Wednesday, April 23, 2008

ဆရာဦးမြသန်းတင့်ညွှန်ခဲ့တဲ့စာတအုပ်
ရေးသူ-အောင်မြိုင်

(၁)ကျွန်တော့်ရှေ့မှာ ကုန်လုလု ဆေးလိပ်အစီခံတိုတွေ၊ အစီအစဉ်မဲ့ ပရမ်းပတာ စုပုံနေတယ်။ အစီခံတိုတွေရဲ့ တဘက်ထိပ်က မီးကျွမ်းလက်စ ဆေးသားတွေ အံကျနေပြီး၊ ကိုက်ဖွာထားတဲ့ အခြားဘက် ထိပ်မှာတော့ မစိုမခြောက် စိုထိုင်းထိုင်း ဖြစ်နေတယ်။ သည်ဆေးလိပ် အစီခံတိုတွေက ကျွန်တော့်အတွက် 'ဧကရာဇ်တို့ရဲ့ ဘဏ္ဍာတိုက်'။



ဆေးလိပ်ဖွာချင်တဲ့ ဆန္ဒရှိရင် ဆေးလိပ်တိုထဲမှ လက်ကျန်ဆေးသားတွေထုတ်၊ ထုတ်လို့ရတဲ့ ဆေးသားတွေကို စုပြီး ရှိတဲ့ စက္ကူစနဲ့ ပွတ်ချွန်းလိပ် ဖွာရတယ်။ ကျန်တဲ့ စက္ကူပတ်အစီခံကို ရေစိမ်၊ မပျက်မယွင်းအောင် စက္ကူကိုခွါ၊ အခြောက်ခံ၊ ပြီးမှ အစီခံစက္ကူမှာပါတဲ့ ပုံနှိပ်စာလုံး အပိုင်းအပြတ်တွေ ကို ပဟေဠိ အဖြေညှိသလို ဖတ်ရတယ်။ ခွါလိုက်တဲ့ စက္ကူက ၀တ္ထုစာအုပ်စက္ကူဆိုရင် ကျွန်တော် စိတ်ပျက်မိတာ အမှန်။ သတင်းစာ စက္ကူအပိုင်းအစဆိုရင် ကမ္ဘာဦးလူတွေ နေနဲ့လကို တွေ့လို့ ပျော်သလို၊ ကျွန်တော် ၀မ်းသာကျေနပ် မိတယ်။ ကျွန်တော် သိချင်နေတာက သတင်း။ သည်ဆေးလိပ်တို သတင်းက တခါတရံ နာရေး၊ တခါတလေ သာရေး၊ တခါတခါကျတော့ လျှောက်လှမ်းရမယ့် အနာဂတ် လမ်းမကြီးကို မပြည့်မ၀၊ မပြည့်မစုံ ဖော်ထုတ်လို့ရတဲ့ သတင်းအပိုင်း အစတွေ ပေးတယ်မဟုတ်လား။
အရှေ့မြောက်လေတိုက်အား ပြင်းထန် သဲသန်ရာမှ အီဆင်းလာတဲ့ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလရဲ့ ရက်တရက်မှာ ကွန်ကရိရွာကလေးထဲက ကျွန်တော်ရှိရာ 'ဓါးအိမ်ခန်းလေး' ထဲကို နာရေးသတင်းတပုဒ် ရောက်လာတယ်။ ဒီ နာရေးသတင်းဟာ ကျွန်တော်အပါအ၀င် သက်ဆိုင်တဲ့ အသိုင်းအ၀ိုင်းအားလုံးအတွက် နှမြောတသဖွယ်၊ ကြီးမားတဲ့ ဆုံးရှုံးမှုသတင်းဆိုရင် မမှား။ ဟုတ်တယ်။ ကျွန်တော်တို့တတွေ အတွက်တော့ အစားထိုး ဖြေဖျောက်လို့ မရနိုင်လောက်တဲ့ ၀မ်းနည်းတသ နေရမယ့် ဆုံးရှုံးမှုပါပဲ။
'ဆရာဦးမြသန်းတင့် ဆုံးပြီ' တဲ့။
