Wednesday, September 25, 2013

မိခင်ဂုဏ်ရည် ရေးသူ - နီမော်



မိခင်ဂုဏ်ရည်

(၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကွယ်လွန်သော ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ ဇနီး ဒေါ်သန်းစိန်အား ဂုဏ်ပြုခြင်း)

May 10, 2013 at 9:38am နီမော် facebook မှာတင်ထားတဲ့ note မှ ကူးယူဖော်ပြပါတယ်….။




    ပေဖူးလွှာ xxx ပေဖူးလွှာ xxx ပေဖူးလွှာ xxx ရင်မှာပိုက်ပါလို့ xxx လိုက်ခဲ့မယ်တဲ့ သူဟန်ပြင် xxx
    ပျိုလေးတို့ အိမ်ခေါင်မိုး xxx ထိုးလာပါတဲ့ ပေဖူးလွှာ xxx ဘာစာတွေလဲလို့ xxx မေးရတယ် xxx မေးပါနဲ့အေ သြော် မေးပါနဲ့အေ  xxx ခင့်ကိုလေ xxx သူမသနား xxx နယ်ခြားကိုတဲ့ စစ်ချီ ကာနေ xxx စစ်မြေပြင် xxx တစ်နယ်တစ်ကျေးဆီက xxx ပေးလာတဲ့ xxx လွမ်းစာကွဲ့လေး xxx လွမ်းစာကွဲ့လေး xxx

    တစ်ကျွန်းစီနေ xxx တစ်မြေစီခြားပေမယ့် xxx စစ်သား xxx မချစ်အားခဲ့ပေ xxx ဆွေး xxx မပြေ xxx ဆွေးမပြေ xxx ခွေယိုင်ကာလွမ်းပေမယ့် xxx တိုင်းပြည်တာဝန် ၀တ္တရားမပျက် အောင် ထမ်းဆောင်နေတဲ့ ဇာနည်မောင်ရေ xxx အောင်သပြေ တောင်းဆုချွေ xxx ဘေးဘယာ ဝေးကွာ xxx အေးမြစေ xxx စိန္တေမြတ်ဘုရားမယ်လေ xxx (ချစ်ရေးကို အမှုမထားဘဲလေ  xxx စစ်ရေးကို ဂရုထားလို့လေ)၂ မေမှာပါရစေ xxx ချစ်သက်ဝေ xxx သြော် ချစ်သက်ဝေစာခွေ xxx ပါးလိုက်ပါရစေ xxx

    ကျွန်မဟာ ဗဟိုဌာနချုပ်ရှိ အန်တီ ဒေါ်သန်းစိန်အိမ်ကို ရောက်တဲ့အခါတိုင်း အဆိုတော်ကြီး ဒေါ်တင်တင်မြရဲ့ ပေဖူးလွှာသီချင်းကို မှတ်မိသရွေ့ဆိုပြီး အန်တီဒေါ်သန်းစိန်ကို မေးခွန်းထုတ်မိ ပါတယ်။ လင်ယောက်ျားဖြစ်သူ ရှေ့တန်းစစ်မြေပြင်ကိုထွက်တိုင်း နောက်တန်းမှာ ကျန်ရစ်ခဲ့တဲ့ အိမ်သူသက်ထားရဲ့ ခံစားချက်တွေကို ကြုံရင်ကြုံသလို မေးမိတတ်ပါတယ်။ ကျွန်မမေးသမျှ၊ စစ်စုသမျှ တွေကို အန်တီဒေါ်သန်းစိန်က ရဲဘော်ဦးတင် ခေါ် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောအတွက် သိုးမွေးဆွယ်တာထိုးရင်းက စိတ်ရှည်လက်ရှည် ပြောပြ၊ ရှင်းပြတတ်တယ်လေ။

    ဒီလိုပဲပေါ့ သမီးရယ်၊ ပေဖူးလွှာသီချင်းထဲကလိုပဲပေါ့။ စစ်ဗိုလ်၊ စစ်သား ဇနီးမယားဆိုတာ အချစ်ရေး၊ အိမ်ထောင်ရေး၊ မိသားစုအရေးထက် စစ်ရေးကို ဦးစားပေးရတာပဲပေါ့။ ၁၉၅၃-၁၉၅၄ ခုနှစ်၊ တရုတ်ဖြူ ကျူးကျော်တဲ့ရန်ကို တွန်းလှန်တဲ့ ဘုရင့်နောင်စစ်ဆင်ရေး၊ ရန်ကြီးအောင်စစ်ဆင်ရေး စစ်ပွဲဖြစ်တုန်းက သမီးတို့ ရဲဘော်ဦးတင်က အသက် (၃၄)နှစ်ပဲရှိသေးတာ။ အန်တီဖြင့်လေ မြို့မှာ ကလေးတွေနဲ့ ကျန်ခဲ့ရတာဆိုတော့ လူမမယ်ကလေးတွေကို ပြုစုစောင့်ရှောက်ရတာ၊ အားပေးရတာ။ ရဲဘော်ဦးတင်အတွက်လည်း ဘုရားမှာ သပြေပန်းတွေနဲ့ စစ်ပွဲအောင်နိုင်ဖို့ တောင်းဆုချွေရတာ မောရပန်းရမှန်း မသိပါဘူးသမီးရယ်။ ရဲဘော်ဦးတင် ပြန်ရောက်လာမှပဲ စိတ်နှလုံး ဒုန်းဒုန်းချနိုင်တော့ တယ်ကွယ်။

    ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောခေါ် ရဲဘော်ဦးတင်ရဲ့ ဇနီး ဒေါ်သန်းစိန်ဟာ သာယာဝတီခရိုင် သုံးဆယ်မြို့သူပါ။ သာယာဝတီအရေးပိုင် ရုံးအုပ်စာရေးကြီး ဦးဘအုန်းနဲ့ ဒေါ်တင်တို့ရဲ့ တစ်ဦးတည်း သောသမီး။ မိဘများရဲ့ ချစ်မငြီးတဲ့ သမီးပါ။ ဗိုလ်မှူးချုပ် ကျော်ဇောခေါ် သခင်ရွှေဟာ အသက် (၂၆)နှစ် အရွယ် ၁၉၄၅ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက်မှာ ငယ်ရည်းစားဖြစ်သူ အန်တီဒေါ်သန်းစိန်နဲ့ လက်ထပ်ပွဲ ကျင်းပခဲ့တယ်။ အန်တီရဲ့ မိခင်၊ ဖခင်တို့က ချမ်းချမ်းသာသာရှိတဲ့ သမီးရဲ့ဘ၀ကို စစ်ဗိုလ်၊ စစ်သားနဲ့ လက်ထပ်ပြီး မုဆိုးမဖြစ်မှာ အလွန်ပူပန်ကြကြောင်း၊ ဆွေမျိုးမိဘများကို လွန်ဆန် ပြီး ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ပါရမီဖြည့်ဘက် ဇနီးဘ၀ ခံယူခဲ့တာဖြစ်ကြောင်း၊ ဒါကြောင့် အန်တီဟာ ခင်ပွန်းဖြစ်သူ ဘယ်ဘ၀၊ ဘယ်အခြေအနေရောက်ရောက် ခင်ပွန်းနောက်က ထပ်ကြပ်မကွာလိုက်ပါ ကာ ပြုစုရင်း သာယာအောင်မြင်တဲ့ အိမ်ထောင်ဘ၀ကို ရရှိခဲ့တာဖြစ်ကြောင်း ကျွန်မတို့ကို ကြုံရင်ကြုံ သလို ပြောပြတတ်ပါတယ်။ ရဲဘော်ဦးတင်နဲ့ အန်တီဒေါ်သန်းစိန်တို့ရဲ့ လက်ထပ်ပွဲမှာ ဗိုလ်လက်ျာ စီစဉ်ပေးတဲ့အတိုင်း ခေါင်းဆောင်ကြီး သာယာဝတီသခင်မြအိမ်မှာ အကျဉ်းချုံးပြုလုပ်ပေမယ့် သိုက်သိုက်မြိုက်မြိုက်ရှိကာ သခင်နုက လက်ထပ်ပေးပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းက မင်္ဂလာ သြဘာစကား ပြောကြားချီးမြှင့်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဇနီး ဒေါ်ခင်ကြည်လည်း တက်ရောက် ချီးမြှင့်ခဲ့တယ်။ လူပျို ရဲဘော်ကြီးများဖြစ်တဲ့ ဗိုလ်ရန်အောင်၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်မြင့်အောင်တို့လည်း တက်ရောက်ကာ အလွန်ပျော်ရွှင်နေကြပြီး ရဲဘော်ဦးတင်နဲ့ အန်တီဒေါ်သန်းစိန်တို့ရဲ့ သုံးဆယ်မြို့မှ ဆွေမျိုးမိတ်သင်္ဂဟများလည်း စုံစုံညီညီတက်ရောက်ကြကာ ဗိုလ်မှူးဗထူးက ရွှေလက်ကောက်သုံးကွင်း လာပြီးလက်ဖွဲ့တာကို ရဲဘော်ဦးတင်က ဖြည့်စွက်ပြောပြတော့ မင်္ဂလာကျက်သရေ ပြည့်လျှမ်းနေတဲ့ မင်္ဂလာပွဲကို မှန်းဆကြည့်ကာ ကြားရသူကျွန်မတောင် ပျော်ရွှင်ဝမ်းမြောက်လာမိပါတယ်။

    အန်တီဒေါ်သန်းစိန် လွတ်မြောက်ဒေသခေါ် မြန်မာပြည်အရှေ့မြောက်ဘက် တရုတ်-မြန်မာ နယ်စပ် “၀” လူမျိုးတို့ရဲ့ဒေသ ပန်ဆန်းမြို့ရှိ ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်ကိုရောက်လာ တော့ ၁၉၈၀ ခုနှစ်မှာမို့ အန်တီ့အသက် ၆၀ နီးနီးရှိပါပြီ။ အန်တီဟာ ခန္ဓာကိုယ် အနည်းငယ်ပြည့်ဖြိုး လုံးဝန်းကာ အရပ်က အနေတော်ပါ။ အသားလတ်လတ်၊ ဆံပင်ကောင်းကောင်းနဲ့ ပြုံးရွှင်တဲ့ မျက်နှာ ပိုင်ရှင် အန်တီဟာ အင်မတန် ယဉ်ကျေးသိမ်မွေ့စွာ ပြုမူလှုပ်ရှားတတ်ပါတယ်။ အန်တီ ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုရုံးကို ရောက်တော့ အများနည်းတူ ပြည်သူ့တပ်မတော်ဝတ်စုံကို ၀တ်ပါတယ်။ ပြည်သူ့တပ်မတော် ယူနီဖောင်းအပြည့်အစုံကို နှစ်ခြိုက်စွာ ၀တ်ဆင်ထားတဲ့ ဖော်ရွေသွက်လက်စွာ လှုပ်ရှားတတ်တဲ့ အန်တီဒေါ်သန်းစိန်ဟာ မာန်မာန အလွန်ကင်းပါတယ်။ အန်တီက ရဲဘော်အားလုံး ကို ချစ်ခင်ပြီး သားသမီးလို ယုယုယယဆက်ဆံတတ်သလို ခေါင်းဆောင်များ၊ ကေဒါများ၊ ရဲဘော်များ အားလုံးကလည်း အန်တီ့ကို ချစ်ခင်လေးစားကြတယ်။ ရန်ကုန်ကလာတဲ့ အန်တီ တောတောင်ထူထပ် တဲ့ “၀”ဒေသမှာ အခက်အခဲအမျိုးမျိုးတွေမှာ ဒေသစိမ်းမှာမနေတတ်တဲ့ အန်တီ ဖျားနေမှာ စိုးရိမ်စိတ် နဲ့ ဂရုစိုက်ကြတယ်။ အသက်အရွယ်ကြီးသူတစ်ယောက်ဟာ ငှက်ဖျားထူထပ်တဲ့ တောကြီးတောင်ကြီး၊ သစ်ပင်ကြီးတွေပေါများပြီး ရာသီဥတုကြမ်းတမ်းတဲ့ “၀”ဒေသမှာ ခံနိုင်ရည်ရှိဖို့ အလွန်ခက်ခဲပါတယ်။ အထူးစိုးရိမ်စရာကောင်းလှတယ်။

    အန်တီဒေါ်သန်းစိန်က သတ္တိသိပ်ကောင်းတယ်။ မေတ္တာတရား ကြီးမားတယ်။ ““ရဲဘော်ဦးတင် နဲ့ သားသမီးတွေရဲ့ နိုင်ငံရေးယုံကြည်ချက်နဲ့ တော်လှန်ရေးလုပ်ငန်းကို ထောက်ခံလို့ ဒီဒေသကို အရောက်လာခဲ့တာမို့ ဘယ်လောက်ခက်ခက်၊ ကြမ်းကြမ်း မကျော်လွှားနိုင်စရာ မရှိပါဘူးကွယ်။ အန်တီ နေတတ်ပါတယ်။ အန်တီ ပျော်ပါတယ်””လို့ လှိုက်လှိုက်လှဲလှဲ ပြောတတ်တယ်။

    ““အန်တီ သမီးမေးတာ မှန်မှန်ဖြေနော်။ ၁၉၅၄ ခုနှစ်က တရုတ်ဖြူ ကျူးကျော်စစ်တိုက်နေတဲ့ တရုတ်နယ်စပ်ကို ရောက်နေတဲ့ ရဲဘော်ဦးတင်ဆီကို စာ ဘယ်နှစ်စောင်ပို့ဖူးလဲ။ ပေဖူးလွှာသီချင်းထဲ မှာတော့ စာခွေ xxx ပါးလိုက်ပါရစေတဲ့နော်။ တစ်နေ့ တစ်စောင် ပို့နေတာပဲလား အန်တီ””

    အန်တီ ဒေါ်သန်းစိန်နဲ့ ရင်းနှီးလာပြီဖြစ်လို့ ကျွန်မက ရဲရဲတင်းတင်း၊ ခင်ခင်မင်မင်ကြီး မေးချ လိုက်တယ်။

    အမြဲတစေ ပြုံးရွှင်နေတတ်တဲ့ အန်တီဟာ ဟက်ဟက်ပက်ပက် ရယ်မောချလိုက်တယ်။
““စာလား၊ ပို့တာပေါ့သမီးရယ် ပို့တာပေါ့။ လွမ်းတာလည်းပါတယ်။ စိုးရိမ်တာရော၊ အားပေးတာရော၊ ဒါကြောင့် မကြာခဏ စာပို့ဖြစ်ပါတယ်နော် .. ဖေဖေ””

    အိမ်ခန်းအပြင်ဘက်မှာ နေပူစာလှုံရင်း မှတ်တမ်း၊ မှတ်ရာတွေရေးပြီး အမြဲ အလုပ်ရှုပ်နေတဲ့ ရဲဘော်ဦးတင်က -

    ““စာတွေလား ဖတ်ရတယ်မေကြီးရယ်။ ဖတ်ရပါတယ်။ မေကြီးစာတွေ ဖတ်ရတာ ကိုရွှေ အားရှိပါတယ်”” လို့ ပြုံးရွှင်ရယ်မောစွာ တုံ့ပြန်ပါတယ်။

    ““ဖေဖေကြီးနဲ့ မေမေကြီးကတော့ အလွမ်းသယ်နေကြပြီဟေ့”” သမီးကြီး ဒေါက်တာ လှကျော်ဇော ခေါ် မမလှ ခေါ် ရဲဘော်ရှုယဉ်က ပါးစပ်ကို လက်ဝါးနဲ့ကာပြီး ခပ်အုပ်အုပ်အသံနဲ့ ကျွန်မကို ရယ်ပြီးပြောတယ်။ ““ဖေဖေနဲ့ မေမေနော်၊ ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောပြီး အချစ်ပို နေကြတာ၊ လှလှဖြင့် မနေတတ်ပေါင်””

    အားလုံးသဘောကျပြီး ရယ်မောလိုက်ကြတာ စိုပြည်တဲ့ နံနက်ခင်းမှာ သာယာတဲ့တေးသံကို နားဆင်လိုက်ရသလိုပါပဲ။

    ကျွန်မ ခေတ္တအလည်အပတ်ရောက်ရှိနေတဲ့ ရဲဘော်ဦးတင်ရဲ့ မိသားစုနေအိမ်ခန်းလေးက (၁၅) ပေ ပတ်လည်မျှသာကျယ်ဝန်းတဲ့ ရွှံ့အုတ်ကာ၊ သက်ငယ်မိုး မြေစိုက်အိမ်ခန်းလေးပါ။ ဗမာပြည် ကွန်မြူနစ်ပါတီဗဟိုဌာနချုပ်ရုံးမှာ ဥက္ကဋ္ဌ သခင်ဗသိန်းတင်နဲ့ အတွင်းရေးမှူးက တစ်အိမ်မှာတစ်ခန်းစီ၊ ဒု-ဥက္ကဋ္ဌ သခင်ဖေတင်နဲ့ ဒု-ဥက္ကဋ္ဌ ရဲဘော်ခင်မောင်ကြီးတို့နှစ်ဦးက အိမ်တစ်လုံးမှာတစ်ခန်းကျစီ။ ပေါလစ်ဗျူရို ဗိုလ်ကြင်မောင် (ရဲဘော်ထွန်း)နဲ့ ပေါလစ်ဗျူရို ရခိုင်ဦးကျော်မြတို့က အိမ်တစ်လုံးတည်း မှာ ဟိုဘက်ခန်း၊ ဒီဘက်ခန်း။ ဗဟိုကော်မတီဝင် ရဲဘော်သန်းရွှေ ခေါ် ရဲဘော်ဟိုကောင်းရဲ့ အိမ်ခန်း နဲ့တွဲလျက်က ဗဟိုစစ်အကြံပေးကော်မရှင် အဖွဲ့ဝင်၊ ဗကပ ဗဟိုကော်မတီတွင် ဗဟိုစစ်ဦးစီးဌာန၊ ဗဟိုစစ်ကော်မရှင်တွင် ပထမ/ဒုတိယ-ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်တဲ့ ရဲဘော်ဦးတင်ခေါ် ဗိုလ်မှူး ချုပ်ဟောင်း ကျော်ဇော ဇနီးမောင်နှံရဲ့ အိမ်ခန်းပါ။

    အိမ်ခန်းအားလုံးဟာ တော်လှန်ရေးသမား ကွန်မြူနစ်တွေရဲ့အခန်းပီသတယ်။ (၁၅)ပေ ပတ်လည် ရွှံ့အုတ်ကာ၊ သက်ငယ်မိုး၊ မြေစိုက်ခန်း တစ်ပုံစံတည်းတွေဖြစ်ကာ မြေစိုက်ခန်းဖြစ်တာမို့ မြေတလင်းပြောင်ပြောင်ပေါ်မှာ ခုတင်တစ်လုံး၊ စားပွဲတစ်လုံးနဲ့ စာရေးထိုင်ခုံတစ်လုံး၊ ပက်လက်ထိုင်ခုံ တစ်လုံးစီသာရှိတယ်။ အသက်အရွယ်ကြီးပြီဖြစ်တဲ့ ခေါင်းဆောင်တွေရဲ့ စား၊ ၀တ်၊ နေရေးကို အမြဲဂရု စိုက်ရတာမို့ အိမ်ခန်းရဲ့ဘေးဘက်မှာ (၅ x ၁၀)ပေမျှ ကျယ်တဲ့အဖီလေးတွေချပြီး မီးဖိုချောင် ဆောက်လုပ်ထားပေးပါတယ်။ ခေါင်းဆောင်အားလုံးဟာ ကေဒါတပ်သားအားလုံးအပေါ် စံနမူနာ အဖြစ် ကျန်းမာရေးနဲ့ကိုက်ညီတဲ့ အစားအစာမျိုးတွေကိုသာ ခြိုးခြံချွေတာစွာ စားသောက်ကြတယ်။ ဇိမ်ခံစားသောက်နေထိုင်တဲ့ လုပ်ဟန်လုံးဝမရှိပါ။

    ကျွန်မအနေနဲ့ ၁၉၇၆ ခုနှစ်က ရန်ကုန်မှအရှေ့မြောက်ဒေသ တရုတ်-မြန်မာနယ်စပ် မန်ဟိုင်း ရွာကလေးကို ရောက်လာတဲ့ ရဲဘော်ဦးတင်တို့ မိသားစုကို အထူးလေးစားမိတယ်။ အထူးသဖြင့် မိသားစုနဲ့ ဥမကွဲသိုက်မပျက်နေချင်လို့ အခက်အခဲပေါင်းစုံကိုရင်ဆိုင်ပြီး တော်လှန်ရေးသမားဆန်ဆန် နေထိုင်တဲ့ အန်တီဒေါ်သန်းစိန်ကို အားလုံးထက် ပိုလေးစားမိတယ်။ ရေပြောင်းမြေပြောင်း၊ နေထိုင်မှု ဘ၀အားလုံး ပြောင်းလဲမှုတွေမှာ ကျွန်မတို့ လူငယ်တွေ နေသားကျတာမြန်ပေမယ့် အသက်အရွယ် ကြီးတဲ့ အန်တီဒေါ်သန်းစိန်အတွက် အားလုံးက အစစအရာရာပူပန်ကြတယ်။ စိုးရိမ်ကြတယ်။

    ကျွန်မတို့အားလုံးဟာ အန်တီဒေါ်သန်းစိန်ကို ဗိုလ်ချုပ်ကတော်၊ တိုင်းမှူးကတော်အဖြစ်ကနေ တော်လှန်ရေးသမားတစ်ယောက်ရဲ့ ဇနီး၊ ကွန်မြူနစ်ခေါင်းဆောင်တစ်ယောက်ရဲ့ ဇနီး၊ တော်လှန်ရေး မိသားစုကြီးရဲ့ မိခင်ကြီးအဖြစ် အဆင့်ဆင့် ပြောင်းလဲလာတဲ့ ဘ၀ဖြစ်စဉ်ကို သိရှိပြီးနောက် အန်တီ့ကို ပိုလို့၊ ပိုလို့သာ လေးစားချစ်ခင်လာမိတယ်။ ပြည်သူလူထုအကျိုးကို ဆောင်ရွက်ရာမှာ တွေ့ကြုံသမျှ သော လောကဓံကို မကြောက်မရွံ့ ရင်ဆိုင်၊ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်နိုင်တဲ့ အန်တီ့ဇွဲသတ္တိကို အသိ အမှတ်မပြုဘဲ မနေနိုင်ပါ။ မြန်မာ့ဂုဏ်ဆောင်တဲ့ မြန်မာအမျိုးသမီးကြီးတစ်ဦးမို့ သားစဉ်မြေးဆက် သမိုင်းတွင်အောင် မှတ်တမ်းတင်ရမှာပါ။ ဒါကြောင့် ရန်ကုန်မြို့ပြမှသည် ဝေးလံခေါင်သီတဲ့ တရုတ်-မြန်မာနယ်စပ် အရှေ့မြောက်စစ်ဒေသရဲ့ “၀”တောင်တန်းကြီးတွေပေါ်မှာရှိတဲ့ ပန်ဆန်းမြို့၊ ဗကပဗဟို ဌာနချုပ်ရုံးမှာ အန်တီနဲ့ တွေ့ဆုံသိကျွမ်းခင်မင်ရတာ ယနေ့ထက်ကို ဂုဏ်ယူမဆုံး ဖြစ်နေရတာပါ။

    ကျွန်မဟာ ၁၉၇၃ခုနှစ်က ရန်ကုန်တက္ကသိုလ်တက်ရောက်ပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသား ထုရဲ့ အစိုးရဆန့်ကျင်ရေးသပိတိုက်ပွဲ၊ လူတန်းစားအလွှာအသီးသီးရဲ့ မဆလအစိုးရဆန့်ကျင်ရေး တိုက်ပွဲများကို ပါဝင်လာခဲ့တဲ့ သာမန် ပြည်သူလူထုရဲ့သမီး ကျောင်းသူတစ်ဦးပါ။ ကျွန်မတို့လို သာမန် ပြည်သူတွေဟာ ရန်ကုန်မြို့ကြီးမှာ ဗိုလ်မှူးချုပ် ကျော်ဇောလို၊ ဗိုလ်ချုပ်အဆင့် မဆိုထားနဲ့ ဗိုလ်ကြီး အဆင့်တွေနဲ့တောင် ရင်းနှီးကျွမ်းဝင်ဖို့ မလွယ်ပါဘူး။ အစိမ်းဝတ်တွေဟာ မြို့ပေါ်သပိတ်တိုက်ပွဲတွေ ကို လက်နက်မျိုးစု့နဲ့ နှိပ်ကွပ်သတ်ဖြတ်ခဲ့တဲ့အတွက် ကျွန်မဟာ စစ်တပ်ဆိုရင် ဝေးဝေးက ရှောင်ကွင်း တတ်ပါတယ်။ ဗိုလ်ချုပ်အဆင့်ဆိုရင် အပြင်မှာမြင်တောင် မမြင်ဖူးတာပါ။

    ဒါပေမယ့် ဗိုလ်မှူးချုပ်ကျော်ဇောခေါ် ရဲဘော်ဦးတင်လို ကွန်မြူနစ်ခေါင်းဆောင်၊ ဗဟိုစစ် ကော်မရှင်မိသားစု တစ်စုလုံးနဲ့ လွတ်မြောက်ဒေသမှာ ရင်းနှီးခင်မင်လေးစားစွာ ဆက်ဆံနေရပါပြီ။ အနီးကပ် တွေ့ဆုံခင်မင်တဲ့အခါမှာ ဗိုလ်ချုပ်တို့ မိသားစုဟာ ပညာတတ်များဖြစ်ကြသလို ပညာတတ် မာနနဲ့ ထောင်လွှားမှု တစိုးတစိမျှ မရှိတာတွေ့လာရတယ်။ ရဲဘော်ဦးတင်ကအစ မိသားစုတစ်စုလုံး ဟာ စိတ်ထားနှိမ့်ချစွာဖြင့် ကေဒါ ရဲဘော်များအားလုံးအပေါ်၊ ခေါင်းဆောင်အားလုံးအပေါ် ဖော်ဖော် ရွေရွေ၊ ခင်ခင်မင်မင်ရင်းနှီးမှုအပြည့်နဲ့ ဆက်ဆံစောင့်ရှောက်ကြတယ်။ ရှေ့တန်းစစ်မြေပြင်မှာ မဆလ စစ်အစိုးရတပ်တွေနဲ့တိုက်ရာမှာ “၀”ရဘော်တွေနဲ့ တစ်သားတည်း နေထိုင်တိုက်ပွဲဝင်တာ၊ ဒေါက်တာ လှကျော်ဇောခေါ် ရဲဘော်ရှုယဉ်ကလည်း အသက်အရွယ်နဲ့ မိမိကျန်းမာရေးကို အလေးမထားဘဲ “၀” နယ်ရဲ့ မြင့်မားသီခေါင်တဲ့ တောတောင်အထပ်ထပ်ကို ကျော်ဖြတ်ပြီး ရှေ့တန်းစစ်မြေပြင်အထိ သွား ရောက်ဆေးကုသပေးတာ၊ တော်လှန်ရေးရဲ့ ခက်ခဲကြမ်းတမ်းမှုမှန်သမျှကို ရင်ဆိုင်ကျော်လွှားနိုင်တာ၊ မိခင် ဒေါ်သန်းစိန်နဲ့အတူ ရဲဘော်မများရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်တာ၊ ရဲဘော်မများရဲ့ စိတ်ဓါတ်များ၊ ယဉ်ကျေးမြင့်မား မှန်ကန်ဖို့ လေ့ကျင့်မွေးမြူပေးတာ စတာတွေဟာ မိခင်သဖွယ်၊ အစ်မကြီးသဖွယ်ဖြစ်တာမို့ အလွန်ကျေးဇူးတင်ထိုက်တဲ့ လုပ်ဟန်တွေပါ။

    ကျွန်မအနေနဲ့ ရဲဘော်ဦးတင်နဲ့ အန်တီဒေါ်သန်းစိန်တို့ဟာ သူတို့ရဲ့ သားသမီးများကိုသာမက ခေါင်းဆောင်တိုင်း၊ ကေဒါတိုင်း၊ ရဲဘော်တိုင်းအပေါ် အမြဲပြုံးရွှင်တဲ့မျက်နှာထားနဲ့ ချိုသာသိမ်မွေ့ နူးညံ့တဲ့ စကားအပြောအဆိုတွေနဲ့ ဖော်ရွေစွာဆက်ဆံတတ်တာဟာ တော်ရုံစိတ်ဓါတ်မဟုတ်ပါလားလို့ အံ့သြစွာသုံးသပ်ရင်း အထူးပင်လေးစားချစ်ခင်ရပါတယ်။

    အန်တီ ဒေါ်သန်းစိန်အပေါ် တစ်သက်တာ အမှတ်ရစေတဲ့ကိစ္စတစ်ခုကတော့ ကျွန်မ အိမ်ထောင်ကျပြီး ကိုယ်ဝန်စဆောင်စဉ်ကတည်းက ကိုယ်ဝန်ဆောင် စောင့်ရှောက်နည်း၊ မီးဖွားစဉ် အခက်အခဲတွေ ရင်ဆိုင်နည်း၊ မီးဖွားပြီးနောက် ရင်သွေးငယ်ကို မိခင်နို့ချို တိုက်ကျွေးနည်း၊ ပြုစုစောင့် ရှောက်နည်းအသွယ်သွယ်ကို ဒေါက်တာလှကျော်ဇော ခေါ် မမလှနဲ့အတူ စိတ်ရှည်လက်ရှည် သင်ကြားပြောဆိုတာတွေကိုပါပဲ။ အန်တီ့ကို အမြဲ ကျေးဇူးတင်မိတယ်။

    ပြည်သူ့တပ်မတော်ဝတ်စုံကို အမြဲသပ်ရပ်စွာဝတ်ဆင်ပြီး စစ်ဖိနပ်နဲ့ မာန်ပါပါလမ်းသွက်သွက် လျှောက်တတ်တဲ့ အန်တီဒေါ်သန်းစိန်ဟာ ““လမ်းလျှောက်မှ ကျန်းမာတာကွဲ့။ တောင်တက်မှ အမော ခံနိုင်တာကွဲ့၊ အန်တီတို့ကတော့ သွားသုတ်သုတ်၊ ပြန်သုတ်သုတ်၊ သေတော့လည်း သူများအရင် ဆိုတာလိုပေါ့””လို့ အန်တီ့ထုံးစံ၊ ဟန်ပန်၊ ရည်ရွှန်းဖတ်ရွှန်း ပြောဆိုခဲ့တဲ့အတိုင်း အန်တီ သိပ်ချစ်တဲ့ တော်လှန်ရေးမိသားစုကြီးထဲက အန်တီအစောဆုံး တမလွန်ဘ၀ကို ထွက်ခွာခဲ့ပါတယ်။ အန်တီဟာ တရုတ်ပြည်၊ ခွန်မင်းမြို့မှာ အနားယူစဉ် ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါ တယ်။ ရဲဘော်ဦးတင်ရဲ့ အသက် (၈၀)ပြည့်မွေးနေ့ ဒီဇင်ဘာလ ၃ ရက်အလွန်မှာပါ။ အန်တီဟာ ရောဂါဒဏ်ကို အပြင်းအထန် ခံစားနေစဉ်မှာပဲ ရဲဘော်ဦးတင်ရဲ့ မွေးနေ့မှသည် အသက်ရာကျော်ရှည် စေဖို့၊ ကျန်းမာစေဖို့ ဆုတောင်းခဲ့သေးတယ်။ မကွယ်လွန်မီ သတိရတစ်ချက်၊ မရတစ်ချက်အချိန်မှာ ရဲဘော်ဦးတင်ကို တိုက်နေကျဆေးတွေ မှန်မှန်တိုက်ကျွေးဖို့ တဖွဖွမှာကြားသွားတယ်လို့ သိရတယ်။ ရဲဘော်ဦးတင်ကို ဘ၀တစ်လျှောက်လုံး မိခင်ပမာ၊ နှမငယ်ပမာ စောင့်ရှောက်ပြုစုခဲ့တဲ့အပြင် တော်လှန်ရေးသမားရဲ့ ဇနီးမယား၊ တော်လှန်ရေးသမားရဲ့ မိခင်ကြီးပီသစွာ ကျိုးနွံစွာ ကိုယ်ကျိုးဆန္ဒ မှန်သမျှ စွန့်လွှတ်နေထိုင်တာဟာ ပြည်သူလူထုကို ရိုသေစွာလုပ်ကျွေးနည်းတစ်နည်းပါပဲလို့ ဆိုချင် ပါတယ်။ အန်တီဒေါ်သန်းစိန် ကွယ်လွန်ချိန်မှာ သမီးကြီး ဒေါက်တာ လှကျော်ဇော၊ သမီးငယ် တက္ကသိုလ်နည်းပြ ဒေါ်စန်းကျော်ဇော၊ သားကြီး ဦးအောင်ကျော်ဇောတို့ရှိနေပြီး သားလတ် ဦးကျော်ဇောဦး နဲ့ သားထွေး မောင်ထွန်းအေးကျော်ဇောတို့ကတော့ ကွယ်လွန်ပြီးဖြစ်ပါပြီ။

    မဆလဦးနေ၀င်းဟာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇောကို ၁၉၅၇ ခုနှစ်မှာ တပ်က ထုတ်ပယ်ပစ်ပြီးတဲ့နောက် ရန်ကုန်မှာ နေထိုင်စားသောက်ရေး ကျပ်တည်းမှု အခက်အခဲမျိုးစုံ၊ အစိုးရ ထောက်လှမ်းရေးများရဲ့ နာရီမလပ် စောင့်ကြည့်မှုမျိုးစုံက ရုန်းထွက်ပြီး လွတ်မြောက်ဒေသရောက်မှ အသက်ရဲရဲရှူနိုင်၊ ပြုံးရွှင်ရယ်မောနိုင်တဲ့ တော်လှန်ရေးမိခင်ကြီး ဒေါ်သန်းစိန်ကို ဒီဆောင်းပါးလေးနဲ့ ဂုဏ်ပြုလိုက်ပါရစေ။

နီမော်

ကိုးကား - ဆိုင်းစုမှ မန်ဟိုင်းဆီသို့
(ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိပေါင်းချုပ်)

Tuesday, September 24, 2013

ရှေးရေစက် - ရေးသူ မောင်မှိုင်းလွင် အင်းဝ







ရေစက်
တစက်ချင်း ကျ
 ဖြည်းဖြည်းချင်း ကျ
အကြိမ်ကြိမ် ကျ
 အေးရာမှ ပူ
တိုးရာမှ ကျယ်
ငယ်ထိပ်တည့်တည့်။
 ရေတစ်စက်ဟာ
ငါ့ကိုယ်ထဲက ငါ့စိတ်ကို
 တခဏတော့
 ပြန်ပေးဆွဲခေါ် သွားနိုင်ရဲ့။

 မောင်မှိုင်းလွင် (အင်းဝ)
စက်တင်ဘာ ၁၈၊ ၂၀၁၃ ခုနှစ်။


Tuesday, September 3, 2013

ကျွန်တော်မေ့မရတဲ့အဆောက်အဦများ - ရေးသူ ဖိုးသံ (လူထု)






ကျွန်တော်မေ့မရတဲ့အဆောက်အဦများ

၁၉၈၅ခု ကွန်ဂရက်ခန်းမ


            အချိန်က ၁၉၈၅ခုနှစ် စက်တင်ဘာလပါ။ ဆိုတော့ ဒါဟာဗမာပြည်ကွန်မြူနစ်ပါတီ ထူထောင်ပြီးလို့ ၄၆နှစ်မြောက်ကာလ၊ ပါတီရဲ့ ဒုတိယကွန်ဂရက်ကျင်းပပြီးလို့ အနှစ် ၄၀ကြာတဲ့၊ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခဲ့တာ ၃၇နှစ်ရှိတဲ့ကာလ ဖြစ်ပါတယ်။ နောက်ပြီး ပြည်တွင်းစစ် ဖြစ်နေခဲ့တာ ၃၇နှစ်မြောက်တဲ့နှစ်လည်း ဖြစ်ပါတယ်။ ဒီလိုအခါမှာ ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကနေ ပါတီရဲ့ တတိယ အကြိမ်မြောက် ကွန်ဂရက်ကို ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။


ကွန်ဂရက်ကို စက်တင်ဘာလ ၉ရက်နေ့ကနေ အောက်တိုဘာလ ၂ရက်နေ့အထိ၊ မနက်ပိုင်းနဲ့ ညနေပိုင်း၊ တနေ့ ၇နာရီလောက်၊၂၄ရက်ကြာ ကျင်းပခဲ့ပါတယ်။ ဦးစီးကျင်းပတာက အဲဒီတုန်းက လက်ရှိဗဟိုကော်မတီအဖွဲ့နဲ့ ယူနစ် အသီးသီးက  ကိုယ်စားလှယ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ကွန်ဂရက် သဘာပတိအဖွဲ့က  ဦးစီးကျင်းပတာ ဖြစ်ပါတယ်။ စုစုပေါင်း ကိုယ်စားလှယ် ၁၉၆ယောက် တက်ရောက်ခွင့်ရှိပြီး နေ့စဉ်တက်သူက ၁၇၀ကျော်လောက် ရှိပါတယ်။ ကိုယ်စားလှယ်တွေဟာ ဗဟိုနဲ့ နောက်တန်း လွတ်မြောက်ဒေသ ဌာနအသီးသီးက၊ ပျောက်ကြားဒေသက၊ ရှေ့တန်းတပ်များက မြေအောက်လုပ်ငန်းက၊ အမျိုးသား အမျိုးသမီးတွေ ရဲဘော်တွေ၊ လူမျိုးအားဖြင့် ဆိုရင်လည်း ဆယ်မျိုးထက် မနည်းပါဝင်ပါတယ်။ လူတန်းစားအားဖြင့်တော့ ကျေးလက်ဆင်းရဲသားကအများဆုံးဖြစ်ပြီး၊ အလုပ်သမား၊ ကျောင်းသား ပညာတတ်တွေလည်း ပါပါတယ်။ နောက်ပြီး ပြည်သူ့တပ်မတော်သားတွေပေါ့။


ကွန်ဂရက် ဖြစ်မြောက်အောင်မြင်ရေးအတွက် လက်တွေ့လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ ဆပ်ကော်မတီတွေ၊ တခြား အဖွဲ့ငယ်တွေဖွဲခဲ့ပါတယ်။ မှတ်မိသလောက်ဆိုရင် အဲဒီအထဲမှာ တည်ဆောက်ရေး၊ ဧည့်ခံရေး၊ ကြိုဆိုရေး၊ ကျန်းမာရေး၊ ချက်ပြုတ်ရေး၊ လုံခြုံရေးစတဲ့ ဆပ်ကော်မတီ စတာတွေ ပါဝင်ပါတယ်။ လုပ်အားကို ပြည်သူ့တပ်မတော်သားတွေ သာမက ပန်ဆန်းမှာ ရောက်ရှိနေကြတဲ့ တပ်ပေါင်းစု အမျိုးမျိုးက ရဲဘော်တွေနဲ့ ပန်ဆန်းမြို့နယ်ကော်မတီက တာဝန်ရှိသူ တွေနဲ့ပန်ဆန်း တ၀ိုက်က ဒေသနေ လူထုဆီက ယူကြရပါတယ်။


            ကွန်ဂရက်ကို ကျင်းပတာက ၀နယ်တောင်ပိုင်း၊ ပန်ဆန်းမှာရှိတဲ့ ပြည်သူ့အသံ တောင်ကုန်းပေါ်မှာ ဖြစ်ပါတယ်။ အကာမပါတဲ့ ဧရာမ တဲကြီးတလုံးကို ယာယီထိုးခဲ့တာပါ။ အကာမပါဘူးဆိုပေမဲ့ မိုးမပက်အောင်လို့ သက်ကယ်မိုးကို အင်မတန် နိမ့်တဲ့နေရာအထိ အဖီတွေ ချထားတာမို့ (ကွန်ဂရက်ကျင်းပချိန်ကမိုးတွင်းကြီးပါ) ပုံမှန်တံခါးကမဟုတ်ပဲ အမိုးအောက်က ၀င်ချင်ရင် ခါးကုန်း၊ ခေါင်းငုံ့ ၀င်ရပါတယ်။ ပြည်သူ့အသံဝင်းရဲ့ အ၀င်ပေါက်မှာတော့ အ၀ါရောင် တူတံဇင်ပုံကြီးကို ၀ါးနဲ့ ကပ်နဲ့လုပ်ပြီး မုခ်ဦးကြီးလို ဆင်ထားပါတယ်။ ဒီအောက်က ဖြတ်ဝင်သွားတယ်ဆိုရင်ပဲ ကွန်မြူနစ်တွေရဲ့ အခမ်းအနားကြီး တခုကို ၀င်သွားရတယ်လို့ ခံစားရစေပါတယ်။ ကွန်ဂရက်မှာ တင်မယ့်စာတန်းတွေ၊ အထူးသဖြင့် အတွင်းရေးမှူး အစီရင်ခံစာကို ကွန်ဂရက်ကိုယ်စားလှယ်တွေဟာ အစုတွေခွဲပြီး တင်ကြိုဆွေးနွေးကြပါတယ်။ ဒီလို အင်မတန် နက်နဲတဲ့ အကြောင်းအရာတွေကို ရက်နဲ့ချီ ဆွေးနွေးရတဲ့ ကွန်ဂရက်ကိုယ်စားလှယ်တွေကို မငြီးငွေ့၊ စိတ်မပျက်အောင်လည်း တဘက်မှာ စီစဉ်ပေးရပါသေးတယ်။ ဒါကြောင့် ကွန်ဂရက် ကာလတ၀ိုက်၊ ပန်ဆန်းမှာ ဘော်လီဘောပြိုင်ပွဲတွေ၊ အဆိုအက အဖွဲ့ဖြေဖျော်မှုတွေ၊ ရုပ်ရှင်ပြတာတေဟွာ နေ့စဉ်လို၊ တရက်ခြားလို ရှိခဲ့ပါတယ်။ ကွန်ဂရက် မတိုင်မီကတည်းက ဗဟိုဝါဒဖြန့်ချိရေးဌာန တီးဝိုင်းကနေ ကွန်ဂရက် အကြိုသီချင်းတွေ စပ်ထားခဲ့ပြီး အဲဒါတွေနဲ့ ဖျော်ဖြေတာ၊ ပြည်သူ့အသံကနေ အသံလွှင့်တာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဓာတ်ပုံပြပွဲဆိုပြီး ကွန်ဂရက် လှုပ်ရှားမှုတွေ ဓာတ်ပုံတွေ၊ မိတ္တူကူးပုံတွေကို ကိုယ်စားလှယ်တွေကိုရော တခြားလူတွေကို ပါပြသပါတယ်။ ဘော်လီဘောပွဲဆိုရင် တက်လာတဲ့ ကိုယ်စားလှယ်တွေထဲက အသင်း၎သင်းနဲ့၊ ပန်ဆန်းတ၀ိုက်မှာရှိတဲ့ နောက်တန်းဌာနတွေ၊ လူထုအဖွဲ့ အစည်းတွေက အသင်း၉သင်း၊ စုစုပေါင်း ၁၃ သင်း တောင် ပြိုင်ကြတာပါ။


            ကျွန်တော်က သတင်းနဲ့ပြန်ကြားရေး အဖွဲ့မှာ တာဝန်ကျ ပါတယ်။ ကျွန်တော်တို့ အဖွဲ့မှာ ကျွန်တော်အပါ မြို့ကလာတဲ့ ရဲဘော်၅ဦး ပါဝင်ပြီး ကျွန်တော်က တာဝန်ခံဖြစ်ပါတယ်။


            ခန်းမဆာင်ကြီးထဲမှာ ၀ါးထိုင်ခုံနဲ့ ၀ါးစားပွံတွေ မြေစိုက်ခင်း ထားပါတယ်။ တစ်ဖက်ထိပ်မှာတော့ နှစ်ပေလောက်မြင့်တဲ့ သဘာပတိစင်မြင့်ရှိပါတယ်။ စင်မြင့်ရဲ့ နောက်ခံဟာ အစိမ်းရောင် (စစိယူနီဖောင်းချုပ်တဲ့ ပိတ်စတွေနဲ့ လုပ်ထားတာပါ) နောက်ခံကားကြီးရှိပြီး အဲဒီအပေါ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ၊ တတိယအကြိမ်မြောက် ပြည်လုံးကျွတ် ပါတီကွန်ဂရက် ၁၉၈၅ လို့  ရွှေစလုံးတွေနဲ့ ရေးထားပါတယ်။ စင်မြင့်ပေါ်မှာ ပုံမှန်အားဖြင့် ကွန်ဂရက်သဘာပတိအဖွဲ့ဝင် ဗဟိုကော်မတီ အဖွဲ့ဝင် ရဲဘော်ကြီးတွေ ထိုင်ကြပါတယ်။ ကွန်ဂရက်ရဲ့ သဘာပတိအဖြစ် ဥက္က္ထဋ္ဌသခင်ဗသိန်းတင်က ဆောင်ရွက်ပြီး  ဗဟိုကော်မတီ၊ နိုင်ငံရေးဦးဆောင်မှု အဖွဲ့ဝင် ရဲဘော်ကြင်မောင်က အခမ်းအနားမှူး အဖြစ် တာဝန်ယူပါတယ်။ ဗဟိုကော်မတီ အစီရင်ခံစာကို ဥက္ကဋ္ဌသခင်ဗသိန်းတင်ကပဲ ဖတ်ကြားတင်သွင်းပါတယ်။ ကျွန်တော်တို့ သတင်းနဲ့ပြန်ကြားရေးအဖွဲ့လေးကတော့ စင်မြင့်ရဲ့အရှေ့က ထောင့်တထောင့်မှာ စာပွဲနှစ်လုံးနဲ့ ထိုင်ရပါတယ်။ ဒီအဖွဲ့က ကွန်ဂရက်နဲ့ ကွန်ဂရက် ကိုယ်စားလှယ်များရဲ့ လုပ်ကိုင် လှုပ်ရှားမှုတွေကို နေ့စဉ်ပဲ သတင်းလွှာတွေ ထုတ်ပြီးဖော်ပြ၊ ဖြန့်ချိရပါတယ်။ အဲဒီအချိန်က ကျွန်တော် တို့မှာ ကော်ပီယာ မိတ္တူကူးစက် ရှိနေပြီမို့ အဲဒီ သတင်းလွှာမှာ ဓာတ်ပုံတွေ၊ ကာတွန်းတွေပါ ပါဝင်ပါတယ်။





            ဒီကွန်ဂရက်မှာ (၁) ဗဟိုကော်မတီရဲ့ နိုင်ငံရေးအစီရင်ခံစာနဲ့ ပါတီဗဟိုကော်မတီရဲ့ ပါတီဘဏ္ဍာရေး အစီရင်ခံစာတို့ကို ဆွေးနွေး အတည်ပြုခဲ့ကြပြီး ဗဟိုကော်မတီအသစ်ကို ကိုယ်စားလှယ်များက မဲပေးပြီး ရွေးခြယ်တင်မြှောက်ခဲ့ကြပါတယ်။ မဲတွေကိုလည်း အားလုံးရှေ့မှာပဲ ရေတွက်ပြီး ကျောက်သင်ပုန်းကြီးပေါ်မှာ ရေးပြပါတယ်။


            တတိယကွန်ဂရက်မှာ ပြောစမှတ်ပြုလောက်တဲ့ ထူးခြားချက်တခုကတော့ ကွန်ဂရက်ကို တနှစ်လောက် အချိန်ယူပြီး အကြို ဆွေးနွေးပွဲတွေ၊ တနည်း အောက်ခြေကွန်ဂရက်တွေကို စနစ်တကျ လုပ်ခဲ့တာပါပဲ။ အဲဒီ ကွန်ဂရက်တွေကို တာဝန်ပေးထားတဲ့ လူတွေ၊ တခါတလေ ဗဟိုကော်မတီလူကြီးတွေ ကိုယ်တိုင် သွားရောက် နားထောင်ကြပါတယ်။ အဲဒီလို တာဝန်ပေးခံရလို့ သွားပြီး ကြီးမှူးကျင်းပ၊ ရှင်းပြသူတွေဟာ တက်ရောက်သူ ကိုယ်စားလှယ်တွေ ပြောတာတွေကို သေသေချာချာ နားထောင်ယုံမက သေသေချာချာ ပြန်ဖြေကြ၊ ရှင်းပြတာလည်း တွေ့ရပါတယ်။ ဒီနယ်ကွန်ဂရက်ဆိုတာတွေက ၀နယ်မြောက်ပိုင်း၊ ၀နယ်တောင်ပိုင်း၊ ကျိုးတုံမြောက်ပိုင်း၊ ကိုးကန့်၊ ကျိုင်းတုံအရှေ့ပိုင်း စတဲ့ ဒေသတွေဖြစ်ပါတယ်။ သက်ဆိုင်ရာဒေသမှာ ကြီးမှူး ကျင်းပနိုင်တဲ့ ခေါင်းဆောင်အဆင်မပြေရင် သက်ဆိုင်ရာစစ်ဒေသ ဗဟိုကနေ တာဝန်ယူမယ့် ရဲဘော်တွေ လွှတ်ပေးရပါတယ်။ တခါတလေ တနင်္သာရီတိုင်းက ရဲဘော်စောဟန်လို ဗဟိုကော်မတီ လူကြီးတွေလည်း အဲဒီလို ဆွေးနွေးပွဲတွေကို လိုက်သွားပြီး ပါဝင်ကူညီပါတယ်။


            မှတ်လောက်သားလောက်ကတော့ ဒီကွန်ဂရက်မှာ နိုင်ငံရေး ဦးဆောင်မှုအဖွဲ့ဝင်တွေက ရဲဘော်တွေ ရှေ့မှာ သူတို့ကိုယ်သူတို့ ဝေဖန်ရေး လုပ်ပြတာပါပဲ။ ဥပမာဆိုရင် နိုင်ငံရေးဦးဆောင်မှုအဖွဲ့ဝင် ရဲဘော်ကျော်မြက သူ့အနေနဲ့ အရင်ပဲခူရိုးမ  ဗဟိုကော်မတီမှာ မှားယွင်းတဲ့ ပါတီတွင်း အရေးယူမှုတွေ လုပ်တော့ သူလည်း လိုက်ပြီးမှားမိတယ်ဆိုတာကို ၀န်ခံပြောပြတာနဲ့ ဗဟိုကော်မတီအဖွဲ့ဝင် (နောင်မှာ နိုင်ငံရေးဦးဆောင်မှုအဖွဲ့ဝင်) ဖြစ်တဲ့ ရဲဘော်ဖေသောင်းက လက်နက် ကိုင်တော်လှန်ရေးအစောပိုင်းတုန်းက သူ အလံနီထဲ ပါသွားတာ (နောက်တော့ပါတီကို ပြန်ပြောင်းလာတယ်) မှားတဲ့ အကြောင်း ၀န်ခံပြောဆိုတာ ဖြစ်ပါတယ်။ ဒီလို ကိစ္စတွေကို ဒီဘက်က ဒေသခံရဲဘော်အများစုက အရင်က ကြားတောင်ကြားဖူးတာ မဟုတ်ပါဘူး။ အခုလို ရဲဘော်ကြီးတွေက ကိုယ့်ထက်အများကြီး အသက်ရော၊ ၀ါပါငယ်တဲ့ ကိုယ် စားလှယ် ရဲဘော်တွေရှေ့မှာ ရဲဘော်တွေရဲ့ ဝေဖန်ချက်တွေကို အင်မတန် နှိမ့်နှိမ့်ချချနဲ့ နားထောင်ယုံမက အင်မတန် ရိုရိုကျိုးကျိုးနဲ့ ကိုယ့်ကိုယ်ကိုဝေဖန် ပြတာကိုမြင်ရ ကြားရတော့ ရဲဘော်တွေက အင်မတန် ကျေနပ် ပီတိ ဖြစ်ခဲ့ကြပါတယ်။ မြို့ကလာတဲ့ ရဲဘော်တွေဆိုရင်လည်း ပုံပြင်ထဲ ရောက်နေသလိုလို၊ နဂိုက စာအုပ်ထဲမှာပဲ တွေ့ဖူးတာတွေကို လက်တွေ့ တွေ့ကြရလို့ အံ့သြ၀မ်းသာ ဖြစ်ကြပါတယ်။


    ကွန်ဂရက်ကြီးက ရလိုက်တဲ့ အသိတရားတွေထဲမှာ ပါတီလမ်းစဉ်၊ ပါတီလုပ်ငန်းတို့အပြင် မျက်မှောက်ခေတ် နယ်ချဲ့စနစ်ပြဿနာနဲ့ ဗမာပြည်တော်လှန်ရေး ဒီရေမြင့်ရဲ့ ပြဿနာတို့ အကြောင်း သက်ဆိုင်ရာ ခေါင်းဆောင်တွေက ရှင်းပြတာပါပဲ။ နက်ရှိုင်းတဲ့ သဘောတရားကို လက်တွေ့နဲ့ယှဉ် နားလည်လိုက်ရလို့  အလွန်ကျေနပ်မိကြတာပါ။





            ဒီလိုနဲ့ ကွန်ဂရက်ကြီးပြီးတော့ ကိုယ်စားလှယ်တွေ ကိုယ့်တာဝန်ရှိရာကို တဖွဲဖွဲ ပြန်ကြပါတယ်။ လိုက်ပို့နိုင်သူတွေကို လိုက်ပို့ကြ၊ နှုတ်ဆက်ကြနဲ့ ရှေ့လုပ်ငန်းတွေ အတွက် စဉ်းစားရင်း အားတက်ကြရပါတယ်။  ဒါပေမဲ့……….


            ကွန်ဂရက် ကျင်းပခဲ့တဲ့ စင်မြင့်ကြီးနဲ့ စင်မြင့်ကြီး၊ နောက်ပြီး အ၀င်မုခ်ကြီးကို ပြန်ဖျက်ရတဲ့အခါမှာတော့ အင်မတန်မှ  ၀မ်းနည်းခံစားမိတာကို မှတ်မိနေပါတယ်။


            စတုတ္ထ အကြိမ်မြောက် ပါတီကွန်ဂရက်ကို ဘယ်တော့မှများ ကျင်းပနိုင်မှာပါလိမ့်လို့လည်း တွေးနေမိတာပေါ့။

ဖိုးသံ (လူထု)