Wednesday, February 27, 2008

အိပ်မက်ထဲကလွမ်းမျက်ရည်
ရေးသူ-နုနုရည်(အင်းဝ)




ဘ၀ဆိုတာ အိပ်မက်များစွာနဲ့ ဖွဲ့စည်းထားတာပါပဲ မနုရယ် ဆိုတဲ့ မိတ်ဆွေတယောက်စကားကို ကျွန်မ သဘောကျလှပါတယ်။ ကျွန်မနဲ့ သဘောချင်း တူလှပါတယ်။ ပြီးတော့လဲ........အိပ်မက်တွေဟာ ၀တ္ထုတွေနဲ့လဲ တူပြန်ပါသေးတယ်။ စိတ်ကူးယဉ်တာတွေ၊ ဖြစ်ချင်တာတွေ၊ မဖြစ်ချင်တာတွေ၊ ဖြစ်နိုင်တာတွေ၊ မဖြစ်နိုင်တာတွေ၊ ချစ်သူတွေ၊ မုန်းသူတွေ၊ မျက်ရည်တွေ ဖွဲ့စည်းထားတဲ့ အိပ်မက်ဟာ ၀တ္ထုတပုဒ်ပဲ မဟုတ်ပါလား.....။
အဲဒါကြောင့်ပဲလား မသိပါဘူး။
အိပ်မက်တွေကို နေ့နေ့ ညည ကျွန်မ မက်တတ်တဲ့ပြင် နိုးနေရင်းကလဲ မက်တတ်တဲ့ အိပ်မက်တွေ ကျွန်မမှာ ရှိပြန်ပါသေးတယ်။
xxx xxx xxx xxx


ဒီအိပ်မက်ထဲမှာတော့ ကျွန်မဟာ မနက်လက်ဖက်ရည်သောက်ဖို့ ပြင်ဆင်နေသတဲ့။
ကျွန်မနဲ့ ကျွန်မချစ်ခင်ပွန်းတို့ အင်မတန် မက်မောလှတဲ့ မနက်လက်ဖက်ရည်ချိန်ဟာ... ကျွန်မ လက်က နာရီမှာတော့ မနက်ကိုးနာရီ ဖြစ်ပြီး ကျွန်မ ကင်မရာက နာရီမှာတော့ ... ဘာဖြစ်လို့ ညကိုးနာရီ ဖြစ်နေရတာလဲ။
ည ကိုးနာရီအချိန်ဟာ နေရောင်တွေ ၀င်းပလို့...။
ချွေးပြိုက်ပြိုက်ကျအောင်လဲ ပူနေတယ်။
ပန်ကာနှစ်လုံးကို တပြိုင်နက် ဖွင့်ထားရအောင် ပူနေတယ်။
ကျွန်မ အခန်းလေးထဲမှာ ဆိုဖာရှည်ကြီးတလုံးကလဲ ဘယ်လိုလုပ် ရောက်နေတာလဲ။
ကျွန်မ ဖုန်း အနက်ကလေးကလဲ အရောင်ပြောင်းနေတယ်။ ဖုန်းနံပါတ်ကလဲ မတူပြန်ဖူးတဲ့။
ကျွန်မတို့ လက်ဖက်ရည်သောက်နေကျ စားပွဲဝိုင်းအနိမ့်လေးဟာ အမြင့်ဖြစ်ပြီး ကုလားထိုင် အပြာရောင်တွေနဲ့တဲ့..။
ထမင်းပူပူနွေးနွေးရယ်၊ ငါးပိကျော်ရယ်၊ ငါးနီတူးခြောက်ကျော်ရယ်၊ လက်ဖက်ရည်ချိုပေါ့ရယ်၊ ရေနွေးကြမ်းရယ်တို့ကတော့ ကျွန်မတို့ စားနေကျ မနက်စာတွေပဲ။ ဒါပေမဲ့ ကျွန်မနဲ့ လက်ဖက်ရည် အတူသောက်ဖို့ အခန်းထဲက ထွက်လာသူကတော့ ဘုရားရှိခိုးပြီး ထွက်လာနေကျ၊ ကျွန်မ ချစ်ခင်ပွန်း မဟုတ်ဖူး။ မျက်ခုံးတွေ၊ မျက်လုံးတွေကို ဆေးမင်ကြောင်ထိုးထားတဲ့ ဗီယက်နမ် အမျိုးသမီးတယောက် တဲ့။ ကျွန်မနဲ့ သူနဲ့ ပြောကြတဲ့ စကားတွေကလဲ မြန်မာလိုလဲ မဟုတ်ဖူးတဲ့ ....။
"စစ်ဆိုတာ မင်းမကြုံဖူးဘူးနော်၊ သိတ်ကြောက်ဖို့ ကောင်းပါတယ်ကွယ်၊ လူတွေ အများကြီး သေကြရတယ်၊ ဗုံးတွေကြားမှာ ကိုယ်လဲ သေတော့မလို့ အကြိမ်ကြိမ်ပါပဲ၊ ငိုသံတွေ၊ လေယဉ်ပျံသံတွေ၊ သေနတ်သံတွေ၊ ဗုံးသံတွေကြားမှာ ကိုယ်အကြာကြီး နေခဲ့ရတာပေါ့"
အံ့သြစရာ....။ သူဟာ ကျွန်မ အလွန်စိတ်ဝင်စားခဲ့တဲ့ ဗီယက်နမ်စစ်ပွဲကြားမှာ ကြီးပြင်းခဲ့ရသူတဲ့...။
ခဏနေတော့ တယ်လီဖုန်းမြည်သံ ဆူညံလာတယ်။ ရုတ်တရက်ဆိုတော့ ဗီယက်နမ်စစ်ပွဲက ဗုံးသံလိုပဲ...။
ကျွန်မနားထောင်လိုက်တော့....."ဟဲလို" တဲ့။
အံ့သြငြိမ်သက်သွားတဲ့ ကျွန်မကို ဟက်ဟက်ပက်ပက် ရယ်မောလိုက်တဲ့... အက်ကွဲကွဲ၊ ရှတတ ဒီအသံကို ကျွန်မ ဘယ်လိုလုပ် မသိပဲ နေမှာလဲ...။
"အခုလာခဲ့မယ်၊ စောင့်နေသိလား၊ အခုလာခဲ့မယ်"
"တကယ်လား၊ ဘယ်လောက်ကြာမှာလဲ၊ ပျော်လိုက်တာ"
"အင်း..အင်း၊ နှစ်နာရီကျော်ကျော်တော့ မောင်းရမယ်တဲ့.."
"ဟာ..ကြတယ်၊ အင်းစိန်ဆူးလေကားပေါ်တက်လိုက်လာခဲ့၊ အဲလောက်မကြာဖူး"
"ဟား ဟား ဟား၊ အင်း..ရွာက ချက်ဗလက်ခေါင်းတိုလဲ မှာလို့မရ၊ ထွေလာကလဲမရှိ၊ ဒီက 'ဂရေးဟောင်း'(Grayhound) ဆိုတဲ့ ကားကလဲ အရေးအကြောင်းဆို ခွေးမောင်းသလောက်တောင် ပြေးတာ မဟုတ်ဖူး
" ကာရန်တွေ၊ ကာရန်တွေ၊ ဒီလိုအသံ မကြားရတာ ကြာပြီ"
"မကြားရတာ ကြာပြီ xx လေးလရာသီx ရှိပြီမောင်ရဲ့ xxမေ့ပါနိုင်အားxx ရက်စက်လေ အားပြီ xx ရာသီချိန်ဝယ် xx "
"မလုပ်နဲ့၊ မလုပ်နဲ့၊ ဒီက တကယ်လွမ်းနေတာ၊ ငိုချင်နေတာနော်.."
"ဟား ဟား၊ သနားစရာ၊ သနားစရာ၊ ကဲ..စောင့်နေ၊ လာခဲ့မယ် ဟုတ်လား "
ခဏအကြာမှာတော့ ကျွန်မဟာ အမျိုးအမည်မသိတဲ့ သစ်ပင်တပင် အောက်မှာရပ်လို့။ ကျွန်မနားမှာ ရပ်ထားတဲ့ ကားရောင်စုံတွေရဲ့ နံပါတ်တွေက ဘာတွေမှန်းလဲ မသိဖူး။ ကျွန်မရဲ့ သ/၄၆၁၁ လေးက ဘယ်မှာလဲ။ ကျွန်မတို့ နှစ်ယောက်ရဲ့ ချွေးနဲ့ မွေးခဲ့ရတဲ့ သနားစရာ ရင်နှစ်သည်းချာ ကားကလေးရေ... မင်းဘယ်မှာလဲ...။
ရုတ်တရက် ကားလေးတစင်း ကျွန်မနဲ့ မလှမ်းမကမ်းမှာ လာရပ်ပြီး ကားမောင်းတဲ့ လူငယ်လေးတယောက် ဆင်းလာတယ်။ မျက်မှန်လေးနဲ့ ကျွန်မကို လှိုက်လှိုက်လှဲလှဲ ပြုံးပြနှုတ်ဆက်တဲ့ လူငယ်လေးဟာ ကျွန်မနဲ့ သိသူလဲ မဟုတ်ပါလား။
ဒါပေမဲ့ ခင်မင်စရာ နှစ်လိုဖွယ် လူငယ်ကလေးကို ကျွန်မပြုံးပြ၊ လက်ပြ နှုတ်ဆက်လိုက်မိတုန်းမှာပဲ ကားလေးထဲမှ နောက်တယောက်ကို ကျွန်မမြင်ပြီ။
တကယ်ပဲလား၊ ပြန်တွေ့ကြဖို့ ဘယ်လိုမှ မျှော်လင့်မထားတဲ့ ကျွန်မ ချစ်မိတ်ဆွေကြီးဟာ အိပ်မက် ထဲမှာမို့ ကျွန်မဆီ ရောက်လာနိုင်လေသလား။
သူဘယ်တော့မှ မပတ်ဖူးတဲ့ ကားခါးပတ်ကို ကြိုးစားပမ်းစား ဖြုတ်ပြီး ကားပေါ်က ဆင်းလိုက်တဲ့ အခါ ကျွန်မကလဲ သူ့ဆီပြေးသွားတဲ့ အခါမှာတော့၊ သူဟာ ကျွန်မရဲ့ ချစ်မိတ်ဆွေကြီးမှန်း အလွန်တရာ သေချာသွားပါပြီ။
ကုတ်အင်္ကျီအနက်၊ အင်္ကျီအဖြူ၊ ဘောင်းဘီမီးခိုးပြာ၊ ရှူးဖိနပ်အနက်၊ ခြေအိပ်အဖြူတို့ဟာ ဘယ် နှစ်ရက်ဝတ်ထားတယ်လို့ မှန်းဆလို့ မရနိုင်အောင် တွန့်လိမ်ကြေမွလို့...။
ဗိုက်ငေါငေါပေါ်မှာ၊ မဆန့်မပြဲ ပတ်ထားတဲ့ ခါးပါတ်အောက်ကနေ အင်္ကျီအဖြူက ထွက်လို့၊ ဘောင်းဘီဇစ်က ပြုတ်လို့။
ဒီလို ဖြစ်ကတတ်ဆန်း ပုံစံဟာ ကျွန်မချစ်မိတ်ဆွေကြီးကလွဲလို့ ဘယ်သူများ ဖြစ်နိုင်အုန်းမှာလဲ။
သူ့မူပိုင်ဟန်ကို အစဉ်အလာမပျက် ထိမ်းသိမ်းထားတဲ့ ကျွန်မ ချစ်မိတ်ဆွေကြီးဟာ.. လွယ်အိတ်ကတော့ လွယ်ထားဆဲ.....၊ လက်ကြားမှာလဲ ဆေးလိပ်တိုက ရှိဆဲ၊ ဒါပေမဲ့ မာဘိုရို စီးကရက်တို၊ ရွှေပြည်စိုး ဆေးပေါ့လိပ်တိုတော့ မဟုတ်ရှာဖူး။
ငွေရောင်ဆံပင်တွေနဲ့၊ သွားတု ဖြူဖြူညီညီလေးတွေ အစီအရီနဲ့၊ ပြုံးမြနေတဲ့ ကျွန်မချစ်မိတ်ဆွေကြီး ဟာ ကျွန်မလက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ပြီး ၀မ်းသာနေရင်းက ဘာဖြစ်လို့ မျက်ရည်လည်ရသလဲ။
ခဏနေတော့ ကျွန်မဟာ ကျွန်မအခန်းလေးထဲက ထမင်းစား စပွဲမှာ ၀ိုင်းထိုင်ကြရင်း စကားတွေကို မရပ်မနား ပြောကြလို့၊ ကျွန်မမိတ်ဆွေကြီးက ရွှေပြည်စိုးတွေကို ရတနာတွေလို ပွေ့ပိုက်ထားရင်း ရွှေပြည်စိုးတလိပ်ကို အငမ်းမရ ဖွာရှိုက်လို့၊ ရေနွေးကြမ်းခွက်ကို ရှေ့ချလို့၊ ဆိုဖာပေါ်မထိုင်ချင်ဖူးတဲ့။ ဒီစပွဲနဲ့ ကုလားထိုင်မှာ ထိုင်ရတာ လက်ဘက်ရည်ဆိုင် ထိုင်ရတာနဲ့ တူသတဲ့။
"...သိလား..ချန်ဂီလေဆိပ်ဆိုတာ အကြီးကြီးပဲ၊ ကိုယ့်တသက် ဒီလောက်ကြီးကျယ်တဲ့ လေဆိပ်မျိုး မြင်မှ မမြင်ဖူးပဲ၊ ကြောက်လိုက်တာ၊ ရင်တွေတထိတ်ထိတ်နဲ့၊ ကံအားလျော်စွာဗျာ..ကိုယ့်သိတဲ့ လူတယောက်နဲ့ သွားတွေ့တယ်၊ ဒါပေမဲ့ သူကလဲ တခြားတနေရာ သွားရမှာဆိုတော့ တာဝန်ရှိတဲ့ ကလေးမလေးတယောက်နဲ့ အပ်ပေးသွားတယ်၊ ကလေးမလေးခေါ်ရာနောက် တကောက်ကောက်ပေါ့။ သူက ဒေါက်ဖိနပ်လေး တောက်တောက် တောက်တောက် နဲ့သွား၊ ကိုယ်ကနောက်ကလိုက်၊ ဆေးလိပ်သောက်ချင်တာကလဲ အရမ်းပဲ၊ မသောက်ရဖူး၊ နောက်တော့ ကလေးမလေးက ဒီမှာထိုင်နေ တဲ့...၊ အပေါ့အပါးသွားဖို့၊ နေရာတွေ ဘာတွေ ပြပေးတယ်၊ အဲဒါနဲ့ အိမ်သာဝင်တော့မှ ဒုက္ခရောက်တော့ တာပဲ၊ ဘယ်လိုမှ ဘောင်းဘီ ဇစ်ကို မဖြုတ်တတ်ဘူး၊ သူများတပ်ပေးလိုက်တာ လေ...သိတယ် မဟုတ်လား "
ကျွန်မမှာ ဟက်ဟက် ပက်ပက် ရယ်မောရင်းက မိတ်ဆွေကြီးကို သနားရပြန်တယ်။
နောက်တခဏ အကြာမှာတော့ ကျွန်မနားထဲမှာ ကားစက်သံက တ၀ူးဝူး ဆူညံနေတယ်။
ကားတစင်းနဲ့ ကျွန်မတို့ဟာ လမ်းတလမ်းပေါ်မှာ ...။ ကျွန်မရဲ့ ၄၆၁၁ လေးဟာ ဘာလို့ ဒါလောက်ဆူညံနေပါလိမ့်။ သူနေမကောင်း ဖြစ်ပြန်ပြီလား။ တကယ်တော့ နေမကောင်းဖြစ်ပြီဆိုရင် သူသိပ်ကို မနေသာလွန်းမှ ပြောရှာတာပါ။ ကျွန်မမှာ ပိုက်ဆံမရှိမှန်း သိရင် သူအမြဲ ကြိတ်မှိတ်နေရှာ တာပါ။
ဟင် ...ကျွန်မကားလေးလဲ မဟုတ်ဖူးရယ်..။ ဒီကားလေးက တူးဒိုး လေး......။
ကျွန်မက နောက်ခန်းမှာ၊ ရှေ့ခန်းက ကားမောင်းသူဘေးမှာ ကျွန်မ ချစ်မိတ်ဆွေကြီး၊ ကားမောင်းသူ ကလဲ ကျွန်မချစ်ခင်ပွန်း မဟုတ်ပါလား၊ အော် ချစ်စရာလူငယ်လေးပဲ။ ကျွန်မတို့ ဘယ်ကို သွားနေ ကြတာပါလိမ့်။ လမ်းဘေးဝဲယာမှာ တမျှော်တခေါ် ပြောင်းခင်းတွေနဲ့ ကောင်းကင်က ပြာလဲ့လို့...။
"xxချစ်ခင်ကြတဲ့xx အားလုံးမိတ်ဆွေxxနေ့တိုင်းပဲxx သတိရတယ်လေxx"
ဟင်၊ ကိုသုမောင်နဲ့ မြို့မတီးဝိုင်းက ဘယ်လိုလုပ် ကျွန်မတို့ ကားပေါ်ပါလာတာလဲ..၊ မိုးဇော်ဗိုလ် လေးလဲ ပါတယ်။ ကျွန်မ ချစ်မိတ်ဆွေကြီးက မျက်လုံး အစုံကိုမှိတ်ပြီး ခေါင်းတရမ်းရမ်းနဲ့
''ဟာ ကောင်းလိုက်တာ ပျော်စရာကြီးပါလား၊ ကောင်းလိုက်တာ" နဲ့ လုပ်ပြီ။
"xxတခါတလေတော့xမျှော်မှန်းxလွမ်းစိတ်တဝေေ၀ xx ပြန်ချင်ဇောတွေx ရောက်ချင်ဇောနဲ့ စိတ်စောလို့ သာနေxခါတော်ရောက်ချိန်x နီးလို့ လာပြီလေx"
"နီးလို့လာပြီလေ"
"ဒေါ်ဒေါ်..မမ..နှမတို့ရေ"
"အသဲစွဲx ချစ်မိတ်ဆွေxxခေတ္တခွဲလို့နေ"
"xxခေတ္တ ခွဲလို့နေ"
"xxမြို့မနဲ့ x အတူတကွ လိုက်နိုင်ပါစေxx"
"အောင်စည်ယွန်းသံxxကြားရင်ဖြင့်xx ပြည်တော်ဝင်မယ်လေ"
ကျွန်မတို့ နှစ်ယောက် သီချင်းလိုက်အော်ဆိုသံနဲ့ လက်ခုပ်သံဟာ မြို့မတီးဝိုင်းနဲ့ ကိုသုမောင်အသံ ကိုတောင် လွှမ်းသွားမယ်နဲ့တူရဲ့။
အလို....... ပျော်လိုက်တာ ဆိုပြီး လက်ခုပ်သံ စည်းချက်လိုက်နေတဲ့ ကျွန်မ ချစ်မိတ်ဆွေကြီးရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်စတွေနဲ့ပါလား...။
"xxဟိုတောင်ပေါ်xxဟိုတောင်ပေါ်ရိုးဆီကxxမြူခိုးတွေ လွင်xxမိုးရွာမယ်xxမိုးရွာမယ် မထင်မိပါ လို့
ကိုသုမောင်ရေ...ငိုချင်ရက် လက်တို့တွေကို လွမ်းပေရော့လို့များ တမင်လုပ်နေ တော့သလား။ ဟို အဝေးဆီမှာ တကယ့်ကို မှိုင်းပြာမှုံဝေလို့။ ကားကလေးက တံတားတခုပေါ် ရောက်လာပြီ။ မြစ်တစင်းကို ဖြတ်မလို့ပါလား...။
" အမရေ...ဒါ မစ္စစပီမြစ်လေ"
ချစ်စဖွယ်လူငယ်လေးရဲ့ အသံ။ ဘာရယ်...။ ဒါ မစ္စစပီဖြစ်..ဟုတ်လား။
"မစ္စစပီဖြစ်မဟုတ်ပါဖူးကွ၊ ဒါ..ဒုဌ၀တီမြစ်၊ အင်းဝ တူအရီး သုံးဖော်ရဲ့ ဒုဌ၀တီမြစ်"
ဒါက ကျွန်မ ချစ်မိတ်ဆွေကြီးရဲ့ အသံ။
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါ...ကျွန်မတို့ ဒုဌ၀တီမြစ်"
ဒါက ကျွန်မရဲ့ အားရပါးရ ထောက်ခံတဲ့ အသံ..။
"ကဲဟေ့..ဟိုရှေ့မှ လမင်းတရာတို့ အိမ်တို့၊ အင်းဝဂုဏ်ရည်ပုံနှိပ်တဲ တို့ကို ရောက်တော့မယ်ဟေ့.."
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟိုရှေ့မှာ ကျွန်မတို့အိမ်၊ ကျွန်မအဖွားကို တွေ့ရတော့မယ်.."
လူငယ်လေးက ကျွန်မတို့ကို ကြည့်ပြီး ချစ်စဖွယ်ပြုံးရယ်ရင်း ခေါင်းကို ရမ်းတယ်။
"xxပြန်ကာသာx ရှေ့နောက်တွေး၊ တရေးရေးပေါ်လာxx"
လွမ်းစရာကောင်းလိုက်တဲ့ အသံလေး၊ ဟင်....ကျွန်မတို့ ကားပေါ်မှာ ဟေမာနေ၀င်းလေးလဲ ပါလာတာကိုး။
"အမရေ..ဒါ..သမတရီဂင်ရဲ့ မွေးရပ်ဇာတိလေ၊ ဒစ်ဆွန် (Dixon) တဲ့"
ဟောတော်.... ဘယ့်နှယ် ကျွန်မတို့ အိမ်ကိုတော့ မရောက်ပဲ၊ ရီဂင် မွေးရပ်မြေကို ရောက်လာရတာ လဲ၊ ပြောင်းခင်းတွေကြားက ရွာကလေးတရွာကနေ သမတတယောက်ကို မွေးဖွားပေးသတဲ့လား၊ ဆရာသိပ္ပံမောင်ဝရဲ့ 'ဆရာစောကျောင်း' ကို ကျွန်မ သတိရလိုက်တာ။
"အင်း... ခဏနေရင် 'ဆရာစော' ကျောင်းကို ရောက်တော့မယ်သိလား"
"ဆရာစောကျောင်း.....ဟုတ်လား"
"ဆရာစောရဲ့ ဘုန်းကြီးကျောင်းလေ"
ကျွန်မ သိပ်နားမလည်ပဲ ဆရာစောကျောင်းကို ရောက်သွားတယ်။ လှပသေသပ်ပြီး ချစ်စရာ ကောင်းတဲ့ အိမ်လေးတအိမ်ပါ။ ဘုန်းကြီးကျောင်းလဲ မဟုတ်ပါဖူး။ ပြီးတော့ ဆရာစောဆိုတာ ကျွန်မရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတဦးပဲ။ ဒါပေမဲ့ သူ့ကို အိမ်မှာလဲ မတွေ့ရဖူး။ ကျွန်မချစ်မိတ်ဆွေကြီးရဲ့ မရပ်မနား စကားသံတွေသာ ကျွန်မနားထဲမှာ ဆူညံနေတယ်။ ပြီးတော့ ငြင်သာတဲ့ ကားစက်သံ။
တ၀ူးဝူး မြည်နေတတ်တဲ့ ချစ်စဖွယ်လူငယ်လေးရဲ့ တူးဒိုးကားလေးပေါ်ကနေ၊ ကျွန်မတို့... ဘယ်လို လုပ်ပြီး စက်သံငြင်သာတဲ့ ဖိုးဒိုးကားလေးပေါ်ကို ရောက်သွားရပြန်တာလဲ မသိပါဖူး။ ကားမောင်းသူ ကလဲ ပြောင်းသွားပြန်ပြီ။ ချစ်စဖွယ်လူငယ်လေးက ကျွန်မနဲ့အတူ ကားနောက်ခန်းမှာ၊ ကျွန်မရဲ့ ချစ်မိတ်ဆွေကြီးကတော့ ကားရှေ့ခန်းမှာ၊ သူ့အစဉ်အလာကို ထိမ်းသိမ်းရင်း ငိုက်မျည်းလိုက် ပါလို့။
"ကျွန်တော်က ဒေါက်တာသက်ပါ၊ မန္တလေးသား ခင်ဗျ"
အညာသားမှန်း မပြောပဲ သိသာတဲ့ ကားမောင်းသူကို ကျွန်မပြုံးမိပါတယ်။ သူ့ကို မြင်ကတည်းက မန္တလေးကလား၊ ရွှေဘိုကလား၊ မြင်းခြံကလား၊ တနယ်နယ်က ဆိုတာ ကျွန်မသိနေတယ်။ ရွှေဘိုသား လို့တောင် ထင်တာ။ ဘာပြုလို့လဲဆိုတော့ ကျွန်မအကိုကြီး ဒါရိုက်တာကြည်စိုးထွန်းတို့လို သပြေသီးမှဲ့ ရောင် အသားအရေနဲ့ကိုး။
"ကျွန်တော်တို့ ဗမာတွေကိုယ်၊ ကိုယ့်မြေ ကိုယ့်လူမျိုးကို ခင်တွယ်တတ်လွန်းလို့၊ ကျွန်တော်တော့ ထင်တယ်ဗျာ၊ ကိုယ့်ရေမြေနဲ့ ခွဲခွါကြည့်တော့မှ ဘယ်လောက်ချစ်မှန်း သိတော့တာ။ သူများမြေပေါ်မှာ ရောက်ပြီး တပါတ်လောက်လဲ ကြာရော၊ ကျွန်တော် ဘယ့်နှယ်ဖြစ်မှန်းမသိဖူး၊ ဟောဒီ ရင်ညွန့်ကြီး ထဲက နာလာအောင်ကို လွမ်းတာဗျာ၊ အိမ်ပြန်ချင်တာဗျာ..၊ ဒါ..ကျွန်တော့်ဘေးမှာ မိန်းမရော၊ သားသမီးတွေရော ရှိနေတာနော်၊ မဟုတ်သေးပါဘူးလေ ဆိုပြီး ကိုယ့်စိတ်ကိုယ် ဖြေတယ်၊ နောက်တော့ဗျာ၊ ဟောဒီရင်ညွန့်ကြီးထဲက ဝေဒနာကို ဘယ်လိုမှ မခံနိုင်တဲ့အဆုံး ကျွန်တော်တယောက် တည်း လေယာဉ်ရုံးကို သွားတာဗျ..သိလား..။ မိသားစုကို ကျွန်တော် ထားခဲ့မလို့နော်၊ ဒါပေမဲ့ဗျာ၊ ကိုယ်က ရောက်ခါစ ဘာမှ နည်းမလည် မသိတော့ ကျွန်တော်ရောက်သွားတဲ့ လေယာဉ်ရုံးက ကာလကတ္တား သွားမဲ့လေယာဉ်တဲ့။ အင်း... အဲဒါ.. လွန်ခဲ့တဲ့ ဆယ်နှစ်ကပေါ့လေ၊ ခုတော့လဲ အသဲက မာသွားပါပြီ၊ မာရတာပေါ့လေ။ ဒါပေမဲ့ ကျွန်တော့်ကို ပျော်တယ်ထင်သလား..၊ ကျွန်တော့်မှာ အားလုံး ပြည့်စုံ ပါတယ်၊ ဒါပေမဲ့ ရင်ထဲမှာ တခုခု အမြဲတမ်း လိုနေတယ် ....."
"ဟုတ်တာပေါ့ ဆရာရယ်၊ ကျွန်မလဲ အဲဒီဝေဒနာကို ခံစားဖူးတာပေါ့။ ကျွန်မလေ တကယ့်ကို နားမလည်နိုင်ဖူး၊ ရင်ဝမှာ ဆို့နင့်တင်းကြပ်ပြီး အလိုလို ငိုချင်နေတော့တာ...နော်၊ တကယ်တော့ ရင်ဝမှာ အလွမ်းခဲ ဆို့နေတာ ဆရာရဲ့၊ ကိုယ့်ရေမြေကိုလွမ်းတဲ့ အလွမ်းခဲဆို့တာ။ ကျွန်မသူငယ်ချင်း တယောက်က ပြောဖူးတယ်၊ သူများမြေပေါ်မှာ တပါတ်လောက်ကြာရင် ကျွန်မတို့လိုဖြစ်ပြီး၊ တလကြာတော့ တခြားသူတွေကို ကိုယ့်ဆီက ကိုယ့်သူငယ်ချင်း မိတ်ဆွေတွေလို့ ထင်ယောင်ထင်မှား ဖြစ်သတဲ့...၊ လိုက်ကို ခေါ်မိတာတဲ့၊ သူပြောတာ မှန်တယ်၊ ကျွန်မလေ သူများမြေပေါ်က စိမ်းညို့ညို့ သစ်ပင်အုပ်တွေကို အဝေးက ကြည့်ပြီး မန်ကျည်းပင်တွေလို့ တကယ်ထင်တာ၊ ကျွန်မ ခင်ပွန်းနဲ့ ဖုန်းလဲ ပြောရရော၊ သူ့အသံကြားတာနဲ့ ဘာမပြော ညာမပြော ငိုချပစ်လိုက်တာ၊ ကျွန်မခင်ပွန်းက စိတ်ပူပြီး အတင်းမေးတော့မှ ဗလုံးဗထွေးနဲ့ ကျွန်မက ဘာပြောတယ်မှတ်လဲ 'မန်ကျည်းပင်တွေလဲ မဟုတ်ဖူး' တဲ့...."
"ကျွန်တော်ကတော့ ဆရာတို့ အမတို့ထက်ဆိုးတယ်၊ လေယာဉ်ပျံပေါ်မှာတင် ၀မ်းနည်းပက်လက် ဖြစ်ပြီး၊ ရှိုက်ကြီးတငင် ငိုချလိုက်တာ၊ ဘေးကလူတွေက အံ့အားတွေ သင့်ကြလို့၊ ဘာဖြစ်ပါလိမ့်ပေါ့... "
ကျွန်မတို့ သုံးယောက် ဘာတွေပြောပြော ကျွန်မချစ်မိတ်ဆွေကြီးကတော့ ငိုက်မျည်းလိုက်ပါဆဲ. သူရော ဘယ်နှစ်ရက်မြောက်မှာ ဘာတွေကို ဘယ်လိုလွမ်းပြီး ဘယ်ချောင်လေးမှာများ ကြိတ်ငိုခဲ့ ပါလိမ့်။
အို...ကျွန်မ အိပ်မက်ပန်းချီကားဟာ ဖြတ်ကနဲ ပြောင်းလဲသွားပြန်ပါပြီ။
ကျွန်မတို့ဟာ မန္တလေး ပေါက်မြိုင် ဘုန်းကြီးကျောင်းမှာ ထမင်းဝိုင်းဖွဲ့စားလို့ နေပြန်သတဲ့။ မတွေ့ရတာ ကြာတဲ့ သူငယ်ချင်းတွေလဲ ပါသတဲ့။ ပြီးတော့လဲ အကြာကြီးကွဲနေတဲ့... အင်မတန် ဟင်းချက်ကောင်းတဲ့ ချစ်သူငယ်ချင်း စန္ဒယားဆရာက ကျွန်မဘေးမှာတဲ့။ ဟင်းတွေကို ဟိုတုန်းကလိုပဲ ကျွန်မပန်းကန်ပြားထဲကို အတင်းထည့်ပေးနေပြီး ရှက်စနိုး မျက်နှာကြီးနဲ့..။
"သူနဲ့ငါ ပြန်တွေ့ပြီ" တဲ့။
"တကယ်လား၊ တကယ်လား" နဲ့ ကျွန်မက ၀မ်းသာအားရ ထအော်တော့-
"အော်..ဟုတ်ပါတယ်ဆိုမှ၊ လူချင်းတော့ မတွေ့ရသေးဖူး၊ ဖုံးနဲ့ပေါ့" ဆိုပြီး မျက်နှာကြီးက နူးညံ့သွားလိုက်တာများ...။
"စက်တင်ဘာ နှစ်ဆယ်ခြောက်ရက်ဆိုရင် သူနဲ့ငါရဲ့ ချစ်သူသက်တမ်း နှစ်ဆယ်ခြောက်နှစ်ပြည့်ပြီ၊ သိလား။ ငါတကယ်မထင်ပါဘူး၊ ဒီလိုပြန်ဆုံလိမ့်မယ်လို့၊ ပြီးတော့ သူ ဒီလောက်အကြာကြီးလဲ ငါ့ကို စောင့်နေလိမ့်မယ် မထင်ဖူး။ ငါ့ဘက်ကတော့ ရှင်းတယ်လေ၊ ငါ့ရင်ထဲမှာ တသက်လုံး.. သူတယောက် ထဲပဲ၊ ဘယ်လိုကြောင့်ပဲ ကွဲကွာသွားသွား၊ ငါ ဘယ်သူ့ကိုမှလဲ ချစ်မှာလဲမဟုတ်ဖူး၊ လက်ထပ်မှာလဲ မဟုတ်ဖူး၊ မကြာသေးဖူး၊ ဟိုတလောလေးကမှ ငါ့ကိစ္စနဲ့ ငါ စင်္ကာပူက သူငယ်ချင်းတယောက်ဆီ ကို ဖုန်းဆက်တာ၊ သူက အဲဒီအိမ်မှာ ခဏလာလည်ရင်းနဲ့ ဖုန်းကိုင်တဲ့သူက သူဖြစ်နေတယ်၊ နှစ်ပေါင်း နှစ်ဆယ်ကျော် ကွဲသွားပေမဲ့ သူ့အသံကို ငါချက်ချင်းသိသလို ငါ့အသံကိုလဲ သူ ချက်ခြင်းသိတယ်"
ကြည့်ပါအုန်း၊ လွမ်းစရာကောင်းလိုက်တဲ့ အချစ်ဝတ္ထုကလေး။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်က ရန်ကုန်တက္ကသိုလ် အနုပညာအသင်းရဲ့ တက္ကသိုလ်ကျောင်းသား စန္ဒယားဆရာလေးနဲ့ ကျောင်းသူလေး တဦးတို့ရဲ့ မပြီးဆုံးနိုင်သေးတဲ့ လွမ်းမောစရာ ဇာတ်လမ်းကလေး...။
"အခု..ငါ ပိုက်ဆံစုနေတယ်၊ သူရှိရာကို လိုက်သွားဖို့..."
"ဟာ..ဘာလို့ ပိုက်ဆံစုနေတာလဲ၊ ချက်ချင်း လိုက်သွားရမဲ့ဟာကို၊ မြန်မြန်လိုက်၊ မြန်မြန်လိုက်၊ ကြားလား.."
"အေးပါ.."
"ဘာအေးပါလဲ၊ ပိုက်ဆံတွေကို အရက်သောက်ပစ်နေတယ် မဟုတ်လား၊ ကျွန်မကို ကတိပေး၊ သူ့ဆီကို အမြန်ဆုံး လိုက်သွားပါ့မယ်လို့၊ အရက်ကိုလဲ လျော့သောက်ပါ့မယ်လို့၊ ပြောတာ ကြားလား"
"အေးပါ၊ အမလေး..ငါ့နှမလေးရဲ့ ဒီလို ငေါက်သံ ငမ်းသံ မကြားရတာ ကြာလှပြီ၊ အရသာရှိလိုက် တာ"
ကျွန်မတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ ၀မ်းနည်းဝမ်းသာ ရယ်မောသံ မဆုံးခင်မှာပဲ အိပ်မက်ပန်းချီဟာ အလွန်တရာ လျှင်မြန်စွာ ပြောင်းလဲ သွားပြန်ပေါ့လား...။
ကျွန်မက ကားနောက်ခန်းမှာ၊ ဒေါက်တာသက်နဲ့ ချစ်စရာလူငယ်လေးက ကားစက်နှိုးနေပြီ..။
အို...နေပါအုန်း၊ ကျွန်မတို့ ဘယ်ကိုသွားအုန်းမှာလဲ၊ ကျွန်မ ချစ်မိတ်ဆွေကြီးနဲ့ ကျွန်မသူငယ်ချင်းကို ကျွန်မ ခေါ်ခဲ့ချင်တယ်၊ တခြားသူငယ်ချင်းတွေနဲ့လဲ စကားပြောလို့ မ၀သေးဖူး၊ ဗြုန်းကနဲဆို ကျွန်မဘေးက ကားမှန်မျက်နှာပြင်မှာ ကျွန်မချစ်မိတ်ဆွေကြီးနဲ့ ကျွန်မသူငယ်ချင်းကို မြင်တယ်။ ကားမှန်ကို ကဗျာကရာချပြီး ခေါ်မယ်လုပ်တော့ သူတို့က "ကဲသွားတော့နော်" တဲ့။ ဟင့်အင်း..၊ ကျွန်မနဲ့ လိုက်ခဲ့ပါ၊ ကျွန်မ သူငယ်ချင်းက ကားထဲကို တခုခုပြောတယ်၊ ဘာပြောတာပါလိမ့်။
"ငါလေ၊ တကိုယ်ရေတကာယဆိုတော့ အလုပ်မလုပ်တာ ကြာပြီ၊ သူငယ်ချင်းတွေနဲ့ ဒီလိုပဲ နေနေတာ၊ အခု ငါ အလုပ်ပြန်ဆင်းမယ် သိလား၊ ငါနင်လိုချင်တာလေးတွေ ၀ယ်ပေးချင်လို့၊ ဘာတွေလိုချင်လဲ ငါ့ကိုပြော..."
သူကျွန်မကို ငိုအောင်လုပ်ပြီ။ ကျွန်မချစ်မိတ်ဆွေကြီးက ရွှေပြည်စိုးဆေးလိပ်တိုကို လက်ကြားမှာ အကြောင်းမဲ့ ခါနေရင်း ကျွန်မမျက်ရည်တွေကို မမြင်ရက်သလို မျက်နှာလွှဲလို့။
သူတို့နှစ်ယောက်ရဲ့ လက်တွေကို ကျွန်မ တင်းတင်းကြပ်ကြပ် ဆုပ်ထားမိတယ်။ ကားစက်သံက တ၀ူးဝူး မြည်လာပြန်ပြီ။ ခဏနေပါအုန်း.... ဒေါက်တာသက်ရဲ့။ ဖြုတ်ဆို.. ဆုပ်ထားတဲ့ ကျွန်မတို့ လက်တွေ ပြုတ်ထွက်သွားခဲ့ပြီး၊ ကားကလေးက မျှားကလေးလို ပြေးလို့။ သူတို့က ကျွန်မနဲ့ တဖြည်း ဖြည်း ဝေး....လို့ .... ကျန်ခဲ့ပေါ့။
အိပ်မက်ဆိုတာ ဒီလိုချည်းပါပဲလေ...။ အော်...မျက်ရည်လူးတဲ့ တခုသော အိပ်မက်ကနေ ကျွန်မတယောက် နိုးရပြန်အုန်းမယ်....။

နုနုရည်(အင်းဝ)
၁၇၊ စက်တင်ဘာ၊ ၂၀၀၀။

In The Lonely Cool Before Dawn
written by- Dr. Ma Thida

In a room like my parent's womb, I eat silence while my heart fills with thunder. I want to say "I" but the word is spoiled. No one is here. Where are "you" or "he" or "she"? He or she or you were here and near the room but they left here or passed away. I want to meet them anyway. How did they leave? Were they free or forced to move somewhere? How did they pass away? I heard many stories about them and I think my story might be another. My room is alive with mice, ants, cockroaches and absence. Though I can keep away from those mysterious creatures, the absence doesn't go away. I breathe a sigh of relief. To breathe in means I am alive. I glance up expecting nothing but a ghost.

The womb is filled with forty-watts bulb light. Starlight rains in every city, every country and every society. But brick wall fences beyond my only window, which is guarded by a double layer of wood steaks and iron bars. Barbed wire garlands the wall like a giant's crown. Oh! A flying ghost! Please come over the wire through my so-called window into the womb. I want to say "I" and "You". You have to just listen to me but to do nothing. I'd like you to treat with my property. The womb is only furnished with a piece of wooden plunk, my bed. Oh! Never mind. You don't need to worry. I have two pots- one for drinking water and one for cleaning water- and two bowls-a small one as a plate at mealtime and as a cup at bath time and a big one as a toilet. Anyhow I like to share my things with you for tonight before dawn when you have to leave.
Lonely life is the poverty of self; solitude is the richness of self. I memorized what May Sarton wrote. Yes! I am alone but I'll be all- master and staff, or leader and follower, or teacher and student. I order me to clean the room and I ask me to take a rest. Master I order and staff I request rest.I agree with I and no one convince both of I to refuse. So I clean the womb and take a rest. I tell me not to bow the warders and I listen me to do so. Though the warders don't like me, I like my leader who is me. I teach me to learn myself in order to know everything. I learn myself through meditation and by learning self I understand the universe. To learn self is no need to have others, but to have alone. Sorry ghost! I no more need you. I need myself. Myself need me. Yes, solitude is a kind of freedom. Did anyone who lived in this womb notice this concept?
Cool polluted air embraces me. Thin cotton blankets try to keep me warm. Learning coolness make me notice the impermanence of coolness. Coolness goes on and warmness goes in. I can alive alone even in this cool womb. Weather is cool and warders are cool blooded beast. But I can neglect all. I have been already known what will happen in this world. We want to have a world where people's hearts are opened, their stomachs are filled , their wills are calmed and their needs are cleansed. We struggled for having this world but we had drowned into the barred world. For me, it is indifferent between cold and warmth.
Before we reach our goal, I could withstand steadfastly with cool or warm, easy or difficult, and alone or with colleagues. Why do I miss to say "I" and "you"? I am the master of me, the leader of myself and the teacher of I. Until I leave the womb, I would call myself "You". " You should never giveup or bow down." It's enough.
Dawn is coming nearer and nearer. Though I awake since midnight, I feel fresh and strong with courage. Yes. I understand that a man with inward courage dares to live, not to die.

Dr. Ma Thida
2001.

[English Forum တခုတွင် မဲနှိုက်ရသော ခေါင်းစဉ်အား ရေးဖွဲ့မှု လို့ စာရေးသူက မှတ်ချက်ရေး ထားပါတယ်။]

ဆင်ခြေဖုံး
ရေးသူ-ရိုးမြေ

ငါရဲ့လမ်းသွယ်လေးပါပဲ
မညီညာမှုတွေပါမယ်
နေမင်းထက်စောတဲ့ ခြေသံရယ်
အချိန်မမှန်တဲ့ မီးခိုးတွေရယ်
တချို့တိတ်လို့၊



ပေတံနဲ့တူတဲ့လူတွေ ထွက်လာမယ်
လူသစ်တွေရယ်
အရိပ်အကဲကြည့်နေတဲ့ ဗွီဒီယိုရုံရယ်
တိုးလာတဲ့ ရုပ်သံထောင်ချောက်တွေရယ်
ခြေထောက်နဲ့ ဘဏ်လေးရယ်
ကျွဲရိုင်းသံဗူးရောင်းတဲ့ သရေစာဆိုင်ရယ်၊

အိမ်ထောင်ကျသွားတဲ့ မိန်းကလေးတွေရှိမယ်
အိမ်ပြန်နောက်ကျတဲ့ ယောက်ျားပြန်လာမယ်
ဓာတ်တိုင်တွေ တချို့ လင်းလို့
နိုင်ငံတကာသတင်းလာချိန် ဆန်ဝယ်ထွက်တဲ့ကောင်လေး
အိမ်တွေကွက်လို့ မီးလင်းနေတုန်း
ငါပြန်ရောက်ခဲ့၊

မိုးလင်းတော့
လူဟောင်းတွေ လမ်းလေးပေါ် ခြေချော်နေဆဲ
လူသစ်တွေ ခြေကုပ်ကောင်းကောင်းနဲ့
မြို့ထဲကို ထွက်သွားကြရဲ့၊
ငါ့မှာတော့
စိတ်ကူးနဲ့လမ်းခင်းနေတုန်းပဲ။ ။

[စာပေစိစစ်ရေးရဲ့ ဆုတ်ဖြဲခြင်းခံရတဲ့၊ ၁၉၉၇၊ ဇူလိုင်လ ထုတ်၊ စတိုင်သစ်မဂ္ဂဇင်း၊ မှ ကဗျာ]

အရှိုချင်းကိုယ်ဝန်ဆောင်မိန်းမ
ရေးသူ-ထွန်းဝေမြင့်

ခွေးအကုန်းရွာသူ လယ်သူမ
အရှိုချင်းမျိုးနွယ် ကိုယ်ဝန်ဆောင်မိန်းမ
သူ့မိဘအမွေတွေ ရခဲ့တယ်။ (ဆိုလိုတာက)
အရွယ်မရောက်မီမှာပဲ လယ်ထဲဆင်းရတာကို
ပြောတာပါ။



လယ်ထဲဆင်းတယ်လို့သာ ပြောရတယ်။
လယ်မဲ့ ယာမဲ့ မျိုးရိုးက ဆင်းသက်လာတော့
သူ ပိုင်ဆိုင်တဲ့ မြေ မြူတမှုန်မျှမရှိ၊
လယ်ရှင်ခိုင်းတာလုပ်၊ ပေးသမျှယူရတဲ့
အရှိုချင်းကိုယ်ဝန်ဆောင်မိန်းမပါ။

ခုလည်း တလင်းထဲမှာ သူရှိတယ်။
ကောက်လှိုင်းသယ် စပါးပုတ်တဲ့ရာသီပေါ့
မိုးချုပ်လို့ အိမ်ပြန်တော့ ဆန်မပါ
သူ့အရေပြားမှာ စပါးမွေးတွေပဲ ကပ်ပါလာ
ရေချိုးပေမယ့်လည်း တညလုံး ယားယံနေတော့တယ်။
ကျန်တဲ့ရာသီတွေမှာဆို သူမဟာ
မှိုရှာချိန်ရှာ၊ ဖက်ခူးချိန်ခူး
ချိုးထောင်၊ ခါထောင်၊ ငါးပက် ဖားရိုက်
သည်အတတ်တွေ အကုန်တတ်ခဲ့တယ်။

အရှိုချင်း ကိုယ်ဝန်ဆောင်မိန်းမ
ဒီနေ့ညစာ ထမင်းမစားဘူး။
အလေ့ကျပေါက်တဲ့ မျောက်ဥတွေပြုတ်ပြီး စားမယ်။
သြော်.... သူ့လင်သား၊ ယောက်ျာဟာလား
ပြီးခဲ့တဲ့မိုးတွင်းကာလတုန်းကပေါ့
တောင်ပေါ်တက် မျှစ်အချိုး၊ ၀က်ဝံနဲ့တိုးလို့
ကိုယ်ကျိုးနည်းခဲ့ရပြီလေ၊ ဆုံးပါးခဲ့ပေါ့၊
အရှိုချင်းကိုယ်ဝန်ဆောင်မိန်းမ
မိုးအချုပ် တဲနံဘေးမှာ
မျောက်ဥတွေ ပြုတ်နေတာ မီးခိုးတအူအူနဲ့ပေါ့။ ။

[စာပေစိစစ်ရေးရဲ့ ဆုတ်ဖြဲခြင်းခံရတဲ့၊ ၁၉၉၇၊ ဇူလိုင်လ ထုတ်၊ စတိုင်သစ်မဂ္ဂဇင်း၊ မှ ကဗျာ]

Monday, February 25, 2008

တံဆိပ်တု
ရေးသူ-ဌေးကြည်(စလင်း)

မုန့်ဝေတုန်းက
ကျွန်တော်မသိ။

ဒုတ်ဝေတော့မှ
အဖော်ညှိ။ ။

[စာပေစိစစ်ရေးရဲ့ ဆုတ်ဖြဲခြင်းခံရတဲ့၊ ၁၉၉၇၊ ဇူလိုင်လ ထုတ်၊ စတိုင်သစ်မဂ္ဂဇင်း၊ မှ ကဗျာ]





လွတ်လပ်နှင်းဆီ
ရေးသူ-အဲငြိမ်းသာ

နှင်းဆီ.......ရေ
ဟောဒီကမ္ဘာမြေနဲ့ သင့်မြတ်ဖို့
ငါတို့.......
နှစ်ချို့ဝိုင်တွေကို သောက်ရဦးမှာလား။



နှင်းဆီ.......ရေ
မင်းကတော့
နီရဲတောက်ပဖူးရွလို့
လွတ်လပ်.......။

နှင်းဆီ.......ရေ
မင်းကတော့
သင်းကြည်ရနံ့နဲ့မွှေးပျံ့လို့
လွတ်လပ်.......။

နှင်းဆီ.......ရေ
အလွမ်းသင့်ရေးကိုတောင်
မလွမ်းချင်တော့ဖူး
ဘ၀ကိုထူထောင်ဖို့လက်ဆုပ်
လက်ဖျားတွေပုပ်ခဲ့
ယုံကြည်ခဲ့တယ်ကွယ်
ဒါဟာ...ကမ္ဘာမြေရဲ့
စရိုက်သေမဟုတ်တာကို။

နှင်းဆီ.......ရေ
အခူးကောင်းတဲ့
လက်သရမ်းတွေအတွက်
ဆူးပဒေါင်းနဲ့ပက်ကြမ်းတဲ့သတ္တိ
မင်းမှာရှိတော့
မင်းလွတ်လပ်တာပေါ့။ ။

[စာပေစိစစ်ရေးရဲ့ ဆုတ်ဖြဲခြင်းခံရတဲ့၊ ၁၉၉၇၊ ဇူလိုင်လ ထုတ်၊ စတိုင်သစ်မဂ္ဂဇင်း၊ မှ ကဗျာ]

တည်ကိန်း၊ ရလဒ်၊ အကြွင်း
ရေးသူ-မသီတာ(စမ်းချောင်း)

ဆယ်စုနှစ်တစုမက ကျော်လွန်ခဲ့ပြီ ဖြစ်သည်။
သူ ကတော့ သူ သာ ဖြစ်လေသည်။
xxxx xxxx
ဆယ်စုနှစ်တစု၏ ဟိုမှာဘက်တုန်းက ဖြစ်သည်။
သူ့အခန်းမှာ သာမန် နံရံဖြူဖြူ အခန်းလေးတခန်းသာပဲ ဖြစ်ခဲ့သည်။ ကြွေပြား၊ နံရံကပ်စက္ကူ စသဖြင့် ရေပန်းမစားသေးသော ကာလ ဖြစ်သည်တကြောင်း၊ သူ့မှာလည်း မိသားစု ငါးဦးကိုပင် ၀မ်း၊ ခါး၊ ၀အောင်၊ လှအောင် ကြိုးပမ်းနေရသောကာလ ဖြစ်သည်ကတကြောင်း တို့ကြောင့် သူ့အခန်းနံရံ သည် ဖြူသည်ဆိုရုံလေး ဖြူသည့် အင်္ဂတေနံရံသာ ဖြစ်ခဲ့လေသည်။
သို့သော် ထိုနံရံထက်မှာက မိသားစုဓာတ်ပုံ၊ ယွန်းပန်းချီ၊ အ၀တ်မျိုးစုံ လှမ်းထားသည့် ကြိုးတန်း....။ သည်းချာတို့၏ ပုံရိပ်များ....။ လေးပေမီးချောင်း၏ ဖြူဝင်းသော အလင်းအောက်မှာ မဖြူ့တဖြူ နံရံမှ အလင်းပြန်နှင့် ဖြူလွသော သူ့ရှပ်အင်္ကျီမှ ရောင်ပြန်က သည်းချာတို့ပေါ် လုံခြုံစွာ လွှမ်းခြုံ...။ "ဝေးသော အတိတ်" မှ အဖြူရောင် ကားချပ်။



xxxx xxxx
ဆယ်စုနှစ်တစုမက ကုန်လွန်ခဲ့စဉ်က ဖြစ်သည်။
သူ့အခန်းမှာ နံရံဖြူအခန်းလေးတခန်းတော့ ဖြစ်နေခဲ့ပြန် သေးသည်။ သို့သော် စာတမ်းနေ့စွဲ၊ လက်မှတ်၊ အမှတ်အသား၊ ကွမ်းသွေး အညစ်အကြေး စသဖြင့် အမျိုးမျိုးအဖုံဖုံ စွန်းထင်းကွက်ကြား နေသည့် နံရံပေါင်းများစွာကို သူ အဖော်လုပ်ခဲ့ရခြင်း ဖြစ်သည်။ ၀ပ် ၆၀ မီးသီး၏ ၀ါကျင်ကျင် အလင်းဖျော့အောက်မှာ ဖြူတူတူ နံရံမှ အငွေ့ပြန် အပူလှိုင်းနှင့် ဖြူညစ်ညစ် သူ့ တူညီအင်္ကျီဖြူမှ အနွေးထန်မှိုင်းတို့က အိပ်မက်ရီဝေတို့ကို မီးမြှိုက်...။ "မဝေးသော အတိတ်" မှ ဖြူဝါ၀ါ ကန့်လန့်ကာ...။
xxxx xxxx
ဆယ်စုနှစ်တစု၏ ဟိုမှာဘက်တုန်းက ဖြစ်သည်။
နံရံဖြူ့တဖြူထက်မှာ သည်းချာတို့၏ အရိပ်က တစစ ကြီးပြင်းလာခဲ့...။ လက်ရုံးရည်၊ နှလုံးရည်၊ ပညာရည်တို့ ပြည့်လျှမ်းသည့် သည်းချာများအဖြစ် သူ က မြင်ယောင် စိတ်ကူးခဲ့....။ သူ့စိတ်ကူး ပိတ်ကားချပ် နံရံဖြူ့တဖြူထက်မှာ သည်းချာတို့၏ အနာဂတ်ပုံရိပ်။ အလင်းအောက်မှာ မှိန်နေသည့် ပုံရိပ်များ။
မှန်သည်။ သူ့အရင်က သူတွေသည် သူကဲ့သို့ပင်။ နှောင်းသည်းချာတို့၏ အနာဂတ်ပုံရိပ်ကို တွေးတောပူပန် ခဲ့ကြပြီ။ သို့သော် သူတို့က ဘာများ တတ်နိုင်ခဲ့သနည်း။ သည်လိုနှင့် သူ့အလှည့်....။
နံရံများပေါ်မှာ သည်းချာတို့၏ အနာဂတ်ကို တင်ကြည့်....။ နံရံများကို ထွင်းဖောက်ထွက်သွားသည့် သူ့အိပ်မက်များ။ အနာဂတ်ကို ထွင်းဖောက်ထွက်တော့မည့် သူ့သည်းချာများ။ မအိပ်ပဲ မက်သည့် အိပ်မက်။ နံရံထက်က အိပ်မက်သည်းချာ။
xxxx xxxx
အိပ်မက်ကို ထုဆစ်ခဲ့....။
နံရံကို ထွင်းဖောက်ခဲ့....။
သည်းချာများသို့ ရည်ရွယ်ခဲ့....။
သူ့သည်းချာအပါအ၀င် သည်းချာများအတွက် အလင်းအောက်မှာ သူ အိပ်မက်ကို ထုဆစ်ခဲ့....။ နံရံကို ထွင်းဖောက်ခဲ့....။
သို့နှင့်.....။
အိပ်မက်ကား ဖောက်ထွင်းခံခဲ့ရ....။
နံရံကား သူ့အတွက် ဆစ်ပိုင်းထုဖို့....။
သည်းချာများကား အသံလွန် အလင်းနှုန်းဖြင့် သူ့နားမှာ မရှိတော့....။
သို့နှင့်.....။
xxxx xxxx
ဆယ်စုနှစ်တစုမက ကုန်လွန်ခဲ့စဉ် ဖြစ်သည်။
နံရံများထက်မှ သည်းချာတို့၏ အရိပ်က တစစ ဝေးကွာ....။ သည်းချာတစ်က လက်ရုံးသာ သန်မာပြီး လက်တကမ်းအကွာဆီ ရွေ့နေ....။ သည်းချာနှစ်က နှလုံးရည်အားကိုးနှင့် ဟိုးလှမ်းလှမ်းမှာ မောနေ....။ သည်းချာသုံးက ပညာရည် လမ်းခုလတ်ဖြင့် မလှမ်းမကမ်းမှာ ရှင်နေ.....။ သူ၏ ဖြူဝါ၀ါ ကန့်လန့်ကာ ဟိုမှာဘက်မှ သည်းချာတို့၏ ပစ္စုပ္ပန်ရုပ်ပုံလွှာ။ အမှိန်အောက်မှာ ငုံ့နေသည့် အလင်းမြုံပန်းပု များ။
သူ ဘာတွေများ တတ်နိုင်ပါသလဲ။ သူသည် သူ့အရင်က သူများကဲ့သို့ပင် "လက်တွေ့" နှင့် "အိပ်မက်" ကားချပ်နှစ်ခုကို မထပ်နိုင်သေး.....။
နံရံများပေါ်မှာ သည်းချာတို့၏ ရုပ်ပုံလွှာ မတင်ကျန်...။ နံရံများက ဆစ်ပိုင်းထုဖို့ ခံလိုက်ရသည့် သူ့အိပ်မက်များ။ ပစ္စုပ္ပန်မှာ ဖောက်ထွင်းခံလိုက်ရသည့် သူ့သည်းချာများ။ မပျော်ပဲ အိပ်ခဲ့ရသည့် လေးထောင့်တရာ ခွန်နှစ်ဆယ့်တည၏ အိပ်မက်ထဲက ထာဝရ ရုပ်ပုံလွှာ.....။
xxxx xxxx
ပစ္စုပ္ပန်။
သူသည် တခါက နံရံများ မဟုတ်သော သူ့အခန်းထဲမှာ ဖြစ်သည်။ ကြွေပြား၊ နံရံကပ်စက္ကူ မကပ်ထား။ စာတမ်း၊ နေ့စွဲ၊ လက်မှတ်၊ အမှတ်အသား၊ ကွမ်းသွေး အညစ်အကြေး မကွက်ကြား။ သို့သော် မိသားစု ဓာတ်ပုံ၊ ယွန်းပန်းချီ၊ သည်းချာတို့၏ ပုံရိပ်လည်းမရှိ။ ၀ပ် ၆၀ ၀ါကျင်ကျင်ပူလှုံလှုံ မီးအလင်းလည်း မဟုတ်။ မီးအားပြည့် လေးပေမီးချောင်း၏ ဖြူဝင်းဝင်းအလင်းလည်း မဟုတ်။ ဖြူတူတူနံရံထက်မှာ သူရဲ့ ၀တ်လက်စ ရှပ်အင်္ကျီဖြူတထည်သာ လှန်းထားသည့် ကြိုးတန်းတချောင်း။ သူ့ဖြူဖျော့ဖျော့ ဆံနွယ်များက အလင်းဖြူကို စုပ်ယူဖို့ ကြိုးစားနေ.....။
ပစ္စုပ္ပန်၏ မြေဖြူပန်းချီသက်ငြိမ်.....။
သို့မဟုတ်....။
သူ ကတော့ သူ။
xxxx xxxx
"သည်းချာတို့နှင့် စတင်ဝေးခဲ့ရသော အတိတ်" သည် မဝေးသော အတိတ်။
"သည်းချာတို့နှင့်တကွသော အတိတ်" သည် ဝေးသော အတိတ်။
"မဝေးသော အတိတ်" ၌ သူသည် ထို့ထက် "ဝေးသော အတိတ်" ကို မျှော်ခဲ့သည်။
ပစ္စုပ္ပန်။
သည်းချာတို့ ဝေးကွာဆဲ။
"ဝေးသော အတိတ်" ကို ဆက်၍သာ မျှော်ဆဲ။
သို့ဖြင့်....။
သူသည် "မဝေးသော အတိတ်" ၌လည်း ထို့ထက် "ဝေးသော အတိတ်" ကို မျှော်ခဲ့ရဖူးပြီ။
သူသည် "ပစ္စုပ္ပန်" ၌ပင် "ဝေးသော အတိတ်" ကို မျှော်ရဆဲ။
xxxx xxxx
ဆယ်စုနှစ်တစုမက ကျော်လွန်ခဲ့ပြီ ဖြစ်သည်။
သူကတော့ သူသာ ဖြစ်လေသည်။ ။

မသီတာ(စမ်းချောင်း)
[Fashion Image မဂ္ဂဇင်း၊ နိုဝင်ဘာ ၂၀၀၂ တွင် စာပေစီစစ်ရေးက ခွင့်ပြုချက်မရခဲ့သော ၀တ္ထုစာမူ ကို အခြေအနေ အချိန်အခါကြောင့် စာရေးသူထံ ခွင့်ပြုချက်မတောင်းခံနိုင်ပဲ ဖော်ပြလိုက်ရသည်ကို နားလည်ခွင့်လွှတ်ဖို့ တောင်းပန်အပ်ပါသည်။]

Sunday, February 24, 2008

ဓားတောင်၊ မီးပင်လယ်နှင့် မြသန်းတင့်(ဒုတိယပိုင်း-ဇာတ်သိမ်း)
ရေးသူ-ထက်မြက်

ဆရာမြသည် ဘ၀တူချင်း အနစ်နာခံသူ ဖြစ်သည်။ ကျွန်တော် လေးစားကြည်ညိုသူမျးထဲတွင် သူ့အား ပိုမိုလေးစားရသည်မှာ ထိုပုဂ္ဂိုလ်များထက် သူက ပိုမို အနစ်နာခံခဲ့သောကြောင့် ဖြစ်သည်။ လွှဆွဲလျင် သူက ကျွန်တော်တို့ထက် အသက်ကြီးခြင်း၊ မျက်မှန်ထူတပ်ပြီး အမြင်အာရုံနည်းခြင်းတို့ ကြောင့် သူ့ကို ဘာမျှမလုပ်ဖို့ အတင်းတားသော်လည်း သူလက်မခံ။ ကျွန်တော်တို့နှင့် တန်းတူ လွှဆွဲသည်။ ကျန်းမာရေးကောင်းသူ ဖြစ်၍ ကျွန်တော်တို့ထက် ပိုလုပ်သည်။ သူ့အသက်အရွယ် လူကြီးများထက် သူက ပိုအလုပ်လုပ်သည်ကိုကား မည်သူမျှ ငြင်းနိုင်လိမ့်မည် မဟုတ်ပေ။

ကျွန်တော်တို့ ထမင်းစားသည့်အခါ နှစ်ယောက်ကို ဟင်းတခွက်(ဝေခြင်းလွယ်ရအောင် နှစ်ယောက် တခွက် ထည့်ပေးခြင်း ဖြစ်ပါသည်) စားကြသည်။ တတ်နိုင်သမျှ ဟင်းတုံး အသေးအကြီး မျှထည့်ထားသည်။ ဆရာမြသည် ဟင်းခွက်ထဲမှဟင်းကို သူစားရမည့် အချိုးထက် အမြဲလျှော့စားသည်။ အတူစားသည့် ရဲဘော်ကို ပိုစားစေသည်။ အတူစားသူကလည်း မစားဘဲ သူ့ကို ဦးစားပေးပိုထည့်လျှင် သူ လက်မခံ။ အတင်းထည့်ပေးလျှင်လည်း ထမင်းကို အမြန်စား၍ သူ ထသွားတတ်သည်။ ကျွန်တော်တို့နှင့် နေခဲ့ရသည့် ကာလတွင် ဆေးလိပ် (၂)လိပ် ဆိုလျင်လည်း သူ (၂)လိပ်ပဲ သောက်သည်။ ပဲလှော် (၁၀)စေ့ဆိုလျင်လည်း ထို့ထက် လျှော့စားပါသည်။ ပိုင်ဆိုင်မှုအတွက် ဆရာမြ လောဘတက်သည်ကို ကျွန်တော်မတွေ့ဘူးပါ။ အသက်ငယ်ငယ် ကြီးကြီး သိမ်သိမ်မွေ့မွေ့ လေးလေး စားစား ဆက်ဆံသည်။ ချစ်စရာအကောင်းဆုံးမှာ တဖက်သားပြောစကားကို လေးလေးနက်နက် နားထောင်ခြင်း ဖြစ်သည်။ သူသိပြီးသား အကြောင်းအရာ ဖြစ်လျင်လည်း သူ ဂရုစိုက်ပြီး နားထောင်သည်။ စာရေးဆရာ အတော်များများ အထူးသဖြင့် အသက်ကြီးသော စာရေးဆရာကြီးများ သည် လူငယ်များကို စကားတော်တော်ပြောသည်။ (အရွယ်လွန် ရောဂါတခုလည်း ဖြစ်နိုင်ပါသည်) သူတို့ မောမှ အားရမှ တဖက်လူကို စကားပြောခွင့်ပေးသည်။ ဆရာမြသည် ထိုသူများထဲတွင် မပါပါ။ စကားဝိုင်းတခုတွင် ဘက်ညီသော အဖော်တဦး ဖြစ်သည်။ နားလည်းထောင်သည်။ ပြောစရာ ရှိသည်ကိုလည်း ပြောသည်။စကားပြောလောဘမကြီး၊ စကားအများဆုံး ပြောခြင်းဖြင့် ၀ိုင်းသားများကို အနိုင်မကျင့်ပေ။ ဆရာမြကို လောဘမကြီးဟု ဆိုသော်လည်း သူလောဘတက်လွန်းသည်ကို ကျွန်တော် အတူနေစဉ်က တွေ့ခဲ့ရသည်။ ထိုအရာများမှာ စာဖတ်လောဘ ကြီးခြင်းနှင့် စာရေးလောဘ ကြီးခြင်းပင် ဖြစ်ပါသည်။
သူမျက်စိ ဘာကြောင့် မှုန်ရသလဲဟု ကျွန်တော်က မေးဖူးသည်။
'စာဖတ်များလွန်းလို့ပေါ့ဗျ၊ ဂျပန်ခေတ်တုန်းကဆိုရင် ရေနံဆီမီးခွက်နဲ့ ဖတ်တယ်။ မီးခွက်နား ကပ်ပြီး ဖတ်ရင်းနဲ့ မျက်စိမှုန်လာရတာပဲ' ဟု ဆရာမြက ပြန်ဖြေခဲ့ပါသည်။ ကိုကိုးကျွန်းသို့ ဒုတိယအကြိမ် ရောက်ချိန်၌ သူ့မျက်လုံးများမှာ ဆိုးသထက် ဆိုးလာသည်။ ၁၉၅၈ ခုနှစ်က ကိုကိုးကျွန်းသို့ ပထမ အကြိမ် သူရောက်သည်။ ထိုအချိန်က သူ့မျက်လုံးများ ယခုလောက် မဆိုးသေး။ ပထမတုန်းက သူနှင့် အတူနေခဲ့ရသော ယခု ဒုတိယအကြိမ်တွင်လည်း အတူနေခဲ့ရသော လေထီးဦးအုန်းမောင်နှင့် ဦးဖေအောင်တို့က ပြောပါသည်။ မိမိတို့၏ မိသားစုများထံ တလတကြိမ် ကျွန်တော်တို့ စာရေးကြပါသည်။ ကျွန်တော်တို့ စာများကို ဦးမြသန်းအား ပေးဖတ်ကြသလို သူ့စာများကိုလည်း ကျွန်တော်တို့အား ပေးဖတ်ပါသည်။ သူ့မျက်စိ မှုန်လာခြင်းနှင့် ပတ်သက်ပြီး သူရေးထားသည်ကို ကျွန်တော် ယခုတိုင် မှတ်မိနေပါသည်။
'မောင့်မျက်လုံးတွေက မှုန်သထက်မှုန်လာတယ်။ ကြည့်ရတာ အားမရတော့ဘူး။ ဒါပေမဲ့ ကိစ္စမရှိ ပါဘူး။ မျက်စိလုံးဝ မမြင်ရတော့လို့ စာမရေးနိုင်ရင်လည်း ဘေဘီတို့ကို တယောထိုးပြီး မောင် ကျွေးနိုင် ပါတယ်'
ဆရာမြ တယောထိုးတတ်သည်ကို သူနှင့် ရင်းနှီးသူတိုင်းပင် သိကြပါသည်။ ကျွန်တော်က ကိုယ်တိုင် မြင်ဖူးသည်။ လသာသော ညတည ကျွန်တော်တို့ အဆောင်၏ နောက်ဘက် လရောင်ဖြာ ကျနေသော ပြတင်းပေါက်တွင် တယောက်တည်းထိုင်ပြီး ဆရာမြ တယောထိုးနေသည်။ တယောသံ ကြားတုန်းကတော့ သူမှန်းမသိ။ တယောထိုးသင်နေသော မောင်မြသောင်းတို့လို လူများ၏ လက်သံမျိုး မဟုတ်။ အချွဲအနွဲ့များဖြင့် တုန်ယင်လှိုက်လှဲစွာ ထွက်ပေါ်လာသော တယောသံကြောင့် စာဖတ်နေရာမှ တချက်တချက် သီချင်းစာသားကိုပါ လိုက်ဆိုသံ ကြားရသည်။ ထိုအခါကျမှ ဆရာမြမှန်းသိရပြီး နောက်ဘက်သို့ အသာလေး ကျွန်တော်လျှောက်လာခဲ့ပါသည်။ ဆရာမြ တယောကို ပိုင်ပိုင်နိုင်နိုင် ထိုးတတ်မှန်း ထိုအခါကျမှ သိရသည်။
လူတယောက်၏ ဘ၀သည် သူဖြတ်သန်းခဲ့ရသော သမိုင်း၏ ရိုက်ခတ်ချက်ကို ခံရသည်။ ထိုရိုက်ခတ်ခံရသော သမိုင်းကိုပင် ထိုလူက ပါဝင် ရေးဆွဲသွားတတ်ပေသည်။ ဆရာမြသန်းတင့်က အသက် (၁၄)နှစ်သားကစပြီး နိုင်ငံရေးနယ်သို့ ၀င်ရောက်ခဲ့၏။ ၁၉၄၃ ခုနှစ်တွင် အာရှလူငယ်အဖွဲ့သို့ ဆရာမြ ၀င်ရောက်လှုပ်ရှားခဲ့သည်။ ကလေးသာသာအရွယ် အသက် (၁၄) နှစ်၊ (၁၅) နှစ်လောက်ကပင် ဖက်ဆစ်တော်လှန်ရေးသမားတဦး ဖြစ်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေး မြေအောက်ကလပ်စည်းများ တွင် ဆရာမြ တာဝန်ယူခဲ့လေသည်။ နောက် လွတ်လပ်ရေးတိုက်ပွဲတွင် နယ်ချဲ့အောက်မှ လွတ်မြောက် ရေးအတွက် အသက် (၁၆)နှစ်အရွယ်တွင် ခြေစုံပစ်၍ ကျရာတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ဖက်ဆစ်များကို မောင်းထုတ်လိုက်ပြီး ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့သော်လည်း ဗြိတိသျှနယ်ချဲ့သမား များသည် သူ၏ ဘိုးဘွားပိုင် အမွေပစ္စည်းတခုအဖြစ် သဘောထားကာ မြန်မာနိုင်ငံကို ဆက်လက် ကျွန်ပြုခဲ့ပြန်သည်။ မြန်မာတော်လှန်ရေးသမားများကလည်း ဖက်ဆစ်ဂျပန်နှင့် ဖက်ဆစ်ဝါဒကို တိုက်ထုတ် လိုက်ရပြီးနောက် နယ်ချဲ့သမားကို ထပ်မံတိုက်ထုတ်ရန်၊ လွတ်လပ်ရေး ရယူရန်အတွက် ပြင်ဆင်ခဲ့ကြ၏။ ဆရာမြသန်းတင့်သည် အထက်မြန်မာပြည် ဖဆပလအဖွဲ့ချုပ်၊ မန္တလေးခရိုင်တွင် လည်းကောင်း၊ မန္တလေးခရိုင် ကွန်မြူနစ်ပါတီတို့တွင် လည်းကောင်း၊ အချိန်ပြည့် တာဝန်ယူရင်း မြင်းခြံခရိုင်ကွန်မြူနစ်ပါတီကိုလည်း တည်ထောင်ကာ ခရိုင်ကော်မတီဝင်အဖြစ် တာဝန်ယူခဲ့လေသည်။ 'လယ်သမားများ သီးစားခ မပေးရေးတိုက်ပွဲ၊ လက်ငုတ်လယ်ပြန်ထွန်ရေးတိုက်ပွဲ၊ မြေရှင်ကြီးများ၏ လယ်များကို အတင်းဝင်ထွန်ရေးတိုက်ပွဲ' စသော လယ်သမားတိုက်ပွဲများကို 'အက်ကူးသခင်သိန်းဖေ' နှင့်အတူ တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုသို့ မြင်းခြံခရိုင်တွင် တာဝန်ယူနေစဉ် ရှင်မတောင်ဓားပြဂိုဏ်းကြီး အကြောင်း သူ့ကိုယ်တွေ့အဖြစ်အပျက်အား ကျွန်တော့်ကို ပြောပြခဲ့လေသည်။
ထိုနေ့မနက်က ကျွန်တော်တို့ အရှေ့ဘက်ကမ်းတွင် လမ်းမလျှောက်ဖြစ်ပါ။ အိပ်ရာထ နောက်ကျသဖြင့် နံနက် (၆) နာရီလောက်မှ လမ်းလျှောက်ထွက်ကြပါတယ်။ နီးနီးနားနား အနောက် ဘက်ကမ်း၊ အလယ်ရွာဘက်သို့ နှစ်ယောက်သား လျှောက်ခဲ့ကြလေသည်။ အနောက်ဘက်ကမ်းသည် အရှေ့ဘက်ကမ်းလို သဲသောင်ပြင်ကြီး မရှိပေ။ တောင်ကုန်းမြေပြင်ရှိပြီး ကမ်းခြေမှာလည်း ကျောက် စွယ်များ၊ ကျောက်ပြင်ကြီးများသာ ရှိသည်။ တောင်ကိုဖြတ်ပြီး တောင်နှင့်မြောက် ကားလမ်း ရှိ၏။ ကျွန်တော်တို့သည် ကားလမ်းအတိုင်း လျှောက်ခဲ့ပါသည်။ ဘေးတဘက်တွင် တောင်နံရံ၊ တဘက်၌ချောက်၊ ထိုမှ လွန်လျှင် ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးကို တွေ့ရသည်။ သစ်ရွက်များ ပေါ်တွင် နှင်းရည်စက်လေးများ တင်ကျန်နေပြီး၊ ဆောင်းဝင်စဖြစ်၍ ပင်လယ်မှ ဖြတ်တိုက်လာသော လေအေးကြောင့် အနွေးအင်္ကျီများကို ဆွဲစေ့လိုက်ကြ၏။ တောင်ထိပ် သစ်ပင်ပေါ်မှ ငှက်ကလေးများ၏ တေးဆိုသံကို ကြားနေရသည်။
"ဦးမြသန်း..ဟစ်ခ်ျကော့ရဲ့ တူကက်ခ်ျအေသ်ဖ် (To Cath a Theif) ကြည့်ဖူးလား"
"ကြည့်ဖူးပါတယ်၊ ဘာဖြစ်လို့လဲ"
"ဒီနေရာကနေ ပင်လယ်ကို လှမ်းမြင်ရတော့ အဲဒီကားထဲက မွန်တီကာလို မြင်ကွင်းနဲ့ မတူဘူးလား လို့"
"ဟုတ်တယ်ဗျ၊ ဒါပေမဲ့ ဒီက ပိုလှတယ်။ ပိုပြီးလည်းသာယာတယ်။ ပိုပြီးလည်း အေးချမ်းတာပေါ့။ မွန်တီကာလိုကတော့ ကားလမ်းနဲ့၊ ကမ်းစပ်မှာ သင်္ဘောတွေနဲ့ ဆိုတော့ ဒီလောက်မသာယာဘူးလို့ ပြောတာပါ။ တောင်ပေါ်ကနေ ကြည့်ရတဲ့ မြင်ကွင်းဟာ အပေါ်စီးက ကြည့်ရတော့ သာမန်ထက် လှနေတာပါပဲ။ မန္တလေးတောင်ပေါ်က မြင်ကွင်း၊ ပုပ္ပါးတောင်က မြင်ကွင်းတွေလည်း သူ့ဒေသနဲ့သူ လှနေတာပေါ့ဗျာ"
"တောင်ဆိုလို့၊ ဦးမြသန်း တရုတ်ပြည်ရောက်တော့ ကျင်ကန်းတောင်ကို သွားခဲ့သေးလား"
"ကျင်ကန်းတောင်တော့ မရောက်ခဲ့ပါဘူး၊ ငယ်ငယ်တုန်းက ရှင်မတောင်တော့ ရောက်ခဲ့ဖူးပါတယ်"
"ဗျာ"
"ဟုတ်တယ်၊ တရုတ်ပြည်မှာ ဂျပန်ကျူးကျော်ကာလနဲ့ ကူမင်တန်အုပ်စိုးမှုကာလတွေမှာဆိုရင် ဓားပြတွေ အလွန်သောင်းကျန်းခဲ့တယ်။ လူအင်အား၊ လက်နက်အင်အား ကောင်းကောင်းနဲ့ ဓားပြ ဂိုဏ်းကြီးတွေဟာ နိုင်ငံအနှံ့မှာလိုလို ရှိနေခဲ့တယ်။ အထူးသဖြင့် တောတောင် ထူထပ်ပြီး ပုန်းခိုလို့ ကောင်းတဲ့ ကျင်ကန်းတောင်လို နေရာမျိုးတ၀ိုက်မှာ ဓားပြတွေ သောင်းကျန်းခဲ့တာပေါ့။ တိုင်းပြည် အုပ်ချုပ်ရေးကလည်း မတည်ငြိမ်၊ ပြည်သူတွေရဲ့ စီးပွါးရေးကလည်း အလွန်ကျပ်တည်းနေတဲ့ အခါမျိုးမှာ သူခိုးဓားပြတွေ မင်းမူပေါများလာတတ်တာ ဓမ္မတာပဲလေ။ အဲဒီ ဓားပြတွေနဲ့ ဓားပြဂိုဏ်းကြီးတွေကို တရုတ်ကွန်မြူနစ်ပါတီက ကေဒါတွေလွှတ်ပြီး စည်းရုံးခဲ့တယ်ဗျ။ တချို့ကေဒါတွေဆိုရင် ဓားပြတွေကို စည်းရုံးရင်း ဓားပြတွေက သတ်ပစ်တာ ခံလိုက်ကြရတယ်။ ခေါင်းမာပြီး ဆိုးသွမ်းတဲ့ ရက်စက်လွန်းတဲ့ ဓားပြဂိုဏ်းကြီးတွေကျတော့ ပါတီက တပ်နဲ့ တိုက်ခိုက် ချေမှုန်းပစ်ရတယ်။ စီးပွါးရေးစနစ်ကြောင့် ဓားပြဖြစ်ရတယ် ဆိုတဲ့အခြေခံကို နားလည်ထားတော့ ဓားပြဂိုဏ်းအများစုဟာ တော်လှန်ရေးထဲ ပါလာပြီး ဂျပန်ကို တော်လှန်ခဲ့ကြတယ်။ ကူမင်တန်တွေကို တော်လှန်ခဲ့ကြပါတယ်။ ကျွန်တော်တို့ ဆီမှာလည်း ဒီလိုအဖြစ်မျိုးတွေ ရှိခဲ့ကြပါတယ်"
ကျွန်တော်တို့သည် လမ်းလျှောက်ရင်းမှ တောင်တဆစ်ချိုးကွေ့ရှိ ကျောက်တုံးကြီးတတုံးပေါ်တွင် ထိုင်နားနေခြင်း ဖြစ်သည်။ ဦးမြသန်းက ပင်လယ်ဘက် မျှော်ငေးကြည့်နေ၏။ သူသည် တစုံတရာကို အမှတ်ရ တွေးတောနေပုံရသည်။ ပင်လယ်ပြင်မှာ ငြိမ်သက်ပြီး လှိုင်းကြက်ခွပ်ကလေးများသာ ပြေးနေ၏။ မနက်ခင်း နေရောင်ကြောင့် ရေပြာပြာမှာ တလက်လက် တောက်နေသည်။ ကျောက်ပြင်ကြီးပေါ်တွင် ကျောက်နက်တုံးကြီးနှစ်တုံးကို သေတ္တာကြီးနှစ်လုံး ထောင်ထားသလို အထင်းသား မြင်နေရသည်။ ထို ကျောက်တုံးကြီးနှစ်လုံးမှာ ဆယ့်နှစ်ပေခန့် မြင့်ပြီး၊ တလုံးနှင့်တလုံး နှစ်ပေခန့်သာခြားကာ ကျောက်သားပြင်ကြီးတွင် ထီးထီးကြီး တည်ရှိနေကြသည်။ နှစ်ခုစလုံး အမြင့် တဆယ့်နှစ်ပေ၊ အနံခြောက်ပေ၊ ထု သုံးပေခန့် ရှိပေလိမ့်မည်။ ကျွန်တော်တို့က ကျောက်ညီနောင်ဟု အမည်ပေးထားလေသည်။ ညနေတိုင်း ကျောက်ညီနောင်ထိပ်သို့ တက်ပြီး ကျွန်တော်တို့ ဆေးလိပ် သောက်ကြ၊ စကားပြောကြသည်။ ဒုတိယ ကမ္ဘာစစ်ကာလနှင့် စစ်ပြီးကာလများတွင် အုပ်ချုပ်ရေးစနစ် တည်ငြိမ်မှုမရှိခြင်း၊ စပ်ကူးမတ်ကူးအချိန် ဖြစ်နေခြင်းကြောင့် ဓားပြသူခိုး ထကြွခဲ့သည်။ မြစ်ဝကျွန်းပေါ်ဘက်၌ ဖျာပုံ၊ ဒေးဒရဲတွင် လသာသန်းမောင်တို့၊ ငသိုင်းချောင်းတွင် ဆင်ဖိုးထွန်းတို့မှာ နာမည်ကြီး ဓားပြများ ဖြစ်သည်။ တောမီးလောင်ချိန်တွင် တောကြောင်များ လက်ခမောင်း ခတ်နေခြင်းပင်။
"ရှင်မတောင်ဆိုတာ ပခုက္ကူခရိုင်ထဲမှာ ရှိတယ်ဗျ။ ခင်ဗျားတို့ ကြားဖူးတဲ့ ရှင်မတောင် သနပ်ခါးဆိုတာ အဲဒီနယ်က ထွက်တဲ့ သနပ်ခါးကို အစွဲပြု ခေါ်တာပေါ့လေ။ ဒီဒေသတွေမှာက သနပ်ခါး ပင်ပေါ်တယ်။ သနပ်ခါးတို့၊ သန်းတို့၊ ဒဟတ်တို့၊ ထနောင်း၊ တမာတို့ ပေါက်တဲ့ ဒေသတွေပါ။ ရှင်မတောင်ဆိုတာ သိပ်မြင့်တဲ့ တောင်ကြီးတလုံး မဟုတ်ဘူး။ ခပ်နိမ့်နိမ့်တောင်လေးပါ။ ကျွန်တော်တို့ မနက်ပိုင်းတက်တဲ့ ဘန်ကာတောင်ထက်တော့ မြင့်တာပေါ့ဗျာ။ တောင်ခြေမှာ သနပ်ခါးတော၊ တောင်ပေါ်မှာလဲ သနပ်ခါးပင် ရှိပါတယ်။ အဲဒီတုန်းက ဒီဒေသမှာ ဓားပြတွေ ပေါတယ်ဗျ။ ပခုက္ကူတင် မဟုတ်ပါဘူးလေ။ ကျန်ဒေသတွေမှာလည်း ဓားပြတွေ သောင်းကျန်းနေတာပါပဲ။ ကျောက်ပန်းတောင်း ပေါက်စတို့၊ နွားထိုးကြီးမောင်ကျော်တို့၊ ရှင်မတောင်ခင်မောင်တို့ စတဲ့ ဓားပြဂိုဏ်းတွေဟာ အင်နဲ့အားနဲ့ ထကြွနေကြပါတယ်။ အင်အားအကောင်းဆုံးကတော့ ရှင်မတောင်ခင်မောင်ဂိုဏ်းပါ။ ဓားပြအင်အား (၁၀၀)ကျော်လောက် ရှိတယ်။ ဓားပြသူခိုးတွေ သောင်းကျန်းလွန်းတော့ ရပ်ရွာမှာ နေထိုင်သူတွေအဖို့ လုံခြုံမှုမရှိတော့ဘူး။ လူထုအတွက် လုံခြုံမှု မရှိဘူးဆိုရင်တော်လှန်ရေးအတွက်လည်း ပြည်သူကို စည်းရုံးဖို့ အခက်အခဲ ရှိတာပေါ့။ တကယ်တော့ ဓားပြတိုက် လုယက်တယ် ဆိုတာဟာ အလုပ်အကိုင်မရှိဘဲ စီးပွါးရေးကျပ်တည်းလို့ ဆိုတာကို တရားအဖြစ်လက်ခံပေမယ့် ဓားပြလုပ်ကြ တာကို ကျွန်တော်တို့ ခွင့်မဲပုနိုင်၊ အားလည်းမပေးဘူး။ ဘာကြောင့်လဲဆိုတော့ ဓားပြတိုက်တယ် ဆိုတာ သူတပါးပစ္စည်း၊ ငွေကြေးဥစ္စာကို အနိုင်ကျင့် လုယက်ယူတာပဲ၊ သူတပါး လုပ်အားနဲ့ ရထားတာ တခြား ဘာနည်းနဲ့ ရရပေါ့ဗျာ။ အဲဒီ သူတပါးရဲ့ ပစ္စည်းဥစ္စာကို လက်နက်နဲ့ ဗိုလ်ကျ လုယူတာမျိုးကို အယူအဆအရကို ကျွန်တော်တို့က ဆန့်ကျင်ရမှာဘဲ။ ဒါကြောင့် ဒီဓားပြတွေကို (တစ်) စည်းရုံးမယ်၊ (နှစ်) စည်းရုံးမရရင် တိုက်ခိုက်ပြီး ပြစ်ဒဏ်ပေးရမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။"
"ရဲဘော်တယောက်ကို ရှင်မတောင် ဓားပြဂိုဏ်းစည်းရုံဖို့ လွှတ်လိုက်တယ်။ ဒီရဲဘော်က ကျောင်းသားအရွယ် ခပ်ငယ်ငယ်ပဲ။ လွယ်အိပ်တလုံးနဲ့ ဓားပြသောင်းကျန်းတဲ့ ရှင်မတောင်ဘက်ကို သူတယောက်တည်း ထွက်ခဲ့တာပေါ့။ ဓားပြတွေကလည်း သူ့ကိုတွေ့တော့ဖမ်းစစ်တယ်။ ဘယ်က ကောင်လဲ၊ ဘာလာလုပ်လဲပေါ့။ သူကလည်း ခရီးသွားပါလို့ ပြောတယ်။ ဒါပေမယ့် သူ့ပုံပန်းက လယ်သမား၊ ကိုင်းသမားနဲ့လည်းမတူဘူး၊ တောရုပ်လည်းမပေါက်၊ မြို့သားပုံ ခပ်နုနုလူငယ်လေးဆို တော့ မယုံသင်္ကာဖြစ်ပြီး ဖမ်းလိုက်တယ်၊ ရှင်မတောင်ထိပ်မှာ စခန်းချထားတဲ့ ဓားပြခေါင်းဆောင် ရှိရာခေါ်သွားတာပေါ့။ ဓားပြခေါင်းဆောင်က အရပ်ကောင်းကောင်း၊ အလုံးအဖန်ကလည်း ခပ်တောင့် တောင့်ဗျ၊ အသားကလည်းဖြူတယ်။ မျက်နှာက တည်တည်ကြည်ကြည်ပဲ။ စကားပြောတဲ့ အခါမှာလည်း ခပ်အေးအေးပဲ ပြောတယ်။ ဓားပြနဲ့မတူဘူး။ ပွဲစားကြီးတယောက်နဲ့ တူတယ်။ အစကတော့ ဒီရဲဘော်ကို သတင်းပေးလား၊ လူဆိုးထိန်းလားလို့ ထင်တာပေါ့။ နောက်မှ နိုင်ငံရေးသမားတယောက်၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသူ ကျောင်းသားခေါင်းဆောင် တယောက် ဆိုတာ သိသွားတော့ ရင်းရင်းနှီးနှီး ဖြစ်သွားကြတယ်။ လူဆိုးခေါင်းဆောင်ကလည်း သူ့အကြောင်းကို ပြောပြတယ်။ အရင်ကတော့ အလွန်ရိုးသားတဲ့လူ၊ ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားသောက်နေရင်းက သူကြီးအနိုင်ကျင့်ခံရ၊ မြေရှင်က အကြွေးနဲ့လယ်သိမ်း၊ မိန်းမက မီးတွင်းထဲမှာ ကလေးရောအမေပါသေ။ ဒီအခါ နာကျည်းပြီး ဓားပြဖြစ်သွားရတာပဲ။ ဒီလိုနဲ့ ရဲဘော်လေး က ဓားပြခေါင်းဆောင်နဲ့ တောင်ပေါ်မှာ အတူနေ၊ အတူစားပြီး တပါတ်လောက်နေခဲ့တယ်။ ဓားပြဘ၀ကို စွန့်လွှတ်ဖို့ ဖျောင်းဖျတယ်။ အင်္ဂလိပ်နယ်ချဲ့သမားနဲ့ အရင်းရှင်စနစ်ကြောင့် မြန်မာပြည်သူတွေ ဆင်းရဲနေရတဲ့အကြောင်းကို ရှင်းပြတယ်။ မြေရှင်ပဒေသရာဇ်စနစ်ကိုသာ ချေမှုန်းပစ်နိုင်ရင်၊ နယ်ချဲ့စနစ်နဲ့ အရင်းရှင်စနစ်ကို ဖယ်ရှားပစ်နိုင်ရင် ဓးပြ၊ သူခိုးစတဲ့ စီးပွါးရေးကြောင့် ပေါ်ပေါက်လာရတဲ့ ဒုစရိုက်တွေ ပပျောက်သွားလိမ့်မယ်လို့ ပြောပြတယ်။ ဒီလိုနဲ့ ရှင်မတောင်ဂိုဏ်းဟာ ဓားပြတိုက်တာတွေ လျော့လာတယ်၊ နောက်ဆုံး ဓားပြဂိုဏ်းကြီးကို ဖျက်လိုက်ပြီး နယ်ချဲ့ဆန့်ကျင်ရေး တော်လှန်ရေးသမား တွေ ဖြစ်လာကြတယ်။ အကုန်လုံးတော့ မဟုတ်ဘူးပေါ့ဗျာ၊ ဒါပေမဲ့ ဓားပြခေါင်းဆောင်ဆိုရင် ရန်သူကို ရွပ်ရွပ်ချွံချွံတိုက်ရင်းနဲ့ တော်လှန်ရေးမှာ ကျဆုံးသွားခဲ့ပါတယ်။ ၀တ္ထုရေးဖို့ ကောင်းတယ်ဗျ။ ကျွန်တော် ပြောချင်တာက တရုတ်ပြည်တော်လှန်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဓားပြဂိုဏ်းတွေ ရှိသလို ကျွန်တော်တို့ဆီမှာလည်း ဖက်ဆစ်တော်လှန်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးမှာ ဓားပြဂိုဏ်းတွေ၊ ဓားပြတွေလည်း ပါဝင်တိုက်ခိုက်ခဲ့ဖူးတယ်လို့ ပြောချင်တာပါ"
"အဲဒီ ရှင်မတောင်ဓားပြဂိုဏ်းကို စည်းရုံးဖို့ တာဝန်ပေးခံရတဲ့ ရဲဘော်က ဘယ်သူလဲ၊ ဦးမြသန်းလား"
ကျွန်တော့်မေးခွန်းကို ဆရာမြက မဖြေ။ ကျွန်တော်ကလည်း သူ မကြိုက်ဘူးထင်၍ ထပ်မမေး တော့။ သို့သော် ဓားပြခေါင်းဆောင်နှင့် တွေ့ခဲ့ပုံ၊ ဓားပြခေါင်းဆောင်၏ ပုံပန်းသဏ္ဌန်ကို အသေးစိတ် ပြောပြနေပုံ၊ ဆွေးနွေးကြပုံ တို့ကို ကိုယ်တိုင်ကြုံရသလို ဆရာမြက ပြောနေသဖြင့် သူပဲဟု ကောက်ချက်ချခဲ့သည်။ ထိုအကြောင်းကို ဘ၀တက္ကသိုလ်မှ ခွဲခွါကြသည်အထိ၊ လူ့ဘ၀မှ ခွဲခွါသွားသည် အထိ ကျွန်တော်တို့ မပြောဖြစ် ကြတော့ပါ။ ထိုနေ့မနက်က ကျွန်တော်တို့သည် အလယ်ရွာထိ လမ်းလျှောက်ဖြစ်ခဲ့ကြသည်။ တောင်အဆင်း ပြန့်ပြူးသော မြေညီလမ်း၏ အောက်တွင် အားပါးတရ စကားပြောခဲ့ကြသည်။ တောင်တွေ၊ ကားလမ်းတွေနှင့် ပင်လယ်ရှုခင်းကို မြင်ရသောအခါ ကျွန်တော်က ရုပ်ရှင်ကားထဲရှိ မွန်တီကာလိုကို သတိရရှိသော်လည်း သူက တရုတ်ပြည်တော်လှန်ရေး၏ ဘူမိနက် သန် ကျင်ကန်းတောင်တန်းကို လွမ်းဆွတ်နေခဲ့သည်။ ကျွန်တော်တို့ လမ်းလျှောက်ခဲ့ကြသော တောင်ကြော၊ တောဝန်း၊ သဲသောင်ပြင်၊ အုန်းပင်တန်းတို့ကြားတွင် သူ၏နှလုံးသဲပွတ်ဖြစ်သော 'ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်' သည် အမြုတေခဲ့ပါသည်။ ထိုဒေသတွင် သံချောင်းတို့၊ မွေးဖွားခဲ့သည်။ သံချောင်းတို့ အသက်စွန့်ခဲ့ကြသည်။ ကိုနန္ဒာတို့၊ ကိုရဲမြင့်တို့ ကျင်လည်ခဲ့ကြသည်။ လွတ်မြောက်ခဲ့ကြသည်။ ဆရာမြ၏ သံချောင်းသည် ထိုပင်လယ်ပြင်တွင် ကျန်ရစ်ခဲ့သည်။ ယခုအခါ သူချစ်သော သံချောင်းတို့နှင့်အတူ ဆရာမြသည်လည်း စွန့်လွှတ်သူများ၏ ဘုံဗိမာန်တွင် အတူရှိနေပါလိမ့်မည်။
လွန်ခဲ့သော (၂၇)နှစ်က ဦးမြသန်း ပြောခဲ့ဖူးသော ရှင်မတောင်ဓားပြဂိုဏ်းကြီးအကြောင်းသည် ကျွန်တော့်မှတ်ဥာဏ်ထဲတွင် မတင်မကျ ကျန်နေခဲ့ရာမှ ဦးမြသန်းကွယ်လွန်သွားသည့်အခါ ပြောစရာ စကား ဖြစ်လာခဲ့ပါသည်။ ပခုက္ကူသား ဆရာမြနှင့် မြင်းခြံခရိုင် ကွန်မြူနစ်ပါတီ၊ ခရိုင်ကော်မတီ၊ ရှင်မတောင်ဓားပြဂိုဏ်းကို စည်းရုံးခဲ့သူမှာ ဆရာမြ ဟုတ် မဟုတ်။ ပခုက္ကူခရိုင်မှ ကျောင်းသားရဲဘော် တယောက်က ဘာကြောင့် မြင်းခြံခရိုင်သို့ ရောက်ရှိသွားပြီး ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး၊ ဗြိတိသျှ လက်အောက်မှ လွတ်မြောက်ရေးတိုက်ပွဲများ ပြုလုပ်ခဲ့သနည်း။ ထိုအကြောင်းများကို ထိုအချိန်က မြင်းခြံခရိုင်တွင် ဆရာမြနှင့်အတူ တာဝန်ယူခဲ့သော ဆရာမှိုင်းနှင့် တွေ့ခဲ့ရပါသည်။
"ကိုမြသန်းက ပခုက္ကူ မြိုင်ကနေကျွန်တော်တို့ မြင်းခြံမှာ တာဝန်လာယူပါတယ်။ ပခုက္ကူကနေ မြင်းခြံလာပြီး တာဝန်ယူရတာလည်း အဲဒီတုန်းက သူ့ဒေသဆိုင်ရာ အခြေအနေတွေကြောင့်ပဲ။ တချို့ဆို မန္တလေးသွားကြ၊ မိတ္ထီလာသွားကြနဲ့ နယ်မြေခွဲပြီး တာဝန်ယူကြတာပါ။ သက်ဆိုင်ရာ ဖဆပလအဖွဲ့ချုပ်နဲ့ ပါတီတွေက သတ်မှတ်တဲ့အတိုင်း သွားကြရတာပါ။ ကျွန်တော်တို့ဆီ ရောက်လာတော့ အက်တူးသခင် အုန်းဖေရဲ့ ခေါင်းဆောင်မှု အောက်မှာ လုပ်ကြပါတယ်။ ရှင်မတောင်ဂိုဏ်းကို သခင်အုန်းဖေက ကိုမြကိုပဲ တာဝန်ပေးပြီး စည်းရုံးခိုင်းတယ်လို့ ကျွန်တော်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုမြသန်းက သဘောတရား ပိုင်တယ်။ ကျွန်တော်တို့ မြင်းခြံခရိုင် ဆိတ်ထိန်းရွာမှာ ပထမဆုံးဖွင့်တဲ့ နိုင်ငံရေး သင်တန်းမှာ သင်တန်းဆရာက ကိုမြသန်းပဲ။ အဲဒီတုန်းက သူ့အသက်ကရှိလှ (၁၆) နှစ်ပေါ့။ ဒါပေမယ့် သူက စာသိတ်ဖတ်တယ်။ ညဆိုလည်း မီးခွက်နားကပ်ပြီး စာဖတ်တာပဲ။ မျက်မှန်ကထူထူ၊ လူကလည်း ငယ်ငယ်ဆိုတော့ ကျွန်တော်တို့က သူ့ကို ဂျိုရှီမြသန်းလို့ ခေါ်ကြတယ်။ (ဂျိုရှီဆိုသည်မှာ အိန္ဒိယကွန်မြူနစ်ပါတီ၊ အထွေထွေ အတွင်းရေးမှူး ဂျိုရှီကို ဆိုလိုသည်) အနေအထိုင်ကလည်း သိတ်ရိုးသားတယ်။ ရှိတဲ့ အ၀တ်နှစ်စုံလောက်ကိုပဲ အလဲအလှယ်နဲ့ ၀တ်တယ်။ အစားအသောက် ကျတော့ ထန်းလျက်နဲ့ပဲ ထမင်းစားတာဗျ။ အ၀တ်နဲ့အစားကို အလွန်ခြိုးခြံနိုင်တဲ့သူပါ။ သူ သင်တန်းပေး တော့ သူ့သင်တန်းမှာ ကျွန်တော်လည်း တက်ခဲ့တယ်။ အိန်ဂျယ်ရဲ့ အိမ်ထောင်မှု၊ ပုဂ္ဂလိကပစ္စည်းနဲ့ လူတန်းစားတို့ရဲ့ မူလအစ Origin of Family, Private Properties and the Class ဆိုတဲ့ ကျမ်းကို သူက သင်ပေးပါတယ်။ အဲဒီတုန်းက ဓားပြတွေကလည်း တိုက်လိုက်တာ တခြိမ်းခြိမ်းပဲ။ ဓားပြတွေ ဓားပြဂိုဏ်းတွေကလည်း ပေါပေါ့။ ဒီတော့ ဓားပြရန်ကို ထိတ်ထိတ်လန့်လန့် ဖြစ်နေတဲ့အချိန်မှာ လူထုကို စည်းရုံးဖို့အတွက် လူထုဘ၀ လုံခြုံရေးကို ဦးစားပေး လုပ်ဆောင်ရမယ်လို့ ပါတီက ဆုံးဖြတ်တယ်။ နယ်ချဲ့သမားနဲ့ အလိုတော်ရိတွေကိုလည်း ကြောက်ရ၊ ဓားပြကိုလည်းကြောက်ရ နဲ့ ကျီးလန့်စာစား ဖြစ်နေရတဲ့အချိန်မှာ လူထုကို စည်းရုံးဖို့ဆိုတာ အခက်အခဲ တွေ့နိုင်တယ် မဟုတ်လား။ ဒီတော့ လွတ်လပ်ရေးတိုက်ပွဲအတွက် အင်အားလည်းတိုးအောင်၊ လူထုဘ၀ကို လုံခြုံအောင်ဖန်တီးပြီး လူထုကိုစည်းရုံးနိုင်အောင်၊ ကိုမြသန်းလို သဘောတရားလည်းရှိ၊ စွန့်လွှတ်စွန့်စားရဲသူ လည်းဖြစ်တဲ့သူ့ ကို တာဝန်ပေးလိုက်တာပါပဲ။" ဟု ဆရာမှိုင်းက စိတ်ရှည်လက်ရှည် ရှင်းပြပါသည်။ ဆရာမြသည် သူ့အကြောင်းကို အမွှမ်းတင်၍ ပြောလေ့မရှိပါ။ သူတပါးအကြောင်းကိုလည်း နာမည်ကို ဖော်မပြောပါ။ တော်လှန်ရေးကာလက လူမှုရေးအထင်လွဲပြီး အချင်းချင်း အသတ်ခံရသော တော်လှန်ရေးသမား သခင်ကြီးတဦးအကြောင်း သူ ပြောဖူးသည်။ ရင်နင့်စရာ အဖြစ်အပျက် တခုအဖြစ်နှင့်သာ မှတ်သား လိုက်ရသည်။ မည်သူမည်ဝါမှန်း မသိခဲ့ပါ။ အခြားပုဂ္ဂိုလ်များကို မေးကြည့်မှ မည်သူမှန်းသိရတော့ သည်။
ယခု ဆရာမြသန်းတင့် မရှိတော့ပြီ။ လူမရှိတော့သော်လည်း သူ့စာများကား ရှိနေဆဲ။ သူ့အယူအဆ၊ သူ့နိုင်ငံရေး၊ သူ့သမိုင်း၊ သူ့ဂုဏ်သိက္ခာများက ရှင်သန်ကျန်ရှိနေဆဲပင်။ ကျွန်တော်သည် ဆရာမြကို စာပေနယ်တွင် စာပေအရ သိကျွမ်းရင်းနှီးရသည် မဟုတ်ဘဲ နိုင်ငံရေးနယ်တွင် ကျွမ်းဝင်ပြီး ဘ၀တက္ကသိုလ်နှင့် ကိုကိုးကျွန်းတွင် ရင်းနှီးခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ရင်းနှီးမှုအရ သူ့ကို 'ခင်ဗျား၊ ဦးမြသန်း' ဟုခေါ်ဝေါ်မိသည်များရှိပါသည်။ သူအား လေးစားချစ်ခင်ကြသော စာဖတ်သူများနှင့် သူ့စာပေမိတ်ဆွေများအဖို့ ထိုအခေါ်အဝေါ်များကို နားကလောနိုင်ပါသည်။ ထို့အတွက် ကျွန်တော့်အား ခွင့်လွှတ်ကြပါရန် အနူးအညွတ် တောင်းပန်အပ်ပါသည်။
ယခု ဆရာမြသန်းတင့် မရှိတော့ပြီ။ လူမရှိတော့သော်လည်း ရှင်သန်နေသော သူ့စာများရှိဆဲ။ ထို့ကြောင့် သူနှင့် ရင်းနှီးခဲ့သော နိုင်ငံရေးနယ်၊ စာပေနယ်၊ ငြိမ်းချမ်းရေးနယ် စသည့် နယ်ပယ် အသီးသီးမှ ရဲဘော်များနှင့် မိတ်ဆွေများ၏ သူ့အကြောင်းမှတ်တမ်းတင်ထားခြင်းကို ယခုကဲ့သို့ စာအုပ် တအုပ် ထုတ်ဝေလိုက်ခြင်းအားဖြင့် ကျွန်တော်ဝမ်းသာ ဂုဏ်ယူမိပါသည်။ ယခု စာအုပ်တအုပ် လောက်နှင့် မကျေနပ်ကြသေးဘဲ သူနှင့်ပတ်သက်သော အထိမ်းအမှတ်၊ ဆုများကိုလည်း မပြတ်ပြုလုပ် ကြဖို့ အလေးအနက် တိုက်တွန်းလိုပါသည်။

ထက်မြက်
[စာပဒေသာဥယျဉ်မှူးကြီး မြသန်းတင့် အမှတ်တရ၊ ပ-အကြိမ်၊ ၂၀၀၀ပြည့်နှစ်၊ ယနေ့မန္တလေး စာအုပ်တိုက်]

လာနေပြီ
ရေးသူ-ဖိုးသံ(လူထု)

အရယ်ရပ်
အငိုရပ်
အပြောရပ်
အစားရပ်
မျှော်သူမျှော်၊ စွင့်သူစွင့်
ကိုယ့်အသက်ရှူသံ၊ ကိုယ်ပြန်ကြားရတဲ့
ငြိမ်သက်မှုကြီးအကြား
သူတခွန်း၊ ကိုယ်တခွန်း
တိုး-တိုး၊ တိုး-တိုး
မေးထိုးကာ၊ ခေါင်းငြိတ်ကာ
"လာနေပြီ၊ လာနေပြီ" တဲ့။



သူတို့ကြည့်တယ်
မမြင်ရ
ဒါပေမဲ့သိတယ်။

သူတို့နားထောင်တယ်
မကြားရ
ဒါပေမဲ့သိတယ်။

ခွေးမဟောင်၊ ကြောင်မလန့်
ကြက်မတွန်၊ ကျီးမသာ
ဒါပေမဲ့၊ မလွဲဘူး
ဒို့သိတယ်၊ မယွင်းဘူး
ဒီခြေသံမျိုး၊ ဒို့ကြားဖူးတယ်
ဒီကြွေးကြော်သံမျိုး၊ ဒို့အော်ခဲ့ဖူးသပေါ့
သဲ့သဲ့လား၊ တိုးတိုးလား
ဒို့နားမမှားဘူး။
ရွာဦးကစေတီယံ၊ ဆွဲလွဲသံတရှဲရှဲနဲ့
ညောင်ရွက်တွေ တ၀ဲဝဲရမ်းနေမှတော့
အနာဂါတ်ကိုသယ်လာတဲ့
မုန်တိုင်းနီကြီး လာနေပြီပေါ့
ဒီကိုမရောက်သေးလို့သာရယ်။

လက်တွဲဖို့အတွက်၊ လက်ကုပ်ပြောပါ
ခြေလှမ်းပြင်ဖို့အတွက်၊ ခြေတို့ပြောပါ
မျက်စိလျှင်ဖို့၊ မျက်စပစ်ပြပါ။

လာတဲ့အခါ
သူတို့လည်းပါလာမယ်
ခွပ်ဒေါင်းနဖူးစည်း
ရှာပြီးပြင်ထားပါ
ပိုစတာကားချပ်
ရေးဖို့ပြင်ထားပါ
ဂျင်ကလိကိုလည်း
မြနေအောင်သွေးထားပါ။

မပူပါနဲ့
နေထွက်ချိန်မှာ နေထွက်
နေတက်ချိန်မှာ နေတက်
နေကျချိန်မှာ နေကျ
နေ၀င်ချိန်မှာ နေ၀င်
နောက်ပြီး သန်းကောင်
သန်းကောင့်ဟိုဘက်မှာ
သမိုင်းသစ်
ဒို့လက်နဲ့ထုဆစ်ပေးမယ်။ ။

ဖိုးသံ(လူထု)

မနက်ဖန်
ရေးသူ-မောင်အေးဝင်း

ဥယျာဉ်လှပ၊ သာမောစွကို
ဖျက်ဖြိုဝှေ့ယမ်း၊ ကြမ်းတမ်းရိုင်းစိုင်း
မုန်တိုင်းထန်သည်။


ပန်းတွေပန်းတွေ၊ မြေမှာကြွေ၏
လေရိုင်းမိုးရိုင်း၊ သည်မုန်တိုင်းမှာ
ကိုင်းကျိုးပင်လဲ၊ ဖွာရာကြဲ၍
ဝမ်းနည်းသူတို့၊ ငိုကြသည်။

ငါကမူ.....
ယူကြုံးမရ၊ တဖွဖွတမ်း
ဝမ်းပန်းမနည်း၊ ရိုးကြဲငုတ်တို
ရွက်နုစိုလျက်၊ ကိုင်းသစ်ထွက်မည်
ပန်းနီနီရင့်၊ ထပ်၍ပွင့်မည်
ငါယုံသည်။ ။

မောင်အေးဝင်း
[ရန်ကုန်စက်မှုတက္ကသိုလ်နှစ်လည်မဂ္ဂဇင်း၊ ၁၉၇၂-၇၃]

Saturday, February 23, 2008

ဓားတောင်၊ မီးပင်လယ်နှင့် မြသန်းတင့်(ပထမပိုင်း)
ရေးသူ-ထက်မြက်

[ထက်မြက်ရဲ့ သူတို့ ကိုးယောက် စာအုပ်၊ ၂၀၀၅ စက်တင်ဘာလ၊ ပထမအကြိမ်ပုံနှိပ်ခြင်း၊ မှ ကူးယူဖော်ပြပါတယ်]
၉၈ ခုနှစ်၊ မေလထုတ် ကလျာမဂ္ဂဇင်းတွင် ဆရာမဂျူး၏ "ဆရာ့ကိုလွမ်းတဲ့စာ" ဟူသော ဆောင်းပါး ကို ဖတ်လိုက်ရသည်။ ဆရာမြသန်းတင့်နှင့် ရင်းနှီးခဲ့ပုံ၊ လေးစားကြည်ညိုဖွယ် ကောင်းပုံတို့ကို ရေးထားပြီး သူမ ငယ်စဉ်က ဆရာမြ ဘာသာပြန်သည့် "ဘ၀တက္ကသိုလ်" ကို ဖတ်ပြီး စိတ်ဓါတ်ခွန်အား ကောင်းလာပုံ၊ ယခုလည်း စာမှန်မှန် ရေးဖို့၊ စိတ်ဓါတ်မကျဖို့ အားပေးပုံတို့ကို ရေးထားသည်။ ဆရာမြ၏ စာအုပ်များကို ငှားဖတ်ပြီး ပြန်မပေးရသေး၍ စိတ်မကောင်း ဖြစ်ရသည်ကိုလည်း ရေးသည်။


ထိုမဂ္ဂဇင်း၌ ပင် ဒေါက်တာမောင်မောင်ညိုကလည်း ဘာသာပြန် က၀ိဆိုပြီး ဆရာမြကို အမှတ်တရ ရေးသည်။ ဧပြီလထုတ် မဂ္ဂဇင်းများမှစပြီး ဆရာမြသန်းတင့်အတွက် အလွမ်းစာများကို ဖော်ပြခဲ့ကြသည်။ စာရေးဆရာများက ရေးသဖြင့် သူ့အကြောင်း လွမ်းစရာ၊ အမှတ်ရစရာများမှာ စာပေအကြောင်း ဖြစ်သည်။ စာပေပညာရှင်တဦး၊ ဘာသာပြန်က၀ိတဆူ အစရှိသဖြင့် နှမြောစရာ အလွန်ကောင်းသော စာရေးဆရာကြီးအဖြစ် ထောမနာ ပြုကြသည်။ ယခု ဆရာမဂျူး၏ စာတွင်လည်း-
'လူ့ဘ၀မှာ သေခြင်းတရား (Mortality) နဲ့ အတူ မသေခြင်းတရား (Immortality) ဆိုတာလည်း အမျိုးအစားတခု အဖြစ် ရှိနေတယ်။ လူတော်တော်များများပဲ သေခြင်းတရားကို ရင်ဆိုင်နိုင်ဖို့အတွက် မသေခြင်းတရားကို အရင်ဆုပ်ကိုင် ပိုင်ဆိုင်မိအောင် အသည်းအသန် ကြိုးစားကြရတယ်။
တချို့မှာတော့ အားလုံးက မေ့လျော့ စွန့်ပယ်ထားခံရမှုကြောင့် လူ့ကိုယ်ခန္ဓာကြီး တကယ်မသေဆုံး ခင်မှာပဲ သေနေခဲ့ပြီ။ အဲဒီလိုပဲ လူကိုယ်ခန္ဓာ သေခဲ့ပြီးနောက် နှစ်ရာပေါင်းများစွာ အသက်ရှင်ကျန်ရစ် နေတဲ့ လူအမျိုးအစားတွေလည်း သမိုင်းမှာ အများကြီး ရှိနေပါတယ်။ သူတို့ဟာ မသေခြင်းတရား (Immortaltity) ကို ရရှိသွားသူတွေလို့ ကျွန်မတို့ အားကြရတယ်။
"မြသန်းတင့်" ဆိုတဲ့ နာမည်ဟာ မသေခြင်းတရား (Immortality) ပဲ ဖြစ်ပါတယ်'
ဟု ရေးထား၏။ လန်ဒန်၌ Time လို သတင်းစာကြီးကလည်း ဆရာမြ ကွယ်လွန်ခြင်းကို ဓာတ်ပုံနှင့် တကွ ဖော်ပြသည်။ အေအက်ဖ်ပီ သတင်းဌာနကလည်း သူ့အကြောင်း အကျဉ်းရေးပြီး တကမ္ဘာလုံးကို သတင်းပေးပို့သည်။ စာရေးဆရာ၊ ဘာသာပြန်ဆရာ၊ ကွန်မြူနစ်အယူအဆရှိ၍ ထောင်ထဲတွင် နှစ်ပေါင်းများနေရသူ၊ အိန္ဒိယသမုဒ္ဒရာတွင်းရှိ ကိုကိုးကျွန်းသို့ ပို့ခံရသူ၊ အမျိုးသားစာပေဆုကို ငါးကြိမ် တိုင်တိုင် ရရှိခဲ့သူ စသဖြင့် သတင်းစာထဲတွင် ဖော်ပြထားသည့် ဆရာမြသန်းတင့်အကြောင်းရေးသမျှ စာများတွင် သူ ဖြတ်သန်းခဲ့သည့် နိုင်ငံရေး၊ နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုများအကြောင်း မည်သူကမျှ အထူးပြု မရေးကြ။ ထိုအ ကြောင်းများကို သူနှင့်အတူ ဖြတ်သန်းခဲ့သည့် ရဲဘော်ရဲဘက်များက ရေးမှ သိရှိကြရမည် ဖြစ်သည်။ သူ ရောက်ခဲ့သည့် ကိုကိုးကျွန်းဘ၀အကြောင်း၊ သူရောက်ရှိခဲ့သည့် ဘ၀တက္ကသိုလ် အကြောင်းများကို လည်း သူနဲ့အတူ ကျော်လွှားခဲ့သူများက ရေးမှ ပိုမိုပြည့်စုံပေလိမ့်မည်။ ကလျာမဂ္ဂဇင်း၌ပင် ဆရာ ဒေါက်တာမောင်မောင်ညိုက ဘာသာပြန် က၀ိ သို့မဟုတ် ကျွန်တော်သိသော ဆရာမြသန်းတင့်ဟု ရေးထားသော အလွမ်းစာထဲတွင်-
"စာပေနှင့် နိုင်ငံရေး အစဉ်အလာကြီးသူ"
စင်စစ် ဆရာမြသန်းတင့်သည် အသက်ငယ်ငယ်နှင့် စာပေနှင့် နိုင်ငံရေး အစဉ်အလာကြီးသူ ဖြစ်သည်။ ၁၉၄၄ ခုနှစ်တွင် ဖက်ဆစ်တော်လှန်ရေး၌ ပါဝင်ခဲ့ပြီးနောက် ၁၉၄၅-၄၇ ခုနှစ်တွင် မန္တလေးခရိုင် ဖဆပလ အဖွဲ့ချုပ်နှင့် ဗမာပြည်ကွန်မြူနစ်ပါတီတို့တွင် အချိန်ပြည့် တာဝန်ထမ်းဆောင် ခဲ့သူ ဖြစ်သည်။ စစ်ပြီး၍ ၁၉၄၈ခု၊ ရန်ကုန်တက္ကသိုလ်သို့ ရောက်သောအခါတွင်လည်း တက္ကသိုလ်သမဂ္ဂ နှင့် တက္ကသိုလ်မဂ္ဂဇင်း ကော်မတီတို့တွင် ပါဝင်လှုပ်ရှားခဲ့သူ ဖြစ်၏။ ဆရာမြသန်းတင့်သည် နောက်ပိုင်း တွင် တက္ကသိုလ်မှ ထွက်၍ ပြင်ပနိုင်ငံရေးလောက၊ စာပေလောက၌ ဦးဆောင်မှုအခန်းက ပါဝင် လှုပ်ရှားခဲ့၏။ စာပေသစ်လှုပ်ရှားမှု၊ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှု၊ ပြည်တော်သစ်ဂျာနယ်၊ တိုးတက်ရေး သတင်းစာ၊ ပြည်သူ့တိုးတက်ရေးပါတီ စသည်ဖြင့်။ သို့ဖြင့် ထိုစဉ်က အရှေ့ဥရောပ ဆိုရှယ်လစ်နိုင်ငံများ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံများသို့ ကမ္ဘာ့ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖြစ်ရောက်ခဲ့၏။ ကိုကိုး ကျွန်းသို့ နှစ်ကြိမ် အပို့ခံခဲ့ရသည်။ (၁၉၅၈ခုနှစ်နှင့် ၁၉၆၃) ဟု ရေးသားထားလေသည်။ ဆရာမြ ဘ၀သည် တိုက်ပွဲဖြစ်သည်။ ပြည်သူ့အတွက် တိုက်ပွဲဝင်ခဲ့သည်။ ဖက်ဆစ်ဂျပန်များ၊ အင်္ဂလိပ် နယ်ချဲ့သမား အားလုံးကို တိုက်ပွဲဝင်ခဲ့သည်။ ပြည်တွင်း ငြိမ်းချမ်းရေး အတွက်၊ ကမ္ဘာ့ငြိမ်းချမ်းရေး အတွက်၊ အမျိုးသားလွတ်မြောက်ရေးအတွက်၊ နိုင်ငံလွတ်လပ်ရေးအတွက်.....။
ကျွန်တော်နှင့် ဆရာမြသန်းတင့်သည် ဘ၀တက္ကသိုလ်၌ သိကျွမ်းရင်းနှီးခဲ့ရပါသည်။ ကျွန်တော်က မူလတန်း၊ သူက ဘွဲ့လွန်။ ယခင်က လုံးဝမသိကျွမ်းခဲ့သော ဆရာဗန်းမော်တင်အောင်နှင့် ဆရာမြကို တချိန်တည်းတွင် တပြိုင်တည်းရင်းနှီးခဲ့ရသည်။ စစ်နှင့်ငြိမ်းချမ်းရေးကို အမှတ် (၉)အထိသာ ဖတ်ခဲ့ရ သော ကျွန်တော်တို့က ကျန်အခန်းများနှင့် ဇာတ်သိမ်းပိုင်းကို သူ့ထံမှ ညစဉ် နားထောင်ခဲ့ရပါသည်။ ကျွန်တော်တို့သည် ဆရာမြရေးခဲ့သော အမှောင်ရိပ်ဝယ်နှင့် ဆယ်ကြိမ်မြောက် အလည်ရောက်ခြင်းတို့ အကြောင်း မေးကြသည်။ သူက စိတ်ရှည်လက်ရှည် ဖြေပြသည်။ မနက်ဘက် မျက်နှာသစ်၊ လမ်း လျှောက်ပြီးချိန်တွင်၊ Learner အဘိဓာန်ကို အစကနေ တရွက်ချင်း ဆရာမြ ဖတ်လေ့ရှိသည်။ မျက်မှန်ထူကြီးနှင့် မျက်လုံးနား ကပ်ဖတ်သည်။ စာအုပ်ကလည်း ရှားပါးသဖြင့် ထိုအဘိဓာန်မှာ အဖိုးတန်လှသော ရတနာတပါး ဖြစ်နေလေသည်။ တညနေတွင် ကျွန်တော်တို့ ထံသို့ စာအုပ် (၃) အုပ် ရောက်လာပါသည်။ စာအုပ်ရှားပါးလှသည့်နေရာ၊ စာအုပ်ငတ်မွတ်နေသည့် အချိန်တွင် မည်သို့မည်ပုံ မျက်စိလည်၊ မျက်စိလျှမ်းပြီး ရောက်လာသည်မသိ။ ကျွန်တော်တို့မှာ သူအရင်ဖတ်မည်၊ ငါ အရင်ဖတ် မည်ဟု အလုအယက် ဖြစ်နေကြသည်။ ဦးတင်အောင်နှင့် ဦးမြသန်းကတော့ ၀မ်းသာအားရ ပြုံးပြီး ကြည့်နေကြသည်။ ဦးတင်အောင်က ကျွန်တော့် ပုခုံးကို ဖက်ပြီး 'တယ်ထူးဆန်းတာပဲဗျ' ဟုပြောသည်။ ဦးမြသန်းကတော့ 'ခင်ဗျားကတော့ အတော်ကုသိုလ်ကံကောင်းတဲ့လူပဲဗျ' ဟုပြောလေသည်။ ကျွန်တော်တို့ လူငယ်များက ဆရာဗန်းမော်တင်အောင်ကို ဦးတင်အောင်ဟုခေါ်ပြီး ဆရာမြသန်းတင့်ကို ဦးမြသန်းဟု ခေါ်ခဲ့ကြသည်မှာ ယခုထိ နှုတ်ကျိုးနေလေပြီ။ ကိုခင်မောင်ဇော် (ဇော်ဝင်းကို)တို့လို ချာတိတ်များကမူ 'ဦးလေး' ဟု ခေါ်ကြပါသည်။
ကျွန်တော်ရသော စာအုပ်များမှာ အင်္ဂလိပ်လိုရေးထားသော စာအုပ် (၃) အုပ်ဖြစ်သည်။ ဘုရားပုံနှင့် Buddha ဆိုသောစာအုပ်၊ ချားလ်စ်ဒစ်ကင်း၏ Great Expectation၊ ဆွန်းမားဆက်မော်န်၏ Narrow Corner တို့ဖြစ်လေသည်။ ထိုအချိန်က စာရေးဆရာ ကေတီဦးကျော်တင့်မှာလည်း ကျွန်တော်တို့နှင့် အတူ ရှိနေသည်။ ဦးကျော်တင့်လည်း ဆမ်းမားဆက်မောန်ကို အသည်းစွဲ ဖြစ်သည်။ စာငတ်နေသည့် အချိန်ဖြစ်၍ ထိုစာအုပ်များမှာ အင်္ဂလိပ်စာကျွမ်းကျင်သော သူတို့အဖို့ အလွန်တပ်မက်စရာများ ဖြစ်နေသည်။ အထူးသဖြင့် မော်န်၏ စာအုပ်ကို သူတို့သုံးဦးလုံး ဖတ်ချင်နေပုံရသည်။ တယောက်လက် တယောက် ယူ၍သာ ကြည့်သည်။ ဦးတင်အောင်နှင့် ဦးမြသန်းက ဘာမှမပြော။ ဦးကျော်တင့်ကမူ 'ဟေ့လူ...ခင်ဗျားကြည့်ပြီးရင် ကျုပ်ဖတ်မယ်နော်' ဟု ကျွန်တော့် ပခုန်းကို ဖက်ပြီး ပြောလိုက်သည်။ ကျွန်တော်က ဦးမြသန်းတို့နှစ်ဦးကို အားနာပါးနာဖြင့် လှမ်းကြည့်လိုက်ရာ ဦးမြသန်းက 'Narrow Corner ကို ကိုကျော်တင့်ကို ပေးဖတ်လိုက်ပါဗျာ၊ သူကမော်န်ဆိုရင် သိပ်ကြိုက်တဲ့လူ' ဟု ပြောလိုက် သည်။ ဦးတင်အောင်ကလည်း ခေါင်းညိတ်၍ ထောက်ခံသည်။ ထိုနေ့က Great Expectation ကို ဦးတင်အောင်ကဖတ်၊ Buddha ကို ဦးမြသန်းကဖတ်ပြီး၊ Narrow Corner ကို ဦးကျော်တင့်က ဖတ်ကြသည်။ ညဘက် ကျွန်တော်တို့ ထိုင်နေကျ စကားဝိုင်းမှာ နေရာပြောင်းလိုက်ရသည်။ ဦးတင်အောင်နှင့် ဦးမြသန်းတို့ ခုတင်များတွင် ကျွန်တော်မထိုင်ဖြစ်တော့ပါ။ နေ့လည်းအတူ တူ၊ ညလည်းအတူ တူ၊ နှစ်ပေါင်းများစွာ အတူနေလာခဲ့ရသူများသည် သာမန် ရင်းနှီးသူများထက် ပိုမိုပါသည်။ ထိုသို့နေရာမှ ကျွန်တော်တို့ အားလုံး ရုတ်တရက် ရွှေ့ပြောင်းခဲ့ကြရသည်။
၁၉၆၉ခု၊ ဖေဖော်ဝါရီလ အတွင်းတွင် အိန္ဒိယသမုဒ္ဒရာအလယ်၊ ဘင်္ဂလားပင်လယ်အော် အတွင်းရှိ ကိုကိုးကျွန်းမြို့နယ်မှ ဘ၀တက္ကသိုလ်သို့ တဆင့်တက် သင်ကြားခဲ့ရလေသည်။ နေသားကျလာသော အခါ၊ ဦးကျော်တင့်က အင်္ဂလိပ်သတ္ထုစာအုပ်များ ရရှိခဲ့၏။ သားဖြစ်သူက ပို့ပေးသည်။ အထူးသဖြင့် ဆွန်းမားဆက်မော်န် ၀တ္ထုများဖြစ်သည်။ ၀တ္ထုတိုပေါင်းချုပ်များ အတွဲလိုက် Summing up, The Moon and the Six Pence, Human Bondage စသော စာအုပ်များကို ကျွန်တော်တို့ ဖတ်ကြရသည်။ ဦးကျော်တင့်က သူ စာအုပ်များရတိုင်း ဦးတင်အောင်၊ ဦးမြသန်းနှင့် ကျွန်တော်တို့ကို ငှား၏။ ကျွန်တော်တွေ့ ဖူးသမျှတွင် မောန်ကို သဘောအကျဆုံး၊ မောန်၏ စာပေအရေးအသားကို အနှစ်သက်ဆုံးမှာ ဦးကျော်တင့် ဖြစ်ပါသည်။ Narrow Corner တအုပ်တည်းကို (၂၃)ခေါက်တိတိ ဖတ်ခဲ့သည်။ အချို့စာပိုဒ်များကို အလွတ် ရွတ်ပြ၏။ ပျော်ပျော်နေတတ်ပြီး လူငယ်ဆန်သည့် ဦးကျော်တင့်နှင့် ကျွန်တော်ပေါင်းမိသည်။ ဦးကျော်တင့်နှင့်ဦးမြသန်းမှာ အခင်ဆုံး ဖြစ်လေသည်။
ဦးမြသန်းသည် စိတ်ရှည်သည်။ မိမိကချည်း ပြောသည်ထက် သူတပါးပြောသည်ကို လေးလေး စားစား နားထောင်သည်။ ရှင်းပြစရာ ရှိသည်ကိုလည်း သဘောပေါက်အောင် ရှင်းပြတတ်သည်။ လူက အေးအေးပျော့ပျော့ဟု ထင်ရသော်လည်း အလုပ်ကြမ်းမှန်သမျှကို သူလုပ်နိုင်သည်။ အသားမာသော သစ်နီပင်ကြီးများကို ထင်းဆိုက်ရန်လှဲလျင်လည်း ငါးမန်းစွယ်ကို ကောင်းကောင်းဆွဲနိုင်သည်။ ရေလည်းထမ်းနိုင်သည်။ စမ်းကြည့်မည်ဆိုပြီး ဦးကျော်တင့်နှင့်အတူ ဆန်အိတ်ထမ်းကြည့်ရာ နှစ်ဦး စလုံးထမ်းနိုင်သည်။ ငယ်ငယ်ကတည်းက ရေလုံးဝ မကူးတတ်သော ဦးမြသန်းနှင့် ကျွန်တော်တို့သည် ရန်ကုန်မြို့ မိုင်၂၆၀ လှမ်းသော ပင်လယ်ထဲရောက်မှ ရေကူးတတ်ကြသည်။ ကျွန်တော်ကတော့ သဘောလောက်သာ ကူးတတ်ခဲ့ပြီး ဦးမြသန်းက ကျွမ်းကျွမ်းကျင်ကျင် ကူးတတ်သွားသည်။ ကျွန်တော်တို့ ဆရာများမှာ ကိုဖေအောင်နှင့် ကိုငြိမ်းမောင်ဖြစ်သည်။ ဦးမြသန်းသည် ရေကူးအခြေခံ တတ်ကျွမ်းသွားသည်နှင့် ကြာကြာမှန်မှန် လေ့ကျင့်တော့သည်။ သူက Crawling ခေါ် ရေထဲတွင် အသက်ရှူဖို့ ခေါင်းပေါ်ရုံလေးနေပြီး အချိန်ကြာမြင့်စွာ ကူးခြင်းကို သဘောကျသည်။ အနည်းဆုံး တနာရီ ရေကူး၏။ တခါတရံ နှစ်နာရီကျော်အောင် ကူးတတ်သည်။ အလုပ်တခုကို ဇွဲကြီးကြီးနှင့် စိုက်လိုက်မတ်တတ် လုပ်တတ်သော အကျင့်ရှိသည်။ ကိုကိုးကျွန်းရောက်ပြီး အပြင်သို့ လွတ်လပ်စွာ ထွက်ခွင့်ရသည်နှင့် ဦးမြသန်းလမ်းမှန်မှန် လျှောက်တော့သည်။ ကျွန်တော်တို့က ကျွန်းအနောက်ဘက် ခြမ်းတွင် နေကြပြီး ခရီးဝေးဝေးလျှောက်ဖို့ ပြန့်ပြူးကျယ်ပြောသော သဲသောင်မရှိ။ အရှေ့ဘက် ကမ်းတလျှောက်လုံးမှာ တမိုင်ကျော်ကျော်ရှည်လျားသည့် သဲသောင်ပြင်ကြီး ရှိ၏။ သောင်ပြင်အဆုံး မြောက်ဖက်၌ သောင်ပြင်အဆုံး မြောက်ဖက်၌ ဂျယ်ရီကျွန်းလေးရှိသည်။ ပင်လယ်ဘက် သောင်ပြင် အဆုံးတွင် ပြန့်ပြူးသော ကျောက်သားပြင်ကြီး ရှိလေသည်။ ပင်လယ်ရေပြင်သည် ကျောက်ပြင်ဆုံး သဲသောင်စပ်ထိ တက်၏။ ရေတက်နေလျင် ရေကောင်းကောင်းကူး၍ ရလေသည်။ ထိုအရှေ့ဘက် သောင်ပြင်ပေါ်တွင်၊ မနက်တိုင်း ဦးမြသန်းလမ်းလျှောက်လေ့ရှိသည်။ မနက် (၅) နာရီထိုးသည်နှင့် ဦးမြသန်း ကျွန်တော့်ကို လာနှိုးလေ့ရှိ၏။ အနွေးထည်၊ ဦးထုပ်၊ လမ်းလျှောက်သည့် တုတ်ကိုင်ပြီး ကျွန်တော်တို့ နှစ်ယောက် ဂျယ်ရီထိပ်မှ ဘန်ကာတောင်ထိ လျှောက်ကြပြီးနောက် ဘန်ကာတောင်ပေါ် ဆက်တက်ကာ အနားယူကြ၏။ ထိုအချိန်မှာပင် ဦးမြသန်းက သူ့ဘ၀ ဖြတ်သန်းမှု တစိတ်တပိုင်းကို ပြောပြတတ်ပါသည်။
အားလပ်သည့် နေ့များတွင် မနက်ပိုင်းလမ်းလျောက်ပြီး နေ့လယ်ပိုင်းတွင် ဦးမြသန်း စာရေးပါသည်။ စာရေးသည် ဆိုရာဝယ် ကျွန်တော်တို့တွင် ရှိသော အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော နိုင်ငံရေးကျမ်း များကို ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။ မော်စီတုန်းရေးသော 'ပြည်သူတွင်းပဋိပက္ခကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းနည်း'၊ 'တရုတ်ပြည်လူ့အဖွဲ့အစည်းရှိ လူတန်းစားများကို ခွဲခြမ်းစိတ်ဖြာခြင်း'၊ 'ယင်အန်စာပေနှင့် အနုပညာမိန့်ခွန်း'၊ 'အိုယန်ဟိုင်တေးသံ' ၀တ္ထုကြီးကိုရေးသော တရုတ်စာရေးဆရာ ချန်ချင်းမိုင်၏ 'အတ္တကိုရိုက်ချိုးခြင်း' (Break the self) ဆောင်းပါး၊ စတာလင်၏ 'ဆိုရှယ်လစ်စီးပွါးရေး ပြဿနာများ' စသော (ကျွန်တော်မှတ်မိသမျှ) စာအုပ်များကို ဦးမြသန်း(ဆရာမြသန်းတင့်) ဘာသာပြန် ခဲ့သည်။ ပြောစမှတ် ပြုလောက်သည်မှာ Anti-Duhring ဆိုသော ဖရက်ဒရစ်အိန်ဂျယ်ရေးသည့် 'ဒူးရင်းဆန့်ကျင်ရေး' ကျမ်းကြီးကို ဘာသာပြန်ဖြစ်ခဲ့ပါသည်။
အစပိုင်းကတော့ သူဘာသာသူ ရေးပါသည်။ အင်္ဂလိပ်စာအုပ်ကို မျက်လုံးနားကပ်ဖတ်လိုက်၊ မြန်မာပြန်မည့်စာအုပ်ကို မျက်လုံးနားကပ်ရေးလိုက်ဖြင့် ကြာလာသောအခါ မြင်နေရသည့် ကျွန်တော်တို့ က သနားလာသည်။ ဦးမြသန်းသည် သေဆုံးသွားသည်အထိ အငြိမ်မနေ၊ အနားနေတတ်သည့် လူစားမျိုး မဟုတ်ပေ။ ရောက်ရာနေရာ၊ ကျရာဘ၀၌ အမြဲတစေ ရုန်းကန်လှုပ်ရှားနေသူ ဖြစ်သည်။ ထို့ကြောင့် ရောက်ရာနေရာတွင် သူစာရေးနေခြင်း ဖြစ်၏။ စာရေးခြင်း၊ စာဖတ်ခြင်းသည် သူ့အလုပ်ဖြစ် သလို သူ့အနားယူမှုလည်း ဖြစ်နေနိုင်ပေသည်။ စာအုပ်များကို မျက်လုံးနားကပ်ပြီး စာရေးနေသဖြင့်၊ ကျွန်တော်တို့ ရေးပေးပါရစေ၊ ဦးမြသန်းက အင်္ဂလိပ်စာအုပ်ပဲ ဖတ်ပြီး ပါးစပ်က မြန်မာပြန်ကိုပဲ ရွတ်ပါဟု အတင်းတောင်းပန်ရလေသည်။ ပထမ သူက ငြင်းနေသေးသည်။ နောက်မှ သူ လက်ခံသည်။ Anti-Duhring ကျမ်းကို 'ဒူးရင်းဆန့်ကျင်ရေးကျမ်း'ဟု မြန်မာလိုပြန်ပြီး အင်္ဂလိပ်ဘာသာမှနေ မြန်မာ ဘာသာသို့ နှုတ်တိုက် ရွတ်သွားတော့သည်။ ကျွန်တော်တို့က တယောက်တလှည့်စီ လိုက်ရေးကြပြီး တပိုဒ် သို့မဟုတ် တမျက်နှာ၊ နှစ်မျက်နှာ ရေးပြီးသောအခါ မြန်မာပြန်ကို ပြန်ဖတ်ခိုင်းသည်။ မြန်မာစာ အရေးအသား မချောသည်များ၊ မကြိုက်သည်များကို ပြန်ပြင်သည်။ လိုအပ်သည်များကို ဖြည့်သည်။ မလိုအပ်သည်များကို ဖြတ်ပစ်လိုက်သည်။ ကျွန်တော်တို့ ရေးပြီးသည့်စာများကို သူပြန်စစ်သည်။ ပြန်ချောသည်။
ဒူးရင်းဆန့်ကျင်ရေးကျမ်းကို ဘာသာပြန်ဆိုခဲ့စဉ်က ဆရာမြသန်းတင့်သည် သူ့ကိုယ်ရော စိတ်ပါ မြှပ်နှံ၍ ဘာသာပြန်ခဲ့ခြင်း ဖြစ်သည်။ ကျန်းမာရေးအတွက်နှင့် စိတ်ကြည်လင် လန်းဆန်းဖို့အတွက် မနက်ပိုင်း လမ်းလျှောက်ထွက်သည်။ ညပိုင်းမှလွဲ၍ ကျန်အချိန်များတွင် အားလပ်သည်နှင့် ဘာသာပြန် ခဲ့လေသည်။ ကျွန်တော်မှတ်မိနေသည့်အခန်းမှာ Theory of Force ဖြစ်၏။ အကြမ်းဖက်မှုအကြောင်း၊ လူတန်းစား ကွဲပြားမှုနှင့် လူတန်းစား တိုက်ပွဲအကြောင်း၊ ခေါင်းပုံဖြတ် အနိုင်ကျင့်မှုနှင့် လက်နက်၏ အရေးပါမှု အကြောင်းတို့ကို အိန်ဂျယ်က ဒူးရင်းကို ချေပထားသည်။ သင်္ဘောပေါ်တွင် ပုန်ကန်မှု ဖြစ်သောကြောင့် ရော်ဘင်ဆင်ကရူးဆိုးကို ကျွန်းကလေးတကျွန်းပေါ် ထားခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့ပုံ၊ သေနတ်တလက်၊ ယမ်းမှုတထုပ်၊ ကျည်စေ့တဆုပ်၊ ရိက္ခာခြောက်တထုပ်၊ ပေးခဲ့ပုံများကို ရေးသားထား သည်။ လူမရှိသည့် ကျွန်းတွင် တယောက်တည်းနေခဲ့ရသော ရော်ဘင်ဆင်ကရူးဆိုးမှာ လူရိုင်းလေး တဦးကို တွေ့ ရှိခဲ့သည်။ လူရိုင်းများနေသော ကျွန်းစုများတွင် မျိုးနွယ်စုခြင်း ခေါင်းပုံဖြတ်ကြရာမှ ထွက်ပြေးလွတ်မြောက်လာသူ ဖြစ်သည်။ ပင်လယ်ခရီးကို လှေတစင်းဖြင့် လှော်ခတ်ဖြတ်သန်းပြီး ရောက်ရှိလာခြင်း ဖြစ်သည်။ ရော်ဘင်ဆင်ကရူးဆိုး လူရိုင်းကလေးကို ဖရိုက်ဒေး Friday ဟု အမည်ပေး လိုက်သေးသည်။ ထိုအချိန်မှ စ၍ လူသူမရှိသော ကျွန်းကလေးတကျွန်းတွင် ပထမ လူတယောက်၊ နောက် လူနှစ်ယောက် ဖြစ်ထွန်းလာသောအခါ အစားအသောက်နှင့် အ၀တ်အထည် ပိုင်ဆိုင်မှုရှိသူ ရော်ဘင်ဆင်ကရူးဆိုးနှင့် ပိုင်ဆိုင်မှုမရှိသူ ဖရိုက်ဒေးတို့ကြားတွင် လူတန်းစားပြဿနာ၊ ပိုင်ဆိုင်မှု ပြဿနာ ပေါ်လာသည်။ ဖရိုက်ဒေးကို ခိုင်းစေရာမှ အနိုင်ကျင့်မှု၊ ညှင်းပန်းနှိပ်စက်မှုများ ဖြစ်လာသည်။ လူကို သေစေနိုင်၊ နာကျင်စေနိုင်သည့် လက်နက်ရှိသော လူယဉ်ကျေး ရော်ဘင်ဆင်ကရူးဆိုးက ဘာမှမရှိသော လူရိုင်းလေး ဖရိုက်ဒေးအပေါ် စိုးမိုးခြယ်လှယ်ခွင့် ရရှိခဲ့လေသည်။ ဖရက်ဒရစ်အိန်ဂျယ် သည် ပျော့ကွက် ဟာကွက်မရှိလောက်အောင် ဒူးရင်းကို တချက်ချင်း ချေပခဲ့သည်။ 'ဒူးရင်းဆန့်ကျင် ရေးကျမ်း' အခန်းတခန်း ပြန်ဆိုပြီးသည်နှင့် ဆရာမြသန်းတင့်က ကျွန်တော်တို့ အားလုံးကို နေ့လည်ခင်း ၌ ဖတ်ပြလေ့ ရှိသည်။ ရေးပြီးသမျှ စာမူများကို ကြိုးဖြင့်သပ်သပ်ရပ်ရပ် ချည်နှောင်ပြီးသူ့အိပ်ရာဘေး တွင် သိမ်းဆည်းထားလေသည်။ မည်သို့ပင် ဖြစ်ပါစေ၊ ဒူးရင်းဆန့်ကျင်ရေးကို ဆရာမြကိုယ်တိုင် အပင်ပန်းခံ ဘာသာပြန်ဆိုခဲ့ခြင်းကိုကား ကျွန်တော်တို့အားလုံး သိရှိခဲ့ကြပါသည်။
ဆရာဗန်းမော်တင်အောင်နှင့် ဆရာဒဂုန်တာရာမှာ တခုတည်းဖွားများ ဖြစ်သည်။ ဆရာမြသန်းတင့် မှာ သူတို့နှစ်ဦးထက် ဆယ်နှစ်ငယ်သည်။ သို့သော် သူတို့အချင်းချင်း ပြောဆိုဆက်ဆံမှုမှာ ရင်းနှီး ကြသည်။ ဆရာမြက ဆရာတာရာ၊ ဆရာဗန်းမော်ကို ကိုတင်အောင်၊ ကိုဌေးမြိုင်ဟုခေါ်ပြီး ဆရာမြကိုတော့ ကိုမြသန်းဟု ခေါ်ကြသည်။ ဆရာတာရာနှင့်မူ စာပေသစ်လှုပ်ရှားမှုတုန်းက ရင်းနှီးခဲ့ပြီး၊ ပြည်တွင်းပြည်တွင်းငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုတွင် အတူလက်တွဲခဲ့ကြသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံ ကျင်းပရာ ဆွစ်ဇလန်နိုင်ငံသို့ အတူ သွားရောက်ခဲ့ကြသည်။ ထိုရင်းနှီးမှုများ၊ အယူအဆ တူညီမှုများက သူတို့၏ အသက်အရွယ်ကွာဟမှုကို ပျောက်ပြယ်စေခဲ့သည်။ အတန်းဖော် (Classmate) အခန်းဖော်(Roommate) များလည်း ဖြစ်သည်။ သို့သော် ဆရာဗန်းမော်က ဆရာမြထက် ကျောင်းသက်ရှည်လေသည်။ ထိုရင်းနှီးမှုများကြောင့် 'ကိုတင်အောင်၊ ကိုဌေးမြိုင်' ဟု ခေါ်ပုံရသည်။ စာပေအရ ရင်းနှီးမှုကြောင့်လည်း ဖြစ်ပုံရပါသည်။ ကျွန်တော်တို့သည် ဆရာမြနှင့် ဘ၀တက္ကသိုလ်မှာ ရင်းနှီးခင်မင်ခဲ့ခြင်း ဖြစ်သည်။ ဆယ်နှစ်ကွာသော်လည်း ဆရာတပည့် ဆက်ဆံရေးမဟုတ်။ ရဲဘော်ရဲဘက်ဆက်ဆံရေး၊ ညီအစ်ကိုဆက်ဆံရေး၊ တူဝရီးဆက်ဆံရေးများ ဖြစ်သဖြင့် ဦးလေးဟု ခေါ်ကြသည်။ ဦးမြသန်း၊ ကိုမြသန်းဟု ခေါ်ကြသည်။ သူကလည်း လူငယ်များကို 'ကို' တပ်၍ လေးလေးစားစား ခေါ်ဝေါ်ဆက်ဆံသည်။ ထို့ကြောင့် သာမန်လူအများအဖို့ ကျွန်တော်တို့၏ ရင်းနှီးမှုကိုမသိလျှင် ကျွန်တော်တို့၏ အခေါ်အဝေါ် အသုံးအနှုန်းများကို အမြင်စောင်းနိုင်ပါသည်။ ကျွန်တော်တို့သည် အလွန် ချစ်ခင်ရင်းနှီးသူများ၊ အတူနေ၊ အတူစား၊ အတူအိပ်၊ အတူသွားခဲ့သူများ၊ သေဖော်ရှင်ဖက်များ၊ အနစ်နာခံခဲ့သူများ၊ ဘ၀ကို စွန့်လွှတ်ခဲ့သူများ ဖြစ်ပါသည်။ ဆရာမြ ကွယ်လွန်သွားခြင်းသည် ဆရာမြကို စာပေအရ ကြည်ညိုလေးစားသူများအဖို့ စာရေးဆရာတဦး ဆုံးရှုံး သွားခြင်းသာဖြစ်သည်။ ကျွန်တော်တို့အဖို့ အလွန်ရင်းနှီးသော ရဲဘော်တယောက်၊ အသက်ပေး ချစ်ကြည်ခဲ့သော မိတ်ဆွေတယောက် ဆုံးရှုံးခဲ့ခြင်းသာ ဖြစ်သည်။ သူ့မိသားစုမှ လွဲပြီး ကျွန်တော်တို့ ထက် ကြေကွဲပါသည်ဆိုလျင် မဲ့ပြုံးပြုံးရုံကလွဲပြီး ကျွန်တော်တို့ ဘာမျှ မပြောလိုပါ။

ဒုတိယပိုင်းဆက်ဖတ်ပါ။

Monday, February 18, 2008

ကျောင်းသားများထံသို့
ရေးသူ-သခင်ကိုယ်တော်မှိုင်း

[အောက်ပါတို့သည် ဗမာနိုင်ငံလုံးဆိုင်ကျောင်းသားများ၏ ပုသိန် ညီလာခံသဘင်ကို၊ ဖွင့် လှစ်စဉ်က သခင် ကိုယ်တော်မှိုင်း မိန့်ဆိုချက်များဖြစ်၍၊ မည်သည့် စာနယ်ဇင်းတွင်မျှ၊ ဤ မိန့်ခွန်းမပါဘူးသေးကြောင်း]

ဆရာဟာ အသက် ၁၃ နှစ်သားလောက်ကဘဲ ၀ံသာနုစိတ်ဓာတ် ၀င်စားလာခဲ့တယ်။ မန္တလေးမြို့-မြတောင်တိုက်တွင်၊ စာသင်စဉ် ၁၀ နှစ်သားလောက်က သီပေါဘုရင် အင်္ဂလိပ် ဘမ်းသွားတာကို မြင်ခဲ့ရသဖြင့်၊ အလွန်အကြူး ၀မ်းနည်းခဲ့တယ်။ ဗမာဘုရင်ကို ဘမ်းသွားပုံ ဟာ ကြက်ဘမ်း၊ ဘမ်းသကဲ့သို့ ဖြစ်သဖြင့်၊ မကျေမနပ် ဖြစ်ခဲ့တယ်။


ခလေးပင် ဖြစ်သော်လည်း တိရစ္ဆာန်လောက်မှ မလွတ်လပ်ပါကလားလို့- စဥ်းစားမိခဲ့တယ်။ ဒုလ္လဘတရားဖြစ်သော အလွန်တရာမှ ရခဲတဲ့ လူ့မနုဿဘ၀ကို ရနေသော်လည်း၊ နွား-ကျီးလောက်တောင် နေရာမကျဘူး။
တိရစ္ဆာန်ဘုံကိုကြည့်။ စာကလေးဟာ၊ လက်မလောက်ပဲ ငယ်သော်လဲ-လင်းဋဟာ-စာက လေးပေါ်တွင်၊ ဘုရင်မလုပ်နိုင်။
ခြေလေးချောင်း သတ္တ၀ါများကို ကြည့်ဦး။ နွားတို့ မည်သည် ထားရာနေတယ်။ စိတ် သဘော နူးညံ့အောက်ကျတယ်၊ ခြေလေးချောင်း ရှိတဲ့ နွားဟာ-သတ္တိမရှိပင် ဖြစ်လင့်ကစား ပါးစပ်ပြဲသောကျားသည်၊ နွားအုပ်ကြီးထဲကို မ၀င်ရဲဘူး။
ဒီတရားတွေဟာ၊ သဘာဝနိယာမ တရားအတိုင်းဘဲ။
ငရဲတို့ တိရစ္ဆာန်တို့-ကာမဘုံတို့ သုဂတိလားတယ်တို့ ဆိုတာတွေဟာ၊ ကံအားလျော်စွာ နေကြဘို့ ထိုင်ကြဘို့ဘဲ။ သဘာဝအတိုင်း ဖြစ်ကြတာဘဲ။ ငရဲသားဟာ ငရဲမှာဘဲ နေနိုင်တယ်။ ဗြဟ္မာ၂၀ကို မတက်နိုင်ဘူး။
အီတလီတို့-အင်္ဂလိပ်တို့ လိုက်ပီး ဓမြတိုက်နေကြတယ် ဆိုတာတွေဟာ၊ ရှေးတုံးက ဗမာ တွေ လုပ်ခဲ့သလိုဘဲ။
အခုအခါမှာ၊ ကျုပ်တို့တတွေဟာ၊ အင်္ဂလိပ်ချဲ့တဲ့ စနစ်ထဲ ရောက်နေကြတယ်။ ဘာနဲ့ တူသလဲဆိုတော့၊ လယ်သမား လက်အောက်ရောက်တဲ့ နွားနဲ့ တူနေကြတယ်။
အခုတော့-တို့တတွေ ကျွန်ဖြစ်နေတော့ အုပ်ချုပ်ရေး တောင်းကြတယ်။ လွတ်လပ်ရေး လိုချင်တယ် ပြောကြတယ်။
ဒါပေမဲ့၊ ရှေးတုံးက ကျုပ်တို့တတွေလဲ နိုင်ငံချဲ့ခဲ့တာပဲ။ အာသံတို့၊ မဏိပူရတို့၊ အက်ဂဘတ် တို့၊ ဆေးဂုတို့ဆိုတာတွေဟာ၊ ကျုပ်တို့ အင်ပိုင်ယာ အပါအ၀င်တွေဘဲ။
အဲတာဘဲ ကြည့်တော့။ မှန်ကင်းတလှဲ့ ထင်းတလှဲ့တွေဘဲ။ ၀မ်းနည်းဘွယ် ဘာမှ မရှိဘူး။
အင်္ဂလိပ်တွေလဲ ကျွန်ဘ၀က တက်လာတာဘဲ။ ရှေးတုံးက၊ ဒင်းတို့တတွေဟာ၊ ရောမ လူမျိုးတွေအောက် ပြားပြားဝပ်နေခဲ့ရတာဘဲ။
ရောမတိုင်းပြည်ကို၊ လူရိုင်းတွေ ၀င်တော့မှ၊ အင်္ဂလိပ်လူမျိုးတွေကို၊ ရောမလူမျိုးတွေက "မင်းတို့ဟာ၊ မင်းတို့လုပ်ကြတော့၊ ငါတို့တော့မတတ်နိုင်ဘူး" ဆိုပြီး၊ ပစ်ပြေးကြတာဘဲ။ အဲဒီတော့မှ အင်္ဂလိပ်တွေ လွတ်လပ်ရေးကို၊ အချောင်ရကြတာဘဲ။ သတ္တိကြောင့် မဟုတ်ဘူး။
လူရယ်လို့ ဖြစ်လာရင် လွတ်လပ်ခြင်း မရတာဟာ၊ ဒုက္ခအကြီးဆုံးဘဲ။
လောကီဘက်လုပ်ရင်၊ လောကုတ္တရာနဲ့ ဆန့်ကျင်ဘက်ပါကလားဆိုတာ ရိပ်မိတယ်။
ဦးပုညရေးတဲ့ စာတခုရှိတယ်။ ၀ိဇယဇာတ်ထဲမှာလား သေသေချာချာတော့ မမှတ်မိဘူး။
အဲဒီအထဲမှာ- ၀ိဇယမင်းသားကို ပင်လယ်မျှောတဲ့အခမ်းမှာ ထင်တယ်။ "ဘုရားအကြိုက်၊ တရားလိုက်လျင်လဲ လူ၌ အရေးညံ့တတ်သည်" လို့ ဆိုတယ်။
လောကုတ္တရာတရား လိုက်အား ကြီးတော့လဲ လောကီမှာ ဓမ္မနောက်ပိတ်ခွေး ဖြစ်တတ် တယ်။ လောကုတ္တရားက ဘယ်လိုဆိုသလဲ ဆိုတော့ သည်းခံရင် မြတ်တယ်တဲ့။ ခေါင်းခြေထောက်နဲ့ ကန်ရင်လဲ ခံရမယ်တဲ့။ ဒါမှ နိဗ္ဗာန်ရမယ်တဲ့။
ခေတ်သမယ အားလျော်စွာဆိုရင်၊ ကျုပ်တို့တတွေဟာ လောင်းရိပ်မိနေကြတယ်။ တခြားမကြည့်နဲ့ တက္ကသိုလ်ဟာ တကဲ့ပညာတွေ သင်ကြားပေးဘို့ ဆိုပေတယ်လို့၊ တက္ကသိုလ် က ပညာတတ်တွေဟာ၊ လူရာမ၀င်နိုင်ပါဘူး။ ခိုင်းစားဘို့ သင်ပေးတာဘဲ။ အင်္ဂလိပ်က ခိုင်းစားဘို့ဘဲ။
အလွန်ဆုံးဖြစ်၊ ငါးထောင်စားဘဲ။
ငါးထောင်စားခေါင်းဆောင် ဘာကောင်တွေက၊ အင်မတန် ကြီးကျယ်ကြတယ်။ ဘာနဲ့တူ သလဲ ဆိုတော့ လယ်သမားတွေနဲ့ အင်မတန်တူတယ်။
လယ်ရှင်တွေက-လယ်သမားကို "မင်းငါ့လယ်ထွန်-စပါး ၂၀ ပေးမယ်" ဆိုတာလိုဘဲ။ ဒီကောင်တွေ-ခိုင်းတာ လုပ်နေကြရတာဘဲ။
ခွေးမသားခေါင်းဆောင်တွေ ယောင်တောင်-ပေါင်တောင်နဲ့။ အားပြိုင်ကြ-ဆဲကြတယ်။ ကျုပ်တို့ နားလယ်တာတော့ စားကျက်လုနေတာ တွေ့ရတာဘဲ။
ပြောတော့ ဥပဒေပြုအမတ်တဲ့၊ ၅၀၀၀ိ စား အကောင်တွေ ဘာမှ မလုပ်နိုင်ဘူး။
သူတို့တတွေ- အရက်တွေမူးပြီး ဆဲတာတွေတော့ ပုလိပ်ကမဖမ်းဘူး။ တချို့ အကောင်တွေ လဲ-ညီလာခံသဘင်ဆိုတဲ့ ဥပဒေပြုလွှတ်တော်အစည်းအဝေး အပျော် လာကြတာဘဲ။
တချို့ကောင်တွေ- ပုလင်းပိုက်ပြီး ငိုက်နေကြတာဘဲ။ "၀ုံးဝုံး" ဆိုပြီး လက်ခုတ်တီးမှ နိုးကြတာဘဲ။
ဟိုတုံးက အခု ငါးပွင့်ဆိုင်ခေါင်းဆောင်ဆိုတဲ့၊ ဘဖေတို့၊ အခုသစ်တောရေးဝန်ကြီးချုပ် ဖြစ်နေတဲ့-မောင်ပုတို့၊ ထွန်းရှိန် တို့ပေါ့။ အင်္ဂလန်ပြည်သွားပြီး ဟုမ္မရူးတောင်းကြတယ်။
ကျုပ်ကတော့- ဒီဟာမျိုးတွေဟာ တောင်းတိုင်းပေးတာမျိုး မဟုတ်ဘူးလို့ စဉ်းစားမိတယ်။ ကျုပ်တို့လဲ ကြည့်ပါလား-အာသံတို့ မဏိပူရတို့ ဆိုတဲ့ နယ်တွေကို သာသာကြည်ကြည် ပြန်ပေးခဲ့တာမှ မဟုတ်ဘဲ။
အင်္ဂလန်ပြည်ဆိုတာလဲ- ဘာမှ ရှိတာမဟုတ်ဘူး။ ဆားတို့ မီးသွေးတို့လောက်သာ ရှိတာ။ ခွေးမသားတွေ အူခြောက်နေတာ။ သူတို့တတွေ-မိုင်ပေါင်း ခုနှစ်ထောင်ကျော်ကလာတာ ငတ်လို့ပေါ့။
ဟိုတုံးက-ယိုဒယားတို့ ဘာတို့ဆိုတာ သွားတိုက်ခဲ့ရတာဘဲ။ အခုလဲ အင်္ဂလိပ်က မတားရင်၊ ယိုးဒယားလောက်တော့ တို့ခြေအောက် ရောက်သေးရဲ့ ရသေးရဲ့ ထင်တယ်။
အဲဒီ တိုက်စဉ်တုံးကတော့-အခုလိုမဟုတ်ဘူး။ ရှင်ဘုရင်ကို မိပီဆိုရင် " နန်းကိုစိုးချင်သေး လား။ စိုးချင်ရင် သစ္စာပြု၊ သစ္စာရေသောက်၊ သမီးကညာဆက်၊ ရွှေပန်း-ငွေပန်းဆက်၊ အဆောင်တွေ-ဘာတွေဖြုတ်ချ။ တို့ဗမာမင်းက-ထီး ၈ စင်း ဆောင်းတယ်၊ မင်းတို့ လေးစင်းသာ ဆောင်း" ဒါလောက်လုပ်တာဘဲ။
အင်းဝကို ယိုးဒယားက ဆက်သရတယ်ဆိုတာလဲ ဆင် ၃-၄ ကောင်လောက်ပဲ။
ရွှေဆိုလဲ ၁ ပိဿာ ၂ ပိဿာလောက် ဆက်ရတာဘဲ။
သ္မီးကညာ ဆက်တယ်ဆိုတာကတော့ ကျုပ်တို့ ဗမာဘုရင်တွေ ဂွကျတာဘဲ။ မိန်းမတွေ သိတ်များတာဘဲ။ သူ့ခေတ်နဲ့သူမို့ ယူရတာဘဲ။
စစ်တိုက်ရတာ သိတ်မလွယ်ဘူး။ ပင်လယ်ခရီးက လှေနဲ့ သွားရတယ်ဆိုရင်လဲ၊ လေထဲ လှိုင်းထဲ လှေပါသွားတာမျိုးဘဲ။
တခါတလေ-ယိုးဒယားက သူပုန်ထတယ်ဆိုရင် အင်းဝက ၃လ လောက်ကြာမှ ကြားရတာ ဘဲ။
အဲဒီတော့လဲ သူတို့ရဲ သ္မီးကညာဟာ ဗမာဘုရင်ရဲ့ မိဖုယားဖြစ်နေရင်၊ တော်ရုံတန်ရုံနဲ့ သူပုန်မထ၀ံ့ဘူးပေါ့။ သ္မီးမျက်နှာ ထောက်ထားနေရသေးတာကိုး။ အဆုံးကျတော့ သ္မီးကညာ ဆိုတာ ဒဇာခံပေါ့လေ။
ကျုပ်တို့ တောစွန် တောင်ကြားက အသက် ၂၀-၂၂ နှစ်လောက် ရန်ကုန်ရောက်လာတယ်။ ဂျီ-စီ-ဘီ-အေ အသင်းတွေကလဲ ပေါ်လာတော့ တအားတက်မိတယ်။
အသင်းအစည်းအဝေးတွေတော့ သွားမတက်ပါဘူး၊ စိတ်ကိုကလဲ တယ်ဟန်မယ် မထင်ပါဘူး။
ခေါင်းဆောင်မဲ့ အကောင်တွေ ကြည့်ရတာလဲ၊ တယ်အားရစရာ မကောင်းပါဘူး။ ယောက်ျားမပီသတဲ့ ကောင်တွေသာ များတာဘဲ။ မျက်နှာသနပ်ခါးတွေနဲ့။ ဗိုလ်ကတော်စိတ် ပေါက်နေတဲ့ ကောင်တွေဘဲ။ ဘာ-ညာဆိုတဲ့အကောင်တွေက သိတ်များနေတော့၊ ကျုပ်တို့လဲ ရှော့နေကြတာဘဲ။
နောက်ဆုံးရေးတဲ့ ခွေးဂဏ္ဌိဆိုတဲ့ ကျမ်းဟာ- အခုလက်ရှိ ခေါင်းဆောင်တွေဟာ-ဘုန်းကြီးကျောင်းက ခွေးတွေနဲ့ တူတဲ့အကြောင်းဘဲ။
အဲဒီလိုနဲ့နေရင်း သခင်ကလေးတွေ ပေါ်လာတယ်။ အလကား တွေ့ကရာ ရှောက်ဆဲနေတဲ့ ကောင်ကလေးတွေဘဲလို့ အမှတ်ထားတယ်။
ဒါနဲ့ ဗစိန်တို့၊ ဘလူတို့ ထောင်တဖုတ်ဖုတ်ကျနေတာ တွေ့ရတော့ အင်း အသင့်အတင့် တော့ ဟန်လာပြီ။ စိတ်ဓါတ်တွေ ပြောင်းနေတယ်ဆိုတာ စဉ်းစားမိတဲ့...
လွန်ခဲ့တဲ့ ခွေးမသား ခေါင်းဆောင်တွေ၊ လွတ်လပ်အောင် လုပ်တဲ့နည်းလမ်း မတွေ့လို့ဘဲ။ ဘာမဆို ကြိုးစားရင် ရမှာဘဲ။ ဘုရားဆုတောင် တောင်းရင်ရတာဘဲ။ ဇွဲကြီးကြီးနဲ့သာ လုပ်ဘို့ လိုတာဘဲ။
ကာလဒေသ ပယောဂကို ကြည့်ပြန်တော့၊ လူကောင်းသူကောင်းခေတ် ရောက်ပြီဆိုတာ သိတယ်။
ဒါကြောင့်မို့လို့လဲ သခင်နာမယ်ယူပြီး၊ ရေနံချောင်းကွန်ဖရင့် လိုက်ပီး ကူခဲ့တာဘဲ။
လူငယ်တွေနဲ့ ပေါင်းပြီး မသေခင်-တပွဲတလမ်း စမ်းချင်တာပါဘဲ။
နောက်က-လူကြီးတွေ လုပ်ကြတာက၊ ကိုယ့်ခေါင်းဆောင် မကောင်းမှန်းသိရက်နဲ့၊ တချို့က ကြည်ညိုနေကြတုံးဘဲ။ တည်မိတဲ့ ဘုရားတော့ ဠင်းတဘဲနားနားဆိုပီး၊ သဘောထားကြတယ် ထင်တယ်။
တခြားမကြည့်နဲ့လေ။ စားကျက်မရခင်-နိုင်ငံရေးလုပ်ကြတာဘဲ၊ အမ်အေ ဦးသိန်းမောင်တို့ များဆိုရင် အဲဒီ [ဆွဲချ] ဆိုတဲ့ ရာထူးရနေတဲ့ ဦးသိန်းမောင်ပေါ့။ ၁၀၀၀ိ-စား ကစတယ်ဆိုရင်ဘဲ ပုသိန်သားတွေ ရင်ဘတ်ကို ခြေကန်ထွက်တာဘဲ။ နိုင်ငံရေးဟာ ကုသိုလ်တပဲ-ငရဲတပိဿာ ဆိုပြီး၊ အခုတော့ ငရဲတပိဿာဘဲ လုပ်နေတာဘဲ။
ဝေဿန္တရာဇာတ်မှာ ကြည့်ပါလား။ တောထွက်တဲ့ ပါရမီ မထဲ့ခဲ့ဘူး။ ဘာကြောင့်လဲ။ သဒ္ဓါကြောင့် မဟုတ်ဘူး။ တိုင်းပြည်က ဝေဿန္တရာကို ဆင်ဖြူတော် လှူပစ်ရမလားဆိုပြီး အလိုမရှိတာနဲ့ ထွက်ရတာဘဲ။ ဟိုတုံးကလဲ ဒီမိုကရေစီခေတ်နဲ့ဘဲတူတယ်။ နိုင်ငံကို ဖြုန်းတီး အောင် လုပ်တဲ့ ရှင်ဘုရင်၊ အသုံးကြီးတဲ့ ရှင်ဘုရင်ဆိုပြီး နှင်ထုတ်ပြစ်တာဘဲ။
ကျောင်းသားတွေဟာ အမှန်အားဖြင့်၊ နိုင်ငံရေးနဲ့ မသက်ဆိုင်သော်လဲ၊ သူတို့ကို ကြည့်ပီး ကျုပ်က သိတ်အားရတာဘဲ။ ဘာပြုလို့လဲ။ သူတို့တတွေက တိုင်းပြည်ဘက်က ပါနေတာကိုး။ အစိုးရကဆိုလဲ သူတို့ကို လူဆိုးစာရင်းထဲ သွင်းထားတာဘဲ။
ကျုပ်တို့ နယ်လှဲ့တရားဟောရင်းနဲ့ ရှေးအဖိုးကြီးတယောက်နဲ့ တွေ့တယ်။ သူက 'ဘဲ့နယ် ယောဂီဆရာမှိုင်း ဆရာမှိုင်းနဲ့ ဆိုပီး၊ မိုးညှင်းယောဂီနဲ့လဲ မတူပါလားလို့ မေးတယ်'
ဘယ်တူမလဲ၊ ကျုပ်တို့က သခင်ဖြစ်ချင်တဲ့ ယောဂီဘဲ။ ကျုပ်တို့တတွေ နိဗ္ဗာန်ရောက် အောင် ကြိုးစားနေကြတာဘဲ။ မိုးညှင်းဆရာတော်ကြီးကို ပင့်ဖိတ်ပြီး တရားဟောတာလဲ နိဗ္ဗာန် လိုချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ကြရင်လဲ ကောင်း သားဘဲ။ မိုးညှင်းဆရာတော်ကြီးကတော့၊ တပြည်လုံးက လူတွေ သည်းခံတတ်တဲ့ တရားရှိ အောင်၊ ဆင်းရဲတဲ့ဘ၀နဲ့ တင်းတိမ်နေနိုင်အောင်၊ ကြေနပ်နေအောင် ဟောတာနဲ့တူတယ်။ နိဗ္ဗာန်ကို ကျုပ်တို့ကတော့ မရောက်နိုင်သေးတာနဲ့ မသွားချင်သေးဘူးလို့ ပြန်ပြောခဲ့တယ်။
ကျောင်းသားတွေက ကျုပ်ကို မဖိတ်ပေမဲ့-လာချင်နေတာ-ကြာလှပြီ။ ကျောင်းသားတွေက အလံတောင်ပေါ်ကနေပီး ဖိတ်ရင်တာင် လာမှာဘဲ။
အမှန်မှာဆိုတော့ အလုပ်လုပ်တယ်ဆိုတာ သမ္ပတ္တိခေတ်၊ ၀ိပ္ပတ္တိခေတ် ကြည့်လုပ်ကြ ဆိုဘဲ။
ခွေးမသားတွေ မကောင်းလို့ ကျုပ်တို့တတွေ ယောင်ချာချာနေရတယ်။ အဲဒီ ရှေးခေါင်း ဆောင်တွေ၊ ဘိလပ်ပြန်တွေ ခွေးမသားတွေ အကြောင်းပြောတော့ ပုဂံ-ငသယောက်က အကောင်တွေ စဉ်းစားမိတယ်။
ဒီကောင်တွေက အလကားကောင်တွေ၊ လက်ကြောတင်းအောင် မလုပ်ချင်။
အမှန်ကတော့ မြို့မှာနေတာ လူညာတွေဘဲ။ ဘော်ကြော့နေချင်ကြတာဘဲ။
ဒါနဲ့ ခုနင်ကပြောတဲ့ ပုဂံငသယောက်က၊ လူပျင်းတွေ-ရွှေမြို့တော် အင်းဝတက်ပြီး၊ အလုပ်ရှာကြတာကိုး။ ထီးတော်မိုးလိုလို၊ အိပ်ဖန်စောင့်လိုလို။ အိပ်ဖန်တော်စောင့် ဆိုတာ ဒရ၀မ်ဘဲ။
ဒီကောင်တွေ ဘာလုပ်သလဲ သိလား။ လှေခါးရင်းကစောင့်-ခွေးလိုစင်းပြီး တငိုက်ငိုက်နဲ့ စောင့်ကြတာပေါ့။
ဒါနဲ့ တနေ့ကြတော့ ရွာပြန်ကြမှာကိုး။ သူတို့က လှေသမားတွေကို ပြောလိုက်တယ်။ [ငသယောက်။ တူရွင်းတိုင်သားတို့-ငါတို့ တန်ခူးလဆန်း ၆ရက်နေ့ ပြန်မယ်] လို့မှာလိုက်သတဲ့။
ရွာရောက်တော့ ရွာသားတွေက ဝေါနဲ့ ယဉ်နဲ့ ဆီးကြိုကြသတဲ့။
တောကလူတွေက ရှင်ဘုရင်အကြောင်း သိချင်လို့ မေးကြသတဲ့။ "တို့တော့ သူငယ်ချင်း-ရုပ်သေးထဲက ရှင်ဘုရင်သာမြင်ဘူးတယ်။ အရုပ်ထဲကလို ချွန်သလား" မေးတယ်။
"ဟာ သိပ်ချွန်တာဘဲလို့ ဖြေလိုက်သတဲ့"
"ရှင်ဘုရင့်အသက် တို့လက်ထဲမှာ" လို့ပြောသတဲ့။
ရှင်ဘုရင့်နား အိပ်ရတာ-ဂျပိုးသိတ်ကိုက်တာဘဲတဲ့ ပြောကြသေးတယ်။
ရှင်ဘုရင်ဆိုလို့ တခါမှ မြင်ဘူးတာ မဟုတ်ဘူး။ ခွေးမသားတွေ ဒီလီကိတ်တွေလဲ ဒီအတိုင်းဘဲ။ ဘိလပ်နန်းတော်ရင်းက ပြန်လာကြတဲ့ အကောင်တွေဘဲ။
အခုကာလ ကျောင်းသားတွေရဲ ပါးစပ်ဟာ အင်မတန်စူးတယ်။ ဟိုတခါ သတင်းစာထဲ ဖတ်လိုက်ရတယ်။ ဗမာပြည်က ခေါင်းဆောင်တွေဟာ ကိုယ့်ကိုယ်ကို သတ်သေသင့်တယ်လို့ စကားပြောပြိုင်ပွဲတခု ဆုံးဖြတ်လိုက်တယ်။
အဲဒီလို ဖြစ်ပီးလို့မှ မကြာခင် ထိပ်တင်ဝဟာ ကိုယ့်ကိုယ်ကို သတ်သေတယ် ကြားရတာဘဲ။ ထိပ်တင်ဝဟာ ငါးပွင့်ဆိုင်ရဲ့ ဘုရားပေါ့။ တိုင်းပြည်က သာကီဝင် တောင့်တတော့ ထိပ်တင်ဝ ဘမ်းပြပြီး ဒီကောင်တွေ အလုပ်လုပ်ကြတာဘဲ။ ဘုရားလဲပီး ငြမ်းလဲကန်ချ ဆိုတာလို ထိပ်တင်ဝလဲ နိုင်ငံရေးစွန့်ပြီး လယ်သွားထွန်နေတာဘဲ။ မကြာခင် ကိုယ့်ဟာကို သေနပ်နဲ့ ပစ်သတ် သေတာဘဲ။ အဲဒါဟာ ဘမ်းပြ လမ်းပြဘဲ။
အဲဒီတော့ ကျောင်းသားတွေဟာ ဘယ်လောက် တံခိုးရှိတယ် ဆိုတာဘဲ ကြည့်တော့။ ယခု ကျောင်းသားတွေဟာလဲ စုရုံးမိကြပီ၊ တိုင်းပြည်ရဲ့ အကျိုးရှိမဲ့ အလုပ်တွေသာ လုပ်ကြပေတော့။ ကျုပ်တို့တော့ ဒီညီလာခံသဘင် အောင်ဘို့ ဆုတောင်းတာဘဲ။

[ဤမိန့်ခွန်းကို သခင်ကိုယ်တော်မှိုင်းကိုယ်တိုင် ပြန်လည်ဘတ်ရှု ပြင်ဆင်ပြီးမှ ပုံနှိပ်ပါသည်။]

ပြီးပြီ။
အရေးတော်ပုံ အောင်ပါစေ။

[ဖိုးသံ(လူထု) အီးမေလ်နဲ့ လက်ဆင့်ကမ်းမျှဝေတဲ့ နဂါးနီတိုက်ထုတ် 'ဗမာ့အရေး' စာအုပ်၊ ပထမတွဲ၊ က ကူးယူဖော်ပြပါတယ်။ မူရင်းရသာ မပျက်အောင် စာလုံးပေါင်း ကအစ မူရင်းအတိုင်း ကူးယူဖော်ပြပါတယ်။]

Wednesday, February 6, 2008

မန္တလေးမြို့ရဲ့မနက်ခင်း
ရေးသူ-မောင်စွမ်းရည်

'၁၆ မိုင် လမ်းလျှောက်ရင်
အာရောဂျံ ပရမံ လာဘံ
သုခံဝဟံ' တေးသံကျူးရင်း
မြူးကာမြောက်ကာ လမ်းလျှောက်လာပြီ
ကဗျာဆရာလေ
ခွေးတွေ နောက်က တစီစီ။



ဖန်ချောင်းအတွင်း၊ ဓာတ်ငွေ့သွင်းပြီး
ဓာတ်ငွေ့အတွင်း၊ လျှပ်စစ်သွင်းသတဲ့
လင်းချင်တိုင်းလင်း၊ လမင်းအစား
မီးချောင်းများသာ
ကားလမ်းမပေါ် တမျှော်တခေါ်။

အာရုဏ်မတက်မီ၊ တအီအီနဲ့
"ဟဲ့-ဒီနွား"
လှဲသမားလဲ၊ ကားကညှော်နံ့
နွားမလန့်မီ၊ ခါးဆန့်နှာတင်း
နကန်သွင်း။

ဒီလိုနေဆဲ၊ ကောင်းကင်ထဲက
ရှဲကနဲသွား
ဂျက်လား ဒုန်းလား
ဂြိုဟ်တုလား။

ဂြိုဟ်တုမျှော်ရင်း၊ လှဲရှောင်ရင်းက
ဂျက်သံနာရင်း၊ ခွေးချောက်ရင်းက
ဖွဲ့ရတိုထွာ ငါ့ကဗျာဟန်
မြို့ပြ ဆံချင်ဆံ
ကျေးလက် ဆံချင်ဆံ
ပြည်သူ့အသံ ဖြစ်လိုသော....။

မောင်စွမ်းရည်။
၁၂၊ ၁၁၊ ၆၉။
[ မောင်စွမ်းရည်ရဲ့ မန္တလေးမြို့ရဲ့မနက်ခင်း- ကဗျာစာအုပ်၊ ပထမနှိပ်ခြင်း၊ ၁၉၇၁၊ ပုဂံစာအုပ်တိုက်ထုတ်၊ မှကူးယူဖော်ပြပါတယ်။]

လေလွင့်ပန်း
ရေးသူ-နောင်

ပန်းကလေးမကြွေ့တကြွေ၊
နေချင်စမ်းပေမဲ့
အလွမ်းဆိုရှိုက်ဖိုနန်းမှာဖြင့်
လန်းလာရင် နွမ်းနာကျရတဲ့
ဘ၀မခုံမင်လို့
ကတုံကယင် ခုံရင်မောသူတော့
လွင့်မျောချင်အမြှင်တန်းအောင်
ကူစမ်းပါကြည်လင်ချမ်းပါတဲ့
စမ်းကလေးရေ။


ကျောက်ခက်ကြား
မင်းသွားခိုချင်ခိုပေါ့
မခိုချင်ရေလျဉ်ကြောမှာဘဲ
ရောင်းရင်းဆွေရွက်ကြွေနဲ့ရောပါလို့
မျောနိုင်တဲ့သည်အနေ
တေလေစိတ် ၀င်စား။

ပြောချင်တယ်ကွယ်
ပွင့်ဦးထုံကြွယ်ကြွယ်ရဲ့
တကယ်ကိုဘ၀တိုင်းမှာဖြင့်
မုန်တိုင်းဘယ်မလွတ်ပါဖူး
စိတ်ညွတ်ရာ ဘယ်ကိုပြေးပေမဲ့
လွမ်းတေးကို သီဆိုရသည်မို့
အလှဆိုခဏလမ်းမှာဘဲ
လျှောက်စမ်းပါ အမြင်သစ်တွေနဲ့
ချစ်လိုက်ပါလား.......။

နောင်။
ရှုမ၀မဂ္ဂဇင်း၊ ၁၉၆၃၊ စက်တင်ဘာ။
အထက်ပါ ကဗျာသုံးပုဒ်ဟာ ကိုကျော်ဟန်စိုး (ခ) မုန်တိုင်း (ပြည်ချစ်ရဲဘော်ဟောင်းတဦး) ရဲ့ သူ့အသက်နဲ့ထပ်တူ ချစ်မြတ်နိုးတဲ့ မှတ်စုစာအုပ်ထဲရှိ ကဗျာပေါင်းများစွာထဲက ထုတ်ယူဖော်ပြခြင်း ဖြစ်ပါတယ်။ ကဗျာတွေကို၊ ကြည့်ခွင့် ကူးခွင့်ပေးတဲ့ (အကို) ကိုကျော်ဟန်စိုး (ခ) မုန်တိုင်းကို ကျေးဇူးတင်ကြောင်း၊ သတိရလျက်ရှိကြောင်း ဖော်ပြအပ်ပါတယ်။

နောင်
ရေးသူ-နောင်

နောင်ဘ၀သည်
ရှိသည်လေလား မရှိလားလဲ
ထင်ရှားမသိ
မသိနေရာ၊ သွားချင်ပါလဲ
ရှိဆဲနေရာ၊ မစွန့်ခွါရဲ။


နောင်ဘ၀သည်
လှသည်လေလား မလှလားလဲ
သိကားမသိ
လှသည့်နေရာ၊ သွားချင်ပါလဲ
ရှိဆဲနေရာ မစွန့်ခွါရဲ။

နောင်ဘ၀သည်၊ ရှိသည်ဆိုက
နောင်ဘ၀သည်၊ လှသည်ဆိုက
နောင်ဘ၀တွင်၊ ရောက်ပျော်ချင်လဲ
ရှိဆဲနေရာ၊ မစွန့်ခွါရဲ။

နောင်။
ရှုမ၀မဂ္ဂဇင်း၊ အတွဲ ၂၅၊ အမှတ် ၂၉၁။ ၁၉၇၁ သြဂုတ်လ။

၇၅ အရောင်များ
ရေးသူ-တင်မိုး

နေညိုချိန်တွင်
ငါ ဆံပင်တွေ ဖြူချေပြီ။

ညဥ့်ကနက်၍
သစ်ရွက်ခြောက်များဝါယော်လျက်။

နွေဦးသစ်ကိုင်း၊ ညိုညစ်မှိုင်း၏
ကျေးငှက်လည်းအိပ်၊ ငြိမ်တိတ်ဆိတ်။


ပက္ခဒိန်တရွက်၊ အသက်တရစ်
တက်သစ်ခြင်းလား၊ ဆုတ်ခြင်းလားဟု
မလှည့်ဖျားလို၊ ငါလည်းအိုပြီ
အညို အဖြူ ၀ါနက်နက်။

လလည်းမွန်းယိမ်း၊ လုပ်ငန်းသိမ်းပေါ့
အငြိမ်းယူကာနားစက်ပြီ။

အိုခြင်းဒုက္ခ၊ ကျခြင်းဘေးဒဏ်
ငါလက်ခံအံ့။

ကံကြမ္မာတည်း၊ ငါမညည်းဘူး
ပစ္စည်းသိမ်းလော့၊ ဒီမှာသော့။ ။

ရှုမ၀မဂ္ဂဇင်း၊ ၁၉၇၅ ခု၊ ဖေဖော်ဝါရီ။