Thursday, October 23, 2008

ဗန်းမော်တင်အောင်၏ဘ၀ကောက်ကြောင်း
ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အောက်တိုဘာ ၂၀၀၈။


အဖ ချင်းအမျိုးသားခရစ်ယန်တရားဟောဆရာ (ကျောင်းဆရာ) ဦးမောင်နေနှင့် အမိ ဒေါ်စောမြိုင်တို့မှ ၁၉၂၀ ပြည့်နှစ်၊ ဇွန်လ (၉)ရက်နေ့တွင် ပဲခူးမြို့၌ ဖွားမြင်သည်။ အမည်ရင်း ဦးတင်အောင်၊ ငယ်နာမည် တင်ဦးဖြစ်ပြီး မွေးချင်းသုံးယောက်အနက် အကြီးဆုံး သားဖြစ် သည်။
၁၉၂၆-၂၉ တွင် ပဲခူး အေဘီအမ်ကျောင်း၊ ၁၉၂၉-၃၁ တွင် တောင်ငူ အေဘီအမ်ကျောင်း၊ ၁၉၃၁-၃၂ တွင် စစ်ကိုင်း အေဘီအမ်ကျောင်း၊ ၁၉၃၂-၃၅ တွင် ဗန်းမော် အေဘီအမ်ကျောင်းတို့တွင် သတ္တမတန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၃၅-၃၈ တွင် ရန်ကုန်ဟိုက်စကူးကျောင်းမှ ဆယ်တန်းအောင်သည်။



ဆယ်တန်းအောင်မြင်ပြီးနောက် ၁၉၃၈ ခုနှစ်တွင် မြန်မာ့အလင်းသတင်းစာ၏ အလုပ်သင်သတင်းထောက်အဖြစ် စတင်လုပ်ရင်း ဘာသာပြန် အယ်ဒီတာ ကိုဘဟိန်းနှင့် တွေ့ဆုံရင်းနှီးခဲ့သည်။ ၁၉၃၆-၃၈ ကာလများအတွင်း ကျောင်းသားသမဂ္ဂလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ၁၉၃၈ ခုနှစ်၌ပင် မောင်တင်အောင် ကလောင်အမည်ဖြင့် 'ဘုန်းမေ့နိုင်ဘူး' ၀တ္ထု ရေးသားခဲ့သည်။ ထိုမှ ဆက်လက်၍ မြန်မာ့ရုပ်ရှင်၊ ဘားမားဂျာနယ်၊ မြန်မာ့တာဝန်မဂ္ဂဇင်း များတွင် ၀တ္ထုများ ရေးသားခဲ့သည်။ ၁၉၃၉ တွင် 'မဟာအောင်' ကလောင်အမည်ဖြင့် 'ဂျာနယ်ကျော်' တွင် 'စစ်ထွက်ယောက်ျား' ၀တ္ထုကို ရေးသားခဲ့သည်။
၁၉၃၉-၄၀ တွင် စတီးဘရားသားကုမ္ပဏီတွင် သစ်ကိုယ်စားလှယ်၊ ၁၉၄၁-၄၂ တွင် ဗြိတိသျှစစ်တပ်၊ အထက်ဗမာပြည်တပ်ရင်းတွင် တပ်စုမှူးတာဝန်ထမ်းဆောင်သည်။ ၁၉၄၂ တွင် ဗန်းမော်သူ မခင်ဦးနှင့် လက်ထပ်သည်။ ၁၉၄၂-၄၅ တွင် သစ်တောဌာန သစ်ဖြတ် ၀န်ထောက်လုပ်ရင်း အာရှလူငယ်အစည်းအရုံးတွင် ပါဝင်လှုပ်ရှားခဲ့သည်။ ဖက်ဆစ်ဆန့်ကျင် ရေး မြေအောက်လှုပ်ရှားမှုများတွင်လည်း ပါဝင်ခဲ့သည်။ ဘီအိုင်အေ၊ ဘီဒီအက်ဖ်တို့တွင် ပါဝင်ခဲ့သည်။ ၁၉၄၅-၄၆ တွင် ပြည်မြို့ စတီးဘရားသား သစ်ကိုယ်စားလှယ်အဖြစ် အမှုထမ်း သည်။ ၁၉၄၅ နိုဝင်ဘာလထုတ် 'ဂျာနယ်ကျော်' တွင် ပါဝင်သော 'နော်မူဂေး' ၀တ္ထုတိုမှ စတင်၍ ဗန်းမော်တင်အောင် ကလောင်အမည်ကို ယူပြီး ရေးသားခဲ့သည်။ ၁၉၄၆-၄၉ တွင် သစ်ကုန်သည်၊ သစ်အ၀ယ်တော် လုပ်ငန်းများ လုပ်ကိုင်နေရင်း 'ဘုန်းမောင်တယောက် တည်းရယ်' အမည်ဖြင့် ပထဆုံး လုံးချင်းဝတ္ထုကို ၁၉၄၇ တွင် ထုတ်ဝေခဲ့ရာ၊ စစ်ပြီးခေတ် စာပေလောက၌ ဗန်းမော်တင်အောင်ဟူသော ကလောင်တချောင်းကို ထင်ရှားကျော်ကြား စေခဲ့သော အထင်ရှားဆုံးမှတ်တိုင်တခု ဖြစ်ခဲ့သည်။
၁၉၄၈ ခုနှစ်တွင် 'လွမ်းရစ်တော့သက်လှယ်ရယ်' ၀တ္ထုကို ထုတ်ဝေခဲ့သည်။ ၁၉၄၉ တွင် သစ်လုပ်ငန်း ရပ်ဆိုင်းလိုက်ပြီး၊ ဒဂုန်တာရာ ထုတ်ဝေနေသော 'တာရာ'မဂ္ဂဇင်းတွင် တွဲဖက်အယ်ဒီတာ တာဝန်ယူကာ လုပ်ဆောင်ပေးခဲ့သည်။
၁၉၅၀-၅၂ တွင် လင်းယုန်ဂျာနယ်ကို စတင်ထုတ်ဝေခဲ့ပြီး ထိုခေတ်က ဖဆပလ အစိုးရ၏ ဟာကွက်၊ ပျော့ကွက်၊ အားနည်းချက်များကို ထောက်ပြဝေဖန်အကြံပေး ရေးသားခဲ့သည်။ ၁၉၅၁-၅၂ ခုနှစ်တွင် လင်းယုန်သတင်းစာကိုပါ ပူးတွဲထုတ်ဝေခဲ့သည်။ ၁၉၅၇-၅၉ တွင် လင်းယုန်ဂျာနယ်ကို ဒုတိယအကြိမ်အဖြစ်လည်းကောင်း ထပ်မံ ထုတ်ဝေခဲ့ လေသည်။ ဗမာစာပေမဂ္ဂဇင်းထုတ်ဝေသူနှင့် အယ်ဒီတာအဖြစ်လည်း ဆောင်ရွက်ခဲ့ သေးသည်။
အမေ၊ သူပုန်ကြီးနှင့် ပြည်တော်သာခင်ခင်ဦး ၀တ္ထုများကို ရေးသားထုတ်ဝေခဲ့သော ကြောင့် ၁၉၅၂ တွင် ဖမ်းဆီးခံရပြီး ပုဒ်မ (၅) ဖြင့် ထောင် (၇) နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ ထောင်တွင်း၌ ၅ နှစ်နီးပါးနေခဲ့ရပြီး၊ ဆဌမသံဃာယနာတင် အထိမ်းအမှတ် လျှော့ရက်များဖြင့် ၁၉၅၇ တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။
၁၉၅၁ မှ ၁၉၆၃ ခုနှစ်များတွင် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်(ဗမာနိုင်ငံ)၏ ကော်မတီဝင် အဖြစ်လည်းကောင်း၊ အတွင်းရေးမှူးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ တပည့်အဖြစ်ခံယူကာ သခင်ရွှေ၊ တော်ဘုရားလေး၊ ဦးထွန်းတင်၊ ဒဂုန်တာရာ အစရှိသော ပုဂ္ဂိုလ်များနှင့်အတူ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ၁၉၅၈ မှ ၁၉၆၀ အထိလည်း ဒုတိယအကြိမ် အကျဉ်းကျခံရသည်။
၁၉၆၃ တွင် ဆိုရှယ်လစ်ဋီကာနှင့် ဆိုရှယ်လစ်အဘိဓာန်စာအုပ်များ ထုတ်ဝေခဲ့ပြီး၊ ကမ္ဘာပေါ်ရှိ ဆိုရှယ်လစ်အမျိုးမျိုးကို ခွဲခြမ်းစိတ်ဖြာပြခဲ့သည်။ ထိုနှစ်တွင် စာရေးဆရာများ သမဂ္ဂ၏ ဥက္ကဌဖြစ်လာခဲ့သည်။ ၁၉၆၄ တွင် 'ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း' စာအုပ်ကို ထုတ်ဝေခဲ့သည်။ ၁၉၆၃ တွင် ထပ်မံ ဖမ်းဆီးခံရပြီး ၁၉၆၈ မှ ၁၉၇၂ ခုနှစ်အတွင်း၊ သခင်ခင်အောင်၊ မြသန်းတင့်၊ လေထီးအုန်းမောင်၊ ဦးခင်မောင်မြင့်၊ ဆရာရာဂျန် တို့အပါအ၀င် အခြားပုဂ္ဂိုလ်များနှင့်အတူ ကိုကိုးကျွန်းသို့ပို့ပြီး ထိန်းသိမ်းခံခဲ့ရလေသည်။
ဆရာဗန်းမော်တင်အောင်သည် လုံးချင်းဝတ္ထု (၄၅) အုပ် နှင့် ၀တ္ထုတိုများစွာ၊ ဆောင်ပါးများစွာ၊ ၀တ္ထုတိုပေါင်းချုပ်၊ မဂ္ဂဇင်းဝတ္ထုရှည်များ၊ သိပံ္ပကျမ်း၊ နိုင်ငံရေးသဘောတရား ကျမ်းများ ရေးသားခဲ့ပြီး စာအုပ်အဖြစ်မထုတ်ဝေရသေးသော စာမူများမှာ လူ၊ ဘာသာ နှင့် ရန်ကုန်မြို့တော်ပုံပြင်များစာအုပ်တို့ ဖြစ်သည်ဟု သိရသည်။
ဆရာဗန်းမော်တင်အောင်သည် ဒုတိယကမ္ဘာစစ်ကြီးပြီးချိန်မှစ၍ ကွယ်လွန်ချိန်အထိ တိုင်အောင် မြန်မာစာပေလောကတွင် အထူးထင်ရှားကျော်ကြားသော စာရေးဆရာကြီးတဦး ဖြစ်ခဲ့သည်။
၁၉၇၈ ခုနှစ် အောက်တိုဘာ ၂၃ ရက် ညဦး ၇ နာရီ၁၀မိနစ်တွင် အဆုတ်ကင်ဆာ ရောဂါ ဖြင့် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၅၉ နှစ်အတွင်း ရောက်ရှိနေပြီး၊ ဇနီးဒေါ်ခင်ဦးနှင့် သားသမီး (၆)ယောက် ဖြစ်သော ဒေါ်တင်သန်းယု၊ ဒေါ်ခင်မာကြည်၊ ဒေါ်လုလု၊ ကိုဗဟိန်းအောင်၊ မအေးအေးမွန်၊ ကိုကျော်ဇောအောင်တို့ ကျန်ရစ်ခဲ့သည်။
၁၉၉၈ တွင် ပန်းရိုင်းမြေစာပေမှ ဆရာ မကွယ်လွန်ခင် မိုးဝေစာပေမဂ္ဂဇင်းတွင် အခန်းဆက် ရေးသားဖြစ်ခဲ့သော 'ဂျက်လန်ဒန်၊ သူ့ဘ၀၊ သူ့စာပေ' စာအုပ်ကို ထုတ်ဝေခဲ့သည်။

ရည်ညွှန်းကိုးကားစာအုပ်များ
၁။ ဒဂုန်ရွှေမျှား၊ မြန်မာနိုင်ငံစာပေဆုများ
၂။ ရှုမ၀မဂ္ဂဇင်း ၁၉၇၈ ဒီဇင်ဘာလ
၃။ အောင်ကျော်ဆန်း၊ ဗန်းမော်တင်အောင် စာပေနဲ့ဘ၀ဖြစ်စဉ်ရက်စွဲသမိုင်း (စာမူ)
၎။ ဗန်းမော်တင်အောင် ဒီကာ
၅။ ရာပြည့် ဦးစိုးညွန့် (စုစည်းတည်းဖြတ်) ၂၀ ရာစု မြန်မာစာရေးဆရာ ၁၀၀

No comments: