Friday, April 4, 2008

ပိတောက်နေ့
ရေးသူ-ဒဂုန်တာရာ

ထိုနေ့က
ပိတောက်နေ့က၊ အမှတ်တရ
ငါ့ စားပွဲမှာ၊ ထိုးစိုက်လာကြ
ကြွေပန်းအိုးပြည့်၊ ဖြည့်သူမစဲ
ကိုင်းညွတ်တွဲလဲ၊ ဧည့်ခန်းထဲမှ
မွှေးမြရနံ့၊ လှိုင်ပျံ့လေကြော
မျောပါဝင်ထွက်၊ ပိတောက်ခက်များ
လက်ဆောင်ပေးကြ၊ ခရီးတလျှောက်
ပိတောက်တွေ့တိုင်း၊ မဆိုင်းမတွ
ယူခဲ့ကြသည်၊ ပိတောက်ကဗျာများ။



ပိတောက်နေ့က
ကဗျာဆရာမ၊ ကမ်းလင့်လာသည်
ဝတ္ထုရေးဆရာက၊ ရွှေဝါပိတောက်
အယ်ဒီတာပေါက်စ
ပိတောက်ပါပဲလား။

ငါ့ခံစားမှု၊ နားလည်ထားကြ
ဖိတ်ကြားသူ၊ မဖိတ်ကြားသူ
စကားလေသံ၊ ကြားပြန်ရထင့်
ရွှေပွင့်စာလုံး၊ ငွေပွင့်စာလုံး
သီကုံးဆင်သ၊ ဆင်စွယ်ရောင်ကြွ
ဖြူလွကြွေလက်၊ ချောရွက်မဟုတ်
စကားဆင့်ကမ်း၊ ဗျို့ဟစ်မဆမ်း
အခမ်းအနားမရှိ၊ ကြော်ငြာမရှိ
သိသူလာကြ၊ ကြားသူလာကြ
ငါနေစရာ၊ မဲဇာရွာမှာ
ဘာမျှမရှိ၊ ရှိသမျှနှင့်
ဧည့်ခံရမည်ပေါ့။

ငါ နေစရာ
ကိုယ်ပိုင်အိမ်ရာ၊ ငါ့မှာမရှိ
ရောက်သည့်နေရာ၊ ငါ့ဂေဟာပဲ
'ကမ္ဘာမြေတ၀ှမ်းအကုန်၊ ကိုယ့်အိမ်မှတ်ပါ
ကိုယ့်ယာမှတ်ပါ၊ အဲဒါ တို့ဗမာ'
ငယ်ငါစွဲငြိ၊ အသိဟာသ
ရောက်ရာအရပ်၊ ငါ့ အရပ်လေ
ငါ့နေစရာ၊ အောင်မြေချာပေါ့
မဲဇာဖြစ်ဖြစ်၊ ရိပ်သာဖြစ်ဖြစ်
နှစ်များလှည့်လည် မောင်းနှင်လျက်။

မွေးနေ့ဆိုတာ
တခါဖူးမျှ၊ မကျင်းပခဲ့
ကျင်းပစရာ၊ ငါ ဘာမျှမဟုတ်
နမူနာမဟုတ်၊ စံပြုရာမဟုတ်
ခံစားမှုအား၊ ဖွဲ့နွဲ့ရေးသား
ခေတ်ပြိုင်သမား၊ စာသမားပဲ
သို့သော်လဲလေ၊ တနွေကသစ်
၄၀ နှစ်က၊ အမှတ်တရ
ဘ၀အစ၊ ၄၀ ကဟု
ဆိုစ,စကား၊ အမှတ်ထား၍
မွေးနေ့တနေ့၊ လုပ်ခဲ့ဖူး၏။

ထိုနေရာကား
ဟိုပုံးကားဆိပ်၊ လမ်းထိပ်အဆင်း
တရုတ်ထမင်းဆိုင်၊ ထိုင်စရာသေးသေး
ခွေးခြေဟောင်းရွဲ့၊ ခနော်နဲ့နှင့်
အနားပဲ့ပန်းကန်၊ အက်ကြောင်းခံတွင်
တောက်တောက်ကြော်ပြင်ပြီး
ကုန်းဘောင်ကြီးကြော်နှင့်
ငရုတ်သီးစပ်စပ်၊ ကြက်သွန်ကွင်းထပ်
စွန်တန်ဟင်းချို၊ ပူပူချိုချို
ဝက်အူချောင်းကြော်၊ မုန့်ကြွပ်ကြော်ဖြူး
တကော်ဝါးလိုက်၊ ၀ိုင်တကျိုက်နှင့်
တကိုက်တကျိုက်၊ ရီလိုက်နီလိုက်
မိုးတပြိုက်ကျ၊ လမ်းမပေါ်မှာ
စိန်ပန်းပြာပွင့်၊ ကြွေရာခင်းထား
အနီးအပါး၊ ဆုတောင်းပြည့်ဘုရားမှာ
လွင့်ပါးမျောပါ၊ ဆည်းလည်းသံမှာ
ထူးခြားလှစွာ၊ တူရိယာသံစုံ
အကုန်တီးခတ်၊ ပဲ့တင်ထပ်လျက်
မက်မန်းအရက်ချို၊ ရောလျက်ပူရှ
ချိုရှချဉ်ရှ၊ စပ်ရှမွှေးရှ
တညနေခင်း၊ ကြည့်ရင်းကပဲ
မဲနယ်တောင်မှာ၊ ခရမ်းရောင်
ပန်းနုရောင်၊ ကျောက်စိမ်းရောင်း
ခဲရောင်ပါးပါး၊ တွန့်လိပ်သွားကြ
အဝေးကားချပ်၊ တဖျတ်ဖျတ်တည်း
ရိုက်ခတ်နှင်းမြ၊ ပအို့တည
ဘ၀အစ၊ ရင်ခုန်ရသည်
လမ်းဘေးဆိုင်မှ၊ မွေးနေ့ပွဲ။

ဆယ်စုနှစ်များ
မမှတ်မသား၊ ကုန်လွန်သွားခဲ့
မွေးနေ့ကြုံလျင်၊ ဆုံသူတွေ့သူ
ခင်သူမင်သူ၊ စိတ်တူသူနှင့်
အတူစားဖြစ်၊ ခေါက်ဆွဲကြော်ဖြစ်ဖြစ်
ကော်ပြန့်ကြော်၊ ဖြစ်ချင်ဖြစ်မည်
ပုစွန်လုံးကြော်၊ ဖြစ်ချင်ဖြစ်မည်
တနှစ်တခါ၊ သတိရသည့်အခါရ
မရရင်လည်း၊ အရေးမကြီး
ဘ၀စိတ်ခြမ်း၊ ဆိတ်ဖလူးရနံ့
သော်ကရနံ့၊ စပယ်ရနံ့
ထင်းရူးရနံ့၊ ဗေဒါရနံ့
တမာရနံ့၊ မြရာရနံ့
လှိုင်ပျံ့စီးဆင်း၊ ဖြတ်သန်းရင်းက
ထင်းရူးယစ်ဝေ ဆွတ်မောလျ။

