Tuesday, January 9, 2018

ဘီယာအသေးတလုံး ကိုးဒေါ်လာ…..

ဘီယာအသေးတလုံး ကိုးဒေါ်လာ..

ဒီနှစ်ထဲမှာ (၂၀၁၇ခု) ခရီး ၂ ခါ သွားဖြစ်ခဲ့တယ်။ မေလထဲမှာတခါ၊ နိုဝင်ဘာထဲမှာ တခါ။ ဟိုတုန်းကဆို ကိုယ်သွားခဲ့တဲ့ ခရီးတွေအကြောင်း အတိုအထွာကို ရေးသားမှတ်တမ်းပြုပြီး facebook တင်ခဲ့တယ်။

ကိုယ့် fb friend ဆိုတာ ပြည်တွင်းက ရဲဘော်၊ သူငယ်ချင်း၊ မိတ်ဆွေ နဲ့ ဆွေမျိုးတွေပဲလေ။ သူတို့နဲ့ ကိုယ် ထိတွေ့ဆက်ဆံနိုင်တာလဲ အင်တာနက် ပဲရှိတာ။

တယောက်နဲ့တယောက် သာရေး၊ နာရေးကို ဒီပေါ်ကပဲ ဆက်ဆံရတာ။ သူတို့ သိချင်တာ ကိုယ်ပြောပြတယ်၊ ကိုယ်သိချင်တာ သူတို့ကိုမေးတယ်။ နွေးထွေးမှုတွေ ပိုရလာတယ်။ တယောက် အပေါ် တယောက် ပိုပြီး ပိုပြီး နားလည်လာတယ်။ ဆင့်ပွါးမိတ်ဆွေတွေ တိုးလာတယ်။ ပျောက်နေတဲ့ သူတွေ ပြန်ရှာလာတွေ့တယ်။ ကွဲနေတဲ့ သူတွေ ပြန်ပေါင်းမိကြတယ်။ အင်တာနက် ထဲကနေ သူတို့နားကို ကိုယ်သွားတယ်။ ကိုယ့်နားကို သူတို့ လာကြတယ်။ လက်ချင်းမတွဲ စိတ်ချင်းတွဲလို့ ခရီးတွေ အတူသွားတယ်။ အစားတွေ အတူစားကြတယ်။ ဖတ်စရာတွေ ဖလှယ်တယ်။ ဝေဒနာတွေ မျှဝေ………..

ခု နောက်ဆုံးသွားခဲ့တဲ့ ခရီးအကြောင်းကို ရေးမယ် ကြံထားတာ၊ လက်က တော်တော်နဲ့ ရောက်မလာခဲ့ဘူး။ ဘာဖြစ်လဲ ဆိုတော့ ဒီနေရာက ရောက်ဖူးတဲ့သူ၊ သိတဲ့လူ များတာမို့ အကျိုးမများ အရာမရောက် ဖြစ်မှာစိုးတာလဲ ပါတယ်။ ဒါပေမယ့် ခုရေးလိုက်ပါပြီ။

ကိုယ်တို့ အလုပ်မှာ အရင်တုန်းကဆို vacation ရက်ကို vacation မယူဘူးဆိုရင်၊ vacation လုပ်ခ အပိုရတယ်။ ခု ဥပဒေက ယူကို ယူရမယ် ဆိုပဲ။ အေးလေ ကိုယ် ယူလိုက်တယ်။ မေလတုန်းက ၃ ရက်ယူတယ်။ ခု ၂ ရက်တယ်။ ကိုခိုင်ထူး သီချင်းကို ဆိုလိုက်တယ်။ ".. ရှိတာတွေ အကုန် လုံး ယူ အေးဝင်း ရတာတွေ အကုန်လုံးယူ"

ကြာသာပတေး-သောကြာ က ကိုယ့် ပုံမှန် နားရက်မှာ နောက်ထပ် ၂ ရက်ပေး.. စနေ-တနင်းဂနွေပေါင်းပြီး လေးရက်ယူပစ်လိုက်တယ်။ တနင်းလာနေ့မှ အလုပ်ပြန်ဆင်းမယ်။

သွားတော့မယ် ဆိုတာနဲ့ ထုံးစံအတိုင်း google မှာ ဘယ်သွားမယ်၊ ဘယ်မှာနေမယ်၊ ဘာစား မယ်က အစ အသေးစိတ် လေ့လာတော့တာ။ လိပ်စာတွေ၊ မြေပုံတွေ ကြည့်၊ print ထုတ်။ ကိုယ်ခရီးသွားရင် gps ကိုချည်း ဘယ်တော့မှ အားမကိုးဘူး။ ဧရိယာကြီးတခုလုံးကို မြေပုံထဲ သေသေချာချာ ကြည့်ရမှ အားရတာ။

ဒီတခါ Las Vegas သွားမယ်။ အရင်က ၄ ခါ ရောက်ဖူးပြီးသား။ မစိမ်းဘူး။ နောက်ဆုံး တခေါက် Utah, Arizona သွားပြီးအပြန်တောင် အဲဒီကို လှည့်ဝင်ပြီး ဆရာမောင်သာရဆီ ဝင်တွေ့ခဲ့သေးတာ။

နိုဝင်ဘာလ ၈ ရက် ကြာသာပတေး မှာ မနက် ၉း၀၀ အိမ်ကထွက်တယ်။ ဟိုတယ်မှာ check-in time က ညနေ ၃း၀၀မှ။ ၄ နာရီပဲ ကားမောင်းရတဲ့ ခရီး။ မိုင်အားဖြင့် ၂၈၀ လောက် ရှိတာ။ ဒါပေမယ့် လမ်းတဝက်လောက်မှာ နားမှ၊ မဟုတ်ရင် ညောင်းလို့ ဒူးနာတာနဲ့ သေမှာ။

လမ်းတဝက်တိတိ မကျတကျ လောက်မှာ Barstow ဆိုတာ ရှိတယ်။ အဲဒီမှာ နားတယ်။ Barstow Station McDonald မှာ breakfast စားလိုက်ကြတယ်။ မိနစ် ၄၀ - တနာရီလောက် စားစား နားနား လုပ်ပြီးမှ ခရီးပြန်ဆက်တယ်။

နောက်ထပ် ၂ နာရီလောက် ထပ်မောင်းလိုက်တော့ Nevada State က Las Vegas မြို့ကြီးကို ရောက်သွားတယ်။

Excalibur Hotel မှာ အင်တာနက်ကနေ နှစ်ည အတွက်ပေးထားပြီးသား။ နေ့လည် ၂ နာရီ လောက်ရောက်သွားတော့ ကိုယ်တို့အတွက်အခန်းက ပြင်လို့ဆင်လို့ မပြီးသေးတာမို့ ၃ နာရီ မှ ဝင်လို့ ရမယ်တဲ့။

အဲဒီမှာ ပြသနာက စတာပဲ။ ည စာစားဖို့ကလည်း စောသေး။ နေ့လည်စာ ထမင်း မစားရသေး။ ကိုယ်ကလည်း စားရင် အရည်လေးသောက်ရမှ ဆိုတော့ ကားမမောင်းတော့တဲ့ ဒုံးဒုံးချ နားပြီဖြစ်တဲ့ ဟိုတယ်မှာ ကားထားပြီးမှ စားမယ် မှတ်တာ။ ဟိုတယ် valet parking မှာ ကားကို တခါတည်း ပေးလိုက်တယ်။

ဗိုက်ကလည်း တဂျုတ်ဂျုတ် ဆာနေပြီ၊ ဟမ်ဘာဂါတခု အာလူးကြော်တပွဲကို အဆာပြေ နှစ်ယောက်သား စားထားမယ်ဆိုပြီး မှာလိုက်တယ်။ ကိုယ်က Heineken အသေးတလုံး၊ သူက အချိုရည်တခွက် မှာတယ်။ ဒေါ်လာတရာတန် တရွက် ထုတ်ပေးတာ၊ cash register က လူမည်းမလေးက ကိုယ့် ဒေါ်လာတရာတန်ကို မီးရောင်မှာ ထောင်ကြည့်၊ အမြီးပြန် ခေါင်းပြန်ကြည့်၊ အစစ်အတု ခွဲတဲ့ မင်နဲ့ တို့ကြည့်ပြီး သူမဆုံးဖြတ်နိုင်လို့ မန်နေဂျာကို ခေါ်ပြနေတယ်။

ကိုယ်ကတော့ သေချာတယ်လေ၊ ကိုယ့်ပိုက်ဆံ အသစ်ကျပ်ချွတ် ဘဏ်ကထုတ်လာတာ၊ အတုမဖြစ်နိုင်ဘူး။ ထောင်မလဲသဲကော် ဗမာပြည်သားတွေ အကြိုက် တောင့်တောင့်တင်းတင်း အစစ်ကလေး။ မန်နေဂျာနဲ့ cashier တိုးတိုးတိတ်တိတ် ပြောနေကြပြီးမှ ရတယ်ရတယ် ဖြစ်သွားတယ်။

"ငါ့ ပိုက်ဆံက ခုမှ ဘဏ်ကထုတ်လာတာ၊ ဘာဖြစ်လို့လဲ."
"အော် ဘာမှ မဖြစ်ဘူး၊ ရပါတယ်"
ဘီယာတလုံး၊ ဟမ်ဘာဂါ၊ အာလူးကြော်၊ အချိုရည် ဒေါ်လာ နှစ်ဆယ်ကြော်ကျတယ်။
".. .. ဘာဖြစ်လို့လဲ၊ ဘီယာတလုံး ဘယ်လောက်မို့လဲ.."
".. plus tax nine dolar and something"
သောက်ကျိုးနဲ၊ ကိုယ်တို့ အရပ်ဒေသမှာ ဘီယာ ၆ လုံးတွဲ တတွဲစာ ပေးလိုက်ရတယ်။ ဘယ်တတ်နိုင်မလဲ ရွေးစရာလမ်းမရှိဘူး။ ကိုယ်ကလဲ သောက်ချင်၊ ဆာကလဲ ဆာနေပြီ။ သူပိုက်ဆံ ပြန်အမ်းတယ်။ ဒေါ်လာ နှစ်ဆယ်တန် အသစ်ကလေးတွေ..
"အင်း နင့် နှစ်ဆယ်တန်တွေက တဘက်ပဲ ရိုက်ထားပါလား၊ တဘက်က အဖြူဗြောင်ကြီး"
ဒင်း မျက်လုံးကြီး အကြီးအကျယ် ပြူးသွားပြီး သူ့ပိုက်ဆံ သူပြန်လှန်ကြည့်နေတယ်။ ကိုယ် ရီလိုက်ပြီး
"ကျေပြီ.. နင်နဲ့ ငါနဲ့ ကျေပြီ"
" အမလေး.. လန့်သွားတာပဲ……"

ဘီယာတလုံး ဘယ်သွားကြားညှပ်သွားမှန်းမသိဘူး။ ခွက်များ ပေါက်နေလို့လား။ မတတ်နိုင်ဘူးလေ။ ကိုယ်မှ မဝပဲ၊ ဆင့်ပါးစပ်နှမ်းပက်။ တလုံးထပ်ဝယ်ရပြန်ရော.. ကိုးဒေါ်လာ။

အဲဒီမှာ အုံးစိမ်းရည်လဲ တွေ့တယ်။
"ဘီယာတလုံး သောက်ရင် အုံးရည်တလုံး အလကားတိုက်တယ် ဆို."
"ဒီနေ့ မရဘူး မနက်ဖြန်မှ"
ဒင်းကလေးကလဲ အလာသား။ ကိုယ်နောက်တာကို သူ ပြန်နောက်တယ်။ အမည်းဆိုပေယ့် အမဲချောလေး..

ခဏနေတော့ ဆိုင်ထဲမှာ rock သီချင်း ဆူဆူညံညံ ကျယ်ကျယ်လောင်လောင် ထွက်လာပြီး၊ ဆိုင်ထဲက သူတို့အရွယ် အလုပ်သမား ကောင်လေးကောင်မလေးတွေ အဖြူအမည်း ၆ ယောက် လောက် ထွက်လာပြီး က, ကြပါလေရော။ သီချင်းဆုံးတော့ တဆိုင်လုံးကို ဦးညွတ် အလေးပြုသွားတယ်။ ကိုယ့်ကိုတောင် လက်ပြသွားတယ်။ ကိုယ့်စိတ်ထဲမှာတော့
".. ပိုကျုံကျွေ့ ပုလင်းလောက်ရှိတဲ့ ဘီယာတလုံး ကိုးဒေါ်လာနဲ့ အချဉ်ရလိုက်လို့ အောင်ပွဲခံကြတာ နေမှာ……."

အေးဝင်း (လမင်းတရာ)
၁၂၊ ၁၈၊ ၂၀၁၇။
ည ၇း၂၆။

Monday, January 8, 2018

ဘီးစိပ်ကြီး

ဘီးစိပ်ကြီး

အင်းစိန်ထောင်မှာ (၁၉၇၆ - ၁၉၈၀ ဝန်းကျင်) ထောင်ပိုင်ကြီးက အစ၊ မိလ္လာဘုတ်အထိ သူ့ကို နာမည်ရင်း မခေါ်ပဲ နာမည်ပြောင်ပဲ ခေါ်ကြတဲ့ တထောင်လုံးကျော် နာမည်ကြီး တယောက်ရှိတယ်။ သူက ကျနော့် ဘော်ဒါ - သူ့နာမည် "ဘီးစိပ်"…… တဲ့။

ကျနော် ထောင်ကျတဲ့ နှစ်နှစ်မှာ သုံးပုံနှစ်ပုံက အထူးအနေ နဲ့ နေခဲ့ရပြီး တပုံက ပုံစံအနေနဲ့ နေရတယ်။ အထူး ဆိုတာက ထောင်ကျတဲ့ နံပါတ်မှာ S စာလုံး ရှေ့က ပါတယ်။ Special ဖြစ်မှာပေါ့။ နေရတာလည်း အထူးဆောင်လို့ ခေါ်တဲ့ သီးသန့်ဆောင်။ တိုက်ပိတ်ခံရရင်လည်း အထူးတိုက် မှာပဲ ထားတယ်။ ထောင်ဝင်စာကို တနင်းဂနွေနေ့ မှာ နှစ်ပါတ်တခါ တွေ့ရတယ်။ ထောင်ကခိုင်းတဲ့ အလုပ် ဘာမှ မလုပ်ရဘူး။ ကိုယ့်အခန်းထဲမှာဘဲ ကိုယ်နေရတယ်။ ရေချိုးဆင်းတဲ့ အခါမှ အခန်းပြင် ထုတ်ပေးတာ။

အထူးဆောင်တွေကို ဖျက်သိမ်းပြီး ပုံစံဆောင် ဖြစ်လာတော့ ကျနော့်မှာ မိတ်ဆွေတွေ အများကြီး တိုးလာတယ်။ အဲဒီထဲ အရင်းအချာဆုံး မိတ်ဆွေဖြစ်လာတဲ့ သူတယောက်က 'ဘီးစိပ်'။ ကျနော်တို့က ကျောင်းသားတွေ၊ အသက် အားဖြင့် နှစ်ဆယ်ကျော်ကျော်……။ သူက ထောင်ကျ၊ တွံတေး ရဲဘက်စခန်း ရောက်၊ ရဲဘက်ကမှတဖန် အင်းစိန်ထောင် ပြန်ရောက်လာတယ်။ အသက် ၃၅ နဲ့ ၄၀ ကြားလောက် ရှိမလား မပြောတတ်ဘူး။