တကယ်တော့ လူသားတယောက် မွေးဖွားတယ်၊ သေဆုံးတယ် ဆိုတာက မိခင်သဘာဝ တရားကြီး ဆီက လာပြီး၊ မိခင်သဘာဝတရားကြီးရဲ့ ရင်ခွင်ထဲကို ပြန်သွားတာသာ ဖြစ်တယ်။ မြေကမ္ဘာက သူ့ရင်သွေးကို သူပြန်ခေါ်တာပဲ ဖြစ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ မိခင်သဘာဝတရားကြီး ဆီကို ပြန်မသွား သင့်သေးတဲ့ ဆရာဦးမြသန်းတင့်၊ ကျွန်တော်တို့ တတွေကို နယ်ပယ်တခုမှာ ရေနည်းငါးလို ချန်ရစ်ပြီး၊ ကျောပေးချိန် မတန်သေးဘဲ ရုတ်ချည်း ထွက်ခွါသွားရတဲ့ ဆရာဦးမြသန်းတင့်ရဲ့ နာရေးသတင်းကို မယုံချင်၊ မကြားဝံ့တဲ့ကြားမှ ကျွန်တော် ကြားလိုက်ရပြီ။ ဆရာဦးမြသန်းတင့် ဘာသာပြန်ခဲ့တဲ့ အနုပဋိလောမရုပ်ဝါဒထဲက (Necessity and Chance) တရားကို ရင်မှာပိုက် နှလုံးသွင်းပြီး၊ ဆရာ့နာရေး သတင်းကို ရင်တနင့်နင့် နားလည်လက်လျှော့ လက်ခံလိုက်ရသော်လည်း၊ ဆရာ့ကို မိခင်သဘာဝရင်ခွင်ထဲမှ ပြန်လုယူချင်တဲ့ ပြင်းပြစိတ်ဆန္ဒတွေ ကျွန်တော့်ရင်ထဲမှာ......။

(၂)
ကျယ်ပြောလှတဲ့ ဘင်္ဂလားပင်လယ်ပြာရဲ့ လှိုင်းခေါင်းဖြူကြီးတွေကို ကျော်ပြီး မြောက်ဖက် ကမ်းရိုးတန်းဆီ ငေးမောတမ်းတရာ နေရာမှ စမ်းချောင်းရပ်၊ ဖျာပုံလမ်းကို ဆရာ ပြန်ရောက်လာတဲ့ အချိန်မှာ၊ ဆရာ ဘာသာပြန်တဲ့ စစ်နဲ့ ငြိမ်းချမ်းရေး အတွဲ (၉)ကို ဖတ်ပြီး ဆတ်တငံ့ငံ့နဲ့ နောက်ထပ် အတွဲ (၃)ကို တောင့်တ ငံ့လင့်နေတဲ့ ကျွန်တော်တို့ ဆရာကို စတင် သိရှိခဲ့ရတယ်။ ကျွန်းတောလမ်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ မြေး အိမ်မှာ။ ကိုဝင်းဇော်က ဆရာဘာသာပြန်ထားတဲ့ "ဒီရေမြင့်သစ်" လက်ရေးစာမူအထူကြီးကို လက်နှိပ်စက် စာမူတင်နေတယ်။ ဆရာ့လက်ရေးကို မဖတ်တတ်၊ ဖတ်မရလို့ ကိုဝင်းဇော်က မေးတဲ့အခါ ရှင်းလင်းပြောပြတဲ့ ဆရာ့အသံက ခပ်အုပ်အုပ်၊ ခပ်ရှရှလေး။ ကိုင်းအနက် မျက်မှန်အထူကြီးနဲ့ ဘောင်ခတ်ခံထားရတဲ့ ဆရာ့မျက်လုံးတွေကြောင့် ဆရာ့ရုပ်ပုံလွှာက မှုန်ကုပ် ကုပ်လို။ ဒါပေမယ့် ဟိတ်ဟန်မရှိတဲ့ ဆရာ့အပြောအဆို၊ သိမ်မွေ့တဲ့ ဆရာ့ပြောဟန် ဆိုဟန်တွေမှာ သံလိုက် စက်ကွင်းပါနေတယ်။ ပြောသမျှ စကားလုံးတွေက အီလက်ထရို မကဂ္ဂနက်တစ်ဝေ့ဖ်အလား။
ဒီရေမြင့်သစ် လက်နှိပ်စက်စာမူဟာ ချင်းတွင်းစာပေတိုက်က စာအုပ်အဖြစ်မထုတ်ခင် ကျွန်တော်တို့ အသိုင်းအ၀ိုင်းလက်ထဲမှာ တ၀ဲလည်လည် ခရီးဆက်နေခဲ့တယ်။ ကျွန်တော်တို့ကလည်း မနက်ဖြန် စာမေးပွဲဖြေရတော့မယ့် မူလတန်းကျောင်းသားလေးတွေလို တယောက်ပြီးတယောက် လက်ဆင့်ကမ်းကာ ဒီစာမူကို တရှိုက်မက်မက် ဖတ်မှတ်လေ့လာခဲ့ကြတယ်။ ဆရာက ကျွန်တော်တို့ အပေါ် ယုံကြည်နားလည်မှု ရှိရှိနဲ့ ဒီစာမူကြီးကို ပေးဖတ်ခဲ့တာမို့ ဆရာ့ကို ဟိုးယခင် လေးစားရင်းကို အခြေခံပြီး လေးစားရင်းထက် ကျွန်တော်တို့ ပို၍ လေးစား လေးနက်ခဲ့ရတယ်။
ဆရာက စာစုံ၊ ကဏ္ဍစုံရေးသားသလို စာစုံ၊ ကဏ္ဍစုံ ဘာသာပြန်တယ်။ ဂန္ထ၀င် ဘာသာပြန်၊ ၀တ္ထုရှည်ဘာသာပြန်၊ ၀တ္ထုရှည်ပင်ကိုယ်ရေး၊ ၀တ္ထုတိုဘာသာပြန်၊ ၀တ္ထုတိုပင်ကိုယ်ရေး၊ ကဗျာဘာသာ ပြန်၊ ကဗျာပင်ကိုယ်ရေး၊ ဆောင်းပါးဘာသာပြန်၊ ဆောင်းပါးပင်ကိုယ်ရေး၊ ရသစာတမ်းဘာသာပြန်၊ ရသစာတမ်းပင်ကိုယ်ရေး၊ ပြီးတော့ နိုင်ငံရေး၊ အတွေးအခေါ်၊ ခရီးသွားမှတ်တမ်း.....။ ကျွန်တော့်အထင် ဆရာ ဘာသာပြန်တာက ပင်ကိုယ်ရေးထက် ပိုများ များနေမလား မသိ။ ရေးတိုင်း၊ ဘာသာပြန် တိုင်းလည်း ဆရာ့စေတနာကို ဆရာ့ရေးသားချက်၊ ဘာသာပြန်ချက်တွေထဲမှာ ဆရာ့ဝိညဉ်ပျံဝဲနေသလို တွေ့ရတတ်တယ်။ လေရူးသုန်သုန် ဘာသာပြန် ဂန္ထ၀င် ၀တ္ထုရှည်ကြီးဆိုရင် ဖတ်ရသူများအတွက် ဘာသာပြန် ၀တ္ထုရှည်ကြီးတပုဒ်လို မဟုတ်ပဲ၊ ဆရာ့ပင်ကိုယ်ရေး ဂန္ထ၀င် ၀တ္ထုရှည်ကြီးတပုဒ်လို့ ထင်ရလောက်အောင် ဖြစ်နေမှာတော့ စာဖတ်သူအပေါ် ထားတဲ့ ဆရာ့စေတနာဟာ အီမောဘွန်း တောင်ရဲ့ တောင်ဘက်မှ ဘင်္ဂလားပင်လယ်အော်ရဲ့ မြောက်ဖက်ထိ ကြီးမား ကျယ်ပြောနေလောက် တယ်လို့ ကျွန်တော် ထင်တယ်။ ဆရာပါရဂူကို 'တတိယ ပြတင်းပေါက်' လို့ တင်စားရင် နိုင်ငံရပ်ခြား ကမ္ဘာ့စာပေကို ကျွန်တော်တို့အတွက် ဒုတိယဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကားမှ တဆင့် ထုနဲ့ထည်နဲ့ မနားတမ်း ဘာသာပြန်ဆို ရေးသားခဲ့တဲ့ ဆရာဦးမြသန်းတင့်ဟာ 'ဒုတိယပြတင်းပေါက်' ဖြစ်မယ်လို့ ကျွန်တော် သိစိတ်ထဲမှာ စွဲထင်နေတယ်။ (ဒါက ကျွန်တော့ပုဂ္ဂလိက အမြင်ပါ)

(၃)
တရက်။ ဆရာနဲ့ ကျွန်တော် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ကြတဲ့ ၁၉၈၃ ခုနှစ် နွေတရက်။ နေ့လယ် (၁) နာရီလောက်ရှိမယ့် နွေနေပူကျဲကျဲကြီးအောက်မှာ ဆူးလေဘုရားလမ်းကို ဖြတ်တော့မယ့် ဆရာ့ကို ကျွန်တော်တွေ့တယ်။ ကျွန်တော် ဆရာ့ လက်ဝဲဘက်နားကပ်ပြီး "ဆရာ... မျက်စိမမြင်တဲ့ ကြွက်က မျက်စိမြင်တဲ့ကြွက်ကို လမ်းပြပေးပါ" လို့ ခပ်တိုးတိုးလေး ကပ်ပြောလိုက်တယ်။ ဆရာက "ဟာ...ခင်ဗျားပါလား။ လာ..လာ မတွေ့တာ ကြာပြီ" ဟုတ်တယ်။ ကျွန်တော် နယ်ခြားကုန်သွယ်ရေး လေး လုပ်နေတာကြောင့် ဆရာနဲ့ မတွေ့ဖြစ်တာ နှစ်နဲ့ချီ ရှိနေပြီ။ ကျွန်တော်က ဆရာ့လက်ဝဲဘက် လက်မောင်းကလေးကို ကိုင်တွဲရင်း ဆရာ့နောက်နားလောက်ကနေ ခပ်ယို့ယို့လေး လိုက်လာတယ်။ အနော်ရထာလမ်းပေါ်က ဆူးလေမီးပွိုင့်ကို ဖြတ်ပြီး ဆရာနဲ့ကျွန်တော် 'ရွှေကြည်အေး' ကို ရောက်သွား ကြတယ်။
ကျွန်တော် ဖြတ်သန်းရမယ့် ရှေ့ခရီးကို စာပေအနုပညာနဲ့ လမ်းပြပေးနေတဲ့ ဆရာသုံးယောက် ကျွန်တော့မှာ ရှိတယ်။ ဆရာဒဂုန်တာရာ၊ ဆရာဗန်းမော်တင်အောင်၊ ဆရာဦးမြသန်းတင့်။ သည်ဆရာကြီး သုံးဦးဟာ သူတို့နဲ့ လူချင်းမတွေ့ မသိမီကတည်းက ကျွန်တော့်အတွက် အတွေးအခေါ်၊ အတွေးအမြင်ပိုင်းမှာ အဦးဆုံး၊ အစောဆုံး မိဘရင်းတွေပါ။ (ကျွန်တော့ရဲ့ ခေါင်းကိုင်ဖခင်တွေကတော့ စာပေအနုပညာနယ်ပယ်မှာ အများကြီး ရှိနေပေမယ့် စာမျက်နှာကို ငဲ့လို့ ဆက်ရေးမပြရတာကို ခွင့်လွှတ်ပါ) ဆရာတို့အတွေး၊ ဆရာတို့အမြင်၊ ဆရာတို့ အယူအဆတွေဟာ ကျွန်တော်အဖို့ ကျွန်တော့်ရဲ့ နောက်တကြိမ် နှလုံးခုန်ချက်ထက် တန်ဖိုးကြီးတယ်။ ဘ၀လူလားမြောက်ခဲ့ရတာ ဆရာတို့ရဲ့ ကျေးဇူးကြောင့်။
"ခင်ဗျား ကျွန်တော့်ရဲ့ စာတွေ ဖတ်ဖြစ်ရဲ့လား" ဆိုတဲ့ ဆရာ့အသံကို ကျွန်တော် ကျက်မိနေလို့ ကျွန်တော် အတွေးရပ် သွားတယ်။ ဆရာမေးသင့်တဲ့ မေးခွန်းပါပဲ။ ထိုစဉ်က ဒိုင်ယာလက်တစ်ရဲ့ Law of Unity and Struggle of Opposites ဆိုတဲ့ တရားထဲက Struggle အပိုင်းကို ကဲ ကြည့်ခဲ့ကြတဲ့ ဂယက်ကလေးတခု ဆရာဦးမြသန်းတင့်ရဲ့ စစ်နှင့်ငြိမ်းချမ်းရေး စာပေဆုပေါ်မှာ ဗဟိုပြု ရိုက်ခတ်ခဲ့တာက အရှိန်မသေသေး။ "ဆရာတို့ စာတွေမှ မဖတ်ရင် ကျွန်တော်တို့ စာဘယ်ဖတ်ဖြစ်တော့မလဲ" လို့ ကျွန်တော့်ရင်ထဲ ရှိတာ ထုတ်ပြလိုက်ရတယ်။ ပြီးမှ ဟိုးယခင်က ရှုမ၀ထဲပါခဲ့တဲ့ ဆရာ့ဝတ္ထုတိုထဲက ကားလ်မာ့က်စ်ကို ကိုးကားထားတဲ့ စာကြောင်းတကြောင်း ရွတ်ပြတယ်။ ကျိုင်းတုံရောက်တိုင်း '၀' တွေ တည်တဲ့ဘုရားကို ရောက်တဲ့အကြောင်းလည်း ပြောပြတယ်။ ပြီး လူတန်းစားတိုက်ပွဲ၊ ကုန်ထုတ်လုပ်မှုတိုက်ပွဲ၊ သိပ္ပံပညာစမ်းသပ်မှုတိုက်ပွဲ၊ ဇီမာဂျန်းရှင်း၊ ခန်းဆောင်နီ အိပ်မက်၊ ရေစီးကြမ်းတဲ့ ယမားချောင်း၊ လေညှင်းဆော်တဲ့ တောင်သမန်.....။
"ဟုတ်ပြီ။ ခင်ဗျားကို ဘာသာပြန်ထားတဲ့ စာမူတခု ပေးဖတ်မယ်"
"ဘာစာအုပ်လဲဆရာ"
"Jack Burden ရေးတဲ့ China Shake the World ကို ပြန်ထားတာ"
"အဲဒီစာအုပ် ကျွန်တော် ဖတ်ပြီးပြီ"
"ခင်ဗျား ဘယ်ကရလဲ"
"ကျွန်တော် 'ဘို' လိုဖတ်ရတာ ဆရာ။ ကျွန်တော့်ဆီကမှ ဆရာ့ဆီ ရောက်သွားတာ"
"အော...ဟုတ်လား။ ဒီလိုဗျ...ဒီစာအုပ် ဘာသာပြန်သာ ထွက်ရင် ကျွန်တော်တို့ဆီမှာ တရုတ်တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ဘာသာပြန်စာအုပ် ပြည့်စုံသွားပြီ။ ဒီစာအုပ်တအုပ်ပဲ လိုနေတယ်"
ဆရာ့စာဖတ်အား၊ ဆရာ့စေ့ငုမှု၊ ဆရာ့ကောက်ချက်ကို ကြားရလို့ ကျွန်တော် တုန်လှုပ်သွားတယ်။ တကယ်တော့ ဆရာက ပင်လယ်ကျယ်၊ ကျွန်တော်က ရေချောင်းငယ် မဟုတ်လား။ တရုတ်တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ဘာသာပြန် နိုင်ငံရေးစာအုပ်တွေ ဖတ်မိသလောက် ပြန်စဉ်းစားတော့......
တရုတ်ပြည်ပေါ်ကကြယ်နီ (တင်ထွေး)၊ တရုတ်အင်အားပြိုင်ပွဲ (လူထုဒေါ်အမာ)၊ ဘ၀ချင်းမတူ တဲ့တရုတ်ပြည် (လူထုဒေါ်အမာ)၊ ဒီရေမြင့်သစ် (မြသန်းတင့်)၊ မီးလောင်မြေ (မြသန်းတင့်)၊ တောင်များ ၏တောင်ဘက်မှ ပင်လယ်များ၏မြောက်ဖက်သို့ (မြသန်းတင့်)၊ သန်းပေါင်း ၁၀၀၀ တရုတ်ပြည် (မမှတ်မိ)၊ ဥက္ကဌကြီးမော် (စိုးမြိုင်)၊ ချူအင်လိုင်း (အောင်ဇံ)၊ ချူအင်လိုင်း (မောင်တင်ရွှေ)၊ ချူတေး (မောင်တင်ရွှေ)၊ အမေရိကန်တွေ သိခွင့်မရတဲ့ တရုတ်ပြည် (လူထုဒေါ်အမာ)။
ဆရာပြောတဲ့ China Shake the World ဘာသာပြန်ကို အထက်ပါစာအုပ်တွေကြားမှာ မတွေ့ရ။ ဆရာဘာသာပြန်ပြီး ဘာကြောင့် မထုတ်ဖြစ်ခဲ့သလဲ။
တကယ်တော့ ဒီစာအုပ်က တရုတ်တော်လှန်ရေးနဲ့ ပါတ်သက်လို့ နည်းနာအရ အတော်ကလေး ပြည့်စုံတဲ့စာအုပ်လို့ ဆိုရလောက်တယ်။ လက်နက်ကိုင်တော်လှန်ရေးကာလ ပြောက်ကျားဒေသ အတွင်း လုပ်နည်းလုပ်ဟန်တွေ ပါတယ်။ ပြောက်ကျားဒေသတွင်း လယ်ယာမြေဝေခြမ်းရေး၊ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးအတွက် ဘဏ်လုပ်ငန်း၊ စာတတ်မြောက်ရေး လှုပ်ရှားမှု....။ စာရေးသူက တရုတ် လက်နက်ကိုင်တော်လှန်ရေး သမားတွေနောက် တကောက်ကောက်လိုက်ပြီး မှတ်တမ်းတင် ရေးသား ထားတဲ့ တော်လှန်ရေး၊ နိုင်ငံရေး၊ လက်တွေ့စာအုပ်ဖြစ်တယ်။

(၄)
မှတ်မှတ်ရရ ထိုနေ့က တမိုးလုံး အုံ့ဆိုင်းမှောင်မိုက်လာပြီး မိုးတွေ စွေနေတဲ့ သြဂုတ်လ (၁၅) ရက်နေ့။ ကျွန်တော့ ကွန်ကရိအခန်းလေးထဲမှာ မိုးမှုန်ရေငွေ့တွေ ပြည့်နေတယ်။ ကျွန်တော့် စိတ်ဝိညဉ်က မိုးစက်၊ မိုးပေါက်၊ မိုးမှုန်တွေကို တိုးဝှေ့ ကျော်ဖြတ်ပြီး မြောက်ဘက် အဝေးတနေရာကို ရောက်နေတယ်။ ပြီးမှ ပွတ်ချွန်းကို တဖွာရှိုက်ရင်း ကျွန်တော့် အတွေးအာရုံတွေကို အခန်းထဲအရောက် ဆွဲခေါ် ပြန်သွင်းစုစည်းကာ မနေ့က အခြောက်ခံထားတဲ့ ကျွန်တော်ရဲ့ 'ဧကရာဇ်တို့ရဲ့ဘဏ္ဍာတိုက်' ကို ဖွင့်ဖတ်တယ်။ အစီခံစက္ကူပိုင်းထဲမှာ....
မြသန်းတင့်(အသ.....
လွန်ခဲ့တဲ့ ခြောက်လလောက်က ကွယ်လွန်သွားရှာတဲ့ ဆရာ့နာရေးကြော်ငြာ အပိုင်းအစလေး။ ဆရာ့နာရေးကြော်ငြာကိုတောင် အပြည့်အ၀ မမြင်တွေ့ရတဲ့ ကျွန်တော်....။
သည်တော့လည်း ဆရာညွှန်ခဲ့၊ ပြောခဲ့တဲ့၊ စကားကို ကျွန်တော် နောက်တကြိမ် ကြားယောင်မိ ပြန်တယ်။
"ဒီစာအုပ် ဘာသာပြန်သာထွက်ရင် ကျွန်တော်တို့ဆီမှာ တရုတ်တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ဘာသာပြန်စာအုပ် စုံသွားပြီဗျ" ။

အောင်မြိုင်
[ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် ၆ ၊ ဇူလိုင်၊ ၂၀၀၆ မှ ကူးယူဖော်ပြပါတယ်။]

No comments: