Tuesday, October 28, 2014

ဆိုရှယ်လစ်တပ်မှူးများ- အပိုင်း(၁) - ဗိုလ်အောင်ကြီး ရေးသူ ဒေါက်တာ လှကျော်ဇော

ဆောင်းပါးအမှတ် (၂၅)
      
ဆိုရှယ်လစ်တပ်မှူးများ

 အပိုင်း(၁) ဗိုလ်အောင်ကြီး
      
       ဖေဖေရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ကို ဓူဝံစာပေတိုက်က ၂ဝဝ၇ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ စာအုပ်ထွက် လာပြီးနောက် စာအုပ်ဝေဖန်ရေးတွေလည်း အတော်ထွက်လာပါတယ်။ ဒီအထဲက လွတ်လပ်တဲ့ အာရှအသံ RFA “စာဝိုင်းပေဝိုင်း” စကားဝိုင်းအခန်း (ဒေါ်)မေစာရဲ့ ဝေဖန်ချက်တွေထဲက အကြောင်းအရာတခုမှာ “စာရေးသူဟာ ပုဂ္ဂိုလ်ရေး အရ ဘယ်သူ‹ကိုမှ ပုတ်ခတ်ဝေဖန် ရေးသားခြင်း မပြုခဲ့ဘူး။ မိမိကို ဒုက္ခပေးခဲ့သူများကိုတောင် မရေးမဖြစ် ရေးဖို့ လိုအပ် သလောက်သာ ရေးသားထားတယ်”လို့ မှတ်ချက်ပြုသွားပါတယ်။

       တခါ ၁၉၆ဝ ခုနှစ်များအတွင်း ဖေဖေ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့မှာ လှုပ်ရှားနေတုန်းက နယ်ခရီးတခုကအပြန် မီးရထားပေါ်မှာ လူတယောက်က ဖေဖေ့နား ချဉ်းကပ်လာပြီး “ဗိုလ်ချုပ်ရယ် æ ကျွန်တော် စစ်ပြန်ရဲဘော်တဦးပါ။ ဗိုလ်ချုပ်ကို ဗိုလ်ချုပ် အသက်ကယ်ထားတဲ့ လူတွေက ပြန်ဒုက္ခပေးတာကို ဗိုလ်ချုပ်က ဒီလိုပဲ ခံနေတော့မလား။ သူတို့အပေါ် နည်းနည်းမှ စိတ်မနာ ဘူးလား” လို့ လာပြောတဲ့အခါ ဖေဖေက ဘာမှပြန်မပြောဘဲ ရယ်ပဲနေတယ်လို့ ဖေဖေနဲ့ အတူပါသွားတဲ့ ကျွန်မတို့  အစ်ကိုဝမ်းကွဲ တယောက်က ပြန်ပြောပြဖူးပါတယ်။ (အဲဒီသူက ဆိုရှယ်လစ် တပ်မှူးတဦးဖြစ်တဲ့ ဗိုလ်မောင်မောင် နောင် ဗိုလ်မှူးချုပ်၊ အစ္စရေးသံအမတ်ကြီးကို ရည်ညွှန်းဟန်တူပါတယ်။)

       ဖေဖေရဲ့စာအုပ်ထဲမှာ သူ တပ်ကထွက်ရတဲ့ အပိုင်းမှာ ဗိုလ်အောင်ကြီးအကြောင်း ရေးထားရာမှာ စာလေးနှစ်ကြောင်းပဲ ရှိပါတယ်။

       “ဗိုလ်အောင်ကြီးမှာ နိုင်ငံရေးထက် ပုဂ္ဂိုလ်ရေး ရာထူးအတွက်ပါ ကျွန်တော့ကို ဆန့်ကျင်မှု အလွန်ပြင်းထန်ပြီး ကျွန်တော့် အပေါ် ပုဂ္ဂိုလ်ရေးအရလည်း အလွန်မုန်းတီးပါတယ်။ ကျွန်တော်တပ်တွင်းရှိနေသရွေ့ သူ့အနေနဲ့ ကျွန်တော့်ကို ကျော်ကာ ထိပ် ရောက်ဖို့  မဖြစ်နိုင်ပါ”

       အဲသလောက်ပဲ ရေးထားပါတယ်။

       ကျွန်မတို့  မောင်နှမတတွေကိုလည်း ငယ်စဉ်ကတည်းက “တို့ မှာ လူပုဂ္ဂိုလ်အရ ရန်သူ တယောက်မှမရှိဘူး။ အားလုံးနဲ့ သင့်တင့်အောင် ဆက်ဆံကြ” လို့ သင်ကြား ပေးတတ်ပါတယ်။ အထူးသဖြင့် ဖေဖေ ပင်စင်ယူပြီး ကျွန်မတို့ မိသားစု စမ်းချောင်း ရပ်ကွက်ထဲ ပြောင်းလာပြီးနောက် အရပ်သူအရပ်သားများနဲ့ ဆက်ဆံရာမှာ အဆင်ပြေအောင် ဆက်ဆံဖို့ ဖေဖေက အမြဲသွန် သင်လေ့ရှိပါတယ်။

       ဒါ ဖေဖေရဲ့ အခြေခံစိတ်ဓာတ်ပါ။ ဒါပေမဲ့ ဖေဖေလည်း လူသားပဲလေ။ တခါတရံ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်းက စိတ်အချဉ်ပေါက်လာရင်ပဲဖြစ်ဖြစ် အကြောင်းကိစ္စ တိုက်ဆိုင်လာရင်ပဲဖြစ်ဖြစ် (သူ့ စိတ်ထဲမှာ အခုအခံ ဖြစ်နေတဲ့ ဆိုရှယ်လစ် တပ်မှူးတွေနဲ့ ပတ်သက်ပြီး) စိတ်လိုက်မာန်ပါ ပြောဆိုတာတွေ ကျွန်မတို့ ရှေ့မှာတော့ ရှိခဲ့ပါတယ်။

       ဖေဖေ ပြောပြခဲ့ဖူးတာ တချို့ ကျွန်မ ပြန်ပြောပြပါမယ်။

       “ဟေ့-သူတို့ ဆိုရှယ်လစ်တပ်မှူးတွေ ဘယ်သူများ ကောင်းကောင်း စစ်တိုက်တတ်သလဲ။ ဗိုလ်အောင်ကြီးဆိုလည်း ဒီလောက်ကြီးတဲ့ ရာထူးကြီးသာ ယူထားတာ၊ တခါမှ စစ်မတိုက်ဖူးဘူး။ ဗိုလ်မောင်မောင်လည်း တပွဲပဲ တိုက်ဖူးတယ်။ သူတိုက်တဲ့ပွဲမှာ တပ်လည်းပျက်၊ သူလည်း သုံ့ပန်းဖြစ်တာပဲ” တဲ့။

       (မှတ်ချက်-၁၉၄၉ ခုနှစ်က ဗိုလ်မှူးကြီးမောင်မောင် မြောက်ပိုင်းတိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် မိတ္ထီလာမှာ ကေအင်ဒီအိုများရဲ့ အဖမ်းခံရပြီး နှစ်နှစ်နီးပါး သုံ‹ပန်းအဖြစ် နေခဲ့ရပါတယ်။)

       “ဗိုလ်အောင်ကြီးဟာ တပ်ထဲလာပြီး ဆိုရှယ်လစ်ပါတီ ကိုယ်စားလှယ်ဆိုပြီး ဗိုလ်ကျနေတာပဲ” လို့လည်း ပြောဖူးပါတယ်။

       ဒီနေရာမှာတော့ ဖေဖေ့အမြင်နဲ့ ဦးကျော်ငြိမ်း (ဖဆပလခေတ် ပြည်ထဲရေးဝန်ကြီးနှင့် ဒုဝန်ကြီးချုပ်) အမြင်က တူနေပါ တယ်။

       ဦးကျော်ငြိမ်းကလည်း ဗိုလ်အောင်ကြီးဟာ ငါတို့ ပါတီထဲလာပြီး တပ်ကိုယ်စားလှယ်ဆိုပြီး ဗိုလ်ကျနေတာပဲ” လို့ သူ့သားများကို ပြောဖူးကြောင်း သိရပါတယ်။

       (မှတ်ချက်- ဦးကျော်ငြိမ်းပြောတဲ့ ငါတို့ ပါတီဆိုတာ ၁၉၄၅ ခုနှစ်က သူတို့တတွေ ဖွဲ့စည်းခဲ့ကြတဲ့ ပြည်သူ့အရေးတော် ပုံပါတီ၊ နောင် ဆိုရှယ်လစ်ပါတီကို ဆိုလိုတာပါ။)

       တကယ်တော့ ဗိုလ်အောင်ကြီးဟာ သမိုင်းအရ ခေသူမဟုတ်ပါဘူး။ ၁၃ဝဝ ပြည့် ကျောင်းသားအရေးတော်ပုံ ကတည်းက သူ့ဇာတိ ပေါင်းတည်မြို့ရဲ့ ကျောင်းသားသမဂ္ဂမှာ ဦးဆောင်ပါဝင်ခဲ့ပြီး BIA ကာလမှာလည်း ဂျပန်က အရင် စောပြန်လာခဲ့တဲ့ ဗိုလ်နေဝင်းတို့နဲ့ ပေါင်းပြီး မြေအောက်လှုပ်ရှားမှုများမှာ ပါဝင်ပြီး ဂျပန်တော်လှန်ရေးမှာလည်း တိုင်း (၁)နဲ့ တိုင်း (၂)တို့မှာ တာဝန်ကြီးတွေ ထမ်းဆောင်ခဲ့ဖူး သူပါ။

       ဒါပေမဲ့ သူဟာလည်း ဗိုလ်နေဝင်းလိုပဲ တကိုယ်ရေ ကြီးပွားလိုစိတ် ပြင်းထန်သူပါပဲ။ ဂျပန်ခေတ်မှာ (BDA ခေတ်) ဗိုလ်ချုပ်အောင်ဆန်းရဲ့ လှုံ့ဆော်ချက်နဲ့ တပ်မတော်ထဲ လှိမ့်ဝင်လာတဲ့ ပညာတတ်အုပ်စုကို သူနဲ့ ဗိုလ်မောင်မောင် နှစ်ယောက် ပေါင်းပြီး စည်းရုံးသိမ်းသွင်းခဲ့ပါတယ်။ ‘ဂျပန်တော်လှန်ရေး’ ဆိုတာကို အကြောင်းပြပြီး တပ်တွင်းမှာ ဂိုဏ်းဂဏ လှုပ်ရှားမှုတွေ လုပ်ခဲ့ပြီး အထူးသဖြင့် ဂျပန်ပြန် ရဲဘော်သုံးကျိပ်ဝင်များ (အဲဒီ ကာလက တပ်တွင်း ရာထူးကြီးများ ရထားသူများ) ကို ဆန့်ကျင်ခဲ့ကြ ပါတယ်။ အဲဒီကာလက ထိပ်တန်းရောက် ရဲဘော်သုံးကျိပ်ဝင်တွေဟာ ကွန်မြူနစ်ပါတီနဲ့ နီးစပ်ကြသူများပါတယ်။ ဒါကြောင့်ပဲ သူတို့က အကျင့်စာရိတ္တအရ ယိုင်နဲ့ပြီး ဘယ်လိုမှ ကွန်မြူနစ်နဲ့ မနီးစပ်နိုင်တဲ့ (ရဲဘော်သုံးကျိပ်ဝင် အများစုရဲ့ လေးစားမှုလည်း မခံရဘဲ တကောင်ကြွက်ဖြစ်နေတဲ့) ဗိုလ်နေဝင်းကို ဆရာတင်၊ မြေတောင်မြှောက်ပြီး ဂိုဏ်းအုပ်စု ဖွဲ့ခဲ့ကြ တာပါပဲ။

       ဗိုလ်ချုပ်အောင်ဆန်း သက်ရှိ ထင်ရှားရှိစဉ်ကတော့ တပ်ထဲက ဒီလုပ်ဟန်တွေကို သူ့ပုဂ္ဂိုလ်ရေး သြဇာနဲ့ ထိန်းသိမ်းနိုင်ခဲ့ ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ကလည်း ဗိုလ်အောင်ကြီးကိုရော၊ ဗိုလ်မောင်မောင်ကိုရော သူတို့ရဲ့ အခြေခံ အားကောင်းချက်များကြောင့် နှစ်ခြိုက်သဘောကျခဲ့ပြီး ဘက်စုံက မွေးမြူ ပျိုးထောင်ပေးခဲ့ပုံ ရပါတယ်။ ဒါကြောင့်ပဲ ၁၉၄၇ ခု၊ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲမှာ သခင်အောင်ကြီးအဖြစ် (တပ်မှထွက်ပြီး နိုင်ငံရေးဘက် ပြောင်းစေကာ) ပြည် အရှေ့ပိုင်း အမတ်အဖြစ် ဖဆပလမှ ဝင်ရောက်အရွေးခံခိုင်းလို့ လွှတ်တော်အမတ် ဖြစ်သွားခဲ့ဖူး ပါတယ်။

       ဒါပေမဲ့ ဗိုလ်ချုပ်တို့ ကျဆုံးပြီး ဖဆပလအဖွဲ့ကြီးလည်း လက်ယာသမားများဖြစ်တဲ့ ဆိုရှယ်လစ်ဂိုဏ်းက အုပ်စီးမိသွားချိန် မှာတော့ ဗိုလ်အောင်ကြီးဟာ ဆိုရှယ်လစ်ပါတီ ကိုယ်စားလှယ်အဖြစ် တပ်ထဲပြန်ရောက်ခဲ့ပါတယ်။ ဝန်ကြီးချုပ်သာ ဖြစ်လာရတယ် တကယ့် နိုင်ငံရေးအင်အားစု အောက်အခြေခံ မရှိတဲ့ ဦးနုဟာ ဆိုရှယ်လစ်ပါတီ အလိုကျ လုပ်ဆောင်လာရပြီး ဗိုလ်အောင်ကြီးကို ကာကွယ်ရေးဌာန ပါလီမန်အတွင်းဝန်အဖြစ် စပေးပြီး အဲဒီက မှတဆင့် တပ်ထဲ ပြန်ရောက်လာရာမှာ ပထမတော့ လဲဗီးတပ် (နောင် စစ်ဝန်ထမ်းတပ်) ဆိုတာရဲ့ တပ်မင်းကြီးအဖြစ် ဗိုလ်မှူးကြီးအဆင့် တိုက်ရိုက်ပေးပြီး ၁၉၅ဝ ခုနှစ်မှာတော့ စစ်ဦးစီးဌာန (စစ်ရုံးချုပ်)ကို ဦးစီးလိုက်နိုင်ပါတော့တယ်။

       စစ်ရုံးချုပ် War office ဟာ တပ်တွင်း ရာထူး အတက်အကျ အပြောင်း အရွှေ့တွေ၊ နိုင်ငံခြား ပညာတော်သင်ခွင့်တွေ အားလုံးကို ကိုင်ထားတဲ့ဌာန ဖြစ်လေတော့ အခွင့်အရေး လိုချင်သူတွေ အားလုံးရဲ့ ဝိုင်းဝန်း အားထားပြီး အားကိုး အားထား ရှာရာ ဌာနကြီး ဖြစ်သွားပါတော့တယ်။  ပြည်တွင်းစစ် ပြင်းထန်လာချိန်မှာ မသေမပျောက် ရုံးထိုင် လုပ်ငန်းတွေ လိုချင်တဲ့ တပ်မတော်အရာရှိများကလည်း သူတို့ကို ကပ်ရ၊ ရှေ့တန်းမှာ စစ်တိုက်နေရတဲ့ တပ်တွေကလည်း နောက်ပိုင်းက ထောက်ပံ့ရေးပစ္စည်းများ ပြည့်ပြည့်စုံစုံရရှိဖို့၊ လိုအပ်သလောက် ရရှိဖို့  အဲဒီ စစ်ရုံးချုပ်က လူတွေကိုပဲ အားကိုးရနဲ့ ဗိုလ်အောင်ကြီးတို့ ဘယ်လောက် သြဇာကြီးခဲ့မယ်ဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။

       ဒီနေရာမှာ ကျွန်မ ဥပမာတခု ပြောပါရစေ။

       ၁၉၅၄-၅၅ ခုနှစ်များအတွင်း ဖေဖေ တရုတ်ဖြူစစ်ဆင်ရေးများ ဆင်နွှဲနေစဉ်ကာလ ဖြစ်ရပ်များပါ။  ဖေဖေဟာ အဲဒီတုန်းက ဗိုလ်မှူးချုပ်အဆင့်နဲ့  မြောက်ပိုင်းတိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေတာပါ။  ဖေဖေဟာ ရှေ့တန်းမှာပဲနေပြီး စစ်ဆင်ရေးတွေ ကို တိုက်ရိုက် ကွပ်ကဲနေတာပါ။ အဲဒီကနေ လိုအပ်တဲ့ လက်နက် ခဲယမ်းမီးကျောက်၊ စစ်ကူအင်အား၊ အထူးထောက်ပံ့ရေးပစ္စည်း (ဥပမာ- ဆေးဝါး၊ အာဟာရ စသဖြင့်) စတဲ့ ပစ္စည်းတွေကို စစ်ရုံးချုပ်ကလာတဲ့ စစ်ဦးစီးအရာရှိတွေကို နောက်တန်း ပြန်ပြန်ပြီး တင်ပြတောင်းခံရပါတယ်။ အဲဒီတုန်းက ဗိုလ်အောင်ကြီးက စစ်ဦးစီးဌာနတာဝန်ခံ ဗိုလ်မှူးကြီးအဆင့်နဲ့ပါ။  သူတို့က အန္တရာယ်ကြီးလှတဲ့ ရှေ့တန်းအထိ မလာပါဘူး။  ဖေဖေက ရှေ့တန်းကနေ မိုင်းဆတ်လို၊ ကျိုင်းတုံလို လေယာဉ်ကွင်းရှိတဲ့ နေရာတွေ ပြန်ပြီး သူတို့နဲ့ ဆွေးနွေး တောင်းဆို ရတာပါ။ ဗိုလ်အောင်ကြီးပဲ ဦးစီးပြီး လာတတ်ပါတယ်။ အဲဒီကာလက သူတို့က ပြည်တွင်းစစ်တိုက်ဖို့ပဲ (အောင်မာဃ စစ်ဆင်ရေးအတွက် ပြင်ဆင်နေချိန်ပါ) အားသန်နေလို့ တရုတ်ဖြူ စစ်မြေပြင်အတွက် လိုအပ်ချက်တွေ တောင်းရတာ သိပ်လက်ဝင်တာပဲလို့ ဖေဖေက ပြန်ပြောပြဖူးပါတယ်။ တော်သေးတယ်။ အဲဒီတုန်းက ဖဆပလအစိုးရက လူထုရဲ့ ဖိအားကြောင့် တရုတ်ဖြူ စစ်ဆင်ရေးတွေကို အားပေးထောက်ခံခဲ့လို့ သက်သာတာလို့ ဖေဖေက ဆက်ပြောခဲ့ပါတယ်။

       အဲဒါသာကြည့်ပါ။ ဗိုလ်အောင်ကြီးတို့ ဘယ်လောက် သြဇာကြီးခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။

       ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ တက်လာပြီးတဲ့နောက် စစ်တပ်က စီးပွားရေး လုပ်ငန်းတွေဖြစ်တဲ့ DSI တို့ BEDC တို့ ကိုပါ လုပ်ဆောင်လာတဲ့ အခါမှာတော့ ဘယ်ပြောစရာ ရှိတော့မလဲ။ ဒီကြားထဲ ဗိုလ်အောင်ကြီး ကိုယ်တိုင် ဦးဆောင်ပြီး ဂျပန် စစ်လျော်ကြေးကိစ္စ ဆွေးနွေးရာမှာ စီမံကိန်းလုပ်ငန်းတွေ အများအပြား ရရှိလိုက်တဲ့အခါမှာတော့ ဗိုလ်အောင်ကြီးတို့ သြဇာအတက်ဆုံး ကာလလို့တောင် ပြောလို့ ရမယ်ထင်ပါတယ်။ အဲဒီဂျပန်ကရတဲ့ စီမံကိန်းတွေကို ဗိုလ်အောင်ကြီးက သူ့ ညီဖြစ်တဲ့ ဦးအောင်လေးတို့၊ သူနဲ့ အလွန်ရင်းနှီးတဲ့ (သူ့ ရဲ့ Proxy  လို့လည်း ဆိုနိုင်တဲ့) ဦးဇော်ညွန့်၊ ဒေါ်ထူး (ထူးကုမ္ပဏီ ပိုင်ရှင်များ)တို့ကို ခွဲဝေပေးပြီး လုပ်ဆောင်စေခဲ့ပါတယ်။

       ဒါကြောင့်ပဲ ၁၉၆၃ ခုနှစ်၊ သူ့ကို အငြိမ်းစားပေးလိုက်ပြီးနောက် ဗိုလ်နေဝင်းက- အောင်ကြီး စားထားသမျှတွေကို ငါ့ခြေမနဲ့ ပြန်ကော်ထုတ်မယ်လို့  ကြိမ်းဝါးဖူးပါတယ်။ ဗိုလ်နေဝင်းက- ဗိုလ်အောင်ကြီး သြဇာကြီးလာမှုဟာ သူ့  ထိုင်ခုံလှုပ်လာစေတယ်၊ သူ့ခြေရာ တိုင်းလာတာဖြစ်တယ်လို့လည်း ပူပန်လာပုံရပါတယ်။

       ဒီနေရာမှာ ဗိုလ်နေဝင်းဟာ သူ့ နေရာတစုံတရာ ခိုင်မာလာရင် သူ့ကို အဲဒီနေရာတင်ပေးခဲ့တဲ့ ဘယ်ကျေးဇူးရှင်ကိုမှ ချမ်းသာမပေးဘူးဆိုတာ ဒုတိယအကြိမ်မြောက် တွေ့နိုင်ပါတယ်။ (ပထမအကြိမ်ကတော့ တည်မြဲခေါင်းဆောင်တွေ ကိုရော၊ တပ်တွင်းက ဆိုရှယ်လစ် တပ်မှူးများကိုရော ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဖြေရှင်းလိုက်တဲ့ ကိစ္စပါ။)

       ဗိုလ်အောင်ကြီးဟာ ဗိုလ်နေဝင်းကို ပခုံးနဲ့ထမ်းပြီး၊ အဲဒီနေရာတွေရောက်အောင် တင်ပေးခဲ့ပါတယ်။ ဗိုလ်နေဝင်း ကိုယ်တိုင်က ဗိုလ်အောင်ကြီးကို ဖြုတ်ချပြီးနောက် စိတ်မလုံဟန်ရှိပုံရပြီး ဒါကြောင့်ပဲ ဘာကြောင့် ဗိုလ်အောင်ကြီးကို ဖြုတ်ရတဲ့ အကြောင်းတွေကို (သူ‹မဆလအတွက် အားကိုး အားထားပြုနေရတဲ့) သခင်တင်မြတို့အုပ်စုကို ရှင်းပြတဲ့ အကြောင်းအရာတွေ ယခုတလော ဂျာနယ်တွေမှာ သူတို့ပြန်ရေးတာတွေ တွေ့နေရပါတယ်။ ဗိုလ်နေဝင်းရဲ့ ရည်ရွယ်ချက်က (အဲဒီ သခင်တင်မြတို့ အုပ်စု ပူပန်ကောင်း ပူပန်နိုင်တဲ့) သူဟာ ဘုရားပြီး ငြမ်းဖျက်တဲ့ လူစား မဟုတ်ကြောင်း၊ ဗိုလ်အောင်ကြီးကို သူ အကြိမ်ကြိမ် ခွင့်လွှတ်ခဲ့ကြောင်း၊ သိပ်လွန်လာမှ မလွှဲသာမှ လုပ်ရတာ ဖြစ်ကြောင်း စတာတွေကို အဲဒီလူတွေကို သွယ်ဝိုက်စွာ ရှင်းပြပုံရ ပါတယ်။

       ဖေဖေကတော့ ဗိုလ်အောင်ကြီးဟာ ဗိုလ်နေဝင်းအပေါ် နိုင်တဲ့ ဖဲချပ်တွေ ရှိပုံရတယ်။ ဒါကြောင့် ဗိုလ်နေဝင်းက သည်းညည်းခံ နေခဲ့ပြီး၊ နောက်ပိုင်း ဗိုလ်အောင်ကြီး (ဂျပန်စစ်လျော်ကြေး ကိစ္စများမှာ) စီးပွားရေးကိစ္စတွေ မရှင်းမလင်း ဖြစ်လာမှ အပြတ်ရှင်း ပုံရတယ်လို့ ဆိုပါတယ်။ ဖေဖေ ကိုယ်တိုင်လည်း ကိုယ်တွေ့ကြုံဖူးတာ တခုရှိပါတယ်။ တခါက ဖေဖေတို့ တပ်မှူးများ ညီလာခံကျင်းပနေစဉ် တင်းနစ်ပြိုင်ပွဲတခု လုပ်ဖူးတယ်တဲ့။ အဲဒီနေ့က ဖေဖေက ပြိုင်ပွဲက ရှုံးလို့ ထွက်ရပြီး အဝတ်လဲတဲ့ အခန်းဝင်လိုက်တဲ့အခါ အဲဒီအခန်းထဲမှာ ဗိုလ်နေဝင်းနဲ့ ဗိုလ်အောင်ကြီးတို့ နှစ်ယောက် စကားပြောနေကြတာ တွေ့ရပြီး ဗိုလ်အောင်ကြီးဟာ ဗိုလ်နေဝင်းထိုင်နေတဲ့ ခုံရှည်တန်းလျားပေါ်မှာ ခြေထောက် တဖက်တင်ထားပြီး လက်တဖက်ကလည်း ခါးထောက်ပြီး စကားပြောနေတာတဲ့။ ဖေဖေ့ကို မြင်မှ ဗိုလ်အောင်ကြီးက ခြေထောက်ချလိုက်ပြီး ခါးကတော့ ဆက်ထောက်မြဲ ထောက်ထားတယ်တဲ့။ ဖေဖေက သူ တွေ့ဖူးတာကို ပြောပြဖူးပါတယ်။

       အဲဒီ ကာလက ဗိုလ်နေဝင်း ကံနိမ့် နေချိန်ပါ။  အိမ်ထောင်ရှိသူ ကစ်တီဘသန်း (ဒေါ်ခင်မေသန်း) ကို ယူလိုက်မှုနဲ့ ဖဆပလ အစိုးရက ဖြုတ်ဖို့ ကြိုးစားနေချိန်ဖြစ်ပါတယ်။ အဲဒီ ဘဝကနေ လွတ်မြောက်အောင် လုပ်ပေးသူတွေထဲမှာ ဗိုလ်အောင်ကြီးဟာ အခရာ အခန်းက ပါခဲ့ပုံရပါတယ်။

       ဒါကြောင့် ၂ဝဝ၇ ခုနှစ်က (ဦး)မြတ်ခိုင်နဲ့ ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်း တခုမှာ ဗိုလ်အောင်ကြီးက “ဗိုလ်နေဝင်းနဲ့ ကိုယ်က ငယ်ငယ်ကတည်းက သူလည်း စာရေး၊ ကိုယ်လည်း စာရေး၊ အရမ်း ခင်တယ်ဆိုတာ ဟုတ်တယ်။ ကိုယ်က ဘယ်တုန်းကမှ သူ့ဆရာ မဖြစ်ခဲ့ဘူး။ သူကလည်း ကိုယ့်ကို ဆရာမတင်ခဲ့ဘူး။ သူနဲ့ ကိုယ်တို့ အတူတူနေဖူးတယ်လေ” လို့ ပြောသွားဟန် တူပါတယ်။

       (စကားချပ်- အဲဒီ တွေ့ဆုံမေးမြန်းခန်း တွေမှာပဲ သူက ဖေဖေဟာ အခြေခံနည်းတယ်။ ရည်မှန်းချက်ကြီးတယ်။ ဒါကြောင့် နိုင်ငံက ထွက်သွားရတယ်လို့လည်း ဆိုထားတာ တွေ‹ရပါတယ်။ ဒါ့အပြင် သူ့ဘဝဇာတ်ကြောင်း ပြောသွားရာမှာ “အစ ကတည်းက ကျောင်းသားဘဝ ကတည်းက ခေါင်းဆောင်ချည်းပဲ တောက်လျှောက် လုပ်လာခဲ့တာပါ။ ဘယ်တုန်းကမှ နောက်လိုက်မဖြစ်ခဲ့ဘူး။ ဗိုလ်ချုပ်အောင်ဆန်းကလည်း ကိုယ့်ကို လုပ်ဖော်ကိုင်ဖက်လိုပဲ သဘောထားခဲ့တာပါ” လို့ ပြောထား ပါတယ်။ ဖေဖေကတော့ ဒါတွေကို ဖတ်ပြီး  “တော်သေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ကိုယ့်တပည့်ပါလို့ မပြောတာ” လို့ ဆိုပြီး ရယ်နေခဲ့ဖူးပါတယ်။)

       အဲသလိုသာ ပြောနေတာ။ ဗိုလ်နေဝင်းကိုတော့ မပြတ် လှမ်းဖားနေတာပါပဲ။ ၁၉၈၈ ခုနှစ် ဝန်းကျင်းများက ထွက်လာတဲ့ သူ့ရဲ့ “ ဗိုလ်နေဝင်းသို့ အိတ်ဖွင့်ပေးစာများ ”ဟာ တဖက်ကလည်း လူထုအုံကြွမှုကြီးကို ပိုမိုတက်ကြွလာအောင် အကျိုးပြုခဲ့ပေမယ့် တဖက်ကလည်း အခု ဖြစ်ရပ်တွေကို ဗိုလ်နေဝင်းက ဘာမှမသိရှာဘဲ အောက်ခြေ (ဗိုလ်တင်ဖေတို့ အုပ်စုကို ရည်ညွှန်းပုံရပါတယ်) က အရမ်း လျှောက်လုပ်လို့  ဖြစ်ရတာလို့ ဆိုပြီး ဗိုလ်နေဝင်းအတွက် ရှေ့နေလိုက်ထား ပေးတာပါ။ သူ့အ ခြေခံ စိတ်ဓာတ် (ဗိုလ်နေဝင်းကို ဆရာ တင်မြဲ တင်ချင် တဲ့ စိတ်ဓာတ်) လည်း ပေါ်ပါတယ်။

       ၁၉၈၉ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် ကျွန်မတို့  ပါတီရှိရာ အရှေ့မြောက်စစ်ဒေသ ပန်ဆန်းကိုရောက်လာတဲ့ မြို့ပေါ်က သပိတ်မှောက် ကျောင်းသားတွေထဲက ကျောင်းသားတယောက် ပြောပြဖူးတာရှိပါတယ်။ “ ကျွန်တော်တို့က ဗိုလ်ချုပ်အောင်ကြီးကိုလည်း ဒီမိုကရေစီ ဖခင်ကြီးအဖြစ် လေးစားခဲ့ပါတယ်။ ဒါပေမဲ့ သူက စစ်တပ်ကို စိတ်နဲ့ တောင် မပြစ်မှားနဲ့ လို့  ဆိုလိုက်ချိန်မှာတော့ သူဟာ ဒီပုတ်ထဲက ဒီပဲ ပဲ၊ စစ်အာဏာရှင်စနစ်ကို ကာကွယ်ချင်သူပဲ ဆိုတာ တခါတည်း သဘော ပေါက်သွားပါတယ်” တဲ့။

       ဗမာပြည်သူတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှု မုန်တိုင်းဟာ ပြင်းထန်ပါတယ်။ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုဆိုတာ ရေရှည်ဆင်နွှဲရတဲ့ တိုက်ပွဲပါ။  ပြည်သူလူထု အကျိုးစီးပွားဘက်က ရပ်တည်ပြီး တသမတ်တည်း လုပ်ဆောင်ဖို့ဆိုတာ ခက်ခဲလှပါတယ်။ မော်စီတုန်း ပြောဖူးသလိုပဲ။  “ ကိစ္စကောင်း တခုလုပ်ဖို့ ဆိုတာ လွယ်တယ်။ တသက်လုံး လုပ်ဆောင်သွား ဖို့ ဟာကတော့ ခက်တယ် ”ဆိုတဲ့ အတိုင်းပါပဲ။

       လွတ်လပ်ရေးတိုက်ပွဲများမှာ သမိုင်းလှခဲ့တဲ့ ဗိုလ်အောင်ကြီးအနေနဲ့ လွတ်လပ်ရေးရပြီးနောက် ကွန်မြူနစ် ဆန့်ကျင်ရေး (တကယ်တော့ ပြည်သူ့အကျိုး  ဆန့်ကျင်ရေး) ဆိုတဲ့ ကြွေးကြော်သံ အောက်မှာ ဗမာ့တပ်မတော်ကို ဗိုလ်နေဝင်းရဲ့ တလက်ကိုင် ကြေးစားတပ်ဖြစ်အောင် စစ်ဗျူရိုကရက် စနစ်တရပ် ပေါ်ပေါက်လာအောင် လုပ်ဆောင် ပေးခဲ့တဲ့ ဗိုလ်နေဝင်းရဲ့လက်ရုံး ဘက်တော်သား တဦး ဖြစ်ခဲ့ ဆိုတာတွေကိုရော၊ ၈ လေးလုံး အပြီး နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ဖျက်မြင်း အဖြစ် ပါဝင်ခဲ့တာတွေကိုရော တွေ့ရှိလာနိုင်ပါတယ်။

       ဒါကြောင့် ပြည်သူလူထုက ဗိုလ်အောင်ကြီးကို နောက်ပိုင်းမှာ “ စမူဆာ ဗိုလ်အောင်ကြီး ” လို့ နာမည် ပေးလိုက်ပုံ ရပါတယ်။ ပြည်သူလူထုကတော့ ဘယ်တော့မှ မျက်နှာ မလိုက်ပါဘူး။      
                                                                                                                                   

၂၃-၁၁-၂ဝ၁၁။


Sunday, October 26, 2014

ဗြောင်လိမ်တဲ့အကျင့်ဖျောက်သင့်ပြီ - ရေးသူ လူထုစိန်ဝင်း

ဗြောင်လိမ်တဲ့အကျင့်ဖျောက်သင့်ပြီ


ဒိခေတ် မြန်မာစကားလုံး အသုံးအနှုန်းတွေနဲ့ မြန်မာစာအရေးအသားတွေ မြန်မာမဆန်ကြတော့တာ အများကြီး တွေ့နေရတယ်။  အတော်များများက ဘားဂလစ်ရှ် (Burglish) ဖြစ်နေကြပြီး၊ တချို့က ဘားနိစ် (Burnese) တချို့က ဘားရီးယန်း (Burean) ဖြစ်နေကြတယ်။

ပညာရှင်ပီသသူ

ဆရာမောင်ခင်မင်(ဓနုဖြူ) ဟာ ပါမောက္ခ အဖြစ်က အငြိမ်းစား ယူပြီးတာတောင် အေးအေးဆေးဆေး မနေဘဲ ပညာရှင် ပီသစွာ သူ့ပညာနဲ့ ပတ်သက်တဲ့ အလုပ်တွေကို မနားမနေ ဆက်လက်လုပ်ကိုင် နေပါတယ်။  မြန်မာစာ၊ မြန်မာစကားအကြောင်း ဆရာရေးတဲ့ ဆောင်းပါးတွေ ဂျာနယ် မဂ္ဂဇင်းများစွာမှာ တွေ့နိုင်တယ်။  အင်မတန် ကျေးဇူးတင်ဖို့ ကောင်းတယ်။  ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက ဆရာ ဘယ်လောက် အပင်ပန်းခံပြီး ရေးရေး၊ မြန်မာစာ မြန်မာစကားတွေက ပျက်မြဲ ပျက်နေကြတာ ဖြစ်တယ်။  အထူးသဖြင့် ပိုပြီး ဝမ်းနည်းစရာ ကောင်းတာက ဆရာ့စာတွေ ပါနေတဲ့ ဂျာနယ် မဂ္ဂဇင်းတွေ ထဲမှာကို မြန်မာစကားပျက်တွေနဲ့ မြန်မာစာပျက်တွေ စိတ်ပျက်စရာ ကောင်းလောက်အောင် အများကြီး မြင်တွေနေရတာ ဖြစ်တယ်။