ပုံစံဆောင် လုပ်တော့ ရာဇဝတ်မှုနဲ့ ကျတဲ့ ထောင်သားတွေကို ကျနော်တို့ အထူးတွေနဲ့ လာရောထားတယ်။ အဲဒီမှာ လူပေါင်းစုံပဲ။ ခိုးဆိုး တိုက်ခိုက်စားတဲ့သူ၊ ရိုက်နှက် လူသတ် လုပ်တဲ့သူ- စသဖြင့် အမှုပေါင်းစုံတွေထဲ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်ရင်း က မတော်တဆ အမှုဖြစ်သွားသူ၊ နေဝင်းစစ်အစိုးရနှင့် အပေါင်းအပါတွေ မတရားလုပ်လို့ တရားလိုက တရာခံဖြစ်သွားသူ၊ အမှုဆင်ပြီး ပစ္စည်းသိမ်းလူဖမ်းခံရ(ဦးသန်းဝင်း-ဆွေသန်း အောင်) လို လူကြီးလူကောင်းတွေလည်း အများကြီး။ ဘိုးတော်တွေလည်းပါတယ်။

နဂိုက အထူးဆောင်မှာ တခန်းကို လူ နှစ်ဆယ်အများဆုံးထားတဲ့ အခန်းမှာ ပုံစံလုပ်တော့ လူ တရာ့ငါးဆယ် လောက် လာထားတယ်။ ကျနော်တို့ အိပ်တဲ့ ကုတင်တွေကို ဖျက်လိုက်ပြီး အားလုံး သံမံတလင်းပေါ် ဖျာကြမ်းခင်းပြီး အိပ်ကြရတယ်။

တနေ့တော့ ညဘက် "အိပ်ချိန်" . မအော်ခင် အခန်းထဲမှာ ကိုယ့်အုပ်စုလေးနဲ့ကိုယ် ဝိုင်းဖွဲ့ စကားပြော နေကြတယ်။ ဘီးစိပ်က ကျောင်းသားအုပ်စုထဲက ဗလကြီး ကိုတင်မြတ်တို့ ဆရာကြီး အောင်ကိုကို တို့နဲ့ ရေနွေကြမ်းသောက်ရင်း ဝိုင်းဖွဲ့ စကားပြောနေတယ်။ ဝိုင်းချင်း ကျောချင်းကပ်မှာ ကျနော်က အခန်းလူကြီး ကိုလှိုင်ကြူ (မိုးညိုလူသတ်မှု)၊ ဒုတိယ အခန်းလူကြီး ချီးမြင့်သိန်း (မင်္ဂလာဒုံ လူမိုက်)၊ တင်မောင်ဌေး (သိမ်ကြီးဈေး အပေါ်ထပ် စစ်စခန်းကို ဗုံးပစ်သူ) တို့ နဲ့ စကားပြောနေတယ်။

ကျနော် နဲ့ ကျောချင်းကပ် ကျောပေးထိုင်သူက သူ့ စကားဝိုင်းတော်သားတွေကို မေးနေတယ်။

"မင်းတို့ ကျောင်းသားတွေထဲမှာ အေးဝင်းဆိုတာ ကြားဖူးလား" တဲ့။ အဲဒီမှာ ဗလကြီးတင်မြတ်နဲ့ ဆရာကြီးအောင်ကိုက ပြိုင်တူ "အဲဒီမှာ ခင်ဗျားကျောပေးထားတာ အေးဝင်းပဲပေါ့".။ မေးခွန်းရှင်က သေချာအောင် "RIT ကလေ." ထပ်မေးနေတယ်။ ကျနော်ကောင်းကောင်း ကြားတဲ့။

သူက ကျနော်ဘက်ကို ကိုယ်လှည့်ထိုင်လိုက်ပြီး သူ့ကိုသူ မိတ်ဆက်လိုက်တယ်။ သူ့နာမည် ဦးအောင်ဌေး လို့ ခေါ်တယ်။ အဲဒါကို ကျနော်တို့ စကားဝိုင်းက မင်္ဂလာဒုံ လူမိုက်ကြီး ချီးမြင့်သိန်းက ထပ်ဖြည့်တယ်။ "ဘီးစိပ် လို့လဲ ခေါ်တယ်." တဲ့။

ဦးအောင်ဌေး (ခေါ်) ဘီးစိပ် ဆိုတဲ့ လူကြီးဟာ ကိုယ်တို့ဘက်ကို လှည့်ထိုင်ပြီး ကျနော်တို့ စကားဝိုင်းထဲ ဝင်လိုက်တယ်။

"ငါ ကိုကျော်ထွန်းနဲ့ ရဲဘက်မှာ တွေ့ခဲ့တယ်။ အင်းစိန်ရောက်ရင် မင်းကို ရှာတွေ့ဘို့ မှာလိုက်လို့ ငါရောက်ကတည်းက မေးနေတာ. " တဲ့။

ကျနော့်ဝိုင်းက လူတွေကို ကြည့်ပြီး ဘီးစိပ်ကပြောတယ်.."မင်း ဒီကောင်တွေနဲ့ ပေါင်းရင် ကြည့်ပေါင်း.." တဲ့။ လှိုင်ကြူနဲ့ ချီးမြင့်သိန်းက သူ့ကို ဘာမှ စောဒက တက်မနေပဲ ပြုံးပြုံး ပြုံးပြုံးနဲ့ ကြည့်နေကြတယ်။ ပထမတော့ ကျနော် အံ့သြတယ်။ ရာဇဝတ်မှုနဲ့ ထောင်ကျတဲ့ အခန်းထဲကလူတွေ ဒီလူမိုက်ကြီး နှစ်ယောက်ကို ပြားပြားမှောက် ကြောက်ကြရတယ်။ နောက်ပြီး လှိုင်ကြူက တန်းစီး။ ချီးမြင်သိန်းဆိုတာ အင်မတန် လက်ယဉ်တာ။ ဒီအခန်းလူကြီး နှစ်ယောက်ကို ဘီးစိပ်က ဘာလို့ မမှုပါလိမ့်……ပေါ့။

သူ့လိုပဲ အခန်းလူကြီးကို လုံးဝ မမှုတဲ့ လူတယောက် ကျနော် စစ်ခွေးတိုက်က ပြန်ရောက်ရောက်ချင်း ကျနော့်ကို မိလ္လာချောင်ကို ပို့ထားတုန်းက တွေ့ဖူးတယ်။

အာဏာပိုင်တွေက ဟန်ရှင်ဝင်းရယ်၊ ထွန်းသန်းရယ်၊ ကျနော်ရယ်ကို စစ်ခွေးတိုက်က ထုတ်လာပြီး ၃ ဆောင်မှာ ပြန်ထည့်တော့ လှိုင်ကြူကို တုတ်ပေးပြီး ကျနော့်ကို ရိုက်ခိုင်းတယ်။ ပြီးတော့ မိလ္လာချောင်မှာ သိပ်ခိုင်းတယ်။ အခန်းထဲက လူတွေကို ကျနော်နဲ့ စကားမပြောရဘူးလို့ အာဏာပိုင်တွေက အခန်းလူကြီးကတဆင့် အမိန့်ပေးခိုင်ထားတယ်။ အခန်းလူကြီးကလည်း တုတ်တပြင်ပြင်နဲ့ စကားပြောတဲ့ ကောင် အပြတ်ကိုင်မယ်ဆိုတဲ့ သဘောနဲ့ ချောင်းနေကြတယ်။ အဲဒီ အချိန်မှာ ကျနော့်ဘေးမှာ နေရာကျတဲ့ လူက ကျနော် သူဘေးမှာ နေရာယူလိုက် ပြီးတာနဲ့ ဒူးယားတလိပ် ထုတ်တိုက်တဲ့ အပြင် ဒီကောင်တွေ ဂရုစိုက်စရာမလို လို့ ပြောပြီး ကျနော့်ကို စကားတွေ လက်ဆုံကျနေတယ်။

အခန်းလူကြီး လှိုင်ကြူက ဘာမှ မပြောတဲ့ အပြင်၊ တော်နေကြာတော့ မတ်ခွက်လေးတလုံး ကိုင်လာပြီး ကျနော်နဲ့ စကားပြောတဲ့ လူဆီမှာ ရေနွေးကြမ်း လာတောင်းသောက်တယ်။ သူ့အကြောင်း နောက်မှ ရေးမယ်။ ဘီးစိပ်ကို အရင်ရေးလိုက်အုန်းမယ်။

ဦးအောင်ဌေး ခေါ် ဘီးစိပ်ကြီးဟာ ထောင်စာတိုက် မှာ လုပ်တယ်။ သူနဲ့ စ သိတဲ့နေ့က စ ပြီး ကိုယ့်ကို တူ-သား တယောက်လို စောင့်ရှောက်တယ်။ သူက ထောင်ထဲမှာ အထူးတိုက်တွေ၊ အထူးအိမ်တွေနဲ့ မိန်းမဆောင်က လွဲလို့၊ တထောင်လုံး သူမရောက်တဲ့နေရာမရှိ လျှောက်သွား တတ်တယ်။

မနက်ဆိုရင် ထောင်ဖွင့်လို့ တန်းစီပြီးတာနဲ့ ဂျိုင့်ပုံးတလုံးဆွဲပြီး ဘီးစိပ် အဆောင်ပြင် ထွက်သွားပြီ။

ဖိုထဲမှာ- အထူးအိမ်တွေမှာ နေရတဲ့ VIP တွေအတွက် ချက်တဲ့၊ မနက်စာထဲက သူ သွားကဲ့ မယ်။ တခါတလေ သူက ဟိုမှာ စားလာတယ်။ ကျနော့်အတွက် ဂျိုင့်နဲ့ သယ်လာပြီး ကျွေးတယ်။

ဘီးစိပ်ဟာ ထောင်ပြင်မှာတုန်းက စစ်တပ်တို့ ဘာတို့က ကားဟောင်း၊ ကားပျက်တွေကို လေလံဆွဲပြီး ပြုပြင်မွမ်းမံ ပြန်ရောင်းစားတဲ့ သူ။ သမိုင်းကျိုက်ဝိုင်းဘုရာနားမှာ သူ့လုပ်ငန်းကြီး အကြီးအကျယ် ရှိတယ်။

သူ့အမှုက လဘ်ပေးလဘ်ယူ မှု။

တနေ့တော့ စစ်တပ်က ကားတွေ လေလံတင်မယ် သတင်းကြားလို့ ဘီအီးအင်အီး (B E M E) က သက်ဆိုင်ရာတွေကို လေလံရဖို့အတွက် လဘ်ပေးတယ်။ 'လဘ်ပေးလဘ်ယူ ဒို့ ရန်သူ' ဆိုပြီး အကြီးအကျယ် သံကောင်း ဟစ်နေတုန်းမှာပဲ လာဘ်ယူသူ စစ်ဗိုလ်တွေနဲ့ လာဘ်ပေးသူ ဘီးစိပ်တို့ အဖမ်းခံရတယ်။ ဒို့ရဲ့ ရန်များက ဘီးစိပ်ကို ထောင်ချလိုက်တယ်။

စစ်တပ် မတရားရုံးကနေ မသထာရေစာကို ဝါးလိုက်တဲ့ နေဝင်းကြေးစားတွေက ထောင်ချမခံရပဲ ဘီးစိပ်ကြီးကတော့ ပိုက်ဆံလည်း ပေးရ ထောင်လည်းကျ..

ထောင်ထဲမှာ သူသွားချင်တဲ့ နေရာသွားပြီး သူပြန်ရင် အဲဒီနေရာက ပစ္စည်းတခုခု သူမရ အရ ယူလာတတ်တယ်။ တောင်ယာထဲသွားရင် တောင်ယာထဲက တောင်ယာထွက် အသီးအနှံ သူ မ, တတ်တယ်။ အလုပ်ကြီးတွေထဲ သွားရင်လည်း အလုပ်ကြီးထဲက တခုခုတော့ ရအောင် သူတောင်းလာတယ်။ အထူးသဖြင့်တော့ ဖိုကြီးကို သူအသွားဆုံး။ ဖိုထဲသူ လိုချင်စရာတွေက များတယ်။ တာဝန်ကျတွေက 'ဘီးစိပ် မိန်းဂျေးမှာ ခင်ဗျားအဘ တွေ အများကြီး ထိုင်နေတယ်၊ မယူသွားနဲ့ .' ဆိုရင်တောင် ထင်းခြမ်းတခြမ်း လောက်တော့ ဂျိုင်းကြား ညှပ်လာတတ်တယ်။ ဒါကြောင့် သူမှာ 'ဘီးစိပ်' နာမည် အပေးခံရတာ။

သူက ထောင်စာတိုက်မှာ လုပ်တော့ သူ့ဆီက ပစ္စည်းတွေကို ဆီပေးဆန်ရလုပ်တယ်။ တခြားဌာနက ပစ္စည်းနဲ့ ပေါ်ပေါ်တင်တင် လဲတယ်။ ဖိုထဲက လူက 'ဘီးစိပ်.. ငါ့ကို ကော်ပီစာအုပ် တအုပ်ပေး.' ဆိုရင် သူက ဆီ၊ လက်ဘက်ခြောက်၊ ငရုပ်ကြက်သွန်၊ ဟင်းချက်စရာ မ,တယ်။ မရတဲ့အဆုံး ထင်းခြမ်းခွဲ ဖြစ်ဖြစ် ရအောင် ပြန်ယူတတ်တယ်။

သူက ကျနော်တို့ ထမင်းစား အုပ်စု မဟုတ်ဘူး။ သူတို့က အဆောင်အပြင်မှာ အလုပ်လုပ်ရ သူတွေ ဆိုတော့ သူ့ နေ့လည်စာ ညနေစာကို အလုပ်ကြီးဖက်မှာ သူကောင်းကောင်း ချက်စားတယ်။ ဖိုထဲက ရသလောက် သူအကုန် ယူလာတတ်ပြီး သူမလိုတာ၊ သူပိုတာကို တောင်ယာတို့ ဘာတို့မှာ သူလိုတဲ့ ပစ္စည်းနဲ့ ပြန်လဲတယ်။ အထူးဖိုမှာ ချက်တဲ့ ဟင်းတွေ သူကောင်းကောင်းစားရင် ကျနော့်ဖို့လည်း ယူလာပေးတတ်တယ်။

သရဲကြီး (အညာတမာ) တို့ ပိတောက်တစ္ဆေ အုပ်စုတွေ လွတ်တော့မယ် ကြားတော့ အဲဒီငနဲတွေ အဆောင်ကို အပြေးအလွှား သူရောက်သွားပြီး "ဟေ့ကောင် သရဲ အေးဝင်း ဟိုမှာ ဖျာကြမ်းပေါ် ဒီတိုင်း အိပ်နေတာ မင်းမွှေ့ယာ အေးဝင်းကို ပေးလိုက်." ဆိုပြီး သရဲဆီက အိပ်ရာ သူ မ, လာခဲ့တယ်။

ကျနော်တို့ကို နိုင်ငံတော်စီလွှတ်မိန့်နဲ့ လွှတ်မယ့်နေ့က၊ ထုံးစံအတိုင်း သူနဲ့ ကျနော် မနက်စောစောစာ စားဖို့ ဂျိုင့်တလုံးဆွဲ ထွက်သွားတယ်။ ချက်ချင်းဆိုသလို သူ ပြန်ပြေးဝင်လာတယ်။ မိန်းဂျေးမှာ အပွင့်တွေရော အခက်တွေရော အများကြီး ရှုတ်ရှက်ခတ်နေတယ်။ မင်းတို့ကို လွှတ်တော့မယ် ထင်တယ် လို့ သုတ်သီးသုတ်ပြာ အပြေး လာပြောတယ်။ ငါသေချာအောင် သွားစနဲနာ အုန်းမယ် ပြောပြီး ပြန်ထွက်သွားတယ်။

သူပြန်ရောက်လာတယ်။ သေချာတယ်၊ လွတ်မယ်ကွတဲ့။ သူပြောသလိုပဲ အဲဒီနေ့က ကျနော်တို့ လွတ်ခဲ့ပါတယ်။

ညနေစောင်း ကျနော်တို့ကို စစ်ကြောရေးဝင်းကနေ တန်းစီထုတ်သွားတော့ () ဆောင်အပေါ်ထပ် လှေကားကနေ ငေးမျှော်ကြည့်နေကြတဲ့ အထဲ သူလည်းပါတယ်။

လွတ်ခါစ (၁၉၈၀-၁၉၈၁) လောက်မှာ သူနဲ့ တိုကျိုပုလဲစားသောက်ဆိုင်မှာ ရံဖန်ရံခါ ဆုံတယ်။ ကိုယ့်ဝိုင်းကို သူမြင်ရင် မသိမသာ ပိုက်ဆံပေးတဲ့ ကောင်တာကို ထသွားပြီး ပိုင်ရှင်ဆီ သူသွားပြီး ကပ်မှာထား လိုက်တယ်။ ကျနော့်ဝိုင်းက ပိုက်ဆံရှင်းရင် မယူနဲ့- သူပေးမယ်။ သူတို့ စားတဲ့ဝိုင်းမှာ ပေါင်းမှတ်ထားလိုက်တဲ့။ တွေ့တိုင်း သူ လုပ်တတ်တဲ့အကျင့်။

ဘီးစိပ်ကြီး ခုဆို ရှိမှ ရှိပါတော့မလား။ ရှိရင်တောင် အသက် (၈၀) လောက်ရှိပြီ။ ဘီးစိပ် (ခေါ်) ဦးအောင်ဌေးကို ဒီနေရာကနေ ဂါရဝပြုလိုက်ပါတယ်။

အေးဝင်း(လမင်းတရာ)
၀၁၊ ၀၆၊ ၂၀၁၈ မှာ ပြင်ဆင်တည်းဖြတ်သည်။

Sunday, January 7, 2018

ခုံဘိနပ်ထက်ပိုင်းပြတ်၊ ခဝဲသီးကြော်ချက်...

ခုံဘိနပ်ထက်ပိုင်းပြတ်၊ ခဝဲသီးကြော်ချက်...

ခုံဘိနပ်ထက်ပိုင်းပြတ၊် ခဝဲသီးကြော်ချက်

ကိုယ်တို့ ထောင်ကလွတ်ပြီး နောက်တသုတ် အစုအလိုက် အပြုံလိုက်လွှတ်တာ ၂/၈၀ လို့ နံမည်ကြီးတဲ့ နိုင်ငံတော်ကောင်စီရဲ့ ၁၉၈၀ အမိန့်နဲ့ လွတ်ကြခြင်းဘဲ။ ကိုယ်တိုင်ကြုံရတာ မဟုတ်လို့ ယခု အော်ရီဂွန်ပြည်နယ်၊ အမေရိကမှာ ရှိနေတဲ့ စောဖိုးကြူးကို တယ်လီဖုံးနဲ့ မေးပါတယ်။ နိုင်ငံရေးမှုမှာ သူတို့က ၂/၈၀ ရဲ့ နောက်ဆုံးလူသားတွေပဲ။ ကျေညာချက်ထုတ်ပြီး လူတွေ လွှတ်တဲ့အချိန်ကနေ ၁၄ ရက် တိတိကြာမှ သူတို့လွတ်တာ။ သူ ကျနော့်ကို အတိအကျ ပြန်ပြောပြပါတယ်။

သူ့ကို ကျနော်တို့က ဆရာကြီးပွေးလို့ ချစ်စနိုး ခေါ်ကြတယ်။ သူက အမှန်ကို ပြောတတ်သူ၊ လုပ်စရာရှိရင် ပြတ်ပြတ်သားသား လုပ်တတ်သူ၊ ကိုယ်ရည်ကိုယ်သွေးပြောတဲ့ အကျင့်မရှိသူမို့ သူပြောပြတာကို ရေးလိုက်ခြင်း ဖြစ်ပါတယ်။

ရာဇဝတ်မှုတွေကို ပြစ်ဒဏ်ရဲ့ တဝက်လွတ်ငြိမ်းခွင့် ပေးပြီး၊ မည်သူမှ ၁၀ နှစ်ထက် ပိုမနေစေရ ဆိုလို့ စိန်ညွန်တို့လို ဓမြအကြီးစားကြီးတွေလဲ လွတ်သွားတယ်။ စိန်ညွန့်က အနှစ် ၅၀ ကျတဲ့ ဓမြ အကြီးစားကြီး။ စိန်ညွန့်ကို  ကျနော် မဆုံလိုက်ပေမယ့် ကိုဖိုးကြူးတို့၊ ငှက်ကြီး မောင်ဌေးတို့ ကောင်းကောင်းဆုံလိုက်တယ်။ သေဒဏ်ကျတဲ့ (၁၈) လမ်းလူသတ်မှု ကိုလှိုင်ကြူတို့ လေးယောက် လွတ်လာတော့ ကျနော့်ကို လာနှုတ်ဆက်ကြ သေးတယ်။ ၁၉၇၃ ခုမှာ အခြေခံဥပဒေ ရာနှုန်းပြည့် အောင်လို့ ဆိုပြီး ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ သူတို့ ပြစ်ဒဏ် တသက်တကျွန်းကို ပြောင်းသွားတာ။  ခုတခါ သံဃာ့ဂိုဏ်းပေါင်းစုံ ဘာညာ ဆိုပြီး ၂/၈၀ မှာ၊ နေသား ၁၀ နှစ်ကျော်ပြီးနေတာမို့ "ပြန်ပေတော့... မစဉ်းစားနဲ့ ပြန်ပေတော့....." ဖြစ်သွားတယ်။

ကိုလှိုင်ကြူက ထောင်ထဲမှာ ကျနော့် ဘော်ဒါ၊ သူတို့ အမှုတွဲမှာ သူက ခေါင်းဆောင်။ သူလာနှုတ်ဆက်တာမို့ ကျန်သုံးယောက်က ပါလာတာ။ လှိုင်ကြူ့ အမှုတွဲတွေက မောင်မောင်(သဂျိုးမောင်မောင်)၊ အထွန်း လို့ ကျနော်တို့ ခေါ်တဲ့ မောင်ထွန်း (မော်ကြီးတို့ အခန်းလူကြီး- လူငယ်စိတ်၊ ကျောင်းသားစိတ်အပြည့် ရှိသူ) နဲ့ ကိုအုန်း။

ကျနော်က ခင်ဗျားတို့ ဘာဖြစ်လို့ ၁၄ ရက် နောက်ကျပြီးမှ လွတ်တာလဲလို့ စောဖိုးကြူးကို မေးတယ်။ ကျနော်တို့ အမှုတွေနဲ့ ဦးနေဝင်းရဲ့ ၂/၈၀ ကို၊ ထောင်က ကောင်းကောင်း အဓိပ္ပါယ် မရှင်းတော့ ပြည်ထဲရေးကို ပြန်မေးနေရတာ၊ အဲဒီမှာ ၁၄ ရက် ကြာသွား ဆိုပဲ။ ဆရာကြီးပွေးကို သူတို့ အမှုမှာ တရားရုံးက ၁၀ နှစ် ချပြီး နောက်တနေ့ပြန်ခေါ် ၅ နှစ်ထပ်တိုးလို့ ၁၅ နှစ်။ သူတို့ခေါင်းဆောင်တွေက ဗုံးတွေ၊ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ဖမ်းမိတာ။ တသက်တကျွန်းလား ဘာလား မသိ ကျတယ်။ ဒါကြောင့် အရေးအခင်းသမားတွေလို၊ ကျောင်းသားတွေလို ချောချောမောမော ထောင်က မလွတ်ဘူး။ သူတို့တင် မဟုတ်ပါဘူး။ ဦးမန်းငွေအောင်၊ ဦးမန်းဒါဝိတ်တို့တတွေ၊ တင်ဝင်း-တင်မာလာ၊ KNU တွေလည်း လွတ်ရေးမှာ နှောင့်နှေးတယ်။

ဆရာကြီးပွေးလွတ်တော့ သူက ဆင်ကြယ်တဆိပ် ရာဘာဖိနပ် ခပ်လတ်လတ်ကို စီးထားတာ။ မလွတ်သေးတဲ့ ရာဇဝတ်မှုနဲ့ ကျတဲ့ လူတယောက်က သူ့ဖိနပ်ကို ကြည့်ပြီး အကိုက လွတ်မှာပဲ ကျနော်ကို အကို့ဖိနပ်လေး ပေးခဲ့ပါတောင်းလို့ ဟိုလူ့ ထက်ပိုင်းပြတ် ခုံဖိနပ်ကို သူ့ ဆင်ကြယ်ဖိနပ်နဲ့ လဲပေးခဲ့တယ်။ သူက ခုံဖိနပ် ထက်ပိုင်းပြတ် စီးပြီး ထွက်လာခဲ့တယ်။

ဗူးဝမှာ သူထောင်ထဲဝင်တုန်းက စာရင်းနဲ့ သိမ်းထားတဲ့ ပိုက်ဆံ တဆယ့်ခြောက်ကျပ်နဲ့ လေးဆယ့် ငါးပြား ကို ပြန်ထုတ်ပေးတယ်။ သူ့အမှုတွဲ ထွန်းကျင်က လမ်းစရိတ် မရှိလို့ သူ့ဆီက ငါးကျပ်တောင်းတာ ပေးလိုက်သေးတယ်။ သူတို့ကို အချုပ်ကားပြာကြီးတွေနဲ့ လိုက်ပို့တယ်။ သူ့အိမ်က အင်းစိန် ဘီအိုစီကွေ့တင်ပဲဟာ။ သူ အရင်ဆုံး ဆင်းရတယ်။ သူအိမ်ကို သူတံခါးခေါက်တော့ ည ၁၂ နာရီကျော်လို့ မနက် တနာရီ ထိုးတော့မယ်။ အမေက တံခါးလာဖွင့်တယ်။ အိမ်မှာက အမေနဲ့ နှစ်မ အငယ်လေးပဲ ရှိတယ်။

ရောက်ရောက်ချင်း အမေ့ကို သူပြောနိုင်တာ အမေ ထမင်းရှိလား၊ ဘာဟင်းရှိလဲ၊ ကျနော် ဗိုက်အရမ်း ဆာနေတယ်။ အမေက ပုဇွန်သေးသေးလေးတွေကို ခဝဲသီးနဲ့ ချက်ထားတဲ့ ဟင်းနဲ့ ထမင်းကျွေးတယ်။ (ဒါက သူ့အကျင့်- မဲဆောက်မှာ သူနဲ့ ကျနော်ပြန်တွေ့တော့- နှုတ်ဆက်စကားက ကိုယ့်လူ ပိုက်ဆံအကြွေ ပါရင်ပေးစမ်းပါ။ ပိုက်ဆံမရှိလို့ ကွမ်းမစားရတာ ကြာပြီ၊ ကွမ်းစားမလို့.... တဲ့။) ထမင်းစားနေတုန်း အိမ်ကို မျက်စိကစားကြည့်လိုက်တာ ပရိဘောဂတွေ ဘာမှမရှိတော့ဘူး။ အိမ်ကြီးက ဟောင်းလောင်း။ အမေက ပြောတယ်။ နင်မရှိတော့ ငါတို့ သားအမိမှာ ဝင်ငွေလဲ မယ်မယ်ရရ ရှိတာမှ မဟုတ်တာ။ ရှိတာတွေ ရောင်းချ စားသောက်ရတာပေါ့ကွယ်တဲ့။

ဆရာကြီးပွေးလို့ ကျနော်ခေါ်တဲ့ စောဖိုးကြူးရဲ့ အဘိုးတွေ၊ အဘတွေဟာ ကရင်တော်လှန်ရေးသမားကြီး တွေ။ သူ့ကို ကိုယ်ဝန်လွယ်ထားတုန်း အမေနဲ့ အဖေ က ဖားအံမှာ လက်နက်ချလိုက်ကြပြီး ဖားအံမှာ သူ့ကို မွေးတာ။ အဖိုးဟာ KNDO က ဗိုလ်မှူးကြီး Oliver တို့နဲ့ အတူတူ တိုက်ခဲ့တဲ့ ကရင်တော်လှန်ရေးသမားကြီးပဲ။ ဆရာကြီးပွေးဟာ ၈၈၈၈ မှာ FFB ကို ဦးဆောင်ဖွဲ့ခဲ့သူထဲက တယောက်ပေါ့။ ၈၈၈၈ အရေးတော်ပုံ ပြိုကွဲတော့ ဆရာကြီးပွေး လက်နက်ကိုင်တော်လှန်ရေးအတွက် လွတ်မြောက်တဲ့ နယ်မြေကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ခုံဖိနပ်ထက်ပိုင်းပြတ်နဲ့ ဘဝတက္ကသိုလ်က ထွက်လာခဲ့တယ်။ မိခင်ဖြစ်သူက ခဝဲသီးကြော်ချက်လေးနဲ့ အားဖြည့်ပေးလိုက်တဲ့ စောဖိုးကြူး.....။

မောင်အေးဝင်း
အောက်တိုဘာ ၃၀၊ ၂၀၁၁ ခုနှစ်။

Saturday, January 6, 2018

စောဖိုးကြူး (ခ) ဆရာကြီးပွေး

စောဖိုးကြူး () ဆရာကြီးပွေး

သူသေသွားပြီ၊ မော်တော်ယဉ် မတော်တဆ ထိခိုက်မှုနဲ့ သေပြီလို့ ကျနော်တို့ကို တယောက်သောသူက သတင်းပေးတယ်။ ဒီသတင်းကို ကြားသိရပြီးတဲ့နောက်ပိုင်းမှာ ပြည်တွင်းပြည်ပက ရဲဘော်များ၊ မိတ်ဆွေများနဲ့ သူ့အကြောင်းကို စကားဆုံလို့ မေးကြရင်၊ ပြောကြရင်၊ မပြောချင် ပြောချင် ဒီသတင်းဆိုးကို ကျနော်တို့ ပြောခဲ့ကြရတယ်။ ဘာဖြစ်လို့ မပြောချင် ပြောချင်လို့ ကျနော် ရေးရတာလဲ။ လူတယောက် အသေဆိုးနဲ့ သေရတဲ့သတင်း ဘယ်သူက ပြောချင်မှာလဲ။ အထူးသဖြင့် ချစ်သူခင်သူရဲ့ သတင်းဖြစ်နေရင် ဘယ်ပြော ရက်မှာလဲ။ ဘယ်လိုလုပ်ပြီး ပါးစပ်က ပြောထွက်မှာလဲ။

အကြောင်းကတော့ သူနဲ့ ကျနော်တို့ အဆက်အအသွယ် ပြတ်သွားခဲ့တာ နှစ်ကာလ အတော်ကြာခဲ့ တယ်။ စာမလာ သတင်းမကြားတာ လေးနှစ်လောက် ကြာခဲ့တယ်လေ။ သူ့ကို ကျနော်တို့ အားလုံးက သံယောဇဉ် ရှိကြတယ်။ ချစ်ကြတယ်။ ဘာသတင်းမှ မကြားတော့ ဘာဖြစ်လို့ပါလိမ့် ဘာဖြစ်လို့ပါလိမ့်နဲ့ တွေးတောပူပင် ခဲ့ကြတယ်။

သူက မဟုတ်မခံတတ်သူ၊ စိတ်ဆတ်သူ၊ လက်မြန်ခြေမြန်လုပ်တတ်သူဆိုတော့ တခုခုဖြစ်သလားပေါ့။ အဲဒီလို လေးနှစ်တာလောက် ပူပင်နေရတုန်းမှာ ကျနော်တို့က ကြားလိုက်ရတာကိုး။ ရန်သူ စစ်အစိုးရရဲ့ ညှဉ်းပမ်းနှိပ်စက်မှု အမျိုးမျိုးကို အတော်ခံရပြီး မသေပဲ လွတ်လာသူက ဒီတိုင်းပြည်မှာ ဒီလို ဖြစ်ရတာ ဖြစ်မှ ဖြစ်ရလေပေါ့။

သူနဲ့ ကျနော်တို့ အပြန်အလှန် မေတ္တာတရားတွေ ကြီးစွာ ထားခဲ့ကြလို့ ကျနော်က သူ့အကြောင်းကို ခုလို စာတစောင်ပေတဖွဲ့ ရေးဖြစ်တာပါ။

သူနဲ့ကိုယ် ၁၉၇၆-၇၇-၇၈ အင်းစိန်ထောင်မှာ အတူနေခဲ့ရတယ်။ ထောင်ကထွက်လာပြီးတော့ ၁၉၇၈-ကနေ ၁၉၈၈ အရေးတော်ပုံကာလအထိ တတွဲတွဲပေါ့။ ယုံကြည်သက်ဝင်တဲ့ နိုင်ငံရေးအယူအဆမှာ တူတာလဲ ရှိတယ်။ ကွဲလွဲတာလဲရှိတယ်။ ဒါပေမယ့် ရန်သူစစ်အစိုးကို ဆန့်ကျင်တဲ့၊ မုန်းတီးတဲ့ စိတ်ဓါတ်မှာတော့ တစက်ကလေးမှ မကွဲခဲ့ဘူး။ အဲဒီခေတ်ကာလမှာ အမိုးတခုထဲအောက် အတူအိပ် အတူစားခဲ့ရသူတွေမှာ ဒီအတိုင်းပဲ။

၁၉၈၈ လူထုအုံကြွမှုကြီးကို ရန်သူဖြိုခွဲပြီးတဲ့ အချိန်မှာ ပြင်းထန်တဲ့၊ ရန်သူ့အပေါ် ထားတဲ့ သူသဘောထားနဲ့ သူဟာ လက်နက်ကိုင်တော်လှန်ရေးနယ်ပယ်ကို ကူးပြောင်းသွားတယ်။ သူရောက်သွားတဲ့ နယ်မြေဟာ သူနဲ့ သဟဇာတ မဖြစ်လို့ ရန်ကုန်ကို သူတိတ်တဆိတ် ပြန်ရောက်လာတယ်။ နောက်တော့ အဲဒီနယ်မြေကိုပဲ သူပြန်သွားခဲ့တယ်။

မကြာလိုက်ပါဘူး၊ ကိုယ်လည်း အပြေးကောင်းလို့ ရန်သူ့လက်က သီသီကလေး လွတ်လာခဲ့တယ်။ ကံကြမ္မာလို့ပဲ ဆိုရမလား၊ ဘ၀ရေစက်လို့ ပြောရမလား၊ တဖက်နိုင်ငံရဲ့ နယ်စပ်မြို့ကလေးမှာ မမျှော်လင့်ပဲ ပြန်ဆုံရပါတယ်။ တသက်မှာတော့ ကျနော်တို့နှစ်ယောက် ဘယ်လိုမှ မတွေ့နိုင်တော့ဘူးလို့ အထင်အမှတ်ဟာ ဒုက္ခတွေ၊ အခက်အခဲတွေ အတူတကွ တွန်းလှန်ဖို့ ပြန်ဆုံကြရပြန်ပါတယ်။

သူဆိုတာက ဘယ်သူလဲ။ ပြည်တွင်းက ရဲဘော်တွေထဲမှာ သူ့ကို ချစ်စနိုးနဲ့ ငပွေးလို့ ခေါ်တဲ့လူက ခေါ်တယ်။ ဖိုးကြူလို့ ခေါ်တဲ့လူက ခေါ်တယ်။ ကိုဖိုးကြူးလို့လဲ ခေါ်ကြတယ်။ ကျနော်တယောက်ပဲ သူ့ကို ဆရာကြီးပွေးလို့ ခေါ်တယ်။ နံမည်ရင်း စောဖိုးကြူးပေါ့။

ရန်သူက နှိပ်စက်သတ်ဖြတ်လိုက်လို့ သေရာက ကိုယ်ရောင်လာပြ လေသလားလို့ ကျနော်ထင်ခဲ့တဲ့ ကိုဌေးဝင်းကို နယ်စပ်မြို့ကလေး ကျနော်ရောက်ပြီး နောက်တနေ့ မနက်လင်းမှာ တွေ့လိုက်ရတယ်။ ၀မ်းသာ လိုက်တာ မပြောတတ်လောက်အောင်ပါဘဲ။

ကိုယ့်မှာ ဘယ်သွားရမှန်း၊ ဘာလုပ်ရမှန်း မသိတဲ့ အချိန်မှာ နတ်သားကလေးတပါးကို တွေ့လိုက်ရသလို ပေါ့။ အတိုင်းထက်အလွန် ဖြစ်သွားခဲ့တာက အဲဒီ နတ်သားလေးက ကျနော့်အဖို့တော့ ဒိထက် 'အင်အားကြီးမားတဲ့ နတ်ကြီးတပါး' ကို ဆွဲထုတ်လာတယ်။ "ကျနော်တယောက်ထဲ မဟုတ်ဘူး.... ကိုဖိုးကြူးလဲရှိတယ်" တဲ့။

ကိုယ်က အားရဝမ်းသား "ဒင်းဘယ်မှာလဲ" မေးတယ်။ ကိုဌေးဝင်းက"ခင်ဗျား-ဒီမှာနေခဲ့၊ ကျနော် သွားခေါ်လာမယ်၊ ကျနော်တို့ အေဘီ ရုံးမှာ နေတယ်."။ သူတို့နှစ်ယောက် ရောက်လာတော့ ကျနော်တို့ သုံးယောက်သား ဘုန်းကြီးကျောင်းဝင်းထဲသွားပြီး ခေါင်းချင်းဆိုင်ကြတယ်။ ဒီလိုနဲ့ ကိုယ်တို့ ဘန်ကောက်ကို ရောက်လာတယ်။

ဘန်ကောက်ရောက်ပြီး တပါတ်ဆယ်ရက်မှာ ကိုယ်တို့ သုံးယောက် အသင့်အတင့် ကောင်းမွန်သပ်ရပ်တဲ့ အခန်းတခု ငှားဖြစ်ကြပြီး ဘ၀ရဲ့ တဆစ်ချိုး အပြောင်းအလဲ အဲဒီမှာ ပြောင်းကြတယ်။ သမိုင်းရဲ့ ကဏ္ဍအသစ်တခုကို စခဲ့ကြတယ်။

ဘ၀တက္ကသိုလ်က သင်ကြားပေးလိုက်တဲ့ လောကဓံကို ထုသားပေသားကျ နေထိုင်နည်းနဲ့ နှစ် နှစ်လောက် အတူနေခဲ့ကြပြီး ကျနော်က အရင် အမေရိကကို ရောက်လာတယ်။ မကြာဘူး ကိုဌေးဝင်းက ဂျာမဏီကို ရောက်သွားတယ်။ ကျနော့်ရဲ့ ဆရာကြီးပွေး အမေရိကကို ရောက်လာတယ်။

နယ်စပ်မြို့ကလေးက ဘုန်းကြီးကျောင်းထဲမှာ ခေါင်းချင်းဆိုင်ခဲ့ကြတဲ့ ရည်မှန်းချက်တွေ ပြီးပြည့်စုံခဲ့တယ်။

မနေ့ကတော့ (စက်တင်ဘာ ၂၅၊ ၂၀၁၀) အိမ်တအိမ်ကို အလည်ရောက်သွားတာ 'ဆရာကြီးပွေးသေပြီ.'လို့ ရထားတဲ့ သတင်းကြောင့် စိတ်မကောင်းတွေ ဖြစ်ခဲ့ကြတဲ့ အဖြစ်ဟာ ပြီးဆုံးသွားခဲ့တယ်။ အလည်ရောက်သွားတဲ့အိမ်မှာ အိမ်ရှင်ရဲ့ မောင်ဖြစ်သူ ကိုမောင်မောင်က "ကိုဖိုးကြူးကပြောတယ်၊ ခင်ဗျား အယ်လ်အေ ရောက်လို့ ကိုအေးဝင်းကို တွေ့မိရင် ကျနော်က ရှာဖွေတယ်လို့ ပြောပေးပါ....." တဲ့။

ကျနော့်နားကို ကျနော် မယုံဘူး ဖြစ်သွားတယ်။ ဘယ်တုန်းက ခင်ဗျားနဲ့ တွေ့လိုက်ပါသလဲပေါ့။ သူသေပြီ မဟုတ်လားလို့.....မေးမိတယ်။ ကိုမောင်မောင် ရုတ်တရက် ကြောင်သွားတယ်။ "မသေပါဘူး၊ ကျနော်နဲ့ အဆက်အသွယ် ရှိနေတာပ၊ဲ နယူးယောက်မှာ ကျနော်နဲ့ တနှစ်ခွဲလောက် တူတူနေခဲ့တာ.."

ကျနော်တို့ သတင်းရထားတာက လွန်ခဲ့တဲ့ () နှစ်က.....

မသေပါဘူး။ သူမသေးပါဘူး။ ကျနော့်မှာ သူ့ဖုံးနံပါတ်ရှိတယ်...... တဲ့။ အိမ်ရှင်ရဲ့မောင် 'သိကြားမင်းကြီး' က နတ်ကြီးရဲ့ ဖုံးနံပါတ်ကို ချက်ချင်း ထုတ်ပေးတယ်။ သူ့ ဆီက ရ ရချင်း ကျနော် ဖုံးဆက်လိုက်တာ.....

ဆရာကြီးပွေး... ဆရာကြီးပွေး.... ကျနော်တို့ရဲ့ ဆရာကြီးပွေး......။ ကျနော် ဘယ်လောက်များ ၀မ်းသာသလဲဆိုတာ မဖော်ပြနိုင်လောက်အောင် ပါဘဲ။

သူနဲ့ ဖုံးပြောတာ ချပြီးတာနဲ့ လက်လှမ်းမီရာကို ကျနော် သတင်းပို့လိုက်တာ ကြားကြသူတိုင်း ထခုန်မတတ် ၀မ်းသာသွားကြတယ်။

သူကပြောတယ်..... ခု သူ ဆူရှီလိပ်နေတယ် ည () ဖုံးပြန်ခေါ်မယ်တဲ့။ သူပြန်ခေါ်တဲ့အချိန် ကျနော်က ဈေးပွဲကလေးတခုထဲမှာ ရောက်နေတယ်။ ထခုန်မတတ် ၀မ်းသာတဲ့အထဲက တယောက်ဖြစ်တဲ့ ရဲဘော် တယောက်ဖြစ်တဲ့ မော်ကြီး(ကိုခင်မော်)လည်း ပွဲခင်းထဲမှာ ရောက်နေတယ်။ ကျနော်ခဏ စကားပြောပြီး မော်ကြီးကို ကျနော်က တယ်လီဖုံးကို ပေးလိုက်တယ်။ ပွဲကျင်းပနေတဲ့ နေရာမှာ ဆူညံနေတော့ ကျနော်တို့ လမ်းအပြင်ဘက် မှောင်ရိပ်ခပ်ကျကျမှာ သွားပြောကြတယ်။ သူတို့ နှစ်ယောက် လွတ်လွတ်လပ်လပ် ဆဲဆိုနိုင်အောင် (ရဲဘော်ချင်းမို့ ဒီအသုံးကို သုံးတာ) ကျနော်က ဟိုနား ဒီနား လမ်းလျှောက်ပေးနေလိုက်တယ်။ ကျနော်ပြန်လာတော့ မှောင်ရိပ်ထဲမှာ မော်ကြီး- မျက်စိကို လက်နဲ့ ပွတ်နေတယ်။ ကျနော့်ကို ဖုံးပြန်ပေးတယ်။ ကျနော်နဲ့ ဆက်ပြောတယ်။

ဆရာကြီးပွေးက ကျနော်နဲ့ ပြောနေရင်းက အသံနည်းနည်းတုန်လာတယ်။ ခင်ဗျားနဲ့ ပြန်တွေ့ရတာ ကျနော်တော့ ၀မ်းသာလွန်းလို့ ငိုတောင် ငိုချင်လာပြီတဲ့။ ကိုယ့်လူ ကျနော်လဲ ဒီလိုပဲ..... မော်ကြီးတော့ ခုနက မျက်ရည်သုတ်နေတာ ကျနော်တွေ့တယ်..........

ရဲဘော်စိတ်....၊ ရန်သူနဲ့ ရင်ဆိုင်ခဲ့တုန်းက တယောက်အသက် တယောက်ကို ပေးအပ်လာခဲ့ သူတွေ........ ရှိအတူ မရှိအတူ တလုပ်ရှိရင် တ၀က်ခွဲကျွေးဖို့ ၀န်မလေးခဲ့သူတွေ...... သူတွေ...... သူတွေ.....

အေးဝင်း(လမင်းတရာ)
စက်တင်ဘာ ၂၆ ရက်၊ ၂၀၁၀။
ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲရံပုံငွေ ဈေးရောင်းပွဲပြီး နောက်တနေ့။
၀၁၊ ၀၆၊ ၂၀၁၈ မှာ ပြင်ဆင်တည်းဖြတ်သည်။