Wednesday, October 29, 2008

လောကဓမ္မကိုလွန်မြောက်သူ
ရေးသူ- လူထုစိန်ဝင်း



'ပျောက်သောသူ ရှာလျှင်တွေ့ သေသောသူ ကြာလျှင်မေ့'
လူတိုင်းပြောဖူးနေကျ ဆိုရိုးစကားတခုပါ။ မကြာခဏလည်း ကြားနေရတာမို့ လွယ်လွယ်ကူကူ ကောက်ခါငင်ခါ ပြောတတ်ကြမြဲ ဖြစ်ပါတယ်။ လောကဓမ္မ ဖြစ်ရိုးဖြစ်စဉ်တခု အဖြစ် မှတ်ယူ သဘောပိုက်ထားကြပါတယ်။

အမှန်တရားရဲ့ခြွင်းချက်
လောကဓမ္မအဖြစ် မှတ်ယူကြရပေမယ့် ခြွင်းချက်အဖြစ် ထားရတဲ့အခါများလည်း ရှိပါသေးတယ်။ အဲဒါကြောင့် ဆိုရိုးစကားအတိုင်း အကြွင်းမဲ့မှန်တယ်လို့ ယူဆလို့ မရနိုင်ပါဘူး။ လောကဓမ္မတာ အမှန်တရားကို လွန်မြောက်တဲ့အရာ၊ လူပုဂ္ဂိုလ်များ လူ့လောကမှာ ရှိစမြဲဖြစ် တယ်။ ဆိုကရေးတီးတို့၊ ပလေတိုတို့၊ အရစ္စတိုတယ်တို့ လွန်ခဲ့တာ နှစ်ထောင်နဲ့ချီ ကြာခဲ့ပေ မယ့်၊ သူတို့အမည်နာမဟာ မှေးမှိန်ပျောက်ကွယ် မသွားခဲ့ပါဘူး။ ရှိတ်စပီးယား၊ အလက်ဇန္ဒာဒူးမား၊ ဘိုင်ရွန်၊ ရှယ်လီတို့ လွန်ခဲ့တာလည်း နှစ်ရာချီခဲ့ပြီ။ ဒါပေမယ့် ကမ္ဘာတခုလုံးမှာ သူတို့နာမည်ကို တနေရာမဟုတ် တနေရာမှာ ထုတ်ဖော်ပြောနေကြဆဲ ဖြစ်တယ်။


မသေသောသူ
အလားတူပဲ အနန္ဒသူရိယတို့၊ ပဒေသရာဇာတို့၊ မယ်ခွေတို့၊ လှိုင်ထိပ်ခေါင်တင်တို့၊ မြ၀တီမင်ကြီးတို့၊ န၀ဒေးကြီးတို့ဆိုတဲ့ အမည်နာမ များဟာလည်း မြန်မာနိုင်ငံတ၀ှမ်းလုံးမှာ နေ့စဉ်မပြတ်ဆိုသလို ထုတ်ဖော်ပြောကြားနေကြဆဲ ဖြစ်ပါတယ်။ ဒီလိုပုဂ္ဂိုလ်ကြီးများဟာ လောကဓမ္မကို လွန်မြောက်သူများ ဖြစ်ကြတယ်။ နှစ်ပရိစ္ဆေဒတွေ ဘယ်လောက်ပဲ ကြာကြာ၊ လူ့လောကမှာ သူတို့ရဲ့ အမည်နာမများဟာ တည်တံ့နေမှာ ဖြစ်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်ကြီးများကို 'မသေသောသူ' လို့ ဆိုရင်တောင် ဆိုနိုင်လိမ့်မယ် ထင်ပါတယ်။

ရန်သူကတောင် လေးစားရသူ
ဗန်းမော်တင်အောင်ဆိုတာက အဲဒီလိုပုဂ္ဂိုလ်မျိုး။ မြန်မာနိုင်ငံသားများအဖို့တော့ သူဟာ ဘယ်တော့မှ မသေဘူး။ အမြဲတမ်းရှင်သန် တည်တံ့နေမှာ ဖြစ်တယ်။ သူ့ကို အမှတ်တရ ဖြစ်နေရုံမက ချစ်လဲ ချစ်နေကြဆဲ ဖြစ်တယ်။ လူ့လောကရဲ့ သဘာဝတခုက သေမှ ချစ်တတ် လွမ်းတတ်ကြတယ်။ သူကတော့ သက်ရှိထင်ရှားရှိနေဆဲ ကာလမှာတောင် လူကြီးလူငယ် မရွေး၊ လူမျိုးဘာသာမရွေး၊ လူတန်းစားအလွှာအားလုံးရဲ့ ချစ်ခင်ကြည်ညိုမှုကို ရရှိခဲ့သူ ဖြစ်တယ်။ ကုန်ကုန်ပြောရရင်၊ နှစ်ပေါင်းများစွာ အကြိမ်ကြိမ်အခါအခါ သူ့ကို ထောင်သွင်း အကျဉ်းချထားခဲ့သူများကတောင်မှ ဗန်းမော်တင်အောင်ဆိုတဲ့ လူပုဂ္ဂိုလ်တဦးကိုတော့ လေးစားကြည်ညိုခြင်း ရှိခဲ့ကြပါတယ်။ နိုင်ငံရေးအရ ဆောင်ရွက်ခဲ့ကြရတာ ဖြစ်ပေမယ်လို့၊ အဲဒီလူတွေဟာ လူပုဂ္ဂိုလ်အနေနဲ့ တော်တော်ကို လေးလေးစားစား ရှိကြပါတယ်။ စာရေးဆရာ ဗန်းမော်တင်အောင်ကို မချစ်တဲ့သူ ဘယ်သူမှမရှိဘူးလို့တောင် ပြောဝံ့ပါတယ်။

ရှားပါးလူကြီးလူကောင်း
ဆရာဗန်းမော်တင်အောင်ဟာ ရုပ်ရည်သန့်ပြန့်သလို စိတ်လည်း အင်မတန် သန့်ပြန့်သူ ဖြစ်ပါတယ်။ အနေအထိုင် အင်မတန်ရိုးဖြောင့်တည်ကြည်ပြီး တဖက်သားအပေါ် အလွန်အမင်း ကို စာနာတတ်သူ ဖြစ်တယ်။ လူရောစိတ်ပါ ယဉ်ကျေးသိမ်မွေ့သူ ဖြစ်တယ်။ ရှားရှားပါးပါး တွေ့ရတဲ့ 'လူကြီးလူကောင်း' တယောက်ဖြစ်ပါတယ်။ လူငယ်တွေနဲ့ ဆက်ဆံရာမှာလည်း 'သမားဂုဏ်ပြ' လုပ်တာမျိုး လုံးဝမရှိဘဲ တန်းတူရည်တူ သဘောထားပြောဆိုဆက်ဆံလေ့ ရှိတယ်။ ငယ်စဉ်ကတည်းက သိကျွမ်းခဲ့ရတာ ဖြစ်ပေမယ့် ကာလကြာရှည်စွာ အတူနေ အတူစား အတူသွား အတူလာ လုပ်ခဲ့ရတဲ့ ကိုကိုးကျွန်းရောက်မှ သူ့အကြောင်းကို ပိုသိခဲ့ရပြီး ပိုလေးစားကြည်ညိုခဲ့ရတယ်။ တခါတလေ အယူအဆမတူတာတွေကို ဆွေးနွေးငြင်းခုန် ပြုကြရတဲ့အခါများမှာ သူ့ 'လူကြီးလူကောင်း' ဆန်မှုကို ပိုပြီး သတိထားမိတယ်။ အချေအတင် ပြောဆိုကြပြီဆိုရင် သူဟာ ဘယ်တော့မှ 'ငါ့စကားနွားရ' စကားနိုင်လု ပြောလေ့မရှိဘူး။ တခြားလူတွေ ပြောတာကို အစအဆုံး စိတ်ရှည်လက်ရှည် နားထောင်လေ့ရှိပါတယ်။ လူအားလုံး ပြောစရာမကျန်တော့ဘူးဆိုမှ သူက သူ့အမြင်သူ့သဘောထားကို လေအေး ကလေးနဲ့ ရှင်းပြတတ်ပါတယ်။ အဲဒီလို ရှင်းရာမှာလဲ၊ သူ့သမ္ဘာ သူ့ဝါတွေ၊ သူဖတ်ခဲ့တဲ့ စာအုပ်ကြီးတွေနဲ့ ကိုင်ပေါက်လေ့မရှိပါဘူး။ အဲဒီကာလက ကျွန်တော်တို့တတွေဟာ နှစ်ဆယ်ကျော် သုံးဆယ်လောက် 'မပြည့်အိုး' ကလေးတွေသာ ရှိကြသေးတာပဲ။ တကယ်တမ်း 'ထိုင်ငြင်း' ငြင်းလို့ကတော့ ကြာကြာဘယ်ငြင်းနိုင်မှာလဲ။ ကျွန်တော်တို့ လူငယ်တွေရဲ့ အားနည်းချက်ကို ဆရာက ဘယ်တော့မှ ထိုးနှက်လေ့ မရှိပါဘူး။ စိတ်ရှည်လက်ရှည် ညင်ညင်သာသာနဲ့သာ ရှင်းပြ ဆွေးနွေးလေ့ရှိပါတယ်။

ရွှေဥဒေါင်းရဲ့ကိုယ်ပိုင်စံ
အင်္ဂလိပ်စာတွေ သိတ်ဖတ်ပြီး ရှေးခေတ်အင်္ဂလိပ်လူမျိုးများရဲ့ 'လူကြီးလူကောင်း စိတ်ဓာတ်' ကို သိပ်သဘောကျ နှစ်ခြိုက်တဲ့ ဆရာကြီးရွှေဥဒေါင်းဟာ ကိုယ်တိုင်လည်း နေတာ၊ ထိုင်တာ၊ စားတာ သောက်တာကအစ လူမှုပေါင်းသင်းဆက်ဆံရေးအထိ အင်မတန်မှကို စည်းကမ်း တိကျပါတယ်။ လူတိုင်းကို သူ့ 'ကိုယ်ပိုင်စံ' နဲ့ တိုင်းပြီး ကြည့်လေ့ရှိပါတယ်။ အဲဒီ 'သူ့ကိုယ်ပိုင်စံ' ကြောင့် တွေ့သမျှ လူတိုင်းကို သူသဘောတွေ့လေ့ မရှိပါဘူး။ သူချီးကျူးသူ၊ သူလေးစားသူ ဆိုတာ၊ မရှိသလောက်ကို ရှားပါတယ်။ တလောကလုံးမှာ ဆရာကြီးရွှေဥဒေါင်း နှစ်နှစ်ကာကာကြီး လေးစားသူဆိုလို့ 'ဗုဒ္ဓ' ကလွဲရင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ဆရာကြီး ဘာထရန်ရပ်ဆယ် နှစ်ဦးသာ ရှိပါတယ်။

ရွှေဥဒေါင်းချီးကျူးခဲ့သူ
အဲဒါလောက်ထိ 'ကိုယ်ပိုင်စံ' သိပ်တင်းကျပ်လွန်း၊ သိပ်မြင့်လွန်းတဲ့ ဆရာကြီး ရွှေဥဒေါင်းကတောင်မှ ဆရာဗန်းမော်တင်အောင်ကို 'တကယ့်ဂျင်းတဲလ်မဲန်းပဲကွ' လို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။ ဒီစကားကို အများသူငါအတွက်တော့ သိပ်ပြီးအရေးပါလှတယ်လို့ ထင်ချင်မှ ထင်ကြပါလိမ့်မယ်။ အင်မတန်မှကို စည်းစနစ်ကြီးကြီး၊ အင်မတန်မှလည်း မာနကြီးလွန်းတဲ့ ဆရာကြီးရွှေဥဒေါင်းအကြောင်း ကောင်းကောင်းသိသူ တယောက်အနေနဲ့ တော့ ဒီစကားရဲ့ အလေးအနက်ကို မှန်းဆလို့ ရနိုင်ပါတယ်။ ဆရာကြီးရွှေဥဒေါင်းက ချီးကျူးတဲ့ သူဆိုလို့ တကမ္ဘာလုံးမှာ လက်ဆယ်ချောင်းပြည့်အောင်တောင် ရေတွက်လို့ မရှိနိုင်ပါဘူး။

အုန်းပင်စိုက်သူ
ဆရာဗန်းမော်တင်အောင်လည်း လူရောစိတ်ပါ စည်းစနစ်ရှိသူ ဖြစ်ပါတယ်။ ကိုကိုးကျွန်းမှာနေစဉ်က နေ့စဉ်မှန်မှန် ကျွန်းပတ်လမ်းလျှောက်ပါတယ်။ တနေ့တနာရီလောက် သူ့အိပ်ရာပေါ်မှာ 'အုန်းပင်စိုက်' လေ့ကျင့်ခန်း မှန်မှန်လုပ်ပါတယ်။ အုန်းပင်စိုက်လေ့ကျင့်ခန်း လုပ်တာ သွေးလှည့်ပတ်မှု မျှတစေပြီး ဦးနှောက်ကြည်လင် လန်းဆန်းစေတယ်။ ဆံပင်မဖြူ အောင်လည်း တားဆီးကာကွယ်ပေးတယ်လို့ ဆရာက ပြောပါတယ်။ ထမင်းစားတဲ့အခါမှာ လည်း ဆရာက သူသတ်မှတ်ထားတဲ့အတိုင်း တပန်းကန်ပြည့်ပြည့်သာ စားပါတယ်။ ဟင်းရှိလို့ ပိုမထည့်သလို၊ ဟင်းမရှိလည်း လျှော့မထည့်ပါဘူး။ ပုံမှန်အတိုင်း ၀င်အောင်စားပါတယ်။

ချစ်ဆဲလွမ်းဆဲ
အဲဒီလို စည်းစနစ်ရှိတာ လူကြီးလူကောင်းဆန်တာတွေကြောင့် လူတိုင်းက စာကိုချစ် သလို လူကိုလည်း ချစ်ကြတာပါ။ အခုဆိုရင် ဆရာကွယ်လွန်ခဲ့တာ ဆယ်စုနှစ်၊ သုံးခုတိုင် ခဲ့ပါပြီ။ ဆရာကွယ်လွန်ခဲ့တဲ့ လရောက်တိုင်း ဆရာ့စာဖတ်ပရိသတ်တွေက ဆရာ့အလွမ်းပြေ အခမ်းအနားတွေ လုပ်လေ့ရှိသလို မဂ္ဂဇင်းတွေဂျာနယ်တွေကလည်း ဆရာ့အမှတ်တရ အထူးထုတ်တွေ ထုတ်လေ့ရှိကြတယ်။ ဆရာ့ကို ဘယ်သူမှ မမေ့ကြဘူး။ ချစ်ကြဆဲ၊ လေးစားကြည်ညိုကြဆဲ ဖြစ်တယ်။ ဆရာကွယ်လွန်ချိန်က အိမ်မှာမရှိတာကြောင့် ကိုယ်တိုင် မမြင်မတွေ့လိုက်ရပေမယ့် ဆရာ့ဈာပန ၀က်ဝက်ကွဲမျှ စည်ကားလှကြောင်း စာတွေဖတ်ပြီး သိခဲ့ရတယ်။ ဒီနေ့ထိ အနယ်နယ်အရပ်ရပ်ရှိ ဆရာ့စာဖတ်ပရိသတ်များက ဆရာ့အမှတ်တရ အခမ်းအနားလေးတွေ လုပ်ကြတာ၊ ကြာလေ နည်းလေဖြစ်မသွားဘဲ၊ တနှစ်ထက် တနှစ်ပိုပြီး တိုးလာ များလာတာတွေ တွေ့ရလေတော့ ဆရာ့ကို လူတွေက တော်တော်ချစ်ကြပါလားလို့ ကြည်နူးမိရပါတယ်။

စာရေးအကောင်းကြီးမဟုတ်ပါ
တကယ်တော့ ပြောရမယ်ဆိုရင် ဆရာက စာရေးအကောင်းကြီး မဟုတ်ပါဘူး။ ၀တ္ထု ရေးသားခြင်း အတတ်ပညာရှုထောင့်က ကြည့်ရင် ဆရာ့ထက် ကိုး၊ ဆယ်ဆ သာတဲ့ စာရေးဆရာတွေ အများကြီးရှိပါတယ်။ ဆရာ့ဝတ္ထုတွေ အတော်တော်များများက ပျင်းစရာ ကောင်းပါတယ်။ တချို့ဆိုရင် ၀တ္ထုနဲ့မတူပဲ နိုင်ငံရေးကြေညာစာတမ်းနဲ့ တူနေတာ မျိုးတောင် ရှိပါတယ်။ ဒါပေမယ့် စာဖတ်ပရိသတ်တွေက မငြိုငြင်ပါဘူး။ ဆရာ့စာတွေကို မက်မက်မောမော ဖတ်နေကြမြဲ ဖြစ်တယ်။ ဆရာ့ကိုလဲ ချစ်ခင်လေးစား ကြည်ညိုမြဲ ဖြစ်တယ်။ ဟော... အခု ဆရာမရှိတော့တာတောင် အတော်ကြာပြီ။ ဆရာ့စာဖတ်ပရိသတ်တွေက ချစ်ဆဲ၊ လွမ်းဆဲ၊ လေးစားကြည်ညိုဆဲ၊ ဆရာ့အမှတ်တရပွဲတွေ လုပ်ဆဲ လုပ်မြဲပါပဲ။ အဲဒါ ဘာ့ကြောင့်ပါလဲ။
ရှည်ရှည်ဝေးဝေး အဖြေရှာနေစရာ မလိုပါဘူး။
စာရေးမကောင်းပေမယ့် ဆရာဟာ စာကောင်းရေးသူ ဖြစ်လို့ပါ။ ဆရာရေးခဲ့သမျှ စာတွေမှာ တအုပ်မှ စာဖတ်ပရိသတ် ပြည်သူလူထုကို ထိခိုက်နစ်နာစေတဲ့ စာမျိုး မပါပါဘူး။ စာဖတ်ပရိသတ် ပြည်သူလူထုကို ဆရာဘယ်တော့မှ မစော်ကားပါဘူး။ ဆရာဟာ သူတကိုယ် ကောင်းစားရေးအတွက် စာဖတ်ပရိသတ် ပြည်သူလူထုကို ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့ ပါဘူး။ ဆရာ့ဘ၀ တလျှောက်လုံးမှာ ဆရာဟာ ပြည်သူလူထုနဲ့အတူ ရှိခဲ့ပါတယ်။ ဆရာက ပြည်သူကိုချစ်လို့ ပြည်သူက ဆရာ့ကို ချစ်တာပါ။
စာရေးမကောင်းပေမယ့် စာကောင်းတွေရေးလို့ ပြည်သူက ဆရာ့ကို ချစ်တာပါ။ ပြည်သူချစ်တဲ့ ဆရာ့နာမည်ဟာ ပြည်သူတွေကြားမှာ အမြဲ ရှိနေမှာပါ။
ပြည်သူချစ်တဲ့ဆရာ ဘယ်တော့မှ မသေပါ။

လူထုစိန်ဝင်း။
ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် (၁၉)၊ စက်တင်ဘာ ၂၀၀၈။

အမှတ်တရမာယာ

တဆောင်းသစ်ပြန်ပြီ။ ဒီဆောင်းနဲ့အတူ မာယာလည်း တနှစ်ပြည့်ပြန်ပြီ။ ငြိမ်းချမ်းတဲ့ဆောင်းရာသီမှာ စတင်ခဲ့တဲ့မာယာ၊ ဒီဆောင်း တကျော့ပြန်လည်လာတိုင်း ပုရစ်ဖူးတွေနဲ့အတူ နှစ်အသစ်သို့ကူးရင်း အောင်မြင်မှုသရဖူကို ဆက်လက်ဆောင်း နေလျက်ပါ။ ဆောင်းဟာ ပုရစ်ဖူးတွေနဲ့ သစ်ဆန်းခဲ့သလို မာယာသည်လည်း စာပေအညွန့်အဖူးတွေနဲ့ ထာဝရသစ်ဆန်းနေ မှာဖြစ်ကြောင်း စာဖတ်ပရိသတ်တဦးအနေနဲ့ ယုံကြည်ပြီးသားပါ။


မာယာဟာ ကျနော် နှစ်သက်တဲ့ ပြည်ပမဂ္ဂဇင်းတခုပါ။ နှစ်သက်ရခြင်းအကြောင်းက စာဖတ်သူ မာယာကို ဖတ်မိတာနဲ့ အကဲခတ်မိမှာပါ။ မာယာထဲမှာ ကျနော်လေးစားတဲ့ ဆရာဗန်းမော်တင်အောင်ပါတယ်။ ဆရာမြသန်းတင့်နဲ့လည်း တွေ့ရ တယ်။ ဖွားဖွားဒေါ်အမာနဲ့လည်း ဆုံရတယ်။ ကျနော် လေးစားချစ်ခင်ရပါသော ကဗျာဆရာကြီး ဆရာတင်မိုးကိုလဲ မာယာမှာ မကြာမကြာတွေ့ရတယ်။ အကောင်းတွေ စုပုံနေနဲ့မာယာကို လူတွေကြိုက်ကြတာ ဘယ်ဆန်းတော့မှာလဲဗျာ။
“မာယာမဂ္ဂဇင်းလေး ကိုအေးဝင်း ထုတ်ထားတာ ဘယ်လောက်ကောင်းသလဲ။ ကြည့်ပါဦး။ အထဲမှာပါတဲ့ စာတွေကလဲ ကောင်းလိုက်တာ။ နိုင်ငံခြားမှာ အခုလိုစာကောင်းတွေ ဖတ်ရဖို့ မလွယ်ဘူး။ ဒီမဂ္ဂဇင်းလေး နိုင်ငံတကာမှာရှိတဲ့ မြန်မာတွေ စာပေ၀ါသနာရှင်တွေ ဖတ်ခွင့်များရရင် ဘယ်လောက်ကောင်းမလဲ”တဲ့ ဆရာတင်မိုးက ပြောခဲ့ဖူးတယ်။
ဆရာတင်မိုးနဲ့ ကိုအေးဝင်း၊ ပြီးတော့ ကျနော်တို့ဟာ သိခဲ့တာကြာခဲ့ပြီ။ ဆုံဖြစ်ကြတိုင်းမှာလည်း စာပေအကြောင်း၊ မာ ယာအကြောင်း၊ ပြည်တွင်းအကြောင်း၊ ပြည်ပအကြောင်း၊ ဗိုလ်ချုပ်ကျော်ဇော ဘယ်လောက်တော်တဲ့အကြောင်း၊ ဆရာကြီး ဒေါက်တာသန်းထွန်း စာတွေဘယ်လိုစုံတဲ့အကြောင်း စုံလို့ပါပဲ ပြောဖြစ်ကြတယ်။
စကားဝိုင်းမှာ တခါတရံ ပန်းချီကိုမောင်မောင်အောင်လည်းပါတယ်။ အဆင်သင့်တဲ့အခါ ကိုမိုးလည်းပါတယ်။ ကိုအေး ၀င်းက စားဖိုမှူးလေ။ ကျနော်တို့ဆုံဖြစ်တိုင်းမှာ ကိုအေးဝင်းက ဟင်းတမျိုး၊ နှစ်မျိုးကို ချက်ပြီးယူလာတတ်တယ်။ သူချက် တဲ့ဟင်းတွေထဲမှာ မဆလာနံ့လေးသင်းပြီး ကုလားနံနံပင်အုပ်ချက်တဲ့ ငါးပြေမဟင်းက အကောင်းဆုံးပဲ။ ကျနော်တို့က ထ မင်းပူပူကို ဟင်းအနှစ်လေးနဲ့ လူးလဲပြီး လွေးကြတာပေါ့။ “ကျောက်ပန်းတောင်း ကျောက်ပန်းတောင်း”လို့ ဆရာတင်မိုးက ဆေးလိပ်တိုလက်ဆွဲရင်း အော်ပြောတော့ “ဆရာ ရမယ်လေ၊ ကျနော် စီစဉ်ထားတယ်”တဲ့ ပြောလိုက်သေးတယ်။ ဒါဆို မ ကြည့်ပဲ သိတယ်။ ဆရာတင်မိုး စားပြီးသွားပြီလေ။ ဆရာက အညာဇာတိဖြစ်လို့ အရိုးကြောက်တော့ ဒါမျိုးဟင်းဆို စားတာ မြန်တယ်။ ဆေးလိပ်တိုခဲရင်း ကျောက်ပန်းတောင်းနဲ့ အကြမ်းတခွက်၊ ပြီးတော့ လဖက်သုတ်ကို သူအားပြုတော့မယ်လေ။
တခါက Inglewood အိမ်မှာ အမှတ်တရလေးတခုရှိသေးတယ်။ ခြံထဲက အိမ်လေးလုံးရှိတဲ့အနက် ကိုအေးဝင်းက အိမ် နှစ်လုံးကို ယူထားပြီး တလုံးကို မိသားစုနေကြတယ်။ ကျန်တလုံးမှာ ကိုအေးဝင်းနဲ့အတူ စာအုပ်နဲ့ပန်းချီကားတွေက နေရာ ယူထားကြတယ်။ ကျနော်နဲ့ ဆရာကြီးက အဲသည်စာအုပ်ထားတဲ့အိမ်လေးမှာ ကိုအေးဝင်း ချက်ကျွေးသမျှကို တ၀ တပြဲစား ရင်း စာပေဝေဖန်ရေးတွေ လုပ်နေကြတာ ညနေ နေစောင်းတော့မှပဲ ပြန်ဖြစ်တော့တယ်။
စကားပြောကြရင်း ခံတွင်းချင်လာရင် အပြင်ထွက် ဆေးလိပ်သောက်ကြတယ်။ ညနေပိုင်း ကျနေနဲ့အတူ အိမ်ရိပ်ကလဲ ထိုးနေပြီမို့ ကင်ပွန်းချဉ်ပင်၊ ခရမ်းကစော့ပင်နားမှာ ခုံလေးတွေချပြီး ဆေးလိပ်သောက်လိုက် စကားပြောလိုက်နဲ့ ကျနော်တို့ တွေ ရေချိန်အတော်ကိုက်နေကြတယ်။ ကျနော်တို့တွေက ကိုအေးဝင်းချက်တဲ့ အမဲသားနှပ်နဲ့ ထမင်းဆိပ်တက်ပြီး ရေချိန် ကိုက်နေကြတာ။ စကားပြောနေကြရင်း ဆေးလိပ်တိုလေး မြေပေါ်ကိုကျလာလို့ လာလမ်းကိုကြည့်လိုက်တာ ဆရာတင်မိုး အိပ်ပျော်သွားပြီဖြစ်ကြောင်း သတိထားမိတယ်။ မာယာရိပ်က အိပ်မက်များနာမည်နဲ့ အိပ်မက်ထဲမှာ ဆရာ ကဗျာတွေရေး နေလောက်ပြီထင်တယ်။ ပြောချင်တာက ကျနော်တို့တွေ မာယာနဲ့ ဘယ်လောက်ရင်းနှီးကျွမ်းဝင်ကြတယ်ဆိုတာပါပဲ။
ကြာတော့ ကြာခဲ့ပါပြီ။ စိတ်ထဲမှာတော့ မနေ့တုန်းကမှ ဖြစ်သလိုပဲ။ ဆရာတင်မိုးခမျာလည်း ဆုံးသွားရှာပြီ။ မာယာတနှစ် ပြည့်အမှတ်တရမှာ ဆရာ့ထံကစာမူကို နတ်ပြည်မှာ သွားတောင်းမှရမယ်တဲ့ ကိုအေးဝင်းက ဆရာ့ကိုအမှတ်ရသွားပုံပဲ။ ဆ ရာ့အကြောင်းလေး ပြောလာသေးတယ်။ အခုနေများဆို ဆောင်းပါးဝတ္ထုတွေ အပတ်စဉ်မှန်မှန်တက်လာတဲ့ မာယာဘလော ဂ်လေးကို ဆရာတင်မိုးသာသိရရင် ဘယ်လောက်များချီးမွမ်းနေလိုက်မလဲလို့ စဉ်းစားမိသေးတယ်။
အစပိုင်းမှာ နှစ်လတကြိမ်လောက်ဆိုတော့ မာယာထုတ်တာ စိပ်တယ်။ နောက်ပိုင်း သုံးလတကြိမ်၊ လေးလတကြိမ်ဖြစ် လို့ မာယာထုတ်လုပ်မှု ကျဲတောက်လာတယ်။ ဘလောဂ်မပေါ်မီ ကာလတွေမှာတော့ မာယာက ခေတ္တအနားယူ အိပ်စက် သွားတယ်။ ပုံစံကြည့်ရတာ မာယာလည်း ကိုယ့်အရိပ်မှာ ကိုယ်ပြန်နားရင်း အိပ်ပျော်သွားပုံရတယ်။
အမှတ်တရဖြစ်ခဲ့ဖူးတာတွေ ကျန်သေးတယ်။ ဒီထဲမှာ မာယာနဲ့စတင်တွေ့ဆုံခြင်းနိဒါန်းကို ထားရစ်ခဲ့လို့မဖြစ်သေးဘူးဗျ။ ဒါကလည်း ကိုသန်းလှိုင်ရဲ့ တဆောင်းသစ်ပြန်ပြီကို ပြန်စပြောရမလိုပါ။ မာယာနဲ့ကျနော် စတင်ဆုံတွေ့ခဲ့တာ သည်ဆောင်း ဟေမန်မှာပဲ ဖြစ်နေတယ်။ Riverside ဗီယက်နမ်ကျောင်းမှာ တရားပြရန် ကြွရောက်လာတဲ့ ဗမာဆရာတော်ကြီးတပါးကို ဖူးမျှော်ကန်တော့ဖို့ ကျနော်ရောက်ဖြစ်ခဲ့တယ်။ အဲသည်မှာပဲ တရားလာထိုင်တဲ့ ဗမာတဦးစ နှစ်ဦးစကို ဆုံတွေ့ဖြစ်ခဲ့တယ်၊ ဗမာအချင်းချင်းဆိုတော့ ခင်ခင်မင်မင် နွေးနွေးထွေးထွေး စကားပြောဖြစ်ကြတယ်။
Riverside ကနေ ပြန်ခါနီးမှာ လူလတ်ပိုင်း အမျိုးသားတဦး၊ အမျိုးသမီးနှစ်ဦးတို့နဲ့ ဆုံဖြစ်ကြပြန်တယ်။ ဗမာတွေမှန်းသိ လို့ သူတို့ကလည်း ကျနော်နဲ့စကားပြောရတာ အားရ၀မ်းသာပေါ့လေ။ ကျနော်လည်းပဲ ၀မ်းသာပါတယ်။ လူလတ်ပိုင်းအမျိုး သားဆိုသူက မာယာကို ဖန်တီးနေတဲ့ ကိုအေးဝင်းဖြစ်နေတယ်။ တယောက်က သူ့ညီမငယ် စောစောဝင်း၊ ကျန်တဦးကိုလဲ ကိုအေးဝင်းကပဲ မိတ်ဆက်ပေးတယ်။ “သူက စာရေးဆရာမ ဂျူး”တဲ့။ ကျနော်က သူ့ပရိသတ်မို့ ဆရာမဂျူးနဲ့တွေ့ရတာ ၀မ်း သာပါတယ်။ သူ့စာအုပ်တွေအကြောင်း၊ စာပေအကြောင်းစတာတွေ ပြောဖြစ်ခဲ့ကြတယ်။ ဒီကနေ ကျနော်လည်းပဲ မာယာ ဖန်တီးရှင် ကိုအေးဝင်းနဲ့ မာယာကို စတင်သိကျွမ်းခဲ့ခြင်းပါ။
စာဖတ်မှန်းသိလို့မို့ မာယာအသစ်ထွက်တိုင်း ကျနော့်ထံကို စာတိုက်မှတဆင့် ပို့ပေးလေ့ရှိတယ်။ ဖတ်ပြီးတော့ ကာယ ကံရှင်နဲ့ဆုံတဲ့အခါမှာ ဝေဖန်ရေးလေကန်ရေးတွေ လုပ်ဖြစ်တယ်။ အများအားဖြင့်က ဘယ်သူ့စာကို ဘယ်လိုကြိုက်တာ ဆိုရုံမျှသာပဲ ဝေဖန်တာပါ။ မာယာထဲမှာပါတဲ့စာ အတော်များများကို စာပေနယ်မှာထင်ရှားတဲ့ဆရာကြီးတွေ ရေးထားတာ ဖြစ်လို့ အထူးတလည် စာပေဝေဖန်ရေးတွေ လုပ်စရာမလိုတဲ့ မာယာပင်ဖြစ်ပါတယ်။
စာအုပ်မှတဆင့် ဘလောဂ်ခေတ်သို့ ကူးပြောင်းလာတယ်။ ဘလောဂ်ခေတ်မှာလဲ မာယာက အဆင့်အတန်းမကျခဲ့ဘူး။ မာယာစာအုပ်နဲ့မာယာဘလောဂ် ထူးခြားတာတွေရှိနေတယ်။ မာယာစာအုပ်က စာအုပ်အဖြစ်ထုတ်လုပ်ရတာ အလွန်တာ ထွက်နှေးသလောက် မာယာဘလောဂ်လေးကတော့ဖြင့် အလွန်မြန်ဆန်တယ်။ ဖတ်စရာ စာအသစ်အသစ်တွေနဲ့ အမြဲပဲ အဆင်ပြေအောင် စီစဉ်ကြိုးစားထားတာ မြင်ရတယ်။
တခါက ဆရာတင်မိုး မျှော်လင့်ထားသလိုပဲ မာယာကို တကမ္ဘာလုံးမှာရှိကြတဲ့ ကျနော်တို့လူမျိုးတွေ အင်တာနက်မှ တ ဆင့် ဖတ်ခွင့်ရနေပါပြီ။ နိုင်ငံပေါင်းစုံက ကျနော်တို့နိုင်ငံသားတွေ မာယာသို့ ပျော်ရွှင်စွာနဲ့ နေ့စဉ်အလည်ရောက်နေကြပါပြီ။ ကျနော့်လိုပဲ မာယာသို့ အလည်လာရောက်သူတွေ မာယာနဲ့ပတ်သက်ပြီး နောင်တချိန်မှာ အမှတ်တရတွေဖြစ်ပြီးကျန်ရစ် နေလိမ့်မယ်လို့ မျှော်လင့်ထားတယ်။

ကိုသက်

Tuesday, October 28, 2008

ဓါတ်ရှင်ကြိုက်တဲ့ငှက်ကလေး
ရေးသူ- နုနုရည် (အင်းဝ)




ကျွန်တော့်သခင်က....
ဓါတ်ရှင်သိတ်ကြိုက်ပါတယ်၊
မြို့လည်ခေါင်က ရုံတော်မင်္ဂလာစီနီမာမှာ....
ကားလဲတိုင်း အမြဲကြည့်တတ်တယ်။
သူကြည့်တိုင်းလဲ ကျွန်တော့်ကို....
အမြဲပဲ ခေါ်သွားတတ်ပါတယ်။
လက်မှတ်ရုံမှာ....


ကျွန်တော့်အတွက် လက်မှတ်တစောင်
ကျွန်တော့်လှောင်အိမ်ကလေး ကိုင်ထားတဲ့
(သခင့်အတွက်) လက်မှတ်တစောင်
လက်မှတ်နှစ်စောင် ၀ယ်ပြီး....
တူတူကြည့်ကြတယ်။

ဓါတ်ရှင်ပြရင်...
သခင်က... သူသဘောကျသမျှ...
ကျွန်တော့်ကို ပြောပြ...၊
ပထမတော့ ကျွန်တော့်မှာ အူကြောင်ကြောင်နဲ့ပေါ့...။
အမယ်...နောက်တော့လဲ..ကျွန်တော်ပါ
သဘောကျလာတတ်ပြီဗျို့...။
တကယ်ဗျာ.. မယုံမရှိနဲ့...
ကျွန်တော်တို့ ဆရာတပည့်..
စွဲကြတာလဲ မပြောနဲ့။
တကယ်ကောင်းတဲ့ ဓါတ်ရှင်တွေဗျ..
ဟိုဗျာ.. ဗိုလ်အောင်ဒင် ဆိုတဲ့ကား..
ခင်ဗျား ကြည့်ဖူးမလား.. မသိဘူး.....
ဗိုလ်အောင်ဒင်၊ ဦးဘချစ်၊ မမြ၀င်းတို့လေ.....
"မကြောက်ပါနဲ့ ဦးဘချစ်ရဲ့ မိုးပေါ်ထောင်ပစ်လိုက်တာပါ"
"ကြည့်စမ်း'မြ'၊ 'မြ' နဲ့သေနတ်၊ သေနတ်ကပိုအရေးကြီးသတဲ့..."
"လှေနံတော့ နှစ်ဖက်မနင်းလိုက်ပါနဲ့ မမြ၀င်းရယ်၊ နင်းချင်းနင်းရင်....
ကျုပ်ဖက် ဖိနင်းလိုက်စမ်းပါ"
တကယ်စကားပြောကောင်းတဲ့ ခင်မောင်ရင်ပဲဗျာ...၊
ကျွန်တော်သာ မမြ၀င်းဆိုရင်
တကယ်ပါ ဘာကမှ မစဉ်းစားပဲ
သူ့ဖက်ဖိနင်းပစ်လိုက်မှာ... အသေအချာပေါ့။
ပြီးတော့ဗျာ... ဟိုကား တကား
ဘာတဲ့.. အဲ..'ချွေးနှင့် သွေးနှင့် ရင်းသည့်မြေ'
မြတ်လေးရယ် ကောလိပ်ဂျင်နေ၀င်းရယ် မြင့်မြင့်ခင်ရယ်၊ ဦးကျောက်လုံးရယ်
အဲဒီထဲမှာ....
နယ်ခံဗိုလ်ကျစိုးမိုးသူ 'မြို့ခင်းသာကျောက်ခဲ' အဖြစ်နဲ့...
သရုပ်ဆောင်တဲ့ ဦးကျောက်လုံးကြီးလေ...၊
" 'မြို့ခင်းသာကျောက်ခဲ' က 'ဦးကျောက်ခဲ'ကို မဲပေးပါတယ်..."
ရှုတည်တည်နဲ့ ဘယ်သူ့မှ မရှက်တဲ့မျက်နှာ..
ကျွန်တော်တောင် သူ့အစား ကြားက ရှက်လာတယ်။

"ရန်ကုန်ဆိုတာ သွားသုတ်သုတ်၊ လာသုတ်သုတ်၊ စားသုတ်သုတ်
မဆာလဲစား၊ ဆာလဲစား၊ ရုံးမီအောင်၊ ဘတ်စ်ကားမီအောင်"
မြက်ခမောက်နဲ့ လက်နောက်ပစ်ထားတဲ့..
စကားပြောမင်းသား မြတ်လေးကလဲ
နံမည်နဲ့ လိုက်ပါပေရဲ့ဗျာ....၊
ကျွန်တော်ကတော့ ကြိုက်မှကြိုက်ပဲ။
အဲ... ပြီးတော့ သိပ်ခိုက်တဲ့ နောက်တကားက....
ဟိုကားလေဗျာ...
ဒါရိုက်တာမောင်မိုးသူရိုက်တာ..
'ရေပွက်ပမာ' ဆိုတဲ့ကား၊
ဇော်ခင်၊ မြတ်လေး၊ နေစိုးတို့ရဲ့...
နံမည်ကြီး ကား ပေါ့...။
'သိန်းနက်'၊ 'သိန်းနက်'၊ နာမည်ဝှက်နဲ့လူဟာ
ဒီလူကြီး 'ဦးအောင်' လို့...
သိလိုက်ရတဲ့ တခဏ
"'သိန်းနက်'က 'ဦးအောင်'၊ 'ဦးအောင်'က 'သိန်းနက်'
ဟုတ်လားကွ...ဟင်"
"သုံးယောက်တယောက် ဒီပွဲကြည့်မကောင်းဖူး
ကောင်မလေးကို လွှတ်လိုက်"
"ဟေ့ကောင် မြဒင် မင်းသေနတ်ကို မရှောင်နိုင်တော့ဖူးလား
တော်လှန်ရေးကာလ သွေးမြေကျ ငါဖြေနိုင်သေးရဲ့ကွာ"
ဟာ... ကျွန်တော် မျက်ရည်လည်လာအောင် ကြိုက်တယ်ဗျာ။
ဒါပေမယ့်ဗျာ....
ဟို.. 'မုန်း' ဆိုတဲ့ ဇာတ်ကားမှာ၊
ကျွန်တော် သိပ်ကြိုက်တဲ့ ကောလိပ်ဂျင်နေ၀င်းက...

"လှောင်ချိုင့်ထဲက ငှက်ဟာ လှောင်ချိုင့်ထဲကိုပဲ
ပြန်သွားချင်တာပါပဲ" တဲ့......။

အဲဒါကတော့ မဟုတ်ဖူး၊
ကျွန်တော် သဘောမတူနိုင်ဖူး၊
လှောင်ချိုင့်ကို ကျွန်တော်မုန်းတယ်၊
ငှက်ပဲဖြစ်ဖြစ်...
လူပဲဖြစ်ဖြစ်....
လှောင်ချိုင့်ထဲမှာ ဘယ်သူနေချင်မှာလဲ..
ဘယ့်နှယ်လဲ....
ခင်ဗျားရော.. ကျွန်တော်နဲ့... သဘောချင်းတူရဲ့လား။ ။

နုနုရည် (အင်းဝ)။

{မာယာနှစ်လည်အတွက် -၁၉၉၀ ကျော် နှစ်များဆီက (ကဗျာမရေးတတ်ပဲ) ရေးချင် လွန်းလို့ ရေးထားမိတဲ့ ကဗျာလေးကို- ပေးပို့လိုက်ပါတယ်။}

မာယာမှာ ဖော်ပြခဲ့တဲ့ စာရေးဆရာများ


၁။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း
၂။ ဗန်းမော်တင်အောင်
၃။ ဒဂုန်တာရာ
၎။ မြသန်းတင့်
၅။ လူထုဦးလှ
၆။ လူထုဒေါ်အမာ
၇။ ပါရဂူ
၈။ ဇော်ဂျီ
၉။ မင်းသုဝဏ်
၁၀။ တင်မိုး


၁၁။ ကြည်အောင်
၁၂။ မောင်သာနိုး
၁၃။ မောင်ပေါက်စည်
၁၄။ မောင်စွမ်းရည်
၁၅။ မောင်စိန်ဝင်း(ပုတီးကုန်း)
၁၆။ လူထုစိန်ဝင်း
၁၇။ ဖိုးကျော့
၁၈။ သက်ခိုင်
၁၉။ အောင်မြိုင်
၂၀။ ငြိမ်းအေးအိမ်
၂၁။ ကိုမှိုင်း
၂၂။ ဂျူး
၂၃။ မသီတာ(စမ်းချောင်း)
၂၄။ နုနုရည် အင်းဝ
၂၅။ ဒေါက်တာသန်းထွန်း
၂၆။ အီကြာကွေး
၂၇။ မင်းလူ
၂၈။ ညီပုလေး
၂၉။ ဖိုးသံချောင်း
၃၀။ ထွန်းဝင်းငြိမ်း
၃၁။ မိုးချိုသင်း
၃၂။ ရွှေဥဒေါင်း
၃၃။ အုန်းမြင့်လှိုင်
၃၄။ တင်သိန်းမောင်
၃၅။ မန်းတင်
၃၆။ ကြယ်နီ
၃၇။ ဒေါက်တာမြမဉ္ဇူ
၃၈။ ခင်ဝမ်း
၃၉။ ချစ်ဦးညို
၄၀။ အောင်ဗလ
၄၁။ မြလူ
၄၂။ ကိုသက်
၄၃။ မိနှောင်း
၄၄။ မောင်ပန်းမွှေး
၄၅။ အောင်ပြည့်
၄၆။ မောင်ဆန်းညွန့်
၄၇။ အေးငြိမ်းသာ
၄၈။ ကြည်အေး
၄၉။ ဌေးကြည်
၅၀။ ထွန်းဝေမြင့်
၅၁။ ရိုးမြေ
၅၂။ တော်ဖရားလေး
၅၃။ မောင်လွှာရင့်(ကွမ်းခြံကုန်း)
၅၄။ မိုးဇော်
၅၅။ ရန်ကြီးအောင်
၅၆။ နောင်
၅၇။ ကြည်ဇော်မိုး
၅၈။ ဘုန်းနွယ်လင်း
၅၉။ မောရူးဆိုး
၆၀။ လက်ျာဝင်း
၆၁။ မောင်နွေထက်
၆၂။ နေလက်
၆၃။ မိချမ်းဝေ
၆၄။ နေ၀င်းမြင့်

Monday, October 27, 2008

အမှတ်တရ

ကိုအေးဝင်း
ကျနော်စာရေးနောက်ကျတာတောင်းပန်ပါတယ်။
ခင်ဗျားရဲ့မာယာ ၁၀ နှစ်ပြည့်နေ့မှာ ရှေ့ကိုဆက်လက် လျှောက်လှမ်းနိုင်စေကြောင်း ဆန္ဒပြုလိုက် ပါတယ်။
အရင်တုံးက ပိုက်ဆံမရှိလို့ စိတ်တိုင်းကျ မလုပ်နိုင်ခဲ့ရာက ဘလော့တွေပေါ်လာမှ ငွေကုန်လဲသက်သာ၊ အာသာလဲပြေ၊ ပရိသတ်လဲတိုးပွါးအဆင်ပြေလိုက်တာ၊ နည်းပညာ ကျေးဇူးပါဘဲ။
အစစအဆင်ပြေပါစေလို့ ၁၀ နှစ်ပြည့်မင်္ဂလာ အခါသမယမှာ ဆုမွန်ကောင်းတောင်း လိုက်ပါ တယ်။
စာဖတ်ပရိသတ်အတွက် စာကောင်းပေမွန်တွေ ဆက်လက်ဝေမျှ ပေးကမ်းနိုင်ပါ စေဗျား။

သင့်
ဆရာစော
၂၇ အောက်တိုဘာ ၂၀၀၈။


Ko Aye Win,
Simply, thank you, My own comment toMa Ya is progressing,improved, I like your choise,presentations. I understand how you are getting humble. First I start read Saya Mya Than Tint's article-work about 45th street scence and rememberance of past era authors is so miserable.I am getting so much emotions. You are contributing for the people who love Myanmar,our country. Keep & touch , MaYa is always my favourate at my PC .

best
pawthame

Sunday, October 26, 2008

ဂယက်
မာယာ ၂၀၀၁ ခု၊ မတ်လ ၂၃



မာယာ 2001 March မှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။
01 / 08 / 01


Dear U Aye Win,
At last I am sitting down to write you a short letter in praise of Ma-ya magazine. Only recently, with the publication of the small book of poems by Kabya Saya Tin Moe, have I learnt about your Hundred Moons (La-min-taya)publishing project. I welcome it most warmly and say 'Tha-du,Tha-du, Tha-du.' It is an excellent idea of yours to make the work of some of Burma's leading writers available to the many, many Burmese now living far away from their motherland.



Two aspects of your publications are especially worthy of praise. They are printed on fine paper, well set out and beautifully illustrated. And the selection of items ranges widely from earlier authors such as Theik-pan Maung Wa right through to younger writers today such as Nu Nu Yiy(Inwa), Gyu and Nyi Pu Lay. At the same time I was glad to read the work of some of the most important writers of the post-1945 years, especially Saya Mya Than Tint, Dagon Ta-ya and Ludu Daw Amar.
I began my studies of Burmese literature in 1954. One of the the first things I read was Theikpan Maung Wa's "Oxford Dairy". Another early writer I am very fond of is P. Monin, it is amusing to read in his autobiography why he decided not to become a Catholic priest. In fact I have translated the whole of this work into English.
I hope you will continue with publishing Ma-ya and that you will be able to continue to include an even wider range of authors in the future.
I wish you every success

Khin-min lay-za lyet
Anna Allott(Khin Khin Chaw) - Banbury (near Oxford), England


xxxxxxx xxxxxxx xxxxxxx


ကိုအေးဝင်း
ဒီတခါတော့ မာယာအကြောင်း နဲနဲ ပြောချင်ပါတယ်။
ဒီနေ့ ပြည်ပမှာ ထုတ်နေကြတဲ့ စာနယ်ဇင်းတွေထဲမှာ မာယာလိုစာစောင်မျိုး တစောင်မှ မရှိသေးဘူးလို့ထင်ပါတယ်။ ပြည်တွင်းမှာရော ပြည်ပမှာပါ လိုအပ်နေတဲ့ စာစောင်မျိုး ဖြစ်ပါတယ်။
စာဖတ်သူတဦး အနေနဲ့ ကျနော်မြင်တာပြောရရင်-
မာယာမှာ ခေါင်းကြီးပိုင်း (သို့) အယ်ဒီတာ့အာဘော် စတာတွေမပါတာ သတိထားမိတယ်။ ဒါကိုက မာယာရဲ့ မူထင်ပါရဲ့။ အဆင့်ရှိတဲ့ စာပေတွေ ရွေးပြီးတင်ပြနေရာမှာ ဘာမှ သိပ်မပြောပဲနေတာလဲ မဆိုးပါဘူး။
ဒီစာစောင်ထဲ ဦးတင်အောင်ကို အထူးဂုဏ်ပြုထားတာ တွေ့ရတဲ့အတွက် ဝမ်းလဲသာ ကျေးဇူးလဲတင်မိပါတယ်။
စစ်အုပ်စုရဲ့ ရက်ရက်စက်စက် ဖိနှိပ်မှုကြောင့် စာပေလောကမှာ ဗုံမဟုတ် ပတ်မဟုတ်လူတွေ နဲ့ မော်ဒန်သမားတွေ တွင်ကျယ်နေပါတယ်။ ဒီအခြေအနေကို ကျနော်တို့ ပြောင်းပြန် ပြန်လှန်ဖို့ လိုပါတယ်။
မာယာမှာလဲ ဒီရည်ရွယ်ချက် ရှိမယ်လို့ ထင်ပါတယ်။

ပြည်ပရောက် စာချစ်သူတဦး၊
မေလ ၁၃ ရက်၊ ၂ဝဝဝ။ ည ၉း၃၈

ကိုအေးဝင်းခင်ဗျာ၊
မာယာစာစောင် ရရှိပါသည်။ ဖတ်လို့ အရသာ ရှိပါသည်။ ကိုတင်အောင်အကြောင်း စာမူတွေ ဖတ်ရတော့ ၀မ်းနည်းလွမ်းဆွပ် ရပါသည်။
ဆက်လက်ထုတ်ပါခင်ဗျား။

ဦးသောင်း (အောင်ဗလ)
၂၀၀၀ခု၊ ဧပြီ ၁၂ ရက်၊ အကြပ်နေ့။

အခါလည်
ရေးသူ- ပန်းချီထိန်လင်း


မာယာအွန်လိုင်မဂ္ဂဇင်း တနှစ်ပြည့်အထိမ်းအမှတ်တရအတွက် ပန်းချီကိုထိန်လင်း အမှတ်တရ ရေးပေးပါတယ်


သွားသေးသေးလေးတွေနဲ့
ကမ္ဘာကြီးကို နည်းနည်းချင်းကိုက်ကြည့်
ပြီးထွေးထုတ်လိုက်၊ ပြီးပြန်ဝါးကြည့်
အမိန့်တွေဟာ အဖျားဖြတ်ဆေးလိုခါးပြီး
လရောင်ဟာလည်း နို့ရည်လိုပဲ ချိုတာပဲလို့.....
သိစ။




ကဗျာရွတ်သံကြားရင်
နားနဲ့ရွက်လွှင့်
လက်က လှေလိုလှော်လို့။

ခြေထောက်သေးသေးလေးနဲ့
ကမ္ဘာကြီးဆွဲအားကိုအံတုပြီးထရပ်၊
လဲကျ၊ ပြန်ထ၊
ရလို့ပျော်ပုံက၊
မုန်တိုင်းနဲ့စစ်ခင်းပြီးပွင့်လာတဲ့၊
ပန်းကလေးတပွင့်လိုပ။

ပန်းချီထိန်လင်း

မာယာသမိုင်းအကျဉ်းချုပ်
လမင်းတရာစာပေဆက်ဆံရေးက တင်ပြတယ်

အောက်တိုဘာ ၂၇၊ ၂၀၀၈ ဟာ မာယာအွန်လိုင်းမဂ္ဂဇင်း တနှစ်ပါတ်လည်နေ့ ဖြစ်ပါ တယ်။

မာယာမဂ္ဂဇင်း သန္ဓေသားဟာ El Camino College (Torrance City- Los Angeles) မှာတည်ခဲ့တာ ဖြစ်ပါတယ်။
၁၉၉၁ မှာ အမေရိကကို ကိုယ်ရောက်တော့ အသက်က ၃၉ နှစ် ရှိနေပြီ။ ဒါပေမယ့် ကိုယ် ကျောင်းတက်ချင်သေးတယ်။ စာသင်ချင်သေးတယ်။ တခုခုကို အမြဲတမ်းသင်ကြား နေချင်တာ။ ကွန်ပြူတာလေး ဘာလေး ကိုင်တတ်၊ လုပ်တတ်ချင်တယ်။ ဒီတိုင်းပြည်ကို စ၀င်တော့ လေဆိပ်မှာ ကတည်းက လူဝင်မှုကြည့်ကြပ်က စာရွက်တရွက်ပေးတယ်။ ဒါနဲ့ အလုပ်လုပ်လို့ရတယ်၊ ကျောင်းတက်လို့ရတယ်လို့လဲ နှုတ်ကလဲ မှာလိုက်တယ်။




တကယ်တော့ ကယ်လီဖိုးနီးယားက ကျောင်းတွေထုံးစံအရ California Residence ဆိုရင် ဈေးတမျိုး၊ မဟုတ်ရင်ဈေးတမျိုး။ မဟုတ်ရင် ရှစ်ဆ ဆယ်ဆကွာတယ်။ Residence ဆိုရင် တယူနစ်ကို ဆယ်ဒေါ်လာ၊ out of state ဆိုရင် ဒေါ်လာတရာ့တဆယ်၊ တခြား တိုင်းပြည်က ကျောင်းသားဆို ဒေါ်လာတရာ့တဆယ်နှစ်။ ကယ်လီဖိုးနီးယားမှာ တနှစ်ပြည့် အောင်နေပြီးမှ ဆယ်ဒေါ်လာတန်း ရမယ်ဆိုလို့ တနှစ်စောင့်လိုက်ရတာ အသက်လေးဆယ်မှ ကောလိပ် ကျောင်းသား ပြန်ဖြစ်တယ်။
သစ်ပုတ်ပင်အောက်က၊ စွယ်တော်ပင်ရိပ်က၊ ဦးချစ်လက်ဘက်ရည်ဆိုင်က၊ နွေးအေး က ကျောင်းသားမဟုတ်တော့ဘူးလေ....။ အနှစ် နှစ်ဆယ်လွန်ခဲ့ပြီးလေတော့ ဒီကျောင်းသား သစ်က မနက် ၆ နာရီထ၊ ရ နာရီမှာ အလုပ်ထဲဝင်။ ၄ နာရီမှာ အလုပ်ကနေ ပြန်၊ ကျောင်းကို ဘတ်စကားနဲ့ ပြေးပြီး၊ ည ၁၀ နာရီခွဲမှ အိမ်ပြန်ရောက်တဲ့၊ အချိန်ပြည့် အလုပ်သမား၊ အချိန်ပိုင်း ကျောင်းသား။
ဒီလိုနဲ့ CIS ဆိုတဲ့ Computer Information System ကို ယူလိုက်တော့၊ Semister တခုမှာ Page Maker ဆိုတဲ့ ဘာသာကို ကိုယ်ယူတယ်။ အဲဒီအတန်းက ဖိုင်နယ်စာမေးပွဲမှာ ကျောင်းသားတယောက်ကို Project တခုစီ တင်ရတယ်။ ဆရာကို ကိုယ်က မေးတယ်။ ငါတို့ ဗမာစာလုံးနဲ့ရိုက်တဲ့ စာစောင်ကလေးတခု project တင်လို့ ရမလားလို့။ ဆရာက Mr. Dick Burton တဲ့။ (ခုထိလဲ El Camino မှာ အလုပ် လုပ်နေတုန်း။ ခုတော့ Excel ဘာသာ သင်နေတယ်။) ကောင်းတာပေါ့။ ဘာရေးထားတယ်ဆိုတာ ငါတို့ ဖတ်တတ်ဖို့မလိုဘူး၊ အဓိက, က ဒီ Soft ware ကို (Desktop Publishing) အသုံးချတတ်တယ်၊ နားလည်တယ် ဆိုတာ ပြနိုင်ရင် ပြီးတာပဲတဲ့။
"စစ်ဖိနပ်အောက်ကဗမာပြည်" ဆိုတဲ့ Letter size တရွက်ကို တ၀က်ချိုးနဲ့ လေးမျက်နှာ ပြည့် စာစောင်တခုလုပ်ပြလိုက်တယ်။ ဒီပရိုဂျက် တင်မယ်ပြောတော့ ဆရာက ၀မ်းသာအားရ ပဲ။ လိုတာရှိရင်ပြော သူကူမယ်ဆိုပြီး ကိုယ့်စာစောင်ထဲထည့်ဖို့ ရွှေတိဂုံဘုရားပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံကို သူ့ဌာနက Scanner ကြီးနဲ့ ပုံကူးပေးတယ်။ font က ကိုပိုင် (ကိုစိုးပိုင်) ထွင်တဲ့ Suu Kyi Font ။
ကိုယ့်စာစောင်ကလေးကို ကိုယ့်ဘာသာကို သဘောကျပြီး အရိပ်တကြည့်ကြည့် ကြည့်နေရာက ခေါင်းထဲ အကြံတခု ပေါ်လာတယ်။ ဂျာနယ်တစောင်ထုတ်ဖို့။
စာကြိုက်တဲ့သူ၊ စာချစ်တဲ့သူဟာ စာမဖတ်ရရင် ဘယ်လိုမှနေလို့ ထိုင်လို့မရဘူး။ ထောင်ကျတုန်းက စီရင်ချက်မချမခြင်း ဘာစာမှမဖတ်ရဘူး။ ကိုယ့်ပြေကိုယ့်ရွာက ပြေးလာရတော့လဲ ကာလတခုထိ ထိုင်းမှာ စာငတ်တာနဲ့ ကြုံရတယ်။ နောက်တော့ အသိအကျွမ်းလေးဘာလေး ရလာတော့ စာချစ်သူအချင်းချင်း မျှကြတယ်။ အေးအေးစိုး၊ စီဗစ်၊ ကိုအောင်ခိုင်မြင့်၊ ကြည်ဇော်၊ မောင်ဇော်ဝင်း(၀ရဇိန်) စသည်တို့နဲ့ ရှိတာလေးတွေ အချင်းချင်း မျှကြတယ်။
မာယာက ဒီသဘောပါ။ ကိုယ့်ပြေကိုယ့်ရွာနဲ့ ဝေးနေရလို့ စာငတ်သူ၊ စာပြတ်သူတွေ အတွက် ကိုယ့်ရှိတာကလေးထဲက တလုပ်တဖဲ့ မျှဝေစားတာပါ။ ကိုယ်ဖတ်ခဲ့ရတဲ့ စာတွေ၊ ကိုယ်ကြိုက်တဲ့စာတွေ ကိုယ့်လက်ထဲရောက်လာတော့ သူများကိုလဲ ဖတ်စေချင်တဲ့သဘောပါ။ ပြည်ပရောက်နေသူတွေ အတွက်ပါ။ ပြည်တွင်းမှာက သူလိုကိုယ်လိုတွေ အများကြီးလဲဖြစ်၊ ဖတ်ချင်ရင်၊ ရှာတတ်ရင်၊ ရှာဖို့ရာ မခက်လှပါဘူး။ ပြည်ပမှာက စာဟောင်း၊ စာကောင်းတွေကို တစုတစည်းထဲ ရှာဖွေရရှိဖို့ အခြေအနေက မပေးဘူးလေ။
ကိုယ့်မှာ အချိန်ရတဲ့အခါ စာတွေကို တပိုဒ်ချင်း၊ တရွက်ချင်း၊ ရိုက်နှိပ်စုဆောင်းပြီး၊ တဖန် ငွေပိုငွေလျှံကလေး စုမိဆောင်းမိတဲ့အခါ မာယာတအုပ် ဖြစ်လာရပါတယ်။ ဒါကြောင့်လဲ တနှစ်မှာမှ ဖြစ်ဖြစ်ညစ်ညစ် တအုပ်လောက် ထွက်လာခဲ့တာပါ။ ကိုယ်ကျေနပ်ပါတယ်။ ပီတိလဲ ဖြစ်ပါတယ်။ လိပ်ပြာလဲ သန့်ပါတယ်။ ကိုယ့်အပေါ် နားမလည်သူကေ_ာက်ရူးလို့၊ ဆဲတာလဲ ခံရပါတယ်။ ကိုယ်ကတော့ ဒီလိုဖြေခဲ့တယ်။ လူတွေဟာ ချွေးနှီးစာကလေးတွေထဲက ဘုရားတည်၊ ကျောင်းဆောက်၊ အလှူဒါနတွေ လုပ်ကြပြီး ကုသိုလ်ပွါး ကြတာလဲ ရှိသလို၊ ချွေးနှီးစာကလေးနဲ့ စာအုပ်ကလေး 'ထုတ်' 'ဝေ' ပြီး၊ ပီတိစားတာလဲ ရှိမှာပေါ့။
တိုက်တိုက် ဆိုင်ဆိုင် အဲဒီအချိန်မှာ ကိုယ့်လက်ထဲကို ဆရာတာရာရဲ့ "မာယာ" ကဗျာစာအုပ်က ရောက်လာတယ်။

"အဖြူကြားမှာ၊ အဖြူရှာရ
အနက်ထဲမှ၊ အနက်ရှာရ
ခက်လှပါဘိ၊ တကယ်ရှိကို
မသိရာမှ၊ သိအောင်ကြံဆ
နှစ်လများစွာ၊ ကုန်ခဲ့ပါသည်
မာယာတောမှာ၊ အလှတရားရှာဖွေခြင်း။"

ကဗျာရဲ့ အဲဒီ အဆုံးသတ်ပိုဒ်ဟာ ရင်ထဲမှာ ငြိတွယ်ခဲ့ပြီး.....
"မာယာ" မဂ္ဂဇင်း ဖြစ်လာခဲ့ရတာ........။
ပထမဦးဆုံး မာယာဟာ ၁၉၉၅ခု၊ ဇွန်လ ၅ ရက်၊ ဗမာသက္ကရာဇ် ၁၃၅၇ ခု နယုန်လဆန်း ၅ ရက်၊ ထွက်ခဲ့တယ်။ ခေါင်းစီးစာလုံးတွေ ဘာတွေလဲ မရေးတတ်တော့၊ ဆရာတာရာ ကဗျာစာအုပ် ခေါင်းစီးစာလုံးကိုပဲ ကော်ပီယာနဲ့ကူးပြီး၊ ဖြတ် ညှပ် ကပ် လုပ်ရတာ။ ကိုယ်မှ ပန်းချီမရေးတတ်၊ စာလုံးလှလှမှ မရေးတတ်တာ။
စာအုပ်ထဲမှာ- ဆရာဒဂုန်တာရာရဲ့ 'မာယာ' ကဗျာ၊ မှိုင်းရာပြည့်ကျောင်းသားလှုပ်ရှားမှု၊ ဆောင်းပါး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ 'အညာမင်္ဂလာဆောင်ဘွဲ့ လေချိုးကြီး'၊ ဆရာတင်မိုးရဲ့ 'အိမ်လည်ကြူးတဲ့သား' ကဗျာ၊ တို့ ပါဝင်တယ်။ အပေါင်းအသင်း မိတ်ဆွေတွေ ဆီကို စာတိုက်ကနေ တဆိပ်ခေါင်းကပ်ပြီး ပို့ပစ်တယ်။
ဒီလို ဒီဇိုင်း၊ ပုံချို့ငဲ့ငဲ့၊ မတတ်တတတ် Page Maker ပညာနဲ့ လုပ်ထားတဲ့ စာစောင်ကလေးကို မြင်ပြီး ဒီဇိုင်းနဲ့ ပန်းချီအတွက် ပထမဦးဆုံးကူတာ ကိုမျိုး (ယခုနယူးယောက်)၊ ဒုတိယ မင်းကျော်ခိုင် (ယခု နယူးယောက်)။ နှစ်ယောက်စလုံးဟာ ကိုယ်လိုပဲ ထိုင်းမှာ ဒုက္ခသည်ဘ၀ကို ကာလတခု အတူဖြတ်ခဲ့သူတွေဆိုတော့ မာယာကို အားတက်သရော ကူညီကြတယ်။ ကိုသက်ဝင်း (ကွန်ပြူတာပညာရှင်- ယခု လော့အိန်ဂျယ် လိစ်) က သူ့ Page Maker Software ကို အလကားပေးကူးရုံမက၊ ကိုယ်မသိတဲ့ ကွန်ပြူတာအတတ်ပညာ အခက်အခဲတွေကို အများကြီး အကူအညီပေးခဲ့တယ်။
တန်ဘိုးရှိတဲ့စာ အမြောက်အမြား မာယာမှာ ဖော်ပြနိုင်ဖို့ ပြည်တွင်းကနေ ကူညီပါရမီ ဖြည့်ကြတဲ့ ရဲဘော်များရဲ့ ကျေးဇူးလဲ အင်မတန်ကြီးပါတယ်။ အကြောင်းကြောင်းကြောင့် အမည်ဖော်ပြခြင်း မပြုနိုင်တာကို ခွင့်လွှတ်ကြမယ်လို့ ယုံကြည်ပါတယ်။
မာယာရဲ့ စာအုပ်သက်တမ်းမှာ ဆိုက်က မျိုးစုံ။ သေးရာကကြီး၊ ကြီးရာက ပြန်သေး။ ဒါပေမယ့် ပါးရာက တဖြေးဖြေးထူလာတာ နောက်ဆုံးရပ်သွားတော့ letter size တ၀က်ချိုး ဆိုက်၊ ၆၄ မျက်နှာ ရှိတယ်။ ၂၀၀၅ ခုနှစ်မှာ ရပ်သွားတယ်။ ဆိုက်ကြီးတွေထုတ်တုန်းက ကိုမျိုး အဖုံးဒီဇိုင်းတွေ ရေးတယ်။ သူက ကာလာနဲ့ ရေးပေမယ့် ကိုယ်က မတတ်နိုင်တော့ အဖြူအမဲပဲ ထုတ်ရတယ်။ ကြာတော့ သူက အားမရဘူး။ နောက်ဆုံး ဆံထုံးလဲစိုက်၊ ဆီလဲစိုက်၊ သူ့ဒီဇိုင်းသူ စိတ်ကြိုက်ရေးပြီး၊ နယူးယောက်မှာပဲ သူစိတ်ကြိုက်ရိုက်တယ်။ ကိုယ့်လူ ဘယ်နှစ်အုပ် ထုတ်မလဲပြောဆိုပြီး ထုတ်မယ့်အုပ်ရေရဲ့ ပိုပိုသာသာကို ရိုက်ပြီး စာတိုက်က ပို့ပေးတယ်။ ကိုယ်က ဒီရောက်မှ အတွင်းကိုယ်ထည်နဲ့ ပေါင်းရတယ်။
ချစ်သူငယ်ချင်းကြီး မောင်မောင်အောင် အမေရိက ရောက်လာတော့ 'မာယာ' က ပိုပီပြင်သွားတယ်။ သူက ဗမာပြည် စာနယ်ဇင်းလောက၊ ကာတွန်းလောက၊ ပန်းချီလောက၊ ဒီဇိုင်းလောကမှာ ဆယ်စုနှစ်သုံးစုမက ဖြတ်သန်းလာခဲ့တာ။ မာယာ ထုတ်နေတုန်းလဲ နှစ်ကာလ တစုံတရာ တအိမ်ထဲ နေကြတာ ဆိုတော့ မဂ္ဂဇင်းလေးဟာ ပိုပြီး ကျစ်ကျစ်လစ်လစ် သပ်သပ်ယပ်ယပ် ဖြစ်လာခဲ့တယ်။ မာယာတင်မက တနွယ်ငင်တစင်ပါပြီး ပန်းချီပြခန်း Logo တွေ၊ ပန်းချီကားတွေတောင် အဆစ်ပါလိုက်သေး......။ လမင်းတရာ ထုတ်ဝေရေးမှာလဲ စာအုပ်အဖုံးတွေ ရေးပေးခဲ့သေးတယ်။
မာယာမှာ ဆရာဦးတင်မိုးရဲ့ ကဗျာတပုဒ်အတွက် ပန်းချီဆရာ ကိုအောင်ကျော်မိုး (ယခု- နယူးယောက်) ကလဲ ကူညီပုံရေးပေးခဲ့သေးတယ်။
ကိုယ့်ချွေးနှီးစာထဲက မာယာကို ဒီလို 'ထုတ်' 'ဝေ' နေတယ်ဆိုလို့.......၊ ရဲဘော်နဲ့ မိတ်ဆွေအပေါင်းတွေထဲက ကိုယ့်ကို ကူညီသူတွေ ပေါ်ပေါက်လာတယ်။ မာယာတခါထွက်လို့ လက်ဆောင်တခါပို့လိုက်ရင်၊ သူတို့ဆီက လက်ဆောင်ချက်လက်မှတ်ကလေးတွေ ပြန်ရောက် လာတတ်တယ်။ ချီကာဂိုက ဒေါက်တာဝင်စတန်ခင်၊ ဆရာအောင်ဗလ၊ ဆရာဦးစောထွန်း (စောလူ)၊ ချစ်သူငယ်ချင်းကြီး စီဗစ် (ခ) သောင်းထွတ်၊ ဖိုးခွါး၊ ရဲဘော်ကြီး ဒေါက်တာမြင့်လှိုင် (ဆန်ဖရန်စစ္စကို) တို့ပေါ့။
မာယာကို အရှည်တည်စေချင်လို့..... ဆရာဦးတင်မိုးအပါအ၀င် စေတနာရှင်အချို့က အလကားပေးတာလဲပေး၊ ရောင်းတာရောင်းဖို့ တိုက်တွန်းလာတယ်။ ဒါနဲ့ တအုပ်သုံးဒေါ်လာနဲ့ မောင်စိုးချိန်၊ ကိုအေးမြင့်( အရီဇိုးနား)၊ ဂျပန်က မတင်တင်ဝင်းတို့ဇနီးမောင်နှံ၊ ကိုသက်လင်းတို့ ၀ိုင်းရောင်းပေးကြတယ်။
အထွေထွေအကြပ်အတည်းနဲ့ အခက်အခဲတွေကြောင့် စာအုပ်မာယာ(၁၉၉၅-၂၀၀၅) ဟာ ၂၀၀၅ မှာ ရပ်စဲသွားရတယ်။
လမင်းတရာစာပေဆက်ဆံရေး အနေနဲ့ မာယာအပြင်၊ ဆရာဦးတင်မိုးရဲ့ 'ဗုဒ္ဓနှင့်တွေ့ဆုံ ခြင်းနှင့်အခြားကဗျာများ'၊ ဒေါက်တာသန်းထွန်းရဲ့ 'I would say this much' ကိုဟိုဒင်းရဲ့ 'ယာတောကသာဗျောရဲ့အဝေးကပေးစာများ' လဲ ထုတ်ဝေဖြစ်ခဲ့ပါတယ်။
စာအုပ်အသက်ဆုံးပေမယ့် ကပ်ကျန်နေသေးတဲ့ မာယာဝိဥာဉ်ကို အသက်ပြန်ဆက် ပေးတဲ့ မှော်ဆရာတွေ ပေါ်လာတယ်။
'ကိုသက်' က စာအုပ်တအုပ် ထုတ်ချင်လို့ ကိုယ့်ကို အကူအညီတောင်းတယ်။ ကိုယ့် မတောက်တခေါက် desktop publishing ပညာကလေးနဲ့ စောင်းတာလေးတွေတည့်၊ ပိုတာတွေတိ၊ လိုတာတွေ ညှိပြီး 'ငြိမ်းချမ်းတဲ့ကမ္ဘာ' ကဗျာစာအုပ်ဖြစ်အောင် လုပ်ပေးလိုက် တယ်။ ကျေးဇူးတင်ပြီး ကိုယ့်ကို lap top computer တလုံး လက်ဆောင်ပေးလာတယ်။ ဒါနဲ့ ကိုယ်စာတွေ ရေးဖြစ်သွားတယ်။ ဒုက္ခသည်အကြောင်း၊ ၀ရမ်းပြေးအကြောင်း၊ ဟိုအကြောင်း ဒီအကြောင်း အနည်းအကျဉ်း ရေးဖြစ်လာတော့ 'မိုးမခ' ကို ပို့ဖြစ်တယ်။ 'မိုးမခ' ကိုရစ်တို့၊ ကိုထိန်လင်းတို့ကလဲ အလုပ်များတဲ့ကြားက ကိုယ့်ဆောင်းပါးတွေကို ပုံတွေဘာတွေ ရှာကြံ ထည့်ပြီး၊ တင်ပေးကြတယ်။ ဒါပေမယ့် ပြည်တွင်းက အရေးကြောင်းတွေကလဲ ပေါ်လာတော့ ဆောင်းပါး တခုနဲ့တခုကြား ကာလတခု ခြားနေတုန်း၊ 'မိုးမခ' က ဆောင်းပါးတပုဒ် တင်လာတယ်။ blog တွေအကြောင်း။ ဟန်ကျလိုက်တာ။
ဒီ့အရင်က blog ဆိုတာ လုံးဝမကြားဘူးခဲ့ဘူး။ ကိုယ် ကိုယ်တိုင်က ခေတ်ပေါ်ကိစ္စတွေ မှာ တခါတလေ အတော်အလှမ်းဝေးတယ်။ မိုးမခရဲ့ blog ဆောင်းပါးလဲ ဖတ်ပြီးရော ကိုလံဘတ်စ် အမေရိကတိုက်တွေ့သလို မာယာအတွက် အသက်ရှင်နိုင်မယ့်ဆေး အေးဝင်း တွေ့သွားတယ်။ ဆေးနည်းကို ဆေးအဖြစ်ဖော်စပ်ပေးခဲ့တဲ့ မှော်ဆရာက ပွင့်သစ်မဂ္ဂဇင်းဆရာ ကိုမိုး။
ကိုမိုးနဲ့ သူ၏ မိတ်ဆွေ blog expert, ကွန်ပြူတာ ဂုရု မသဒ္ဓါ တို့ ဖန်တည်းတည် ဆောက်ပေးမှုနဲ့ Maya Online Magazine ပေါ်ပေါက်ခဲ့တာ ခုဆို တနှစ်ပြည့်ပါပြီ။
ကျနော့်အနေနဲ့၊ မာယာအနေနဲ့ အားလုံးကို မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ မာယာသက်တမ်း တလျှောက်လုံး စာလုံးပေါင်းအမှားတွေ ၀ိုင်းဝန်းစစ်ဆေးပေးတဲ့၊ ချစ်ဇနီးလှသိင်္ဂီကို အထူးဂုဏ်ပြု ကျေးဇူးတင်ပါကြောင်း။

Thursday, October 23, 2008

ပြည်သူ့လင်းယုန်ကြီး ထွက်ခွါပျံသန်ခြင်း အနှစ်၃၀ အမှတ်တရ



ဗန်းမော်တင်အောင်၏ဘ၀ကောက်ကြောင်း
ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အောက်တိုဘာ ၂၀၀၈။


အဖ ချင်းအမျိုးသားခရစ်ယန်တရားဟောဆရာ (ကျောင်းဆရာ) ဦးမောင်နေနှင့် အမိ ဒေါ်စောမြိုင်တို့မှ ၁၉၂၀ ပြည့်နှစ်၊ ဇွန်လ (၉)ရက်နေ့တွင် ပဲခူးမြို့၌ ဖွားမြင်သည်။ အမည်ရင်း ဦးတင်အောင်၊ ငယ်နာမည် တင်ဦးဖြစ်ပြီး မွေးချင်းသုံးယောက်အနက် အကြီးဆုံး သားဖြစ် သည်။
၁၉၂၆-၂၉ တွင် ပဲခူး အေဘီအမ်ကျောင်း၊ ၁၉၂၉-၃၁ တွင် တောင်ငူ အေဘီအမ်ကျောင်း၊ ၁၉၃၁-၃၂ တွင် စစ်ကိုင်း အေဘီအမ်ကျောင်း၊ ၁၉၃၂-၃၅ တွင် ဗန်းမော် အေဘီအမ်ကျောင်းတို့တွင် သတ္တမတန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၃၅-၃၈ တွင် ရန်ကုန်ဟိုက်စကူးကျောင်းမှ ဆယ်တန်းအောင်သည်။



ဆယ်တန်းအောင်မြင်ပြီးနောက် ၁၉၃၈ ခုနှစ်တွင် မြန်မာ့အလင်းသတင်းစာ၏ အလုပ်သင်သတင်းထောက်အဖြစ် စတင်လုပ်ရင်း ဘာသာပြန် အယ်ဒီတာ ကိုဘဟိန်းနှင့် တွေ့ဆုံရင်းနှီးခဲ့သည်။ ၁၉၃၆-၃၈ ကာလများအတွင်း ကျောင်းသားသမဂ္ဂလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ၁၉၃၈ ခုနှစ်၌ပင် မောင်တင်အောင် ကလောင်အမည်ဖြင့် 'ဘုန်းမေ့နိုင်ဘူး' ၀တ္ထု ရေးသားခဲ့သည်။ ထိုမှ ဆက်လက်၍ မြန်မာ့ရုပ်ရှင်၊ ဘားမားဂျာနယ်၊ မြန်မာ့တာဝန်မဂ္ဂဇင်း များတွင် ၀တ္ထုများ ရေးသားခဲ့သည်။ ၁၉၃၉ တွင် 'မဟာအောင်' ကလောင်အမည်ဖြင့် 'ဂျာနယ်ကျော်' တွင် 'စစ်ထွက်ယောက်ျား' ၀တ္ထုကို ရေးသားခဲ့သည်။
၁၉၃၉-၄၀ တွင် စတီးဘရားသားကုမ္ပဏီတွင် သစ်ကိုယ်စားလှယ်၊ ၁၉၄၁-၄၂ တွင် ဗြိတိသျှစစ်တပ်၊ အထက်ဗမာပြည်တပ်ရင်းတွင် တပ်စုမှူးတာဝန်ထမ်းဆောင်သည်။ ၁၉၄၂ တွင် ဗန်းမော်သူ မခင်ဦးနှင့် လက်ထပ်သည်။ ၁၉၄၂-၄၅ တွင် သစ်တောဌာန သစ်ဖြတ် ၀န်ထောက်လုပ်ရင်း အာရှလူငယ်အစည်းအရုံးတွင် ပါဝင်လှုပ်ရှားခဲ့သည်။ ဖက်ဆစ်ဆန့်ကျင် ရေး မြေအောက်လှုပ်ရှားမှုများတွင်လည်း ပါဝင်ခဲ့သည်။ ဘီအိုင်အေ၊ ဘီဒီအက်ဖ်တို့တွင် ပါဝင်ခဲ့သည်။ ၁၉၄၅-၄၆ တွင် ပြည်မြို့ စတီးဘရားသား သစ်ကိုယ်စားလှယ်အဖြစ် အမှုထမ်း သည်။ ၁၉၄၅ နိုဝင်ဘာလထုတ် 'ဂျာနယ်ကျော်' တွင် ပါဝင်သော 'နော်မူဂေး' ၀တ္ထုတိုမှ စတင်၍ ဗန်းမော်တင်အောင် ကလောင်အမည်ကို ယူပြီး ရေးသားခဲ့သည်။ ၁၉၄၆-၄၉ တွင် သစ်ကုန်သည်၊ သစ်အ၀ယ်တော် လုပ်ငန်းများ လုပ်ကိုင်နေရင်း 'ဘုန်းမောင်တယောက် တည်းရယ်' အမည်ဖြင့် ပထဆုံး လုံးချင်းဝတ္ထုကို ၁၉၄၇ တွင် ထုတ်ဝေခဲ့ရာ၊ စစ်ပြီးခေတ် စာပေလောက၌ ဗန်းမော်တင်အောင်ဟူသော ကလောင်တချောင်းကို ထင်ရှားကျော်ကြား စေခဲ့သော အထင်ရှားဆုံးမှတ်တိုင်တခု ဖြစ်ခဲ့သည်။
၁၉၄၈ ခုနှစ်တွင် 'လွမ်းရစ်တော့သက်လှယ်ရယ်' ၀တ္ထုကို ထုတ်ဝေခဲ့သည်။ ၁၉၄၉ တွင် သစ်လုပ်ငန်း ရပ်ဆိုင်းလိုက်ပြီး၊ ဒဂုန်တာရာ ထုတ်ဝေနေသော 'တာရာ'မဂ္ဂဇင်းတွင် တွဲဖက်အယ်ဒီတာ တာဝန်ယူကာ လုပ်ဆောင်ပေးခဲ့သည်။
၁၉၅၀-၅၂ တွင် လင်းယုန်ဂျာနယ်ကို စတင်ထုတ်ဝေခဲ့ပြီး ထိုခေတ်က ဖဆပလ အစိုးရ၏ ဟာကွက်၊ ပျော့ကွက်၊ အားနည်းချက်များကို ထောက်ပြဝေဖန်အကြံပေး ရေးသားခဲ့သည်။ ၁၉၅၁-၅၂ ခုနှစ်တွင် လင်းယုန်သတင်းစာကိုပါ ပူးတွဲထုတ်ဝေခဲ့သည်။ ၁၉၅၇-၅၉ တွင် လင်းယုန်ဂျာနယ်ကို ဒုတိယအကြိမ်အဖြစ်လည်းကောင်း ထပ်မံ ထုတ်ဝေခဲ့ လေသည်။ ဗမာစာပေမဂ္ဂဇင်းထုတ်ဝေသူနှင့် အယ်ဒီတာအဖြစ်လည်း ဆောင်ရွက်ခဲ့ သေးသည်။
အမေ၊ သူပုန်ကြီးနှင့် ပြည်တော်သာခင်ခင်ဦး ၀တ္ထုများကို ရေးသားထုတ်ဝေခဲ့သော ကြောင့် ၁၉၅၂ တွင် ဖမ်းဆီးခံရပြီး ပုဒ်မ (၅) ဖြင့် ထောင် (၇) နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ ထောင်တွင်း၌ ၅ နှစ်နီးပါးနေခဲ့ရပြီး၊ ဆဌမသံဃာယနာတင် အထိမ်းအမှတ် လျှော့ရက်များဖြင့် ၁၉၅၇ တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။
၁၉၅၁ မှ ၁၉၆၃ ခုနှစ်များတွင် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်(ဗမာနိုင်ငံ)၏ ကော်မတီဝင် အဖြစ်လည်းကောင်း၊ အတွင်းရေးမှူးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ တပည့်အဖြစ်ခံယူကာ သခင်ရွှေ၊ တော်ဘုရားလေး၊ ဦးထွန်းတင်၊ ဒဂုန်တာရာ အစရှိသော ပုဂ္ဂိုလ်များနှင့်အတူ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ၁၉၅၈ မှ ၁၉၆၀ အထိလည်း ဒုတိယအကြိမ် အကျဉ်းကျခံရသည်။
၁၉၆၃ တွင် ဆိုရှယ်လစ်ဋီကာနှင့် ဆိုရှယ်လစ်အဘိဓာန်စာအုပ်များ ထုတ်ဝေခဲ့ပြီး၊ ကမ္ဘာပေါ်ရှိ ဆိုရှယ်လစ်အမျိုးမျိုးကို ခွဲခြမ်းစိတ်ဖြာပြခဲ့သည်။ ထိုနှစ်တွင် စာရေးဆရာများ သမဂ္ဂ၏ ဥက္ကဌဖြစ်လာခဲ့သည်။ ၁၉၆၄ တွင် 'ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း' စာအုပ်ကို ထုတ်ဝေခဲ့သည်။ ၁၉၆၃ တွင် ထပ်မံ ဖမ်းဆီးခံရပြီး ၁၉၆၈ မှ ၁၉၇၂ ခုနှစ်အတွင်း၊ သခင်ခင်အောင်၊ မြသန်းတင့်၊ လေထီးအုန်းမောင်၊ ဦးခင်မောင်မြင့်၊ ဆရာရာဂျန် တို့အပါအ၀င် အခြားပုဂ္ဂိုလ်များနှင့်အတူ ကိုကိုးကျွန်းသို့ပို့ပြီး ထိန်းသိမ်းခံခဲ့ရလေသည်။
ဆရာဗန်းမော်တင်အောင်သည် လုံးချင်းဝတ္ထု (၄၅) အုပ် နှင့် ၀တ္ထုတိုများစွာ၊ ဆောင်ပါးများစွာ၊ ၀တ္ထုတိုပေါင်းချုပ်၊ မဂ္ဂဇင်းဝတ္ထုရှည်များ၊ သိပံ္ပကျမ်း၊ နိုင်ငံရေးသဘောတရား ကျမ်းများ ရေးသားခဲ့ပြီး စာအုပ်အဖြစ်မထုတ်ဝေရသေးသော စာမူများမှာ လူ၊ ဘာသာ နှင့် ရန်ကုန်မြို့တော်ပုံပြင်များစာအုပ်တို့ ဖြစ်သည်ဟု သိရသည်။
ဆရာဗန်းမော်တင်အောင်သည် ဒုတိယကမ္ဘာစစ်ကြီးပြီးချိန်မှစ၍ ကွယ်လွန်ချိန်အထိ တိုင်အောင် မြန်မာစာပေလောကတွင် အထူးထင်ရှားကျော်ကြားသော စာရေးဆရာကြီးတဦး ဖြစ်ခဲ့သည်။
၁၉၇၈ ခုနှစ် အောက်တိုဘာ ၂၃ ရက် ညဦး ၇ နာရီ၁၀မိနစ်တွင် အဆုတ်ကင်ဆာ ရောဂါ ဖြင့် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၅၉ နှစ်အတွင်း ရောက်ရှိနေပြီး၊ ဇနီးဒေါ်ခင်ဦးနှင့် သားသမီး (၆)ယောက် ဖြစ်သော ဒေါ်တင်သန်းယု၊ ဒေါ်ခင်မာကြည်၊ ဒေါ်လုလု၊ ကိုဗဟိန်းအောင်၊ မအေးအေးမွန်၊ ကိုကျော်ဇောအောင်တို့ ကျန်ရစ်ခဲ့သည်။
၁၉၉၈ တွင် ပန်းရိုင်းမြေစာပေမှ ဆရာ မကွယ်လွန်ခင် မိုးဝေစာပေမဂ္ဂဇင်းတွင် အခန်းဆက် ရေးသားဖြစ်ခဲ့သော 'ဂျက်လန်ဒန်၊ သူ့ဘ၀၊ သူ့စာပေ' စာအုပ်ကို ထုတ်ဝေခဲ့သည်။

ရည်ညွှန်းကိုးကားစာအုပ်များ
၁။ ဒဂုန်ရွှေမျှား၊ မြန်မာနိုင်ငံစာပေဆုများ
၂။ ရှုမ၀မဂ္ဂဇင်း ၁၉၇၈ ဒီဇင်ဘာလ
၃။ အောင်ကျော်ဆန်း၊ ဗန်းမော်တင်အောင် စာပေနဲ့ဘ၀ဖြစ်စဉ်ရက်စွဲသမိုင်း (စာမူ)
၎။ ဗန်းမော်တင်အောင် ဒီကာ
၅။ ရာပြည့် ဦးစိုးညွန့် (စုစည်းတည်းဖြတ်) ၂၀ ရာစု မြန်မာစာရေးဆရာ ၁၀၀

Tuesday, October 21, 2008

ရန်ကုန်ကွက်သစ်
ရေးသူ- ဗန်းမော်တင်အောင်

(၁)

အကျဉ်းထောင်မှ လွတ်လာခဲ့ပြီးနောက်၊ လေးငါးရက်ခန့်အကြာတွင် ရန်ကုန် ကွက်သစ်တခု၌ နေထိုင်လျက်ရှိသော ကျွန်တော်၏မိတ်ဆွေ အလုပ်သမား ဦးဘမိုးနှင့် ၎င်း၏ ဇနီးဒေါ်ငြိမ်းမယ်တို့က ၎င်းတို့၏ နေအိမ်သို့ လာရောက် ထမင်းစားသောက်ရန် ဖိတ်ကြားသဖြင့် ကျွန်တော်သည် ၎င်းတို့ကွက်သစ်ဘက်သို့ ဆိုက်ကားဖြင့် ထွက်လာခဲ့သည်။ ဆိုက်ကားထက်မှ ဆင်း၍ ကွက်သစ်၏ လမ်းထိပ်သို့ဝင်မိလျှင်ပင် "ဟဲ့ မအေ.... သေနာ ကောင်ကလေး၊ နင်ဒါ လောက်တောင် ငတ်ရသလားဟဲ့၊ သေချင်းဆိုး မလှတမကလေး" ဟူသော တဲငယ်တခု အတွင်းမှ မိန်းမတဦး၏ အသံကို စူးစူးဝါးဝါးနှင့် နားမသက်သာ ဖွယ်ရာ ကြားလိုက်ရပြီးနောက်၊ အဝတ်အစားဆို၍ နံငယ်ပိုင်းကလေးတခုသာ ပတ်ထားသော အသက်ဆယ်နှစ်သာသာခန့် ကလေးတယောက်သည် တဲအတွင်းမှ ကွက်သစ်လမ်းမပေါ်သို့ ကတိုက်ကရိုက် ပြေးထွက် လာသည်။


ကျွန်တော်၏ ခြေလှမ်းများသည် ရပ်တန့်၍သွားကြပြီးလျှင်၊ ကျွန်တော်၏ မျက်လုံးများ သည်လည်း တဲအတွင်းဘက်သို့ ရောက်ရှိသွားလေသည်။ အချိန် မှာ ညနေ (၆) နာရီသာသာ ခန့်ဖြစ်၍ မှောင်စပျိုးနေပြီဖြစ်သော်လည်း တဲအတွင်း၌ မီးထွန်းညှိခြင်းမရှိသေးပေ၊ မှောင်နေ သည်။
မှောင်နေသောတဲအတွင်းမှ အသက်သုံးဆယ်သာသာခန့် မိန်းမတယောက်သည် ဒေါသကြီးစွာဖြင့် တုတ်တချောင်းကို ကိုင်ဆွဲ၍ ထွက်လာသည်။ ထိုမိန်းမသည် အသက် အရွယ်နှင့် မမျှအောင် များစွာ ပိန်ချုံးအိုမင်းကာ ညစ်ပတ်ပေရေလျက်ရှိသည်။ မီးယပ်ရောဂါ သည်တဦးပင် ဖြစ်မည်လော၊ အဟာရလုံလုံလောက်လောက် မရရှိ၍ ပိန်ချုံးနေခြင်းလော၊ အမှန်ကို ကျွန်တော်သည် မသိရှိရသေးပေ။ ကျွန်တော် ရုတ်တရက်သိထားသော အချက်မှာ ထိုမိန်းမသည် အလွန်တရာပိန်ချုံးလျက်၊ ထိုပိန်ချုံးနေသောမိန်းမသည် အလွန်တရာ ဒေါသ ထွက်နေသော ကိစ္စပင်ဖြစ်သည်။
"ဟဲ့ သေနာကောင်လေး၊ ဒါ နင်ဘယ်ကိုပြေးအုံးမလို့လဲဟင် လာခဲ့စမ်း" ပိန်ချုံး နေသော မိန်းမသည် တဲအတွင်းမှ လမ်းမပေါ်သို့ ပြေးထွက်လာသော သူငယ်အား မှီအောင် လိုက်နိုင်ဟန်မရှိ၍ တုတ်ကိုမြှောက်၍ပြရင်း သူ့ထံသို့ ပြန်လှည့်လာရန် လှမ်းခေါ် နေသည်။
လမ်းမပေါ်သို့ ပြေးထွက်လာသော သူငယ်ကိုလည်း ကျွန်တော်သည်လှမ်း၍ ကြည့်လိုက်မိသည်။ ထိုသူငယ်သည်လည်း အလွန်တရာပိန်ချုံး ပေရေလျက်၊ လူသတ္တဝါ ကလေးတကောင်နှင့် မတူဘဲ ပုံပြင်များထဲမှ တစ္ဆေမှင်စာကလေးနှင့် တူနေသည်။ ၎င်း၏ အရိုးများသည် ငေါထွက်လျက် ဝမ်းဗိုက်သည်လည်း အဆမတန် ပူထွက်လျက်ရှိသည်။
သူငယ်အား အော်ဟစ်ခေါ်နေရာမှ သူငယ်က ၎င်း၏သြဇာကို နာခံခြင်းမရှိသောအခါ၊ တဲတံခါးဝ၌ မောဟိုက်စွာရပ်နေသော မိန်းမသည် လမ်းမပေါ်သို့ ထွက်လိုက်လာပြန်သည်။
"ဟဲ့ ခွေးပု၊ ဒါ နင်ဘယ်ပြေးအုံးမလို့လဲဟင်... ၊ ငါခေါ်တုန်းလာရင်လာ၊ ငါလိုက်လို့ မိရင်တော့ နင့်ကို အသေသတ်မိလိမ့်မယ်" ဟု အော်ကြီးဟစ်ကျယ် ပြောဆိုလိုက်ပြီးနောက် လမ်းမပေါ်တွင် ခပ်ကြောင်ကြောင် ရပ်နေသော သူငယ်ရှိရာသို့ အပြေးကလေး ထွက်လိုက် လာလေသည်။
၎င်းရှိရာသို့ တုတ်တချောင်းကိုင်၍ မိန်းမတယောက် လိုက်လာသည်ကို တွေ့မြင်လိုက် သည်နှင့် တပြိုင်နက် သူငယ်သည် ကျွန်တော်ကြောင်၍ ရပ်ကြည့်နေသောဘက်သို့ ပြေးထွက် လာပြီးလျှင် ကျွန်တော့်အား တွေ့မြင်လိုက်သည်နှင့် တပြိုင်နက် ကျွန်တော်၏ ခြေသလုံးကို အတင်းဝင်ရောက် ဖက်ထားလိုက် ပြီးလျှင် "ဦးလေးရယ်... ကျနော့်ကို ကယ်နိုင်ရင် ကယ်ပါဦးခင်ဗျာ၊ အမေက ကျနော့်ကို သတ်တော့မလို့ထင်ပါရဲ့" ဟု ကြောက်လန့်တကြား ပြောဆိုလိုက်လေသည်။ ထိုသူငယ်က ဤသို့ပြောဆိုတော့မှပင် တုတ်တချောင်းနှင့် ပြေးလိုက် လာသော မိန်းမသည် ၎င်းသူငယ်နှင့် သားအမိတော်စပ်မှန်း ကျွန်တော်သည် သိရှိရပေသည်။
"ဟဲ့ ခွေးပု၊ ဒါ နင်လမ်းက ဧည့်သည်ကို ဘာလို့ နှောက်ယှက်နေတာလဲ ဟင်" ဟု ပြောပြောဆိုဆို ထိုတုတ်တချောင်းနှင့် မိန်းမသည် သူငယ်အား အတင်းဆွဲခေါ်ခြင်း ပြုလေ သည်။ သူငယ်သည် ၎င်း၏မိခင်အား အတင်းရုန်းကန်လျက်ရှိရာမှ "အမေက သတ်တော့မှာကို ဒီလိုပဲ ကြည့်နေတော့မလား ဦးလေးရဲ့။ ကျနော့်ကို ကယ်နိုင်ရင် ကယ်ပါဦး" ဟု ငိုယိုပြောဆို လျက်ရှိပေသည်။
ကျွန်တော်သည် ထိုသားအမိနှစ်ဦး ဖြစ်ထွေကို အဘယ်သို့မျှ မလုပ်တတ် မကိုင်တတ် သေးဘဲ၊ အငေးသားကြည့်ရှုနေမိစဉ် အလွန်တရာ ဒေါသထွက်နေ ဟန်ရှိသော တုတ်တ ချောင်းနှင့် မိန်းမသည် ၎င်း၏ တုတ်ကို သားငယ်ဖြစ်သူ၏ ကျောပြင်ပေါ်သို့ အသုံးပြု လိုက်လေ တော့သနည်း။ ထိုမိန်းမသည် တချက်နှင့် အားမရသေး၍ နောက်တချက် ထပ်ချဦး မည်အလုပ်တွင် ကျွန်တော်သည် သတိရလာကာ ထိုမိန်းမ၏ လက်မှ တုတ်ကို ဖမ်းဆွဲထား လိုက်မိသည်။
"ကိုယ့်သားသမီးပဲ အစ်မကြီးရာ၊ ဒါလောက် ကျွဲရိုက်နွားရိုက် ရိုက်ဖို့ မသင့်တော် ပါဘူးဗျာ......" ဟုလည်း ကျွန်တော်သည် တောင်းပန်လိုက်မိသည်။
ကျောပြင်ကို ခပ်နာနာကလေး အချခံလိုက်ရသော သူငယ်သည် နာကျင်လှ ဟန်ရှိ သောကြောင့် "အမယ်လေးဗျ၊ အမယ်လေးဗျ" ဟု စူးစူးဝါးဝါး အော်ဟစ် ငိုယိုလျက်ရှိပေသည်။ ဤသို့ လမ်းမပေါ်၌ အမေက သားအားရိုက်၍ သားက အော်ကြီးဟစ်ကျယ် ငိုယိုနေခြင်းကား ဘာမျှမဖြစ်လောက်သော အမှုအခင်းတရပ်ကဲ့သို့ အနီးအနားတဝိုက်၌ တဲများမှ တစုံ တယောက်သည်မျှ ထွက်၍ မကြည့်ကြပေ။ ၎င်းတို့၏ ပတ်ဝန်းကျင်၌ ဤအဖြစ်မျိုးသည် ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ ဖြစ်ဟန်ရှိပေသည်။
သားဖြစ်သူသည် မြေကြီးပေါ်၌သာ နာကျင်စွာ လူးလိမ့်ငိုယို နေသည်ကို တွေ့ရပြန် သောအခါ စောစောက ဒေါသတကြီးနှင့် ရိုက်နှက်လိုက်သော မိခင်သည် ၎င်း၏ လက်တွင်းမှ တုတ်ကို ရုတ်တရက် လွှင့်ပစ်လိုက်ပြီးနောက် သူ့ဘာသာသူလည်း ငိုယိုလိုက်ပြန်လေသည်။
ကျွန်တော်သည် ထိုသားအမိနှစ်ဦး၏ ဖြစ်အင်ကို အဘယ်သို့ နှစ်သိမ့်သက်သာ စေနိုင်မည့် နည်းလမ်းကို ရှာဖွေစဉ်းစားကြည့်မိသည်။ ရုတ်တရက်သော်မူကား ဘာမှစဉ်းစား၍ မရပေ။
မိခင်သည် ဒေါသထွက်လောက်စရာ အကြောင်းတခုခုကြောင့် သားလုပ်သူအား ဒေါသအလျောက် ရိုက်နှက်လိုက်ပြီးနောက်၊ သားငယ်၏ နာကျင်ငိုယိုရခြင်းကို မျက်စိအောက် ၌ တွေ့မြင်နေရသော အခါတွင် သားကို ဤမျှနာကျင်အောင် ရိုက်နှက်မိသည့်အတွက် ဝမ်းနည်း ငိုယိုခြင်းဖြစ်လိမ့်မည်ထင်ရပေသည်။
အတန်ကြာမှ "ဘယ်လိုဖြစ်တာလဲ အစ်မကြီးရယ်" ဟု ကျွန်တော်သည် မေးလိုက်နိုင် ပေသည်။ ဤသို့မေးလိုက်သောအခါ သူငယ်၏မိခင်သည် ပို၍ ဝမ်းနည်းလာဘိသကဲ့သို့ ရှိုက်၍ ရှိုက်၍ ငိုနေလိုက်ပြီးမှ "မပြောပါရစေနဲ့တော့ရှင်၊ ကျမသားကို ကျမခုလိုရိုက်မိတဲ့အတွက် စိတ်မကောင်းဖြစ်လွန်းလို့ပါ" ဟုသာ ပြန်ပြောလေသည်။
ကျွန်တော်၏ မေးခွန်းကို ပြန်မပြောပါရစေနှင့်ဟု ဆိုလာသော သူငယ်၏ မိခင်အား နောက်ထပ်၍ ကျွန်တော်သည် ဘာမျှမေးနေရန် အကြောင်းမရှိပေ။ ထို့ကြောင့် ကျနော်သည် ထိုအရပ်ဒေသမှ ထွက်လာတော့မည်အပြု စောစောက မြေကြီးပေါ်၌ လူးလိမ့်ငိုယိုသော သူငယ်သည် ရုတ်တရက် ကျွန်တော်၏ ခြေသလုံးများကို လှမ်း၍ ဖက်ထားလိုက်ပြန်ပြီးလျှင် "ဦးလေးရယ်... ကျနော့်ကို အမေနဲ့ ထားမပစ်ခဲ့ပါနဲ့ဗျာ၊ ဦးလေးနဲ့သာ ခေါ်သွားပါ၊ မဟုတ်ရင် အမေက ကျနော့်ကို သတ်လိမ့်မယ်ထင်ပါရဲ့" ဟု ငိုရှိုက်ရင်း တောင်းပန်နေပြန်သည်။
သားကို ဒေါသအလျောက် နာနာကျင်ကျင်ရိုက်နှက်မိကာ ဝမ်းနည်းငိုယို လျက်ရှိသော မိခင်နှင့် မိခင်လုပ်သူ၏ ဝမ်းနည်းငိုယိုရခြင်းကို နားမလည်ဘဲ ၎င်းအား နောက်ထပ်၍ ရိုက်နှက် ဦးမည်ကို လွန်စွာကြောက်ရွံ့လျက်ရှိနေသော သားငယ်အား လမ်းမပေါ်၌ ပစ်ထားခဲ့ပြီးလျှင် အဘယ်သို့ ကျွန်တော်သည် မိမိ၏ လမ်းခရီးကို ဆက်လက်သွားနိုင်ပါ့မည်နည်း။
"ကိုယ့်သားသမီးကို ဘယ်မိဘက ရိုက်ချင် နှက်ချင်ပါ့မလဲရှင်၊ ဒါပေမယ့် သူ့အဖေ အလုပ်သွားကာနီး ကျွေးလိုက်နိုင်ဖို့ သူများဆီက တောင်းထားရတဲ့ ကစွန်းရွက်ပြုတ်ကို ခိုးစားတော့ ကျမလဲ စိတ်တိုပြီးခုလို ရိုက်မိတာပါပဲ"
သူငယ်၏မိခင်သည် အားယူကာ ၎င်းဘာသာ ၎င်း၏ဇာတ်ကြောင်းကို ပြောဆိုလာ သည်။
"ကန်စွန်းရွက်ပြုတ်ခိုးစားတာနဲ့ ဒါလောက်တောင် ရိုက်ဖို့ကတော့ မတော်ပါဘူးဗျာ" ဟု ကျွန်တော်ကလည်း ကစွန်းရွက်ပြုတ်ခိုးစားသည့် သားလုပ်သူအား ကျွဲရိုက်နွားရိုက်၊ ရိုက်နှက် သော မိခင်ကို ပြန်ပြောလိုက်မိသည်။
"မနေ့ကရော၊ ဒီနေ့တနေ့လုံးရော ကျနော်ဘာမှ မစားရလို့ သိပ်ဆာတာနဲ့ ခိုးစားတာပါ ဦးလေးရဲ့" ဟု သူငယ်ကလည်း ၎င်းမိခင်၏ စွဲချက်ကို ပြန်လည်ချေပလေသည်။
ကျွန်တော်သည် နောက်ထပ် ဘာများပြောကြားလိမ့်ဦးမည်မသိရသေးသော သူငယ်၏ မိခင်လုပ်သူအား လှမ်း၍ ကြည့်လိုက်မိသည်။
"သူ့အဖေ နေထိုင်မကောင်းလို့ အလုပ်မဆင်းနိုင်တာ သုံးရက်ရှိပါပြီ။ ကနေ့ ညနေမှ နဲနဲနေကောင်းလာလို့ အလုပ်ဆင်းကာနီး ထမင်းကလေး ကျွေးလိုက်နိုင်အောင် ကျမ ဟိုက လိုက်တောင်း၊ ဒီကလိုက်တောင်းလို့ရလာတဲ့ ကစွန်းရွက်ပြုတ်နဲ့ ငပိဖုတ်ကို ထမင်းကြမ်း ကလေးနဲနဲနဲ့ ကျွေးလိုက်မယ်လုပ်တုန်း ခွေးပုက သူ့အဖေထမင်းနဲ့ စားရမယ့် ကစွန်းရွက် ပြုတ်တွေကို ခိုးစားသွားတော့ သူ့အဖေက ကျမကို ဆဲဆိုပြီးထွက်သွားပါတယ်။ ထမင်းလဲ စားမသွားဘူး။ အဲဒီတော့ စိတ်ကလဲ မကောင်း၊ ဒေါသကလဲထွက်လာလို့ ကျမ ခုလို လိုက်ရိုက် မိတာပါပဲရှင်"
ခွေးပု၏မိခင်သည် ၎င်းတို့သားအမိ၊ သားအဖသုံးဦး၊ ဇာတ်ကြောင်းကို ပြန်လှန်ပြ လျက်ရှိသည်။
ရန်ကုန်ကွက်သစ်တခု၏ အဝင်ဝ၌ ဤသားအမိ၊ သားအဖသုံးဦး၏ ရင်နင့်စရာကောင်း လှသောဇာတ်ထုပ်ကို တွေ့ကြုံကြားနာခဲ့ရပြီးနောက် ကျွန်တော် သွားရဦးမည်ဖြစ်သော ဦးဘမိုး တို့အိမ်ဘက်ဆီသို့ ဆက်လက်၍ လျှောက်လာခဲ့ရပေသည်။ နောက်ကွယ်၌ကား ခွေးပုတို့ သားအမိသည် အဘယ်သို့ ကျန်ရစ်ခဲ့ကြသည်ကို ကျွန်တော်မသိပေ။ ကျွန်တော်၏ ရင်ထဲ၌ကား တော်တော်ကြီးကို နာကျင်လျက်ရှိပေသည်။

(၂)

ဦးဘမိုးတို့အိမ်သို့ ရောက်သောအခါ အဘိုးကြီးအဘွားကြီး လင်မယား နှစ်ဦးစလုံးကို မတွေ့ရပေ။ သို့ရာတွင် အိမ်တံခါးများကိုကား ဖွင့်ထားပေသည်။
ကျွန်တော်သည် အိမ်ပေါ်သို့တက်လာခဲ့ပြီးနောက် အိမ်ဦးခန်းဘက်တွင် ဝင်၍ထိုင်ကာ သတင်းစာအဟောင်းတစောင်ကို ကောက်ယူဖတ်ရှုရင်း ဧည့်သည်တယောက်ကို ထမင်းစား ဖိတ်ကြားပြီးနောက် တယောက်မှ အိမ်၌မရှိကြသော အဘိုးကြီးအဘွားကြီးများ အကြောင်းကို စဉ်းစားနေမိသည်။ မည်ကဲ့သို့သော အရေးတကြီးကိစ္စပေါ်၍များ အိမ်ကို ဟာလာဟင်းလင်း ဖွင့်ကာ ထွက်ကြသနည်း။
ဤသို့တယောက်တည်းထိုင်၍ နာရီဝက်နီးပါးခန့်မျှ ထိုင်စောင့်နေရစဉ် ကျွန်တော်သည် ကွက်သစ်အဝင်အဝ၌ တွေ့ကြုံကြားသိခဲ့ရသော ခွေးပုတို့ သားအမိ သားအဖ သုံးဦး၏ ဇာတ်ကြောင်းကို ပြန်လှန်စဉ်းစားနေမိသည်။
သို့ရာတွင် ထိုဇာတ်ကြောင်းကို ကျွန်တော်သည် နောက်ထပ်၍ ခပ်ကြာကြာကလေး မစဉ်းစားနိုင်လောက်သော အကြောင်းအရာများသည် ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုသို့ ထွက်ပေါ်လာသော အကြောင်းအရာမှာ တခြားတော့ မဟုတ်ပေ။ ဦးဘမိုးတို့အိမ်နှင့် ဘေးချင်း ကပ်တဲကလေးတခုအတွင်းမှ လင်မယားနှစ်ယောက် ထ၍ ရန်ဖြစ်လိုက်ကြသော အကြောင်း ပင်ဖြစ်လေသည်။
"ဟဲ့ ငါမ....."
"ဟဲ့ မအေ....."
ဤသို့ တဦးနှင့်တဦး နားမကြားဝံ့လောက်အောင် ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုကြသော အသံဗလံများနှင့် အိုးခွက် ပန်းကန်များကွဲသံ၊ ရိုက်သံနှက်သံများသည် ကာလပျက်တော့ မလောက် ဆူညံ၍ သွားလေသည်။ ဤသို့ တဲအတွင်း၌ ဝုန်းဝုန်းဒိုင်းဒိုင်းနှင့် ဆူဆူညံညံ ဖြစ်နေရာမှ "အံမယ်လေးတော့၊ ကိုဘိုးအောင် ကျုပ်ကို သတ်နေပါပြီ။ အရပ်ကတို့ ဝိုင်းကြည့် နေတော့မလား" ဟူသော မိန်းမလုပ်သူ၏ အသံကိုကြားလိုက်ရသောအခါ၊ ကျွန်တော်သည် ဦးဘမိုးတို့အိမ်ပေါ် ၌ ငြိမ်သက်စွာထိုင်နေ၍ မဖြစ်တော့သည့်အလျောက် ကမန်းကတန်းနှင့် ထ လာခဲ့ရပြီးလျှင် လင်မယားရန်ဖြစ် ရိုက်နှက်နေကြသော တဲကလေး အတွင်းသို့ ဝင်သွားမိ ပေသည်။
တဲကလေး အတွင်း၌ မီးရောင်မရှိပေ။ သို့ရာတွင် လင်မယားနှစ်ယောက် လုံးထွေး နေသော အသံဗလံကိုကား ကြားနေရသည်။ ကျွန်တော်သည် တဲအတွင်းသို့ တိုက်ရိုက်ဝင်၍ မသွားဝံ့သေးဘဲ တဲတံခါးဝတွင် ရပ်ကာအကဲခတ်နေမိသည်။
"ဟဲ့ မအေ....."
"ဟဲ့ ငါ....."
လင်မယားနှစ်ယောက် လုံးထွေးနေရာမှ တဦးကိုတဦးက ဆဲဆိုလျက်ရှိသော အသံများ ကိုကား မတိုးမကျယ်ကြားရသည်။
အတွင်းသို့ မဝင်သွားဖြစ်သေးဘဲ ကျွန်တော်သည် နောက်သို့ပြန်လှည့်၍ ကြည့်မိသည်။ သို့ရာတွင် ဤလင်မယား ရန်ဖြစ်နေကြသော ကိစ္စကို ဘေးပတ်ဝန်းကျင်က လူများသည် ဘာမျှ အလေးထားလောက်စရာ မဟုတ်သည့်အလား ထွက်၍ကြည့်ဖော်မရကြပေ။ ဤသို့လင်မယား ရန်ဖြစ် သတ်ဖြတ်ကြသောကိစ္စသည် ဤအရပ်ဒေသ၌ ဖြစ်ရိုးဖြစ်စဉ်ကိစ္စတရပ်ကဲ့သို့ ဖြစ်နေ ရော့သလားလည်း မပြောတတ်ပေ။
အတန်ကြာသောအခါ တဲအတွင်း၌ ငြိမ်သက်သွားပြီးလျှင် အသက်သုံးဆယ်သာသာ ခန့် ယောက်ျားတယောက်သည် တဲအပြင်သို့ထွက်လာသည်။ ထိုသူသည် လူစိမ်းတယောက် ဖြစ်သော ကျွန်တော့်အား တချက်မျှလှမ်း၍ ကြည့်ရှုလိုက်ပြီးနောက် "အလုပ်အကိုင် အကြံအစည် အပေါက်အလမ်း မတဲ့ရတဲ့အထဲ အိမ်ပြန်လာတိုင်း ဆူဆူပူပူလုပ်လွန်းလို့ဗျာ" ဟု ၎င်း၏ ဇာတ်ကြောင်းကို ပြန်လေသည်။ ကျွန်တော်က ဘာမှမမေးမမြန်းရဘဲ သူ့ဇာတ်ထုတ်ကို သူ့ဘာသာသူ ပြောဆိုလျက်ရှိသော ထိုသူအား ကျွန်တော်သည် ငေးမောကြည့်ရှုနေမိသည်။
"အိမ်က မိန်းမ ဆူဆူပူပူလုပ်တိုင်း ယောက်ျားလုပ်တဲ့လူဟာ ဘာမှ ကြံလို့စည်လို့ မဖြစ်တော့ဘူးဗျ" ဟု ထိုသူသည် ၎င်း၏ အယူအဆတရပ်ကိုလည်း သူ့အား ဘာမျှ မမေးမြန်းသော ကျွန်တော့်အား ရှင်းလင်းပြောကြားလျက် ရှိသည်။ ကျွန်တော်သည် ဖူးရောင် လျက်ရှိသော ထိုသူ၏ နဖူးကို လှမ်း၍ ကြည့်ရှုရင်း ငြိမ်သက်စွာနားထောင်နေမိသည်။
"ပိုက်ဆံကလေး ပေးနိုင်ရင်တော့ တရွှင်ရွှင်တပြုံးပြုံးပဲဗျ။ အလုပ်အကိုင် အပေါက် အလမ်းမတည့်လို့ မပေးနိုင်တဲ့ တနေ့ကျရင် ဆူဖို့ပူဖို့လောက်ပဲ တတ်တယ်"
ထိုသူသည် သူ၏ လူ့လောက အတွေ့အကြုံကို ထပ်မံတင်ပြလျက်ရှိတုန်း ဖြစ်သည်။ သို့ရာတွင် မိမိ၏ ထင်မြင်ချက်ကိုကား ကျွန်တော်သည် မပြောလိုက်သေးပေ။
ထိုအခိုက် ဆံပင်များ ဖိုးယို့ဖားယားနှင့် အသက်သုံးဆယ်ခန့် မိန်းမတယောက်သည် တဲအတွင်းမှ ထွက်လာသည်။ ၎င်း၏မျက်နှာသည် ညိုမဲ၍ ဖူးယောင်လျက်ရှိသည်။
"လင်ယူတာဆိုတာ အားကိုးရမလား၊ စားသောက်ရမလားဆိုပြီးယူတာ၊ ခုတော့ စားဖို့ သောက်ရဖို့ နေနေသာသာ အရိုက်အနှက်များတောင် ခံနေလိုက်ရတော့ ဒီလိုလင်မျိုး ဘာများ လုပ်ရအုံးမလဲ"
မယားလုပ်သောသူကလည်း ၎င်း၏အဘိဓမ္မာဖြင့် လောကတခုကို ထူထောင်ဦးမည့် စကားကို ပြောဆိုလျက်ရှိသည်။
လက်ရုံးအားကိုးတိုက်ပွဲကို နှစ်ဦးနှစ်ဘက် နားလည်မှုဖြင့် ရပ်စဲလိုက်ကြပြီးနောက် နှလုံးရည်တိုက်ပွဲကို ဆက်လက်ဆင်နွှဲရန် ဟန်ပြင်လျက်ရှိသော လင်မယားနှစ်ဦးတို့၏ အကြား တွင် ကြာရှည်နေ၍ မဖြစ်သေးသည့်အလျောက် ကျွန်တော်သည် ထိုလင်မယားနှစ်ဦးတို့ စစ်ခင်းလျက်ရှိသောတဲမှ ဣနြေ္ဒရရ ထွက်ခွာလာခဲ့သည်။

(၃)

ဦးဘမိုးတို့အိမ် ပြန်ရောက်သောအခါ၊ ၎င်း၏ဇနီး ဒေါ်ငြိမ်းမယ်ကို အခန့်သင့်တွေ့ရ လေသည်။
"ဟဲ့ မောင်တင်အောင်၊ မင်းရောက်နေတာ ကြာပလား" ဟု ဒေါ်ငြိမ်းမယ်က ဆီး၍ မေးသည်။
"ခုတင်ကပါပဲ ဒေါ်လေး၊ အိမ်မှာ ဘယ်သူ့ကိုမှ မတွေ့တာနဲ့ ထိုင်စောင့်နေတုန်း ဟိုဘက်တဲက လင်မယားနှယောက် ရန်ဖြစ်သံကြားတာနဲ့ သွားကြည့် မိတာပါ"
"အေးစိန်တို့ ဘလင်းတို့လင်မယားလား၊ သူတို့လင်မယား ရန်ဖြစ်တာကတော့ ဘလင်း အလုပ်မရှိတဲ့နေ့ကစပြီး နေ့တိုင်းဖြစ်နေတာပါပဲကွယ်"
"လင်မယား နေ့တိုင်း ရန်ဖြစ်သတဲ့လား ဒေါ်လေးရဲ့"
"ဟာ ဒီလင်မယား အကြောင်းတော့ ပြောမနေပါနဲ့တော့ကွယ်။ ဒါနဲ့ မယ်ဥနဲ့ ကလေးတွေကော နေလို့ထိုင်လို့များ ကောင်းကြရဲ့လား။ ငါလဲ မယ်ဥတို့ဆီ မရောက်တာ တော်တော်ကြာသွားပြီ"
"ကောင်းပါတယ်၊ မောင်ဗဟိန်းတောင် ကျောင်းပို့ထားရပြီ ဒေါ်လေးရဲ့"
"အံမယ်၊ ငါ့မြေးက ကျောင်းတွေ ဘာတွေတောင် သွားဖော်ရပါပကော၊ ဒါထက် မင့်အမေ မစောမြိုင်ကော မင်းတို့နဲ့အတူတူပဲလား"
"ဟုတ်ကဲ့၊ အမေကတော့ သူ့မြေးတွေနဲ့ ဒီလိုပါပဲ"
"ငါလဲ ကိုဘမိုး ရပ်ရွာကိစ္စတခုအတွက်နဲ့ ဖဆပလလူကြီးအိမ်ဘက် ထွက်သွားလို့ မင်းကို စောင့်နေရတုန်း ကိစ္စတခုပေါ်လာတာနဲ့ ထသွားနေရတယ်ကွဲ့"
"ကိစ္စတွေကလဲ များလှချည်လား ဒေါ်လေးရဲ့"
"များဆို မပြောပါနဲ့တော့ကွယ်၊ ငါဖြင့် ရန်ကုန်မှာနေရတာကို ကြာလေ စိတ်ပျက်မိ လေပဲ"
"ဒါဖြင့် တောပြန်ကြဖို့များ စိတ်ကူးနေကြပလား"
"တိုင်းပြည်ကြီး ဒီကနေ့အေးရင်၊ မနက်ဖြန်တောင် စောင့်မနေဘဲ၊ ညတွင်းချင်း ငါတော့ပြန်မှာပဲ။ မင်းဦးလေး ကိုဘမိုးမလိုက်ရင်လဲ သူတယောက်ထဲ နေရစ်ချင် နေရစ်ခဲ့ပါ စေတော့"
"ဟုတ်တယ် ဒေါ်လေး၊ တိုင်းပြည်ကြီး ငြိမ်းချမ်းရေးရဖို့ အရေးဟာ လူတိုင်းလူတိုင်း အတွက် သေရေးရှင်ရေးလိုဖြစ်နေပြီ၊ အဲဒီငြိမ်းချမ်းရေး မရမချင်း ဘယ်သူမှ ဘာမှ လုပ်လို့ ကိုင်လို့ ရမှာတော့မဟုတ်ဘူး"
"တို့ ကွက်သစ်ထဲမှာ လူတရာမှာ ကိုးဆယ့်ငါးဦးလောက်ကတော့ တောက လူတွေ ချည်းပဲကွဲ့။ တောဘက်မှာ မအေးချမ်းလို့ ရန်ကုန်ကို ပြေးလာကြပြီး ဖြစ်သလို လုပ်ကိုင် နေထိုင် စားသောက်ကြရတာ၊ ကနေ့ တိုင်းပြည်ကြီး အေးချမ်းသွားရင် မနက်ဖြန် ဒီကွက်သစ်ထဲ လူတရာမှာ ကိုးဆယ်လောက်တော့ တောကို ပြန်ကြမှာပဲ"
"ဟုတ်ပါတယ် ဒေါ်လေး၊ ဒါပေမယ့် တိုင်းပြည်ကြီးကတော့ ငြိမ်းချမ်းရေး မရသေးဘူး။ သူပုန်တွေကလဲ တွေ့ဆုံဆွေးနွေးပြီးမှ ငြိမ်းချမ်းရေးရပါစေလို့ ပြောနေကြတယ်။ နိုင်ငံတော် အစိုးရမင်းများကလဲ မတွေ့ဆုံနိုင်ဘူး၊ လက်နက်ချခဲ့ကြလို့ ပြောနေကြတယ်။ ဒီအတိုင်းသာ ဆိုရင်တော့ တော်တော်ကလေး ခက်နေလိမ့်ဦးမယ်ထင်တာပဲ"
"သြော် ဒါထက် တလောက မင်းတို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကိုယ်တိုင် တိုင်းပြည်ကြီး ငြိမ်းချမ်းရေးရအောင် လုပ်နေတဲ့ကိစ္စကကော ဘယ်လိုများလဲကွဲ့၊ ကိုဘမိုး ပြောသံကြားတယ်"
"အဘိုးကြီး ခမြာလဲ အသက်အရွယ် အိုမင်းမစွမ်းရှိကာမှ ကိုယ်မွေးထားတဲ့ သူရဲတွေ၊ ကိုယ်မနိုင်တဲ့ မှော်ဆရာရဲ့ ဥပမာမျိုးလို ဖြစ်နေရတယ် ဒေါ်လေးရဲ့။ ဒါပေမယ့် အဘိုးကြီး လုပ်နေတဲ့ကိစ္စကိုတော့ သံဃာတော်တွေ အားလုံးကရော၊ တတိုင်းတပြည်လုံးကရော ထောက်ခံလာကြပါပြီ"
"ဒီလိုဆိုရင်တော့ တိုင်းပြည်ကြီးအေးချမ်းသွားဖို့ မျှော်လင့်စရာတော့ ရှိသေးတယ်ပေါ့ ဟုတ်လားကွဲ့ မောင်တင်အောင်"
"အများကြီးရှိပါတယ်"
"ဒီလိုဆိုရင်တော့ အားထားစရာရှိသေးတယ်လို့ ဆိုရဦးမှာပေါ့ကွယ်"
"အခုခေတ်ဟာ လူထုခေတ်ပဲ ဒေါ်လေးရဲ့၊ လူတစုလောက်က သူတို့လုပ်ချင်တာ လျှောက်လုပ်လို့ရတဲ့ ခေတ်မဟုတ်တော့ပါဘူး၊ လူထုက ညီညီညွတ်ညွတ်နဲ့ အုံကြွလာပြီး ဆန္ဒပြတောင်းဆိုတဲ့ တနေ့မှာ ရာဇပလ္လင်ပေါ်က ရှင်ဘုရင်တောင် သရဖူအပ်ပြီး ဆင်းပေးရ သေးတာပဲ ဒေါ်လေးရဲ့"
"ငါကတော့ တိုင်းပြည်ကြီး မြန်မြန်အေးချမ်းဖို့နဲ့ တိုင်းပြည်ကြီး အေးသွားတဲ့ တနေ့ကျ ရင် တောကိုပြန်ပြီး ငါ့ခြံကလေးနဲ့ငါ လုပ်ကိုင်စားသောက်ဖို့လောက်ပဲ နေ့ရှိသ၍ ဘုရားမှာ ဆုတောင်းနေတာပါပဲကွယ်"
ကျွန်တော်နှင့် ဒေါ်ငြိမ်းမယ်တို့ တိုင်းရေးပြည်ရေးကိစ္စကို ပြောဆိုနေကြသည့်အခိုက် ဦးဘမိုးသည် မျက်စိပျက် မျက်နှာပျက်နှင့် အိမ်ပေါ်သို့တက်လာသည်။
"ရောက်လာတာ ကြာပလားကွဲ့ မောင်တင်အောင်" ဟု ဝတ္တရားအတိုင်း မေးမြန်းပြီး နောက် အတန်ကြာမျှ ထိုင်၍ ငိုင်နေသည်။

(၄)

ညစာစားသောက်၍ ပြီးစီးကြသောအခါ ခပ်ငိုင်ငိုင်ဖြစ်နေသော ဦးဘမိုးအား ဒေါ်ငြိမ်းမယ်က မေးငေါ့၍ပြရင်း "တော့်ကိစ္စက ဘယ်လိုများ ဖြစ်လာပြန်ပလဲ ကိုဘမိုးရဲ့" ဟု မေးလိုက်သည်။
ဦးဘမိုးသည် ဆေးပေါ့လိပ်တိုတတိုကို မီးတိုင်တွင် မီးကူးရင်း
"ငါတော့ ရန်ကုန်မြို့မှာ လူလုပ်ရမှာကို ကြောက်ကြောက်လာပါပြီကွာ" ဟု ညည်းတွား ပြောဆိုလိုက်သည်။
"တော့်ကိစ္စက ဘယ်လိုဖြစ်လာရတယ်ဆိုတာလဲ နားလည်အောင် ပြောပြစမ်းပါဦး"
"ပြောနေလို့လဲ ထူးမှ မထူးတော့တာဟာကွာ၊ လေကုန်ခံပြီး ပြောမနေ ပါရစေနဲ့တော့"
ကြားမှ ငြိမ်သက်စွာ နားထောင်နေခဲ့ရသော ကျွန်တော်သည်လည်း မနေသာတော့ သည့်အလျှောက်
"ဘယ်လိုကိစ္စနဲ့ ဘာတွေများ အခက်အခဲတွေ တွေ့နေကြလို့တုန်း ဦးဘမိုးရဲ့" ဟု ဝင်၍ မေးမြန်းလိုက်မိသည်။
ဦးဘမိုးသည် ကျွန်တော့်မေးခွန်းကို ရုတ်ချင်းပြန်၍ အဖြေပြန်မပေးသေးဘဲ၊ ဆေးပေါ့လိပ်ကို မီးခိုးများ တအူအူထွက်လောက်အောင် သုံးလေးငါးဖွာမျှ အားရပါးရဖွာ နေသည်။ ဆေးလိပ်ကို အားရလောက်အောင် သောက်၍ ပြီးစီးတော့မှ "တို့ကွက်သစ်ကို ဖျက်ပေးရမယ့်ကိစ္စအတွက်ပဲ မောင်တင်အောင်ရဲ့" ဟု တိုတို တုတ်တုတ်ပြန်ပြောသည်။
"ကွက်သစ်ကို အဖျက်ခိုင်းတာတော့ ထားပါဦးလေ၊ ဒီကွက်သစ်က လူတွေကို ဘယ်လိုနေရာချပေးမတဲ့လဲဗျ"
"လေးထောင့်ကန်ဘက်မှာတဲ့လေ"
"လေးထောင့်ကန်ကို ပို့မယ့်အစား ထောင်ထဲပို့ထားတာက ပိုကောင်းဦးမယ်၊ ထောင်ထဲ မှာဆိုရင် နေဖို့ထိုင်ဖို့ရော၊ စားဖို့သောက်ဖို့ရော ဘာမှမပူမပင်ရတော့ဘူး မဟုတ်လား၊ လေးထောင့်ကန်ဘက်မှာဆိုတော့ ဘာလုပ်ကိုင် စားသောက်နိုင်မလဲ။ ရန်ကုန်မှာ ကျပန်း လုပ်ကိုင်စားသောက်နေကြရတဲ့ ဆင်းရဲသားတွေ လေးထောင့်ကန်ဘက်ကို ပို့လိုက်ရင် ငတ်သေရင်လဲသေ၊ မသေချင်ရင်လဲ ဓားပြတိုက်စားရုံပဲရှိတော့မယ်။ အရင်လေးထောင့်ကန်ကို လိုက်နေကြရတဲ့ မင်းမနိုင်နဲ့ ကျားကူးကွက်သစ်က မိန်းကလေးတွေ အတော်များများ ဖာဖြစ်ကုန်သတဲ့လေ" ဟု ဒေါ်ငြိမ်းမယ်က ဝင်ရောက်ပြောဆိုလိုက်သည်။
ဦးဘမိုးသည် ခပ်စောစောက ချထားလိုက်သော ဆေးပေါ့လိပ်တိုကို ပြန်ကောက်ယူ ကာ မီးခိုးများတလူလူထွက်အောင် ဖွာနေပြန်သည်။ သူ့ကိုကြည့်ရသည်မှာ အတော် စိတ်သောကရောက်နေရမှန်း သိသာပေသည်။ သားထောက်သမီးခံဆို၍ တဦးတယောက် တလေမျှ မရှိသော ဦးဘမိုးနှင့် ဒေါ်ငြိမ်းမယ်တို့သည် အသက်အရွယ်အိုမင်းလျက်ရှိပြီ ဖြစ်သောအချိန်ကာလမှာပင် မိမိတို့ဘာသာ မိမိတို့လုပ်ကိုင်စားသောက် နေကြရသော အဘိုးကြီးအဘွားကြီး လင်မယားဖြစ်သည်။ ဤသို့ ရန်ကုန်ကွက်သစ်တခု၌ မှီခိုကပ်ရပ် နေထိုင်လျက် ရရာကျပန်း အလုပ်ကလေးများကို ရှာဖွေလုပ်ကိုင်စားသောက်နေကြသော အဘိုးကြီးအဘွားကြီး လင်မလားနှစ်ယောက်ကို ရန်ကုန်မြို့တော်အား မဟာရန်ကုန် မြို့တော် တည်ဆောက်ရေး စီမံကိန်းအတွက်နှင့် မြို့ပြင်သို့ ပို့လိုက်မည်ဆိုလျှင် ၎င်းတို့၏ အခြေအနေ သည် ပိုမိုဆိုးဝါးစရာ ရှိပေသည်။ ကျားကူးနှင့်မင်းမနိုင်ကွက်သစ်မှ မိန်းကလေးများ အသက်အရွယ်ကြသေးသည့်အလျောက် မိမိတို့ကာမကို ရောင်းချ၍ အသက်မွေးမြူနိုင်ကြ ပေသည်။ သို့ရာတွင် ဤအဘိုးကြီးအဘွားကြီးလင်မယားနှစ်ယောက်သည် မြို့ပြင်အရပ်၌ အဘယ် အရင်းအနှီးဖြင့် အသက်မွေးမြူကြရမည်နည်း။
ဤ အဘိုးကြီးအဘွားကြီး လင်မယားနှစ်ယောက်အကြောင်း စဉ်းစားရင်း ကွက်သစ်သို့ ဝင်လာကာစက ကျွန်တော်တွေ့ကြုံခဲ့ရသော ခွေးပုတို့သားအမိ သားအဖတတွေ၏ ကံကြမ္မာကို လည်းကောင်း၊ နေ့ရှိသရွေ့ ရန်ဖြစ်နေကြသည်ဆိုသော ကိုဘလင်းနှင့်မအေးစိန်တို့ လင်မယားနှစ်ယောက်၏ ကံကြမ္မာကိုလည်းကောင်း၊ ဒေါ်ငြိမ်းမယ် ပြောဆိုသွားခဲ့သော ဤ ကွက်သစ်၌ တောအရပ်မှ ပြေးလွှားခိုလှုံလျက်ရှိကြသော စစ်ဘေးဒုက္ခိတ ကိုးဆယ့်ငါး ရာခိုင်နှုန်း၏ ကံ ကြမ္မာကိုလည်းကောင်း၊ ကျွန်တော်သည် ဆက်စပ်တွေးတောနေမိသည်။
"တို့ကွက်သစ်ထဲက နိုင်ငံရေးခေါင်းဆောင်တွေကတော့ ဒီကွက်သစ်ကို မဖျက်ပေး ရအောင် သူတို့အထက်က ခေါင်းဆောင်ကြီးတွေကို သွားပြောကြဦးမယ်လို့တော့ ဆိုတာပဲ။ ဒါပေမယ့် မင်းမနိုင်တို့ ကျားကူးတို့ရဲ့အဖြစ်ကို မြင်ခဲ့ကြားခဲ့ရလို့ ငါဖြင့် မထင်ပေါင်ကွာ.... သူတို့က အတင်းအကြပ် မဖျက်ခင် ကိုယ့်ဘာသာကိုယ် နေရာရှာဖို့သာ စဉ်းစားရမှာပါပဲလေ"
ဦးဘမိုးသည် သူ၏ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း လမ်းစကို စဉ်းစားပူပန် လျက်ရှိပုံရသည်။ ကျွန်တော်မူကား ဦးဘမိုးကဲ့သို့ မင်းမနိုင်နှင့်ကျားကူးကွက်သစ်တို့၏ ကံကြမ္မာကို မသိပေ။ အဘယ်ကြောင့်ဆိုသော် ကျားကူးနှင့်မင်းမနိုင်ကွက်သစ်များ ရှင်းလင်းစဉ်က ကျွန်တော်သည် ရန်ကုန်ထောင်ကြီး အတွင်း၌ နိုင်ငံတော်အစိုးရ၏ စရိတ်ဖြင့် စာအုပ်များ ရေးသားခဲ့သောကြောင့် ဖြစ်လေသည်။

(၅)

ဦးဘမိုးတို့ကွက်သစ်မှ အိမ်သို့ ပြန်ရောက်လာသောအခါ ကျွန်တော်သည် ဦးဘမိုးတို့၏ ကွက်သစ်နှင့် ဆက်စပ်၍ ရန်ကုန်ကွက်သစ်များအကြောင်းကို တသီတတန်းကြီး လျှောက်၍ စဉ်းစားနေမိသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ကြက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံရမည်ဖြစ်သော ရန်ကုန်ရွှေမြို့တော်ကြီး၌ ကြက်သရေမင်္ဂလာနှင့် ဆန့်ကျင်ဘက်ဖြစ် သော ကွက်သစ်များသည် အဘယ်ကြောင့် ဖြစ်ပေါ်လျက်ရှိနေရသနည်း။
မြို့တော်စည်ပင်သာယာရေး အတတ်ပညာရပ်များနှင့် ပတ်သက်၍သော်လည်းကောင်း၊ အိုးအိမ်ဆောက်လုပ်ရေး အတတ်ပညာရပ်များနှင့် သော်လည်းကောင်း၊ ကျွန်တော်သည် ဘာမျှတတ်သိသော သူတဦးမဟုတ်သည့် အကြောင်းကိုကား ဝန်ခံလိုသည်။ သို့ရာတွင် လမ်းပေါ်မှ လူတယောက်အနေနှင့် ကျွန်တော် လေ့လာသိမြင်ထားသော အချက်အလက်များ ကား ရှိပေသည်။
ရန်ကုန်ကွက်သစ်များသည် သူ့အလိုအလျောက် ဖြစ်ပေါ်လာကြသည် မဟုတ်ပေ။ ဤသို့ ကွက်သစ်များ အရုပ်ဆိုးလောက်အောင် ပေါ်ပေါက်လာရသော အခြေခံအကြောင်းရင်း သည် အခြားမဟုတ်၊ စစ်မက်၏ ဒဏ်ရာဒဏ်ချက်ကြောင့်ဖြစ်သည်။ စစ်မက်၏ ရလဒ်ဟူ၍ လည်းကောင်း၊ အမွေအနှစ်ဟူ၍လည်းကောင်း ခေါ်ဝေါ်နိုင်လိမ့်မည် ထင်သည်။ စစ်မက်ဟု ဆိုရာ၌ ပြီးစီးခဲ့ သော ဒုတိယကမ္ဘာစစ်ကြီးနှင့် လွတ်လပ်ရေးရရှိပြီးနောက် ကိုးနှစ်ကျော်မျှ ဖြစ် ပွားလျက်ရှိသော ပြည်တွင်းစစ်မက် နှစ်ခုစလုံးကို ဆိုလိုရင်းဖြစ်သည်။ ဤစစ်ပွဲများကြောင့် အိုးအိမ်မြို့ရွာ မြောက်မြားစွာပျက်စီးခဲ့၊ ပျက်စီးရဆဲဖြစ်သည်။ အထူးသဖြင့်ကား ပြည်တွင်း စစ်မက်ကြောင့် တောဘက်အရပ်ဒေသများ၌ လုံခြုံမှုမရှိသဖြင့် တောမှ လူပေါင်းမြောက်များစွာ တို့သည် ရန်ကုန်မြို့တော်သို့ ပြေးလွှားခိုဝင်လာကြသည်။ အိုးအိမ်ပျက်စီး၍ မလုံမလောက် ဖြစ်နေရသည့်အချိန်တွင် နောက်ထပ်၍ တောမှ လူအများအပြား ခိုလှုံဝင်ရောက်လာကြပြန် သောအခါ၊ ရန်ကုန်မြို့တော်သည် ထိုပြည်ထောင်စုသားများအား အဘယ်နည်း အဘယ်ပုံ နေရာချပေးနိုင်ပါ့မည်နည်း။ ပြည်တွင်းစစ်မက်ကို တိုက်ခိုက်နေရသော နိုင်ငံတော်အစိုးရမင်း များသည်လည်း လက်နက်ခဲယမ်း မီးကျောက်များကိုသာလျှင် ဝယ်ပြီးရင်း ဝယ်နေရသဖြင့် လည်းကောင်း၊ စစ်မက်တိုက်ခိုက်ရေးအတွက် အာရုံစူးစိုက်နေရသဖြင့်လည်းကောင်း၊ စစ်ပြေး ဒုက္ခိတ ပြည်ထောင်စုသားများအရေးကို ဂရုမပြုနိုင်အားပေ။ ထိုကာလ၌ စစ်ပြေးဒုက္ခိတ များသည် မိမိတို့ဘာသာ မိမိတို့ တွေ့ကရာ မြေကွက်လပ်များ၌ အိုးအိမ်ဆောက်လုပ်နေ ထိုင်ကြတော့သည်။ ဤအခြေခံအကြောင်းများကြောင့် ရန်ကုန်ရွှေမြို့တော်၌ မြို့တော်၏ ကြက်သရေမင်္ဂလာကို ပျက်စီးစေသော ကွက်သစ်များသည် မလွှဲသာမရှောင်သာ ပေါ်ပေါက် လာရခြင်း ဖြစ်လေသည်။ ကျန်းမာရေးနှင့်ဆန့်ကျင်သော လူ့အစုအဝေးများ၊ အဆောက်အအုံ များ ပေါ်ပေါက်လာရခြင်းသည်လည်း ဖြစ်လေသည်။
ယခုအခါတွင် နိုင်ငံတော်အစိုးရမင်းများသည် အခြေခံအကြောင်းရင်းဖြစ်သော တိုင်းပြည်၏ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်မီ၊ တောမှစစ်ပြေးဒုက္ခိတ ပြည်ထောင်စု သားများကို နေရာမချထားပေးနိုင်မီ၊ ရန်ကုန်မြို့တော်အား မဟာရန်ကုန်မြို့တော်ကြီးအဖြစ် တည်ဆောက်ရန် အမှိုက်သရိုက်များကို ရှင်းလင်းနေပေသည်။ ရန်ကုန်မြို့တော်အား သာလွန်၍ ကောင်းမွန်သော မဟာရန်ကုန်မြို့တော်ကြီး တည်ဆောက်သောအလုပ်မှာ ဝမ်းမြောက်ဝမ်းသာ ခရီးဦးကြိုရမည့်အလုပ်လည်း ဖြစ်သည်။
သို့ရာတွင် ရောဂါ၏အဖြစ်ကို မရှင်းလင်း မဖယ်ရှားနိုင်ဘဲ မည်သည့်ရောဂါကို မည်သည့်သမားကောင်း၊ သမားလိမ္မာသည် ကုစား၍ ရနိုင်ပါ့မည်နည်း။

(၆)

ညနာရီပြန် (၂) ချက်တီးသာသာခန့်လောက်တွင် ခင်ဦးက ကျွန်တော့်အား အိပ်ရာမှ အတင်းနိုးသဖြင့် ကျွန်တော်လည်း အိပ်ချင်မူးတူးနှင့် လန့်၍ နိုးသည်။
"မီး...မီး.....မီး....." ဟူသော အသံဗလံများသည်လည်း ဆူညံလျက်ရှိသည်။ ထို့ကြောင့် ကျွန်တော်သည် အိပ်ရာမှ အလူးအလဲထလိုက်ရသည်။
"ဘယ်ကမီးလဲဟင် ခင်ဦး" ဟုလည်း အလန့်တကြားမေးမြန်းလိုက်မိသည်။
"တော်တော်တော့ ဝေးပါတယ်။ ကြည့်ရတာ ဦးဘမိုးတို့ကွက်သစ်များ ဖြစ်နေမလား မပြောတတ်ဘူး" ဟု ခင်ဦးက ပြန်ပြောဆိုသောအခါ ကျွန်တော်သည် များစွာစိုးရိမ်ပူပန် သွားမိပေသည်။ ထို့ကြောင့် မျက်နှာသစ်၍ အဝတ်အစားများ ကတိုက်ကရိုက် လဲလှယ် ပြီးနောက်၊ အိမ်ပေါ်မှ ဆင်းလာခဲ့မိသည်။ လမ်းမပေါ်၌ အခန့်သင့်တွေ့ရသော ဆိုက်ကားတစီး ကို ငှားရမ်း၍ ဦးဘမိုးတို့နေထိုင်သော ကွက်သစ်သို့ ဆိုက်ကားဆရာအား အမြန်ဆုံးပို့ပေးရန် ပြောဆိုရသည်။
ဦးဘမိုးတို့ ကွက်သစ်သို့ ရောက်သောအခါ၊ ကြီးမားလှသော မီးတောက်များ အောက်၌ လူးလွန့်နေသော ကွက်သစ်ကလေးကို မချိမဆံ့တွေ့မြင်ရသည်။ မီးတောက်များ ပတ်ပတ် လည်၌ ကယ်ပါ ယူပါ တစာစာအသံများကို နားမချမ်း မြေ့ဖွယ်ရာလည်း ကြားနေရပေသည်။
ကျွန်တော်သည် ဦးဘမိုးတို့လင်မယားကို လိုက်လံရှာဖွေကြည့်သည်။ သို့ရာတွင် ရှာဖွေ၍ကားမတွေ့။ အဘယ်သို့များ ပြေးလွှားလေပြီနည်း။ ကျွန်တော်သည် ခွေးပုတို့သားအမိ သားအဖကိုလည်း ရှာဖွေကြည့်မိသေးသည်။ သို့ရာတွင် မည်သူတဦးတယောက်ကိုမျှ မတွေ့ရပေ။ ဘယ်အရပ်သို့များ ပြေးကုန် ကြပြီနည်း။
နံနက်မိုးလင်းသောအခါ မီးလည်း တစထက်တစငြိမ်းစပြုလာသည်။ ကျွန်တော်သည် မီးငြိမ်း၍ ပြာပုံများဖြစ်သည့်အထိ ထိုကွက်သစ်ကလေးကို သံယောဇဉ်ငြိတွယ်ကာ တဝဲလည် လည်ဖြစ်နေမိသည်။ မီးများ လုံးဝငြိမ်းအေးသွားသော အချိန်ကျမှ ကျွန်တော်သည် အိမ်သို့ပြန်ရန် သတိရလာသည်။ အိမ်သို့ပြန်မည် အပြုတွင် ကျွန်တော်သည် မီးလောင်ပြင် ဖြစ်သွားသော ဦးဘမိုးတို့၏ ကွက်သစ်ကလေးကို တချက်မျှ ပြန်လှည့်၍ ကြည့်မိသေးသည်။
ဤမီးလောင်ပြင်မှ မဟာရန်ကုန်မြို့တော်ကြီးကို တည်ဆောက်ကြမည့်သူများသည် အဘယ်ပုံအဘယ်နည်းများ တည်ဆောက်ကြမည်တော့ ကျွန်တော် မသိပါခင်ဗျား။

ဗန်းမောင်တင်အောင်
(ရှုမဝမဂ္ဂဇင်း)

Monday, October 20, 2008

လက်ဘက်ရည်ဆိုင်ထဲမှာဖြတ်သန်းစီးဆင်းသွားသောရေအလျဉ်
ရေးသူ- မြသန်းတင့်


[၁]
ကျွန်တော်သည် ၄၅ လမ်းထဲသို့ ချိုးဝင်လိုက်သည်။
ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းမကြီးများပေါ်တွင် မော်တော်ကားသံတွေ၊ ဟွန်းသံ တွေ ဆူညံနေသလောက် လမ်းထဲမှာ တိတ်ဆိတ်နေသည်။ အချို့နေရာများတွင် တိုက်သစ် အိမ်သစ်တွေကို မြင်ရသော်လည်း အချို့နေရာများတွင်မူ တိုက်ဟောင်း အိမ်ဟောင်းတွေ ကျန်နေသေးသည်။ တချို့အိမ်တွေမှာ စက္ကူပန်းရုံလေးတွေ၊ ဗာဒံပင်ဝိုင်းဝိုင်းကလေးတွေ စိမ်းစိုအေးမြနေသည်။
ကျယ်ဝန်း၍ လေကောင်းလေသန့်ရသည့် မဟေသီမဂ္ဂဇင်းတိုက် အပေါ်ထပ်သို့ ရောက်သွားသည့်အခါတွင် ရန်ကုန်မြို့ကြီးမှ အိမ်တအိမ်သို့ ရောက်သွားသည်နှင့်မတူ။ မြို့ပြသဲ ကန္တာရကြီးထဲက အိုအေစစ်ကလေးတခုကို ရောက်သွားသလို ခံစားလိုက်ရသည်။
မဟေသီအယ်ဒီတာချုပ်နှင့် အယ်ဒီတာအဖွဲ့ဝင်များက ကြုံလျှင် သူတို့မဂ္ဂဇင်းတိုက်ကို ဝင်ပါဟု မကြာခဏ ဖိတ်တတ်သည်။ သို့ရာတွင် မရောက်ဖြစ်ခဲ့ပါ။ တလောကမှ လမ်းကြုံ သဖြင့် မဟေသီမဂ္ဂဇင်းတိုက် ရှိရာကို ရောက်သွားခြင်းဖြစ်သည်။
မဟေသီမဂ္ဂဇင်းတိုက်ကိုသာမဟုတ်။ မဂ္ဂဇင်းတိုက်တည်ရာ ၄၅ လမ်းကို မရောက်ဖြစ် သည်မှာလည်း တော်တော်ကြာပါပြီ။
ဟိုတုန်းက ၄၅ လမ်းကို မကြခဏ ရောက်ဖြစ်သည်။ မကြာခဏပင် မဟုတ်ပါ။ နေ့တိုင်းလောက်ပင် ရောက်ဖြစ်ပါသည်။
ဟိုတုန်းက ဆိုသည်မှာ စစ်ပြီးစ ၁၉၄၇-၄၈ ခုနှစ်တဝိုက်။ ကြာတော့ ကြာခဲ့ပြီကော။


[၂]

ထိုစဉ်က နေ့တိုင်းလိုလို ၄၅ လမ်းထဲသို့ ရောက်ရသည်မှာ အခြားကြောင့် မဟုတ်ချေ။ သွေးသောက်မဂ္ဂဇင်း တိုက်ရှိသောကြောင့် ဖြစ်သည်။
ကျွန်တော်တို့ တသိုက်က ၅၁လမ်း ရန်ကျော်ဂျာနယ်တိုက်မှာ စတည်းချတတ်သည်။ ရန်ကျော်ဂျာနယ်တိုက်မှာ ကျော်လင်းစာပေ 'ကိုအုန်းမြင့်' နှင့် ကွယ်လွန်သူ စာရေးဆရာ 'စောဦး'တို့ တည်ထောင် တည်းဖြတ်သည့် အပတ်စဉ်ဂျာနယ် ဖြစ်သည်။ နောင် ကျွန်တော်တို့ တတွေ စာပေသစ်မဂ္ဂဇင်းကို ထုတ်ဝေကြသည့် အခါတွင်လည်း ထိုနေရာမှာပင် စတည်း ချကြသည်။
ထိုစဉ်က ရန်ကုန်အရှေ့ပိုင်းသည် စာရေးဆရာတွေ တော်တော်များများအား တွေ့နိုင်သော နေရာဖြစ်သည်။ မဂ္ဂဇင်းတိုက်များ၊ ပုံနှိပ်တိုက် များကလည်း အရှေ့ပိုင်းမှာပင် ရှိတတ်သည်။ ထို့ကြောင့် ကျွန်တော်တို့သည် ကျောင်းမှမြို့ထဲသို့လာလျှင် ရေကျော်ဘက်ကို တော့ ရောက်အောင် သွားတတ်သည်။
စစ်မဖြစ်မီက ကျွန်တော်တို့ ငယ်ငယ်က စာရေးဆရာကြီးများက အစ ကျွန်တော်တို့နှင့် ခေတ်ပြိုင် စာရေးဆရာငယ်အထိ လူစုံတက်စုံတွေ့ ရတတ်သည်။ ထို့ကြောင့် ရေကျာ်သို့ရောက် နေကြခြင်းဖြစ်သည်။
မြန်မာဝတ္ထုခေတ်ဦးဟု ခေါ်နိုင်သော နှစ်ပဲတန်ဝတ္ထုခေတ်နှင့် လေးပဲတန်ဝတ္ထုခေတ် တုန်းက ဝတ္ထုတွေကို လှိုင်လှိုင်ရေးခဲ့ကြသော 'သင်္ခါ' သည် ရေကျော်ထဲမှာ နေသည်။ ပျော့ပျောင်းသည့် ဆံပင်ထူထူ, အသားဖြူဖြူ, နွဲ့နွဲ့နှောင်းနှောင်း, မျက်နှာထားက အစဉ်ချိုနေ တတ်သည်။ စကားပြောလျှင် တိုးတိုးပြောတတ်သည်။
ကျွန်တော်သည် 'သင်္ခါ'ကို မြင်ရသည့်အခါတွင် နှစ်ပဲတန်လား, လေးပဲတန်လားမသိ။ ဝတ္ထုခေတ်ဦးက ပေါ်ခဲ့သည့် 'ရှက်လွန်းလို့' ဝတ္ထုထဲက ဇာတ်လိုက်ကို ပြေး၍ သတိရနေသည်။
'သင်္ခါ' သည် စာရေးဆရာပြဇာတ်က,လျှင် ဘုရင်ခန်းက ပါတတ်သည်။ ညီလာခံတွင် သန်လျက်ကို ဝင့်၍ဝင့်၍ တိုင်းရေးပြည်ရာကို ဆွေးနွေးနေသော 'သင်္ခါ'၏ အသံသည် ဇာတ်ရုံထဲတွင် ဟိန်းနေတတ်သည်။
တခါတွင် 'သင်္ခါ'သည် ဘယ်သူ့ကို စိတ်ဆိုးနေသည်မသိ။ "ဟေ့....... သင်္ခါတဲ့ကွ...... ဘယ်သူ့ကိုမှ မကြောက်လို့ ပုလိပ်ကထွက်ပြီး စာရေးဆရာ လုပ်တာ....." ဟုကြိမ်းနေသည်။ သူ့လက်ထဲတွင် ဇာတ်စင်ပေါ်တွင် ကိုင်သည့် သန်လျက်သည် ပြောင်လက်နေသည်။
ဘုရင် အဝတ်အစားတွေဝတ်၍ မျက်နှာချေတွေ အဖွေးသားဖြင့် ကန့်လန့်ကာကြားတွင် သန်လျက်ကြိမ်းကြိမ်းနေသော 'သင်္ခါ' ကိုကြည့်၍ ဇာတ်စင်နောက်မှ လူများသည် ပြုံးနေ ကြသည်။
ရေကျော်တွင် 'သင်္ခါ' သာမဟုတ်။ ငယ်ငယ်က ဝတ္ထုတွေရေးခဲ့သည့် 'မြို့မအုန်း' လည်းရှိသည်။ ငယ်ငယ်တုန်းက 'မြို့မအုန်း' ၏ 'အုံ့ပုန်းချစ်' ကို ဖတ်ခဲ့ရဖူးသည်။ နှစ်ပဲတန်လား၊ လေးပဲတန်လား မမှတ်မိ။ သည်တုန်းက ကျွန်တော့်အသက် (၁ဝ) နှစ်လောက်သာ ရှိသေးသဖြင့် လူကြီးတွေမသိအောင် တိတ်တိတ်ပုန်း ဖတ်ခဲ့ရသည်။
ကျွန်တော်တို့ ခေတ်တုန်းက အပျိုပေါက်,လူပျိုပေါက်တွေမှ ဝတ္ထုဖတ်သင့်သည် ဟူသော အစွဲရှိသောကြောင့်ဖြစ်သည်။ ထို့မတိုင်ခင်တုန်းကမူ အပျိုပေါက်, လူပျိုပေါက် ပင်လျှင် ဝတ္ထုမဖတ်ရ။
မန္တလေး 'မောင်ခင်မောင်' ခါ် 'လယ်တီပဏ္ဍိတဦးမောင်ကြီး' ရေးသည့် 'သန်းသန်း' ဝတ္ထုတို့၊ 'ခင်မြင့်ကြီး' ဝတ္ထုတို့၊ 'ပီမိုးနင်း'၏ 'ပွဲစားကြီး ဂရာရွတ်ကို မြာချွတ်ခန်း' ဝတ္ထုတို့ဆိုလျှင် အပျိုပေါက်, လူပျိုပေါက်တွေပင် ဖတ်ခွင့်မရ။ အလဇ္ဇီစာပေဟု သတ်မှတ်ကြသည်။
ကျွန်တော်သည်......
ကျွန်တော်တို့နှင့် လက်ဖက်ရည်ဆိုင်လာ၍ ထိုင်တတ်သော 'မြို့မအုန်း' ကို ငေးကြည့် နေမိသည်။ သူကတော့ 'သင်္ခါ' လို ဖြူဖြူသွယ်သွယ် မဟုတ်။ အသားမည်းမည်း, ခပ်ဝဝ, အရပ်ပျပ်ပျပ်, ကော်ကိုင်းတပ် မျက်မှန်ထူထူထဲမှ သူ့မျက်လုံးများသည် ရယ်နေတတ်သည်။
တခါတရံတွင် လူငယ်တွေကြားထဲလာ၍ လက်ဖက်ရည်ဆိုင်လာ၍ ထိုင်တတ်သောသူ များမှာ ဆရာကြီး 'မွန်းဓာတု' နှင့် 'ရွှေစကြာ' တို့ ဖြစ်သည်။
ဆရာကြီး 'မွန်းဓာတု' မှာ ဝတ္ထုရေးဆရာမဟုတ်ပါ။ တခါတရံတွင်သာ မြန်မာစာပေနှင့် ပတ်သက်သည့် ဆောင်းပါးများ၊ လောကဓာတ် ပညာ(သိပ္ပံပညာ)နှင့် ပတ်သက်သည့် ဆောင်းပါးများကို ရေးတတ်သူ ဖြစ်သည်။ အရပ်ပျပ်ပျပ် ကျွန်တော်တို့နှင့်စ, တွေ့စဉ်ကတည်း ကပင်လျှင် 'မွန်းဓာတု'သည် အသက်တော်တော်ကြီးနေလေပြီ။
'ရွှေစကြာ' ကား အမြဲတမ်းလိုလို အပေါ်အင်္ကျီ, မောင့်ကျက်သရေ ခေါင်းပေါင်းနှင့် ဆက်စုံရှူးဖိနပ်ကို ဝတ်ဆင်ထားသည်။ သူသည် လက်ဖက်ရည်ဆိုင်သို့ လာသည့်အခါမှာပင် ခေါင်းပေါင်းနှင့် အပေါ်အင်္ကျီကို ဝတ်ဆင်ထားတတ်သည်။ ကျွန်တော်တို့ ငယ်ငယ်ကလေး ကတည်းက ရာဇဝင် အချစ်ဝတ္ထုများကို ရေးဖွဲ့ခဲ့သော ဆရာကြီးဖြစ်သည်။
လယ်တီပဏ္ဍိတဦးမောင်ကြီးနှင့် ရွှေစကြာသည် ရာဇဝင်အချစ်ဝတ္ထုများကို အများဆုံး ရေးခဲ့သူများဖြစ်သည်။ ကျွန်တော်ဖတ်ဖူးသော သူ့ရာဇဝင် အချစ်ဝတ္ထုများပင်လျှင် ဆယ်ဂဏန်း လောက် ရှိမည်ထင်သည်။ 'နာခံတော်'၊ 'အထောက်တော်'၊ 'ကုန်းဘောင်ပြင်သစ်'၊ 'စောဥမ္မာ'၊ 'ဝန်ကြီးယောက်ဖ' စသည်......။
'ရွှေစကြာ' သည် သူ့ရာဇဝင် အချစ်ဝတ္ထုများကို တောင်ငူခေတ်၊ ပင်းယခေတ် နှင့် ကုန်းဘောင်ခေတ်တို့ကို နောက်ခံထားရေးလေ့ရှိသည်။ အချစ်၊ နိုင်ငံရေး၊ လျှို့ဝှက်ကြံစည်မှု စသည်တို့ကို ယှက်လိမ်ရက်ဖောက်ထားသည့် ဇာတ်လမ်းဖြစ်သဖြင့် ဖတ်၍ကောင်းသည်။
ကျွန်တော်တို့ဝိုင်းသို့ လာတတ်သည့် နောက်စာရေးဆရာတယောက်မှာ 'ရဲသမိန်' ဖြစ်သည်။ စစ်မဖြစ်ခင်တုန်းက သူ့ဝတ္ထုလေးတပုဒ်ကို ကျွန်တော်ဖတ်ပြီး စွဲလမ်းခဲ့ဖူးသည်။ သူက စာများများမရေး။ စစ်မဖြစ်မီတွင် နာမည်ကြီးသည့် စာအုပ်တိုက်ကြီးတတိုက်ကို တည်ထောင်ခဲ့ပြီး အောင်မြင်သောဝတ္ထုများ၊ ကျမ်းစာအုပ်များကို ထုတ်ဝေခဲ့သည်။ သူ့စာအုပ် တိုက်အမည်မှာ 'ဘီကေ' စာအုပ်တိုက်ဖြစ်သည်။ သူ့အမည်အရင်းက 'ဦးဘကြိုင်' ဖြစ်၍ သူ့စာအုပ်တိုက်ကို 'ဘီကေ' စာအုပ်တိုက် ဟု အမည်ပေးခြင်းဖြစ်သည်။
ကျွန်တော် ငယ်ငယ်တုန်းက သူ့စာအုပ်တိုက်မှ ထုတ်ဝေသော စာအုပ်တအုပ်ကို စာတိုက်မှတဆင့် မှာ၍ဖတ်ဖူးခဲ့သည်။ စာအုပ်မှာ 'မဟာဆွေ' ၏ 'အချစ်ပြဿနာ' ဆိုသည့်စာအုပ်ဖြစ်သည်။
ထိုစာအုပ်မှာ နောင်တွင် ညစ်ညမ်းသည်ဟုဆိုကာ အစိုးရကတရားစွဲပြီး ရုံးတင် စစ်သည်။ စာရေးသူနှင့် ထုတ်ဝေသူကို တရားရုံးက ရုံးမင်းတထိုင် ထောင်ဒဏ်အပြစ်ပေး သည်ဟု ကျွန်တော် မှတ်မိနေသည်။ ရုံးမင်းတထိုင်ဆိုသည်မှာ တရားသူကြီး ဤအမှုစစ်ဆေး သည့် ရုံးတက်ချိန်တချိန်ကို ဆိုလိုခြင်းဖြစ်သည်။
စစ်ပြီးသည့်နောက်တွင် 'ရဲသမိန်' သည် စာသိပ်မရေးတော့။ ရေကျော်သမဝါယမတွင် မန်နေဂျာလုပ်နေသည်။ ကျွန်တော်တို့သည် လက်ဖက်ရည် သောက်ချင်လျှင် 'ရဲသမိန်' ဆီသွားပြီး လက်ဖက်ရည် အတိုက်ခိုင်းတတ်သည်။
ရေကျော်တွင် ကျွန်တော်တို့ အမြဲတမ်းလိုလို လက်ဖက်ရည် အတိုက်ခိုင်းသည့် စာရေးဆရာတယောက်မှာ 'ဒေဝ' (ခေါ်)ကိုစောခိုင် ဖြစ်သည်။ 'ကိုစောခိုင်' ကတော့ ဝတ္ထုခေတ်ဦးက ဝတ္ထုရေးဆရာမဟုတ်။ ကျွန်တော်တို့နှင့် ခေတ်ပြိုင် စာရေးဆရာဖြစ်သည်။ 'မစိမ်းပင်' ဆိုသည့် လုံးချင်းဝတ္ထုဖြင့် နာမည်ကြီးလာသူ ဖြစ်သည်။ သို့ရာတွင် သူသည် စာကို အပျော်တမ်းရေးခြင်းဖြစ်ပြီး သူ့အလုပ်မှာ ဆေးတိုက်ဖွင့်ထားသည်။ ကျွန်တော်တို့သည် နေထိုင်မကောင်းလျှင် သူ့ဆေးတိုက်ဝင်ပြီး ဆေးအလကားထိုးကြသည်။
'ကိုဒေဝ' သည် လာသမျှ စာရေးဆရာကို လက်ဖက်ရည်တိုက်ပြီး ဆေးအလကား ထိုးပေးတတ်သည်။ သူ၏ အမှန်ဆုံးဖောက်သည်မှာ ဗန်းမော်တင်အောင်ဖြစ်သည်။
'မဟာဆွေ' နှင့် 'ဇဝန' တို့မှာ ရှစ်ပဲတန်နှင့် ဆယ့်နှစ်ပဲတန်ဝတ္ထုခေတ်တွင် ထင်ရှားသော စာရေးဆရာကြီးများ ဖြစ်ကြသည်။ သူတို့နှစ် ဦးစလုံးမှာ ၅၁ လမ်းထဲတွင် နေသဖြင့် ကျွန်တော်တို့နှင့် နေ့တိုင်းလိုလို တွေ့တတ်သည်။
'မဟာဆွေ' မှာ ညနေ (၄)နာရီထိုးပြီးသည်နှင့် အောက်သို့ဆင်းလာကာ လမ်းထိပ်သို့ ထွက်သွားသည်ကို မြင်ရတတ်သည်။ 'မဟာဆွေ' သည် မနက်ပိုင်းတွင် ကျွန်တော်တို့နှင့်အတူ ကရိလမ်းနှင့် မောင်ဂိုမာရီလမ်း (ဗိုလ်ချုပ်လမ်း) ထောင့်ရှိ မက်သဒစ်ကဖီးတွင် လာထိုင်တတ် ပြီး နေ့လည်ပိုင်းတွင် သိပ်မထွက်တော့ဘဲ အိမ်မှာတနေကုန် စာရေးသည်။
'မဟာဆွေ'သည် သူ့အချိန်နှင့်သူ စာရေးပြီး သူ့အချိန်နှင့်သူနားသည်။ ကိစ္စဝိစ္စ အရေးမကြီးလျှင် 'မဟာဆွေ' သည် သူ စာရေးနေချိန်တွင် ဘယ်ဧည့်သည်ကိုမျှ အတွေ့မခံ။ နေ့တိုင်း ညနေ (၄)နာရီထိုးသည်နှင့် 'မဟာဆွေ' သည် အလုပ်သိမ်းပြီး ကျွန်တော်တို့ စခန်းချသည့် ရန်ကျော်ဂျာနယ်တိုက်ကို ရှေ့ကဖြတ်ပြီး လမ်းထိပ်သို့ ထွက်သွားတတ်သည်။ အရပ်ထောင်ထောင်မောင်းမောင်း, ဝဝဖိုင့်ဖိုင့်, အသားကကြေးနီရောင်, ဆံပင်ကနောက်မြင့် ခပ်တိုတို၊ စွပ်ကျယ် လက်ပြတ်အင်္ကျီနှင့် နှစ်တရာချည် လုံချည် အကွက်တုံးကြီးကို ဝတ်ထား တတ်သည်။
ခဏနေလျှင် 'မဟာဆွေ' သည် လမ်းထဲသို့ပြန်ဝင်လာကာ ကျွန်တော်တို့စခန်းချရာ ရန်ကျော်ဂျာနယ်တိုက်သို့ လာရောက်ပြီး စကားပြောတတ်သည်။ သူ့မျက်နှာသည် ပို၍ ကြေးနီရောင်သန်းလာကာ သူ့အသံသည် ပို၍ကျယ်လာသည်။ စူးဝါးသည့် ချက်အရက်နံ့သည် မျက်နှာပေါ် မှ ဝေ့ဝိုက်ဖြတ်သန်း သွားတတ်သည်။
သူသည် စာရေးဆရာဘဝကို မကြာခဏ ဂုဏ်ယူ၍ ပြောလေ့ရှိသည်။ စာရေးဆရာ ဘဝတွင် တခါတရံ ချာပါတီကို စားခဲ့ရကြောင်း၊ သို့ရာတွင် သူကိုယ်တိုင် ရွေးချယ်ခဲ့သော အလုပ်ဖြစ်၍ စာရေးဆရာဘဝကို သူဂုဏ်ယူကြောင်း၊ စာရေးဆရာတယောက် အနေဖြင့် ဆင်းရဲမွဲတေရခြင်းသည် ဂုဏ်သိက္ခာရှိသော ဆင်းရဲမွဲတေခြင်းဖြစ်ကြောင်း၊ တချို့သော လူချမ်းသာတို့၏ သိက္ခာမဲ့သောဘဝမျိုးနှင့် မလဲနိုင်ကြောင်းဖြင့် မကြာခဏ ပြောတတ်သည်။
'မဟာဆွေ' သည် စကားတွေကို တသွင်သွင်ပြောပြီးနောက် ထပြန် သွားတတ်သည်။ ကျွန်တော်တို့က တားလျှင်
"ငါက အချိန်နဲ့ အလုပ်လုပ်တဲ့ကောင်ကွ၊ သောက်ပြီးရင် စောစောအိပ်ရမယ်။ (၇) နာရီဆိုရင် ငါအိပ်ရာထဲ ရောက်နေပြီ" ဟုပြောပြီး ပြန်သွားတတ်သည်။ လမ်းတွင် တွေ့သမျှလူကို အော်ဟစ်နှုတ်ဆက်သွားသံကို တလျှောက်လုံး ကြားနေရသည်။
'ဇဝန' မှာ ကျွန်တော်တို့ စတည်းချသည့် ရန်ကျော်ဂျာနယ် အပေါ် ထပ်တွင် နေသူဖြစ်၍ အမြဲလိုလို တွေ့နေရသည်။ သူသည် ပျင်းလျှင် အောက်ထပ်သို့လာပြီး ကျွန်တော်တို့နှင့် စကားပြောနေတတ်သည်။ တခါတလေ လက်ဖက်ရည်ဆိုင် လိုက်ထိုင်တတ်သည်။ သူကတော့ 'မဟာဆွေ' လိုမဟုတ် ဝိုင်းကောင်းလျှင် ကောင်းသလို အကြာကြီးနေသည်။
(သူဆုံးမည့်နှစ်က သူ့အိမ်တွင် မွေးနေ့ဖိတ်သဖြင့် ကျွန်တော်ရောက်သွားသည်။ ဝီစကီနှင့် ဧည့်ခံသည်။ နောက်တလ နှစ်လအကြာတွင် နောက်တခါ မွေးနေ့လုပ်ပြန်သည်။ ဝီစကီနှင့်ပင် ဧည့်ခံပြန်သည်။
ကျွန်တော်က "တလောကတွင် ဆရာမွေးနေ့လုပ်ပြီးပြီ၊ ခုတခါလည်း မွေးနေ့ပဲလား" ဟုမေးသည်။ သူက မျက်မှန်ထဲက ပြုံးရယ်ရင်း.... "ဟဲ..... ဟဲ....... အရင်တခါတုန်းက အင်္ဂလိပ်ရက်နဲ့တွက်ပြီး လုပ်တဲ့မွေးနေ့ဗျ၊ ခုမွေးနေ့က မြန်မာရက်နဲ့တွက်ပြီး လုပ်တာ" ဟုပြောသည်။
နောင် နှစ်လလောက်အကြာတွင် သူဆုံးပြီဟု ကြားလိုက်ရသည့်အခါ၌ ကျွန်တော် သည် အံ့အားသင့်နေသည်။)
ထိုစဉ်က 'ဇဝန' မှာ ပိန်ပိန်ကလေး။ ဆံပင်ကလည်း ကျီးကန်းသိုက်လို ဆံပင်အရှည်။ နောက်တွင် လည်ဂုတ်အထိရောက်သည်။ ရှေ့မှာလည်း နဖူးပေါ်ဝဲကျနေသည်။ လမ်းထွက်လျှင် အပေါ်အင်္ကျီ၊ ဗန်ကောက်လုံချည် ပေတင့်ရှူးဖိနပ်တို့ဖြင့် ကျကျနန ဝတ်တတ်သည်။ ညနေမိုးချုပ်လျှင် 'ဇဝန' သည် လန်ချားပေါ်မှ ယိုင်တီးယိုင်တိုင်ဖြင့် ဆင်းလာပြီး ကျွန်တော် တို့နှင့် စကားတွေ ဖောင်လောက်အောင် ပြောနေသည်။
သူသည် ထိုစဉ်က ဇဝနဂျာနယ်။ နောက်တော့ ဇဝနသတင်းစာ။ နောက် အိုးဝေသတင်းစာသို့ ရောက်သွားသည်။ အိုးဝေသတင်းစာသို့ ရောက်သည့်အခါတွင် ကျွန်တော်တို့နှင့် သိပ်မတွေ့ဖြစ်တော့။ 'ကောလိပ်ကျောင်းသား'၊ 'ကောလိပ်ဂျင်'၊ 'ကောလိပ်ကြမ်းပိုး' တို့ကိုဖတ်ပြီး သူ့ကို ဟာသဝတ္ထုရေးဆရာ သက်သက်ဟု သဘောထားခဲ့ သည်။
သို့ရာတွင် စစ်မဖြစ်မီ သူရိယာမဂ္ဂဇင်းထဲတွင်ပါသည့် သူ့အလွမ်း ဝတ္ထုလေးကို ဖတ်ခဲ့ရဖူးသည်။ အလွမ်းဝတ္ထုကျတော့လည်း အရေးကောင်းသည်ပင်။ ဝတ္ထုအမည်က 'လွမ်းငွေ့ဝေဝေ' လား၊ ဘာလားမသိ။
ကျွန်တော်တို့တတွေ စာရေးဆရာအသင်းမှာ အမှုဆောင်ဖြစ်ပြီး မြဝတီပြဇာတ်က, သည့်နှစ်က 'သုခ' နှင့် 'ဇဝန' တို့နှစ်ယောက် မပါ။ သူတို့နှစ်ယောက်မှာ စာရေးဆရာ ပြဇာတ်တွင် အခရာဖြစ်သည်။ ဇာတ်ခုံ၏သဘောကိုလည်း နားလည်ကြသည်။ ပရိသတ်အထာ ကိုလည်း သိကြသည်။ သူတို့နှစ်ယောက်မှာ အများအားဖြင့် ဇာတ်လိုက်၏ သူငယ်ချင်း များဖြစ်ကြသည်။
စာရေးဆရာပြဇာတ်များတွင် ဇာတ်လိုက်မှာ အမြဲတမ်းလိုလို 'ရွှေညာမောင်'ဖြစ်သည်။ 'နတ်သျှင်နောင်' ပြဇာတ်ကလျှင် 'ရွှေညာမောင်' က 'နတ်သျှင်နောင်'။ 'မြဝတီ' ပြဇာတ်ကလျှင် သူပင် 'မြဝတီမင်းကြီး'။ 'ဝန်းဇင်းမင်းရာဇာ' ကဇာတ်ကလျှင် သူပင် 'ဝန်ဇင်းမင်းရာဇာ'။ 'လှိုင် ထိပ်ခေါင်တင်' ပြဇာတ်ကလျှင် သူပင် 'ကနောင်မင်းသား'။ ထိုအခါတွင် 'သုခ' နှင့် 'ဇဝန' တို့က ဇာတ်လိုက်၏ သူငယ်ချင်းတွေ။ သူတို့သုံးယောက်မှာ အပေးအယူညီသည်။ 'ဇဝန' နှင့် 'သုခ' ထွက်လာလျှင် ပရိသတ်များ ပါးစပ်စေ့၍ မနေရတော့ တဝါးဝါး ပွဲကျနေတော့သည်။
ထိုနှစ်ကမူ 'ဇဝန' နှင့် 'သုခ' တို့ ကျွန်တော်တို့လူငယ်ထဲက တယောက် နှစ်ယောက်ကို စိတ်ခုသွားကာ ပွဲလာမကကြ။ ပထမဆုံးရက် နေ့ပွဲနှင့်ညပွဲကို ကကြသည့်အခါတွင် သူတို့နှစ်ယောက်အစား တခြားလူကို လူစားထိုးရသည်။ သို့ရာတွင် သူတို့နှစ်ယောက်ကို မမီနိုင်။ သူတို့ နှစ်ယောက်မှာ အရှိန်အဝါကြီးသည့် စာရေးဆရာကြီးတွေလည်း ဖြစ်နေသည်။ ထို့ပြင် ဇာတ်သဘောကိုလည်း ကောင်းကောင်းနားလည် ကျွမ်းကျင်သူများဖြစ်သည်။ သူတို့ မပါသော ကျွန်တော်တို့ပြဇာတ်သည် ခြောက်ကပ်ကပ် ဖြစ်နေသည်။ ပရိသတ်မပြောနှင့် ကျွန်တော်တို့ကိုယ်တိုင်ပင် မကြိုက်ဘဲ ဖြစ်နေသည်။
ကျွန်တော်နှင့် 'ဒေါ်မမလေး' လိုက်သွားပြီး သူတို့နှစ်ယောက်ကို ဝင်ကပေးဖို့ တောင်းပန်ရသည်။ 'ဇဝန' အိမ်သို့ ရောက်သည့်အခါတွင် သူက "ကျွန်တော်ကလည်း ဖိုးက,ချင် ဖြစ်နေတာ အတော်ပဲ" ဟုရယ်မော ပြောပြီး ထ,လိုက်လာသည်။
၅၁ လမ်းထဲမှာပင် 'မဟာဆွေ' နှင့် မနီးမဝေးတွင် 'မေမြို့မောင်' ရှိသည်။ 'မေမြို့မောင်' မှာ အချစ်ဝတ္ထုတွေကို ရေးတတ်သည်။ သို့ရာတွင် 'ရွှေအ' ဆိုသည့် သူ့ဟာသ ကလောင်က ပို၍စူးရှသည်။ စစ်မဖြစ်မီတုန်း က 'ရန်ကုန်ဆိုတာ' ဆိုသည့် ဟာသဝတ္ထုတပုဒ်ရေးသည်။ ဂျပန်ခေတ်မှာ လားမသိ။ 'ခေတ်သစ်ရန်ကုန်ဆိုတာ' ဆိုသည့် စာအုပ်တအုပ် ထွက် သေးသည်။ ကွမ်းယာဆိုင်ရှေ့က ဆေးလိပ်မီးညှိရန်ထားသည့် ကြိုးစကို မီးလောင်နေသည် ဆိုပြီး မီးသွားညှိမ်းသည့် ရန်ကုန်ရောက်တောသား ခပ်အအဖြစ်ပုံများမှာ သူ့ကလောင်ဖျား မှထွက်လာသည့် ပျက်လုံးများ ဖြစ်သည်။
နောက်ပိုင်းတွင်လည်း သူသည် 'ရွှေစာပြောင်' ဆိုသည့် ဟာသ စာစောင်လေး တခုကို ထုတ်ဝေခဲ့သေးသည်။ သူသည် ကျွန်တော်တို့ လက်ဖက်ရည်ဝိုင်းကို တခါတလေ လာတတ်သည်။
'သာဓု' မှာ ၄၈လမ်းမှနေ၍ သစ္စာမဂ္ဂဇင်း ထုတ်နေသည်။ စပယ်ယာ တွေလွယ်သည့် လွယ်အိတ်သေးသေးလေးကိုလွယ်ပြီး ကျွန်တော်တို့ လက်ဖက်ရည်ဝိုင်းသို့ ရောက်လာတတ် သည်။ သူလာလျှင် ကျွန်တော်တို့ကို လက်သီးနှင့် ထုတော့မလို ရွယ်ပြီးမှ ဆလံပေးတတ် သည်။
၅၁ လမ်းတွင်နေသော စာရေးဆရာတယောက် ကျန်သေးသည်။ 'လင်းယုန်နီ' ဖြစ်သည်။ 'လင်းယုန်နီ' သည် ကျွန်တော်တို့နှင့် ခေတ်ပြိုင် ဖြစ်ပြီး သူက နည်းနည်းစောသည်။ သူ၏ 'ချစ်မမ'၊ 'မမမြင့်'၊ 'ချစ်သောမမ'၊ 'ချစ်မမမြင့်' စသည်တို့မှာ ထိုစဉ်က လူငယ်တွေ အသည်းစွဲခဲ့ကြ သည့် အချစ်ဝတ္ထုများဖြစ်သည်။
သူ့ဇာတ်လိုက် 'မောင်စောလွင်' က ခပ်ပေပေ ခပ်တေတေ ကောင်း လေး။ 'မမမြင့်' နှင့် ခွဲ၍ပြန်ခါနီးတိုင်း ဓာတ်တိုင်ကို ခဲဖြင့်ပေါက်၍ ထွက်သွားတတ်သည်။ ဖိလစ်မောရစ် စီးကရက်ကို သောက်သည်။ 'မမမြင့်' က သူ့ကိုစွန့်ခွါသွားသည့်အခါ၌-
"မမမြင့်ရယ်....မမမြင့်အတွက် မောင်စောလွင်တယောက် ငရဲကို သွားတယ်ဆိုရင် ဘယ်အထပ်ကို သွားမှာလဲဆိုတာကိုလောက်တော့ မေးလိုက်ဖို့ ကောင်းပါတယ်" ဆိုသည့် စကားများဖြင့် သူ့ဝတ္ထုကို အဆုံးသတ် ထားသည်။
'လင်းယုန်နီ' သည်လည်း မက်သဒစ်ကဖေးက ကျွန်တော်တို့ စားပွဲသို့ လာ၍ထိုင်လေ့ ရှိသည်။

[၃]

၄၅ လမ်းမှာ ထိုစဉ်က တိုက်တာတွေ သိပ်မရှိ။ တဲတွေ၊ တိုက်ဟောင်းတွေ၊ တိုက်ပြိုတိုက်ပျက်တွေသာရှိသည်။ သွေးသောက်မဂ္ဂဇင်းတိုက်မှာ ၄၅ လမ်းထိပ်က လမ်းကြားလေးထဲက တဲကလေးတလုံးတွင်ဖြစ်သည်။
'ပြည့်စုံ' (ကိုကျော်ရိုး) သည် တကယ့် ပိန်လှပ်လှပ်ကလေး။ သူ၏ ဖြူဖွေးသော အသားပေါ်တွင် ဖြူဖွေးသည့် စွပ်ကျယ်အင်္ကျီလေးကို ဝတ်ထားပြီး ပလေကပ်လုံချည်လေးကို ဝတ်ထားတတ်သည်။ ရွှေကိုင်းတပ်ထားသော မျက်မှန်ထဲမှာ အမြဲလိုလိုပြုံးနေတတ်သည်။ သူက ကောင်းကောင်းကျန်းမာသည်ရယ်လို့မရှိ။ တခါတခါတွင် ဖျားနေတတ်သည်။ တခါ တခါတွင် မူးခနဲမိုက်ခနဲဖြစ်သွား၍ မကြာခဏ ဆေးရုံတက်ရသည်။
ကျွန်တော်တို့က သူ့မဂ္ဂဇင်းတိုက်ကို ကော်ပီသွားပေးရင်း နောက်တော့ခင်သွားကြ သည်။ သူ့မဂ္ဂဇင်းတိုက်မှာ လူများလျှင် ထိုင်စရာမရှိတော့။ ဧည့်သည်များ၍ ထိုင်စရာမရှိလျှင် ကျွန်တော်တို့သည် ဗိုလ်ချုပ်လမ်းပေါ်ရှိ နှစ်ထပ်သစ်သားတန်းလျားကြီး အောက်ထပ်ရှိ ကာကာလက်ဖက်ရည်ဆိုင်တွင် သွားထိုင်တတ်သည်။ အပေါ်ထပ်အခန်းတခန်းတွင် 'မင်းဆွေ' နေသည်။ 'မင်းဆွေ' ကိုကား ကျွန်တော်ကောင်းကောင်း အသိအကျွမ်း မဖြစ်လိုက်ရပါ။ တခါနှစ်ခါလောက်သာ ခပ်လှမ်းလှမ်းက တွေ့လိုက်ရသည်။
ကျွန်တော်တို့ ငယ်ငယ်က သူ့ဝတ္ထုတွေကို သဘောကျခဲ့သည်။ 'ဖြေလည်းမပြေ'၊ 'မယ့်တကိုယ်'၊ 'စနေမ'၊ 'မ,နိုင်ငံ'၊ 'လင်'၊ 'သွေး'၊ 'ဓား'၊ 'စစ်ပြေးမ'၊ စသည်.....။
သွေးသောက်တိုက်သို့ လာလေ့ရှိသူတယောက်မှာ 'ဗန်းမော်တင်အောင်' ဖြစ်သည်။ သည်တုန်းက 'ဗန်းမော်တင်အောင်' သည် ရန်ကုန်သို့ မရောက်သေး။ ပြည်တွင် သစ်ကုန်သည် လုပ်နေသည်။ သူကတကယ့် ဇာတ်လိုက်။ အရပ်ထောင်ထောင်မောင်းမောင်း, ရုပ်ဖြောင့် ဖြောင့်, စပို့ ရှပ်လက်တို, နက်ပြာရောင်သက္ကလပ်ဘောင်းဘီတို, စတော့ကင်းခြေအိပ်ရှည်, ဖော့ဦးထုပ်, ရိုးအင်ကိုရှူးဖိနပ်တို့ကို ဝတ်ဆင်ထားကာ ဒန်ဟီးလ် ဆေးတံကိုခဲလျက်။
သူက 'ဘုန်းမောင်တယောက်ထည်းရယ်' နှင့် 'လွမ်းရစ်တော့သက်လှယ်ရယ်' တို့ကို ရေးပြီးပြီ။ သူရောက်လာလျှင် လမ်းထိပ်က ကာကာဆိုင်သို့ခေါ်သွားကာ ကျွန်တော်တို့ကို လက်ဖက်ရည်တိုက်တတ်သည်။ အင်္ဂလိပ် ဒဿနဆရာ စီအီးအမ်ဂျပ်နှင့် ဘးနတ်ရှောတို့၏ စာများအကြောင်းကို ပြောတတ်သည်။ သူသည် ဗြိတိသျှစစ်တပ်တွင် အမှုထမ်းခဲ့ သူဖြစ်ပြီး အင်္ဂလိပ်စကားကို လှပသွက်လက်စွာ ပြောတတ်သူဖြစ်သည်။
အများအားဖြင့် ကျွန်တော်တို့ ထိုင်လေ့ရှိသည်မှာ ဗိုလ်ချုပ်လမ်းနှင့် ကရိလမ်းထောင့်ရှိ မက်သဒစ်ဘ၏ မက်သဒစ်ကဖီးဖြစ်သည်။ မက်သဒစ်ကဖီးက 'အဘဦးခင်'မှာ ကျွန်တော်တို့ကို အလိုလိုက်သည်။ အကြွေးလည်းရသည်။ အလကားတိုက်သည့်အခါလည်း တိုက်သည်။ လက်ဖက်ရည်ဆိုင်ဘေးတွင် ထမင်းကြော်ဆိုင်ရှိသည်။ ငါးသေတ္တာကြော်နှင့် ပဲပြုတ် ထမင်းကြော်တပွဲမှ တမူးလား၊ သုံးပဲလားမသိ။ ငါးမူး (ပြားငါးဆယ်) လောက်ရှိလျှင် ထမင်း ကြော်၊ လက်ဖက်ရည်၊ စီးကရက် ဝမ်းဆက်အပြည့်ရသည်။
တခါတရံ နှင်းပန်းလမ်းတွင်နေသည့် 'ဒဂုန်ဦးလှဘေ' ရောက်လာတတ်သည်။ ဒဂုန်ဦးလှဘေမှာ ကျွန်တော်တို့ထက် အသက်အများကြီး ကြီးသည်။ သို့ရာတွင် သူလည်း သည်လက်ဖက်ရည်ဆိုင် မထိုင်ဘဲ မနေနိုင်ပါ။ မက်သဒစ်ကဖီးတွင် စာရေးဆရာတွေအပြင် ပန်းချီဆရာတွေလည်း လာကြသည်။ ဇီဇဝါလမ်းတွင်နေသည့် 'ကိုစန်းလွင်' မှာကျွန်တော်တို့ မရောက်မီကတည်းက မက်သဒစ်ကဖီးမှာ ထိုင်လေ့ရှိသည်။ သူရှိလျှင် 'ဗဂျီအောင်စိုး'၊ 'ပန်းချီလှစိုး' တို့လည်း နေ့တိုင်းလိုလို ရောက်လာတတ်သည်။
ကရိလမ်းသည် နွေဆိုလျှင် တော်တော်လှသည်။ ပိတောက်ရွက်တွေ ကြွေပြီး ပိတောက်ပင်များတွင် ရွက်နုသစ်လေးတွေ ဝေလာစပြုပြီ။
ကျွန်တော်သည် ၄၅ လမ်းထဲက မဟေသီမဂ္ဂဇင်းတိုက်မှ ဆင်းလာရင်း လွန်ခဲ့သည့် ၄၅ နှစ်လောက်က ရှုခင်းကို မြင်ယောင်နေသည်။
နှစ်ပဲတန်၊ လေးပဲတန် ဝတ္ထုခေတ်ကို ရှေ့ဆောင်ခဲ့သူများ။ ရှစ်ပဲတန် ဆယ့်နှစ်ပဲတန် ဝတ္ထုခေတ်ကို ရှေ့ဆောင်ခဲ့သူများ။ နှစ်ကျပ်တန်မဂ္ဂဇင်း ခေတ်ကို ရှေ့ဆောင်ခဲ့သူများသည် သည်နေရာတဝိုက်မှာ လာ၍စုစည်း မိနေကြသည်။
ကျွန်တော်သည် ၄၅ လမ်းထိပ်မှထွက်ပြီး တခါက မင်းဆွေနေခဲ့သည့် နေရာကို ကြည့်သည်။ ထိုနှစ်ထပ်တန်းလျားကြီး မရှိတော့ပါ။ မြို့မအုန်းနေခဲ့သည့်နေရာကို ကြည့်သည်။ ဒေဝ ဆိုင်ဖွင့်ခဲ့သည့်နေရာကို ကြည့်သည်။ ကျွန်တော်တို့ ထိုင်ခဲ့သည့် မက်သဒစ်ကဖီး နေရာလေးကို ကြည့်သည်။
ဘာတခုကိုမျှ မတွေ့ရတော့။ ၄၅ နှစ်အတွင်းတွင် တံတားအောက်မှာ ရေတွေ ဘယ်လောက်များ စီးဆင်းသွားကြလေပြီ မသိ။
သို့ရာတွင်.......
ရေအလျဉ်သည် အစဉ်မပြတ် စီးဆင်းနေမည်သာ...............။

မြသန်းတင့်
မဟေသီမဂ္ဂဇင်း၊ အမှတ် ၁ဝဝ။
၁၉၉၃ ခု၊ ဖေဖော်ဝါရီလ။



Tuesday, October 14, 2008

မိုးလိုက်လို့ရွာ{ဒုတိယပိုင်း}
ရေးသူ- ဗန်းမော်တင်အောင်

(၄)

ကြပ်ပြား၏ ပြောဆိုချက်အရ ကံဘောက်ရွာတွင် စစ်ပြီးခေတ် ပြင်သစ်ပြည်နှင့် မခြား အစိုးရအဖွဲ့များ မကြာခဏ ပြောင်းလဲခဲ့ဟန်ရှိသည်။ အစိုးရအဖွဲ့ဟောင်း ပြုတ်ကျ၍ဖြစ်စေ၊ ထွက်ပြေး၍ဖြစ်စေ၊ အစိုးရအဖွဲ့သစ်တခု တက်လာသောအခါတိုင်း ကျေးတော်မျိုး ကျွန်တော် မျိုး ဆင်းရဲသားလယ်သမားများက အခွန်တော် ထပ်၍ထပ်၍ ဆက်သွင်းခြင်းပြုရသည်။ သို့နှင့်လည်း အေးအေးဆေးဆေး လုပ်ကိုင်စားသောက်ခွင့်ကို မရပြန်သေးဘဲ ကံဘောက်ရွာ ကလေးကို အစိုးရတဖွဲ့နှင့်တဖွဲ့ တိုက်ခိုက်ကြသောအခါတိုင်း စစ်မြေပြင်ပြုလုပ် ကြပြန်သော ကြောင့် ကြပ်ပြားသည် ရပ်ပြစ်ရှစ်ပါးထက် ဆိုးဝါးသော ထိုရွာကို ကျောခိုင်း၍ အင်းတအင်း၌ တံငါဝင်ရောက်လုပ်ကိုင်ခြင်း ပြုခဲ့ရလေသည်။ ယင်းသို့ အင်းသူကြီးတဦးထံတွင် တံငါလုပ်ကိုင် ရင်း ရန်ကုန်မှ ပုလဲဆွာမိ၏ ငါးပွဲစား တမီလ်ကုလားများနှင့် အဆက်အသွယ် ရရှိကာ ကြပ်ပြားသည် ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်လေသည်။



ကြပ်ပြားသည် ၁၉၅ဝ-ခုနှစ်လောက်ခန့်က ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်လေ သည်။ ယခုကဲ့သို့ ဖမ်းဆီးထောင်ချခြင်းမခံရမီ မော်တင်လမ်း ငါးပွဲစား တဦးထံ၌ (၉) နှစ်ခန့်မျှ ငါးကူလီ လုပ်ကိုင် စားသောက်၍ နေထိုင်ခဲ့သော ၎င်း၏ ရန်ကုန်သက်တမ်းအတွင်း၌ ဘာမျှ ထူးခြားလှသော အဖြစ်အပျက်များမရှိဟူ၍ ကြပ်ပြားက ပြောဆိုခြင်းပြုသည်။ သို့ရာတွင် ရန်ကုန်ရောက်မှ အတတ်ပညာ နှစ်ခုတိုးလာသည့် အကြောင်းကိုကား ရိုးသားစွာ ဖွင့်ဟ ဝန်ခံသည်။ ထိုအတတ် ပညာနှစ်ခုမှာ အခြားတော့ကား မဟုတ်ချေ။ ရုပ်ရှင်ကြည့်တတ်ခြင်းနှင့် ကဇော် စုတ်တတ်ခြင်းတို့ပင်ဖြစ်သည်။ နေ့ရှိသရွေ့ ညှီစော်နံလှသော ငါးပုစွန်များကို ကိုင်တွယ်ထမ်းပိုးနေရသဖြင့် မိမိ၏အလုပ်၌ ငြီးငွေ့ထိုင်းမှိုင်းလာသော အခါများတွင် စိတ်၏ ပြောင်းလဲသက်သာမှုကို ရရှိရန်အတွက် ကုလားရုပ်ရှင်များကို ကြည့်တတ်လာသည်ဟု ပြောဆိုသည်။ ကုလားရုပ်ရှင်များအနက် ရယ်စရာမောစရာ ကားများကိုသာ အနှစ်ခြိုက်ဆုံး ဖြစ်သည့်အကြောင်းနှင့် ၎င်းသဘောအကျဆုံးရုပ်ရှင်မင်းသား မင်းသမီးများမှာ ရပ်ခ်ျကပူး၊ ဂျွန်နီဝေါ့ကား၊ နားဂစ် နှင့် နင်မီ တို့ဖြစ်ကြောင်းကိုလည်း ပြောပြလေသည်။ ကဇော်စုတ်တတ် လာခြင်းမှာ အလုပ်၏ ပင်ပန်းလှသော ဒဏ်ရာဒဏ်ချက်များကို ခံနိုင်ရည်ရှိရန်နည်း လမ်းများ ကို ရှာဖွေရာမှ ဘဝတူငါးကူလီများထဲတွင် ဂန်ဂျာ၊ ဘိန်းနှင့် ကဇော် သုံးစွဲကြသူများ ရှိသည့် အနက် ကဇော်စုတ်သူများ၏ နောက်သို့လိုက်ခဲ့မိရာမှ ကဇော်စုတ်တတ်လာခြင်း ဖြစ်သည့် အကြောင်းကို ဝန်ခံပြောဆိုသည်။ သို့ရာတွင် ကဇော်ကို အလုပ်အင်မတန် ပင်ပန်းလှသည့် အခါများ၌သာ ခိုမှီဆည်းကပ်သည့် အကြောင်းကိုလည်း ဘုရားသခင်ကို အားမနာတမ်း ကျိန်တွယ်တိုင်တည်၍ ပြောဆိုလေသည်။
၎င်း၏ အိမ်ထောင်ရေးအခန်းနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းကြည့်သောအခါ ကြပ်ပြား သည် ဖမ်းဆီးထောင်သွင်းခြင်းမခံရမီ နှစ်ခါလည်သာသာခန့်က အိမ်ထောင်ကျခဲ့သည့် အကြောင်းကိုပြောဆိုလေသည်။ ကြပ်ပြား၏ အိမ်ထောင်ရေး၌ စိတ်ကူးယဉ်သော ကဏ္ဍ မပါရှိချေ။ အလျဉ်းသင့်သလို ဆောင်ရွက်လိုက်ရသောကိစ္စကဲ့သို့ ဖြစ်နေလေသည်။ ရန်ကုန်မြို့ (၂၇) လမ်းကြားရှိ ကော်ရင်ဂျီနှင့် ကလယ်ကုလားများ စုပေါင်းနေထိုင်လျက်ရှိကြသော ကုလားရွာ၊ သို့မဟုတ် ကုလားကွက်သစ်ထဲတွင် ထမင်းလခ ပေးစားနေထိုင်ရင်း သူ ထမင်းလခပေး စားနေထိုင်သော အိမ်ရှင်ကလယ်ကုလားဖျား၍ သေဆုံးသွားပြီးနောက် ခြောက်လခန့်အကြာတွင် ၎င်း၏ မုဆိုးမ ကလေးသုံးယောက်မိခင်က ကဇော်မူး မူးနှင့် ထမင်းလာစားသော ကြပ်ပြားအား လိမ္မာပါးနပ်စွာ ဖမ်းဆီးလိုက်သဖြင့် ကြပ်ပြားသည် ထိုကလယ်ကုလားမကြီး၏ ရင်ခွင်တွင်းသို့ ကျရောက်ခဲ့ခြင်း ဖြစ်ဟန်တူသည်။ ကြပ်ပြားသည် ထိုမိန်းမနှင့် သားကလေးတယောက် ရရှိခဲ့လေသည်။
ဘာမျှ စိတ်ကူးယဉ်စရာနှင့် စိတ်ဝင်စားစရာ မရှိလှသော ၎င်း၏ အိမ်ထောင်ရေး အကြောင်းကို မပြောချင်ပြောချင်နှင့် ပြောဆိုလျက်ရှိသဖြင့် "ဒါတွေတော့ ထားပါတော့ကွာ၊ မင်းကို ဘာပြုလို့ ဖမ်းပြီး ထောင်ချလိုက်တဲ့အကြောင်းကို ပြောပြစမ်းပါဦး" ဟု ၎င်း၏ ကံဆိုးခဲ့ခြင်း အကြောင်းကို မေးမြန်းလိုက်သောအခါ ကြပ်ပြားသည် ခပ်စောစောကကဲ့သို့ မဟုတ်တော့ဘဲ မျက်လုံးများမှာပင် အရောင်ထွက်ကာ လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ သူသည် ထိုအဖြစ်အပျက်ကို များစွာပြောချင်ဆိုချင်ဟန်လည်းရှိသည်။ တကယ်ဆိုတော့ သူ၏ နာကျင် ကိုက်ခဲခြင်းများကို တိုင်ကြားပြောဆိုခြင်းမျှသာ ဖြစ်လေသည်။ သို့ရာတွင် မေးမြန်းနားထောင် သည့်သူနှင့် တွေ့ခဲ့ဟန်မတူ။
"ကျနော့်ဘဝတလျှောက်လုံးမှာ ခဏခဏ ကံဆိုးခဲ့ဖူးပါတယ်အကို၊ ဒါပေမယ့် ဒီတခါလောက် တခါမှ ကံမဆိုးခဲ့ဖူး ပါဘူးဗျာ" ဟူ၍ အစချီကာ ကြပ်ပြား သည် ၎င်းနာနာ ကြည်းကြည်း ခံလာခဲ့ရဟန်ရှိသော ဒဏ်ရာဒဏ်ချက်များကို တခုမကျန် လှန်ကာပြ လေတော့သည်။ ၎င်း၏ နာကျင်ရခြင်းကို အလွန်တရာ ထုတ်ဖော်ပြောဆိုချင်နေခဲ့ဟန်ရှိသော တမီလ်ကုလားမဲကလေးသည် ထိုအခွင့်အရေးကို ရရှိသည်နှင့် တပြိုင်နက် လည်ပင်းကြောများ ထောင်ထလာအောင် မရပ်မနား ပြောဆိုခြင်းပြုသွားသည်။
ဗိုလ်ချုပ်နေဝင်းအစိုးရ တက်လာပြီးနောက် ရန်ကုန်မြို့တော်ကြီးတွင် စည်းမဲ့ကမ်းမဲ့ ဆောက်လုပ်နေထိုင်လျက်ရှိကြသော တဲအိမ်များနှင့် ကွက်သစ်များကို ရွှေ့ပြောင်းဖျက်သိမ်း ရေးနှင့် ဘဝဂ်သို့တက်နေသော ကုန်ဈေးနှုန်းများ ချပေးရေးတို့အတွက် ပြင်းပြင်းထန်ထန် တွန်းထိုး လုပ်ကိုင်ခြင်းပြုလိုက်သောအခါ ကြပ်ပြားသည် နေ့ချင်းညချင်းဆိုသလို အိုးမဲ့အိမ်မဲ့ နှင့် အခြေမဲ့အနေမဲ့ လူတယောက်၏ ဘဝသို့ ရောက်ရှိသွားလေသည်။ (၂၇) လမ်းရှိ ကုလား ကွက်သစ်တွင် တဲတဆောင်မီးတပြောင်နှင့် နေထိုင်လျက်ရှိရာမှ ထိုကွက်သစ်ကို ဒရကြမ်းဖျက် သိမ်းလိုက်သည်နှင့် တပြိုင်နက် ကြပ်ပြားတို့ မိသားဘသားတစုသည် အိုးမဲ့ အိမ်မဲ့ဖြစ်သွား ကြလေသည်။ ရန်ကုန်မြို့တော်ဝန်သစ် ဗိုလ်မှူးကြီးထွန်းစိန်က အသစ်တည်ထောင်နေသော ဥက္ကလာပအရပ်တွင် မြေတကွက်ပေးသော်လည်း ဥက္ကလာပအရပ်တွင် အိမ်တလုံးဆောက် နိုင်ဖို့ နေသာသာ ပြောင်းရွှေ့စရာ စရိတ်ပင် အငှားကူလီ ကြပ်ပြားတို့လင်မယားသည် မတတ်နိုင်ရှာကြချေ။ ယင်းကဲ့သို့ သားအမိ သားအဖခြောက်ယောက်တို့သည် (၂၇) လမ်းနောက်ဖေး လမ်းကြားထဲတွင် ခွေးနေရာမရသကဲ့သို့ နေစရာထိုင်စရာမရှိဖြစ်နေခိုက် မြင့် တက်နေသော သားဈေးငါးဈေးများကို နှိပ်ကွပ်ဈေးချနိုင်ရန်အတွက်၎င်း၊ အလုပ်လုပ် နေရသော ငါးဒိုင်၊ ငါးပွဲစားများနှင့် ငါးသည်များကို တရကြမ်း ဖမ်းဆီးလိုက်သောအခါ ကြပ်ပြားသည် အိုးမဲ့အိမ်မဲ့ဘဝနှင့် ရပ်မနေနိုင်သေးဘဲ အလုပ်လက်မဲ့ဘဝသို့ပါ ရောက်ရှိရပြန် လေသည်။
လူမမယ်ကလေး လေးယောက်နှင့် ကြပ်ပြားတို့လင်မယားသည် ဘာလုပ်၍ ဘာကိုင်ရ မှန်းမသိအောင် ချာချာလည်နေစဉ် ၎င်း၏ ညာဘက်ခြေမတွင် ငါးရိုးစူးသော အနာက တဖြည်းဖြည်းရင်းကာ ခူနာကဲ့သို့ဖြစ်လာသဖြင့် ကြပ်ပြားသည် မိမိကိုယ်ကို သတ်သေလိုက်ချင် အောင် ဖြစ်ခဲ့ရလေသည်။ ဤကဲ့သို့ ခြေမတွင် ငါးရိုးစူးသော အနာကြီးက တဖက်နှင့် အဘယ်သို့မျှ မကြံတတ် မစည်တတ်ဖြစ်ကာ (၂၇) လမ်းကြားထဲတွင် ဒုက္ခပင်လယ်ဝေနေခိုက် လှည်းကူးဘက်ရှိ သစ်စက်တစက်တွင် ဒိုင်းဆရာဖြစ်နေသော ၎င်းမယား၏ ယခင် ခဲအိုက ရန်ကုန်သို့လာရင်း လမ်းကြုံသဖြင့် ခွေးနေစရာ မရှိသလိုဖြစ်နေသော ကြပ်ပြားတို့ လင်မယားနှင့် ကလေးများကို ၎င်းတို့သစ်စက်မှ ပျဉ်လာပို့သော မော်တော်ကားကြီးနှင့် ခေါ်ဆောင်ပေးသွားသဖြင့် လောလောဆယ်အားဖြင့် ကြပ်ပြားသည် သက်သာရာရသလို ဖြစ်သွားလေသည်။ လှည်းကူးသို့ ကြပ်ပြား ရောက်ရှိပြီးနောက် တနင်္ဂနွေ နှစ်ပတ်ခန့်မကြာမီ ၎င်းတို့လင်မယားနှင့် သားသမီးတတွေအား ၎င်းမယား၏ ယခင်ခဲအိုက အဘယ်ကဲ့သို့သော စေတနာနှင့် ရည်ရွယ်ချက်များဖြင့် လှည်းကူးသို့ ကယ်တင်ခေါ်ဆောင်လာသည့် အကြောင်းကို ကြပ်ပြားသည် ရိပ်မိစပြုလာသည်။ ၎င်းမယား၏ ခဲအိုမှာ များမကြာမီက မယားသေဆုံးသွား သဖြင့် လူမမယ် ကလေးနှစ်ယောက်နှင့် ကသီလင်တဖြစ်နေရာမှ ကြပ်ပြား လက်ဝယ်သို့ ရောက်ရှိနေသော ၎င်း၏ခယ်မနှင့် တူမကလေးများကို ပြန်လည်သိမ်းပိုက်ယူငင်ရန် ရည်ရွယ်ချက်ဖြင့် ခေါ်ဆောင်လာခြင်းမျှ သာဖြစ်လေသည်။ လှည်းကူးတွင် တလခန့်ကြာသော အခါ ၎င်း၏ခဲအိုဟောင်းဘက်သို့ ခပ်ယိုင်ယိုင်ဖြစ်နေသော မယားလုပ်သူက ကြပ်ပြားအား ရန်ကုန်သို့ ပြန်၍ အလုပ်အကိုင်ရှာဖွေခြင်း ပြုရန်အတွက် စတင်ပြောဆိုလေသည်။ သို့ရာတွင် ၎င်း၏ခြေမ၏ အနာကြီးက ကောင်းစွာပျောက်ကင်းသေးသည်မဟုတ်၍ ကြပ်ပြားက မသွားနိုင် သေးကြောင်းကို ပြန်ပြောသောအခါ မယားလုပ်သူက ဆူဆူပူပူ လုပ်လေသည်။ အိမ်တွင် မနေနိုင်အောင် အမျိုးမျိုးရန်ရှာသည်။ စိတ် မညစ်ညစ်အောင် မိန်းမတို့မာယာဖြင့် အမျိုးမျိုး ပြုလုပ်သည်။ ထိုသို့မယားကသာလျှင်မဟုတ်၊ ၎င်း၏လက်ထဲမှ ၎င်း၏ မယားကို လုယက် ယူငင်လိုသော ခဲအိုလုပ်သူကလည်း ကြပ်ပြားအား အမျိုးမျိုးရန်စခြင်း ပြုလာသည်။ ထို့ကြောင့် ကြပ်ပြားသည် တနေ့တခြား စိတ်ညစ်ညူးလာရသည်။ အနေအထိုင်ရ ကျဉ်းမြောင်း ကျပ်တည်းလာသည်။ သို့ရာတွင် ၎င်း၏ ခြေမက အနာကြီးသည် ကောင်းစွာပျောက်ကင်းခြင်း မရှိသေးသဖြင့် အောင့်အည်းတွယ်ကပ်၍ နေခဲ့ရသည်။ သို့ရာတွင် တညသ၌ ၎င်း၏မယားက ၎င်း၏လင်ငယ်က ပေးလိုက်ဟန် ရှိသော ငွေတဆယ်တန်တရွက်ကိုကြပ်ပြားအား လှမ်း၍ ပေးရင်း လှည်းကူးမှ အမြန်ဆုံးထွက်ခွာသွားဖို့ အလန့်တကြားပြောဆိုခြင်း ပြုလေသည်။ ထိုသို့ ထွက်သွားခြင်း မပြုပါက ၎င်း၏ခဲအိုက တနည်းနည်းဖြင့် ရန်ရှာသတ်ဖြတ်လိမ့်မည် အကြောင်း ကိုလည်း ပုံကြီးချဲ့ပြောဆိုလေသည်။ ထို့ကြောင့် ခက်ခဲလှသော အသက်တချောင်းကို မိန်းမ တယောက်အတွက်နှင့် အကျိုးမဲ့ အပျက်စီး မခံနိုင်သောကြပ်ပြားသည် ၎င်း၏ သားကလေး တယောက်ကို အဆုံးခံကာ ငွေတဆယ်နှင့် ဖြစ်လိုရာဖြစ်စေတော့ဟု သဘောထားကာ ရန်ကုန်သို့ပြန်လာခဲ့လေသည်။
လှည်းကူးသို့ တလသာသာခန့်မျှ သွားရောက်နေထိုင်လျက်ရှိသည့်အခိုက် ရန်ကုန် မြို့တော်၏ အခြေအနေသည် အဘယ်မျှပြောင်းလွဲတိုးတက်၍ နေသည်ကို ကြပ်ပြား မသိချေ။ ပြည်သူ့လမ်းမကြီးများပေါ်တွင် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်လောက်အောင် ပြုသူများ၊ လမ်းမ ကြီးဘေးတွင် တာဝန်မဲ့ အပေါ့စွန့်သူများ၊ လမ်းမကြီးပေါ်တွင် အရက်မူးကာ သိုင်းကွက် နင်းသူများ၊ အလုပ်မရှိ အကိုင်မရှိ ဖြစ်နေသူများနှင့် ကျော်စောသတင်းဖြစ်နေသော သူခိုး၊ ဓားပြ၊ ခါးပိုက်နှိုက်၊ အလစ်သုတ်နှင့် မိန်းမထိန်းများကို ဒရကြမ်းဖမ်းဆီးရှင်းလင်းခြင်း ပြုနေသော ရန်ကုန်မြို့တော်သစ်သို့ ၎င်း၏အသက်တချောင်းကို ရှာကြံမွေးမြူရန် ကြပ်ပြား သည် ငွေလေးတဆယ်ကိုကိုင်၍ ခြေမတွင် ပျောက်ကင်းခြင်းမရှိသေးသော အနာကြီး နှင့် ရောက်ရှိ၍လာလေသည်။
လှည်းကူးမှ ဘတ်စ်ကားနှင့် လိုက်လာခဲ့ပြီးနောက်၊ ရန်ကုန်သို့ရောက်လျှင် ကြပ်ပြား သည် သူ့အား ကျောတနေရာစာနှင့် ထမင်းတဆုပ် ပေးကမ်းကျွေးမွေးနိုင်မည့် အသိ မိတ်ဆွေဟောင်းများကို လိုက်လံစုံစမ်း ရှာဖွေရလေသည်။ သို့ရာတွင် တယောက် တလေမျှ မတွေ့ရတော့ချေ။ တနေကုန်အောင် လိုက်လံရှာဖွေ၍ တယောက်တလေမျှ အစအန မတွေ့ရှိရသောအခါ ကြပ်ပြားသည် အားငယ်သလိုဖြစ်လာသည်။ ရန်ကုန်သို့ပြန်ရောက်သော ပထမနေ့၌ ကြပ်ပြားသည် အိပ်စရာ ကျောတနေရာစာမျှ ရှာဖွေ၍ မတွေ့ရှိရသဖြင့် နောက်ဖေးလမ်းကြားတခုတွင် ငုတ်တုတ်မိုးလင်းသွားခဲ့ရသည်။
ဒုတိယနေ့တွင် သူ၏ ခြေမအနာသည် ပြန်၍ထလာသည်။ နေအတော် မြင့်လာ သောအခါ မခံမရပ်နိုင်အောင် ကိုက်ခဲနာကျင်လာလေသည်။ ထို့ကြောင့် နာကျင်ခြင်းကို သက်သာသွားစေရန်အတွက် သူသည် နိုင်ငံတော်အစိုးရ၏ လမ်းဘေး အရက်ဖြူဆိုင်တဆိုင် သို့ဝင်ရောက်ကာ တကျပ်ဖိုးခန့်မျှ ဝယ်ယူသုံးစားခြင်း ပြုလေသည်။ တကျပ်ဖိုးခန့်မျှ သုံးစားပြီးသည့်နောက် နာကျင်ခြင်းသည် လျော့ပါးမှုမရှိပြန်သေးသည့်အတွက် နောက်ထပ်၍ ပြားငါးဆယ်ဖိုးထပ်၍ ချလိုက်ပြန်လေသည်။ ပြားတရာ့ငါးဆယ်ဖိုးခန့် အရက်ဖြူကို ဝမ်းဗိုက် ထဲသို့ ထည့်သွင်းပြီးစီးသောအခါ နာကျင်ခြင်းသည် လျော့ပါးကာ ဝမ်းထဲ၌လဲ ဆာလောင် လာသဖြင့် ကြပ်ပြားသည် အရက်ဖြူဆိုင်ထဲမှ ထွက်လာခဲ့သည်။ ထိုသို့အရက်ဖြူဆိုင်ထဲမှ ထွက်လာခဲ့ပြီးနောက် ထမင်းဆိုင်တဆိုင်ကို လိုက်လံရှာဖွေလျက်ရှိစဉ် ကြပ်ပြားသည် ရန်ကုန်ပုလိပ်အဖွဲ့ကြီး၏ လက်ဝယ်သို့ ကျရောက်သွားခဲ့ရခြင်း ဖြစ်လေသည်။
"မင်းမှာ ဘာအပြစ်မှ မရှိဘဲနဲ့ ပုလိပ်က ဘာပြုလို့ ဖမ်းပြီး၊ ဘာပုဒ်မနဲ့ ထောင်ချလိုက် တာလဲကွ ကြပ်ပြားရဲ့" ဟု ၎င်းပုလိပ်များလက်အတွင်းသို့ ကျရောက်ခဲ့ရခြင်း အကြောင်းကို တိတိကျကျသိရှိလိုသဖြင့် တချိန်လုံးငြိမ်သက်စွာ နားထောင်နေရာမှ ကေက်၍ ကျွန်တော်က မေးလိုက်မိသည်။
"ပုလိပ်တွေက မော်တော်ကားကြီးကို ရပ်ပြီး ဈေးသည်တွေကို ဖမ်းနေတုန်း သူတို့အနားက ဖြတ်ပြီး ထမင်းဆိုင်တခုကို သွားရာက ဘုမသိဘမသိနဲ့ ကျနော့်ကို မော်တော်ကားကြီးအပေါ် ဆွဲတင်လိုက်တာပဲအကို"
"မင်းက ဘာမှ ပြန်မပြောဘူးလားကွ"
"ပြောပါတယ်အကို၊ ခင်ဗျားတို့ ကျနော့်ကို ဘာအပြစ်ရှိလို့ ဖမ်းတာလဲ" လို့မေးတော့၊ ရာဇဝတ်အုပ်က "ခွေးမသားကုလား အရက်မူးလာပြီး ဘာ စကားများနေရတာလဲ" အော်တယ်။ နောက်ပြီးတော့ "မင်းတရားသူကြီး ရှေ့ ရောက်တော့မှ မင်းမေးချင်တာကိုမေး လို့လဲပြောသေး တယ်"
"ရုံးကျတော့ တရားသူကြီးကို မင်းက မပြောဘူးလား"
"တရားသူကြီးက ပြောလို့ နားမထောင်ပါဘူးအကို၊ ပုလိပ်ပြောတာ အကုန်လုံးယုံ တာပဲ"
"ဒါထက် မင်းကို ဘာပုဒ်မနဲ့ ထောင်ချလိုက်သလဲကွ"
"တရာ့ကိုး၊ တရာ့တဆယ်"”
ယင်းသို့ဖြင့် တမီလ်ကုလားမဲကလေး ကြပ်ပြားသည် အလုပ်လက်မဲ့နှင့် အိုးမဲ့၊ အိမ်မဲ့ဖြစ်လာခဲ့ရပြီးလျှင် သားနှင့်မယားတို့ကိုသာ ဆုံးပါးရုံမျှနှင့် မပြီးသေးဘဲ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်လကိုလည်း ကျခံခဲ့ရလေသည်။
(၅)

ယင်းသို့ ကံဆိုးချင်တိုင်း ဆိုးလာခဲ့ရသော ကြပ်ပြားသည် ရန်ကုန်စံပြထောင် ကြီးအတွင်းသို့ ရောက်ရှိလာခဲ့ရပြီးနောက်ပိုင်းတွင်လည်း 'ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ' ဆိုသော စကားရှိသည့်အတိုင်း ကံဆိုးခြင်းမှ လွတ်မြောက် ခွင့်မရသေးဘဲ ကာလအတန်ကြာမျှ ဆက်လက်၍ ကံဆိုးမြဲ ဆိုးနေရတုန်း ဖြစ်လေသည်။
ရန်ကုန်ထောင်သို့ ထောင်ကျအကျဉ်းသား လူသစ်တဦးရောက်ရှိလာသော အခါတိုင်း ၎င်း၏ ကျန်းမာရေးအခြေအနေနှင့် လူပုံစံအမှတ်အသားကို စစ်ဆေးကြည့်ရှုရန်အတွက် အကျဉ်းထောင်ဆရာဝန်အား ပြသခြင်း ပြုရလေသည်။ ကြပ်ပြားအား ရုံးတော်မှ ပြစ်မှုထင်ရှား သည်ဟုဆိုကာ ထောင်ချလိုက်ပြီးနောက် အကျဉ်းထောင်ဆရာဝန်အား ပြသရန်ခေါ်လာ သောအခါ စိတ်တို၍ အလုပ်အဆမတန်များနေဟန်ရှိသော ကုလားဆရာဝန်က ၎င်း၏ ခြေမက အနာကို ကတိုက်ကရိုက် ကြည့်ရှုပြီးလျှင် ကြပ်ပြားအား အနူအကျဉ်းသားများကို သီးခြားခွဲ၍ ထားရှိသော အမှတ် (၁၄) ဆေးရုံတိုက်အောက်ခန်းသို့ ပို့လိုက်သဖြင့် ထိုကုလားမဲ ကလေးသည် ကိုယ်ပျက်သူများနှင့် တလနီးပါးခန့်မျှ အတူနေထိုင် ရလေသည်။ ယင်းသို့ ခြေမတွင် ငါးရိုးစူးသော ကြပ်ပြားအား အနူခန်းသို့ ပို့လိုက်သော အကျဉ်းထောင် ဆရာဝန်အား ဤမျှမိုက်မဲရစကောင်းလား ဟူ၍လည်း အပြစ်တင်၍ မဖြစ်သေးချေ။ အဘယ့်ကြောင့်ဆိုသော် ရန်ကုန်ထောင်ကဲ့သို့ ဗဟိုထောင်ကြီးတထောင်တွင် ဆရာဝန် နှစ်ယောက်မျှသာ ထားရှိသော ကြောင့်ဖြစ်လေသည်။ ယခင်ကိုလိုနီခေတ်က ဆရာဝန်လေးယောက်မျှပင် အင်္ဂလိပ်အစိုးရမင်း များက ထားရှိပေးခဲ့သော်လည်း တို့ဗမာမြန်မာအစိုးရ လက်ထက်တွင် နှစ်ယောက်မျှ အနိုင်နိုင် ထားပေးလေသည်။ ယင်းသို့ ဆရာဝန်လေးယောက် လုပ်ရသည့်အလုပ်ကို နှစ်ယောက်တည်း နှင့် လုပ်ကိုင်နေကြရသဖြင့် အလုပ်ကို နိုင်နင်းခြင်းမရှိနိုင်တော့ချေ။ ယင်းသို့ မနိုင်မနင်း လုပ်ကိုင်နေရသော ဆရာဝန်က ကြပ်ပြား၏ ခြေမ၌ ငါးရိုးစူးသောအနာကို သေသေချာချာ စေ့စေ့စပ်စပ်မကြည့်ရှုနိုင်ဘဲ ကတိုက်ကရိုက်ကြည့်ကာ အနူခန်းသို့ ပို့ထားလိုက်ခြင်းဖြစ်သည်။
ကြပ်ပြားသည် ကိုယ်ပျက်သော အကျဉ်းသားများနှင့်အတူ တလခန့်မျှ စိတ် မချမ်းမသာ နေထိုင်ခြင်း ပြုခဲ့ရသည်။ ထိုရက်များအတွင်း သူ့အား အနူရောဂါ ကူးစက်မည့် အရေးကို နေ့ရှိတိုင်း တွေးတောထိတ်လန့်ကာ မအိပ်နိုင်၊ မစားနိုင်လည်း ဖြစ်ခဲ့ရသည်။ ထိုအတောအတွင်း ခြေမအနာသည် ပြန်တင်း၍ လာသဖြင့် ဆရာဝန်အား သွား၍ ပြရာမှ ဆရာဝန်က နူနာမဟုတ်မှန်းသိ၍ သူ့အား ဆေးရုံတင်ပေးလေသည်။ ကြပ်ပြားအား ဆေးရုံပေါ် သို့တင်သောအချိန်တွင် ၎င်းခြေမက အနာသည် တော်တော်ဆိုးဝါးနေပြီ ဖြစ်ရကား ၎င်း၏ ခြေမကလေးကို ဖြတ်ပစ်လိုက်ရ ပြန်လေသည်။
တရားရုံးတော်၏ စီရင်ချက်အတိုင်း ကြပ်ပြားသည် ရန်ကုန်ဗဟိုထောင်ကြီး အတွင်း၌ ခြောက်လတိတိသာ အကျဉ်းကျခံခြင်းမပြုခဲ့ရသည့်တိုင်အောင် ငါးလ ကျော်ကျော်မျှ နေထိုင် သွားခဲ့ရလေသည်။ စင်စစ် ရန်ကုန်ထောင်ကဲ့သို့ ဗဟို ထောင်ကြီးများတွင် "စံပြ" စနစ်နှင့် အခွင့်အရေးများကို စမ်းသပ်ပြုလုပ်လျက် ရှိသော်လည်း ကြပ်ပြားထောင်ကျ သွားခဲ့ရသော ဗိုလ်ချုပ်နေဝင်းအစိုးရ လက်ထက်၌ စံပြစနစ်နှင့် အခွင့်အရေးများကို ရပ်ဆိုင်း ပိတ်ပင်ထား သောကြောင့် သူသည် စံပြထောင်၏ အခွင့်အရေးများကို ဘာတခုမျှ မခံစားသွား ရရှာချေ။ စံပြထောင်စနစ်နနှင့် အခွင့်အရေးများကို ဗိုလ်ချုပ်နေဝင်းအစိုးရက ရပ်ဆိုင်း ခြင်းမပြုခဲ့လျှင် ကြပ်ပြားကဲ့သို့ ဘာသာတရားကိုင်းရှိုင်းကာ အကျင့်စာရိတ္တလည်း ကောင်းမွန်၍ အများအတွက် အလုပ်လုပ်ကိုင်သော အကျဉ်းသားတဦးအား စံပြလျှော့ရက်များပေး၍ လေးလသာသာ ခန့်မျှနှင့် လွှတ်ပေးလိုက်ဖို့သာ ဖြစ်လေသည်။ သို့ရာတွင် ကံဆိုးလှသော ကြပ်ပြားသည် ထောင်ကျရသော ဘဝမှာပင် အချိန်ကောင်းအခါကောင်းကို မမီလိုက်ရှာပေ။
၎င်းအား ရန်ကုန်ထောင်မှလွှတ်သည့် နံနက်ခင်းက ကြပ်ပြားသည် ဗုဒ္ဓဘာသာဝင်တို့၏ ယဉ်ကျေးမှုအရ ၎င်းနှင့် ရင်းရင်းနှီးနှီး စားသောက်နေ ထိုင်ခဲ့ကြသော ကျွန်တော်တို့ လူသိုက် အား လိုက်လံ၍ ကန်တော့သွားသေးသည်။ အပြင်သို့ရောက်လျှင် ရန်ကုန်တွင် ဆက်လက် ရှာဖွေစားသောက်၍ နေထိုင်ခြင်းမပြုဝံ့တော့သဖြင့် တောသို့ပြန်တော့မည့်အကြောင်းကိုလည်း မျက်ရည်စကလေး တဝဲဝဲနှင့် ပြောဆိုသွားသည်။ ယင်းသို့ရန်ကုန်မြို့ကြီးကို စိတ်နာစကား ပြောဆို၍သွားသော ကြပ်ပြား၏ ဝမ်းတွင်းအခံဓာတ်ကို ကောင်းစွာနားလည်ထားသဖြင့် ကျွန်တော်သည် ဤကုလားကလေးအား တောအရပ်သို့ မပြန်ရန် အတွက် တားမြစ်ခြင်းပြုရန် အားမထုတ်မိပေ။ တံဏှိဘာဝေကြည့်နေလိုက်ရသည်။ တစ္ဆေသူရဲများပင်ဖြစ်စေကာမူလည်း ကျွန်ုပ်တို့နှင့် မျက်နှာနာနေသော တစ္ဆေသူရဲများသည် ကျွန်ုပ်တို့နှင့် မသိကျွမ်းသော တစ္ဆေသူရဲ များထက်စာလျှင် ကျွန်ုပ်တို့အား သက်သာခွင့်ပေးလိမ့်ဦးမည်ဆိုသော အင်္ဂလိပ်စကားပုံတခုကို လည်း စဉ်းစားမိသည်။ ကျွန်တော် စဉ်းစားမိသကဲ့သို့ပင် ကြပ်ပြားသည်လည်း စဉ်းစားမိ သလားတော့ မပြောတတ်ချေ။
ကျွန်တော်တို့လူသိုက်နှင့် သုံးလေးလခန့်မျှ ပေါင်းသင်းနေထိုင်သွားသော တမီလ် ကုလားကလေး လွတ်သွားသည့်အတွက် ကျွန်တော်တို့အားလုံးပင် ဝမ်းသာဝမ်းနည်း ဖြစ်ခဲ့ ကြရသည်။ ဝမ်းသာကြခြင်းမှာ မိမိတို့နှင့် ဘဝတူတဦး အချုပ်အနှောင်ဘဝမှ လွတ်မြောက် သွားသောကြောင့်ဖြစ်သည်။ ဝမ်းနည်းကြခြင်း၌ အကြောင်းများစွာရှိသော်လည်း အဓိက အကြောင်းမှာ ကြပ်ပြား၏ ခြေမကလေးတဘက် ရန်ကုန်ထောင်ကြီးအတွင်း၌ ပြတ်ကျန်ရစ်ခဲ့ သောကြောင့်ပင်ဖြစ်လေသတည်း။

ဗန်းမော်တင်အောင်
(ရှုမဝမဂ္ဂဇင်း)