အသက် (၆၀) က
အမှတ်တရ၊ ကဆုန်လနွေ
ရွှေပြည်သာယာ၊ သာမိုင်းခမ်းတွင်
အိမ်ရှင်ဖော်များ၊ စီစဉ်ထားကြ
ပင်းတယလမ်း၊ ဖြတ်သန်းအဆင်း
ဂျုံခင်းကိုကျော်၊ တောင်ပေါ်သို့တက်
ထွက်စနေရောင်၊ ပန်းနုရောင်ထဲ
ပုလဲဖောက်ဇာမျှင်၊ သွယ်တန်းလိမ်ဆင်
ပင့်ကူအိမ်ယှက်၊ ပြက်သည့်နံနက်
ဖိတ်လက်ပြိုးပြက်၊ တ၀က်ရွှေရောင်
အောင်ပန်း ကလောကြား၊ နှင်းမြူပါးပါး
မြသားပြာမှုန်၊ ကဆုန်တောင်ကို
မြရောင်ကြားမှ၊ လှမ်းမြင်ရ၍
ဆန္ဒပြင်းပြ၊ တက်ခဲ့ကြရာ
လမ်းမှာကွေ့ကောက်၊ တထောက်နားနေ
အမောဖြေပြီးမှ၊ ဆက်၍လာကြ
တောင်ပေါ်ဆီမှ၊ အိုးစည်သံမှာ
တခါတရံ၊ အသံသဲ့သဲ့
ဝေးလိုက်နီးလိုက်၊ ကျယ်လိုက်တိုးလိုက်
မောလိုက်နားလိုက်၊ နှေးလိုက်မြန်လိုက်
တောင်ကြောတ၀ိုက်၊ ဆင်ခြေလျောတွင်
ထင်းရူးပင်များ၊ ကာဆီးထားကြ
လေချွန်သံများ၊ ရွှီရွှီကြားရာ
နားနေခိုက်တွင်၊ ငါ့ အဖော်များက
ချယ်ရီသားတုတ်၊ ခုတ်၍ပေးကြ
တောင်ဝှေးနှင့်တက်၊ သက်သာရာရ
တောင်ပေါ်ကတေး၊ ဝေးရာမှနီး
အသံစီးဆင်းရာ၊ တက်လာကြရင်း
ချဉ်းကပ်တောင်ထိပ်၊ ချွေးသိပ်မောပြေ
စေတီဖြူဖြူ၊ ဆည်းလည်းခြူသံ
လင်ကွင်းသံတို့၊ အိုးစည်သံနှင့်
လူသံသူသံ၊ ဆူညံမစဲ
ဘုရားပွဲဈေး၊ ဖား ဒေါင်း ၀က် လိပ်
ပိတ်ဖြူ ယွန်းခွက်၊ အံစာဝှက်ဖုံး
တာတက်ပွဲကား၊ မခမ်းနားလည်း
စည်ကားခုန်ကြွ၊ တရွရွနှင့်
ကကြယိုင်ကြ၊ ပျော်ကြမြူးကြ
ကဆုန်တောင်မှာ၊ နံနက်စာစား
ငါ၏မွေးနေ့ ဖြတ်သန်းသွား။

အပြန်လမ်းတွင်
ခရမ်းရောင်သစ်ခွ၊ လတ်ဆတ်လှပ
အပင်ပေါ်မှ၊ တက်ခူးကြ၍
နှင်းခမြမွှေး၊ ငါ့ကိုပေးသည်
မွေးနေ့လက်ဆောင် မောအလှ။

ပိတောက်နေ့က
ငါ၏ဘ၀၊ စာပေဘဝ
ခင်မင်ရပေ၊ မိတ်ဆွေများပြင်
ငယ်စဉ်ပေါင်းသင်း၊ ရင်းရင်းနှီးနှီး
မင်းရယ်ငါရယ်၊ ဟစ်အော်တွယ်ကြ
စားကြသောက်ကြ၊ ပျော်စရာပပေ
ဆွေမျိုးအုပ်စု၊ ဘိုးဘိုးခေါ်သူ
ဦးလေးခေါ်သူ၊ ကိုကိုခေါ်သူ
ဆူညံဝင်းလျှပ်၊ ဓာတ်ပုံဖျတ်ဖျတ်
ရပ်သူထိုင်သူ၊ ၀င်သူထွက်သူ
နွေအိမ်ယှက်သန်း၊ နေ၀န်းရိပ်ထင်
မဲဇာရင်ပြင်၊ ငှက်ပျောပင်ဘေး
မေးကြမြန်းကြ၊ လူစုခွဲကြ
နောက်ကျရောက်လာ၊ ကဗျာရွတ်ကြ
ညယံရောက်လည်း၊ ပိတောက်သင်းမြ
ထိုနေ့က......ပိတောက်နေ့က။ ။
[ပုဂ္ဂလိက ခံစားမှု မှတ်တမ်း]
(ပေဖူးလွှာ၊ ၁၉၉၀ ဇွန်)

No comments: