Tuesday, April 29, 2008

ပျိုးခင်းကိုဝင်
ရေးသူ- ဒဂုန်တာရာ

[၁၉၉၇ အောက်တိုဘာလထုတ် မာယာတွင် ဖော်ပြပြီး ယခု အင်တာနက်မဂ္ဂဇင်းတွင် ထပ်မံဖော်ပြခြင်း ဖြစ်ပါတယ်။]


(က)
ကျွန်တော့်မိတ်ဆွေ အယ်ဒီတာတယောက် ဆောင်းပါးတောင်းရန် ရောက်လာသည်။ တကယ် တိတိကျကျ ရေးရရင်တော့ အယ်ဒီတာဟောင်းဟု ရေးရမည် ထင်သည်။ သို့သော် သူက သူထုတ်ဝေမည့် စာစောင်သစ်အတွက် ဆောင်းပါးလာတောင်းသည် ဆိုတော့ အယ်ဒီတာဟု ရေးလည်း ရနိုင်သည်။ အခြား ဝေါဟာရဖြင့် သုံးရလျင် သတင်းစာဆရာ ဟူ၍ ဖြစ်မည်။




'သတင်းစာဆရာ' ဟူသော ဝေါဟာရမှာ အဓိပ္ပါယ် ကျယ်ဝန်းလှသည်။ သတင်းစာဆရာ၊ ဂျာနယ်၊ မဂ္ဂဇင်း အယ်ဒီတာကို ယေဘူယျအားဖြင့် သတင်းစာဆရာဟု ခေါ်ကြသည်။ (သတင်းစာဆရာကို စာရေးဆရာဟုတော့ မခေါ်ကြတော့။)
"ဘယ်လို စာစောင်မျိုး ထုတ်မှာလဲ"
'သတင်းနဲ့စာပေ ဆောင်းပါး မျိုးစုံ' ကျွန်တော် အကြမ်းဖျင်း နားလည်လိုက်သည်။ အယ်ဒီတာက ဆက်လက်၍ 'ဒိုင်ဂျက် သဘောမျိုး ဆန်ဆန်' 'ဒိုင်ဂျက်' ဟူသော စကားလုံး အဓိပ္ပါယ်ရင်းမှာ 'အစာကြေညက်ခြင်း' ဟူ၍ဖြစ်သည်။ မြန်မာဆန်ဆန်ပြောရလျင် မိခင်က ကလေးပေါက်စကို အစာဝါးပြီး ကျွေးခြင်းကို တင်စားသည့် သဘောပင်။ စာစောင် စာအုပ်များထဲမှ ကောင်းနိုးရာရာ ရွေးချယ်ကာ အတိုချုံးပြီး ဖော်ပြသော နည်းဖြစ်သည်။ အချိန်အနည်းငယ်နှင့် ဖတ်နိုင်အောင် တင်ပြသော နည်းဖြစ်သည်ဟု ဆိုရမည်။ ကြေညက် အောင် ၀ါးပြီးသား စားရခြင်း ဖြစ်၍ မိမိက အစာချေရန် အားထုတ်စရာ မလိုတော့။ အထူးသဖြင့် အချက်အလက်ကိုသာ အခြေခံသော 'သတင်းပေး' ဆောင်းပါး အမျိုးအစားက များသည်။ ကမ္ဘာအရပ်ရပ်တွင် ယင်း 'ဒိုင်ဂျက်' များ ခေတ်စားသည်။ ဒိုင်ဂျက်တွင် ဆောင်းပါး အသစ်မပါ။ ပါပြီးသား ဆောင်းပါးတွေထဲက ထုတ်နှုတ်ဖော်ပြခြင်း သာဖြစ်သည်။ ယင်း ဒိုင်ဂျက် မဂ္ဂဇင်းစာစောင်များမှာ ဖတ်ချင်စဖွယ် ဘာသာရပ် စုံကြသည်။ စာအုပ်ကဏ္ဍ ဟူ၍ တခန်းဖွင့်ကာ နာမည်ကြီးစာအုပ်၏ အတိုချုံးစာ (၀ါးပြီးသားစာ) ပါသည်။ စာစောင်များများ ထုတ်ဝေသော နိုင်ငံကြီးများတွင် ဒိုင်ဂျက်သည် လူကြိုက်များသည်။ ပင်ရင်းစာများကို အချိန်ကုန်ခံ ဖတ်စရာမလိုပဲ ဒိုင်ဂျက်ဖတ်ရုံနှင့် သိနိုင်သည်ဟု ဆိုကြသည်။
ယခု ကျွန်တော့် မိတ်ဆွေအယ်ဒီတာ ပြောသည့် ဒိုင်ဂျက်ဆန်ဆန် ပုံစံမှာ အခြားနိုင်ငံတို့မှ ဒိုင်ဂျက် စစ်စစ်ပုံစံ မဟုတ်ပဲ ဘာသာရပ်စုံ သဘောသာ ယူမည်ဟု ခန့်မှန်းရသည်။
'သတင်းပေးတဲ့ ပုံစံကကော'
'သတင်းဆောင်ပါး သဘောပါပဲ'
ကျွန်တော် နားလည်လိုက်ပါပြီ။ အမေရိကန် တိုင်းမဂ္ဂဇင်းဟန်မျိုး ဖြစ်မည်။ ထွက်လာမှ သူ့ပုံပန်းကို မြင်ရတော့မည်။ သတင်းနှင့်စာပေဟု ပြောရာတွင် ရသစာပေဖြစ်သော ၀တ္ထု၊ ကဗျာတို့တော့ ပါဝင်မည် မထင်ပေ။
ယနေ့ခေတ် ဝေါဟာရနှင့် ဆိုလျင် သုတနှင့် ရသ။ သုတမှာ သတင်း၊ ရသမှာ စာပေ (ရသစာပေ)။
ကျွန်တော့်မိတ်ဆွေ စီစဉ် ထုတ်ဝေမည့် စာစောင်မှာ သည်ဘောင်အတွင်းထဲမှ ဖြစ်မည်။ ရသစာပေအကြောင်း ဆောင်းပါးများ ပါချင်ပါမည်။
ကျွန်တော့်ထံ ဆောင်းပါးလာတောင်းသည်ကို ထောက်၍ ရသစာပေအကြောင်း ရေးသားသည့် ဆောင်းပါးများကို လိုချင်၍ ဖြစ်မည်။
ကျွန်တော်က သုတသမားမဟုတ်။

(ခ)
'သတင်း' ဟူသော အဓိပ္ပါယ်မှာ ကျယ်ဝန်းသည်။ သတင်းစာတွင်ပါသော သတင်း၊ နေ့စဉ်ဖြစ်ပျက်နေသော သတင်းဖြစ်သည်။ သတင်းကို ဝေဖန်ချက်နှင့် ဖော်ပြခြင်းမျိုး ရှိသည်။ အထူးသဖြင့် ဂျာနယ်များက ယင်းအလုပ်ကို လုပ်ကြသည်။ သတင်းနှင့်ထင်မြင်ချက် ဖြစ်သည်။ သတင်းကို ရသဟန်ဖြင့် ဖွဲ့နွဲ့ခြင်းမျိုးလည်း ရှိသည်။ မစ္စက်ဂန္ဒီ လုပ်ကြံခံရသော အကြောင်း ဖော်ပြရာတွင် လုပ်ကြံခံရပုံကို ၀တ္ထုပမာ မြင်ကွင်းပေါ်အောင် ဖွဲ့နွဲ့ပြီး မစ္စက်ဂန္ဒီ၏ သမိုင်း ကြောင်းကို ခြေရာကောက်ထားသည်။ ရသဟန် သတင်းဝေဖန်ချက် ဆောင်းပါးဟု ဆိုရ ပေမည်။
'သတင်း' ဆိုသည်မှာ လူ့အကြောင်း၊ လူသိများအောင် ဖြန့်ဝေသော စာပေအမျိုးအစား ကို အမည်ပေးထားသော အနုပညာဝေါဟာရ ဖြစ်သည်။ သုတဟု ယခုခေါ်နေကြသည်။ ခံစားမှု အနုပညာဟန် အဖွဲ့အနွဲ့နှင့် မတူ။ ရသစာပေနှင့် မတူ။
ယခုအခါ လစဉ်မှန်မှန် ထုတ်ဝေသော စာစောင်၊ မဂ္ဂဇင်းများ ၃၀ခန့် ရှိမည်ထင်သည်။ တခါမျှ သည်လောက် များများ မရှိခဲ့။ ၀မ်းသာစရာပင်။ ကောင်းသောလက္ခဏာဟုပင် ဆိုရမည် ထင်သည်။ ယခု နှစ်ဆန်းတွင် မဂ္ဂဇင်းသစ်များ စီရရီ ထွက်လာကြသည်မှာ အားရစရာပင်။
မဂ္ဂဇင်းများမှာ ဘာသာရပ်လဲ စုံသည်။ ဘာသာရပ် အခေါ်အဝေါ် အမည်များဖြင့်ပင် ထုတ်ဝေကြသည်။ ရုပ်ရှင်၊ ဂီတ၊ ပန်းချီ၊ သိပ္ပံ၊ ဗေဒင်၊ အမျိုးသမီး၊ ဘာသာရေး.. စသည် စုံသည်။
ယင်း မဂ္ဂဇင်းစာစောင်များတွင် သတင်းပေးအင်အား၊ သုတအင်အားက ကောင်းနေ သည်။ 'ထူးပေ့ဆန်းပေ့သည်' သုတများကလည်း မနည်း။ ကမ္ဘာပေါ်တွင် အရပ်အရှည်ဆုံးလူ၊ ခေါက်ဆွဲအစားနိုင်ဆုံး ယောက်ျား၊ ဆန်တပြည်တွင် ဆန်စေ့ဘယ်နှစ်လုံးပါသည်... စသည်မျိုး။ အရောင်းရ တွင်ကျယ်သည်ဟု ကြားရသည်။ စီးပွါးရေးလုပ်ငန်းအနေဖြင့် အောင်မြင်သည်ဟု ဆိုနိုင်သည်။ ယင်းမဂ္ဂဇင်းများတွင် ရသ အင်အားကတော့ နည်းနေသည်။
'အခု ထုတ်နေကြတာကတော့ ရောတိရောရာတွေက များတယ်၊ ခင်ဗျားကကော ရည်ရွယ်ချက် ရှိသလား'
ရင်းနှီးသူမို့ မေးလိုက်ရခြင်း ဖြစ်သည်။
'မျိုးဆက်သစ် လူငယ်တွေအတွက် ရည်ရွယ်တာပဲဗျာ'
ကြိုက်သွားပြီ။
ကျွန်တော့်မိတ်ဆွေမှာ လူငယ်အဖွဲ့အစည်းများ၊ အလုပ်သမား အဖွဲ့အစည်းများတွင် ပါဝင်ဖူးသူ၊ ကျောင်းဆရာ လုပ်ဖူးသူ ဖြစ်၍ စာအုပ်ကုန်သည်များထက်တော့ သာမည် ထင်ရသည်။
'ကျွန်တော် ဘာရေးပေးရမလဲ'
'ကြိုက်ရာရေး'
ကြိုက်သွားပြန်ပြီ။
'မျိုးဆက်သစ် လူငယ်တွေအတွက်' ဟူသော ရည်ရွယ်ချက်၊ ကျွန်တော် ကြိုက်သော ရည်ရွယ်ချက်။ မိမိ လုပ်နိုင်တာ မလုပ်နိုင်တာ အပထား။
လွန်ခဲ့သော ၁၅နှစ်ကျော် အနှစ် ၂၀ အတွင်းက ကျွန်တော်ရေးခဲ့သော စာများမှာ မျိုးဆက်သစ် လူငယ်များသို့ ဓမ္မဓိဌာန်အားဖြင့် ရည်မှန်းခဲ့သည်။ သူတို့ ဖတ်စေချင်သည်၊ သူတို့ ဆိုသည်မှာ လူငယ် စာဖတ်ပရိသတ် ဖြစ်သည်။
ယင်းသို့ ခံစားသည်မှာ အကြောင်းမဲ့ မဟုတ်။ မျိုးဆက်ကွာဟမှုကို ဆက်ပေးချင်၍ ဖြစ်သည်။ ကျွန်တော်က ခေတ်တခေတ်ကို ထူထောင်သူမဟုတ်။ ကျွန်တော်က နိုင်ငံရေးသမား မဟုတ်။ ကြိုးဆက်သည့် အလုပ်တော့ လုပ်ချင်သည်။
အတိတ်ကြိုးဆက်နှင့် ပစ္စုပ္ပန်ကြိုးဆက်။ အတိတ်မှ ပစ္စုပ္ပန် သို့ရောက်၍၊ ပစ္စုပ္ပန်မှ အနာဂတ်သို့ ရောက်မည်။ သည်ကြိုးမှာ တဆက်တည်းဖြစ်သည်။ ဆက်ထုံးမရှိရ။ အတိတ်ကောင်းမှ ပစ္စုပ္ပန်ကောင်းမည်။ ပစ္စုပ္ပန်ကောင်းမှ အနာဂတ်ကောင်းမည်။ ပဒိုင်းပင် မျိုးစေ့ ကြဲပြီး၊ ပန်းခူးချိန်တွင် နှင်းဆီပန်းခူးချင်၍ ရမည် မဟုတ်ပေ။ မျိုးဆက်ဆိုသည်မှာ မျိုးစေ့။ ငှက်ကလေးတကောင်က အပွင့်ကို ချီ၍ တော၊ တောင်၊ မြစ်၊ ချောင်း ကျော်ကာ ကြဲချ၍ မျိုးစေ့ပွါးသွားခြင်း မဟုတ်လား။
ကြိုးဆက်သူမှာ အတိတ်ကြိုးနှင့် ပစ္စုပ္ပန်ကြိုးစတို့၏ အင်အားနှင့် အမျိုးအစားတို့ကို လေ့လာရသည်။ စစ်ဆေးရသည်။ မလေ့လာ၊ မစစ်ဆေး၍ မဖြစ်။ သံမဏိကြိုးနှင့် အပ်ချည်စ ဆက်ပေး၍ ရမည်မဟုတ်။ ခိုင်မည်လည်း မဟုတ်။ သည်တော့ ကြိုးဆက်သူ ကျွန်တော်က တောက်ပသော အတိတ်ကို ဖော်ရသည်။ မဖော်၍ မဖြစ်။ အတိတ်သံမဏိကြိုးကို ရှာရသည်။
ကျွန်တော် ဖော်ပြသော အတိတ်က ပုဂံခေတ်မဟုတ်။ အင်းဝခေတ်၊ ကုန်းဘောင်ခေတ် လဲ မဟုတ်။ ကျွန်တော်က မှန်နန်းရာဇ၀င်တော်ကြီးကို ရွတ်ပြနေသည် မဟုတ်။ ကျွန်တော်က ကျွန်တော့် ခေတ်ပြိုင်ကိုသာ လေ့လာသည်။ ကျွန်တော်မီသော၊ တွေ့ကြုံခံစားရသော၊ ရာစုနှစ်ဝက်မျှ ရှိသော ခေတ်ပိုင်းကိုသာ ပြောသည်။ ကျွန်တော်မမီသော ခေတ်ကို မပြော။ ၀ံသာနုခေတ်ကို မပြော၊ ကျွန်တော်မမီ။ ကျွန်တော်မီသော ၁၉၃၆ ကျောင်းသားသပိတ်၊ ၁၃၀၀ ရာပြည့် အရေးတော်ပုံခေတ်မှ စ၍သာ ပြောသည်။ ကျွန်တော် ခံစားခဲ့သည့် ခေတ်ပြိုင်သမိုင်း အမြင်ဖြင့် ကြည့်လျင်တော့ အနှစ် ၅၀ ဆိုသည်မှာ ဘာမျှမရှိ။
ကျွန်တော်က အတိတ်က သံမဏိကြိုးဆက်ကိုသာ ရွေး၍ လေ့လာခြင်း ဖြစ်သည်။
ကျွန်တော်က အတိတ်သံမဏိ ကြိုးဆက်နှင့် ပစ္စုပ္ပန်ကြိုးစ သံမဏိမျှင်ကိုသာ ဆက်ချင် သည်။ (ပစ္စုပ္ပန်ကြိုးမျှင် တို့မှာလည်း နိုင်လွန်ကြိုးမျှင်၊ ဒစ္စကိုကြိုးမျှင်၊ ထိုင်းကော်တွန်မျှင်တို့ ရောနှောလျက် ရှိသည် မဟုတ်လား။) သံမဏိ-သံမဏိချင်း ဆက်မှသာ အမျိုးမှန်မည်၊ မျိုးဆက်မှန်မည်၊ မျိုးစေ့မှန်မည်။ ပစ္စုပ္ပန် မျိုးစေ့မှန်မှ အနာဂတ်မျိုးဆက်ကောင်းမည်။
ကျွန်တော် ဖော်ပြသော အတိတ်က အနော်ရထာမင်းစောခေတ် မရောက်။ ကျွန်တော်၏ လူငယ်ဘ၀ အတွေ့အကြုံကာလပိုင်း၊ ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုခေတ်၊ ဒီမိုကရေစီ လူထုလှုပ်ရှားမှုခေတ် တို့သာဖြစ်သည်။ ၁၉၆၀ ခုနှစ်ကို အလယ်ဗဟိုထား၍ စောစောဘက်ခေတ် အတိတ်ကာလကို သာပြောသည်။
'မျိုးဆက်သစ်လူငယ်' ဟူသော စကားရပ်က ရွေ့လျားနေသော စကားရပ် ဖြစ်သည်။ အချိန်ကာလ ခုနှစ် သက္ကရာဇ်ဖြင့် ဖော်ပြရန်ခက်သည်။ ယခု ၁၉၈၅ ကနေကြည့်လျင်၊ ဆယ်ကျော်သက်မှ အသက်သုံးဆယ်ကျော် အရွယ်ပိုင်းများကို 'လူငယ်' ဟု နားလည်ရသည်။ ယခုအခါ ကျွန်တော်က 'လူကြီး'၊ လွန်ခဲ့သော အနှစ် ၄၀ ကျော် ၅၀ ခန့် ကာလအတွင်းက ကျွန်တော်က လူငယ်။ ကျွန်တော်၏ 'လူငယ်' ဘ၀အတွေ့အကြုံကို 'လူငယ်' တို့အား ဝေငှခြင်း ဖြစ်သည်။ လူငယ် လူငယ်ချင်းမှ စာနာနိုင်မည် မဟုတ်လား။
မနေ့က မျိုးစေ့၊ ယနေ့ မျိုးဆက်။ မနက်ဖြန် မျိုးစေ့၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်။
မျိုးစေ့မှန်သည်၊ ကောင်းသည်။ သို့သော် မျိုးဆက်ထဲတွင် အဖြုန်းကလေးများ၊ စုန်းပြူးကလေးများတော့ ကြားညှပ် ပါတတ်သေးသည်ကို သတိပြုမှ ဖြစ်မည်။ ပျိုးထောင်မှု၊ ပေါင်းသင်မှု၊ ကောင်းမှ မျိုးဆက်ကောင်းမည်။ အသီးအပွင့် လှပမည်။
မျိုးဆက်သစ် လူငယ်ကို စိတ်ဝင်စားသော ကျွန်တော့် မိတ်ဆွေအယ်ဒီတာ မျိုးစေ့ကောင်း ကြဲနိုင်ပါစေသတည်း။

ဒဂုန်တာရာ
ဖေဖော်ဝါရီ၊ ၂၁ ၁၉၈၅။
[စာမော်ကွန်းမဂ္ဂဇင်း၊ ဇွန်လ၊ ၁၉၈၅ မှ ကူးယူဖော်ပြတယ်။]

သာဒွန်း
ရေးသူ- နေ၀င်းမြင့်

[မာယာမဂ္ဂဇင်း၊ ၁၉၉၇ အောက်တိုဘာမှာ ဖော်ပြပြီး ဖြစ်ပါတယ်။]


(၁)
အခုပြောမယ့် အကြောင်းအရာက သူကြီးခေတ်က ဖြစ်ခဲ့တာလေးပါ။ တချို့က အခု မနေ့တနေ့က ဖြစ်တယ်လို့ ထင်မှာစိုးလို့ ပြောရတာ။ သိပ် ထူးထူးဆန်းဆန်းကြီး တော့လည်း မဟုတ်ဘူး။ လူငါးယောက်နဲ့ က ခဲ့တဲ့ တခန်းရပ်ပြဇာတ်ကလေးတပုဒ်အကြောင်း ဆိုပါတော့။

(၂)
သဖန်းချောင်း ဘုန်းကြီးက ရွာဆွမ်းသိမ်းပွဲအတွက် အစည်းအဝေးခေါ်တယ်။ သွားကြရ တော့တာပေါ့။ တနယ်လုံးက ကြည်ညိုတဲ့ ဆရာတော်ကြီးကိုး။ သဖန်းချောင်းက မြို့မဟုတ် တော့ ရွာထဲက အပိုင်းအပိုင်းလေးတွေ၊ အစုလေးတွေကို ရပ်ကွက်လို့ မခေါ်တော့ဘူး။ အစုတဲ့။ ချောင်တဲ့။ ထားပါတော့လေ ချောင်ပဲ။ သဖန်းချောင်းမှာ ချောင်ငါးခု ရှိတယ်။ လက်ခုပ်ချောင်တဲ့။ အလိုလေးချောင်တဲ့။ ဘောဂချောင်တဲ့။ မြို့မတဲ့။ မင်းလမ်းတဲ့။ မြို့မနဲ့ မင်းလမ်းက နည်းနည်း အလည်ကျပြီး ပိုက်ဆံရှိတဲ့လူပေါတဲ့ အစုတွေပါ။ လက်ခုပ်ချောင်၊ အလိုလေးချောင်၊ ဘောဂချောင်တွေကတော့ ဆင်းဆင်းရဲရဲ လက်လုပ်လက်စား များတယ် ပြောပါတော့။


ဘာပဲဖြစ်ဖြစ် နှစ်စဉ်လုပ်နေကျ ဆွမ်းသိမ်းပွဲကြီး၊ ဒီနှစ်လည်း စည်ကားချင်တော့ တရွာလုံး ပါရတော့တာကိုး။ တချောင်သုံးယောက်ကျနဲ့ အစည်းဝေးတက်တော့ ဘောဂချောင် က လူကြီးသုံးယောက်လည်းပါတယ်။ ထုံးစံအတိုင်းပေါ့ သူကြီးက ဆွမ်းသိမ်းပွဲအစီအစဉ်တွေ နှစ်စဉ်နှစ်တိုင်းလိုပဲ စည်စည်ကားကား ဖြစ်ချင်တဲ့အကြောင်း၊ အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်းတွေနဲ့ မနှစ်က စီစဉ်သွားတာ တော်တော်လေး အဆင်ပြေတဲ့အကြောင်း၊ သည်နှစ်တော့ တချောင် တမျိုး တာဝန်ယူပြီး ကြည့်ချင်ပွဲလေးလုပ်ရင် ပိုများ သင့်မြတ်မလားလို့ ထင်ကြောင်း၊ ရွာကလည်း ခေါင်တော့ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ကလေး လုပ်ပါမှ ရွာသူရွာသားတွေ ကြည့်ကြရမှာ ဖြစ်ကြောင်း အမိန့်ရှိတော့ သင့်မြတ်ပါတယ် ဘုရားပေါ့။ ကတိပေးကြတယ်။ ဆွမ်းသိမ်းပွဲကလဲ မိုးလေ၀သကင်းမှ ဆိုတော့ လုပ်မယ်ဆိုရင်လည်း ဖြစ်နိုင်တော့ လွယ်လွယ်ပဲ ကတိပေးလိုက်ကြတယ်။
ဒါပေမယ့် အစည်းဝေးပြီးလို့ အိမ်ပြန်ကြတော့ စိတ်ညစ်သွားတာ ဘောဂချောင်က လူကြီးသုံးယောက်ပဲ။
"ကိုင်း.... ဘယ်နှယ်လုပ်မတုန်း... တချောင်တမျိုးနဲ့ တာဝန်ယူပြီး ဇာတ်လမ်းသွင်းရ မတဲ့...." ဆိုတော့ ကျန်တဲ့ နှစ်ယောက်ကလည်း ဘာမှ ပြန်မပြောနိုင်ဘူး။ ကိုယ့်ချောင် အကြောင်း ကိုယ်သိတာကိုး။ ထိုးဇာတ်ကလေး နေနေသာသာ ထမင်းစားဖို့ ဖတ်သီဖတ်သီ ရှာနေရတဲ့ ချောင်။ ပြေးကြည့်မှ တချောင်လုံး လူတရာ မပြည့်တဲ့ချောင်။ အဘိုးကြီး၊ အဘွားကြီးတွေ၊ ကလေးတွေ၊ မိန်းမတွေ နှုတ်လိုက်ရင် ယောက်ျသားဆိုလို့ ရှိလှရင် သုံးဆယ်လောက်ပေါ့။ အဲသည်အထဲမှာ လူငယ်ဆိုလို့ လေး-ငါး- ဆယ်ယောက်လောက်ပဲ ရှိတယ်။ ကျန်တဲ့ ယောက်ျားသား တွေကလည်း ကိုယ့်အသက်အရွယ်နဲ့ မျက်နှာချေ အဖွေးသားလိမ်းပြီး ဘယ့်နှယ်လုပ် ဇာတ်စင်ပေါ် တက်မတုန်း။ ကိုင်း တက်ပါပြီးတဲ့ ဘာက ကြမှာတုန်း။ ဘယ်သူက သင်ပေးမှာ တုန်း။
"သူများချောင်တွေက ဖြစ်ပါတယ်ဆိုလို့သာကိုး..... မခံချင်လို့သာ ခေါင်းညိတ်ရတယ်... ကျုပ်တို့ချောင်က ဘာသွားကမှာတုန်း စိတ်စက်များ ညစ်ပါတယ်......" ပြန်သာလာရတယ်။ မျက်နှာမကောင်းကြဘူး။ ရက်ကတော့ ရပါသေးတယ်။ သီတင်းကျွတ်မှဆိုတော့ လုပ်မယ် ဆိုရင် တိုက်ဖို့ ပြုဖို့ ရက်ကလေးတော့ ရတယ်။ ဒါပေမယ့် ဘယ်သူက ဘာဇာတ်ကို ကမှာတုန်း။ တယောက်ကတော့ အကြံပေးတယ်။
"ကျုပ်တို့ချောင်က ယောက်ျားလေးက နည်းရတဲ့အထဲ လူငယ်ကာလသားက ဘယ်နှစ်ယောက် ရှိလို့တုန်း..... သည်တော့ ရှိတဲ့အထဲက သာဒွန်းကို တာဝန်ပေးရကောင်း မလား"
"မိန်းကလေးကကော... ဘယ်သူက မင်းသမီး လုပ်မှာတုန်း၊ နေ့နဲ့ည ထဘီတောင် အနိုင်နိုင်လဲ ရတဲ့ ကလေးမလေးတွေက ဘယ်က ထဘီအင်္ကျီရမှာတုန်း... ဒါလည်း တွက်ပါဦး"
"အင်းဗျာ.. ဘာလုပ်ရမှန်းတောင် မသိတော့ဘူး"
"နေပါဦးဗျာ.... သာဒွန်းမေးကြည့်ပါဦး"
လူကြီးတွေကလည်း တာဝန်သာ ယူလာတာ ဘောဂချောင်က တင်ဆက်ရမယ့် တခန်းရပ် ပြဇာတ်ကို ဘယ်လိုမှ စဉ်းစားလို့ မရဘူး။ နောက်ဆုံးတော့ ချောင်ထဲက အမြဲမူးနေတဲ့ သာဒွန်းကို ဆရာတင်ဖို့ လုပ်ရတော့တယ်။ သာဒွန်းက ဟိုစပ်စပ် ဒီစပ်စပ်တော့ ပါတယ်။ စည်းလေးဝါးလေး နည်းနည်းပါးပါး နားလည်တယ်။ ဒိုးလေး စခွန့်လေး တီးတတ် တယ်။ သီချင်းလဲ ဆိုတတ်တယ်ဆိုပေမယ့် နှဲက စီရှပ်ဆိုရင် သူက ငါးပေါက်အောက်ပြန် လောက်နဲ့ အော်ချင်အော်နေတဲ့ကောင်ပေမယ့် ဘောဂချောင်မှာတော့ သူကလည်း တေးသံရှင် 'ဘောဂချောင်သာဒွန်း' ပေါ့လေ။
"ဒီကောင် လုပ်ရင်တော့ ဖြစ်မယ်ထင်တာပဲဗျာ... မေးကြည့်တာပေါ့..."

(၃)
သာဒွန်းနဲ့ သူ့ သူငယ်ချင်းလေးယောက်က သူတို့ရှေ့က လူကြီးသုံးယောက်ကို အံ့သြတကြီး ကြည့်နေကြတယ်။ သူတို့တသက် ချောင်ကလူကြီးတွေက သည်လို ယုံယုံကြည်ကြည် တာဝန်ပေးတာမျိုး မရှိခဲ့ဖူးဘူး။ သူတို့ကို အားကိုးတယ်လို့လည်း တခါမှ ပြောဖူးတာ မဟုတ်ဘူး။ မင်းတို့ မကယ်ရင် ချောင်က ဘယ်လိုမှ နားလံထူမှာ မဟုတ်ဘူး။ ဘောဂချောင်ရဲ့ ဂုဏ်သိက္ခာကို မင်းတို့ ထိမ်းသိမ်းရမယ် ဆိုတာမျိုးကိုလည်း သူတို့ မကြားဖူးဘူး။ ဒါပေမယ့် ကနေ့တော့ လူကြီးသုံးယောက်က ခေါ်တယ်ဆိုလို့ လာကြတော့ တကယ့်ကို တာဝန်ပေးနေပြီ။ တာဝန်ကလည်း ကြည့်ဦး၊ တရွာလုံးက ကြည့်မယ့်ပွဲတဲ့။ ဆွမ်းသိမ်းပွဲတဲ့။ ချောင်ငါးခုစလုံးက တချောင်တမျိုး အသုံးတော်ခံကြမှာတဲ့။ ကိုယ့်ချောင်က ညံ့ရင် ကိုယ်ခံတဲ့။ ပြဇာတ်၊ ထိုးဇာတ်၊ တခန်းရပ်၊ အော်ပရာ ကြိုက်ရာ တခုခုလုပ်တဲ့။ ဘယ်သူမှ မစွက်ဖက်စေရတဲ့။ ဘယ်သူကမှ မင်းတို့ကို သြဇာမပေးစေရဘူးတဲ့။ ဘောဂချောင် မှာရှိတဲ့ ပစ္စည်းပစ္စယ ကြိုက်တဲ့အထဲက ကြိုက်တဲ့ အိမ်က ယူသုံးခွင့် ပြုသတဲ့။ ဒါပေမယ့် ဆွမ်းသိမ်းပွဲမှာတော့ ဘောဂချောင်က တာဝန်ယူတင် ဆက်မယ့် အခန်းတခန်းတော့ ပါကို ပါရမယ်တဲ့။
"ကိုင်း.... မင်းတို့ ဖြစ်မလား.. သာဒွန်း"
သာဒွန်းကလည်း သူ့ သူငယ်ချင်းလေးယောက်ကို လှမ်းကြည့်တယ်။ သူငယ်ချင်း လေးယောက်ကလည်း သာဒွန်းပြီးရင် ပြီးတာပဲဆိုတော့ သာဒွန်းကိုပဲ ပြန်ကြည့်ကြတယ်။ အမှန်တော့ ကိုယ့်ချောင်အကြောင်းတော့ ကိုယ်သိတယ်။ အမည်ကသာ ဘောဂချောင်။ ဆင်းရဲလိုက်ကြတာ တာတေလံလို့။ ဘယ်အိမ်မှ တံခါးရှိတာ မဟုတ်ဘူး။ ဘယ်အိမ်ကမှ နွားတရှဉ်း ကျွဲတစီး ပိုင်တာ မဟုတ်ဘူး။ ဟင်းရွက်လေးခူးလိုက်၊ ကောက်သင်းကောက် စပါးလေးရိတ် နဲ့ ၀မ်းတထွာ ရှာရတဲ့ ချောင်မှာ တခမ်းတနား တင်ဆက်ရမယ့် ထိုးဇာတ် ဘယ်လိုစီစဉ်မလဲ။ သာဒွန်းစဉ်းစားတယ်။ ခဏနေတော့မှ....
"ရတယ်ဗျာ... ကျုပ်လုပ်မယ်"
"ဟေ...."
လူကြီးသုံးယောက်ကတော့ ၀မ်းသာကြတာပေါ့။ ဆရာတော်ကိုလဲ လေးစား၊ သူကြီးကိုလဲ ကြောက်လို့သာ ယူရတဲ့ တာဝန်၊ ပခုံးပြောင်းပေးရတော့မယ်ဆိုတော့ ၀မ်းသာတာ ပေါ့။
"ဟုတ်မှလည်း လုပ်ပါမောင်ရာ...."
"သိတ်ဟုတ်တာပေါ့ဗျာ.."
"လူဘယ်နှစ်ယောက် ကုန်မှာတုန်း"
"ငါးယောက်.."
"ဟေ..."
"တော်ပြီ ကျုပ်တို့ ငါးယောက်ပဲ"
"ဟဲ့ကောင် သာဒွန်း.. ငါးယောက်နဲ့ ပြဇာတ်ဖြစ်လို့လားဟ.."
"ဖြစ်တယ်..ငါးယောက်ပဲ ကုန်မယ်"
"မိန်းကလေးကကော ပြဇာတ်မင်းသမီး လုပ်ဖို့...."
"မလိုဘူး.. မင်းသမီးမပါဘူး"
"ဟေ...."
မင်းသမီးမပါဘဲ လူငါးယောက်နဲ့ ကမယ့် ဇာတ် မကြားဘူးတော့ ၀မ်းသာတဲ့ကြားက စိုးတော့ စိုးရိမ်တယ်နဲ့ တူပါတယ်။ တယောက်က..
"ဟဲ့ကောင်... တရွာလုံး ကြည့်မယ့်ပွဲနော်၊ မင်းပေါ့ပေါ့ဆဆတော့ သဘောမထားနဲ့ ငါ့ကောင်ရ.... မင်းအစွမ်းတော့ ငါသိပါတယ်၊ ဒါပေမယ့် မင်းသမီးလည်း မပါဘဲ၊ လူငါးယောက် နဲ့ ကမယ့်ဇာတ် ရှိလို့လား"
"ရပါတယ်ဗျာ.... ဆွမ်းသိမ်းပွဲဆိုတော့ ဘာသာရေးနဲ့ ပါတ်သက်ရမှာကိုးဗျ။ ဒါလည်း စဉ်းစားရသေးတယ်... ဘောဂချောင်က ဆင်းရဲပေမယ့် သာဒွန်းဖြစ်အောင် လုပ်နိုင်ပါတယ်...."
"ကောင်းပါ့မောင်ရာ.. ဒါ့ထက်အ၀တ်အစားကကော...."
"မလိုဘူး... မင်းညီမင်းသား အ၀တ်အစား တစုံနဲ့၊ သင်္ဃန်းဟောင်းတထည်ပဲ..."
"ဟေ.."
"ဘကြီးတို့ စိတ်အေးအေးသာထားပါဗျာ၊ ကျွန်တော် ရှာခိုင်းတာသာ ရှာပေးပါ.."
"ဒါလောက်က ဖြစ်ပါတယ်... ကျန်တဲ့ သုံးယောက်က ဘာဝတ်မှာတုန်း.. ဇာတ်က ဘာဇာတ်တုန်း.."
နာမည် မပြောနဲ့ဦး.. တခန်းရပ်လို့ပဲ ပြောထား။ ကပ်ပြီးမှ ကြေညာမယ်.. ကျန်သုံး ယောက်ကလည်း ဘာမှ ၀တ်စရာ မလိုဘူး ရတယ်.."
ဘောဂချောင်က လူကြီးသုံးယောက်ကတော့ နားကို မလည်နိုင်တော့ပါဘူး။ လူငါးယောက်နဲ့ ကမယ့် တခန်းရပ်ဇာတ်တဲ့။ အ၀တ်အစား မလိုဘူးတဲ့။ အမျိုးသမီး မလိုဘူးတဲ့။ ဘာဇာတ်လဲ ဆိုတာ မပြောနိုင်ဘူးတဲ့။ လျှို့ဝှက်တောင် ထားရဦးမယ်တဲ့။ ဘာပဲ ဖြစ်ဖြစ်လေ ဆွမ်းသိမ်းပွဲမှာတော့ 'ဘောဂချောင်သာဒွန်း' ရဲ့ တခန်းရပ်ပြဇာတ် တင်နိုင်ပြီပဲ။ သည်လိုပဲ သဘောထား ရတော့တာပေါ့လေ။

(၄)
သည်လိုနဲ့ ဆွမ်းသိမ်းပွဲ နီးလာပြီ ပြောပါတော့။ တကယ်ဆိုရင် သူများတွေက ဆိုင်းသံ၊ မောင်းသံတွေနဲ့ တချိန်းချိန်း တိုက်ကြ ပြုကြ၊ စတော်တိုက်ကြ၊ လမိုင်းတင်ကြ၊ ဆိုကြ၊ ငိုကြနဲ့ နောက်နောက် နောက်နောက် ဖြစ်နေချိန်မှာ ဘောဂချောင်က သာဒွန်းတို့ ဘာမှ မလုပ်သေးဘူး။ သူများတွေ လုပ်ကြကိုင်ကြတာလဲ ကြည့်ဦးလေ။ လက်ခုပ်ချောင်က သေရိ၀၀ါဏိဇ ရွဲကုန်သည်ဇာတ်တဲ့။ ရွှေမန်းတင်မောင်ရဲ့ ရွဲကုန်သည်ကို တိတ်ခွေနဲ့ ဖွင့်ပြီး ရှေ့က လူက သရုပ်ဆောင်မှာတဲ့။ ဒန်ဖလားကို ရွှေရောင်စက္ကူ ကပ်သူက ကပ်လို့။
အလိုလေးချောင်က ကိသာဂေါတမီ တိတ်ခွေဇာတ်လမ်းတဲ့။ အ၀တ်အစားတွေ မြို့တက် ငှားလို့တဲ့။ ကိသာဂေါတမီလုပ်တဲ့ အမျိုးသမီးကလည်း မာန်ပါလိုက်တာတဲ့။ မြို့မ နဲ့ မင်းလမ်းကတော့ ချမ်းသာတဲ့လူများတော့ တတ်လည်းတတ်နိုင်တာကိုး။ ယိမ်းတွေနဲ့တဲ့။ တခန်းရပ်ပြဇာတ်လေးနဲ့တဲ့။ ဘောဂချောင်သာဒွန်းတို့ကတော့ အေးအေးပဲ။ တခန်းရပ်လုပ် မယ့် သာဒွန်းလည်း ကဖို့နှစ်ရက်ပဲ လိုတော့တာတောင် သူ့ဇာတ်ကို မပြောသေးဘူး။ သူနဲ့ တွဲဖက် သရုပ်ဆောင်ရမယ့် လေးယောက်ကလည်း ခုထိ ဘာလုပ်ရမယ် မသိသေးဘူး။ တကယ်ဆိုရင် တိုက်ဖို့ကောင်းပြီ။ တိုက်သားကျဖို့ ကောင်းပြီ။ နောက်ခံတီးဝိုင်းက ဘာတီးမယ်၊ ဘယ်သူက ဘယ်လိုထွက်မယ်၊ ဘယ်သူက ဘာပြောမယ်ဆိုတာလဲ အခုချိန်လောက်ဆို သိဖို့ ကောင်းပြီ။
သာဒွန်းကတော့ အေးအေးပဲ။ လူကြီးတွေက ခေါင်းပူလှပြီ။ သာဒွန်းရှာခိုင်းတဲ့ မင်းညီမင်းသားများ ၀တ်တဲ့ အ၀တ်အစားလေး၊ မရှိမယ့် ရှိမယ့်ငှား၊ သင်္ဃန်းဟောင်းလေး တထည် ကျောင်းကတောင်းပြီး လာပို့ထားတာတောင် တခန်းရပ်က မလှုပ်သေးတော့ သာဒွန်းတို့ လေးယာက်ကို ခေါ်ရတာပေါ့။ သာဒွန်းရောက်လာတော့ လူကြီးတွေလည်း ဒေါကန်သူ က ကန်နေကြပြီ။
"သာဒွန်း.. သူများတွေ ဇာတ်တိုက်တာပဲ လိုက်ကြည့်မနေနဲ့၊ မင်းတို့က သန်ဘက်ခါ ဖိန်းနွဲခါပဲ ကရတော့မယ် ဘာမှ မလုပ်သေးဘူး ဟုတ်ရော ဟုတ်ရဲ့လားကွာ..... ဇာတ်လမ်း ဇာတ်ကွက် သိပလား"
"မသိသေးဘူး.. မကြာဘူး ဘကြီးရ ခဏလေးရယ်၊ တခန်းရပ်ပါဆို.."
"ဘာဇာတ်လဲကွာ.. သည်အချိန်ရောက်မှတော့ ပြောတော့ကွာ...."
"တို့လည်း သိပါရစေတော့...."
"နိမိတ်လေးအင် ဗုဒ္ဓ၀င်...."
လူကြီးတွေတောင် ကြောင်သွားတယ်။ နိမိတ်လေးအင် ဗုဒ္ဓ၀င်ဆိုပါလား။ သည်ကောင် က ပြောသာပြောရတာ လုပ်လိုက်ရင် ကြီးကြီးကျယ်ကျယ်ထဲက ဆိုတော့ မဟုတ်ဘူးလား မပြောနိုင်ဘူးလေ။
"ဆိုပါဦး မင်းဇာတ်လမ်းက.."
"ဘာခက်လို့လဲ ဘကြီးရ.. တယောက်က ငှားထားတဲ့ မင်းသားအ၀တ်အစားနဲ့ အလောင်းတော် သိဒ္ဓတ္ထမင်းသားလုပ်ရမယ်... တယောက်က ခေါင်းတုံးတုံးပြီး ရဟန်းလုပ်ရ မယ်.... တယောက် သူအို လုပ်ရမယ်.. တယောက်က သူနာ လုပ်ရမယ်... တယောက်က သူသေလုပ်ရမယ်.... မင်းသမီးမလိုဘူး.."
"အ၀တ်အစား မလိုဘူး... သိပ်သရုပ်ဆောင်စရာ မလိုဘူး.. ဥယျာဉ်တော်မှာ နိမိတ်ကြီး လေးပါး မြင်တော်မူခန်းကို ပြမှာ... နောက်ခံက မယ်ဒလင်သမား ငပြူးကို ယသော်ဒရာ ယိုးဒယား တီးခိုင်းရုံပါ.. ဒါပဲ.."
"ရွေ... နိပ်ဟ..."
လူကြီးတွေ တော်တော် သေဘောကျသွားတယ်။ ဟုတ်သားပါလား။ သာဒွန်းကို ဒါကြောင့် အားကိုးတာ။ ကြည့်စမ်း သူများတွေ ကုန်လိုက်တဲ့ပိုက်ဆံ၊ ရွဲကုန်သည်တဲ့၊ ကိသာဂေါတမီတဲ့၊ ၀ဏ္ဏပထတဲ့။၊ တို့ သာဒွန်းက နိမိတ်ကြီးလေးအင် ဗုဒ္ဓ၀င်တဲ့။ တခြားစီ။ ကောင်းချက်ကတော့ ရက်စက်တယ်ထဲက နေမှာပဲဟေ့။ ကြည့်စမ်း ဒီကောင် သူ့ဥာဏ်စွမ်း ဥဏ်စနဲ့မို့ စဉ်းစားမိတယ်။ ကြီးလည်းကြီးကျယ်ရမယ်... တရားသံဝေဂလည်း ရရမယ်.. ပိုက်ဆံလည်း မကုန်ရဘူး။ ဘောဂချောင်ကတော့ ဆွမ်းသိမ်းပွဲမှာ အာဂပေါ့ကွယ်။
လူကြီးတွေကတော့ သာဒွန်းအပြောနဲ့ပဲ သာဒွန်းဇာတ်ကို ယုံကြည်သွားကြတယ်။ အဲသည်တော့မှ သူ့ သူငယ်ချင်းလေးယောက်လည်း သူတို့ ကရမယ့်ဇာတ်လမ်း သူတို့ သိတော့တယ်။ ဘာပဲ ဖြစ်ဖြစ်လေ တိုက်ရက်ကလည်း ကြားတရက်နှစ်ရက်ပဲ ကျန်တော့ ကနေ့က စတိုက်ကြမယ်ပေါ့။ မယ်ဒလင်သမားကိုလည်း ညကျရင် သီချင်း ချပေးမယ်ပေါ့။ ယသော်ဒရာ ယိုးဒယားထဲက 'လေးပါးရယ် သူအို၊ သူနာ၊ သူသေ... မြင်ပြန်လျှင် စွဲစိတ်သံဝေ... လူတိုင်းရပ်မြေ.. ကြာရှည်နေ၀ံ့ပဲ..' အပိုဒ်ကို သုံးလေးကျော့ တီးခိုင်းမယ်ပေါ့။

(၅)
ဆွမ်းသိမ်းပွဲညက တကယ်ပွဲကတော့ ချောင်လေးခုက တင်ဆက်တဲ့ ထိုးဇာတ်တွေ၊ ယိမ်းတွေပဲ ပါတော့တယ်။ ဘောဂချောင်က 'နိမိတ်လေးအင်ဗုဒ္ဓ၀င်' မတင်ဆက်နိုင်တော့ဘူး။ သူကြီးကတော့ ဘောဂချောင်က လူကြီးသုံးယောက်ကို မျက်စောင်းတခဲခဲ၊ အံတကြိတ်ကြိတ် ပေါ့လ။ ကြီးကြီးကျယ်ကျယ် နိမတ်ကြီးလေးပါးလေး ဘာလေးနဲ့ နေနှင့်အုံး ဒင်းတို့တော့ လို့လဲ ကြိမ်းသတဲ့။ ဘောဂချောင်က လူကြီးတွေကလည်း မျက်စိပျက် မျက်နှာပျက်လို့။ သာဒွန်းက တော့ မင်းသားအ၀တ်အစားနဲ့၊ မျက်နှာချေ အဖွေးသားနဲ့။ ကျန်တဲ့လေးယောက်ကို ရှာမတွေ့လို့ ထင်ပါရဲ့။ မျက်နှာလေးငယ်လို့။
"ကောင်းကြသေးရဲ့လား... သာဒွန်းရာ... မင်းဟာကောင်းချီ ကောင်းရက်နဲ့"
"ကျွန်တော်လည်း သေသေချာချာ စီစဉ်တာပါပဲဗျာ..."
ငါက သိဒ္ဓတ္ထမင်းသား လုပ်မယ်..၊ ကြာယုံက ရဟန်းလုပ်၊ ငတေက သူသေလုပ်၊ စိန်မောင်က သူနာလုပ်၊ ကျော်လှက သူအိုလုပ်
သေသေချာချာ အကွက်ချတာပဲ.. ဘကြီးရာ ကြာယုံက ခေါင်းတုံးမတုံးချင်ဘူးတဲ့...
သင်္ဃန်းကြီးနဲ့ မပါချင်ဘူးတဲ့...သိဒ္ဓတ္ထမင်းသား လုပ်မယ်တဲ့...
ငတေက ဇာတ်ခုံပေါ်မှာ သူသေလုပ်ပြီး ပက်လက်ကြီး လုပ်နေမှတော့ မပါတာကောင်း တယ်တဲ့...
ဘာလုပ်ချင်တုန်းဆိုတော့ မင်းသားပဲ လုပ်မယ်တဲ့..
ကျော်လှကလည်း ရုပ်က အဖိုးကြီးအိုရုပ်ပေါက်နေလို့ သူအိုလုပ်ပါဆိုတော့ သူ့ကောင် မလေးက ဇာတ်ခုံပေါ်မှာ သူအို မလုပ်ရဘူးတဲ့... လုပ်ရင် အပြတ်ပဲတဲ့... လုပ်ချင်ရင် မင်းသားလုပ်.. မရရင် မလုပ်နဲ့ ပြောလို့တဲ့...
"စိန်မောင်ကကော"
" ဒီကောင်လည်း မကောင်းပါဘူး၊ ဘကြီးရာ...
သူက အရိုးပေါ် အရေတင်မို့ သူနာလုပ်ပါဆိုတာကို သူ့ကို နှိမ်တာတဲ့ ငါမင်းသားလုပ် မယ်တဲ့၊ ကျွန်တော်ကလည်း ကျွန်တော့်ဇာတ်ပဲ ကျွန်တော် မင်းသားလုပ်မှာပေါ့... ဒီကောင်တွေ လူပါးကို ၀တယ်.."
"အေးကောင်းကွာ.. အခု ဒီကောင်တွေ ကော...."
"မရှိတော့ဘူး... ဘယ်နေရာသွားမူးနေကြလဲ မသိဘူး... ကျွန်တော်ရှာတာလဲ မတွေ့ ဘူး"
အဲဒီည သာဒွန်းကတော့ မင်းညီမင်းသား အ၀တ်အစားနဲ့၊ မျက်နှာချေနဲ့။ လူကြီးတွေ ကလည်း မျက်စောင်းတခဲခဲ၊ အံတကြိတ်ကြိတ်နဲ့။ နိမိတ်လေးအင် ဗုဒ္ဓ၀င်ဇာတ်မှာ သူအို၊ သူနာ၊ သူသေ၊ ရဟန်းလုပ်မယ့်လူ မရှိတော့ သာဒွန်းလည်း ဘာတတ်နိုင်မှာတုန်း။ ဆဲလည်း ခံရုံပေါ့။ သာဒွန်းကတော့ သူအို၊ သူနာ၊ သူသေ၊ ရဟန်းလုပ်မယ့် သူ့ သူငယ်ချင်း လေးယောက်ကို မျှော်တုန်း။

(၆)
ကြာတော့ ကြာပါပြီ။ သဖန်းချောင်မှာ သူကြီးခေတ်က ဖြစ်ခဲ့တာပေမယ့် အကြောင်း တိုက်ဆိုင်ရင် သဖန်းချောင်သားတွေက ပြောတုန်း၊ ဥပမာပေးကောင်းတုန်း၊ ရယ်ကြ မောကြ တုန်း။

နေ၀င်းမြင့်

Friday, April 25, 2008

မာယာ
ရေးသူ-ဒဂုန်တာရာ


လခမြည
ပပကြိုးကြွ၊ လှလှပေစွ
မွမွရွရွ၊ ကြယ်စစိန်စ
စိမ်းစပြာစ၊ ဖြူဖွဖွလွ
ညက။

ထိုညက
စာပေဘ၀၊ အနှစ်လေးဆယ်
လူငယ်တစု၊ ငါ့ထက်လေးဆယ်
သုံးဆယ်နှစ်ဆယ်၊ ငယ်ကြသူများ
မျိုးဆက်ခြားနား၊ ကွာဝေးသွားလဲ
အမှန်တရားချစ်သူ၊ ငြိမ်းချမ်းရေးချစ်သူ
ကဗျာချစ်သူ၊ အလှချစ်သူ
ဖြူနုပွင့်စ၊ ရင့်စမွှေးစ
ဘ၀ဖြတ်သန်း၊ သက်တမ်းမျိုးစုံ
စုံသူဆန်သူ၊ လူငယ်များမှ
ငါ့ထံရောက်လာ၊ ဆုံကြရာဝယ်
လေးဆယ်ခံစားမှု၊ နှီးနှောပြုကြ
ထိုညတုံ့ပြန်၊ ပဲ့တင်သံများ
ပြတင်းပေါက်ကြားရိုက်ခတ်လျက်။



စုဝေးရာကား
ကုလားထိုင်များ၊ ဖယ်ရွှေ့ထားပြီး
ကျောက်သားအက်ကွဲ၊ အနက်မြင်ကျဲ
ပုံဖော်ရေးဆွဲ၊ အနီရဲရဲ
ဧည့်ခန်းထဲတွင်၊ ဒူးတင်ပေါင်တင်
ချဲ့ထွင်နေရာ၊ ကျပ်သိပ်ပါလည်း
နီးကပ်စုဝေး၊ ၀ိုင်းထိုင်တိုးပေး
တပြေးညီညီ၊ ကြမ်းခင်းနီနီ
ဤနေ့ကျမှ၊ ကျင်းပကြသည့်
အမှတ်တရ ထမင်းစားပွဲ။

စားရင်း သောက်ရင်း
ပြောရင်း ဆိုရင်း၊ သောရင်း ညံရင်း
အတင်းစကား၊ သ၀ဏ်လွှာပါး
ကြားဖြတ်ပြက်လုံး၊ နှလုံးကြည်သာ
ကဗျာဆရာဇနီး၊ ချစ်မငြီးက
စောစီးချက်ထား၊ လက်ဆောင်ပါးလိုက်
အမဲသားဟင်းလျာ၊ အရသာရှိပ
စ,သူ နောက်သူ၊ အဖြူရည်က ဆွ
ရယ်ကြ မောကြ၊ စကားဝိုင်းမှာ
ငါ၏နံဘေး၊ ဒေ၀ီလေးမှာ
ကဗျာဆရာများ၊ ဇာတ်ကူးသွား၍
ငါ့စကားသံ၊ မနာခံသော်....။
'မျိုးဆက်သစ်' ဟု၊ ခေတ်ပြိုင်ခံစားမှု
အသောစကား၊ ရယ်မောနေစဉ်
ဒေ၀ီလေးက၊ ဘိုးဘိုးပေးဟု
ငါးဖယ်တဖတ်၊ ငါ့ပန်းကန်ထဲမှ
ဆတ်ခနဲယူ၊ ဆူကြ ညံကြ
သြဘာသံများ၊ ပဲ့တင်ကြားတွင်
ထမင်းစားပွဲ၊ သိမ်းကြ၏။

နိုဝင်ဘာ ၃၀၊ ၁၉၈၆
နှင်းပျိုစိန်ပြက်၊ တနံနက်ခင်း
ချိန်းချက်မရှိ၊ ဖိတ်စာမရှိ
ရောက်လာဧည့်သည်၊ လူငယ်တစု
ရတုသဘင်၊ ဆင်ယင်ရန်မှာ
တာရာမဂ္ဂဇင်း၊ ထုတ်ဝေခြင်း၏
ပြည့်တင်းသောခေတ်၊ အနှစ်လေးဆယ်
တစုတဝေး ကျင်းပရန်တဲ့။

သူတို့လာမည်
မသိပါ၍၊ ငါ့မှာ ပြင်ဆင်
စီစဉ်မထား၊ မရှိငြားလည်း
အမဲသားဟင်း၊ မဆလာသင်းကို
သူတို့ချက်လာ၊ ယူဆောင်ပါကြ
ငါ့မှာရှိထား၊ ငါးဖယ်ဟင်းပြင်
ချဉ်ရည်တခွက်၊ ငါးပိကြော်တခွက်
ဖြည့်စွက်ပေါင်းကာ၊ နံနက်စားပွဲ
သူတို့ယူလာ၊ ယမကာမှာ
သကာတင်လဲဖြူ၊ မဟူရာနက်
ဘလက်လေဘယ် မဟုတ်၊ သပျစ်ချိုဝိုင်နီမဟုတ်
တံဆိပ်ဖြုတ်ထား၊ ကြည်လင်ပါးလျ
ဖြူလွပူလှ၊ ခါးလှ နံလှ
ပြင်းလှပေသော၊ အဆောတလျင်
ငါ မမြင်အောင်၊ ရှောင်သောအားဖြင့်
တံခါးဘေးဘက်၊ ထွက်၍ ထွက်၍
တပက်တလှည့်၊ ခွက်ချင်းလှည့်ကြ
လူငယ်သဘာဝ၊ ရင်ခုန်ကြွစေ
ယစ်ဝေရီဝေ၊ လှိုင်းထစေအောင်
စိမ်းပြာရော၊ မဲနယ်တောင်
သနပ်ဖက်တောင်ကား၊ ချိတ်ထားသည့်နောက်
စားပြီးသော အခါ
ကဗျာရွတ်ကြ၊ စာတမ်းဖတ်ကြ
အစီအစဉ်၊ မပြင်ဆင်ဘဲ
ရင်ထဲဖြစ်လာ၊ ခံစားရာအတိုင်း
ကြာလှပြီးဖြစ်၊ အနှစ်လေးဆယ်
ဝေးကွာလှပြီ၊ သူတို့မမီ
အတိတ်ဆီက၊ မှုန်ပြကြယ်ရိပ်
သူတို့စိတ်မှာ၊ ထင်ဟပ်ရာကို
အာသာတပ်မက်၊ စွဲလန်းကပ်ညိ
ဖမ်းမိသမျှ၊ ဖော်ပြကြရာ
ကဗျာဖွဲဟန်၊ ရင်ခုန်သံလေ
သူတို့တတွေ၊ ရွတ်ဆိုနေစဉ်
ငါ့ရင်တွင်းမှာ၊ ဖြစ်ပေါ်လာသည့်
ဝေဒနာမှာ၊ ဘာမှန်းမသိ
မျက်ဝန်းထဲမှ၊ စီးကျလာသည်
မျက်ရည်စကို၊ သူတို့မမြင်အောင်
ဟန်ဆောင်တင်းရ၊ တံတွေးမြိုချ
ဘာမှမဖြစ်သလို၊ ခေါင်းကိုငုံ့ထား
စကားသံများ၊ နာကြားနေဟန်
မျက်မှန်ချွတ်ကာ၊ မျက်လုံးပွတ်ကာ
ညင်သာ တိုးတိတ်နေလိုက်ရ။

ငါ တမူကား
သူတို့တတွေထက်၊ အသက်လေးဆယ် ငါးဆယ်
သုံးဆယ် နှစ်ဆယ်၊ အရွယ်အားဖြင့်
ကြီးရင့်သော်လည်း၊ ရင်ထဲမှာစု
ခံစားမှုမှာ၊ နုနယ်လှသေး
အဝေးကျန်ရစ်၊ ချစ်သူလိပ်ပြာ
မခွဲပါ၍၊ စိတ်မှာပါးလျား
လှုပ်ရှား၍ နေပေသလော။

မျိုးဆက်တို့ကား
သမိုင်းခေတ်များ၊ ဖြတ်သန်းသွားကြ
ခံစားမှု၏၊ တုံ့ပြန်ချက်များ
ထွေပြားများမြောင်၊ စုံလင်အောင်ပင်
ရှုပ်ထွေးရစ်မြှင်၊ အမြင်ကွဲပြား
တုံ့ပြန်ခြင်းကား မတူကြလေ။

သူတို့တတွေနှင့်
တွေ့ကြလေတိုင်း၊ မှိုင်းနှင့်ဟိန်းအကြောင်း
ပြန်ပြောင်းပြောရ၊ မေးကြမြန်းကြ
အမှတ်တရ၊ ငါမိသမျှ
ငါ သိသမျှ၊ မမောမပန်း
နားထောင်နိုင်ကြ၊ ကိုလိုနီခေတ် အစ
ဖက်ဆစ်အလယ်၊ ပါလီမန်ခေတ်
အဖြစ်အပျက်၊ ဇာတ်ကွက်ဇာတ်လမ်း
အခန်းခန်းမှ၊ ငါ ကြုံသမျှ
ငါ တွေ့သမျှ၊ မညည်းငွေ့စတမ်း
ရာဇ၀င်၏၊ ရေအလျင်ကို
သွင်သွင်မပြတ်၊ မှတ်သားချင်ကြ
သူတို့ခေတ်မှာ၊ ကြံတွေ့လာရ
ဒဏ်ရာအမာရွတ်၊ ကြက်ခြေခတ်နှင့်
အမှတ်အသား၊ အင်အားချိန်စက်
နှိုင်းယှဉ်ချက်ထုတ်၊ စာရင်းချုပ်ခြင်း
လှုပ်ရှားမှုများ၊ ခံစားလေးနက်
ဆက်စပ် စီးဆင်း၊ ပြင်းပြစိတ်လှိုင်း
ပိုင်းပြတ်နေရစ်၊ သမိုင်းခေတ်ကို
တခေတ်ပြန်လည် ဆန်းသစ်ကြ။

ပြတင်းပေါက်မှ
ကျရောက်ဆင်းသက်၊ ဖဲအုံးတ၀က်
ဖိတ်ပျက်စဉ်လွင့်၊ ပန်းပွင့်ပေါ်သို့
ချော်ရည်ဖိတ်ကျ၊ ကြယ်စများစွာ
ကဗျာတပွင့်၊ ရုပ်ပုံလွှာတပွင့်
ဝတ္ထုတပွင့်၊ ဝေဖန်ရေးတပွင့်
ပန်းပွင့်အရောင်၊ ဘာအရောင်လဲ
ပန်းပွင့်ရနံ့၊ ဘာရနံ့လဲ
ခွဲခြမ်းစိတ်ဖြာ၊ ခံစားရာဖြင့်
ပေါင်းလောင်းမြစ်ကမ်း၊ လယ်တဲစခန်း
မေးမြန်းကြရာ၊ ကဗျာနှင့်စကားပြေ
ဧရာသောင်ထိပ်၊ တမာရိပ်နှင့်
သလ္လာဖုန်းဆိုး၊ မြို့ရိုးမန္တလာ
နှင်းဆမ်းခြေရာ၊ အညာရောက်ဖူး
ထင်းရှူးသင်းပျံ့၊ တောရနံ့
တောင်ရနံ့၊ ချယ်ရီရနံ့
ဆားနံ့ထုံသော၊ င၀န်ကြောတွင်
ဒိုက်မျောဗေဒါ၊ ဆိပ်ကမ်းသာစွ
စာပေဒဿန၊ ခေတ်ပြိုင်ဘဝ
စနဆက်စပ်၊ အကဲဖြတ်ကြ
တရစ်ပြန်လည် ဆန်းသစ်ကြပေ။

အသက် ၇၀
အရွယ်ချဉ်းကပ်၊ ရောက်လာလတ်သော်
ဖျတ်ခနဲ၊ ဖျတ်ခနဲ
ရိုးရိုးရဲရဲ၊ ဖန်ကွဲမှန်ကွဲ
စိန်ကွဲ မြကွဲ၊ ရွှေကွဲ ငွေကွဲ
နီလာကွဲတို့၊ ဘ၀ကွဲများ
စီတပ်ထားပြီး၊ ကျောက်သားနံရံ
ပုံပန်းဖန်တီး၊ စုတ်တံဝိုက်ကျော့
အဖိအဖော့၊ အသော့နှင်သွား
ခလုတ်ဖြူများ၊ လက်ဖျားနှင့်ခတ်
တောက်ခါသတ်လိုက်၊ အကြိုက်များစွာ
တပ်မက်ပါ၍၊ ဘာမျှမဖြစ်
မကျန်ရစ်ခဲ့၊ နှစ်များ ကျော်ဖြတ်သွားကြပေပြီ။

နေလကြယ်ရောင်
အမှောင်တ၀က်၊ အလင်းတ၀က်
ပြိုးပြက်ဖိတ်လက်၊ ငါ တပ်မက်ခဲ့
နှစ်သက်စွဲလန်း၊ ပန်းပွင့်များစွာ
ညမှာမွှေးမြ၊ မယုံရသေး
နေ့မှာထွက်ပြေး၊ ရနံ့ပြယ်ဝေး
ငြိမ်းချမ်းရေးဟု၊ အေးမြထင်ထား
တကယ်မှာကား......။

အဖြူကြားမှ၊ အဖြူရှာရ
အနက်ထဲမှ၊ အနက်ရှာရ
ခက်လှပါဘိ၊ တကယ်ရှိကို
မသိရာမှ၊ သိအောင်ကြံဆ
နှစ်လများစွာ၊ ကုန်ခဲ့ပါသည်
မာယာတောမှာ၊ အလှတရားရှာဖွေခြင်း။

၁-၇-၈၇
(အိပ်မက်ဖူးမဂ္ဂဇင်း၊ ၁၉၈၉ ဖေဖော်ဝါရီ)
မာယာကဗျာပေါင်းချုပ်၊ ပထမအကြိမ်ပုံနှိပ်ခြင်း၊ ၁၉၉၁ မှ ကူးယူဖော်ပြလိုက်ပါတယ်။

ပါးပြင်ပေါ်ကလွမ်းမျက်ရည်
ရေးသူ-မောင်အေးဝင်း

သင်္ကြန်တခုတော့ ပြီးသွားပြန်ပြီ။ အသက်တနှစ် ကြီးရပြန်ပါပေါ့။ သူ့ကို မျှော်ရတာ ကိုယ့်နားရောက်ဖို့ အတော်ကြာတယ်ထင်ရတာ၊ ကိုယ့်ရှေ့လဲ ရောက်ရော၊ မျက်တောင်တခတ် လောက်ပဲ ကြာတယ်ထင်ရတယ်၊ ကျော်ဖြတ်သွားတာ မြန်လိုက်တာ။

xxxx xxxx xxxx

သင်္ကြန်အကြိုညက ကိုယ့်ကွန်ပြူတာမှာ အီးမေလ်ကြည့်တော့ မိတ်ဆွေတယောက်က U-Tube မှာ ကြည့်ဘို့ ကြည့်စရာတခုပို့ထားတယ်။ ဖွင့်လိုက်တော့ ကိုခင်မောင်တိုးက သင်္ကြန်သီချင်းတွေ ဆိုလို့။ မော်နီတာ ဖန်သားပြင်ကို ကြည့်နေရင်း မျက်လုံးအိမ်မှာ ပြည့်လာ မျက်ရည်တွေ ပါးပြင်ပေါ် လိမ့်ဆင်းလာလို့ ကမန်းကတန်း သုတ်ပစ်လိုက်ရတယ်။ ဝေဒနာ တခု၊ ဒါမှမဟုတ် အမျိုးအမည်မသိတဲ့ ခံစားမှုတခု ရင်ထဲမှာ ပေါ်လာသလိုပဲ။



မြနန္ဒာ သီချင်းကို ကိုခင်မောင်တိုးဆိုနေတာ နေကာမျက်မှန်တပ် ထားလို့ သူ့မျက်လုံး ကို မမြင်ရပေမယ့် သူ့ခံစားမှုကို သိနေသလို,လို။ သင်္ကြန်မိုး သီချင်းနဲ့ ငွေငန်းရုပ်ကြီးပေါ်လာ တော့ တေးရေးသူ မောင်မောင်( အဉ္စလီမောင်မောင်)က အာရုံထဲ ပေါ်လာပြန်ရော။

xxxx xxxx xxxx

သင်္ကြန်အကျနေ့မှာ ကိုယ်က အလုပ်ဆင်းရတယ်။ အလုပ်ကနေ သင်္ကြန်အမှတ်တရ နှုတ်ဆက်စကားဆိုဘို့ သူငယ်ချင်းတွေဆီ ဖုံးဆက်ဖြစ်တယ်။ ပထမ ဆန်ဖရန်စစ္စကိုက ဒေါက်တာမြင့်လှိုင်နဲ့ စကားပြောတယ်။ သူက "ကိုယ့်လူ..သင်္ကြန်မကျရတာ၊ သင်္ကြန်ရေမပက် ရတာ အနှစ် ၂၀ လောက်တောင် ရှိသွားပြီ" တဲ့။ ကိုယ်က "LA လာခဲ့လေ... အိမ်ဘေးက drive way မှာ ရေပုံးတယောက် တလုံးစီချပြီး ပက်ကြမယ်လေ" ပြောတော့၊ သူရီနေတယ်။
နောက်တော့ Maryland က ကိုစိုးပိုင်ဆီ ဆက်ပြီး၊ ဘန်ကောက်မှာ (၁၉၉၀-၁၉၉၁) တုန်းက သူ့အိမ်က သင်္ကြန်ပွဲ အမှတ်တရ "ကိုပိုင်- ရေခဲသွားဝယ်ကြရအောင်" ပြောတော့ သူက "ဒီနေ့.. ကျနော့်အိမ်မှာ လူထုဒေါ်အမာအတွက် ဆွမ်းကျွေးတယ်" တဲ့။

xxxx xxxx xxxx

အလုပ်မှာထိုင်ရင်း... အတွေးက ဟိုး...လွန်ခဲ့တဲ့ ၄၅ နှစ်လောက်ဆီ ပြန်ရောက်သွား တယ်......။
နွေကျောင်းပိတ်ပြီဆိုတာနဲ့ ရိုးကုမ္ပဏီက အဖေ ၀ယ်ပေးထားတဲ့ ရေပက်တဲ့ ကြေးပြွတ်ကိုထုတ်ပြီး Brasso ကြေးပွတ်ဆေးနဲ့ ပွတ်လိုက်၊ မန်ကျည်းမှည့်နဲ့ တိုက်လိုက်နဲ့ အလုပ် ရှုတ်တော့တာပဲ။ ပြောင်လက်နေတဲ့ ကြေးပြွတ်ပေါ်မြင်ရတဲ့ ကိုယ့်ပုံရိပ်ကိုယ်ကြည့် ပြီး ပီတိတွေ ဖြစ်လို့။ သင်္ကြန်အကြိုနေ့ မနက်လင်းတာနဲ့ အိမ်ရှေ့မှာ ရေတပုံးချ၊ မနက်ခင်း ဈေးသွား ဈေးပြန်တွေကို ရေပက်တော့တာပဲ။ အဲဒီတုန်းက ကိုယ်တို့ ရန်ကုန်ကို မပြောင်းရသေးဘူး၊ မော်လမြိုင်မှာပဲ ရှိသေးတယ်။ ကျိုက်ဖနဲဘုရားလမ်း၊ ဒိုင်းဝန်ကွင်းဈေး ရှေ့မှာ နေတယ်။ နေမြင့်လာရင် လူကြီးတွေက နေမကောင်းဖြစ်မှာစိုးလို့ ရေ မပေး ပက်တော့ ဘူး။ ပန်းတိမ်တန်း လမ်းမပေါ်က အဖိုးတို့ အိမ်ဝရံတာကနေ သင်္ကြန်ကားတွေ လှည့်တာ သွားကြည့်ရတယ်။
အဖိုးတို့အိမ်နဲ့ မျက်စောင်းထိုးမှာ မော်လမြိုင်မြို့ရဲ့ နာမည်ကြီး ဖက်စိမ်းဆေးလိပ်ဖြစ်တဲ့ ဒေါ်ပုဆေးလိပ်ခုံရှိတယ်။ တချို့ သင်္ကြန်ကားတွေက "ဒေါ်ပုဆေးလိပ်-ဖင်ပိတ်ပိတ်" လို့ ကျီစယ် သွားကြတယ်။ ဒေါ်ပုဆေးလိပ်ခုံနဲ့ နှစ်အိမ်ကျော်လောက်ထင်ထယ်။ ဦးစံလင်းသင်္ဃန်းတိုက် ရှိတယ်။ သူ့ကျတော့ '"၀ါဝါထိန်ထိန်- ဦးစံလင်းတို့အိမ်" တဲ့။
တနှစ်မှာ ပြည်ထောင်စု သင်္ကြန်ဆိုပြီး မော်လမြိုင်မှာ လုပ်တယ်။ တရုတ်ဝန်ကြီးချုပ် ချိုအင်လိုင်းတို့ ရေလာကစားတာ မှတ်မိနေသလိုပဲ။ မဏ္ဍပ်က မိုင်ဒါကွင်းနားမှာလို့ထင်တယ်။
နွေခါဆို ရေရှားပေမယ့် မော်လမြိုင်သင်္ကြန်ကစည်တော့ ဗမာပြည် အနယ်နယ် အရပ်ရပ်က လာကြတယ်။ အဲဒီတုန်းက စစ်တောင်းတံတားက ပြန်မဆောက်ရသေးဘူး။ ရန်ကုန်နဲ့ မော်လမြိုင်ကို မီးရထားနှစ်တန်၊ ကူးတို့နှစ်တန် စီးရတယ်။ အဖိုးတို့ အဖေတို့ရဲ့ ကုန်သည်မိတ်ဆွေတွေဟာ မော်လမြိုင်သင်္ကြန်ကျဖို့ အိမ်မှာ လာတည်းကြတယ်။ သူတို့ကို ကျိုက္ခမီတို့၊ စက်စဲတို့၊ ကျိုက်မရောတို့ လိုက်ပို့ဖို့ ဘတ်စ်ကားစင်းလုံး ငှားရတယ်။ ခရုံဂူကျတော့ အဲဒီတုန်းက လှည်းတွေနဲ့ သွားရတယ်။ ကိုယ်မှတ်မိနေတာ အဖွဲ့လိုက်လာကြတဲ့အထဲမှာ ဘီတီ ဘရားသား ဦးအံ့ကြီးတို့ အဖွဲ့တွေရယ်၊ မန္တလေးဈေးချို ရွှေဆိုင်တန်းတန်းက မိန်းမရှာအုပ်စု တွေပဲ။ ကလေးဆိုတော့ အိမ်ကို ဧည့်များများလာရင် ပျော်တာပဲ။ လူကြီးတွေက ဧည့်သည်တွေ ကို လိုက်ပို့တဲ့အခါ ကလေးတွေပါ လိုက်ရတာကိုး။

xxxx xxxx xxxx

ရန်ကုန်ရောက်တော့ ငယ်ငယ်တုန်းကလို ပြွတ်တွေဘာတွေနဲ့ ပက်တဲ့အရွယ် မဟုတ်တော့ဘူး။ ရေပက်ခံထွက်တဲ့ လူကြီးတွေနဲ့ လိုက်တဲ့ အရွယ်ဖြစ်လာပြီ။ နေ့ခင်းနေ့လည် ရေပက်ခံထွက်ပြီးရင် ညဘက်က မဏ္ဍပ်တွေမှာ သံချပ်ပြိုင်တာတွေ လျှောက်နားထောင် ဖြစ်တယ်။ ကိုယ်နေတဲ့ မဂိုလမ်းမှာကလည်း ဆုပေးမဏ္ဍပ်က ၃ ခုတောင်။ အောက်လမ်း၊ အလယ်လမ်းနဲ့ အထက်လမ်းမှာ။ ဆူးလေဘုရားလမ်းက အကော်ဒီယံအုန်းကျော် ဆိုင်ရှေ့မှာ ရေဒီယို အဆိုတော်တွေ လာဆိုကြတယ်။ ရေပက်တဲ့နေရာမှာ တိုးမပေါက်အောင် စည်တာက ဗမာရပ်ကွက်တွေဖြစ်တဲ့ ကြည့်မြင်တိုင်၊ စမ်းချောင်း-ရှမ်းလမ်း၊ ရန်ကင်း နဲ့ ရေကျော်ဘက် တွေပဲ။ ခုခေတ်လိုမျိုး ရေကစားချင်သူက ဟိုတုန်းက မဏ္ဍပ်တလုံးဆောက်လို့ရတဲ့ ငွေတန်ဘိုး ပေးမှ ရေကစားနိုင်တာ မဟုတ်ဘူး။ ကိုယ့်ရပ်ကွက်မှာကိုယ် ကြိုက်သလောက်ပက်။ လာတဲ့သူ ကို စတုဒီသာတောင် ကျွေးလိုက် သေးတယ်။ ပိုက်ကြီးတွေနဲ့ တလကြမ်း ပက်တာဆိုလို့ ရှမ်းလမ်းက အဏ္ဏ၀ါရိပ်သာ မဏ္ဍပ်ရယ်၊ ဆူးလေ မီးသတ်ရယ်ပဲ။

xxxx xxxx xxxx

တက္ကသိုလ်တက်နေရတဲ့ နှစ်တွေမှာတော့ သင်္ကြန်ဆို မန္တလေးမှာ ကျတာ များတယ်။ မုံရွာ၊ မတ္တရာ၊ အသုံးလုံး နှစ်နှစ်သွားလုပ်တုန်းကလည်း သင်္ကြန်မှာ မန္တလေးပဲ ဆင်းတယ်။ အဲဒီတုန်းက ရန်ကုန်ထက် မန္တလေးက မြန်မာသင်္ကြန်၊ ယဉ်ကျေးမှုသင်္ကြန် စစ်တယ်။ ငွေငန်းရယ်၊ ကိုဝင်းဦးရယ်၊ မန်းရယ် အတော်လေး ပဏာရတယ်။
မဏ္ဍပ်တခုမှာ ကြည့်နေတုန်း လျှပ်စစ်ဂီတာတွေ၊ ဒရမ်တွေနဲ့ အနောက်ဂီတ ဆိုတီးတဲ့ အဖွဲ့တဖွဲ့ မဏ္ဍပ်ကိုရောက်လာတယ်။ အဲဒီမဏ္ဍပ်ရဲ့ အုပ်ချုပ်သူလို့ ထင်ရတဲ့ အမျိုးသမီးကြီးတဦး မိုက်ကရိုဖုံးကို ကိုင်လိုက်ပြီး၊ ကျမတို့ မဏ္ဍပ်ဟာ အမျိုးသား ယဉ်ကျေးမှုကို ထိမ်းသိမ်း စောင့်ရှောက်သူတွေ ဖြစ်ကြောင်း၊ ပြောလိုက်တာ ဘောင်းဘီဝတ် ကိုဆံရှည်တို့ ကားကို နောက်ဆုတ်ပြီး လှည့်ပြန် သွားကြရတယ်။ နောက်တော့ သူတို့အဖွဲ့ကို ဈေးချိုနာရီစင်ကြီးနား ကားလမ်းမပေါ်မှာ ကားရပ်ပြီး Yellow River သီချင်းကို ဆိုတီးနေတာ မြင်လိုက်ရတယ်။
သင်္ကြန်မကျခင် အိမ်တွေမှာ အကတိုက်တာတွေ လျှောက်ကြည့်ရတာကိုက ရင်ခုန် စရာတမျိုး။ သာမန်အိမ်နေရင်း အ၀တ်အစားနဲ့၊ မလိမ်းမချယ် ပင်ကိုယ်အလှကို ပကတိ မြင်ရတာ။

xxxx xxxx xxxx

အထူးခြားဆုံးက '၇၆ နဲ့ '၇၇ သင်္ကြန်ပဲ။
သင်္ကြန်အကြိုနေ့မှာ ရေတပ်ထောက်လှမ်းရေး(၃)ကနေ ကိုယ့်ကို အင်းစိန်ထောင် တိုက် (၅) တန်းပို့တာ။ ကိုယ်က ထောက်လှမ်းရေးတွေနဲ့ စစ်ခင်းနေရတဲ့အချိန် အုတ်ရိုးအပြင် က ဆိုင်းသံဗုံသံကလည်း ညံလို့။
နောက်တနှစ် '၇၇ မှာ (၃)ဆောင်၊ အထူးဆောင်ကို ရောက်နေပြီ။ သင်္ကြန်အနုပညာ ပိုးထတဲ့ လူတွေ ရှိတဲ့ အခန်းတွေက၊ သံချပ်တွေ၊ အကတွေနဲ့ ရေချိုးထုတ်တဲ့ချိန်မှာ ထွက်လာကြပြီး အခန်းတွေကို လိုက်ဖျော်ဖြေတယ်။ အောင်စောဦး (ယခု အမေရိက)၊ တင်မောင်ဌေး (ငှက်ကြီး)(ယခု အမေရိက) တို့က ကိုယ်စီအခန်းမှာ ဇာတ်ဆရာတွေ။ ကိုတင်မောင်ကြည်(မောင်မောင်စနေ) ကြက်တောင်စီးနဲ့ ပါးကွက်ကြားနဲ့ ကတာလည်း မှတ်မိနေတယ်။ ကျနော်တို့ အခန်းကတော့ လာရောက်ဖျော်ဖြေသူတွေကို ရေပက်တာပဲ လုပ်နိုင်တယ်။
ဦးရဲထွန်းတို့ အပေါ်ခန်းက ကျနော်တို့ အောက်ခန်းကို ရေစစ်ပွဲဆင်တာ တညလုံး မအိပ်ရဘူး။ သူတို့အခန်းက အပေါ်ထပ်ဆိုတော့ ကြမ်းပေါက်တွေဖောက်ပြီး တညလုံးရေတွေ လောင်းချနေတာ။ ကျနော်တို့ အိပ်ရာတွေ မစိုအောင် ပလတ်စတစ်တွေနဲ့ ထုတ်ပြီး အသေအချာ သိမ်းရတာ။ အောက်ကလူတွေက ဘယ်လိုလုပ်အပေါ်ကို ရေလောင်းလို့ရမှာလဲ၊ သူတို့ လုပ်သမျှ လှိမ့်ခံရတာပေါ့။ ဒီတော့ လှဦး (အရှေ့လေ) က ဘာလုပ်လဲ ဆိုတော့ တုတ် ရှည်ရှည်ကို ထိပ်မှာ ပလတ်စတစ်ပတ် မီးရှို့ပြီး အပေါက်တွေကနေ အညှော်ပြန်တိုက်တယ်။

xxxx xxxx xxxx

သြော်....ခုတော့ ဒါတွေက အတိတ်ကပုံရိပ်တွေ ဖြစ်ကုန်ပြီ။
ဒါပေမယ့် ဒီအသံ၊ ဒီရနံ့တွေရလို့ ဒီအချိန်တွေရောက်ပြီ ဆိုရင် ပန်းချီကိုပေါ်သိမ်း တင်စားတဲ့ ဥပမာပေးရရင်၊ ရင်းထလာတယ်ပဲ ဆိုရမယ်။
ကိုခင်မောင်တိုးက "မြနန္ဒာ....ရေညိုညို ရစ်ခါသန်း..." ဆိုလိုက်တော့ ပါးပြင်ပေါ် မျက်ရည်စတွေလှိမ့်ဆင်း လာတယ်။

မောင်အေးဝင်း
၀၄-၂၁-၀၈ ည ၁၁ နာရီခွဲ။

အကြွေး
ရေးသူ-သက်ခိုင်


အကြွေးနဲ့မကင်းတာတော့ လူတိုင်းပါပဲဗျာ။ ဒါပေမယ့် ကျွန်တော်က ပိုဆိုးတယ်လို့ ထင်တယ်။ သူငယ်ချင်းတွေပေးတာပဲ သုံးရတယ်။ မလောက်တော့လည်း ချေးငှားသုံးရ ပြန်သေးတယ်။ ကျွန်တော်က ပိုဆိုးတယ်ဆိုတာ ဘာမှ စုစုဆောင်းဆောင်းမရှိလို့ သနားပြီး ပေးကြ ကမ်းကြတဲ့ သဒ္ဓါကြေးပဲ သုံးရတာ။ လုပ်သမျှလဲ ဘာမှလဲ အဆင်မပြေသေး။ ၀င်ငွေလေးရအောင် စာလေးဘာလေးရေးမယ် စိတ်ကူးပြီး ရေးကြည့်တယ်။ ခုထိတော့ ၀င်ငွေ ဘာမှ မရှိသေး။


အရင်က ဆောင်းပါးတွေ ပင်တိုင်ဆောင်းပါးရှင်လို ရေးခဲ့ရဖူးလို့ ဆောင်းပါးရေးဖို့ သိပ်မခက်လှပေ။ လေး-ငါး-ဆယ်မျက်နှာလောက်တော့ နံနက်ပိုင်း အိပ်ရာထလောက်က စရေးရင် သိပ်မကြာလှ။ နံနက်စာ မစားခင် ပြီးနိုင်သည်။ ဖူးစကက်မျက်နှာ မျက်နှာနှစ်ဆယ် လောက်ဆိုရင် ၀တ္ထုတိုတပုဒ်စာလောက်တော့ ဖြစ်နိုင်တယ်လေ။
ကဗျာတွေလည်း ရေးတယ်။ သူ့မဂ္ဂဇင်းနဲ့ သူတော့ သုံးဖြစ်နိုင်လိမ့်မယ် ထင်တယ်။ အခုရေးလက်စ ၀တ္ထုက အရှည်ဖြစ်နေလို့ အခုထိ ဇာတ်လမ်းက ဆုံးဖို့ မမြင်သေး။ ပြီးသလောက် ကွန်ပြူတာစာစီဖို့ တမြို့လုံး နေရာအနှံ့ လိုက်ရှာသည်။ တွေ့သမျှလည်း မေးရ စမ်းရတယ်။ ကွန်ပြူတာစာစီ ဈေးနှုန်းက ဆီဈေးဆန်ဈေး၊ သားငါးဈေးတွေလိုပဲ မတည်ငြိမ်။ စာတမျက်နှာ တရာနှစ်ဆယ့်ငါးကျပ်ကနေ၊ နှစ်ရာဖြစ်လိုက် သုံးရာဖြစ်လိုက်နဲ့ နေ့ခြင်း ညခြင်း ခုန်တက်နေပါတယ်။ ကျွန်တော့် လက်ဖက်ရည်ဖိုးထဲကပဲ ပါသွားတာ များပါတယ်။ နံနက်စာ လက်ဖက်ရည်ငတ်တာ တလမှာ ဆယ့်ငါးရက် အရက်နှစ်ဆယ်လောက် ရှိပါတယ်။ ၀ါသနာပါလို့ ဇွဲနဲ့ သည်းခံပြီး စာရေးပါတယ်။ ဘ၀ဆိုတာ ဒီလိုပဲ ထင်ပါတယ်။
အဖေကြီး မကွယ်လွန်ခင် ဟိုးလွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က ပြောခဲ့ဖူးတဲ့ ဘာလဲဟဲ့ လောကဒဏ်ဆိုတဲ့ စကားသံလေးကို နားထဲမှာ တခါပြန် ကြားယောင်နေမိပါတယ်။ တခါတခါလာရင် "ငါ့မြေး အဖေကြီးမှာ ပိုက်ဆံ ရှိတယ်။ ဟိုး အမှတ်တစ် ကျောင်းရှေ့မှာ သွားပြီး ဆိတ်စွပ်နဲ့ ချာပါတီ စားရအောင်" လို့ ခေါ်လေ့ ရှိပါတယ်။ ကုလားပဲနဲ့ ဆိတ်ရိုးစွတ်က တော်တော်လေး ကောင်းပါတယ်။ တခါတရံ ဖရုံသီးလေးတောင် ပါတတ်တယ်။
ကျွန်တော်က အဖေကြီးနဲ့ ငယ်ငယ်ကတည်းက ရင်းနှီးတယ်၊ ချစ်လည်းချစ်တယ်။ ကျွန်တော့်ကို အဖေကြီးက ပိုပြီးတော့ ချစ်တယ်လို့ ထင်တယ်။ အဖေကြီးနဲ့အတူ နံနက်စောစော လမ်းလျှောက်ရတာကိုက ကျွန်တော့်အဖို့ ပျော်စရာ။ အဲဒီတုန်းက ကျွန်တော်က အသက်သိပ်မကြီးသေး။ ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်လောက်သာ ရှိသေး တယ်။ ဆိုင်ရောက်တော့ အဖေကြီးက မစား။ ကျွန်တော်က ဆိတ်စွတ်နဲ့ ချာပါတီကို အားရပါးရ စားတယ်။ တခါတခါတော့ အဖေကြီးလည်း စားပါလို့ ခေါ်ပြီး စားခိုင်းရတယ်။ ဈေးကတော့ သိတ်မကြီးလှပါ။ ပြားငါးဆယ်ဖိုးဆို အ၀ပဲ။ အဲဒီတုန်းက လက်ဖက်ရည်တခွက် ကို နှစ်ဆယ့်ငါးပြား ပြားသုံးဆယ်လေ။ ကျွန်တော် အသက်နှစ်ဆယ်အရွယ်လောက် ရောက်တော့ အရပ်ထဲက ဦးတိုးလှဆိုင်မှာ စတိုင်နဲ့ထိုင်ပြီး သတင်းစာဖတ်ဖို့ အမြဲသွားတယ်။ ပြီးတော့ လက်ဖက်ရည်တခွက်မှာပြီး သောက်လေ့ရှိပါတယ်။ လက်ဖက်ရည် မကြိုက်တတ်ပေ မယ့် ဆိုင်ထိုင်လို့ရအောင် လက်ဖက်ရည် သောက်ရတယ်လေ။ အဲဒီအချိန်တုန်းက သတင်းစာ တွေ စုံအောင် ဖတ်ရုံတင်မက နှစ်ခေါက်သုံးခေါက် ပြန်ဖတ်တယ်။ အဲဒီတုန်းက ကလေး လူကြီးပုံ ဖမ်းထားတဲ့ ပုံစံကို အခုပြန်တွေးလို့ ရယ်စရာ။
ရည်းစားထားတတ်တဲ့ အရွယ်ဖြစ်ပေမယ့် ရည်းစားက ကြာကြာမမြဲ။ ကောင်မလေး တွေက ထွက်ပြေးကြတယ်။ လင့်နောက် လိုက်သွားတာလည်း ရှိတယ်။ တကယ့်ကို ကလေးဘ၀ ဘာမှနားမလည်။ တခါတလေ ချိန်းတဲ့ဆီလည်း မလိုက်။ ဘ၀အရေးမှာ ဘာတွေ ညာတွေ အာလူးတွေကလည်း များတယ်။ အဲဒီခေတ်က စကားများရင် အာလူးများတယ် လို့လည်း ခေါ်တယ်။ သိပ်မကောင်းဘူးပေါ့။
တခါက ကျောင်းက အတန်းတူ အဖွားကြီးတွေ အပျိုကြီးတွေက "ငါတို့ကျောင်းမှာ လာနေပြီး ဘာလို့ရည်းစားမထားလဲ" ဟုဆိုကာ ပါဆယ်ဂိမ်း ကစားခိုင်းသည်။ ဒါလည်း ကျွန်တော်က မစွန်။ အဲဒီကိစ္စမှာတော့ ကျွန်တော်က စာမေးပွဲ အမြဲကျလေ့ရှိတယ်။ ဦးလေးတယောက်ကဆို ရည်းစားစာတွေ ရေးပေးပြီး စက်ဘီးနဲ့ တင်ကာ မိန်းကလေး တယောက်ယောက်ကို စာပေးခိုင်း ရည်းစားစကား ပြောခိုင်းလေ့ရှိတယ်။ မပြောရင် နဘန် ကျင်းမယ်ဆိုလို့ ကြောက်ကြောက်နဲ့ လိုက်ပြီး ပြောရသေးတယ်။ ဦးလေးကို ကြောက်လို့သာ ပြောရတယ် ကောင်းကောင်းမမှတ်မိတော့ဘူး။ အနှစ်သုံးဆယ်ကျော် ကြာပြီလေ။ အဲဒီကာလ တွေတုန်းက ကျောင်းမုန့်ဖိုးကလည်း တကျပ်ပဲ ရတယ်။ တရားဝင် မုန့်ဖိုးက ပြားသုံးဆယ်။ ငါ့သားလေး မျက်နှာငယ်မှာစိုးလို့ အမေက ဖြည့်ပေးတဲ့ တကျပ်။ အဲဒီတုန်းက ကုန်ဈေးနှုန်းက ခုလောက်မကြီး။ လက်ဖက်ရည်တခွက် တမတ်ပြားသုံးဆယ်။ တကျပ်ဆိုရင် လက်ဖက်ရည် နှစ်ခွက်နဲ့ ပလာတာ နှစ်ချပ်ရတယ်။ အခုတော့ တကယ့်ကို ကုန်ဈေးနှုန်းက ကြီးနေပြီ။ ကွန်ပြူတာစာစီခကလည်း မဂ္ဂဇင်းက လက်ခံလို့ ပေးတဲ့ စာမူခရဲ့ တ၀က်လောက်တောင် ဖြစ်နေမလား မသိဘူး။ ကျွန်တော် လက်ဖက်ရည် အငတ်ခံပြီးရေးရတဲ့ ကဗျာတွေ ဘယ်မဂ္ဂဇင်းကမှ လက်မခံသေး။ မပါသေးလို့ စာမူခကို အတိအကျ မပြောနိုင်သေးသော် လည်း စာစီခက မသက်သာ။ မနေ့ကပဲ စန်းပွင့်ကွန်ပြူတာစာစီကို ရောက်သေးတယ်။ အပ်ထားတဲ့ ကဗျာတွေ ကွန်ပြူတာ စာစီထားတာ သွားရွေးတော့ မနေ့က တမျက်နှာနှစ်ရာနဲ့ သဘောတူ ထားပေမယ့် ဒီနေ့ကျတော့ စာတမျက်နှာ သုံးရာကျပ်ဖြစ်နေပြန်တယ်။
"ဘယ်လောက်ကျသလဲ" ...လို့ ကျွန်တော်ကမေးတော့...
"စာတမျက်နှာ သုံးရာ့ငါးဆယ် ကျတယ်.. ရှင့်.."
ဆိုင်းမဆင့်ဗုံမဆင့် ပြောချလိုက်ပြန်ရော..
"ဟား..နှစ်ရာမဟုတ်ဘူးလား"
တအံ့တသြ ကျွန်တော်က မေးလိုက်မိတယ်..
"ဘာလို့ ဒီလောက် ဈေးတွေ တက်တာလဲကွာ"
"တော်တော်များတယ်"
"ဒီအတိုင်းဆိုရင် ငါ လက်ဖက်ရည် သောက်ရတော့မှာ မဟုတ်တော့ဘူး။ နည်းနည်း လျှော့ပါဦးကွာ"
"သုံးရာပဲထားပါ"
"မရဘူးရှင့်၊ ဈေးတွေ တက်တာက အားလုံးတက်တာ"
"နည်းနည်းတော့ လျှော့ပါဦး"
ထပ်ပြီးပြောမိပြန်တယ်။
"အဲဒီလိုဆိုရင် သုံးရာပဲ ယူမယ်"
"နှစ်ဖက်ရိုက်ဆိုတော့ တရွက်ကို ခြောက်ရာကြတယ်"
စုစုပေါင်း ဆယ့်တမျက်နှာ ကဗျာအပုဒ်လေးဆယ်ကျော် ပါတယ်။ အိတ်ထောင်ထဲမှာ ငွေသုံးထောင်ကျော် ထွက်သွားပြန်တယ်။
ကော်ပီကူးတာက နှစ်ရာ့နှစ်ဆယ် စုစုပေါင်း သုံးထောင်ငါးရာ့နှစ်ဆယ် ကျတယ်။ လေးချိုးဝင် အောင် (၁၆)ပွိုင့်နဲ့ ရိုက်ကြည့်တယ်။ ကဗျာစာအုပ် ထုတ်ဝေလို့ ရမရ မသိရသေး။ စိစစ်ရေးလည်း မတင်ရသေး။ ဘာပိုးမွှားမှတော့ မပါ။
နောက်ထပ်ရိုက်မယ့် ကဗျာအပုဒ်နှစ်ဆယ်ကျော် ပြန်ယူလာခဲ့တယ်။ စိတ်တော့ ညစ် သွားတယ်။ ဈေးကြီးလို့လေ။ မိန်းကလေး ပြုံးပြုံးရွှင်ရွှင်မို့ တော်ပါသေးတယ်။ စိတ်တော့ မဆိုးဘူးလို့ ထင်မိတယ်။
မိန်းကလေးကို ကျေးဇူးတင်ပါတယ်လို့လဲ ပြောဖြစ်ခဲ့သေးတယ်။ ခုတော့ ကုန်ဈေးနှုန်း ကို မုန်းလိုက်ချင်တယ်၊ တက်ပဲ တက်နိုင်လွန်းတယ်ဗျာ။
အိမ်အပြန်လမ်းမှာလည်း ကုန်ဈေးနှုန်းကိုပဲ အပြစ်တင်နေမိပြန်တယ်။
နံနက်ကတော့ အတွေးတခု ၀င်လာတယ်။ အကြွေးနဲ့ စာရေးဆရာ ဘယ်ကင်းမှာလဲ၊ ဟိုနေ့က ငွေချေးပြီး ကွန်ပြူတာစာစီခ ပေးဖို့သွားတယ်။ ဒီနေ့လဲ ဒီလိုပဲလေ။ ကွန်ပြူတာ စာမစီရင် မလွယ်ဘူးထင်တယ်။ ဘယ်မဂ္ဂဇင်းကမှ သုံးလိမ့်မယ်မဟုတ်။ ကွန်ပြူတာစာစီမှ ဖြစ်မယ်လို့ အထပ်ထပ်တွေးမိတယ်။
အကြွေးတင်လည်း ဘယ်တတ်နိုင်မလဲဗျာ၊ ကဗျာတွေ၊ စာတွေရောင်းလို့ စွန်တဲ့နေ့ မဂ္ဂဇင်းတွေက အသုံးပြုတဲ့နေ့ စာမူခတွေ ရတဲ့နေ့ အကြွေးပြန်ဆပ်လိုက်ရုံပေါ့လို့ တွေးမိတယ်။ အင်း..... စာရေးဆရာနဲ့ ကဗျာဆရာ အကြွေးဘယ်ကင်းမှာလဲ။ ငါတင်မဟုတ်ဘူး။ တခြား လူတွေလဲ အကြွေးနဲ့မှ မကင်းကြတာ။ စိတ်ကူးအတွေးထဲမှာ ကွန်ပြူတာ စာစီတဲ့ မိန်းကလေးနဲ့ စကားအများကြီးပြောနေမိတယ်။ စိတ်ကူးထဲကနေ မိန်းကလေး မျက်နှာကို ကြည့်နေမိတယ်။ မိန်းကလေးကတော့ ဘာတွေ တွေးနေမယ်ဆိုတာ ကျွန်တော်မခန့်မှန်းတတ် ပါ။ အင်း.. သူလည်း သူ့ဘ၀နဲ့ သူနေမှာပေါ့။ ငါ့လိုပဲ အကြွေးနဲ့ ကင်းချင်မှ ကင်းမှာပေါ့။ ငါကတော့ အကြွေးပဲပေါ့ကွာ။
အကြွေးပဲပေါ့ကွာ........။


သက်ခိုင်
၂၉၊ ၄၊ ၂၀၀၆။

[ဗြူတီမဂ္ဂဇင်း၊ အမှတ် ၈၇၊ မေလ၊ ၂၀၀၇ မှ ကူးယူဖော်ပြပါတယ်။]

Wednesday, April 23, 2008

ဆရာဦးမြသန်းတင့်ညွှန်ခဲ့တဲ့စာတအုပ်
ရေးသူ-အောင်မြိုင်

(၁)ကျွန်တော့်ရှေ့မှာ ကုန်လုလု ဆေးလိပ်အစီခံတိုတွေ၊ အစီအစဉ်မဲ့ ပရမ်းပတာ စုပုံနေတယ်။ အစီခံတိုတွေရဲ့ တဘက်ထိပ်က မီးကျွမ်းလက်စ ဆေးသားတွေ အံကျနေပြီး၊ ကိုက်ဖွာထားတဲ့ အခြားဘက် ထိပ်မှာတော့ မစိုမခြောက် စိုထိုင်းထိုင်း ဖြစ်နေတယ်။ သည်ဆေးလိပ် အစီခံတိုတွေက ကျွန်တော့်အတွက် 'ဧကရာဇ်တို့ရဲ့ ဘဏ္ဍာတိုက်'။



ဆေးလိပ်ဖွာချင်တဲ့ ဆန္ဒရှိရင် ဆေးလိပ်တိုထဲမှ လက်ကျန်ဆေးသားတွေထုတ်၊ ထုတ်လို့ရတဲ့ ဆေးသားတွေကို စုပြီး ရှိတဲ့ စက္ကူစနဲ့ ပွတ်ချွန်းလိပ် ဖွာရတယ်။ ကျန်တဲ့ စက္ကူပတ်အစီခံကို ရေစိမ်၊ မပျက်မယွင်းအောင် စက္ကူကိုခွါ၊ အခြောက်ခံ၊ ပြီးမှ အစီခံစက္ကူမှာပါတဲ့ ပုံနှိပ်စာလုံး အပိုင်းအပြတ်တွေ ကို ပဟေဠိ အဖြေညှိသလို ဖတ်ရတယ်။ ခွါလိုက်တဲ့ စက္ကူက ၀တ္ထုစာအုပ်စက္ကူဆိုရင် ကျွန်တော် စိတ်ပျက်မိတာ အမှန်။ သတင်းစာ စက္ကူအပိုင်းအစဆိုရင် ကမ္ဘာဦးလူတွေ နေနဲ့လကို တွေ့လို့ ပျော်သလို၊ ကျွန်တော် ၀မ်းသာကျေနပ် မိတယ်။ ကျွန်တော် သိချင်နေတာက သတင်း။ သည်ဆေးလိပ်တို သတင်းက တခါတရံ နာရေး၊ တခါတလေ သာရေး၊ တခါတခါကျတော့ လျှောက်လှမ်းရမယ့် အနာဂတ် လမ်းမကြီးကို မပြည့်မ၀၊ မပြည့်မစုံ ဖော်ထုတ်လို့ရတဲ့ သတင်းအပိုင်း အစတွေ ပေးတယ်မဟုတ်လား။
အရှေ့မြောက်လေတိုက်အား ပြင်းထန် သဲသန်ရာမှ အီဆင်းလာတဲ့ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလရဲ့ ရက်တရက်မှာ ကွန်ကရိရွာကလေးထဲက ကျွန်တော်ရှိရာ 'ဓါးအိမ်ခန်းလေး' ထဲကို နာရေးသတင်းတပုဒ် ရောက်လာတယ်။ ဒီ နာရေးသတင်းဟာ ကျွန်တော်အပါအ၀င် သက်ဆိုင်တဲ့ အသိုင်းအ၀ိုင်းအားလုံးအတွက် နှမြောတသဖွယ်၊ ကြီးမားတဲ့ ဆုံးရှုံးမှုသတင်းဆိုရင် မမှား။ ဟုတ်တယ်။ ကျွန်တော်တို့တတွေ အတွက်တော့ အစားထိုး ဖြေဖျောက်လို့ မရနိုင်လောက်တဲ့ ၀မ်းနည်းတသ နေရမယ့် ဆုံးရှုံးမှုပါပဲ။
'ဆရာဦးမြသန်းတင့် ဆုံးပြီ' တဲ့။
တကယ်တော့ လူသားတယောက် မွေးဖွားတယ်၊ သေဆုံးတယ် ဆိုတာက မိခင်သဘာဝ တရားကြီး ဆီက လာပြီး၊ မိခင်သဘာဝတရားကြီးရဲ့ ရင်ခွင်ထဲကို ပြန်သွားတာသာ ဖြစ်တယ်။ မြေကမ္ဘာက သူ့ရင်သွေးကို သူပြန်ခေါ်တာပဲ ဖြစ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ မိခင်သဘာဝတရားကြီး ဆီကို ပြန်မသွား သင့်သေးတဲ့ ဆရာဦးမြသန်းတင့်၊ ကျွန်တော်တို့ တတွေကို နယ်ပယ်တခုမှာ ရေနည်းငါးလို ချန်ရစ်ပြီး၊ ကျောပေးချိန် မတန်သေးဘဲ ရုတ်ချည်း ထွက်ခွါသွားရတဲ့ ဆရာဦးမြသန်းတင့်ရဲ့ နာရေးသတင်းကို မယုံချင်၊ မကြားဝံ့တဲ့ကြားမှ ကျွန်တော် ကြားလိုက်ရပြီ။ ဆရာဦးမြသန်းတင့် ဘာသာပြန်ခဲ့တဲ့ အနုပဋိလောမရုပ်ဝါဒထဲက (Necessity and Chance) တရားကို ရင်မှာပိုက် နှလုံးသွင်းပြီး၊ ဆရာ့နာရေး သတင်းကို ရင်တနင့်နင့် နားလည်လက်လျှော့ လက်ခံလိုက်ရသော်လည်း၊ ဆရာ့ကို မိခင်သဘာဝရင်ခွင်ထဲမှ ပြန်လုယူချင်တဲ့ ပြင်းပြစိတ်ဆန္ဒတွေ ကျွန်တော့်ရင်ထဲမှာ......။

(၂)
ကျယ်ပြောလှတဲ့ ဘင်္ဂလားပင်လယ်ပြာရဲ့ လှိုင်းခေါင်းဖြူကြီးတွေကို ကျော်ပြီး မြောက်ဖက် ကမ်းရိုးတန်းဆီ ငေးမောတမ်းတရာ နေရာမှ စမ်းချောင်းရပ်၊ ဖျာပုံလမ်းကို ဆရာ ပြန်ရောက်လာတဲ့ အချိန်မှာ၊ ဆရာ ဘာသာပြန်တဲ့ စစ်နဲ့ ငြိမ်းချမ်းရေး အတွဲ (၉)ကို ဖတ်ပြီး ဆတ်တငံ့ငံ့နဲ့ နောက်ထပ် အတွဲ (၃)ကို တောင့်တ ငံ့လင့်နေတဲ့ ကျွန်တော်တို့ ဆရာကို စတင် သိရှိခဲ့ရတယ်။ ကျွန်းတောလမ်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ မြေး အိမ်မှာ။ ကိုဝင်းဇော်က ဆရာဘာသာပြန်ထားတဲ့ "ဒီရေမြင့်သစ်" လက်ရေးစာမူအထူကြီးကို လက်နှိပ်စက် စာမူတင်နေတယ်။ ဆရာ့လက်ရေးကို မဖတ်တတ်၊ ဖတ်မရလို့ ကိုဝင်းဇော်က မေးတဲ့အခါ ရှင်းလင်းပြောပြတဲ့ ဆရာ့အသံက ခပ်အုပ်အုပ်၊ ခပ်ရှရှလေး။ ကိုင်းအနက် မျက်မှန်အထူကြီးနဲ့ ဘောင်ခတ်ခံထားရတဲ့ ဆရာ့မျက်လုံးတွေကြောင့် ဆရာ့ရုပ်ပုံလွှာက မှုန်ကုပ် ကုပ်လို။ ဒါပေမယ့် ဟိတ်ဟန်မရှိတဲ့ ဆရာ့အပြောအဆို၊ သိမ်မွေ့တဲ့ ဆရာ့ပြောဟန် ဆိုဟန်တွေမှာ သံလိုက် စက်ကွင်းပါနေတယ်။ ပြောသမျှ စကားလုံးတွေက အီလက်ထရို မကဂ္ဂနက်တစ်ဝေ့ဖ်အလား။
ဒီရေမြင့်သစ် လက်နှိပ်စက်စာမူဟာ ချင်းတွင်းစာပေတိုက်က စာအုပ်အဖြစ်မထုတ်ခင် ကျွန်တော်တို့ အသိုင်းအ၀ိုင်းလက်ထဲမှာ တ၀ဲလည်လည် ခရီးဆက်နေခဲ့တယ်။ ကျွန်တော်တို့ကလည်း မနက်ဖြန် စာမေးပွဲဖြေရတော့မယ့် မူလတန်းကျောင်းသားလေးတွေလို တယောက်ပြီးတယောက် လက်ဆင့်ကမ်းကာ ဒီစာမူကို တရှိုက်မက်မက် ဖတ်မှတ်လေ့လာခဲ့ကြတယ်။ ဆရာက ကျွန်တော်တို့ အပေါ် ယုံကြည်နားလည်မှု ရှိရှိနဲ့ ဒီစာမူကြီးကို ပေးဖတ်ခဲ့တာမို့ ဆရာ့ကို ဟိုးယခင် လေးစားရင်းကို အခြေခံပြီး လေးစားရင်းထက် ကျွန်တော်တို့ ပို၍ လေးစား လေးနက်ခဲ့ရတယ်။
ဆရာက စာစုံ၊ ကဏ္ဍစုံရေးသားသလို စာစုံ၊ ကဏ္ဍစုံ ဘာသာပြန်တယ်။ ဂန္ထ၀င် ဘာသာပြန်၊ ၀တ္ထုရှည်ဘာသာပြန်၊ ၀တ္ထုရှည်ပင်ကိုယ်ရေး၊ ၀တ္ထုတိုဘာသာပြန်၊ ၀တ္ထုတိုပင်ကိုယ်ရေး၊ ကဗျာဘာသာ ပြန်၊ ကဗျာပင်ကိုယ်ရေး၊ ဆောင်းပါးဘာသာပြန်၊ ဆောင်းပါးပင်ကိုယ်ရေး၊ ရသစာတမ်းဘာသာပြန်၊ ရသစာတမ်းပင်ကိုယ်ရေး၊ ပြီးတော့ နိုင်ငံရေး၊ အတွေးအခေါ်၊ ခရီးသွားမှတ်တမ်း.....။ ကျွန်တော့်အထင် ဆရာ ဘာသာပြန်တာက ပင်ကိုယ်ရေးထက် ပိုများ များနေမလား မသိ။ ရေးတိုင်း၊ ဘာသာပြန် တိုင်းလည်း ဆရာ့စေတနာကို ဆရာ့ရေးသားချက်၊ ဘာသာပြန်ချက်တွေထဲမှာ ဆရာ့ဝိညဉ်ပျံဝဲနေသလို တွေ့ရတတ်တယ်။ လေရူးသုန်သုန် ဘာသာပြန် ဂန္ထ၀င် ၀တ္ထုရှည်ကြီးဆိုရင် ဖတ်ရသူများအတွက် ဘာသာပြန် ၀တ္ထုရှည်ကြီးတပုဒ်လို မဟုတ်ပဲ၊ ဆရာ့ပင်ကိုယ်ရေး ဂန္ထ၀င် ၀တ္ထုရှည်ကြီးတပုဒ်လို့ ထင်ရလောက်အောင် ဖြစ်နေမှာတော့ စာဖတ်သူအပေါ် ထားတဲ့ ဆရာ့စေတနာဟာ အီမောဘွန်း တောင်ရဲ့ တောင်ဘက်မှ ဘင်္ဂလားပင်လယ်အော်ရဲ့ မြောက်ဖက်ထိ ကြီးမား ကျယ်ပြောနေလောက် တယ်လို့ ကျွန်တော် ထင်တယ်။ ဆရာပါရဂူကို 'တတိယ ပြတင်းပေါက်' လို့ တင်စားရင် နိုင်ငံရပ်ခြား ကမ္ဘာ့စာပေကို ကျွန်တော်တို့အတွက် ဒုတိယဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကားမှ တဆင့် ထုနဲ့ထည်နဲ့ မနားတမ်း ဘာသာပြန်ဆို ရေးသားခဲ့တဲ့ ဆရာဦးမြသန်းတင့်ဟာ 'ဒုတိယပြတင်းပေါက်' ဖြစ်မယ်လို့ ကျွန်တော် သိစိတ်ထဲမှာ စွဲထင်နေတယ်။ (ဒါက ကျွန်တော့ပုဂ္ဂလိက အမြင်ပါ)

(၃)
တရက်။ ဆရာနဲ့ ကျွန်တော် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ကြတဲ့ ၁၉၈၃ ခုနှစ် နွေတရက်။ နေ့လယ် (၁) နာရီလောက်ရှိမယ့် နွေနေပူကျဲကျဲကြီးအောက်မှာ ဆူးလေဘုရားလမ်းကို ဖြတ်တော့မယ့် ဆရာ့ကို ကျွန်တော်တွေ့တယ်။ ကျွန်တော် ဆရာ့ လက်ဝဲဘက်နားကပ်ပြီး "ဆရာ... မျက်စိမမြင်တဲ့ ကြွက်က မျက်စိမြင်တဲ့ကြွက်ကို လမ်းပြပေးပါ" လို့ ခပ်တိုးတိုးလေး ကပ်ပြောလိုက်တယ်။ ဆရာက "ဟာ...ခင်ဗျားပါလား။ လာ..လာ မတွေ့တာ ကြာပြီ" ဟုတ်တယ်။ ကျွန်တော် နယ်ခြားကုန်သွယ်ရေး လေး လုပ်နေတာကြောင့် ဆရာနဲ့ မတွေ့ဖြစ်တာ နှစ်နဲ့ချီ ရှိနေပြီ။ ကျွန်တော်က ဆရာ့လက်ဝဲဘက် လက်မောင်းကလေးကို ကိုင်တွဲရင်း ဆရာ့နောက်နားလောက်ကနေ ခပ်ယို့ယို့လေး လိုက်လာတယ်။ အနော်ရထာလမ်းပေါ်က ဆူးလေမီးပွိုင့်ကို ဖြတ်ပြီး ဆရာနဲ့ကျွန်တော် 'ရွှေကြည်အေး' ကို ရောက်သွား ကြတယ်။
ကျွန်တော် ဖြတ်သန်းရမယ့် ရှေ့ခရီးကို စာပေအနုပညာနဲ့ လမ်းပြပေးနေတဲ့ ဆရာသုံးယောက် ကျွန်တော့မှာ ရှိတယ်။ ဆရာဒဂုန်တာရာ၊ ဆရာဗန်းမော်တင်အောင်၊ ဆရာဦးမြသန်းတင့်။ သည်ဆရာကြီး သုံးဦးဟာ သူတို့နဲ့ လူချင်းမတွေ့ မသိမီကတည်းက ကျွန်တော့်အတွက် အတွေးအခေါ်၊ အတွေးအမြင်ပိုင်းမှာ အဦးဆုံး၊ အစောဆုံး မိဘရင်းတွေပါ။ (ကျွန်တော့ရဲ့ ခေါင်းကိုင်ဖခင်တွေကတော့ စာပေအနုပညာနယ်ပယ်မှာ အများကြီး ရှိနေပေမယ့် စာမျက်နှာကို ငဲ့လို့ ဆက်ရေးမပြရတာကို ခွင့်လွှတ်ပါ) ဆရာတို့အတွေး၊ ဆရာတို့အမြင်၊ ဆရာတို့ အယူအဆတွေဟာ ကျွန်တော်အဖို့ ကျွန်တော့်ရဲ့ နောက်တကြိမ် နှလုံးခုန်ချက်ထက် တန်ဖိုးကြီးတယ်။ ဘ၀လူလားမြောက်ခဲ့ရတာ ဆရာတို့ရဲ့ ကျေးဇူးကြောင့်။
"ခင်ဗျား ကျွန်တော့်ရဲ့ စာတွေ ဖတ်ဖြစ်ရဲ့လား" ဆိုတဲ့ ဆရာ့အသံကို ကျွန်တော် ကျက်မိနေလို့ ကျွန်တော် အတွေးရပ် သွားတယ်။ ဆရာမေးသင့်တဲ့ မေးခွန်းပါပဲ။ ထိုစဉ်က ဒိုင်ယာလက်တစ်ရဲ့ Law of Unity and Struggle of Opposites ဆိုတဲ့ တရားထဲက Struggle အပိုင်းကို ကဲ ကြည့်ခဲ့ကြတဲ့ ဂယက်ကလေးတခု ဆရာဦးမြသန်းတင့်ရဲ့ စစ်နှင့်ငြိမ်းချမ်းရေး စာပေဆုပေါ်မှာ ဗဟိုပြု ရိုက်ခတ်ခဲ့တာက အရှိန်မသေသေး။ "ဆရာတို့ စာတွေမှ မဖတ်ရင် ကျွန်တော်တို့ စာဘယ်ဖတ်ဖြစ်တော့မလဲ" လို့ ကျွန်တော့်ရင်ထဲ ရှိတာ ထုတ်ပြလိုက်ရတယ်။ ပြီးမှ ဟိုးယခင်က ရှုမ၀ထဲပါခဲ့တဲ့ ဆရာ့ဝတ္ထုတိုထဲက ကားလ်မာ့က်စ်ကို ကိုးကားထားတဲ့ စာကြောင်းတကြောင်း ရွတ်ပြတယ်။ ကျိုင်းတုံရောက်တိုင်း '၀' တွေ တည်တဲ့ဘုရားကို ရောက်တဲ့အကြောင်းလည်း ပြောပြတယ်။ ပြီး လူတန်းစားတိုက်ပွဲ၊ ကုန်ထုတ်လုပ်မှုတိုက်ပွဲ၊ သိပ္ပံပညာစမ်းသပ်မှုတိုက်ပွဲ၊ ဇီမာဂျန်းရှင်း၊ ခန်းဆောင်နီ အိပ်မက်၊ ရေစီးကြမ်းတဲ့ ယမားချောင်း၊ လေညှင်းဆော်တဲ့ တောင်သမန်.....။
"ဟုတ်ပြီ။ ခင်ဗျားကို ဘာသာပြန်ထားတဲ့ စာမူတခု ပေးဖတ်မယ်"
"ဘာစာအုပ်လဲဆရာ"
"Jack Burden ရေးတဲ့ China Shake the World ကို ပြန်ထားတာ"
"အဲဒီစာအုပ် ကျွန်တော် ဖတ်ပြီးပြီ"
"ခင်ဗျား ဘယ်ကရလဲ"
"ကျွန်တော် 'ဘို' လိုဖတ်ရတာ ဆရာ။ ကျွန်တော့်ဆီကမှ ဆရာ့ဆီ ရောက်သွားတာ"
"အော...ဟုတ်လား။ ဒီလိုဗျ...ဒီစာအုပ် ဘာသာပြန်သာ ထွက်ရင် ကျွန်တော်တို့ဆီမှာ တရုတ်တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ဘာသာပြန်စာအုပ် ပြည့်စုံသွားပြီ။ ဒီစာအုပ်တအုပ်ပဲ လိုနေတယ်"
ဆရာ့စာဖတ်အား၊ ဆရာ့စေ့ငုမှု၊ ဆရာ့ကောက်ချက်ကို ကြားရလို့ ကျွန်တော် တုန်လှုပ်သွားတယ်။ တကယ်တော့ ဆရာက ပင်လယ်ကျယ်၊ ကျွန်တော်က ရေချောင်းငယ် မဟုတ်လား။ တရုတ်တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ဘာသာပြန် နိုင်ငံရေးစာအုပ်တွေ ဖတ်မိသလောက် ပြန်စဉ်းစားတော့......
တရုတ်ပြည်ပေါ်ကကြယ်နီ (တင်ထွေး)၊ တရုတ်အင်အားပြိုင်ပွဲ (လူထုဒေါ်အမာ)၊ ဘ၀ချင်းမတူ တဲ့တရုတ်ပြည် (လူထုဒေါ်အမာ)၊ ဒီရေမြင့်သစ် (မြသန်းတင့်)၊ မီးလောင်မြေ (မြသန်းတင့်)၊ တောင်များ ၏တောင်ဘက်မှ ပင်လယ်များ၏မြောက်ဖက်သို့ (မြသန်းတင့်)၊ သန်းပေါင်း ၁၀၀၀ တရုတ်ပြည် (မမှတ်မိ)၊ ဥက္ကဌကြီးမော် (စိုးမြိုင်)၊ ချူအင်လိုင်း (အောင်ဇံ)၊ ချူအင်လိုင်း (မောင်တင်ရွှေ)၊ ချူတေး (မောင်တင်ရွှေ)၊ အမေရိကန်တွေ သိခွင့်မရတဲ့ တရုတ်ပြည် (လူထုဒေါ်အမာ)။
ဆရာပြောတဲ့ China Shake the World ဘာသာပြန်ကို အထက်ပါစာအုပ်တွေကြားမှာ မတွေ့ရ။ ဆရာဘာသာပြန်ပြီး ဘာကြောင့် မထုတ်ဖြစ်ခဲ့သလဲ။
တကယ်တော့ ဒီစာအုပ်က တရုတ်တော်လှန်ရေးနဲ့ ပါတ်သက်လို့ နည်းနာအရ အတော်ကလေး ပြည့်စုံတဲ့စာအုပ်လို့ ဆိုရလောက်တယ်။ လက်နက်ကိုင်တော်လှန်ရေးကာလ ပြောက်ကျားဒေသ အတွင်း လုပ်နည်းလုပ်ဟန်တွေ ပါတယ်။ ပြောက်ကျားဒေသတွင်း လယ်ယာမြေဝေခြမ်းရေး၊ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးအတွက် ဘဏ်လုပ်ငန်း၊ စာတတ်မြောက်ရေး လှုပ်ရှားမှု....။ စာရေးသူက တရုတ် လက်နက်ကိုင်တော်လှန်ရေး သမားတွေနောက် တကောက်ကောက်လိုက်ပြီး မှတ်တမ်းတင် ရေးသား ထားတဲ့ တော်လှန်ရေး၊ နိုင်ငံရေး၊ လက်တွေ့စာအုပ်ဖြစ်တယ်။

(၄)
မှတ်မှတ်ရရ ထိုနေ့က တမိုးလုံး အုံ့ဆိုင်းမှောင်မိုက်လာပြီး မိုးတွေ စွေနေတဲ့ သြဂုတ်လ (၁၅) ရက်နေ့။ ကျွန်တော့ ကွန်ကရိအခန်းလေးထဲမှာ မိုးမှုန်ရေငွေ့တွေ ပြည့်နေတယ်။ ကျွန်တော့် စိတ်ဝိညဉ်က မိုးစက်၊ မိုးပေါက်၊ မိုးမှုန်တွေကို တိုးဝှေ့ ကျော်ဖြတ်ပြီး မြောက်ဘက် အဝေးတနေရာကို ရောက်နေတယ်။ ပြီးမှ ပွတ်ချွန်းကို တဖွာရှိုက်ရင်း ကျွန်တော့် အတွေးအာရုံတွေကို အခန်းထဲအရောက် ဆွဲခေါ် ပြန်သွင်းစုစည်းကာ မနေ့က အခြောက်ခံထားတဲ့ ကျွန်တော်ရဲ့ 'ဧကရာဇ်တို့ရဲ့ဘဏ္ဍာတိုက်' ကို ဖွင့်ဖတ်တယ်။ အစီခံစက္ကူပိုင်းထဲမှာ....
မြသန်းတင့်(အသ.....
လွန်ခဲ့တဲ့ ခြောက်လလောက်က ကွယ်လွန်သွားရှာတဲ့ ဆရာ့နာရေးကြော်ငြာ အပိုင်းအစလေး။ ဆရာ့နာရေးကြော်ငြာကိုတောင် အပြည့်အ၀ မမြင်တွေ့ရတဲ့ ကျွန်တော်....။
သည်တော့လည်း ဆရာညွှန်ခဲ့၊ ပြောခဲ့တဲ့၊ စကားကို ကျွန်တော် နောက်တကြိမ် ကြားယောင်မိ ပြန်တယ်။
"ဒီစာအုပ် ဘာသာပြန်သာထွက်ရင် ကျွန်တော်တို့ဆီမှာ တရုတ်တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ဘာသာပြန်စာအုပ် စုံသွားပြီဗျ" ။

အောင်မြိုင်
[ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် ၆ ၊ ဇူလိုင်၊ ၂၀၀၆ မှ ကူးယူဖော်ပြပါတယ်။]

Sunday, April 20, 2008

ရွက်လွှင့်ရထားလုံး(ရသစာတမ်း)
ရေးသူ-ညီပုလေး

လှပဝေဆာတဲ့ 'လမ်းလျှောက်ပင်' နီနီတွတ်တွတ်လေးတွေကို ကွေ့ပတ်ပြီး ခြံတံခါး နားအထိ ရောက်အောင် အမေလျှောက်လာတယ်။ ခြံတံခါးလည်းလွန်ရော လမ်းသွယ်လေး တခုပေါ် ရောက်ရော။ ဒီလမ်းသွယ်ကလေးကလည်း ခေသူမဟုတ်ဘူး။ နာမည်နှစ်မျိုးနဲ့ လမ်းသွယ်လေး။ တချို့ လူတွေက ဒီလမ်းသွယ်လေးကို 'တင်ဦးလွင်' လမ်းလို့ ခေါ်ကြတယ်။ တင်ဦးလွင်လမ်းလို့ ဘာလို့ ခေါ်တယ်ဆိုတဲ့ လမ်းရဲ့ ဗျုပ္ပတ်လေးတခုလည်း ရှိနိုင်တယ်လေ။ လူ အများစုကတော့ '၁၃ အိမ်လမ်း' လို့ ခေါ်ဝေါ်ကြတယ်။ လမ်းသွယ်လေးအတိုင်း အရှေ့စူးစူးကို ဆက်သွားလိုက်ရင် ပိုးစားခြံအလုပ်သမားတွေ နေကြရတဲ့ အိမ် ၁၃ လုံးကို တွေ့ကြရမယ်။ အဲဒီ အိမ် ၁၃ လုံးကို အစွဲပြုပြီး လမ်းသွယ်လေးကို ဒီနာမည် ကင်ပွန်းတပ်ခဲ့ကြတာလေ။ ၁၃ အိမ်လမ်းအတိုင်း ဆက်လျှောက်လာရာက မြေနီလမ်း ခပ်မိုမိုလေးဘက် အမေတို့ ဖဲ့တက် လာခဲ့ကြတယ်။



မနက်စောစောမို့ နှင်းမှုန်နှင်းငွေ့တွေ သိပ်သိပ်သည်းသည်း ဝေနေကြတယ်။ ကျေးငှက် ကလေးတွေလည်း တညလုံးအောင့်အီးနေခဲ့ကြရတာကို သစ်ပင်ကြီးပေါ်မှာ အတိုးချပြီး သီချင်းတွေ အော်ဟစ် သီဆိုနေကြတယ်။ ကြက်သားအုပ်မတကောင်က မြေကြီးကို ယက်ရင်း 'ကတော် ကတော်' အသံပေးပြီး သူ့ကလေးတွေကို လှမ်းခေါ်နေတော့ ကြက်ပေါက်ကလေး တွေလည်း ရောက်ရာအရပ်က အမြန်ပြေးလာကြတာပေါ့။ ရှင်နေမင်းကတော့ သူ့အလင်းတန်း တွေကို ဆန့်ထုတ်ဖို့ ကြိုးစားနေတယ်။ တိမ်တွေက ဖယ်မပေးကြဘူး။ တိမ်တွေ ဖယ်ပေးကြဦး တော့ နေရောင်ခြည်ကို ထင်ထင်ရှားရှား မြင်ရမှာ မဟုတ်ဘူး။ အမေ့ကို နေရောင်မကျအောင် နှင်းမှုန်တွေက လိုက်ပြီး ကာကွယ်စောင့်ရှောက်နေကြတယ်လေ။
၁၃ အိမ်လမ်းပေါ်ကနေပြီး မြေနီလမ်းတိုကလေးတခုပေါ် လျှောက်ပြီး အခုတော့ ကုန်းမော့မော့လေးအပေါ် ခပ်ပြေပြေလေး တက်သွားရတဲ့ ကတ္တရာလမ်းအပေါ် ရောက်သွားပြီ။ ဒီလမ်းကိုတော့ တမြို့လုံးက 'အိမ်တော်လမ်း' လို့ ခေါ်ကြတယ်။
မြို့ကကလေးကို အင်္ဂလိပ်တွေ တည်ခဲ့ကြတာတဲ့။ ပူအိုက်တဲ့ နွေရာသီမှာ ဟောဒီမြို့ကလေးမှာ အင်္ဂလိပ်တွေ လာပြီး ရုံးစိုက်ခဲ့ကြတာမို့ 'အိမ်တော်' ဆိုတာ ဖြစ်လာပြီး 'အိမ်တော်လမ်း' ဆိုတာကလည်း ပူးတွဲပါလာရတော့တာလေ။
အနွေးထည်ခပ်ပါးပါးလေး ကောက်လျှိုထားတဲ့ အမေ့လက်တဖက်မှာ စိတ်ပုတီးတကုံး ကိုင်ထားပြီး၊ ဘယ်ဘက်မှာတော့ လက်ဝါးထက် နည်းနည်းငယ်တဲ့ ရေဒီယိုလေးကို ကိုင်လာခဲ့ တယ်။ မြေးမလေးတယောက် အဖော်ပြုလို့ ကတ္တရာလမ်းနံဘေးကပ်ပြီး အသက်ရှစ်ဆယ် ကျော် ကိုးဆယ်တွင်း အမေ မနက်စောစောမှာ လမ်းလျှောက်နေတာပါ။
အိမ်တော်လမ်းပေါ်မှာ ရှိတဲ့ ခြံဝင်းကျယ်ကြီး တခြံထဲမှာတော့ ခွေးတွေ အများကြီး မွေးထားတယ်။ ခြောက်ကောင် ခုနှစ်ကောင်လောက် ရှိလိမ့်မယ်။ လမ်းပေါ်မှာ သာမန်တွေ့ရတဲ့ ခွေးမျိုးတွေပါပဲ။ ခြံလုံဖို့ မွေးထားတာလေ။
အိမ်တော်လမ်းရဲ့ဘေး ဘယ်ညာမှာ ချယ်ရီပင်တွေ၊ စိန်ပန်းပြာပင်တွေ၊ ထင်းရှူးပင်တွေ က သပ်သပ်ရပ်ရပ် ညီညီစီစီနဲ့။ လမ်းကလေး ကွေ့သွားရင် သစ်ပင်တွေလည်း အလိုက်သင့် ခပ်ကွေးကွေးလေး လိုက်ကွေ့သွားကြတယ်။
အသက် ၈၆ နှစ် ရှိပြီဖြစ်တဲ့ အမေဟာ အခုလို မနက်တိုင်း ခပ်စောစောထပြီး လမ်းလျှောက်လာခဲ့တာ နှစ်ပေါင်း သုံးဆယ်ကျော်လို့ လေးဆယ်ချဉ်းကပ်ခဲ့ပါပြီ။ ခုနှစ်နှစ်သမီး ကတည်းက ဆေးလိပ်စပြီး သောက်ရှူခဲ့တာ အသက်လေးဆယ်တွင်းကျမှ ဆေးလိပ်ဖြစ်ခဲ့တဲ့ အမေဟာ အဆုတ်ထဲက ဆေးလိပ်မီးခိုးတွေကို သန့်စင်ပစ်ဖို့ အခုလို လမ်းလျှောက်နေတာ လား။ ဘာကြောင့်ပဲ ဖြစ်ဖြစ် အမေ ကျန်းမာမှ စာတွေ ရေးသားနိုင်မှာပါ။
အခုလိုအချိန်မှာ အိမ်တော်လမ်းဟာ အသွားအလာနည်းပြီး လူသူကင်းရှင်းတယ်လို့ ပြောရလိမ့်မယ်။ ဈေးကြီးကို စောစောသွားခင်းမယ့် မုန်ညင်းချဉ်သည်လေးက စက်ဘီးကို ကုန်းဆင်းလမ်းအတိုင်း အပြေးဆင်းလာချိန်မှာ အမေ့လက်က စိတ်ပုတီးက နှစ်ပတ်လောက် စိတ်ပြီးချိန်ပေါ့။ ဒီမုန်ညင်းချဉ်သည် ကောင်မလေးနဲ့ကလည်း နေ့တိုင်း ဆုံတွေ့နေကြတာ မဟုတ်ဘူး။ အမေကတော့ အိမ်က အချိန်မှန် ထွက်ခဲ့ပါရဲ့။ မုန်ညင်းချဉ်သည်ကလေးက အချိန် သိတ်မမှန်ချင်ဘူး။ သူ့ စက်ဘီးအိုကြီးကို လေထိုးနေလို့ နောက်ကျတာလည်း ဖြစ်နိုင်သလို၊ ဈေးရောင်းရင် ကြည့်ပျော် ရှုပျော်ရှိဖို့ တို့ပတ်ပုဝါ ပုတ်နေရလေသလား၊ ခပ်ထော်ထော်နှုတ်ခမ်း လေးကိုပဲ ဆေးခပ်ထူထူ ဆိုးနေရလို့ နောက်ကျနေသလား မသိ။ ဒါကြောင့် အမေနဲ့သူနဲ့ တခါတလေမှ ဆုံကြတယ်။
အခုတော့ ဧည့်ဂေဟာအဖြစ်နဲ့ ပြုပြင်သုံးစွဲနေတဲ့ သဇင်မြိုင်နဲ့ ချယ်ရီမြိုင် အိမ်တော်ဟောင်း နှစ်လုံးရဲ့ကြား ကြက်လျှာစွန်းလမ်းခွဲလေးမှာ အမေက ခေမာ လမ်းဘက် ဆက်လျှောက်ခဲ့တယ်။ ဒီလိုလျှောက်ရင်း ပူလောင်အိုက်စပ်ပြီး ကျန်ရစ်ခဲ့တဲ့ မန္တလေးက မိတ်ဆွေတွေကို အမေသတိရနေမှာ သေချာတယ်။
ခေမာလမ်းက ပြေပြေကလေး ဆင်းသွားတဲ့ လမ်းကလေးပါ။ ဒီခေမာလမ်းပေါ်မှာ အမေနဲ့ ပဲပြုတ်သည်နဲ့ နေ့တိုင်းဆုံတတ်ကြတယ်။ ပဲပြုတ်ရောင်းတဲ့ ကောင်လေးက ဒီမြို့လေးရဲ့ ဒီဇိုင်းနဲ့ ပဲပြုတ်ရောင်းတဲ့ ကောင်လေးပါ။ ကောင်လေးက ကယ်ရီယာပေါ်မှာ ပဲပြုတ်တောင်းကို တင်ပြီး စက်ဘီးကို နင်းရင်း ပဲပြုတ်လို့ အသံပြတ်ပြတ်နဲ့ ဟစ်ဟော့သီချင်းစာသားလို အော်ဟစ် လည်ပတ် ရောင်းတယ်လေ။ ဒီမြို့မှာ အိမ်ခြေကလည်းကျဲ၊ လမ်းတွေကလည်း အတက်အဆင်း တွေမို့ ပဲသည်မှန်ရင် ကျားကျား မမ စက်ဘီးတစင်းတော့ မြှုပ်နှံ ရင်းနှီးဖို့လိုတယ်။
ဒီပဲပြုတ်သည်လေးဆီက ပဲပြုတ်ဝယ်ခဲ့ရင် သူ့ပဲပြုတ်တောင်းထဲမှာ ချိန်ခွင်နဲ့ အလေးကို မတွေ့ရဘဲ ကြွပ်ကြွပ်အိတ်နဲ့ အဆင်သင့် ထုတ်ထားတဲ့ တဆယ်သား၊ နှစ်ဆယ်သား၊ အစိတ်သား ချိန်ပြီးသား ပဲပြုတ်ထုပ်ကလေး ထုတ်ပေးလိမ့်မယ်။ ကောင်လေးက သူ့ဖောက်သည် အမေ့ကို ပြုံးနှုတ်ဆက်ရင်း စက်ဘီးကို ဆက်နင်းသွားရော။ ၁၃ အိမ်လမ်း၊ အိမ်တော်လမ်းနဲ့ ခေမာလမ်းတလျှောက်မှာ မနက် အမေတွေ့တတ်တဲ့ သက်ရှိလူဆိုတာ အဲဒီ လူငယ်နှစ်ယောက်ပါပဲ။ ခေမာလမ်းက မာယာများတဲ့ ရင်ဖိုစရာကောင်းတဲ့ လမ်းတလမ်းပါ။ ပြေပြေလေး ဆင်းသွားတဲ့ ဆင်ခြေလျှောလမ်းရှည် ကွေ့ကောက်ကောက်လေး။ မော်တော်ကား ဆိုရင် ဟွန်းတီး၊ စက်ဘီးဆိုင်ကယ် ဘဲလ်တီးရတဲ့ လမ်းကလေးပေါ့။ မန္တလေး အဆုတ်ရောဂါကု ဆရာဝန်ရဲ့ တိုက်ကလေးရှေ့က ညတုန်းကတည်းက ထွန်းထားတဲ့ ဖန်မီးချောင်း မငြိမ်းရသေးတာနဲ့ အမေက စိတ်ကူးနဲ့ ခလုတ်လှမ်းပိတ်ခဲ့တယ်။
"ဟောဟိုမှာ မီးခိုးခေါင်းတိုင် ညီနောင်က မီးခိုးတွေ ထွက်နေရင် ဒီမြို့ကလေးမှာ ရုပ်ရှင်ရိုက်တဲ့အဖွဲ့ ဒါမှမဟုတ် ဗီဒီယို ရိုက်တဲ့အဖွဲ့ တဖွဲ့ဖွဲ့တော့ ရောက်နေပြီ ငါ့မြေး" လို့ ပြောလိုက်တော့ အဖော်မြေးမလေးက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မျက်လုံးနဲ့ မေးခွန်းထုတ်နေတယ်။ "အဲဒီ တိုက်က ရုပ်ရှင်အဖွဲ့တွေကို ထမင်းချက်ကျွေးနေကျ တိုက်လေ" လို့ သူ့မြေးကို ပြောပြထားဖူးတယ်။ မြေးမလေးခမျာ ခေမာလမ်းပေါ်ရောက် ကတည်းက အဘွားပြောပြထားဖူးတဲ့ မီးခိုးခေါင်းတိုင်ညီနောင်က မိးခိုးတွေများ အူပြီး ထွက်နေလေမလား လှမ်းမျှော်ငေးရတာ အမော။
လမ်းနံဘေးမှာ နေကြာရိုင်းပင်တွေ၊ ချယ်ရီပင်မြင့်ကြီးတွေ၊ တိုင်းခြားမယ်ဇလီပင်တွေ က အုပ်ဆိုင်းနေကြလေတော့ ဝေးဝေးက မြင်ရမယ့် မီးခိုးခေါင်းတိုင်တွေက တော်တော်နဲ့ မမြင်ရရှာဘူး။ အဲဒီတိုက်နဲ့ တော်တော်လေးနီးမှ မြင်ရတော့တယ်။ မီးခိုးတွေ အူထွက်နေတာ မြင်ရင်တော့ မြေးမလေးစိတ်မှာ အပျော်တွေ စွက်လို့။ မျက်နှာမှာ အပြုံးတွေ ဖက်လို့။ ခြံဝရောက်တော့ တိုက်ထဲကို ခေါင်းကလေး မသိမသာ ငဲ့ကြည့်တတ်သေးတယ်။ တကယ်တော့ ခုလို ကျီးနိုးခါစ အချိန်မှာ ဘယ်ရုပ်ရှင်မင်းသား မင်းသမီးမှ ထပြီး ထမင်းမစား ကြသေးမှန်း မြေးမလးလည်း သိပါတယ်။ ပြီးတော့ ရုပ်ရှင် ဗီဒီယို ရိုက်ကွင်းကို ထမင်းချိုင့်တွေနဲ့ ပို့ပေးရတယ်ဆိုတာကိုလည်း သူကြားဖူးသားနဲ့။ သူ့ကို မေးရင်တော့ ကြွေရည်သုတ် ထမင်းချိုင့် ကြီးတွေ၊ စတီးလ်ချိုင့်ကြီးတွေ သူ့နေရာမှာပဲ ရှိသေးလားလို့ ကြည့်တာပါ ဘွားဘွားရဲ့လို့ ဖြေလိမ့်မယ်။
မြေပြင်မှာ ကပ်နေကြတဲ့ ထိကရုဏ်းပင်လေးတွေ၊ သမန်းမြက်ပင်တွေ၊ ဘဲစားမြက်ပင် တွေပေါ်မှာ နှင်းကြွင်းတွေ တွဲလွဲခိုနေကြတယ်။ ပင့်ကူတွေ ဆင်ထားတဲ့ အစာထောင်ခြောက် ထဲမှာလည်း နှင်းစက်တွေ ကိုးရိုးကားယား ပိုးလိုးပက်လက် မိနေ ငြိနေကြတယ်။ ပန်းနုရောင် တူညီဝတ်စုံလေးတွေ ဆင်တူဆင်မြန်း ၀တ်စားထားကြတဲ့ နှင်းပန်း အဖူးအငုံလေးတွေက အမေတို့ လမ်းလျှောက်လာမယ့်ဘက်ကို ငေးမျှော်ကြည့်နေကြတယ်လေ။
နှင်းဆီ၊ ဂန္ဓမာ၊ သစ္စာပန်းပင်တွေ အများကြီးလည်းစိုက်၊ ပျိုးပင်တွေ အမျိုးစုံအောင် ရောင်းချဖြန့်ချိနေတဲ့ ခြံကြီးနား တရွေ့ရွေ့နဲ့ ရောက်လာတယ်။ ဒီခြံကြီးထဲမှာလည်း ဗီဒီယိုတွေ လာရိုက်လေ့ ရှိတာကြောင့် ဘွားအေနဲ့ အဖော်လိုက်ခဲ့တဲ့ မြေးမလေးအတွက် ဒီခြံကြီးဟာ ဣနြေ္ဒဆည်ရင်း ချောင်းကြည့်စရာ ခြံကြီးတခြံပေါ့။ မင်းသား မင်းသမီးတွေက မွေ့ရာထူထူ၊ စောင်ထူထူတွေထဲမှာ ဇိမ်နဲ့ နှပ်နေကြဦးမယ့် အချိန်ပေမယ့် မြေးမလေး မပျင်းရအောင် ခြံကြီးက နေ့စဉ် သီချင်းဆိုပြနေသလိုပဲ။
"နှင်းပန်းတွေ ဒီနေ့ ပိုပွင့်ကြတယ် ငါ့မြေး၊ ဘုရားတင်ဖို့ အပြန်ကျရင် ခူးကြစို့" စွတ်စိုတဲ့ အစိမ်းရောင်ခံမှာ ပန်းနုရောင် ဆေးစက်ဆေးပြောက်တွေ အနှံ့အပြား ပက်ဖျန်းထားတဲ့ လမ်းနံဘေး နှင်းပန်းခင်းကြီးကို ကြည့်ရင်း ပြောလိုက်တယ်။
တရွေ့ရွေ့ လှမ်းလာတဲ့အမေက 'နန္ဒာ' လမ်းမကြီးပေါ် ရောက်လို့ နေပါပြီ။ အမျိုးသား ကန်တော်ကြီးဥယျာဉ်ကို ရောက်သွားတဲ့ လမ်းမကြီးလေ။ ဒီလမ်းပေါ်မှာတော့ သွားလာလှုပ်ရှား ရုန်းကန်သူတွေနဲ့ အမေတွေ့တတ်တယ်။ အမေ့မိတ်ဆွေ သစ်တွေပေါ့။ ကန်တော်ကြီး တောင်ဘက်ပိုင်း ရွာတွေက မြို့ကလေးရဲ့ ဈေးကြီးကို ဈေးတက်ရောင်းကြသူတွေပေါ့။ ခရမ်းချဉ်သီး၊ ဂေါ်ရခါးသီး၊ ပဲသီး၊ စတော်ဘယ်ရီ၊ မှိုစတဲ့ သီးနှံတွေ လာရောင်းကြတဲ့ ကုန်စိမ်းသည်တွေ စက်ဘီးနဲ့ လာကြတဲ့ လမ်းပေါ့။ တချို့ စက်ဘီးရှင်တွေက မီးသွေးအိတ် သုံးလေးအိတ်ကိုဆင့်ပြီး ကျီးကန်းတောင်းမှောက် မျက်လုံးနဲ့ စက်ဘီးကို ဒုန်းစိုင်းနင်းသွား ကြရင်း သူတို့ဖောက်သည် အမေ့ကို နှုတ်ဆက်သွားတတ်တယ်။ "အမေကြီးနေကောင်းလား" ။ မီးသွေးသည်ကလည်း အိမ်တိုင်ယာရောက် လာပို့တယ်လေ။ သစ္စာပန်း၊ ဒေလီယာ၊ ဂန္ဓမာလိုပန်းတွေရော၊ ခရမ်းချဉ်သီး၊ ပဲသီး၊ စတော်ဘယ်ရီတွေလည်း အမေက သူတို့ဆီက ၀ယ်တတ်တယ်။ ဒီနေ့ ကုန်ဈေးနှုန်းကို အမေ သိတ်မသိရှာဘူး။ ဒါပေမယ့် ဈေးသည်တွေက ရှမ်းသံဝဲ၀ဲနဲ့ ဈေးပိုမဆိုဘဲ ဈေးမှန်ကိုပဲ ဆိုကြသလို အမေကလည်း မပေါက်တဲ့ ခေါက်ချိုးဈေး ကို မဆစ်ပါဘူး။ ဈေးလာရောင်းတဲ့ ရှမ်းတောင်သူတို့ ဈေးဦး စောစောပေါက်သွားစေတဲ့ "လမ်းပေါ် စက်ဘီးမတ်တပ် အခွန်လွတ်ဈေးလေး" ဆိုကြပါစို့။
တော်တော်လေးဖြောင့်တဲ့ နန္ဒာလမ်းဟာ ကန်တော်ကြီးနဲ့ နီးလာတဲ့အခါ မသိမသာ လေး မော့တက်သွားပြီး ခပ်ကွေးကွေးလေး ကွေ့တက်သွားတယ်။ကန်တော်ကြီးနဲ့ အနီးဆုံး ကန်ပေါင်ရိုး သံဆန်ခါနားမှာ အမေတို့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ကြတယ်။ အဲဒီအချိန်မှာ ရေဒီယိုကလည်း နောက်ဆုံးရရှိတဲ့ နိုင်ငံတကာသတင်းတွေ အသံလွှင့်နေပြီပေါ့။
အမေက ရေဒီယိုနားထောင်ရင်း ကိုယ်လက်လေ့ကျင့်ခန်း လုပ်တော့ မြေးမလေးလည်း အဘွားလို ကိုယ်လက်လိုက်လှုပ်ရှားရင်း ရေဒီယို နားစွင့်ရတာပေါ့။ သူနားမလည်တဲ့ မြန်မာ့အရေး ကမ္ဘာ့အရေးတွေကို အဘွားကိုမေးရင် အဘွားက မြေးမလေး နားလည်အောင် ရှင်းပြတတ်တယ်။ မေးစရာမရှိရင်တော့ အစိမ်းရောင် သံပြားမှာ စာလုံးဖြူနဲ့ရေးထားတဲ့ ကန်တော်ကြီးဆိုင်ရာ အချက်အလက်တွေကို သူ ဖတ်ကြည့်နေလိမ့်မယ်။
တာဘောင်အလျား ၁၃၇၅ ပေ၊ အမြင့် ၃၅ ပေ၊ ကန်ရေပြည့် ဧရိယာ ၉၆ ဧက စတဲ့ အချက်အလက် ကိုးချက်ကို မြေးမလေး အလွတ်ရမတတ် ဖတ်တယ်။ အပြန်မှာ တခါတလေ နန္ဒာလမ်းအနောက်ဘက်ခြမ်းမှာ ရှိတဲ့ အကြော်နဲ့ ကောက်ညှင်းပေါင်းရောင်းတဲ့ တဲကလေးမှာ ၀င်ပြီးဝယ်တတ်တယ်။ အိမ်မှာ ညက ထမင်းမကျန်တဲ့နေ့တွေမှာပါ။
အပြန်ခြေလှမ်းက အသွားထက် ပိုနှေးဖို့ပါပဲ။ ဒါပေမယ့် နှင်းပန်းလေးတွေ ခူးရမှာမို့ ခြေလှမ်းတွေက ပိုတောင်သွက်နေသလိုပဲ။ နှင်းပန်းတွေခူးရင်း အမေ့ရှေးစကားအတွက် ရေးစရာတွေ စဉ်းစားနေသလား။ ကျွန်မရေးတဲ့ စာတအုပ်အတွက် ဘယ်စာအုပ်အကြောင်း ရေးရရင် ကောင်းမလဲ စဉ်းစားနေတယ် ထင်ပါရဲ့။ နှင်းပန်းလေးတွေ ခူးရတာကလည်း မြစ်ကမ်း နံဘေးမှာ ကျောက်တုံးလှလှတွေ ကောက်ရသလိုပဲ။ ကျောက်တုံး ကျောက်ခဲလေးတွေက လိုချင်စရာချည်းပဲလေ။ ကျောက်ခဲလေးတွေက အလှချင်း ပြိုင်နေကြပြီး လိုချင်စရာကောင်း သလို နှင်းပန်းအပွင့်လေးကလည်း ခူးချင်စရာ အဖူကလေးလှပုံကတမျိုး၊ အပွင့်လေးလှပုံက တင့်တယ်လှသလို၊ အငုံလေးခူးမိရင်တော့ ဘုရားပန်းအိုးမှာ ကြာကြာအထားခံတယ်လေ။
တပြန့်တပြူး လှချင်တိုင်းလှပြီး ပွင့်နေကြတဲ့ နှင်းပန်း အဖူး၊ အငုံ၊ အကင်း၊ အပွင့်လေး တွေကို ဒီမြေးအဘွား ခူးနေကျပါ။ နှင်းပန်းလေးတွေကို ခူးတဲ့အခါ ခါးညွတ်ပြီး ခူးရတာမို့ နှင်းပန်းတပွင့် ခူးဆွတ်လိုက်တိုင်း လေ့ကျင့်ခန်းတခုလုပ်သလို ဖြစ်တာမို့ တနေကုန် စာရေးစာပွဲမှာ ထိုင်တတ်တဲ့ အမေ့အတွက် ခြေသလုံးကြွက်သား၊ ခါးနဲ့ကျောက အကြောအခြင်တွေ လျှော့ပြီးသား ဖြစ်သွားတယ်လေ။
အမေကြီးရယ် ခူးပါ၊ များများခူးပါနော်။ ကျွန်တော် ကျွန်မတို့ကိုခူးတာ အမေကြီး ကျန်းမာရေးနဲ့ ညီညွတ်တယ်၊ ကုသိုလ်ရေးအတွက် ခူးတာ မဟုတ်လား၊ အမေကြီး စိတ်ချမ်းသာဖို့ ကျွန်မကိုခူးပါ၊ ကျွန်တော့်ကို ခူးပါ၊ ကျုပ်လိုက်ပါရစေ။ အမေကြီး ဘုရားစင်မှာ ဧည့်ခန်းမှာ ကျုပ်တို့ လိုက်ခဲ့ချင်တယ်။ လေညှင်းထဲမှာ နှင်းပန်းလေးတွေရဲ့ စကားသံက ညံလို့။
ခေမာလမ်းပေါ်က အိမ်တအိမ်မှာ အမွေးပွခွေးမကြီးတကောင် ရှိတယ်။ အမေတို့ အဲဒီအိမ်ရှေ့က ဖြတ်သွားတဲ့ အချိန်ဆိုရင်ဒီခွေးမကြီးက တကောင်တည်းသော သူ့သမီး ခွေးပေါက်စကလေးကို နို့တိုက်နေလေ့ရှိတယ်။ မအေတူ ခွေးနက် အမွေးပွလေးပေါ့။ မျက်စိအောက်တင် ခွေးပေါက်လေးက တသွေးတမွေး လှလိုက်တာ။ အဲဒီ ခွေးပေါက်စလေး တွေ့တိုင်း မန္တလေးမှာ အိုက်ကျန်ရစ်ခဲ့တဲ့ မြေးတွေကို အမေ သတိရပြန်ရော။
ဟောဒါက တညင်းပင်၊ ဟိုဘက်က လိုင်ချီးပင်၊ တချို့က လေချူသီးတဲ့၊ တချို့ကျတော့ လည်း နှင်းသီးလို့ ခေါ်တယ် ငါ့မြေး။ ဟိုဟာကတော့ တယ်ပင်ပဲ။ ဇူလိုင် သြဂုတ်မှာ တယ်သီး လှိုင်လှိုင်ပေါတတ်တယ်။ စိန်ပန်းပြာပင်၊ ထင်းရှူးပဒေသာပင်၊ ထိုင်ဝမ်ထင်းရှူးပင်တွေကို ညွှန်ပြရင်း မြေးအဘွား အိမ်ပြန်ခဲ့ကြတယ်။
အိမ်ရောက်တော့ အကြော်နဲ့ ကောက်ညှင်းပေါင်းစားကြရင်း ဒီနေ့ ရေးမယ့် ဆောင်းပါး အကြောင်း၊ စဉ်းစားနေချိန်၊ ရေဒီယိုက ကမ္ဘာ့သတင်းတွေ လာနေတုန်းပါပဲ။

xxxx xxxxx xxxx xxxxx

ဒီနှစ် (၂၀၀၁) ဇူလိုင်ကစပြီး အမေ ကျန်းမာရေး သိပ်မကောင်းဘူး။ အိမ်ထဲတင် လမ်းလျှောက်ရင်ကို မောတော့တာ။ မန္တလေးမှာမိုးတွေ ရွာနေပြီ အပူသက်သာပြီဆိုလို့ တောင်ပေါ်မြို့ကလေးက ပြန်လာကြတယ်။ မိုးတွေရွာတော့ အပူတွေ သက်သာတာပါပဲ။ ဒါပေမယ့် မိုးရွာနေတုန်း သက်သာတာပါ။ မိုးလည်းတိတ်ရော ပြန်ပူတာပါပဲ။ နေပူတော့ ညအိပ်မရတဲ့အပြင် အမေ့မှာ အစားပါ ပျက်လာတယ်။ နောက်တော့ မောလာတော့တာပါပဲ။
သမားတော်ကြီးတွေက အမေ့ကို ခေတ်မီစက်တွေနဲ့ စမ်းသပ်စစ်ဆေးတယ်။ သွေးတွေ ဆီးတွေ စစ်တယ်။ နှလုံးခုန်ပုံတိုင်းတဲ့ စက်တွေကို ၂၄ နာရီ တပ်ဆင်ထားရတယ်။ ဆေးတွေလည်း သောက်ရတယ်။ အမေနှလုံးကြီးတာတဲ့။
အမေ့ကို အိပ်ရာပေါ်မှာပဲ နားရမယ်တဲ့။ ငြိမ်ငြိမ်နေရမယ်တဲ့။ လှေကား အတက်အဆင်း ကို အထူးရှောင်ကြဉ်ရဦးမယ်တဲ့။ တခါမှ အမေဒီလောက် မကျန်းမာ မဖြစ်ဖူးဘူး။ ဒီရက်တွေမှာ အမေ ခဏခဏ ပြောတဲ့စကားက "ဩော်... အသက်က ကြီးလှပြီ မဟုတ်လား၊ မသေလို့သာ၊ ဦးလှဆုံးသွားတာ အနှစ် ၂၀ ရှိသွားပြီ"။ ကျန်းမာရေး လေ့ကျင့်ခန်းတခုကို စွဲစွဲမြဲမြဲ လုပ်ခဲ့သူတွေဟာ သူတို့ လေ့ကျင့်မှုပေါ်မှာ စွဲလန်းတတ်ကြတယ်။ နှစ်တွေ အကြာကြီး လမ်းလျှောက်ခဲ့တဲ့ အမေတယောက် အခုလို အနားယူရတော့မယ်ဆိုတော့ စိတ်ထဲမှာ တော်တော်ခံစားရမှာ သေချာတယ်။
ဝါဆိုဝါခေါင်ဆိုပေမယ့် မန္တလေးမြို့ဟာ ပူတာပါပဲ။ ဒီလိုရက်မှာ အမေ တောင်ပေါ်မြို့ လေးမှာ သွားနေတာ အကောင်းဆုံးပါပဲ။ ခေါင်းချွေးတွေ အများကြီး ထွက်နေတာ တောင်ပေါ် မြို့လေးမှာ အမေသက်သာလိမ့်မယ်။
မြေးမလေးရဲ့ ကျောင်းဖွင့်ချိန်မို့ အမေ့နားမှာ ဆေးပေးမီးယူ ကူဖော်လောင်ဖက်ကို ကျွန်တော် လုပ်ပေးရပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ မိတ်ဆွေကောင်းတွေလည်း အဲဒီမြို့ ကလေးမှာ ရှိကြတယ် မဟုတ်လား။ ရဲဘော်တွေလို့ ခေါ်လောက်တဲ့ မိတ်ဆွေရင်းတွေလေ။
အမေ နေမကောင်းဖြစ်လိုက်တာ ကျွန်တော့်ကိုလည်း ကျန်းမာရေး ဂရုစိုက်ဖို့ တပ်လှန့် နှိုးဆော် လိုက်သလိုပါပဲ။ အခုတော့ ၁၃ အိမ်လမ်း၊ အိမ်တော်လမ်း၊ ခေမာလမ်းနဲ့ နန္ဒာလမ်းတွေပေါ်မှာ လျှောက်နေတာ ကျွန်တော်တယောက်တည်းပေါ့။ နှင်းပန်းလေးတွေ မပွင့်ကြဘူး။ ကြက်သားအုပ်မကြီးက ပေါက်ထားတဲ့ ကြက်ကလေးတွေလည်း အပျိုပေါက် လူပျိုပေါက် ဖြစ်နေကြပြီ။
လမ်းလျှောက်လို့ သွေးပူလာရင်တော့ ကျွန်တော် ခပ်ဖွဖွလေး ပြေးတယ်။ ကန်တော်ကြီးအထိ တောက်လျှောက်တော့ ဘယ်ပြေးနိုင်ဦးမလဲ။ လမ်းလျှောက်လိုက်၊ ခပ်ဖွဖွလေး ပြေးလိုက်၊ အတော်မောလာတော့ လမ်းပြန်လျှောက်ရတာ။
မတွေ့တာ ကြာပြီဖြစ်တဲ့ မိတ်ဆွေတွေနဲ့ တနေ့က ပြန်တွေ့ကြတယ်။ တက္ကသိုလ်ဆရာ ဟောင်းက စတိုးဆိုင်လေးတဆိုင် ဖွင့်ထားသတဲ့။ မြန်မာစာအဓိကနဲ့ ဘွဲ့ယူထားသူကတော့ အနုပညာကုန်သည်တယောက် ဖြစ်နေပြန်တယ်။ မတွေ့ကြတာ ကြာသူတွေရဲ့ ထုံးစံအတိုင်း ပြောစရာစကားတွေက ပြောမကုန်နိုင်အောင်ပါပဲ။ စာပေ၀ါသနာ ပါကြသူတွေ၊ စာရေးချင်တဲ့ အခြေခံစိတ်တွေ တူကြလို့ ပြောဖြစ်ကြတဲ့ အကြောင်းအရာတွေကလည်း ခေါင်းညိတ်၊ ကြည်မွေ့၊ ပြုံးပျော်၊ နှစ်သက်စရာတွေချည်းပါပဲ။
အမေ့ ကျန်းမာရေးအကြောင်း ပြောပြတဲ့အခါ သမိုင်းသုတေသန ဆောင်းပါးတွေ ရေးချင်နေတဲ့ တက္ကသိုလ် ဆရာလူထွက်ရဲ့ မျက်မှန်နောက်မှ အံ့သြစိုးရိမ်တဲ့ မျက်လုံးတွေကို မြင်ရတယ်။ ကျွန်တော်တို့ မျက်လုံးထဲမှာ စိတ်ကူးထဲမှာ ပန်းချီကားတချပ်ကို ပန်းချီဆောင်းပါး ရှင်တယောက်လို ရေးပြ ခံစားပြသလို ပြောနိုင်စွမ်းတဲ့ မြန်မာစာဘွဲ့ရှင်ကလည်း အမေ့အတွက် သောကရောက်သွားပုံကို ဆယ်လိုက်တဲ့ ဣနြေ္ဒကြားမှာ တွေ့လိုက်ရတယ်။ ကျွန်တော်က သူတို့ရဲ့ ငုပ်နေတဲ့ စာရေးချင်စိတ်ကို တူးဆွပေးလိုက်မိတယ်။
အက်ဆေးကောင်းတွေ၊ ကဗျာမွန်တွေ၊ ဆောင်းပါးအညွန့်အဖူး၊ ၀တ္ထုတိုချိုချို၊ ကာတွန်း ရှရှတွေအကြောင်း ပြောဖြစ်ကြတဲ့ ကြည်လင်သန့်စင် မွှေးပျံ့တဲ့ ရောင်စုံပန်းခင်းကြီး ထဲမှာ မိတ်ဆွေကောင်းတွေနဲ့ လမ်းအတူ လျှောက်ခဲ့မိကြတယ်။

xxxx xxxxx xxxx xxxxx

ကန်တော်ကြီးနဲ့ နီးလာတာနဲ့အမျှ လမ်းကလေးကလည်း ခပ်မော့မော့လေးမို့ အားစိုက်ပြီး ပြေးရတယ်။ မိုးသားတိမ်လိပ်တွေက ကန်တော်ကြီး ဥယျာဉ်ပေါ်မှာရော ဟောဒီမြို့ရဲ့ အပေါ်မှာ စိုးမိုးနေတယ်။ တိမ်တွေနဲ့ ဆက်စပ်နေတဲ့ စိမ်းမှိုင်းမှိုင်းသစ်ပင်ဖျားတွေ၊ သစ်ပင်ရဲ့ ၀မ်းပိုက်သား သစ်ရွက်စိမ်းညို့ညို့တွေ၊ ပြီး ကန်တော်ကြီးထဲက ထုံးဖြူဖြူစေတီလေး၊ အံမယ် ဒီမနက်လည်း ဘုရားမီး ပူဇော်ထားတုန်းပါလား။ ပြီးတော့ ပန်းခင်းနဲ့ မြက်ခင်းပြင်၊ နောက်ဆုံးမှ ကန်တော်ကြီး ရေပြင်ကျယ်။
အနိမ့်ကနေ အမြင့်ကို ပြေးတက်လာခဲ့တာမို့ မြင်ကွင်းတွေက မြင့်ရာက နိမ့်ဆင်းသွား ကြတယ်။ ဟောဒီ မြို့သူ မြို့သားတွေ စောင်ခြုံထဲမှာ ကွေးအိပ်နေကြတုန်း၊ နိုးတဲ့သူတွေက လည်း အနွေးထည်ထပ် ၀တ်ထားချိန်မှာ ပန်းချီဆရာကြီး ပီကာဆို ရေးတဲ့ 'ဂွါရာနီကာ' ပန်းချီကားပုံပါ ကျွန်တော့်တီရှပ်လေးမှာ ချွေးတွေ ရွှဲရွှဲစိုနေပြီ။ ကျွန်တော် မောပြီး ခုန်နေတဲ့ နှလုံးခုန်သံက သိကြားမင်းအတွက် နှိုးစက်မြည်သံ ဖြစ်နေရော့သလား။ ပတ်ဝန်းကျင်တခုလုံး တိတ်နေတော့ ကျွန်တော့် နှလုံးခုန်သံနဲ့ အသက်ရှူသံက ကြီးစိုးနေတယ်။
အလို..ကန်တော်ကြီးထဲမှာ တောဘဲရိုင်းကလေး သုံးကောင်ပါလား။ ကြည့်ပါဦး။ ကြည်နူးစရာ အပူအပင်မရှိ ကူးခတ်ဆော့ကစားနေလိုက်ကြတာ။
ကျွန်တော် သူတို့နဲ့နီးအောင် ကန်ဘောင်ပတ်လမ်းအတိုင်း ဆက်ပြီးလျှောက်လာခဲ့ တယ်။ တောဘဲလေးနှစ်ကောင်ကတော့ ကူးခတ်နေရင်း နှုတ်သီးကို ရေထဲကို စွတ်ကနဲ နှစ်လိုက်၊ ပြန်ဖော်ပြီး ဆက်ကူးလိုက်နဲ့ အစာရှာ စားနေကြတာလားမသိ။ တောဘဲရိုင်းကလေး တကောင်ကတော့ သူ့ရဲ့ ခပ်စိမ်းပြာပြာခေါင်းလေး ဟိုဘက်ငဲ့လိုက် ဒီဘက်ငဲ့လိုက်နဲ့ သူ့ကိုယ်က ညိုရော်ရော်အမွေးကို ထိုးဆိတ်ဖွနေတယ်။ အလှပြင်နေတာ ထင်ပါရဲ့။
မိုးသားတိမ်လိပ် ညစ်ညစ်ထေးထေးအောက် စိမ်းညို့နေတဲ့ ပတ်ဝန်းကျင်မှာ ဣနြေ္ဒကြီး လှတဲ့ ရေပြင်ပြာပေါ် ညိုညိုစိမ်းစိမ်း တောဘဲကလေးသုံးကောင်ကို ကြည့်လို့မ၀ဘူး။ သူတို့ လွတ်လပ်ပျော်ရွှင်နေပုံက ကျွန်တော့ကို ကူးစက်လာတယ်။
တောဘဲကလေးတွေက ကျွန်တော့်ကို မြင်သွားကြတယ်။ ကျွန်တော်နဲ့ ဝေးရာဘက်ကို သူတို့ ခပ်တည်တည်နဲ့ ဆက်ကူးသွားနေကြတယ်။ ခုနက တကောင်နဲ့တကောင် ခပ်လှမ်းလှမ်း ရှိနေရာက ကျွန်တော့်ရန်ကြောင့် သူတို့ အချင်းချင်း အတော်နီးသွားကြတယ်။
ဘဲရိုင်းကလေးတွေရယ် မင်းတို့ကို ရန်မမူပါဘူး။ မကြောက်ကြပါနဲ့ကွာ။ မင်းတို့ကို အနီးကပ် ကြည့်မြင်ချင်လို့ပါ။ ဟောဒီမှာ သံဆန်ခါကြီး ခြားနေတာပဲ ဥစ္စာ။
ဘဲကလေးသုံးကောင်ကတော့ တရွေ့ရွေ့နဲ့ ကျွန်တော်နဲ့ ဝေးသထက် ဝေးသွားကြပါ ပေါ့။ သူတို့ တနေရာရာကို ဦးတည်သွားနေကြပါတယ်။

xxxx xxxxx xxxx xxxxx

ကျွန်တော်ဟာ အရင်ရက်တွေကလို နှိုးစက်မြည်သံကို မလိုမုန်းပွါး မဖြစ်မိတော့ဘူး။ လမ်းလျှောက်တာ နည်းနည်း၊ ခပ်ဖွဖွ ပိုဝေးဝေး ပြေးမိပြီ။ မောတာတော့ မောသလားမမေးနဲ့။ ကန်တော်ကြီးကို အမြန်ရောက်ချင်နေပြီ။
ကန်တော်ကြီးရေပြင်ထဲမှာ တောဘဲကလေးသုံးကောင်ကိုများ တွေ့လေဦးမလား။

ညီပုလေး
၈ စက်တင်ဘာ ၂၀၀၁။

Friday, April 18, 2008

ဘ၀ကင်းဗတ်ပေါ်ကသံမဏိစုတ်ချက်ကြမ်း (အပိုင်း ၃၊ ဇာတ်သိမ်းပိုင်း)
ဖိုးသံစိမ်း-ရေးသည်။

ဒေါင်းဖန်ဝါက သူ့အတောင်ပံတွေကို ဖြန့်ကားစ ပြုနေပြီ။ သူတို့အားလုံး ရွှင်ပြတဲ့ မျက်နှာ ကိုယ်စီနဲ့။ ဘယ်ကိုမှန်းမသိတဲ့ ခရီးတခုကို ချီတက်ကြဘို့ အဆင်သင့် ဖြစ်နေကြပြီ။ ဗမာပြည်ထဲ မဟုတ်သေးဘူး။ ဗမာပြည်အစွန်အဖျား။ အဲသည်လိုလဲ မဟုတ်သေးဘူး။ ဝေးလန်ခက်ခဲတဲ့ တိုင်းခြား ပြည်ခြား။ ဘယ်နေရာကို ပို့ပို့။ ပို့လိုက်ကြစမ်း။ စိမ်လိုက်လေ။ ဒါပေမယ့် အလှည့်ကျ မနွဲ့ကြစတမ်းဟေ့။ သင်္ဘော ထွက်ခါနီးပြီ။ လူတွေ ပျားပန်းခတ်နေကြတယ်။ သင်္ဘောက ဥသြကို ဆင့်ဆင့်ဆွဲလိုက်တယ်။ ဘာသာပြန်ရရင် လာကြ၊ လာကြ၊ သင်္ဘောထွက်တော့မယ်တဲ့။ မကြာဘူး။ သင်္ဘောစထွက်ပြီ။ တခွါးတို့ ဆယ်ယောက်နဲ့ ဆရာတော်တွေအနားမှာ သူက နေရာယူမိလျက်သား။ သင်္ဘောဦးပိုင်းမှာမို့ လေတိုး နည်းနည်းသက်သာတယ်။


"အရှေ့ဆီမှာ ရောင်နီလေးသမ်းလို့ လာပြီxx မိုးလင်းတော့မယ်xx ထတော့ နှမလေးရယ်xx အချိန်ဆိုတာ လူကိုမစောင့်ဘူးလေကွယ်xx"
'နေ့သစ်' သီချင်းက ပဲ့ပိုင်းဆီက ပေါ်ထွက်လာတယ်။
"ကမ္ဘာမြေအတွက် မင်္ဂလာရှိတဲ့အချိန်ပဲxx လေကောင်းတွေ ရှူရှိက်ကြ သဘာဝကို မှီဝဲကြxx ဒီနေ့သစ်ဟာxx တို့ကို အောင်မြင်မှုအသစ်တွေ ပေးလာနိုင်တယ်" တဲ့။
'တမန်' က မှန်မှန် ဆန်တက်နေတယ်။ ဧရာဝတီအနောက်ဘက်ကမ်းမှာ တောင်ပူစာလေးတွေ၊ ပြီးတော့ ဖြူဖြူဖွေးဖွေး စေတီကလေးတွေ။ အရှေ့ဘက်ကမ်းဆီမှာလဲ ထိုနည်းတူပဲ။ ပတ်ဝန်းကျင်က လှချင်တိုင်းလှနေတယ်။ မြောက်ဘက်ကို ဦးတည်ခုတ်နေတာမို့ မြောက်ပြန်လေကလည်း တဟူးဟူးနဲ့။ တောင်ပူစာလေးတွေပေါ်မှာ သြဇာပင်တွေ တန်းစီပြီး စိုက်ထားတယ်။ သြော် ချစ်စရာကောင်းတဲ့ ဧရာဝတီ။ အပြစ်မရှိတဲ့ လူ ကိုးဆယ့်ကိုးယောက်။ နေ့သစ်နဲ့ တမန်တို့ ပေါင်းမိကြပါပေါ့လား။
သူက မြစ်တွေ ချောင်းတွေကို ချစ်တယ်။ ကျွန်းပင်၊ ပိတောက်ပင်၊ ထင်းရှူးပင်တွေကို ချစ်တယ်။ စံပယ်ဖြူဖြူ၊ ဇွန်ဖြူဖြူ၊ စိန်ပန်းနီနီ၊ ချယ်ရီနီနီတို့ကို မြတ်နိုးတဲ့သူ။ ဆင်တွေ၊ ကျားတွေ၊ ဝေလငါးတွေကို သဘာဝအတိုင်း ထားချင်သူ။ ပြီးတော့ စစ်ကို မုန်းတဲ့သူ။ စိတ်ကူးထဲကနေ သူချစ်မြတ်နိုးတဲ့ စိန်းလန်းငြိမ်းချမ်းမှုတွေကို အားပါးတရ ပြောနေမိတယ်။ နားထောင်သူ ပရိသတ် အထောင်အသောင်းကို ပြောနေရသလို သူခံစားရတယ်။ တကယ်နားထောင်နေသူက သူတယောက် တည်း။ အထည်စက်ရုံ (သမိုင်း) က တရုတ်သူရဲကောင်း နာမည်နဲ့လူ၊ သင်္ချာဂုဏ်ထူးတန်း တက်နေသူက စက်မှုတက္ကသိုလ် နောက်ဆုံးနှစ်က အရပ်ရှည်ရှည်နဲ့လူကို ကွန်ပြူတာပညာကို မိတ်ဆက်ပေးနေတယ်။ သင်္ဘောက စစ္စရံဆိပ်ကမ်းကို ကပ်ပြီ။ အထက်ကို ဆန်ကြမယ့် စစ္စရံသူတွေလဲ ဧရာမ ဂုံအိပ်ကြီးတွေကို ခေါင်းပေါ်ရွက်ပြီး ခပ်နဲ့နဲ့ ကုန်းဘောင်ကလေးပေါ် ခပ်သွက်သွက် တက်လာကြတယ်။ သူကတော့ ဗိုလ်မင်းဒင်နဲ့ ဇနီး ၀မ်းဆွဲဆရာမကြီးတို့ရဲ့သား သူ့သူငယ်ချင်း မောင်မောင်သိန်းတို့ မိသားစုနဲ့ ပုံဖော်ကြည့်နေမိတယ်။ သူက ချီးကျူးဂုဏ်ပြုထိုက်တဲ့ မိသားစုတွေကို အလေးပြု ချီးကျူးဂုဏ်ပြုချင်သူ တယောက်လည်း ဖြစ်တယ်။ စစ္စရံမှာ သင်္ဘောက သိပ်မကြာဘူး။ ခဏနဲ့ ပြန်ထွက်လာတယ်။
သူက တခွါးတယောက်နဲ့ ကြိုးစားပြီး စကားပြောကြည့်တယ်။ အမြဲတမ်း မျက်မှောင်ကြုတ် နေတဲ့ တခွါးကသူ့ကို စကား ဟက်ဟက်ပက်ပက် ပြန်ပြောချင်ပုံမရဘူး။ သူတို့နှစ်ယောက်ကိုကြည့်ပြီး နံဘေးက တခွါးက ပြုံးစိစိနဲ့။ သူ့မှာ ဇနီးရှိသလားလို့မေးတော့ မရှိဘူးလို့ ခပ်ပြတ်ပြတ် ပြန်ဖြေတယ်။ ပြီးတော့ ချာကနဲ တဖက်ကို လှည့်သွားတယ်။ ဒါဖြင့် ရည်းစားကော ရှိသလားမေးတော့ သူက ပါးစပ်ကမဖြေပဲ ခေါင်းတချက် ညိတ်ပြတယ်။ မျက်စိကတော့ ဆီးပေါက်ထည့်ရမယ့် သောက်ရေအိုး အဟောင်းကို ငေးလို့။ ရည်းစားနာမည်လေးက ဘယ်သူတဲ့လဲဆိုတော့ ခဏစဉ်းစားပြီး ပြန်ဖြေလိုက် တယ်။ 'ဂါမဏိ' တဲ့။ ပြောပြီးတော့ ဟိုဘက် လှည့်သွားတယ်။ သူက တခွါးရဲ့ နောက်စေ့က တမတ်ဝိုင်းလောက်ရှိတဲ့ ဆံပင်ဖြူအကွက်ကို ကြည့်ရင်း ပါးစပ်ဟသွားမိတယ်။
မဇ္ဈိမဒေသက ပြန်လာတဲ့ မြ၀တီပုံနှိပ်တိုက်က အမှုထမ်းကလေးက သူ့နံဘေးမှာ ထိုင်ရင်း ကုန်းပတ်ကို မီးခြစ်ဆံ အဟောင်းတချောင်းနဲ့ တြိဂံပုံလေး ရေးဆွဲလိုက်တယ်။ စီးကရက်ဗူးတ၀က် လောက်ရှိတဲ့ တြိဂံကလေးပါ။ သူက သူ့မိတ်ဆွေ လက်ထဲက မီးခြစ်ဆံအဟောင်းလေးကိုယူပြီး ခုနက တြိဂံပုံထဲမှာ စတုဂံပုံလေး ခပ်ဖွဖွခြစ်လိုက်တယ်။ သူ့မိတ်ဆွေက မျက်မှန်ကို တချက်ပင့်ရင်း ပြုံးပြတယ်။ ပြီးတော့ စတုဂံထဲမှာ သူ့မိတ်ဆွေက ဆဌဂံတခု ရေးလိုက်တယ်။ ဒီတခါ သူက အဲဒီဆဌဂံထဲမှာ အဌဂံတခု ကပ်ကပ်သပ်သပ် ရေးပေးလိုက်တယ်။ သူ့မိတ်ဆွေက ခုနကထက် ပိုပြီးရွှင်လန်းတဲ့ အပြုံးနဲ့ အဲဒီ အဌဂံထဲမှာ ကျွန်တော် ဘာပုံဆက်ရေးမယ် ထင်သလဲလို့ သူ့ကိုမေးတယ်။ သူက ဗမာပြည် မြေပုံပေါ့လို့ ဖြေလိုက်တော့ သူ့မိတ်ဆွေက မီးခြစ်ဆံအဟောင်းလေး ကို လွှတ်ချပြီး သူ့လက်ကိုဆွဲရင်း ၀မ်းသာအားရ နှုတ်ဆက်တယ်။ ဟုတ်တယ်။ ခင်ဗျားဟာ ကျွန်တော်ကြားဖူးတဲ့ လူပဲတဲ့။ ဦးလေးနဲ့ ဒေါ်ဒေါ်တို့မှာ လက်ကျန် သားတယောက်ရှိတယ်။ အဲဒီလူ နိုင်ငံရေးမလုပ်အောင် ဦးလေးတို့ ဒေါ်ဒေါ်တို့က ပန်းချီဆေးတွေ ၀ယ်ပေးထားတယ်တဲ့။ ခင်ဗျား အကြောင်း ကိုမုတ်သုံဆီက ကြားဖူးတယ်။
တချို့လူငယ်တွေ ခရီးသည်တချို့နဲ့ မိတ်ဆွေ ဖြစ်စပြုပြီ။ ခရီးသည်တွေထဲမှာ သရက်မြို့ အထက်တန်းကျောင်းက ဆရာမတယောက် ပါလာတယ်။ "ဆရာမ.... ဆရာမ.... ဆရာမ" တဲ့။ လေညှင်းက သယ်ဆောင်လာတယ်။ ကျောင်းသားလေးတွေရဲ့ သွေးတွေ ပူနွေးကုန်ကြတာပေါ့။ ငှက်ပျောသီးရောင်းပြီး ကျောင်းတက်ရတဲ့ ကျောင်းသား၊ သတင်းစာပို့ပြီးမှ ကျောင်းတက်ရတဲ့ ကျောင်းသား။ အိမ်အတွက် တဖက်တလမ်း ၀င်ငွေ ရှာပေးပြီး ကျောင်းတက်ရတဲ့ ကျောင်းသား လေးတွေ ဆရာမကို စူးစမ်းပြီး ကြည့်နေတယ်။ တမန်ကတော့ ပုံမှန်အတိုင်း ဧရာဝတီကို ဆန်တက် နေတုန်းပါပဲ။ အသားညိုညို ကျောင်းသားလေး တယောက်က ဆရာမကို အကြာကြီး ကြည့်နေရင်း နှုတ်ခမ်းကို စူလိုက်တယ်။ ပြီးတော့ တံတွေးတချက် ကြိုးစား မြိုချလိုက်တယ်။ သူတံတွေးတွေ မျိုမျိုချနေရတာ ဘယ်နှစ်ကြိမ် ရှိနေပြီလဲ မသိဘူး။ သူ့ ရင်ထဲမှာ ပူပြီး ဗလောင်ဆူနေပုံရတယ်။ တခုခုကို အကြာကြီး မြိုသိပ်ထားရတဲ့ ပုံစံ။ နောက်တော့ သူက ဆက်ပြီး အောင့်မထားနိုင်တော့ဘူး။ သူ့ နှုတ်ဖျားက စကားသုံးလုံး ထွက်လာတယ်။ "ဆရာမ" ။
ဗုဒ္ဓေါ။ ဘယ်သူ့အသံပါလိမ့်။ ဆရာမရဲ့ နားထဲမှာ ဒီအသံကို ကျက်မိနေသလိုလို။ တပည့် တယောက်ရဲ့ အသံ။ ဘယ်တပည့်များ ဒီ 'တမန်' ပေါ် မှာ ပါလာပါလိမ့်။ အသံလာရာကို ဆရာမ လှည့်ကြည့် ရှာကြည့်မိတယ်။ တပည့်တယောက်မှ မတွေ့ဘူး။ အင်းစိန်ထောင်ကနေ သရက်ထောင်ကို ပြောင်းလာတဲ့ ထောင်ပြောင်းတွေကိုပဲ သူတွေ့နေရတယ်။ ဆရာမရဲ့ အကြည့်ကို ကျောင်းသားလေးက နားလည်နေတယ်။ "ကျွန်.....ကျွန်.....ကျွန်တော် ခေါ်လိုက်မိတာပါ ဆရာမ" တကယ့်ကို ရိုးသားဖြူ စင်တဲ့ အသံပဲ။ "ကျွန်တော် ကျောင်းသားတယောက်ပါ ဆရာမရယ်။ ကျွန်တော့်ပါးစပ်က ဆရာမလို့ ခေါ်ခွင့်မရတာ နှစ်အတော် ကြာခဲ့လို့ပါ"။ အသံကလေးက ထိန်းပြောနေရင်း တိမ်ဝင်သွားတယ်။ ကျောင်းသားလေးရဲ့ ရင်မှာ ဟင်းလင်းပွင့်သွားပြီ။ လတ်တလော ခံစားချက်တွေ အကုန် သွန်ချ လိုက်မိပြီ။ စကားမဆက်နိုင်တော့ဘူး။ ဆရာမက တွေကနဲ တချက်ဖြစ်သွားပြီး ရင်ထဲမှာ နင့်နေ အောင် ခံစားသွားရတယ်။ စာအသင်ကောင်းတဲ့ ဆရာမက သူခံစားနေရတော့ ပါးစပ်က မပြောတတ်အောင်ပဲ ဆွံ့အ, သွားတယ်။ မျက်လုံးတွေက ဟန်မဆောင်နိုင်တော့ဘူး။ ဒါ့ကြောင့် သူ့ခါးကြားထဲက လက်ကိုင်ပုဝါကို အကူအညီ တောင်းလိုက်ရတယ်။ ဣနြေ္ဒရရ စီးဆင်းနေတဲ့ မြစ်မင်းဧရာတောင်မှ ခဏ ရပ်သွားလေသလား မသိ။
သူကတော့ တမန်ဟာ နောဧရဲ့ သင်္ဘောနဲ့ တူသလားလို့ စဉ်းစားကြည့် နေပြန်တယ်။ တမန်ပေါ်မှာ တောင်ပံရိုင်းတွေနဲ့ မာန်ဟုန်ပြင်းတဲ့ သိမ်းငှက်တွေ ပါလာတယ်။ ရန်သူကို တိုက်ခိုက်ရာမှာ သတ္တိကောင်းတဲ့ လည်ဆံမွေးတဖွားဖွားနဲ့ ခြင်္သေ့တွေ ပါလာတယ်။ စစ်မက်တွေကို ခါးသီးတဲ့ စိတ်အပြည့်နဲ့ ရွံမုန်းတတ်တဲ့ ကြိုးကြာတွေ ပါလာတယ်။ ငြိမ်းချမ်းစိမ်းလန်းမှုကို အသက်လို မြတ်နိုးတတ်တဲ့ သံလွင်ခက်ချီ ချိုးဖြူတွေ ပါလာတယ်။ ပြီးတော့ အချင်းချင်း ရဲဘော်ရဲဘက်စိတ်ဓာတ် အမြဲရှိတဲ့ င်္ဟသာတွေ ပါလာကြတယ်လို့ သူတွေးမိတယ်။
သြော်.....တွေးနေရင်း ဟိုမှာ ဟိုမှာ ရဲဘော်တို့ ကြည့်ကြဟေ့။ ရွှေဟင်္သာတွေ၊ ရွှေဟင်္သာတွေ။ မြစ်မင်းဧရာရဲ့ ဂေါရာဘက်ကမ်းမှာ ဆောင်းနေစာကို လှုံနေကြတဲ့ ရွှေဟင်္သာအုပ်ကို လှမ်းမြင်နေ ရတယ်။ အဆွေ- ဟင်္သာတို့ရေ... ကျွန်တော်တို့နေတဲ့ မြို့ရွာတွေကို ရောက်ခဲ့ရင် ကျွန်တော်တို့ အကြောင်း မိဘဆွေမျိုးတွေကို ပြောပြလိုက်ပါ။သူက ဟင်္သာတွေကို လှမ်းပြောနေမိတယ်။ ခါတိုင်းနဲ့ မတူတဲ့ တမန်ကို ဟင်္သာတွေကလည်း လည်ပြန် လှည့်ကြည့်နေကြတယ်။ ဟင်္သာတွေကို ချစ်သူအဖို့ ဒီမြင်ကွင်းက မေ့ရက်စရာ မရှိဘူး။ တမန် သင်္ဘောပေါ်က တေးသံတွေ ပျံ့လွင့်နေပါလားဟေ့။ ဟဲ့ ကောင်ပျိုလေးတွေ၊ ကောင်ပျိုမလေးတွေ မဆူကြနဲ့။ တိတ်တိတ်နေစမ်း။ နားထောင်ကြည့်ကြစမ်း။
"သံလွင်စစ်တောင်းxx ညာလက်မောင်းဟေ့xx စစ်မောင်းသံချီxx ဒုဌ၀တီ။
မှိုင်းရီစိမ်းမြ ရိုးမတွေသည်xx နောင်တော်မြတ်မို့ လက်အုပ်ချီ။
ပြည်သူ့ရဲ့သွေးxx ပြည်သူ့ရဲ့သွေးxx ပြည်သူ့ရဲ့သွေးxx ဧရာဝတီ...." ဆိုပါလား။
ဟင်္သာတွေရဲ့ လည်ပင်းက အမွှေးနုလေးတွေ၊ ရင်ဘတ်မှာ အသစ်ထိုးထွက်နေတဲ့ မွေးညင်း ကလေးတွေ ထောင်ထကုန်ကြတယ်။ သြော်....ဧရာဝတီ။ ရွှေဟင်္သသာတွေနဲ့ စိမ်းလန်းငြိမ်းချမ်းရေး သမားတွေ ပေါင်းစုံမိကြပါပေါ့လား။
သူက စက္ကူတရွက် ရအောင်ရှာတယ်။ တခြမ်းပဲရတယ်။ တဖက်ပဲ လွတ်တဲ့ စက္ကူ။ ပြီးတော့ ဘောလ်ပင်တချောင်း လိုက်ငှားတယ်။ လွတ်နေတဲ့ဘက်မှာ နေ့စွဲရေးတယ်။ သူနဲ့ ရဲဘော်တွေရဲ့ နာမည်တွေ၊ လိပ်စာတွေ၊ ပုဒ်မတွေ၊ ကျတဲ့နှစ်တွေ၊ အမြန်ရေးလိုက်တယ်။ ပြီးတော့ ပလတ်စတစ်ဘူးခွံ ထဲ ထည့်ပြီး အစောင့်တွေ မမြင်အောင် မြစ်မင်းဧရာကြောမှာ မျောလိုက်တယ်။ ဒီဘူးကို တယောက်ယောက်က ရလိမ့်မယ်။ ရတဲ့သူက ဖြစ်တဲ့နည်းနဲ့ အကြောင်းကြားလိမ့်မယ်။ သူတို့ထဲက တယောက်ယောက်ရဲ့ မိသားစုဆီ ဒီစာရောက်မှာ ဧကန်လို့ သူယုံနေတယ်။
စက္ကူရဲ့ တဖက်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက သီးနှံဝယ်ယူရေးနဲ့ ပါတ်သက်ပြီး လျှို့ဝှက်ညွှန်ကြားချက်ကို လက်နှိပ်စက်နဲ့ ရိုက်ထားတယ်။ တဖက်ကတော့ သူ့လက်ရေး။ စက္ကူကလေးက တာဝန်တခုကို ထမ်းဆောင်ခဲ့ပြီးမှ နောက်တာဝန်တခု ထမ်းဆောင်ရဦးတော့မယ်။ သူက စက္ကူလေးကို မေးကြည့်မိတယ်။ စက္ကူတခြမ်းလေးရေ ဘယ်သူ့အတွက် အလုပ်လုပ်ပေးရတာ မင်းပျော်သလဲ။ ဘာမှ မကြောက်နဲ့လေကွယ်။ လွတ်လွတ်လပ်လပ်သာပြော။ မင်းမှာ စက္ကူအခွင့်အရေး အပြည့်အ၀ ရှိတယ်။ ဖြေပါဦးကွယ်။ စက္ကူတခြမ်းလေးက ဘယ်လိုဖြေမယ် ထင်ပါသလဲ။
"နေ၀င်ညကို ကူးဖြတ်ရဲမှx- ရောင်နီလာတဲ့ နေ့သစ်ကို ရောက်မယ်xx ယုံကြည်ခြင်းနဲ့ ကြိုးစားထားမှxx တချိန်မှာ အောင်မြင် လွတ်မြောက်မယ် မဟုတ်လားxx သံသရာလမ်းဟာ မချောမွေ့ တတ်တော့ ရင်ဆိုင်ရန် ခွန်အားဖြည့် ရဲဘော်ရေ...."
လှေငယ်တစင်းပေါ်က မိသားစုက တမန်ရဲ့ စက်သံကို ဖောက်ထွက်လာတဲ့ 'ခွန်အားဖြည့် ရဲဘော်ရေ' သီချင်းကို ကြားသွားတယ်။
"အရှုံးမပေးနဲ့ ရဲဘော်ရေxxx ရဲရင့်မှ ကျော်ဖြတ်သွားxx အများအကျိုးအတွက် တာဝန်ထမ်း ရွက်တဲ့အခါxx တကယ်ကိုယ်ကျိုး စွန့်နိုင်မှxx "
ကြောင်ရုပ်တွေ အများကြီး ဆေးမင်ကြောင် ထိုးထားတဲ့ တခွါးတယောက်က သူ့လက်ဖျံနဲ့ လက်မောင်းမှာ ထနေတဲ့ ကြက်သီးမွေးညင်းတွေကို ပြနေတယ်။
"ဥာဏ်မြေကတုတ်ဟာ စွမ်းအားသတ္တိxx တမန်တော်ဟာ သတိတရားနဲ့ မမေ့နဲ့ဦးxx "
ဒေသခံ ခရီးသွားဖော်တွေ ညွှန်ပြရာဘက်ကို သူတို့ မျှော်ကြည့်ကြတယ်။ ဟိုဟာ ဇာလီတောင်၊ ဟိုဟာ သင်ပုန်းတောင်၊ ပြီးတော့ ကဝေတောင် ဒီဘက်ဆုံးက ထုံးတောင်။ ဇာလီ၊ သင်ပုန်း၊ ကဝေ၊ ထုံး ဆိုပါလား။ အသက်ကြီးကြီး ခရီးသွားတယောက်က သရက်မြို့ရဲ့ သမိုင်းကို ပြောပြနေတယ်။ သူက ဘိလပ်မြေစက်က ဘယ်ဟာတုန်းလို့ မေးမိတယ်။ ဘာလိုလိုနဲ့ သရက်မြို့ကို ရောက်တော့မှာပါလား။ ထောင်ပြောင်းတို့ ထုံးစံအတိုင်း ဂန်းပိုက်တွေ၊ ၀ါးရင်းတုတ်တွေ တံခါးတချပ် ငါးချက်နှုန်းနဲ့ မိတ်ဖွဲ့မှာကိုလဲ မမှုဘူး။ တုံးဆိုတိုက်၊ ကျားဆိုကိုက်ဆိုတဲ့ စိတ်ဓါတ်နဲ့ ဘာကို မဆို ရင်ဆိုင်ဘို့ သူတို့ အသင့်ဖြစ်နေကြတယ်။
"ကမ္ဘာမကြေဘူး xx ငါတို့သွေးနဲ့ ရေးခဲ့ရတဲ့ မော်ကွန်းတေး xx တော်လှန်ရေး xx ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော xx သြော် သူရဲကောင်းတို့ရေ xx"
သီချင်းသံက ဆွဲဆွဲငင်ငင်နဲ့ ခံစားလို့ သိတ်ကောင်းနေတယ်။
"ကိုယ်တော်မှိုင်း xx ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ xx သခင်အောင်ဆန်း xx နိုင်ငံတော်လည်း သွေးစွန်ခဲ့ပြီ အဖရေ xx သြော် လုပ်ရက်ကြပေ xxx"
မြစ်ကြောင်းကြပ်လို့ တမန်က သရက်ဆိပ်ကမ်းမှာ မကပ်နိုင်ဘူး။ သရက်မြောက်ဘက် စမ်းအိုင် (စအိုက်)ရွာမှာ သွားကပ်တယ်။ ဆိပ်ကမ်းမှာ ရှုသိုးသိုးနဲ့ ခက်ထန်တဲ့ ထင်းရှူးပင်တွေ ညို့နေတယ်။ ဆိပ်ခံပေါ်မှာလည်း ကြယ်ပွင့်တွေ နေရာ ယူထားကြတယ်။ သူတို့ ဆိပ်ခံကတဆင့် ကမ်းပေါ် စတက်ကြ ရပြီ။ မွန်းတိမ်းကာစ သရက်နေက သူတို့ကို မညှာဘူး။ ခေါင်းပေါ် ခြစ်ခြစ်တောက်အောင် ပူတဲ့နေ။ ခြေထောက်က မီးသွေးမီးလို ပူပြင်းတဲ့ သဲပြင်ထဲမှာ နေလှန်းထားသလိုပဲ။ လူစုံတဲ့အခါ သောင်ပြင်ကျယ်ကြီးကို ဖြတ်ပြီး သူတို့ကို နွားအုပ်တအုပ်မောင်းသလို မောင်းလိုက်ကြတယ်။ လမ်းပေါ်က လျှောက်ရတာ မဟုတ်ဘူး။ စမ်းအိုင်သားတွေ ထွန်ယက်စိုက်ပျိုးထားတဲ့ စိုက်ကွင်းတွေထဲက ဖြတ်ပြီးမောင်းနေတယ်။ စမ်းအိုင်သားတွေနဲ့ သူတို့နဲ့ ရန်တိုက်ပေးတဲ့ နည်းတမျိုး ပေါ့။ သူတို့က စိုက်ပျိုးထားတဲ့ ပင်ပျိုကလေးတွေကို သတိထားပြီး အတတ်နိုင်ဆုံး ရှောင်ကွင်းကြတယ်။ ဒါပေမယ့် နုံးမြေထဲမှာ သံခြေချင်းတွေနဲ့ သူတို့ လမ်းမလျှောက်တတ်ဘူး။ တချို့ ပင်ပျိုးကလေးတွေကို မတော်တဆ တက်နင်းမိသွားတယ်။ စမ်းအိုင်က ရွာသားများခင်ဗျာ ကျွန်တော်တို့ကြောင့် သီးနှံခင်း ပျက်သွားပါလိမ့်မယ်။ တမင်တကာ ဖျက်လိုစိတ်နဲ့ နင်းမိတာ မဟုတ်ပါဘူး။ မတော်တဆ ဖြစ်ရတာပါ။ ကျွန်တော်တို့ကို ခွင့်လွှတ်ဖို့ မေတ္တာရပ်ပါတယ်။ သူက မေတ္တာရပ်ပေမယ့် ထင်းရှူးအမှတ်အသားတွေရဲ့ ဆဲဆိုကြိမ်းမောင်းသံတွေက မိုးလုံးညံနေတယ်။ သူတို့ ခြေလှမ်းကို မီအောင် မလိုက်နိုင်တဲ့ ညောင်လေးပင်က ဓါတ်ပုံဆရာ သောင်ပြင်မှာ ကျန်ရစ်ခဲ့တယ်။ ဒါပေမယ့် သူက စတိုင်ကျလှတယ်။ သူ့အိပ်ရာလိပ်ကို သူထမ်းစရာမလိုဘူး။ ၀န်ထမ်းတယောက်က ထမ်းရတယ်။ ကားတွေပေါ် မတက်ခင် သစ်သားတံတားရှည်တခုကို ဖြတ်ခဲ့ရတယ်။တံတားနားမှာ ဇရပ်တဆောင်ရှိတယ်။ အဲဒီဇရပ်မှာ အသံမစဲပဌာန်းပွဲ နဖူးစီးတခု ချိတ်ဆွဲထားလေရဲ့။
ရွှေသက်လွတ်ဘုရား၊ သတ္တဌာနဘုရား၊ ရွှေဘုံသာဘုရား စတဲ့ တန်ခိုးကြီးဘုရားတွေ ရှိတဲ့ သရက်မြို့။ ဇာလီတောင်ဆရာတော်ကြီး သတင်းသုံးခဲ့တဲ့ သရက်မြို့။ မြင်းခေါင်းတံဆိပ် ဘိလပ် မြေစက်ရှိတဲ့ သရက်မြို့။ သံမဏိရှည်တဲ့ သဟာရစာကြည့်တိုက် ရှိတဲ့ သရက်မြို့။ တချိန်က ကလေးထောင် (ဘော်စတယ်လ်) ရှိတဲ့၊ သံဃာတော်အပါး နှစ်ရာကျော်တို့အတွက် နေ့စဉ်အလှူခံ ထွက်လေ့ရှိတဲ့၊ သပြေပင် ဓမ္မာရုံက ကြာသာပတေး ဆွမ်းလောင်းအသင်းက သီချင်းတွေ အပတ်စဉ် ကြားရတဲ့၊ အသံမစဲပဌာန်းပွဲ မကြာခဏ ကျင်းပတတ်တဲ့၊ ဂေါ်ရာဈေးကချက်တဲ့ အရက်တွေကို သောက်ပြီး မူးကြတဲ့၊ မာမာအေးရဲ့ ချမ်းမြေ့ပါစေသီချင်း အမြဲဖွင့်တဲ့၊ ယောက်ျားရှာ အဆိုတော် သန်းသန်းဌေးနေတဲ့၊ ငွေသောင်ယံနဲ့ မိုးကျော်တို့ရှိတဲ့ သရက်မြို့ကို သူတို့ ရောက်ကြပြီ။
(၁၈၆၉) ခုနှစ်ကတည်းက အင်္ဂလိပ်တည်ခဲ့တဲ့ ထောင်ဟောင်းကြီးပါလား။ ၉၅-၉၆-၉၇-၉၈-၉၉ အမှတ်စဉ်တွေ ရေပြီး ထောင်ထဲဝင်ကြရတယ်။ တလာစီတာတော့ နေရာလပ် မကျန်ဘူး။ သူ့ကိုတော့ ဖင်ကုန်းခိုင်းပြီး ရှာနေပါလား။ နေပူထဲမှာ အခေါက်ပေါင်းများစွာ၊ လပေါင်းများစွာ ရေဆွဲကြရလိမ့်မယ် လို့ သူတို့ မမျှော်လင့် ခဲ့ကြဘူး။ အပြစ် မတွေ့ တွေ့အောင်ရှာပြီး ရိုက်မယ်ဆိုတာ သူတို့ မသိခဲ့ကြဘူး။ လေးလံတဲ့ ဆန်အိတ်၊ ပဲအိတ်၊ နှမ်းအိတ်တွေ၊ ပျဉ်တွေ ထမ်းကြရမယ်ဆိုတာ သူတို့ မတွေးမိ ခဲ့ကြဘူး။ အပြစ်မဟုတ်တာတွေကို အပြစ်လုပ်ပြီး မိကျောင်းတက်တက်ရင်း တုတ်တွေနဲ့ ၀ိုင်းဆော်ကြလိမ့်မယ် ဆိုတာ မသိခဲ့ကြဘူး။ အလွန်အေးတဲ့ ဆောင်းရာသီ၊ အုတ်သံမံတလင်းပေါ်မှာ ဖျာမပါ၊ အခင်းမပါဘဲ အိပ်ကြရမယ်ဆိုတာ မသိခဲ့ကြဘူး။ ဆက်အောင်နိုင်တို့၊ ညိုထွန်းလူတို့၊ ရောက်နှင့်နေတာ သူတို့ မသိခဲ့ကြဘူး။ သူတို့ ချစ်တဲ့ ရဲဘော် 'အိုင်ကို'၊ 'ဦးအာစရ'၊ 'ကိုမြင့်ဆွေ' တို့ကို စတေးထားခဲ့ရမယ်ဆိုတာ သူတို့ မသိခဲ့ကြဘူး။ စစ်ယူနီဖောင်းဝတ် ထောင်ပိုင်တယောက်က ရက်ရက်စက်စက် နှိပ်ကွပ်တော့ မယ်ဆိုတာ သူတို့ မသိခဲ့ကြဘူး။ ....ခဲ့ကြဘူး။ .....ခဲ့ကြဘူး။ ......ခဲ့ကြဘူး။
ဟော နားထောင်ကြည့်ပါဦး။ ဒါဘာသံလဲ။ နံဘေးက မြေလတ်သားတယောက်ကို သူ မေးကြည့်တယ်။ သရက်အထက်တန်းကျောင်းက ကျောင်းတက်ခေါင်းလောင်းသံတဲ့။ သူ့ အနားက ကျောင်းသားလေးရဲ့ မျက်နှာ တမျိုးလေး ဖြစ်သွားတယ်။ သူ အဓိပ္ပါယ် မဖော်တတ်ဘူး။
နယ်ချဲ့သမားက ဘယ်လိုရည်ရွယ်ချက်နဲ့ ထောင်ကြီးတခုနဲ့ အထက်တန်းကျောင်းတခုကို နီးနီးကပ်ကပ် တည်ဆောက်သွားခဲ့ပါသလဲ။ အောက်တန်းကျတဲ့ ရုပ်ဝတ္ထုပစ္စည်းနဲ့ အထက်တန်း ကျမယ့် ကျောင်းသားတွေကို ခြိမ်းခြောက်ဖို့ပဲ ဖြစ်လိမ့်မယ်။ ဒီကျောင်းကို သင်္ဘေပေါ်မှာ တွေ့ခဲ့တဲ့ ဆရာမ ကျောင်းမှန်မှန်တက်လိမ့်မယ်။ ဒီလို ကျောင်းတက်ရင် ထောင်နားရောက်တိုင်း တမန်ပေါ် တွေ့ခဲ့တဲ့ ကျောင်းသားလေးတွေကို သတိရရင် ရလိမ့်မယ်။ မရတဲ့နေ့လည်း ရှိနိုင်တယ်။ သရက်အထက်တန်းကျောင်းက ကျောင်းတက်ခေါင်းလောင်သံ ကြားရတိုင်း ထောင်ထဲမှာရှိတဲ့ ကျောင်းသားလေးတွေရဲ့ စိတ်ထဲမှာ စာအံချင်တဲ့စိတ် ပေါ်လာတတ်တယ်။ ဒီလို စာအံချင်တဲ့ စိတ်ကို ထောင်ကလွတ်တဲ့အထိ သယ်ယူသွားကြတယ်။ သူတို့ ဖြေဆိုကြတဲ့ စာမေးပွဲတွေမှာ ဂုဏ်ထူးတွေ တပွေ့တပိုက်ကြီးနဲ့ အောင်မြင်ကြတာ ဆရာမ သိရရင် ဘယ်လို ခံစားရမလဲ။


ဖိုးသံစိမ်း
[၁၉၉၁ နိုဝင်ဘာ ၂၄ အမှတ်တရ]
[၂၀၀၃ နိုဝင်ဘာလထုတ် မာယာမှာ ဖော်ပြခဲ့ပြီး ယခု အင်တာနက်မဂ္ဂဇင်းမှာ ထပ်မံဖော်ပြခြင်း ဖြစ်ပါတယ်။]

Sunday, April 13, 2008

မီချီဂန်စာမေးပွဲတဲ့ဗျား
လူထုဒေါ်အမာ- ဘာသာပြန်သည်။


[ မြန်မာသက္ကရာဇ် ၁၃၆၁ ခု၊ တပေါင်းလ၊ 2000 Spring ထုတ် မာယာတွင် ဖော်ပြခဲ့ပြီး၊ ယခု အမေမာ (လူထုဒေါ်အမာ) အတွက်၊ အမှတ်တရအနေနဲ့ ထပ်မံဖော်ပြလိုက်ပါတယ်။ ]


ဒီကိစ္စကြီးတခုလုံးရဲ့ အစကတော့ ကျွန်တော့် အစ်ကိုတော်က ကျွန်တော့်ကို သူနေတဲ့ ကယ်လီဖိုးနီးယားကို လိုက်လာစေချင်မှုက စတာပါပဲ။ ကျွန်တော့်အစ်ကိုနဲ့ ကျွန်တော့်မရီးက အမေရိကားကို လွန်ခဲ့တဲ့ နှစ်ကတည်းက ပြောင်းသွားကြတာပါ။ သူက ကျွန်တော့်ဆီကို အမေရိကားက ဘာသာစကား စာသင်ကျောင်းတကျောင်းက ထုတ်ထားတဲ့ ပုံစံ ၁-၂၀ ဆိုတာတခုပဲ စာတိုက်ကနေပြီး ပို့လိုက်တယ်။ ကျန်တာက ကျွန်တော့်ဖာသာ ဖြစ်အောင်လုပ်ခဲ့တဲ့။ သူ့ပုံစံ ၁-၂၀ ကတော့ ကျွန်တော်အမေရိကားကို ရောက်လာရင် ဒီကျောင်းက ကျွန်တော့်ကို ကျောင်းသားအဖြစ်နဲ့ လက်ခံမယ်ဆိုတဲ့ သဘောပုံစံပါ။ အမေရိကန်သံရုံးမှာ ကျွန်တော်က ပြည်ဝင်ခွင့်ဗီဇာရဖို့ လျှောက်တဲ့ အခါ ဒီပုံစံက လိုမှာပေါ့လေ။




သူ့ဟာရောက်လာတေ့ ကျွန်တော်က စဉ်းစားပါတယ်။ ကျွန်တော်နိုင်ငံခြားကို တကယ်သွားချင် တာလားလို့။ ကျွန်တော့်စိတ်ထဲ ပြတ်ပြတ်သားသား မရှိလှပါဘူး။ ကျွန်တော့် အင်္ဂလိပ်စာကလည်း ကုန်းကောက်စရာ မကျန်တော့သလောက် ဟုတ်လား။ မင်းပြောစမ်းဆိုရင် အိုင်....အိုင်၊ ယူ.....ယူ၊ ဗလား.....ဗလား၊ ဗိုး.....ဗိုး၊ ဖြစ်ကုန်မှာ အမှန်ပဲ။ ဒါပေမယ့် ကျွန်တော့်အစ်ကိုက ဒါကိစ္စမရှိဘူးတဲ့၊ မင်းဟိုကိုသာ ရောက်အောင်လာခဲ့တဲ့။ ရောက်ရင် အင်္ဂလိပ်စကားကို အရင်သင်၊ နောက်ပြီး နိုင်ငံခြားဘာသာအဖြစ်သင်ယူတဲ့။ အင်္ဂလိပ်စာ စာမေးပွဲ 'တိုဖယ်' ကို ၀င်ဖြေတဲ့။ သူကပြောတော့ လွယ်တယ်။ ကျွန်တော်သိသလောက်ကတော့ တိုဖယ်ကို သူလိုကိုလိုတွေ ရာနဲ့ထောင်နဲ့ချီပြီး ၀င်ဖြေနေကြတာပဲ။ အောင်သူက နည်းနည်းပါ။ အဲ ... ဒီစာမေးပွဲကို ကိုယ့်နိုင်ငံ ထိုင်းမှာတင် ဖြေရတယ် ဆိုရင်တော့ ဘယ်နှစ်ခါဖြေရ ဖြေရ ဘာအရေးလဲ။ ရှင်းပါတယ်နော်။
ဘာပဲဖြစ်ဖြစ်လေ၊ ကျွန်တော်အမေရိကားကို သွားချင်ပါသေးတယ်။ ရုပ်ရှင်ကားတွေထဲမှာ အမြဲတမ်း မြင်နေရတာတွေမျိုး ဟိုနိုင်ငံမှာ တကယ် ရှိမရှိ ကျွန်တော့်မျက်စိနဲ့ ကြည့်ဦးမယ်။ အမေရိကားမှာ တိုဖယ်စာမေးပွဲကိုလည်း ကြိုးစားရင် အောင်နိုင်စရာ ရှိပါတယ်။ လူဆိုတာ ကံစမ်းရမှာပဲ မဟုတ်လား။ ကျွန်တော့်ဘ၀ ကျွန်တော်တသက်လုံးဖြင့် အကြိမ်ကြိမ် ကံဆိုးကံကောင်း စမ်းခဲ့လှပါပြီ။ တကယ်လို့ ကံမကောင်းလို့ အမေရိကားက ကိုယ့်နိုင်ငံ ပြန်လာရတော့လည်း ရောက်ယားပေါ့။ အပန်းမကြီးနိုင်ပါဘူး။
ဒါပေမယ့် အမေရိကားကို သွားနိုင်ဖို့အတွက် ဗီဇာလျှောက်ထားရမယ့် ကိစ္စ၀ိစ္စတွေကတော့ အများသား။ အရှုပ်သားပါကလား။ ဗီဇာလျှောက်ချင်ရင် လိုအပ်တဲ့ အချက်တွေကို ကျွန်တော်စာနဲ့ ရေးချကြည့်တော့ အားလုံး ၆ ချက်တိတိ ရှိတယ်။ (၁) ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်) (၂) ကျွန်တော့် အတွက် ငွေရေးကြေးရေးမှာ အာမခံမယ့်သူရဲ့ စာနဲ့ အခိုင်အမာ အာမခံမှု၊ (၃) အာမခံသူရဲ့ စီးပွါးရေးအခြေအနေ ဘဏ်တိုက်တတိုက်၏ တင်ပြချက်၊ (၄) ပုံစံ ၁-၂၀၊ (၅) ကျွန်တော့်ဓာတ်ပုံများ၊ (၆) ကျွန်တော့် လက်ရေးနမူနာတို့ ဖြစ်ပါတယ်။ နောက်ငါးခုက လွယ်ပါတယ်၊ ပြဿနာမဖြစ်ပါဘူး။ ကျွန်တော်ဘဏ်တိုက်တတိုက်မှာ အလုပ်လုပ်နေတာပဲ၊ အားလုံးပြေလည်သွားမှာပါ။ ဒါပေမယ့် ပတ်စပို့ ရဖို့ အတွက် လုံးပမ်းအားထုတ်ရပုံတွေကတော့ နိုင်ငံခြားသွားချင်တဲ့စိတ်များ ကုန်ခမန်း ဖြစ်သွားပြီး ဒီတချီ တမောင်းနဲ့ကို တော်တော်အီသွားခဲ့ပါတယ်။
နိုင်ငံခြားရေးရုံးကပေးတဲ့ ပတ်စပို့ လျှောက်လွှာပုံစံကို ကျွန်တော် သေသေချာချာ စေ့စေ့စပ်စပ် ဖြည့်ပြီးတဲ့အခါ၊ ဘာမှလိုလေသေး မရှိရအောင် အိမ်ထောင်စု ကဒ်ပြားကော်ပီဆွဲထားတာ နှစ်ခု၊ ကျွန်တော့်ကို ငွေရေးကြေးရေး အာမခံတဲ့ပုဂ္ဂိုလ်ရဲ့ ဓာတ်ပုံ၊ ကျွန်တော့်မှတ်ပုံတင်ကဒ်ပြား၊ ကျွန်တော် စစ်မှုထမ်းပြီးသား လက်မှတ်နဲ့ အစ်ကိုပို့လိုက်တဲ့ ပုံစံ ၁-၂၀ များကိုပါ ယူသွားပါတယ်။ ဒါပေမယ့် နိုင်ငံခြားရေးရုံး ပတ်စပို့ဗြူရိုရဲ့ ပြတင်းပေါက် နံပါတ် ၄ မှာ ကျွန်တော်လျှောက်လွှာအစုံအလင်ကို တင်တဲ့အခါ အဲဒီက ရုပ်ရေချောချော နှုတ်ခမ်းမွေးရေးရေးနဲ့ အရာရှိက သေသေချာချာစစ်ကြည့်တဲ့ပြီး-
"ခင်ဗျားအဖေရဲ့ နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ပြားလေးကို မကြည့်ရဘူးလား" တဲ့။ ကျွန်တော် က "ဟင်...အဲဒါလည်း လိုသလား၊ လျှောက်လွှာပုံစံထဲ ဘယ်နေရာမှာမှ မပါပါဘူးဗျာ" လို့ပြောတော့
"ဒါက ခုမှထွက်တဲ့ ဥပဒေသစ်၊ ခင်ဗျားအဖေက တရုတ်လူမျိုးလား" တဲ့။
"ဒါပေမယ့် ကျွန်တော့်အဖေက ဆုံးပြီပဲ" လို့ ကျွန်တော်ကပြောတော့..
"အဲ..ဆုံးပြီဆိုရင် ဖွားသေစာရင်းတော့ ရှိမှာပေါ့၊ အဲဒါပါခဲ့သလား" တဲ့။
"ဟာဗျာ.. ကျွန်တော့် အဖေဆုံးတာ ဆယ့်တနှစ်ရှိပြီ၊ ဘယ့်နှယ်လုပ် ဖွားသေစာရင်း ခုထိရှိ တော့မှာလဲ" လို့ပြောတော့..
"ဒါဆိုရင် ခင်ဗျားအဖေရဲ့ အိမ်ထောင်စု ကဒ်ပြား သွားယူချေ၊ အဲဒီထဲမှာ ခင်ဗျားအဖေ သေတဲ့ အကြောင်း ရေးမှတ်ထားတာ ရှိမှာပဲ" တဲ့။
ကျွန်တော်လည်း ဒီစကားကြားတော့ ရုံးထဲက တခါထဲ လှည့်ထွက်ခဲ့ပါတယ်။ စိတ်ပျက်စရာ သိပ်ကောင်းတဲ့ ဥပဒေတွေပါလား။ ကျွန်တော့်အသက် ဒီနှစ်ဆိုရင် ၂၇ နှစ်ရှိပါပြီ။ လွန်ခဲ့တဲ့ ၁၁ နှစ်တုန်းက သေရှာပြီဖြစ်တဲ့ ကျွန်တော့်အဖေအပေါ်ကို ခုထက်ထိ ကျွန်တောကဒုက္ခပေးနေရဦးမှာလား။ ဖြစ်မှ ဖြစ်ရလေဗျာ။ ကျွန်တော့်အသက် ၁၄ နှစ်၊ ၁၅ နှစ်သာဆိုရင်ဖြင့်လည်း၊ အရွယ်မရောက်သေးသူမို့ ထားပါတော့လေ။ ခုတော့... ဟယ် ဘာပဲဖြစ်ဖြစ် လုပ်ပေးရမှပဲ၊ ကျွန်တော့်ကို မွေးတဲ့ ဘန်ပလာမာ ခရိုင်ထဲက စူဖန်ဗူရီမြို့ကို ပြန်ပြေးပြီး အိမ်ထောင်စုကဒ်ပြား ရှာရပါတယ်။ အဲဒီရောက်ခါမှ အခြေအနေတွေက ပို ပိုရယ်စရာ ဖြစ်နေတာတွေ တွေ့ရသေးတယ်လေ။ ခရိုင်မှတ်ပုံတင်ရုံးမှာ ကျွန်တော့်အဖေက မသေသေးပဲ အသက်ရှိနေဆဲ ဖြစ်နေပါတယ်။ ကျွန်တော့် အကိုကြီးက အဖေဆုံး တုန်းက ဒီရုံးကို အကြောင်းမကြား မိလို့ ရှိတော့မပေါ့။ အဖေရယ်၊ အဖေတကယ်မသေပဲ ၁၁ နှစ်သာပိုပြီး အသက်ရှည်လိုက်ပါတော့။ ဒါဆိုရင် ကျွန်တော် ဒီဒုက္ခတွေ မခံရပါဘူး။
ကျွန်တော်မှာ အဖေတကယ်သေပါပြီ ဆိုတာကို တရားဝင်အောင် နေ့တ၀က်လုံးလုံး ရုံးတကာ ကို ပြေးလိုက်ရ လွှားလိုက်ရတာ။ ခရိုင်မှတ်ပုံတင်ရုံးနဲ့ ကပ်နေတဲ့ ရဲဌာနကို ပြေးပြီး နိုင်ငံခြားသား မှတ်ပုံတင်စာရင်းကြီးထဲက အဖေတို့ အိမ်ထောင်စု ကဒ်ပြားမှာ အဖေသေပါပြီ ဆိုတာ စာရင်းပေါက် အောင် စာရေးကို လုပ်ခိုင်းရတာပေါ့လေ။ စာရေးကလည်း ပင်ပင်ပန်းပန်း ရှာဖွေ ပေးရှာပါတယ်။ ကျွန်တော်ပါ ၀ိုင်းကူရှာရတာပါ။ ဒီလို အရှာကြီးရှာတော့ တွေ့ပါတယ်။ နိုင်ငံခြားသား စာရင်းစာအုပ်ကြီး ထဲမှာ အဖေသေဆုံးပြီဆိုတာ ဟို ကတည်းက ရေးမှတ်ပြီး ရှိပါတယ်။ ဖြစ်ပုံက ဒီလိုထင်ပါရဲ့။ အစ်ကိုက အဖေဆုံးတော့ အဖေ့နိုင်ငံခြားသားမှတ်ပုံတင်ရယ်၊ ဖွားသေလက်မှတ်ရယ်ကို ယူလာပြီး ရဲဌာနကို အကြောင်းကြားလာပုံရတယ်။ ခရိုင်ရုံးနဲ့ မြို့နယ်ရုံးကိုတော့ အကြောင်းကြားဖို့ မလုပ်ခဲ့ပဲ ကျော်လွှားလာ ခဲ့ပုံရတယ်။ တာဝန်ကျ ရဲအရာရှိ သူကောင့်သားက- ခင်ဗျား ဒီကနေပြီး စီအိုင်ဒီ(စုံထောက်ဌာန) ဗြူရို ၃ ကိုသွားပြီး အဲဒီရုံးမှာ ခင်ဗျားအဖေ နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ်နဲ့ သေဆုံးပြီးဆိုတဲ့လက်မှတ်ကို သွားရှာခဲ့တဲ့လေ။ စေတနာဗရပွနဲ့ ဘယ်လောက် ထိပ်ကိုထိုး ပစ်ခဲ့ဖို့ ကောင်းတယ်လို့။ ကျွန်တော် တို့ဆီက နိုင်ငံခြားသား မှတ်ပုံတင်တွေ အကုန်လုံး၊ ဖွားသေစာရင်းတွေ အကုန်လုံးကို အဲဒီ ပို့ထားပြီး သားတဲ့။
ကျွန်တော်က သူ့ကို ကျေးဇူးတင်ပါတယ် ဆရာရယ်။ ဒါပေမယ့် အဲဒီလက်မှတ်တွေ မရလည်း ဖြစ်ပါတယ်၊ အရေးမကြီးပါဘူး။ ကျွန်တော် လိုချင်တာက ကျွန်တော့်အဖေ နိုင်ငံခြားသားမှတ်ပုံတင် ကိုင်သူဟာ သေပြီဆိုတဲ့ အစီရင်ခံစာပါပဲ။ ဒါရရင် ရဲမင်းကြီးဆီပြဖို့ပဲ။ ဒါနဲ့မလုံလောက်ဘူး၊ ဘန်ကောက်ပြန်ဦး၊ စီအိုင်ဒီရုံး သွားဦးဆိုရင်တော့လည်း နေပေစေတော့ဗျာ၊ နိုင်ငံခြားမသွားရရင်လည်း နေပေစေတော့ လို့ ပြောခဲ့တယ်။
အဲဒီနေ့က တနေကုန်တော့ ကျွန်တော့်အဖေသေတာ မှန်တယ်ဆိုတဲ့ သက်သေခံစာရွက် မြို့နယ်အရာရှိဆီက ရခဲ့ပါတယ်။ နောက်တနေ့မှာ ပတ်စ်ပို့ဗြူရိုက ကျွန်တော့်လျှောက်လွှာတွေကို ကိုင်တဲ့ စာရေးလက်ကို ကျွန်တော်က အပ်ပါတယ်။ ကျွန်တော့်ဟာတွေ အားလုံးလက်ခံပြီ ဆိုတော့ စာရေးက ရဲဌာနသွားပြီး လူတွေ့ အစစ်ခံချေဦးလို့ လွှတ်ပြန်ပါတယ်။ ကျွန်တော့်မှာ အလွန်ရင်းနှီး ချစ်ခင်တဲ့ မိတ်ဆွေတဦး ရှိပါတယ်။ သူပဲ ကျွန်တော့်ငွေရေးကြေးရေးကို အာမခံသူအဖြစ် ဆောင်ရွက်တာပါ။ ခုလည်း ရဲမင်းကြီးရဲ့ အင်တာဗျူးကို ကျွန်တော်က သူ့ အဖော်ခေါ်ပြီး သွားပါတယ်။ ဟိုရောက်လို့ ရဲကမေးရင် လိမ်ချင်တာသာလိမ်လို့လည်း ကျွန်တော်က သူ့ကိုမှာတယ်။ ကျွန်တော်လိုချင်တာက နိုင်ငံခြားသွားခွင့်အတွက် အိုကေပဲဆိုတဲ့ ရဲမှတ်ချက်မဟုတ်လား။ မိတ်ဆွေက ကျွန်တော်လိုချင်သလို အားလုံး ပိပိရိရိ ဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် နောက်လေးရက်ကြာတော့ ရဲဘက်က အိုကေတာကို ရပါတယ်။ ရတော့ နောက်တနေ့မှာ ပတ်စပို့ သွားထုတ်ခဲ့တယ်လေ။
ကိစ္စတရပ်တော့ ချောချောမောမော ပြီးပြေသွားပြီ။ အမေရိကန် သံရုံးကိုသွားပြီး ဗီဇာလျှောက်တဲ့နေ့ကတော့ ကျွန်တော် တော်တော် အားပျက်တယ်၊ ဒီကိစ္စမျိုး လုပ်ဖူးတဲ့သူတိုင်းက မင်းရဖို့ ကျဲပါတယ်ချည်း ပြောကြတာပဲ။ ကျွန်တော့်ပုံစံ ၁-၂၀ ကလဲ ချောင်ကြိုချောင်ကြားက ကျောင်းတကျောင်းရဲ့ ၀င်ခွင့်ပုံစံတဲ့။ တက္ကသိုလ်ကြီးတခုက ဘာသာစကားသင် မဟာဌာနမျိုးက မဟုတ်ဘူးတဲ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က အဲဒီအတွက် မပူတော့ပါဘူး။ ကျွန်တော့်ကို လက်မခံလည်း အရေးလား၊ ဗီဇာတောင်မှ မရလဲ အရေးမကြီးတော့ဘူး။ ကျွန်တော့်အစ်ကိုက မေးရင် "အကိုရေ ကြိုးစားတာပဲ မရဘူးဗျာ၊ ဆောရီးပေါ့" လို့ ပြောလိုက်မှာပဲ။
ကျွန်တော် ၀ိုင်ယာလက်လမ်းက အမေရိကန်သံရုံးကို မနက် ၈ နာရီနဲ့ ၁၀ မိနစ်မှာ အရောက် သွားတဲ့အခါ အဲဒီမှာ လူ၁၀၀ လောက် ရောက်နှင့် နေပါပြီ။ ဒါနဲ့ ကျွန်တော်လည်း ဝေးဝေးက ဆလံသပြီး ကျွန်တော့်ရုံးကို ကျွန်တော်ပြန်လာခဲ့တယ်။ ဒီလောက် လူတွေ အများကြီးရောက်နှင့် နေမှတော့ ကျွန်တော့်အတွက် ဘာလုပ်လို့ ရမှာတုန်း။
နောက်မနက်မှာ ကျွန်တော်ထပ်သွားတယ်။ ဒီတခါတော့ ၇နာရီခွဲ အရောက်သွားလိုက် တယ်လေ။ သံရုံတံခါး မဖွင့်ခင် နာရီဝက်တိတိ စောလာတယ်ပေါ့။ ဒါပေမယ့် ကျွန်တော်ရုံးထဲ ရောက်သွားတော့ ကျွန်တော့်အရင် လူ ၃၀ လောက် ရောက်နှင့်နေပြီ။ ဗီဇာလျှောက်လွှာအပေါက်မှ တန်းစီနေကြပါပြီ။ ကောင်စစ်ဝန် ရုံးတံခါးတွေကတော့ တချပ်မှ မဖွင့်သေးပါဘူး။ ကျွန်တော်က တန်းစီနေတဲ့ လူတွေရဲ့ အမြီးမှာ ၀င်မရပ်ပါဘူး။ ခပ်အေးအေးပဲ ခုံတခုံမှာ ၀င်ထိုင်လိုက်တယ်။ ကျွန်တော်တို့ ထိုင်းလူမျိုးတွေ ဘယ်တော့များ ကြူစနစ်ကို လိုက်နာလို့လဲ။ တော်ကြာ တံခါးဖွင့်ရင် ပြုံတိုးကြမှာပဲဟာ၊ အဲဒီတော့ ကျွန်တော်လည်း ထတိုးမှာပေါ့။
ရှစ်နာရီတိတိမှာ ရုံးတံခါးဖွင့်ပါတယ်။ ဖွင့်တာနဲ့ ထုံးစံအတိုင်း ၀ိုင်းပြီးတိုးကြပါတယ်။ ကျွန်တော်လည်း ၀င်တိုးပါတယ်။ တံခါးပေါက်က ၂ မီတာလောက်သာ ကျယ်တာပါ။ အထဲမှာ လူတွေ ကသောင်းကနင်းပဲ။ ဒီကိစ္စကို လုပ်ပေးတဲ့ စာရေးက တယောက်တည်းရယ်၊ သူက တင်ပြတဲ့ စာရွက် စာတမ်းတွေ အားလုံး စုံလား မစုံလား၊ မှန်လား မမှန်လား ကြည့်ရတယ်။ ပြည့်စုံတယ်ဆိုရင် လျှောက်တဲ့အခ ဘတ် ၁၀၀ လက်ခံမယ်၊ ငွေရကြောင်းစာကို ဆီရီရယ် နံပါတ်နဲ့တကွ ထုတ်ပေးမယ်။ အဲဒီပြေစာရမှ လျှောက်သူက သူ့ပတ်စ်ပို့ကို သွင်းထားပြီး မင်တဆိပ်နှိပ်ပြီးသားပြန်ရမယ်။ ဘတ် ၁၀၀ က ဗီဇာရတဲ့အခါ ပိုတဲ့ငွေ ပြန်အမ်းဦးမယ်။ အဲ ... လက်မခံရင်တော့ ပတ်စပို့ရော ဘတ် ၁၀၀ ရော၊ ဒီအတိုင်းသာ ပြန်ယူခဲ့ပေတော့၊ သူတို့က အားလုံးပြန်ပေးလိမ့်မယ်။
ကျွန်တော်လည်း တခြားလူ ၁၀၀ လောက်ရဲ့ လျှောက်လွှာတွေနဲ့အတူ ကျွန်တော့်ပတ်စ်ပို့ကို စားပွဲပေါ်မှာ ထပ်တင်ခဲ့တယ်။ စာရေးလုပ်ကိုင်နေပုံကို အစအဆုံးကြည့်မိတော့ ခန့်မှန်းမိပြီလေ။ ဒါကြောင့် ကျွန်တော်ရုံးထဲကထွက် ဘတ်စ်ကားပြီး အလုပ်ရှိရာကို လာခဲ့တယ်။ ကျွန်တော့်လျှောက်လွှာ အလှည့်က မွန်းတည့်သည်အထိလောက်မှ ရောက်မှာမဟုတ်လား။ ပုံမတော်ရင် နေ့မွန်းတည့်လို့တောင် မရောက်သေးပေဘူး။ ဒါကြောင့် နေ့လည်မှ ပြန်လာမယ်ဆိုပြီး အလုပ်ရှိရာကို ထွက်ခဲ့တာပဲ။ ကျွန်တော် ရုံးထဲက ထွက်လာခဲ့တော့ "ဗီဇာလျှောက်တဲ့ ဥပဒေကို သံရုံးက နောက်အပတ်ထဲမှာ ပြင်တော့မှာမို့ လျှောက်သူတွေ ခုလောက်များနေတာ" လို့ ပြောနေသံတခု ကြားခဲ့ရတယ်။
ကြက်ကန်းဆန်အိုးတိုး၊ အဲဒီနေ့က နောက်ဆုံး စစ်ဆေးခဲ့တဲ့ လျှောက်လွှာဟာ ကျွန်တော့် ဟာတဲ့။ ကျွန်တော် ကောင်စစ်ဝန်ရုံးဘက်ကို မနက် ၁၁ နာရီ ၄၅ မိနစ်လောက်မှာ ရောက်သွားတယ်။ ၁၅ မိနစ်လောက်နေတော့ ကျွန်တော်နာမည် ခေါ်သံ ကြားတာပဲ။ ကျွန်တော်လည်း ဘတ် ၁၀၀ သွင်းလိုက်တယ်။ ကျွန်တော့် လျှောက်လွှာအမှတ်စဉ်ကလည်း ၁၀၀ ပဲတဲ့။ ဒီနေ့အဖို့ ဒါနောက်ဆုံးပဲ၊ ပြီးပြီတဲ့။ ကျန်နေသေးတဲ့ လျှောက်လွှာ တပုံတပင်က နက်ဖြန်မှ စစ်တော့မှာတဲ့။
စာရေးက "ညနေပိုင်း လာခဲ့ဦးတခေါက်၊ ကျွန်တော် ဗီဇာရမရ သိရအောင်" လို့ မှာပါသေး တယ်။ ကျွန်တော် မသွားဘူး၊ နောက်တရက် မွန်းလွဲပိုင်းမှ သွားတယ်။ ကျွန်တော်တွက်တဲ့အတိုင်းပါပဲ၊ ဗီဇာ ပေးတာမဟုတ်ဘူး။ ကျွန်တော့်ပတ်စ်ပို့ကို ပြန်ပေးပြီးတော့ သူတို့က "စာရွက်စာတမ်းတွေကို အားလုံး သိမ်းထားလိုက်ဦးမယ်၊ ဒီက ထုတ်ပေးလိုက်တဲ့ စာရွက်ကလေးပေါ်ကဟာကို သေသေချာချာ ဖတ်ကြား လိုက်နာဦး" ဆိုပြီး စာကူးစက်နဲ့ လှည့်ထားတဲ့ စာရွက်တရွက်ကို ကျွန်တော့်ပတ်စ်ပို့ထဲမှာ ထည့်ညှပ်ပေးလိုက်ပါတယ်။ ပြီးတော့ "ဆထုံးလမ်းမှာရှိတဲ့ ယူအက်စ်အိုင်အက်စ် ပြန်ကြားရေးကို သွားပါ၊ အဲဒီက ခင်ဗျား ဘာလုပ်ရမယ်ဆိုတာ အကြံပြုပါလိမ့်မယ်" ပြောပြီး တံခါး ပိတ်သွားပါတယ်။
ကျွန်တော်ကလည်း မိနစ်မဆိုင်းပါဘူး။ သံရုံးထဲက ထွက်ထွက်ချင်း သုံးဘီးကားတစီးငှားစီးပြီး ယူအက်စ်အိုင်အက်စ်အဆောက်အဦ ရှိရာကို လာခဲ့ပါတယ်။ အဲဒီက ထိုင်းအမျိုးသမီး စာရေးမက သဘောကောင်းပုံပါ။ သူပြောပုံ ဆိုပုံက တယ်ပြီး ယဉ်ကျေးတာပဲ။ လူတွေကတော့ သူ့ဆီမှာလည်း တအုပ်ကြီးပါ။ ကျွန်တော်နဲ့ ပြဿနာတူတွေပေါ့။ သူပေးမယ့် အကြံဥာဏ်ကို ရယူဖို့ စောင့်နေကြတာ။ ဒီစာရေးမက ပေးလိုက်တဲ့ အကြံဥာဏ်ကတော့ "အေယူအေကို သွားပြီး မီချီဂန်စာမေးပွဲ သွားထိုင်ပါ" တဲ့။
အေယူအေဆိုတာက ဘန်ကောက်မှ အင်္ဂလိပ်စာသင်တန်းနဲ့ ဘန်ကောက်စာ အကောင်းစား တွေ ဖွင့်ထားတဲ့ တက္ကသိုလ်ပါ။
"မီချီဂန်စာမေးပွဲ" ဆိုပါကလား၊ တသက်နဲ့တကိုယ် ဒီစကားကို ဒီတခါပဲ ကြားဖူးသေးတယ်။ စာမေးပွဲထိုင်ရမယ်တဲ့။ ကိုင်း ကြိတ်လိုက်ဦးကွာ၊ တကြိမ်တခါတော့ ဘာမဆို စမ်းသင့်တာပဲဟာ။
အမေရိကန်သံရုံးက နောက်ဆုံးချမှတ်ထားတဲ့ စည်းမျဉ်းအရ၊ တိုဖယ်စာမေးပွဲကို အောင်မြင်ပြီး သူမှအပ၊ မည်သူမဆို မီချီဂန်စာမေးပွဲ ၀င်ထိုင်ကြရမည်ဖြစ်သည်တဲ့။ ကျွန်တော်လည်း နောက်အပတ် ထဲမှာ ကျင်းပမယ့် မီချီဂန်စာမေးပွဲ ၀င်ထိုင်ဖို့ ဘတ် ၅၀ သွင်းခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့ ကျွန်တော် ရင်နာရပါပြီ၊ ဒီစာမေးပွဲက ကျွန်တော်အောင်မှာလည်း မဟုတ်ပါဘူး။
ရုံးက ကျွန်တော့်ကို အာမခံတဲ့ မိတ်ဆွေကတော့ မဟာပိန္နဲနတ်ကြီးကို သွားကန်တော့ဖို့ အကြံ ပေးနေတယ်။ ကျွန်တော်က ဒီနတ်ကြီးရဲ့ တပည့်တဦး မဟုတ်လားတဲ့။
(ဘန်ကောက်မြို့လယ်က အီရာဝမ်ဟော်တယ်ကြီးရှေ့မှာ နာမည်ကြီး လက်လေးဘက်နဲ့ ဗြဟ္မာရုပ်ကြီး ရှိပါတယ်။ အဲဒီအရုပ်ကြီးကို ထိုင်းလူမျိုးတွေက အမျိုးမျိုးလာရောက်တင်သပါတယ်။ တိုးရစ်ခေါ်တဲ့ နိုင်ငံခြား ဧည့်သည်တွေကလည်း ဟိုတယ်ကြီးမှာ ဥဒဟိုပါ။ ဒါကို ကျွန်တော့်မိတ်ဆွေက ပြောတာပါ။)
ကျွန်တော့်မိတ်ဆွေက ကျွန်တော့်ကို စ,နေ နောက်,နေပေမယ့် တကယ်တော့ စေတနာထား ပါတယ်။ ဒါကြောင့် နောက်တနေ့မှာ တပေလောက်ထူတဲ့ အင်္ဂလိပ်စာ သင်ကြားနည်း စာအုပ်ကြီးကို ယူလာပြီး ဒါကို ညမှာ ကျွန်တော်ခေါင်းအုံးအိပ်လို့ ခိုင်းပါတယ်။ ကျွန်တော်တို့ ထိုင်းမှာ စာတတ်ချင်ရင် တတ်ချင်တဲ့ စာအုပ်ကို ခေါင်းအုံးအိပ်ရင် တတ်ရောလို့ ယုံပါတယ်။
တနင်းလာနေ့ မနက်မှာ စာမေးပွဲထိုင်ရမယ်ဆိုတော့ ကျွန်တော်က တနင်္ဂနွေညမှ ညငှက်တွေ ပေါတဲ့ ဖတ်ဖောင်ဘီယာဆိုင်မှာ ပုလင်းအတော်များများ ချမိခဲ့တာကြောင့် ကိုယ်ခန္ဓာကို မနဲ ဆွဲထူပြီး အိပ်ရာက ထခဲ့ရတယ်။
စာမေးပွဲထိုင်ရမယ့် ခန်းမကြီးရှေ့မှာ နာမည်တွေ၊ ထိုင်ခုံဇယားတွေ သေသေချာချာကြည့်ပြီး ကျွန်တော်ထိုင်ရမယ့်နေရာကို ရှာဝင်ခဲ့တယ်။ ကျွန်တော်ဖြေတော့မယ်လေ။ ခန်းမကြီးထဲ ကျွန်တော် ၀င်လာတော့ကိုပဲ လူတ၀က်လောက်က ပြည့်နေပြီ။ အပြင်အဆင်က စာမေးပွဲခန်း ပီပီသသကြီးပါပဲ။ ခုံတွေကို ခန့်မှန်းကြည့်လိုက်တော့ ဖြေလာတဲ့လူ ၂၀၀ လောက် ရှိပါလိမ့်မယ်။ နီဂရိုးအမျိုးသမီးတဦးက ကျွန်တော့်ကို နေရာပြပြီး ၀င်ထိုင်ဖို့ လက်ယပ်ခေါ်ပါတယ်။ လူတွေက တဖွဲဖွဲဝင်လာနေတုန်းပါ။ ဒါပေမယ့် အခန်းထဲမှာတော့ တိတ်လို့ပါ။ စာမေးပွဲစောင့်မယ့် အမေရိကန်သားတွေရဲ့ ခြေသံကလွဲပြီး ဘာမှ မကြားရဘူး။ ဖြေမယ့်လူရဲ့ ခြေသံများကတော့ မကြားရသလောက်ပဲ။ သူတို့ခြေထောက်တွေကို စာမေးပွဲ ကြောက်တဲ့ အကြောက်အလန့်တွေက တုပ်နှောင်ထားတယ်ထင်ပါရဲ့။
ကျွန်တော် ကိုယ်တိုင်ခံစားရတာကတော့ သားရဲတိရစ္ဆာန်တွေ အများကြီးက ကျွန်တော့်ကို စားမလို့ ၀ိုင်းရံစောင့်နေကြတယ်လို့ ထင်ပါတယ်။ အသက်ဝအောင်တောင် ရှူလို့ မရသလိုဘဲ။ ကျွန်တော်ဒီလို စစ်မြေပြင်မျိုးကို မ၀င်ဖူးဘူး မဟုတ်ပါဘူး။ ဒါပေမယ့် ဒီတခါဟာ အရင်ဟာတွေနဲ့ မတူဘူး မဟုတ်လား။ အင်္ဂလိပ်စာမှာ ကျွန်တော်က ဘာတော်တဲ့အကောင်မှ မဟုတ်တာ။
ကျွန်တော် ဒီစာမေးပွဲကို ဘာလို့များ လာဖြေမိပါလိမ့်လို့ ကျွန်တော့်ကို ကျွန်တော် အူကြောင် ကြောင် မေးကြည့်မိသေးတယ်။ ကျွန်တော် တော်တော်အသုံးမကျတာပဲ။ ခုမေးခွန်းကိုပဲ ကျွန်တော် မဖြေတတ်ပါကလား။ ကျွန်တော် နိုင်ငံခြားကို သိပ်သွားချင်နေလို့တော့လည်း မဟုတ်ပါဘူး။
နီဂရိုးအမျိုးသမီးက ဖြေစရာခဲတံတွေ လိုက်ပေးနေပါတယ်။ အမေရိကန် အမျိုးသားတဦးက မေးခွန်းစာရွက်တွေ လိုက်ဝေနေပါပြီ။ သူ့စကားနဲ့ သူ့အမူအယာကို ကြည့်ရတာ မေးခွန်းစာရွက်ကို ရရခြင်း မဖတ်နဲ့ဦး၊ တခြားလူတွေပါ အားလုံးအဆင့်သင့်ဖြစ်မှ စလို့ ပြောနေတယ် ထင်ပါရဲ့။
မေးခွန်းတွေ၊ ဖြေစရာစာရွက်တွေ၊ ခဲတံတွေကို စေ့ငှအောင် ဝေပြီးတဲ့အခါ အမေရိကန် တယောက်က မိုက်ကရိုဖုန်း (ဒီစကားကလုံးကလည်း ဂွကျလိုက်တာ၊ ထိုင်းစကားနဲ့ပဲ ခေါ်ချင်ပေမယ့် တူတာမရှိဘူး) ကိုင်ပြီး စကားပြောပါတယ်။ သူပြောတာကို ကျွန်တော်နားမလည်ပါဘူး။ ဒါပေမယ့် ဖြေပုံ ဖြေနည်းများကို ပြောနေတယ် ထင်ပါရဲ့။ ကျွန်တော်သူ့ကို နားထောင်မနေတော့ပါဘူး။ ကိုယ်မှ နားမလည်ဘဲ ဘာလုပ်မှာတုန်း။ ကျွန်တော့်ခန္ဓာကိုယ်က ဒီအချိန်မှာ ဖောင်းကနဲ့မြည်ပြီး ပေါက်ကွဲထွက်သွားမလား အောက်မေ့မိတယ်။ ဒါနဲ့ ဒီအဖြစ်ကလွတ်အောင် လုပ်သင့်တာကို လုပ်မှပဲလို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ်။
စက္ကူ စက္ကူချင်းထပ်တဲ့အသံတွေ စာမေးပွဲအခန်းကြီးထဲက ထွက်လာတယ်။ လူတိုင်းက စဖြေကြတော့မယ်လို့ ပြင်ပြီကိုး။ ကျွန်တော်ကတော့ ဘာမှ မလုပ်သေးဘူး။ ဖြည်းဖြည်းချင်း မေးခွန်းကို ဖတ်ကြည့်တယ်။ ကျွန်တော်တတ်တဲ့ အင်္ဂလိပ်စာနဲ့ ရေးထားတာ တခုမှ မပါလို့ ကျွန်တော်တလုံးမှ နားမလည်ပါဘူး။ အဲဒီအချိန်မှာပဲ ကျွန်တော်က ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ ကြီးမြင့်တဲ့၊ မြေသြဇာ ထက်သန်လှတဲ့ ထိုင်းနိုင်ငံတော်က အမေရိကားထက် ပိုနေချင့်စဖွယ် ကောင်း တယ်လို့။
"ဒီလိုဆိုရင် ဒီစာမေးပွဲကို ခုလို လာဖြေဖို့ ဘာလိုသေးလဲ" လို့ ကျွန်တော်က ကျွန်တော့်ဖာသာ ပြောကြည့်တယ် ထင်ပါရဲ့။ ဒါပေမယ့် ကျွန်တော့်အသံကြီးက မြည်ကျယ်ထွက်လာလိုက်တာ တိတ်နေတဲ့ စာမေးပွဲခန်းကြီးထဲ ဟိန်းသွားတာပဲ။
အဲဒီမှာ ဘာဖြစ်ကုန်မလဲဆိုတာ ခင်ဗျားပဲ စဉ်းစားကြည့်တော့ဗျာ။ စာမေးပွဲခန်းထဲက ရှိရှိသမျှတွေက ကျွန်တော့်ကို ၀ိုင်းကြည့်ကုန်ကြရော။ ကျွန်တော်လည်း ထိုင်ရာက ၀ုန်းကနဲထမိပြီး ရှေ့ကခုံကို ဒိုင်းကနဲ ကန်ထုတ်လိုက်ရင်း......
"ခင်ဗျားတို့အားလုံးဟာ အမေရိကန်နယ်ချဲ့ရဲ့ ကျွန်လုပ်ရအောင် ခုကြိုးစားနေကြတာ မဟုတ် လား (ရှေ့ဆက်ဖို့ စကားလုံးကို ခုခေတ်စာရေးဆရာလူငယ်တွေ ရေးနေကြတွေထဲက ဘာမှတ်မိသေးလဲ စဉ်းစားပြီး ရှာတယ်) ကျွန်တော်တို့ လူ့ဘောင်ထဲကို အပုပ်အသိုးတွေ လာစိုက်တဲ့ ကိစ္စ၊ လူတန်းစားကွာဟမှု ပိုကြီးအောင် လုပ်တဲ့ကိစ္စ ခင်ဗျားတို့ တာဝန် ဖြစ်လိမ့်မယ်။ အမေရိကန်က ဆွေးမြေ့ပုပ်ပွတဲ့ ယဉ်ကျေးမှုကို ထိုင်းယဉ်ကျေးမှုထဲရောက်ကုန်အောင်လုပ်တာ ခင်ဗျားတို့ တရားခံ ဖြစ်လိမ့်မယ်။ ခင်ဗျားတို့အားလုံး အမေရိကကို ဘာလို့ သွားချင်ကြတာလဲ။ ခင်ဗျားတို့ ပညာသင် ကြားစရာ ဒီထိုင်းနိုင်ငံထဲမှာ လုံးဝ မရှိတော့ဘူးလား။ ငွေစက္ကူကို အပျော်တမ်း ဖြဲဆုတ်နိုင်တဲ့ဘ၀ ရောက်မယ်ထင်လို့လား။ ရွှေထွက်မယ်ဆိုလို့ တူးမယ်ကြံတာလား။ ပညာရှင် ပဂေကြီးတွေအဖြစ်နဲ့ ပြန်လာရမယ် ထင်လို့လား။ ဒါတွေအားလုံးဟာ အလကား အိပ်မက်တွေပါ။ အမှန်တရားကခင်ဗျားတို့ ဒီနိုင်ငံမှာ ရှာဖွေစားနိုင်လောက်အောင် ပညာမရှိလို့ပါ။ ခင်ဗျားတို့က ဟိုနိုင်ငံက ပြန်လာရင် မိုးကျ ရွှေကိုယ်တွေလုပ်ပြီး ကိုယ့်အချင်းချင်းအပေါ် လူတတန်းတစား လုပ်ချင်လို့ပါ။ ဟုတ်တယ်မဟုတ်လား"
တယောက်ကမှ ပြန်မဖြေဘူး။ ကျွန်တော့်အနားကပ်ထိုင်နေတဲ့ မိန်းကလေးကတော့ ကျွန်တော်ပြောတာတွေကို ငေးနားထောင်ပြီး မျက်ရည်တွေ ၀ိုင်းလာတယ်။ အမေရိကန် လေး-ငါး ယောက်လည်း ခေါင်းချင်းဆိုင်ကုန်ကြတယ်။ ကျွန်တော့ကို ဘယ်လိုဆွဲထုတ်ရမလဲ တိုင်ပင်တာ နေမှာပေါ့။ သူတို့ ဘာလို့ လာပြီး ၀ိုင်းမဆွဲထုတ်သေးပါလိမ့်လို့ ကျွန်တော်လည်း မတွေးတတ်ဘူး ဖြစ်နေတယ်။ ကျွန်တော် ရူးနေတယ်ထင်လို့ များလားမှ မသိတာ။ စာမေးပွဲခန်းကြီးကတော့ တိတ်မြဲတိတ်နေတုန်းပဲ။ ဒီလိုဆိုတော့ ကျွန်တော်လည်း စကား ဆက်ပြန်တာပေါ့။
"ခင်ဗျားတို့ဟာ စိတ်ကူးယဉ်သမားတွေပဲ။ အားလုံးအတူတူပဲ။ ရုပ်ရှင်တွေ အများကြီးကြည့်ပြီး နိုင်ငံခြားရူး ရူးနေကြတာ။ သွားခွင့်ရပါမယ့်အကြောင်း ဒုက္ခသုက္ခတွေ အများကြီး ပေးပြီးမှ ခုတခါ စာမေးပွဲ ဖြေကြရအုန်းမယ်တဲ့။ ဒါ ကျွန်တော်တို့ မွေးလာကတည်းက ပြောနေတဲ့ စကားမျိုးနဲ့ ဖြေရတဲ့ စာမေးပွဲလား။ ဘာဒီလောက် ကြောက်နေကြတာလဲဗျာ"
စာမေးပွဲခန်းရဲ့ တထောင့်က အသံတိုးကလေးနဲ့ မ၀ံ့မရဲ "ခင်ဗျားကကော ဘာလို့ ဒီစာမေးပွဲခန်းထဲ ရောက်လာသလဲ။ ကျွန်တော်တို့ အားလုံးလိုပဲ နိုင်ငံခြားသွားချင်လို့ မဟုတ်လား။ မသွားချင်ဘူးလားခင်ဗျာ"
ကျွန်တော်က အသံကြားရာဘက်ကို လှည့်ကြည့်လိုက်တယ်။ အားလုံးက ကျွန်တော်ဟာ စိတ်မနှံ့သူလို့ ထင်ကြတယ် ထင်ပါရဲ့။ ဘယ်သူမှ ကျွန်တော်နဲ့ မျက်လုံးချင်း မဆိုင်ချင်ကြဘူး။ အားလုံး လွှဲရှောင်သွားကြတယ်။
"ကျွန်တော်ဘာလို့ စာမေးပွဲလာဖြေနေသတဲ့၊ ဟုတ်လား၊ ကျွန်တော်လာဖြေတာက ခုလို ထပြီး လောင်ချင်လို့ပေါ့" ဒီအချိန်ထိ ကျွန်တော့်ရင်ထဲ ပူဆူမနေဘူး၊ အေးလို့ပဲ။ ကျွန်တော့်ကို ရိုက်မယ့် နှက်မယ့် အန္တရာယ်လည်း ဘာမှ မမြင်ရဘူး ဟုတ်လား၊ မြင်ရတော့လည်း ကျွန်တော်က ၀ုန်းဆို နီးရာအပေါက်က လစ်ပြေးဖို့ အသင့်ပဲ။
အမေရိကန်တယောက်က ကျွန်တော့်ဆီကို မ၀ံ့မရဲနဲ့ လျှောက်လာပါတယ်။ ကျွန်တော်က ထိုင်းနပန်းတော့ ကောင်းကောင်းလုံးတတ်တယ်ကွလို့ ပြောလိုက်ချင်တယ်။ ဒါပေမယ့် အဲဒါကို အင်္ဂလိပ်လို မပြောတတ်ဘူး။ ဒါကြောင့် ကျွန်တော်က လက်ဝှေ့ဟန်ရေး ပြလိုက်တယ်။ ကျွန်တော်ပြတဲ့ ဟန်ရေးက သိပ်များ မြန်သွားလားတော့မသိဘူး။ သူ လန့်သွားပုံရတယ်။ လန့်ပြီး သူက လဲသွားတော့ ခုံတခုံနဲ့ ၀င်ဆောင့်မိတယ်။ အဲဒီမှာ စာမေးပွဲခန်းကြီးတခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်လာလေရော။ ဒီတော့ ကျွန်တော်လည်း ကြောက်လာပြီ။ ကျွန်တော့်ကို အားလုံးက ၀ိုင်းပြီး တွယ်ကြတော့မယ်။ အားလုံးမှ ၂၀၀ စလုံးက ၀ိုင်းတွယ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်လေ။ အမေရိကန်လည်း လဲကျသွားရော မိန်းကလေးတွေက အော်ကြ၊ ကောင်လေးတွေက အလုံးအရင်းနဲ့ ခုန်ထကြတာကိုး၊ ကျွန်တော်က တံခါးရှိရာကို ခုန်ပြေးတော့တာပေါ့။ ကျွန်တော်ပြေးပြီဆိုတော့ လူ ၂၀-၃၀ က လမ်းဖယ်ပေးကြရာမှာ ခုံ ၂၀-၃၀ လဲပြန်ပါရော။ အော်သံတွေ၊ ခုံလဲသံတွေ၊ လူသံတွေက နားကွဲမတတ်ပါကလား။
အေယူအေခန်းမကြီးရှေ့မှာ ခဏအသက်ရှူပြီး ဖြတ်လာတဲ့ တက္ကစီတစီးပေါ်ကို ကျွန်တော် ပြေးဆွဲတက်လိုက်ခဲ့ပြီး ကားသမားကို မရပ်မနား ဦးတည်ရာမောင်းစမ်းလို့ ခိုင်းလိုက်တယ်။ ပြီးတော့မှ ကိုယ့်ဖာသာကိုယ် လုပ်ခဲ့တာတွေကို အကျေနပ်ကြီးကျေနပ်ပြီး ပြုံးလိုက်မိတယ်။ ကျွန်တော် စာမေးပွဲ ခန်းမကို ဒီပုံစံနဲ့ ပြန်ထွက်ခဲ့မယ်လို့ အစက စိတ်ကူးမရှိရိုးအမှန်။
ကျွန်တော့်အကိုဆီကိုတော့ အမေရိကား အကိုတို့ဆီလိုက်လာဖို့တော့ တသက်လုံး စိတ်မကူး ပါဘူးလို့ စာရေးမိကောင်း ရေးမိပါတော့မယ်။

လူထုဒေါ်အမာ-ဘာသာပြန်သည်။
[မူရင်းရေးသူ- ၀ါနစ်ဂျာရန်ကစ်အနန်း]

[ဒီဝတ္ထုလေးဟာ ၁၉၇၀ ခုနှစ်ဆီက အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားတောင်ပိုင်းကို ဘန်ကောက်က လူလတ်တန်းစားတွေ အလုံးအရင်းနဲ့ ပြောင်းရွှေ့နေထိုင်ကြတာကို တစိတ်တဒေသ သရော်တဲ့ ၀တ္ထုပါ။ ဒီလူတွေက ထိုင်းမှာ နိုင်ငံရေးနဲ့ စီးပွါးရေးမတည်ငြိမ် မရေရာမှုတွေကြောင့် တကြောင်း၊ အမေရိကန်နဲ့ ထိုင်းတို့ရဲ့ ကိုလိုနီတပိုင်း ဆက်ဆံရေးတွေကြောင့်တကြောင်း အမေရိကား ကို သွားကြ၊ ပြောင်းကြတာပါ။ ဘန်ကောက်မှာရှိတဲ့ လူလတ်တန်းစားကလည်း အများအားဖြင့် တရုတ်ကပြားတွေ ဟုတ်လား။]

[လူထုဒေါ်အမာ-ထိုင်းဝတ္ထုတိုများ(၁)၊ ပထမနှိပ်ခြင်း၊ ၁၉၉၂ ဒီဇင်ဘာလ၊ စာအုပ်မှ ကူးယူ ဖော်ပြပါတယ်။]

Friday, April 11, 2008

ဘ၀ကင်းဗတ်ပေါ်ကသံမဏိစုတ်ချက်ကြမ်း (အပိုင်း ၂)
ဖိုးသံစိမ်း-ရေးသည်။

ရထားပြတင်း ပိတ်ကားပေါ်က ရုပ်ရှင်ကားက မပြောင်းသေးပါဘူး။ ကျေးလက်နောက်ခံ သရုပ်မှန် ဇာတ်လမ်းကို ပြနေတုန်းပဲ။ မွန်းတိမ်းကာနီးပြီမို့ ကာဘွန်ချောင်း အသစ်လဲလိုက်သလို မြင်ကွင်းက ပိုပြီး စူးရဲတောက်ပနေတယ်။ လယ်ကွက်တွေ၊ ခင်တန်းကလေးတွေ၊ စိုးစိုး၊ ကိုသိန်းတန်နဲ့ မိုးမိုးတို့ရဲ့ မိတ်ဆွေတွေကို တခါတခါမှာ လှမ်းမြင်ရတယ်။ စိုးစိုးနဲ့ မိုးမိုးနေရာမှာ ဟေမာနေ၀င်းနဲ့ မေဆွိတို့ ရောက်နေကြပြီလား။

လက်ပံတန်းက တက်လိုက်လာတဲ့ စီးကရက်နဲ့ဆေးလိပ် ဗန်းလွယ်ထားသူ ကလေးက သူတို့ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်နေတာလား။ တွဲမှားတက်မိတဲ့အတွက် ယူကြုံးမရ ဖြစ်နေတာ လား မသိ။ မရွှင်ပြ လှဘူး။ ပါးစောင်ထဲမှာ ဗမာဆေးရွက်ကြီး ငုံထားတဲ့ ပဲခူးက ဂေါပကလူကြီးက မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း ဂါထာတခုကို ရွတ်လိုက်လာတယ်။ ဆရာဝန်ကတော့ ကျွန်တော်တို့ကို သရက်ထောင်ပို့ရင် ကောင်းမယ်။ အောင်လံမှာ ကျွန်တော့် အမျိုးတွေ ရှိသတဲ့။ ရထားက တလှုပ်လှုပ်နဲ့။ ပုခက်ထဲထည့်ပြီး သူတို့ကို ချော့သိပ်နေသလိုပဲ။ တေးသွားကတော့ စထွက်ကတည်းက တေးသွား။ မယ်လိုဒီက ဂျုန်းဂျုန်း။ ဟာမိုနီက ဂျက်ဂျက်လေ။ မဇ္ဈိမတိုင်းရော၊ အယုဒ္ဒယတိုင်းကပါ ပြန်လာတဲ့ စုံတောမြိုင် ကျောင်းသားလေးက ဆေးတက္ကသိုလ်က မျက်မှန်တပ် ကျောင်းသားကလေးနဲ့ ရယ်စရာတွေ ပြောရင်း တပြုံးပြုံးရှိနေကြတယ်။ အပူအပင်ဆိုတာ ဂျိုနဲ့လား။
အလုံသစ်စက်ကလူနဲ့ သူ့အမှုတွဲက ခေါင်းချင်းဆိုင်ပြီး ဆေးလိပ်ကို တလှည့်စီ ဖွာနေကြတယ်။ လက်ထဲမှာလဲ ဆေးလိပ်စွပ် ကျည်တောက်ကို မြဲမြဲဆုပ်ထားတယ်။ နေက နည်းနည်းစောင်းစ ပြုလာပြီ။ မြင်ကွင်းကတော့ သူတို့ ချစ်တဲ့ လယ်ကွင်းတွေပဲ။ ခင်တန်းကလေးတွေက ဟိုနားတစု၊ ဒီနားတစု။ သူတို့က စိမ်းမြတာကို မြတ်နိုးတယ်။ လယ်သမားတွေကို လေးစားကြတယ်။ သူတို့ ဘ၀ကို တန်ဘိုးထားကြတယ်။ ဒါကြောင့် ဒီမြင်ကွင်းကို သူတို့ ဘယ်နှစ်ရက်ပဲ ထိုင်ကြည့်ကြည့် မရိုးနိုင်တဲ့ မြင်ကွင်းပေါ့။ ဟောဒီ လယ်ယာရှုခင်းတွေကနေ သူတို့အတွက် လက်ရာမြောက် ပန်းချီကားတွေ၊ ပီပြင်တဲ့ ရုပ်ရှင်တွေ၊ ခံစားရမယ့် ကဗျာတွေ၊ ဂန္ထ၀င်တေးတွေ၊ လက်ကမချချင်လောက်အောင် ကောင်းတဲ့ ၀တ္ထုတွေ ဖြစ်လာလိမ့်မယ်။ ဟော ရထားက နှေးသွားပြန်ပြီ။ လက်နက်ကိုင် ပုလိပ်တယောက်က နတ္တလင်းရောက်တော့မယ်တဲ့။ နတ္တလင်းဆိုရင် ဗိုလ်ဗြူးရဲ့ နတ္တလင်းပေါ့။
ဘူတာက ခရီးသည်တွေနဲ့ စည်ကားနေတယ်။ ဗိုလ်ဗြူးရဲ့ မိဘတွေဆီ အကြောင်းကြားခိုင်းသံ ကြားရတယ်။ မြန်မြန်သွားပြောပေးပါဗျာ ဆိုတာကို လူငယ်သုံးယောက်က သံပြိုင်နီးပါး မှာနေကြတယ်။ အင်းစိန်မှာပဲ ရှိနေတယ် အမှတ်နဲ့ ထောင်ဝင်စာ သွားတွေ့နေရင် လူပမ်း၊ ငွေကုန်မယ့် လွဲချော်မှု တခု မဟုတ်လား။ ပြီးတော့ ဘယ်သူကရော ကိုယ့်မိဘနဲ့ မတွေ့ချင်တဲ့သူ ရှိပါ့မလဲ။ စက္ကန့်တွေ မိနစ်တွေက အကုန်မြန်လှတယ်။ ဗိုလ်ဗြူးအိမ်က တယောက်မှ ရောက်မလာဘူး။ သံလှောင်အိမ်ထဲကလူတွေ လည်ပင်းရှည်နေကြပြီ။ ဟိုဟာ ဗိုလ်ဗြူးအဖေလား။ ဟိုဟာကတော့ ဗိုလ်ဗြူးအကိုလား။ အသက် အတော်အသင့်ရတဲ့ အမျိုးသမီးမြင်ရင် ဗိုလ်ဗြူးအမေလို့ ထင်မိကြတယ်။ မဟုတ်ဘူး။ တယောက်မှ မဟုတ်ဘူး။ ဂါတ်ဗိုလ်ရဲ့ ခရာသံ ကြားလိုက်ရတယ်။ ရထားထွက်တော့မယ်။ ဘယ်လိုလုပ်ကြမလဲ။ ခုမှတော့ ဘာမှ မတတ်နိုင်တော့ဘူး။ တနည်းပဲ ရှိတော့တယ်။ အဲဒါကတော့ တွေ့တဲ့ လူတယောက်ကို လှမ်းမှာတဲ့နည်းပဲ။
သူ့အဖေရဲ့ ဆန်စက်လိပ်စာနဲ့ သူ့သားထောင်ပြောင်းသွားပြီ။ အရေးကြီးတယ်၊ သွားပြောပေး ပါတဲ့။ နားထောင်နေတဲ့သူက ရိုးရိုးသားသား ကူညီချင်စိတ် ရှိပုံရတယ်။ ရထားက စထွက်ပြီ။ နတ္တလင်းမှာ ဘုရားပွဲကြီးတခု ကျင်းပနေတယ်။ ဒါကြောင့် ဗုဒံ္ဓ၊ ဓမ္မံ၊ သံဃံ ထွန်းမြင့်အောင် ဘဲဥမုံ့သိုင်းခြုံသည်၊ အနန္တမေတ္တာ ဒေါ်မှည့်ကြီး အကြော်ဆိုင်၊ ပဉ္စဂုဏံ ရွှေမန်းကဖီး စတဲ့ ဆယ့်နှစ်ပွဲ ဈေးဆိုင်ကလေးတွေ တွေ့လိုက်ရတယ်။ ဒီဘုရားပွဲမှာ ဘာဇာတ်အဖွဲ့ လာကနေသလဲ။ ဖျာတချပ် ဘယ်ဈေးလဲ။ ရုံဝင်ခရော ဘယ်လောက်တောင် ဖြစ်နေပြီလဲ။ သူက မြို့တော်ကိုယဉ်အောင်နဲ့ ဆရာဝင်းစည်သူတို့ကို ဖြတ်ခနဲ သတိရလိုက်တယ်။ ဒီပုဂ္ဂိုလ်တွေ နေထိုင်လို့မှ ကောင်းကြရဲ့လား။ ဘာနဲ့ ၀မ်းကျောင်းနေကြသလဲ။
ရထားက ဘူတာက ထွက်ပြီး မီတာနှစ်ရာလောက် ရောက်တော့ ဘရိတ်ဖမ်းသံတွေ တဂျီဂျီနဲ့ ကြားလိုက်ရတယ်။ ဘာများ ဖြစ်ပြန် ပြီလဲ။ ဘရိတ်ဖမ်းပေမယ့်လည်း ရထားက တော်တော်နဲ့ မရပ်ဘူး။ ဟော ရပ်သွားပြီ။ ရပ်ပြီးတော့ ရှေ့ဆက်မသွား။ နောက်ကို ပြန်ခုတ်နေတယ်။ ဆယ့်နှစ်ပွဲဈေးသည်တွေ ရော၊ ကတ္တရာလမ်းပေါ်က ဘုရားပွဲဈေး လျှောက်သူတွေပါ နောက်ပြန်ခုတ်နေတဲ့ ရထားကို ကြည့်နေကြ တယ်။ သူတို့လည်း ရုပ်ရှင်ဖလင်ကို နောက်ပြန်ရစ်ပြနေတာ ကြည့်နေရသလိုပဲ။ လွဲချော်မှုတခုတော့ ဖြစ်ပြန်ပြီ။ ရထားက နှေးရာက ရပ်သွားတယ်။ တွဲတွေက ပထမ ရပ်ခဲ့ဖူးတဲ့နေရာမှာ ကွက်တိ ရပ်နေပါလား။
ပလက်ဖောင်းပေါ်က လူတချို့ သံလှောင်အိမ်နှစ်ခုကို ဂရုစိုက် ကြည့်နေကြတယ်။ ကျ, နေကြောင့် သံလှောင်အိမ်တွေက နည်းနည်းတော့ ပိုလင်းသလို အရှိသား။ အမေ..... အမေ......။ ဗိုလ်ဗြူးရဲ့အသံ။ နဖူးမှာ၊ နသယ်မှာ၊ နှုတ်ခမ်းအထက်မှာ၊ မေးစေ့မှာ ချွေးစိုနေတဲ့အမေ။ အမေရဲ့ ၀မ်းသာသွားတဲ့ မျက်နှာကလေးက ဘယ်သရုပ်ဆောင်မှ တုမရတဲ့ မျက်နှာ။ နဘေးမှာ ဗိုလ်ဗြူးရဲ့ အမျိုးတွေ။ သံလှောင်အိမ်ထဲက တက္ကသိုလ် ကျောင်းသားလေးတယောက်နဲ့ ရင်တုန် ပန်းတုန်နှလုံးခုန် နေကြတဲ့ ဆွေမျိုးတစု အထက်အောက် စကားပြောနေကြတယ်။ သူတို့က ပွဲကြည့်ပရိသတ်လေ။ သားအမိ စကားပြောနေပုံကို ကြည့်ပြီး ပရိသတ်က ရင်ထဲမှာ မချိတင်ကဲ ခံစားနေကြရတယ်။ သံဇကာတွေကို အစွမ်းကုန် ဆွဲဖြဲပစ်၊ သံခြေချင်းတွေကို ရိုက်ချိုးလွှင့်ပစ်ပြီး သားဖြစ်သူကို သူ့အမေရင်ခွင်ထဲ ထည့်ထားခဲ့ချင်တယ်။
အမေက ပလက်ဖောင်းပေါ်က။ သားက သံလှောင်ချိုင့်ထဲက။ နံဘေးက ကလေးတွေက မျက်တောင်တွေ ပုတ်ခတ်၊ ပုတ်ခတ်နဲ့ ။ မကျစေချင်တဲ့ မျက်ရည်တွေ ကော်ထုတ်နေကြသလိုလို။ ဆရာတော်ကြီးတောင်မှ ဒီမြင်ကွင်းကို ဆက်မကြည့်နိုင်တော့ဘူး။ မျက်လုံးတွေကို ရထားကြမ်းပြင်ဆီ ရွှေ့ထားတော်မူရှာတယ်။ သံဇကာနားကပ်နေတဲ့ မြောင်းမြသားကို နဘေးလူတွေက ၀ိုင်းအုံဖိထားလို့ သူ့နဖူးမှာ သံဇကာအရာ ထင်သွားတယ်။ မိနစ်တွေက တကယ်ကို ကုန်လွယ်လွန်းလှတယ်။ သားအမိ ပြောလက်စ မသတ်ရသေးဘူး။ ရထားက ပြန်ထွက်ပြီ။ အမေက ရထားနဲ့ ယှဉ်လို့ ခြေလှမ်း ခွန်နှစ်လှမ်း၊ ရှစ်လှမ်း လိုက်လာခဲ့သေးတယ်။ ခရီးဆုံးထိအောင် လိုက်နိုင်ရင် ပြေးလိုက်မယ့် အမေ။ အခုတော့ အမေ ကျန်ရစ်ပြီ။ ဗိုလ်ဗြူးရဲ့ ညီလို့ ထင်ရသူကလေးက ရထားပြတင်းဘောင်ကို တွဲလွဲခိုရင်း စကားတွေ ပြောနေပြန်တယ်။ သူ့ခမျာ ခုနက မပြောရရှာပဲကိုး။ သံလှောင်အိမ်ထဲက လူတွေက နေရစ်ခဲ့ဖို့ စိုးရိမ်စိတ်နဲ့ ၀ိုင်းပြောတယ်။ ရထားက အရှိန်ရစ ပြုနေပြီ။ ခက်တော့ ခက်နေပြီ။ လူငယ်လေးကို ထပ်ပြောကြရတယ်။ ဒီတော့မှ အသာ ခုန်ဆင်းနေရစ်ခဲ့တယ်။ ဒီတခါ လွဲချော်မှုကတော့ သံလှောင်အိမ် ထဲက လူတွေကိုသာမက ဘူတာမှာ ရှိတဲ့ လူတွေကိုပါ ဝေဒနာတွေ ပေးလိုက်တယ်။ သူတို့ အချင်းချင်းလည်း စကားမပြောဖြစ်ကြ။ ဘုရားပွဲဈေးတန်း၊ ကားလမ်းနဲ့သစ်ပင်တွေကို သူတို့ သတိမရကြတော့ဘူး။ လှမ်းကြည့်မိပြန်တော့ မြင်ကွင်းက မသဲမကွဲေ၀၀ါးနေတယ်။ ဗိုလ်ဗြူးက လက်ဖမိုးနဲ့ သူ့မျက်လုံးတွေကို ပွတ်လိုက်တယ်။ ပြီးတော့ သွားတက်ကလေးပေါ်အောင် တချက်ကြိုးစား ပြီး ပြုံးပြတယ်။ သူ့အပြုံးကို မြင်ရတဲ့ သူတွေကလည်း မချိသွားဖြဲ ဖြစ်သွားကြတယ်။
စလင်းက ဥယျဉ်ခြံစိုက်ပျိုးသူနဲ့ စက်မှုလယ်ယာမှာ အမှုထမ်းသူက ဘယ်သူမှ မသိစေချင်တဲ့ စကားတွေ ပြောနေသလိုမျိုး။ သူကတော့ အဝေးမှာရှိတဲ့ ဇနီးသည်ဆီ စိတ်ရောက်နေတယ်။ ဆိတ်သိုးတကောင် ၀င်စားထားတဲ့ လှေကားထစ်တောင်ယာလို ဆံပင်မျိုးနဲ့ ပဒေသာသံခြေချင်း ၀တ်လျက် သူ့ပုံကို ဇနီးသည် မြင်စေချင်တယ်။ ဒီအတွေးကရော ပုံမှန်ဟုတ်ရဲ့လား။ ရင်တုန်တတ်တဲ့ ဇနီးကို နောက် ရင်မတုန်အောင်လို့ ကော်ဖီပြင်းပြင်းတခွက် တိုက်သလိုမျိုးလို့ သူ ထင်နေမိတယ်။
"လူတွေနဲ့ ဝေးဝေးxx ဝေးတဲ့နယ်မြေxx အတူတူသွားသွား..သွားကြမယ်လေxx နက်ရှိုင်းတဲ့ တောရဲ့ရင်ခွင်မှာပျော်နေ သဘာဝရဲ့ ရင်သွေးငယ်တွေ"
တွဲရဲ့ ဒေါင့်ဆီက သီချင်းသံ ထွက်ပေါ်လာတယ်။
"ဒီကမ္ဘာမှာ စစ် စစ် စစ် မဖြစ်ရာမြေxx တနေရာ ရှိ ရှိ ရှိ ရမယ်လေ ထာဝရ ငြိမ်းချမ်းမှု ရှာကာ ပျော်ရွှင်နေxx သဘာဝရဲ့ ရင်သွေးငယ်တွေ"
အစက တယောက်တည်း အသံ။ နောက်တော့ နဘေးက လိုက်ဆိုကြတယ်။ ဆရာတော်ကြီးရဲ့ မျက်နှာမှာ အပြုံးတဖူး ဖူးနေတယ်။
"ပိုင်ဆိုင်တာ အားလုံး စွန့်ကာလေxx မနာလိုစရာ လည်းပဲ မရှိတော့ပေxx ဘယ်သူမဆို အားလုံးတန်းတူပေxx ညီအကိုလို ကြင်နာမှုနဲ့လေxx လောကသစ်တခု တည်နေ"
သံပြိုင်ဆိုတဲ့သူတွေ ပိုများလာတယ်။ သူက ဒီသီချင်းကို အစအဆုံးမရ။ ရတဲ့အပိုဒ်တွေပဲ လိုက်ဆိုမိတယ်။ သူ့မှာ လှည့်ပတ်နေတဲ့ သွေးတွေ နွေးရာက ကြက်သီးဖျန်းကနဲ ထသွားတယ်။ ဘယ်လို ဖြစ်ကြတာလဲ။
လူတွေ၊ အသက်တွေ၊ ဖြတ်သန်းတဲ့ဘ၀တွေ၊ အတွေ့အကြုံတွေ မတူကြပဲနဲ့ စိုင်းခမ်းလိတ်ရဲ့ သီချင်းကျတော့ သံပြိုင်ဆိုနေကြပါလား။ ခံစားနေကြရပါလား။ သဘာဝရဲ့ ရင်သွေးငယ်ဆိုတာ ဘယ်သူတွေလဲ။ ဆင်မလိုက်က မှဲ့ပါတဲ့၊ ဥတ္တရမြိုင်က ပြန်လာတဲ့ အိုက်ကတွတ်ဂျာရဲ့ ဆိုသံက စူးထွက် နေတယ်။ သူတို့ အားလုံး သီဆိုနိုင်တဲ့ သီချင်းတွေ ရေးတဲ့ စိုင်းခမ်းလိတ်ကို ကျေးဇူးတင်နေမိတယ်။
အခုဆိုရင် တန်ဆောင်မုန်းလပြည့်ကျော် တရက်ည။ လမင်း ၀ိုင်းဝိုင်းစက်စက်ကြီးက ပဲခူးရိုးမ ပေါ်က တဖြည်းဖြည်းနဲ့ တိုးထွက်လာနေရော့မယ်။ သူက စိတ်ကူးနဲ့ ပန်းချီကားတချပ် ရေးနေမိတယ်။ နက်ပြာပြာ ညချမ်း၊ မြစိမ်းပြာ အလယ်ရိုးမ၊ ဘော်ငွေရောင်လမင်း တပိုင်းတစ၊ ပြီးတော့ တိမ်မျှင်ပါးပါး လေး ဟိုတစ ဒီတစ။ သူတို့ ကြည့်ချင်တဲ့ ငွေလမင်း၊ အလယ်ရိုးတို့ကို မမြင်ကြရဘူး။ သံထူပြားကြီးက ကာဆီးနေတယ်။ သြော်...ငွေလမင်း၊ အလယ်ရိုးနဲ့ သဘာဝရဲ့ ရင်သွေးငယ်တွေပါလား။ သီချင်းက နောက်တပုဒ် ပြောင်းသွားတယ်။ မှောင်ပိန်းနေတဲ့ သံလှောင်အိမ်ကြီးထဲမှာ အာရုံခံစားစရာဆိုလို့ နားသောတ အာရုံပဲ ရှိတော့တယ်။ "နံရံ မုန်းတီးသူများ ပြေးထွက်ခဲ့ဟေ့ ကျွန်တော်နေတဲ့ တဲငယ်လေး၊ မြက်ခင်းစိမ်းနဲ့ တဲငယ်လေး၊ မိုးမခတောထဲက တဲငယ်လေး" သူ့နားထဲကို "နံရံမုန်းတီးသူများ" ဆိုတဲ့ စကားက ပဲ့တင်ထပ်နေတယ်။ စိတ်ကူးထဲမှာ မိုးမခတော စိမ်းမြမြလေးနဲ့ ညိုမှိုင်းမှိုင်း သစ်လုံးတဲ ကလေး တလုံး ပုံဖော်ကြည့်နေမိတယ်။ မျက်လုံးကို မှေးစင်းထားရာက ပြန်ဖွင့်လိုက်တယ်။
ဘယ်နေရာကြည့်ကြည့် အနက်နဲ့ အမှောင်ချည်း။ ကြယ်ကလေးတလုံးတလေကိုမှ မမြင်ရ။ တခုခုကို မြင်ရလို မြင်ရငြား သူက ပြတင်းပေါက်ကို ငေးနေတယ်။ ပြည်ဝင်ခါ နီးပြီတဲ့။ ပြည်ဆောင်းက အေးမြဖို့ အရှိန်ယူနေတယ်။ ရထားကလည်း ဇောင်းထဲပြန်ဝင် အစာစားရတောမယ့် မြင်းတကောင်လို ခြေကုန်သုတ်နေတယ်။ ဆေးလိပ်မီးတွေလည်း ကျဲပါးနေပြီ။ ရုပ်ပြကာတွန်းဆရာတယောက် ဆီကပဲ ဆေးလိပ်မီးရဲရဲလေး တွေ့ရရဲ့။ ချောင်းဖြတ်တံတားလေးတခု ရထားဖြတ်တော့ မယ်လိုဒီရော၊ ဟာမိုနီရော ပိုကျယ်သွားတယ်။ ခဏနေ ဟိုမှာ ပြည်မြို့။ ပြည်ရွှေဆံတော်ကို မီးရောင်တွေကြားမှာ ရွှေရောင်တ၀င်းဝင်းနဲ့ လှမ်းဖူးရတယ်။ ရထားလမ်းဆုံး ပြည်ကို ရောက်တော့မယ်။ သူတို့ ပြည်မှာ နေရမှာလား။ မဖြစ်နိုင်ဘူး။ ပြည်ထောင်က 'ဂ' အဆင့်ထောင်လို့ ကြားဖူးတယ်။ ကိုင်းကြီးကြီး နားသူတွေကို ထားလို့ မရဘူး။ ဒါဖြင့်ရင် ဘယ်ထောင်ပို့မှာလဲ။
ဒီဇယ်မီးခွက် မှိတ်တုတ်တုတ်နဲ့ တဲငယ်လေးတချို့ ဟိုတစု။ ဒီတစု။ ဘာလုပ်စားကြတဲ့ မိသားစု တွေလဲ။ လယ်သမားတွေလား။ တံငါတွေလား။ မီးရထားလမ်း အလုပ်သမားတွေလား။ ဆီးနှင်းတွေ ကာနေတာကြောင့် လရောင်က လင်းသင့်သလောက် မလင်းဘူး။ လေးပေမီးချောင်း၊ မော်တော်ကားမီး၊ မာကျူရီမီး၊ တိုက်တာ အဆောက်အဦး။ မြို့ပြ အမှတ်အသားတချို့ မြင်နေရပြီ။ ဘူတာနားက တန်းလျားတွေကတော့ မှောင်နဲ့ မဲမဲလေးတွေ။ ဒိပြင်မြို့တွေကလို မီးရထားအလုပ်သမား တန်းလျားတွေ လို့ သူ ထင်တယ်။ ပြည်ဆိုပြန်တော့လည်း သူ့ မိတ်ဆွေ သီဟတင်ထွဋ်ခင်ကို သတိရပြန်ရော။ သူ့မိတ်ဆွေက အင်းစိန် သုံးဆောင်မှာ ကျန်ရစ်ခဲ့ပြီ။
ရထားက လော်ကယ်ရထားပီပီ မျက်နှာမွဲမွဲ ချောင်ကျကျ ခပ်မှောင်မှောင် တနေရာမှာ သွားရပ် တယ်။ သူတို့တွဲအောက်ကို စမ်းတ၀ါးဝါးနဲ့ ဆင်းကြရတယ်။ လိုက်ပို့တဲ့ ကြယ်ပွင့်တွေက "ရေအိုးတွေ ပါအောင် ယူခဲ့ကြဟေ့။ နောက်တနေ့ ခရီးဆက်ရအုံးမယ်" ခရီးဆက်ရအုံးမယ် ဆိုပါလား။ ပြည်မြို့ရဲ့ အထက်မှာ ရှိတဲ့ သရက်ထောင်၊ ပခုက္ကူထောင် တို့ကို ပြေးပြီးသတိရမိတယ်။ အချိန်က ရှစ်နာရီကျော် လောက် ရှိပြီထင်ရဲ့။ ပြည်ဘူတာမှာ သူတို့ ကိုးဆယ့်ကိုးယောက်ရဲ့ ခြေချင်းသံတွေက ညံနေတယ်။
ရန်ကုန် အမြန်ရထားစီးကြမယ့် ခရီးသည်တွေနဲ့ လိုက်ပို့သူတွေ ဘူတာမှာ ပြည့်နေတယ်။ ဒီထဲမှာ သူတို့ အသိမိတ်ဆွေများ ပါလေမလားလို့ ရှာကြည့်သေးတယ်။ တယောက်မှ မတွေ့ကြဘူး။ ဘူတာအပြင်မှာ ကားနှစ်စီးက အသင့်စောင့်နေတယ်။ တစီးက အချုပ်ကား။ တစီးက အမိုးမပါတဲ့ ဘီအမ်ကား။ ခရာသံ တတွီတွီနဲ့ လမ်းကြောင်းရှင်းရင်း ကားတွေ အမြန်မောင်းထွက်လာကြတယ်။ ပြည်ရွှေဆံတော်ဘုရားပွဲရှိတဲ့ ပြည်မြို့က စည်နေတယ်။ ဒီနှစ် စွယ်တော်လှည့်တဲ့နှစ်တဲ့။ ပွဲဈေးသွား သူတွေ၊ တည်းခိုခန်းတွေ၊ ဗိုလ်ချုပ်ရုပ်ထုတို့ တရိပ်ရိပ်နဲ့ ကျန်ရစ်ခဲ့ပြီ။ သူတို့က မြို့လယ်မှာရှိတဲ့ ထောင်ရှေ့ ရောက်နေကြပါပေါ့လား။
ပြည်ထောင်က လူတွေက သူတို့ကို သစ်သားတန်းတွေကြားက မသိမသာ လှမ်းကြည့်နေ ကြတယ်။ ထောင်ဝင်းထဲက စေတီတော်ကလေးနားက ဖြတ်ပြီး ဆေးရုံဆောင်မှာ နေရာချထားပေး တယ်။ အပေါ်ထပ်မှာ အများစု၊ တချို့က အောက်ထပ်မှာ။ သူက အောက်ထပ်မှာ အိပ်ရတယ်။ ပြည်ထောင် ငွေတထောင်ပါရင် မိန်းမတောင် မလွမ်းဘူးဆိုတဲ့ ဆိုရိုးစကား ကြားဘူးတယ်။ အောက်ထပ်မှာ စစ်တုရင် ခုံရှိတယ်။ မောင်စိန်ဝင်း(ပုတီးကုန်း)နဲ့ မိုမို (ဆေးတက္ကသိုလ်) တို့ကို တွေ့ခဲ့ တယ်။ အင်းစိန်မှာ လကို မမြင်ရတာ ကြာခဲ့သူတွေ ပြည်မှာ သာတဲ့လကို ခံစားရတဲ့ ညပေါ့။ လမင်းက ၀ိုင်းစက်စက်။ တချပ်ပေါ်တချပ် ဆင့်ထားတဲ့ အုတ်ခဲတွေပေါ်က တရွေ့ရွေ့မြင့်တက်လာနေပြီ။ အဟူဂျာ ဓါတ်ပုံတိုက်က ရိုက်ထားတဲ့ ခေတ်ဟောင်း မန္တလေးမဟာမုနိပုံတော်ကို အဲဒီအထဲမှာ သူဖူးခဲ့ရသေး တယ်။ အဲဒီတုန်းက မဟာမုနိကိုယ်တော်က ကိုယ်လုံးတော် ခပ်သွယ်သွယ်ပဲ ရှိသေးတယ်။
နောက်တနေ့ နှစ်ဆယ်သုံးနိုဝင်ဘာ မနက်အစောကြီးမှာ အိပ်ရာက ထကြရတယ်။ ထမင်းထုပ် တွေ ဝေတယ်။ လုံခြုံရေးယူသူတွေက သံခြေချင်းကို စနစ်တကျ စစ်တယ်။ ငါး၊ ခြောက်၊ ခွန်နစ်၊ ရှစ်.... အမှတ်စဉ်အော်ပြီး အပြင်ဘက် ထွက်ကြရတယ်။ အပြင်မှာ အချုပ်ကား အဆင်သင့် စောင့်နေပြီးသား။ ကားပေါ်ကို တ၀က်လောက် ရောက်ပြီးမှ အားလုံးပြန်ဆင်းခိုင်းပြီး ထောင်ထဲ ပြန်ထည့်လိုက်တယ်။ ဒီတခါ လွဲချော်မှုကတော့ သင်္ဘောရောက်မလာတဲ့ လွဲချော်မှုတဲ့။ သင်္ဘောဆိုပါလား။ ရေလမ်းခရီး ကျန်သေးတယ် ဆိုတဲ့ သဘောပဲ။ ပြည်မှာတရက် ထပ်ပြီး နေရတယ်။ ပြည်ထောင်က သူတို့ကို ထမင်း သုံးနပ် ကျွေးလိုက်ရတဲ့ နေ့ပေါ့။
နှစ်ဆယ့်လေး နိုဝင်ဘာမှ ပြည်ထောင် အမှန်တကယ်အစစ် ထွက်ခွါလာကြရတယ်။ မနေ့က လိုပဲ အစောကြီးထရ၊ ထမင်းထုပ်တွေ ယူကြရတယ်။ ထမင်းထုပ်ထဲမှာ မနေ့ကလိုပဲ ဘဲဥတွေ ပါလာ တယ်။ အာရုဏ်တောင် မပျိုးသေးဘူး။ သူတို့ ဆိပ်ကမ်းကို ရောက်နေပြီ။
ပြည်မြို့က ကျောက်ပုံဆိပ်ကမ်းဆိုတာ ဒီဟာထင်ရဲ့။ ရေကျချိန်မို့ ကမ်းပါးက တော်တော်စောက် တယ်။ သင်္ဘောပေါ်မှာပဲ မီးတွေလင်းနေတယ်။ ပါတ်ဝန်းကျင်က မှောင်လို့။ သူ့မိတ်ဆွေ ကွန်ပြူတာ ဆရာက ပြုံးပြနှုတ်ဆက်ရင်း မနေ့က အိပ်လို့ ပျော်ကြရဲ့လားလို့ မေးနေတယ်။ ထောင်ပြောင်း ကိုးဆယ့်ကိုးယောက်မှာ အရင်ဆုံးလွတ်မယ့် လွတ်ခါနီး ပျဉ်းမနားမျိုးဆက်လေးက ဆရာတော်ကြီးရဲ့ အိပ်ရာလိပ်ကို ကူညီသယ်ပေးနေတယ်။ သင်္ဘောပေါ်အတက်မှာ ထန်းခေါက်တောင်ထဲ ပိုးလိုးပက် လက်လန်နေတဲ့ နတ်ရုပ်တွေက သူတို့ကို ဆီးကြိုနေကြတယ်။ မင်္ဂလာမနက်ပါ ကိုကြီးကျော်။
အပေါ်ထပ် အနောက်ဖက်ခြမ်းမှာ သူတို့အားလုံး တန်းစီနေရာယူကြရတယ်။ အရှေ့ဆီက ရောင်နီ ပျိုးလာပြီ။ ပြည်ဆောင်းကလဲ အပွေ့အဖက် ကြမ်းတာပါပဲလား။ သင်္ဘောရဲ့ ကုန်ပတ်ပေါ် အသက်ကယ်ဘောမှာ 'တမန်' လို့ ရေးထားတယ်။ သြော်...'တမန်' တဲ့လား။ ဘယ်သူတွေကို စေမယ့် 'တမန်' လဲ။ ကြိုးကြာတွေကိုလား။ ဘယ်ကို စေမယ့် 'တမန်' လဲ။ ရေမြေတဆုံး စေချင်ရာစေတော့ 'တမန်' ရေ။
သူ့ရေစီးသံကြောင့် ပတ်ဝန်းကျင်ကို အနှောက်ယှက်ဖြစ်မှာ စိုးနေပုံရတယ်။ မြစ်မင်းဧရာက အသံတိတ် ဧကစာရီကျင့်နေတယ်။ တယ်လဲ ချစ်စရာကောင်းတဲ့ ဧရာဝတီပါလား။ ဒီမြစ်ရေတွေက သူတို့ မြို့ကို ဖြတ်စီးခဲ့တဲ့ မြစ်ရေတွေ။ သူ့မိတ်ဆွေ ကဗျာဆရာ၊ ဆံသဆရာ ယုထင် ဆင်းဆင်းပြီး ရေချိုးခဲ့တဲ့ မြစ်ကြီးပေါ့။ သူ့ရဲဘော် ကိုကျော့မောင်နေတဲ့ ဂင်ဂဲကို ဖြတ်စီးခဲ့တယ်။ ကဗျာဆရာ (ကို)လေးမောင်ရဲ့ မြင်းခြံ၊ အောင်ကျော်ဆန်းနေခဲ့တဲ့ မြင်းခြံကို ဖြတ်စီးခဲ့တယ်။ သူက မန္တလေးထောင်ထဲ မှာရှိနေတဲ့ အောင်ကျော်ဆန်းကို သတိရနေတယ်။ ကိုယ့်လူ အလကားနေမယ့် သူတော့ မဟုတ်ဘူး။ ကိုယ့်ဘ၀ တိုးတက်ရာ တိုးတက်ကြောင်းအတွက် အလုပ်တခုခု လုပ်နေမယ့်လူ။

အပိုင်း(၂)ပြီး။