Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Thursday, December 29, 2011

ကျနော်မမေ့တဲ့လေထီးဗိုလ်အုန်းမောင်
ရေးသူ- ရဲဘော်ဖိုးသံချောင်း




ဦးလေးဗိုလ်အုန်းမောင်ကို ကျနော်၉-၁၀နှစ်သားအရွယ်တုန်းက ရန်ကုန်ထောင်ကြီးထဲမှာ ပတမဆုံး အကြိမ်အဖြစ်တွေ့ဖူးခဲ့တာဖြစ်ကြောင်း ကျနော် ရေးပြခဲ့ဖူးပါတယ်။ ကျနော့်အဖေထောင်ကျနေစဉ်တုန်းက ကျနော်အဖေ့ကိုသွားတွေ့တော့ ထောင်ပိုင်တို့က ကျနော့်ကို မနက်ကနေ ညနေအထိ ထောင်ထဲရှိအဖေနေတဲ့ (၅)တိုက်အထဲအထိ သွားလည်ခွင့်၊ အဖေနဲ့အတူနေခွင့်ပေးတာပါ (အခုခေတ်လူများအဖို့တော့ မယုံချင် ပုံပြင်လို ဖြစ်နေကြမယ်ထင်ပါတယ်)။


ထုံးစံအတိုင်း ထောင်ထဲမှာက သူရဲကောင်းတွေ၊ နာမည်ကြီးနိုင်ငံရေးသမားတွေ စာပေသမားတွေ စုစည်းလေ့ရှိတာမို့ ကျနော့်ကိုအဲဒီအထဲမှာ ကျနော့်ကိုအဖော်လုပ်တဲ့။ အသက်အတော်ငယ်တဲ့ ဗကပ ကကိုဖုန်းက “အဲဒါဗိုလ်အုန်းမောင်ပဲ”လို့ လက် ညှိုးထိုးပြပါတယ်။ ကျနော်မှတ်မိသလောက်ဆိုရင် ကိုဖုန်းဟာအရင်က အစိုးရရေတပ်က အရာရှိငယ် တယောက်ပါ၊ တိုက်ရေယာဉ်တစင်းကို မောင်းပြီူး တွံတွေးဘက်ကိုတောခိုခဲ့သူဖြစ်ပါတယ်။ (သူ့လိုပဲ ဗိုလ်ညဏ်မောင်ကလည်း မိတ္ထိလာလေတပ် စခန်းကနေလေယာဉ်ပျံတစီးနဲ့တောခိုဖူးပါတယ်)။

သူပြရာကိုလှမ်း ကြည့်လိုက်တော့ အသက်၄၀ လောက်ပိန်ပိန်လူတယောက် တုတ်ကောက်တချောင်းနဲ့ ထော့နင်း-ထော့နင်း လျှောက်လာနေတာကို တွေ့ ရပါတယ်။ သူ့ခေါင်းပုံကအလယ်မှာမောက်နေပြီး ဆံပင်ကတော့ ကတုံး ဆံတောက်ပါပဲ။ အသက်အရွယ်နဲ့ ဒဏ်အမျိုးမျိုးကြောင့် ဦးလေးဗိုလ်အုန်းမောင်ရဲ့ရုပ်ဟာ ပါးချောင်ကျ၊ မျက်တွင်းဟောက်နေတာပဲ တွေ့ရလေ့ရှိပါတယ်။ ပေါ်လွင်လှတဲ့နှာတံကို ထောက်ထားတဲ့ သူ့ရဲ့ပါးရိုးတွေဟာ ကြံ့ခိုင်လှပြီး နောင်မှာ ဖိနှိပ်သူအာဏာပိုင်တွေနဲ့ရင်ဆိုင်တိုင်း အဲဒီပါးရိုးကြီးတွေ တင်းနေတာဟာ ကျနော် တို့လို နောက်လိုက်တွေကို သိပ်အားတက်စေပါတယ်။

တကယ်တော့သူ့ကို လူကိုယ်တိုင်မတွေ့ရမီကတည်းက ကျနော်ဟာ သူ့အကြောင်းကို အဖေနဲ့တခြား ပုဒ္မ(၅)အကျဉ်းသားတွေဆီက ကြားထားပါပြီ။ လေထီးဆင်းတဲ့ကိစ္စအပြင် ဖမ်းမိတဲ့အခါမှာ အစိုးရက ဘယ်လို နှိပ်စက်တယ်ဆိုတဲ့အကြောင်းတွေရောပါ။ ကလေးတယောက်ရဲ့ မျက်စိထဲမှာ ဧရာမသူရဲကောင်းကြီး တဦး ဖြစ်နေတကို နားလည်နိုင်ကြမယ်ထင်ပါတယ်။

အဲဒီနောက် ၁၄နှစ်လောက်ကြာတော့ ဦးလေးဦးအုန်းမောင်ကို ဘ၀တူအဖြစ်ပြန်တွေ့ရပါတယ်။ ကိုကိုး ကျွန်းပေါ်မှာပါ။ ကျနော်တို့အားလုံးကိုတင်ခေါ်သွားတဲ့ ပြည်တော်အေးသင်္ဘောပေါ်ကဆင်းလို့ ကိုကိုးကျွန်း မြေကိုနင်းပြီး မီတာ၅၀လောက်လျှောက်ပြီးတဲ့နောက်မှာ ကျနော်တို့အားလုံးကို သဲသောင်ပြင်ပေါ်မှာ အထိုင် ခိုင်းပါတယ်၊ ပြီးတော့အကျဉ်းဌာနအထူးအရာရှိ ဗိုလ်ထွန်းရင်လောက မိန့်ခွန်းချွေပါတယ်။ ထောင်ထဲ ရောက်ရင် ဘယ်သူဘယ်နေရာရောက်လို့ ဘယ်လိုကန့်သတ်ထားမယ်ဆိုတာ ဘယ်သူမှပြောနိုင်တာ မဟုတ် ပါဘူး။ ဒါကြောင့် အခုလိုအားလုံးစုပြုံနေရတုန်းမှာ မြင်နိုင်သူအားလုံးကို ကြည့်ရပါတယ်။ နောက်ပြီး နေရာ အသစ်တခုကိုရောက်ရင် ကိုယ့်ပတ်ဝန်းကျင်ကိုအရင်ဆုံးအကဲခတ် စနဲနာတာဟာ နိုင်ငံရေးအကျဉ်းသမား များရဲ့ အကျင့်တခုပဲမဟုတ်ပါလား။ ဒီလိုနဲ့ကျနော်တို့လည်း ပူလှတဲ့သောင်ပြင်ပေါ်မှာထိုင်ပြီး စိတ်ပျက်စရာ၊ ရွံမုန်း စရာမိန့်ခွန်းကို စိတ်မပါ့တပါနားထောင်ရင် တခြား လူတွေကိုလှည့်ပတ်ကြည့်ကြပါတယ်။

ကျနော့်အထင်တော့ ဦးလေးဗိုလ်အုန်းမောင် ရုပ်ဘာမှပြောင်းမသွားဘူးပဲ။ အဲဒီနောက် အကျဉ်းစခန်းထဲ ရောက်တော့ ဆက်တိုက်ဆိုသလိုပဲ တခြားအင်းစိန်ထောင်ကပါလာတဲ့ ဘ၀တူတွေဆီကနေ သူ့အကြောင်း တွေကိုဆက်ကြားရပါတယ်။ အင်းစိန်ထောင်တွင်းမှာ စစ်ဆင်ရေးစီမံကိန်းဆွဲပြီးဖိနှိပ်ရာမှာ ဦလေးဗိုလ်အုန်း မောင်ကို ၀ိုင်းရိုက်ကြလို့ နံရိုးသုံးချောင်းတောင်ကျိုးခဲ့သတဲ့။ ဒါကြောင့်သူ့ကျန်းမာရေးဟာ အတော်ကို မကောင်းဘူးတဲ့။ တီဘီရောဂါလည်း ရှိနေသတဲ့။ အဲဒီအချိန်မှာ သူ့အသက်က ငါးဆယ်လောက် ရှိနေပါပြီ။ ကိုကိုးကျွန်းပေါ်ကိုရောက်ပြီး နောက်တနေ့မှာပင်လယ်ထဲရေချိုးဆင်းခွင့်ရလို့ ရေချိုးဆင်းကြတဲ့အခါမှာတွေ့ ရတဲ့ ဦးလေးဗိုလ်အုန်းမောင်ရဲ့ပုံဟာ တကယ့်ကိုကမ္မဌာန်းရုပ်ပါ။ ထူးတာက ဒီကမ္မဌာန်းရုပ်ရဲ့နံဘေးမှာ ခွဲစိပ် ချုပ်ရိုးကြောင်းတွေပါနေတာပါပဲ။

ဒါပေမဲ့သူဟာ ကိုကိုးကျွန်းပေါ်ကတိုက်ပွဲတွေကို မားမားမတ်မတ်ခေါင်းဆောင်နိုင်ခဲ့ပါတယ်။ နံရိုးကျိုး ပေမဲ့ နှလုံးကခိုင်ကျည်ပါတယ်။ တုတ်ကောက်တချောင်းနဲ့ ထော့နင်းထော့နင်းပဲ သဲသောင်ပြင်ပေါ်လျှောက်၊ ထောင်အာဏာပိုင်တွေကို တဖ၀ါးမဆုတ်ရင်ဆိုင်ခဲ့ပါတယ်။ ကျနော်တို့အားလုံးကိုယ်စား ထောင်အာဏာပိုင် တွေနဲ့ ရင်ဆိုင်ရာတဲ့အခါမှာ တုတ်ကောက်ကိုယ်စီနဲ့ရပ်ပြီး ပြတ်ပြတ်သားသားပြောဆိုနေတဲ့ ဦးလေးဗိုလ်အုန်း မောင်နဲ့ ဆရာရာဂျန်တို့နှစ်ဦးကိုမြင်ရတာဟာ အင်မတန်မှကြက်သရေလည်းရှိ၊ အားလည်းတက်စရာလည်း ကောင်းလှပါတယ်။

ကိုကိုးကျွန်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့နီးစပ်သူတွေ၊ အလံနီနဲ့နီးစပ်သူတွေနဲ့ မလညပခေါ် အရင် ပမညတ-ပြည်သူ့ရဲဘော်နဲ့နီးစပ်သူတွေဆိုပြီး အဓိကအစုကြီးသုံးစုရှိခဲ့တာကို အများသိကြပါတယ်။ အဲဒီထဲမှာ ဗကပနဲ့နီးစပ်သူတွေအစုဟာအများဆုံးပါ။ ဒါပေမဲ့ ဒီထဲမှာဗမာပြည်နေရာအရပ်ရပ်က လာတဲ့သူတွေ ပါဝင် ပါတယ်။ မန္တလေး၊ မြင်းခြံ၊ ပျဉ်းမနား စတဲ့အထက်ဗမာပြည်ကလာတဲ့လူတွေ၊ တောင်တွင်းကြီး၊ သရက်စတဲ့ ဗမာပြည်အလယ်ပိုင်းကလာတဲ့လူတွေ၊ ရန်ကုန်ကလူတွေ၊ မြစ်ဝကျွန်းပေါ်ကလူတွေ၊ ရခိုင်ပြည်နယ်က လူတွေစသဖြင့် အနယ်နယ်အရပ်ရပ်ကပါ။ နောက်ပြီးနောက်ခံကိုပြောရရင်လည်း ကျောင်းသားအနွှယ်၊ အလုပ်သမားအနွှယ်၊ အမှုထမ်းအနွှယ်၊ လယ်သမားအနွှယ်၊ လက်နက်ကိုင်တော်လှန်ရေးထဲကလာတဲ့သူ တကယ့်ကိုစုံမှစုံဖြစ်ပါတယ်။ တယောက်ကိုတယောက်မမြင်ဖူး၊ တယောက်နာမည်တယောက်မကြားဖူးတဲ့ လူတွေအများကြီးဖြစ်ပါတယ်။

အဖမ်းခံကြရတာကလည်း ၁၉၆၃ခုနှစ်ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြီးနောက် အဖမ်းခံရတာကနေ ၁၉၆၇ခုနှစ်တရုတ်ဗမာအရေးအခင်းနောက် အဖမ်းခံရတဲ့သူအထိ အချိန်တွေကွာခြားနေ ပါတယ်။ ဒီအထဲမှာ အသက် အသက်အကြီးဆုံးက ၆၀တန်းဖြစ်တဲ့မြစ်ဝကျွန်းပေါ်ကအဘကြင်နဲ့ အမရပူရက ဦးခင်မောင်၊ အငယ်ဆုံးက ၁၈နှစ်သား ရန်ကုန်၊ သာကေတကကိုလှဌေး(အဖမ်းခံရတုန်းက အသက်၁၄နှစ် လောက်ရှိသေးတာပါ)တို့ ပါဝင်ပါတယ်။ ဒါကြောင့် အဲဒီလူတွေကိုစုစည်းမိဖို့ လုပ်ရတဲ့အလုပ်ဟာ တကယ်ပဲ မလွယ်လှဘူး။ ဒီလိုအခါမှာ အားလုံးဟာ ဒီအဖိုးကြီးနှစ်ယောက်ကို ပုံအပ်ပြီးဒီအလံအောက်မှာ စုဝေးခဲ့ကြ ပါတယ်။ အဲဒီလိုပုံအပ်ခဲ့ကြတဲ့အတွက် မှားတယ်လို့ ကျွန်းပေါ်မှာ၊ ထောင်ထဲမှာ၊ ထောင်ပြင်မှာ ဘယ်သူကမှ မခံစားခဲ့၊ မယူဆခဲ့ကြပါဘူး။ သူတို့များမရှိခဲ့ရင် ဆိုတဲ့အတွေးမျိုးသာပေါ်တာတွေ့ရပါတယ်။

ကိုကိုးကျွန်းပေါ်မှာ သူတို့နှစ်ဦးရဲ့ဂုဏ်သိက္ခာကိုတခြားဘယ်သူမှ မယှဉ်နိုင်ဘူးလို့ပြောရင် မလွန်ဘူးထင် ပါတယ်။ ဒါကိုတခြားအဖွဲ့အစည်းတွေကလဲ အသိအမှတ်ပြုကြတဲ့သဘောရှိပါတယ်။ သခင်ဘ၀ကတည်းက နိုင်ငံရေးလုပ်လာတဲ့၊ ဂျပန်တော်လှန်ရေးမှာနာမည်ကျော်ခဲ့တဲ့၊ လက်နက်ကိုင်တော်လှန်ရေးလုပ်လာတဲ့၊ နှစ်ကျွန်းပြန်(နောက်တော့သုံးကျွန်းပြန်) ဦးလေးဗိုလ်အုန်းမောင်လိုလူကို နိုင်ငံရေးဝါမှာ ယှဉ်နိုင်သူမရှိပါဘူး။ ဒါပေမဲ့အဖွဲ့အစည်းတခုနဲ့ တခုမှာအားလုံး တန်းတူ၊ အပြန်အလှန်လေးစားစွာ ဆက်ဆံကြပါတယ်။ တခြားအဖွဲ့ အစည်းကခေါင်းဆောင်တွေ၊ တသီးပုဂ္ဂလတွေကလည်း ကိစ္စရှိရင်သူတို့ဆီကိုလာပြီး လေးလေးစားစား တိုင်ပင်ကြပါတယ်။

တရုတ်ပြည်ယဉ်ကျေးမှုတော်လှန်ရေးနဲ့တဆက်တည်း ပဲခူးရိုးမမှာလည်း“ယဉ်ကျေးမှုတော်လှန်ရေး” ဖြစ်တော့ ကိုကိုးကျွန်းကဗကပအနွှယ်တွေထဲကိုလည်း ဂယက်တွေရိုက်ခဲ့ပါတယ်။ အဲဒီလိုအခါမျိုးမှာ ဦးလေး ဗိုလ်အုန်းမောင်နဲ့ ဆရာရာဂျန်တို့သာတည်တည်ငြိမ်ငြိမ် မခေါင်းဆောင်နိုင်ခဲ့ရင် ကိုကိုးကျွန်းသမိုင်းဟာ တမျိုး ပြောင်းသွားနိုင်တယ်ထင်ပါတယ်။ သူတို့ဆီကို ရဲဘော်တွေက အယူအဆအမျိုးမျိုးတွေသွားပြီးတင်ပြနေကြ တာပါ။ အရမ်းတက်ကြွနေကြတော့ အပြောအဆိုအသုံးအနှုန်းပြင်းထန်တာတွေလည်းပါပါတယ်။ တိုက်ပွဲတခု ဖော်တယ်ဆိုရင် ရဲဘော်တွေက ‘ကျနော့်လည်းတိုက်ပွဲထဲပါခွင့်ပေးပါ’ ဆိုပြီး သွားနားပူနားဆာလုပ်တာ မျိုးလည်း အမြဲလိုလိုရှိတတ်ပါတယ်။ အဲဒါမျိုးတွေကို ခေါင်းအေးအေး၊ စိတ်ရှည်ရှည်နဲ့ကာလရှည်ကြာစွာ ပြန် ဆွေးနွေးရတယ်ဆိုတာ အဲဒီတုန်းကကျနော့်အရည်အချင်းမျိုးနဲ့တော့ မဖြစ်နိုင်တာအမှန်ပါပဲ။

နောက်အရေးကြီးတဲ့ ထောက်ပြစရာအချက်တခုက ကိုကိုးကျွန်းအကျဉ်းစခန်းမှာ ကျနော်တို့ကျွန်းဖျက် သိမ်းရေးအစာငတ်ခံတဲ့ ပုံစံဖြစ်ပါတယ်။ ကိုကိုးကျွန်းအကျဉ်းစခန်းရဲ့ထူးခြားချက်အရလို့ ပြောနိုင်ပါတယ်။ အဲဒါက တိုက်ပွဲတိုက်တယ်ဆိုရင် အစာငတ်ခံသူတွေဟာ ထောင်အာဏာပိုင်တွေကိုအစာငတ်ခံပြတာပဲလုပ် ပါတယ်။ သူတို့ကိုယ်တိုင်အာဏာပိုင်တွေနဲ့ စကားပြောတာဖြေရှင်းတာ လုံးဝမလုပ်တော့ပဲ ပြင်ပမှာရှိတဲ့ တိုက် ပွဲဆောင်ပြင်ပမှာရှိတဲ့ ခေါင်းဆောင်ရဲဘော်တွေလက်ထဲ ဆုံးဖြတ်ခွင့်တွေ၊ နောက်ပြီးကိုယ့်အသက်တွေကို လုံးဝအပ်နှံထားလိုက်တာဖြစ်ပါတယ်။ အဲဒီတုန်းကတိုက်ပွဲဝင်ရဲဘော်များအနေနဲ့ ဦးလေးဗိုလ်အုန်းမောင်နဲ့ ဆရာရာဂျန်တို့လက်ထဲကို ဒီလိုအခွင့်အာဏာတွေနဲ့ ကိုယ့်အသက်တွေအပ်နှင်းခဲ့တာကိုထောက်ရင် ဒါဟာ သူတို့အပေါ် နည်းနည်းနောနော ယုံကြည်မှုမဟုတ်ပါဘူး။

ကျနော့်တဦးချင်းအနေနဲ့ကတော့ အဲဒီတုန်းက၊ အဲဒီလိုသူတို့နှစ်ဦးရဲ့ ခေါင်းဆောင်မှုခံယူခဲ့ရတဲ့အတွက် အသိပညာတွေ၊ သတ္တိတွေတိုးတဲ့အပြင် လမ်းမှန်ပေါ်လည်းလျှောက်နိုင်ခဲ့တာမို့ သူတို့ကိုကျေးဇူးတင်ရုံမက သူတို့နောက်ကလျှောက်ခဲ့ရတဲ့အတွက် ဂုဏ်လည်းယူနေမိတာအမှန်ပါပဲ။

ရဲဘော်ဖိုးသံချောင်း
{အရေးတော်ပုံဂျာနယ်၊ အတွဲ၁၊ အမှတ် ၃၊ ဖေဖော်ဝါရီလ၊ ၂၀၁၁ မှ ကူးယူဖော်ပြတာ ဖြစ်ပါတယ်။}

Saturday, December 10, 2011

အဝေးကပေးစာတစောင်
ယာတောကသာဗျော



တတိယမြို့တော်ရဲ့ခံစားချက်တချို့

ကိုဟိုဒင်းရေ-

စာမရေးမိတာ ကြာပြီဗျနော်။ တောင်းပန်ပါတယ်ဗျာ၊ ဗမာပြည်အရေးတွေက အပြောင်းအလဲ အလှည့် အစားတွေ များလွန်းတော့ အမှီလိုက်အောင် ဖတ်ရှုနားထောင် နေရလို့ပါ။


တနေ့က ၀တ္ထုတိုပေါင်းချုပ် တအုပ်ကို ဖတ်ရာမှာ “တတိယမြို့တော်သားရဲ့အလွမ်း” ဆိုတဲ့ ၀တ္ထုလေးကို တွေ့လိုက်ရတယ်။ ကျနော်ဖြင့် ခေါင်းစဉ်မြင်လိုက်တာနဲ့ ရင်ထဲမှာ နင့်ကနဲ ဖြစ်သွားတယ်။ အော် ရတနာပုံ မန္တလေး နေပြည်တော်ကြီးဟာ နံပတ်သုံးနေရာ ရောက်သွား ရပါပြီလားလို့။

ကိုယ့်ထီးကိုယ့်နန်း ဆောင်ကြငှန်းနဲ့ နေစဉ်တုန်းကတော့ မင်းနေပြည် နံပတ်ဝမ်းပေါ့ဗျာ။ နောက် အင်္ဂလိပ် ကိုလိုနီဘ၀ ရောက်တော့ နံပတ်နှစ် နေရာရောက်။ အဲဒီကတဆင့် စစ်အုပ်စု ကိုလိုနီ ဘ၀ရောက်တော့ နံပတ်သုံးနေရာ ရောက်သွားရပါ လေရော။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာကြီးအရ နောက်တခါ အာဏာသိမ်းလိုက်ရင် ဗရုသုက္ခနဲ့ စတုတ္ထဖြစ် သွားမလားမသိဘူး။ သင်္ခါရတရားဆိုတာနဲ့ပဲ ဖြေသိမ့်ရတော့မှာလားဗျာ။

