(၁)
လွတ်လပ်ရေးရရှိပြီးနောက် ဆယ်နှစ်ဆယ်မိုးမျှ ဖြစ်ချင်သလိုဖြစ်နေခဲ့သော တိုင်းပြည်ကြီးတွင် ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပြန်လည်ထူထောင်၍ တရားမျှတသန့်ရှင်းသော အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပပေးရန်အတွက် (၁၈) လမျှ လောက်သာ အုပ်ချုပ်သွားခဲ့သော ဗိုလ်ချုပ်နေဝင်း အစိုးရ၏လက်ထက်အတွင်း 'တရားဥပဒေ၏ ရှေ့မှောက်တွင် ညီမျှခြင်း ရှိစေရမည်' ဟူ၍ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီးက အတိအလင်း ရည်ညွှန်းထားသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ကံကောင်းသူများနှင့် ကံဆိုးသူများဟူ၍ နှစ်မျိုးနှစ်စားရှိခဲ့ကြလေသည်။ အဆိုးနှင့်အကောင်း ဒွန်တွဲနေသော သဘာဝကြီးအတွင်း၌ ယင်းကဲ့သို့ ကံဆိုးသူနှင့် ကံကောင်းသူဟူ၍ နှစ်မျိုးနှစ်စားရှိနေခြင်းမှာ သဘာဝနှင့် ဆန့်ကျင်သော တရားဓမ္မကား မဟုတ်ချေ။ ကံဆိုး၍ လူပေါင်းမှားသွားသော အဇာတသတ်ကဲ့သို့ ပါရမီ ရင့်သန်ပြီး ပုဂ္ဂိုလ်ကြီးတဦးကိုပင် သံသရာမှရွေးနှုတ်၍ ၎င်းနှင့်အတူ နိဗ္ဗာန်သို့ တပါတည်းခေါ်ဆောင် သွားလိုသော ဗုဒ္ဓသည် မည်သို့မျှမတတ်နိုင်သဖြင့် လက်လွှတ်ထားခဲ့ရသည့်အဖြစ်ကို ဗုဒ္ဓရှင်တော်၏ ဒေသနာနှင့် ကျမ်းဂန်များ၌ အတိအလင်း ဖော်ပြထားလေသည်။
ယင်းသို့ ကံကောင်းသူများနှင့်ကံဆိုးသူများ၏ အကြောင်းကို ဘက်မလိုက်သော စာရေးဆရာတဦးအနေနှင့် မှတ်တမ်းတင်ရေးသားဖော်ပြခြင်းပြုရန် တာဝန်ရှိသော်လည်း ကံကောင်းသူများ၏ အကြောင်းကို ရေးသားဖော်ပြနိုင်ရန်အတွက် ကျွန်တော်သည် ထိုအခွင့်အရေးကို မရရှိခဲ့ပေ။ သို့ရာတွင် ကံဆိုးရှာကြသူများ၏ အကြောင်းကိုကား ထိုက်သင့်သလောက် ရေးသားဖော်ပြခြင်း ပြုရန်အတွက် ကျွန်တော်သည် အခွင့်အရေးများ ကောင်းစွာရရှိခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ဗိုလ်ချုပ်နေဝင်းအစိုးရ၏ လက်ထက် အတွင်း ရန်ကုန်ဗဟိုရှိ စံပြထောင်ကြီးသို့ ကျွန်တော်သည် ဒုတိယအကြိမ် ဝင်ရောက်နေထိုင် ခြင်း ပြုခဲ့ရပြန်သောကြောင့်ဖြစ်လေသည်။
နိုင်ငံတော်၏ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးကိုလည်းကောင်း၊ သန့်ရှင်း၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲကြီးကျင်းပရေးကိုလည်းကောင်း၊ တနည်း မဟုတ်လျှင် တနည်းနည်းဖြင့် နှောက်ယှက်ဖျက်ဆီးခြင်း ပြုလိမ့်မည်ဟု သတ်မှတ်ခြင်းကို ခံရသဖြင့် ရန်ကုန်ဗဟိုထောင်ကြီးအတွင်း၌ ချုပ်နှောင်ထားခြင်း ခံနေခဲ့ရသူများထဲတွင် နိုင်ငံရေးသမားများ၊ စီးပွားရေးသမားများ၊ အစိုးရအမှုထမ်းအရာထမ်းများ၊ စာရေးဆရာ၊ သတင်းစာဆရာများ၊ ရုပ်ရှင်ဒါရိုက်တာများ၊ အလုပ်သမားများနှင့် ခါးပိုက်နှိုက်မှအစ မိန်းမထိန်း များပါမကျန် လူတန်းစားပေါင်းစုံပါဝင်လျက်ရှိလေသည်။
တရုတ်၊ ကုလား၊ မြန်မာ၊ ကရင်၊ ကချင်၊ ရှမ်း၊ ချင်းနှင့် မလေး စသော လူမျိုးပေါင်းစုံလည်း ပါဝင်လျက်ရှိလေသည်။ ဖဆပလ အစိုးရမကွဲမီ ပထမအကြိမ် ရန်ကုန်ထောင်၌ နေထိုင်ခဲ့ရစဉ်ကထက် ဗိုလ်ချုပ်နေဝင်းအစိုးရ လက်ထက်တွင် လူပေါင်း လည်းစုံ၍ များလည်း များသည်ကို တွေ့ခဲ့ရသည်။
နိုင်ငံရေးသမားများထဲတွင် ကွန်မြူနစ်၊ ပြည်သူ့ရဲဘော်၊ အလုပ်သမားပါတီ၊ ပမညတ၊ သန့်ရှင်းဖဆပလနှင့် အလံနီလူငယ့်တပ်ဦးတို့မှာ အများဆုံးဖြစ်လျက် တည်မြဲဖဆပလ နှစ်ယောက် သုံးယောက်ခန့်မျှသာ ခဏမျှတွေ့ရ ပြီးနောက် အာမခံရရှိသွားသဖြင့် ကံဆိုးသူများ စာရင်းမှ လွတ်မြောက်သွားကြသည်။
စီးပွားရေး သောင်းကျန်းသမားများထဲတွင် မာရဝါရီကုလားသူဋ္ဌေးများက အစ ကွမ်းယာသည်နှင့် မုန့်ဟင်းခါးသည်များကအထိ ပါဝင်သည်။ အစိုးရ အမှုထမ်း အရာထမ်း များထဲတွင်လည်း ဌာနပေါင်းစုံနှင့် ဘုတ်အဖွဲ့ပေါင်းစုံမှ တော်တော်ကလေး စုံလေသည်။ စာရေးဆရာ သတင်းစာဆရာများထဲတွင် ရန်ကုန်နေ့စဉ်သတင်းစာမှ ဦးယုမောင်၊ မြန်မာ့အလင်း သာဂဒိုး၊ ကြယ်နီမှ ကိုတင်ဦးနှင့်ကိုစံ၊ ဗိုလ်တထောင်မှ ဦးအောင်စိန်နှင့် ကြေးမုံမှ ကိုကြည်မြင့်တို့သည် ကံဆိုးကြလေသည်။ ရုပ်ရှင်ဒါရိုက်တာ ကိုမျိုးအောင်တယောက် လည်း ခေတ္တဝင်လာသေးသည်။ ယင်းသို့ ကံဆိုးသူ လူတန်းစားများထဲတွင် မည်သို့မျှ အတန်းအစား သတ်မှတ်၍ မဖြစ်သော ပုဂ္ဂိုလ်ကြီးနှစ်ဦးလည်း ပါဝင်လာကြသေးသည်။ ၎င်းတို့မှာ 'လူသေလူဖြစ်' ကျမ်းစာအုပ်ကို ရေးသားထုတ်ဝေခဲ့ကြသော တောင်တွင်း ဆရာတော် အရှင်ဥက္ကဋ္ဌနှင့် ပန်းတနော်ဆရာတော် အရှင်ဝါသဝတို့ဖြစ်ကြသည်။ နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ်မရှိ၍ ဖမ်းဆီးထားသော နိုင်ငံခြားသား တရုတ်ကုလားများမှာ များသောအားဖြင့် ကုလားအို၊ ကုလားနာနှင့် တရုတ်ကျိုး၊ တရုတ်ပဲ့များသာလျှင် များပြားလေ သည်။
ယင်းသို့ ကံဆိုးလျက်ရှိကြသော လူတန်းစားပေါင်းစုံနှင့် လူမျိုးပေါင်းစုံတို့ကို တွေ့ဆုံ သိကျွမ်း၍ ၎င်းတို့နှင့် ဘဝတူအဖြစ်ဖြင့် ရင်းရင်းနှီးနှီး ပေါင်းသင်းနေ ထိုင်ခဲ့ရသဖြင့် ၎င်းတို့၏ အကြောင်းကို အထိုက်အလျောက် မှတ်တမ်းတင် ရေးသားနိုင်ခွင့်ကို ကျွန်တော်သည် ရရှိခဲ့ခြင်းလည်း ဖြစ်လေသည်။ ရန်ကုန်ထောင်ကြီးအတွင်း၌ ဘဝတူကံဆိုးသူပေါင်း နှစ်ထောင် သာသာခန့် တွေ့ဆုံခဲ့ရသည့်အနက်၊ အများတကာထက် ထူးထူးခြားခြားကံဆိုးလှသူ 'ကြပ်ပြား' အမည်ရှိ တမီလ် ကုလားမဲကလေးတယောက်၏ အကြောင်းနှင့် အဖြစ်သနစ်ကို ရှေးဦးစွာ ရေးသားဖော်ပြခြင်းပြုလိုသည်။
(၂)
ကျွန်တော်တို့အားလုံးက ချစ်စနိုး၍ သူ့အား 'ကြပ်ပြား' ဟု ခေါ်လေ့ရှိကြသည်။ အခေါ်ရ လွယ်ကူစေရန်အတွက်လည်းဖြစ်သည်။ သို့ရာတွင် ၎င်း၏ နာမည်အရင်းနှင့် အမှန်မှာ 'ကယပ်မီးယား' ဟူ၍ ဖြစ်လေသည်။
ကယပ်မီးယားခေါ် ကြပ်ပြားသည် အိန္ဒိယနိုင်ငံတော်တိုင်းသား တမီလ်အမျိုးသား ကုလားမဲကလေး တယောက်မျှသာဖြစ်သည်။ ဆင်းရဲနွမ်းပါးသော သူ၏မိဘနှစ်ပါးတို့သည် အိန္ဒိယနိုင်ငံတော်အတွင်းမှ မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း (၃ဝ) သာသာခန့်က လယ်အလုပ်ကို ဝေးဝေးလံလံ လာရောက် လုပ်ကိုင်ရင်း သူ့အား ဖျာပုံနယ်ဘက်တွင် မွေးထုတ်လိုက်ကြသည်။ တမီလ် ကုလားမဲကလေးသာဖြစ်သော်လည်း ကြပ်ပြားသည် မြန်မာပြည်ပေါက် တို့ဗမာ ကုလားဖြစ်လေသည်။
လယ်လုပ်ကိုင်သော မိဘများနှင့်အတူ မြန်မာကျေးရွာများတွင် နေထိုင်ကြီးပြင်း၍ မြန်မာဘုန်းတော်ကြီးကျောင်းများတွင် ပညာသင်ကြားခဲ့ဖူးဟန်ရှိသဖြင့် ကြပ်ပြားသည် မြန်မာစကားကို ရေရေလည်လည် ပြောတတ်ဆိုတတ်ရုံမျှသာမက ဘုရားရှိခိုးအမျိုးမျိုးကို လည်း အထစ်အငေါ့မရှိဘဲ ရွတ်ဆိုတတ်လေသည်။ ပျင်းပျင်းရှိသောအခါလည်း ကျွန်တော် သည် ကြပ်ပြားကို လက်ဖက်ရည် တခွက်ဖျော်၍တိုက်ကာ ဘုရားရှိခိုးခိုင်းလေ့ရှိသည်။ တမီလ်သံဝဲဝဲနှင့် သူ၏ ဘုရားရှိခိုးသံကို ဘေးမှနားထောင်နေသည်မှာ ကြည်နူးလွမ်းဆွတ် ဖွယ်ရာ ကောင်းလေသည်။ "သြော်ကသာ.... သြော်ကသာ.... သြော်ကသာ" စသော အစချီသော အသံကလေးကအစ ချစ်စရာကောင်းသည်။ ကရုဏာသက်စရာ ကောင်းလေ သည်။
ကြပ်ပြားသည် ဘုရားရှိခိုးအမျိုးမျိုးကို ရွတ်ဆိုတတ်ရုံမျှသာမဟုတ်၊ ဘာသာတရားကို များစွာ ရိုသေကိုင်းရှိုင်းသော တမီလ်ကုလားကလေးတယောက်လည်း ဖြစ်လေသည်။ စစ်ဦးစီးချုပ် ဗိုလ်နေဝင်း အစိုးရလက်ထက် သာမဟုတ်ဘဲ၊ ဆဋ္ဌသင်္ဂါယနာတင် ယခင် ဝန်ကြီးချုပ်ဟောင်း ဦးနု၏ လက်ထက်၌ ဖြစ်ဘိမူ ကြပ်ပြားအား အထူးလျှော့ရက်များပေး၍ ရန်ကုန်ထောင်တံခါးကြီးကို ဖွင့်ကာတခါတည်း လွှတ်ပေးလိုက် လိမ့်မည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကြပ်ပြားသည် မင်္ဂလာတရားတော်ကို ခေါင်းပြန်၊ အမြီးပြန် ရွတ်ဆိုခြင်း ပြုတတ်ရုံမျှသာ မဟုတ်သေး၊ ထိုတရားတော်အတိုင်း လက်တွေ့ကျင့်သုံးခြင်း ပြုလျက်ရှိသော ဗုဒ္ဓဘာသာဝင် တို့ဗမာ တမီလ်ကုလားကလေး တယောက်ဖြစ်သောကြောင့် ပင်။
အိပ်ဆောင်တံခါးများမဖွင့်မီ ကြပ်ပြားသည် လောကနီတိဆရာ၏ သြဝါဒအတိုင်း အိပ်ရာမှ စောစောစီးစီးထလေ့ရှိသည်။ ထို့နောက် ဘုရားပန်းအိုးနှင့် သောက်တော်ရေများကို သန့်ရှင်းလဲလှယ်သည်။ ဘုရားသခင်၏ ကိစ္စပြီးစီးလျှင် ပြီးစီးချင်း "သြော်ကသာ.... သြော်ကသာ....သြော်ကသာ....." နှင့် ဘုရားဝတ်ပြုတော့သည်။ ယင်းသို့ ကြပ်ပြားဘုရား ရှိခိုးလျှင် အိပ်ရာမှနိုးနေကြပြီဖြစ်သော ကျွန်တော်တို့တသိုက်သည် မည်သူမျှ အိပ်ရာမှ မထကြသေးဘဲ ငြိမ်၍ နားထောင်နေတတ်ကြသည်။ ဘုရားရှိခိုးပြီးစီး၍ အမျှအတန်းပါ ဝေပြီးနောက် ကြပ်ပြားသည် လူထုလုပ်ငန်းကို စတင်လုပ်ကိုင်ခြင်း ပြုတော့သည်။ အိပ်ဆောင် ကို တံမြက်စည်းလှည်းကျင်းသည်။ အများသောက်ဖို့ ရေခပ်ထည့်သည်။ ထို့နောက် ရေနွေးများတည်ပေးသည်။
ကြပ်ပြားသည် ဘဝတူအကျဉ်းသားများနှင့် သက်ဆိုင်သော လုပ်ငန်းမှန် သမျှကို စေတနာသန့်သန့်ဖြင့် မပျင်းမရိ လုပ်ကိုင်ဆောင်ရွက်ပေးခြင်း ပြုတတ်သောကြောင့် ထိုမျိုးမတူ ဇာတ်ခြားသော တမီလ်ကုလားမဲကလေးကို ကျွန်တော်တို့အားလုံးက သနားချစ်ခင်ကြခြင်း လည်း ဖြစ်လေသည်။ ရပ်ဝေးအကျဉ်းသားတဦးအိမ်မှ ထောင်ဝင်စာမလာနိုင်၍ ဆေးလိပ်ပြတ် နေလျှင် သူ့အား ထိုမှ သည်မှ ဝိုင်းဝန်းစွန့်ကြဲပေးကမ်းကြသော ဆေးလိပ်ကလေးများထဲမှ မျှတ၍ ထောက်ပံ့ပေးကမ်းခြင်း ပြုတတ်သည်။ ဘဝတူအကျဉ်းသားတဦးဦး အိပ်ရာမှ မထနိုင်လောက်အောင် နေထိုင်မကောင်းဖြစ်လာသောအခါများတွင် ကြပ်ပြားသည် ထိုလူမမာ၏ ဆီးအိုးကို သူကိုယ်တိုင် မရွံမရှာ သွား၍ သွန်ကာ ဆေးကြောပေးခြင်းလည်း ပြုတတ်သည်။ ထိုလူနာ၏ အဝတ်အစားများကိုလည်း ဖွပ်လျှော်ပေးတတ်သည်။ ဘဝတူ အကျဉ်းသားတယောက်ယောက်က အားမနာ၍ ခိုင်းသည်ဆိုလျှင် ခိုင်းသမျှကို မငြိုမငြင်နှင့် လုပ်ကိုင်ပေးနိုင်သော အရည်အချင်းများသည် ကြပ်ပြား၌ အပြည့်အဝရှိသည်။ ထိုကဲ့သို့သော အရည်အချင်းကို ကြပ်ပြားသည် အဘယ်ကဲ့သို့ စုဆောင်းရရှိထားခဲ့သည်ကို မည်သို့မှ မတွေးတတ်သဖြင့် ကျွန်တော်သည် အံ့သြရုံမျှသာ အံ့သြနိုင်တော့သည်။
ကြပ်ပြားသည် ဘယ်တော့မှ ငြိမ်ငြိမ်သက်သက်ကလေးထိုင်နေသည်၊ သို့မဟုတ် လှဲနေသည်ဟူ၍ မရှိချေ။ သူသည် အမြဲလိုလို လှုပ်ရှားသွားလာနေသည်။ ထိုသို့ လှုပ်ရှား သွားလာနေသမျှသည်လည်း ဘဝတူအကျဉ်းသား တဦးဦး၏ ကိစ္စတခုခုကို ဆောင်ရွက် လုပ်ကိုင်ပေးနေခြင်းမျှသာ ဖြစ်လေသည်။ ထိုသို့ လုပ်ကိုင်သွားလာ နေရသည့်အတွက် ကြပ်ပြားသည် မောပန်းညောင်းညာခြင်း ရှိပုံလည်းမရချေ။ လူအများ၏အတွက် မပင်မပန်း လုပ်ကိုင်ခြင်း ပြုနိုင်သော ခွန်အားကို ထိုကုလားမဲကလေးသည် အဘယ်သို့ ရရှိထားသနည်း။ ကျွန်တော် တို့အားလုံးသည် ကြပ်ပြားကို အံ့သြရုံမျှသာ အံ့သြနိုင်ကြသည်။
အကျဉ်းထောင်အတွင်း၌ ကျရောက်နေသော လူသားတဦးတယောက်သည် မိမိ အတွက် ကုသိုလ်ကောင်းမှု၊ ကျန်းမာရေးနှင့် ပညာရေးများရရှိအောင် လုပ်ကိုင်ဆောင်ရွက် နိုင်ခွင့် များရှိလေသည်။ ကုသိုလ်ကောင်းမှုဆိုရာ၌ မိမိတို့ ယုံကြည်ကိုးကွယ်သော ဘာသာ တရားဆိုင်ရာလုပ်ငန်းများနှင့် လူထုလုပ်ငန်း များဖြစ်ကြသည်။ ကြပ်ပြားသည် အထက်တွင် ဖော်ပြခဲ့သော ဘာသာတရား ဆိုင်ရာ ကုသိုလ်ကောင်းမှုလုပ်ငန်းများနှင့် လူထုလုပ်ငန်းဆိုင်ရာ ကုသိုလ် ကောင်းမှုလုပ်ငန်းများများကို လုပ်ကိုင်ဆောင်ရွက်ခြင်း ပြုသည့်အပြင် ၎င်း၏ ဘာသာရေးနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများကိုလည်း ဂရုတစိုက်လုပ် ကိုင်ဆောင်ရွက် ခြင်း ပြုသည်များကို အံ့သြဖွယ်ရာတွေ့ရှိရသည်။
ကြပ်ပြားသည် ကျွန်တော်၏ထံမှ လစဉ်ထုတ်ဝေနေသော ရှုမဝ၊ သွေးသောက်နှင့် မြဝတီအစရှိသော မဂ္ဂဇင်းများကို မကြာခဏ ငှားရမ်းဖတ်ရှုခြင်း ပြုရုံမျှမက သူမဖတ်နိုင် ရှာသော နေးရှင်းသတင်းစာကို မချင့်မရဲ ကိုင်တွယ်ကြည့်ရှုရင်း သူ့အား အင်္ဂလိပ်စာသင်ပေးဖို့ ကျွန်တော့်အား တောင်းဆိုခြင်းပြုလေသည်။ အင်္ဂလိပ်စာကို တတ်ချင်ရှာသော ကြပ်ပြားသည် ကျွန်တော်က သူ့အားပေးနိုင်သော အချိန်နှင့်အားရဟန်မရှိသဖြင့် အလွန်တရာ သဘော ကောင်းသော ပြည်သူ့ရဲဘော်ပါတီ အတွင်းရေးမှူးချုပ်ဟောင်း ဗိုလ်အုန်းတင်ကိုလည်း ၎င်းအား အင်္ဂလိပ်စာသင်ပေးဖို့အတွက် မကြာခဏသွား၍ အပူကပ်လေ့ရှိသည်။ ယင်းသို့ အင်္ဂလိပ်စာ သင်ကြား၍ နှစ်လခန့်မျှကြာလျှင်ပင် အင်္ဂလိပ်စာသည် မြန်မာစာလောက် မခက်ခဲသည့် အကြောင်းနှင့် (၂) နှစ်လောက်သာ သေသေချာချာသင်ကြားခြင်းပြုရလျှင် ကောင်းကောင်း တတ်လိမ့်မည်ဟု ယုံကြည်ကြောင်းကို ထိုကုလားမဲကလေးက ထုတ်ဖော်ပြောဆိုခြင်း ပြုလေသည်။ အင်္ဂလိပ်စာပေကို ကျောင်းများ၌ ဆယ့်သုံးလေးနှစ်မျှ သင်ကြားခဲ့ရသည့် တိုင် အောင် ဘာမျှမတတ်ကြသေးသော ကျွန်တော်တို့ လူသိုက်က တအံ့တသြနှင့် အကြောင်းကို မေးမြန်းကြည့်ကြသောအခါ မြန်မာစာ၌ ဗျည်း (၃၃) လုံးမျှ ရှိသော်လည်း အင်္ဂလိပ်စာ၌ (၂၆) လုံးမျှသာရှိသည့်အကြောင်းကို ခပ်တည်တည်နှင့် ပြန်လည်ရှင်းလင်း ပြောဆိုလေသည်။ ၎င်းအပြင် သရများတွင်လည်း မြန်မာက အင်္ဂလိပ်ထက် (၉) လုံးမျှပင် များပြားနေသေး သည့်အကြောင်းကို ဆက်လက် ရှင်းလင်းနေပြန်သည်။
ပုလိပ်ရုံးကြီးဘေးမှနေ၍ ဗိုလ်ချုပ်နေဝင်းအစိုးရအား တပ်ရင်းချင်းတဦးစီ ယှဉ်ပြိုင် တိုက်ခိုက်ခြင်း ပြုရန် ချိန်းဆိုဗိုလ်တောင်းခဲ့ကြသော ပမညတ အတွင်းရေးမှူးချုပ် ဗိုလ်မြသွေး၊ ပြည်သူ့ရဲဘော် စစ်သေနာပတိဟောင်း ဗိုလ်အောင်နိုင်တို့နှင့် ကျွန်တော်သည် ရန်ကုန် ဗဟိုထောင် ဆေးရုံတိုက်ဘက်တွင်အတူ စုဝေးနေထိုင်ခဲ့ကြသော ရက်လများအတွင်းက ကျွန်တော်တို့ သုံးဦးစလုံးသည် မိမိတို့၏ ကျန်းမာရေးအတွက် သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ကြလေသည်။ သွေးတိုးရောဂါရှိသော ဗိုလ်မြသွေးက လမ်းလျှောက်ခြင်းကို ပြု၍ ဗိုလ်အောင်နိုင်က အလေးမသည်။ ကျွန်တော်ကတော့ စာရေးသူ အညောင်းသမားဖြစ်သဖြင့် မျဉ်းပြိုင်ဘားတွင် အညောင်းဖြေခြင်းပြုသည်။ ကျွန်တော်တို့ သုံးယောက်၏ ကိုယ်လက်လှုပ်ရှားမှုများကို အတန်ကြာမျှ အကဲခတ် ကြည့်ရှုပြီး နောက် ကြပ်ပြားသည် ဗိုလ်အောင်နိုင်၏ လမ်းစဉ်ကိုလိုက်ကာ အလေးမ လေ့ကျင့်ခန်းကို ပြုလုပ်လေသည်။ ကျွန်တော်က အလေးမသော လေ့ကျင့်ခန်းသည် အလွန်တရာပြင်းထန် သော ကိုယ်လက်လှုပ်ရှားမှုဖြစ်၍ အစားအသောက်နှင့် အအိပ်အနေကို များစွာ ဂရုစိုက် ရသည့်အကြောင်းကို သတိပေး ပြောဆိုခြင်းပြုလေသည်။ သို့ရာတွင် ဗိုလ်အောင်နိုင်နှင့်တကွ အခြားအလေးမသမားများ၏ အထစ်ထစ် အရစ်ရစ်ဖြစ်နေသော ကြွက်သားကြီးများကို အားကျ ကာ ၎င်းတို့ကဲ့သို့ ဖြစ်ချင်ရှာသော ကြပ်ပြားသည် ကျွန်တော်၏ သတိပေးခြင်းကို နားမဝင်ဘဲ သုံးလေးလခန့်မျှ ဗိုလ်အောင်နိုင်တို့လူသိုက်နှင့် အလေးမ လေ့ကျင့်ခန်းယူလေသည်။ ထိုသို့ ပင်ပန်းသော အလေးမလေ့ကျင့်ခန်းများကို ပြုလုပ်ရင်း အခြားအခြားသော ဗလမောင် များကဲ့သို့ လက်မောင်း၊ ပခုံးနှင့် ရင်အုပ် ကြွက်သားများထွက်မလာဘဲ တနေ့တခြား ဗိုက်ကလေးသာ ပူ၍ ပူ၍ ထွက်လာသောအခါ သူသည် ထိုလေ့ကျင့်ခန်းကို စိတ်ပျက် လက်ပျက်နှင့် တခါတည်း ရပ်ဆိုင်းလိုက်လေသည်။ "ကြပ်ပြားတို့ အလေးမလိုက်တာ ဗိုလ်သား တွေပဲ ထွက်လာပါကလားဟေ့" ဟု ဗိုလ်အောင်နိုင်က ချစ်စနိုး၍ ကျီစယ်လိုက်သော အခါတိုင်း တမီလ်ကုလားမဲကလေးသည် ရှက်ပြုံးကလေးပြုံးနေတတ်လေသည်။
ဤသို့ စိတ်သဘောထား ဖြူစင်မြင့်မြတ်၍ လူအများ၏ ကိစ္စကို စိတ်ရှည် လက်ရှည်နှင့် လုပ်ကိုင် ဆောင်ရွက်ခြင်း ပြုတတ်သော ကြပ်ပြားနှင့်အတူ ရန်ကုန် ထောင်အုတ်ရိုးများအတွင်း ၌ ရက် လ ကာလအတန်ကြာမျှ ရင်းရင်းနှီးနှီး နေထိုင်ခြင်း ပြုလာရသောအခါ ထိုဗုဒ္ဓဘာသာဝင် တမီလ်ကုလားမဲကလေး၏ နောက်ကြောင်းဘဝနှင့် ကံဆိုးခဲ့ရသော အကြောင်းများကို ကျွန်တော်သည် စိတ်ဝင်စားလာမိသည်။ သူ၏အကြောင်းကို သူ့အား တဖြည်းဖြည်း မေးမြန်း ကြည့်မိသည်။
(၃)
ကြပ်ပြားအား ၎င်း၏မိဘများသည် လွန်ခဲ့သည့် နှစ်ပေါင်း (၃ဝ) သာသာ ခန့်က ဖျာပုံနယ်ဘက်တွင် မွေးဖွားခဲ့ကြပြီးနောက်.... ၎င်းလူလားကောင်းစွာ မမြောက်မီ ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားကြလေသည်။ ၎င်းမိဘများ သေဆုံး ကြစဉ်က ကြပ်ပြားသည် (၁၅) နှစ်သားခန့်မျှသာ ရှိသေးလျက်...... မှီခိုအား ထားစရာ ဆွေမျိုး ညာတိကာများလည်း မရှိချေ။ ယင်းသို့ဖြင့်........ မိမိအားကို မိမိမနိုင်သေးသော အရွယ်မှစ၍ ၎င်းအပေါ်၌ ရန်စွယ်နှင့် ငေါငေါရှိလှသော ကမ္ဘာမြေပြင်ပေါ်တွင် တောအရိုင်း တိရစ္ဆာန်ကလေးတကောင်နှင့် ဘာမျှ မခြားသော ကြပ်ပြားသည် ရုန်းကန်ကြီးပြင်းလာခဲ့ရဟန်ရှိသည်။
သူ့အဖေသေဆုံးစဉ်က သူသည် စိတ်ထိခိုက်မှုနှင့် ကြောက်ရွံ့မှုများ မရှိလှသော်လည်း သူ၏ နောက်ဆုံး မှီခိုအားထားရာဖြစ်သော မိခင်သေဆုံးသွားသော ညကမူ သူသည် များစွာထိတ်လန့် ကြောက်ရွံ့ခဲ့ရသည့်အကြောင်းကို ကြပ်ပြားသည် အသံတုန်တုန်ရီရီနှင့် ပြန်လည်ပြောပြသည်။ ထိုညက လေပြင်းမုန်တိုင်းကျရောက်ကာ မိုးကြိုးများ ပစ်ခတ်ထစ်ချုန်း လျက်ရှိစဉ် သူသည် မိခင်၏အလောင်းကို တင်းကုတ်အတွင်း၌ သည်အတိုင်း ပစ်ထားခဲ့ပြီး နောက် ပြေးမိပြေးရာသို့ စွတ်ရွတ်၍ ထွက်ပြေးခြင်း ပြုခဲ့မိသည့် အကြောင်း အရာများကိုလည်း မျက်ရည်လေးဝဲကာဝဲကာနှင့်........ ပြောပြလေသည်။
"မင်းမိဘတွေ သေသွားကြတဲ့နောက်ပိုင်းမှာ မင်းဘယ်သူနဲ့နေသလဲကွ" ဟု ကျွန်တော်က မေးမြန်းလိုက်သောအခါ သူသည် ရုတ်တရက် အဖြေမပေးသေးဘဲ အတန်ကြာ မျှ ငိုင်၍နေသည်။
ကြပ်ပြားသည် သူ၏ အားကိုးရာ မိဘများ ကွယ်လွန်ခဲ့ကြပြီးသည့် နောက်ပိုင်းတွင် ရွာကျွန်ကလေးအဖြစ်နှင့် နေထိုင်ခြင်း ပြုခဲ့ရဟန်ရှိသည်။ သူသည် အိမ်တကာ၌ နေထိုင် စားသောက်ခြင်း ပြုရလျက် သူ၏ နေထိုင်စားသောက်ခအတွက် နွားကျောင်း၊ မြက်ရိတ်၊ ထင်းခုတ်နှင့် ကောက်ရိတ်ရသော အလုပ်အကိုင်များကို အမျိုးမျိုး လုပ်ကိုင်ခဲ့ရကြောင်း ပြောပြသည်။ ငါးဖမ်းသောအလုပ်၊ ထင်းခုတ်သောအလုပ်နှင့် ဆားချက်သော အလုပ်များ ကိုလည်း တော်တော်ကလေး နှံ့စပ်အောင် လုပ်ကိုင်ခဲ့ရသည့်အကြောင်း ဂုဏ်ယူသည့် အနေနှင့် အသေးစိတ်ပြောပြခြင်း ပြုသည်။
(၁၅) နှစ်သားအရွယ်ခန့်မှစ၍ သူနှင့်မျိုးမတူ ဇာတ်ခြားသော လူများ အကြားတွင် သူ့ဝမ်းကို သူကျောင်း၍ သူ့ကိုယ်ကို မွေးမြူခဲ့ရသော ကြပ်ပြားသည် ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ညောင်တုံးနှင့် လပွတ္တာစသော မြစ်ဝကျွန်းပေါ် အရပ်ဒေသတဝိုက်တွင် ရေကြည်ရာ မြက်နုရာအရပ်ကို လှည့်လည်ရှာဖွေရင်း ငါးနှစ်သာသာခန့်မျှ အချိန်ကုန်လွန် ခဲ့သည်။ ထိုငါးနှစ်မျှသော အချိန်ကာလအတွင်း သူသည် ကြပ်တည်းပင်ပန်းခြင်းရှိသော တိုက်ပွဲပေါင်း များစွာတို့ကို တိုက်ခိုက်၍ သူ၏ အသက်ကလေးတချောင်းကို လူ့လောက ကြီးအတွင်းမှပျောက်ကွယ်၍ မသွားရအောင် မွေးမြူခြင်းပြုခဲ့လေသည်။ သူ၏ ဝမ်းတထွာ အတွက် လုပ်ကိုင်ခြင်းပြုခဲ့ရသော လယ်အလုပ်၊ အင်းအလုပ်နှင့် ဆားချက်သော အလုပ် အကိုင်များကို ကြပ်ပြားသည် အောက်ခြေသိမ်းလုပ်ကိုင်ခဲ့ဖူးဟန်ရှိသဖြင့် ထိုအလုပ် အကိုင်များနှင့် ပတ်သက်၍ နားထောင်နေသူတဦး အံ့သြစိတ်ဝင်စားအောင် ပြောဆိုခြင်းပြု နိုင်လေသည်။
ယင်းသို့ မြစ်ဝကျွန်းပေါ်ဒေသတဝိုက်တွင် သူ၏ သမုဒ္ဒရာဝမ်းတထွာအတွက် အထူးထူး သော တိုက်ပွဲကို ဆင်နွှဲ၍ သူ၏ အသက်တချောင်းကို ရဲရင့်သော လူသားပီပီ မွေးမြူခြင်း ပြုခဲ့သော ကြပ်ပြားသည် အဘယ့်ကြောင့် ရန်ကုန်မြို့တော်ကြီးသို့ ရောက်ရှိလာခဲ့ပြီး နောက် ဆုံး၌ အဘယ်အကြောင်းကြောင့် ရန်ကုန်မြို့တော်ကြီးအတွင်းသို့ ဆက်လက်ချီတက် လာခဲ့ရသည့် အကြောင်းများကို သေသေချာချာသိရှိလိုသေးသဖြင့် "ဒါထက် မင်းခုလို ဖျာပုံတို့၊ ဘိုကလေးတို့ ဘက်မှာနေရာက ရန်ကုန်မြို့ကို ဘယ်လိုဖြစ်ပြီး ရောက်လာရတာလဲဆိုတာ ကော ပြောပြစမ်းပါဦးကွာ" ဟု ကျွန်တော်က ဆေးပေါ့လိပ်တလိပ်ကို မီးခြစ်နှင့် အတူ လှမ်း၍ပေးရင်း တီးခေါက်မေးမြန်းကြည့်မိသည်။
"ဒီအကြောင်းကို မေးမနေပါနဲ့တော့ အကိုရာ" ဟု စိတ်ပျက်လက်ပျက်နှင့် ညည်းညည်း ညူညူ ပြောဆိုလိုက်ပြီးနောက် ကျွန်တော်လှမ်းပေးလိုက်သော ဆေးပေါ့လိပ်ကို မီးညှိကာ သင်္ဘောခေါင်းတိုင်မှ မီးခိုးထုတ်နေသည်နှင့်မခြား မီးခိုးတလူလူထွက်လာအောင် ဖွာလေသည်။ သူ၏ စကားသည် မဆုံးသေးသဖြင့် နောက်ထပ်ဆက်လက်ပြောဆိုဦးမည့်စကားကို ကျွန်တော်သည် နားရွက်မျှပင် မခတ်ဘဲ ငြိမ်သက်စွာ စောင့်ဆိုင်းနားထောင်နေမိသည်။ ဆေးပေါ့လိပ်ကို အားရကျေနပ်လောက်အောင် ဖွာပြီးကာမှ "ရန်ကုန်ကို ကျနော်မလာချင်ဘူး အကို၊ တကယ်ပါ ဘုရားစူး၊ ဒါပေမယ့် မလာရင်မဖြစ်လို့ လိုက်လာခဲ့ရတာပါ" ဟု ဆက်လက် ပြောဆိုလိုက်ပြန်သည့်အတွက် ဖျာပုံ၊ ဘိုကလေး အစရှိသော တောအရပ်ဒေသများထက် အစစအရာရာတွင် သာလွန်သော ရန်ကုန်မြို့တော်ကြီးသို့ မလာလိုဘဲ လိုက်လာခဲ့ရ သည်ဆိုသော ထိုကုလားမဲကလေးကို ကျွန်တော်သည် ပို၍ စိတ်ဝင်စားလာသည်။ ထို့ကြောင့် "မင်းဟာက မလာချင်ဘဲနဲ့များတောင် ထောင်ကျခံရအောင် တမင်သက်သက်လာခဲ့တာများ အံ့ပါရဲ့ကွာ" ဟု ၎င်း၏ဝမ်းတွင်းမှ အံထွက်လာအောင် ခပ်ဆောင့်ဆောင့်ကလေး ထိုးဆွပေး လိုက်သည်။
"တောမှာက ငြိမ်းချမ်းရေးမရှိတော့ဘူးအကို၊ ခဏခဏစစ်တိုက်နေတယ်။ ငြိမ်းချမ်းရေး မရှိဘူး၊ စစ်ခဏခဏ တိုက်နေတယ်နော်....... ကျနော်တို့ ဆင်းရဲသား ဘာလုပ်စားမလဲ အကို"
ထိုသို့ ပြောဆိုလိုက်သည့်အတွက် ကျွန်တော်သည် တမီလ်ကုလားကလေးအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများထက် အထင်ကြီးသွားမိသည်။ အဘယ်ကြောင့်ဆိုသော် ဘဝအတွေ့ အကြုံမှ မှန်ကန်သောစကားကို ပြောဆိုနိုင်ခြင်းကြောင့် ဖြစ်လေသည်။ သို့ရာတွင် သူ့ဝမ်းထဲ တွင်ရှိသောစကားများ အကုန်လုံးထွက်ကျလာအောင် "ဟေ့ တောမှာ ငြိမ်းချမ်းရေးမရှိရအောင် ဘာ တွေဖြစ်နေလို့လဲကွ" ဟု ကျွန်တော်က အတည်ပေါက်နှင့် ပြန်၍မေးလိုက်သည်။
"အာရေ ဘာဘာ" ကြပ်ပြားသည် ကျွန်တော့်အား များစွာ အထင်သေး သွားသကဲ့သို့ ညည်းညူလိုက်သည်။ သို့ရာတွင် ကျွန်တော်သည် ဣနြေ္ဒမပျက်ဘဲ "မင်း ဘာဘာကို ဘေးချိတ်ထားပီး တောမှာ ဘာတွေဖြစ်နေသလဲဆိုတာကို ပြောပြစမ်းပါဦးကွ" ဟု ခပ်တည် တည်နှင့် ဟောက်လိုက်ရသည်။
"အကိုတို့ရန်ကုန်မှာနေတယ်နော်၊ တောမှာ ဘာတွေဖြစ်နေသလဲ ကောင်းကောင်းမသိ ဘူး"
"တောမှာ ဘာတွေဖြစ်နေလို့တုန်းကွ၊ မင်းဟာက ပြောပဲ ပြောစမ်းပါဦး"
"အာရေ ဘာဘာ၊ တောမှာနော် တော်လှန်ရေးသမား အမျိုးမျိုးရှိတယ် အကို၊ ကွန်မြူနစ်၊ ပြည်သူ့ရဲဘော်၊ အလံနီ၊ ကော်သူလေး အများကြီးပဲ အကို၊ ဒါတွေကို အကိုတို့မြို့မှာ မသိဘူးလား" ကြပ်ပြားက တော်လှန်ရေးသမားတွေဆိုသော ဝေါဟာရကို ထည်ထည်ဝါဝါ သုံးစွဲခြင်းပြုလိုက်သည့်အတွက် ကျွန်တော်သည် ထိုရွာကျွန် ကုလားကလေးအား အထင်ကြီး လိုက်ရပြန်သည်။ ထို့ကြောင့် "ကောင်းကောင်းမသိလို့ ပြောပြစမ်းပါဦးကွ" ဟု ခပ်တည်တည် နှင့်ပင် အပြောခိုင်းရပြန်လေသည်။
"ဒီတော်လှန်ရေးသမားတွေကလဲ သိပ်ခက်ပါတယ်အကို၊ သူတို့အားလုံး အစိုးရကို တိုက်သလို အချင်းချင်းလဲ တိုက်နေကြတယ်။ တခါတလေ ဘယ်သူ့ကို ဘယ်သူက တိုက်မှန်းတောင် မသိတော့ဘူး။ ဒီလို စစ်ခဏခဏ တိုက်နေတော့ ကျနော်တို့ ဘာသွားလုပ်စားရမလဲအကို၊ တောမှာအလုပ်လုပ်စားဖို့ သိပ်ခက်တယ်၊ အရင်အင်္ဂလိပ် ဆပ်တွေတုန်းကလို မလွယ်ဘူးအကို"
"တော်လှန်ရေးသမားတွေ အချင်းချင်းလဲ တိုက်ကြတာ တကယ်ပဲလားကွ၊ ကြပ်ပြားရဲ့"
"ရန်ကုန်ကို ကျနော်ထွက်ပြေး မလာခင် ကံဘောက်ရွာမှာ တနှစ်လောက် လယ်လုပ်တယ်အကို၊ အဲဒီတနှစ်အတွင်းမှာ ကျနော်နေတဲ့ ကံဘောက်ရွာကို ပထမ အစိုးရအုပ်ချုပ်တယ်၊ နောက် ကော်သူလေးအုပ်ချုပ်တယ်၊ ကော်သူလေး ပြီးတော့ ပြည်သူ့ရဲဘော်၊ ပြီးတော့ ကွန်မြူနစ်တပ်နီ လာတယ်၊ တပ်နီကို အလံနီက တိုက်ပြီး အုပ်ချုပ်တယ်၊ အလံနီပြီးတော့ ဓားပြတွေလာတယ်၊ ဓားပြပြီးတော့ အစိုးရပြန်လာတယ်။ အဲဒီလို တယောက်တလှည့် အုပ်ချုပ်ပြီး အစိုးရ တမျိုးလာရင် အခွန်တော် တခါတောင်းတယ်၊ ဒီတော့ ကျနော်တို့ ဆင်းရဲသားတွေ ဘာလုပ်စားဦးမလဲအကို"
"ဟေ၊ ဒါလောက်တောင်မှပဲလားကွ"
"ကျွန်တော် လိမ်မပြောဘူးအကို ဘုရားစူး"
"ကျိန်မနေပါနဲ့ကွာ၊ မင်းပြောတာ ငါယုံပါတယ်"
"နောက်ပြီးတော့ ရှိသေးတယ်အကို၊ ကော်သူလေးက အစိုးရကို မကောင်း ဘူးပြောတယ်၊ ပြည်သူ့ရဲဘော်က ကော်သူလေး မကောင်းဘူးပြောတယ်၊ ကွန်မြူနစ်က ပြည်သူ့ရဲဘော်ကို အချောင်သမားပြောတယ်၊ ကွန်မြူနစ်ကို အလံနီက အလကားကောင်တွေ လို့ ပြောတယ်၊ ဒမြက အလံနီကို သောင်းကျန်းသူလို့ ပြောတယ်၊ ဒမြကို အစိုးရက ကာကွယ်ရေးလို့ခေါ်တယ်။ ဒီလိုအမျိုး ပြောနေတာကို ကျနော်တို့က ဘာယုံရမလဲအကို၊ စဉ်းစားကြည့်စမ်းပါဦး"
ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရနှင့်တကွ တော်လှန်ရေးသမားဆိုသူ များအားလုံးကို ၎င်းနားလည်သလောက် ရိုးရိုးသားသား ဝေဖန်ပြစ်တင်လျက် ရှိသော ကြပ်ပြားကဲ့သို့ ကုလားမဲကလေးအား ကျွန်တော်သည် မလေးစားဘဲ မနေနိုင်တော့ချေ။ သို့ရာတွင် ၎င်း၏ သဘောထားကို တိတိကျကျ သိရှိနိုင်ရန် အတွက် "ဒီအထဲမှာ မင်း ဘယ်သူ့ကို သဘောအကျဆုံးလဲကွ" ဟု ကျွန်တော်က ရုတ်တရက်မေးမြန်းလိုက်မိသည်။ ကြပ်ပြားသည် ကျွန်တော်၏ အမေးကို ဘာမျှစဉ်းစားခြင်းပြုရန်မလိုသကဲ့သို့ "အားလုံးကို ကြိုက်တယ်အကို၊ နောက်ပြီး အားလုံးကို မကြိုက်ဘူး" ချက်ချင်းပြန်လည်ပြောဆိုလိုက်သဖြင့် ကျွန်တော်ပင် ကြောင်သွားသည်။ သူ၏စကားကို အချိန်ယူ၍ စဉ်းစားပြီးမှ "မင်းဟာက အဓိပ္ပာယ်မရှိပါဘူးကွာ" ဟု ပြန်ပြောလိုက်ရလေသည်။
"ရှင်းပါတယ်အကို၊ အားလုံးကို ကြိုက်တာက သူတို့အားလုံး လူထုအတွက် ကောင်းအောင်လုပ်ပေးမယ် ပြောလို့ ကြိုက်တာပဲ။ အားလုံးကို မကြိုက်ဘူးဆိုတာက သူတို့ပါးစပ်က ပြောသလို ဘာမှ မလုပ်ပေးနိုင်လို့ပေါ့ အကို"
ကျွန်တော်သည် တမီလ်ကုလားမဲကလေးကို လက်မြှောက်လိုက်ရသည်။ ၎င်း၏ မြစ်ဝကျွန်းပေါ်ဒေသတဝိုက် စွန့်စားခန်းများကို မေးမြန်းခြင်း မပြုဝံ့တော့ဘဲ ရန်ကုန်စွန့်စားခန်း ကို ဆက်လက်မေးမြန်းကြည့်ရသည်။
မိုးလိုက်လို့ရွာ ပထမပိုင်းပြီး။

No comments:
Post a Comment