဲ့ရ၏။



တရားရုံးမင်းက ကျွန်တော့်တွင် ပြစ်မှုထင်ရှားသည်ဟုဆိုကာ ပြည်တွင်းစစ်အတွက် ထောင်ဒဏ် (၂) နှစ်၊ သူပုန်ကြီးအတွက် ထောင်ဒဏ် (၁) နှစ်၊ အမေအတွက် ပထမပုံနှိပ်ခြင်း (၂) နှစ်၊ ဒုတိယနှိပ်ခြင်း (၂) နှစ်နှင့် ပြည်တော်သာခင်ခင်ဦးအတွက် (၂) နှစ်၊ သုံးခုပေါင်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၉) နှစ်မျှ အပြစ်ပေးလိုက်၏။ သို့အတွက် ပြည်တွင်းစစ်နှင့် သူပုန်ကြီးပြစ်မှုများ၊ အမေပထမနှိပ်ခြင်းနှင့် ဒုတိယနှိပ်ခြင်း အမှုများအား တပါတည်း ပေးလိုက်သဖြင့် သုံးခုပေါင်း ထောင်ဒဏ် (၆) နှစ်မျှ သက်ညှာစွာဖြင့်ပင် ပေးလိုက်၏။
သို့ရာတွင် ကျွန်တော်သည် တရားရုံးမင်း၏ စီရင်ချက်အတိုင်း (၆) နှစ်မျှ ရန်ကုန်ထောင်ကြီး အတွင်း၌ နေထိုင်ခြင်းကား မပြုခဲ့ရပေ။ ပဲခူးရွှေမော်ဓော ဘုရားထီးတင်ပွဲတော်ကြောင့်လည်းကောင်း၊ သာသနာတော် (၂၅ဝဝ) ပွဲတော်ကြောင့်လည်းကောင်း၊ အကျင့်စာရိတ္တကောင်းမွန်သော အကျဉ်းသားများအား ပေးရိုးပေးစဉ်လျှော့ရက် (ဆုမှတ်ရက်ဟုလည်းခေါ်သည်) များကြောင့်လည်း ကောင်း၊ ကျွန်တော့်အား စတင်ဖမ်းဆီးခြင်းပြုခဲ့သော (၁၉၅၂) ခုနှစ်၊ သြဂုတ်လ (၂၉) ရက်နေ့မှစ၍ ကျွန်တော် ပြန်လည်လွတ်လပ်ခွင့်ရရှိခဲ့သော (၁၉၅၇) ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့အထိ စုစုပေါင်း (၄) နှစ်၊ (၄) လနှင့် (၆) ရက်ကြာမျှသာ နိုင်ငံတော်အစိုးရ၏ အကျဉ်းသားဖြစ်ခဲ့ရ၏။ ထိုအကျဉ်းခံခဲ့ရသော အချိန်ကာလကို လက်ချိုးရေတွက်မည်ဆိုလျှင် ရက်ပေါင်း (၁၅၆၉) ရက်မျှရ၏။

(ခ)

ဘားလမ်းအချုပ်နှင့် ရန်ကုန်ထောင်ကြီးများအတွင်း၌ နိုင်ငံတော်အစိုးရ၏ ရာဇဝတ်သား တယောက် အဖြစ်ဖြင့် အကျဉ်းခံနေခဲ့ရသော ထိုရက်ပေါင်း (၁၅၆၉) ရက်သည် ကျွန်တော်၏အတွက် မှောင်မိုက်သော ညများသာဖြစ်သည်ဟု ဆိုရလိမ့်မည်ထင်၏။ ထိုနေ့ရက်များသည် အလင်းရောင်မရှိ၊ သာယာမှုမရှိ။
မိမိ၏ ယုံကြည်မှုကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ခွင့်မရတော့ဘဲ လက်ချိုးခြေ ချိုးခြင်းခံနေခဲ့ရသော နေ့ရက်များသည် မည်သူတဦးအတွက် အလင်းရောင်ရှိသော နေ့ရက်များ ဖြစ်နိုင်ပါဦးမည်နည်း။ သားမယား၊ ဆွေမျိုးညာတကာ တို့နှင့်လည်းကောင်း၊ အပေါင်းအသင်း မိတ်သဟာအများနှင့်လည်း ကောင်း အသက်ရှင်လျက်နှင့် ကွေကွင်း၍ နေထိုင်ခြင်း ပြုလာခဲ့သော နေ့ရက်များ၌ သာယာမှုသည် မည်ကဲ့သို့များ ရှိနိုင်ပါဦးမည်နည်း။
ထိုနေ့ရက်ပေါင်း (၁၅၆၉) ရက်သည် မှောင်မိုက်သောညများ သာလျှင် ဖြစ်၏။ ကျွန်တော့်အား လူ့လောကနှင့် လုံးဝဖြတ်တောက်ထားသော နေ့ရက်များဖြစ်၏။ အုတ်နံရံလေးဘက်ချ၍ ပိတ်လှောင် ထားခြင်းခံခဲ့ရသော နေ့ရက်များလည်းဖြစ်၏။ မိမိနှစ်သက်၍ ဖတ်ရှုလိုသော သတင်းစာများနှင့် စာရွက် စာတမ်းများကိုပင်လျှင် မိမိသဘောနှင့်မိမိ၊ မိမိပိုက်ဆံနှင့်မိမိ လွတ်လွတ်လပ်လပ် ဖတ်ခွင့်မရှိ။ မိမိနှင့် လာရောက်တွေ့ဆုံ၍ စကားပြောဆိုခြင်း ပြုလိုကြသော အသိမိတ်ဆွေများကိုလည်း အေးအေးချမ်းချမ်းနှင့် လွတ်လွတ်လပ်လပ် ပြောဆိုခွင့်မရ။ ဖခင်တရားလို၏ စုံထောက်များက ဘေးမှကြည့်နေ၏။ နား ထောင်နေ၏။ ထို့နောက် မှတ်နေ၏။
သဘာဝကပေးထားသော လရောင်ကိုပင်လျှင် လွတ်လွတ်လပ်လပ် ကြည့်ခွင့်မရ။ လ၏ မွန်းတည့်ခြင်းကို ထိုရက်ပေါင်း (၁၅၆၉) ရက်အတွင်း ကျွန်တော်သည် တကြိမ်တခါမျှ မတွေ့မမြင်ခဲ့ရပေ။ ည (၆) နာရီမှ နံနက် (၆) နာ ရီအထိ (၁၂) နာရီတိတိမျှ သော့ပိတ်ထားခြင်းကိုခံရ၏။ လဝင်လထွက်ကိုပင် လျှင် သံတိုင်များအကြားမှ မနည်းသွားဖြဲ၍ ကြည့်ရ၏။ သို့ရာတွင် ရေးရေး လောက်သာမြင်နိုင်၏။ ကျဉ်းမြောင်းလှသော အုတ်ရိုးကာအတွင်း လူပေါင်းမြောက်မြားစွာ စုဝေးနေထိုင်ခြင်း ပြုရသဖြင့် စိတ်နှလုံးနောက်ကျိစရာများနှင့် နားမချမ်းမြေ့စရာ သတင်းများကို တဦးမဟုတ်လျှင် တဦးထံမှ နေ့စဉ်နေ့တိုင်း ဆိုသလို ကြားရ၏။ တွေ့နေမြင်နေရ၏။ သို့ရာတွင် မိမိကလည်း ဘာမှတတ်နိုင် သည်မဟုတ်။ လက်ပိုက်၍သာ ကြည့်နေရ၏။
ကျွန်တော်နှင့် ပြည်တော်သာခင်ခင်ဦးဝတ္ထုတွင် အမှုတွဲဖြစ်သော ဆန်းညွန့်ဦး၊ ဦးလှခင်၏ မိခင်သည် သားဖြစ်သူ အချုပ်ခံနေရခိုက် လူကြီးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်သွား၏။ သို့ရာတွင် မိခင်တယောက်လုံး အပြင်ဘက်တွင် သေဆုံးနေရသည်အခိုက် အပြင်သို့ ခေတ္တခဏလောက်မျှထွက်၍ မိခင်ဖြစ်သူ၏ အလောင်းကို ဦးလှခင်သည် ဝတ္တရားရှိသည့်အတိုင်း သင်္ဂြိုဟ်ခွင့်မရရှိခဲ့ပေ။ ဦးလှခင် အတွက် ကျွန်တော်သည် စိတ်မကောင်းဖြစ်နေရသည့်အခိုက် ကျွန်တော်နှင့်အတူ အမှတ် (၅) အဆောင် တွင် နေထိုင်လျက်သော အထူးတန်းအကျဉ်းသား လူကြီးလူကောင်းတဦးသည် ၎င်းထောင် ကျနေခိုက် ၎င်း၏ဇနီးက နောက်အိမ်ထောင်ပြုလိုက်၍ ကွာရှင်းစာ လာတောင်းသောကြောင့် ၎င်းကိုယ်ကို သေကြောင်းကြံလျက်ရှိ၏။
သို့ရာတွင် ဤလူ့လောကနှင့် သဘာဝကြီးအတွင်း၌ အဆိုးနှင့်အကောင်းတို့သည် ဒွန်တွဲလျက် ရှိနေ ဖြစ်နေတတ်သည့်အတိုင်း ထိုမှောင်မိုက်သောညများကို ကုန်လွန်နေထိုင်ခဲ့ရစဉ် အချိန်ကာလက အဆိုးများကို တွေ့ကြုံခြင်းပြုခဲ့ရသည့်နည်းတူ အကောင်းများနှင့်လည်း တွေ့ဆုံခဲ့ရ၏။ အမိုက်များနှင့် လည်း ကျွမ်းဝင်ခဲ့ရသည့်နည်းတူ အလိမ္မာများနှင့်လည်း ရင်းနှီးခွင့်ကို ကျွန်တော် ရရှိခဲ့၏။ ကျွန်တော့်အတွက် အရှုံးထဲက အမြတ်များဟူ၍ ဆိုရလိမ့်မည်ထင်၏။

(ဂ)

ရန်ကုန်ထောင်ကြီးအတွင်း၌ ချစ်စရာကောင်းလှသော သဘာဝတခုသည်ကား အကျဉ်းထောင် အတွင်းသို့ ကျရောက်လာခဲ့ပြီးနောက် လူတို့သည် ပြင်ပ လောကမှာတုန်းကကဲ့သို့ ဘာမျှ ဟန်လုပ် ဖုံးကွယ်ခြင်း မရှိကြတော့ဘဲ မိမိတို့၏ စိတ်ပကတိအတိုင်း ရိုးရိုးသားသားနှင့် ပွင့်ပွင့်လင်းလင်း ဆက်ဆံနေထိုင်တတ် ကြခြင်းပင်ဖြစ်၏။ ဤအရပ်၌ ရေဆေး၍ ဆေးခြယ်သော အတတ်ပညာနှင့် အလေ့အထသည် မရှိ။ နှုတ်ဖျားကလေးမှ မထွက်ချင်မထွက်ချင်နှင့် ထွက်လာသောစကားကိုလည်း အလျဉ်းကြားရလိမ့်မည်မဟုတ်။ လူတို့သည် မိမိတို့၏ သဘာဝနှင့် ပင်ကိုယ်ဇာတိကို လျှို့ဝှက်ခြင်း အလျဉ်းမပြုတတ်ဘဲ တင်းပြည့်ကျပ်ပြည့် နေထိုင်ခြင်းသာ ပြုကြ၏။ အင်မတန်လူဆန်သည်ဟု ပြောဆိုရလိမ့်မည် ထင်၏။
အကျဉ်းအကြပ် အတွင်းသို့ အတူတကွ ကျရောက်နေရသူများ အချင်းချင်း ဖြစ်ကြ၍ တဦးနှင့်တဦး ခင်မင်၍ သက်ညှာတတ်ကြ၏။ တဦးတယောက်၌ ဝမ်းနည်းစရာရှိလာသောအခါ ဘေးကဝိုင်းအုံ၍ ဝမ်းနည်းကူကြ၏။ ထို့အတူ တဦးတယောက်၌ ဝမ်းမြောက်စရာရှိသောအခါလည်း အနားက ဝိုင်း၍ ဝမ်းမြောက်ကူကြ၏။
ရန်ကုန်ထောင်ကြီးအတွင်း၌ တရုတ်၊ ကုလား၊ မြန်မာ၊ ရှမ်း၊ ကရင်æ စသော လူမျိုးပေါင်းစုံရှိကြ၏။ သို့ရာတွင် အစ္စလာမ်ဘာသာဝင်များ၏ 'အစ်' နေ့သို့ရောက်ရှိသောအခါ ရန်ကုန်ထောင်ရှိ အကျဉ်းသား အားလုံးကို တမန်တော်မိုဟာမက်၏ နောက်လိုက်များဖြစ်ကြ၏။ ထို့အတူ ရန်ကုန်ထောင်တွင်း သင်္ကြန်ပွဲတော်၌ အိုးစည်ဗုံမောင်းတီး၍ မြူးတူးကခုန်ခြင်းပြုကြကာ ဖထီးနှင့်အပ္ပဒူကရင်တို့ကို လွမ်းဆွတ် ဖွယ်ရာတွေ့မြင်ရ၏။ ကရင်အမျိုးသားများ၏ နှစ်သစ်ကူး ပွဲတော်နေ့များရောက်ရှိ လာသော အခါ၌လည်း ရန်ကုန်ထောင်ကြီးအတွင်း၌ အကျဉ်းသား အားလုံးလိုလို ဖထီးလုပ်ကာ သင်တိုင်း ဝတ်ကုန်ကြ၏။
ထို အားလပ်ခွင့် ပေးအပ်ခြင်းခံခဲ့ရသော နေ့ရက်ကာလများ အတွင်းက ကျွန်တော်သည် ရန်ကုန် ထောင်ကြီးအတွင်း၌ အမျိုးမျိုးသော အကြောင်းများကြောင့် ဒေသအသီးသီးနှင့် ဘဝအသီးသီးများမှ ရောက်ရှိလာကြသော ဘဝတူ လူသားများနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ရ၏။ ထိုလူသားတို့၏ သဘာဝနှင့် ဇာတ် ကြောင်းတို့ကိုလည်း ၎င်းတို့၏ ဇာတိ ပကတိအတိုင်း ကျွန်တော်သည် ချဉ်းကပ် လေ့လာခွင့်ကို ရခဲ့၏။ ထိုကဲ့သို့သော အခွင့်အရေးကို ကျွန်တော်သည် ရန်ကုန်ထောင်ကြီး၏ အပြင်ဘက်၌ကား မည်သည့်နည်းနှင့်မျှ ရရှိနိုင်ဖွယ်ရာ အ ကြောင်း မမြင်မိပေ။
သွင်းကုန်လိုင်စင်များထုတ်ပေးနိုင်သော တန်ခိုးအာဏာရှိသည့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးကျော်မြင့်ကလေးအား ယခင်ဝန်ကြီးဘဝနှင့်တုန်းက ရန်ကုန်ထောင်၏ အပြင်ဘက်တွင် လူချင်းတွေ့ဆုံ၍ စကားပြောဆိုရမည့် အရေးသည် အဘယ်မျှ ကြပ်တည်းခက်ခဲလှသည့်အကြောင်းကို လိုင်စင်တောင်းရသော ကုန်သည်ကြီးငယ်တိုင်း သိရှိကြ၏။ သို့ရာတွင် ရန်ကုန်ထောင် အတွင်း၌ကား ဦးကျော်မြင့်ကလေးကို မည်သည့် အကျဉ်းသားမဆို အချိန်မရွေး ဝင်ရောက်တွေ့ဆုံနိုင်၏။ လိုင်စင်တောင်း၍ မရတော့စေကာမူ မိမိပြောလိုသော စကားကို လွတ်လွတ်လပ်လပ် ပြောဆိုခြင်း ပြုနိုင်၏။ ဦးကျော်မြင့်ကလေးကလည်း အယုတ်အလတ်အမြတ်မရွေး လူတိုင်းအားအတွေ့ခံ၏။ ကော်ဖီတိုက်၍ ဧည့်ခံ၏။ ရေဒီယိုဖွင့်ပြ၏။ ထိုမျှသာလျှင်မကသေး၊ သူကိုယ်တိုင် သီချင်းတပုဒ် တလေကို ဆိုပြလိမ့်ဦးမည်ဖြစ်၏။ ယခင်တုန်းကကဲ့သို့ ဦးကျော်မြင့်ကလေးနှင့် တွေ့ဆုံလိုသူ၏ အကြားတွင် သံဆူးကြိုးအကာအရံများ၊ သက်တော်စောင့်၊ လက်နက်ကိုင်များနှင့် သူ၏ အတွင်းရေး အတွင်းဝန် ဦးတင်လှတို့သည်လည်း မရှိကြတော့ပေ။ သူ့အား သာမန်လူတယောက်ကဲ့သို့သာ တွေ့ရတော့ မည်ဖြစ်၏။ သူသည်လည်း သာမန်အကျဉ်းသားတဦးကဲ့သို့ နေထိုင်လျက် ရှိသည်ကိုသာ တွေ့ရ၏။ ဘာမျှဟန်လုပ်ခြင်းမရှိ။ ဘဝတူ အကျဉ်းသားများနှင့်အတူ ရောထွေးသွားလာ၏။ ဆက်ဆံပေါင်းသင်း၏။
ဝန်ကြီးဟောင်း ဦးကျော်မြင့်ကလေးနည်းတူ ရန်ကုန်ထောင်ကြီးအတွင်းသို့ ရောက်ရှိလာ ခဲ့ကြသော အစိုးရ အထက်တန်းအရာရှိကြီးများကိုလည်း တွေ့ဆုံခဲ့ရ၏။ ကျွန်တော့် အားဖမ်းဆီးခြင်း ပြုခဲ့သော ရန်ကုန်ရဲမင်းကြီး ဦးကျော်မြင့်သည် ရန်ကုန်ထောင် အပြင်ဘက်၌သာ ကျွန်တော့်အား ဖမ်းဆီးခဲ့သော်လည်း ရန်ကုန်ထောင်အတွင်း၌ကား ကျွန်တော်နှင့် မိတ်ဆွေဖြစ်ခဲ့၏။ သူသည် ပျဉ်းမနား၌ ရာဇဝတ်ဝန်ကြီးဘဝနှင့် အစိုးရ၏ တာဝန်ဝတ္တရားများကို ထမ်းရွက်ခဲ့ရစဉ်က ကျွန်တော်၏ မိတ်ဆွေများဖြစ်ကြသော ကွန်မြူနစ်ခေါင်းဆောင်များအား တိုက်ခိုက် နှိမ်နင်းခဲ့ရဖူးသည့် သူ၏ စွန့်စားခန်း များကိုပင် ရင်းရင်းနှီးနှီး ဖွင့်ဟပြောဆိုသွား၏။ ဘာမျှဖုံးကွယ် ဟန်လုပ်ခြင်းကိုကား ဦးကျော်မြင့်ကြီး၌ ကျွန်တော် ရှာဖွေ၍မတွေ့ခဲ့မိပေ။ သူသည်လည်း သာမန်လူတယောက်လို ဘဝတူ အကျဉ်းသားများနှင့် နေထိုင်သွားခဲ့၏။
ရဲမင်းကြီးဦးကျော်မြင့်ကဲ့သို့ပင် အစိုးရအထက်တန်း အရာရှိကြီးများဖြစ်ကြသော အတွင်းဝန် အိုင်စီအက်စ် ဦးကျော်သိန်း၊ ကူးသန်းရောင်းဝယ်ရေးခွန်မင်းကြီး ဦးဘတူ၊ မကွေးတိုင်းမင်းကြီးဟောင်း ဦးဘစိန်နှင့် တိရစ္ဆာန်ဆေးဝါးကုသရေးဘက်ဆိုင်ရာမင်းကြီး မစ္စတာဘာတာချာဂျီæ စသူတို့ကိုလည်း လူချင်း ရင်း ရင်းနှီးနှီးပေါင်းသင်းဆက်ဆံခွင့်နှင့် လေ့လာခွင့်များကို ရရှိခဲ့၏။ ရန်ကုန်ထောင် အပြင်ဘက်၌ ဤ ဧရာမပုဂ္ဂိုလ်ကြီးများသည် အဘယ်ကဲ့သို့သော အဆောင်အယောင် အခမ်းအနားနှင့် နေထိုင် ကြသည်ကို ကျွန်တော် မသိရှိသော်လည်း ရန်ကုန်ထောင်ကြီးအတွင်း၌ကား ဘဝတူ အကျဉ်းသားများ အားလုံးနှင့် ပခုံးချင်း တိုးဝှေ့ရောထွေးကာ ရင်းရင်းနှီးနှီးပေါင်းသင်းဆက်ဆံ နေထိုင်သွားကြသည်ကိုသာ တွေ့ရ၏။ သူတို့၏ ပင်ကိုယ်သဘာဝများကိုလည်း ချဉ်းကပ်လေ့လာ ခွင့်ရခဲ့၏။
ဤကဲ့သို့သော ပုဂ္ဂိုလ်ကြီးများအပြင် ကျွန်တော် တွေ့ဆုံသိကျွမ်း၍ ရင်းနှီး ခင်မင်ခွင့်ရရှိခဲ့သော ပုဂ္ဂိုလ် အများအပြားသည်ရှိသေး၏။ ရန်ကုန်ရဲအဖွဲ့ကြီး၏ လူဆိုးစာရင်းဝင် နာမည်ကြီးများ ဖြစ်ကြကုန် သော ဗိုလ်ထိန်ဝင်း၊ ဦးနီ၊ ဂျော့ထွန်းလွင်စသော သူများကိုလည်းကောင်း၊ ဣတိပိတော ခင်မောင်၊ ကြပ်ငခွေး၊ မင်းညို၊ ကျင်စိန်နှင့် ဒေါက်တာအုန်းမောင်တို့ကိုလည်းကောင်း ကျွန်တော်သည် သူတို့၏ ရှိရင်းစွဲ သဘာဝအတိုင်း တွေ့မြင် လေ့လာခွင့်ကို ရရှိခဲ့၏။ ရန်ကုန် ရဲအဖွဲ့ကြီးက ဤ မိတ်ဆွေများကို ရန်ကုန်ထောင်ကြီး၏ အပြင်ဘက်ရှိ ဧရာမလူဆိုးကြီးများ အဖြစ်ဖြင့် စာရင်းသွင်း သတ်မှတ်ထား စေခဲ့ကာမူလည်း ရန်ကုန် ထောင်အတွင်း၌ကား ထိုပုဂ္ဂိုလ်များအား အင်မတန်ခင်မင်စရာ၊ သနားစရာ ကောင်းသော လူသားများ အဖြစ်ဖြင့်သာလျှင် ကျွန်တော် တွေ့မြင်လေ့လာခဲ့ရ၏။ ရန်ကုန်ထောင်အုတ်ရိုး အပြင်ဘက်၌ အကြောင်းအမျိုးမျိုးကြောင့် သူတို့သည် တရားဥပဒေကို ချိုးဖျက်ကောင်း ချိုးဖျက် ခဲ့ကြလိမ့်မည်။ သို့ရာတွင် ရန်ကုန်ထောင်၏ အုတ်ရိုးအတွင်း၌ကား ထိုလူသားများကို လူဆန်ဆန် လူပီပီ သာ တွေ့မြင်ခဲ့ရ၏။
ထိုမျှသာလျှင်မကသေး၊ တိုင်းပြည်၏ ကောင်းစားရာ ကောင်းစားကြောင်းနှင့် တိုးတက်ရာ တိုးတက်ကြောင်းအတွက် ၎င်းတို့၏ ခံယူချက်များအတိုင်း လုပ်ဆောင်ရင်း ရန်ကုန်ထောင်ကြီး အတွင်း သို့ ရောက်ရှိနေကြသော နိုင်ငံရေးခေါင်းဆောင် အများအပြားနှင့် ကျွန်တော်သည် တွေ့ဆုံသိကျွမ်းခွင့်၊ ခင်မင်ရင်းနှီးခွင့်နှင့် ၎င်းတို့အား လေ့လာနိုင်ခွင့်များကိုပါ ရရှိခဲ့သေး၏။ ထိုနိုင်ငံရေး ခေါင်းဆောင်များ ထဲတွင် ဘကြီးဘဖေကဲ့သို့သော ပုဂ္ဂိုလ်ကြီးကအစ ကွန်မြူနစ်ပါတီမှ သခင်အုန်းမောင်၊ အလံနီပါတီမှ သခင်ဖေဌေး၊ ပြည်သူ့ရဲဘော်အဖွဲ့မှ ဗိုလ်စက်စိန်နှင့် ဗိုလ်မြင့်သိန်းစသော ပုဂ္ဂိုလ်များလည်း ပါဝင်၏။ ယခင် ဗိုလ်ချုပ်အောင်ဆန်းတို့ကို ဂဠုန်ဦးစော လုပ်ကြံသတ်ဖြတ်ခြင်းပြုစဉ်က မှားယွင်း ပါဝင်မိခဲ့ကြသော ကိုခင်မောင်ရင်၊ ကိုသုခနှင့် ကိုနီစသော ပုဂ္ဂိုလ်များနှင့်လည်း ကျွန်တော်သည် တွေ့ဆုံရင်းနှီးခွင့် လေ့လာခွင့်များကို ရရှိခဲ့သေး၏။
ရက်ပေါင်း (၁၅၆၈) ရက်မျှ ရန်ကုန်ထောင်ကြီးအတွင်း၌ နေထိုင်ကုန်လွန်ခဲ့ ရသည့်အချိန်ကာလ အတွင်း ကျွန်တော် တွေ့ဆုံသိကျွမ်းခွင့်နှင့် လေ့လာခွင့်ရရှိ ခဲ့သော ဘဝတူလူသားများ၏ အကြောင်းကို ကျွန်တော်သည် ရေးသားဖော်ပြခြင်း ပြုလို၏။ ကျွန်တော်နှင့် အရင်းနှီးဆုံး လူသားတဦးဖြစ်သော အညတြ အောင်သန်း၏ အကြောင်းကိုကား ကျွန်တော်သည် ရန်ကုန်ထောင်မှ လွတ်မြောက်ကာစကပင် ရှုမဝမဂ္ဂဇင်း၌ ရေးသား ဖော်ပြခဲ့ပြီးလေပြီ၊။ သို့အတွက် ဖော်ပြသင့် ဖော်ပြထိုက်သော ဘဝတူများ၏ အကြောင်းကား အများအပြားပင် ရှိနေသေး၏။ သို့ရာတွင် ရန်ကုန်ထောင်ကြီးအတွင်း၌ အသက်အရွယ် အားဖြင့်လည်းကောင်း၊ လူ့လောကအတွေ့အကြုံအားဖြင့် လည်းကောင်း၊ အရင့်ကျက်ဆုံးနှင့် အကြွယ်ဝ အများပြားဆုံးဖြစ်သော ဘကြီးဘဖေ၏ အကြောင်းမှ စတင်၍ ကျွန်တော်သည် မိမိ လေ့လာတွေ့မြင်ခဲ့ ရသမျှလောက်ကို ရေးသားဖော်ပြလို၏။


ဘကြီးဘဖေ
(၁)

ဘကြီးဘဖေအား ဖမ်းဆီး၍ ရန်ကုန်ထောင်ကြီးသို့ ပို့လိုက်ပြီဆိုသော သတင်းကို ကြားသိရလျှင် ကြားသိရချင်း၊ ထို အဘိုးကြီးအား သွားရောက် ကြိုဆိုခြင်းနှင့် နှုတ်ဆက်ခြင်းပြုရန်အတွက် ကျွန်တော် သည် မိမိနေထိုင်ရသော (၅) အဆောင်မှ ဆင်းလာခဲ့ပြီးလျှင် ရန်ကုန်ထောင်အတွင်းဘက် ဘူးဝသို့ သွား ရောက်စောင့်ဆိုင်းခြင်းပြုခဲ့၏။ သို့ရာတွင် ဖမ်းဆီးလာခဲ့ပြီဖြစ်သော ထိုအဘိုးကြီးအိုအား ရန်ကုန် ထောင်ကြီးအတွင်းသို့ ထောင်အာဏာပိုင်များက တော်တော်နှင့် မသွင်းနိုင်ကြသေးဘဲ ထောင်မှူးကြီး၏ ရုံးခန်းထဲ၌ ဟိုမေးဒီမေး လုပ်နေကြပြန်သေးသဖြင့် ကျွန်တော်သည် အတွင်းဘက် ဘူးဝမှနေ၍ အတော်ကြာကြာကလေးရပ်၍ စောင့်ရ၏။ လူတဦးတယောက်အား ဖမ်းဆီးချုပ်နှောင်ခြင်း မပြုမီက ဝတ္တရားအလျောက် စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်လေ့ရှိသည်ကိုသာ တွေ့ဖူးခဲ့သော ကျွန်တော်၏ အတွက် ထို အဘိုးကြီးအိုအား ဖမ်းဆီးခေါ် ဆောင်လာခဲ့၍ ထောင်ဘူးအတွင်းသို့ ရောက်ရှိကာမှ ရှည်ရှည်ဝေးဝေး စစ်ကြောမေးမြန်းနေကြခြင်းကိုကား နားမလည်မိပေ။
ဘကြီးဘဖေအား ကြိုဆိုနှုတ်ဆက်ခြင်းပြုရန်အတွက် အတွင်းဘက် ဘူးတံခါးမှ သည်းညည်းခံ စောင့်ဆိုင်း၍နေရစဉ် ရှေးလွန်လေပြီးသော နှစ်ပေါင်းအစိတ်ခန့်လောက်က ဘကြီးအား ယခုကဲ့သို့ပင် ကြိုဆိုနှုတ်ဆက်ခြင်း ပြုခဲ့ရသောအဖြစ်အပျက်တရပ်ကို ကျွန်တော်သည် ရုတ်တရက် ပြန်လည်သတိရ လာ၏။ စဉ်းစားလာမိ၏။
ထိုသို့ ကြိုဆိုနှုတ်ဆက်ခြင်းပြုခဲ့ရစဉ်က ဘကြီးဘဖေသည် ယခုခေတ် ကျွန် တော်တို့ လူငယ်များက ချစ်ခင်လေးမြတ်စွာ ခေါ်ဝေါ်ခြင်း ပြုနေကြသော ဘကြီးဘဖေကား မဟုတ်သေးပေ။ ဒိုင်အာခီခေတ် သစ်တောရေးဝန်ကြီး ဦးဘဖေမျှသာလျှင် ဖြစ်၏။ ထိုအချိန်က ငါးထောင်စားဟူ၍လည်း ခေါ်ဝေါ်ကြသည်ဟု ကျွန်တော်ထင်၏။ ကျွန်တော်သည်လည်း ထိုစဉ်က ဆယ်နှစ်သား သာသာခန့် မျှသာရှိသေးသော ကျောင်းသားကလေးတယောက်ဖြစ်၏။ ဘာမျှ မသိတတ်သေးပေ။
လေဒီအင်းနစ်(စ်) အမည်ရှိ အစိုးရသင်္ဘောသည် ကျွန်တော်တို့နေထိုင်လျက်ရှိသော မြို့ကလေး သို့ ဆိုက်ရောက်လာသောအခါ အော်နာရေဘီ သစ်တောရေးဝန်ကြီး ဦးဘဖေအား သွားရောက်စီတန်း၍ နှုတ်ဆက်ခြင်း ပြုရန်အတွက် ကျွန်တော်တို့ကျောင်းမှ ကျောင်းအုပ်ဆရာကြီးက ကျွန်တော်တို့ ကျောင်းသားများ အားလုံးကို သင်္ဘောဆိပ်သို့ အဆင်းခိုင်း၏။ ထိုစဉ်က ကျွန်တော်သည် လူမမယ် ကျောင်းသားအရွယ်မျှသာဖြစ်သေး၍ ဘာမျှကား နားမလည်ခဲ့ပေ။ အကယ်၍သာ နားလည်ခဲ့လျှင် ထို ငါးထောင်စား ဒိုင်အာခီ အော်နာရေဘီ သစ်တောရေးဝန်ကြီးဆိုသူအား အထက်ဆရာကြီးများက သွန်သင်စေ ခိုင်းသည့်အတိုင်း သွားရောက်ကြိုဆိုမိချင်မှ ကြိုဆိုမိလိမ့်မည်ဖြစ်၏။
လေဒီအင်းနစ်(စ်) အမည်ရှိသော အစိုးရသင်္ဘောပေါ်မှ သစ်တောရေး ဝန်ကြီးဦးဘဖေတို့ ဇနီးမောင်နှံနှင့် နောက်လိုက်နောက်ပါများ တခမ်းတနားဆင်း၍ လာကြသည်ကို သင်္ဘောဆိပ်၏အတက်၊ လမ်းမကြီး ဘေးတဖက် တချက်စီတွင် စီတန်း၍ ရပ်စောင့်နေကြရသော ကျောင်းသားတန်းကြီးထဲမှ ကျွန်တော်သည် ဘုမသိဘမသိနှင့် ငေးမောကြည့်နေခဲ့မိသည်ကိုလည်း ခပ်ရေးရေးလောက် မှတ်မိ၏။ ကုန်းထိပ်ပေါ်သို့ ရောက်ရှိလာကြပြီးနောက် အသင့်ပြင်၍ထားသော မော်တော်ကားသစ်ကြီးကို တက်ရောက်စီးနင်းကာ လိုက်ပါသွားသော အော်နာရေဘီ သစ်တောရေးဝန်ကြီးအား လမ်းမကြီး၏ ဘေးတဖက်တချက်စီတွင် စီတန်း၍ ရပ်နေကြရသော ကျွန်တော့်တို့ကျောင်းသားများက ယခင် ခေတ္တဘုရင်ခံ ဆာဂျေအေမောင်ကြီး တိုင်းခန်းလှည့်လည်လာစဉ်တုန်း က "ဟစ် ဟစ် ဟူရေး" ဟု ဝိုင်းဝန်းကြိုဆို နှုတ်ဆက်ကြရသကဲ့သို့ ဆရာ ဆရာမများက သင်ကြားထားသည့်အတိုင်း ဝိုင်းဝန်း အော်ဟစ်ကြသောအခါ၌ ကျွန်တော်သည်လည်း အများနည်းတူ ရောယောင်၍သာ အော်ဟစ်လိုက်ရ၏။ သို့ရာတွင် ဘာမှန်းကား မသိခဲ့ပေ။ ကလေးသူငယ်တို့ဘာဝ သစ်တောရေးဝန်ကြီး အငြိမ့်သားစီးနင်း လိုက်ပါ၍သွားသော မော်တော်ကားသစ်ကြီးကိုသာ သဘောကျနေ၏။
ထိုနေ့ညနေ၊ နေအိမ်သို့ ပြန်ရောက်၍ ညစာစားသောက်သောအခါ ထမင်းစားပွဲဝိုင်းတွင် ကလေးသူငယ်တို့ ဘာသာဘာဝ သစ်တောရေးဝန်ကြီးကို သင်္ဘောဆိပ်သို့ သွားရောက်ကြိုဆိုခဲ့ရသည့် အကြောင်းနှင့် အော်နာရေဘီ သစ်တောရေးဝန်ကြီး ဦးဘဖေအား ကျွန်တော်တို့ကျောင်းသားများက အင် မတန် ကြောက်ရွံ့ကြရသော ကျောင်းအုပ်ဆရာကြီး ကိုယ်တိုင်က တဖန် အင်မတန်ကြောက်ရွံ့ ရိုသေ ရသော မျက်နှာဖြူ အရေးပိုင်ကပင်လျှင် ခါးကုန်း၍ ဆလံ ပေးရသည့် အကြောင်းများကို အားရသလိုလို၊ ဂုဏ်ယူသလိုလိုနှင့် ပြောဆိုလိုက်မိ၏။ "ထမင်းစားနေတုန်း စကားမပြောရဘူးကွ။ ထမင်းကိုသာ ဝအောင် စားရတယ်" ဟု ကျွန်တော်၏ ဖခင်က ခပ်မှန်မှန်ကလေး ပြောဆိုလိုက်သဖြင့် ကျွန်တော်သည် ဖခင်၏မျက်နှာကို တချက်မျှလှမ်း၍ လှမ်း၍ကြည့်လိုက်ပြီးနောက် ငြိမ်နေလိုက်ရ၏။ ကျွန်တော်၏ ဖခင်သည် (၂၁) ဦးဂိုဏ်းသားများကို အလွန်တရာ မုန်းတီးလျက်ရှိသော ဝံသာနုဂိုဏ်းသားများ တဦးဖြစ်သည်ကိုလည်း ထိုစဉ်က ငယ်ရွယ်သော ကျွန်တော်သည် နားလည်ခြင်း မရှိသေးပေ။
ရှေးလွန်လေပြီးသောနှစ်ပေါင်း အစိတ်ခန့်လောက်က ကျောင်းသားအရွယ် လူမမယ်ဘဝနှင့် အော်နာရေဘီ သစ်တောရေးဝန်ကြီး ဦးဘဖေအား ကြိုဆိုနှုတ်ဆက်ခြင်းပြုခဲ့ရ ဖူးသော အဖြစ်အပျက်များကို ပြန်လည်သတိရလာကာ စဉ်းစားလျက်ရှိစဉ်၊ ရန်ကုန်ထောင် အတွင်းဘက် ဘူးတံခါးကလေးသည် ရုတ်တရက် ပွင့်လာသဖြင့် ကျွန်တော်သည် လှမ်း၍ကြည့်လိုက်မိ၏။ လူတဦးတယောက်ကို ခွေးလိုတိုး၍ ဝင်ထွက်ခိုင်းလေ့ရှိသော ဘူးတံခါးပေါက်ကလေးအတွင်းမှ ယခင် ဒိုင်အာခီခေတ်တုန်းက ငါးထောင်စား သစ်တောရေးဝန်ကြီးသည် သာမန်အကျဉ်းသားတဦး တယောက် ကဲ့သို့ပင် ဦးခေါင်းကိုလျှို၍ တိုးဝှေ့ကာ ရန်ကုန်ထောင်ကြီးအတွင်းသို့ ဝင်လာ၏။ သို့ရာတွင် ယခင် အော်နာရေဘီ သစ်တောရေးဝန်ကြီး ဦးဘဖေသည် ယခုအခါတွင် ဦးခေါင်းတခုလုံး ဖွေးဖွေးဖြူလျက် သက်ရွယ် အိုမင်းမစွမ်းရှိလေပြီ။ ယခင် ဒိုင်အာခီခေတ် အော်နာရေဘီ ဝန်ကြီးဘဝနှင့်တုန်းက မျက်နှာဖြူ အရေးပိုင်မင်းကပင်လျှင် ခါးကုန်း၍ ဆလံပေးခြင်းပြုခဲ့ရသော ဤခေါင်းမွေးဖြူနှင့် အဘိုးကြီးအိုအား ရန်ကုန် ဗဟိုစံပြထောင်ကြီးအတွင်းသို့ အဝင်တွင် အဘယ်ထောင်မှူး ထောင်ပိုင်နှင့် ထောင်ကြပ် ပြာတာတို့ကမှလည်း အလေးမပြုကြတော့ချေ။ ခွေးတိုးပေါက်မှသာလျှင် ဖမ်း၍ သွင်းလိုက်ကြသည် တကားæ။
"နိပ်ကဲ့လားဟေ့ ဗန်းမော်" ဟု ခွေးတိုးပေါက်မှ တိုးဝှေ့၍ ဝင်လာသော ဘကြီးဘဖေက ကျွန်တော့် အပြုံးမပျက်၊ အရယ်မပျက် လှမ်း၍ စုံစမ်းမေးမြန်းရင်း နှုတ်ဆက်လိုက်သောအခါ "ဟစ် ဟစ် ဟူးရေး" ဟူ၍ ဒိုင်အာခီခေတ် ဝန်ကြီးဘဝနှင့်တုန်းက နှုတ်ဆက်ခြင်း ပြုခဲ့ရသလို ပြန်လည်၍ ဂုဏ်ပြု နှုတ်ဆက်ချင်စိတ်များ အမှတ်မထင် ပေါ်၍လာမိသော်လည်း အကျဉ်းအကြပ်ထဲမှာပင်လျှင် ဟာသကို ဆက်လက် ထိန်းသိမ်းထားနိုင်သေးသော အဘိုးကြီးအိုအား "အပြင်မှာလိုတော့ သိပ်မစားသာလှဘူး ဘကြီး" ဟု မချိသွားဖြီး ပြောဆိုခြင်း ပြုလိုက်ရ၏။
"အပြင်ဘက်မှာတော့ ကိုယ်တော်တွေ ဆူကျန်ရစ်ခဲ့တာပဲဟေ့၊ ပြီးတော့မှ အေးအေးဆေးဆေး စကားပြောကြသေးတာပေါ့ကွာ" ဟု ၎င်းအား သီးသန့်ချုပ်နှောင် ထားရှိမည့် ကြိုးတိုက်ဘက်သို့ ထောင်အာဏာပိုင်များက ခေါ်ဆောင်၍ သွားစဉ် ဘကြီးက ပြောဆိုသွား၏။
အသက်အရွယ်ကြီးရင့်လျက် အိုမင်းမစွမ်းရှိပါကာမှ ယခုကဲ့သို့ ဖမ်းဆီးချုပ် နှောင်ခြင်းနှင့် ညှဉ်းပန်းခြင်းခံရရှာသော ထိုအဘိုးကြီးအား ကျွန်တော်သည် နောက်မှငေးမော၍ ကြည့်ရှုရင်း ရင်တွင်း၌ လှုပ်ရှားကျန်ရစ်၏။ ထိုသို့ ငေးမော ကျန်ရစ်ခဲ့စဉ် ရှေးလွန်လေပြီးသော နှစ်ပေါင်းအစိတ်ခန့်လောက် ကြိုဆိုနှုတ် ဆက်ခဲ့ရခြင်းနှင့် ယခုအကြိမ် ရန်ကုန်ထောင်ဘူးဝ၌ ကြိုဆိုနှုတ်ဆက်ရခြင်း နှစ်ခုကိုလည်း နှိုင်းယှဉ် စဉ်းစားမိ၏။

(၂)

ရန်ကုန်ထောင်ကြီးအတွင်း၌ မှောင်မိုက်သောညများကို ကုန်လွန်ခဲ့ရသော အချိန်ကာလအတွင်း က ဘကြီးဘဖေကဲ့သို့ ပုဂ္ဂိုလ်ကြီးတဦးနှင့် နီးနီးကပ်ကပ် ရင်းရင်းနှီးနှီးဆက်ဆံ နေထိုင်ခွင့်ကို ကျွန်တော်သည် ရရှိခဲ့၏။ ကျွန်တော် ချဉ်းကပ်၍ လေ့လာဆည်းပူးရသလောက် ဤအဘိုးကြီးကား အင်မတန်လေးစား ချစ်ခင်စရာကောင်းသော နိုင်ငံရေးသမားကြီးတဦးအဖြစ်ဖြင့် လည်းကောင်း၊ များစွာ စိတ်ဝင်စားစရာ ကောင်းလှသော ပညာတတ်ကြီး တဦးအဖြစ်ဖြင့် လည်းကောင်း၊ အလွန်တရာ သနားစရာကောင်းသော လူသားအဘိုးအိုကြီး အဖြစ်ဖြင့် လည်းကောင်း၊ တွေ့ရှိမှတ်သားလာခဲ့ရ၏။
ဤကဲ့သို့ ဆိုလိုက်သည့်အတွက် ဘကြီးနှင့် ကျွန်တော်၏ အကြားတွင် ကွဲလွဲမှုများ အများအပြား ပင်ရှိ၏။ တောင်နှင့်မြောက်လိုဖြစ်နေသော ကွဲလွဲမှုများ အထိပင်ရှိ၏။ ထိုကဲ့သို့ ရှိခဲ့သော ကွဲလွဲမှုများနှင့် ပတ်သက်၍ မျက်နှာများ နီမြန်းလာကြသည်အထိ အကြောက်အကန်နှင့် ပြင်းပြင်းထန်ထန် ငြင်းခုံမှုများ သည်လည်း မကြာခဏရှိခဲ့၏။ ကျွန်တော်နှင့် ဘကြီးတို့သည် ကွဲလွဲမှုတခု အတွက် ငြင်းခုံခြင်းပြုရာ၌ အနီးအနားက လူများပင် လန့်ဖြန့်ကြသည်အထိ ငြင်းခုံမှုများရှိခဲ့၏။ ဘကြီးဘဖေနှင့် ကပ်၍ နေသော အခန်းများတွင် နေထိုင်ကြသော ယခင် မကွေးတိုင်းမင်းကြီး ဦးဘစိန်နှင့် သထုံခရိုင်ဝန်ဟောင်း မစ္စတာ စတူးဝပ်တို့သည်ပင် အလန့်တကြားထ၍ လာနားထောင်တတ်ကြ၏။
ဤကဲ့သို့ အပြင်းအထန် ငြင်းခုံကြရာ၌ ဘကြီးကလည်း ငယ်ရွယ်သော ကျွန်တော့်အား တရွေးသားမျှ မသက်ညှာတတ်သကဲ့သို့၊ ကျွန်တော့်ဖခင် ထက်ပင် ကြီးသော ထိုအဘိုးကြီးအပေါ်၌လည်း ကျွန်တော်က တဆံခြည်မျှင်လောက်မျှ အလျှော့ပေးခြင်း မပြုတတ်ပေ။ ငြင်း၍ မောသဖြင့် နားလိုက်ကြ သောအခါများ၌ "ဗန်းမော်ဆိုတဲ့ အကောင်က တော်တော်ခေါင်းမာတယ်၊ မင်းလဲ သန်းထွန်းတို့ အောင်ဆန်းတို့လို အစားထဲက အကောင်ပဲ ထင်ပါရဲ့ကွာ" ဟု ဘကြီးက ရီမောပြောဆိုလေ့ရှိ၏။
ဘကြီးဘဖေသည် ၎င်းနှင့် နိုင်ငံရေး အယူအဆချင်းကွဲပြားစေကာမူ ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်သန်းထွန်းတို့ နှစ်ဦးကိုမူကား များစွာလေးစား၏။ လေးစားသည့်အကြောင်းကိုလည်း စကား အလျဉ်းသင့်သောအခါတိုင်း ထုတ်ဖော် ပြောဆိုလေ့ရှိ၏။
နိုင်ငံရေးပြဿနာရပ်များနှင့် ပတ်သက်၍ ၎င်း၏ ခံယူထားပြီး အချက် တချက်ကို တရွေးသားမျှ မလျှော့ပေးတတ်ဘဲ တနေကုန် တနေခန်း ထောင်တံခါးများ ပိတ်သည်အထိ ဇွဲကောင်းကောင်းနှင့် ခုခံကာကွယ်တတ်၏။ ၎င်း၏ ခံယူချက်ခိုင်လုံသည့်အကြောင်းကို ၎င်းကို များပြားလှစွာသော အတွေ့အကြုံ နှင့် အခြားအမြင်များထဲမှ အထောက်အထားများကို ထုတ်ယူ၍ ကျားကန် ပေးခြင်းလည်း ပြုတတ်၏။ ဘကြီးနှင့် ငြင်းခုံရသောအခါတိုင်း လူငယ်တဦး မျှသာဖြစ်သော ကျွန်တော်၏အတွက် တထိုင်တည်းလောက်နှင့် ဗဟုသုတအများကြီး ရရှိလိုက်၏။ အလွန်မြတ်၏။ မကြားဖူးသော အကြောင်း အရာများကိုလည်း ကြားလိုက်ရ၏။ မဖတ်ဖူးသော စာအုပ်များ အကြောင်းကိုလည်း လွယ်လင့် တကူကြားနာ သိရှိခဲ့ရ၏။
အခြားအကြောင်းကိစ္စများနှင့် ပတ်သက်၍ ဘကြီးဘဖေသည် စိတ်ရှည် တတ်သလော၊ သို့မဟုတ် စိတ်တိုတတ်သလော ဆိုသည်ကိုကား ကျွန်တော်သည် မသိရှိပေ။ သို့ရာတွင် နိုင်ငံရေးနှင့်ပတ်သက်၍ ငြင်းခုံရမည်ဆိုလျှင် ဤ အဘိုးကြီးများသည် အလွန်တရာစိတ်ရှည်၏။ စိတ်ထက်သန်ခြင်း လည်းရှိ၏။ ခက်ထန်တက်ကြွခြင်းကိုလည်း ဤ အဘိုးကြီးတို့၌ တွေ့ရလိမ့်မည် ဖြစ်၏။
ဘကြီးသည် "လစ်ဘရယ်ဒီမိုကရေစီ" ခေါ် အနောက်တိုင်း ဓနရှင်ဒီမိုကရေစီဝါဒကို နှစ်သက်၏။ ကျွန်တော်က ဆိုရှယ်လစ်ဒီမိုကရေစီကို မြှော်မှန်း နေသူဖြစ်၏။ သို့ရာတွင် နှစ်ဦးစလုံး မြန်မာအမျိုးသား များဖြစ်ကြ၍ အမိနိုင်ငံတော်နှင့် အမျိုးသားများ၏ တိုးတက်ရာတိုးတက်ကြောင်းနှင့် ကြီးပွားရာ ကြီး ပွားကြောင်းအတွက် စေတနာထားရှိကြပုံ တွင်ကား ကွဲလွဲမှုများ မရှိကြပေ။ တူညီ၏။ ယခင် ရန်ကုန်ထောင်ကြီးအတွင်းသို့ မရောက်ရှိကြမီကလည်း တရုတ်ဖြူတပ်များ မောင်းထုတ်ရေးကိစ္စတွင် အတူတကွပူးပေါင်း လုပ်ဆောင်ခဲ့ကြဖူးပြီ မဟုတ်သလော။ သို့ရာတွင် အစစအရာရာ၌ အောက်ကျ နောက်ကျ ဖြစ်နေသော အမိတိုင်းပြည်အား ကြီးပွားရာကြီးပွားကြောင်းအတွက်ထားရှိ လုပ်ကိုင်ကြသည့် ဝါဒနှင့် လုပ်နည်းများတွင်ကား ကွဲလွဲကြ၏။ တိုင်းပြည်အတွက် အရေးကြီးလှသော စီးပွားရေးနှင့် စီးပွားရေးတွင် အရေးကြီးလှသော စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးဝါဒများတွင် တက်တက်စင်ကွဲလွဲကြ၏။ ထိုကွဲလွဲချက်များနှင့် ပတ်သက်၍ ရန်ကုန်ထောင်ကြီးထဲ၌ အားအားရှိတိုင်း ဘကြီးနှင့်ကျွန်တော်တို့ သည် ငြင်းခုံခဲ့ကြ၏။ ထိုသို့ငြင်းခုံခြင်းပြုရာ၌ ဘကြီးအတွက် အမောသာ အဖတ်တင်လိမ့်မည် ဖြစ်သော်လည်း ငယ်ရွယ်သော ကျွန်တော့် အတွက်ကား မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ပတ်သက်၍ သိသင့် သိထိုက်သော အချက်အလက်နှင့် အကြောင်းအရာ များစွာတို့ကို အဘိုးကြီးအိုထံမှ ကြားနာ လိုက်ရ၏။
မျက်နှာများနီမြန်းလာကြသည်အထိ အကြောက်အကန်ငြင်းခုံ၍ မောပန်းလာကြသောအခါ ဘကြီးအား စောင့်ရှောက်ပေးနေသော ဦးစိန်ကြီးဆိုသော အကျဉ်းသားကြီးတဦးက ကော်ဖီဖျော်၍ မုန့်များနှင့် တိုက်၏။ ထိုကဲ့သို့ ကော်ဖီသောက်၍ ပြီးစီးသောအခါ တော်တော်ကလေးလည်း အမေပြေလာကြပြီဖြစ် ၍ ဆက်လက်ကာ ငြင်းခုံကြပြန်၏။
ရန်ကုန်ထောင်ကြီးမှသာ ကျွန်တော်သည် လွတ်လာခဲ့၏။ ထိုအငြင်းအခုံ သည် ပြီးပြတ်ခြင်းမရှိခဲ့ပေ။
(၁၉၅၇) ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ နံနက်က ကျွန်တော်သည် ဘကြီးဘဖေအား သွားရောက်၍ ကန်တော့၏။ နှုတ်ဆက်စကားလည်း ပြောကြား၏။ သို့ရာတွင် ထိုအဘိုးကြီးအား ထားပစ်ခဲ့ရသည့်အတွက် ကျွန်တော်စိတ်မကောင်းပေ။ ဘကြီးအား ကန်တော့ပြီးနောက် ၎င်း၏အခန်းထဲမှ ထွက်လာစဉ် အဘိုးကြီးအိုသည် ကျွန်တော့်အား ကြိုးတိုက်တံခါးဝအထိ လိုက်၍ပို့ရင်း "ထောင်ထဲမှာ ငါမသေသေးလို့ အပြင်ဘက်ထွက်လာနိုင်ကြတဲ့ တနေ့ကျတော့မှပဲ တို့ ဆက်ငြင်းကြသေး တာပေါ့၊ ဗန်းမော်ရာ" ဟု ကျွန်တော်၏ ပခုံးကို ရင်းရင်းနှီးနှီးပုတ်ကာ ရယ်မောပြောဆိုရင်း ကျွန်တော့်အား ရက်ချိန်း ပေးလိုက်ချေ သေးတော့၏။
ကျွန်တော်သည် ကောင်းစွာ စိတ်ချယုံကြည်၏။ ဤခေါင်းမွေးများ ဖွေးဖွေးဖြူနေပြီဖြစ်သော အဘိုးကြီးအိုသည် ၎င်း၏ခံယူချက်ကို အသက်သာလျှင် အသေခံလိမ့်မည်။ တရွေးမျှ၊ တဆံချည်မျှင်မျှ အလျှော့ပေးလိမ့်မည်ကား မဟုတ်ပေ။ ထို့ကြောင့် မိမိနှင့်အယူအဆချင်း မတူညီ၍ ကွဲပြားစေကာမူ လည်း ၎င်း၏ ယုံကြည်ချက်ကို အသက်သေသည်အထိ ဆုပ်ကိုင်ထားမည့် ထိုအဘိုးကြီးအိုအား အင်မတန်ချစ်ခင် လေးစားစရာကောင်းလှသည့် နိုင်ငံရေးသမားကြီးတဦးဖြစ်သည်ဟု ကျွန်တော် ဆိုလိုက်ခြင်းသာဖြစ်၏။

(၃)

မှောင်မိုက်သောညများကို ရန်ကုန်ထောင်ကြီးအတွင်း၌ ကုန်လွန်ခြင်းပြုလာ ခဲ့ရသော အချိန်ကာများတလျှောက်လုံး ကျွန်တော်တို့သည် နိုင်ငံရေးကိစ္စတခုတည်းကိုသာ ပြောဆို ငြင်းခုံနေခဲ့ကြ သည်တော့ကား မဟုတ်ပေ။ အခြားထွေရာလေးပါးအကြောင်းနှင့် ကိစ္စများကိုလည်း ပြောဆို ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြ၏။ မည်သည့်ဘက်ကစမ်းစမ်း လွတ်နေသည်ဟူ၍ မရှိဘဲ ယခုကဲ့သို့ မျက်စိ များမှုန်နေပြီဖြစ်သော အသက်အရွယ်၌မှာပင် စာဖတ်မလျှော့သေးသော ဘကြီးဘဖေနှင့် မည်သည့် အကြောင်းကို ပြောဆိုရ ပြောဆိုရ များစွာစိတ်ဝင် စားစရာကောင်း၏။ အထူးသဖြင့် ဘာသာတရားနှင့် ပတ်သက်သော စာအုပ်စာတမ်းများနှင့် အကြောင်းအရာများကို ဘကြီးဘဖေသည် ပြောဆိုလေ့ရှိ၏။ အထူးစိတ်ဝင်စားပုံလည်းရ၏။ ဗလပ်ဗတ်စကီး၊ အင်နီဘီးစင့်၊ ရာမကရစ်ရှနား၊ မက်စ်မူလာနှင့် အက်ဒဝင်းမာနိုးလ်တို့ရေးသားခဲ့ကြသော အိန္ဒိယပြည်ကြီး၏ ရှေးဟောင်းဘာသာတရားများနှင့် ယဉ်ကျေးမှုများအကြောင်းကို ပြောဆိုကြရင်း "ဝေဒခေတ်အိန္ဒိယပြည်" ဆိုသော စာအုပ်ကို ဘကြီးက ကျွန်တော့်အား ဖတ်ရှုဖြစ်အောင် ဖတ်ရှုရန် တိုက်တွန်း၍ စာအုပ်ကိုပါ ၎င်း၏နေအိမ်မှ မှာယူ၍ ပေးသဖြင့် ဖတ်ကြည့်ခဲ့ရ၏။ ကျွန်တော်ကလည်း ဂျာနယ်ကျော် ဦးချစ်မောင် မကွယ်လွန်မီက ဝယ်ယူဖတ်ရှုရန် တိုက်တွန်းခဲ့သဖြင့် ဝယ်ထားခဲ့သော "ဘာသာတရား ပေါ်ပေါက်လာရခြင်းအကြောင်းရင်းများနှင့် ပေါ်ပေါက် နေသော ဘာသာတရားကြီးများ" ဆိုသောစာအုပ်ကို ဘကြီးအား ငှားပေးလိုက်၏။ "ဝေဒခေတ်အိန္ဒိယ ပြည်" ဆိုသော စာအုပ်ကို ကျွန်တော်သည် ဖတ်ရှုပြီးစီး၍ ဘကြီးထံသို့ ပြန်ပေးလိုက်သည်မှာ ကြာပြီဖြစ်သော်လည်း ယခုတိုင် ကျွန်တော်၏စာအုပ်ကို အဘိုးကြီးအိုထံမှ ပြန်မရသေးပေ။ စာကြမ်းပိုးကြီးဖြစ်သော ဘကြီးသည် ကျွန်တော်၏ စာအုပ်ကိုတော့ အပျောက်မရိုက်တန်ကောင်းဟူ၍ အောက်မေ့မိ၏။
များပြားလှသော လူ့ရေးလူ့ရာကိစ္စများ၌ ဘာသာတရားသည်လည်း အရေးကြီးလှသော လူ့ကိစ္စ လူ့အမှုကြီးတခုဖြစ်၍ ထိုဘာသာတရားပေါ်ပေါက် လာခဲ့ရခြင်း၏ အကြောင်းရင်းနှင့် အခြေခံများကို ဘကြီးနှင့် ပြောဆိုဆွေးနွေး ကြည့်ခဲ့ရ၏။
"သဘာဝကြီးကို လူတွေမသိကြသေးလို့ နားမလည်ကြသေးလို့ ကြောက်ရွံ့ခဲ့ကြရာ၊ နားမလည် ကြရာကစပြီး ဘာသာတရားနှင့် ဝတ်ðပကိုးကွယ်မှုတို့၊ အားထုတ်မှုတို့ဆိုတာတွေဟာ ပေါ်လာရတာပဲလို့ ကျနော်ထင်တယ်" ဟု ကျွန်တော်၏ ခံယူချက်ကို ဘကြီးအား ထုတ်ဖော်ပြောဆိုလိုက်မိ၏။
"တို့ဘုရားကလဲ အဝိဇ္ဇာလို့ ဟောထားခဲ့သားဘဲ မဟုတ်လားကွ" ဟု ဘကြီးက တခွန်းတည်း သော စကားဖြင့် အဖြေပေး၏။
ဘာသာတရားအပြင် မြန်မာနိုင်ငံတော်သမိုင်းနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာစာပေနှင့် ပတ်သက်၍လည်းကောင်း၊ ဘကြီးနှင့် တော်တော် ပြောဆိုခြင်းðပခဲ့ရသည်များကို မှတ်မိ၏။ ထိုသို့ပြောဆိုခြင်း ပြုခဲ့ရသည်များကို မှတ်မိ၏။ ထိုသို့ ပြောဆိုကြသောအခါတိုင်း နှစ်ပေါင်းလေးငါးဆယ် ကြာမှ သူ စုဆောင်းထားခဲ့ရသော ပေထုပ်များ၊ စာအုပ်စာတမ်းများ၊ ဒုတိယကမ္ဘာ စစ်ကြီးအတွင်းက ပျက်စီးဆုံးပါး သွားခဲ့ရသည့်အကြောင်းကို ညည်းတွားပြော ဆိုလေ့ရှိ၏။ ကျွန်တော်က ဂါယာ၌ အိမ်ဆောက်ပြီးစီး သွားခဲ့ပြီဖြစ်သော ဘကြီးဘဖေအား မြန်မာပြည်၌ စာကြည့်တိုက်ကြီးတတိုက်လောက် ဆောက်လုပ်၍ နှောင်းလူများအတွက် လှူဒါန်းထားရှိပေးခဲ့ဖို့ကို တိုက်တွန်းကြည့်ခဲ့၏။ အဘိုး ကြီးအိုသည် ထိုတိုက်တွန်းချက်ကို လေးလေးနက်နက်စဉ်းစားခြင်းပြုသည်ဟု ကျွန်တော်ထင်၏။
မြန်မာပြည်အကြောင်းနှင့် ပတ်သက်၍ စာအုပ်တအုပ်ရေးသားရန်အတွက် ဗြိတိန်မှထုတ်ဝေ လျက်ရှိသော "သည်နယူးစတိတ်စ်မင်းမ်နေးရှင်း" သတင်းစာမှ အယ်ဒီတာအဖွဲ့ဝင်တဦးဖြစ်သူ မစ္စဒေါ်ရော်သီဝဒ်မင်း (Dorothy Woodman) သည် တကြိမ်က ဘကြီးဘဖေနှင့် တွေ့ဆုံရန် ရန်ကုန်ထောင်ကြီးသို့ လာရောက်၏။ ရန်ကုန်ထောင်သို့ ရောက်သောအခါ ရန်ကုန်ထောင်ကြီး အတွင်းက လက်ဝဲဂိုဏ်းသား သတင်းစာဆရာများနှင့် စာရေးဆရာများရှိနေ ကြသည်ကို ကြားသိရဟန် တူ၍ ထောင်မှူးကြီးထံ ခွင့်တောင်းကာ ကျွန်တော်တို့အား ခေါ်ယူတွေ့ဆုံ၏။ မစ္စဝဒ်မင်းသည် မြန်မာပြည် နိုင်ငံရေးသမိုင်းနှင့် ပတ်သက်၍ စာအုပ်တအုပ်ရေးသားနိုင်ရန်အတွက် မြန်မာပြည်၏ နိုင်ငံရေးသမိုင်း စာအုပ်ကြီးဟူ၍ ခေါ်ဆိုကောင်း ခေါ်ဆိုနိုင်လိမ့်မည်ဖြစ်သော ဘကြီးဘဖေထံမှ ၎င်းသိရှိလိုသော အချက်အလက်များနှင့် အဖြစ်အပျက်များကို စုံစမ်းမေးမြန်း သွား၏။ မစ္စဝဒ်မင်းပြန်သွားသောအခါ ကျွန်တော်က ဝိုင်အမ်ဘီအေခေတ်မှ ဖဆပလခေတ်အထိ နိုင်ငံရေးသမိုင်းတလျှောက်လုံးတွင် မင်းသားကြီးတပါးအဖြစ် ပါဝင်ခဲ့သော ဘကြီးဘဖေအား နှောင်းလူများအတွက် ထိုအကြောင်း အရာ အဖြစ်အပျက်များကို စာအုပ်တအုပ် ရေးသားခြင်းပြုပါရန် တောင်းပန်တိုက်တွန်းမိ၏။ မန္တလေး လူထုဦးလှကလည်း တိုက်တွန်းခဲ့၏။
မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီသမားများ လက်အောက်သို့ ကျရောက်ခဲ့ ပြီးနောက်၊ ထိုဗြိတိသျှကိုလိုနီသမားများ၏ လက်အောက်မှ လွတ်မြောက်ရေး တိုက်ပွဲအတွင်း တလျှောက်လုံးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရသည်သာမက ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့ကြသော သက်ရွယ်ကြီးရင့် သည့် ပုဂ္ဂိုလ်ကြီးများ ယခုအခါတွင် အနည်းအကျဉ်းမျှလောက်သာ ရှိကြတော့မည်ဖြစ်၏။ ကျွန်တော် သိရှိသလောက် ပုဂ္ဂိုလ်ကြီးများထဲတွင် ဘကြီးမှိုင်းနှင့် ဘကြီးဘဖေတို့သာ ရှိကြတော့၏။ ထို ပုဂ္ဂိုလ်ကြီးနှစ်ဦးသာ ကျန်ရှိတော့သည့်အနက် ရန်ကုန်ထောင် အပြင်ဘက်တွင် တိုင်းပြည်၏ ငြိမ်းချမ်းရေး အတွက် ဟို ပြေးဒီပြေးဆောင်ရွက်ရင်း ခဲပေါက်ခံနေရသော ဘကြီးမှိုင်းထက်စာလျှင် ရန်ကုန်ထောင်ကြီး အတွင်း၌ အငြိမ်းစားယူနေရသော ဘကြီးဘဖေသည် ထိုကဲ့သို့သော စာအုပ်များကို ရေးသားခြင်း ပြုရန် ပို၍ပင် အခွင့်အရေး ရနိုင်လိမ့်မည်ဟုထင်၏။


