ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်
ဂီတမှာ
လူမျိုးကန့်သတ်ချက်မရှိဘူး….။.
[သမဂ္ဂလက်ဖက်ရည်ဆိုင်မှာ
ကိုဗဟိန်းက ဒဂုန်တာရာကို ပြောတဲ့စကား]
ကုန်းဘောင်ခေတ်၊
ဘကြီးတော်ဘုရားလက်ထက်၊ ပြင်စည်မင်းသားကြီးတို့ ခေတ်ကတည်းက ယိုးဒယား(ထိုင်း)
သံစဉ်ကို ဘုရင့်အမိန့်နဲ့ ဗမာစာ သွင်းဆိုခဲ့ဖူးတဲ့ ဗမာကော်ပီခေတ် စခဲ့တာကို မသိ၊
ဗမာ့ရိုးရာဂီတရဲ့ အခြေခံ သံစဉ်ဟာ (၇)
သံလား၊ (၅) သံလား မကွဲပြား။ ရိုးရာဂီတနဲ့
နိုင်ငံတကာဂီတ ပေါင်းစပ်ပြီး ဂီတသစ် ဖန်တီးနေကြတဲ့ လူငယ်တွေရဲ့ တိုးတက်မှုကို
နားမလည်။ သစ်ဆွေးတုံးကို ဖက်ပြီး
နိုင်ငံခြား မုန်းတီးမှု အစွဲအလမ်းကြီး သူများက ဂစ်တာသီချင်း(စတီရီယိုသီချင်း) ကို
လမ်းသရဲသီချင်း ဆိုပြီး အပြတ်နှိပ်ကွပ် ခဲ့ကြတယ်။
ကိုတိုးလည်း
အဲဒီဒဏ်ကို အလူးအလဲ ခံရတာပါ။
မပွင့်ပန်း။ တေးမြုံငှက်။ ၇၄ အခြေခံဥပဒေ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုမှာ အောင်ကိုလတ်
ရဲ့ "မဲရုံဆီသွားကြစို့" သီချင်းကြောင့် ဂစ်တာရဲ့ အသုံးဝင်ပုံကို
သိသွားပြီး အသုံးချလို့ အားရမှ စတီရီယိုလောကဟာ အတန်ငယ် အသက်ရှူချောင်လာတာပါ။
၆၂
ဗိုလ်နေဝင်း တက်လာပြီး ၄ လအကြာမှာ ကျောင်းသား တရာ ကျော်ကို သေနတ်နဲ့ ပစ်သတ်၊ တကသ
ကို ဗုံးခွဲနဲ့ ရက်ရက်စက်စက် အကြမ်းဖက်ပစ်လိုက်တာ လူငယ်တွေကို ဓါတ်ကူးသွားရော့သလား။ ရန်ကုန်မှာ လမ်းသရဲဂိုဏ်းတွေ
ပေါ်လာတော့တာပဲ။ စိန်ဂေါ်လီ၊ မီးအိမ်နီ၊
ဖူမန်ချူး။ နိုင်ငံရေး မလုပ်ပြီးရော။
လူငယ်တွေရဲ့
အကြမ်းဖက် မုန်ယိုမှုကို ထိမ်းသိမ်းပေးပြီး အေးငြိမ်းသွားစေတာကတော့ မူးယစ်ဆေးပါပဲ။
သူပုန်ရန် ကာကွယ်ဖို့ ဆိုပြီး ဗိုလ်နေဝင်း ဖွဲ့ပေးထားတဲ့ ကာကွယ်ရေး အဖွဲ့တွေရဲ့
ထုတ်ကုန်ပစ္စည်း။ ဘေးထွက်ဆိုးကျိုး။ လူငယ်တွေ နိုင်ငံရေး မလုပ်ရင်ပြီးရော။
လမ်းသူရဲခေတ်၊
ဆေးခေတ်။ လူငယ်ဆိုတာ အမြဲတမ်းတော့ အနာဂါတ်
ပျောက်မနေပါဘူး။ လှည့်စားလို့ ရလည်း
ခဏပေါ့။ နောက်တော့ ၆၉ ကျွန်းဆွယ်၊ ၇၀
ရွှေရတု၊ ၇၄ - ၇၅ - ၇၆ သပိတ်တွေနဲ့ ကျောင်းသား လူငယ်တွေက နိုင်ငံရေး
တိုင်ပြုပြည်ပြု လမ်းမှန်ကို ပြန်ရောက်တာပါပဲ။
ကိုတိုးတို့
ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ တက္ကသိုလ်ဘဝဟာ လမ်းသူရဲခေတ်အလွန်၊
ဆေးခေတ်နှောင်းပိုင်း၊ နိုင်ငံရေးခေတ်၊ သပိတ်ခေတ်။
ကိုတိုးဟာ
ညဖက် ဂစ်တာ တီးရင် များသောအားဖြင့် RIT ဝင်းထဲမှာပဲ တီးလေ့ရှိပြီး တခါတရံမှ
သမိုင်းဝင်းထဲ Main ထဲ သွားပါတယ်။ အဲဒီလို
ကျောင်းပြင်ထွက်ရရင် ကျွန်တော်တို့ လွယ်အိတ်တွေထဲမှာ ဓါး၊ ရဲဒင်း၊ ချိန်းကြိုး၊
နာ၊ ကျလင်၊ မား အပြည့်အစုံ ပါကြတယ်။
ကိုတိုးလက်စွဲက သံအရိုးတပ် ရဲဒင်းလေး တောင်ဆုပ်လောက်။ လမ်းသူ၇ဲခေတ်၊ ဆေးခေတ်ရဲ့ စရိုက်
အကြွင်းအကျန်။ လမ်းမှာ ပတ်ကင်း ၇ဲကားနဲ့
တွေ့ရင်လည်း ကျောင်းသားတွေမှန်း သိနေလို့ ပြဿနာ မရှာကြဘူး။ ကိုတိုးနေတဲ့ ဒေါ်ကြည်ကြည်ဆောင်မှာ
ဂျင်ဝိုင်းလာဖမ်း တော့လည်း ကျောင်းသားကဒ် ရှိတဲ့လူကို ဘေးဖယ်ချန်ထားပြီး
အရပ်သားတွေကို ဖမ်းသွားကြတာပဲ။ ကျောင်းသားတွေ
နိုင်ငံရေးမလုပ်ရင် ပြီးရော။
သမိုင်းဝင်းထဲက
သဇင်တို့ နှင်းဆီတို့မှာ တီးမယ်ဆိုရင် ကျွန်တော်တို့ အုပ်ထက် Eco အုပ်က စောရာက်နေပြီ။ ကြိုတီးနှင့်နေပြီ။ ကိုဟန်မြတ်မော်၊ ကိုသိန်းလှမောင်၊
ကိုသက်တင်တို့ရဲ့ မယ်ဒလင် တယောဝိုင်း နဲ့ ဗမာသံ မိုနို အုပ်စု။ အဲဒီလို ထိပ်တိုက်တွေ့ကြရင်တော့
ကျွန်တော်တို့လည်း ခပ်လှမ်းလှမ်းကနေ အဟော့ဆုံး၊ အအော်ရဆုံး သီချင်းတပုဒ်ကို
ကိုကျော်စိုးဝင်း၊ ကိုမောင်မောင်(အဉ္စလီ)၊ ကိုမောင်မောင်အေး(နေပြည်တော်) နဲ့
ကျွန်တော်တို့ ပေါင်းပြီး အသံပြဲကြီးတွေနဲ့ ဝိုင်းဟဲကြတော့တာပဲ။ များသောအားဖြင့် ကိုနေဝင်းရေးတဲ့ သားလေးသိဖို့
ပုံပြေမယ် (Mid Night Special) သီချင်း ဆိုဖြစ်ကြတယ်။ ဘာပြောကောင်းမလဲ ဖီလင်ပဲ၊ ညုတင်သမားတွေလည်း
ဓါတ်ပျက်၊ ဖီးအောက်ကုန်ပြီး ဒဏ်မခံနိုင်တော့ဘဲ လစ်ပြေးကြရတာပါပဲ။ အဲဒိတော့မှ ကိုတိုးကြီးကို ပွဲထုတ်ရပါတယ်။
ကိုတိုးကြီး
ဆိုမှဖြင့် အဆောင်ပေါ်က ကျောင်းသူတွေ ဆိုတာ မပြောနဲ့ အပြင်မှာကို လာနားထောင်ကြတဲ့
ကျောင်းသားတွေက တအုံတမကြီး။ အဲဒီထဲကမှ
အဆိုတော် ဖြစ်သွားသူတွေလည်း ရှိရဲ့။
ညစောင့် ဦးလေးကြီးလည်း ကောင်းကောင်းမနေရ။
အဆောင်ပေါ်က မုန့်တွေ ရေတွေ Request စာတွေ ယူလာလိုက်ရ။ တီးဝိုင်းက လူကို ခေါ်ပြီး ပေးရ။ ခေါက်တုံ့ ခေါက်ပြန်။ အချစ်တံတားခင်းပေးသူ ငအေးကတော့
"ဒို့ချည်းစားလို့ မကုန်တဲ့ အတူတူ မနက်ကျရင် ကျောင်းမုန့်ဆိုင်မှာ
ပြန်သွင်းကြတာပေါ့.." တဲ့။
တင့်အောင်တို့၊ ငပွေးတို့၊ ဂွတိုတို့၊ စံအွတ်တို့ကလည်း ပျော်လို့။ တီးဝိုင်းသိမ်းပြီး ပြန်တော့မယ် ဆိုရင်တော့
နောက်ဆုံးတပုဒ်အနေနဲ့ မြနန္ဒာ သီချင်းကို သံပြိုင်ဆိုပြီး နှုတ်ဆက်ကာ
ပြန်လေ့ရှိကြတယ်။ အဲဒါကြောင့်
အဆောင်ကျောင်းသူတွေက ကိုတိုး၇ဲ့ အဖွဲ့ကို "မြနန္ဒာအုပ်စု" ရယ်လို့
နာမည်ပေးထားကြပြီး ဝတ္ထုထဲမှာတောင် ထည့်ရေးဘူးပါတယ်။
ကျောင်းကို
ပြန်ကြရင်တော့ မောမောပန်းပန်းနဲ့ သမိုင်းလမ်းဆုံက အလင်းဆိုင်မှာ
ဝင်စားဖြစ်ကြတယ်။ ပိုက်ဆံမလောက်လည်း
ကျောင်းသားကဒ် ပေးထားခဲ့ရတာပေါ့။
အဆင်ပြေပါတယ်။ ကြာလာတော့ ဆိုင်ရှင်
မွတ်တားဘိုင်က တောင်းပန်ပြီး သူ့ ကောင်တာ အံဆွဲကို ဖွင့်ပြရှာတယ်။ ကျောင်းသားကဒ်တွေမှ တပုံကြီး။
ကိုတိုးဟာ
The Beatles ကို crazy ဖြစ်သူပါ။ ဂီတ ပါရမီ ရှင်ပါ။ အသံကို နိုင်နင်း နားလည်တယ်။ ကျောင်းဆောင်ခန်းထဲမှာ ဂစ်တာတီးတာတောင်မှ
စားပွဲအံဆွဲထဲက ပစ္စည်းတွေကို ထုတ် ဂစ်တာအိုးကို စားပွဲခုံနဲ့ ထိပြီးမှ
တီးတတ်တယ်။ သံစဉ်က ပိုလှ
ပိုကောင်းလာတယ်။ RIT ဝင်းထဲမှာ အများဆုံး
တီးဖြစ်တဲ့ နေရာကတော့ သတ္တုဗေဒ အင်ဂျင်နီယာအဆောက်အဦ (Building 3) မှာပဲ။ B.3 ရဲ့ အနောက်လက်မှာ အမိုးပိတ်ကွန်ကရိ နဲ့
Hall တနေရာ ရှိတယ်။ အဲဒီနေရာမှာ တီးတဲ့
ဂစ်တာသံ ဆိုတဲ့ သီချင်းသံဟာ ကွင်းပြင်မှာ ဆိုတာ တီးတာနဲ့ မတူဘူး။ အသံထွက်ကောင်းပြီး အရမ်းသာယာတယ်။ ကိုတိုးက အဲဒီလို နေရာရွေးပြီးမှ တီးလေ့ရှိတယ်။
ကျောင်းဝင်းထဲက
နွေးအေးလို အောင်သိပ္ပံလို စားသောက်ဆိုင်တွေမှာ ထိုင်ဖြစ်ကြလို့ B.B.S English
Programme, Local Talent, Request, Lunch Time music, Portfolio Listening တွေ
လာနေတာနဲ့ ကြုံရင် သီချင်းနားထောင်ရင်းက တခါတည်း chord တွေကို လက်တမ်းချရေးနေတော့တာပဲ။ အဆောင်ပြန်ရောက်ရင် စောစောက သီချင်းကို
ချက်ချင်း ပြန်တီးနိုင်လောက်အောင်ကို အသံကျက်မိ နားပါးတယ်။
အဲဒီကာလက
အနောက်တိုင်းသီချင်းတွေကို လိုက်တီးနိုင်ဖို့ ဆိုတာ ဗမာပြည်မှာ chord စုံစုံလင်လင်
မရှိကြဘူး။ ကိုယ့်ဖာသာ နီးစပ်ရာ
အသံရှာပြီး တီးနေကြရတာ။ သူငယ်ချင်း
စိုးရန်(ဘိတ်သား၊ တောခိုကျဆုံး) က ဂစ်တာကို ကြိုးမချိန်းပဲ ဘယ်လက်နဲ့ တီးခတ်ပြီး၊
အသံမှန်ရအောင် စွမ်းနိုင်သူပါ။ တခါတခါ
ကိုတိုးက စိုးရန် လက်ကွက်ကို မှတ်ထားပြီး ညာလက်နဲ့ ပြန်ပြောင်း တီးရတယ်။ ဖလှယ်ကြရတယ်။
ကျေးဇူးတင်တယ်
ကမ္ဘာကြီးရယ် ဆိုတဲ့ စီးရီးကို ပြသနာအုပ်စုရယ်လို့ တီးဝိုင်း နာမည်ခံပြီး
ထုတ်ခဲ့တယ်။ အဲဒီကာလက သီချင်းခွေတွေဟာ
သီချင်းစာအုပ်နဲ့ တွဲပြီးထုတ်တဲ့ ဖြန့်ချိတဲ့ ခေတ်မဟုတ်သေးဘူး။ ၄ - ၅ - ၁၀ ခွေ စုပြီးတော့မှ ဇော်မင်းက
ဂစ်တာဥယျာဉ်ဆိုပြီး သီချင်းစာအုပ်တွေ စီးရီးလိုက် ထုတ်တယ်။ ဂစ်တာဥယျာဉ် အမှတ် (၇) (နွဲယဉ်ဝင်းကာဗာနဲ့) မှာ
ကျေးဇူးတင်တယ် တခွေလုံးက သီချင်းစာသားတွေ ပါဖူးတယ်။ အဲဒီကတည်းက ၇၂ - ၇၃ စပြီး ပေါက်ထွက်တဲ့
သီချင်းကတော့ မျက်သွယ်။ RIT မှာတော့ စာသား
မောင်စိန်ဝင်း (ပုတီးကုန်း) သံစဉ် တင်မောင်လှိုင်၊ အဆိုတော် ခင်မောင်တိုး
ပါပဲ။ အဲဒီအခွေဟာ copy နဲ့ own tune ရောထားတဲ့ အခွေပါ။ ကိုတိုးရဲ့ အခွေဟာ တက္ကသိုလ်လောကမှာတော့
အရမ်းကို အောင်မြင်ခဲ့ပါတယ်။ RIT
ဂစ်တာသမားတိုင်း သူ့ သီချင်းတွေ တီးကြ၊ ဆိုကြ လက်ဆင့်ကမ်းကြ။
တနှစ်သား
ရန်ကုန်တန်ဆောင်တိုင် ပွဲညမှာ ကိုတိုးနဲ့ အတူတူ လျှောက်လည်ကြတယ်။ ညဥ့်နက်လာမှ ကျောင်းပြန်ကြဖို့ ကိုရဲကြီးကို
သွားပြီး စောင့်ခေါ်ကြတယ်။ အဲဒီကာလက
ကိုရဲလွင်ဟာ E. Machine မှာ Bass တီးတယ်။
ခရစ်လမ်းက စင်မှာ။ ကျွန်တော်တို့
အဖွဲ့ စင်ထောင့်ကနေ Stage show ကြည့်နေတုန်းခဏ ကိုဇော်က မျက်သွယ်သီချင်းကို
စင်ပေါ်မှာ ကော့ကော်ကန်ကားနဲ့ ဆိုပါလေရော။
ကို၇ဲကြီးလည်း မအီမသာနဲ့ ဘေ့စ်တီးရင်း စင်ထောင့်က ကျွန်တော်တို့ အုပ်ကို
မဲ့ပြတယ်။ စင်အောက်ကနေ ပွဲကြည့်ပရိသတ်ဘဝ
ကိုတိုးကြီး အနေနဲ့ ဘယ်လို ခံစားနေရ ရှာမလဲ။
ဂီတကလွဲရင်
ဘာကိုမှ အဓိက မထားတဲ့ ပါရမီရှင်တယောက်တောင်မှ ဝီရိယရှိရှိ တစိုက်မတ်မတ်
ဇွဲမလျှော့ပဲ ကြိုးစားခဲ့ရတာ အောင်မြင်ဖို့ရာ ဆယ်စုနှစ် တစုကျော် ကြာပါတယ်။ ဂီတချစ်သူ လူငယ်တွေအတွက် မှီငြမ်းကိုးကား အားကျ
အတုယူစရာ ခင်မောင်တိုး အဘိဓမ္မာပါ။
ကျွန်တော်တို့ ကိုတိုးရဲ့ သီချင်းတွေကို ဘာကြောင့်
ကြိုက်ခဲ့ကြတာလဲ။ အဲဒီကာလ ၇၀ ပြည့်လွန်
နှစ်များအထိ ဗမာပြည်မှာ ယောက်ျားလေးဆိုခဲ့သမျှ အချစ်၊ အသဲကွဲ အားလုံးနီးပါးဟာ
ယောက်ျားမာန၊ ယောက်ျားသိက္ခာမဲ့၊ ယောက်ျားရင့်မကြီးက ငိုလိုငို တောင်းပန်
ခြေသလုံးဖက်၊ သနားစိတ်နဲ့ ချစ်စမ်းပါကွယ် ပျော့ညံ့ညံ့တွေချည်း။
ကိုတိုးကတော့
"ချစ်ပြီးမှ
မုန်းမေ့တတ်တဲ့ မင်းကိုလေး..
ကိုယ့်ရင်မှာ..
မကြင်နာ.. အစဉ်သာ.. မုန်းပစ်လိုက်မယ်။
နောင်
နောင်ခါ.. ပြန်လည်ကြုံဆုံတွေ့ရလည်း ရှောင်မယ်..
ကိုယ့်အသဲကို
နုနုလေးလို့ မင်းထင်သလား..
မှားလိမ့်မယ်..
ငိုတယ်ဆိုတာ.. ပျော့ညံ့လွန်းတယ်..
ဒီကမ္ဘာမှာ..
ကြည့်စရာ.. မင်းထက်ချောတဲ့ လှတဲ့သူ..
ကိုယ်လိုက်ရှာမယ်..
တွေ့ပြန်ရင်ကွယ် မင်းရှေ့က တွဲလျှောက်ပြမယ်….
မငိုနဲ့
နော်ကွယ်"
လူငယ်တွေက
ဒါမျိုး ကြိုက်တာ။
"လူကို
မုန်းလိုက်ပါလား.. သက်ဆိုင်သူများ.. ဟေ့..
မထိတထိ
လုပ်ပုံလေးက.. ကိုယ့်ရင်မမှာ အားမရ…
ရင်ထဲက
ချစ်ချင် ချစ်လိုက်.. ဒါမှမဟုတ် မုန်းချင် မုန်းလိုက်..
ကိုယ်ကြိုက်တဲ့
လမ်းကိုသွား.. ပြတ်ပြတ်သားသား..
မကြည်လည်း
ဘာတတ်နိုင်မလဲ.. မင်းတို့ သဘော
ကိုယ့်အသဲက
မေ့လွယ်ပျောက်လွယ်… အဲဒိတော့"
ရင်ဘတ်ကြီးကို
ပြတ်ပြတ်သားသား ဒက်ကနဲ ထိတဲ့ သီချင်း။
လက်တွေ့စမ်းသပ်ခန်းထဲက
ရင်အခွဲခံထားရတဲ့ ဖားကလေးတွေလို စမ်းသပ်ခံ ပညာရေးစနစ်အောက်မှာ ကျွန်တော်တို့
ကျောင်းသားတွေလည်း အတုန်းအရုန်း။ လေးဘက်သွား
မတတ်ခင် လမ်းလျှောက် သင်နေရတော့ ခဏခဏ လဲ
နည်းတောင် နည်းပါသေးတယ်။
ကိုတိုးလည်း
RIT မှာ ကျောင်းခေါ်ချိန် ၇၅% မပြည့်လို့ စာမေးပွဲ အချခံရပြီး၊ သုံးခါကျနဲ့
ကျောင်းထုတ်ခံရတယ်။ ကျွန်တော်နဲ့
ဝင်းမင်းထွေးလည်း 3F။ ကျောင်းသားတွေကို
ကျပ်ဖို့ ပေါ်လာတဲ့ ၃ ခါကျ စနစ်၊ ၅၀% ကျောင်းထုတ်၊ ၇၅ % တနှစ်ချ၊ ဆိုတဲ့
စနစ်ဆိုးကြီးတွေကို "
ဒီချောက်ကမ်းပါး" ဆိုတဲ့ သီချင်းနဲ့
ကိုတိုး ခံစားတုံ့ပြန် ဆန့်ကျင် ပြခဲ့တယ်။
ကော်ပီပါ။ (စိုးပိုင်ကလည်း
အဲဒီသံစဉ်အလိုက် မငြိမ်းချမ်းတဲ့ မောင်ငြိမ်းချမ်း လို့ ဆိုဘူးတယ်) ။ ကျောင်းသားထုကြားမှာတော့
ဒီချောက်ကမ်းပါးကို ခံပြင်း ခံစားရပါတယ်။
ကိုတိုးလည်း ၇၅% RIT က Out ၊ အင်းစိန် GTI ကိုတက်။ အဲဒီမှာလည်း ၅၀% ထိတယ်
လို့ ကြားမိတယ်။ ဒီချောက်ကမ်းပါးကြီးရဲ့
ဒဏ်ကို ကျောင်းသား တော်တော်များများ အလူးအလဲ လှိမ့်ခံနေရတာ ကနေ့ထိပါပဲ ကိုတိုးရေ။
၁၉၇၄
မှာ ကျွန်တော်လည်း RIT က Out ခဲ့ပြီး တံတားဦးမှာ ကွမ်းနုဝါစာပေဆက်ဆံရေး
စာအုပ်အငှားဆိုင်လေး ဖွင့်ဖြစ်တယ်။
မန္တလေးတက္ကသိုလ် ပြင်ပဝိဇ္ဇာ သမိုင်းပထမနှစ်ကို ဖြေဖြစ်တယ်။ အဲဒီမှာ ကိုတိုးကြီးနဲ့ ဆုံတာပဲ။ အဲဒီနှစ်က နှစ်ယောက်စလုံး စာမေးပွဲအောင်ပြီး
သူက တတိယနှစ် ကျွန်တော်က ဒုတိယနှစ်တက်။
၁၉၇၆၊
မတ်လ ၂၂ ရက်နေ့ည။ RIT ရဲ့ D43 အခန်း။ ကျွန်တော်၊ ဝင်းမင်းထွေး၊
ကိုမောင်မောင်(အဉ္စလီ) တို့က အခန်းပြတင်းတွေကို အထဲက စောင်နဲ့ ကာပိတ်ပြီး အထဲမှာ
မှိုင်းရာပြည့် သပိတ်အတွက် ပိုစတာတွေ၊ ကြေညာချက်တွေ ရေးကြရတယ်။ ကိုတိုးက အပြင်ကနေ အခန်းတံခါးကို
သော့ခတ်ပိတ်ပေးထားပြီး အခန်းရှေ့ ကော်ရစ်ဒါမှာ ကိုရဲလွင်၊ ကိုနေဝင်း၊
ချစ်ကိုလေးတို့နဲ့ ဝိုင်းဖွဲ့ပြီး ဂစ်တာ တီးပေးနေကြတယ်။ ကိုနေဝင်း တကိုယ်တော် အားလုံးကို ကျော်ဖြတ်ရမယ်
စီးရီးအတွက် သီချင်းတိုက်နေကြတာပါ။
လာနားထောင်ကြတဲ့ ကျောင်းသားတွေကလည်း ကော်ရစ်ဒါအပြည့်။ သတင်းပေးနဲ့ ဆရာတွေ
ဝင်လို့ မရတော့ဘူးပေါ့။ ကျွန်တော်တို့လည်း
စိတ်ချ လက်ချ လုံလုံခြုံခြုံ အလုပ်လုပ်နိုင်ခဲ့ကြပါတယ်။
ကျွန်တော်
ပြင်ပဝိဇ္ဇာ သမိုင်းဒုတိယနှစ်မှာ ၇၆ မှိုင်းရာပြည့် သပိတ်နဲ့ အင်းစိန်တောရမှာ
စခန်းဝင်သွားရပါတယ်။ တက္ကသိုလ်ပညာရေးနဲ့ ၎
နှစ်လောက် အဆက်ပြတ်သွားပြီး ၈၀ လွတ်ငြိမ်းချမ်းသာခွင့်ကို ခံစားလွတ်မြောက်ခဲ့
ရတယ်။ လွတ်လာတော့ ပြင်ပဝိဇ္ဇာဆိုတဲ့
ပညာရေးစနစ်က မရှိတော့ ပြန်ဘူး။
တက္ကသိုလ်စာပေးစာယူ ဆိုတာကြီး ပေါ်နေပြီ။
ပြင်ပဝိဇ္ဇာက အပြင်မှာ ကိုယ့်ဖာသာ စာကိုလေ့လာ၊ စာမေးပွဲအချိန်ကျမှ
သွားဖြေလိုက်ရုံပဲ။ စာပေးစာယူက ကျတော့
အနီးကပ်ဆိုတာ တက်ရသေးတယ်။ ကျွန်တော်လည်း
စာပေးစာယူသင်တန်းကို ဝင်ခွင့်လျှောက်လိုက်တာ သမိုင်းပထမနှစ်ကပဲ ပြန်နေခွင့်ရလို့
တတန်းလျော့ပြီး အစက ပြန်သင်ရပါတယ်။
အနီးကပ်တက်တော့ ကိုတိုးကြီးနဲ့ ပြန်တွေ့ပြန်ရော။ သူလည်း ပြင်ပဝိဇ္ဇာဘွဲ့ကို မယူလိုက်ရဘူး။ အခု သမိုင်း ဒုတိယနှစ်။ ကျွန်တော့်ထက် တတန်းကြီး။ အဲဒီနှစ်က နှစ်ယောက်စလုံး စာမေးပွဲအောင်ကြပြီး
တတန်းစီ တက်သွားကြတယ်။ ကျွန်တော်က
ဒုတိယနှစ် ကိုတိုးက တတိယနှစ်။
ကျွန်တော့်အမေ
ပြောဖူးသလိုပဲ။ မင်းတို့ကွာ အစိုးရစစ်
ဆယ်တန်းရိပ်မကြီးတောင် အောင်အောင် ဖြေခဲ့ကြသေးတာ။
ကျောင်းစစ်တက္ကသိုလ် စာမေးပွဲလေးများ စိတ်ပါရင် အောင်ဖြစ်ပါတယ်တဲ့။ ကိုတိုးလည်း တာဝန်အရသာ ဖြေနေရတဲ့ ပညာရေးက
ကမောက်ကမ ဖြစ်နေပေမယ့် ဝါသနာအရ ကြိုးစားခဲ့တဲ့ အနုပညာ မှာတော့ အောင်မြင်ဖို့ အချိန်ကျလာပါပြီ။ အဲဒီကာလက "အဉ္စလီအတွက် ဂီတသ္စလီ"
ထွက်ပြီး "ဝိုင်းရဲ့ဆည်းဆာ" နဲ့ စပေါက်တဲ့ အချိန်။
ကိုတိုးဟာ
"ပြဿနာအုပ်စု" ရဲ့ ကော်ပီနဲ့ ကိုယ်ပိုင်သံစသ်အရောမှာတင် တန့်မနေပဲ
"လိစ္ဆဝီများ" အထိ ကိုယ်ပိုင်သံစဉ်သန့်သန့် ကြိုးစားခဲ့ပါတယ်။ အဲဒီနောက်တော့ စိတ်တူကိုယ်တူ ခံစားချက်တူ
ဂီတတပ်မက်သူ လူငယ်တွေ စုစည်း ခွန်အားဖြည့်မိကြပြီး "မဇ္ဈိမလှိုင်း" အလံတော်ကို အောင်အောင်မြင်မြင် စိုက်ထူခဲ့ကာ
ဂန္ထဝင် သစ် ဂီတ တောင်ကုန်းကို သိမ်းပိုက်နိုင်ခဲ့ကြတယ်။
နိုင်ငံတကာ
ဂီတကို မပစ်ပယ်။ ဒါပေမယ့် ပုံတူ မကူး၊
ရိုးရာဂီတကို မဆန့်ကျင်၊ သို့သော် လမ်းရိုးဟောင်းအတိုင်း မလိုက်။ အရိုးလည်း ခိုင်စေ၊ အရွက်လည်း လှိုင်စေ။ အရိုးကိုလည်း အရွက်မဖုံးစေရ။ အရိုးကြောင့်လည်း အရွက်မတုံးစေရ။ ရိုးရာဂီတနဲ့ နိုင်ငံတကာ ဂီတကို မျှမျှတတ
ပေါင်းစပ်နိုင်ပြီး ဂီတသစ်တရပ် စိတ်ကူးဖွဲ့နွဲ့ အောင်မြင်စွာ
မွေးဖွားပေးခဲ့ကြတယ်။ နိုင်ငံဂီတလောကကို
ခေါင်းမော့ဝင်နိုင်မယ့် မဇ္ဈိမလှိုင်း။
ခံစားချက် အသစ်၊ ရင်ခုန်သံအသစ်၊ စိတ်ကူးအသစ၊် ကဗျာအသစ်၊ သံစဉ်အသစ်၊
ဂီတအသစ်။
ကိုတိုး
အောင်မြင်လာတော့ ထုံးစံအတိုင်း ပါပဲ။
စီးပွါးရေးသမားတွေက အကြံအဖန်နဲ့ အမြတ်ထုတ်ဖို့ စီစဉ်လာကြ တယ်။ စတီရီယို ခေတ်ဦးပိုင်းက ပြဿနာအုပ်စု
ခေါင်းငုံ့ပြီး ဝင်တိုးခဲ့ရတဲ့ သီချင်းခွေတွေကို ဖုတ်ဖက်ခါပြီး ခိုးကူးအဖြစ်
ရာသီပေါ် ထုတ်ရောင်းလာကြတယ်။ ကိုတိုးကတော့
သူ့ရဲ့ စောစောပိုင်း ကော်ပီခွေတွေကို ရှက်လွန်းလို့ တိုင်းပြုပြည်ပြု
စာရေးဆရာကြီးတွေ ကလောင်သက်နုစဉ်ကာလက ရေးခဲ့ဖူးတဲ့ ဆယ်ကျော်သက် အချစ်ဝတ္ထုအကြောင်း
ပြန်ပြောရင် ရှက်နေသလိုမျိုး။
ကိုတိုးကိုယ်တိုင်ကသာ
သူ့ကော်ပီသီချင်းတွေကို ရှက်နေတာ။ အဲဒီ
ခေတ်ကို မီလိုက်တဲ့ ကျွန်တော်တို့ တွေကတော့ စွဲလန်းနေတုန်းပဲ။ တက္ကသိုလ်ဘဝကို ပြန်တွေးမိလိုက်တိုင်း
ကိုတိုးသီချင်းတွေက နောက်ခံဂီတအဖြစ် အသက်ဝင်နေဆဲပါ။ နောက်ပိုင်း မဇ္စျိမလှိုင်း သီချင်းတွေကလည်း တကဏ္ဍ
သပ်သပ်စီပေါ့။ ကိုတိုးရဲ့ ငယ်မူငယ်သွေး
လက်ရာတွေမှာကိုက ကဗျာတပုဒ်လို လှပနေတာ အများကြီး။
အခုအရွယ်နဲ့ ပြန်လည် ညည်းမိရင်တောင် တက္ကသိုလ်ဘဝ ပြန်ရောက်သွားပြီး
နုပျိုလန်းဆန်းသွားသလိုပါပဲ။
"ဤကမ္ဘာမြေပေါ်တွင်
လူမှန်လျှင်
အချစ်နဲ့ ဘယ်မှာလာ ကင်းမလဲကွယ်
ခင်ခင်ရယ်
မောင်ရယ်
နွေရယ်
ဥသြရယ် ဇီဇဝါပန်းများရယ်
စံပယ်ရယ်
မိုးညရယ် ဆောင်းရယ် နှင်းရယ်
ဖန်လာပုံ
မဆန်းလားကွယ် လောကကြီးအလယ်
ကိုယ်ရယ်
မင်းရယ် ဆုံအောင် မွေးဖွားပေးတဲ့ ကမ္ဘာကိုပင်
အထူးပဲ
ကျေးဇူးတင်တယ် ခင်……..။"
(ကျေးဇူးတင်တယ်
ကမ္ဘာကြီးရယ်)
ကိုတိုးက
မဝေနဲ့ ဆုံရအောင် မွေးဖွါးပေးလို့ ကမ္ဘာကြီးကို ကျေးဇူးတင်တယ်။ ကျွန်တော်တို့ကလည်း ကိုတိုးကို မွေးဖွါးပေးလို့
ကိုတိုးနဲ့ ဆုံရလို့ ပြသနာအုပ်စုနဲ့ ဆုံရလို့၊ လိစ္ဆဝီများနဲ့ ဆုံရလို့၊
မဇ္ဈိမလှိုင်းနဲ့ ဆုံရလို့ ကမ္ဘာကြီးကို ကျေးဇူးတင်ရပါတယ်။
ဒီကြားထဲမှာ
ကျွန်တော်က HGP စာမေးပွဲ ဝင်ဖြေလိုက်တာ အောင်သွားလို့ ရှေ့နေ Chamber ဆင်းဖြစ်တယ်။ Chamber Masterေ၇ှ့နေ ဦးစိုးမြင့် (ညွန့်ပေါင်းဈေး) နဲ့ အတူ
မိုးကုတ် ရုံးချိန်းက အပြန် ကားမှောက်လို့ ကျွန်တော့်မှာ ခြေတွေ လက်တွေ
သေသွားတာကြောင့် ဆေးအတော်ကုယူလိုက်ရတယ်။
ကျောင်းနားလိုက်ရ ပြန်ရော။
ကျန်းမာရေးကြောင့် ၂ နှစ်လောက် အနားယူပြီး ဒုတိယနှစ် ပြန်တက်တော့
ကိုတိုးလည်း တတိယနှစ်ပဲ ရှိသေးတယ်။
တတန်းကွာတယ်။ သူကလည်း
မဖြေဖြစ်ပြန်ဘူး။ အဲဒီနှစ်ကတော့
နှစ်ယောက်စလုံး စာမေးပွဲ အောင်ပြီး ကျွန်တော်က တတိယနှစ်၊ သူက စတုတ္ထနှစ်။
နောက်စာသင်နှစ်ကျတော့
ကျတော့လည်း သူနဲ့ ကျွန်တော်က တိုင်ပင်ထားသလား အောက်မေ့ရတယ်။ အရင်အတိုင်ပဲ သူက
စတုတ္ထနှစ်၊ ကျွန်တော်က တတိယနှစ်။
၁၉၈၆
လောက်မှာ စိုးဇော်ရဲ့ မန္တလေးက မြနန္ဒာ စီစဉ်နေတုန်း ကိုတိုးဆီ သီချင်းတောင်းဖို့
သွားဖြစ်ကြတယ်။ သူ့မှာ ရေးပြီးသား
မရှိဘူးတဲ့။ ဒါနဲ့ ကော်ပီ
သီချင်းဟောင်းတွေ ပေးဖို့ ပြောတော့လည်း သူ့မှာ လုပ်စရာ ရှိသေးလို့ ပါဆိုပြီး
ငြင်းလိုက်ပြန်တယ်။ သူ့ ငယ်သီချင်းတွေကို
သူများပြန်ဆိုမှာတောင် ရှက်နေပုံ ရပါတယ်။
ဇော်မျိုးထွတ်ကတော့ ကိုတိုးဘဝကို အရမ်း အားကျတာ။ ကိုယ်ပိုင် စီးပွါးရေးက သပ်သပ်၊ ဝါသနာ
ဂီတအလုပ်က သပ်သပ် မပူပင်ရ လွတ်လပ်လို့တဲ့။
သူကတော့ ဂီတနဲ့ပဲ အသက်မွေးဝမ်းကျောင်းနေရတော့ ခက်ခဲ ကြမ်းရှမှုကို
ငြီးတွားရှာတယ်။
၁၉၈၈
မှာတော့ ကိုတိုးနဲ့ ကျွန်တော် အတန်းတူသွားကြရော။
သမိုင်းနောက်ဆုံးနှစ်။ အဲဒီနှစ်မှာ
ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်တော့တာပါပဲ။
ဂစ်တာလေးရဲ့ တလျှောက်လုံး အဖိနှိပ်ခံရမှု လမ်းသူရဲ သီချင်းဆိုပြီး တဘဝလုံး
အနှိမ်ခံ အစော်ကားခံနေရတာတွေဟာ ပွင့်အံပေါက်ကွဲထွက်ပြီး ရှစ်လေးလုံးရဲ့
တိုက်ပွဲဝင် ခေတ်သစ်ကမ္ဘာမကြေ သီချင်းအဖြစ် ဂစ်တာဟာ အောင်ပွဲခံကာ သမိုင်းဝင်
ဂုဏ်ရောင်ပြောင်ခဲ့ပါပြီ။
၁၉၈၉
ကျွန်တော်က အိုးဖို ဘဝတက္ကသိုလ်မှာ မာစတာတန်း တက်ဖြစ်တယ်။ ၂၀၀၅ ကျွန်တော်ထွက်လာတော့ စာပေးစာယူသင်တန်းက
မရှိတော့ပြန်ဘူး။ အဝေးသင် တက္ကသိုလ်ဆိုတာ
ဖြစ်သွားပြန်ပြီ။ ကျွန်တော်လည်း
စိတ်မပါတော့လို့ ကျောင်းဆက်မတက်ဖြစ်တော့ဘူး။
အဲဒီတော့မှ ၁၉၆၈ ခုနှစ်လောက်က ကျွန်တော့်ဒေါ်လေး
ဒေါ်သန်းသန်းဌေး(ဇင်ယော်ကိုယ်ပိုင်ကျောင်း၊ ကမာရွတ်) က ကျွန်တော့်ကို
လက္ခဏာကြည့်ပေးပြီး ပညာရေး ဆုံးခန်းမတိုင်ဘူးလို့ ဟောခဲ့တာ သွားသတိရမိတယ်။
ကျွန်တော်ထွက်လာတော့
ကိုတိုးက ရန်ကုန် ပြောင်းသွားတာနဲ့ လူချင်းမဆုံဖြစ်တော့ဘူး။ တလေကမှ ကိုတိုးဇနီး မဝေကို ကိုတိုးကျောင်းပြီး သွားလား
မှတ်မှတ်ရရ မေးမိတယ်။ ကိုတိုးလည်း ကျွန်တော့်လိုများ လက္ခဏာ အဟောခံရဘူးသလား မှ မသိ။
၂၆
- ၈ -၈၈ မန္တလေးမြို့နယ်လုံးဆိုင်ရာ သပိတ်တပ်ပေါင်းစု အဖွဲ့ချုပ်ကြီးက
သပိတ်ညီလာခံကို မန္တလေးတောင် ခြေ ရာပြည့်ကွင်းမှာ ကျင်းပပါတယ်။ မြို့ပေါ် သပိတ်စစ်ကြောင်းအားလုံး နီးစပ်ရာ မြို့နယ်တွေက သပိတ်စစ်ကြောင်းတွေပါ
ချိတက်လာကြလို့ မြို့ပြည့်ကွင်းလုံးလျှံ လူအုပ်ကြီးပါ။ ကြွေးကြော်သံတွေကလည်း မိုးပြိုခမန်း။ ပွဲပြီးလို့ ကျွန်တော်တို့ ရှေ့နေစစ်ကြောင်းက
ရှေ့ကျုံးလမ်းကနေ ဘီလမ်း၊ အဲဒီကမှ မင်္ဂလာလမ်း အတိုင်း ပြန်လာကြပါတယ်။ ရှေနေစစ်ကြောင်းရဲ့နောက် မလှမ်းမကမ်းမှာ
စီးနေကျ စက်ဘီးလေးကို တွန်းလို့၊ လွယ်နေကျ လွယ်အိတ်ကလေးကို လွယ်လို့ တပ်နေကျ
နေကာမျက်မှန်လေးကိုတပ်လို့ ၇ှည်နေကျ ဆံပင်တွေကလည်း ရှည်လို့ လွယ်အိတ်ထဲ
လက်နှိုက်ပြီး လျှောက်လာတဲ့ ကိုတိုးကို မြင်လိုက်တယ်။ ဒါနဲ့ ကျွန်တော်လည်း ကိုတိုးဆီ သွားနှုတ်ဆက်တော့
အသံတွေ လိုချင်လို့ ကက်ဆက်နဲ့ လိုက်ဖမ်းနေတာတဲ့။
အသံ specialist တယောက်အနေနဲ့ သမိုင်းဝင် ၇ှားပါးအသံမျိုးကို လက်လွတ်ခံလို့
ဘယ်ဖြစ်ပါ့မလဲ။
သင်္ခါရကို
အစဉ်ထာဝရ မမှတ်ထင်ပေမယ့် အဲဒီနေ့ကတော့ ကိုတိုးကို နောက်ဆုံး တွေ့ခြင်းပဲလို့
မထင်မိရိုး အမှန်ပါ။ ဘာပဲ ဖြစ်ဖြစ်ပါ။
ဘယ်မှာ မွေးမွေး ကိုတိုးဟာ မန္တလေးသားပါ။
မြို့မငြိမ်းရဲ့ သားမြေးပီပီ လူသာသေပေမယ့် နာမည်မသေပါဘူး။ အနုပညာဟာ ဆက်လက်ရှင်သန်ပြီး လူငယ်တွေအတွက်
စိတ်ဓါတ်ခါန်အား ဆက်လက်ပေးနေဦးမှာပါ။
အောင်မြင်နေတဲ့ အချိန်မှာ ကွယ်လွန်သွားတာကတော့ ဘဝကို အနိုင်နဲ့ ပိုင်းသွားတာပါပဲ။
လွမ်းတယ်
ကိုတိုးရယ်…..
ကိုတိုးလေးစားတဲ့
အစ်မကြီးကလည်း ကိုတိုး အလေးထားခဲ့တဲ့ ခွန်အားဖြည့်မိငယ်ကို လူထုကြီးနဲ့
သံပြိုင်ဟစ်ကြွေး သီဆိုကြရင်း ခွန်အားတွေ ပြည့်သွားရပြီ။ ခွန်အားပြည့်မိငယ်ဟာ လူထုသီချင်း
ဖြစ်သွားရပြီ။ ကိုတိုးပြုခဲ့တဲ့
ကုသိုလ်အဝဝအတွက် သာဓုခေါ်လိုက်ပါတယ်။
အရှုံးမပေးနဲ့
မိငယ်ရေ
ရဲရင့်မှ
ကျော်ဖြတ်သွား
အများအကျိုးအတွက်
တာဝန်ထမ်း၇ွက်တဲ့အခါ
တကယ်ကိုယ်ကျိုးစွန့်နိုင်မှ………..။
ကိုတင်အေးကြူ
၂၂
- ၈ - ၂၀၁၃
No comments:
Post a Comment