ကိုးရီးယားနဲ့ တရုတ်ကားတွေ

မြန်မာစာ မြန်မာစကားတွေ ပျက်ရတဲ့ အကြောင်းရင်း များစွာထဲမှာ ကိုးရီးယားနဲ့ တရုတ် ဇာတ်လမ်းတွဲတွေ အကြည့်များနေကြတာလည်း ပါလိမ့်မယ်ထင်တယ်။  ဇာတ်လမ်းတွေမှာ မြန်မာစာတန်း ထိုးအတွက် ဘာသာပြန်ပေးသူ တော်တော်များများက မြန်မာစကား ပီသအောင် မပြောတတ်သူတွေလို့ ယူဆရတယ်။  'ဘယ်ကလာ ဟုတ်ရမှာလဲ' ဆိုတဲ့ မြန်မာစကားကို အမြဲတမ်း 'ဘယ်ကသာ ဟုတ်ရမှာလဲ'  လို့ ရေးတတ်ကြတယ်။  တခြားစကားတွေလည်း အများကြီးပါပဲ။  ဒီနေရာမှာ အဲဒီအကြောင်း ရေးချင်တာ မဟုတ်လို့ ဆက်မရေးတော့ပါဘူး။

သွေးနားထင် ရောက်နေတာလား

ရေးချင်တာက သိပ်ကို တွင်ကျယ်လွန်းလှတဲ့ 'ချပြတယ်'  ဆိုတဲ့ အသုံးအနှုန်း ကိစ္စပါ။  ဒီမနက် ဂျာနယ် ကောက်ကိုင်ကိုင်ချင်း 'ဘတ်ဂျက်လိုငွေကိစ္စ အိုဘားမားချပြ'  ဆိုတဲ့ ခေါင်းစဉ်ကို တွေ့လိုက်တာနဲ့ မျက်စိ နောက်သွားတယ်။  ဒါနဲ့ ခေါင်းရှင်းအောင် ဆိုပြီး ပေါ့ပ်ဂျာနယ် တစောင်ယူကြည့်လိုက်တော့ မျက်လုံးတောင် ပြူးသွားမတတ် ဖြစ်သွားတယ်။  ဒီခေတ် လူငယ်တွေဟာ ကိုယ်ပြောတဲ့ စကားရဲ့ အဓိပ္ပါယ် ဘယ်ထိ ရောက်သွားတယ် ဆိုတာတောင် မသိလောက်အောင် ညံ့နေကြတာလား၊ ဘယ်သူ ဘာထင်ထင် ဂရုစိုက်စရာ မလိုဘူးဆိုတဲ့ စိတ်တွေနဲ့ သွေးနထင် ရောက်နေကြတာလားလို့ မတွေးဘဲကို မနေနိုင်တော့ဘူး။

အာဏာရှင်စော်နံ

'ပရိသတ်ရှေ့မှာ ချပြပါမယ်' ဆိုတဲ့ စကားကို မင်းသား မင်းသမီးငယ်တွေ မော်ဒယ်တွေ သိပ်အာတွေ့နေကြတယ်။  အကောင်း မှတ် နေကြသလား မသိဘူး။  ဒီစကားဟာ လူရွှင်တော်တွေ ပျက်လုံး ထုတ်လေ့ရှိတဲ့ အဓိပ္ပါယ်ထက် အများကြီး ပိုဆိုးပါတယ်။  အလွန့်အလွန်ကို 'အာဏာရှင်စော်နံ'  တဲ့စကားပါ။  ချပြတယ်ဆိုတာ အထက်က အောက်ကို ချပြတဲ့ သဘောဖြစ်တယ်။  ဘယ်ကိစ္စမဆို အထက်က ဆုံးဖြတ်ပြီး အောက်ကို ခိုင်းစေဖို့အတွက် ဆုံးဖြတ်ချက်ကို ချပေးလိုက်တာ ဖြစ်တယ်။  ဒီခေတ်နဲ့ မအပ်စပ်တော့ဘူး။  ဒီမိုကရေစီ ဆိုတာတောင် အောက်ခြေက စတင်ပြီး အထက်အဆင့်ဆင့်က အကောင်အထည် ဖော်ပေးရတဲ့ စနစ် ဖြစ်တယ်။

ချမပြနဲ့ တင်ပြပါ

ဒီမိုကရေစီ လမ်းကြောင်းကို လိုက်မယ်ဆိုရင် အတွေးအခေါ်သာမက အနှစ် ၅၀ လုံးလုံး  ပိပြားခေါက်ရိုးကျိုးနေတဲ့ အမူအကျင့်တွေပါ ဖျောက်ဖို့ လိုတယ်။  ဒီစရိုက်တွေ၊ ဒီအမူအကျင့်တွေ မဖျောက်ဘဲနဲ့ ဘယ်တော့မှ ဒီမိုကရေစီနိုင်ငံ မထူထောင် နိုင်ဘူး။  ချပြမယ် ဆိုတာက အာဏာရှင် ခေတ်မှာ ပြောတဲ့စကား။  ဒီမိုကရေစီ ခေတ်မှာတော့ တင်ပြမယ်ဆိုတဲ့စကား သုံးရမယ်။  ပြည်သူ့ရှေ့မှောက် တင်ပြမယ်။  အများသိအောင် တင်ပြမယ် စသဖြင့်ပေါ့။  ဒါမှ ပြည်သူက အရှင်သခင်ဆိုတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့ ကိုက်ညီမယ်။

ထန်းတက်ဆာဗေး

ခေါက်ရိုးကျိုးနေတဲ့ အမူအကျင့်လို့ ပြောရင်းနဲ့ ကိစ္စလေးတခု သွားသတိရတယ်။  လိမ်တဲ့အကျင့်ပါ။  ၇ုံးတွေ ဌာနဆိုင်ရာတွေက ဝန်ထမ်းကြီး ဝန်ထမ်းငယ်မှန်သမျှဟာ လုပ်ငန်းအစီရင်ခံစာ တင်ကြတဲ့အခါ ဖြစ်စေ၊ အထက်လူကြီးတွေ လာရောက် စစ်ဆေးတဲ့အခါ ဖြစ်စေ အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း တင်ပြလေ့မရှိဘဲ သနပ်ခါးလိမ်း၊ ပန်းပန်ပြီးမှ တင်ပြကြတယ်။  ဒီအကျင့်ကြီးက နှစ် ၅၀ လောက်ကြာပြီ ဆိုတော့ လိမ်တာဟာ အစိုးရရဲ့ လုပ်ရိုးလုပ်စဉ်တခုသဖွယ် ဖြစ်နေတော့တယ်။  စာရင်းမှန် အင်းမှန် မသိဘဲနဲ့ ဘယ်လိုလုပ်ပြီး အစိုးရအနေနဲ့ လုပ်ငန်းတွေ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မှာလဲ။  ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ့ဆိုရှယ်လစ် အစိုးရလက်ထက်မှာ 'ထန်းတက်ဆာဗေး' ဆိုတဲ့ စကားလုံး ဝေါဟာရတခုတောင် ပေါ်ထွက်လာသေးတယ်။

မပျောက်သေးဘူး

မြို့နယ်တွေမှာ ရှိတဲ့ အစိုးရဝန်ထမ်းတွေဟာ အထက်က စိုက်ဧကတို့ အထွက်နှုန်းတို့ တောင်းတဲ့အခါမှာ ကွင်းထဲ ဆင်းမကြည့်တော့ဘဲ ထန်းပင်ပေါ်တက်ပြီး မျက်မှန်းနဲ့ပဲ တွက်ချက်တင်ပြလေ့ ရှိတယ်လို့ တောင်သူလယ်သမား ညီလာခံတခုမှာ စတင်ပြောဆိုလိုက်ရာက ခေတ်စားသွားခဲ့တာ ဖြစ်တယ်။  အခုအချိန်ထိလည်း ဒီအကျင့်က မပျောက်သေးဘူး။  နေရာတိုင်း ကျင့်သုံးနေကြသေးတယ်။  ဥပမာ ရုံးတရုံးကို လူကြီး လာကြည့်တော့မယ် ဆိုတာနဲ့ သန့်ရှင်းရေးတွေလုပ်၊ ဆေးတွေ သုတ်ကြတယ်။  ဒါက လုပ်သင့်တာ လုပ်တာမို့ ပြောစရာ မရှိဘူး။  မလုပ်သင့်တာ လုပ်နေကြတာကိုတော့ ပြောသင့် ပြောထိုက်လို့ ပြောလိုက်ပါရစေ။

ဘာကြောင့် မပြောရဲတာလဲ

မလုပ်သင့်တာကတော့ ကိုယ့်မှာ အမှန်တကယ် မရှိတာကို လိမ်ပြီး အရှိလုပ်ပြတာ ဖြစ်တယ်။  ရုံးမှာ ကွန်ပြူတာ မရှိဘူး။  အဲဒါ ကွန်ပြူတာ ဆိုင်တွေဆီက ကွန်ပြူတာ လေးငါးခြောက်လုံးလောက် သွားငှားပြီး ရှိဟန် ပြလိုက်တယ်။  တချို့များ၊ ကွန်ပြူတာ ကိုင်တတ်တဲ့ တယောက်စ နှစ်ယောက်စတောင် မရှိလို့ ကိုင်တတ်သူပါ ငှားလာရတယ်။  မရှိတာကို သိရင် အထက်လူကြီးက ကွန်ပြူတာ ချပေးချင် ပေးနိုင်တာပေါ့။  ကွန်ပြူတာတွေ လေးငါးခြောက်လုံး တွေ့သွားတော့ ချပေးဖို့ စိတ်ကူး ဘယ်ရှိတော့မှာလဲ။  ဒါ မလိုအပ်ဘဲနဲ့ လိမ်ညာတာ ဖြစ်တယ်။  မရှိကြောင်း အမှန်အတိုင်း ဘာကြောင့် မပြောရဲတာလဲ။  ကျောင်းတွေမှာလည်း အလားတူပဲ။  ကွန်ပြူတာခန်းတို့၊ ဓါတ်ခွဲခန်းတို့ ဆိုတာ တနှစ်လုံး သော့ခတ် ပိတ်ထားပြီး အထက်က လာစစ်မှ ကျောင်းသူ ကျောင်းသား ထည့်ပြီး ပုံမှန် အလုပ်လုပ်နေကြသလို ပြလေ့ရှိကြတယ်။

ပျိုးပင်ရောင်းတဲ့ခြံ

လွန်ခဲ့တဲ့ ကိုးနှစ် ဆယ်နှစ်လောက် အောက်ဆီဂျင် ပိုက်တန်းလန်းနဲ့ မဖြစ်ခင်က ရန်ကုန်နဲ့ မလှမ်းမကမ်းမှာ ပန်းတွေနဲ့ ပျိုးပင်တွေ စိုက်ရောင်းနေတဲ့ တပည့် ကျောင်းသားဟောင်းတယောက်ရဲ့  ခြံကို သွားကြည့်ဖူးတယ်။  ပန်းပင်တွေ စားပင် သီးပင်တွေ စုံလို့ ကြည်နူးစရာ သိပ်ကောင်းတယ်။  ခြံတနေရာရောက်တော့ လူ လက်ခုပ် တဖေါင်လောက်ရှိတဲ့ သရက်ပင်လို၊ ကျွဲကောပင်လို အပင်တွေကို မြေမှာ ချမစိုက်ပဲ ပန်းအိုးကြီးတွေနဲ့ စိုက်ထားတာ တွေ့ရတယ်။  ဘာကြောင့် မြေမချသေးတာလဲ မေးတော့ ဒါက အငှားလိုက်အပင်တွေလို့ တပည့်ဖြစ်သူက ပြန်ဖြေတယ်။

ကဲမယုံချင်နေ

အံ့အားသင့်ပြီး မျက်လုံး အပြူးသားနဲ့ ကြည့်နေတာကို မြင်တော့ တပည့်ဖြစ်သူက ဖွင့်ပွဲတွေ၊ အခန်းအနားတွေ ရှိတဲ့အခါမှာ ဒီအပင်တွေ လာငှားကြတယ်။  အခန်းအနား ကျင်းပတဲ့ နေရာနားမှာ မြေတူး အိုးပါထည့်ပြီး မြေပြန်ဖုံးထားလိုက်တယ်။  အခန်းအနားပြီးသွားတော့မှ ပြန်ဖော်ပြီး လာအပ်တယ်။  တရက်ကို ဘယ်လောက်ဆိုပြီး ငှားရတယ်။  ဒါက ပန်းစိုက်ရောင်းတာထက် ပိုအလုပ်ဖြစ်တယ်လို့လည်း ဆက်ပြောတယ်။  အံ့သြကုန်နိုင်ဘွယ်၊ ကဲမယုံချင်နေလို့သာ ဆိုလိုက်ချင်စိတ်တွေ ပေါက်လာတယ်။  တခါတည်း အပြီး စိုက်လိုက်တော့ ဘာဖြစ်သလဲလို့ ထပ်ဆင့် မေးတော့ ဖွင့်ပွဲသာ လုပ်တာ လုပ်ငန်းက မပြီးသေးဘူး။  လူကြီးတွေ ပြန်သွားမှ ဆက်လုပ်ကြမှာပါတဲ့။  ဘာမေးမေး သူ့အဖြေက အဆင်သင့်ပဲ။  လုပ်ငန်းလုပ်နေတာ ကြာပြီဆိုတော့ 'ခွင်' တွေ 'အထာ' တွေ အားလုံး ညက်ညက်ကြေနေပြီ ထင်ပါရဲ့။

ရုံးတလုံးဓါးတစင်းခေတ်

ဒီလို မျက်နှာပြောင် တိုက်ပြီး ဗြောင်လိမ်တဲ့ အကျင့်ဆိုးတွေ နေရာတိုင်းမှာ အမြစ်တွယ်နေခဲ့တာ နှစ်ပေါင်း ငါးဆယ် ရှိခဲ့ပြီ။  တပါတီ တဖွဲ့ အာဏာရှင် စနစ်မှာ ရုံးတလုံးပိုင်သူဟာ ဓါးတစင်းပိုင်သူ ဖြစ်တာကြောင့် နီးရာဓါးကြောက်ရတဲ့ အစိုးရ အမှုထမ်းတွေ မလွှဲမရှောင်သာ မလိမ်ချင် မညာချင်ဘဲ လိမ်ညာနေကြရတာကို နားလည်ပါတယ်။

ကြောက်စရာမလိုဘူး

ဒါပေမယ့် အခုတော့ တိုင်းပြည်ရဲ့ ထိပ်ဆုံးက သမတကြီး ကိုယ်တိုင်က ဒီမိုကရေစီ မရောက်ရောက်အောင် သွားမယ်၊ ဒီမိုကရေစီ အနှစ်သာရ ဖြစ်တဲ့ ပြည်သူ့ ဆန္ဒကို အလေးထားပြီး၊ ပြည်သူတွေ စိတ်ချမ်းအောင် လုပ်ရမယ်လို့ တဖွဖွ ပြောနေချိန်မှာတော့ စနစ်ဟောင်းက ဗြောင်လိမ် ဗြောင်စား လုပ်တဲ့ အကျင့်ဟောင်းတွေကို  သယ်ဆောင် မလာသင့်ကြဘူး။  မြင်သမျှ တွေ့သမျှ လူကို ဒူးတုန်အောင် ကြောက်စရာလည်း  မလိုဘူး။  ဝန်ထမ်းရဲ့ အခြေခံ ဂုဏ်သိက္ခာကို တန်ဖိုးထားပြီး ပြောသင့် ပြောထိုက်တာ မှန်သမျှ ရဲရဲပြောကြပါလို့ တိုက်တွန်းနှိုးဆော် လိုက်ပါရစေ။

လူထုစိန်ဝင်း

၂၇ - ၉ - ၂၀၁၁။

Saturday, October 18, 2014

မီးသွေးခဲမို့ မဲသကိုး ဒို့ကျောင်းသားမို့ ရဲသကိုး - ရေးသူ ကိုတင်အေးကြူ

မီးသွေးခဲမို့ မဲသကိုး ဒို့ကျောင်းသားမို့ ရဲသကိုး



အရင်တုန်းက တက္ကသိုလ်ပေါင်းစုံဟာ ကျောင်းဖွင့်ရက်၊ ပိတ်ရက်တွေကို ပုံသေ သတ်မှတ်ထားပါတယ်။  အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေ ဖွင့်ရက်က နှစ်စဉ် ပုံမှန် စက်တင်ဘာ (၁)  ရက်နေ့ပါ။  ရန်ကုန် စက်မှုတက္ကသိုလ် မြို့ပြအင်ဂျင်နီယာ ပထမနှစ်ကို ခုံနံပါတ် (အဆင့်) ၄၀ {C-40} နဲ့ ၁၉၆၉ စက်တင်ဘာ (၁) ရက်နေ့မှာ စတင် တက်ရောက် ပညာသင်ကြားခွင့် ရခဲ့ပါတယ်။

ပထမနှစ် ကျောင်းသားတွေဟာ သမိုင်း ဥပစာ ကောလိပ်ဝင်းအတွင်းက အဆောင်နံပါတ် (၁) စဥ့်ကူဆောင်မှာ နေကြရပါတယ်။  တိမွေးကု နှစ်ကြီးကျောင်းသား တချို့တော့ အောက်ဆုံးထပ်မှာ ရှိနေရဲ့။  အဲဒီ သမိုင်းဥပစာ ကောလိပ်ဆိုတာ အမေရိကန် အကူအညီနဲ့ ဆောက်ခဲ့တာ။  ကျောင်းသားအဆောင် (၁၀) ဆောင် အပြီး စာသင်ဆောင်တွေ ကိုတော့ အုတ်မြစ်သာ ချထားတယ်။  ဆက်မဆောက် ဖြစ်တော့ပါဘူး။

ကျွန်တော်တို့ ရောက်တော့ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ စီမံကိန်းအရ ကျွန်းဆွယ် အားကစားရွာ အဆောင် (၅) ဆောင်နဲ့ အားကစားရုံ ဆောက်လုပ်ရေး အပြီးသတ် ခါနီးပါပြီ။

အင်းစိန်လမ်းမ ဘုရားလမ်းမှတ်တိုင်ထိပ်က ဆောက်လုပ်ဆဲ စီမံကိန်းဆိုင်းဘုတ်ဟာ ခဏခဏ ပြောင်းပါတယ်။  သမိုင်းဥပစာကောလိပ် စီမံကိန်း၊ ကျွန်းဆွယ်အားကစားရွာ ဆောက်လုပ်ရေး၊ သဘာဝသိပ္ပံတက္ကသိုလ် စီမံကိန်း၊ နောက်တော့. ကွန်ပြူတာတက္ကသိုလ် ဆောက်လုပ်ရေး။ နောက် လှိုင်ဒေသကောလိပ်။  အိမ်ငှားတွေရဲ့ ဆိုင်းဘုတ်တွေသာ ပြောင်းနေပေမယ့် အိမ်ရှင်ကတော့ တိုးတိုးပြီးရနေတဲ့ ပုံစံမျိုး။  Issue Based C.S.O (Proposal တင်ပြီး ဒေါ်လာစားနေသူများ လောက်တော့ လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်က ဗိုလ်နေဝင်းက ပျင်းတောင် ပျင်းသေးတယ်။

ကျွန်တော်တို့ တက္ကသိုလ်စရောက်တဲ့ နှစ် ၁၉၆၉ မှာ အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပွဲကို ဗမာပြည်မှာ ဒုတိယအကြိမ် ကျင်းပပါတယ်။  ၁၉၆၀ မှာ ဒုတိယကျွန်းဆွယ်ပွဲ။  ၆၉ မှာ ပဉ္စမကျွန်းဆွယ်ပွဲပါ။  အဲဒီ ကာလက အရှေတောင်အာရှ ကျွန်းဆွယ် ငါးနိုင်ငံတည်း ပြိုင်တဲ့ ပွဲ S.E.A.P Game - South East Asia Peninsula Game ။ နောက်မှ အရှေ့တောင်အာရှနိုင်ငံတွေ အားလုံး ပါဝင် ယှဉ်ပြိုင် နိုင်အောင် ကျွန်းဆွယ်ဆိုတာကို ဖြုတ်ပြီး S.E.A Game ရယ်လို့ ဖြစ်လာခဲ့တာပါ။  မနေ့တနေ့က ဗမာပြည်မှာ လက်ခံ ကျင်းပလိုက်တဲ့ ၂၇ ကြိမ်မြောက် ဆိုတာ ဒီပွဲရဲ့ အဆက်ပါပဲ။  ဒါပါနဲ့ဆို ဗမာပြည်မှာ ကျင်းပတာ တတိယ အကြိမ်ပေါ့။

၆၉ ကျွန်းဆွယ်ပွဲ ဗမာပြည်မှာ ပြိုင်ကြတော့ အဓိက ဖွင့်ပွဲ ပိတ်ပွဲ၊ ပြေးခုန်ပစ်နဲ့ ကြက်တောင်ကို အောင်ဆန်းကွင်း၊ တင်းနစ်က သိမ်ဖြူကွင်း၊ ရေကူးက အမျိုးသားရေကူးကန်၊ ဂျူဒိုက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၊ ဘော်လီဘောနဲ့ လက်ဝှေ့က သမိုင်းအားကစားရုံမှာ ယှဉ်ပြိုင်ကြရပါတယ်။

အဲဒီအချိန်က မော်ဒယ်ခေတ် မဟုတ်တော့ နိုင်ငံဆိုင်းဘုတ်ကို တက္ကသိုလ်ကျောင်းသူတွေထဲကပဲ ရွေးရပါတယ်။ ကြည်ကြည်ညွန့်၊ ထာနီ၊ ရှားလက်ချို စသူတွေပေါ့။  သူ့ခေတ်နဲ့ သူတော့ နာမည်ကြီးကြတာပေါ့။  ကျွန်တော်တို့ကလည်း စိတ်ကူးတည့်ရာ အားကစားပွဲတွေလိုက်ပြီး ဝေလေလေ လုပ်ရတာပဲ။  တပြည်သူပေမယ့် ရုပ်ကလည်း ချော၊ အားကစားလည်း စွမ်းတဲ့ ပက်ထရစ်ရှာချမ်းရဲ့ ချမ်းမိသားစု ရေကူးပြိုင်ပွဲတိုင်းမှာတော့ အားပေးသူ တက္ကသိုလ်ကျောင်းသားတွေ အပြည့်။  ကျောင်းဆောင်မှာ အခန်းချင်းကပ်လျက် တောင်ငူသား စောထိန်ဝင်းဟာ ခင်တာမင်တာ တလ နှစ်လပဲ ရှိသေးပေမယ့် တကယ့်ကို ညီအစ်ကို အရင်းလို။  ကျွန်းဆွယ် ကြက်တောင်ရိုက် ပြိုင်ပွဲ ဝင်ခွင့်လက်မှတ် (ပွဲစပွဲဆုံး) တအုပ်လုံးကို ကျွန်တော့်အတွက် လက်ဆောင် ဝယ်ပေးထားရဲ့။

ကျွန်တော်တို့လည်း တောသားမြို့ရောက်၊ လူငယ်ဘဝ တက်ကြွလန်းဆန်း နိုင်ငံစုံပွဲနဲ့ တိုးတော့ အတိုင်းမသိ ပျော်ကြတာပေါ့။  နောက်တော့ သမိုင်းကောလိပ်ဝင်းထဲက သဇင်၊ နှင်းဆီ၊ ကံ့ကော်၊ ဂန္ဓမာ ဆိုပြီး အမျိုးသမီးဆောင် လုပ်ပစ်လိုက်တဲ့ စဥ့်အုပ်နဲ့ အဆောင် (၅)ဆောင်ဟာ အဲဒီတုန်းက အားကစားရွာ။  အားကစားသမားနဲ့ တာဝန်ရှိသူကလွဲပြီး အပြင်လူ မဝင်ရဘူး။  ကန့်သတ်နယ်မြေ။  ကျွန်တော်တို့ အဆောင်က မန္တလေးသား မောင်မောင်ကြီး(ပနှစ်ပိသုကာ) ဆိုတာ တရုတ်ပုံ၊ ဝင်းဦးဂိုက်၊ သူက ရှပ်အဖြူ ဘောင်ဘီရှည် အဖြူ ဝတ်ပြီး အသားဖြူဖြူနဲ့ အားကစား ရွာထဲကို သားသားနားနား ခပ်တည်တည် ဝင်သွားတော့ နိုင်ငံခြားသားထင်ပြီး လုံခြုံရေးတွေက အမှတ်တမဲ့။  အထဲမှာ ဝေတဲ့ လက်ဆောင်တွေယူ ကျွေးတာမွေးတာတွေ တဝတပြဲ စားပြီး ပြုံးပြုံးကြီး ပြန်ထွက်လာတော့ ကျွန်တော်တို့က bravo။

ညပိုင်းမှာ သမိုင်းအားကစားရုံထဲ ဝင်ကြေး တကျပ်နဲ့ လက်ဝှေ့ပွဲ သွားကြည့်ကြတယ်။  အုပ်လိုက်။  အဲဒီ ခေတ်ကတော့ သိတဲ့အတိုင်း ဗမာက ရွှေခေတ်။  ပြိုင်ပွဲတိုင်းလိုလို ပထမ။  ပွဲတပွဲပြီးတိုင်း ချက်ချင်း ဆုပေးတော့ ဗမာအလံက ထိပ်ဆုံး။  ဗမာနိုင်ငံတော်သီချင်းဖွင့်။  အားလုံး မတ်တပ်ရပ်။  အလေးပြု။  အဲဒီမှာ ဘာအခံ ရှိကြ သလဲ မသိ။  ထိုင်းအုပ်စုက မတ်တပ်မရပ်ကြဘူး။  အားပေးသံတွေငြိမ်။  နိုင်ငံတော်သီချင်းသံနဲ့ အားကစားရုံတရုံလုံး တိတ်ဆိတ်နေချိန်မှာ ကျွန်တော်တို့ ကျောင်းသားအုပ်က တတ်သမျှ မှတ်သမျှ ဘာသာမျိုးစုံနဲ့ အဲဒီမောင်တွေကို ဝိုင်းပြီး ကလော်ကြတာပေါ့။  ပရိသတ်အားလုံးက သူတို့ကို ဝိုင်းကြည့်ကြတော့မှ အဲဒီမောင်တွေ အခြေအနေကို သဘောပေါက်သွားပြီး မတ်တပ်ထရပ်ကြရတယ်။  ကျွန်တော်တို့တွေလည်း ပျော်ရပါးရ အော်ရလွန်းတော့ အသံတွေ ပြာလို့။

ပွဲအပြီးမှာ တံခါးမကြီးက မထွက်ရဘဲ မလွယ်ပေါက်ကပဲ ထွက်ခွင့်ပေးတော့တယ်။  အားကစားရုံ အပြင်ဘက်လည်း ရောက်ရော ဂျီသရီးကိုင် စစ်သားတွေ နှစ်တန်းတန်းပြီးဖွင့်ပေးထားတဲ့ လမ်းအတိုင်းပဲ အင်းယားလေးဘက်အထိ ထွက်ခဲ့ရတယ်။  ဘာဖြစ်ကြတာပါလိမ့်။

အဆောင်ပြန်ရောက်တော့မှ သတင်းစုံ ကြားရတော့တာပါပဲ။  လက်ဝှေ့ရုံထဲ လူပြည့်သွားတာနဲ့ ဝင်ခွင့်ပိတ်လိုက် တာတဲ့။  ကျောင်းသားတွေ ဝင်ပေါက်မှာ တအုံတမကြီး ဝင်ခွင့် မရဂကြဘူး။  ရုံစောင့်ရဲနဲ့ တာဝန်ရှိသူတွေရဲ့ ပတ်သက်တွေကိုတော့ မသိမသာ ရုံထဲ ဝင်ခွင့် ပေးနေကြတုန်းပဲ။  ကျောင်းသားတွေကလည်း ကိုယ့်အဆောင်ဝင်းထဲ လာလုပ်တဲ့ပွဲ ကိုယ်မကြည့်ရတော့ ဘယ်ကျေနပ်မှာလဲ။  အဲဒါနဲ့ ရဲနဲ့ကျောင်းသား စကားများ။  ခြေပါ လက်ပါ။  ပိုဆိုးသွားတာက ရဲတွေ အုပ်စုလိုက် ကျောင်းဆောင်ပေါ်ထိ ကျူးကျော် ဝင်ရောက်လာပြီး ကျောင်းသားတွေကို လိုက်ရိုက် ဖမ်းဆီးတဲ့ ကိစ္စပဲ။  ဒီအရင်က တက္ကသိုလ်ကျောင်းဝင်းထဲ ရဲကား စစ်ကားတွေ ညပိုင်းဆို မဝင်ရဲကြပါဘူး။  သူခိုးဖမ်းမိထားလို့ လာခေါ်လှည့်ပါ ဖုန်းဆက်တာတောင်မှ စခန်းလာပို့လှည့်ပါ။  ကျွန်တော်တို့ ရဲကား ကျောင်းဝင်းထဲ မလာပါရစေနဲ့ ဆိုတာမျိုး။  ကျောင်းဝင်းထဲမှာ ရဲကား စစ်ကားမြင်ရင် မြင်တဲ့ကျောင်းသားက ခဲနဲ့ ပေါက်လွှတ်ကြလို့ပါ။

သမိုင်းဥပစာကောလိပ်ဝင်းထဲက အမေရိကန်ဒီဇိုင်း အဆောင်တွေရဲ့ ဝရံတာတွေဟာ သံပိုက်လုံးတွေ တိုင်ထူပြီး ဆောက်ထားတာပါ။  ပြသနာတခုခုပေါ်ရင် အဲဒီသံတိုင်တွေကို သံချောင်းခေါက်ပြီး အရေးပေါ် လူစုတဲ့ ဓလေ့ ရှိကြပါတယ်။  ဇွဲကပင် မေခဆောင်မှာ ပြသနာ ဖြစ်လို့ သံချောင်း ခေါက်သံလည်း ကြားရော အဆောင် (၁၀) လုံးက ကျောင်းသားတွေ အရေးပေါ် ရောက်လာကြတယ်။

ကျောင်းသားတွေ စုမိတော့ အားကစားရုံပေါက်မှာ ရပ်ထားတဲ့ ရဲကားကို မီးတင်ရှို့ပစ်လိုက်ကြပါတယ်။  အပြင်မှာ အဲဒီလောက်ကြီး ဖြစ်နေကြတာကို ကျွန်တော်တို့က အားကစားရုံထဲမှာ ကိုယ့်အော်သံတွေနဲ့ ကိုယ် ပိတ်မိနေတော့ အပြင်ကအသံ ဘာသံမှ မကြားရပါ။  တံခါးမကြီးရှေ့မှာ ရဲကား မီးတင်ရှို့ ခံထားရလို့ ပွဲအပြီး မလွယ်ပေါက်က ထွက်ခိုင်းကြတာကိုး။

ကျောင်းသားတွေက ကျွန်းဆွယ်ရွာကို သွားဝိုင်းပြီး ကြွေးကြော်သံတိုင် ဆန္ဒပြကြပါတော့တယ်။  သမိုင်းကျောင်းဝင်းထဲမှာ အားကစားရွာ၊ အားကစားရုံဆောက်ပြီင်္း ပွဲလာလုပ်လို့ အိပ်ရေးပျက် စာကျက်ပျက် ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို လာနှောက်ယှက်နေတာက အဓိက ပြသနာ မဟုတ်ဘူး။  တက္ကသိုလ်တခုရဲ့ အထွတ်အမြတ်ထားရာ သမိုင်းဝင် ဘွဲ့နှင်းသဘင်ခန်းမမှာ ဂျူဒိုပွဲ လုပ်ကြတာ။  နောက်ပြီး ဘွဲ့ယူကျောင်းသားနဲ့ မိသားစုတွေ အမြတ်တနိုးထားပြီး ဓါတ်ပုံရိုက် မင်္ဂလာယူလေ့ရှိတဲ့ ဘွဲ့နှင်းသဘင် မြက်ခင်းပြင်ပေါ်မှာ (ဂျူဒိုပွဲပရိသတ်အတွက်) ယာယီအိမ်သာတွေ ဆောက်တာကတော့ ဗိုလ်နေဝင်းရဲ့ ကျောင်းသားတွေအပေါ် ပညာရေးအပေါ် တက္ကသိုလ်သမိုင်းအပေါ် ထားတဲ့ သဘောထား။  အဲဒါတွေကို ကျောင်းသားတွေကလည်း မခံနိုင်တာ။  အဲဒါကို ခွင့်ပြုခဲ့တဲ့ ပညာရေးဝန်ကြီး ဒေါက်တာညီညီကို မကျေနပ်တာ။

သပိတ် သပိတ် မှောက် မှောက်
ညီညီ ညီညီ အို့ အို့
ငြိမ်းချမ်းစွာ ပညာ သင်ကြားရေး ဒို့အရေး
ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေး ဒို့အရေး

ကျွန်တော်တို့လည်း အဆောင်ဝရံတာပေါ်ကနေ မြင်နေရတယ်။  အားကစားရုံရှေ့က မီးဖုတ်ခံ ရဲကားရဲ့ မီးတောက်တွေ။  ကျောင်းသားတွေရဲ့ ကြွေးကြော်သံတွေ။  ကျွန်နော်တို့တွေ မျက်စေ့သူငယ် နားသူငယ်နဲ့။  စောစောက လက်ဝှေ့ပွဲအပေါ်တွေ စားမြုံ့မပြန်နိုင်အား။  တက္ကသိုလ်ရောက်စ အခါမလည်ခင် ကျောင်းသားသပိတ်နဲ့ စတိုးတော့တာပါပဲ။

အဲဒီပွဲမှာ ကျွန်တော်တို့ စဥ့်ကူးဆောင်က RIT ပထမနှစ် ကျောင်းသား ကိုကိုကြီး(ရေစကြို)၊ နဲ့ မြင့်သန်း(မန္တလေး) တို့ အဆောင်ထုတ်ခံရတယ်။  မြင့်သန်းဆိုတာ မန္တလေး အထက (၁) ရဲ့ ၆၈ - ၆၉ စာသင်နှစ်မှာ RIT ကို ကျွန်တော်နဲ့ အတူ နှစ်ယောက်ထဲ အပို့ခံရတဲ့အထဲက တယောက်ပါ။

မနက်လည်း လင်းရော ကျွန်တော့်အဖွား ဖွားဖွားရှိက ကျွန်တော့်ညီ မောင်သန်းဦးကို ကားနဲ့ လွှတ် လိုက်ပြီး ပစ္စည်းရော လူပါ တပါတည်း ပြန်ခေါ်ခိုင်းတော့တာပါ။  ဖွားဖွားရှိဟာ ဦးကာက(လက်ဖက်ခြောက်)ရဲ့ ချွေးမကြီး။  ခင်ပွန်းဆုံးင်္ပြီးနောက်ပိုင်း လောကဓံရိုက်ပုတ်ချက်ကို ခါးစည်းခံနေရပေမယ့် စေတနာကတော့ မပျက်။  ရန်ကုန်တက္ကသိုလ် တံတားဦး ကျောင်းသားများအတွက် တည်းအိမ်လို စားအိမ် သောက်အိမ်။  ဧည့်သည်လာပြီ ဆိုရင်ပဲ ထမင်းပွဲက ပြင်ပြီးသား။  အဲဒီလောက် သဒ္ဓါတရားက ထက်သန်တာ။  အဖွားက ပြည်လမ်းနဲ့ အင်းစိန်လမ်းဆုံ ကြက်လျှာစွန်းက ကမာရွတ်ရဲစခန်းရဲ့ နောက်ကျော ရွာသစ် ၂ လမ်းမှာ နေတာ။  တက္ကသိုလ် နားမှာ နေတာကြာတော့ ကျောင်းသားနဲ့ ဗိုလ်နေဝင်းရဲ့ တခြိမ်းခြိမ်းပွဲတွေ မမြင်ချင် မကြားချင် အဆုံး။  ကျောင်းသားထုရဲ့ မဟုတ်မခံ ရဲစွမ်းသတ္တိ။  ဗိုလ်နေဝင်းရဲ့ အကြမ်းဖက် ရက်စက်ရမ်းကားမှု။

ကျွန်တော် တက္ကသိုလ်တက်ဖို့ အဖွားရဲ့ ရန်ကုန်အိမ်ကို ရောက်ရောက်ချင်း အဖွားက သူ့အတွေ့အကြုံတွေ၊ ကောလဟလတွေ သတင်းတွေ ပြောပြပြီး ပညာရေးဆုံးခန်းတိုင်အောင် လိမ္မာဖို့ နိုင်ငံရေး မလုပ်ဖို့ သွန်သင်ရှာတယ်။  ငါ့မြေး လူစုစု စုစု ဆိုရင် ယောင်လို့မှ သွားပြီး ရပ်မကြည့်လေနဲ့နော်။  သူတို့ဆီမှာ မှောင်ထဲရိုက်တဲ့ ကင်မရာတွေ ရှိတယ်တဲ့။  အာဏာရှင်တစုရဲ့ ခြိမ်းခြောက်အုပ်ချုပ်ခံ ပြည်သူတဦးရဲ့ ရိုးသားမှု အကြောက်တရား။

အဆောင်ကနေ အဖွားအိမ်ကို ပြန်ရောက်တော့ ဦးလေးလေး ကိုမျိုးသိန်းကို ကျွန်တော်တို့ ညီအစ်ကို သွားခေါ်ကြပါတယ်။  ဦးလေးက သစ်တောကျောင်းသား ပဲခူးဆောင်မှာ။  တက္ကသိုလ်အားလုံး ကျောင်းပိတ်လိုက်ကြောင်း ကြေညာပြီး ကျောင်းသားတွေ ပြန်ဖို့ ခြင်္သေ့တံခါ ဖွင့်ပေးထားကာ တံခါးဝမှာ စစ်တပ်ကို စောင့်ချထားလိုက်ပါတယ်။  ကျန်တဲ့ တက္ကသိုလ်ဝင်ပေါက် အားလုံး ပိတ်ထားကြတာနဲ့ ကျွန်တော်တို့ ညီအစ်ကို သံဝင်းထရံကို ကျော်တက်ပြီး ကျောင်းဝင်းထဲ ဝင်ခဲ့ကြတယ်။  အဓိပတိလမ်းကိုလည်း ရောက်ရော ခွပ်ဒေါင်းအလံကိုင် ကျောင်းသားကြီးတွေ ကြွေးကြော်သံတိုင်ပြီး ချီတက် ဆန္ဒပြနေကြတာနဲ့ ပက်ပင်းတိုးတော့တာပဲ။

အဲဒီကာလ အရှေ့တောင်အာရှ အကောင်းဆုံးတက္ကလိုလ်ရဲ့ ဘွဲ့နှင်းသဘင်ခန်းမ ဥပဓိရုပ်ကို ပျက်စေတဲ့ ဂျူဒိုဖုံတွေ။  မော်ကွန်းဝင် တက္ကသိုလ် အလှကို အကျည်းတန်ရုပ်ဆိုးစေတဲ့ ယာယီအိမ်သာတွေ အားလုံး အားလုံး တစစီမွကြေ။  ကျောင်းသားသပိတ်တပ်ဦးမှာ ထိပ်ဆုံးက ကြွေးကြော်သံတိုင်ပေးနေတဲ့ အစ်ကိုကြီးဟာ ကျွန်တော်နဲ့ တဆောင်တည်း။  တိမွေးကုက စစ်ကိုင်းသား ကိုစိုးဝင်း။ သူပြောပြဘူးလို့ သူ့အစ်ကိုဟာ ဂျူလိုင်ဆဲဗင်းမှာ ကျဆုံးခဲ့တဲ့ ကျောင်းသား အာဇာနည်တဦးဆိုတာ သိခဲ့ရတယ်။  သူလည်း လွယ်လွယ်နဲ့တော့ ဘယ်ကြေမလဲ။  အဲဒီနောက်တော့ ကိုစိုးဝင်းကို ထပ်မတွေ့ ရတော့ဘူး။

ကျွန်တော်တို့လည်း ဦးလေးလေး ပစ္စည်းတွေကို ကူသိမ်းပေးပြီး အဖွားအိမ်ကို ပြန်ခဲ့ကြတယ်။  ရန်ကုန်မှာ တရက် နှစ်ရက် နေပြီး အညာကို ပြန်ရင်း သံယောဇဉ်တနွယ်ငင်လို့ မန္တလေးတက္ကသိုလ်ထဲ ဝင်ခဲ့မိပါရဲ့။  မန္တလေးမှာလည်း ကျွန်းဆွယ်သပိတ်က ကူးစက်နေပြီ။  ကျောင်းသားတွေ ဆန္ဒပြနေကြပြီ။  Main ရှေ့မှာ အသားညိုညို ခပ်ပိန်ပိန် ဆံပင်မသပ်မရပ် မျက်မှန်တပ် ကျောင်းသားကြီးတယောက် စစ်အာဏာရှင်တစုရဲ့ ယုတ်မာရက်စက်မှုတွေကို ဌာန်နဲ့ မာန်နဲ့ အာဝဇ္ဇာန်းကောင်းကောင်း သပိတ်တရား ဟောနေလေရဲ့။  ကျောင်းသားထုကြီးက လက်ခုပ်သံ တဖြောင်းဖြောင်း လက်ခမောင်းတခတ်ခတ်။  ကျွန်တော်မြို့သား အစ်ကိုကြီး ကိုတင်ထွန်း ပြောမှ အဲဒါ မောင်စန်းတင်(မန်းတက္ကသိုလ်) နောင်မှာ မောင်မြတ်မှိုင်း(လမင်းတရာ) ဆိုတာ သိလိုက်ရတယ်။  သူတို့ အတန်းထဲကတဲ့။  ကိုစန်းတင်ဆို ကျွန်တော် သိတာပေါ့။

တက္ကသိုလ်ရောက်စ စဥ့်ကူဆောင်မှာ အဆောင်ဖော် မုံရွာသား ကိုဌေးအောင်က အခန်းထဲ ဝင်လာပြီး ကဗျာစာအုပ် လာရောင်းဖူးတယ်။  တက္ကသိုလ်ရွှေရတုသဘင် အကြိုအဖြစ် ထုတ်ဝေတဲ့ ဒေါင်းအိုးတဝေဝေ။  ခွပ်ဒေါင်းပုံ ဆင်ဆာထိခံနေရတဲ့ ကာလမှာ ခွပ်ဒေါင်းက ဝိုက်ပြီး ခွပ်နေတော့ တောင်ပံတွေက ဝဲပြီး ကနေသယောင်ယောင်။  အနုပညာ မှော်ဝင်လက်ကြောင့် ဆင်ဆာလွတ်။  ဆရာကြီးမှိုင်းရဲ့ သြါဒ လေးချိုး အဖွင့်နဲ့။  မောင်သိင်္ဂါရဲ့ မလင်းပြာ သို့နဲ့ မောင်ယဉ်ဆန်းရဲ့ ရဲဘော် သို့ ကဗျာနှစ်ပုဒ်က တင်ကျန်ခဲ့တယ်။  တင်သန်းနီ၊ မြစိန်မိုး၊ မောင်စိန်ဝင်း(ပုတီးကုန်း) တို့နဲ့ တက္ကသိုလ်စုံ၊ ကလောင်စုံ။  အဲဒီထဲမှာ ကျွန်တော်စွဲနေတဲ့  မောင်စန်းတင်(မန်းတက္ကသိုလ်) ရဲ့ကဗျာ။

တုံးအောက်ကဖား

ဖိကားဖိ၏ မကြွ
ပိကားပိ၏ မမျှ။
ထိတဲ့နေရာက ကားယားညှပ်
မထိတဲ့နေရာက များများလွတ်။
ပိတဲ့နေရာက ထွားထွားမွတ်။
တုံးညီပြန်တော့ မြေကမညီ
မြေညီပြန်တော့ တုံးကမညီ။
သည်မှာအတူနေ သည်မှာ အတူအောင်း
ပြားတဲ့ဖားက ပြား
ဖောင်းတဲ့ဖားက ဖောင်း။

မနေ့တနေ့က ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်(ယာယီ/မန္တလေး) မှာ တွေ့ကြရာက သေချာအောင် မေးကြည့်တော့မှ အဲဒီကဗျာစာအုပ် စီစဉ်သူဟာ အခု တရားရုံးချုပ်ရှေ့နေကြီး ဦးထွန်းအောင်ကျော် ပါတဲ့။  ရှေ့နေကြီးကိုယ်တိုင် ဖြောင့်ချက် ပေးသွားပါတယ်။


ကိုတင်အေးကြူ
၆ - ၃ - ၂၀၁၄

(ဒေါင်းအိုးတဝေဝေကို အမြတ်တနိုး သိမ်းဆည်းထားပေးတဲ့ ကိုခင်မောင်တင့်(တံတားဦး) ကို ကျေးဇူး)

Tuesday, October 7, 2014

သမိုင်းထဲကသီချင်း သီချင်းထဲကသမိုင်း - ရေးသူ ကိုတင်အေးကြူ

သမိုင်းထဲကသီချင်း သီချင်းထဲကသမိုင်း


ကျွန်တော် အလယ်တန်း ကျောင်းသားလောက်မှာ နွေကျောင်းပိတ်ရက်ဆိုရင် အဖေ့အမျိုးတွေ ရှိရာ စစ်ကိုင်း အိမ်တွေကို ပို့ထားတတ်ပါတယ်။  တခေါက်သား တက္ကသိုလ်တက်နေတဲ့ မမသန်းနု(ဒေါ်သန်းသန်းနု၊ ဇောတိကစတိုး) အိမ်ပြန်အလာ ပါလာတဲ့ ဆဲဗင်းဇူလိုင် ဓါတ်ပုံအယ်လ်ဘမ်ကို မှတ်မှတ်ရရ စပြီး ကြည့်ဖူးခဲ့ ရပါတယ်။  ကျွန်တော်နဲ့ ဆဲဗင်းဇူလိုင်ရဲ့ မိတ်ဆက်ပွဲပါ။

၁၉၆၂ ကျွန်တော့် တံတားဦးအိမ်နဲ့ မျက်နှာချင်းဆိုင်မှာ မင်္ဂလာဆောင် ရှိပါတယ်။  မန္တလေးဆေးတက္ကသိုလ် ကျောင်းသား ကိုကြီးလှသန်း (ဒေါက်တာလှသန်း၊ မလေးရှား) ရဲ့ မင်္ဂလာပွဲပါ။  ကျောင်းတက်နေဆဲ မင်္ဂလာဆောင် တော့ မန္တလေးက ဆေးကျောင်းသား၊ ဆေးကျောင်းသူတွေ အများကြီး တက်တဲ့ပွဲပါ။  မင်္ဂလာဆောင် အသံချဲ့စက် က တခြားသီချင်း မဖွင့်ဘဲ "ပုဂံမြို့ဟောင်းတနေရာ" ချည်း ဖွင့်နေတော့ သတို့သမီး အဖွားက မင်္ဂလာမရှိဘူးဆိုပြီး ပိတ်ခိုင်းလိုက်၊ ကျောင်းသားတွေရဲ့ ဆန္ဒအရ သတို့သားက ပြန်ဖွင့်ခိုင်းလိုက်နဲ့ အကြိမ်ကြိမ် ဓါတ်စက်ဆရာ တော်တော် ဓါတ်ပျက်ရမယ်။

ကျွန်တော်လည်း အရွယ်ရလာမှ သမဂ္ဂဝိညာဉ် ဝင်လာတော့မှ အဲဒီ ကိစ္စကို ပြန်စဉ်းစားရင်း သဘောပေါက်မိ ပါတယ်။  အသံချဲ့စက်က "ပုဂံမြို့ဟောင်းတနေရာ" ဖွင့်နေပေမယ့် ကျောင်းသားတွေကတော့ "ယူနီယံအဆောက် အဦတနေရာ" ကြားနေကြ ပေလိမ့်မယ်။  စိတ်ထဲက ဆိုနေကြ ပေလိမ့်မယ်။  သတ်လို့ မသေတဲ့ ဖြိုလို့ မပြိုတဲ့ ကျောင်းသားထုရဲ့ ရင်ထဲက သမဂ္ဂစိတ်ဓါတ်။

၁၉၆၈၊ ရန်ကုန်ကို အလည်ရောက်တော့ သစ်တော မေဂျာတက်နေတဲ့ ဦးလေးလေး ကိုတွတ်(ဥိးမျိုးသိန်း၊ သစ်တောငြိမ်း)က သူနေတဲ့ ရန်ကုန်တက္ကသိုလ် ဝင်းထဲကို လိုက်ပြပါတယ်။  ပဲခူးဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၊ ဂျပ်ဆင်တာဝါ၊ အင်းယားကန်၊ သမဂ္ဂသင်းချိုင်း။  ဗမာပြည်ရဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးမှာ ပြည်သူချစ်တဲ့ ခေါင်းဆောင်တွေကို မွေးထုတ်ပေးရာ၊ ဗမာပြည်သမိုင်းနဲ့ ခွဲခြားမရတဲ့ အဆောက်အဦဟာ အုတ်ကျိုးအုတ်ပဲ့ ဘဝနဲ့ မြက်ပင်ရိုင်းတွေကြားမှာ ပြားပြားဝပ်နေလေရဲ့။  ဗိုလ်အောင်ကျော် ကျောက်တိုင်မှာလည်း ကြေးသွန်းပန်းပုရုပ်တုမရှိ၊ ငုံးတိ။  ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် ကျောက်တိုင်လည်း မရှိတော့။  အဲဒီ ကျောက်တိုင်ကို ဖျက်ဆီးပြီး ကျောက်တိုင်နေရာ မြေကျင်းထဲမှာ ပုလိပ်မင်းကြီးရုံး(မဆလဌာနချုပ်ရုံး၊ ကမ်းနားလမ်း) ရှေ့က ကုက္ကိုပင်ကြီးကို အမြစ်က အုံလိုက်နှုတ်ပြီး အရေးပေါ် ရွှေ့စိုက်ခဲ့ကြကြောင်း ကိုယ်တိုင် စိုက်ခဲ့ရသူ ဦးလေးရဲမြင့် (အရာခံဗိုလ်၊ လေတပ်)က ပြောပြခဲ့ဖူးပါတယ်။  အခုတော့ ဆဲဗင်းဗူလိုင် ကျောက်တိုင်လည်း မရှိတော့၊ ကုက္ကိုပင်ကြီးလည်း မရှိတော့။

၆၂ မတ်လ ၂ ရက်နေ့ည။  ဗိုလ်နေဝင်း အာဏာသိမ်းကြောင်း ကြေညာပြီးပြီးချင်းပဲ တကသ ကျောင်းသားထုဟာ အဓိပတိလမ်းမတလျှောက် မီးတုတ် ကိုယ်စီကိုင်ပြီး စစ်အာဏာရှင်စနစ်ကို ဗွေဆော်ဦး ကန့်ကွက် ဆန္ဒပြခဲ့ကြ ပါတယ်။  ဗိုလ်နေဝင်း အံကြိတ် မျက်စောင်းခဲပြီး နှိပ်ကွပ်ဖို့ ကြံစည်ပေမပေါ့။

၁၉၆၉ ရန်ကုန် စက်မှုတက္ကသိုလ်ကို ရောက်တော့ သမိုင်းကျောင်းဆောင်ဝင်းထဲက စဥ့်ကူးဆောင်မှာ ကျွန်တော်တို့ ပထမနှစ် ကျောင်းသားတွေ နေရတယ်။  တနေ့တော့ အခန်းကပ်လျက် မုံရွာသား ကိုဌေးအောင်က ကဗျာစာအုပ်တအုပ် လာရောင်းလို့ ဝယ်လိုက်တယ်။  ဒေါင်းအိုးတဝေဝေ။  ၁၉၇၀ တက္ကသိုလ် ရွှေရတုသဘင် အကြိုအဖြစ် တပြည်လုံးရှိ တက္ကသိုလ်ပေါင်းစုံက ကျောင်းသား ကဗျာဆရာတွေ စုပြီးထုတ်တဲ့  စာအုပ်ပါ။  အဖုံးမှာ ခွပ်ဒေါင်းက ဝိုက်ပြီး ခွပ်နေတဲ့ ပန်းချီပုံနဲ့။ ( အဲဒီအချိန်က ခွပ်ဒေါင်းပုံဟာ ဆင်ဆာထိပါတယ်။  ဝိုက်ပြီးခွပ်နေတော့ ကနေ သယောင်ယောင်) တင်သန်းနီ၊ မောင်စန်းတင်(မန်းတက္ကသိုလ်)၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ . လူစုံ။  တက္ကသိုလ်စုံပါပဲ။  ကျောင်းသားတွေရဲ့ ရင်ထဲက ခွပ်ဒေါင်းစိတ်ဓါတ် သမဂ္ဂစိတ်ဓါတ် တွေပါ။

၇၀ ပြည့်လွန် နှစ်များရဲ့ ရန်ကုန်စာအုပ် အဟောင်းတန်းတွေမှာ ဆဲဗင်းဇူလိုင် အထိမ်းအမှတ် ကဗျာစာအုပ်တွေ ပလူပျံနေတာပါပဲ။  ခင်မောင်မြင့် ပြွန်တန်ဆာ (အောင်ပြည့်) လက်ရာ ပန်းချီပုံ မျက်နှာဖုံးတွေနဲ့ ပေါ့။

ကျွန်တော်တို့ စဥ့်ကူးဆောင်ရဲ့ မြေညီထပ် တခြမ်းမှာတော့ တိမွေးကုက နှစ်ကြီးကျောင်းသားတွေ နေရတယ်။  အဲဒီထဲက စစ်ကိုင်းသား ကိုစိုးဝင်းနဲ့ သိကျွမ်းရပြီး သူ့ အစ်ကိုရင်းဟာ ဆဲဗင်းဇူလိုင်မှာ ကျဆုံးသွားကြောင်း သိခဲ့ရတယ်။  ကိုစိုးဝင်းကို ၆၉ ကျွန်းဆွယ် အရေးအခင်းမှာ ခွပ်ဒေါင်းအလံကိုင်ပြီး အဓိပတိလမ်းတလျှောက် ဆန္ဒပြနေကြတဲ့ ကျောင်းသားထုထဲမှာ တွေ့ရပြီး နောက်ထပ် မတွေ့ရတော့ပါဘူး။

ကျွန်တော်တို့ ကျောင်းနဲ့ အဆောင်တွေရဲ့ အုတ်နံရံပေါ်မှာ စာသင်ခုံတွေပေါ်မှာ ပြတင်းဘောင် သစ်သားတွေပေါ်မှာ ဆဲဗင်းဇူလိုင်ကို မမေ့ကြနဲ့ ဆိုတဲ့ ထွင်းစာလုံးတွေဟာ နေရာ အနှံ့ပါပဲ။  ဒီလိုနဲ့ ဆဲဗင်းဇူလိုင် ဝိညာဉ်ဟာ မျိုးဆက်သစ် ကျောင်းသားတွေရဲ့ နှလုံးသားထဲကို စူးစူးရှရှ ပူးဝင်ကုန်ကြပါတော့တယ်။  ၁၉၇၂ ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်းသား (၆)ယောက် စုပေါင်းထုတ်တဲ့ 'အပြာရောင်မီးတောက်'  ကဗျာစာအုပ်မှာ ကျွန်တော့ ကဗျာတွေထဲက တပုဒ်က -

"သွေးစကား"

ကြည့်စမ်း
ကြည့်စမ်း
ပန်းခင်းလမ်းဖြောင့်၊ လေကြမ်းနှောင့်လို့
ပန်းညှောက်ဖူးတွေ ကြွေကျနေလိုက်တာ။
မပွင့်ပန်းကြွေ
သည်လမ်းမြေမှာ၊ မြင်ရပါလျှင်
ရင်မှာစွဲပြီး ဖွဲပြာမီးကြောင့်
လက်သီးကျစ်ကျစ် ဆုပ်မိတယ်။

ကျွန်တော်တို့ မျိုးဆက်ကိုလည်း ဆဲဗင်းဇူလိုင် ဝိညာဉ် ထဲထဲဝင်ဝင် နက်နက်ရှိုင်းရှိုင်း ပူးကပ်ခဲ့ပြီ။  အဲဒီလိုနဲ့ ၆၉ ကျွန်းဆွယ်၊ ၇၀ ရွှေရတု၊ လှိုင်ရဲစခန်း၊ ကမာရွတ်ရဲစခန်း၊ နိုင်ငံတော်ကောင်စီဂိတ်တံခါး၊ ၇၄ - ၇၅ - ၇၆ အရေးအခင်း စတာတွေဟာ ဆဲဗင်းဇူလိုင် အရိုးတွန်တာပါပဲ။

အဲဒီလိုနဲ့ ကျွန်တော်လည်း ၇၆ မှိုင်းရာပြည့်မှာ တကြိမ်၊ ၈၉ ရှစ်လေးလုံးမှာတကြိမ်။  ပေါင်း နှစ် ၂၀ လျော့လျော့ နိုင်ငံရေး အကျဉ်းသားအဖြစ် အင်းစိန်၊ နန်းတွင်း နဲ့ အိုးဘို မှာ နေခဲ့ရတယ်။  အထဲမှာ ဖိနှိပ်မှုကို အံတုနေထိုင် ကြရင်း သမိုင်းကို လက်ဆင့်ကမ်းကြ၊ အနုပညာ ဖလှယ်ကြ။  အတွေးအခေါ် မြှင့်တင်ကြ။  ဒီလိုနဲ့ ကိုကိုးကျွန်းတိုက်ပွဲသီချင်းတွေ၊ သမဂ္ဂသီချင်းတွေ၊ ဆင်ဆာထိတဲ့ သီချင်းတွေ၊ ကဗျာတွေ ရေးကြ၊ စပ်ကြ၊ ဆိုကြ၊ ဝေကြ မျှကြ။  "ပါတော်မူ" "သုံးရောင်ခြယ်" "ဒို့ဗမာ" "လယ်ဝေးသူပုန်" မှ "ခေတ်သစ်ကမ္ဘာမကြေ" ထိ။  အဲဒီထဲမှာ မှ ဆဲဗင်းဇူလိုင်သီချင်းဟာ အများဆုံး။ အများဆုံးဆိုတဲ့ သီချင်းတွေထဲကမှ သမိုင်းအချက်အလက် အပြည့်စုံဆုံး အနုပညာအား အကောင်းဆုံး စိတ်ဓာတ်ခွန်အား အပေးနိုင်ဆုံး ရင်ဘတ်ကို အထိဆုံး သီချင်းကတော့…….

"ဇူလိုင် (၇) ရက် သွေးစက်သမိုင်း"

စိန်ပန်းတွေငို ကံ့ကော်ငို.. သစ်ပုတ်ပင်အိုမရဲ့ ရှိုက်သံကို မကြားလိုက်ဘူးလား (ရဲဘော်ရေ)၎
အဓိပတိလမ်းက .. ကတ္တရာလမ်းတွေ .. ခွါကြည့်စမ်းတော့လေ..
စီးထန်းသွေးတွေ မြစ်မရေလိုပေ အင်းယားရေ မခြောက်သမျှ..
မပျောက်နိုင်တော့ပေ.. ဇူလိုင် (၇) ရက်ရဲ့ သွေးစက်သမိုင်းကြောင်းကို ပြန်ပြောင်းပြောနေ.
ရာဇဝင် အမှောင်ကျတဲ့ မတ်လရဲ့ (၂) ရက်နေ့ မလေ.. ဗမာတခွင် ခေါင်ကြတဲ့ တပ်မရဲ့ စစ်ဘီလူး သဘက်တွေ ..
ရာဇာပလ္လင် ဗြောင်ကျကျနဲ့ အာဏာလုတက်နေ . ဒီမိုကရေစီဆိုတာဟာလေ မူးလို့မှ ရှူစရာ မရှိပေ (တို့ပြည်သူတွေ)၂  စစ်ဘိနပ် သံခွါအောက် ကျရောက်နေပြီလေ .. ကယ်တင်ကြ၊ ကာကွယ်ကြစို့လေ ဖိနှိပ်မှု မှန်သမျှတွေ .. ခေါင်းငုံ့လို့ တို့ဖြင့်မခံပေ တုန့်ပြန်ဆန့်ကျင်မှုဟာ တို့ကျောင်းသားထု တော်လှန်သမိုင်း ဖြစ်ပေ.
မုတ်သုန်ဦးရဲ့ တိမ်ဦးလေပြေ .. ခွပ်ဒေါင်းမြူးကြွနေ .. ရွှေဘို ပင်းယ ရာမည မန္တလေးဆောင် မီးတောင်တွေ ပေါက်ကွဲ တိုက်ပွဲ စခဲ့ပေ။  တဖက်သပ် အဆောင်စည်းကမ်းတွေ ရိုက်ချိုးပစ်ရမလေ။  ကျောင်းသားအခွင့်အရေး .. ကာကွယ်ရေး.. ပေး ပေးရမလေ။  တို့တောင်းဆိုနေ ကြွေးကြော်နေ .. ရဲဘော်ရေ .. ထောင်နဲ့ မခြားတဲ့ အဆောင်ရဲ့ တံခါးတွေ ကြွေးကြော်သံ ဒီလှိုင်း .. ခုတ်ပိုင်း ချိုးဖျက်ချေ တက္ကသိုလ်နယ်မြေ လူပင်လယ်ကြီး ဖုံးလွှမ်းနေ .. စစ်အုပ်စုရဲ့ ထိပ်သီးတွေ .. အရှက်ကြီးရလို့ .. အမျက်မီး ထနေ မင်းသားခေါင်းဆောင်း ကျွတ်ကျပလေ .. ဘီလူး အစွယ်ရုပ် .. ငုတ်တုတ် ပေါ်လာပေ ..။
ဂျီသရီးမောင်ပြန် .. ပစ်ခတ်သံတွေ .. စစ်ဖိနပ်သံတွေ ဟိန်းညံ တကျောင်းလုံး ယမ်းငွေ့မီးခိုး ဖုံးလွှမ်းနေ      အောင်ကျော်ကြီး ကျောက်တိုင် သွေးပတ်လည် အိုင်နေ .. ရင်ပြင်နီ မြက်ခင်းလမ်းတို့ နီမြန်းသွေးပေ .. မသေ .. မသေ .. ရဲဘော်တို့ မသေနိုင်ပေ .. မကြေ .. မကြေ .. ရဲဘော်တို့ မကြေနိုင်ပေ။
(ဓါး ဓါးချင်း ရှင်းရမည်။ လှံ လှံချင်းရှင်းရမည် .. ဖက်ဆစ်နေဝင်း ကြိမ်းဝါးသည်.. ပြည်သူတွေကို စစ်ကြေညာလိုက်ပြီ)၂  ယုတ်မာကောက်ကျစ် .. စစ်အာဏာရူး အရိုင်းတို့သည် .. သမိုင်းကို ဖျက်ဆီးဖို့ ကြံစည် .. ဇူလိုင် (၈) ရက် မနက် (၅) နာရီ .. တော်လဲသံကြီး။ မြည် ဟီး သိမ့်တုန် .. သမဂ္ဂအဆောက် အအုံ .. အုတ်ပုံ ဖြစ်ရပြီ .. သမဂ္ဂ ရဲ့ အုတ်မြစ်ကို ကျွဲရိုင်းစက်နဲ့ ထိုးဖျက်ဖြို .. မပြို .. မပြို .. တ က သ မပြိုနိုင်ပြီ .. မဖြို .. မဖြို .. သမဂ္ဂဖြိုနိုင်ပြီ။
တို့ အဓိဌာန် ဆိုမည် ငါတို့တွေ အဓိဌာန် ဆိုပါမည် တို့ ကျောင်းသူ ကျောင်းသားများသည် တူတံစဉ် အလံတော်အောက်ဆီ ညီရင်းအကို မောင်နှမပမာညီ .. တို့ခေတ်ရောက်ရမည် .. စနစ်သစ် ဆောက်ရမည် .. ဒီမိုကရေစီပညာရေး.. တို့သွေးချွေးကို စတေးမည် (အရေးတော်ပုံ)၃ အောင်ပါစီ

အမှောင်ညတွေရဲ့ သော့အထပ်ထပ်ခတ်ထားတဲ့ တံခါးသံတိုင်ကို ကိုင်ပြီး သီချင်းဆိုရတဲ့အခါ အေးစက်နေတဲ့ အုတ်နံရံကိုမှီပြီး သီချင်း ဆိုသံ နားထေခာင်ရတဲ့အခါ မျက်စိထဲမှာ မြင်ယောင်လာအောင် ပြောင်မြောက်တဲ့ သီချင်းပါ။  သမိုင်းထဲက ရင်ထဲက သမိုင်းရဲ့ နှလုံးသားထဲက ပေါက်ဖွားလာတဲ့ သီချင်းမို့ သမိုင်းကိုလည်း အပြည့်စုံဆုံး လှစ်ပြနိုင်ပါတယ်။

နိုင်ငံရေးမှုနဲ့ ထောင်ကျလာတဲ့ သစ်တောဝန်ထောက်တယောက်က သီချင်းကို ကြိုက်လွန်းလို့ ဆိုပါရစေ ဆိုပြီး ကျွန်တော့်ဆီ သီချင်းစာသား လာတောင်းတယ်။  သူက အဆိုကောင်းပါ။  သူလည်း (၆၂) ကို သိမီပုံ ပါပဲ။  ဒါပေမယ့် တူတံစဉ် အလံတော်အောက်ဆီဆိုတဲ့ စာသားကိုတော့ ပြင်ဆိုချင်ပါတယ်တဲ့။  အစ်ကိုကြီးရေ. သမိုင်းဆိုတာ ပြင်လို့မှ မရတော့ဘဲ  သီချင်း စာသားကျမှတော့ ပြင်ချင်မနေပါနဲ့ဗျာ။  သူ့ အဖြစ်မှန် အတိုင်း ရှိပါစေ။


ကိုတင်အေးကြူ

၂၈ - ၆ - ၂၀၁၃

Sunday, October 5, 2014

ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ် ရေးသူ - ကိုတင်အေးကြူ

ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်


ဂီတမှာ လူမျိုးကန့်သတ်ချက်မရှိဘူး.။.

[သမဂ္ဂလက်ဖက်ရည်ဆိုင်မှာ ကိုဗဟိန်းက ဒဂုန်တာရာကို ပြောတဲ့စကား]


ကုန်းဘောင်ခေတ်၊ ဘကြီးတော်ဘုရားလက်ထက်၊ ပြင်စည်မင်းသားကြီးတို့ ခေတ်ကတည်းက ယိုးဒယား(ထိုင်း) သံစဉ်ကို ဘုရင့်အမိန့်နဲ့ ဗမာစာ သွင်းဆိုခဲ့ဖူးတဲ့ ဗမာကော်ပီခေတ် စခဲ့တာကို မသိ၊ ဗမာ့ရိုးရာဂီတရဲ့  အခြေခံ သံစဉ်ဟာ (၇) သံလား၊ (၅) သံလား မကွဲပြား။  ရိုးရာဂီတနဲ့ နိုင်ငံတကာဂီတ ပေါင်းစပ်ပြီး ဂီတသစ် ဖန်တီးနေကြတဲ့ လူငယ်တွေရဲ့ တိုးတက်မှုကို နားမလည်။  သစ်ဆွေးတုံးကို ဖက်ပြီး နိုင်ငံခြား မုန်းတီးမှု အစွဲအလမ်းကြီး သူများက ဂစ်တာသီချင်း(စတီရီယိုသီချင်း) ကို လမ်းသရဲသီချင်း ဆိုပြီး အပြတ်နှိပ်ကွပ် ခဲ့ကြတယ်။

ကိုတိုးလည်း အဲဒီဒဏ်ကို အလူးအလဲ ခံရတာပါ။  မပွင့်ပန်း။  တေးမြုံငှက်။  ၇၄ အခြေခံဥပဒေ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုမှာ  အောင်ကိုလတ်  ရဲ့ "မဲရုံဆီသွားကြစို့" သီချင်းကြောင့် ဂစ်တာရဲ့ အသုံးဝင်ပုံကို သိသွားပြီး အသုံးချလို့ အားရမှ စတီရီယိုလောကဟာ အတန်ငယ် အသက်ရှူချောင်လာတာပါ။

၆၂ ဗိုလ်နေဝင်း တက်လာပြီး ၄ လအကြာမှာ ကျောင်းသား တရာ ကျော်ကို သေနတ်နဲ့ ပစ်သတ်၊ တကသ ကို ဗုံးခွဲနဲ့ ရက်ရက်စက်စက် အကြမ်းဖက်ပစ်လိုက်တာ လူငယ်တွေကို ဓါတ်ကူးသွားရော့သလား။  ရန်ကုန်မှာ လမ်းသရဲဂိုဏ်းတွေ ပေါ်လာတော့တာပဲ။  စိန်ဂေါ်လီ၊ မီးအိမ်နီ၊ ဖူမန်ချူး။  နိုင်ငံရေး မလုပ်ပြီးရော။

လူငယ်တွေရဲ့ အကြမ်းဖက် မုန်ယိုမှုကို ထိမ်းသိမ်းပေးပြီး အေးငြိမ်းသွားစေတာကတော့ မူးယစ်ဆေးပါပဲ။ သူပုန်ရန် ကာကွယ်ဖို့ ဆိုပြီး ဗိုလ်နေဝင်း ဖွဲ့ပေးထားတဲ့ ကာကွယ်ရေး အဖွဲ့တွေရဲ့ ထုတ်ကုန်ပစ္စည်း။  ဘေးထွက်ဆိုးကျိုး။  လူငယ်တွေ နိုင်ငံရေး မလုပ်ရင်ပြီးရော။

လမ်းသူရဲခေတ်၊ ဆေးခေတ်။  လူငယ်ဆိုတာ အမြဲတမ်းတော့ အနာဂါတ် ပျောက်မနေပါဘူး။  လှည့်စားလို့ ရလည်း ခဏပေါ့။  နောက်တော့ ၆၉ ကျွန်းဆွယ်၊ ၇၀ ရွှေရတု၊ ၇၄ - ၇၅ - ၇၆ သပိတ်တွေနဲ့ ကျောင်းသား လူငယ်တွေက နိုင်ငံရေး တိုင်ပြုပြည်ပြု လမ်းမှန်ကို ပြန်ရောက်တာပါပဲ။

ကိုတိုးတို့ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ တက္ကသိုလ်ဘဝဟာ လမ်းသူရဲခေတ်အလွန်၊ ဆေးခေတ်နှောင်းပိုင်း၊ နိုင်ငံရေးခေတ်၊ သပိတ်ခေတ်။

ကိုတိုးဟာ ညဖက် ဂစ်တာ တီးရင် များသောအားဖြင့် RIT ဝင်းထဲမှာပဲ တီးလေ့ရှိပြီး တခါတရံမှ သမိုင်းဝင်းထဲ Main ထဲ သွားပါတယ်။  အဲဒီလို ကျောင်းပြင်ထွက်ရရင် ကျွန်တော်တို့ လွယ်အိတ်တွေထဲမှာ ဓါး၊ ရဲဒင်း၊ ချိန်းကြိုး၊ နာ၊ ကျလင်၊ မား အပြည့်အစုံ ပါကြတယ်။  ကိုတိုးလက်စွဲက သံအရိုးတပ် ရဲဒင်းလေး တောင်ဆုပ်လောက်။  လမ်းသူ၇ဲခေတ်၊ ဆေးခေတ်ရဲ့ စရိုက် အကြွင်းအကျန်။  လမ်းမှာ ပတ်ကင်း ၇ဲကားနဲ့ တွေ့ရင်လည်း ကျောင်းသားတွေမှန်း သိနေလို့ ပြဿနာ မရှာကြဘူး။  ကိုတိုးနေတဲ့ ဒေါ်ကြည်ကြည်ဆောင်မှာ ဂျင်ဝိုင်းလာဖမ်း တော့လည်း ကျောင်းသားကဒ် ရှိတဲ့လူကို ဘေးဖယ်ချန်ထားပြီး အရပ်သားတွေကို ဖမ်းသွားကြတာပဲ။  ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရင် ပြီးရော။

သမိုင်းဝင်းထဲက သဇင်တို့ နှင်းဆီတို့မှာ တီးမယ်ဆိုရင် ကျွန်တော်တို့ အုပ်ထက် Eco  အုပ်က စောရာက်နေပြီ။  ကြိုတီးနှင့်နေပြီ။  ကိုဟန်မြတ်မော်၊ ကိုသိန်းလှမောင်၊ ကိုသက်တင်တို့ရဲ့ မယ်ဒလင် တယောဝိုင်း နဲ့ ဗမာသံ မိုနို အုပ်စု။  အဲဒီလို ထိပ်တိုက်တွေ့ကြရင်တော့ ကျွန်တော်တို့လည်း ခပ်လှမ်းလှမ်းကနေ အဟော့ဆုံး၊ အအော်ရဆုံး သီချင်းတပုဒ်ကို ကိုကျော်စိုးဝင်း၊ ကိုမောင်မောင်(အဉ္စလီ)၊ ကိုမောင်မောင်အေး(နေပြည်တော်) နဲ့ ကျွန်တော်တို့ ပေါင်းပြီး အသံပြဲကြီးတွေနဲ့ ဝိုင်းဟဲကြတော့တာပဲ။  များသောအားဖြင့် ကိုနေဝင်းရေးတဲ့ သားလေးသိဖို့ ပုံပြေမယ် (Mid Night Special) သီချင်း ဆိုဖြစ်ကြတယ်။  ဘာပြောကောင်းမလဲ ဖီလင်ပဲ၊ ညုတင်သမားတွေလည်း ဓါတ်ပျက်၊ ဖီးအောက်ကုန်ပြီး ဒဏ်မခံနိုင်တော့ဘဲ လစ်ပြေးကြရတာပါပဲ။   အဲဒိတော့မှ ကိုတိုးကြီးကို ပွဲထုတ်ရပါတယ်။

ကိုတိုးကြီး ဆိုမှဖြင့် အဆောင်ပေါ်က ကျောင်းသူတွေ ဆိုတာ မပြောနဲ့ အပြင်မှာကို လာနားထောင်ကြတဲ့ ကျောင်းသားတွေက တအုံတမကြီး။  အဲဒီထဲကမှ အဆိုတော် ဖြစ်သွားသူတွေလည်း ရှိရဲ့။  ညစောင့် ဦးလေးကြီးလည်း ကောင်းကောင်းမနေရ။  အဆောင်ပေါ်က မုန့်တွေ ရေတွေ Request စာတွေ ယူလာလိုက်ရ။  တီးဝိုင်းက လူကို ခေါ်ပြီး ပေးရ။  ခေါက်တုံ့ ခေါက်ပြန်။  အချစ်တံတားခင်းပေးသူ ငအေးကတော့ "ဒို့ချည်းစားလို့ မကုန်တဲ့ အတူတူ မနက်ကျရင် ကျောင်းမုန့်ဆိုင်မှာ ပြန်သွင်းကြတာပေါ့.." တဲ့။  တင့်အောင်တို့၊ ငပွေးတို့၊ ဂွတိုတို့၊ စံအွတ်တို့ကလည်း ပျော်လို့။  တီးဝိုင်းသိမ်းပြီး ပြန်တော့မယ် ဆိုရင်တော့ နောက်ဆုံးတပုဒ်အနေနဲ့ မြနန္ဒာ သီချင်းကို သံပြိုင်ဆိုပြီး နှုတ်ဆက်ကာ ပြန်လေ့ရှိကြတယ်။  အဲဒါကြောင့် အဆောင်ကျောင်းသူတွေက ကိုတိုး၇ဲ့ အဖွဲ့ကို "မြနန္ဒာအုပ်စု" ရယ်လို့ နာမည်ပေးထားကြပြီး ဝတ္ထုထဲမှာတောင် ထည့်ရေးဘူးပါတယ်။

ကျောင်းကို ပြန်ကြရင်တော့ မောမောပန်းပန်းနဲ့ သမိုင်းလမ်းဆုံက အလင်းဆိုင်မှာ ဝင်စားဖြစ်ကြတယ်။  ပိုက်ဆံမလောက်လည်း ကျောင်းသားကဒ် ပေးထားခဲ့ရတာပေါ့။  အဆင်ပြေပါတယ်။  ကြာလာတော့ ဆိုင်ရှင် မွတ်တားဘိုင်က တောင်းပန်ပြီး သူ့ ကောင်တာ အံဆွဲကို ဖွင့်ပြရှာတယ်။  ကျောင်းသားကဒ်တွေမှ တပုံကြီး။

ကိုတိုးဟာ The Beatles  ကို crazy ဖြစ်သူပါ။  ဂီတ ပါရမီ ရှင်ပါ။  အသံကို နိုင်နင်း နားလည်တယ်။  ကျောင်းဆောင်ခန်းထဲမှာ ဂစ်တာတီးတာတောင်မှ စားပွဲအံဆွဲထဲက ပစ္စည်းတွေကို ထုတ် ဂစ်တာအိုးကို စားပွဲခုံနဲ့ ထိပြီးမှ တီးတတ်တယ်။  သံစဉ်က ပိုလှ ပိုကောင်းလာတယ်။  RIT ဝင်းထဲမှာ အများဆုံး တီးဖြစ်တဲ့ နေရာကတော့ သတ္တုဗေဒ အင်ဂျင်နီယာအဆောက်အဦ (Building 3) မှာပဲ။  B.3 ရဲ့ အနောက်လက်မှာ အမိုးပိတ်ကွန်ကရိ နဲ့ Hall တနေရာ ရှိတယ်။  အဲဒီနေရာမှာ တီးတဲ့ ဂစ်တာသံ ဆိုတဲ့ သီချင်းသံဟာ ကွင်းပြင်မှာ ဆိုတာ တီးတာနဲ့ မတူဘူး။  အသံထွက်ကောင်းပြီး အရမ်းသာယာတယ်။  ကိုတိုးက အဲဒီလို နေရာရွေးပြီးမှ တီးလေ့ရှိတယ်။

ကျောင်းဝင်းထဲက နွေးအေးလို အောင်သိပ္ပံလို စားသောက်ဆိုင်တွေမှာ ထိုင်ဖြစ်ကြလို့ B.B.S English Programme, Local Talent, Request, Lunch Time music, Portfolio Listening တွေ လာနေတာနဲ့ ကြုံရင် သီချင်းနားထောင်ရင်းက တခါတည်း chord တွေကို လက်တမ်းချရေးနေတော့တာပဲ။  အဆောင်ပြန်ရောက်ရင် စောစောက သီချင်းကို ချက်ချင်း ပြန်တီးနိုင်လောက်အောင်ကို အသံကျက်မိ နားပါးတယ်။

အဲဒီကာလက အနောက်တိုင်းသီချင်းတွေကို လိုက်တီးနိုင်ဖို့ ဆိုတာ ဗမာပြည်မှာ chord စုံစုံလင်လင် မရှိကြဘူး။  ကိုယ့်ဖာသာ နီးစပ်ရာ အသံရှာပြီး တီးနေကြရတာ။  သူငယ်ချင်း စိုးရန်(ဘိတ်သား၊ တောခိုကျဆုံး) က ဂစ်တာကို ကြိုးမချိန်းပဲ ဘယ်လက်နဲ့ တီးခတ်ပြီး၊ အသံမှန်ရအောင် စွမ်းနိုင်သူပါ။  တခါတခါ ကိုတိုးက စိုးရန် လက်ကွက်ကို မှတ်ထားပြီး ညာလက်နဲ့ ပြန်ပြောင်း တီးရတယ်။  ဖလှယ်ကြရတယ်။

ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ် ဆိုတဲ့ စီးရီးကို ပြသနာအုပ်စုရယ်လို့ တီးဝိုင်း နာမည်ခံပြီး ထုတ်ခဲ့တယ်။  အဲဒီကာလက သီချင်းခွေတွေဟာ သီချင်းစာအုပ်နဲ့ တွဲပြီးထုတ်တဲ့ ဖြန့်ချိတဲ့ ခေတ်မဟုတ်သေးဘူး။  ၄ - ၅ - ၁၀ ခွေ စုပြီးတော့မှ ဇော်မင်းက ဂစ်တာဥယျာဉ်ဆိုပြီး သီချင်းစာအုပ်တွေ စီးရီးလိုက် ထုတ်တယ်။  ဂစ်တာဥယျာဉ် အမှတ် (၇) (နွဲယဉ်ဝင်းကာဗာနဲ့) မှာ ကျေးဇူးတင်တယ် တခွေလုံးက သီချင်းစာသားတွေ ပါဖူးတယ်။  အဲဒီကတည်းက ၇၂ - ၇၃ စပြီး ပေါက်ထွက်တဲ့ သီချင်းကတော့ မျက်သွယ်။  RIT မှာတော့ စာသား မောင်စိန်ဝင်း (ပုတီးကုန်း) သံစဉ် တင်မောင်လှိုင်၊ အဆိုတော် ခင်မောင်တိုး ပါပဲ။  အဲဒီအခွေဟာ  copy နဲ့ own tune ရောထားတဲ့ အခွေပါ။  ကိုတိုးရဲ့ အခွေဟာ တက္ကသိုလ်လောကမှာတော့ အရမ်းကို အောင်မြင်ခဲ့ပါတယ်။  RIT ဂစ်တာသမားတိုင်း သူ့ သီချင်းတွေ တီးကြ၊ ဆိုကြ လက်ဆင့်ကမ်းကြ။

တနှစ်သား ရန်ကုန်တန်ဆောင်တိုင် ပွဲညမှာ ကိုတိုးနဲ့ အတူတူ လျှောက်လည်ကြတယ်။  ညဥ့်နက်လာမှ ကျောင်းပြန်ကြဖို့ ကိုရဲကြီးကို သွားပြီး စောင့်ခေါ်ကြတယ်။  အဲဒီကာလက ကိုရဲလွင်ဟာ E. Machine မှာ Bass တီးတယ်။  ခရစ်လမ်းက စင်မှာ။  ကျွန်တော်တို့ အဖွဲ့ စင်ထောင့်ကနေ Stage show ကြည့်နေတုန်းခဏ ကိုဇော်က မျက်သွယ်သီချင်းကို စင်ပေါ်မှာ ကော့ကော်ကန်ကားနဲ့ ဆိုပါလေရော။  ကို၇ဲကြီးလည်း မအီမသာနဲ့ ဘေ့စ်တီးရင်း စင်ထောင့်က ကျွန်တော်တို့ အုပ်ကို မဲ့ပြတယ်။  စင်အောက်ကနေ ပွဲကြည့်ပရိသတ်ဘဝ ကိုတိုးကြီး အနေနဲ့ ဘယ်လို ခံစားနေရ ရှာမလဲ။

ဂီတကလွဲရင် ဘာကိုမှ အဓိက မထားတဲ့ ပါရမီရှင်တယောက်တောင်မှ ဝီရိယရှိရှိ တစိုက်မတ်မတ် ဇွဲမလျှော့ပဲ ကြိုးစားခဲ့ရတာ အောင်မြင်ဖို့ရာ ဆယ်စုနှစ် တစုကျော် ကြာပါတယ်။  ဂီတချစ်သူ လူငယ်တွေအတွက် မှီငြမ်းကိုးကား အားကျ အတုယူစရာ ခင်မောင်တိုး အဘိဓမ္မာပါ။

ကျွန်တော်တို့  ကိုတိုးရဲ့ သီချင်းတွေကို ဘာကြောင့် ကြိုက်ခဲ့ကြတာလဲ။  အဲဒီကာလ ၇၀ ပြည့်လွန် နှစ်များအထိ ဗမာပြည်မှာ ယောက်ျားလေးဆိုခဲ့သမျှ အချစ်၊ အသဲကွဲ အားလုံးနီးပါးဟာ ယောက်ျားမာန၊ ယောက်ျားသိက္ခာမဲ့၊ ယောက်ျားရင့်မကြီးက ငိုလိုငို တောင်းပန် ခြေသလုံးဖက်၊ သနားစိတ်နဲ့ ချစ်စမ်းပါကွယ် ပျော့ညံ့ညံ့တွေချည်း။

ကိုတိုးကတော့
"ချစ်ပြီးမှ မုန်းမေ့တတ်တဲ့ မင်းကိုလေး..
ကိုယ့်ရင်မှာ.. မကြင်နာ.. အစဉ်သာ.. မုန်းပစ်လိုက်မယ်။
နောင် နောင်ခါ.. ပြန်လည်ကြုံဆုံတွေ့ရလည်း ရှောင်မယ်..
ကိုယ့်အသဲကို နုနုလေးလို့ မင်းထင်သလား..
မှားလိမ့်မယ်.. ငိုတယ်ဆိုတာ.. ပျော့ညံ့လွန်းတယ်..
ဒီကမ္ဘာမှာ.. ကြည့်စရာ.. မင်းထက်ချောတဲ့ လှတဲ့သူ..
ကိုယ်လိုက်ရှာမယ်.. တွေ့ပြန်ရင်ကွယ် မင်းရှေ့က တွဲလျှောက်ပြမယ်.
မငိုနဲ့ နော်ကွယ်"

လူငယ်တွေက ဒါမျိုး ကြိုက်တာ။

"လူကို မုန်းလိုက်ပါလား.. သက်ဆိုင်သူများ.. ဟေ့..
မထိတထိ လုပ်ပုံလေးက.. ကိုယ့်ရင်မမှာ အားမရ
ရင်ထဲက ချစ်ချင် ချစ်လိုက်.. ဒါမှမဟုတ် မုန်းချင် မုန်းလိုက်..
ကိုယ်ကြိုက်တဲ့ လမ်းကိုသွား.. ပြတ်ပြတ်သားသား..
မကြည်လည်း ဘာတတ်နိုင်မလဲ.. မင်းတို့ သဘော
ကိုယ့်အသဲက မေ့လွယ်ပျောက်လွယ် အဲဒိတော့"
ရင်ဘတ်ကြီးကို ပြတ်ပြတ်သားသား ဒက်ကနဲ ထိတဲ့ သီချင်း။

လက်တွေ့စမ်းသပ်ခန်းထဲက ရင်အခွဲခံထားရတဲ့ ဖားကလေးတွေလို စမ်းသပ်ခံ ပညာရေးစနစ်အောက်မှာ ကျွန်တော်တို့ ကျောင်းသားတွေလည်း အတုန်းအရုန်း။  လေးဘက်သွား မတတ်ခင် လမ်းလျှောက် သင်နေရတော့  ခဏခဏ လဲ နည်းတောင် နည်းပါသေးတယ်။

ကိုတိုးလည်း RIT မှာ ကျောင်းခေါ်ချိန် ၇၅% မပြည့်လို့ စာမေးပွဲ အချခံရပြီး၊ သုံးခါကျနဲ့ ကျောင်းထုတ်ခံရတယ်။  ကျွန်တော်နဲ့ ဝင်းမင်းထွေးလည်း 3F။  ကျောင်းသားတွေကို ကျပ်ဖို့ ပေါ်လာတဲ့ ၃ ခါကျ စနစ်၊ ၅၀% ကျောင်းထုတ်၊ ၇၅ % တနှစ်ချ၊ ဆိုတဲ့ စနစ်ဆိုးကြီးတွေကို  " ဒီချောက်ကမ်းပါး"  ဆိုတဲ့ သီချင်းနဲ့ ကိုတိုး ခံစားတုံ့ပြန် ဆန့်ကျင် ပြခဲ့တယ်။  ကော်ပီပါ။  (စိုးပိုင်ကလည်း အဲဒီသံစဉ်အလိုက် မငြိမ်းချမ်းတဲ့ မောင်ငြိမ်းချမ်း လို့ ဆိုဘူးတယ်) ။ ကျောင်းသားထုကြားမှာတော့ ဒီချောက်ကမ်းပါးကို ခံပြင်း ခံစားရပါတယ်။  ကိုတိုးလည်း ၇၅% RIT က Out ၊ အင်းစိန် GTI ကိုတက်။ အဲဒီမှာလည်း ၅၀% ထိတယ် လို့ ကြားမိတယ်။  ဒီချောက်ကမ်းပါးကြီးရဲ့ ဒဏ်ကို ကျောင်းသား တော်တော်များများ အလူးအလဲ လှိမ့်ခံနေရတာ ကနေ့ထိပါပဲ ကိုတိုးရေ။

၁၉၇၄ မှာ ကျွန်တော်လည်း RIT က Out ခဲ့ပြီး တံတားဦးမှာ ကွမ်းနုဝါစာပေဆက်ဆံရေး စာအုပ်အငှားဆိုင်လေး ဖွင့်ဖြစ်တယ်။  မန္တလေးတက္ကသိုလ် ပြင်ပဝိဇ္ဇာ သမိုင်းပထမနှစ်ကို ဖြေဖြစ်တယ်။  အဲဒီမှာ ကိုတိုးကြီးနဲ့ ဆုံတာပဲ။  အဲဒီနှစ်က နှစ်ယောက်စလုံး စာမေးပွဲအောင်ပြီး သူက တတိယနှစ် ကျွန်တော်က ဒုတိယနှစ်တက်။

၁၉၇၆၊ မတ်လ ၂၂ ရက်နေ့ည။  RIT ရဲ့  D43 အခန်း။ ကျွန်တော်၊ ဝင်းမင်းထွေး၊ ကိုမောင်မောင်(အဉ္စလီ) တို့က အခန်းပြတင်းတွေကို အထဲက စောင်နဲ့ ကာပိတ်ပြီး အထဲမှာ မှိုင်းရာပြည့် သပိတ်အတွက် ပိုစတာတွေ၊ ကြေညာချက်တွေ ရေးကြရတယ်။  ကိုတိုးက အပြင်ကနေ အခန်းတံခါးကို သော့ခတ်ပိတ်ပေးထားပြီး အခန်းရှေ့ ကော်ရစ်ဒါမှာ ကိုရဲလွင်၊ ကိုနေဝင်း၊ ချစ်ကိုလေးတို့နဲ့ ဝိုင်းဖွဲ့ပြီး ဂစ်တာ တီးပေးနေကြတယ်။  ကိုနေဝင်း တကိုယ်တော် အားလုံးကို ကျော်ဖြတ်ရမယ် စီးရီးအတွက် သီချင်းတိုက်နေကြတာပါ။  လာနားထောင်ကြတဲ့ ကျောင်းသားတွေကလည်း ကော်ရစ်ဒါအပြည့်။ သတင်းပေးနဲ့ ဆရာတွေ ဝင်လို့ မရတော့ဘူးပေါ့။  ကျွန်တော်တို့လည်း စိတ်ချ လက်ချ လုံလုံခြုံခြုံ အလုပ်လုပ်နိုင်ခဲ့ကြပါတယ်။

ကျွန်တော် ပြင်ပဝိဇ္ဇာ သမိုင်းဒုတိယနှစ်မှာ ၇၆ မှိုင်းရာပြည့် သပိတ်နဲ့ အင်းစိန်တောရမှာ စခန်းဝင်သွားရပါတယ်။  တက္ကသိုလ်ပညာရေးနဲ့ ၄ နှစ်လောက် အဆက်ပြတ်သွားပြီး ၈၀ လွတ်ငြိမ်းချမ်းသာခွင့်ကို ခံစားလွတ်မြောက်ခဲ့ ရတယ်။  လွတ်လာတော့ ပြင်ပဝိဇ္ဇာဆိုတဲ့ ပညာရေးစနစ်က မရှိတော့ ပြန်ဘူး။  တက္ကသိုလ်စာပေးစာယူ ဆိုတာကြီး ပေါ်နေပြီ။  ပြင်ပဝိဇ္ဇာက အပြင်မှာ ကိုယ့်ဖာသာ စာကိုလေ့လာ၊ စာမေးပွဲအချိန်ကျမှ သွားဖြေလိုက်ရုံပဲ။  စာပေးစာယူက ကျတော့ အနီးကပ်ဆိုတာ တက်ရသေးတယ်။  ကျွန်တော်လည်း စာပေးစာယူသင်တန်းကို ဝင်ခွင့်လျှောက်လိုက်တာ သမိုင်းပထမနှစ်ကပဲ ပြန်နေခွင့်ရလို့ တတန်းလျော့ပြီး အစက ပြန်သင်ရပါတယ်။  အနီးကပ်တက်တော့ ကိုတိုးကြီးနဲ့ ပြန်တွေ့ပြန်ရော။  သူလည်း ပြင်ပဝိဇ္ဇာဘွဲ့ကို မယူလိုက်ရဘူး။  အခု သမိုင်း ဒုတိယနှစ်။  ကျွန်တော့်ထက် တတန်းကြီး။  အဲဒီနှစ်က နှစ်ယောက်စလုံး စာမေးပွဲအောင်ကြပြီး တတန်းစီ တက်သွားကြတယ်။  ကျွန်တော်က ဒုတိယနှစ် ကိုတိုးက တတိယနှစ်။

ကျွန်တော့်အမေ ပြောဖူးသလိုပဲ။  မင်းတို့ကွာ အစိုးရစစ် ဆယ်တန်းရိပ်မကြီးတောင် အောင်အောင် ဖြေခဲ့ကြသေးတာ။  ကျောင်းစစ်တက္ကသိုလ် စာမေးပွဲလေးများ စိတ်ပါရင် အောင်ဖြစ်ပါတယ်တဲ့။  ကိုတိုးလည်း တာဝန်အရသာ ဖြေနေရတဲ့ ပညာရေးက ကမောက်ကမ ဖြစ်နေပေမယ့် ဝါသနာအရ ကြိုးစားခဲ့တဲ့ အနုပညာ မှာတော့  အောင်မြင်ဖို့ အချိန်ကျလာပါပြီ။  အဲဒီကာလက "အဉ္စလီအတွက် ဂီတသ္စလီ" ထွက်ပြီး "ဝိုင်းရဲ့ဆည်းဆာ" နဲ့ စပေါက်တဲ့ အချိန်။

ကိုတိုးဟာ "ပြဿနာအုပ်စု" ရဲ့ ကော်ပီနဲ့ ကိုယ်ပိုင်သံစသ်အရောမှာတင် တန့်မနေပဲ "လိစ္ဆဝီများ" အထိ ကိုယ်ပိုင်သံစဉ်သန့်သန့် ကြိုးစားခဲ့ပါတယ်။  အဲဒီနောက်တော့ စိတ်တူကိုယ်တူ ခံစားချက်တူ ဂီတတပ်မက်သူ လူငယ်တွေ စုစည်း ခွန်အားဖြည့်မိကြပြီး "မဇ္ဈိမလှိုင်း"  အလံတော်ကို အောင်အောင်မြင်မြင် စိုက်ထူခဲ့ကာ ဂန္ထဝင် သစ် ဂီတ တောင်ကုန်းကို သိမ်းပိုက်နိုင်ခဲ့ကြတယ်။

နိုင်ငံတကာ ဂီတကို မပစ်ပယ်။  ဒါပေမယ့် ပုံတူ မကူး၊ ရိုးရာဂီတကို မဆန့်ကျင်၊ သို့သော် လမ်းရိုးဟောင်းအတိုင်း မလိုက်။  အရိုးလည်း ခိုင်စေ၊ အရွက်လည်း လှိုင်စေ။  အရိုးကိုလည်း အရွက်မဖုံးစေရ။  အရိုးကြောင့်လည်း အရွက်မတုံးစေရ။  ရိုးရာဂီတနဲ့ နိုင်ငံတကာ ဂီတကို မျှမျှတတ ပေါင်းစပ်နိုင်ပြီး ဂီတသစ်တရပ် စိတ်ကူးဖွဲ့နွဲ့ အောင်မြင်စွာ မွေးဖွားပေးခဲ့ကြတယ်။  နိုင်ငံဂီတလောကကို ခေါင်းမော့ဝင်နိုင်မယ့် မဇ္ဈိမလှိုင်း။  ခံစားချက် အသစ်၊ ရင်ခုန်သံအသစ်၊ စိတ်ကူးအသစ၊် ကဗျာအသစ်၊ သံစဉ်အသစ်၊ ဂီတအသစ်။

ကိုတိုး အောင်မြင်လာတော့ ထုံးစံအတိုင်း ပါပဲ။  စီးပွါးရေးသမားတွေက အကြံအဖန်နဲ့ အမြတ်ထုတ်ဖို့ စီစဉ်လာကြ တယ်။  စတီရီယို ခေတ်ဦးပိုင်းက ပြဿနာအုပ်စု ခေါင်းငုံ့ပြီး ဝင်တိုးခဲ့ရတဲ့ သီချင်းခွေတွေကို ဖုတ်ဖက်ခါပြီး ခိုးကူးအဖြစ် ရာသီပေါ် ထုတ်ရောင်းလာကြတယ်။  ကိုတိုးကတော့ သူ့ရဲ့ စောစောပိုင်း ကော်ပီခွေတွေကို ရှက်လွန်းလို့ တိုင်းပြုပြည်ပြု စာရေးဆရာကြီးတွေ ကလောင်သက်နုစဉ်ကာလက ရေးခဲ့ဖူးတဲ့ ဆယ်ကျော်သက် အချစ်ဝတ္ထုအကြောင်း ပြန်ပြောရင် ရှက်နေသလိုမျိုး။

ကိုတိုးကိုယ်တိုင်ကသာ သူ့ကော်ပီသီချင်းတွေကို ရှက်နေတာ။  အဲဒီ ခေတ်ကို မီလိုက်တဲ့ ကျွန်တော်တို့ တွေကတော့ စွဲလန်းနေတုန်းပဲ။  တက္ကသိုလ်ဘဝကို ပြန်တွေးမိလိုက်တိုင်း ကိုတိုးသီချင်းတွေက နောက်ခံဂီတအဖြစ် အသက်ဝင်နေဆဲပါ။  နောက်ပိုင်း မဇ္စျိမလှိုင်း သီချင်းတွေကလည်း တကဏ္ဍ သပ်သပ်စီပေါ့။  ကိုတိုးရဲ့ ငယ်မူငယ်သွေး လက်ရာတွေမှာကိုက ကဗျာတပုဒ်လို လှပနေတာ အများကြီး။  အခုအရွယ်နဲ့ ပြန်လည် ညည်းမိရင်တောင် တက္ကသိုလ်ဘဝ ပြန်ရောက်သွားပြီး နုပျိုလန်းဆန်းသွားသလိုပါပဲ။

"ဤကမ္ဘာမြေပေါ်တွင်
လူမှန်လျှင် အချစ်နဲ့ ဘယ်မှာလာ ကင်းမလဲကွယ်
ခင်ခင်ရယ် မောင်ရယ်
နွေရယ် ဥသြရယ် ဇီဇဝါပန်းများရယ်
စံပယ်ရယ် မိုးညရယ် ဆောင်းရယ် နှင်းရယ်
ဖန်လာပုံ မဆန်းလားကွယ် လောကကြီးအလယ်
ကိုယ်ရယ် မင်းရယ် ဆုံအောင် မွေးဖွားပေးတဲ့ ကမ္ဘာကိုပင်
အထူးပဲ ကျေးဇူးတင်တယ် ခင်……..။"
(ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်)

ကိုတိုးက မဝေနဲ့ ဆုံရအောင် မွေးဖွါးပေးလို့ ကမ္ဘာကြီးကို ကျေးဇူးတင်တယ်။  ကျွန်တော်တို့ကလည်း ကိုတိုးကို မွေးဖွါးပေးလို့ ကိုတိုးနဲ့ ဆုံရလို့ ပြသနာအုပ်စုနဲ့ ဆုံရလို့၊ လိစ္ဆဝီများနဲ့ ဆုံရလို့၊ မဇ္ဈိမလှိုင်းနဲ့ ဆုံရလို့ ကမ္ဘာကြီးကို ကျေးဇူးတင်ရပါတယ်။

ဒီကြားထဲမှာ ကျွန်တော်က HGP စာမေးပွဲ ဝင်ဖြေလိုက်တာ အောင်သွားလို့ ရှေ့နေ Chamber  ဆင်းဖြစ်တယ်။ Chamber Masterေ၇ှ့နေ ဦးစိုးမြင့် (ညွန့်ပေါင်းဈေး) နဲ့ အတူ မိုးကုတ် ရုံးချိန်းက အပြန် ကားမှောက်လို့ ကျွန်တော့်မှာ ခြေတွေ လက်တွေ သေသွားတာကြောင့် ဆေးအတော်ကုယူလိုက်ရတယ်။  ကျောင်းနားလိုက်ရ ပြန်ရော။  ကျန်းမာရေးကြောင့် ၂ နှစ်လောက် အနားယူပြီး ဒုတိယနှစ် ပြန်တက်တော့ ကိုတိုးလည်း တတိယနှစ်ပဲ ရှိသေးတယ်။  တတန်းကွာတယ်။  သူကလည်း မဖြေဖြစ်ပြန်ဘူး။  အဲဒီနှစ်ကတော့ နှစ်ယောက်စလုံး စာမေးပွဲ အောင်ပြီး ကျွန်တော်က တတိယနှစ်၊ သူက စတုတ္ထနှစ်။

နောက်စာသင်နှစ်ကျတော့ ကျတော့လည်း သူနဲ့ ကျွန်တော်က တိုင်ပင်ထားသလား အောက်မေ့ရတယ်။ အရင်အတိုင်ပဲ သူက စတုတ္ထနှစ်၊ ကျွန်တော်က တတိယနှစ်။

၁၉၈၆ လောက်မှာ စိုးဇော်ရဲ့ မန္တလေးက မြနန္ဒာ စီစဉ်နေတုန်း ကိုတိုးဆီ သီချင်းတောင်းဖို့ သွားဖြစ်ကြတယ်။  သူ့မှာ ရေးပြီးသား မရှိဘူးတဲ့။  ဒါနဲ့ ကော်ပီ သီချင်းဟောင်းတွေ ပေးဖို့ ပြောတော့လည်း သူ့မှာ လုပ်စရာ ရှိသေးလို့ ပါဆိုပြီး ငြင်းလိုက်ပြန်တယ်။  သူ့ ငယ်သီချင်းတွေကို သူများပြန်ဆိုမှာတောင် ရှက်နေပုံ ရပါတယ်။  ဇော်မျိုးထွတ်ကတော့ ကိုတိုးဘဝကို အရမ်း အားကျတာ။  ကိုယ်ပိုင် စီးပွါးရေးက သပ်သပ်၊ ဝါသနာ ဂီတအလုပ်က သပ်သပ် မပူပင်ရ လွတ်လပ်လို့တဲ့။  သူကတော့ ဂီတနဲ့ပဲ အသက်မွေးဝမ်းကျောင်းနေရတော့ ခက်ခဲ ကြမ်းရှမှုကို ငြီးတွားရှာတယ်။

၁၉၈၈ မှာတော့ ကိုတိုးနဲ့ ကျွန်တော် အတန်းတူသွားကြရော။  သမိုင်းနောက်ဆုံးနှစ်။  အဲဒီနှစ်မှာ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်တော့တာပါပဲ။  ဂစ်တာလေးရဲ့ တလျှောက်လုံး အဖိနှိပ်ခံရမှု လမ်းသူရဲ သီချင်းဆိုပြီး တဘဝလုံး အနှိမ်ခံ အစော်ကားခံနေရတာတွေဟာ ပွင့်အံပေါက်ကွဲထွက်ပြီး ရှစ်လေးလုံးရဲ့ တိုက်ပွဲဝင် ခေတ်သစ်ကမ္ဘာမကြေ သီချင်းအဖြစ် ဂစ်တာဟာ အောင်ပွဲခံကာ သမိုင်းဝင် ဂုဏ်ရောင်ပြောင်ခဲ့ပါပြီ။

၁၉၈၉ ကျွန်တော်က အိုးဖို ဘဝတက္ကသိုလ်မှာ မာစတာတန်း တက်ဖြစ်တယ်။  ၂၀၀၅ ကျွန်တော်ထွက်လာတော့ စာပေးစာယူသင်တန်းက မရှိတော့ပြန်ဘူး။  အဝေးသင် တက္ကသိုလ်ဆိုတာ ဖြစ်သွားပြန်ပြီ။  ကျွန်တော်လည်း စိတ်မပါတော့လို့ ကျောင်းဆက်မတက်ဖြစ်တော့ဘူး။  အဲဒီတော့မှ ၁၉၆၈ ခုနှစ်လောက်က ကျွန်တော့်ဒေါ်လေး ဒေါ်သန်းသန်းဌေး(ဇင်ယော်ကိုယ်ပိုင်ကျောင်း၊ ကမာရွတ်) က ကျွန်တော့်ကို လက္ခဏာကြည့်ပေးပြီး ပညာရေး ဆုံးခန်းမတိုင်ဘူးလို့ ဟောခဲ့တာ သွားသတိရမိတယ်။

ကျွန်တော်ထွက်လာတော့ ကိုတိုးက ရန်ကုန် ပြောင်းသွားတာနဲ့ လူချင်းမဆုံဖြစ်တော့ဘူး။  တလေကမှ ကိုတိုးဇနီး မဝေကို ကိုတိုးကျောင်းပြီး သွားလား မှတ်မှတ်ရရ မေးမိတယ်။ ကိုတိုးလည်း ကျွန်တော့်လိုများ လက္ခဏာ အဟောခံရဘူးသလား မှ မသိ။

၂၆ - ၈ -၈၈ မန္တလေးမြို့နယ်လုံးဆိုင်ရာ သပိတ်တပ်ပေါင်းစု အဖွဲ့ချုပ်ကြီးက သပိတ်ညီလာခံကို မန္တလေးတောင် ခြေ ရာပြည့်ကွင်းမှာ ကျင်းပပါတယ်။  မြို့ပေါ် သပိတ်စစ်ကြောင်းအားလုံး  နီးစပ်ရာ မြို့နယ်တွေက သပိတ်စစ်ကြောင်းတွေပါ ချိတက်လာကြလို့ မြို့ပြည့်ကွင်းလုံးလျှံ လူအုပ်ကြီးပါ။  ကြွေးကြော်သံတွေကလည်း မိုးပြိုခမန်း။  ပွဲပြီးလို့ ကျွန်တော်တို့ ရှေ့နေစစ်ကြောင်းက ရှေ့ကျုံးလမ်းကနေ ဘီလမ်း၊ အဲဒီကမှ မင်္ဂလာလမ်း အတိုင်း ပြန်လာကြပါတယ်။  ရှေနေစစ်ကြောင်းရဲ့နောက် မလှမ်းမကမ်းမှာ စီးနေကျ စက်ဘီးလေးကို တွန်းလို့၊ လွယ်နေကျ လွယ်အိတ်ကလေးကို လွယ်လို့ တပ်နေကျ နေကာမျက်မှန်လေးကိုတပ်လို့ ၇ှည်နေကျ ဆံပင်တွေကလည်း ရှည်လို့ လွယ်အိတ်ထဲ လက်နှိုက်ပြီး လျှောက်လာတဲ့ ကိုတိုးကို မြင်လိုက်တယ်။  ဒါနဲ့ ကျွန်တော်လည်း ကိုတိုးဆီ သွားနှုတ်ဆက်တော့ အသံတွေ လိုချင်လို့ ကက်ဆက်နဲ့ လိုက်ဖမ်းနေတာတဲ့။  အသံ specialist တယောက်အနေနဲ့ သမိုင်းဝင် ၇ှားပါးအသံမျိုးကို လက်လွတ်ခံလို့ ဘယ်ဖြစ်ပါ့မလဲ။

သင်္ခါရကို အစဉ်ထာဝရ မမှတ်ထင်ပေမယ့် အဲဒီနေ့ကတော့ ကိုတိုးကို နောက်ဆုံး တွေ့ခြင်းပဲလို့ မထင်မိရိုး အမှန်ပါ။  ဘာပဲ ဖြစ်ဖြစ်ပါ။ ဘယ်မှာ မွေးမွေး ကိုတိုးဟာ မန္တလေးသားပါ။  မြို့မငြိမ်းရဲ့ သားမြေးပီပီ လူသာသေပေမယ့် နာမည်မသေပါဘူး။  အနုပညာဟာ ဆက်လက်ရှင်သန်ပြီး လူငယ်တွေအတွက် စိတ်ဓါတ်ခါန်အား ဆက်လက်ပေးနေဦးမှာပါ။  အောင်မြင်နေတဲ့ အချိန်မှာ ကွယ်လွန်သွားတာကတော့ ဘဝကို အနိုင်နဲ့ ပိုင်းသွားတာပါပဲ။

လွမ်းတယ် ကိုတိုးရယ်..

ကိုတိုးလေးစားတဲ့ အစ်မကြီးကလည်း ကိုတိုး အလေးထားခဲ့တဲ့ ခွန်အားဖြည့်မိငယ်ကို လူထုကြီးနဲ့ သံပြိုင်ဟစ်ကြွေး သီဆိုကြရင်း ခွန်အားတွေ ပြည့်သွားရပြီ။  ခွန်အားပြည့်မိငယ်ဟာ လူထုသီချင်း ဖြစ်သွားရပြီ။  ကိုတိုးပြုခဲ့တဲ့ ကုသိုလ်အဝဝအတွက် သာဓုခေါ်လိုက်ပါတယ်။

အရှုံးမပေးနဲ့ မိငယ်ရေ
ရဲရင့်မှ ကျော်ဖြတ်သွား
အများအကျိုးအတွက် တာဝန်ထမ်း၇ွက်တဲ့အခါ
တကယ်ကိုယ်ကျိုးစွန့်နိုင်မှ………..။

ကိုတင်အေးကြူ
၂၂ - ၈ - ၂၀၁၃