(၄)

လူတယောက်အဖြစ်နှင့်ကား ဘကြီးဘဖေသည် အလွန်တရာ သနားစရာ ကောင်းသော အဘိုးကြီးအိုတဦးမျှသာဖြစ်၏။ အသက် (၇ဝ) ပင်ကျော်လွန်၍ လာခဲ့လေပြီ။ (၇၄) နှစ်ဟု ကျွန်တော်ထင်၏။ ထိုအိုမင်းလှပြီဖြစ်သော အဘိုးကြီးအိုအား ကြိုးတိုက်ထဲသို့သွင်းကာ ကြိုးစင်နှင့် ချောက်လှန့်ခြင်းကို ပြုနေကြ၏။ မှားပါပြီဟု ဝန်ချတောင်းပန်မှ ချမ်းသာပေးမည်ဟု ပြောနေဆိုနေကြ၏။ ထိုကိစ္စသည် နိုင်ငံရေးကိစ္စမျှသာဖြစ်၍ ကျွန်တော်သည် တရားလိုနှင့် တရားခံတို့၏ အကြားတွင် ဘာမျှ ဝင်ရောက် စွက်ဖက်ပြောဆိုခြင်း မပြုလိုလှပေ။ တရားကို နတ်စောင့်ပါစေသတည်း ဟုသာ ရှေးလူများ ကဲ့သို့ အော်ဟစ်ဆုတောင်း ရုံမျှ ပြုနိုင်လိမ့်မည်ဖြစ်၏။
ဇရာကထောင်းနေပြီဖြစ်၍ ထိုအဘိုးကြီးအိုသည် ခါးပင်ကိုင်းလျက် တခေါင်းလုံးလည်း ဖွေးဖွေးဖြူ၍နေလေပြီ။ မျက်စိများ၌လည်း အလင်းရောင်သည် မရှိလှတော့။ ပါစက ဓာတ်အားသည်လည်း ဆုတ်ယုတ်နေပြီဖြစ်၍ အစာကိုလည်း စားသင့်သလောက် စားနိုင်ခြင်းကို မတွေ့ခဲ့ရ။ တို့ကာ သပ်ကာနှင့် တလုပ် တဆုပ်လောက်သာ စားနိုင်တော့၏။
ဘကြီးဘဖေသည် ဤကမ္ဘာမြေပြင်၌ သက်ရွယ်အိုမင်းကာမှ အထီးကျန် ရစ်နေခဲ့သော အဘိုးကြီးအိုဖြစ်၏။ သူ့ဇနီးသည်လည်း မရှိတော့၊ ကွယ်လွန် သွားလေပြီ။ သားနှစ်ယောက်တို့သည် လည်း သူ့အား ပြုစုစောင့်ရှောက်ကြရန် သူနှင့်အတူမရှိကြတော့၊ ကွယ်လွန်သွားကြချေပြီ။ ဘကြီးဘဖေ၌ သူ့အား ပြုစု စောင့်ရှောက်မည့် အခြားရင်းချာထဲက ဆွေမျိုးညာတိကာများလည်း ရှိတော့ ဟန်မတူ၊ သူ၏ တပည့်ကြီးဖြစ်သူ ဦးစံမြကသာ စောင့်ရှောက်နေ၏။ ဘကြီးဦးဘဖေအား ဖမ်းဆီးခြင်းမပြုမီကပင် ကောင်းစွာကျန်းမာလှသည်တော့ မဟုတ်ပေ။ ဒူးများ၊ လက်များနှင့်ခြေသလုံးများ မကြာခဏ ဖောရောင် တတ်၏။ တခါ တခါ ရောဂါထ ဖောလာရောင်လာလျှင် အဘိုးအိုသည် အလူးအလိမ့်ခံရ၏။
ရန်ကုန်ထောင်ကြီးသို့ ဘကြီးဘဖေအား ဖမ်းဆီးပို့ဆောင်လိုက်ပြီးနောက်၊ အနေအထိုင်က ကျဉ်းကျပ်ဆင်းရဲလှသဖြင့် ဘကြီး၏ ဒူးနာသော ရောဂါသည် မကြာခဏဖြစ်ပွား၏။ ရန်ကုန်ထောင်ဆေးရုံ၌ကား ဆေးကောင်းဝါးကောင်းများ မရှိလှပေ။ ငယ်ရွယ်၍ သင်ခါစ သမားကလေး များသာ ရှိ၏။
ကျွန်တော် ရန်ကုန်ထောင်မှ မလွတ်မီကလေးတွင် ဘကြီးဘဖေ၏ ရောဂါတော်တော်ဆိုးဝါး လာသည်ကို တွေ့မြင်ခဲ့ရ၏။ ဒူး၊ ခြေသလုံးနှင့် လက်များသာလျှင် မကတော့ဘဲ တကိုယ်လုံးလိုလို ဖောရောင်လာ၏။ ရောဂါက ပြင်းပြင်းထန်ထန် နှိပ်စက်သဖြင့် အဘိုးကြီးအိုသည် အတော်ပင်ခံရ၏။ သုံးလေးရက်မျှ အိပ်၍မရ၊ ဘာမှလည်း မျိုချ၍ မရ၊ ရောဂါက ပြင်းထန်နေရသည့်အထဲ အအိပ်ကလည်း ပျက်၍ အစားကလည်း မဝင်တော့သဖြင့် ဤအဘိုးကြီးသည် ယခု တခေါက် ရန်ကုန်ထောင် အုတ်ရိုးကြီးကို ကျော်ထွက်နိုင် ပါတော့မည်လားဟု ကျွန်တော်သည် စိုးရိမ်ခဲ့မိ၏။ ဤကဲ့သို့ အဘိုးကြီးအို၏ ရောဂါအခြေအနေ ဆိုးဝါးပြင်းထန်၍ စိုးရိမ်နေရသည့်အချိန်တွင် ရန်ကုန် ထောင်ဆရာဝန် ကလေးများကလည်း ဘာမျှ မပြုလုပ်ပေးနိုင်ကြသဖြင့် သမားကောင်းများ ပေါများ၍ ဆေးဝါးကရိယာ လည်း စုံလင်သော ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်၍ ကုသပေးရန် ထောင်အာဏာပိုင်များကို တိုက်တွန်းပြောဆိုကြ၏။ ထောင်အာဏာ ပိုင်များကလည်း ၎င်းတို့ပါ တာဝန်မကင်းဖြစ်နေကြမည့် အရေးကို စဉ်းစားမိ၍ သက်ဆိုင်ရာအကြီးအကဲများကို အစီရင်ခံကြသည်ဟုလည်း ကြားသိရ၏။
သို့ရာတွင် (၇) ရက်တပတ်ခန့်မျှ သေမလောက်ဖြစ်နေသော အဘိုးကြီးအို အား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကာ ကုသခြင်းပြုရမည့်အရေးနှင့် ပတ်သက်၍ ဘာမျှလည်း မကြားရ၊ အကြောင်းလည်း မထူးပေ။ ဤကဲ့သို့ ရန်ကုန် ဆေးရုံကြီးကိုလည်း မပို့ပေးဘဲ ကြိုးတိုက်အတွင်း၌ ဘကြီးဘဖေ၏ ရောဂါ ပြင်းထန်နေသော တနံနက်ခင်းက အိပ်ဆောင်တံခါးများကို သော့ဖွင့်ပေးလျှင် ပေးချင်း ကျွန်တော်သည် မျက်နှာကိုသစ်၍ ကော်ဖီကိုပင်လျှင် သောက်မနေနိုင်အားဘဲ ကြိုးတိုက် ဖက်ကို ပြေးလာခဲ့၏။
အိပ်ဆောင်များ ဖွင့်ခါစဖြစ်၍ ကြိုးတိုက်တခုလုံးတိတ်ဆိတ်နေ၏။ ထို့ကြောင့် ဘကြီးဘဖေများ အိပ်ရ၍ အိပ်ပျော်နေမည်လားဟု သိလိုဇောဖြင့် ကျွန်တော်သည် အခန်းတွင်းသို့ ခြေဖျားထောက်၍ ဖြည်းညင်းစွာ ဝင်ကြည့်မိ၏။ ထိုသို့ဝင်ကြည့်လိုက်စဉ် အခန်းတံခါးဝ၌ ကျွန်တော်၏ ခြေလှမ်းများသည် အကြောဆိုင်းသွားသကဲ့သို့ ရုတ်တရက် ရပ်တန့်၍ သွားကြ၏။ အဘယ့်ကြောင့်ဆိုသော် မနေ့ညက တညလုံးအိပ်စက်ခဲ့ရဟန်မရှိသော ထိုအဘိုးကြီးအိုသည် သူ၏ကုတင်ပေါ်တွင် စောင်ခြုံကာ ငုတ်တုတ်ကြီးထိုင်လျက် သူ၏ ကုတင်ဘေးရှိ စာရေးစာပွဲကလေးပေါ်တွင် အမြတ်တနိုးထားရှိသော ကြီးတော် ဒေါ်ဖွားမှီ၏ ဓာတ်ပုံကြီးကို ကလေးသူငယ်တယောက်ကဲ့သို့ ငေးမောကြည့်ရှု နေသည်ကို ရုတ်တရက် တွေ့မြင်လိုက် ရသောကြောင့်ဖြစ်၏။
ကျွန်တော်သည် ဘကြီးဘဖေ၏ အခန်းတံခါးဝ၌ ရပ်ကာ အတန်ကြာမျှ ငြိမ်သက်စွာ ကြည့်ရှုနေမိ၏။ ထိုသို့ ငြိမ်သက်စွာ ကြည့်ရှုနေမိစဉ် ဟိုလွန်လေ ပြီးသော နှစ်ပေါင်းအစိတ်ခန့်လောက် ဒိုင်အာခီခေတ် အော်နာရေ သစ်တောရေး ဝန်ကြီးဘဝနှင့်တုန်းက သင်္ဘောဆိပ်တွင် စီတန်းကြိုဆို ရသော ကျောင်းသားတန်းကြီးထဲမှနေ၍ ကျွန်တော်တွေ့မြင်လိုက်ခဲ့ရသော ဦးဘဖေနှင့် ဒေါ်ဖွားမှီတို့ ဇနီးမောင်နှံ ဘဝနှင့် ယခုရန်ကုန်ထောင်ကြီး၏ ကြိုးတိုက်အတွင်း၌ ကျွန်တော် တွေ့မြင်နေရသော ဘကြီးဘဖေတို့၏ ဇနီးမောင်နှံဘဝတို့ကို နှိုင်းယှဉ်စဉ်းစား နေမိပါသတည်း။


ဗန်းမောင်တင်အောင်
ရှုမဝမဂ္ဂဇင်း
(ထုတ်ဝေသည့်ခုနှစ်နှင့် လ မသိရ)

Monday, September 22, 2008

ကျနော်နဲ့ဦးလေးဦးတင်အောင်
ရေးသူ- ဖိုးသံ(လူထု)


ကျနော့ စာဖတ်တတ်ကာစ ကာလတွေမှာ ကျနော်အဖတ်များဆုံး စာတွေက ရွှေဥဒေါင်း(စုံထောက် မောင်စံရှားစသည်)၊ ဒဂုန်ရွှေမျှား(အမ်ကြာရိုးစသည်)နဲ့ ဇ၀န(ဆိုးပေစသည်) တို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီကာလမှာကိုပဲ ကျနော်အလေးစား၊ အထင်အကြီးဆုံးစာရေးဆရာဟာ ဗန်းမော်တင်အောင်ပါ။ ကျနော် သူ့အကြောင်းကို စသိတဲ့အချိန်မှာ သူဟာ ထောင်ထဲရောက်နေပါပြီ။ သူပုန်ကြီး၊ ပြည်တော်သာ ခင်ခင်ဦး စတဲ့ဝတ္ထုတွေကြောင့် ဖြစ်ပါတယ်။ သူ့စာရဲ့ အရသာနဲ့ တန်ဘိုးကို မသိခင်ကတည်းက သူ့ရပ်တည်ချက်ကြောင့် လေးစားရတဲ့ ပုဂ္ဂိုလ်ပါ။အဲဒီတုန်းက ကျနော့်ပတ်ဝန်းကျင်က လူကြီးတွေဟာ ကျနော်ဖတ်နေတဲ့ စာပေတွေအကြောင်း မဆွေးနွေး၊ မပြောဆိုကြပဲ ဗန်းမော်တင်အောင်ရဲ့ စာပေနဲ့ သူ့အကြောင်းကိုပြောတာ မကြာခဏ ကြားရပါတယ်။ နောက်ပြီး သတင်းစာတွေထဲမှာလည်း သူ့အမှုနဲ့ ပတ်သက်လို့ မကြာမကြာ ဖတ်နေရပါ တယ်။ သူ့စာအုပ်တွေ၊ အထူးသဖြင့် ဖဆပလအစိုးရက ပိတ်ပင်တဲ့ စာအုပ်တွေကို တခုတ်တရ စုံစမ်းစုဆောင်းတာတွေလည်း တွေ့နေရပါတယ်။ ဒါကြောင့်လည်း ကျနော့အနေနဲ့ အဲဒီစာအုပ်တွေကို နာမည်နဲ့လွမ်းခဲ့ရတာ အကြာကြီးပါ။နောက်တော့ မထင်မှတ်ပဲ ဦးလေးဗန်းမော်တင်အောင်ကို သွားတွေ့ပါတယ်။ နွေရာသီကျောင်း ပိတ်ရက်ကာလ တခုမှာပါ။ ဘယ်မှာလဲဆိုတော့ ရန်ကုန်ထောင်ကြီးအထဲမှာပါ။ ဘယ့်နှယ်၊ ၁၉၅၅ ခုလောက်အချိန်မှာ ကျနော်က အသက်ဘယ်နှနှစ် ရှိလိုမို့ ထောင်ထဲရောက်သွားရတာလဲလို့ မေးစရာရှိ ပါတယ်။ ဟုတ်ပါတယ်။ မဆလခေတ်နောက်ပိုင်းမှာ လူဖြစ်လာသူတွေအဖို့ လုံးဝနားမလည်စရာ ဖြစ်မှာပါ။
အဲဒီတုန်းက ကျနော့အဖေကို ဖဆပလအစိုးရက ပုဒ်မ(၅)နဲ့ ထောင်ထဲထည့်ထားတုန်း ကျနော်က သွားတွေ့ပါတယ်။ ကျနော့်အဖေဟာ ထောင်သားတွေအတွက် သာရေးနာရေး၊ ဘာသာရေးတွေမှာ၊ အကုန်လုပ်ကိုင်ပေးနေလို့ ထောင်အာဏာပိုင်များကလည်း သူ့ကို လေးစားပါတယ်။ ဒါနဲ့ ကျနော်သူ့ကို သွားတွေ့တဲ့အခါမှာ ထောင်အထဲ၊ အဆောင်အထဲထိ သွားတွေ့လို့ ရခဲ့ပါတယ်။ မနက်မှာ ၀င်သွား၊ ညနေထောင်မပိတ်ခင် ပြန်ထွက်လာ၊ အဲဒီအထဲမှာပဲ နေ့လည်စာစား၊ ကလေးဆိုတော့ နေချင်သလိုနေ၊ သွားချင်ရာကို သွားခွင့်ရခဲ့ပါတယ်။
ရန်ကုန်ထောင်ကြီးကို ၆၀ ခုနှစ်တ၀ိုက်လောက်မှာ ထောင်အဖြစ်ကနေ ကောက်ပဲသီးနှံဌာန ဆန်ဂို ဒေါင်တွေအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။ နောက်တော့ ၇၀ ခုနှစ်များထဲမှာ ဖျက်ပစ်လိုက်ပါတယ်။ ဟိုတုန်းကတော့ နိုင်ငံရေးနဲ့ပတ်သက်တာ၊ ပုဒ်မ (၅)နဲ့ ဆွဲတာ၊ စတာတွေကို အင်းစိန်ထောင်မှာ မထားလေ့ပါဘူး။ ရန်ကုန်ထောင်ကြီးထဲမှာ ထားလေ့ရှိပါတယ်။ ကျနော့်အဖေကို ပုဒ်မ(၅)အဆောင်လို့ ခေါ်တဲ့ အဆောင်ကြီးထဲမှာ ထားပါတယ်။ အဲဒီအထဲမှာတော့ နိုင်ငံရေးလောကသားတွေနဲ့ စာနယ်ဇင်း လောကသားတွေချည်းလို ဖြစ်နေပါတယ်။ အဲဒီတုန်းက ဘယ်သူတွေ ရှိတယ်ဆိုတာ ကျနော်အကုန် မသိခဲ့၊ မမှတ်မိခဲ့ပေမယ့်၊ တွေ့ခဲ့ သိခဲ့အထဲမှာတော့ နိုင်ငံရေးလောက ကဆိုရင် ဗကပက ဗိုလ်အုန်း မောင်၊ အလံနီက သခင်ဖေဌေး၊ ပြည်သူ့ရဲဘော်က ဗိုလ်ထိန်လင်း၊ စသူတွေ ရှိပါတယ်။ စာနယ်ဇင်း သမားတွေ အထဲကတော့ ကျနော့်အဖေအပါ ဦးလေးဗန်းမော်တင်အောင်၊ မောင်နေ၀င်း(လူထု)၊ ရွှေဒါး၊ စသူတွေ ရှိပါတယ်။ ဒီမှာ တောထဲက မိလာတဲ့ လက်နက်ကိုင်အဖွဲ့အစည်း အမျိုးအမျိုးက လူတွေ အတော်များပါတယ်။ စစ်မော်တော်ယဉ်တစင်းကို မောင်းပြီးတောခိုလာတဲ့ ကွန်မြူနစ်ပါတီက ဗိုလ်ဖုန်း၊ ထောင်ထဲမှာကျသွားတဲ့ တကသ ကိုတင်မောင်ဝင်း(ခရမ်း)ရဲ့ အကို ပြည်သူ့ရဲဘော်က ဗိုလ်စက်စိန် စတဲ့ လူမျိုးတွေပါ။
ပုဒ်မ(၅) အဆောင်ကြီးထဲကို ရောက်သွားတယ်ဆိုတော့ အဲဒီတုန်းက သတင်းစာတွေထဲမှာ မျက်နှာဖုံးက ပါလေ့ရှိတဲ့ သခင်ဖေဌေးတို့၊ ဗိုလ်အုန်းမောင်တို့လို ပုဂ္ဂိုလ်တွေကို တွေ့ရတော့ ကျနော် အတော်ကျေနပ်သွားပါတယ်။ ဒါပေမယ့် အာသာမပြေပါဘူး။ ကျနော် အတွေ့အမြင်ချင်ဆုံးလူကို မတွေ့ရ သေးလို့ပါ။ ဒါကြောင့် ကျနော်က အဖေ့ကို "အဖေ၊ ဗန်းမော်တင်အောင် ဘယ်မှာလဲဟင်"လို့ တဖွဖွ မေးနေမိပါတယ်။ ဒါကြောင့် ကျနော်တို့ သတင်းစာတိုက်မှာ လက်ထောက်အယ်ဒီတာနဲ့ သတင်းထောက်လုပ်တဲ့ ကိုနေ၀င်းက ကျနော့်ကို အဆောင်အောက်ထပ်၊ အ၀င်ပေါက်ကနေဆိုရင် ဘယ်ဘက်တန်းမှာနေတဲ့ ဦးလေးဦးတင်အောင်ဆီကို လိုက်ပို့ပါတယ်။ ဟောဒါ မင်းတွေ့ချင်တဲ့ ဗန်းမော်တင်အောင်ပဲ ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ ကျနော်က ကလေးပေမယ့် ဦးလေးဦးတင်အောင်က သူ့ အမှတ်တဆိပ်ဖြစ်တဲ့ ကြည်လင်ရွှင်ပြတဲ့ အပြုံးနဲ့ ကြိုဆိုပါတယ်။ သူ့အပြုံးက တသက်မမေ့နိုင်တဲ့ အပြုံး မျိုးပါ။ နောင်ဆယ်စုနှစ်တွေ လွန်တော့လည်း မပြောင်းလဲတဲ့ အပြုံးဖြစ်ပါတယ်။
နောက်တော့သူ ကျနော်တို့အိမ်၊ ကျနော့်မိဘများဆီကို လာတာ နှစ်ခါ၊ သုံးခါလောက်တွေ့ဖူး ပါတယ်။ ဒါပေမယ့် အရွယ်ကွာတော့ အဲဒီစကားဝိုင်းထဲမှာ ကျနော်မပါနိုင်ပါဘူး၊ ရေနွေးကြမ်းချရင်း၊ လက်ဖက်ချရင်း ခိုးကြည့်ရတာမျိုးပါပဲ။ ဒါပေမယ့် ဒီအချိန်မှာ ကျနော်တယောက် သူ့စာတွေနဲ့ ရင်းနှီး နေပါပြီ။ အထက်မှာပြောခဲ့တဲ့ စာအုပ်တွေသာမက မြိုင်၊ ဒေါက်တာရေချမ်း၊ ချောကလက်ဗိုလ်ကြီး၊ ပါမောက္ခအုန်းကျော်၊ မုန်တိုင်းထဲကလူ၊ ပြောရရင် စာရင်းက အရှည်ကြီးပါ။ ကျနော့်ပတ်ဝန်းကျင်က လူတွေကလည်း သူ့စာတွေနဲ့ ရင်းနှီးတဲ့ လူတွေချည်း ဖြစ်ပါတယ်။ တနည်း-ကျနော်က သူ့စာတွေကို ဖတ်တဲ့လူမျိုးတွေနဲ့မှ အပေါင်းများလာတယ်လို့ ဆိုရမယ်ထင်ပါတယ်။ မိတ်သစ်ဖွဲ့ရင် ဒါမှမဟုတ် လူတယောက်ကို ကိုယ်က နိုင်ငံရေးအရ စည်းရုံးချင်ရင် ဦးလေးဦးတင်အောင်ရဲ့ စာအုပ်တွေကို အရင်ဆုံး ပေးဖတ်ကြည့်ပါတယ်။ ပြီးမှ သူ့ရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်ပြီး ဆက်လှမ်းတာပါ။ ဒါကို နိုင်ငံရေး လုပ်ဖူးသူတိုင်း ကြုံဖူးမယ်လို့ ယုံပါတယ်။ ကုန်ကုန်ပြောရရင် ကိုယ်ကကြိုက်တဲ့ မိန်းကလေးကိုတောင်မှ စာဖတ်စေချင်ရင် ဦးလေးရဲ့ 'မြိုင်' ကို ပေးဖတ်ပါတယ်။ အခုကျနော်နေတဲ့မြို့ကို သူများက ဘယ်မှာရှိတာလဲလို့မေးရင် ကျနော်က ဗန်းမောင်တင်အောင်ရဲ့ ငွေနှင်းမှုန်မှုန် ထဲကမြို့ ကလေးလို့ ပြောလေ့ရှိပါတယ်။
ကာလတခုရောက်တော့ ဦးလေးဦးတင်အောင်ရဲ့ စာအုပ်တွေဟာ ရောင်းအကောင်းဆုံး စရင်းမှာပါ နေတာ မှတ်မိနေပါတယ်။ ဖေတော့မောင်တော့ ၀တ္ထုတွေ၊ အလွယ်ဖတ် အပေါ့ဖတ်စာတွေအကြားမှာ သူ့စာအုပ်လိုဟာတွေ ထိပ်ဆုံးရောက်ခဲ့တာဟာ ကျနော်တို့ ဗမာစာပေလောကရဲ့ ထူးခြားချက် လည်းဖြစ်၊ ဂုဏ်ယူစရာလည်း ဖြစ်တယ်လို့ အောက်မေ့မိပါတယ်။ တခြားနိုင်ငံတွေမှာ ဒါမျိုးကို တွေ့ရခဲလှပါတယ်။ ကျနော်တို့နိုင်ငံဟာ ဆင်းရဲလှ၊ နောက်ကျလှပေမယ့် နိုင်ငံရေးနိုးကြားမှုနဲ့ စာပေကို တန်ဘိုးထားမှုတို့မှာ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တယ်လို့ ဆိုရဲပါတယ်။ ဦးလေးဦးတင်အောင်ဟာ ဗမာစာဖတ်ပရိသတ်ကို အဲဒီလို အဆင့်မြင့်အောင် ကူညီတွန်းပို့ခဲ့သူတွေထဲက တဦးဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။
နောက်တခါ ဦးလေးဦးတင်အောင်နဲ့ တွေ့တာကတော့ တသက်မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ တွေ့ဆုံမှု ဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ရက်နေ့ည။ ကျနော်တို့ကို ကိုကိုးကျွန်းပို့တဲ့ ပြည်တော်အေး သင်္ဘောကြီးပေါ်မှာ ဖြစ်ပါတယ်။ တွဲဖက်ထောင်ထဲက ခေါ်လာတဲ့ အညာဖက်က နိုင်ငံရေးအကျဉ်းသမားတွေကို သင်္ဘောဝမ်းထဲဆင်းခိုင်းလို့ ဆင်းလိုက်တော့ ၀ပ်လေးဆယ်အား လောက် မီးလုံးတွေ ထွန်းထားတဲ့ သင်္ဘောဝမ်းခန်းထဲမှာ ကိုယ့်အရင်ရောက်နှင့်တဲ့ အောက်ပြည်က ဘ၀တူတွေကို တွေ့ရပါတယ်။ အဲဒီတော့ ကိုယ်အရင်ဆုံး လုပ်တာဟာ ထောင်ထဲရောက်နေသူတွေ လုပ်လေ့ရှိတဲ့အတိုင်း ကိုယ်သိတဲ့လူ ဘယ်သူများပါလေသလဲလို့ စူးစမ်းတာပါ။ မေးတော့တာပေါ့။ အဲဒီတော့ ကိုယ့်ဘေးမှာရှိတဲ့ ကိုယ့်အရင် သင်္ဘောဝမ်းထဲရောက်နေသူက "ဗန်းမောင်တင်အောင်၊ မြသန်းတင့်....." စသဖြင့် ပြောပြပါတယ်။ သင်္ဘောဝမ်းခန်းက ကျယ်လှတာ မဟုတ်ပေမဲ့ သူသူကိုယ်ကိုယ် ပင်ပမ်းငြီးငွေ့နေ၊ လူတွေ ပြွတ်သိပ်ကျပ်နေ စတဲ့အကြောင်းတွေကြောင့် အစမှာ လူရုပ်တွေကို သဲသဲကွဲကွဲ မမြင်ရပါဘူး။ ဒါကြောင့် သူလက်ညှိုးထိုးပြတဲ့ ဖက်ကို လှမ်းကြည့်လိုက်တော့ သင်္ဘောဝမ်းခေါင်း နံရံကိုမှီပြီး ထိုင်နေကြတဲ့ သခင်ခင်အောင်(နောင်ကျတော့ ကျွန်းမှာ အားလုံးက အန်ကယ်ကြီးလို့ ချစ်ချစ်ခင်ခေါ်တာ ခံရသူ)၊ ဦးလေးဦးတင်အောင်နဲ့ ဦးလေးမြသန်းတင့်။
သူတို့သုံးယောက်စလုံးဟာ ဈာန်သမာပတ် ၀င်စားနေသလား ထင်ရလောက်အောင် အင်မတန် အေးဆေး တည်ငြိမ်တဲ့ မျက်နှာထားတွေနဲ့ ထိုင်နေကြပါတယ်။ ဒါဟာ နောင်မှာ ကျနော် အနီးကပ် ထပ်တွေ့ရမယ့် ဦးလေးဦးတင်အောင်ရဲ့ သမာဓိရုပ်ပုံလွှာပဲ ဖြစ်ပါတယ်။ အခက်အခဲနဲ့ ကြုံတဲ့အခါပဲ ဖြစ်ဖြစ် စမ်းသပ်မှုတွေကို ရင်ဆိုင်တဲ့အခါပဲ ဖြစ်ဖြစ်၊ သူဟာ အဲဒီလို တည်ငြိမ်ရင့်ကျက်မှုမျိုးနဲ့ ရင်ဆိုင်တာချည်း တွေ့ရပါတယ်။ ကိုကိုးကျွန်းမှာ အစာငတ်ခံတိုက်ပွဲတွေ ကျင်းပတယ်ဆိုရင် တိုက်ပွဲစတယ် ဆိုတာနဲ့ ပထမအသုတ် တိုက်ပွဲဝင်တွေကို တိုက်ပွဲဆောင်ရဲ့ အရှေ့မှာ ရပ်စေပြီး ကျန် အကျဉ်းသားများနဲ့ မိတ်ဆက်ပေးလေ့ ရှိပါတယ်။
"ရက် ၄၀ တိုက်ပွဲ" မှာ ပထမအသုတ် တိုက်ပွဲဝင်တွေကို မိတ်ဆက်ပေးတုန်းက အရပ်မြင့်မြင့်နဲ့ မားမားရပ်နေတဲ့ ဦးလေးဦးတင်အောင်ရဲ့ တည်ငြိမ်ခိုင်မာ ပြတ်သားတဲ့ သဏ္ဍန်ကို အခုထိ မြင်ယောင်နေ ပါတယ်။ ဒါနဲ့ သူတို့ရှိရာကို ကျနော်က သွားပြီး ကိုယ့်ကိုယ်ကို ဘယ်သူပါလို့ ပြောပြ ဂါရ၀ပြုတော့မှ ဦးလေးဦးတင်အောင်ရဲ့ မျက်နှာမှာ ကျနော်မမေ့နိုင်တဲ့ လွန်ခဲ့တဲ့ ၁၃-၁၄နှစ်က တွေ့ဖူးတဲ့ အပြုံးကို ပြန်တွေ့ရပါတယ်။ မတူတာ တခုက အခုတခါမှာတော့ သူ့အပြုံးမှာ ဂရုဏာအရိပ်အယောင်တွေ သန်းနေပါပဲ။
ကိုကိုးကျွန်းကို ရောက်တော့ သင်္ဘောပေါ်ကနေ ကမ်းပေါ်ကို ဒုက္ခသည်တွေလို အထုပ်အပိုးတွေ တိုးလို့တွဲလောင်းနဲ့ လှိုင်းတွေအကြားမှာ အလဲလဲ အကွဲကွဲ လျှောက်လာခဲ့ကြပြီးတဲ့နောက် ခြစ်ခြစ်တောက် ပူလောင်နေတဲ့ သဲသောင်ပြင်ပေါ်မှာ ကျနော်တို့ကို ထိုင်စောင့်ခိုင်းထားပါတယ်။ အဲဒီနောက် အကျဉ်းထောင်အထူးအရာရှိ ဒုဗိုလ်မှူးကြီး ထွန်းရင်လောဆိုသူက သတိပေးခြိမ်းခြောက် တဲ့ မိန့်ခွန်းတခုခြွေပါတယ်။ မိန့်ခွန်းပြောပြီးတော့ သူက- ဒီထဲမှာ စာရေးဆရာဗန်းမော်တင်အောင် ပါတယ်လို့ သိရတယ်။ ရပ်ပြစမ်းပါလို့ တောင်းဆိုလို့ ဦးလေးဦးတင်အောင်က ရပ်ပြရပါတယ်။ ရန်သူ လေးစားအသိအမှတ်ပြုရတဲ့ ကျနော်တို့ ဦးလေးပါလား။
ကျွန်းပေါ်ကိုရောက်တော့ သဘာဝကျစွာပဲ တခြားအဖွဲ့အစည်းကလူတွေနဲ့ ထောင်အမှုထမ်းတွေ အပါအ၀င် လူတိုင်းဟာ သူလိုပုဂ္ဂိုလ်ရဲ့ လှုပ်ရှားမှုကို ဂရုတစိုက် ကြည့်ကြပါတယ်။ ကျနော်လည်း ခြွင်းချက် မဟုတ်ပါဘူး။ ကျနော် ပထဆုံးသတိထားမိတာက ဦးလေးဟာ အနေအထိုင် အင်မတန် စည်းကမ်းရှိ၊ သပ်ယပ်တာပါ။ နောက်တော့ ဆက်သတိထားမိတာက သူဟာ အပြောအဆိုမှာလည်း အင်မတန် စည်းကမ်းရှိ သပ်ယပ်တာပါပဲ။ ဒါဟာ အတွေ့အကြုံ၊ အသိပညာ ပြည့်ဝတယ်ဆိုတဲ့ လက္ခဏာသာမကပဲ ပုဂ္ဂိုလ်ရေး မာန်မာနလည်း ကင်းတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ သူဒေါသထွက်တယ် ဆိုတာ တွေ့ရခဲလှပါတယ်။ ကျနော်တော့ တခါမှ မတွေ့ဖူးပါ။ လူငယ်တွေနဲ့ စကားပြောတဲ့အခါ လေးလေးစားစား၊ သိမ်သိမ်မွေ့မွေ့၊ လေအေးလေးနဲ့ ပြောတတ်တဲ့ ဦးလေးဟာ ပြင်းပြင်းထန်ထန် ငြင်းခုန်ရပါတယ်ဆိုတဲ့ အစည်းအဝေးတွေမှာလည်း အလားတူပဲ အေးအေးဆေးဆေး ပြောတတ် ပါတယ်။ ဒီနေရာတွေမှာ ကျနော့်အဖေနဲ့ တူလိုက်လေလို့ အောက်မေ့မိခဲ့ပါတယ်။
ဦးလေးက နိစ္စဓူဝလို မပျက်မကွက်လုပ်တဲ့ အလုပ်တွေကတော့ ကျန်းမာရေးလေ့ကျင့်ခန်းနဲ့ ညမှာ ရေဒီယိုသတင်း နားထောင်တာ၊ နောက်ပြီး အဲဒီသတင်းကို နောက်မနက်မှာ ကျောက်သင်ပုန်းပေါ်မှာ အများဖတ်ရအောင် ရေးပြတာပါပဲ။ ရေဒီယိုကို အိပ်ဆောင် ၁၁ ဆောင်က တညစီ အလှည့်ကျ ယူနား ထောင်ကြတာဆိုတော့ သူများအဆောင်တွေကို သွားပြီးနားထောင်ရတဲ့ ဇွဲမျိုး ရှိဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ဦးလေးကတော့ တခြားအဖွဲ့အစည်းက အဆောင်တွေကိုပါ ညစဉ်သွားပြီး မှန်မှန်နားထောင်၊ မှန်မှန် သတင်းရေးပါတယ်။ မနက်စာ သွားစားတဲ့အခါ ဦးလေးရဲ့ ကျောက်သင်ပုန်းသတင်းကို ကျနော်တို့ နေ့စဉ် စောင့်ဖတ်ခဲ့ကြတာကိုလည်း မှတ်မိနေပါတယ်။ အစာအိမ်ရောဂါ ဆိုးဆိုးဝါးဝါးရှိတဲ့ ဦးလေးဟာ သတင်းရေးတာ ပျက်ကွက်ခဲလှပါတယ်။
ကိုကိုးကျွန်းမှာ အယူအဆရေးရာတိုက်ပွဲ အင်မတန်ပြင်းထန်ခဲ့တယ်ဆိုတာကို လူအတော်တော် များများ ကြားဖူးကြမှာပါ။ ဦးလေးဟာ အဲဒီအရှုပ်အထွေးပေါင်းစုံ အကြားမှာ သူလုပ်စရာရှိတာကို မယိမ်းမယိုင်လုပ်သွားတာဟာ အတုယူစရာပါ။ မှန်တာပြောရရင် ဦးလေးရဲ့ တချို့အရည်အချင်းတွေကို ကျနော့်အနေနဲ့ အသက်လေးရလာမှ ပိုသဘောပေါက်လာတာ ဖြစ်ပါတယ်။ သူတပါးရင့်ကျက်တာကို သဘောပေါက်ဖို့အတွက် ကိုယ်ကလည်း တစုံတရာတော့ ရင့်ကျက်ဖို့လိုတယ်လို့ ဆိုရမယ်ထင်ပါရဲ့။ သူနဲ့ နီးနီးနေရတုန်းက နားမလည်လိုက်တာတွေအတွက်လည်း နှမြောဝမ်းနည်းရပါတယ်။
ခုဒီစာကိုရေးတော့ ကျနော့ခေါင်းထဲမှာ နောင်တလိုလို၊ ဦးလေးကို တောင်းပန်ချင်စိတ်လိုလိုတွေ ပေါ်နေတာ အမှန်ပါပဲ။ မှန်တာပြောရရင် ကျွန်းပေါ်တုန်းက ကျနော်ဦးလေးကို မကောင်းပြောခဲ့တာတော့ မရှိပါဘူး။ ဒါပေမယ့် ကျနော့်အလေ့တခုက လူကြီးတွေနဲ့ ခပ်လှမ်းလှမ်းမှာ နေတတ်တာပါ။ ဒါကြောင့် ကျနော့်မိဘဆီကို စာရေးဆရာတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ လာလည်ရင် ကျနော်က ရှောင်လို့သာ နေပါတယ်။ ဒီတော့ ဦးလေးဦးတင်အောင်နဲ့ ကျနော် သုံးနှစ်နီးပါးနေခဲ့တဲ့ ကိုကိုးကျွန်းပေါ်မှာ စကားများများ မပြောခဲ့ရပါဘူး။ အဲဒီအကျင့်ကြောင့် ကျနော်ဦးလေးနဲ့ နောက်ဆုံးတွေ့တဲ့တခါမှာလည်း စကားမပြောလိုက်ရပဲ ဖြစ်သွားခဲ့ပါတယ်။
အဲဒါက ကျနော် ထောင်ကလွတ်လာတဲ့ ၁၉၇၂ခုနှစ်၊ ဇွန်လအဆန်းပိုင်းမှာပါ။ ကျနော် အင်းစိန်ထောင်က လွတ်တော့ ကျနော့်အဖေနဲ့အမေက ထောင်ဗူးဝမှာ လာကြိုပါတယ်။ ပြီးတော့ နောက်တနေ့ညမှာ လူတချို့ကိုဖိတ်ပြီး တရုတ်ထမင်းဆိုင်တဆိုင်မှာ ထမင်းကျွေးပါတယ်။ ညစာပါ။ အဲဒီတုန်းက အဖိတ်ခံရသူတွေက သခင်လွင်၊ သခင်လှကျွေနဲ့ ဦးလေးဦးတင်အောင်၊ ဦးလေး မြသန်းတင့်တို့ပဲ ဖြစ်ပါတယ်။ စီစဉ်ပေးသူက ကျနော့်အကိုဝမ်းကွဲတော်တဲ့ ၀င်းမော်ဦး ဦးတင်မောင် ဖြစ်ပါတယ်။ အဲဒီလို ထမင်းအတူစားကြရာမှာ ကျနော့်အနေနဲ့ စကားတခွန်းမှ မပြောခဲ့ပါဘူး။ လူကြီးတွေနဲ့ ကျနော့်ကို မိတ်ဆက်ပေးတဲ့အခါမှာ ကျနော်က ပြုံးပြတာလောက်ပဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ကျနော်သူ့ကို နောက်ဆုံးတွေခဲ့တာပါပဲ။ သူကတော့ ကျနော် ၁၀နှစ်သားလောက်တုန်းက တွေ့ဖူးတဲ့ အပြုံးနဲ့ပဲ ကျနော့်ကို နှုတ်ဆက်ပါတယ်။ လူကြီးဝိုင်းမို့ ကျနော်က ဘယ်သူ့ကို ဘာစကားမှ မပြောခဲ့ပါ။ ဘေးက နားထောင်သူသာ လုပ်နေခဲ့ပါတယ်။ အဲဒါ ကျနော်နဲ့သူ နောက်ဆုံးအကြိမ် တွေ့တာပါပဲ။
သူကွယ်လွန်တယ်လို့ ကြားတော့ ကျနော်က ၀နယ်၊ ပန်ဆန်းမှာပါ။ ကြားတဲ့အခါမှာ ကျနော် စကားမပြောနိုင်ပဲ ငိုင်သွားခဲ့ပါတယ်။ စောလိုက်၊ မြန်လိုက်တာလို့ တွေးမိပြီး ပြည်သူ့အရေးတော်ပုံ အတွက် စာပေစစ်မြေပြင်က တပ်မှူးကြီးတယောက် လျော့သွားရပြီလို့ ၀မ်းနည်းမိပါတယ်။ တဆက်တည်း သူ့အကြောင်းတွေကို ကျနော်ပြန်စဉ်းစားတော့ ကျနော့်ဘ၀မှာ သူ့စာပေတွေ၊ သြဇာညောင်းခဲ့ပုံကို ပြန်တွေးမိနေပါတယ်။ ဒီနေရာမှာ သူ့စာပေတွေကို ဆွေးနွေးဖို့ မရည်ရွယ်တာမို့ အကျယ်မပြောတော့ပါဘူး။ ဒါပေမယ့် ကျနော့်အပေါ် သူ့ကျေးဇူးကိုတော့ ချန်လို့မဖြစ်တာနဲ့ အနည်းအပါး ထောက်ပြချင်ပါတယ်။
ဦးလေးဦးတင်အောင်ရဲ့ ကျေးဇူးတွေထဲမှာ အင်မတန်အရေးကြီးတဲ့ တချက်က သူဟာ လူငယ်တွေ အတွက် စံပြပုံစံတွေ ထုဆစ်ပြသွားခဲ့တာပါပဲ။ ဒီဖက်မှာ သူ့လောက် ထိထိရောက်ရောက် စွမ်းဆောင်နိုင်သူဟာ မရှိသလောက်နီးပါးပါ။ သူဟာ အချစ်အတွက် အရက်ပုလင်းထဲ ခေါင်းနှစ်ပြီး ဘ၀ကို အရှုံးပေးဖို့ အားမပေးခဲ့ပါဘူး။ လူငယ်ပဲ၊ လောကကြီးမှာ ပျော်ပျော်နေသေခဲ ဆိုသလို ထင်သလိုနေ၊ လုပ်ချင်သလိုလုပ်တဲ့ လမ်းမျိုးဆီကိုလည်း တွန်းမပို့ပါဘူး။ ငွေဟာ အရာရာကို ဖန်တီးနိုင် တယ်ဆိုတဲ့ အတွေးအခေါ်မျိုးလည်း တည်ဆောက်မပေးပါဘူး။ သူ့ခေတ်က စာပေနယ်မှာ အဲဒီလို အယူအဆတွေကို သင်ပေးနေတဲ့ ကျော်ကြားတဲ့ စာရေးဆရာတွေ အများကြီးရှိပါတယ်။ အဲဒီလူတွေက ဦးလေးဦးတင်အောင်ကို လူပုဂ္ဂိုလ်အရ တိုက်ခိုက်လို့မရတော့ လက်ဝဲဆိုပြီး အယူအဆကို ဖိတိုက်ခဲ့ကြ ပါတယ်။ အဲဒီနောက် ရာစုနှစ်တ၀က်မှ မကြာဘူး၊ ပတ္တမြားမှန်ရင် နွံမှာမနစ်ကြောင်း တွေ့ခဲ့ကြရပါတယ်။
အဲဒီခေတ်တုန်းက ဗန်းမော်တင်အောင် ဇာတ်လိုက်ပုံ လိုက်ဖမ်းတယ်ဆိုတဲ့ လူတွေ ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလို လိုက်လုပ်သူတွေဟာ လူ့သိက္ခာ၊ လူကျင့်ဝတ်တွေကို စောင့်စည်းရတာမို့ တယ်မသက်သာလှတာတော့ အမှန်ပါ။
သူ့စာတွေကိုဖတ်ပြီး၊ သူ့အကြောင်းတွေကိုကြားပြီး၊ လူတယောက်ဟာ အဖိနှိပ်ခံတွေဘက်က ရပ်တည်ရမယ်၊ ကိုယ့်ယုံကြည်ချက်အတွက် အနစ်နာခံရမယ်ဆိုတဲ့ ခံယူချက်တွေ စွဲမြဲစေပါတယ်။ နိုင်ငံရေးကြောင့် ထောင်ထဲရောက်တာ ဂုဏ်ယူစရာဖြစ်တယ်လို့ ယုံကြည်လာစေပါတယ်။ ပြည်သူတွေ၊ လူငယ်တွေ၊ ကနေ့အထိ မျိုးဆက်လိုက်ချီပြီး ဖိနှိပ်သူတွေကို ရင်ဆိုင် အံတုနေကြတာဟာ ဦးလေးဦးတင်အောင်ရဲ့ စာမျိုးတွေရဲ့ ကျေးဇူးအများကြီး ပါပါတယ်။
တလောဆီတုန်းက ဗမာပြည်စာပေလောကနဲ့ နီးစပ်တဲ့ နိုင်ငံခြားသား အမျိုးသမီးကြီးတဦးက ကျနော့်ဆီကို သူဗမာပြည်က ၀တ္ထုရေးဆရာတွေအကြောင်း စာတမ်းတစောင် ရေးနေတဲ့အကြောင်း ပြောပြရင်း ဗမာပြည်က စာရေးဆရာတွေအထဲမှာ ဘယ်သူတွေဟာ သြဇာကြီးခဲ့တယ် ထင်သလဲလို့ မေးပါတယ်။ ကျနော်က တင့်တယ်၊ အောင်လင်း၊ တက္ကသိုလ်ဘုန်းနိုင်၊ မောင်သာရ (နာမည်တွေ ရှေ့မှာ ဆရာ-ဦးမတတ်ခဲ့တာကို နားလည်ပါ)စသူတွေဟာ ပေါ်ပြူလာအဖြစ်ဆုံးပဲ။ ဒါပေမယ့် လူငယ်တွေအပေါ် သြဇာအညောင်းဆုံးကတော့ ဗန်းမော်တင်အောင်ပဲလို့ ပြန်ရေးပြလိုက်ပါတယ်။
ဒီတော့ သူက ဗန်းမော်တင်အောင်ရဲ့စာဟာ ဒီလောက် သြဇာကြီးနိုင်ပါ့မလား၊ သူ့စာအရေးအသား ဟာဆိုပြီး အတတ်ပညာပိုင်းတချို့ ပြောပြပါတယ်။ အဲဒီတော့ ကျနော်က တခြားတော့ မသိဘူး၊ သူ့ အသုဘနဲ့ ပါတ်သက်ပြီး ရေးကြတာတွေ၊ အထူးသဖြင့် ဆရာပါရဂူရေးတဲ့ ဆောင်းပါးကို ဖတ်ပြီး ဦးလေးဦးတင်အောင် သေရပုံကို ကျနော်သိတ်အားကျမိတယ်လို့ ပြန်ရေးလိုက်ပါတယ်။ နိုင်ငံရေးနဲ့ လုံးဝမပါတ်သက်တဲ့ အနောက်နိုင်ငံသူ ပညာရှင်တယောက်အနေနဲ့ ကျနော်ဆိုလိုတဲ့ အဓိပ္ပါယ်ကို နားလည်ရဲ့လား မပြောတတ်ပါ။ ကျနော်သာ အဲဒီအသုဘကို ရောက်ရင် သူတကာလိုပဲ ပန်းခွေတွေက ပန်းတပွင့်ကို နှုတ်ယူပြီး ရင်ပတ်မှာ အမြတ်တနိုး ထိုးလာခဲ့မှာပါ။

-ဖိုးသံ(လူထု)-
[ ၁၃၆၇ ၀ါဆိုလဆန်း၂ရက်၊ သက္ကရာဇ် ၂၀၀၅ ဇူလိုင် ၇ ရက်ထုတ် မာယာမဂ္ဂဇင်းက ပြန်လည် ကူးယူဖော်ပြပါတယ်]

Sunday, September 21, 2008

လွမ်းရစ်တော့သက်လှယ်ရယ် (၁၉၄၉ ခု၊ ဒီဇင်ဘာလ)


{ပြည်သူ့လွတ်မြောက်ရေး မျှော်မှန်းချက်နှင့်၊
ဖက်ဆစ် အဓမ္မ စနစ်ဆိုးကြီးအား
ခုခံကာကွယ်တိုက်ခိုက်ရင်း
ကျဆုံးခဲ့ရရှာသော
ပြည်သူ့လွတ်မြောက်ရေး စစ်သည်တော်များအား
အစဉ်အမှတ်ရစိမ့်သောငှာ
ဤစာအုပ်ကိုရေးသည်။}


တင်အောင်။
၁၉၄၉ ခု၊ ဒီဇင်ဘာလအတွင်း၊ ရှုမ၀စာအုပ်တိုက်မှ၊ ပထမအကြိမ်၊ ပုံနှိပ်ထုတ်ဝေသည်။




စာရေးသူ၏၀န်ခံချက်

(၁)
မုတ်သုန်ဦး..... ၁၉၄၈။
ပဲခူးရိုးမ၏ မုတ်သုန်တောနှင့်တောင်သည် စိမ်းစိုညို့မှိုင်းနေသည်။ ချောင်းဖျားတွင် မိုးရွာနေသဖြင့် ခပ်လှမ်းလှမ်းမှ န၀င်းချောင်းရေ တဝေါဝေါစီးနေသံကို ကြားရပေသည်။ သင်းသတ်ထားသော ကျွန်းပင်ရင်းဝယ် သစ်ခုတ်သမားများနှင့် ရပ်နေမိသည်။ ရင်ခေါင်းလုံး ပတ် ရှစ်ပေခန့်ရှိမည်။ အမြင့်ပေ ငါးဆယ်ထက် လျော့နည်းမည်မှာ မဟုတ်ဟု ခန့်မှန်းရပေ သည်။
ကျွန်းပင်ကြီးကို လှဲ-ဖြတ်ပိုင်းပေး- ဖြတ်ပြီးတော့ န၀င်းချောင်းမကြီးထဲသို့ ဆင်နှင့်ဆွဲချ။ ဧရာဝတီမြစ်ရောက်၊ ဖောင်ဖွဲ့၊ ရန်ကုန်ပို့။ သစ်စက်တွင်ခွဲ-အိန္ဒိယကိုဖြစ်စေ- အင်္ဂလန်ကိုဖြစ်စေ ရောင်းလိုက်ရရင်တော့.. စိတ်ကူးယဉ်မိသည်။ ဗမာ့ကျွန်းသစ်ကို တကမ္ဘာလုံးမှ အော်၍အော်၍ တောင်းနေကြသည်။
ခုနှစ်ရာ-ရှစ်ရာ-ကိုးရာ-တထောင်- တတန်ကို ပေးပါမည်-တဲ့။ ဘယ်လောက်များ ဟန်ကျလိုက်သလဲ- ပြန်လည်ထူထောင်ရေးလေ....။
ထိုစဉ် အဆက်မပြတ် ပစ်ခတ်လိုက်သော သေနတ်သံများကို နားကွဲလုမတတ် ကြားလိုက်ရပေသည်။
တတောလုံး တတောင်လုံး ဟိန်းသွားသည်။
"ဘုရား....ဘုရား..."
ပဲ့တင်သံက ပြန်၍ ထပ်လာလေသည်။
"အလို.... ဘာသံများပါလိမ့်.." ကျွန်းပင်ရင်းမှ ငြိမ်သက်စွာ နားစွင့်လိုက်မိပေသည်။
"ပြည်သူ့ဒီမိုကရေစီ.."
"ဒီမိုကရေစီသစ်..."
"ပြီးတော့... ဘ၀သစ်တော်လှန်ရေးပါ.... တဲ့....."
သေနတ်ပြောင်းဝ ယမ်းငွေ့များအကြားမှ သည်အသံများကို ကြားလိုက်ရပေသည်။ သူတို့ သည်လဲ "ပြည်သူ့ဒီမိုကရေစီ သို့မဟုတ် ဒီမိုကရေစီသစ်" အတွက် ဘ၀သစ် တော်လှန်ရေးကို ပြုလုပ်လာကြသည်။ သူတို့သည် သူတို့၏ ယုံကြည်ချက်ကို သရုပ်ဆောင်နိုင် ရန် တောကြီး တောင်ကြီးထဲမှာ ခိုအောင်းလာကြသည်။
ကျွန်းပင်အောက်မှ ထွက်လာခဲ့ရပေပြီ။
"ခုမှပင် ဘ၀သစ်၏တော်လှန်ရေးသည် စခဲ့ပေပြီတကား...."

(၂)
တရားဟောစင်မြင့်ပေါ်မှာ လူတယောက်က စကားပြောလျက် ရှိပေသည်။ စကားပြော ကောင်းပုံလည်း ရပေသည်။ ထိုသူသည်- သည်လိုကွင်းပြင်ထဲက စင်မြင့်ပေါ်မှာ စကားပြော နေမည့်အစား ဒေးကာနယ်ဂျီတို့လို တရားဟောဆရာကြီး လုပ်စားမည်ဆိုလျှင် သူ့အဖို့ရော၊ တခြားသူများအတွက်ရော ဘယ်လောက်များ ကောင်းမလဲဘဲ.....။
သို့ရာတွင် သူ့ရှေ့တည့်တည့်မှ လူထုကြီးသည် သူပြောသမျှကို ပျင်းရိပင်ပန်းစွာ နားထောင်နေကြပုံပင် ထင်ရပေသည်။ မိန်းမကြီးနှစ်ယောက်သည် နို့ဆီသကြားရှားသည်မှ အစ ကြက်သားတပိဿာ ၁၀ိ ဖြစ်နေကြသည့်အကြောင်းကို ညည်းညူနေကြသည်။
"သင်္ကြန်အမြောက်ကြီးပါကွာ....." ဟု နောက်ပိုင်းမှ လူရွယ်သုံးလေးယောက်သည် အခြင်းခြင်း တီးတိုးပြောဆိုရင်း ခပ်အုပ်အုပ်ကလေး ရီမောနေကြသည်။
သို့ရာတွင် သူတို့အားလုံးသည် စင်မြင့်ပေါ်ကလူကို စိတ်ပျက်သည်မှအပ ဘာမျှတော့ မပြော။
လူထုကြီးထဲ တိုးဝင်လိုက်သည်။ ငြိမ်သက်စွာ နားစွင့်မိလိုက်သည်။
"ငြိမ်းချမ်းစွာ ရရှိခဲ့တဲ့ လွတ်လပ်ရေးကို ထိမ်းသိမ်းကြပါ...."
"ဒီမိုကရေစီရဲ့ စည်းဝိုင်းအတွင်းကို ၀င်ကြပါ..."
စင်မြင့်ပေါ်မှလူက ခရားမှရေလွှတ်သလို အဆက်မပြတ် ပြောဆိုသွားပေသည်။ သူစကားပြောပုံမှာ အရည်ရွှမ်း၍ စိတ်ဝင်စားဖွယ်ရာ ကောင်းပါသည်။
"ကဲ... ကဲ.. ဒါလောက်တောင် ခေါ်နေတဲ့ ဒီမိုကရေစီ စည်းဝိုင်ကြီးထဲ ၀င်ပြီးတော့ ကြည့်လိုက်စမ်းကြရအောင်ဗျာ.."
"ဟင်.... ထောင်တွေ ရှိရှိသမျှမှာလဲ လူတွေ ပြည့်ကြပ်နေပါပကောလား... ရာဇ၀တ်မှု တွေက ဒါလောက်တောင် များသလားဗျာ.. ဘာဗျ..... သြ ပုဒ်မ ငါးတဲ့လား...."
"အော်..သတင်းစာတိုက်တွေကို အာမခံတောင်းသတဲ့လား ဟင်.... စက်တွေလဲ သိမ်းပြီး အယ်ဒီတာတွေလဲ ဘမ်းထားသေးတယ်... ဘုရားရေ... ဒါနဲ့မပြီးသေးဘဲ.. သတင်းစာတိုက်တွေကို လူမိုက်တွေငှားပြီး၊ ပုဆိန်တွေနဲ့ ၀င်ရိုက်ချိုးကြသတဲ့လား... ဘုရားဘုရား- ဒီမိုကရေစီကို ဘုရားကယ်ပါ...."
"ပီးတော့.. ပြည်သူလူထုရဲ့ ငွေတွေကိုလဲ အရမ်းဘုံးနေကြသတဲ့လား..ခင်ဗျာ.."
"အို ဒါတွေတင်မကသေးဘူးလားဗျာ...."
"ဥပဒေနှစ်မျိုးတဲ့လားဗျာ.. သြော် သူတို့အထဲက လူတွေအတွက်က တမျိုးတဲ့လား...."
"နို့ ဘယ်မှာလဲဗျ ဒီမိုကရေစီဆိုတာ.. စင်မြင့်ပေါ်က စကားပြောကောင်းသူရယ်.."
"ဒီမိုကရေစီ........" ပါတဲ့.....
စင်မြင့်ပေါ်မှ လူကတော့ ဒီမိုကရေစီ စည်းဝိုင်းအတွင်းကိုသာ ဘိတ်ခေါ်လျက် ရှိပေ သည်။

(၃)
စာရေးသူ၌ ရိုးသားသော ယုံကြည်မှုတခု ရှိပေသည်။ ထိုယုံကြည်မှုကို ၀န်ခံလိုပေ သည်။
လူသည် အသက်ရှင်နေဘို့ ဖြစ်သည်။ သို့ရာတွင် လူသည်အသက်ရှင်နေနိုင်ဘို့ သူ၏ ၀မ်းမီးအတွက် အလုပ်လုပ်ရပေလိမ့်မည်။ အလုပ်မလုပ်ဘဲ တခြားသူအများဘဲ ဖြစ်စေ၊ တယောက်ဘဲဖြစ်စေ၏ လုပ်အားအပေါ်တွင် အသက်ရှင်သူသည် အပေါင်းအသင်း မလုပ်အပ်ဘဲ ၀ိုင်းပယ်ထားသင့်သော လူညစ်ပတ်တယောက်သာ ဖြစ်သင့်ပေသည်။ (အိုမင်းသောသူ၊ နာမကျန်းသူ၊ သုတေသီ၊ အရွယ်မရောက်သေးသော ခလေးစသည်တို့ကို ချွင်းချက်ထားသည်) စာရေးသူ၌ ထိုယုံကြည်မှု ရှိခဲ့ပေသည်။
အလုပ်သမား လယ်သမားသည် စက်ရုံနှင့် လယ်ကွင်းပြင်များမှာသူတို့အလုပ်ကို လုပ်၍ စစ်သားသည် သေနတ်ကိုကိုင်ကာ ပြည်သူ့ကာကွယ်မှုတာဝန်ကို ထမ်းဆောင်ရမည်။
ပညာတတ်သုတေသီက သဘာဝ၏လျှိ့ဝှက်သော့ကို ရှာဖွေနေစဉ်၊ သတင်းစာဆရာ သည် မှန်ကန်သောသတင်းများကို ပြည်သူလူထုဆီသို့ ရဲဝံ့စွာ ပို့ဆောင်ရပေမည်။
သြ.... ကျန်သေးသည်။
နိုင်ငံရေးသမားသည် နိုင်ငရေးကို လုပ်ရပေဦးမည်။
သို့ရာတွင် တခုတော့ရှိသည်။
လူသည် မိမိအလုပ်၌ ရိုးဖြောင့်သော ယုံကြည်မှု ရှိရပေလိမ့်မည်။ မိမိအလုပ်ကို သစ္စာရှိရပေလိမ့်မည်။ သို့မှသာ လူသည် အလုပ်လုပ်၍ အသက်ရှင်ခွင့်ကို ရပေမည်။
တောထဲ တောင်ကြားများမှာ သစ်လုပ်ငန်းကို မလုပ်ကိုင်နိုင်သောအခါ အသက်ရှင် နေနိုင်ဘို့အတွက် အလုပ်တခုခုကို ရှာရပေသည်။
မိမိမြတ်နိုးသော စာရေးဆရာအလုပ်ကို တောင်းခံဘို့ စဉ်းစားမိလာသည်။ စာရေး ၀ါသနာပါခဲ့သော လူငယ်တယောက်အနေဖြင့် "ဘုန်းမောင်တယောက်ထဲရယ်" ၀တ္ထုကို ၁၉၄၇ ခုနှစ်လောက်က ရေးစမ်းခဲ့ဘူးသဖြင့် မိမိကိုယ်ကိုတော့ စာရေးဆရာတယောက် ဖြစ်လာနိုင် ကောင်းရဲ့ဟု ယုံကြည်မှုရှိခဲ့ပေသည်။ ပြီးတော့ စာရေးဆရာ သတင်းစာဆရာ ဘ၀များကိုလဲ မြတ်နိုးမိခဲ့သည်။ သို့ရာတွင် အင်မတန် ဆင်းရဲကြောင်းကိုလဲ သိရှိထားပါသည်။
စာရေးသူ၏ ပထမရေးသော "ဘုန်းမောင်တယောက်ထဲရယ်" မှာ ၁၉၂၀ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဗမာပြည်၏ (Struggle) လူးလွန့်ရုန်းကန်မှုကို သရုပ်ဆောင်ထားသော ၀တ္ထုတပုဒ် ဖြစ်ပေသည်။ သရုပ်ဆောင်ထားပုံမှာလည်း အကြမ်းပျင်းနိုင်လှပေသည်။ ပထမအကြိမ် ကျိုးပမ်းမှု......။
ဤ- ဒုတိယရေးသော "လွမ်းရစ်တော့သက်လှယ်ရယ်" မှာ ဗမာပြည်၏ လူးလွန့် ရုန်းကန်မှု၏ အမြင့်ဆုံးတောင်ထိပ်ပေါ်တွင် မှားလိုက်ခဲ့ကြသော အမှားကြီးတခုကို သရုပ်ဖော် ထားသော ၀တ္ထုတပုဒ် ဖြစ်ပေသည်။ ထိုအမှား၏ ပေးအပ်သောဒဏ်ကို ဗမာပြည်ယနေ့ ခံစားနေရ ပါပြီ။
"နှေင်းသော နောင်တရခြင်းသည် လမ်းမှန်ကို ပြန်ရောက်ခဲ့သော်လဲ လမ်းမှန်သော နောင်တရခြင်းသည်တော့ မနှောင်းလှသေးပါ" ဟူသော ဆောင်ပုဒ်ကို ပေးခြင်း ဖြစ်ပါသည်။
ဤ "လွမ်းရစ်တော့သက်လှယ်ရယ်" ၀တ္ထုအား ဘတ်ရှု၍ အသီးသီးသော ထင်မြင်ချက်များကို ပေးခဲ့ကြသော ဒဂုန်တာရာ၊ မောင်စည်သူ၊ သန်းဆွေ၊ ငွေဥဒေါင်းနှင် ပေါက်ခေါင်းမှ ဒေါက်တာသိမ်းမောင်တို့အား ကျေးဇူးဥပကာရ တင်ရှိကြောင်းကို အခွင့်အရေး ယူ ဘော်ပြအပ်သည်ဟုလဲ ထင်မြင်မိပေသည်။

တင်အောင်။
ရန်ကုန်။
၃၀-၁၀-၁၉၄၈။