Friday, April 25, 2008

ပါးပြင်ပေါ်ကလွမ်းမျက်ရည်
ရေးသူ-မောင်အေးဝင်း

သင်္ကြန်တခုတော့ ပြီးသွားပြန်ပြီ။ အသက်တနှစ် ကြီးရပြန်ပါပေါ့။ သူ့ကို မျှော်ရတာ ကိုယ့်နားရောက်ဖို့ အတော်ကြာတယ်ထင်ရတာ၊ ကိုယ့်ရှေ့လဲ ရောက်ရော၊ မျက်တောင်တခတ် လောက်ပဲ ကြာတယ်ထင်ရတယ်၊ ကျော်ဖြတ်သွားတာ မြန်လိုက်တာ။

xxxx xxxx xxxx

သင်္ကြန်အကြိုညက ကိုယ့်ကွန်ပြူတာမှာ အီးမေလ်ကြည့်တော့ မိတ်ဆွေတယောက်က U-Tube မှာ ကြည့်ဘို့ ကြည့်စရာတခုပို့ထားတယ်။ ဖွင့်လိုက်တော့ ကိုခင်မောင်တိုးက သင်္ကြန်သီချင်းတွေ ဆိုလို့။ မော်နီတာ ဖန်သားပြင်ကို ကြည့်နေရင်း မျက်လုံးအိမ်မှာ ပြည့်လာ မျက်ရည်တွေ ပါးပြင်ပေါ် လိမ့်ဆင်းလာလို့ ကမန်းကတန်း သုတ်ပစ်လိုက်ရတယ်။ ဝေဒနာ တခု၊ ဒါမှမဟုတ် အမျိုးအမည်မသိတဲ့ ခံစားမှုတခု ရင်ထဲမှာ ပေါ်လာသလိုပဲ။



မြနန္ဒာ သီချင်းကို ကိုခင်မောင်တိုးဆိုနေတာ နေကာမျက်မှန်တပ် ထားလို့ သူ့မျက်လုံး ကို မမြင်ရပေမယ့် သူ့ခံစားမှုကို သိနေသလို,လို။ သင်္ကြန်မိုး သီချင်းနဲ့ ငွေငန်းရုပ်ကြီးပေါ်လာ တော့ တေးရေးသူ မောင်မောင်( အဉ္စလီမောင်မောင်)က အာရုံထဲ ပေါ်လာပြန်ရော။

xxxx xxxx xxxx

သင်္ကြန်အကျနေ့မှာ ကိုယ်က အလုပ်ဆင်းရတယ်။ အလုပ်ကနေ သင်္ကြန်အမှတ်တရ နှုတ်ဆက်စကားဆိုဘို့ သူငယ်ချင်းတွေဆီ ဖုံးဆက်ဖြစ်တယ်။ ပထမ ဆန်ဖရန်စစ္စကိုက ဒေါက်တာမြင့်လှိုင်နဲ့ စကားပြောတယ်။ သူက "ကိုယ့်လူ..သင်္ကြန်မကျရတာ၊ သင်္ကြန်ရေမပက် ရတာ အနှစ် ၂၀ လောက်တောင် ရှိသွားပြီ" တဲ့။ ကိုယ်က "LA လာခဲ့လေ... အိမ်ဘေးက drive way မှာ ရေပုံးတယောက် တလုံးစီချပြီး ပက်ကြမယ်လေ" ပြောတော့၊ သူရီနေတယ်။
နောက်တော့ Maryland က ကိုစိုးပိုင်ဆီ ဆက်ပြီး၊ ဘန်ကောက်မှာ (၁၉၉၀-၁၉၉၁) တုန်းက သူ့အိမ်က သင်္ကြန်ပွဲ အမှတ်တရ "ကိုပိုင်- ရေခဲသွားဝယ်ကြရအောင်" ပြောတော့ သူက "ဒီနေ့.. ကျနော့်အိမ်မှာ လူထုဒေါ်အမာအတွက် ဆွမ်းကျွေးတယ်" တဲ့။

xxxx xxxx xxxx

အလုပ်မှာထိုင်ရင်း... အတွေးက ဟိုး...လွန်ခဲ့တဲ့ ၄၅ နှစ်လောက်ဆီ ပြန်ရောက်သွား တယ်......။
နွေကျောင်းပိတ်ပြီဆိုတာနဲ့ ရိုးကုမ္ပဏီက အဖေ ၀ယ်ပေးထားတဲ့ ရေပက်တဲ့ ကြေးပြွတ်ကိုထုတ်ပြီး Brasso ကြေးပွတ်ဆေးနဲ့ ပွတ်လိုက်၊ မန်ကျည်းမှည့်နဲ့ တိုက်လိုက်နဲ့ အလုပ် ရှုတ်တော့တာပဲ။ ပြောင်လက်နေတဲ့ ကြေးပြွတ်ပေါ်မြင်ရတဲ့ ကိုယ့်ပုံရိပ်ကိုယ်ကြည့် ပြီး ပီတိတွေ ဖြစ်လို့။ သင်္ကြန်အကြိုနေ့ မနက်လင်းတာနဲ့ အိမ်ရှေ့မှာ ရေတပုံးချ၊ မနက်ခင်း ဈေးသွား ဈေးပြန်တွေကို ရေပက်တော့တာပဲ။ အဲဒီတုန်းက ကိုယ်တို့ ရန်ကုန်ကို မပြောင်းရသေးဘူး၊ မော်လမြိုင်မှာပဲ ရှိသေးတယ်။ ကျိုက်ဖနဲဘုရားလမ်း၊ ဒိုင်းဝန်ကွင်းဈေး ရှေ့မှာ နေတယ်။ နေမြင့်လာရင် လူကြီးတွေက နေမကောင်းဖြစ်မှာစိုးလို့ ရေ မပေး ပက်တော့ ဘူး။ ပန်းတိမ်တန်း လမ်းမပေါ်က အဖိုးတို့ အိမ်ဝရံတာကနေ သင်္ကြန်ကားတွေ လှည့်တာ သွားကြည့်ရတယ်။
အဖိုးတို့အိမ်နဲ့ မျက်စောင်းထိုးမှာ မော်လမြိုင်မြို့ရဲ့ နာမည်ကြီး ဖက်စိမ်းဆေးလိပ်ဖြစ်တဲ့ ဒေါ်ပုဆေးလိပ်ခုံရှိတယ်။ တချို့ သင်္ကြန်ကားတွေက "ဒေါ်ပုဆေးလိပ်-ဖင်ပိတ်ပိတ်" လို့ ကျီစယ် သွားကြတယ်။ ဒေါ်ပုဆေးလိပ်ခုံနဲ့ နှစ်အိမ်ကျော်လောက်ထင်ထယ်။ ဦးစံလင်းသင်္ဃန်းတိုက် ရှိတယ်။ သူ့ကျတော့ '"၀ါဝါထိန်ထိန်- ဦးစံလင်းတို့အိမ်" တဲ့။
တနှစ်မှာ ပြည်ထောင်စု သင်္ကြန်ဆိုပြီး မော်လမြိုင်မှာ လုပ်တယ်။ တရုတ်ဝန်ကြီးချုပ် ချိုအင်လိုင်းတို့ ရေလာကစားတာ မှတ်မိနေသလိုပဲ။ မဏ္ဍပ်က မိုင်ဒါကွင်းနားမှာလို့ထင်တယ်။
နွေခါဆို ရေရှားပေမယ့် မော်လမြိုင်သင်္ကြန်ကစည်တော့ ဗမာပြည် အနယ်နယ် အရပ်ရပ်က လာကြတယ်။ အဲဒီတုန်းက စစ်တောင်းတံတားက ပြန်မဆောက်ရသေးဘူး။ ရန်ကုန်နဲ့ မော်လမြိုင်ကို မီးရထားနှစ်တန်၊ ကူးတို့နှစ်တန် စီးရတယ်။ အဖိုးတို့ အဖေတို့ရဲ့ ကုန်သည်မိတ်ဆွေတွေဟာ မော်လမြိုင်သင်္ကြန်ကျဖို့ အိမ်မှာ လာတည်းကြတယ်။ သူတို့ကို ကျိုက္ခမီတို့၊ စက်စဲတို့၊ ကျိုက်မရောတို့ လိုက်ပို့ဖို့ ဘတ်စ်ကားစင်းလုံး ငှားရတယ်။ ခရုံဂူကျတော့ အဲဒီတုန်းက လှည်းတွေနဲ့ သွားရတယ်။ ကိုယ်မှတ်မိနေတာ အဖွဲ့လိုက်လာကြတဲ့အထဲမှာ ဘီတီ ဘရားသား ဦးအံ့ကြီးတို့ အဖွဲ့တွေရယ်၊ မန္တလေးဈေးချို ရွှေဆိုင်တန်းတန်းက မိန်းမရှာအုပ်စု တွေပဲ။ ကလေးဆိုတော့ အိမ်ကို ဧည့်များများလာရင် ပျော်တာပဲ။ လူကြီးတွေက ဧည့်သည်တွေ ကို လိုက်ပို့တဲ့အခါ ကလေးတွေပါ လိုက်ရတာကိုး။

xxxx xxxx xxxx

ရန်ကုန်ရောက်တော့ ငယ်ငယ်တုန်းကလို ပြွတ်တွေဘာတွေနဲ့ ပက်တဲ့အရွယ် မဟုတ်တော့ဘူး။ ရေပက်ခံထွက်တဲ့ လူကြီးတွေနဲ့ လိုက်တဲ့ အရွယ်ဖြစ်လာပြီ။ နေ့ခင်းနေ့လည် ရေပက်ခံထွက်ပြီးရင် ညဘက်က မဏ္ဍပ်တွေမှာ သံချပ်ပြိုင်တာတွေ လျှောက်နားထောင် ဖြစ်တယ်။ ကိုယ်နေတဲ့ မဂိုလမ်းမှာကလည်း ဆုပေးမဏ္ဍပ်က ၃ ခုတောင်။ အောက်လမ်း၊ အလယ်လမ်းနဲ့ အထက်လမ်းမှာ။ ဆူးလေဘုရားလမ်းက အကော်ဒီယံအုန်းကျော် ဆိုင်ရှေ့မှာ ရေဒီယို အဆိုတော်တွေ လာဆိုကြတယ်။ ရေပက်တဲ့နေရာမှာ တိုးမပေါက်အောင် စည်တာက ဗမာရပ်ကွက်တွေဖြစ်တဲ့ ကြည့်မြင်တိုင်၊ စမ်းချောင်း-ရှမ်းလမ်း၊ ရန်ကင်း နဲ့ ရေကျော်ဘက် တွေပဲ။ ခုခေတ်လိုမျိုး ရေကစားချင်သူက ဟိုတုန်းက မဏ္ဍပ်တလုံးဆောက်လို့ရတဲ့ ငွေတန်ဘိုး ပေးမှ ရေကစားနိုင်တာ မဟုတ်ဘူး။ ကိုယ့်ရပ်ကွက်မှာကိုယ် ကြိုက်သလောက်ပက်။ လာတဲ့သူ ကို စတုဒီသာတောင် ကျွေးလိုက် သေးတယ်။ ပိုက်ကြီးတွေနဲ့ တလကြမ်း ပက်တာဆိုလို့ ရှမ်းလမ်းက အဏ္ဏ၀ါရိပ်သာ မဏ္ဍပ်ရယ်၊ ဆူးလေ မီးသတ်ရယ်ပဲ။

xxxx xxxx xxxx

တက္ကသိုလ်တက်နေရတဲ့ နှစ်တွေမှာတော့ သင်္ကြန်ဆို မန္တလေးမှာ ကျတာ များတယ်။ မုံရွာ၊ မတ္တရာ၊ အသုံးလုံး နှစ်နှစ်သွားလုပ်တုန်းကလည်း သင်္ကြန်မှာ မန္တလေးပဲ ဆင်းတယ်။ အဲဒီတုန်းက ရန်ကုန်ထက် မန္တလေးက မြန်မာသင်္ကြန်၊ ယဉ်ကျေးမှုသင်္ကြန် စစ်တယ်။ ငွေငန်းရယ်၊ ကိုဝင်းဦးရယ်၊ မန်းရယ် အတော်လေး ပဏာရတယ်။
မဏ္ဍပ်တခုမှာ ကြည့်နေတုန်း လျှပ်စစ်ဂီတာတွေ၊ ဒရမ်တွေနဲ့ အနောက်ဂီတ ဆိုတီးတဲ့ အဖွဲ့တဖွဲ့ မဏ္ဍပ်ကိုရောက်လာတယ်။ အဲဒီမဏ္ဍပ်ရဲ့ အုပ်ချုပ်သူလို့ ထင်ရတဲ့ အမျိုးသမီးကြီးတဦး မိုက်ကရိုဖုံးကို ကိုင်လိုက်ပြီး၊ ကျမတို့ မဏ္ဍပ်ဟာ အမျိုးသား ယဉ်ကျေးမှုကို ထိမ်းသိမ်း စောင့်ရှောက်သူတွေ ဖြစ်ကြောင်း၊ ပြောလိုက်တာ ဘောင်းဘီဝတ် ကိုဆံရှည်တို့ ကားကို နောက်ဆုတ်ပြီး လှည့်ပြန် သွားကြရတယ်။ နောက်တော့ သူတို့အဖွဲ့ကို ဈေးချိုနာရီစင်ကြီးနား ကားလမ်းမပေါ်မှာ ကားရပ်ပြီး Yellow River သီချင်းကို ဆိုတီးနေတာ မြင်လိုက်ရတယ်။
သင်္ကြန်မကျခင် အိမ်တွေမှာ အကတိုက်တာတွေ လျှောက်ကြည့်ရတာကိုက ရင်ခုန် စရာတမျိုး။ သာမန်အိမ်နေရင်း အ၀တ်အစားနဲ့၊ မလိမ်းမချယ် ပင်ကိုယ်အလှကို ပကတိ မြင်ရတာ။

xxxx xxxx xxxx

အထူးခြားဆုံးက '၇၆ နဲ့ '၇၇ သင်္ကြန်ပဲ။
သင်္ကြန်အကြိုနေ့မှာ ရေတပ်ထောက်လှမ်းရေး(၃)ကနေ ကိုယ့်ကို အင်းစိန်ထောင် တိုက် (၅) တန်းပို့တာ။ ကိုယ်က ထောက်လှမ်းရေးတွေနဲ့ စစ်ခင်းနေရတဲ့အချိန် အုတ်ရိုးအပြင် က ဆိုင်းသံဗုံသံကလည်း ညံလို့။
နောက်တနှစ် '၇၇ မှာ (၃)ဆောင်၊ အထူးဆောင်ကို ရောက်နေပြီ။ သင်္ကြန်အနုပညာ ပိုးထတဲ့ လူတွေ ရှိတဲ့ အခန်းတွေက၊ သံချပ်တွေ၊ အကတွေနဲ့ ရေချိုးထုတ်တဲ့ချိန်မှာ ထွက်လာကြပြီး အခန်းတွေကို လိုက်ဖျော်ဖြေတယ်။ အောင်စောဦး (ယခု အမေရိက)၊ တင်မောင်ဌေး (ငှက်ကြီး)(ယခု အမေရိက) တို့က ကိုယ်စီအခန်းမှာ ဇာတ်ဆရာတွေ။ ကိုတင်မောင်ကြည်(မောင်မောင်စနေ) ကြက်တောင်စီးနဲ့ ပါးကွက်ကြားနဲ့ ကတာလည်း မှတ်မိနေတယ်။ ကျနော်တို့ အခန်းကတော့ လာရောက်ဖျော်ဖြေသူတွေကို ရေပက်တာပဲ လုပ်နိုင်တယ်။
ဦးရဲထွန်းတို့ အပေါ်ခန်းက ကျနော်တို့ အောက်ခန်းကို ရေစစ်ပွဲဆင်တာ တညလုံး မအိပ်ရဘူး။ သူတို့အခန်းက အပေါ်ထပ်ဆိုတော့ ကြမ်းပေါက်တွေဖောက်ပြီး တညလုံးရေတွေ လောင်းချနေတာ။ ကျနော်တို့ အိပ်ရာတွေ မစိုအောင် ပလတ်စတစ်တွေနဲ့ ထုတ်ပြီး အသေအချာ သိမ်းရတာ။ အောက်ကလူတွေက ဘယ်လိုလုပ်အပေါ်ကို ရေလောင်းလို့ရမှာလဲ၊ သူတို့ လုပ်သမျှ လှိမ့်ခံရတာပေါ့။ ဒီတော့ လှဦး (အရှေ့လေ) က ဘာလုပ်လဲ ဆိုတော့ တုတ် ရှည်ရှည်ကို ထိပ်မှာ ပလတ်စတစ်ပတ် မီးရှို့ပြီး အပေါက်တွေကနေ အညှော်ပြန်တိုက်တယ်။

xxxx xxxx xxxx

သြော်....ခုတော့ ဒါတွေက အတိတ်ကပုံရိပ်တွေ ဖြစ်ကုန်ပြီ။
ဒါပေမယ့် ဒီအသံ၊ ဒီရနံ့တွေရလို့ ဒီအချိန်တွေရောက်ပြီ ဆိုရင် ပန်းချီကိုပေါ်သိမ်း တင်စားတဲ့ ဥပမာပေးရရင်၊ ရင်းထလာတယ်ပဲ ဆိုရမယ်။
ကိုခင်မောင်တိုးက "မြနန္ဒာ....ရေညိုညို ရစ်ခါသန်း..." ဆိုလိုက်တော့ ပါးပြင်ပေါ် မျက်ရည်စတွေလှိမ့်ဆင်း လာတယ်။

မောင်အေးဝင်း
၀၄-၂၁-၀၈ ည ၁၁ နာရီခွဲ။

No comments: