Tuesday, October 14, 2008

မိုးလိုက်လို့ရွာ{ဒုတိယပိုင်း}
ရေးသူ- ဗန်းမော်တင်အောင်

(၄)

ကြပ်ပြား၏ ပြောဆိုချက်အရ ကံဘောက်ရွာတွင် စစ်ပြီးခေတ် ပြင်သစ်ပြည်နှင့် မခြား အစိုးရအဖွဲ့များ မကြာခဏ ပြောင်းလဲခဲ့ဟန်ရှိသည်။ အစိုးရအဖွဲ့ဟောင်း ပြုတ်ကျ၍ဖြစ်စေ၊ ထွက်ပြေး၍ဖြစ်စေ၊ အစိုးရအဖွဲ့သစ်တခု တက်လာသောအခါတိုင်း ကျေးတော်မျိုး ကျွန်တော် မျိုး ဆင်းရဲသားလယ်သမားများက အခွန်တော် ထပ်၍ထပ်၍ ဆက်သွင်းခြင်းပြုရသည်။ သို့နှင့်လည်း အေးအေးဆေးဆေး လုပ်ကိုင်စားသောက်ခွင့်ကို မရပြန်သေးဘဲ ကံဘောက်ရွာ ကလေးကို အစိုးရတဖွဲ့နှင့်တဖွဲ့ တိုက်ခိုက်ကြသောအခါတိုင်း စစ်မြေပြင်ပြုလုပ် ကြပြန်သော ကြောင့် ကြပ်ပြားသည် ရပ်ပြစ်ရှစ်ပါးထက် ဆိုးဝါးသော ထိုရွာကို ကျောခိုင်း၍ အင်းတအင်း၌ တံငါဝင်ရောက်လုပ်ကိုင်ခြင်း ပြုခဲ့ရလေသည်။ ယင်းသို့ အင်းသူကြီးတဦးထံတွင် တံငါလုပ်ကိုင် ရင်း ရန်ကုန်မှ ပုလဲဆွာမိ၏ ငါးပွဲစား တမီလ်ကုလားများနှင့် အဆက်အသွယ် ရရှိကာ ကြပ်ပြားသည် ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်လေသည်။



ကြပ်ပြားသည် ၁၉၅ဝ-ခုနှစ်လောက်ခန့်က ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်လေ သည်။ ယခုကဲ့သို့ ဖမ်းဆီးထောင်ချခြင်းမခံရမီ မော်တင်လမ်း ငါးပွဲစား တဦးထံ၌ (၉) နှစ်ခန့်မျှ ငါးကူလီ လုပ်ကိုင် စားသောက်၍ နေထိုင်ခဲ့သော ၎င်း၏ ရန်ကုန်သက်တမ်းအတွင်း၌ ဘာမျှ ထူးခြားလှသော အဖြစ်အပျက်များမရှိဟူ၍ ကြပ်ပြားက ပြောဆိုခြင်းပြုသည်။ သို့ရာတွင် ရန်ကုန်ရောက်မှ အတတ်ပညာ နှစ်ခုတိုးလာသည့် အကြောင်းကိုကား ရိုးသားစွာ ဖွင့်ဟ ဝန်ခံသည်။ ထိုအတတ် ပညာနှစ်ခုမှာ အခြားတော့ကား မဟုတ်ချေ။ ရုပ်ရှင်ကြည့်တတ်ခြင်းနှင့် ကဇော် စုတ်တတ်ခြင်းတို့ပင်ဖြစ်သည်။ နေ့ရှိသရွေ့ ညှီစော်နံလှသော ငါးပုစွန်များကို ကိုင်တွယ်ထမ်းပိုးနေရသဖြင့် မိမိ၏အလုပ်၌ ငြီးငွေ့ထိုင်းမှိုင်းလာသော အခါများတွင် စိတ်၏ ပြောင်းလဲသက်သာမှုကို ရရှိရန်အတွက် ကုလားရုပ်ရှင်များကို ကြည့်တတ်လာသည်ဟု ပြောဆိုသည်။ ကုလားရုပ်ရှင်များအနက် ရယ်စရာမောစရာ ကားများကိုသာ အနှစ်ခြိုက်ဆုံး ဖြစ်သည့်အကြောင်းနှင့် ၎င်းသဘောအကျဆုံးရုပ်ရှင်မင်းသား မင်းသမီးများမှာ ရပ်ခ်ျကပူး၊ ဂျွန်နီဝေါ့ကား၊ နားဂစ် နှင့် နင်မီ တို့ဖြစ်ကြောင်းကိုလည်း ပြောပြလေသည်။ ကဇော်စုတ်တတ် လာခြင်းမှာ အလုပ်၏ ပင်ပန်းလှသော ဒဏ်ရာဒဏ်ချက်များကို ခံနိုင်ရည်ရှိရန်နည်း လမ်းများ ကို ရှာဖွေရာမှ ဘဝတူငါးကူလီများထဲတွင် ဂန်ဂျာ၊ ဘိန်းနှင့် ကဇော် သုံးစွဲကြသူများ ရှိသည့် အနက် ကဇော်စုတ်သူများ၏ နောက်သို့လိုက်ခဲ့မိရာမှ ကဇော်စုတ်တတ်လာခြင်း ဖြစ်သည့် အကြောင်းကို ဝန်ခံပြောဆိုသည်။ သို့ရာတွင် ကဇော်ကို အလုပ်အင်မတန် ပင်ပန်းလှသည့် အခါများ၌သာ ခိုမှီဆည်းကပ်သည့် အကြောင်းကိုလည်း ဘုရားသခင်ကို အားမနာတမ်း ကျိန်တွယ်တိုင်တည်၍ ပြောဆိုလေသည်။
၎င်း၏ အိမ်ထောင်ရေးအခန်းနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းကြည့်သောအခါ ကြပ်ပြား သည် ဖမ်းဆီးထောင်သွင်းခြင်းမခံရမီ နှစ်ခါလည်သာသာခန့်က အိမ်ထောင်ကျခဲ့သည့် အကြောင်းကိုပြောဆိုလေသည်။ ကြပ်ပြား၏ အိမ်ထောင်ရေး၌ စိတ်ကူးယဉ်သော ကဏ္ဍ မပါရှိချေ။ အလျဉ်းသင့်သလို ဆောင်ရွက်လိုက်ရသောကိစ္စကဲ့သို့ ဖြစ်နေလေသည်။ ရန်ကုန်မြို့ (၂၇) လမ်းကြားရှိ ကော်ရင်ဂျီနှင့် ကလယ်ကုလားများ စုပေါင်းနေထိုင်လျက်ရှိကြသော ကုလားရွာ၊ သို့မဟုတ် ကုလားကွက်သစ်ထဲတွင် ထမင်းလခ ပေးစားနေထိုင်ရင်း သူ ထမင်းလခပေး စားနေထိုင်သော အိမ်ရှင်ကလယ်ကုလားဖျား၍ သေဆုံးသွားပြီးနောက် ခြောက်လခန့်အကြာတွင် ၎င်း၏ မုဆိုးမ ကလေးသုံးယောက်မိခင်က ကဇော်မူး မူးနှင့် ထမင်းလာစားသော ကြပ်ပြားအား လိမ္မာပါးနပ်စွာ ဖမ်းဆီးလိုက်သဖြင့် ကြပ်ပြားသည် ထိုကလယ်ကုလားမကြီး၏ ရင်ခွင်တွင်းသို့ ကျရောက်ခဲ့ခြင်း ဖြစ်ဟန်တူသည်။ ကြပ်ပြားသည် ထိုမိန်းမနှင့် သားကလေးတယောက် ရရှိခဲ့လေသည်။
ဘာမျှ စိတ်ကူးယဉ်စရာနှင့် စိတ်ဝင်စားစရာ မရှိလှသော ၎င်း၏ အိမ်ထောင်ရေး အကြောင်းကို မပြောချင်ပြောချင်နှင့် ပြောဆိုလျက်ရှိသဖြင့် "ဒါတွေတော့ ထားပါတော့ကွာ၊ မင်းကို ဘာပြုလို့ ဖမ်းပြီး ထောင်ချလိုက်တဲ့အကြောင်းကို ပြောပြစမ်းပါဦး" ဟု ၎င်း၏ ကံဆိုးခဲ့ခြင်း အကြောင်းကို မေးမြန်းလိုက်သောအခါ ကြပ်ပြားသည် ခပ်စောစောကကဲ့သို့ မဟုတ်တော့ဘဲ မျက်လုံးများမှာပင် အရောင်ထွက်ကာ လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ သူသည် ထိုအဖြစ်အပျက်ကို များစွာပြောချင်ဆိုချင်ဟန်လည်းရှိသည်။ တကယ်ဆိုတော့ သူ၏ နာကျင် ကိုက်ခဲခြင်းများကို တိုင်ကြားပြောဆိုခြင်းမျှသာ ဖြစ်လေသည်။ သို့ရာတွင် မေးမြန်းနားထောင် သည့်သူနှင့် တွေ့ခဲ့ဟန်မတူ။
"ကျနော့်ဘဝတလျှောက်လုံးမှာ ခဏခဏ ကံဆိုးခဲ့ဖူးပါတယ်အကို၊ ဒါပေမယ့် ဒီတခါလောက် တခါမှ ကံမဆိုးခဲ့ဖူး ပါဘူးဗျာ" ဟူ၍ အစချီကာ ကြပ်ပြား သည် ၎င်းနာနာ ကြည်းကြည်း ခံလာခဲ့ရဟန်ရှိသော ဒဏ်ရာဒဏ်ချက်များကို တခုမကျန် လှန်ကာပြ လေတော့သည်။ ၎င်း၏ နာကျင်ရခြင်းကို အလွန်တရာ ထုတ်ဖော်ပြောဆိုချင်နေခဲ့ဟန်ရှိသော တမီလ်ကုလားမဲကလေးသည် ထိုအခွင့်အရေးကို ရရှိသည်နှင့် တပြိုင်နက် လည်ပင်းကြောများ ထောင်ထလာအောင် မရပ်မနား ပြောဆိုခြင်းပြုသွားသည်။
ဗိုလ်ချုပ်နေဝင်းအစိုးရ တက်လာပြီးနောက် ရန်ကုန်မြို့တော်ကြီးတွင် စည်းမဲ့ကမ်းမဲ့ ဆောက်လုပ်နေထိုင်လျက်ရှိကြသော တဲအိမ်များနှင့် ကွက်သစ်များကို ရွှေ့ပြောင်းဖျက်သိမ်း ရေးနှင့် ဘဝဂ်သို့တက်နေသော ကုန်ဈေးနှုန်းများ ချပေးရေးတို့အတွက် ပြင်းပြင်းထန်ထန် တွန်းထိုး လုပ်ကိုင်ခြင်းပြုလိုက်သောအခါ ကြပ်ပြားသည် နေ့ချင်းညချင်းဆိုသလို အိုးမဲ့အိမ်မဲ့ နှင့် အခြေမဲ့အနေမဲ့ လူတယောက်၏ ဘဝသို့ ရောက်ရှိသွားလေသည်။ (၂၇) လမ်းရှိ ကုလား ကွက်သစ်တွင် တဲတဆောင်မီးတပြောင်နှင့် နေထိုင်လျက်ရှိရာမှ ထိုကွက်သစ်ကို ဒရကြမ်းဖျက် သိမ်းလိုက်သည်နှင့် တပြိုင်နက် ကြပ်ပြားတို့ မိသားဘသားတစုသည် အိုးမဲ့ အိမ်မဲ့ဖြစ်သွား ကြလေသည်။ ရန်ကုန်မြို့တော်ဝန်သစ် ဗိုလ်မှူးကြီးထွန်းစိန်က အသစ်တည်ထောင်နေသော ဥက္ကလာပအရပ်တွင် မြေတကွက်ပေးသော်လည်း ဥက္ကလာပအရပ်တွင် အိမ်တလုံးဆောက် နိုင်ဖို့ နေသာသာ ပြောင်းရွှေ့စရာ စရိတ်ပင် အငှားကူလီ ကြပ်ပြားတို့လင်မယားသည် မတတ်နိုင်ရှာကြချေ။ ယင်းကဲ့သို့ သားအမိ သားအဖခြောက်ယောက်တို့သည် (၂၇) လမ်းနောက်ဖေး လမ်းကြားထဲတွင် ခွေးနေရာမရသကဲ့သို့ နေစရာထိုင်စရာမရှိဖြစ်နေခိုက် မြင့် တက်နေသော သားဈေးငါးဈေးများကို နှိပ်ကွပ်ဈေးချနိုင်ရန်အတွက်၎င်း၊ အလုပ်လုပ် နေရသော ငါးဒိုင်၊ ငါးပွဲစားများနှင့် ငါးသည်များကို တရကြမ်း ဖမ်းဆီးလိုက်သောအခါ ကြပ်ပြားသည် အိုးမဲ့အိမ်မဲ့ဘဝနှင့် ရပ်မနေနိုင်သေးဘဲ အလုပ်လက်မဲ့ဘဝသို့ပါ ရောက်ရှိရပြန် လေသည်။
လူမမယ်ကလေး လေးယောက်နှင့် ကြပ်ပြားတို့လင်မယားသည် ဘာလုပ်၍ ဘာကိုင်ရ မှန်းမသိအောင် ချာချာလည်နေစဉ် ၎င်း၏ ညာဘက်ခြေမတွင် ငါးရိုးစူးသော အနာက တဖြည်းဖြည်းရင်းကာ ခူနာကဲ့သို့ဖြစ်လာသဖြင့် ကြပ်ပြားသည် မိမိကိုယ်ကို သတ်သေလိုက်ချင် အောင် ဖြစ်ခဲ့ရလေသည်။ ဤကဲ့သို့ ခြေမတွင် ငါးရိုးစူးသော အနာကြီးက တဖက်နှင့် အဘယ်သို့မျှ မကြံတတ် မစည်တတ်ဖြစ်ကာ (၂၇) လမ်းကြားထဲတွင် ဒုက္ခပင်လယ်ဝေနေခိုက် လှည်းကူးဘက်ရှိ သစ်စက်တစက်တွင် ဒိုင်းဆရာဖြစ်နေသော ၎င်းမယား၏ ယခင် ခဲအိုက ရန်ကုန်သို့လာရင်း လမ်းကြုံသဖြင့် ခွေးနေစရာ မရှိသလိုဖြစ်နေသော ကြပ်ပြားတို့ လင်မယားနှင့် ကလေးများကို ၎င်းတို့သစ်စက်မှ ပျဉ်လာပို့သော မော်တော်ကားကြီးနှင့် ခေါ်ဆောင်ပေးသွားသဖြင့် လောလောဆယ်အားဖြင့် ကြပ်ပြားသည် သက်သာရာရသလို ဖြစ်သွားလေသည်။ လှည်းကူးသို့ ကြပ်ပြား ရောက်ရှိပြီးနောက် တနင်္ဂနွေ နှစ်ပတ်ခန့်မကြာမီ ၎င်းတို့လင်မယားနှင့် သားသမီးတတွေအား ၎င်းမယား၏ ယခင်ခဲအိုက အဘယ်ကဲ့သို့သော စေတနာနှင့် ရည်ရွယ်ချက်များဖြင့် လှည်းကူးသို့ ကယ်တင်ခေါ်ဆောင်လာသည့် အကြောင်းကို ကြပ်ပြားသည် ရိပ်မိစပြုလာသည်။ ၎င်းမယား၏ ခဲအိုမှာ များမကြာမီက မယားသေဆုံးသွား သဖြင့် လူမမယ် ကလေးနှစ်ယောက်နှင့် ကသီလင်တဖြစ်နေရာမှ ကြပ်ပြား လက်ဝယ်သို့ ရောက်ရှိနေသော ၎င်း၏ခယ်မနှင့် တူမကလေးများကို ပြန်လည်သိမ်းပိုက်ယူငင်ရန် ရည်ရွယ်ချက်ဖြင့် ခေါ်ဆောင်လာခြင်းမျှ သာဖြစ်လေသည်။ လှည်းကူးတွင် တလခန့်ကြာသော အခါ ၎င်း၏ခဲအိုဟောင်းဘက်သို့ ခပ်ယိုင်ယိုင်ဖြစ်နေသော မယားလုပ်သူက ကြပ်ပြားအား ရန်ကုန်သို့ ပြန်၍ အလုပ်အကိုင်ရှာဖွေခြင်း ပြုရန်အတွက် စတင်ပြောဆိုလေသည်။ သို့ရာတွင် ၎င်း၏ခြေမ၏ အနာကြီးက ကောင်းစွာပျောက်ကင်းသေးသည်မဟုတ်၍ ကြပ်ပြားက မသွားနိုင် သေးကြောင်းကို ပြန်ပြောသောအခါ မယားလုပ်သူက ဆူဆူပူပူ လုပ်လေသည်။ အိမ်တွင် မနေနိုင်အောင် အမျိုးမျိုးရန်ရှာသည်။ စိတ် မညစ်ညစ်အောင် မိန်းမတို့မာယာဖြင့် အမျိုးမျိုး ပြုလုပ်သည်။ ထိုသို့မယားကသာလျှင်မဟုတ်၊ ၎င်း၏လက်ထဲမှ ၎င်း၏ မယားကို လုယက် ယူငင်လိုသော ခဲအိုလုပ်သူကလည်း ကြပ်ပြားအား အမျိုးမျိုးရန်စခြင်း ပြုလာသည်။ ထို့ကြောင့် ကြပ်ပြားသည် တနေ့တခြား စိတ်ညစ်ညူးလာရသည်။ အနေအထိုင်ရ ကျဉ်းမြောင်း ကျပ်တည်းလာသည်။ သို့ရာတွင် ၎င်း၏ ခြေမက အနာကြီးသည် ကောင်းစွာပျောက်ကင်းခြင်း မရှိသေးသဖြင့် အောင့်အည်းတွယ်ကပ်၍ နေခဲ့ရသည်။ သို့ရာတွင် တညသ၌ ၎င်း၏မယားက ၎င်း၏လင်ငယ်က ပေးလိုက်ဟန် ရှိသော ငွေတဆယ်တန်တရွက်ကိုကြပ်ပြားအား လှမ်း၍ ပေးရင်း လှည်းကူးမှ အမြန်ဆုံးထွက်ခွာသွားဖို့ အလန့်တကြားပြောဆိုခြင်း ပြုလေသည်။ ထိုသို့ ထွက်သွားခြင်း မပြုပါက ၎င်း၏ခဲအိုက တနည်းနည်းဖြင့် ရန်ရှာသတ်ဖြတ်လိမ့်မည် အကြောင်း ကိုလည်း ပုံကြီးချဲ့ပြောဆိုလေသည်။ ထို့ကြောင့် ခက်ခဲလှသော အသက်တချောင်းကို မိန်းမ တယောက်အတွက်နှင့် အကျိုးမဲ့ အပျက်စီး မခံနိုင်သောကြပ်ပြားသည် ၎င်း၏ သားကလေး တယောက်ကို အဆုံးခံကာ ငွေတဆယ်နှင့် ဖြစ်လိုရာဖြစ်စေတော့ဟု သဘောထားကာ ရန်ကုန်သို့ပြန်လာခဲ့လေသည်။
လှည်းကူးသို့ တလသာသာခန့်မျှ သွားရောက်နေထိုင်လျက်ရှိသည့်အခိုက် ရန်ကုန် မြို့တော်၏ အခြေအနေသည် အဘယ်မျှပြောင်းလွဲတိုးတက်၍ နေသည်ကို ကြပ်ပြား မသိချေ။ ပြည်သူ့လမ်းမကြီးများပေါ်တွင် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်လောက်အောင် ပြုသူများ၊ လမ်းမ ကြီးဘေးတွင် တာဝန်မဲ့ အပေါ့စွန့်သူများ၊ လမ်းမကြီးပေါ်တွင် အရက်မူးကာ သိုင်းကွက် နင်းသူများ၊ အလုပ်မရှိ အကိုင်မရှိ ဖြစ်နေသူများနှင့် ကျော်စောသတင်းဖြစ်နေသော သူခိုး၊ ဓားပြ၊ ခါးပိုက်နှိုက်၊ အလစ်သုတ်နှင့် မိန်းမထိန်းများကို ဒရကြမ်းဖမ်းဆီးရှင်းလင်းခြင်း ပြုနေသော ရန်ကုန်မြို့တော်သစ်သို့ ၎င်း၏အသက်တချောင်းကို ရှာကြံမွေးမြူရန် ကြပ်ပြား သည် ငွေလေးတဆယ်ကိုကိုင်၍ ခြေမတွင် ပျောက်ကင်းခြင်းမရှိသေးသော အနာကြီး နှင့် ရောက်ရှိ၍လာလေသည်။
လှည်းကူးမှ ဘတ်စ်ကားနှင့် လိုက်လာခဲ့ပြီးနောက်၊ ရန်ကုန်သို့ရောက်လျှင် ကြပ်ပြား သည် သူ့အား ကျောတနေရာစာနှင့် ထမင်းတဆုပ် ပေးကမ်းကျွေးမွေးနိုင်မည့် အသိ မိတ်ဆွေဟောင်းများကို လိုက်လံစုံစမ်း ရှာဖွေရလေသည်။ သို့ရာတွင် တယောက် တလေမျှ မတွေ့ရတော့ချေ။ တနေကုန်အောင် လိုက်လံရှာဖွေ၍ တယောက်တလေမျှ အစအန မတွေ့ရှိရသောအခါ ကြပ်ပြားသည် အားငယ်သလိုဖြစ်လာသည်။ ရန်ကုန်သို့ပြန်ရောက်သော ပထမနေ့၌ ကြပ်ပြားသည် အိပ်စရာ ကျောတနေရာစာမျှ ရှာဖွေ၍ မတွေ့ရှိရသဖြင့် နောက်ဖေးလမ်းကြားတခုတွင် ငုတ်တုတ်မိုးလင်းသွားခဲ့ရသည်။
ဒုတိယနေ့တွင် သူ၏ ခြေမအနာသည် ပြန်၍ထလာသည်။ နေအတော် မြင့်လာ သောအခါ မခံမရပ်နိုင်အောင် ကိုက်ခဲနာကျင်လာလေသည်။ ထို့ကြောင့် နာကျင်ခြင်းကို သက်သာသွားစေရန်အတွက် သူသည် နိုင်ငံတော်အစိုးရ၏ လမ်းဘေး အရက်ဖြူဆိုင်တဆိုင် သို့ဝင်ရောက်ကာ တကျပ်ဖိုးခန့်မျှ ဝယ်ယူသုံးစားခြင်း ပြုလေသည်။ တကျပ်ဖိုးခန့်မျှ သုံးစားပြီးသည့်နောက် နာကျင်ခြင်းသည် လျော့ပါးမှုမရှိပြန်သေးသည့်အတွက် နောက်ထပ်၍ ပြားငါးဆယ်ဖိုးထပ်၍ ချလိုက်ပြန်လေသည်။ ပြားတရာ့ငါးဆယ်ဖိုးခန့် အရက်ဖြူကို ဝမ်းဗိုက် ထဲသို့ ထည့်သွင်းပြီးစီးသောအခါ နာကျင်ခြင်းသည် လျော့ပါးကာ ဝမ်းထဲ၌လဲ ဆာလောင် လာသဖြင့် ကြပ်ပြားသည် အရက်ဖြူဆိုင်ထဲမှ ထွက်လာခဲ့သည်။ ထိုသို့အရက်ဖြူဆိုင်ထဲမှ ထွက်လာခဲ့ပြီးနောက် ထမင်းဆိုင်တဆိုင်ကို လိုက်လံရှာဖွေလျက်ရှိစဉ် ကြပ်ပြားသည် ရန်ကုန်ပုလိပ်အဖွဲ့ကြီး၏ လက်ဝယ်သို့ ကျရောက်သွားခဲ့ရခြင်း ဖြစ်လေသည်။
"မင်းမှာ ဘာအပြစ်မှ မရှိဘဲနဲ့ ပုလိပ်က ဘာပြုလို့ ဖမ်းပြီး၊ ဘာပုဒ်မနဲ့ ထောင်ချလိုက် တာလဲကွ ကြပ်ပြားရဲ့" ဟု ၎င်းပုလိပ်များလက်အတွင်းသို့ ကျရောက်ခဲ့ရခြင်း အကြောင်းကို တိတိကျကျသိရှိလိုသဖြင့် တချိန်လုံးငြိမ်သက်စွာ နားထောင်နေရာမှ ကေက်၍ ကျွန်တော်က မေးလိုက်မိသည်။
"ပုလိပ်တွေက မော်တော်ကားကြီးကို ရပ်ပြီး ဈေးသည်တွေကို ဖမ်းနေတုန်း သူတို့အနားက ဖြတ်ပြီး ထမင်းဆိုင်တခုကို သွားရာက ဘုမသိဘမသိနဲ့ ကျနော့်ကို မော်တော်ကားကြီးအပေါ် ဆွဲတင်လိုက်တာပဲအကို"
"မင်းက ဘာမှ ပြန်မပြောဘူးလားကွ"
"ပြောပါတယ်အကို၊ ခင်ဗျားတို့ ကျနော့်ကို ဘာအပြစ်ရှိလို့ ဖမ်းတာလဲ" လို့မေးတော့၊ ရာဇဝတ်အုပ်က "ခွေးမသားကုလား အရက်မူးလာပြီး ဘာ စကားများနေရတာလဲ" အော်တယ်။ နောက်ပြီးတော့ "မင်းတရားသူကြီး ရှေ့ ရောက်တော့မှ မင်းမေးချင်တာကိုမေး လို့လဲပြောသေး တယ်"
"ရုံးကျတော့ တရားသူကြီးကို မင်းက မပြောဘူးလား"
"တရားသူကြီးက ပြောလို့ နားမထောင်ပါဘူးအကို၊ ပုလိပ်ပြောတာ အကုန်လုံးယုံ တာပဲ"
"ဒါထက် မင်းကို ဘာပုဒ်မနဲ့ ထောင်ချလိုက်သလဲကွ"
"တရာ့ကိုး၊ တရာ့တဆယ်"”
ယင်းသို့ဖြင့် တမီလ်ကုလားမဲကလေး ကြပ်ပြားသည် အလုပ်လက်မဲ့နှင့် အိုးမဲ့၊ အိမ်မဲ့ဖြစ်လာခဲ့ရပြီးလျှင် သားနှင့်မယားတို့ကိုသာ ဆုံးပါးရုံမျှနှင့် မပြီးသေးဘဲ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်လကိုလည်း ကျခံခဲ့ရလေသည်။
(၅)

ယင်းသို့ ကံဆိုးချင်တိုင်း ဆိုးလာခဲ့ရသော ကြပ်ပြားသည် ရန်ကုန်စံပြထောင် ကြီးအတွင်းသို့ ရောက်ရှိလာခဲ့ရပြီးနောက်ပိုင်းတွင်လည်း 'ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ' ဆိုသော စကားရှိသည့်အတိုင်း ကံဆိုးခြင်းမှ လွတ်မြောက် ခွင့်မရသေးဘဲ ကာလအတန်ကြာမျှ ဆက်လက်၍ ကံဆိုးမြဲ ဆိုးနေရတုန်း ဖြစ်လေသည်။
ရန်ကုန်ထောင်သို့ ထောင်ကျအကျဉ်းသား လူသစ်တဦးရောက်ရှိလာသော အခါတိုင်း ၎င်း၏ ကျန်းမာရေးအခြေအနေနှင့် လူပုံစံအမှတ်အသားကို စစ်ဆေးကြည့်ရှုရန်အတွက် အကျဉ်းထောင်ဆရာဝန်အား ပြသခြင်း ပြုရလေသည်။ ကြပ်ပြားအား ရုံးတော်မှ ပြစ်မှုထင်ရှား သည်ဟုဆိုကာ ထောင်ချလိုက်ပြီးနောက် အကျဉ်းထောင်ဆရာဝန်အား ပြသရန်ခေါ်လာ သောအခါ စိတ်တို၍ အလုပ်အဆမတန်များနေဟန်ရှိသော ကုလားဆရာဝန်က ၎င်း၏ ခြေမက အနာကို ကတိုက်ကရိုက် ကြည့်ရှုပြီးလျှင် ကြပ်ပြားအား အနူအကျဉ်းသားများကို သီးခြားခွဲ၍ ထားရှိသော အမှတ် (၁၄) ဆေးရုံတိုက်အောက်ခန်းသို့ ပို့လိုက်သဖြင့် ထိုကုလားမဲ ကလေးသည် ကိုယ်ပျက်သူများနှင့် တလနီးပါးခန့်မျှ အတူနေထိုင် ရလေသည်။ ယင်းသို့ ခြေမတွင် ငါးရိုးစူးသော ကြပ်ပြားအား အနူခန်းသို့ ပို့လိုက်သော အကျဉ်းထောင် ဆရာဝန်အား ဤမျှမိုက်မဲရစကောင်းလား ဟူ၍လည်း အပြစ်တင်၍ မဖြစ်သေးချေ။ အဘယ့်ကြောင့်ဆိုသော် ရန်ကုန်ထောင်ကဲ့သို့ ဗဟိုထောင်ကြီးတထောင်တွင် ဆရာဝန် နှစ်ယောက်မျှသာ ထားရှိသော ကြောင့်ဖြစ်လေသည်။ ယခင်ကိုလိုနီခေတ်က ဆရာဝန်လေးယောက်မျှပင် အင်္ဂလိပ်အစိုးရမင်း များက ထားရှိပေးခဲ့သော်လည်း တို့ဗမာမြန်မာအစိုးရ လက်ထက်တွင် နှစ်ယောက်မျှ အနိုင်နိုင် ထားပေးလေသည်။ ယင်းသို့ ဆရာဝန်လေးယောက် လုပ်ရသည့်အလုပ်ကို နှစ်ယောက်တည်း နှင့် လုပ်ကိုင်နေကြရသဖြင့် အလုပ်ကို နိုင်နင်းခြင်းမရှိနိုင်တော့ချေ။ ယင်းသို့ မနိုင်မနင်း လုပ်ကိုင်နေရသော ဆရာဝန်က ကြပ်ပြား၏ ခြေမ၌ ငါးရိုးစူးသောအနာကို သေသေချာချာ စေ့စေ့စပ်စပ်မကြည့်ရှုနိုင်ဘဲ ကတိုက်ကရိုက်ကြည့်ကာ အနူခန်းသို့ ပို့ထားလိုက်ခြင်းဖြစ်သည်။
ကြပ်ပြားသည် ကိုယ်ပျက်သော အကျဉ်းသားများနှင့်အတူ တလခန့်မျှ စိတ် မချမ်းမသာ နေထိုင်ခြင်း ပြုခဲ့ရသည်။ ထိုရက်များအတွင်း သူ့အား အနူရောဂါ ကူးစက်မည့် အရေးကို နေ့ရှိတိုင်း တွေးတောထိတ်လန့်ကာ မအိပ်နိုင်၊ မစားနိုင်လည်း ဖြစ်ခဲ့ရသည်။ ထိုအတောအတွင်း ခြေမအနာသည် ပြန်တင်း၍ လာသဖြင့် ဆရာဝန်အား သွား၍ ပြရာမှ ဆရာဝန်က နူနာမဟုတ်မှန်းသိ၍ သူ့အား ဆေးရုံတင်ပေးလေသည်။ ကြပ်ပြားအား ဆေးရုံပေါ် သို့တင်သောအချိန်တွင် ၎င်းခြေမက အနာသည် တော်တော်ဆိုးဝါးနေပြီ ဖြစ်ရကား ၎င်း၏ ခြေမကလေးကို ဖြတ်ပစ်လိုက်ရ ပြန်လေသည်။
တရားရုံးတော်၏ စီရင်ချက်အတိုင်း ကြပ်ပြားသည် ရန်ကုန်ဗဟိုထောင်ကြီး အတွင်း၌ ခြောက်လတိတိသာ အကျဉ်းကျခံခြင်းမပြုခဲ့ရသည့်တိုင်အောင် ငါးလ ကျော်ကျော်မျှ နေထိုင် သွားခဲ့ရလေသည်။ စင်စစ် ရန်ကုန်ထောင်ကဲ့သို့ ဗဟို ထောင်ကြီးများတွင် "စံပြ" စနစ်နှင့် အခွင့်အရေးများကို စမ်းသပ်ပြုလုပ်လျက် ရှိသော်လည်း ကြပ်ပြားထောင်ကျ သွားခဲ့ရသော ဗိုလ်ချုပ်နေဝင်းအစိုးရ လက်ထက်၌ စံပြစနစ်နှင့် အခွင့်အရေးများကို ရပ်ဆိုင်း ပိတ်ပင်ထား သောကြောင့် သူသည် စံပြထောင်၏ အခွင့်အရေးများကို ဘာတခုမျှ မခံစားသွား ရရှာချေ။ စံပြထောင်စနစ်နနှင့် အခွင့်အရေးများကို ဗိုလ်ချုပ်နေဝင်းအစိုးရက ရပ်ဆိုင်း ခြင်းမပြုခဲ့လျှင် ကြပ်ပြားကဲ့သို့ ဘာသာတရားကိုင်းရှိုင်းကာ အကျင့်စာရိတ္တလည်း ကောင်းမွန်၍ အများအတွက် အလုပ်လုပ်ကိုင်သော အကျဉ်းသားတဦးအား စံပြလျှော့ရက်များပေး၍ လေးလသာသာ ခန့်မျှနှင့် လွှတ်ပေးလိုက်ဖို့သာ ဖြစ်လေသည်။ သို့ရာတွင် ကံဆိုးလှသော ကြပ်ပြားသည် ထောင်ကျရသော ဘဝမှာပင် အချိန်ကောင်းအခါကောင်းကို မမီလိုက်ရှာပေ။
၎င်းအား ရန်ကုန်ထောင်မှလွှတ်သည့် နံနက်ခင်းက ကြပ်ပြားသည် ဗုဒ္ဓဘာသာဝင်တို့၏ ယဉ်ကျေးမှုအရ ၎င်းနှင့် ရင်းရင်းနှီးနှီး စားသောက်နေ ထိုင်ခဲ့ကြသော ကျွန်တော်တို့ လူသိုက် အား လိုက်လံ၍ ကန်တော့သွားသေးသည်။ အပြင်သို့ရောက်လျှင် ရန်ကုန်တွင် ဆက်လက် ရှာဖွေစားသောက်၍ နေထိုင်ခြင်းမပြုဝံ့တော့သဖြင့် တောသို့ပြန်တော့မည့်အကြောင်းကိုလည်း မျက်ရည်စကလေး တဝဲဝဲနှင့် ပြောဆိုသွားသည်။ ယင်းသို့ရန်ကုန်မြို့ကြီးကို စိတ်နာစကား ပြောဆို၍သွားသော ကြပ်ပြား၏ ဝမ်းတွင်းအခံဓာတ်ကို ကောင်းစွာနားလည်ထားသဖြင့် ကျွန်တော်သည် ဤကုလားကလေးအား တောအရပ်သို့ မပြန်ရန် အတွက် တားမြစ်ခြင်းပြုရန် အားမထုတ်မိပေ။ တံဏှိဘာဝေကြည့်နေလိုက်ရသည်။ တစ္ဆေသူရဲများပင်ဖြစ်စေကာမူလည်း ကျွန်ုပ်တို့နှင့် မျက်နှာနာနေသော တစ္ဆေသူရဲများသည် ကျွန်ုပ်တို့နှင့် မသိကျွမ်းသော တစ္ဆေသူရဲ များထက်စာလျှင် ကျွန်ုပ်တို့အား သက်သာခွင့်ပေးလိမ့်ဦးမည်ဆိုသော အင်္ဂလိပ်စကားပုံတခုကို လည်း စဉ်းစားမိသည်။ ကျွန်တော် စဉ်းစားမိသကဲ့သို့ပင် ကြပ်ပြားသည်လည်း စဉ်းစားမိ သလားတော့ မပြောတတ်ချေ။
ကျွန်တော်တို့လူသိုက်နှင့် သုံးလေးလခန့်မျှ ပေါင်းသင်းနေထိုင်သွားသော တမီလ် ကုလားကလေး လွတ်သွားသည့်အတွက် ကျွန်တော်တို့အားလုံးပင် ဝမ်းသာဝမ်းနည်း ဖြစ်ခဲ့ ကြရသည်။ ဝမ်းသာကြခြင်းမှာ မိမိတို့နှင့် ဘဝတူတဦး အချုပ်အနှောင်ဘဝမှ လွတ်မြောက် သွားသောကြောင့်ဖြစ်သည်။ ဝမ်းနည်းကြခြင်း၌ အကြောင်းများစွာရှိသော်လည်း အဓိက အကြောင်းမှာ ကြပ်ပြား၏ ခြေမကလေးတဘက် ရန်ကုန်ထောင်ကြီးအတွင်း၌ ပြတ်ကျန်ရစ်ခဲ့ သောကြောင့်ပင်ဖြစ်လေသတည်း။

ဗန်းမော်တင်အောင်
(ရှုမဝမဂ္ဂဇင်း)

No comments: