Wednesday, January 29, 2014

ဒေါ်သန်းစိန်ကြီးများ သိရင်… ရေးသူ - လှကျော်ဇော

ဒေါ်သန်းစိန်ကြီးများ သိရင်


 


မေမေက ကျမတို့ရှိရာ (ပါတိဌာနချုပ်) ပန်ဆန်းကို ၁၉၈၀ အောက်တိုဘာလထဲမှာ ရောက်ရှိလာပါတယ်။ မေမေ ရောက်လာချိန်ဟာ ပါတီတွင်း အတွေးအခေါ် အရှုပ်အထွေးများ စပေါ်ပေါက်နေတာနဲ့ တန်းတိုးပါတော့တယ်။

ပါတီက အရှေ့မြောက်စစ်ဒေသကို စတင်ထူထောင်တဲ့ ၁၉၆၈ ခုနှစ်က ဗမာပြည်တွင်း ဝင်လာကြတဲ့ ပါတီတပ်များ မှာ ထိပ်ဆုံးဦးဆောင်သူများသာ ဗမာလူမျိုးတွေ ဖြစ်ကြပါတယ်။ ဒီရဲဘော်ကြီးတွေဟာ ၁၉၅၀ ခုနှစ်များက တရုတ်ပြည် မာ့က်စ်လီနင်ဝါဒ တက္ကသိုလ်များမှာ သဘောတရားရေးပညာ လေ့လာဖို့ စေလွှတ်ခြင်း ခံရသူများပါ။ ၁၉၅၅ ခုနှစ် ဘန်ဒေါင်းအစည်းအဝေးက ချမှတ်လိုက်တဲ့ မူ ၅ ချက်နဲ့ ခြေချုပ်မိပြီး တရုတ်ပြည်မှာ သောင်တင်နေ သူများပါ။

ကျန် အများတကာ့ အများစုကြီးကတော့ ရဲဘော်နော်ဆိုင်း (ဗိုလ်နော်ဆိုင်း) (၁၉၅၀ -၅၂ က ဖဆပလ အစိုးရက လိုက်တိုက်လို့ တရုတ်ပြည်ထဲ ပြေးဝင်လာတဲ့ လူမျိုးစု တပ်များခေါင်းဆောင်) ဦးစီးတဲ့ ကရင်၊ ကချင် ရဲဘော်များ၊ ၁၉၇၆ ခုနှစ် ဗိုလ်နေဝင်း ဖန်တီးခဲ့တဲ့ တရုတ် - ဗမာ အရေးအခင်းအတွင်း တရုတ်ပြည် ပြန်ပြေးလာတဲ့ ပင်လယ်ရပ်ခြား တရုတ်အမျိုးသားများ (ဗမာပြည်ပေါက်များဖြစ်ပြီး တရုတ်လို ဟွာချောင် လို့ ခေါ်ပါတယ်)၊ တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးကြီးအတွင်း တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့တဲ့ တပ်နီရဲဘော်များ၊ တရုတ်-ဗမာ နယ်စပ် အဲဒီဒေသများအတွင်း အစောပိုင်းကတည်းက ရှိနေခဲ့တဲ့ လယ်သမား ပြောက်ကျားသူပုန်အုပ်စုလေးများ (ဥပမာ - ဝ၊ ကိုးကန့်၊ အခါ၊ ရှမ်း) စတဲ့ လူမျိုးပေါင်းစုံ ပါဝင်ခဲ့ကြပါတယ်။ အဲဒီ လူမျိုးပေါင်းစုံ (အားလုံးနီးပါး လူမျိုးစုတွေ) တပ်ကြီးနဲ့ ကျမတို့ရဲ့ အရှေ့မြောက်စစ်ဒေသကြီးကို တည်ဆောက်ခဲ့ကြတာပါ။

ဗမာပြည်တော်လှန်ရေးကြီးရဲ့ အချိုးအကွေ့ တကွက်မှာ ပြုခဲ့ကြတဲ့ သူတို့ရဲ့ ကောင်းမှုပြုချက်တွေကို ဗမာပြည်သူ တရပ်လုံးက အမြဲသတိရ ကျေးဇူးတင် ဂုဏ်ပြုနေကြမှာပါပဲ။

၁၉၇၂ ခုနှစ် အဲဒီလို နယ်စပ်ဒေသ ဖွင့်လှစ်ပြီးမှသာ ဗမာရဲဘော်တွေ ဖြိုးဖြိုးဖြောက်ဖြောက် စတင်ရောက်ရှိလာပြီး ၁၉၇၄ - ၇၅ -၇၆ အရေးတော်ပုံများ အပြီးမှာတော့ အတော်အတန် ရောက်လာကြ ပါတော့တယ်။

အရှေ့မြောက်စစ်ဒေသ တည်ထောင်ရာမှာ နိုင်ငံတကာ့အကူအညီ အများအပြား ရခဲ့ပါတယ်။ အဲဒီ အကူအညီတွေ ကြောင့်ရော၊ ဗမာပြည်တွင်း နိုင်ငံရေးလှုပ်ရှားမှု ပြင်းထန်လို့ရော၊ ပဲခူးရိုးမကျအပြီး ဗဟိုကော်မတီ အသစ်ကို ထူထောင်လိုက်နိုင်တာကြောင့်ရော၊ အင်ဒိုချိုင်းနားပြည်သူတွေရဲ့ တော်လှန်ရေးအောင်ပွဲ အရှိန်အဟုန်ကလည်း ကောင်းနေတော့၊ အဲဒီကာလ တော်လှန်ရေး အခြေအနေဟာ တစုံတရာ ကောင်းမွန်နေပြီး တပါတီလုံးတက်ကြွ လှုပ်ရှားနေကြပါတယ်။

၁၉၇၀ ခုနှစ်မှာ တရုတ်ပြည်က နိုင်ငံရေးပေါ်လစီတွေ စတင် ပြောင်းလဲပါတယ်။ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့် ပေါ်လစီ ချမှတ်လာပါတယ်။ တရုတ်ပြည်ကလည်း ကမ္ဘာ့ကုလသမဂ္ဂမှာ ရိုးရိုးအဖွဲ့ဝင်တောင်မက ကြီး ၅ ကြီးထဲ ပါသွားပါပြီ။ ဒီမှာတင် နိုင်ငံတကာက ကွန်မြူနစ်လှုပ်ရှားမှုနဲ့ တော်လှန်ရေးတွေကို ပေးနေတဲ့ အကူအညီများကို စတင် လျှော့ချလာပါတော့တယ်။ တခြားနိုင်ငံ တော်လှန်ရေးထဲ ပါဝင်နေတဲ့ သူတို့ နိုင်ငံသားတွေကိုလည်း စတင်ပြန်လည် ခေါ်ယူနေပါပြီ။

ကျမတို့ ပါတီထဲက ဟွာချောင်များ၊ တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေး အတွင်း ပေါ်ထွက်လာခဲ့တဲ့ လက်ဝဲ ကူညီရေး တပ်နီလူငယ်များ စတဲ့ တရုတ်အမျိုးသားများ ပြည်တော်ပြန်သွားကြပါတယ်။ အများစုကြီးဟာ ကျမတို့ ပါတီအပေါ် သံယောဇဉ်ကြီးမားကြတုန်းပါ။ ဘာအကူညီလိုလို စိတ်အားထက်သန်စွာ ပေးမြဲပါ။ ပါတီထဲက ထွက်သွားကြစဉ်ကလည်း အပ်တိုတချောင်းတောင် မယူဘဲ လက်ချည်းဗလာနဲ့ ထွက်သွားခဲ့ကြတာပါ။ တရုတ်ပြည် ပြန်ရောက်တော့လည်း သူတို့ခမျာ အစက ပြန်စပြီး ဘဝကို ရုန်းကန်ရပါတယ်။

ဒါပေမယ့် ဘယ်အဖွဲ့အစည်းမှာမဆို အနှုတ်လက္ခဏာဆောင်သူ အချို့ အနည်းစုလည်း ရှိပါတယ်။ "ပြည်တော်ပြန်ရေး" လှိုင်းထ ကတည်းက အတွေးအခေါ်မှား (ဥပမာ - 'ရိုးသားသူ နစ်နာတယ်' ဆိုတဲ့ အယူအဆမျိုး) တွေ လွှင့်ပြီး အိမ်အပြန် အိတ်အပြည့်ပါရေး ကြိုးစားသူများကလည်း သူတို့ ဒီလို အိမ်ပြန်တာ တရားကြောင်း၊ ရနိုင်သမျှ အခွင့်အရေးယူမှာ ဖြစ်ကြောင်း စတဲ့ အတွေးအခေါ် အယူအဆ အမျိုးမျိုးနဲ့ ပါတီတွင်း အတွေးအခေါ် ရှုပ်ထွေးအောင် လုပ်ကြပါတယ်။

အဲဒီလို ပါတီတွင်းပြသနာ စုပုံကျနေပြီး ပုံစံတွေ စတင် ပျက်လာတဲ့ အချိန်မှာ မေမေ ရောက်လာတာပါ။

မေမေက အဲသလို မတော်မတရား ပြောတာတွေ လုပ်တာတွေ တွေ့ရင်တော့ သူက ဒိုးကနဲ ဒေါက်ကနဲ ပြောချတတ်ပါတယ်။ ဗဟိုရုံး နေထိုင်စားသောက်ရေး စခန်းထု အစည်းအဝေးတွေမှာသူက အမြင်မတော်တာတွေ ထည့်ပြောတတ်ပါတယ်။ ဥပမာ ခြင်ထောင်မရှိဘူးလို့ တင်ပြလာသူကို အရင် ခြင်ထောင်ဟောင်း တင်ပြလာသူကို အသစ်ထုတ်ပေးသင့်တယ် ဆိုတာမျိုးလိုပေါ့။ သူက သူဖြတ်သန်းခဲ့တဲ့ စစ်တပ်က အင်္ဂလိပ်စည်းကမ်းတွေနဲ့ (အဲဒီကာလက) စနစ်တကျ လုပ်ခဲ့တာတွေကို သူမြင်သမျှ ပြန်မိတ်ဆက်ပေးတာပါ။ တချို့က ပြည်တော်ပြန် ခရီး သယ်နိုင်သမျှ သယ်ဖို့ လုပ်နေတာပါ။ ဒီအခါ သူ့ ပြောဆိုချက်တွေအပေါ် မကြည်မလင် ဖြစ်လာကြပါတယ်။

သူကလည်း "အားလုံး မသိကြလို့သာပေါ့အေ။ သိများသိလို့ကတော့ ဘယ်ကောင်းနိုင်မှာတုန်း" လို့ ကျမတို့ကို မကြာခဏ ခနဲ့တဲ့တဲ့ ပြောတတ်ပါတယ်။

ဒါကြောင့် ဗဟိုခေါင်းဆောင်ကြီးများက တချို့ကိစ္စတွေ ပေါ်ရင် "မင်းတို့ အမေကြီး မသိစေနဲ့နော်" တို့၊ "အမလေး ဒေါ်သန်းစိန်ကြီးများသိရင် ဘာပြောမလဲ မသိဘူး" တို့ ပြောလာကြတာ ထုံးစံလို ဖြစ်လာပါတယ်။ မေမေပြောတာ တွေကလည်း အမှန်တွေ ဖြစ်တော့ ဘယ်သူမှလည်း ပြန်မချေပနိုင်ဘဲ မေမေပြောသမျှတွေကို ဖေဖေကအစ၊ အားလုံး ပြုံးဖြဲဖြဲနဲ့ ခေါင်းငုံ့ခံနေရပါတယ်။

မေမေက ပါတီတွင်းမှာ နေစဉ် တွေ့ရတဲ့ အနိဌာရုံတွေကို အဲသလို ရယ်သလို မောသလိုနဲ့ ဖေန်ပြောဆိုခဲ့ ပေမယ့် ပါတီရဲ့ ကောင်းကွက်နဲ့ ပါတီအပေါ် ကျေးဇူးတင်စကားကိုလည်း ဆိုခဲ့ပါသေးတယ်။ ဒီအကြောင်းကိုလည်း ထည့်သွင်းဖော်ပြ ပြောဆိုမှသာလျှင် မေမေဟာ ဘာမဆို ဘက်စုံ ကြည့်မြင်တတ်သူတဦး ဖြစ်ပြီး ပါတီကို ကောင်းစေချင်လွန်းလို့၊ တော်လှန်ရေး အောင်မြင်စေချင်လွန်းလို့ ဒီလို ဝေဖန်ရေးတွေ ပေးသွားတာ ဖြစ်တယ် ဆိုတာ သိနိုင်မှာပါ။

၁၉၈၉ ပါတီတွင်း ဖရိုဖရဲ ဖြစ်သွားပြီးနောက် ၁၉၉၀ ခုနှစ်မှာ ကျမတို့ မိသားစု တရုတ်ပြည်ကို ရောက်လာပါတယ်။ ကျမတို့ နေထိုင်ရတဲ့ဌာနရဲ့ စာကြည့်တိုက်မှာ Far Eastern Economic Review (အရှေ့ဖျား စီးပွါးရေးဂျာနယ်) စာအုပ်အဟောင်းတွေ ရှိပါတယ်။ အဲဒါတွေကို ကျမတို့က ယူယူ ကြည့်ကြပါတယ်။ တနေ့တော့ ၁၉၈၃ ခုနှစ်က လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ ဖိလစ်ပိုင် အတိုက်အခံခေါင်းဆောင် အကွီနိုရဲ့ ရုပ်အလောင်းပုံ ပါလာတဲ့ မျက်နှာဖုံးနဲ့ စာအုပ်ကို မေမေက ယူကြည့်ပြီး "ဒါကတော့ ပါတီကို ကျေးဇူးတင်ရမှာပါ၊ ဖေဖေ ပင်စင်ယူပြီး ကတည်းက တနေ့တနေ့ ဖေဖေကို ဒီလိုမျိုး တွေ့ရနိုင်တယ်ဆိုပြီး အမြဲ စိတ်တပူပူ တပန်ပန် ဖြစ်နေရတာ၊ ပါတီရောက်မှ စိတ်အေးရတော့တာ" လို့ ဆိုပါတယ်။

သြော် . ဒါကြောင့်ပဲ မေမေဟာ ပါတီထဲမှာ ဒီလောက် အစားဆင်း၇ဲ အနေဆင်းရဲရပေမယ့် ပျော်ပျော်ရွှင်ရွှင်ကြီး ဖြတ်ကျော်နိုင်ခဲ့တာကိုးလို့ ကျမ သဘောပေါက်မိပါတော့တယ်။

'ဒေါ်သန်းစိန်ကြီးများသိရင်' ဆိုပြီး တလန့်လန့် တထိတ်ထိတ်ဖြစ်ခဲ့ရတဲ့ ရဲဘော်ကြီးများကိုလည်းဒီအကြောင်း ကျမ ပြောပြချင်လိုက်တာလေ။

လှကျော်ဇော
အောက်တိုဘာ (၄)ရက်၊ ၂၀၁၃

{ကျမဆက်၍ ရေးချင်သော မေမေ့အကြောင်း အမှတ် (၅)}

မေမေရဲ့ အစားထိုး - 'သား' ရေးသူ - လှကျော်ဇော

မေမေရဲ့ အစားထိုး - 'သား'

ရဲဘော်ထွန်းမြတ် (ခ) မြတ်ကျော်

အချိန်က. ၁၉၇၆ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက် နံနက်ပိုင်း
နေရာက. စမ်းချောင်း၊ မြောင်းမြလမ်း၊ အိမ်အမှတ် ၃၀။ အပေါ်ထပ် ဧည့်ခန်း


အဲဒီနေ့က ဖေဖေက မေမေ့ကို ကိုကျော်ဇောဦး တောခိုသွားတာ လမ်းမှာ ဖျားနေလို့ ကျမတို့တတွေ သူ့ကို လိုက်ခေါ်မလို့ ဆိုပြီး အကြောင်းအမျိုးမျိုးပြပြီး ပြောဆိုနေပါတယ်။ စစ်တပ်နဲ့ တိုးရင် အသတ်ခံရမှာ စိုးလို့ ဖေဖေပါလိုက်မှ ဖြစ်မယ်တို့ ဖျားနေလို့ ဆေးလည်း ကုဖို့လိုလို့ ကျမလည်း ပါရမယ်လို့ စသဖြင့်ပေါ့လေ.။ (ဖေဖေက ကျန်တဲ့သူတွေ ဒုက္ခရောက်မှာစိုးလို့ ဒီလိုပြောတာပါ)

ဒါပေမယ့် မေမေက အင်မတန် ပါးပါတယ်။ ဒီကြားထဲ ကျမတို့ သားအဖ တတွေ ညတညမှာ မြေပုံတချပ်နဲ့ စကားပြောနေတာ သူတွေ့ထား ပြီးပါပြီ။ ဒါကြောင့် သူက သူပါလိုက်မယ်လို့ ဆိုလာပါတယ်။ ကျမကပဲ  "မေမေ - အားလုံး ပျောက်သွားရင် သူတို့ ချက်ချင်း သိမှာ၊ ဘယ်သူမှ မလွတ်နိုင်ဘူး၊ မေမေက ဟန်မပျက် နေခဲ့ပါ။ မေမေ - သူတို့ကို ၅ ရက် တပါတ် ဆွဲထားနိုင်ရင် လှလှတို့ လွတ်ပြီ၊ လှလှတို့ ဟိုမှာ အခြေကျရင် မေမေ့ကို ပြန်လာခေါ်မယ်" လို့ ဖျောင်းဖျရပါတယ်။

ဒီတင် မေမေက "သိပါတယ်၊ သိပါတယ်။ မေမေ့ကို ဒီလိုပဲ တနေ့ ပစ်သွားကြမယ်ဆိုတာ တွက်ထားပြီးသားပါ။ သူတို့ ပစ်သွားရင် ငါ့သားလေးနဲ့ပဲ နေမယ်လို့ စဉ်းစားထားတာ..၊ သူက အရင် မေမေ့ကို ပစ်သွားတယ်" လို့ ဆိုပြီး.. ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ အငယ်ဆုံးသားလေး တွတ်တွတ်ကို တပြီး ငိုပါတော့တယ်။

တွတ်တွတ်က ၁၉၇၂ ခုနှစ်၊ သြဂုတ်လထဲမှာ သူအသက် ၂၀ မပြည့်ခင်၊ ကျမတို့ ဘဝထဲက ရုတ်တရက် ထွက်ခွါ သွားခဲ့ ပါတယ်။ မေမေရဲ့ အချစ်ဆုံးသား၊ လက်ကတုံး တောင်ဝှေးသားပါ။ ဒါကြောင့် မေမေက ဘာကိစ္စနဲ့ ကြုံလာ ကြုံလာ သူ့သားလေးကို တ,တ ပြီး ငိုတတ်ပါတယ်။

ဒါပေမယ့် သူ့မှာ အစားထိုးသားလေး ရထားပါတယ်။

တွတ်တွတ်ဆုံးပြီး မကြာခင်မှာပဲ ကျမတို့အိမ်မှာ မောင်အစား၊ သားလေးအစားတယောက် ရောက်လာပါတယ်။ ဖေဖေ့ ညီအငယ်ဆုံး ဦးသိန်းရွှေရဲ့ သား မောင်မြတ်ကျော်ပါ။ ရန်ကုန်မှာ ကျောင်းနေဖို့ပါ။ ကျမတို့မှာ တွတ်တွတ် ဆုံးသွားပြီးစ ဖြစ်လို့ သူရောက်လာတော့ တအိမ်လုံး ဝိုင်းပြီး ချစ်ကြပါတယ်။ အမေကတော့ အသဲဆုံးပေါ့။ မောင်မြတ်ကျော်ကလည်း အလွန် လိမ္မာရေးခြား ရှိပါတယ်။ မေမေ့ အိမ်အလုပ်တွေကို တွတ်တွတ်လိုပဲ အမြဲ ကူလုပ်ပေးပါတယ်။

မောင်မြတ်ကျော် ကျမတို့ အိမ်ကပဲ ၁၀ တန်းအောင်ပြီး တက္ကသိုလ် ရောက်ပါတယ်။ ဒီတင် ၇၄ - ၇၅ - ၇၆ အရေးအခင်းများနဲ့ တန်းတိုးပါတယ်။ အဲဒီကာလ ကျမ မောင်နှစ်ယောက်ဖြစ်တဲ့ ကိုအောင်ကျော်ဇောနဲ့ ကိုကျော်ဇောဦးတို့တတွေ ဗမာပြည်ကွန်မြူနစ်ပါတီ မြေအောက်ကလပ်စည်းနဲ့ ဆက်စပ်မိပြီး မြေအောက်လှုပ်ရှားမှုများ လုပ်နေချိန်ပါ။ သူတို့က ဆက်သားအဖြစ် မောင်မြတ်ကျော်ကို ဟိုခိုင်း ဒီခိုင်း လုပ်ပါတယ်။ မောင်မြတ်ကျော်ကလည်း အစောပိုင်းကတော့ သူ့အစ်ကိုတွေ ခိုင်းသမျှ လုပ်နေပေမယ့် နောက်ပိုင်း သူ့တက်ကြွမှုနဲ့သူ  လှုပ်ရှားမှုတွေထဲမှာ ပါဝင်လာဟန် ရှိပါတယ်။ မေမေက ဒါတွေ ရိပ်မိပြီး သူ့သားတွေကို ဆူဆူပူပူ လုပ်လာပါတယ်။ မောင်မြတ်ကျော်ကိုလည်း သူ့မိဘတွေရှိရာ သုံးဆယ်ကို ပြန်ပို့မယ်လို့ လုပ်လာပါတယ်။ "ကျွန်တော်တို့ နောက်ဘာမှ မခိုင်းတော့ပါဘူး" လို့ သူ့သားတွေက ကတိပေးမှ သက်သာရာ ရကြပါတယ်။

ကျမတို့ တောခိုဖို့ ပြင်ဆင်တော့ ကျမက မောင်မြတ်ကျော်ပါ တပါတည်း ခေါ်သွားဖို့ ဖေဖေနဲ့ တိုင်ပင်ပါတယ်။ ဖေဖေက လူသိတ်များရင် အန္တရာယ်ကြီးတယ်။ အခု ကျောင်းတွေလည်း ပိတ်ထားလို့  လွတ်လွတ်ကျွတ်ကျွတ် ဖြစ်အောင် သူ့မိဘများရှိရာ သုံးဆယ် ပြန်ခိုင်းထားတာ ကောင်းမယ်ဆိုပြီး သုံးဆယ်ပြန် လွှတ်ထားပါတယ်။ အဲဒီကာလက မှိုင်းရာပြည့်လှုပ်ရှားမှုအပြီး ကျောင်းတွေ ပိတ်ထားချိန်ပါ။ ဒါပေမယ့် ကျမတို့  မထွက်ခင်တရက်မှာပဲ မောင်မြတ်ကျော် သုံးဆယ်မှာ အဖမ်းခံရပါတယ်။ အဲဒီကနေ ထောင်ကျသွားတာ ၁၉၈၀ ခုနှစ် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပါတယ်။

ပြန်လွတ်လာတော့ သူက မေမေနဲ့ပဲ စမ်းချောင်းအိမ်မှာ နေပါတယ်။ သုံးဆယ်ရှိ မိဘများထံပြန်လည်း ခဏပဲ ပြန်ပါတယ်။ ဘဘတို့ မမလှတို့ မရှိတော့ဘူး၊ ကြီးကြီးကို စောင့်ရှောက်ဖို့ တာဝန် ကျနော့်မှာ ရှိတယ်ဆိုပြီး နေပါတယ်။ (သူက ဖေဖေနဲ့ မေမေကို ဘဘနဲ့ ကြီးကြီးလို့ ခေါ်ပါတယ်)။ မေမေက တွတ်တွတ်အစား လက်ကတုံးတောင်ဝှေးသားအဖြစ် အတော်တွယ်တာပါတယ်။ အဲဒီကာလအတွင်း မေမေ မကျန်းမမာ ဖြစ်တော့ သူပဲ ပြုစုရပါတယ်။

၁၉၈၀ ခုနှစ် မေမေ ကျမတို့နောက် လိုက်လာတော့လည်း သူ့ဟာသူ နောက်ကလိုက်လာတာ မေမေနဲ့ ရှေ့ဆင့် နောက်ဆင့်ပဲ ပါတီဌာနချုပ် ပန်ဆန်းကို ရောက်လာပါတယ်။

ဖေဖေက ကျမတို့ မောင်နှမတွေ ပါတီကို ပြန်ရောက်ပြီး ကတည်းက ပါတီကို အပ်ပါတယ်။ ကျမတို့အတွက် ပါတီက တာဝန်တွေ ခွဲပေးရာမှာ တလုံးမှ ဝင်မပြောပါဘူး။ ကျမတို့ကိုလည်း ပါတီကို လာဖို့ ပြင်ဆင်ကတည်းက ဟိုရောက်ရင် ပါတီက ဘာတာဝန်ပေးပေး လုပ်ရမယ်။ ဆေးပဲ ကုမယ်လို့ မပြောရဘူး။ ပါတီက ဈေးရောင်းခိုင်း လည်းရောင်း၊ ကင်းစောင့်ခိုင်းလည်း စောင့်လို့ ပညာပေးပါတယ်။ ဒါကြောင့် ဖေဖေမေမေတို့ ဗဟိုရုံးမှာ နေကြရပြီး ကျမတို့ မောင်နှမတွေက ကိုယ်တာဝန်ကျရာဌာနမှာပဲ နေပါတယ်။ ကျမက ဆေးရုံတို့ ဆေးကျောင်းတို့မှာပဲ နေပြီး ကျမ မောင်နှစ်ယောက်ကတော့ တပ်တွေထဲမှာပဲ နေပါတယ်။

မောင်မြတ်ကျော် ပါတီထဲရောက်လာတော့ ဗဟိုရုံးက ခေါင်းဆောင်ရဲဘော်များက ဖေဖေနဲ့ မေမေကို အထူးထောက်ထားပြီး ဗဟိုရုံးမှာပဲ တာဝန်ခွဲပေး လိုက်ပါတယ်။ ဗဟိုရုံးမှာ တာဝန်ကျဖို့ ဆိုတာ မလွယ်ပါဘူး။ အလွန် ယုံကြည်စိတ်ချရတဲ့၊ မြေအောက်လုပ်ငန်းတွေမှာ အစမ်းသပ်ခံပြီးသား လူတွေတောင် ပါတီကို ရောက်ရောက်ချင်း ဗဟိုရုံးကို မရောက်နိုင်ပါဘူး။ အောက်ခြေစခန်းတွေ၊ ရှေ့တန်းဌာနတွေမှာ ကာလတပိုင်း ဖြတ်သန်းရပါတယ်။ အဲဒီမှာ ဖော်ပြချက်တွေ ကောင်းမှ ဗဟိုရောက်တာပါ။ ထို့အတူ ဗဟိုမှာ ကြီးပြင်းတဲ့ ဗဟိုခေါင်းဆောင် သားသမီး များဟာလည်း အရွယ်ရောက်လာရင် မိဘများနဲ့ ခွဲပြီး အောက်ခြေဌာနတွေ၊ ရှေ့တန်းတပ်တွေမှာ တာဝန် သွားထမ်းရတာပါ။ ဒါဟာ ဗဟိုက ချမှတ်ထားတဲ့ စည်းကမ်းပါ။

ဒါကို မောင်မြတ်ကျော်ကိစ္စမှာ ချွင်းချက် ထားပါတယ်။ ကျမတို့ကလည်း ဒီအစီအစဉ်ကို အတော် ကျေးဇူးတင် ပါတယ်။  နို့မို့ရင် ကျမတို့မှာ (ဖေဖေနဲ့မေမေ မကျန်းမမာ ဖြစ်တဲ့အခါများဆိုရင်) တာဝန်၇ှိလို့သာ လုပ်ကိုင်နေရပေမယ့် စိတ်ကို မဖြောင့်ပါဘူး။ အခုတော့ ဖေဖေတို့ အနားမှာ မောင်မြတ်ကျော် ရှိနေတော့ အလုပ်တွေ စိတ်ချလက်ချ လုပ်နိုင်ပြီး ခ၇ီးတွေ ဘာတွေ မကြာခဏ ထွက်နိုင်သွားပါတယ်။ မောင်မြတ်ကျော်ကလည်း ဆက်ဆံရေး အလွန်ဖြောင့်ဖြူးပါတယ်။ ဗဟိုရုံးက ဌာနအသီးသီးက ရဲဘော်များနဲ့လည်း ပြေပြေပြစ်ပြစ် ပြောဆိုဆက်ဆံကြလို့ မနေ့တနေ့ကပဲ တောထဲရောက်လာပြီး ဒီနေ့ ဗဟိုရုံးလာ အလုပ်တက်နေတဲ့ သူ့ကို ဘယ်သူကမှ ထင်မြင်ချက်ရှိတယ်လို့ မကြားရပါဘူး။ သူရောက်ပြီး မကြာမီမှာပဲ အားလုံးနဲ့ အသားကျ ပြေလည်သွားပါတယ်။ သူက အလုပ်လုပ်ရာမှာ လက်ကြောတင်းတင်း ပေါ့ပါးဖြတ်လတ်သူ ဖြစ်တော့ စခန်း ထုတ်လုပ်ရေး၊ မွေးမြူရေးတွေမှာ သူ့ပဲ အားကိုးလာရပါတော့တယ်။

အဲဒီ ဗဟိုစခန်းမှာ မေမေဟာ မောင်မြတ်ကျော် အကူအညီနဲ့ ကြက်မွေး၊ စားပင်သောက်ပင်လေးတွေ စိုက်နဲ့ အတော် ပျော်ရွှင်ပါတယ်။ မောင်မြတ်ကျော် အလုပ်စခန်းက ဗဟို အလုပ်ရုံးထဲမှာပဲ ရှိတာကြောင့် သူက အလုပ်အားတာနဲ့ အိမ်ပြန်ပြီး မေမေနဲ့ နေပါတယ်။ အိမ်အလုပ်လည်း ကူလုပ်ပေါ့။ မောင်မြတ်ကျော် အလုပ်များလို့ အချိန်တန်လို့ အိမ်ပြန်မလာရင် မေမေက သူ့အလုပ်စခန်းရှိရာ တောင်ကုန်းလေးကို တက်တက်လာတတ်လို့ ကျန် ရဲဘော်များက အလုပ်များနေရင် သူ့ကို အိမ်ခဏပြန် အကျိုးအကြောင်း ပြောခိုင်းတတ်ပါတယ်။

ဗဟိုရုံးကို တခါတရံမှ ရောက်ကြတဲ့ နယ်ခေါင်းဆောင်တချို့၊ နယ်ကေဒါတချို့က မောင်မြတ်ကျော်ကို ဖေဖေမေမေတို့ သားလို့ပဲ ထင်နေပါတယ်။ ကျမတို့ကို သိတ်မသိကြပါဘူး။ ကျမတို့ကို သိသူများကလည်း မောင်နှမအရင်းတွေလို့ ထင်နေပါတယ်။

တခါလည်း မောင်မြတ်ကျော် (တောတွင်းအမည် ရဲဘော်ထွန်းမြတ်) အလယ်ပိုင်းဗျူရိုသို့ ခရီးထွက်ဖို့ ကိစ္စပေါ်လာပါတယ်။ မြို့က ရောက်လာတဲ့ ရဲဘော်အများစုဟာ ရုံးအလုပ် မလုပ်ချင်ကြပါဘူး။ ရှေ့တန်းထွက်ဖို့ပဲ အကွက်ချောင်းနေကြတာပါ။ သူလည်း ရောက်ကတည်းက ရှေ့တန်းတပ် သွားရဖို့ပဲ တောင်းဆိုနေတာပါ။ ဗဟိုရုံးကော်မတီက သူ့ကို ရုံးတာဝန်အပြင် ဖေဖေမေမေတို့ကို စောင့်ရှောက်ဖို့ ဒီတာဝန်ကို ပေးထားလို့၊ သူ့ကို ရှင်းပြထားလို့ သူ အောင့်အီးနေတာပါ။ အလယ်ပိုင်းကို ဆက်သားလွှတ်ဖို့ ကိစ္စပေါ်လာတော့ သူက တောင်းဆိုပြီး ဆင်းသွားပါတယ်။ သူက ကျမကို ကြီးကြီးကိုတော့ မပြောပါနဲ့။ ကျနော်ဟိုမှာ ၁ နှစ် ၂ နှစ်လောက်ကြာမယ် ပြောသွားပါတယ်။

ဒါပေမယ့် မောင်မြတ်ကျော် ၃ - ၄ လနဲ့ ပြန်ရောက်လာပါတယ်။ ကျမက ဘယ်လို ဖြစ်တာလဲ မေးတော့၊ မသိပါဘူး မမလှရယ်။ ကျနော် ဟိုရောက်ပြီး မကြာပါဘူး။ ဗဟိုက ကြေးနန်းလာတယ်။ ရဲဘော်ထွန်းမြတ်ကို ကြုံတဲ့ စစ်ကြောင်းနဲ့ အမြန်ဆုံး ပြန်လွှတ်ပါဆိုလို့ ကျနော်ပြန်လာရတာ။ အလယ်ပိုင်းဗျူရို ရဲဘော်များက ဗဟိုကို စိတ်ဆိုးကြတယ်။ သူတို့ လူကြတော့ သိပ်သိတာပဲ။ သိပ်စေးနှဲတာပဲလို့ ဆိုကြတယ်လို့ ပြောပါတယ်။ သူ့မိခင်ဌာနကို မေးတော့လည်း သူတို့ ပြန်ခေါ်တာ မဟုတ်ဘူးတဲ့။

နောင် နှစ်အတန်ကြာမှ တရားခံ ပေါ်ပါတယ်။

၁၉၈၆ ခုနှစ်မှာ ကျမ အတော်မကျန်းမမာဖြစ်လို့ တဖက်နိုင်ငံ ဆေးရုံတက်ရပါတယ်။ အဲဒီမှာ ပါတီရဲ့ ထောက်ပံ့ရေးဌာနကြီး တာဝန်ခံလည်းဖြစ်၊ ဒုဥက္ကဌလည်းဖြစ်တဲ့ သခင်ဖေတင့်လည်း ဆေးရုံတက်နေရပါတယ်။ ကျမတို့ တနေ့ ထိုင်စကားပြောရင်းက မေမေ့အကြောင်းရောက်သွားရာမှာ သူက "မင်းတို့ အမေကြီးက ရဲဘော်ထွန်းမြတ်ကို တော်တော်သံယောဇဉ် ကြီးရှာတယ်" လို့ အစချီပြီး ကျမတို့တတွေအတွက် ပဟေဠိဖြစ်နေတဲ့ ကိစ္စကို ပြောပြပါတယ်။

"ရဲဘော်ထွန်းမြတ် အလယ်ပိုင်းဆင်းသွားရစဉ်က ဒေါ်သန်းစိန်လာပြီး ဒီလိုပြောတယ်။ အစ်ကိုကြီးရယ်.. ကျမက သားတွေကိုတော့ ကိုယ့်အနီးအနားမှာ ထားပြီး( တကယ်တော့ သူတို့ နှစ်ယောက်လည်းအခြေခံစခန်းထဲမှာ ဖြစ်ပေမယ့် ရှေတန်းတပ်တွေမှာ နေတာပါ) ဒီတူလေးကျမှ ဟိုအောက်ဖက်၊ ပျောက်ကျားဒေသ လွှတ်ထားတော့ ဒီကလေးတခုခုဖြစ်ရင် ကျမ သူ့မိဘတွေကို ဘယ်လို ပြောရမလဲ။ သူ့ကို ပြန်ခေါ်ပေးပြီး ကျမသား တယောက် ယောက်ကို အဲဒီ တာဝန် ပေးပါလို့ လာပြောတယ်လေ။ ဒါကြောင့် ရဲဘော်ထွန်းမြတ်ကို ပြန်ခေါ်ပေးလိုက်ရတာ.." တဲ့။

ကဲ. အဲသလောက် မေမေဟာ ဒီအစားထိုးသားလေးကို ချစ်ရှာပါတယ်။ ဒါတွေကို သိလို့ပဲ ၁၉၈၉ ခုနှစ် ဗဟိုရုံး အာဏာသိမ်းခံရစဉ်က တရုတ်ပြည်ဘက်ကမ်း ထွက်ပြေးကြရတဲ့ ဗဟိုရုံးက ရဲဘော်တွေကို နေရာချ၊ ထိန်းသိမ်း၊ စောင့်ရှောက်လုပ်ကိုင်ပေးနေတဲ့ ရဲဘော်ထွန်းမြတ်ကို နေရာချရေး တာဝန်ခံခေါင်းဆောင် (နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်) ရဲဘော်တင်ရီ (ပဲခူးနေဝင်း)  က "ကဲ ကဲ - ရဲဘော်ထွန်းမြတ်၊ ဒီအလုပ်တွေ အသာထား၊ သွား၊ ခင်ဗျား အမေကြီးနားပဲနေ၊ ဟိုမှာ တရူံ့ရှုံ့ ငိုနေတာ၊ ခင်ဗျားသွားစောင့်ရှောက်ချေ" ဆိုပြီး မေမေ့အနားသွားနေဖို့ တာဝန်ပေးလိုက်သတဲ့။ မေမေကလည်း အဲဒီတုန်းက ကျမတို့ မောင်နှမသုံးယောက်စလုံး ပန်ဆန်းမှာ ကျန်ခဲ့ပြီး၊ ဘာသတင်းမှ မရလို့ တငိုငို တယိုယို ဖြစ်နေတာပဲ။ အဲဒီတုန်းကလည်း ဖေဖေနဲ့ မေမေနောက် ကိုထွန်းမြတ်ပဲ သားအဖြစ် လိုက်ပါပြီး စောင့်ရှောက်နေထိုင်ခဲ့ရပါတယ်။

ဒါကြောင့် မေမေ့ဘဝမှာ အခက်အခဲ အကြပ်အတည်းတွေနဲ့ ကြုံတိုင်း သူရဲ့ လက်ကတုံးတောင်ဝှး သားလေးအဖြစ် ကိုထွန်းမြတ်ကိုပဲ အားကိုးအားထားပြုပြီး ဒုက္ခတွေကို ကျော်လွှားခဲ့ရပါတယ်။ မြို့ပေါ်မှာ သူတယောက်တည်း ကျန်ခဲ့စဉ် မမာမချာဖြစ်ပြီး အိပ်ရာထဲ လဲသွားတော့ ကိုထွန်းမြတ် ဘယ်လောက်သူ့ကို စောင့်ရှောက်ပေးခဲ့ကြောင်း၊ ထမီကအစ လျှော်ပေးခဲ့ကြောင်း၊ မစားချင် မသောက်ချင် ဖြစ်နေရင်လည်းပူတင်းလေး လုပ်ကျွေးပြီး "ကြီးကြီး အားရှိအောင် စားလိုက်၊ ကြီးကြီး အားရှိမှ၊ နေကောင်းမှ ဘဘနောက် လိုက်နိုင်မှာ" လို့ အားပေးပြီး ချော့ကျွေးတတ်ကြောင်း ပြောပြတတ်ပါတယ်။ ဒါတွေအတွက်လည်း မေမေက သူ့ အစားထိုး သားလေးကို ချစ်မဝ ကျေးဇူးတင်မဆုံး ဖြစ်ခဲ့ဟန် ရှိပါတယ်။


{ကျမဆက်၍ရေးချင်သော မေမေ့အကြောင်းများ အမှတ် (၄)}  မှ.


နယ်စွန်နယ်ဖျားခရီးသွား (ပီနန်) ရေးသူ - အေးင်း(လမင်းတရာ)

ကိုယ့်လက်ထဲမှာ အနီရောင် မှာ ရွှေစာလုံးနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်လို့ စာတမ်းခတ်နှိပ်ထားတဲ့ ဗမာ pass port လေး……….။

သူတောင်းစားကို ဆရာခေါ်၊ ဓါးပြကို ထိုင်ကန်တော့ရတဲ့ အလုပ်လည်း မလုပ်ခဲ့ရဘူး။ လက်မှတ်ပေါင်းများစွာ၊ လျှောက်လွှာပေါင်းများစွာကို ငွေနဲ့ဖို့၊ တံစိုးလက်ဆောင်ပေး၊ မျက်နှာချိုသွေး၊ အအော်အငေါက်ခံ၊ ဟိုက ဒီပြေး..၊ ဒီက ဟိုပြေး စတဲ့ ဖြစ်စဉ်တွေ မဖြတ်သန်းလိုက်ရဘူး..။

ကိုယ့်ပြေကိုယ့်ရွာမှာ .. ရွှေစက္ကူလိုအဖိုးတန်ပေမယ့် သူများနိုင်ငံ လေဆိပ်ကို ဝင်ရင်၊ မျက်နှာ အင်မတန်ငယ်ရတဲ့ ရွှေမြန်မာ pass port လေးကို ကိုယ်က ဂုဏ်ယူဝင့်ကြွားစွာ အိပ်ကပ်ထဲ ထည့်ပြီး၊ ပတူနမ်ဈေးနားကနေ ဆမွတ်ပကန်၊ ဆမ်လုံး ရပ်ကွက်ကို ဘတ်စ်ကားနဲ့ ပြန်လာခဲ့ပါတယ်။

ငါ.. ရပြီ၊ ငါ…… ရပြီ၊ ဗမာ pass port ငါရပြီ……။ pass port  ကိုင်ပြီး ထိုင်းရောက်လာတာ မဟုတ်ပဲ၊ ပြောင်းပြန် ထိုင်ရောက်ပြီးမှ pass port ကို ရတာ..။ ပတ်စ်စပို့က အသစ်စက်စက်.။ ပတ်စ်စပို့ရုံးက ထုတ်းပေးတဲ့အတိုင်း…….။

ဒါလေးရဖို့ ပထမ အရစ်မှာ ပတ်စ်စပို့ဓါတ်ပုံ တပုံ၊ ကိုယ်ပေးချင်တဲ့ ကိုယ်ကြိုက်ရာ ကိုယ့်နာမည်တခုခုနဲ့ ထိုင်းဘတ်ငွေ ၅ ထောင် ပေးရတယ်။ ကိုယ့်ဓါတ်ပုံနဲ့ ကိုယ့်နာမည်ပါတဲ့ အနီရောင် စာအုပ်လေး လက်ထဲရောက်ရင် ကျန်ငွေ ၅ ထောင် ပေးချေရတယ်။

ထိုင်းငွေ ဘတ်တသောင်းဟာ အဲဒီကာလ (၁၉၉၀ခုနှစ်) မှာ အမေရိကန်ဒေါ်လာ လေးရာနဲ့ ညီမျှတယ်။ ဗမာငွေ ဘယ်လောက် ရှိလဲ မပြောတတ်ဘူး။ ၁၉၈၉ ခုနှစ် မြဝတီကနေ မဲဆောက်ကူးတော့ ထိုင်းတဘတ် = ဗမာ သုံးကျပ်။

pass port မှာ ထိုင်းလူဝင်မှုကြည့်ကြပ်က ထုပေးတဲ့ လေယာဉ်ကွင်းအဝင်တုံးပါတယ်။ အဝင်တုံးက သတ်မှတ်ရက်ကျော်ရင် သေသွားမှာ..။ သူ့အသက်ကို ဆွဲဆန့်ဖို့ လိုတယ်။ နိုင်ငံခြားမှာ ဆေးထွက်ကုရမယ်။ ဆေးဆရာအပေါဆုံးက မလေးရှားနိုင်ငံ ပီနန်က ဆရာဝန်က ဈေးပေါတယ်။

ဘာလုပ်မလဲ..။ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့် ဗီဇာ သက်တမ်း ခြောက်လကို မလေးရှားနိုင်ငံက ထိုင်းကောင်စစ်ဝန် ရုံးမှာ သွားယူရမယ်။ မီးရထားတတန်၊ ကားတတန် နဲ့ သွားရင် ဖုတ်လှိုက်ဖုတ်လှိုက် စာအုပ်နီလေး အသက်ရှင် လာမယ်။ တချို့ လူချမ်းသာ ကိုေ၇ွှဗမာတွေက လေယာဉ်ပျံနဲ့ ကွာလာလမ်ပူ အထိ သွားကြတယ်။

မောင်အေးဝင်းကတော့ ပေါချောင်ကောင်း လမ်းစဉ်၊ ဟွလန်ဖုံး ဘူတာကနေ မီးရထားနဲ့ ပီနန်ကို သွားမယ်။

ဟွလန်ဖုံး (Hwalamphong) ဘူတာက ကိုယ်နေတဲ့ နေရာကနေဆို ဟိုဘက်မြို့စွန် နဲ့ ဒီဘက်မြို့စွန်။

လက်မှတ်သွားဝယ်တဲ့နေ့က ဘူတာကို တယောက်တည်း မသွားရဲလို့ ဘန်ကောက်ကို အလည်ရောက်နေတဲ့ ကိုယ့် ငယ်သူငယ်ချင်း ဟေမာတိုး ရဲ့ ယောက်ျား ကိုဇော်ထွန်းကို အဖော်ခေါ်သွားရတယ်။ ကိုယ်က မှောင်ကြီး မဲကြီး နိုင်ငံ ကနေ စစ်ကားကြီးတွေ တဝီဝီပြေးနေတဲ့ ကြားက ပြေးလာရတာလေ……..။

ရထားလက်မှတ် လိုချင်ရင် ဘူတာမှာ ညအိပ်ပြီး တန်းစီရတယ်။ မှတ်ပုံတင်တို့ ထောက်ခံစာတို့ ပြရတဲ့.. နိုင်ငံကလာတော့  ကြောက်တာပေါ့.။ ထိုင်းမှာက ကိုယ့်ပြေကိုယ့်ရွာနဲ့ တခြားစီ..။

ဟွလန်ဖုံးဘူတာထဲ ဝင်သွားပြီး ထိုင်း - အင်္ဂလိပ် နှစ်ဘာသာ ရေးထားတဲ့ ဆိုင်းဘုတ်တွေကို လိုက်ဖတ်တယ်.။ Hadd Yai လို့ ရေးထားတဲ့ လက်မှတ်ပေါက်မှာ ခရီးစဉ်တွေ အများကြီးထဲက ကိုယ်သွားချင်တဲ့ အချိန်နဲ့ ရက်ကို ပြောပြီး ဝယ်လိုက်တာပဲ.။ တနေ့ကို ဘယ် နှစ်စီးတောင် Hadd Yai ကို သွားလဲ မပြောတတ်ဘူး။

ရထားလက်မှတ် ဝယ်ရတာ ၅ မိနစ်တောင် မကြာဘူး။ လက်မှတ် ဝယ်ပြီးတော့ ကိုဇော်ထွန်းနဲ့ ကိုယ်နဲ့ ဘူတာထဲက စားသောက်ဆိုင်တဆိုင်မှာ beer တယောက် တလုံးစီ သောက်ကြတယ်။

ဇူလိုင် ၁၅ ရက်၊ ၁၉၉၀ ခုနှစ်၊ တနင်းဂနွေနေ့ ညနေ ၃း ၁၅ မှာ ရထားထွက်တယ်။ ရိုးရိုးတန်း ထိုင်ခုံတွဲနဲ့ ကိုယ်လိုက်သွားတယ်။ တွဲကလည်း သန့်သန့်ရှင်းရှင်း သက်တောင့်သက်သာ ချောင်ချောင်ချိချိပဲ။ ကိုယ်က ပြတင်းပေါက်ဖက်က နေရာထိုင်ခုံ မရဘူး။ ရထားဟာ နန်းတော်ဘေးက ဖြတ်တယ် ပြောလို့ လှမ်းမျှော်ကြည့် ရသေးတယ်။ ခဏနေတော့ အပြင်ဘက် ပတ်ဝန်းကျင်လည်း မှောင်သွားတာမို့ ပြတင်းတွေလည်း ပိတ်ကုန်တယ်။

ကိုယ်လည်း တယောက်တည်း ငူငူငေါင်ငေါင်ကြီး ထိုင်နေ၇တာ ပျင်းလာတာနဲ့  စားသောက်တွဲမှာ ဘီယာသောက်ရင်း သွားထိုင်နေလိုက်တယ်။

စားသောက်တွဲမှာ ဘီယာသောက်ရင်းဆိုလို့ . ကိုယ့်ပြေကိုယ့်ရွာမှာ အကောင်းဆုံး ရထားဆိုတဲ့ မန္တလေးရထားက စားသောက်တွဲကို ပြန်စဉ်းစားမိတယ်။ မန္တလေးရထားမှာ ရေခဲတွေ ရေမှာ ပေါလောမျောနေတဲ့ သစ်သား စည်ကြီးထဲမှာ ဘီယာတွေ၊ အချိုရည်ပုလင်းတွေကို စိမ်ထားတယ်။ စားသုံးသူလက်ထဲ အဲဒီ ပုလင်း စိုစိုရွှဲရွှဲတွေကို ဒီအတိုင်း လာချပေးတယ်။ ရထားကလည်း လှုပ်လိုက်တာမှ ဘီယာကို ခွက်နဲ့ ပဲ သောက်သောက်၊ ပုလင်းလိုက်ပဲ မော့မော့၊ ပါးစပ်နဲ့ တော်တော်တည့်ယူရတယ်။ ရင်ဘတ်ပေါ်လည်း စီးကျ တတ်သလို၊ ဖန်ခွက်နှုတ်ခမ်း၊ ပုလင်းနှုတ်သီးနဲ့ သွားနဲ့ ခိုက်မိလို့ သွားဖုံးနာရ၊ သွားနာရတာလည်း အကြိမ်ကြိမ်……

ထိုင်းမှာက ရထားလမ်းတွေကလည်း ကောင်း၊ ရထားတွဲတွေကလည်း ကောင်းတော့ သူတို့ စားသောက်တွဲတွေများ စားရသောက်ရတာ အတော် ဇိမ်ရှိတယ်။

နောက်တနေ့ မနက် ရး၀၀ လောက်မှာ ထိုင်း - မလေးရှားနယ်စပ် Hadd Yai ကို ရောက်သွားတယ်။ Hadd Yai မှာ ပီနန်သွားတဲ့ တက္ကစီတွေက မာစီဒီး ကားတွေ။ ဗမာအမျိုးသမီးလေး သုံးယောက်၊ အမျိုးသား တယောက် ရောက်နှင့်နေတဲ့ ကားပေါ် မှာ ခ၇ီးသည် တယောက်ပဲ လိုတော့တာမို့ ကိုယ့်နဲ့ အဆင်ပြေသွားတယ်။

ပီနန်ကို ဘန်ကောက်နာရီ ညနေ ၄း၀၀ နာရီ မလေးရှားစံတော်ချိန် ၅း၀၀ မှာ ရောက်သွားတယ်။ ကားပေါ်က ခရီးဖော်တွေ Hadd Yai မှာ ထိုင်းအခွန်ရုံးကို ဝင်နေလို့ ၁၁ နာရီမှ ထွက်ဖြစ်တာ။ ပီနန်ကို အရောက် နောက်ကျသွားတယ်။ နောက်တနေ့ မနက်မှ ဗီဇာ သွားတင်ရမယ်။ကိုယ်က Golden Queen Hotel မှာ တည်းတယ်။

ဟိုတယ်မှာ ပစ္စည်း အထုတ်အပိုးတွေ ချပြီး အနီးအနား လျှောက်ဖြစ်တယ်။ လာရင်းကိစ္စက pass port သက်တမ်း ဆွဲဆန့် ရုံပဲဆိုတော့ ဘယ်မှ ထွေထွေထူးထူး မသွားတော့ပါဘူး။ မသောက်ရတာ ကြာပြီ ဖြစ်တဲ့ မလေးရှား Tiger Beer ကို ဗိုက်ကား အောင်သောက်၊ ငှက်ပျောဖက်နဲ့ စားရတဲ့ ချစ်တီးထမင်းဆိုင်မှာ ဆိတ်ဦးဏှောက်ဟင်း၊ ချပ်တနီး၊ မနုတ်တာနီ နဲ့ ထမင်းပူပူကို ဟင်းပူပူကို ပဲဟင်းပူပူ ရွှဲနေအောင်ဆမ်းပြီး၊ ချွေးထွက်၊ နှပ်ထွက်အောင် စားလိုက်တယ်။ ဒါပါပဲ……

မနက်နိုးတော့ ကားသမားလာခေါ်လို့ ဗီဇာ သွားတင်တယ်။ ကားဆရာက ပီနန်တောင်ပေါ်ဘုရား ကို ပို့ပေးတယ်။ ညနေမှာ ဗီဇာ ရလာတယ်။

ဗီဇာ ၆ လ ရခဲ့ပြီ။ ဒါပေမယ့် ၃လ နှစ်ရစ် ခွဲပေးတာမို့ နောက် သုံးလမှာ တခေါက် ထပ်ထွက်ရမယ်။ အဲဒီတခေါက်ကတော့ ပီနန်ထိ သွားစရာ မလိုပါ..။ နှစ်နိုင်ငံ နယ်ခြားမှာ အဝင် အထွက် တိုင်ပတ်ရုံပါပဲ.။

အသွား ရထားပေါ် တညအိပ်၊ ပီနန်မှာ နှစ်ည အိပ်၊ အပြန်ရထားပေါ် တညအိပ် - ပြီး၊ ၁၉ ဇူလိုင်၊ ၁၉၉၀ ခုနှစ်၊ ကြာသာပတေးနေ့ မနက် ၁၀ နာရီ ၂၅ မှာ ဘန်ကောက် ပြန်ရောက်လာတယ်။ နယ်စွန်နယ်ဖျားကနေ ရထားစီးပြီ၊ မြို့စွန်မြို့ဖျားကို ဘတ်စ်ကားနဲ့ ပြန်လာတာ ဆမ်းလုံအိမ်ကို နေ့လည် ၁၂ နာရီလောက်မှာ ပြန်ရောက်လာတယ်။