Saturday, March 22, 2014

ခက်ခဲ ကြမ်းတမ်း လွတ်မြောက်ရာ လမ်း ရေးသူ - ဌေးဝင်း(ဂျာမဏီ)

ခက်ခဲ ကြမ်းတမ်း လွတ်မြောက်ရာ လမ်း

၁၉၈၉ ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းမှာ  ကိုယ်က မန္တလေးမှာ ရှိနေ သေးတော့ မန္တလေး အာဇာ နည်နေ့ ချီတက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ ကြုံခဲ့ရသေးတယ်။ စစ်တပ်က လမ်းဆုံလမ်းခွမှာ ပိတ်ထားတော့ ချီ တက် လာသူတွေ ဆက်မတိုးသာဘူး။ ကြွေး ကြော် သံ တွေတိုင်ရင်း စစ်တပ်နဲ့ ရင်ဆိုင် နေခဲ့တယ်။ မန္တလေးက တိုက်ပွဲဝင် ချီ တက်လာသူတွေကို ဦး ညွှတ် ဂုဏ် ပြု လျက် ဒီမြင်ကွင်းကို အမြဲ မြင်ယောင် နေမိတယ်။ ရထား လက်မှတ် က ဝယ်ထားပီးသား ဆိုတော့ အဲဒီည ရထားနဲ့ ကိုယ် ရန်ကုန်ကို ပြန်ခဲ့တယ်။

စိတ်ထဲမှာတော့ တခုခု ထူးခြား နေသလိုဘဲ ခံစားနေမိတယ်။ ၁၉ ဇူလိုင်က ရန်ကုန်မှာ ဘာတွေ ဖြစ်ခဲ့သလဲ၊ အခြေအနေတွေ ဘယ်လိုရှိသလဲ ဆိုတာလဲ အရမ်း သိချင်နေတယ်။ ဇူလိုင် ၂၀ ရက် မနက်ပိုင်း မှာဘဲ ကိုစီး လာတဲ့ ရထားက ရန်ကုန် ဘူတာ ကြီးကို ဆိုက်ရောက်လာခဲ့တယ်။ ကိုယ် ရထားပေါ်က အဆင်းမှာ ကို့ ညီ တဝမ်းကွဲကို လှမ်းတွေ့ လိုက်ရတယ်။ အဲဒီမှာဘဲ တခုခုဆိုတာကို ကို သိလိုက်ပီ။ ကို့ ညီက ကို့အနား ကပ် လာပီး အခြေအနေ ပြောပြတယ်။ ဇူလိုင် ၁၇ ရက်ညက အိမ်ကို စစ်တပ်က လာဝိုင်းပီး ရှာတယ်၊ ည ၁၀ နာရီ ကနေ မနက် ၂ နာရီ အထိ ကြာတယ်၊ ဗကပ နဲ့ ပတ်သက်တယ်လို့ ပြောတယ်၊ အမှုကိစ္စက ကြီးနိုင်တယ်၊ အိမ်နံရံ တလျှောက် လိုက်ခေါက်ပီးတော့ ဝှက်ထားတဲ့ လက်နက်များ ရှိသလားလို့ ရှာကြတယ်တဲ့၊ အဲဒီ တော့ အိမ်ကိုပြန်မလာနဲ့တော့၊ လစ်ပေတော့လို့ မိဘနဲ့ ညီအကို မောင်နှမတွေက ပြောတယ်တဲ့၊ ၁၉၇၆ မှိုင်း ရာပြည့် တုန်းက တခါအဖမ်း ခံထားရဘူးပီးသား၊ ထောင်အတွေ့ အကြုံလဲ ရှိထားပီးသားဆိုတော့ မိဘနဲ့ ညီအကို မောင်နှမတွေက အခြေအနေကို နားလည်တယ်၊ သဘော ပေါက်တယ်။

ဒါနဲ့ ရန်ကုန် ဘူတာကြီးကနေ အဲဒီ ညီဝမ်းကွဲ ရဲ့ အိမ် (ဦးလေးအိမ်) ကို သွားခဲ့တယ်။ အဲဒီ ဦးလေးအိမ် မှာ ကို စဉ်းစား ရတော့တယ်၊ ဘယ်ကိုလစ်မလဲ။ ကိုတို့ ၄၈၂၈ မြေအောက်လုပ်ငန်းတွေ လုပ်စဉ်က ကို ကိုသက် ခိုင် (ကိုလတ်)၊ ကိုအေးဝင်း တို့ကို မေးခဲ့ဘူးတယ်၊ တခုခု ဖြစ်ရင် တာဝန်ယူမလား၊ တာဝန်ယူပီး တနေ ရာရာ ကိုပို့ပေးနိုင်မလား၊ တာဝန်ယူမယ်လို့ သူတို့ ဖြေခဲ့တယ်။ ဒါကြောင့် သူတို့နဲ့ အရင်ဆုံး အဆက်အ သွယ်ယူဘို့ ဆုံးဖြတ်ခဲ့တယ်။ ဒါနဲ့ ဘဲ ဒီညီဝမ်းကွဲကိုဘဲ ကို့ရဲ့ ရဲဘော် အရင်းဆုံး ကိုအေးဝင်း၊ ရဲကြီး တို့ရဲ့ အိမ်လိပ်စာ၊ အိမ်နေရာ တွေကို သေသေချာချာ ရှင်းလင်း ညွှန်ပြပီး သွားခိုင်းခဲ့တယ်၊ နှစ်အိမ်လုံးကို သူ ရောက်ခဲ့တယ်။ ရဲကြီး အိမ်က ရဲကြီး ကို ဘယ်နေ့ ဘယ်ရက်က လာဖမ်းသွားတယ် ဆိုပီး အတိအကျ ပြော လိုက်တယ်။ ကိုအေးဝင်း အိမ်ကတော့ ကိုအေးဝင်း အဖမ်းခံရတယ်လို့လဲ မပြောဘူး၊ ဘာမှလဲ ရေရေရာရာ သေသေချာချာ မပြောလိုက်ဘူးတဲ့။ အဲဒီမှာ ကို စိတ်ထဲမှာ သိလိုက်ပီ၊ ကိုအေးဝင်း အဖမ်းမခံရသေးဘူး။ ဒါပေမဲ့ ဘယ်လို အဆက်အသွယ် ရမလဲ၊ ဘယ်လိုမှ မရနိုင်ဘူး၊ အဲဒီတော့ တယောက်ထဲ လစ်ရတော့မယ်။

သွားချင်တာက အရှေ့ မြောက်ပိုင်းဆီကို၊ ဒါပေမဲ့ လမ်းကလုံးဝမသိဘူး၊ အဆက်အသွယ်ကလဲ လုံးဝမရှိဘူး။ ပီးတော့ မန္တလေး ကနေ အရှေ့ မြောက်ပိုင်းဆီထိ၊ လမ်းခရီးက ပိုရှည်လျားတယ်။ အဖမ်းခံရနိုင်တဲ့
အန္တရယ်က ပိုများတယ်။ ဒါကြောင့် မော်လမြိုင် ကနေ နယ်စပ်ကို လစ်မယ်လို့ ကိုဆုံးဖြတ်လိုက်တယ်။ မော်လမြိုင်မှာ ထောင်ထဲမှာတုန်းက အဆောင် ၃ အခန်း ၆ မှာ အတူတူ နေခဲ့ကြဘူးတဲ့ သူငယ်ချင်း ၂ ယောက် ရှိတယ်။ သူတို့မှာ နယ်စပ်ထိ ရောက်နိုင်တဲ့ အဆက် အသွယ် ရှိနိုင်တယ်။ ဒါကြောင့် မနက်ဖြန် မော်လမြိုင် စထွက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။

ဇူလိုင် ၂၀ ရက် ညနေ နေဝင်ရီတရော အချိန်မှာ ဦးလေးအိမ်ကနေ အဒေါ်တယောက်ရဲ့ ကျောက်ကုန်းက ဆောက်လုပ်နေဆဲ တိုက်ဆီကိုသွားတယ်။ ဆောက်လုပ်ရာ sight က foundation သာသာဘဲ ရှိသေးတယ်၊ ဆောက်လုပ်ရေး အလုပ်သမားတွေ အတွက် တဲတလုံး ထိုးထားတယ်။ အဲဒီတဲက ကို ရန်ကုန်မှာ နောက်ဆုံး အိပ်ခဲ့တဲ့ တဲလေးဘဲ။ နောက်ပီး ည ၈ နာရီ သတင်းကို ဘေးအိမ်က ရေဒီယိုကို ကျယ်ကျယ်လေး ဖွင့်ထား လို့ ကောင်းကောင်း ကြားရတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး တို့ကို နေအိမ် အကျယ်ချုပ် ချလိုက် တယ်ဆိုတဲ့ သတင်းဘဲ။ အဲဒီမှာ အခြေအနေတွေကို ကို နဲနဲခန့်မှန်း လို့ရပီ။

ဒါနဲ့ အဲဒီ ဆောက်လုပ်ရေး တဲလေးမှာ အဲဒီ တညတာ ဖြတ်သန်းပီး နောက်နေ့ မနက် ၆ နာရီ မှာ ညီမ တဝမ်းကွဲ နဲ့ ယောက်ဖတို့က ကို့ကို ကားနဲ့လာခေါ်ပီး သမိုင်းလမ်းဆုံကို လိုက်ပို့ပေးတယ်။ အဲဒီမှာ အင်းစိန် လမ်းမတလျှောက် သွားရတာဆိုတော့ ကိုနေထိုင်တဲ့၊ ကို့ မိဘနဲ့ ညီအကို မောင်နှမတွေ ရှိတဲ့ စပယ်ခြံကို ဝင် တဲ့ ယောဂီကျောင်းလမ်းကို ဖြတ်ရတယ်၊ ယောဂီကျောင်းလမ်းထဲကို တချက်လေးဘဲ မြင်လိုက်ရတယ်။ ဒါဘဲ၊ အပြတ်ဝေးသွားပီ၊ ကိုဘယ်မှာလဲ၊ ဘယ်ကိုသွားမလဲ၊ ဘာလုပ်မလဲ ဆိုတာ သူတို့ မသိနိုင် တော့ဘူး။ ညီမ တဝမ်းကွဲ နဲ့ ယောက်ဖကလဲ ကို့ကို သမိုင်းလမ်းဆုံမှာ ကားပေါ်က ဆင်းစေပီး သူတို့က ဆက်မောင်း သွားတယ်။ သောင်ပြင်မှာ ခွေးတကောင်ကို လွှတ်ပစ်သလို ထားခဲ့တယ်။ ခု ကိုတစ်ယောက်ထဲ၊ ကိုယ့် ကြမ္မာ ကိုယ် ဖန်တီးရတော့မယ်။ ကို့ ဆုံးဖြတ်ချက်က ဒီစစ်ခွေးတွေရဲ့ နောက်တခါ ထပ်မံ ဖမ်းဆီးခြင်းကို မခံတော့ဘူး။ လွတ်အောင်သာ ပြေးပေတော့၊ ဌေးဝင်းရေ။

သမိုင်းလမ်းဆုံကနေ ခရီးသည်တင် Hilux ကားနဲ့ ပဲခူး ကိုသွားခဲ့တယ်။ ပဲခူး မှာ သူငယ်ချင်း တယောက်ကို စောင့်ချင်လို့၊ ပဲခူး က တည်းခိုခန်း တခုကို လိုက်ခဲ့ဘို့ အဲဒီ သူငယ်ချင်းကို ပြောခိုင်းလိုက်တယ်။ ဒါနဲ့ အဲဒီည ပဲခူးက အဲဒီ တည်းခိုခန်းမှာ တည်းခဲ့တယ်။ အဲဒီညက ကို့ဘဝမှာ အရမ်းကံကောင်းတဲ့ညလို့ ပြောရမယ်။ ည လယ်မှာ စစ်တပ်က တည်းခိုခန်းကို ဧည့်စာရင်း ဝင်စစ်ပါလေရော၊ ကို့ အခန်းက ဝင်ပေါက်ကနေ ဝင်လာပီး ရင် ဘယ်ဘက် ဒုတိယခန်း၊ သူတို့က တည်းခိုခန်းပိုင်ရှင် နဲ့အတူ နောက်ဘက်ကို သွားပီး နောက်ဘက်က အခန်းတွေကို စတင် စစ်ကြတယ်။ အဲဒီအချိန်မှာ ကိုက သမ္ဗုဒ္ဓေ ဂါထာ စရွတ်ပါလေရော။ ခေါင်းဆောင် လုပ်သူရဲ့ မှတ်ပုံတင်နဲ့ လူကို သေသေချာချာ တိုက်စစ်ဘို့ သူ့လူတွေကို အမိန့်ပေးတဲ့ အသံကိုကြားရတယ်။ ကိုက ကို့ညီဝမ်းကွဲရဲ့ မှတ်ပုံတင်ကို ယူလာတာ၊ မှတ်ပုံတင်ထဲမှာ နာမည်က ဝင်းနိုင်၊ မှတ်ပုံတင်ထဲက မွေး သက္ကရာဇ် အရဆို ကိုက ၁၀ နှစ်ကျော်လောက် ငယ်နေတယ်။ ဒါကြောင့် ကိုစိတ်ကူးသေးတယ်၊ ကို့ အခန်း မှာ ဘေးပြူတင်းပေါက် တခုရှိတယ်၊ ပြူတင်းပေါက်က ခုန်ဆင်းပီး တိုက်နံရံဘေးမှာ ပုန်းနေရရင် ကောင်းမ လားလို့၊ ဒါပေမဲ့ ပြူတင်းပေါက်ဖွင့်ရင် သူတို့ အသံကြားမယ်၊ ပြူတင်းပေါက်က ခုန်ဆင်းပီး ပြေးလို့လဲ မဖြစ် နိုင်ဘူး၊ အဲဒီတုန်းက ပုဒ်မ ၁၄၄၊ ညမထွက်ရအမိန့်နဲ့၊ နောက်ဆုံးတော့ သမ္ဗုဒ္ဓေ ဂါထာဘဲ ဆက်ရွတ်နေ တော့တယ်။ အဲဒါ သူတို့ တခန်းပီးတခန်း စစ်လာလိုက်တာ၊ ကို့ရဲ့ သမ္ဗုဒ္ဓေ ဂါထာ တန်ခိုးကြောင့်လား၊ သူတို့ ရဲ့ မစေ့စပ် မသေချာမှု အသုံးမကျမှုကြောင့်လား၊ ကို့ အခန်းကို ကျော်သွားကြတယ်၊ ကို့ အခန်းကို တံခါး လာမခေါက်တော့ဘူး။ သူတို့ ထွက်သွားပီးတော့မှ ကိုလဲ အခန်းတံခါးဖွင့်ပီး စင်္ကြန်ကို ထွက်လိုက်တော့ တည်းခိုခန်းပိုင်ရှင် အမျိုးသမီးက (ဟာ သူတို့ ကို့ အခန်းကို မေ့သွားတယ်) လို့ ကို့ ကိုပြုံးပီး လာပြောတယ်။ ကံကောင်းလေစွ၊ ဌေးဝင်းရေ။

နောက်နေ့ မနက် စောစောထ၊ စောင့်ချင်တဲ့ သူငယ်ချင်းလဲ ရောက်မလာတာနဲ့ ကိုတယောက်ထဲဘဲ ခရီးသည်တင် Hilux ကားနဲ့ မော်လမြိုင်ကို ဆက်ထွက်ခဲ့တယ်။ ရည်ရွယ်ချက် ရှိရှိနဲ့ဘဲ ရှေ့ဆုံး ဒုတိယ နေရာကို ယူပီး ထိုင်လိုက်တယ်။ Hilux ကားလေးကလဲ ပြည့်ကျပ်နေတာ။ လမ်းမှာ စစ်ဆေးတဲ့ ဂိတ်တွေမှာ ကံကောင်းလို့ ကားပေါ်က မဆင်းရဘူး။ မှတ်ပုံတင်ဘဲ လက်ဆင့်ကမ်းပီး ပေးလိုက်ရတယ်၊ ဒီတော့ မှတ်ပုံ တင် အရ ကိုက ဝင်းနိုင်၊ လူနဲ့ တိုက်စစ်လို့လဲ မရတော့ဘူး။ ဒီလိုနဲ့ မော်လမြိုင်ကို ရောက်တော့ သူငယ်ချင်း တယောက် ရဲ့လဘက်ရည်ဆိုင်ကို တန်းသွားခဲ့တယ်။ ဆိုင်ရောက်တော့ သူကမရှိဘူး၊ ရန်ကုန် သွား နေတယ်တဲ့။ အဲဒီမှာ စဉ်းစားမှု နဲနဲ လွဲချော်ပီး တည်းခိုခန်း တခုကို သွားလိုက်တယ်။ တည်းခိုခန်းမှာ မှတ်ပုံ တင် ထုတ်ပြရတော့ တည်းခိုခန်း ပိုင်ရှင်က မှတ်ပုံတင်ထဲက မွေးသက္ကရာဇ်က ခင်ဗျားရဲ့အသက်ထက် အများကြီး ငယ်နေတယ်လို့ ထုတ်ပြောလာတယ်။ ဒါပေမဲ့ သူ အခန်းတခန်းတော့ ပေးတယ်။ အခန်းမှာ ကို ခဏဘဲ နေပီး စိတ်ပူပီးတော့ နောက်သူငယ်ချင်းတယောက် အိမ်ကို ရှာဖွေပီးတော့ အရောက် သွားရတယ်။ သူက အိမ်မှာမရှိတာနဲ့ သူတို့ အိမ်နားက ညဈေးလေးမှာ ထိုင်ပီး သူပြန်အလာကို စောင့်ရတယ်။ ဒီ သူငယ်ချင်း ၂ ယောက် နဲ့က ထောင်ထဲမှာ အဆောင် ၃ အခန်း ၆ မှာ အတူတူ နေခဲ့ကြတာ၊ နောက် ရန်ကုန် နိုင်ငံခြား ဘာသာသင် သိပ္ပံမှာ ကို ဂျာမန်ဘာသာ အချိန်ပိုင်း ညနေသင်တန်း တက်တော့ သူငယ်ချင်းတယောက်က တရုတ်ဘာသာ တက်တာ။ သူ ပြန်လာတော့ လမ်းမှာ ကိုက အဝေး ကနေကို တွေ့နေတာ၊ သူ့ကို ကို့အခြေအနေ ပြောပြပီး ကိုနယ်စပ် ထွက်ရမယ်လို့ ပြောတော့ သူက ဘာမှ မပူနဲ့၊ သူ့မှာ အဆက်အသွယ် ရှိတယ်၊ သူလဲ ၁၉၈၈ အရေးတော်ပုံ ပီးတော့ သေဘောဘိုး ရောက်ခဲ့သေး တယ်၊ ပီးတော့မှ သူပြန်ဝင်လာတာတဲ့။ ဒါနဲ့ ကိုနဲ့သူ တည်းခိုခန်းကို ဆိုက္ကားနဲ့ ပြန်ပီး ကို့ လက်ဆွဲအိတ်လေး ပြန်ယူပီး သူ့အိမ်ကို ပြန်လာကြတယ်။ သူ့အိမ်မှာ ကို့ကို ကွပ်ပျစ်တလုံးပေါ်မှာ နေရာချထားပေး၊ သူ့ညီအကို တွေနဲ့ မိတ်ဆက်ပေးပီး သူအပြင်ပြန်ထွက်သွားတယ်။ ကိုလဲ သူ့ညီအကိုတွေနဲ့ စကားပြောလိုက်၊ တယောက်ထဲ အတွေးနယ် ချဲ့လိုက်နဲ့ပေါ့။ ညမနက်ခင် သူပြန်လာပီး သူ့အဆက်အသွယ်နဲ့ ပြောဆိုခဲ့ပီးပီ လို့ပြောတယ်၊ မနက်ဖန် ခရီးစထွက်ရမယ်တဲ့။ အဲဒီညက သူ့ အိမ်က ကွပ်ပျစ်တလုံးပေါ်မှာ အိပ်တဝက် နိုးတဝက်နဲ့ မနက်မိုးလင်းခဲ့ရတယ်။

နောက်တနေ့ မနက်ပိုင်းမှာ ဒီ သူငယ်ချင်း နဲ့ဘဲ သွားဘို့ခရီးအတွက် ပြင်ဆင်ရတယ်။ ကိုရန်ကုန်က ယူလာတဲ့ လက်ဆွဲအိတ်က နဲနဲ ကောင်းကောင်း၊ ဝတ်စားလာတာက စပို့ရှပ်နဲ့ ဘောင်းဘီနဲ့၊ သူက ပြော တယ်၊ အဲဒါတွေ အကုန်လုံးထားခဲ့၊ သူက အဝတ် လက်ဆွဲအိတ်လေး တလုံးပေးတယ်၊ အင်္ကျီ လုံချည် ခပ် နွမ်းနွမ်း တစုံ ပေးဝတ်တယ်၊ အိတ်ထဲမှာ အင်္ကျီ လုံချည် အပိုတစုံ ထဲ့ပေးတယ်၊ သူနဲ့ ကိုနဲ့က size အတူတူ လောက်လဲရှိတာကို။ နေ့လယ်စာကို သူ့အိမ်မှာ သူ့မိသားစုနဲ့ အတူစားသောက်ပီး ထိုင်စောင့်နေရတာပေါ့။ နေ့လယ်ပိုင်းမှာ မွန် အမျိုးသားတယောက် သူ့အိမ်ကိုရောက်လာတယ်၊ ကို့ကို လာခေါ်တာပေါ့၊ အဲဒီ လူနဲ့ ကိုနဲ့ ၂ ယောက် ဆိုက္ကားတစီးနဲ့ ညောင်ပင်ဆိပ်ကို သွားရတယ်။ သူငယ်ချင်း နဲ့ သူ့မိသားစုကိုလဲ နှုတ်ဆက် ခဲ့ရတာပေါ့။ သူတို့ လမ်းထဲက လူတွေကလဲ ကိုတို့ ဆိုက္ကားကို ဝိုင်းကြည့်လို့၊ တယောက်တော့ သွားပြန်ပီလို့ တွေးနေကြသလား မသိ၊ ဘာလို့ ဝိုင်းကြည့်ကြတာလဲ ကိုမသိနိုင်တော့၊ ဆာယိုနာရာ ဘဲ သူငယ်ချင်း နဲ့ မော်လမြိုင်ရေ။

ညောင်ပင်ဆိပ်ကနေ ကျုံဝမ်းရွာကို မြင်းလှည်းနဲ့တခါ ဆက်သွားကြတယ်။ ကျုံဝမ်းရွာကို ညနေဘက်မှာ ရောက်တယ်။ ရွာကရွာတန်းရှည်၊ ရွာလယ် လမ်းဘေးက မွန် မိသားစုတစုရဲ့ ခြေတံရှည် အိမ်တအိမ်ကို ရောက်တယ်၊ ဒီမိသားစုဝင် မွန် လူငယ် တယောက်က အထိပ် တဲ့။ သူက ကို့ကို နယ်စပ်ထိ လိုက်ပို့ပေး မဲ့သူ၊ သူငယ်ချင်းက သူတို့ကို ဘယ်လို ပြောထားသလဲ မသိ၊ သူတို့ကလဲ ကို့ကို မမေး၊ ကိုကလဲ ဘာမှ မပြောဘူး။ သူတို့ အချင်းချင်း မွန်စကား ပြောရင်လဲ ကိုက နားမလည်ဘူး၊ ကိုနဲ့တော့ ဗမာစကား ပြောကြ တယ်။ ညနေစာကို သူတို့အိမ်မှာ စားရတယ်၊ မွန် ဟင်းလျာ တွေကတော့ ကို့အတွက် အထူးအဆန်းဘဲ။

ညနေစာစားပီးတော့ အထိပ် က သူ့ခရီးစဉ်အတွက် သူပြင်ဆင်တယ်။ ညနေ မှောင်စပြုချိန်မှာ ကိုတို့ သူတို့ အိမ်က စထွက်တယ်။ ကိုရယ်၊ အထိပ်ရယ်၊ နောက်ထပ်လူ ၂ ယောက်ရယ်၊ လှေတစင်းနဲ့ ကော့ဝမ်း ရွာကို သွားကြတယ်။ လှေကသေးသေး၊ လူက ၄ ယောက်၊ ဦးနဲ့ ပဲ့မှာ လူ ၂ ယောက်က လှေလှော်ကြတယ်။ ကိုက လှေထဲ ဝင်လာတဲ့ ရေကို အုန်းမှုတ်ခွက်နဲ့ ခတ်ထုတ်ရတယ်၊ လှေအပေါ်နှုတ်ခမ်းက ရေပြင်နဲ့ တပြေးညီ လောက် ရှိတယ်၊ ဒါကြေင့်လဲ လှေထဲကို ရေဝင်လာတာ။ ကိုလဲ ကြောက်စိတ်ကို မနဲ မျိုသိပ်ထားရတယ်။ ဒါနဲ့ဘဲ လှေမမှောက် ရေမနစ်ဘဲ ကော့ဝမ်း ရွာကို ရောက်လာကြပီး လယ်ကွင်းစပ်နားက ဝါးဓနိ အိမ်လေး တအိမ်မှာ စတည်းချရတယ်။ ကော့ဝမ်းက အဲဒီအိမ်လေးမှာ ဝါးကြမ်းခင်းပေါ်မှာ ၂ ည အိပ်ခဲ့ရတယ်။ ကို သိရသလောက်က သူတို့က ဗမာပြည်က ရှေးဟောင်းပစ္စည်းတွေကို နယ်စပ်ကို သယ်ပို့ပေးမဲ့ carry အုပ်စု၊ ဒါကြောင့် လူစုံအောင် ပစ္စည်းစုံအောင် စောင့်ရလို့နဲ့ တူတယ်၊ နဲ့ တနေ့ ကြာသွားခဲ့တယ်။ ကို ကြားရ သလောက်က ရွာထဲမှာ စစ်တပ်က ကင်းအဖြစ် စတည်းချနေတယ်လို့လဲ သိရတယ်၊ ကိုကတော့ နဲနဲတော့ စိုးရိမ်တာပေါ့၊ ဒါကြောင့် ဘယ်မှမသွား၊ ဘယ်မှမထွက်ဘဲ အိမ်ထဲမှာဘဲ နေခဲ့တယ်။

၂၅..၈၉ မနက်လင်းအားကြီး ၅ နာရီ မှာတော့ ကိုတို့ ခရီး စထွက်ကြတယ်။ လျှောက်ပေတော့ ဌေးဝင်းရေ။ တနေ့လုံး လမ်းလျှောက်တဲ့ အလုပ်ကလွဲပီး ဘာမှမရှိဘူး။ ဒီခြေလျင်လမ်းကို ရွေးတာကလဲ ကားလမ်းထက် ပိုမို စိတ်ချရမယ်လို့ ယုံကြည်လို့ဘဲ။ လမ်းမှာ အထိပ် ပလပ်စတစ်အိတ်နဲ့ ထည့်ယူလာတဲ့ ထမင်းစားရတယ်။ ထမင်းဆိုလို့ တကယ်ထမင်းချည်းဘဲ၊ ဆားနဲ့လား မသိဘူး စားတာ၊ ဟင်းနဲ့ဆို အသိုးမြန်မှာ စိုးလို့နဲ့ တူ တယ်။ ညနေ မှောင်ရီ မပျိုးခင် မိုးဝါးစခန်းကို ရောက်တယ်။ ည စခန်းချဘို့ ဝါးကြမ်းခင်း တဲလေးတွေ ရှိ တယ်၊ အမိုးဘဲ ရှိတယ်၊ အကာ မရှိဘူး။ ရောက်ပီးတော့ မိုးရွာလာတော့ ရန်ကုန်သား ကို က တနေ့လုံး လမ်းလျှောက်လာရလို့ ညစ်ပတ်ပေရေနေတာကို သန့်စင်ရအောင်၊ ပင်ပမ်း နွမ်းနယ်မှု ပပျောက်အောင် ဘုမသိ ဘမသိ နဲ့ မိုးရေ ချိုးလိုက်တယ်၊ မိုးရေလဲ ချိုးပီး လုံချည် အင်္ကျီ ပြန်ဝတ်ပီးတာနဲ့ ကို ခိုက်ခိုက် တုန်အောင် ချမ်းတော့တာဘဲ။ ကို့အိတ်ထဲမှာက ချည်စောင်လေး တထည် ပါလာတယ်၊ အထိပ် က အဲဒီ ချည်စောင်ရယ် သူ့ ချည်စောင်ရယ် ၂ ထပ် ခြုံပေးပီး ကို့ကို အိပ်ခိုင်းလိုက်တယ်၊ အဖျားတက်နေပီလို့ ပြော တဲ့ အထိပ် ရဲ့ အသံကို ကြားရင်း ကိုလဲ မောမောနဲ့ အိပ်ပျော်သွားပါလေရော။

၂၆..၈၉ မနက် နိုးလာတော့ ကံကောင်းလို့ ဘာအဖျားမှ မရှိ၊ ချမ်းလဲ မချမ်းတော့ဘူး။ မနက် အလင်းရောင် စမြင်ရတာနဲ့ ကိုတို့ စထွက်တာဘဲ။ ကိုတို့အုပ်စုမှာ လူ ၃၅ ကနေ ၄၀ လောက် ရှိမယ်လို့ထင်တယ်၊ လမ်းပြ ၂ ယောက်လောက်လဲ ပါတယ်။ သူတို့ သယ်လာတဲ့ ရှေးဟောင်းပစ္စည်းတွေကတော့ အစုံဘဲ၊ အလေးဆုံးက တော့ ရပ်တော်မူ ကျောက်သား ဘုရားဆင်းတုတော် တဆူဘဲ၊ ဒါကို သူတို့ ထမ်းပိုးနဲ့ ရှေ့နောက် ၂ ယောက် ထမ်းကြတယ်၊ ခရီးတထောက်နားတိုင်း လူလဲကြတယ်။ နောက် ရှေးဟောင်း ပရိဘောဂ ပစ္စည်းတွေထဲမှာ ဘီရို ကြီးကြီး တလုံးလဲပါတယ်၊ ဒါကိုလဲ ထမ်းပိုးနဲ့ ထမ်းကြတယ်၊ နောက် ရှေးဟောင်း တိုင်ကပ် နာရီကြီး တွေလဲ ပါတယ်၊ ကုလားထိုင်၊ စားပွဲတွေလဲ ပါတယ်။ အဲဒီနေ့က ဖြတ်သန်းခဲ့တဲ့ စခန်းတွေကတော့ ခရင်း၊ လုံခြုံ၊ မီးလောင်ပြင်၊ ကျုပ်တန်း၊ မလွန်းပူတောင်ထိပ်၊ ကလပ်ချောတောင်ခြေ၊ စခန်းသစ်၊ ကလပ်ချောရွာ၊ လယ်တဲ တို့ကို ဖြတ်သန်းပီး ကုလားတဲ ကို ရောက်ခဲ့တယ်။ ညမှောင်စပျိုးချိန်ဆို ကိုတို့ ညစခန်း ချဘို့ လုပ်တယ်။

၂၇..၈၉ မှာ မနက် အိပ်ယာထ စထွက်ပီး သင်္ကန်းပင်ဆိပ်ချောင်း၊ ကော့ဆိုင်၊ နတ်သစ်ပင်၊ ကျောက်ပုံတို့ ကို ဖြတ်ပီး ကျိုက်စခန်းထိ သွားကြတယ်။ လမ်းတနေရာမှာ စစ်တပ်ကင်းက ဖြတ်မယ်လို့ သတင်းရလို့ ကို တို့ ချုံပုတ်တွေထဲမှာ ဝပ်ပုန်းနေခဲ့ပီး စစ်တပ်ရှင်းပီဆိုတော့မှ ကိုတို့ ပြန်ထွက်ခဲ့ရတယ်။ လမ်းမှာ နေ့လယ်စာ စားဘို့ အထိပ် က ထမင်း ပလပ်စတစ်ထုတ်ကို ဖြည်လိုက်တဲ့အခါ ထမင်းကသိုးနေပီ၊ မတတ်နိုင်ဘူး၊ သိုးနေ တဲ့ ထမင်းကို ရေနဲ့ ဆေးပီး နဲနဲ ဝင်အောင်တော့ စားရတယ်၊ မစားရင် လျှောက်နိုင်မှာ မဟုတ်ဘူးလေ။ နောက်ရက်တွေမှာတော့ ကို ရေလဲ မချိုးတော့ဘူး၊ သင်ခန်းစာ ရသွားပီ။ မိုးလဲ မရွာတော့ဘူး၊ တော်ကြာ မိုး ရွာရင် မိုးရေချိုးမယ် ဖြစ်နေဦးမယ်။ ဒီတောကြီး မျက်မဲထဲကို နို့စို့နိုင်ဘို့ မေမေလဲ မလာနိုင်တော့ဘူး။ အုန်း သီး ခွဲစားဘို့ ဖေဖေလဲ မလာနိုင်တော့ဘူး။

၂၈..၈၉ မှာ လံဖါးကို ဖြတ်ပီးတဲ့နောက် တောင်ပြောင် ၆ ခုကို ဖြတ်သန်းရတယ်၊ ဒီတောင်ပြောင် ၆ လုံးက နာမည်နဲ့ လိုက်အောင် တောင်ကုန်းလေးပေါ် ရောက်တာနဲ့ ဘာသစ်ပင်မှ မရှိ၊ တောကြီး မျက်မဲထဲမှာ မျက်ခင်းပြင်နဲ့ စိမ်းနေတဲ့ တကယ့် တောင်ပြောင်ဘဲ၊ နေရောင်ခြည်က မျက်ခင်းပြင် စိမ်းစိမ်း ပေါ်မှာ ထိုးကျ နေတော့ လှပသာယာလိုက်တဲ့ ရှုခင်း၊ တနေ့တာပတ်လုံး မျက်ခင်းပြင်ပေါ်မှာ မြူးတူးပျော်ပါး ဆော့ကစား နေနိုင်တယ်၊ အိပ်စက် လဲလျောင်း နေနိုင်တယ်။ ဒါပေမဲ့ ကို့ အနေအထားက ဆက်လျှောက်ရမဲ့ အနေ အထား။ လမ်းဆက်လျှောက်မယ်။ နောက် တောလေး၊ တောကြီး၊ ရေသရောက်ကြီးကို ဖြတ်ပီး ရေသ ရောက်လေးကို ရောက်တယ်။

၂၉..၈၉ နေ့ကတော့ ကို လမ်းလျှောက်ရတဲ့ နောက်ဆုံးနေ့၊ ခရီးကတော့ မဆုံးသေးဘူး၊ ဘယ်တော့မှ ဆုံး မယ်လို့လဲ မသိနိုင်ဘူး၊ ဘယ်သောင် ဘယ်ကမ်း ဆိုက်မယ်လို့လဲ မသိနိုင်ဘူး။ ရေသရောက်လေးကစထွက်၊ ပျဉ်းကတိုးတော၊ တောင်ခြေ၊ နှစ်ထပ်တဲ၊ တောင်အုပ်၊ တောင်သူငို တောင်ခြေ တို့ကို ဖြတ်သန်းရတယ်။ တောင်သူငို တောင်ခြေကနေ တောင်သူငို တောင်ထိပ်ကို တက်ရမယ်တဲ့၊ တောင်သူတောင် ငိုရလောက် အောင် မတ်စောက်တဲ့ တောင်သူငို တောင်ကို တက်ရမယ်တဲ့၊ တောင်ထိပ်ကျရင် ကရင်စခန်း ရှိတယ်တဲ့။ အဲဒီမှာ ကိုက အထိပ်ကို ဖွင့်ပြောပြလိုက်တယ်၊ ကိုက ကျောင်းသား၊ ဗမာပြည်ကနေ ထွက်ပြေးလာတာ။ အထိပ်က အံ့ဩသွားတယ်၊ သူက ကို့ကို ကျောက်ကုန်သည်လို့ သိထားတာ၊ ထင်ထားတာတဲ့။ တောင်ခြေ မှာ ကိုသူ့ကို ကို့မှာ ပါလာတဲ့ ငွေ အနည်းငယ် ပေးလိုက်တယ်။ ကို့ကို တလမ်းလုံး ကူညီ စောင့်ရှောက်လာ တဲ့ သူ့ကျေးဇူး ကို့မှာ ရှိတယ်။ ချစ်စရာ ကောင်းတာက ဘယ်၍ဘယ်မျှ ပေးပါလို့၊ ပေးရမယ်လို့ အစကတဲ ကလဲ သဘောတူညီမှု မရှိခဲ့ဘူး။ ကို ငွေ အနည်းငယ် ပေးတဲ့ အခါမှာလဲ နည်းတယ် များတယ် ဘာမှ မပြော ဘူး၊ ဒီငွေနဲ့ သူအပြန်မှာ သေဘောဘိုးဈေးကနေ သူ့မိသားစု အတွက် ပစ္စည်း တချို့ဝယ်သွားနိုင်တယ်လို့ တောင် သူက ပြောသေးတယ်။ ပီးတော့ တောင်သူငို တောင်ကိုတက်၊ တောင်ထိပ်ပေါ် ရောက်တော့ ကား ဂိတ် မရောက်ခင်မှာ KNU စခန်း တခု ရှိတယ်။ အဲဒီမှာ ကိုယ့်ကိုယ်ကို ဖွင့်ကြေငြာလိုက်တယ်၊ ကိုက ကျောင်းသား၊ ဗမာပြည်ကနေ ထွက်ပြေးလာတာ။ ABSDF က (အဲဒီအချိန်က) ဥက္ကဌ ကိုထွန်းအောင်ကျော် (သို့မဟုတ်) မိုးသီးဇွန် နဲ့ တွေ့ချင်တယ်လို့ ကို အသိပေးလိုက်တယ်။ KNU စခန်းက လက်ခံ စကားပြောတဲ့ သူက အသိအမှတ်ပြု ဆက်ဆံတယ်၊ အထိပ်နဲ့ ကိုတို့ အုပ်စုက လူတွေကိုတောင် ဒီကျောင်းသားဆီက မင်း တို့ အခကြေးငွေ ယူသေးလားလို့မေးသေးတယ်၊ ကျောင်းသားဆီက အခကြေးငွေ မယူရဘူးလို့ သူကပြော တယ်။ ပီးတော့ ကိုနဲ့ အထိပ် အပါအဝင် ရှေးဟောင်းပစ္စည်း သယ်သူ အုပ်စုနဲ့ လမ်းခွဲရတယ်၊ KNU က ကို့ ကို တာဝန်ယူလိုက်တယ်။ သူတို့က ကို့ကို ကိုထွန်းအောင်ကျော် နဲ့ မိုးသီးဇွန် တို့ မဲဆောက်မှာ ရှိတယ်လို့ ပြောတယ်၊ သူတို့က ကို့ကို မဲဆောက်ကို ပို့ပေးမယ်တဲ့။

အဲဒီ စခန်းလေးကနေ ကားဂိတ်ကို သွားရတယ်၊ လမ်းခုလပ်မှာ လက်နက် အပြည့် ကိုင်ဆောင်ထားတဲ့ ကရင် စစ်သားလေးတွေကို စတွေ့ဘူးတာဘဲ။ ကားဂိတ်မှာ Hilux ကားတွေမှ အများကြီးဘဲ၊ ကားတစီးနဲ့ ကို့ကို သေဘောဘိုး (မော်လီချိုင်း) ဈေးဂိတ်ထိ ခေါ်သွားတယ်၊ ဂိတ်မှာ ကို့ကို ရှာဖွေ စစ်ဆေးကြတယ်။ သေဘောဘိုးမှာ အဲဒီအချိန်က ABSDF စခန်းလဲရှိတယ်။ ကို့ကိုတော့ မော်လီချိုင်း ဈေးတန်းက KNU တပ် သားတယောက် နေအိမ်မှာ နေရာချထားပေးတယ်၊ သူတို့ ကို့ကို အိမ်ဦးခန်း ဘုရားစင်ရှေ့မှာ နေရာချထား ပေးပါတယ်။ ဒီလိုနဲ့ ညစာစားချိန် ရောက်လာတော့ အိမ်ထောင်ရှင်မ ကရင် အမျိုးသမီးက ကို့ကို ဆန်ရယ် ထမင်းအိုးရယ် ပေးတယ်၊ နင်စားမဲ့ ထမင်း နင့်ဖါသာ နင်ချက်လို့ ပြောတယ်၊ အမေ ညီမ အမတွေ ချက်ကျွေးတဲ့ ထမင်းဟင်းကို တသက်လုံး အချိန်တန်ရင် လက်ဆေးစားလာတဲ့ ရန်ကုန်သား ကိုက ထမင်း တော့ချက်တတ်ပါတယ်၊ ဒါပေမဲ့ ကို့ ပြသနာက ထင်းမီး မမွှေးတတ်ဘူး၊ ထင်းမီးနဲ့ တခါမှ မချက်ဘူးဘူး။ ဒါ ကြောင့် ထမင်း မချက်တတ်ဘူးလို့ ပြောလိုက်တယ်၊ ကရင် အမျိုးသမီးက မချက်တတ်ရင် ထမင်းမစားနဲ့လို့ ပြန်ပြောတယ်။ ဒါဆို ကိုတော့ ထမင်းငတ်မဲ့ကိန်းဘဲ၊ စိတ်ပျက်လက်ပျက်နဲ့ ထမင်းအိုးရယ် မီးဖိုခနောက်ရယ် ကို ငူတူတူနဲ့ ထိုင်ကြည့်နေမိတယ်။ ဒါပေမဲ့ အိမ်ထောင်ရှင်မက မကြည့်ရက်လို့ သူကိုယ်တိုင် ကို့အတွက် ထမင်းအိုး တလုံး ထပ်တယ်ပီး သူတို့နဲ့ တဝိုင်းထဲဘဲ ကို့ကို ညစာဝင်စားစေပါတယ်။ အပြောဆိုးပေမဲ့ မနော ရိုးတဲ့ ချစ်စရာ ရင်းနှီးခင်မင်စရာ ကရင် အမျိုးသားတွေပါဘဲ။ သူတို့ မိသားစုမှာ ကလေးငယ် တယောက်လဲ ရှိတယ်။

အဲဒီညက မော်လီချိုင်း ဈေးတန်းကို လျှောက်ကြည့်တော့ အထိပ်တို့ကို သူတို့စုပေါင်း တည်းခိုတဲ့ အိမ်တ အိမ်မှာ တွေ့သေးတယ်၊ သူတို့လဲ မနက်ဖန် ဈေးနဲနဲပါးပါး ဝယ်ပီး ပြန်ဆင်းမယ်လို့ ပြောတယ်။ ကိုလဲ အဲဒီ မော်လီချိုင်းဈေးက KNU တပ်သား အိမ်မှာ ဩဂုတ်လ ၂ ရက်နေ့ထိ ၄ ည သောင်တင်ခဲ့တယ်။ သူတို့ ကို့ကို ဘာဖြစ်လို့ မဲဆောက်ကို ဆက်မပို့ပေးတာလဲ ကို အတိအကျ မသိ၊ ကို့စိတ် အထင်တော့ သူတို့ ကို့ကို စောင့် ကြည့်နေပုံရတယ်။ ဒီ ၃ ရက် အတွင်းမှာ ဦးနုတို့ PDP ခေတ်ကတဲက ပြည်တွင်းက ထွက်လာပီး ပြန်မသွား တော့ဘဲ မော်လီချိုင်းမှာ နေနေတဲ့ မန္တလေးက ကိုတို့နဲ့ အသက်အရွယ် တူသူတယောက်နဲ့ သိကျွမ်းခဲ့ပီး သူ နဲ့ဘဲ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြော၊ နိုင်ငံရေး အခြေအနေတွေ ပြောဆိုဆွေးနွေးရင်းနဲ့ဘဲ အချိန်ကုန် ခဲ့တယ်။ သူ့ဆီမှာ ရှိနေတဲ့ မဂ္ဂဇင်း စာစောင်တွေလဲ သူ့အိမ်မှာဘဲ ဖတ်ရှုခဲ့တယ်၊ တခါတရံ သူနဲ့ကို မော်လီချိုင်းက တခုတည်းသော လဘက်ရည်ဆိုင်မှာ ထိုင်ပီး လေကန်ဖြစ်တယ်။ သေဘောဘိုး ကျသွားတဲ့ အချိန်မှာ သူတို့တတွေ၊ KNU တပ်သား မိသားစုတွေ ဘယ်ရောက်လို့ ဘယ်ပေါက်ကုန်ပါလိမ့်၊ ကိုလဲ မသိ နိုင်တော့ဘူး။

..၈၉ မနက်ပိုင်းမှာတော့ KNU တပ်သားက ကျောင်းသား တယောက်ကို ခေါ်လာတယ်၊ ပီးတော့ အဲဒီ ကျောင်းသားနဲ့ ကို့ကို မဲဆောက်ကို လိုက်သွားဘို့ ပြောတယ်။ ကိုလဲ ကို့ချည်စောင်လေးကို ကို့အိတ်လေး ထဲထဲ့၊ KNU တပ်သား မိသားစုကို နှုတ်ဆက်၊ မန္တလေးသား ဘော်ဒါနဲ့ လဘက်ရည်ဆိုင်ကို နှုတ်ဆက်ပီး ကောက်ကောက်ပါအောင် လိုက်သွားတော့တာဘဲ။ သေဘောဘိုးကနေ ၉း၃၀ လောက်မှာ စထွက်တာ နာရီ ဝက်လောက် ချောင်းလေးတခု အထိ လမ်းလျှောက်ရတယ်၊ အဲဒီ ချောင်းလေးကို တံတားလေး တခုပေါ်က ဖြတ်ကျော်လိုက်တော့ ချောင်းတဘက်ကမ်း ထိုင်းနိုင်ငံကို ရောက်သွားတော့တာဘဲ။ ရန်ကုန်မှာ ပတ်စပို့တွေ ဘာတွေ ဘာမှ မလုပ်ရ၊ ဘာခွန်ညာခွန်တွေ ဘာမှ မဆောင်ရ၊ ဘာကြေးညာကြေးတွေ ဘာမှ မပေးရ၊ ဘာ Form ညာ Form တွေ ဘာမှ မဖြည့်ရ၊ လေယဉ်လက်မှတ် Taxi ကားခတွေ ဘာမှ မကုန်ရဘဲ တောကျော်၊ တောင်ကျော်၊ ချောင်းကျော်ပီး ထိုင်းနိုင်ငံကို ရောက်သွားတော့တာဘဲ။ နိုင်ငံခြား သွားမယ်လို့ စိတ်ကူးယဉ် ခဲ့တဲ့သူ နိုင်ငံခြားကိုတော့ ရောက်လာခဲ့ပီ။ ချောင်းတဘက်ကမ်းမှာတော့ Hilux ကားတွေ တန်းစီပီး စောင့် နေတာဘဲ၊ မဲဆောက်ကို ပြေးတဲ့ကားတွေပေါ့။

ကိုတို့ ကားတစီးပေါ်တက်စီးပီး ၁၅ မိနစ်လောက်နေတော့ မြေနီလမ်း တောလမ်းကနေ ကားက ကတ္တရာ လမ်းပေါ် ချိုးကွေ့လိုက်တော့ ကို အံ့ဩ မှင်သက် မိသွားတယ်၊ ထိုင်းနိုင်ငံက ဖြောင့်ဖြူးညီညာနေတဲ့ ကတ္တရာလမ်းမ၊ ကိုတို့ ဗမာပြည်က လမ်းတွေနဲ့ ဘာမှ မဆိုင်ပါလား၊တခြားစီဘဲ၊ ဒါတောင် ဒီ ဗမာပြည် နယ် စပ်က လမ်းလေးဘဲ ရှိသေးတယ်။ တနာရီလောက် ကားစီးပီး ကားက မဲဆောက်ဈေးကို ရောက်တယ်။ ကို့ကို ခေါ်လာတဲ့ ကျောင်းသားက ကို့ကို KNU က ဗိုလ်ကြီး စိုးမင်း အိမ်ကို လိုက်ပို့ပေးပီး သူက သူ့လမ်း သူ ဆက်သွားတယ်၊ နောက်မှ သိရတာက အဲဒီ ကျောင်းသားက ဒညတ ကတဲ့။

၁၉၈၉ ဩဂုတ် ရက်နေ့မှာ သေဘောဘိုးကနေ မဲဆောက်ကို ရောက်လာပီး KNU က ဗိုလ်ကြီးစိုးမင်းအိမ်မှာ တစ်ညတည်းခိုခဲ့ရတယ်။ နောက် ၃ ရက်နေ့မှာ ABSDF ဗဟိုရုံးက ရဲဘော် ကိုဖိုးကြူးက ကိုယ့်ကို ဗိုလ်ကြီးစိုးမင်းအိမ်ကနေ လာခေါ်ခဲ့တယ်။ အဲဒီကနေစပီး ABSDF မဲဆောက်ဗဟိုရုံး၊ လေးထပ်တိုက်အဆောက်အဦးရဲ့ အပေါ်ဆုံးထပ် လေသာဆောင်မှာ ကိုဖိုးကြူး၊ ကိုသက်လှိုင် (ယခုကွယ်လွန်) အပါအဝင် ABSDF ဗဟိုရုံးကအခြားသူတွေနဲ့ အတူတကွ နေခဲ့တယ်။ ညဘက်မှာ ဗဟိုရုံးနဲ့ မလှမ်းမကမ်းက ဗမာဘုန်းကြီးကျောင်းမှာ TV သွားသွားကြည့်တယ်။ မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်လဲ ကြည့်လို့ရတော့ ည ၈ နာရီမှာ သတင်းအစီအစဉ်ကြည့်ဖြစ်တယ်။ အဲဒီမှာ ဩဂုတ်လ ၅ ရက်နေ့မှာ န၀တ အတွင်းရေးမှူး () ခင်ညွန့်ရဲ့အထူးသတင်းစာ ရှင်းလင်းပွဲ စတင်ပါလေရော။ ဩဂုတ်လ ၇ ရက်နေ့ညအထိ ၃ ညဆက်တိုက် ထုတ်လွှင့်ခဲ့တယ်။ အဲဒီမှာ ကိုယ်တို့ရဲ့ကိစ္စကို ဂဃနဏ သိရတော့တယ်။ KNU က ဗိုလ်ကြီးစိုးမင်းနဲ့ ကိုမိုးသီးဇွန်တို့လဲဒီဘုန်းကြီးကျောင်းက TV မှာ ဒီ သတင်းစာ ရှင်းလင်းပွဲ သတင်းကို လာကြည့်ရှုနားထောင်ကြတယ်။ သူတို့အပါအဝင် အခြားသူတွေက ကိုယ်ဒီကိစ္စနဲ့ပတ်သက်တယ်လို့ မသိကြဘူး။ ကိုယ်ကလဲ ဘယ်သူ့ကိုမှ ထုတ်ဖေါ်မပြောပြခဲ့ဘူး။ ဒီနယ်မြေမှာ ကိုမြင့်လှိုင်၊ ရှေ့နေဦးကျော်လင်း၊ ကိုဇော်ထွန်း တို့ရဲ့ကိစ္စကလဲရှိခဲ့တယ်မပာုတ်လား။ ဒါကြောင့် ကိုယ်သိုသိုသိပ်သိပ်ဘဲ နေထိုင်ခဲ့တယ်။

ကိုယ် ABSDF ဗဟိုရုံးကို ရောက်တာနဲ့ ကိုယ်တတ်နိုင်တာနဲ့ ABSDF ကိုကူညီပံ့ပိုးခဲ့တယ်။ ကိုယ် တတ်နိုင် တာက ဘာသာစကား၊ ဒါကြောင့် ဘာသာပြန်လုပ်ငန်း။ ဗဟိုရုံး ဘဏ္ဍာရေးမှူး ကိုမန်းထွန်း ဆီက ဗဟိုရုံးဘဏ္ဍာငွေကနေ နေ့စဉ် ၅ ဘတ် (သို့) ၁၀ ဘတ်ထုတ်ခွင့်ရတယ်။ ၅ ဘတ်ရတဲ့နေ့မှာ Bangkok Post နဲ့ Nation သတင်းစာ စောင် အနက် ဗမာပြည်သတင်း ပါတာများတဲ့ ဟာကို ကိုယ်ဝယ်တယ်။ ၁၀ ဘတ်ရတဲ့နေ့မှာ စောင်လုံးဝယ်တယ်။ ပီးတော့ ဗမာပြည်ဆိုင်ရာသတင်း တွေကို ကိုယ် ဗမာလို ဘာသာပြန်ပီး ဗဟိုရုံး အောက်ထပ်ကနံရံမှာ နံရံကပ်သတင်းစာ အဖြစ်ထုတ် ဝေခဲ့တယ်။ ဒီဗမာလိုပြန်ထားတဲ့ သတင်းတွေကို ၄-၅ ရက်တခါစု၊ မိတ္တူတွေကူးပီး ABSDF စခန်း တွေကို ဖြန့်ချီခဲ့တယ်။ အဲဒီကာလက Time မဂ္ဂဇင်း မှာပါလာတဲ့ Burma under the boots ဆိုတဲ့ ဆောင်းပါးကို စစ်ဖိနပ်အောက်ကဗမာပြည် လို့ ဘာသာပြန်ပီး ABSDF စခန်း တွေကို ဖြန့်ချီခဲ့တယ်။

မှတ်မှတ်ရရ ၂၁..၈၉ နေ့မှာ အဲဒီအချိန်က ABSDF အတွင်းရေးမှုး ကိုသန်းဝင်းက ညနေဘက်မှာ Bertil Lintner နဲ့ သွားတွေ့စရာ ရှိလို့ ကို့ကို ဘာသာပြန်ပေးဘို့ လိုက်ခဲ့ပေးပါလို့ အကူအညီ တောင်းလာတယ်၊ ဒါကြောင့် ကိုသန်းဝင်းနဲ့ Bertil ကြားမှာ ဘာသာပြန်ပေးရင်း မဲဆောက် ဟိုတယ်တခုက café မှာ Bertil နဲ့ စကားပြောဖြစ်တယ်။..၈၉ ညနေဘက်မှာလဲ ABSDF ဗဟိုရုံး အဖွဲ့က မဲဆောက် ဟိုတယ်တခုမှာ ဂျာမန် ကိုယ်စားလှယ် အဖွဲ့တဖွဲ့နဲ့ သွားရောက်တွေ့ဆုံရာမှာ ကိုလဲ လိုက်ပါသွားဖြစ်တယ်။ အဲဒီ ဂျာမန် အဖွဲ့က ဂျာမဏီ မြို့တမြို့က လူငယ်ရုံး ကိုယ်စားလှယ် အဖွဲ့တဖွဲ့ ဖြစ်တယ်။ ကိုနဲ့ သူတို့ ဂျာမန်စကားလဲ ပြောဖြစ် တယ်။ သူတို့က ကိုတို့အဖွဲ့ကို ဟိုတယ် စားသောက်ဆိုင်မှာ ကျွေးမွေး ဧည့်ခံဘို့ စီစဉ်ထားပေမဲ့ စားသောက် ဆိုင်ထဲမှာ ထိုင်းအာဏာပိုင် တချို့ရှိနေတာနဲ့ ကိုတို့လုံခြုံရေးကို ငဲ့ကွက်ပီး သူတို့တည်းခိုတဲ့ အဆောက်အဦး လသာဆောင်မှာဘဲ ဝိုင်းဖွဲ့ထိုင် စားသောက်ပီး စကား ပြောဆိုခဲ့ကြတယ်။

ဒီလို ဗဟိုရုံးမှာ ၁၉၈၉ ဩဂုတ် ကိုဖြတ်သန်းနေရင်း ကိုယ်အမြဲတန်းတွေးနေမိတာ၊ မျှော်လင့်နေမိတာ၊ ယုံကြည်နေမိတာက ကိုယ့်ရဲဘော်ကြီး ကိုအေးဝင်း တနည်းနည်းနဲ့ ရောက်လာလိမ့်မယ် ဆိုတာဘဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ရန်ကုန်မှာ နောက်ဆုံးသိခဲ့ရတာ၊ ယုံကြည်ခဲ့တာက သူအဖမ်း မခံရဘူး။ ဒီတော့ သူဘယ်လိုတိမ်းရှောင်မလဲ၊ ဘယ်ကိုတိမ်းရှောင်မလဲ။ ခင်ညွန့်ရဲ့အထူးသတင်းစာ ရှင်းလင်းပွဲ အရ ကိုယ်တို့ ကိစ္စကိုလည်း ကိုယ်က ဂဃနဏ သိထားပီးပီ။ ဒီတော့သူတိမ်းရှောင် မယ်ဆိုရင် သူလဲကိုယ့်လိုဘဲ ဒီလမ်းကိုဘဲရွေးလိမ့်မယ်လို့ ကိုယ်တထစ်ချတွက်တယ်။ ဒါကြောင့် သူရောက်လာလိမ့်မယ်လို့ဘဲ ယုံကြည်နေမိတယ်။ ဒါပေမဲ့ ဩဂုတ်လကုန်ပိုင်းကို ဝင်လာတော့ မျှော်လင့်ချက် နည်းသွားတယ်။ သူ ဇူလိုင်လကုန်ပိုင်းလောက်ကတဲက စလစ်ရမှာ။ ဒီလမ်းကို တနည်းနည်းနဲ့ သူလာမယ်ဆိုရင် ဩဂုတ်လကုန်ပိုင်းမှာ မဲဆောက်ကို ရောက်ဘို့ ကောင်းပီပေါ့။ ဒါပေမဲ့ သူရောက်မလာပါ။ ဩဂုတ်လကုန်တော့ ကိုယ်မမျှော်တော့ဘူး။ ပုဂ္ဂိုလ်တော့ ဒိပြင် တလမ်း လမ်းကို ရွေးသွားပီလား၊ ဒါမှမပာုတ် ရန်သူ့လက်ထဲ ရောက်သွားပီလား။ ကိုယ်လဲ ဘာမှမသိနိုင်၊ ဘာမှမတတ်နိုင်။

ABSDF ဗဟိုရုံးနဲ့ မလှမ်းမကမ်းမှာ စာအုပ်၊ ဂျာနယ်၊ မဂ္ဂဇင်း အပါအဝင် အစုံအလင်ရောင်းတဲ့ စတိုးဆိုင်လေး တဆိုင်ရှိတယ်။ တနေ့ အဲဒီဆိုင်မှာ တံဆိပ်ခေါင်း သွားဝယ်ပီး ကို လိပ်စာရေးထားပီးသား စာအိတ်ပေါ်မှာ တံဆိပ်ခေါင်းကပ်နေတုန်း စတိုးပိုင်ရှင် အမျိုးသမီးက လိပ်စာကို တွေ့သွားပီး ဂျာမဏီကို ထည့်မဲ့စာလို့ သိသွားတယ်။ အဲဒီမှာ စကားစပ်မိပီး ကို ဂျာမန်ဘာသာလဲ တတ်တယ်လို့ သူသိသွားတော့ သူ့ညီမ ဂျာမဏီ မှာရှိလို့၊ သူလဲသွားဘို့ အစီအစဉ်ရှိလို့ ဂျာမန်စာ သင်ချင်တယ်လို့ ပြောတယ်။ ကိုက ရန်ကုန်မှာလဲ ဂျာမန်စာ သင်ပြခဲ့ဘူးတော့ ကို သင်ပေးနိုင်တယ်လို့ ပြောလိုက်တယ်။ အဲဒီမှာ သူက ဘန်ကောက်ကနေ ဂျာမန်စာ သင်ရိုးစာအုပ် မှာယူပီး ကိုက သင်ပြပေးဘို့ သဘောတူခဲ့တယ်။ ကို ထိုင်းအမျိုးသမီးကို အင်္ဂလိပ်လို ရှင်းပြ ပီး ဂျာမန်စာ သင်ပေးခဲ့တယ်။ ဖြစ်ချင်တော့ သူက မဲဆောက် ဒုတိယ (သို့မဟုတ်) တတိယ မြို့တော်ဝန်ရဲ့ ဇနီး ဖြစ်နေတယ်။ အကြောင်းဆက်စပ်မှု ရှိလို့ ဒီအကြောင်းကို အစပျိုးထားတာပါ။

ကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းအရ မနက်ပိုင်းဆို ကိုယ်ကသတင်းစာ အဝယ်ထွက်တယ်။ သတင်းစာဝယ် ပီးပြန်လာရင် အထက်က ပြောခဲ့တဲ့ စတိုးဆိုင်မှာ စာအုပ် ဂျာနယ် မဂ္ဂဇင်းတွေလဲ တင်ထားတော့ Time, Newsweek, Asiaweek တွေကို ကိုယ်လှန်လှော ဖတ်ရှုတယ်။ အဲဒီနေ့က စက်တင်ဘာ ရက်နေ့၊ ကိုယ်အဲဒီ စတိုးဆိုင်မှာ Asiaweek လှန်နေတုန်း ပုဂ္ဂိုလ်တယောက် ဖြတ်လျှောက်လာပါလေရော။ သူကလဲ ဆိုင်အတွင်းကို လှမ်းအကြည့်၊ ကိုယ်ကလဲ ဆိုင်အပြင်ကို လှမ်းအကြည့်၊ အဲဒီ ပုဂ္ဂိုလ်က ကိုယ့်ရဲဘော်ကြီး ကိုအေးဝင်းဘဲ။ အဖြူပေါ်မှာ ကန့်လန့်ဖြတ် အစင်းလေးတွေနဲ့ စပို့ ရှပ်ကိုဝတ်ထားတယ်။ ဒီစပို့ရှပ်ကို သူရန်ကုန်မှာတုန်းကလဲ ဝတ်တတ်တယ်။ ကိုယ်သူ့ကိုစိုက်ကြည့် နေတယ်။ သူကလဲကိုယ့်ကိုစိုက်ကြည့် နေတယ်။ ကိုယ်လဲလုံးဝမယုံကြည်နိုင်။ သူလဲလုံးဝမယုံကြည်နိုင်။ ကိုယ်တို့နှစ်ယောက် ရန်သူ့လက်က လုံးဝလွတ်မြောက်အောင် ရုန်းထွက်နိုင်ခဲ့ပီး ဒီမဲဆောက်မှာ ဒီလိုဘွားကနဲ လာတွေ့တာဘဲ။

ဒီလို ကိုအေးဝင်း ရောက်လာပီးနောက် ကိုအေးဝင်း၊ ကိုဖိုးကြူး နဲ့ ကိုတို့ ယောက် ဘန်ကောက် သွားဘို့ ပြောဆို တိုင်ပင် ဆုံးဖြတ် စီစဉ်ကြတယ်။ အဲဒီမှာ ကို ဂျာမန်စာ သင်ပေးတဲ့ ထိုင်းအမျိုးသမီးကို ပြောဆို အကူအညီ တောင်းတော့ ဘန်ကောက် သွားဘို့ အခက်အခဲတော့ ရှိတယ်၊ ဒါပေမဲ့ သူ့မှာ အဆက်အသွယ် ရှိတယ်၊ ငွေကြေးကုန်ကြမယ်လို့ ပြောတယ်။ သူ့ အဆက်အသွယ်နဲ့ ကိုယ်တို့ ယောက်အတွက် ထိုင်း ထောက်လှမ်းရေး လက်မှတ်ကို ထိုင်းဘတ်ငွေ ၄၅၀၀ နဲ့ ရရှိခဲ့တယ်။ ၁၅..၈၉ ညနေဘက်မှာ ဒီ ထိုင်း ထောက်လှမ်းရေး လက်မှတ်ကို ရရှိပီး အဲဒီည မဲဆောက် ဘန်ကောက် Aircon ကားကြီးနဲ့ဘဲ ကိုယ်တို့ ယောက် ဘန်ကောက်ကို ထွက်လာကြတာ ၁၆..၈၉ မနက် အစောကြီးမှာ ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက် မြို့ကို ဆိုက်ရောက်ခဲ့ပါတော့တယ်။



ဌေးဝင်း (ဂျာမဏီ)