ဒီလိုဖြင့် မော်လမြိုင်က လက်ရှိ စတုတ္ထပေါ့နော်။ ကျနော်တို့ အရင်က အစဉ်အလာ ပြောနေကျ နံပတ်စဉ်အတိုင်း ပြောမိတာပါ။ ဒါပေမဲ့ တကယ်က ဒီနိုင်ငံမှာ ပထမကလွဲရင် ဒုတိယ၊ တတိယ၊ စတုတ္ထ ဘယ်တခုမှ လျှပ်စစ်မီး မှန်မှန်မရပါဘူး။ လျှပ်စစ်မီးလို့ဆိုလိုက်တိုင်း ကျနော်ဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်လောက်တုန်းက နန်းတော်ရှေ့ဆရာတင်ရေးခဲ့တဲ့ ကျေးရွာဝါဒ သီချင်းကိုပဲ အခါခါ ဟစ်နေမိတယ်။ ဘာတဲ့- “ခုများဖြင့် မြို့ကြီးလို ဓာတ်မီးရောင်ထိန်၊ ကုသိုလ်ဖြစ်ဆေးရုံ၊ ပွဲနဲ့လမ်းနဲ့ သာသာယာယာ။” ဆရာတင်ရေးတာက မုဆိုးဖို ရွာကလေးတဲ့။ ရွှေဘိုနယ်ထဲကဖြစ်မှာပေါ့။ အခုနေသာ တယေက်ယောက်ကနေ လွန်ခဲ့တဲ့ ရာစုနှစ် အလယ်ပိုင်း မတိုင်မီလောက်တုန်းက ကျေးရွာတွေမှာ အဲဒီလိုပဲတဲ့လို့ ပြောရင်တော့ “ဟေ့လူ လာရွှီးမနေနဲ့၊ ဒဏ္ဍာရီပုံပြင်တွေလာမပြောနဲ့” လို့ အဟောက်ခံရမှာ သေချာတယ်။

နောက် စဉ်းစားမိတာတခု ပြောရဦးမယ်။ မန္တလေးနန်းတော်- “ခြူသံနဲ့ဘုံပျံ၊ နတ်ဝိသုကံဖန်သလိုပင်၊ အံ့ဘွယ်ဘနန်း ရွှေတောင်နန်းသစ်လွင်” လို့ ဆရာမြို့မငြိမ်း ရေးခဲ့တဲ့ မန္တလေးနန်းတော်နဲ့ နန်းတွင်းဟာ ရေမြေ့အရှင်ဘုရင်မင်းမြတ်နေတဲ့ နေရာဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ကျွန်ဘ၀ ရောက်တဲ့အခါကျတော့ ဘုရင်မရှိတော့ပေမဲ့ ဒီနေရာတခုလုံးကို အင်္ဂလိပ်နယ်ချဲ့သမားက ဗမာတွေဟာ နန်းမြို့ဟောင်းတွေကနေ ပုန်ကန် ထောင်ထားတတ်တယ်ဆိုတဲ့ အလေ့ကို ကြောက်လို့လားမသိဘူး နန်းမြို့ထဲမှာ စစ်တပ်တွေထားပြီး တခါတည်း အသေချုပ်ထားခဲ့တယ်။ ဂျပန်ကလည်း ဒီလိုပဲ လုပ်ခဲ့တယ်။ ဗမာနိုင်ငံသားတွေ မှာကတော့ အသဲကို အပ်နဲ့ဆွ ခံရသလို နာကျည်းလိုက်တဲ့ဖြစ်ခြင်း၊ သူတို့က အုပ်စိုးသူတွေကိုး။ အဲဒီနောက် လွတ်လပ်ရေးရတဲ့ နောက်မှာလည်း ဒီ နန်းတွင်းဆိုတာ ပြည်သူလူထုရဲ့ နေရာဖြစ်မလာပဲ ပြည်သူ လူထုကိုဖိနှိပ်တဲ့ စစ်တပ်ရဲ့ ဌာနချုပ် တည်ရာပဲဖြစ်ခဲ့တယ်။ အဲဒီ နန်းတွင်းထဲမှာပဲ ဗိုလ်အာဠာဝကလို ဂျပန်တော်လှန်ရေးမှာ မန္တလေးမြို့က ချစ်ကြတဲ့ အာဇာနည်ကိုသတ်ဖို့ စစ်တပ်က ကြိတ်ကြံဆုံးဖြတ်တာ၊ မန္တလေး မဟာမြတ်မုနိဘုရားထဲမှာ မနက် အာရုံတက် ဘုရားဝတ်ပြု နေကြတဲ့ ရဟန်းတွေကို ဓားနဲ့ ခုတ်သတ်ဖို့စီစဉ်တာ၊ ရှစ်လေးလုံး အရေးအခင်း ဖြိုခွဲရေးအတွက် တိုင်ပင်ဆွေးနွေးတာတွေ လုပ်ခဲ့ကြတယ်။ တချိန်တုန်းက စကြာဝဠာရဲ့ဗဟို၊ မြင့်မိုရ် မေယုကို ကိုယ်စားပြုပါတယ်ဆိုတဲ့ ရွှေနန်းတော်တည်ရှိခဲ့တဲ့ ဒီ နန်းတွင်းဆိုတဲ့ နေရာဟာ ၂၀-၂၁ ရာစုနှစ်ရဲ့ လူထုအပေါ်ဖိနှိပ်တဲ့ ပဒေသရာဇ် အဆောက်အအုံကြီးတခု ဖြစ်မြဲ ဖြစ်နေတုန်း ပါပဲလားဗျာ။

တကယ်က ဒီတတိယမြို့တော်ကြီးမှာ မူရင်း မြို့တော်သားတွေ ကိုယ်တိုင်လည်း တတိယတန်းစား လူသားတွေဖြစ်ကုန် ကြပြီ မဟုတ်လား။ မြို့မတူရိယာအသင်း၊ မြို့မရုပ်ရှင်ရုံ၊ မြို့မ ဘောသင်းစသဖြင့် မြို့မ ဆိုတဲ့ စကားလုံးကိုတောင် အင်မတန် ဂုဏ်ယူတဲ့ မန္တလေးသားအစစ်တွေ အခုအခါမှာ ဆင်ခြေဖုံးသားဖြစ်၊ မြို့သစ်သားဖြစ်ဆိုတော့ ငယ်ငယ်တုန်းက တိုင်ဦးတမ်း ကစားကြရင် အော်လေ့ရှိတဲ့ “ဧည့်သည် လာရင်-အိမ်သူဖယ်ပေး” ဆိုတာ ကိုပြန်စဉ်းစားရင်း နာကျည်းမိတာလည်း ခဏခဏပဲ မိတ်ဆွေကြီးရေ။

မှန်ပါတယ်။ ဒီနေ့ မန္တလေးမှာ မင်းတုန်းမင်း မမျှော်မှန်းဖူးတဲ့ တိုက်အမြင့်ကြီးတွေ၊ အကောင်းစား ကားကြီးတွေ ရှိနေပါပြီ။ ဒါပေမဲ့ အလားတူပဲ ဒီမြို့ကြီးမှာ မင်းတုန်းမင်း မမျှော်မှန်းဖူးတဲ့ မြို့လယ်ခေါင် ရေကြီးတာ၊ အနှိပ်ခန်းတွေ ပေါများတာ၊ ပ၀တ္ထိသားတွေ မိုးလုံးပြည့်ဖြစ်နေတာ စတဲ့ အချင်းအရာတွေကလည်းအများကြီးပဲ။ ဒီမကောင်းတဲ့ ဘက်တွေမှာကျတော့ နံပတ်သုံး မြို့တော်ဟာ နံပတ်တစ် မြို့တော်ထက် သာနေပြန်ရောဗျား။

အရင်ကတော့ မန္တလေးက တချို့လူတွေဟာ သူတို့ဆီက ထူးချွန်တဲ့လူတွေ၊ ကိစ္စတွေပေါ်တိုင်း ရန်ကုန်ကို ပြိုင်ကြတယ်။ ပြောင် မဟုတ်တောင် စိတ်ထဲက ကြိတ်ပြိုင်ကြတယ်။ ဒါဟာ မူလ မင်းနေပြည်ကနေ ဒုတိယအဆင့်လျှော်သွားရတာကြောင့် ပေါ်လာတဲ့ စဉ်းစားနည်းမျိုးလား မသိပါဘူးဗျာ။ ထားတော့။ အားကစားမှာဆိုရင် ကြက်တောင်၊ လက်ဝှေ့၊ ခြင်းလုံးတို့မှာ တို့မန္တလေးက သာသကွဆိုတဲ့ စိတ်မျိုးရှိတယ်။ မန္တလေးရုပ်ရှင်ရဲ့ ပထမဆုံး ရုပ်ရှင်ကားဖြစ်တဲ့ ဘ၀သံသရာ ဇာတ်ကားကို ရုံတင်တော့ “ကျနော်က ရန်ကုန်က ဘ၀သံသရာ ပိုစတာကြီးတွေချိတ်ပြီး လူတွေ ကြိတ်ကြိတ်တိုးနေတဲ့ ရုပ်ရှင်ရုံတွေရှေ့မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်နေ လိုက်တာပေါ့ဗျ” လို့ ဦးလေး ကျားဘငြိမ်းက ရယ်ရွှန်းပတ်ရွှန်း ပြောတာမျိုးဟာ ဒီ စဉ်းစားနည်းမျိုးပေါ့ဗျာ (ကိုယ့်ဘက်က မသာတာတွေတော့ ပြောလေ့ မရှိကြဘူး၊ ဟဲ-ဟဲ)၊ ဒါဖြင့် အခုအခါမှာ မန္တလေးသားတွေ ရန်ကုန်သားတွေက ကြပ်ပြေး နေပြည်တော်နဲ့ ပြိုင်တာတွေ မရှိဘူးလားလို့ မေးချင်တယ်မဟုတ်လား။ ဝေးပါသေးဗျာ။ ရန်ကုန်သားပဲဖြစ်ဖြစ်၊ မန္တလေးသားပဲဖြစ်ဖြစ် စစ်အုပ်စု နေပြည်တော်ကို စာရင်းထဲ မသွင်းကြပါဘူး။ ဘာ သမိုင်းအစဉ်အလာမှ မရှိ၊ အရှင် မွေးနေ့ချင်းကြီးတဲ့ မြို့မျိုးကို ဘယ်ဗမာနိုင်ငံသားကမှ တန်ဘိုးမထားပါဘူး။ အဲဒီလို နေရာမျိုးနဲ့ နှိုင်းယှဉ်ခံရတာကိုပဲ သနတယ် ထင်ကြပါတယ်။

ဘယ်သူတွေ ဘာပဲပြောပြော ဗမာပြည်သားတွေရဲ့ နှလုံးသားထဲမှာတော့ ရန်ကုန်မြို့ကြီးက ဗမာပြည်ရဲ့ ပထမမြို့၊ မန္တလေးက ဒုတိယမြို့ ဖြစ်မြဲ ဖြစ်နေပါတယ်။ ဘယ်သူမှ နေပြည်တော်ကို သွားမလည်ချင်ကြပါဘူး။ မတတ်သာမှ သာသွားကြတာပါ။ အလည်ခရီး၊ အပျော်ခရီးတော့ ဘယ်သူမှ မသွားချင်ပါဘူး။ ဒင်းတို့တတွေ ရွှေထီးရွှေနန်းနဲ့ ကောင်းစားနေကြတာကို “အမျှ” ဆိုတဲ့ အသံကြားလိုက်တာနဲ့ အလိုလို သာဓုခေါ်မိတတ်တဲ့ သာမာန် ဗမာပြည်သားများက မုဒိတာ မပွားနိုင်ပါဘူး။ မှောင်မိုက်တဲ့ညများ၊ မိုးထိဘန်း အမှိုက်ပုံနဲ့ ခေတ်နောက်ပြန် ဆုတ်သွားတဲ့ အပေါ်ထပ် အဆောက်အအုံတွေကို တွေ့ရတိုင်း အဲဒီ စစ်တပ်မြို့တော်အတွက် မိမိတို့ရဲ့ အလှတွေ၊ သာယာမှုတွေ၊ ဂုဏ်အစဉ်အလာတွေ စတေးလိုက်ရတာကိုပဲ သတိရနေကြမှာပါ။


ယာတောကသာဗြော

Friday, September 30, 2011

ရွှေကိုင်းသားဆရာတော်အနှစ်၁၀၀ပြည့်
ရေးသူ- ဖိုးသံ(လူထု)





{ကောင်းကင် အင်တာနက်စာမျက်နှာက ဒီဆောင်းပါးကို ကြိုက်လွန်းလို့ မာယာမှာ တင်ခွင့်ပြုပါရန် သက်ဆိုင်သူများထံခွင့်ပြုချက် တောင်းပြီး၊ မာယာက ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။ ကျေးဇူးအထူးတင် ပါတယ်၊ ကောင်းကင် နဲ့ ဖိုးသံ(လူထု) ရေ။}

ကျနော် တွေ့ကြုံဖူးသော သံဃာတော်များထဲမှာ သံဃာနဲ့ အတူဆုံး ဘုန်းကြီးတပါးကို ပြောပါလို့ဆိုရင် ကျနော် ပထမဆုံး မဆိုင်းမတွ ပြောလိုက်မိမှာဟာ ဆရာတော်ဦးသောဘိတ ခေါ် ရွှေကိုင်းသားဆရာတော် ပဲဖြစ်ပါတယ်။ ဓမ္မတာပဲ ကျနော့်ဘ၀မှာ သံဃာတော် အများကြီးနဲ့ ထိတွေ့ခဲ့ရပါတယ်။ ကြည်ညိုစရာ သံဃာတွေ အများကြီးကို တွေ့ခဲ့ပါတယ်။ စံကင်း ဆရာတော်ကြီး၊ ဆရာတော်ဦးဇနကဘိဝံသ စသဖြင့် လေးစားကြည်ညိုဖွယ်ရာ ဆရာတော်ကြီးများကို လူကိုယ်တိုင် ဖူးမြော် ကန်တော့ဖူးပေမဲ့ နီးနီးကပ်ကပ် မနေရတော့ သူတို့အကြောင်း ထူးထူးခြားခြား ပြောစရာ မရှိသလိုလို ဖြစ်နေပါတယ်။


ဒါပေမဲ့ ဆရာတော်ဦးသောဘိတ ကတော့ ကျနော်တို့ မိဘများနဲ့ ကျနော် မမွေးခင်၊ သူ လူဝတ်ဘ၀ ကတည်းက သိကျွမ်းခဲ့ပြီး- အသွားအလာ မပြတ်ရှိနေတဲ့ ဘုန်းကြီးမို့ သူ့အကြောင်းကို နှိုင်းစာခြင်းအားဖြင့် အများကြီး သိတယ်လို့ ဆိုနိုင်ပါတယ်။ လူထုသတင်းစာတိုက် ကာလတုန်းကလည်း လူထုတိုက် ကထိန်ဆိုရင် စစ်ကိုင်းတောင်ပေါ်မှာရှိတဲ့ ဆရာတော် သီတင်းသုံးရာ အနုရုဒ္ဓာချောင် ယွန်းကျောင်းနဲ့ ကျနော်နာမည် မေ့နေပြီဖြစ်တဲ့ ၀ါးချက်က ချောင်တို့ကို သွားပြီး ခင်းပါတယ်။ တကယ်က ဆရာတော် သံဃာ့ဘောင်မ၀င်မီ လူဝတ်ဘ၀ ကတည်းက ကြီးပွားရေးမဂ္ဂဇင်းထုတ်နေတဲ့ ကျနော့်အဖေနဲ့ ရင်းနှီးပါတယ်။ ဆရာတော်က သူ့အသက် ၂၂နှစ်၊ ၁၉၄၄ခုနှစ် ကျမှ ဘုန်းကြီးဝတ်တာပါ။ ဒါကြောင့် သူလူဝတ်နဲ့ ရှိစဉ်တုန်းက ကျနော့်အဖေတို့နဲ့ အတူ မင်းကွန်းမှာ တွဲပြီးရိုက်ထားတဲ့ ဓာတ်ပုံကို ကျနော်တို့အိမ်မှာ တွေ့ဖူးပါတယ်။ အဲဒီတုန်းက သူဟာ မန္တလေးမြို့ ကမ္ဗည်းကျောက်စာရုံး (နောင်မှာ ရှေးဟောင်းသုတေသန ဌာနမှာ) အလုပ်လုပ်နေပါတယ်။

ဆရာတော်ဟာ အင်မတန် အိန္ဒြကြီးပြီး စကားကျယ်ကျယ်လောင်လောင် ပြောတာလို့ တခါမှ မတွေ့ဖူး၊ မကြားဖူးပါ။ ရယ်တာတောင်မှ တကယ့်ကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ရယ်တာပါ။ ဆရာတော် စိတ်ဆိုး ဒေါသဖြစ်တယ် ဆိုတာလည်း တခါမှ မတွေ့ခဲ့ဖူးပါဘူး။ သူဟာ ဘယ်သူ့အကြောင်းကိုမှ ပြင်းပြင်းထန်ထန်၊ ကြမ်းကြမ်းတမ်းတမ်းလည်း မပြောတတ်တဲ့ သူတော်စင်ပါ။ စကားပြော ငြင်သာလိုက်တာကလည်း မပြောနဲ့၊ အိမ်က ဧည့်ခန်းထဲမှာသူနဲ့ ကျနော့်အဖေနဲ့ ဘေးချင်းကပ်ထိုင်ပြီး ပြောနေတာတွေကို အဖေ့ဘေးမှာထိုင်နေတဲ့ ကျနော်က လုံးစေ့ပတ်စေ့ မကြားရပါဘူး။ မသိတဲ့ လူကဆိုရင် လျှို့ဝှက်ချက် ဆွေးနွေးနေသလားလို့တောင် အောက်မေ့ရမှာပါ။

နောက် ဆရာတော်သီတင်းသုံးတဲ့ ကျောင်းဟာ ဘယ်တော့မဆို အင်မတန် လူသူဝေးပြီး ချောင်ကျ၊ လူပြတ်တဲ့ ကျောင်းတွေချည့် ဖြစ်ပါတယ်။ သူက သူ့ကျောင်းမှာ လူတရုန်းရုန်း စည်ကားနေတာကို မနှစ်သက်ပါဘူး။ ဘယ်လောက်အထိ ချောင်ကျသလဲဆိုရင် တခါမှာ မန္တလေးထုံးစံ တန်ဆောင်မုန်းလပြည့်နေ့ စစ်ကိုင်းဘက်ကို ကထိန်ခင်းသွားကြတော့ သူနဲ့ အတူနေတဲ့ သူတူ ကိုရင် စစ်ကိုင်းလှမြင့် (နောင်ကျတော့ လူထွက်ပြီး လူထုသတင်းထောက် လုပ်တယ်)က မနေ့ညက အဲဒီမြင်နေရတဲ့ မျက်နှာချင်းဆိုင်က သစ်ပင်ပေါ်မှာ ကျားသစ်နှစ်ကောင် ကိုက်နေလိုက်တာ တ၀ုန်းဝုန်းပဲလို့ ပြောပြပါတယ်။ လှမ်းကြည့် လိုက်တော့ အဲဒီသစ်ပင်ဟာ ကိုက်၅၀ လောက်ဝေးတာပါ။ ကြားမှာ ချောက်ကြီးခြားနေလို့သာပေါ့။

ဆရာတော်ရဲ့ နောက်ထူးခြားချက်တခုက အားနာတတ်တာပါ။ သူ ကျနော်တို့အိမ်ကို ကြွမြဲအတိုင်းကြွ လာတယ်ဆိုရင် ကျနော့် အဖေရယ် အမေရယ်က ၀တ်ကြီးဝတ်ငယ်ပြုပြီး စကားပြော ကြပါတယ်။ ဆွမ်းချိန်တန် ဆွမ်းကပ်၊ ဘိလပ်ရည် ချိန်တန် ဘိလပ်ရည်ကပ်ပြီး မဆုံးနိုင်မပြီးနိုင် စကားတွေပြောကြတာပါ။ အဖေတို့ အမေတို့ ထမင်းစားချိန်ရောက်ရင်လည်း ဆရာတော်ကို ဖတ်စရာတခုခု ပေးခဲ့ပြီး ထမင်းစားပြီး နောက်စကား ဆက်ရအောင် စောင့်စေတာပါပဲ။ မန္တလေးမှာ ကျနော်တို့ အိမ်နဲ့ ကိုက်၁၅၀ လောက်ဝေးတဲ့ နေရာမှာ ဆရာတော်ရဲ့ ညီအရင်း လူထုသတင်းစာ သတင်းထောက်ဟောင်း ဦးဘကွန်း ရှိပါတယ်။ ဆရာတော်ဟာ ဦးဘကွန်းအိမ်မှာ အချိန်ပေးတာထက် အဆပေါင်းများစွာပိုပြီး လူထုတိုက်မှာ ထိုင်လေ့ရှိပါတယ်။ ဆရာတော်ဟာ စစ်ကိုင်းက လာတာလို့ ဆိုပေမဲ့ သူ့ခမျာ သူနေတဲ့ ချောင်ကနေ ကားဆိပ်အထိ တစ်နာရီ ကျော်လောက် အတက်အဆင်း လမ်းလျှောက်ပြီးမှ လာရတာဖြစ်ပါတယ်။ ဆွမ်းကို မနက်အစောကြီး ဘုဉ်းပေးပြီး ထွက်ခဲ့တာဖြစ်ပါတယ်။ တခါမှာတော့ တနေ့မှာ အဖေတို့အမေတို့နဲ့ စကားကောင်းနေလိုက်တာ အမေတို့ဟာ သူ့ကို ဆွမ်းကပ်ဖို့ မေ့သွားပြီး မွန်းလွဲ သွားပါလေရော။ ဒါကို ဆရာတော်က ဆွမ်းကပ်ချိန်ရောက်ပြီ ဖြစ်ကြောင်း တခွန်းမဟ၊ တစွန်းတစလေးမှ မပြောပါဘူး။ နောင်မှာ အမေက ဆရာတော် အကြောင်းပြောတိုင်း ဒီကိစ္စကို နောင်တကြီးစွာနဲ့ တဖြစ်တောက်တောက် ပြောလေ့ရှိပါတယ်။

နောက် အမေပြောလေ့ရှိတာ တခုက ဆရာတော်ကို လူထွက်ပြီး သူလုပ်တဲ့ အလုပ်တွေ လုပ်စေချင်တယ် ဆိုတဲ့ အကြောင်းပါ။ ဒီအကြောင်းကို ပြောရင် အမေက “ငါ့စိတ်ထဲမှာ ဦးဇင်း (ဆရာတော်ဦးသောဘိတကို အမေတို့ ခေါ်လေ့ရှိတဲ့ အသုံးအနှုန်း) ကို လူထွက်စေချင် ကို- - ကိုတော့ သင်္ကန်းပြန်ဝတ်စေချင်တယ်” လို့ပြောလေ့ရှိပါတယ်။ ကို- - ဆိုတာက ပါဠိ-သက္ကတ ဘာသာဆိုင်ရာတွေကို ရေးနေတဲ့ ပညာရှိတယောက်ပါ။ ဆရာတော်ဦးသောဘိတရဲ့ ရှေးဟောင်းသုတေသန အလုပ်က အချိန်မမှန်၊ အစားမမှန်ရတဲ့အထဲ သူကလည်း သဲသဲမဲမဲ ပြင်းပြင်းထန်ထန် လုပ်လေ့ရှိတာဆိုတော့ နဂိုကမှ ပါးလှပ်လှပ် သူ့ခန္ဓာကိုယ်လေးဟာ ဒီဒဏ်တွေကို ခံစားရရှာပါတယ်။ ဒါပေမဲ့ သူ့လုပ်ရပ်တွေဟာ တိုင်းပြည်နဲ့ လူသားတွေအတွက် အကျိုးရှိလှတာမို့ အမေတို့ကို သူ့ကိုဒါတွေ ဆက်မလုပ်ပဲ ကျန်းမာရေး ဂရုစိုက်စေတာထက် ကျန်းမာရေးမထိခိုက်ပဲ ဒီလုပ်ငန်းတွေကို ဆက်လုပ်နိုင်အောင် လူထွက်စေချင်တာပါ။ ဒါပေမဲ့ သူ့ကို လူထွက်ပါလို့တော့ ဘယ်လျှောက်လို့ကောင်း ပါ့မလဲ။

မြန်မာနိုင်ငံ မြန်မာမှုအတွက် ဆရာတော် အကျိုးပြုသွားတာတွေက များလှပါတယ်။ ကျနော် အကုန်မသိပါဘူး။ ဆရာတော်ဟာ အင်္ဂလိပ် လက်ထက်ကတည်းက ကျောက်စာလုပ်ငန်း၊ ရှေးဟောင်းသုတေသနလုပ်ငန်း လုပ်လာလိုက်တာ သူ သင်္ကန်းဆည်းလို့ အစိုးရလုပ်ငန်းက ထွက်တဲ့နောက်မှာတောင်မှ ကိုယ့်ဆွမ်းကိုယ် ဘုဉ်းပေးပြီး ထက်ထက်သန်သန် အားတက်သရော လုပ်ခဲ့တာဖြစ်ပါတယ်။ သူ့ပြောစကားတွေကို မကြာမကြာ ကြားဖူးသူတယောက် အနေနဲ့ဆိုရင် သူဟာ အမျိုးသားရေး တာဝန်တရပ်လို သဘောထား လုပ်နေမှန်းသိသာပါ။ သူ့ရဲ့ လူသိများတဲ့ ကျမ်းတွေ၊ စာအုပ်တွေဟာ သူအဲဒီလို ရဟန်းဘ၀ ရောက်ပြီးမှ ရေးတဲ့စာတွေ ဖြစ်ပါတယ်။

သူရေးတဲ့စာအုပ် ဖြစ်လာတာတွေထဲမှာ မန္တလေး(၁၉၄၆ခုနှစ်၊ ကြီးပွားရေးစာအုပ်တိုက်က ထုတ်တဲ့ ခပ်ပါးပါးစာအုပ်)၊ ဆင်ယင်ထုံးဖွဲ့မှု၊နဲ့ အနှစ်(၁၀၀)ပြည့် မန္တလေးတို့ဟာ နာမည်အကြီးဆုံးလို့ ဆိုရမလားပါပဲ။ တခြားလည်း ၀က်မစွပ်မြို့စား ဒုတိယန၀ဒေး၊ ပုညရှင်ဘုရားသမိုင်း၊ ပတ္တမြားစေတီဘုရားသမိုင်း၊ ရတနာစေတီ ဆင်များရှင်ဘုရားသမိုင်း၊ အနှစ် ၆၀၀ ပြည့်အင်းဝ စတာတွေဟာ နာမည်ကြီးပါတယ်။ အသက်၂၀ က စပြီး စာရေးခဲ့တဲ့ ဆရာတော်က ရွှေကိုင်းသားဆိုတဲ့ ကလောင် အမည်အပြင် ရတနာပုံ လှိုင်ခင်အေး၊ ရတနာပုံ ဖိုးမှတ်စု၊ မှတ်စုမောင်၊ မန္တလေးလှိုင်၊ စစ်ကိုင်းဘိုးရာဇာ၊ မန္တလေးသား၊ ဦး သောဘိတ စတဲ့ နာမည်တွေနဲ့လည်း ရေးပါတယ်။

ဆရာတော်က လူ့ဘောင်မှာ၂၂နှစ်လောက်သာ နေလိုက်ရပေမဲ့ ပန်းချီ၊ ကာတွန်း၊ ဓာတ်ပုံရိုက် ပညာတွေကိုလည်း ပညာသည်တယောက်လို တတ်ကျွမ်းပါတယ်။ သူရေးခဲ့တဲ့ ဆောင်းပါးတွေမှာ သာမန်သမိုင်းကိစ္စတွေ သာမဟုတ်ပဲ ဓာတ်ပုံ ဘာသာရပ်အကြောင်း၊ နက္ခတ်တာရာအကြောင်း တို့အပြင် ရာသီအလိုက် ပေါ်တဲ့ ငှက်တွေ အကြောင်းတောင် ပါပါတယ်။

၁၉၅၉ခုနှစ်မှာ ကျင်းပခဲ့တဲ့ မန္တလေး နှစ်တရာပြည့်ပွဲတော်ဟာ အဲဒီ အချိန်အထိ ဗမာပြည်သမိုင်းမှာ တခါမှ မရှိခဲ့ဖူးတဲ့ အထိမ်းအမှတ်ပွဲတော်ဖြစ်ပါတယ်။ ဗမာပြည်သမိုင်းရဲ့ တခြားသမိုင်းဝင် မြို့ကြီးတွေ ဖြစ်တဲ့ ပုဂံ၊ အင်းဝ၊ တောင်ငူစတာတွေဟာလည်း လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာ ကတည်းက တည်ရှိခဲ့တဲ့ မြို့ကြီးတွေဖြစ်ပါတယ်။ ဒါပေမဲ့ အင်္ဂလိပ် ကိုလိုနီဘ၀မှာ ဗမာ့သမိုင်းကို ဂုဏ်ရောင်တင်တဲ့ ရာပြည့်ပွဲတွေ မလုပ်နိုင်ခဲ့ပါဘူး။ မန္တလေး အနှစ်တရာပြည့်အထိမ်းအမှတ်မှသာ ကျင်းပနိုင်ပါတယ်။ မှတ်မှတ်ရရ ကျနော်တို့ အိမ်ကို ဆရာတော်ဦးသောဘိတ ကြွာလာတဲ့ တမနက်မှာ ဆရာတော်က အဖေနဲ့အမေကို မန္တလေးမြို့ကြီး တည်ထောင်တာ အနှစ်၁၀၀ တင်းတင်းပြည့်တော့မယ်၊ ဒီအတွက် ဂုဏ်ပြုကြသင့်တယ်လို့ ပြောပါတယ်။ အဲဒီတုန်းက ကျနော်လည်း မိဘများ အနားမှာ ရှိနေပါတယ်။ ဒီအခါမှာ အဖေရောအမေရော သိပ်ဝမ်းမြောက် အားတက်သွားပြီး ဂုဏ်ပြုရမှာပေါ့၊ ကျင်းပရမှာပေါ့ဆိုပြီး စတင်လှုပ်ရှားတာ ဖြစ်ပါတယ်။ တခြား ဘယ်သမိုင်းဆရာမှ သတိမပြုမိတာကို ဆရာတော်သတိပြု လှုံ့ဆော်လိုက်လို့ ပေါ်ပေါက်ခဲ့တဲ့ အထိမ်းအမှတ် ပွဲတော်ကြီး ဖြစ်ပါတယ်။

ဆရာတော်ရဲ့ အရည်အချင်းတွေထဲက တခုဟာ စုဆောင်းတာ အင်မတန်ဝါသနာပါတာ ဖြစ်ပါတယ်။ သူ့မှာက ငွေကြေးတပြားတချပ်မှ ရှိတာမဟုတ်တော့ စုဆောင်းထားတာဟာ များလှတယ်၊ စုံလှတယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ အဖို့ကတော့ သူ့ကျောင်းကို ရောက်သွားတယ်ဆိုရင် ကြည့်မ၀ အားမရနိုင်တဲ့ နာရီဟောင်းတွေ၊ ငွေအကြွေစေ့ မျိုးစုံနဲ့ အဲဒီတုန်းက (ကျနော့်အထင်) ဗမာပြည်မှာ အစုံလင်ဆုံးရှိတဲ့ ဗမာပြည် တံဆိပ်ခေါင်းတွေ ဖြစ်ပါတယ်။ ဆရာတော်ဟာ သူကိုယ်တိုင် ရှေးဟောင်း သုတေသနလုပ်ငန်းကို လုပ်နေပေမဲ့ သမိုင်းဆိုင်ရာ ရှေးဟောင်းပစ္စည်းတွေကို စုတာတော့ မလုပ်ပါဘူး။ သမိုင်းဌာနကို ပို့တန်တာပို့၊ ပြတိုက်ကို ပို့တန်တာပို့ လုပ်ပါတယ်။

ဆရာတော်မှာ အင်္ဂလိပ်စာကို ဖြစ်ဖြစ်မြောက်မြောက် မသင်ခဲ့ရတဲ့ အားနည်းချက်ရှိပါတယ်။ ဒါကြောင့် ဆရာတော် မန္တလေးကိုကြွလာတိုင်း ကျနော့် မိဘများကိုမေးစရာ သူဖတ်ရှုလေ့လာရင်း ကြုံတွေ့ရတဲ့ အင်္ဂလိပ်စာလုံးလေးတွေ ယူလာတတ်ပါတယ်။ တခါတလေလည်း ကျနော်တို့ကို မေးတတ်ပါတယ်။ သူက အမြဲပညာလိုနေတဲ့ ပုဂ္ဂိုလ်ပါ။

ဝမ်းနည်းစရာ ကောင်းတာက ဒီလို အင်မတန် ကြည်ညိုဖွယ်ရာကောင်းတဲ့ ရဟန်းတော်ခမျာလည်း လူသာမာန်တွေ နည်းတူ စနစ်ရဲ့ဒဏ်ကို ခံသွားရရှာပါတယ်။ ကျနော် သေချာသိတာ နှစ်ကြိမ်ပါ။ တခါက ကျနော့်ကို လိုက်ဖမ်းတဲ့အခါမှာ ကျနော်က အဖမ်းမခံပဲ ထွက်ပြေးတဲ့အတွက် စစ်အစိုးရ ထောက်လှမ်းရေးက ဒေါပွပြီး အကြီးအကျယ် တောနင်းရှာတော့ တောထဲ တောင်ထဲက ဝေးသီခေါင်လွန်းလှတဲ့ ဆရာတော်ဦးသောဘိတ ကျောင်းကိုလည်း သွားရှာဖွေ စစ်ဆေးတာဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ ဘယ်တုန်းကမှ၊ ဘယ်လိုမှ မပတ်သက်ဖူးခဲ့တဲ့ ဆရာတော်ခမျာ အတော်လေးလန့်သွားမှာပဲလို့ အောက်မေ့မိပါတယ်။ နောက်တခါကတော့ ကျနော်အိမ်က ထွက်လာပြီးတဲ့နောက်မှာပါ။ ဆရာတော့်ဆီမှာ တန်ဘိုးရှိတဲ့ ရှေးဟောင်ပစ္စည်းတွေ စုဆောင်း သိမ်းဆည်းထားတာတွေ ရှိတယ်ဆိုပြီး ဓားပြတိုက်ခံရတာပါ။ ယုတ်မာရိုင်းစိုင်းတဲ့ ဓားပြတွေဟာ ဆရာတော်ကို ပစ္စည်းတောင်းတော့ ရိုက်တာနှက် တာလည်း လုပ်တယ်လို့ ကြားရပါတယ်။

၁၉၁၂ခုနှစ်၊ ဇန်န၀ါရီလ၅ရက်၊ သောကြာနေ့တုန်းက စစ်ကိုင်းမြို့ တကောင်းရပ် မွေးခဲ့တဲ့ ဆရာတော်ဟာ ၁၉၈၇ခုနှစ်၊ ဇွန်လ ၂၉ရက်နေ့မှာ ပျံလွန်တော်မူပါတယ်။

မန္တလေး နှစ်တရာပြည့်၊ အင်းဝနှစ် ၆၀၀ပြည့်တို့ကို တပြည်လုံးကို အသိပေးနှိုးဆော်ခဲ့တဲ့ ဆရာတော်ဦးသောဘိတ မွေးဖွားခဲ့တာ လာမယ့်နှစ်မှာ အနှစ်တရာပြည့်ပါပြီ။ မင်းသမီးနဲ့ မော်ဒယ်တွေရဲ့ မွေးနေ့တိုင်းကို ဂုဏ်ပြုနေတဲ့ ဒီနေ့ မီဒီယာ (အများစု)တွေမှာ ဆရာတော့်မွေးနေ့ အနှစ်၁၀၀ပြည့်ကို ဘယ်လို ဂုဏ်ပြုမယ်လို့ရေးတာ မတွေ့ရသေးပါဘူး။

ဖိုးသံ(လူထု)

Monday, September 26, 2011

ကိုလေးမောင်နဲ့ကျနော်
ရေးသူ- ဖိုးသံ(လူထု)



{အရေးတော်ပုံဂျာနယ်၊ အတွဲ ၁၊ အမှတ် ၆။ ၂၀၁၁ ခုနှစ် စက်တင်ဘာလထုတ်က ကူးယူ ဖော်ပြပါတယ်။}

ကျနော့်ဘဝမှာ ပထမဆုံး ရှိုက်ကြီးတငင် ငိုမိတာဟာ ၁၉၇၁ခုနှစ်၊ မေလ ၃ဝရက်နေ့၊ ခန့်မှန်းခြေ အားဖြင့် ညနေ သုံးနာရီခွဲလောက်မှာ ဖြစ်ပါတယ်။

မှန်ပါတယ်။ အဲဒါဟာ ကိုကိုးကျွန်း ၅၃ရက် အစာငတ်ခံ တိုက်ပွဲရဲ့ နောက်ဆုံးနေ့ ဖြစ်ပါတယ်။


ဒီအချိန်မှာ ထောင်အာဏာပိုင်တွေနဲ့ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ (လေထီး) ဗိုလ်အုန်းမောင်၊ ဆရာ ရာဂျန်တို့အကြား ဆွေးနွေးတာတွေကို ကျနော်တို့ အကြားမှာ အချိန်မှန် ချပြနေတာမို့ တိုက်ပွဲဟာ ပြီးဆုံးကာနီးပြီ၊ ထောင်အာဏာပိုင်တွေဟာ အလျှော့ပေးရတော့မယ် ဆိုတာကို လူတိုင်းတွက်လို့ ရနေပါပြီ။ နောက်ပြီး ဒိအရင်နေ့တွေတုန်းက ကိုယ့်မျက်စိအောက်မှာပဲ ရဲဘော် ငါးယောက်လည်း ကျဆုံးသွားခဲ့ပါပြီ။ ဒါကြောင့် ကျနော်တို့ အားလုံးဟာ အောင်ပွဲအတွက် ဝမ်းမမြောက်နိုင်သေးပဲ အသက်အန္တရာယ် ရှိနေတဲ့ တိုက်ပွဲဝင် ရဲဘော်တွေအတွက် စိုးရိမ်ပူပန်မှုတွေကို ပုခုံးထက်ထမ်းပြီး အခြေအနေကို စောင့်ဆိုင်းနေကြ ရပါတယ်။ သေတွင်းနှခမ်းမှာ ရောက်နေပြီး ဖြစ်နေတဲ့ လူတွေကလည်း လဲလျောင်းနေတာ မနည်းပါဘူး။

ဒီလိုနဲ့ အဲဒီနေ့ မနက်၁ဝနာရီလောက်မှာ ရဲဘော်မောင်မောင်စိုး (ကျောက်ဆည်က မန္တလေး တက္ကသိုလ်ကျောင်းသား) ကျဆုံးပါတယ်။ ကိုယ်နဲ့အတူတူ တထောင်တည်း၊ တတိုက်တည်းက လာတဲ့ လူမို့လား၊ သေတာတွေ သိပ်များနေပြီဖြစ်လို့လားမသိဘူး၊ သူခြေရင်းမှာ ရပ်ရင်း ဘယ်က ဘယ်လိုကျလာမှန်း မသိတဲ့ မျက်ရည်တွေ ကျလာမိပါတယ်။ ခြောက်ယောက် ရှိသွားပါပြီ။ (နောင်မှာ ထောင်အမှုတမ်းတွေက ဒီလို တယောက်ပြီး တယောက် သေဆုံးနေတာကို ခင်ဗျားတို့တော့ မသိဘူး။ ကျနော်တို့တော့ ကြောက်လိုက်ကြတာ မပြောပါနဲ့တော့လို့ ပြောကြပါတယ်) ကိုကိုးကျွန်းက ထောင်အာဏာပိုင်တွေမှာက ဘာအာဏာမှ မရှိလေတော့ အားလုံး ရန်ကုန်ကို အစီရင်ခံ၊ ရန်ကုန်က ညွှန်ကြားချက်ကို စောင့်လုပ်နေရပြီး အဲဒီ စောင့်နရတဲ့ အချိန်တွေက သိပ်ကြာပါတယ်။ ဒီလိုနဲ့ တမိနစ်ပြီး တမိနစ်၊ တနာရီပြီး တနာရီ ကုန်ရင်း တိုက်ပွဲဝင်သူတွေဟာလည်း ခုခံအားတွေ လျော့ဆင်းရင်း လျော့ဆင်း ကျလာနေပါတယ်။ အဲဒီနေ့ မနက်ပိုင်းမှာပဲ ထောင်အာဏာပိုင်တွေနဲ့ ကျနော်တို့ ခေါင်းဆောင်တွေ တခါ ဆွေးနွေးခဲ့ပါသေးတယ်။

အဲဒီတုန်းက တိုက်ပွဲထဲမှာ မပါတဲ့ ကျနော်တို့လို လူတွေဟာ အလုပ်တာဝန် မရှိရင် တိုက်ပွဲဆောင်တွေ နားမှာပဲ ရစ်သီရစ်သီနဲ့ ထိုင်မရ၊ ထမရ ဖြစ်နေတတ်ကြပါတယ်။ အဲဒီနေ့ကတော့ ကျနော်လည်း အားနေပါတယ်။ ဒီလိုနဲ့ နေ့လည်သုံးနာရီလောက်ကျတော့ ရဲဘော်လေးမောင် အခြေအနေ မကောင်းတော့ဘူး ဆိုတဲ့သတင်း အဆောင်အပြင်ကို လွင့်လာပါတယ်။ ဒါကြောင့် ကျနော်လည်း အဆောင်ထဲကိုဝင်ပြီး ရဲဘော်လေးမောင် လဲလျောင်းနေရာနဲ့ မလှမ်းမကမ်းမှာ ယောင်လည်ယောင်လည် လုပ်နေလိုက်ပါတယ်။ ကျနော်တို့ရဲ့ ဆေးမှူးရဲဘော် ကိုအေးမြင့်က ကျန်းမာရေး အခြေအနေ အလွန်ဆိုးဝါးနေတဲ့ တိုက်ပွဲဝင်ရဲဘော် လေကောင်းလေသန့် ရဖို့အတွက် မလိုအပ်ပဲနဲ့ အနားမလာရဘူးလို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် ကျနော်လည်း အဆောင် အဝင်ပေါက်အနားမှာပဲ ရပ်ပြီး လည်တဆန့်ဆန့် ကြည့်နေခဲ့ပါတယ်။ ကျနော်နဲ့ နီးနီးမှာက ရှစ်ယောက်မြောက် နောက်ဆုံးကျဆုံးတဲ့ ရဲဘော်ထွန်းဝင်း လဲလျောင်းလျက် ရှိနေပါတယ်။ ခဏအကြာမှာတော့ ကိုလေးမောင် ငယ်ချေးပါတယ် ဆိုတဲ့သတင်း ရောက်လာပါတယ်။ အခြေအနေ ဆိုးသွားပါပြီ။ ကျနော်တို့ရဲ့ အတွေ့အကြုံ အရဆိုရင် အဲဒီလို ငယ်ချေးပါပြီဆိုရင် မရတော့ပါဘူး။ အချိန်ပိုင်း အတွင်းမှာ ဆုံးသွားတာပါပဲ။ ဒါကြောင့် ကျောက်ပန်းတောင်းက ကျောင်းသားရဲဘော်ကိုအောင်ဘော် (၁၉၇၅ တုန်းက ပဲခူးရိုးမမှာကျဆုံးသွားသူ) နဲ့အတူ တယောက်လက်ကို တယောက်ကိုင်ပြီး ကျနော်အထဲကို ဝင်သွားပါတယ်။ ကိုလေးမောင်ကို လှမ်းမြင်နေရတဲ့ နေရာအထိ လျှောက်သွားလိုက်ပါတယ်။

ကိုလေးမောင်ရဲ့ နံဘေးမှာ ကိုအေးမြင့်နဲ့ ခေါင်းဆောင် ရဲဘော်တွေနှစ်ဦးဖြစ်တဲ့ ဆရာရာဂျန်နဲ့ ဦးအုန်းမောင်တို့ နှစ်ယောက်ပဲ ရှိပါတယ်။ ဘာမှမကြာပါဘူး။ ကိုအေးမြင့်က ကျနော်တို့ဘက်ကို လှည့်ပြီး ခေါင်းယမ်းပြတာ တွေ့လိုက်ရပါတယ်။ သေချာသွားပြီပေါ့။ ဘာကြောင့်မှန်းမသိဘူး ကျနော်ဟာ ကျနော့်ဘေးမှာ ရပ်နေတဲ့ ကိုအောင်ဘော်ရဲ့ ပုခုံးပေါ် ခေါင်းတင်ပြီး သဲကြီးမဲကြီး ငိုချလိုက်မိပါတယ်။ ဒိအယင်က ကျနော့် တသက်မှာ တခါမှ ဒီလို မငိုဖူးသလို ကိုကိုးကျွန်းမှာ တခြား ဘယ်သူမှလည်း ဒီလိုငိုတာ မတွေ့ဖူးသေးပါဘူး။ ငိုလိုက်လို့လည်း ရင်ထဲမှာ ပေါ့မသွားပါဘူး။ အဲဒီနောက် ရဲဘော်ထွန်းဝင်းကျတော့ ငိုအားတောင် မရှိတော့တာ သတိထားမိပါတယ်။ ငိုတာဟာ တခြားရဲဘော်တွေ အင်တာနေရှင်နယ်သီချင်းကို ဆိုကြတော့မှ (ရဲဘော်တယောက် ကျဆုံးတိုင်း ကျန်လူအားလုံးက အင်တာနေရှင်နယ်-နိုင်ငံတကာ့သီချင်းကိုဆို၊ ကြွေးကြော်သံတွေ တိုင်ကြပါတယ်) ငိုတာရပ်ပြီး တချက်တချက် ရှိက်ရင်း သီချင်းကို လိုက်ဆိုနေခဲ့ပါတယ်။

အဲဒါ သူနဲ့ ကျနော်နဲ့ ခွဲရတဲ့နေ့ပါပဲ။

စတွေ့တာက သူနေတဲ့ “အိမ်ဖြူတော် အမည်ရ ထုံးဖြူသုတ်ထားတဲ့ ကပ်တဲတလုံးရဲ့ အပေါ်ထပ်မှာပါ။ သပိတ်ရောင် ထနေတဲ့ အသားအရောင်နဲ့ လူက ဖြူစင်ရိုးသားလှတဲ့ အပြံးနဲ့ ကျနော့်ကို ဆီးကြိုပါတယ်။ သူဟာ "ကျုပ်တို့ မြို့ကတော့ ဆေးလိပ်နဲ့ ကွန်မြူနစ်ပဲ ထွက်တယ်" လို့ တချို့သူတွေ ပြောလေ့ရှိကြတဲ့ မြင်းခြံကပါ။ ဆေးလိပ်လည်း အသေအလဲ ကြိုက်ပါတယ်။

ကျနော်က သူနဲ့ မတွေ့ဖူးခင်ကတဲက သူ့နာမည်နဲ့ သူ့အကြောင်းကို ကြားဖူးနေပါတယ်။ တက္ကသိုလ်ကျောင်းသား အရွယ်တွေဆိုတော့ လူတယောက် အကြောင်းမိတ်ဆက်ပေးရင် ဟုတ်တာလည်းပါ၊ ကားတာလည်းပါ၊ ရီစရာလည်းပါ၊ အားကျစရာလည်းပါပေါ့။ ဒီတော့ သူ့ကို မတွေ့ဖူးမီ ကတည်းက သူ့ကဗျာတွေကို ဖတ်ဖူး၊ သူ့ချစ်ဇာတ်လမ်းလည်း ကြားဖူးနေပါတယ်။ သူက ကျနော့်ထက် ၆နှစ်လောက် ကြီးပြီး တက္ကသိုလ်ကိုတော့ ၃-၄နှစ် လောက် စောရောက်နေပါတယ်။

ကျနော် တက္ကသိုလ်ရောက်တဲ့ ပထမနှစ်မှာ နောက်ဆုံး သမဂ္ဂ ရွေးကောက်ပွဲကို ကြံခဲ့ရသလို အဲဒီနှစ်က ကျောင်းသား ညီညွတ်ရေးတပ်ဦး ညီလာခံမှာ ကျနော်ဟာ တပ်ဦးကောင်စီဝင် ဖြစ်ခဲ့ပါတယ်။ ကောင်စီဝင်ဆိုတာ အဖွဲ့ဝင်ကို ပြောတာပါ။ နိုင်ငံရေးတွေ ဘာတွေ နားလည်လို့ ဆိုတာထက် ကျောင်းသားသမဂ္ဂ လုပ်တာကောင်းတယ်၊ ကျောင်းသားတွေအပေါ်မှာ ဖိနှိပ်မှုတွေ ရှိနေတယ် စတဲ့ အင်မတန်ရိုးစင်းတဲ့ အသိတွေကြောင့် သမဂ္ဂလုပ်ငန်းတွေကို တက်တက်ကြွကြွ လုပ်ခဲ့တာပါ။ အတူလုပ်ရတဲ့ လူတွေကလည်း ကျနော်တို့ လူထုတိုက်ကို ဝင်ထွက် ဖူးသူတွေ၊ ကျနော့်အကိုနဲ့ ရင်းနှီးသူတွေ ဖြစ်နေတော့ အလွယ်တကူပဲ တွဲလုပ်လို့ရပါတယ်။ ကိုယ်က သာသနာပြုကျောင်းက လာတာဆိုတော့ တချို့ ကျောင်းနေဘက်ဟောင်းတွေက မျက်မှောင်ကုတ် ကြည့်ကြပါတယ်။ ဒါပေမဲ့ ကျနော် ကျောင်းရောက်ပြီး ကတည်းက တိုက်ပွဲတွေ ဆက်တိုက်ပေါ်တာ ဆိုတော့ သူတို့က အပြစ်တင် အထင်သေးတာတော့ မရှိပါဘူး။

၁၉၆၂ ခုနှစ်မှာ ၇ရက်ဇူလိုင် အရေးအခင်း ဖြစ်လိုက်တော့ တာဝန်ရှိတဲ့ သမဂ္ဂခေါင်းဆောင်နဲ့ ကျောင်းသားညီညွတ်ရေး တပ်ဦး ခေါင်းဆောင်တွေ အဖမ်းခံသူခံရ၊ ပြေးသူပြေး၊ ပုန်းသူပုန်း ဖြစ်ကုန်ကြ ပါတယ်။ ဒါပေမဲ့ ဒီ လူသတ်ပွဲနဲ့ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဆောက်အဦကြီးကို ဖျက်ဆီးထားတဲ့ အရှိန်ကြောင့် ကျောင်းသားတွေဟာ ဘာကိုမှ မကြောက်ဘူး၊ မကြေဘူး ဖြစ်နေကြပါတယ်။ ဒီလိုအခါမှာ ကျောင်းသားတွေအတွက် ခေါင်းဆောင်မှု လိုအပ်နေပါတယ်။ သမဂ္ဂကို သူတို့ သတိရကြ ပါတယ်။ ဒါကြောင့် ပြေးလွှားပုန်းလျှိုးနေကြတဲ့ ခေါင်းဆောင်တွေက ရှိနေသေးတဲ့၊ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ ရနေတဲ့ ကိုယ့်လူတွေကို လှုပ်ရှားကြဖို့ စီစဉ် တိုက်တွန်း ပါတယ်။ ကျနော်က အဲဒီတုန်းက ၁၆-၁၇နှစ် သားပါ။ ဒါပေမဲ့ ကျနော့်ကို ဆက်သွယ်ရတာလည်းလွယ်၊ ကျနော်က ပေါ့ပေါ့ပါးပါးလည်း လှုပ်ရှားနိုင်တော့ ကျနော့်ဟာ အဓိက လှုပ်ရှားသူတွေထဲမှာ ပါနေပါတယ်။ နောက်တော့ ကျောင်းသားတွေနဲ့ ပြည်သူတွေရဲ့ မပြတ် တိုက်ပွဲဝင်မှုကြောင့် ဖမ်းထားသူတွေကို စစ်အစိုးရက ပြန်လွှတ်ရပါတယ်။ တဆက်ထဲမှာပဲ ရှောင်တိမ်းနေသူတွေလည်း အကုန် ပြန်ရောက်လာကြပါတယ်။

ကျနော်တို့ တခါတည်း လုပ်ငန်းတွေကို အရှိန်မြှင့် လုပ်တော့တာပါပဲ။ မန္တလေးမှာလည်း အဖျက်ခံရတဲ့ သမဂ္ဂရုံးကွက်လပ် ရှိပါတယ်။ အဲဒီမှာ အစည်းအဝေးတွေလုပ်၊ တက္ကသိုလ်အဝင်နားက ပန်းခြံထဲမှာ ကျောင်းသားညီညွတ်ရေးတပ်ဦး ညီလာခံကိုလုပ်၊ သမဂ္ဂရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်ကြ စတာတွေ ဒလဟော လုပ်ကြပါတယ်။ ဒါပေမဲ့ ဒါဟာ ဘာမှ မကြာလိုက်ပါဘူး။ ကျောင်းသားတွေနဲ့ သမဂ္ဂအပေါ် အညှိုးအတေးကြီးလှတဲ့ ဗိုလ်နေဝင်းဟာ ၁၉၆၃ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖျက်ပြီးတဲ့အခါမှာတော့ သူတို့ကို ဆန့်ကျင်သူမှန်ရင် ထောင်ထဲ၊ ဒါမှမဟုတ် တောထဲမှာပဲ ရှိစေရမယ်ဆိုတဲ့ ပိုင်းဖြတ်ချက်နဲ့ ဆန့်ကျင် သူမှန်သမျှကို ဖမ်းရာမှာ ကျောင်းသားတွေ ထိပ်က ပါကုန်ပါတော့တယ်။ ဒီအခါမှာ ကျန်ရစ်တဲ့ ကျနော်တို့တတွေအဖို့ "မနွဲ့ကြစတမ်း" ဖြစ်လာပါတယ်။
အဲဒီလို လက်ကျန်တက်ကြွသူတွေကို စုစည်းရင်းနဲ့ ပဲခူးရိုမမှာ မှားယွင်းစွာ အသတ်ခံ လိုက်ရတဲ့ ကိုကျော်ခင်က တနေ့မှာ ကျနော့်ကို ကိုလေးမောင်နေတဲ့ဆီကို ခေါ်သွားတာဖြစ်ပါတယ်။ အိမ်ဖြူတော်တဲထဲက စာပွဲတလုံးမှာ တကုပ်ကုပ်နဲ့ စာရေးနေသူဟာ ပုဆိုးဒူးဆစ်နား၊ ပင်နီအင်္ကျီ ရင်ပပ်ဟပြဲနဲ့ ခဲထားတဲ့ ဆေးပေါ့လိပ်ကို ဖြုတ်ပြီး ပြုံးပြ နှုတ်ဆက်ပါတယ်။ လူတယောက်ကို မြင်လိုက်ရတာနဲ့ ခင်မင် ယုံကြည်သွားရတယ်ဆိုတာ ကိုလေးမောင်လို လူနဲ့တူပါတယ်။ သူ့ရဲ့ ဟန်ဆောင်မှု ကင်းတဲ့ ဖော်ရွေမှုနဲ့ ပြောနည်းဆိုဟန်ဟာ တဘက်သားကို ကိုယ် စိတ်ချလက်ချ ပေါင်းသင်းတိုင်ပင်နိုင်တဲ့ လူတယောက်ဖြင့် တွေ့ပြီလို့ ခံစားမိစေပါတယ်။ သူဟာ သူနဲ့ အမြင် မတူလို့ ငြင်းခုံရင်တောင်မှ "ဟောဗျာ" ဆိုပြီး သူ့အမြင်ကို ပြုံး-ပြုံးနဲ့ ပြန်ပြောတတ်သူပါ။
ဒီလိုနဲ့ သူနဲ့ ကျနော်ဟာ ကိုကျော်ခင်၊ ကိုလေးမောင် အပြင် ကဗျာဆရာ ကိုကြည်လင်(ကိုကြည်အောင်)၊ ကဗျာဆရာမ မစိမ်းပင်၊ ကိုအောင်ငြိမ်း(မြင်းခြံ)၊ မန္တလေးထောင်ထဲမှာ ကျဆုံးသွားတဲ့ ကိုဌေးလှ စသူတွေနဲ့ လှုပ်ရှားကြပါတယ်။ မြေအောက်လှုပ်ရှားကြတာ ဖြစ်လို့ တခြား ကျနော်မသိသူတွေလည်း ရှိမှာ သေချာပါတယ်။ အဲဒီအထဲက တချို့ကို ၁၉၆၆ခုနှစ် ထောင်ထဲရောက်တော့ သိရ၊ တွေ့ ရပါတယ်။

ထောင်ထဲကို ကျနော်က သူ့အရင်လေးငါးရက် စောရောက်ပါတယ်။ ကျနော့်ကို ဖမ်းပြီး နောက်တနေ့မှာပဲ မန္တလေးထောင်ထဲပို့ လိုက်တာဖြစ်ပြီး သူ့ကိုတော့ ထောက်လှမ်းရေးရုံးမှာ ချုပ်စစ်နေလို့ ကျနော့်နောက်မှာ ရောက်လာတာပါ။ အဲဒီတုန်းက မန္တလေး ထောင်က မန္တလေးနန်းတွင်းထဲမှာ ဖြစ်ပြီး နှစ်တိုက်မှာ သူက အခန်း(၁)၊ ကျနော်က အခန်း(၂)ပါ။ အဲဒီအချိန်က စပြီးသူဟာ ကျနော့်ရဲ့ ရိုးရိုးရဲဘော်ရဲဘက် တင်မကတော့ပဲ အတွေးအခေါ်အယူအဆ အရှုပ်အထွေး ရှိရင် အကြံဉာဏ်ကောင်း ပေးနိုင်သူအဖြစ် နှီးနှော တိုင်ပင်ရတဲ့ ရဲဘော်တဦး ဖြစ်လာပါတယ်။ တခါမှ ထောင်မကျဖူးသူတွေ ထောင်ထဲရောက်ကြတော့ ဓမ္မတာပဲ ကျနော်တို့ထဲမှာ အတွေးအခေါ် ယိမ်းယိုင်တာတွေ ကျဆင်းတာတွေဖြစ်တာ မဆန်းပါဘူး။ အဲဒီလို ရဲဘော်တွေကို ကိုလေးမောင် ဆွေးနွေးထိန်း ထားခဲ့တာကို ကျနော် အခုအထိမှတ်မိ နေပါတယ်။

ထောင်ထဲမှာက အဖွဲ့အစည်းပေါင်းစုံ၊ လူမျိုးပေါင်းစုံနဲ့တွေ့ဆုံ ဆက်ဆံကြရလေ့ ရှိပါတယ်။ ဒီအခါမှာ နိုင်ငံရေးအကျဉ်းသား အချင်းချင်း တဦးနဲ့တဦး အာဃာတတွေ ဖယ်ရှားဖို့ဟာ အင်မတန်မှ အရေးကြီးလှပါတယ်။ အဲဒီတုန်းက ကျနော်တို့အဖို့ ဒီလို အနေအထား မျိုးတွေအတွက် ကိုလေးမောင်ဟာ အကောင်းဆုံး သံတမာန်ပါပဲ။ ဆိုလိုတာ သူ့ကို တခြားအဖွဲ့အစည်းက လူတွေ (ဗကပအပေါ် အင်မတန်အာဃာတ ထားလေ့ရှိတဲ့ အလံနီတွေအပါ) ဟာ သူ့ကို ခင်ခင်မင်မင်လေးလေး စားစား ဆက်ဆံကြပါတယ်။ သံဃာတော်တွေ၊ သူဌေးတွေ၊ အလုပ်သမား-လယ်သမားတွေ၊ ကျောင်းသားလူငယ်တွေ၊ ထောင်ဆိုတာ အလွှာတွေက စုံပါဘိသနဲ့။ ဒါ့အပြင် ထောင်ဝါဒါလို အောက်ခြေအမှုထမ်းတွေ၊ ထောင်ကျတွေ၊ ဒီလိုဟာတွေနဲ့ ဆက်ဆံရာမှာလည်း ကျနော်တို့က သူ့ကိုပဲ ရှေ့တွန်းပို့လေ့ ရှိကြပါတယ်။

ကိုကိုးကျွန်းပေါ်ရောက်ပြီး နောက်နှစ်ရက်၊ သုံးရက်အကြာ၊ တညမှာ ကျနော်တို့က ဗိုလ်အုန်းမောင်နဲ့ ဆရာရာဂျန်တို့ဆီမှာ ခွင့်တောင်းပြီး မန္တလေး ထောင်ကလာတဲ့ ကျနော်တို့ အမှုတွဲ ကျောင်းသားလိုင်းက လူတွေ အစည်းအဝေး လုပ်ကြပါတယ်။ အဲဒီအစည်း အဝေးမှာ အားလုံးကပဲ ကျနော်တို့ အစုရဲ့ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုပြီး ဆွေးနွေးပွဲကို ဦးစီးစေခဲ့ပါတယ်။

မိတ်ဆွေပဲဖြစ်ဖြစ်၊ သူငယ်ချင်းပဲဖြစ်ဖြစ်၊ အခက်အခဲတွေထဲမှာ အတူဖြတ်သန်းခဲ့သူတွေဟာ ပိုရင်း၊ ပိုသံယောဇဉ် ရှိကြတယ် ဆိုတာ အထူးပြောစရာ မလိုပါဘူး။ ဒီတော့ မြေအောက်လုပ်ငန်းမှာ၊ ထောင်ထဲမှာ၊ ကိုကိုးကျွန်းမှာ အတူဖြတ်သန်း၊ ဆွေးနွေးတိုင်ပင်ခဲ့တဲ့လူတွေချင်း ဘယ့်ကလောက် သံယောဇဉ်ကြီးတယ် နားလည်နိုင်ကြပါတယ်။ ရဲဘော်ရဲဘက် သံယောဇဉ်ဆိုတော့ ကိုယ့်အတွက် လိုအပ်ရင် သူဟာ အသက်ပေးမယ့် လူလို့ ယုံကြည်နားလည်ထားသလို၊ ကိုယ်ကလည်း သူ့လို ရဲဘော်တွေအတွက်ဆိုရင် အသက် ပေးနိုင်ရမယ်လို့ အမြဲ နှလုံးသွင်းထားကြတာပါ။ သေရွာသွားတာကို အိမ်ပြန်သလို သဘာထားတယ်ဆိုတဲ့ အဆိုစကားတခုကို ကိုကိုးကျွန်းမှာ ကျနော်တို့ရဲဘော်တွေ အတော်ကိုးကား လေ့ရှိကြပါတယ်။ တရုတ်သူရဲကောင်းတယောက်ရဲ့ စကားလို့ မှတ်မိနေပါတယ်။ ဒါပေမဲ့ အခုလို သူစောစောစီးစီး ကျဆုံးသွားတော့ ကျနော် စိတ်မထိန်းနိုင်အောင် ဖြစ်ခဲ့ပါတယ်။

အသက်ရှင်ဆဲ လူတွေဟာ ကွယ်လွန်သွားပြီးဖြစ်တဲ့ လူတွေအကြောင်းကို ပြောဆိုစဉ်းစားတိုင်း "သူသာ အခု ရှိနေသေးရင်….." ဆိုတာမျိုး ပြောလေ့ရှိကြပါတယ်။ ဝန်ခံပါတယ်။ ကျနော်လည်း ဒါမျိုး စဉ်းစားမိတာ အကြိမ်ကြိမ်ပါပဲ။ ဒီနေရာမှာ ကျနော် ဘာစဉ်းစားတယ်ဆိုတာအရေးမကြီးပါ။ အရေးကြီးတာက ကျနော်သူ့ကို မကြာခဏ စဉ်းစားမိတယ် ဆိုတာပါ။ သူဟာ ကျနော့် အပါးမှာအမြဲ ရှိနေသလိုပါပဲ။

ဟုတ်ကဲ့ ငိုခဲ့ပါတယ်။ ရဲဘော်လေးမောင်အတွက် ကျနော် ငိုခဲ့သလို ကျနော် ရဲဘော်လေးမောင် အတွက်လည်း သူ့ရဲ့ယုံကြည်ချက်တွေကို အကောင်အထည် ဖော်နေပါတယ်။

ဖိုးသံ(လူထု)

Friday, September 9, 2011

ရောက်ရာအရပ်က ဆက်သွယ်ပါ ရဲဘော်အောင်မြတ်ထွန်းရေ…
ရေးသူ- မောင်မင်းရာ





ရင်ထဲ စူးနစ်နာကျင်
သွားတဲ့ ခံစားချက်တခု ၂၀၁၁ ခု၊ စက်တင်ဘာ ၂ ရက်၊ သောကြာနေ့ ညနေက ရလိုက်တယ်။ ဝမ်းနည်းထိခိုက်လွန်းလို့ မျက်ရည်တွေတောင် စီးကျလာတယ်။ မော်ကြီး (ကိုခင်မော်) တယ်လီဖုံးဆက် အကြောင်းကြားလို့ လက်ခံ စကားပြောနေရင်း မျက်ရည်တွေ စီးကျလာတဲ့ အဖိုးကို တအံ့တသြ ကြည့်နေကြတဲ့ မြေးမလေးနှစ်ယောက်ရှေ့မှာ ကမန်းကတန်း မျက်ရည်သုတ်လိုက်ရတယ်။

ဒီသတင်းမလာခင် လေးရက်လောက်မှာ လာတဲ့သတင်းက ဗမာပြည်တွင်းက မိတ်ဆွေတယောက်ပို့တဲ့ internet email သတင်း ဖြစ်ပါတယ်။ "လိပ်ကလေး" နေမကောင်းလ
ို့ ဆေးရုံတင်ထားရတယ်တဲ့။ သူ့ဆီက သတင်းကို ရရချင်း ၇၀ ခုနှစ်လွန်တွေက အင်းစိန်ထောင်မှာ သေဖော်ရှင်ဘက် မော်ကြီးဆီကို ဖုံးခေါ်လိုက်တယ်။ သတင်းလည်း ပေးရင်း၊ နောက်ဆက်တွဲ သတင်းအပြည့်အစုံ စုံစမ်းပေးဖို့ အကူအညီ့ တောင်းလိုက်တာ။ မော်ကြီးနဲ့ ကိုယ်နဲ့ "လိပ်ကလေး" ကျန်းမာရေးအတွက် ကူညီထောက်ပံ့ကြဖို့လည်း တိုင်ပင်ကြတယ်။


"လိပ်ကလေး" ဆိုတာက ဘာလဲ။ ဘယ်သူလဲ။

ဒီနံမည်ကို ဆရာဗန်းမော်တင်အောင်၊ ဆရာမြသန်းတင့်၊ ဆရာရာဂျန်၊ လေထီးဦးအုန်းမောင် တို့ကအစ… ဖိုးသံချောင်း၊ ဇော်ဝင်းကို၊ နီအောင်မေသု(ကွယ်လွန်) တို့အထိ လေးစားစွာ ချစ်စနိုး ခေါ်ဝေါ်သုံးစွဲကြတဲ့ "ကိုထွန်းအောင်ကျော်" ပါပဲ။

ကိုကိုးကျွန်းမှာ ဒီဆရာကြီးတွေနဲ့ အတူ အကျဉ်းကျခံရစဉ်က ကိုထွန်းအေ
ာင်ကျော်က ကျောင်းသား အရွယ် လူငယ်တယောက်။ ကျွန်းမှာက နံမည်တူရှိတဲ့အခါ ခွဲခြားသတ်မှတ်တဲ့ အနေနဲ့ နံမည်မှာ ဝိသေသထူးတွေ တပ်ခေါ်လေ့ရှိတယ်။ ဦးတင်အောင် နံမည်ချင်းတူသူ နှစ်ယောက်အတွက် ဗန်းမော်တင်အောင်၊ ခေါင်းဖြူ တင်အောင် တဲ့…။ ကိုထွန်းအောင်ကျော်ကိုလည်း လိပ်ခေါင်းရောဂါ ရှိသူမို့ "လိပ်ကလေး-ထွန်းအောင်ကျော်" လို့ ချစ်စနိုး ခေါ်ကြတာ ကြားဖူးပါတယ်။

"လိပ်ကလေး" ကျွန်းက ပြန်လာပြီးတော့ ၁၉၇၆ မှာ မှိုင်းရာပြည့်အရေးအခင်း
နဲ့ ယှဉ်တွဲပေါ်ပေါက်တဲ့ "မီးမောင်းစာစောင်" အမှုမှာ ခေါင်းဆောင်တဦး အဖြစ်နဲ့ နောက်ထပ်တခါ ထောင်ကျရပြန်တယ်။ ၉ နှစ် ကျတယ်။ ၁၉၈၀ မှာ နိုင်ငံတော်ကောင်စီ ၂/၈၀ လွတ်ငြိမ်းချမ်းသာခွင့်နဲ့မှ ပြန်လွတ်လာခဲ့တယ်။

"လိပ်ကလေး" နဲ့ ကျနော်က အင်းစိန်ထောင်၊ အထူးဆောင
်မှာ သိကျွမ်းခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ထောင်ထဲမှ လက်ဝဲ လက်ျာ၊ အဖြူရောင် အားလုံးက ချစ်ခင် လေးစားကြတယ်။

အဲဒီတုန်းက အင်းစိန်ထောင် အထူးဆောင်မှာ ထောင်ဝင်စာကနေ စာအုပ်သွင်းခွင့်ရတယ်။ ကျနော်က စာအုပ်တွေ အတော်များများ သွင်းသူတယောက်။ တချို့စာအုပ်တွေ သွင်
းခွင့်ရသလို၊ တချို့စာအုပ်တွေ သွင်းခွင့်မရခဲ့ဘူး။ သွင်းခွင့်မရလို့ ထောင်ဝင်စာ လာတွေ့သူ အိမ်ကလူတွေလက်ထဲ ပြန်ထည့်ပေးနိုင်ခဲ့သလို၊ အာဏာပိုင်တွေက သူတို့ စစ်ဆေးအုန်းမယ်ဆိုပြီး စာအုပ်ကို ယူထားလိုက်လို့ ဆုံးကုန်တာတွေလည်း ရှိတယ်။

"လိပ်ကလေး"က ကျနော့်ကို Stalin ရဲ့ Short History of CPSU(B) ထဲက Dialectical Materialism အခန်းကိုပဲ၊ ဖြုတ်ထုတ်ပြီး သွင်းဖို့ အကြံပြုလာတယ်။ စာအုပ်က တအုပ်လုံးဆိုရင် အတော်ကြီး ထူသလို၊ အာဏာပိုင်တွေကလဲ ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဖြဲထုတ်ထားတဲ့ စာအုပ်အပိုင်းကို ကျနော်တို့ အောင်မြင်စွာ တင်သွင်းနိုင်ခဲ့တယ်။ နောက်တော့ သူက Peking Review တွေ သွင်းဖို့ အကြံ
ပုပြန်တယ်။ အာဏာပိုင်တွေက အင်္ဂလိပ်စာ ကောင်းကောင်းမတတ်ပေမယ့် စာအုပ်အဖုံးမှာ အနီရောင်တွေ၊ တူတံဇင်တွေ၊ ကြယ်တွေ၊ တရုတ်စာတွေ မြင်ရင် ဘုမသိ ဘမသိ သွင်းခွင့် မပြုခဲ့ဘူး။ ထောင်အကြောင်းစာအုပ်ဆို သွင်းခွင့်မရဘူး။

တခါ ဖြစ်ဖူးတယ်။ မောင်သာရ ရေးတဲ့ "ကြောင်ကိုဘယ်သူခြူဆွဲမလ"ဲ စာအုပ်ကို အဖုံးက နံမည်ပဲ ဖတ်ပြီး အဆောင်မှူး စစ်ထောက်လှမ်းရေး တပ်ကြပ်ကြီးလှရွှေက သွင်းခွင့် ပြုလိုက
်တယ်။ နောက်တပါတ် ထောင်မှူးလေး ဦးဘိုနီ အလှည့်မှာ သွင်းလို့ မရခဲ့ဘူး။ ဦးဘိုနီက လုပ်သားကောလိပ်က မြန်မာစာအဓိကနဲ့ ဘွဲ့ယူလာသူဆိုတော့ စာလေးဘာလေး နည်းနည်းဖတ်မှတ်တဲ့ ဗဟုသုတနဲ့ ဒီစာအုပ်ဟာ ဘာအကြောင်းရေးတာလဲ သိပြီး သွင်းခွင့်မပြုခဲ့ဘူး။

ကျနော်က အိမ်ကို ထောင်ဝင်စာမှာ တရုတ်တန်းက တရုတ် လမုန့်၊ ပဲမုန့်၊ မာလောက်လို့ ခေါ်တဲ့ နှမ်းမုံ့တွေကို အပတ်တိုင်း မှာတာမို့၊ မုံ့ထည့်ပေးတဲ့အခါ Peking Review တွေကို စက္က
ူအိတ် လုပ်ပြီး ထည့်ခိုင်း ရတယ်။ အာဏာပိုင်တွေ ကျနော့်ဆီက တောင်းစားလေ့ရှိတဲ့ ဒီတရုတ်မုံ့တွေဟာ Peking Review အုပ်လိုက်ကို စက္ကူအိတ်လုပ်ပြီး သွင်းပေးမှန်း မသိကြရှာဘူး။

ကိုထွန်းအောင်ကျော် "လိပ်ကလေး" နံမည်ကနေ "ဆရာကြီးကြွက်
" နံမည် ပြောင်းသွားရတာက ဒီလို။ ထောင်ထဲမှာ ကျနော်တို့ အစာရေစာ ပြတ်တဲ့အခါ ထောင်ကြွက်ကြီးတွေကိုလဲ ဖမ်းစားကြတယ်။ "လိပ်ကလေး" က သူနဲ့ ထမင်းအတူစားတဲ့ သူ့ထမင်းစား အုပ်စုအတွက် ကြွက်ဖမ်းပေးတယ်။ သူက ၃ ဆောင်မှာ ကြွက်ဖမ်းအတော်ဆုံးဆိုပြီး သူ့ထမင်းစားအုပ်စုထဲက သူ့ကို "ဆရာကြီးကြွက်" ဆိုပြီး ခေါ်ကြတယ်။

ထောင်ကထွက်တော့ အတူနေခဲ့သူတွေ အပြင်မှာ ပြန်တွဲမိကြတဲ့အထဲ သူန
ဲ့ကျနော်က အတွဲဖြစ်ဆုံးလို့ ပြောရမယ်။

သူ့ပုံက ကွန်မြူနစ်တယောက်၊ ကျွန်းပြန်တယောက်၊ ထောင်ထွက်နိုင်ငံရေးသမားတယောက်ပုံ လုံးလုံး မပေါက်ဘူး။ သူအမြဲလိုလိုဝတ်တာ Coduroy Jean ဘောင်းဘီအညို။ Ray-Be
n နေကာမျက်မှန်ကလဲ နေပူပူ မိုးရွာရွာ မချွတ်ဘူး။

အဲဒီ Ray-Ben မျက်မှန်ကြောင့် ပြဿနာတက်ရသေးတယ်။ ဗိုလ်အောင်ကျော်လမ်းက စိန်ဝင်း စားသောက်ဆိုင်မှာပေါ့။ သူရယ်၊ သဲတောဝမ်းတွင်းက ကိုသက်တင်(ကွယ်လွန်)ရ
ယ်၊ ကျနော်ရယ် တဝိုင်းထိုင်ပြီး စားသောက်ကြတယ်။ ကျနော်တို့ ထုံးစံက စားသောက်ဆိုင်ထိုင်ရင် ကိုယ့်ဝိုင်းကြားရုံ တိုးတိုးတိတ်တိတ် ခေါင်းချင်းဆိုင် ပြောကြတာ။ ဆိုင်လည်ခေါင်က စားပွဲဝိုင်းကြီးမှာ လူလေး-ငါး-ဆယ်ယောက်လောက် စုပေါင်းဝိုင်းဖွဲ့ ဆူဆူညံညံ စားသောက်နေကြတယ်။ ဝိုင်းကြီးရဲ့ နောက်တဖက်မှာ ခါတိုင်း ကျနော်နဲ့ ဝိုင်းထိုင်နေကျ မောင်သိန်းဆိုင်၊ နတ်နွယ်၊ မြင့်မောင်မောင်၊ လွင်စန်းယဉ်၊ အေးမြသီတာ ကိုဇော်ထွန်း တို့ ဝိုင်းရှိတယ်။

ရုတ်တရက် "လိပ်ကလေး"က အလည်က ဆူဆူညံညံဝိုင်းဆီ ထသွားတယ်။ ကျနော်ကလည်း ဘော်ဒါကောင်းပီပီ နောက်ကလိုက်။ အဲဒီဝိုင်းထဲက လူတယောက်ကလည်း ကျနော်တို့နဲ့ ရန်ဖြစ်ဖို့ ထတော့ သူ့လူတွေက ဝိုင်းဆွဲကြတယ်။ နည်းနည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ ခေါင်းဆောင်လုပ်သူက ကျနော်
တို့ကို တောင်းပန်သလို၊ ကိုသက်တင်ကလည်း "လိပ်ကလေး"ကို ရန်မဖြစ်ဖို့ ဆွဲတယ်။ သူ့လူတွေက ဝိုင်းတောင်းပန် ကြတယ်။ ကျနော်လိုပဲ အကြောင်းရင်း မသိပေမယ့် ဘော်ဒါတွေကို ကူဖို့ မြင့်မောင်မောင်၊ လွင်စန်းယဉ်၊ မောင်သိန်းဆိုင်က အလည်ဝိုင်းဆီ ထလာတယ်။ ကိုနတ်က လူကြီးပီပီ ဖြန်ဖြေတယ်။

သူတို့က နယ်ကလာတဲ့ အနောက်မြောက်တိုင်းဆိုလား ဘတ်စကက်ဘော အသင်းကပါတဲ့။ အောင်ဆန်းကွင်းမှာ တည်းကြတယ်။ တခါတည်း သူတို့ အရက်ဝိုင်းလည်း သိမ်းသွားပြီး စစ်ကားကြီးနဲ့ လက်ပြနှုတ်ဆက် ပြန်ထွက်သွားကြတယ်။

ပြီးတော့မှ ကျနော်က "လိပ်ကလေး"ကို ဘာဖြစ်လို့လဲ မေးကြည့်တော့ သူ နေကာမျက်မှန် တပ်ထားတာကို "ဘလိုင်းထီးဆိုင်" လို့ မကြားတကြား ခေါ်လို့တဲ့……။

မှတ်မှတ်ရရ သူ ပုဆိုးဝတ်တာ တခါကြုံဖူးတယ်။ ဝတ်ခဲတယ်။ စာအုပ်လက်ထဲကိုင်ပြီး လမ်းပေါ်သွားနေ တာလဲ တွေ့ရခဲတယ်။ တနေ့တော့ နှစ်ခုစလုံး တပြိုင်ထဲ သူလုပ်လာတယ်။ အ
ဲဒီတုန်းက ကျနော်တို့နေတဲ့ ဂျူးဘန်းလမ်းထဲက အိမ်ကို မနက်ကြီး ရောက်ချလာတယ်။ ပုဆိုးနဲ့ လက်ထားမှာက Peking King Review ကို ကျစ်ကျစ်လိပ်ပြီး ကိုင်လာတယ်။ တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးကို တရုတ်ကွန်မြူနစ်ပါတီက ပြန်သုံးသပ်ထားတဲ့ အကြောင်းပါလို့ ကျနော်ဖတ်ဖို့ သူယူလာတာ။ အဲဒီနေ့က အိမ်ကရေဒီယိုလေးနဲ့ မီတာ ၆၀ ပြည်သူ့အသံကို အတူ နားထောင်ကြတယ်။

တနေ့မှာ Strand Hotel နောက်က ဘီယာခန်းမှာ သူနဲ့ ကျနော် စကားပြောကြတယ်။ မှတ်မှတ်ရရ မေလ (၁) ရက်နေ့။ ကျနော်က ဘီယာသောက်တယ်။ သူက လိမ္မော်ရည်သောက်တယ်။ စကားတွေ အများကြီး ပြောဖြစ်ကြပြီး ကျနော့်အတွက် စကားတခု သူ ထားခဲ့တယ်။ သ
ူ လွတ်မြောက်တဲ့နယ်မြေကို ထွက်သွားတယ်။ ရဲဘော်အောင်မြတ်ထွန်း ဖြစ်သွားတယ်။

ကွန်မြူနစ်ပါတီ မြေအောက်ကို ဆင်းရတော့ သူက ပန်ဝါမှာ ကျန်ခဲ့တယ်။ အဲဒီမှာ ကဗျာဆရာမ မအိ နဲ့ အိမ်ထောင်ကျတယ်။ သူတို့ ဇနီးမောင်နှံ ရန်ကုန်ကို ပြန်ရောက်လာကြတ
ယ် ကြားတယ်။

ခု သူဆေးရုံပေါ်ကနေ မဆုံးခင်အထိ ကျနော့်အကြောင်းကို တဖွဖွ တမ်းတသွားရှာတယ်။ သူ့နားမှာ ရှိတဲ့ ရဲဘော်တွေက ပြန်ပြောပြတာ။ တိုက်တိုက်ဆိုင်ဆိုင် သူဆေ
းရုံတက်နေကြောင်း email မ၇ခင် တပါတ် ဆယ်ရက်လောက်မှာ သူ့ကို ကျနော် သတိရနေလို့ ကျနော့်အလုပ်မှာ အချိန်အားခိုက် စာလေးတစောင် ထိုင်ရေးနေတာ။ စာက တပိုင်းတန်းလန်း။ ရေးပြီး သူ့ဆီ ဘယ်လိုပေးရကောင်းမလဲ စဉ်းစားနေတာ။ စာထဲမှာ အဆက်အသွယ်တွေ အကြာကြီး ပြတ်နေလို့ ကျနော့်ကို ဆက်သွယ်ဖို့ လိပ်စာတွေ၊ email တွေ၊ ဖုံးနံပါတ်တွေ ထည့်ရေးထားတယ်။
လိပ်ကလေးကို ကြည့်နေရှာတဲ့ ကိုစိန်ပေါ

နောက်ပီး ကျနော် ခုထိ အမှတ်ရနေတဲ့ အဖြစ်အပျက်ကလေးတခု စာထဲမှာ ထည့်ရေးထားတယ်။ တခါမှာ သူရယ်၊ ကိုစိန်ပေါ (ပီဒီပီ)ရယ်၊ ကျနော်ရယ် ဘတ်စ်ကား စီးလာကြတယ်။ ထိုင်စရာခုံမရလို့ အလည်တန်းကို ကိုင်ပြီး လိုက်လာကြတာ။ အတွင်းဝန်ရုံးရှေ့ ဘိုကလေးဈေးလမ်းထိပ်ရောက်တော့ ကိုစိန်ပေါက တာမွေသွားစရာရှိလို့ ကားပြောင်းစီးဖို့ ဆင်းသွားတယ်။ သူနဲ့ ကျနော်က ဆက်စီးလာတာ သိမ်ဖြူလမ်းပေါ် စိန်ပေါကျောင်းနား ရောက်တော့ ကျနော်တို့နား ရပ်နေတဲ့ ကားလက်မှတ်ရောင်းက "စိန်ပေါ- ပါလား" လို့ မှတ်တိုင်ဆင်းဖို့ ခရီးသည်တွေကို မေးတယ်။ "လိပ်ကလေး"က လက်မှတ်ရောင်းဘေးကနေ "စိန်ပေါ ဆင်းသွားပြီ" …..တဲ့။ လက်မှတ်ရောင်း ပါးစပ်အဟောင်းသားဖြစ်ပုံကို ကြည့်ပြီး ကျနော့်မှာ ရီလိုက်ရတာ။

ခုတော့… စိန်ပေါက သမိုင်း-အုပ်ကျင်းရပ်ကွက်ထဲမှာ လန်းလန်း လန်းလန်းနဲ့ အာလို့ ရွှီးလို့ကောင်း တုန်း။ စိန်ပေါ ဆင်းသွားပြီလို့ ပြောခဲ့တဲ့ "လိပ်ကလေး" … လူ့လောကထဲကနေ သင်္ဃန်းကျွန်း စံပြဆေးရုံ မှတ်တိုင်မှာ ဆင်းသွားတယ်။ သူက အရင် ဆင်းနှင့်သွားပြီ။ ကျနော်တို့လဲ ရှေ့ဘယ်နှစ်မှတ်တိုင်ရောက်ရင် ဆင်းရမလဲ…. မပြောတတ်ဘူး။ ကျနော်ရေးပြီး မပေးဖြစ်တဲ့ စာထဲကအတိုင်း … ရောက်ရာကနေသာ ဆက်သွယ်ပါ… ရဲဘော်အောင်မြတ်ထွန်းရေ……။

မောင်မင်းရာ

ဓါတ်ပုံများကို ကိုမြတ်ခိုင်ရဲ့ facebook မှ ကူးယူဖော်ပြပါတယ်။ ကျေးဇူးပဲ ကိုမြတ်ခိုင်ရေ... ခွင်းပြုချက် အရင်မတောင်းခံဖြစ်တာ နားလည်ပေးပါ။

Sunday, July 31, 2011

သခင်သန်းထွန်း - အနီကို လေ့လာကြည့်ရှုချက်
ရေးသူ - ဒဂုန်တာရာ





[၂၀၁၁ သြဂုတ်လတွင် ကျရောက်သော ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဌ သခင်သန်းထွန်း(၁၉၁၁-၂၀၁၁) ရဲ့ မွေးနေ့ရာပြည့် အထိမ်းအမှတ်အဖြစ် မာယာမဂ္ဂဇင်းက ဂါရဝပြု ဖော်ပြခြင်း ဖြစ်ပါတယ်။]



လူငယ်လည်း ဖြစ်ရမည်၊ အဝတ်အစား ခပ်စုတ်စုတ် ခပ်နွမ်းနွမ်းနှင့်၊ (ဒါမှပစ္စည်းမဲ့ သရုပ်ပေါ်ပေမည်ကိုး) မော်တော်ကားခန့်ခန့်၊ ဆိုဖာ၊ အိုက်စကရင်နှင့်ကိတ်မုန့်၊ စန္ဒယား စသည်တို့နှင့် မနီးစပ်ရ။ (တောအောင်းနေနိုင်က ပိုကောင်းမည်) အကြမ်းပတမ်း လက်နက်ကိုင်ထကြွမှုကို လိုလားသူ။ ယေဘူယျ လူအများက ကွန်မြူနစ်ဆိုလျှင် ဤသို့ဘဲဟု အောက်မေ့လျက် ရှိကြသည်။

ကွန်မြူနစ်ဆိုသူမှာလည်း စင်စစ်၊ သွေးနှင့်သားနှင့် ပြုလုပ်ထားသော သတ္တဗေဒ အကောင်အထည် လူပင်ဖြစ်ပါသည်။ လူဆိုသည်မှာ တဏှာပေမကို မပယ်နိုင်သူ၊ ဆန့်ကျင်ဘက်လိင်ကို တောင့်တသော သွေးစိတ်သားစိတ်၊ မိမိသာလျှင် တွင်ကျယ်ချင်သော အတ္တစိတ်၊ တခါတရံ အမှောင်ကဲ့သို့ မိုက်မဲတတ်သော မောဟစိတ် စသည်တို့နှင့် ပြည့်စုံသော လူပင် ဖြစ်သည်။ အဘိဓမ္မာဆရာကြီး ဒေါက်တာဂျုတ် ပြောသကဲ့သို့ 'လူသည် မိမိသာ လူတွင်ကျယ်ဖြစ်ကြောင်း ပြလိုသည်' ဆိုသော လူပင်ဖြစ်သည်။ လူဆိုသည်မှာ ဘယ်သူပဲဖြစ်ဖြစ်၊ အတူတူချည်းပဲ ဖြစ်သည်။


သို့သော်၊ သို့သော်…. လူတွေထဲမှာဘဲ လူညံ့၊ လူတော်၊ ပညာတတ်၊ ပညာမဲ့ စသော အသွေးအရောင် ကွဲပြား ခြားနားတာတွေကား ရောထွေးရှက်လိမ်လျက် ရှိနေပေသည်။

ကျွန်တော့်အဖို့ရာကား၊ မိုက်မဲတတ်၊ လိမ္မာတတ်၊ ညံ့တတ်၊ တော်တတ်သော လူများကိုသာ တွေ့မြင်နေသည်။ သည်အထဲ ကွန်မြူနစ် ဆိုသူလည်း လူ၊ အခြားသူတွေလည်း လူပင်မဟုတ်လော။ ဒါကိုဘဲ မြင်သည်။

သို့ရာတွင်၊ ကွန်မြူနစ်ဆိုသူသည်ကား တခုကို ယုံကြည် ကိုးကွယ်သူဖြစ်သည်။ ကွန်မြူနစ်ဝါဒကို ကိုးကွယ်ယုံကြည်နိုင်ရန် လူ့အတ္ထုပ္ပတ္တိ ရာဇဝင်၊ လူ့အတွေးအခေါ် အဘိဓမ္မာ၊ လူ့နေမှု ထိုင်မှု နိုင်ငံရေး ဘောဂဗေဒ စသည်တို့ကို ကမ္ဘာဦးရာဇဝင်ပေါ်စမှ ယနေ့ အနုမြူခေတ်အထိ အဖြစ်အပျက်များကို သိရှိ နားလည်ရပေမည်။

ကွန်မြူနစ်ဝါဒကို ကားလ်မာက်စ်က ဖော်စပ်ခဲ့၏။ ကားလ်မာက်စ်သည် အင်္ဂလိပ်နိုင်ငံရေး ဘောဂဗေဒပညာ၊ ပြင်သစ်တော်လှန်ရေး နိသျှပညာ၊ ဂျာမန် ရုပ်ပိုင်း အဘိဓမ္မာ စသည်များကို သူ့အမြင်ဖြင့် ပေါင်းစပ်၍ ကွန်မြူနစ်ဝါဒဆိုတာကို ဖော်ပေးလိုက်ခြင်း ဖြစ်သည်။ သူ့ အရင်ခေတ်ကလည်း လူ့အဖြစ်အပျက်များ ကို မှီး၍ အတွေးအမြင်များ ရှိခဲ့ပေမည်။ သို့သော် သူက အားလုံးကို ရှာဖွေစူးစမ်းကာ ယထာဘူတ စနစ်တကျ သိပ္ပံပညာရပ်အဖြစ် ပြုလုပ်လိုက်ခြင်းပင် ဖြစ်သည်။

နောက် လီနင်က မာက့်စ်၏ဝါဒကို လေ့လာကာ တဖန် စူးစမ်းပြီး လက်တွေ့လုပ်လိုက်၏။ ရုရှားပြည်ကြီး ကို ဆိုရှယ်လစ်နိုင်ငံတော်အဖြစ် တည်ထောင်လိုက်၏။ သူ၏ နိသျှကို ကြည့်ရှုဆင်ခြင်ပြီး လီနင်ဝါဒဟု ခေါ်ကြ၏။ နောက်တဖန် စတာလင်က ဆိုရှယ်လစ်နိုင်ငံတော် တည်တံ့ခိုင်မြဲအောင် လက်တွေ့ လုပ်ကိုင်၏။ ထိုနည်းကိုပင် 'စတာလင်ဝါဒ' ဟု ခေါ်စပြုပေပြီ။

ကမ္ဘာဦး သမတခေတ်က အနုမြူခေတ်အထိ၊ လူ့နေထိုင်မှု စသည်တို့၏ အဖြစ်အပျက်များ ပြောင်းလဲလာခြင်းများကို စနစ်ကျကျ မှန်ကန်စွာ လေ့လာရှုကြည့်ပြီးမှ ရှေ့ကို ဘယ်လိုနည်းဖြင့် ဘယ်လိုလုပ်လျှင် ဘယ်လိုခေတ်ကို ရောက်မည်ဟု ကြံဆတွေးခေါ်ကာ ယုံကြည်ချက်အတိုင်း လုပ်ခြင်းသည် ကွန်မြူနစ် ဖြစ်လေသည်။

လောကတွင် ထမင်းရက်ချန် စားနေရသူနှင့် ဧည့်သည်များဖိတ်၍ နေ့လည်စားပွဲဖြင့် တည်ခင်းကျွေးမွေး နေနိုင်သူ၊ လက်ထဲတွင် နှစ်ပြားမျှ ပြည့်အောင်မရှိသူနှင့် အပိုရွှေဒင်္ဂါး ကုဋေတရာကို ဘဏ်တွင်အပ်ထားသူ စသဖြင့် ကွာလှမ်းလှသော အဆင့်အတန်းကို အဘယ်ပုံ သမအောင် လုပ်မည်လဲ။ လောကဓါတ်ပညာ ထွန်းကားနေသည့်အကျိုးကို လူတိုင်းခံစားနိုင်အောင် အဘယ်ပုံ လုပ်မည်လဲ စသော လူ့ လောကကြီးဝယ် မညီမျှမှု၊ အလွန်တရာ ကွာလှမ်းမှုတို့ကို ဖြေစွမ်းနိုင်မည့် အဖြေကို ရှာသူတို့သည် ကွန်မြူနစ်နိသျှနှင့် သွားတွေ့ကြပေသည်။

ဥပမာ- တိုင်းပြည်တွင် လူ ၁၀၀ ရှိသည် ဆိုကြပါစို့။ ထိုပြည်၏ တနေ့ဝင်ငွေသည် ၁၀၀ ကျပ် ဆိုကြပါစို့။ လူ ၁၀ ယောက်မှာ ဓနရှင်များဖြစ်၍ သူ၏ အလုပ်သမား လယ်သမားများကို လုပ်ခိုင်းရာမှ ၈၀ ကျပ် ရ၏။ (ပျမ်းမျှကြေး တဦးလျှင် ၈ ကျပ်) ကျန် လူ ၉၀ ၏ ဝင်ငွေမှာ ၂၀ ကျပ် ဖြစ်ပေမည်။ (ပျမ်းမျှကြေး ၄ ပဲ ဖြစ်၏) ဤကဲ့သို့ မညီမျှသော ဂ ကျပ်နှင့် ၄ ပဲကို အဘယ်ပုံ သမအောင် လုပ်မည်လဲ။ လူ ၁၀၀ လုံး အလုပ် လုပ်၍ ဝင်ငွေ ၁၀၀ ရသည်ဆိုလျှင်၊ တဦးလျှင် ပျမ်းမျှကြေး ၁ ကျပ် ရကြပေမည်။ အကြမ်းအားဖြင့် ဤသဘောသို့ ရောက်အောင် ကျိုးစားသူသည် ဆိုရှယ်လစ် ဘောဂဗေဒ သဘောကို ယုံကြည်နိုင်ပေမည်။

ဆိုရှယ်လစ်နှင့် ကွန်မြူနစ်မှာ ပဌမအဆင့်နှင့် ဒုတိယအဆင့် ဖြစ်လေသည်။ ဖူးပြီးမှ သီးပွင့်ရသကဲ့သို့၊ ၁ ပြီးမှ ၂ လာရသကဲ့သို့၊ ဆိုရှယ်လစ်ခေတ်မှ ကွန်မြူနစ်ခေတ်သို့ ကူးမြောက်ရပေမည်။

တန်းတူညီမျှခြင်းကား မဖြစ်နိုင်ပေ။ လီနင်ကလည်း ဤသို့ ပြောခဲ့ပေသည်။ တခါက အင်္ဂလိပ် အဘိဓမ္မာ ဆရာကြီး တဦးက ပြောခဲ့ပေသည်။ 'ဆိုရှယ်လစ်လုပ်ခြင်း ဆိုသည်မှာ မညီမညာရှိနေတဲ့ မြေပြင်ကို ညှိပေးရတာပဲ။ တောင်ကမူစာကလေးကို နဲနဲနှိမ့် ဖြိုချ၊ ချိုင့်ဝှမ်းကို မြေနဲ့ ဖို့တင်၊ အဲဒါပါပဲ။ တပြေးညီနေအောင် လုပ်တာ မဟုတ်ပါဘူး'

သူပြောသကဲ့သို့ပင် ကမ္ဘာရှိ လူ့နေမှု ထိုင်မှု စနစ်ကြီးကို သမအောင် ညီအောင် ညှိပေးခြင်းသည် ဆိုရှယ်လစ်လုပ်ခြင်းပင် ဖြစ်ပေသည်။

ဆိုဗီယက်ရှိ ကွန်မြူနစ်ဆောင်ပုဒ်တခုမှာ "သူ့ထံမှ သူ့အရည်အချင်းအလျောက် အလုပ်ကို ရ၍၊ သူလိုတာ (နေမှုထိုင်မှု) ကို သူ့အား ပေးရမည်" ဟု ဖြစ်သည်။ အချုပ်မှာ လူတိုင်း အလုပ်လုပ်ရ၍၊ လုပ်သလောက် စားရပေမည်။ တံမြက်စည်း လှဲတတ်သူကလည်း လမ်းအမှိုက် ရှင်းလင်းပေး၍၊ ဆရာဝန်ကလည်း ပြည်သူအတွက် ဆေးစပ်ပေးပြီး နှစ်ယောက်စလုံး ဝဝလင်လင် စားနိုင် နေနိုင်သော နေမှုထိုင်မှုကို ရရှိကြပေသည်။

ဤကား အကြမ်းအားဖြင့် ဆိုရှယ်လစ်၊ ကွန်မြူနစ် သဘောများ ဖြစ်၏။ ကွန်မြူနစ်ဝါဒ၏ အနုပဋိလောမ၊ ရုပ်ပိုင်းရာဇဝင်၊ ရုပ်ဝါဒ စသော သဘောတရာများ ရှိသေး၏။ ဤအတွေးအခေါ်များကို- သိရှိနားလည် ယုံကြည်နိုင်ရန်၊ လူ့ရာဇဝင်၊ အဘိဓမ္မာ၊ ဘောဂဗေဒ စသော ပညာအခြေခံများ ရှိရပေမည်။ ဤအခြေခံရဘို့ တော်တော်တတ်သိ နားလည်ရပေမည်။

ထို့ကြောင့်ပင်၊ အထက်တန်းပညာတတ်သူများသည် အများအားဖြင့် ကွန်မြူနစ်ဆံကြပေ၏။ တက္ကသိုလ်မှ ကမ္ဘာကျော် ပါမောက္ခများ၊ စာရေးဆရာကြီးများသည် ကွန်မြူနစ်ဆံကြပေ၏။

ကျွန်တော့်အဘို့ရာကား ကွန်မြူနစ်ဆိုလျှင် အစက ဖော်ပြသကဲ့သို့ သူများကို မမြင်ဘဲ၊ တကယ့်ပညာ တတ်များကို မြင်နေ၏။ သခင်သန်းထွန်းဆိုလျှင် ပညာတတ်အဖြစ်သာ မြင်နေမိ၏။

[၂]

သခင်သန်းထွန်းကို လူချင်း မသိမီ ကတည်းက အမည်ကို ကြားဘူးနေ၏။ ကိုဘဟိန်းက သခင်သန်းထွန်း၏ အကြောင်းကို မကြာခဏ ကျွန်တော့်အား ပြောပြ၏။

ထိုအခါက ကိုဘဟိန်းသည် တက္ကသိုလ်ရိပ်သာရှိ သထုံကျောင်းဆောင်တွင် မရှိဘဲ၊ မြို့ထဲ ၃၈ လမ်းရှိ ဇဝန တို့ စုနေကြသော အိမ်တွင် ရောက်နေတတ်၏။ ထိုအိမ်တွင် သခင်သန်းထွန်းလည်း နေ၏။

"သခင်သန်းထွန်းဆိုတာ တော်တော် စာဖတ်တယ်ဗျ။ မာ့က်စ်စာပေလဲ အတော် ဖတ်တယ်။ စာရေးလဲ ကောင်းတယ်" ဟု ကျောင်းဆောင်သို့ ပြန်ရောက်လျှင် ကိုဘဟိန်းက ကျွန်တော့်အား ပြောပြလေ့ ရှိ၏။ စိတ်ထဲတွင် သခင်ပေါက်စ တဦးဘဲဟုသာ အောက်မေ့လိုက်၏။

တနေ့တွင် ကိုဘဟိန်းနဲ့အတူ ပန်းဆိုးတန်းရှိ ထွန်းအေးစာအုပ်ဖြန့်ချိရေးဌာနသို့ ရောက်သွားရာ၊ သခင်သန်းထွန်းနှင့် သွားတွေ့၏။ ကိုဘဟိန်းက ကျွန်တော့်ကို သခင်သန်းထွန်းနှင့် အသိဖွဲ့ပေး၏။

"သြ…. သြ… ခင်ဗျား အကြောင်းလဲ ကိုဘဟိန်းက ခဏခဏ ပြောပြပါတယ်ဗျာ….." ဟု သခင်သန်းထွန်းက ပြုံးကာ ပြောလေသည်။

သူသည် မန္တလေးပိုးအပေါ်ဖုံး၊ ပိုးလုံချည် ဝတ်ထား၏။ မျက်နှာမှာ ခပ်လုံးလုံး အရုပ်ဆိုးသည်ဟု ခေါ်ရပေမည်။ အသားကား ဝါလဲ့လဲ့၊ ဆံပင်ကောက်၏။ အထူးခြားဆုံးမှာ ခေါင်းကြီးခြင်း ဖြစ်၏။ အမူအရာမှာ ပြော့ပျောင်း၏။ စကားပြောသောအခါလည်း ခပ်အေးအေးနှင့် သိမ်မွေ့စွာ ပြော၏။

အစက ထင်ထားသကဲ့သို့ အာပေါင်အာရင်းသန်သန် ဟစ်အော်သူ မဟုတ်။ ညှင်းညှင်ညံညံ လေသံနှင့်၊ ကဗျာဆရာမီလတန်၊ လီနင်ဝါဒ၊ ကိုလိုနီတော်လှန်ရေး၊ ဘားနတ်ရှောပြဇာတ်၊ ချာလ်ဒစ်ကင်း၏ဝတ္ထု၊ ဗြိတိသျှ ပါလီမန်၊ ဦးကုလားရာဇဝင်၊ သိပ္ပံမောင်ဝ၏ခေတ်စမ်းစာ၊ နတ်ရှင်နောင်ရတု စသော အကြောင်းအရာများကို ပြော၏။

နောက်မှ သူသည် ဆရာဖြစ်သင် တက္ကသိုလ်ကျောင်းမှ ထွက်ကြောင်း၊ သူသည် (၁၀)တန်းတွင် အင်္ဂလိပ်စာ၊ ရာဇဝင်၊ ဗမာစာ စသည့် ဂုဏ်ထူးများဖြင့် အောင်ခဲ့သည်ဟု သိရ၏။ ကျောင်းနေစဉ်က စာတော်သူ ဖြစ်ခဲ့၏။ ထိုစဉ်ထိုအခါက သူသည် ရန်ကုန်အရှေ့ပိုင်း ကုလားကျောင်း တကျောင်းတွင် အင်္ဂလိပ်စာပြဆရာ လုပ်လျက်ရှိသည်။

တခါက အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော ဆောင်းပါးတစောင်ကို တက္ကသိုလ်သမဂ္ဂဇင်းဟောင်း တစောင်တွင် ဘတ်ရဘူး၏။ သူသည် အင်္ဂလိပ်စာကို နိုင်နင်းစွာ ရေးသားနိုင်သူ တဦးဖြစ်၏။ ဂျပန်ခေတ် သူ ဝန်ကြီးဖြစ်စဉ် သူ ရေးထားသော အင်္ဂလိပ်စာကို ဖတ်၍၊ ယခု ဆိုရှယ်လစ်ဝန်ကြီး ကိုကျော်ငြိမ်းက 'အင်္ဂလိပ်စာ ရေးတာ မြန်သလောက် ကောင်းတာပါဘဲ' ဟု ချီးကျူးသည်ကို ကြားရဘူး၏။

၁၉၃၉ က ဒို့ဗမာအစည်းအရုံးမှ ကိုယ်စားလှယ်အဖွဲ့သည်၊ ကွန်ဂရက်၏ ဘိတ်ကြားချက်အရ အိန္ဒိယပြည် ရမ်းဂါးသို့ သွားကြ၏။ သခင်အောင်ဆန်း၊ ကိုဘဟိန်း၊ သခင်သန်းထွန်းတို့ ပါသွားကြ၏။ တက္ကသိုလ် ကျောင်းသားသမဂ္ဂများက သခင်အောင်ဆန်း၊ သခင်သန်းထွန်းတို့ကို မကြာခဏ ဘိတ်၍ စကားပြောစေသည်ဟု သိရ၏။ သခင်သန်းထွန်းကို ပွဲတောင်းလှသည်ဟု ကြားရ၏။

ဂျပန်ခေတ် လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဖြစ်စဉ်က သူ့ဌာနတွင်လုပ်သော အတွင်းဝန်များသည် သူ့ကို လေးစားကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် လယ်ယာစိုက်ပျိုးရေးကို လေ့လာနားလည်ပြီး၊ ညာဝါး ဖြန်းသန်းကာ မဆိုင်သည်ကို ဝင်ရောက်စွက်ဖက်ခြင်း မလုပ်သောကြောင့် ဖြစ်သည်။

သခင်စိုး၏ 'ဆိုရှယ်လစ်ဝါဒ' ကျမ်းစာအုပ်၏ အမှာကို သခင်သန်းထွန်းက ရေးသည်။ သူ့ ဗမာစာမှာ တိုတို၊ လိုရင်းနှင့် အဓိပ္ပါယ်ပေါ်၏။ သတင်းစာဆံ၏။ ဘတ်သူစွဲပြီး အနက်ပေါက်လွယ်၏။ အဖြတ်အတောက် ကလေးများမျာ ခေတ်ဆန်၏။ ရှင်းလင်းပြီး လှပ၏။ သတင်းစာဆရာလုပ်လျှင် သတင်းစာဆရာကောင်း တယောက် ဖြစ်မည်ဟု ထင်၏။

သူသည် နဂါးနီစာအုပ်အသင်းကို တည်ထောင်သူ တဦးဖြစ်သည်။ သခင်စိုးနှင့် သူသည် ဗမာပြည်တွင် မာက့်စ်ဝါဒ၊ ကွန်မြူနစ်ဝါဒကို ပဌမ ဖြန့်ချိသူများ ဖြစ်ကြ၏။ သခင်းစိုးက စကားလုံး အသစ်ထွင်၍ ခံ့ညာသော စာကြီးပေကြီး၊ ပိဋိကတ်စာပေဖြစ်အောင် လုပ်ပေး၏။ သခင်သန်းထွန်းကား ဆိုရှယ်လစ်ဝါဒနှင့် ဗမာပြည်၊ ကမ္ဘာစသည်တို့နှင့် ယှဉ်ကာ လူအများ နားလည်အောင် ပြောပြသူ ဖြစ်၏။ အဓိပ္ပါယ်ကို ဖွင့်ပြကာ ရှင်းလင်း၏။

ယခုခေတ် ကွန်မြူနစ်ဝါဒကို လေ့လာသူတိုင်း သခင်သန်းစိုး၊ သခင်သန်းထွန်းတို့ ပြုစု စိုက်ပျိုးခဲ့သော အသီးအပွင့်နှင့် မကင်းနိုင်ကြ။ သူတို့၏ ကွန်မြူနစ်စာပေများကို ဖတ်ပြီး လူများသည် ကွန်မြူနစ်ကို သိလာကြ၏။ သူတို့ စကားလုံးတွေကိုပင် သင်အံပြီး၊ ဖေါက်ပြန်ရေး၊ ကလပ်စည်း၊ လူမှုဆက်ဆံရေး စသည်ဖြင့် ကြွေးကြော်နေကြ၏။

ခက်သည်မှာ အတုအယောင်များက နိုင်နိုင်နေတတ်၏။ အတုအယောင်တို့က လွှမ်းမိုးတွင်ကျယ်သဖြင့်၊ လက်ဦးစွန့်၍ တည်ထွင်သူ အစစ်တို့မှာ ဖုံးကွယ်ခြင်း ခံနေရတတ်၏။ လူထုမှာ အတုအယောင်များက ကာထားသဖြင့် အစစ်ကို မမြင်ကြရပေ။

သခင်စိုး၊ သခင်သန်းထွန်းတို့က စွန့်ကာ စလိုက်သော ကွန်မြူနစ်လမ်းစဉ် စာတမ်းများကို ဘတ်ပြီး နိုင်ငံရေး ဇာတ်ခုံပေါ် ရောက်လာကြ၏။ အာဏာတွေ ရလာကြ၏။

ကွန်မြူနစ်နိုင်ငံရေး စာပေတွင် ဝေါဟာရကို ကြွယ်ဝစေသော သခင်စိုးကား ထောင်နံရံထဲတွင် တိမ်မြုပ်နေ၏။ လူအများ ရှင်းလင်းနားလည်အောင် အဓိပ္ပါယ်ကောက်ပြသော သခင်သန်းထွန်းကား ချုံနွယ်ပိတ်ပေါင်းများ အကြားတွင် ရောက်နေရလေပြီ။

(၃)

တက္ကသိုလ်သမဂ္ဂ အမှုဆောင်အခန်းတွင် သခင်သန်းထွန်းကို မကြာခဏ တွေ့ရတတ်၏။ သခင်အောင်ဆန်း ပင်းယဆောင်တွင် ရှိစဉ် သူသည် မကြာခဏ လာလည်ကာ နိုင်ငံရေးများကို ဆွေးနွေးလေ့ရှိ၏။ သူ့ကိုတွေ့တိုင်း မန္တလေးအပေါ်ဖုံး၊ မန္တလေးလုံချည်နှင့် ပြောင်ပြောင်လက်လက် တွေ့ရတတ်၏။ စကားကို ညှင်းညှင်းညံ့ညံ့ ပြော၏။

ကိုဘဟိန်း အယ်ဒီတာချုပ်လုပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၏ ကြွေးကြော်သံ 'မျိုးညွန့်' မဂ္ဂဇင်း (၁၉၃၈) တွင် သခင်သန်းထွန်း၏ အရင်းရှင်ဆန့်ကျင်ရေး ဆောင်းပါးများကို ဘတ်မိ၏။ သူသည် ကိုလိုနီတော်လှန်ရေးကို လှုံ့ဆော်ခဲ့၏။ ကျောင်းသားပိုင်းသည် နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဝင်စားလာကြလေပြီ။

သူသည် ကိုဘဟိန်းကို အတော်ခင်၏။ ခလေးလို အလိုလည်း လိုက်၏။ ကိုဘဟိန်း၏ 'ဓနရှင်လောက' စာအုပ် အမှာတွင် သူသည် ကိုဘဟိန်းအကြောင်းပါ ရောဘက်ကာ ရေးထားရာ၊ အတော်ဘတ်၍ ကောင်း၏။ သူသည် အမှာစာ ရေးကောင်းသူ ဖြစ်၏။

အိုးဝေမဂ္ဂဇင်းတွင် ကျွန်တော် အယ်ဒီတာဖြစ်စဉ်က သခင်သန်းထွန်း၊ သခင်စိုးတို့ထံမှ ဆောင်းပါးများ တောင်းဘူး၏။ သခင်စိုး၏ 'လွတ်လပ်ရေးတိုက်ပွဲ' မှာ၊ မထုတ်မီ ပြည်ထဲရေးဌာနက ဆင်ဆာလုပ်ရာတွင် ပါသွား၏။ သခင်သန်းထွန်း၏ 'နိုင်ငံရေး လက်တွေ့လုပ်လိုသူများအဘို့ စကားလက်ဆောင်' ကား ပုံနှိပ်ဖြစ်၏။

ထိုဆောင်းပါးကား ထိုခေတ်က ဝါဒဖြန့်ပြီး အသိုင်းအဝိုင်းနှင့် နာမည်ကြီးအောင်လုပ်ကာ နိုင်ငံရေး လိုက်စားကြသော ပေါ်ပင်နိုင်ငံရေးသမားများကို ပြောင်လှောင်၍ထားသည်။ သရော်ချက်ပါ၏။ ဘတ်ယင်း ရယ်မောမိသည်။

ထိုဆောင်းပါး အိုးဝေမဂ္ဂဇင်းတွင် ပါလာသောအခါ သခင်သန်းထွန်းမှာ နဂါးနီစာအုပ်အသင်းလူကြီး။ ဒို့ဗမာအစည်းအရုံး အမှုဆောင်အဖြစ်တွင် ထောင်ထဲရောက်နေပေပြီ။

နောက် ဂျပန်အဝင် ဒိုင်အိုကျောင်း စစ်ဆေးရုံ၌ သူနှင့်တွေ့သောအခါ အိုးဝေမဂ္ဂဇင်းအကြောင်း စကားစပ်မိရာ….
'အဲဒီဆောင်းပါး ထည့်တာ ခင်ဗျားကို ကျေးဇူးတင်တယ်' ဟု ကျွန်တော်အား ပြောသည်။

'ကျွန်တော်လဲ အဲဒီတုံးက မထည့်ဘူးလို့ နေသေးတာ။ သခင်သန်းထွန်းဆောင်းပါးဘတ်ပြီး သခင်တွေဟာ ဒီလိုဘဲ၊ နိုင်ငံရေးသမားလုပ်နေတာလို့ ထင်မှာစိုးလို့ဘဲ။ နောက်တော့ ဟာသ ပါတာ၊ စာပြောင်တာနဲ့ ထည့်လိုက်တာဘဲ' ဟု ကျွန်တော်က ပြော၏။

သခင်သန်းထွန်းကား ပြုံးနေပေသည်။

သခင်သန်းထွန်းသည် တက္ကသိုလ်ကျောင်းသားများကို နိုင်ငံရေးဘက်ပါအောင်၊ နယ်ချဲ့ဆန့်ကျင်ရေးကို ပြုအောင် ဆွဲဆောင်ခဲ့သည်ဟု ထင်၏။ ၁၉၃၉- ခု လောက်က မြေနီကုန်းရှိ ကိုဘဟိန်း၏အိမ်တွင် သူ့ကို မကြာခဏ တွေ့ရတတ်၏။ သခင်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ သခင်သန်းထွန်းနှင့် ဂိုရှယ်(ထိုအခါက ဘောဂဗေဒဂုဏ်ထူးတန်း ကျောင်းသား) တို့ကို တွေ့ရတတ်၏။

သခင်သန်းထွန်းတို့သည် ၁၉၃၉ ခုလောက်ကတည်းက ဗမာပြည်တွင် ကွန်မြူနစ်ပါတီကို ဖွဲ့စည်းနေကြ သည်။ ကိုဘဟိန်းက ကျွန်တော့်ကို မာ့က်စ်ကျမ်းစာအုပ်များကို ပေးဘတ်စေပြီး ကွန်မြူနစ်ဘက်ပါရန် မကြာခဏ ပြော၏။ သို့သော် ကျွန်တော်ကား စာပေကို ပိုချစ်၏။ ကဗျာကို ပိုစပ်ချင်နေ၏။

လျှို့ဝှက်၍ ထုတ်ဝေသော အရေးတော်ပုံအမည်ရှိ စာတမ်းကို ၁၉၃၉ လောက်က ဘတ်လိုက်ရလေ၏။ ထို 'အရေးတော်ပုံ' ကား ပဌမဆုံးသော ကွန်မြူနစ်ဂျာနယ် ဖြစ်ပေ၏။

(၄)

ဂျပန်ခေတ်က ရွှေတောင်ကြားလမ်းရှိ စိမ်းညို့မှိုင်းမှုန်သော တောရိပ်မြိုင်ခြေကလေးသည် တရေးရေး ထင်လာ၏။

ရွှေတောင်ကြားလမ်းနှင့် လောင်းဝစ်လမ်းအဆုံတွင် ပိန်းပင်၊ ရေမြက်ရှည်ပင်၊ မှော်ပင်များဖြင့် နောက်ကျိသော ရေအိုင်တအိုင်ရှိ၏။ ရေအိုင်မှာ ရေညှိများ လွှမ်းနေသဖြင့် ထိုပတ်ဝန်းကျင်မှ ဘာအရောင်မျှ လာမထင်၊ မှုန်ညို့ညို့၊ စိမ်းဝါဝါသာ လဲ့လဲ့ပေါ်နေသည်။

ထိုရေအိုင်ရှိ ကုန်းမြင့်ကလေးတွင် ခေတ်ဆန်သော တိုက်တတိုက်သည် မော်ကြွားနေ၏။ ခရမ်းပွင့်များ တွဲလွဲခိုနေသော ဆင်ဝင်ရှေ့တွင် အမြောက်ကလေးနှစ်လက် ဆင်ထား၏။ အိမ်ရှေ့မျက်နှာစာရှိ မြက်ခင်းကား အနီအဝါ အဖြူစသော ပန်းမာလာတို့ဖြင့် ပြောက်ကျားနေသည်။

ဂျပန်ခေတ်က ထိုနေရာတဝိုက်တွင် ဘီအိုင်အေ သခင်များ နေထိုင်ကြ၏။ ဗိုလ်စကြာ၊ ကိုလှမောင် (ယခု သံအမတ်) ဗိုလ်လက်ျာ၊ သခင်တင်၊ ကိုကျော်ငြိမ်း၊ သခင်ချစ်၊ ဗိုလ်ဇေယျ၊ သခင်လင်း၊ သခင်ကိုယ်တော်မှိုင်း စသူတို့သည် ဤပတ်ဝန်းကျင်တွင် တိုက်များနှင့် နေကြ၏။

ထို အမြောက်နှင့်အိမ်တွင် ပဌမ ဗိုလ်ချုပ်အောင်ဆန်း နေ၏။ နောက် ဗိုလ်ချုပ်အောင်ဆန်း ဒေါ်ခင်ကြည် နှင့် လက်ထပ်၍ ပြည်လမ်း ပြောင်းသွားသောအခါ သခင်သန်းထွန်း လာနေ၏။ သခင်သန်းထွန်းမှာ ထိုအခါက လူပျိုဖြစ်လေသည်။

ယခင်က အင်္ဂလိပ်အထက်တန်း အရာရှိကြီးများနေသော တိုက်ဖြစ်၍၊ ခမ်းနား ထယ်ဝါသော ဓနရှင် အဆောင်အယောင်များဖြင့် တောက်ပလျက်ရှိသည်။

ဖက်ဖူးရောင်ခံတွင် သရက်ထည်ပွင့် ပန်းနွယ်ပန်းခက်တို့ဖြင့် ရှက်လိမ်သော ဆိုဖာများသည် အဝါနုနံရံနှင့် အသွေးချင်း အပြန်အလှန် တုံ့ပြန်နေကြ၏။ ဆိုဖာ ဆက်တီ၏ အလယ်မှာ မဟော်ဂနီရောင် ထနေသော ပန်းအိုးတင်စားပွဲသည် တူရကီကော်ဇောပေါ်တွင် အဝင့်သား ထင်နေ၏။ မှန်ပြတင်းမှ အစိမ်းပုတ်ရောင် ဇာခန်းဆီးသည်အပြင်ဘက် ကောင်းကင်ပြာ သစ်စိမ်းရွက်ညိုတို့ကို မှုန်ရေးရေး မြင်လာအောင် ကာယင်း လေအဝှေ့တွင် ဆွေ့ဆွေ့ခုန်လျက်ရှိ၏။

သခင်သန်းမြိုင်သယ်လာသော ဂျာမန် စန္ဒယားကြီးကား အခန်းဒေါင့်တွင် ရှိပေသည်။ အပေါ်မှာ ပဒေသာ မီးပွင့်သည် လရောင်ကဲ့သို့ ကြည်အေး မြစိမ်းသော ရောင်ခြည်ဖြင့် သ, ပေးနေသည်။ စိမ်းစိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်။

ဤစိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်မှာပင် လယ်ယာစိုက်ပျိုးရေးဝန်ကြီး သခင်သန်းထွန်းသည် မာက့်စ်၏ 'အရင်း' စာအုပ်ကို ဘတ်နေ၏။ သခင်တင်သည် ညနေဆိုလျင် ရောက်လာကာ စန္ဒယားခုံတွင် ဝင်ထိုင်ပြီး ထူးမခြားနား အစပိုဒ်ကို စမ်းပြီး မပြီကလာ တီးကြည့်တတ်၏။ တီးယင်း အသံပျောက်နေသဖြင့် 'လုပ်ပါဦးဗျ… တီးစမ်းပါအုန်း' ဟုဆိုကာ ကျွန်တော့်ဘက်ကို လှည့်၍ ပြောတတ်၏။

သခင်လင်းကား ဆိုဖာတွင် ကိုယ်တခြမ်းမြှုပ်ကာ ရယ်စရာပြောနေ၏။ ဗိုလ်စကြာ၏ ကြွယ်ဝသော စကားသံသည် ပဲ့တင်ထပ်လျက်ရှိ၏။ ဗိုလ်ချုပ်အောင်ဆန်း ကားနှင့် ရုတ်တရက် ရောက်လာသည်လည်း ရှိ၏။

သခင်သန်းထွန်းသည် မာက့်စ်စာအုပ်ကို ချလိုက်ပြီး 'လုပ်ပါဦးဗျ၊ သီချင်းတပုဒ်လောက်…. သက်ဝေဆိုတာလေ……' ဟုပြောကာ ကျွန်တော့်ကို မေးငေါ့ပြ၏။ သူသည် 'သက်ဝေ' သီချင်းကို အလွန်နှစ်သက်၏။

ဘယ်တော့မှ မညှိသဖြင့် အသံကြောင်နေသော စန္ဒယားကြီးမှာ ဂီတသံ ထွက်လာရ၏။ သခင်သန်းမြိုင်သည် ဘေးမှ ရပ်ကာ လိုက်ဆိုနေ၏။ သူသည် ဘင်ဂျို အတီးကောင်းသူလည်း ဖြစ်သည်။

လှသထက်လှမယ်ဆိုယင်
ဆေးဘက်ဝင်ပါသလားလို့
မောင့်အသဲတွေ မောင့်အသွေးတွေ
မောင့်နှလုံးတွေ
အသုံးပြုပါလေ……..
သခင်တင်သည် ဂီတသံဝယ် ငေးမောနေလေပြီ။

ညအမှောင်ကူးစတွင် ကိုကျော်ငြိမ်း ရောက်လာကာ သခင်သန်းထွန်းနှင့် စကားပြောကြပြီး၊ မကြာမီ ကားနှင့် အတူ အပြင်ဘက် အမှောင်ထဲသို့ ထွက်သွားကြ၏။

ကျွန်တော်သည် ကပ်လျက်ရှိသော တဘက်အိမ်တွင် ကိုဘဟိန်းနှင့် အတူနေရာ လူစုံတတ်သဖြင့် သခင်သန်းထွန်းတို့ ဧည့်ခန်းသို့ ကူးကာ လည်ပတ်နေတတ်၏။

ဤစိမ်းလဲ့လဲ့ ဓနရှင်ဆန်သော ဧည့်ခန်းဆောင်မှပင် ဖက်ဆစ်ဆန့်ကျင်ရေး လှုံ့ဆော်စာတမ်းများကို ရေးကြသည်။ ဤဧည့်ခန်းဆောင်မှ ထွက်လာသော ကွန်မြူနစ်တယောက်သည် 'ပုန်ကန်ထကြွလော့' ဟူသော စာတမ်းများကို လွယ်အိပ်နှင့်ထည့်ကာ အိမ်ရှေ့လမ်းပေါ်တွင် လမ်းသလာားနေသော ဂျပန်စစ်သားလေးတဦးကို တိုးမိမတတ် ဖြတ်ကျော်လွန် သွားခဲ့လေသည်။

ဤအခန်းဆောင်တွင် အတူဆုံကြ တွေ့ကြ ရယ်စရာ မောစရာပြောခဲ့ကြသော သူများသည်ပင် ဖဆပလကို ဖွဲ့စည်းကာ၊ တော်လှန်ရေး ပြုခဲ့ကြသည်။

ဤစိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်မှပင်၊ အနီထဲမှ ကြယ်ဖြူပွင့် ပေါ်နေသော ဖဆပလ အလံကို နွေလယ်အခါ အိပ်မက်နေကြသည်။

(၅)

ဤ စိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်တွင် ဆုံခဲ့ကြသော သူများသည်ပင် အချင်းချင်း ဆန့်ကျင်ကုန်လျက် သွေးစီးနှင့် ကိုင်ကာ စိုက်ခဲ့ကြသော ဖဆပလအလံကို နှဲ့နေကြပေပြီ။

သူတို့အားလုံးသည် လူပင်ဖြစ်သည်။ လူတို့၏ မိုက်မဲခြင်း၊ လိမ္မာခြင်း၊ တကိုယ်ကောင်းကြံခြင်း၊ တိုင်းပြည်အကျိုးကြည့်ခြင်း၊ ယုတ်မာခြင်း၊ သန်ရှင်းဖြူစင်ခြင်း တို့ဖြင့် ရောပြွမ်းကာ နေပေမည်။

သခင်သန်းထွန်းလည်း သည်လူများအလည်မှ လူပင် ဖြစ်လေသည်။

ဂျပန်ခေတ်က ကျွန်တော်၏ ငရှင့်သွေး ကတ္တီပါ ဂျာကင်အင်္ကျီကို ကိုဘဟိန်းက ကြိုက်သည်ဆို၍ ယူထား၏။ နောက် သခင်သန်းထွန်းက ကိုဘဟိန်းထံမှ ယူကာ ဝတ်၏။

သခင်သန်းထွန်းသည် ထို ငရှင့်သွေး ဂျာကင်အင်္ကျီကို အတော်နှစ်သက်သည်။ ချမ်းသည့်အခါတိုင်း ငရှင့်သွေးအင်္ကျီကို ဝတ်ကာနေတတ်၏။ သူနှင့်အတူ နေကြသော သခင်တင်ထွန်း၊ သခင်လှကွန်းတို့ကား သခင်သန်းထွန်း ရုံးကအပြန် ကားဆိုက်လျင် ဆိုက်ခြင်း အဝမှ ကြိုကာ ငရှင့်သွေး ဂျာကင်ကို ဆီးပေးပြီး၊
'သခင်သန်းထွန်း ဒီဟာလေး ဝတ်ထားပါ' ဟု စလေ့ရှိ၏။ လူဆိုတာ အလှအပကို ချစ်တတ်ကြပေသည်။

ဒိုင်အိုကျောင်းရှိ ပြည်သူ့ဆေးရုံ အပေါ်ထပ်အခန်းတွင် သခင်သန်းထွန်းသည် မကျမ်းမာသဖြင့် ဆေးဝါး မှီဝဲနေသည်။ နေ့လည်ဆိုလျှင် ဧည့်သည်များသည် သူ့အခန်းတွင် စုံလှ၏။

ဆရာမဒေါ်ခင်ကြီး (ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၏အစ်မ)သည် သူ့ကို ပြုစုနေ၏။ ဧည့်သည်ကား မစဲ။ ထိုအခိုက် ကျွန်တော်လည်း ဝင်မေးရာ မကြာမီ ဆရာမဒေါ်ခင်ကြီးသည် ကာဖီ ယူလာ၏။

'သောက်ပါအုန်း'
ကျွန်တော်က 'ဟာ… ဒုက္ခ၇ှာလို့' ဟုဆိုကာ အားနာဟန် ပြုနေ၏။
'သခင်သန်းထွန်းဧည့်သည်ဆိုယင် ကော်ဖီနဲ့ ဧည့်ခံပါတယ်' ဟု ဗိုလ်စကြာက ပြောကာ နောက်နေ၏။ သခင်သန်းထွန်းကမူ ရှက်နေ၏။

နောက်တလခန့် ကြာသောအခါ သခင်သန်းထွန်းနှင့် ဒေါ်ခင်ကြီးတို့သည် လက်ထပ်လိုက်ကြသည်။ လူတို့၏ ဘဝဇာတ်လမ်းသည် သည်လိုပဲ ဖြစ်ကြပေမည်။

ဂျပန်တော်လှန်ရေး ပြီးစက ကျွန်တော်သည် တောတွင် ရောက်နေရာ၊ ဖဆပလ၏ သတင်းများကိုသာ နားထောင်နေရသည်။ ကွန်မြူနစ်ပါတီမှ ပြည်သူ့အာဏာဂျာနယ်ကို ဘတ်ရသည်။ ဖဆပလ၏ အမည်မှာ ကမ္ဘာ့သတင်းစာ ကော်လံထိပ်တွင် မျက်နှာမဲဖြင့် ပါနေလေပြီ။ သခင်သန်းထွန်း အမည်ကို နိုင်ငံခြားသတင်းစာများ တွင် မကြာခဏ တွေ့ရ၏။ ထိုအခါက သူသည် ဖဆပလ အထွေထွေအတွင်းရေးမှူး ဖြစ်လေ၏။

သူဖဆပလမှ ထွက်သောအခါ၊ သူ့နေရာတွင် တွဲဘက်အတွင်းရေးမှူး ကိုကျော်ငြိမ်းရောက်လာ၏။

တာရာမဂ္ဂဇင်း ထွက်ခါစက သခင်သန်းထွန်းထံ ဆောင်းပါးတောင်းဘူး၏။ သို့သော သူလည်း မရေးဖြစ်၊ ကျွန်တော်လည်း မရောက်တော့။

နောက်ဆုံး ဘုန်းကြီးလမ်း ကွန်မြူနစ်တရားပွဲတွင် တူတဇင်အလံနီကို နောက်ကျောခံလျက် ဓါတ်ခွက်ေ၇ှ့တွင် တရားဟောနေသော သခင်သန်းထွန်းကို ပရိသတ်အလယ်မှ မြင်လိုက်ရ၏။ သခင်သန်းထွန်း၏ တရားကား ပဌမတော့ ခြောက်သွေ့ပြီး၊ နောက်… တဖြေးဖြေး အချက်အလက်များ ပါလာကာ ဆုံးခါနီးတွင် သွေးကြွလာစေသည်။ ဒါဘဲ သိလိုက်သည်။

သူသည် (၃) နာ၇ီခန့် မရပ်မနား စမ်းရေယဉ်မှ ရေများ စီးသွန်ကျသလို ပြော၏။ သူ၏ စကားများထဲတွင် လူအများ ရုတ်တရက် အသိခက်သော စာအုပ်ဆံဆံ စကားကြီး စကားကျယ်များ မပါ။ ရိုးရိုးနှင့် လူတိုင်းနားလည်သော၊ ရှင်းလင်း ပြတ်သားသော စကားလုံးများနှင့်သာ ပြော၏။ ဗမာ့လက်ရှိ နိုင်ငံရေး အခြေအနေကို ကမ္ဘာ့အခြေအနေများနှင့် ယှဉ်ကာ နောက်ခံကား ပေးလိုက်ပြီးနောက် အကိုးအကားနှင့်တကွ ပြော၏။

လူအများသည် စိုက်ကာ နားထောင်နေကြ၏။

ဂျစ်ကားနှင့် အထက်တန်းအရာရှိဟု ထင်ရသော သူတဦးက 'တယ်တော်တဲ့ လူဘဲ။ အချက်အလက်တွေ ချည်းဘဲ….. ကျုပ်အစက လက်သီးလက်မောင်းတန်းပြီး ကြိမ်းမယ် မောင်းမယ် ထင်နေတာ' ဟု ခပ်တိုးတိုး သူ့အဖော်အား ပြောနေလေသည်။

ဓါတ်ခွက်မှ သခင်သန်းထွန်း၏ အသံသည် ညိုမှောင်မှိုင်းမြသော ညည့်ဝယ် ပဲ့တင်ထပ်လျက် ရှိသည်။

ယခု ပြည်တွင်းစစ်၊ ပြဿနာကိုကား ကျွန်တော်သည် ဘာမျှ ထင်မြင်ချက် မပေးလိုသေး။ ဘာဘဲ ပြောကြ အော်ကြ၊ နောက်ဆုံး သည်လူတွေဟာ အတူတူ လူချည်းပါဘဲ။

ကျွန်တော့်အဖို့ရာကား၊ တော်သူတွေ နေရာကောင်းတွင် ရောက်စေချင်သည်။ လက်တွဲ၍ တော်လှန်ရေးကို လုပ်လာသူတွေ၊ ယခုလည်း လက်တွဲကာ အုတ်သစ်ကလေးများကို သယ်စေချင်နေ၏။ နောက်ပြီး လူအများဆန္ဒအရ လုပ်စေချင်၏။ မလိုတာကို အတင်းကြပ် ပေးတာလည်း မကြိုက်၊ ဒီမိုကရေစီ စင်မြင့်တွင် လွတ်လပ်မှု အခွင့်အရေးသည် ပျံဝဲနေစေချင်၏။

တကယ့် အမြုတေများ ပါဝင်သော အမျိုးသားတပ်ပေါင်းချုပ် ပြည်သူ့အစိုးရကို လိုချင်၏။ ။


ဒဂုန်တာရာ။
၁၉၄၈ ဇွန်လ။
{ဂျာနယ်ကျော်မမလေး စာပေဖြန်ချိရေးမှ ပထမအကြိမ် ထုတ်ဝေတဲ့ 'ဒဂုန်တာရာ- ရုပ်ပုံလွှာ'၊ ၁၉၅၅ခုနှစ်၊ စာအုပ်မှ ကူးယူဖော်ပြပါတယ်။}

[၂၀၁၁ သြဂုတ်လတွင် ကျရောက်သော ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဌ သခင်သန်းထွန်း(၁၉၁၁-၂၀၁၁) ရဲ့ မွေးနေ့ရာပြည့် အထိမ်းအမှတ်အဖြစ် မာယာမဂ္ဂဇင်းက ဂါရဝပြု ဖော်ပြခြင်း ဖြစ်ပါတယ်။]

Friday, July 8, 2011

ကိုကိုးကျွန်းက ခွာခဲ့တာ အနှစ်လေးဆယ် ပြည့်ပြီ
ရေးသူ - ရဲဘော်ဖိုးသံချောင်း




[မာယာစာဖတ်ပရိသတ်အတွက် အရေးတော်ပုံဂျာနယ်၊ အတွဲ(၁)၊ အမှတ် (၅)၊ ၂၀၁၁ ခုနှစ် မှ ကူးယူ ဖော်ပြပေးပါတယ်။]

ဒီနှစ် ဇူလိုင်၃၁ရက်ဆိုရင် ကိုကိုးကျွန်းပေါ်က (၅၃)ရက် အစာငတ်ခံတိုက်ပွဲကြီးဟာ အနှစ်၎ဝတိတိ ပြည့်ပါပြီ။

ဒီလိုအခါမှာ ညံ့ဖျင်းလှတဲ့ ကိုယ့်မှတ်ဉာဏ်ထဲက ကိန်းဂဏန်း တချို့ကို ပြန်စီနေမိပါတယ်။ ကိုကိုးကျွန်းကို ပို့လိုက်တာက ၁၉၆၉ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက်။ ပြန်ပို့တာက ၁၉၇၁ခုနှစ်၊ နိုဝင်ဘာလထဲမှာ (ရက်အတိအကျမမှတ်မိတော့)၊ စုစုပေါင်း ၂နှစ်နဲ့ ၉လ။ တနည်း ၃၃လ၊ ရက်ပေါင်း၁ဝဝဝလောက်ပါ။


ညကြီးသန်းခေါင် အင်းစိန်ထောင်ထဲကထုတ်၊ နံဘေးမှန်တွေကို စက္ကူဖြူတွေ ကပ်ထားတဲ့ ဟီးနိုး ဘတ်စ်စကားကြီးတွေနဲ့ ဗိုလ်တထောင်ဆိပ်ကမ်းကိုပို့၊ ဂျီသရီး သေနတ်တွေ ချိန်ရွယ်ထားတဲ့ မဆလ စစ်သားတွေ အကြား၊ ထိန်လင်းနေတဲ့ မီးမောင်းကြီးတွေ အောက်မှာ ပြည်တော်အေး သင်္ဘောပေါ်တက်၊ နာရီပေါင်း ၃ဝကျော်လောက် ပင်လယ်ကို ဖြတ်-

"အဲဒါ ကိုကိုးကျွန်းပဲ၊ လာကြည့်ကြ။ ကိုကိုးကျွန်းကို မြင်နေရပြီ" လို့ ပြည်တော်အေး သင်္ဘောဝမ်းဗိုက်ရဲ့ အပေါက်ဝိုင်းလေးထဲကို ကြည့်နေသူတဦးက လှမ်းခေါ်လိုက်တော့ သူများနည်းတူ ကျနော်လည်း ပြေးသွားပြီး ခေါင်းပြူကြည့်ခဲ့ပါတယ်။ သဲသောင်က ဖွေးဖွေး၊ အုန်းပင်လေးတွေက အစီအရီ၊ ကိုင်းတာကကိုင်း၊ မတ်တာက မတ်နဲ့။ လှိုင်းကလေးတွေ ပြေးတက်နေတာကိုလည်း အထင်းသား မြင်ရပါတယ်။ လှလိုက်တဲ့ ကျွန်းတကျွန်းပဲလို့ ခေါင်းထဲမှာ ပေါ်လာမိခဲ့တာကို ဝန်ခံရမှာပါ။ ပထမအမြင်၊ အပေါ်ယံ စဉ်းစားချက်ပါ။ နောက်ကျတော့ မုန်တိုင်းတွေကိုလည်း ဖြတ်သန်းရ၊ အုန်းပင်ပေါ်က လိမ့်ကျလို့ သေဆုံးတာလည်း ကြုံရ၊ လှိုင်းပုတ်ချ သွားလိုက်တာ အလောင်းတောင် ပြန်ရှာမရတာလည်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အစာငတ်ခံ တိုက်ပွဲဝင်တဲ့ လူတွေ တဦးပြီး တဦး၊ တမြှင်းမြှင်း သေဆုံးနေတာကို သွေးအေးအေးနဲ့ လက်ပိုက်ကြည့်နေတာတွေလည်း တွေ့ရပါတယ်။

အလှနဲ့ ရက်စက်မှု ပြွမ်းတီးနေတဲ့ ကိုကိုးကျွန်းလေ။

ကျွန်းကို ပို့လိုက်တုန်းက နိုင်ငံရေးအကျဉ်းသား အရေအတွက်က စုစုပေါင်း ၂၃၃ ယောက်။ ပြန်ပို့တော့ သင်္ဘောပေါ်မှာ ပါလာတဲ့ နိုင်ငံရေး အကျဉ်းသားအရေ အတွက်က ၂၁၃ ယောက်။ ၁ဝ% လောက် လျော့သွားတယ်။ ၂ နှစ်ကျော် ကာလလေးအတွင်း လျော့သွားတာ။ လျော့သွားတဲ့ အထဲမှာ တိုက်ပွဲကြောင့် ကျဆုံးသွားသူက ၁ဝ ယောက်။ ဖျားနာလို့၊ ကိုယ်ထူကိုယ်ထ စနစ်အရ အစားအသောက် ရှာဖွေရင်း သေဆုံးသူက သုံးယောက်၊ စုစုပေါင်း သေဆုံးသူ ၁၃ ယောက်။ ကိုကိုးကျွန်းပေါ်မှာ နှစ်လခွဲကို နိုင်ငံရေး အကျဉ်းသား တယောက်နှုန်း ကွယ်လွန်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးကြောင့် ပြည်မထောင်ကို ဆေးကုဖို့ ပြန်ပို့လိုက် ရတာက ၇ ယောက်ပါ။

ကျွန်းပေါ်မှာ ငပိပုပ်တိုက်ပွဲ- ၅ ရက်၊ ရက်လေးဆယ်တိုက်ပွဲ- ၄ဝ ရက်၊ ရဲနီဘိုကြူနဲ့ ရဲနီနယ်လင်းတို့ ကျဆုံးခဲ့တဲ့ ရဲနီများရဲ့ (၄၆) ရက် တိုက်ပွဲ၊ အာဇာနည် ၈ ဦး ကျဆုံးခဲ့တဲ့(၅၃) ရက် တိုက်ပွဲ၊ အစာငတ်ခံ တိုက်ပွဲကြီးငယ် စုစုပေါင်း ၄ ကြိမ် ဖြစ်ပေါ်ခဲ့ပြီး ရက်ပေါင်း ၁၄၄ ရက် ရှိခဲ့ပါတယ်။ ကျွန်းပေါ်မှာ နေခဲ့ရတဲ့ ရက်ပေါင်းက ၁ဝဝဝ လောက်ရှိတာ ဆိုတော့ ကိုကိုးကျွန်း အကျဉ်းစခန်း သက်တမ်းမှာ ၁၄% လောက် ဟာ အစာငတ်ခံတိုက်ပွဲ ဖြစ်ပေါ်နေတယ်လို့ ဆိုနိုင်ပါတယ်။

ဒါ့အပြင် အဖွဲ့အစည်း အသီးသီးဟာ အခါကြီး ရက်ကြီးတိုင်းမှာ အခမ်းအနားတွေကလည်း ကျင်းပ ပါတယ်။ မှတ်မိသလောက်ဆိုရင် ရောက်သွားတဲ့ နှစ်မှာ သင်္ကြန်ပွဲတော်ကို အဆိုအကပွဲတွေနဲ့ တခမ်းတနား ကျင်းပခဲ့ပါတယ်။ နောက်ပြီး ပါတီနေ့ (သြဂုတ်လ ၁၅ရက်)၊ လက်နက်ကိုင်တော်လှန်ရေးနေ့ (မတ်လ ၂၈ရက်နေ့)၊ ပြည်သူ့တပ်မတော်နေ့ (စက်တင်ဘာ၁ရက်) ကမ္ဘာ့အလုပ်သမားနေ့ (မေလ ၁ရက်)၊ ၇ရက် ဇူလိုင်၊ စစ်တွေ ဆန်လုပွဲ၊ မဟာအောက်တိုဘာ တော်လှန်ရေးနေ့ (နိုဝင်ဘာ ၇ရက်) စတာတွေကို ပုံမှန်လို ကျင်းပကြပါတယ်။ ပါတီရဲ့ နေ့ထူးနေ့မြတ်တွေမှာဆိုရင် ထူးခြားတဲ့ အစားအသောက်နဲ့ အားကစားပွဲတွေ၊ စစ်တုရင်-ကျား ပြိုင်ပွဲတွေပါ ကျင်းပပါတယ်။ ဒါ့အပြင် အစာငတ်ခံ တိုက်ပွဲမှာ ဖြစ်စေ၊ အခြား အကြောင်းကြောင့်ဖြစ်စေ၊ ကျဆုံးသွားသူ တဦးချင်းကို ရည်စူးပြီးဂုဏ်ပြု၊ သန္နိဋ္ဌာန်ချပွဲတွေလည်း ကျင်းပခဲ့ကြပါတယ်။ ဒီလို ဂီတသံ၊ ကြွေးကြော်သံတွေနဲ့ တခြိမ်းခြိမ်း ကျင်းပတဲ့ အခမ်းအနားတွေနဲ့ အားလုံးရဲ့ စိတ်ဓာတ်တွေကို ထိန်းထားပြီး အချိန်မရွေး တိုက်ပွဲဝင် နိုင်တဲ့ အခြေအနေကို ဖန်တီးနိုင်ခဲ့ပါတယ်။

ဒါတွေနဲ့ တဆက်ထဲ ကိုကိုးကျွန်းပြန်တွေ လက်နက်ကိုင် တော်လှန်ရေးထဲ ဝင်ရောက်သွားတဲ့ လူစာရင်းကို ပြန်စဉ်းစားလိုက်မိပါတယ်။ ပထမဆုံး မှတ်တမ်းထိုးရ မှာကတော့ ကိုကိုးကျွန်းကနေ လှေနဲ့ ထွက်ပြေးပြီး လက်နက်ကိုင် တော်လှန်ရေးထဲ ရောက်သွားတဲ့ မုန်းဒေသက ကျောင်းဆရာ ဦးအောင်ဝေနဲ့ အခု ကေအင်န်ယူမှာ ရောက်နေတဲ့ မန်းငြိမ်းမောင်တို့ ဖြစ်ပါတယ်။ နောက်တော့ ပဲခူးရိုးမ၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နဲ့ အရှေ့မြောက် စစ်ဒေသတို့ကို တောခိုသူတွေ ဆက်တိုက် ပေါ်လာပါတယ်။ အားလုံး ပေါင်းလိုက်ရင် ကျနော် မှတ်မိတာချည်း ၁၈ ယောက် ရှိပါတယ်။ ဒီအထဲက အများစုက ကျဆုံးသွားပါပြီ။ မှတ်လောက် သားလောက်လည်းဖြစ်၊ ချန်လည်း ချန်မထား သင့်တဲ့ စိတ်ထိခိုက်ဖွယ်ရာ ကောင်းတဲ့ အချက်တခု ကတော့ ကိုကိုးကျွန်းပေါ်တုန်းက ကျနော်တို့ပါတီက ရဲဘော်တွေနဲ့ အလွန်ရင်းနှီး၊ ကျနော်တို့ ရဲဘော်တွေ ကျဆုံးတော့ ဝမ်းပမ်းတနည်း ငိုကြွေးခဲ့ကြတဲ့၊ ကျနော်တို့ တိုက်ပွဲတွေကို အလွန် တက်တက် ကြွကြွ ထောက်ခံခဲ့တဲ့ မလညပ ခေါ် မြန်မာနိုင်ငံ အလုပ်သမားပါတီက ရခိုင် ရဲဘော်နှစ်ဦးဖြစ်တဲ့ ကိုရန်ရွှေနဲ့ ကိုသိန်းမြ တို့ဟာ ကျနော်တို့ ရဲဘော်များနဲ့ အတူ ရခိုင်ပြည်နယ်ထဲရှိ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင် တိုက်ပွဲထဲကို ပါဝင်သွားကြပြီး အဲဒီမှာပဲ ကျဆုံးသွားကြတာ ဖြစ်ပါတယ်။

၁၉၇၁ ခုနှစ်မှာ ကိုကိုးကျွန်းက ပြန်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ အများစုကြီးဟာ ကိုယ်တိုင်က နိုင်ငံရေးကို ဆက်လုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်သူဖြစ်စေ၊ ကိုကိုးကျွန်းပေါ်မှာ စိုက်ထူခဲ့တဲ့ အာဇာနည်များရဲ့ စိတ်ဓာတ်အပေါ် သစ္စာရှိမြဲရှိကြတာ တွေ့ရပါတယ်။ သူတို့ အထဲက ထောင်ထဲပြန်ရောက် ကြတာတွေ မနည်းသလို ဦးခင်မောင်မြင့်၊ ကိုနီအောင်မေသုတို့လို ထောင်ထဲမှာ ကွယ်လွန်သွားပြီး ပြည်သူက လေးစားရတဲ့ အာဇာနည်တွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ ဒါ့အပြင် လေထီးဗိုလ်အုန်းမောင်။ ဆရာရာဂျန်။ (ဆရာ) ဗန်းမော်တင်အောင်၊ (ဆရာ) မြသန်းတင့်တို့လို ကွယ်လွန်ချိန်မှာ ပြည်သူလူထု အထောင်အသောင်းက သူတို့ရဲ့ လေးစားမှုကို ဖော်ပြခြင်းခံရတဲ့ လူတွေလည်း ရှိပါသေးတယ်။

မဆလ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တိုက်ပွဲဝင်ရာမှာ မော်ကွန်းဝင် မီးရှူးတန်ဆောင်တခု ဖြစ်ခဲ့တဲ့ (၅၃) ရက်တိုက်ပွဲမှာ ကျဆုံးသွားသူတွေကို ပြန်ကြည့်လိုက်ရင် အစိုးရဝန်ထမ်း၊ အလုပ်သမား၊ ကျောင်းသား၊ စစ်သား (လေတပ်က) စသဖြင့် အလွှာစုံ လှပါတယ်။ ကဗျာဆရာတောင် ပါသေးတော့ တမင်များ ရွေးခြယ်ထားသလား အောက်မေ့ရပါတယ်။ ဗမာပြည်သား အားလုံးကို ကိုယ်စားပြုတယ်လို့ ဆိုနိုင်ပါတယ်။

တကယ်က ကိုကိုးကျွန်းကို နိုင်ငံရေး အကျဉ်းသားတွေ ပို့လိုက်တယ်လို့ ပြောနေရပေမဲ့ ဒီအထဲမှာ နိုင်ငံရေးနဲ့ ဘာမှမဆိုင်၊ ဒေသဆိုင်ရာ အာဏာပိုင်က အမြင်ကပ်လို့ ကျွန်းပို့ခံရသူ အနည်းအကျဉ်းလည်း ပါပါတယ်။ မော်လမြိုင်က ရုပ်ရှင်ပိုစတာဆွဲတဲ့ တရုတ်လူငယ်လေး၊ မန္တလေးက ကုလား ဆရာဝန်ကြီး ဒေါက်တာကူးမားတို့လို လူတွေဟာ တကယ့်ကို အသလွတ် အဖမ်းခံရ၊ တကျွန်း အပို့ခံရတာပါ။ တအိမ်ထဲနေတဲ့ ဦးလေးကို လာဖမ်းလို့ စပ်စုမိတဲ့ ၁၄ နှစ်သားလေးကို ဖမ်းလာပြီး ပြန်မလွှတ်ပဲ ၁၇-၁၈ နှစ် အရွယ်မှာ ကျွန်း ပို့ပစ်လိုက်တာလည်း ပါလာပါတယ်။ ဒီလိုနဲ့ ကျွန်းပေါ်မှာ အသက်အကြီးဆုံးက ၆ဝ၊ အသက်အငယ်ဆုံးက ၁၇ နှစ် ဖြစ်သွားပါတယ်။ အစာငတ်ခံ တိုက်ပွဲတွေမှာ ကျဆုံးသူများထဲမှာတော့ အသက်အကြီးဆုံး ကိုစိန်ချင်းက ၃၇ နှစ် လောက်ဖြစ်ပြီး အသက်အငယ်ဆုံး ကိုမောင်မောင်စိုးက ၂၅ နှစ် ဖြစ်ပါတယ်။

မဆလ အစိုးရဘက်က စာရင်းချုပ်ရရင်တော့ ဒီကျွန်းပေါ်မှာ အကျဉ်းစခန်း သုံးခုဖွင့်ဖို့ စီစဉ်ထားရာမှာ တခုသာ ဖွင့်နိုင်ခဲ့ပြီး ကျန်တာတွေ မဖွင့်ဝံ့တော့ဘူး။ ဒါကြောင့် သူတို့ရဲ့ နိုင်ငံရေး အကျဉ်းသားတွေကို တကျွန်းမှာ သေတပန်သက်တဆုံး လုပ်ကိုင်စား သောက်စေရေး စီမံကိန်းဟာ အစမှာ ၃၃.၃% အောင်မြင်တယ်။ နောင်မှာ စခန်း အားလုံးကို ဖျက်သိမ်းလိုက်ရတော့ နိုင်ငံရေးအရ သာမက စီးပွားရေးအရပါ လုံးဝ အရှုံးပေါ်သွားတယ်။ နိုင်ငံရေး ရပ်တည်ချက် ခိုင်မာတဲ့၊ သူတို့ကို အပြတ်ဆန့်ကျင်တိုက်ပွဲဝင်တဲ့လူ ၁ဝ ဦး ကို အစာငတ်ခံ တိုက်ပွဲတွေမှာ အသေသတ်နိုင်လိုက်တယ်။ ဒီဘက်မှာတော့ ရာခိုင်နှုန်း၁ဝဝ အောင်မြင်တယ်လို့ ဆိုရမလားပဲ။ ဒါပေမဲ့ အသက်ရှင်လျက် ထောင်က ထွက်သွားသူတွေရဲ့ စိတ်ဓာတ်ကို ချိုးနှိမ်နိုင်မှုမှာတော့ ၁ဝ% အောင်မြင်တယ်လို့တောင် မဆိုနိုင်ပါဘူး။

ဒါပေမဲ့ ပြည်သူ လူထုဘက်က ကြည့်ရင်တော့ ဒီ ကိုကိုးကျွန်းက ထွန်းပြောင်တဲ့ တိုက်ပွဲတွေ အကြောင်း သိရပြီးနောက် စစ်အာဏာရှင်စနစ် အပေါ် ပိုနာကျည်းလာသူ၊ ပြန်လည် တိုက်ပွဲဝင်သူတွေဟာ ရာခိုင်နှုန်း ထောင်နဲ့ သောင်းနဲ့ တိုးလာတယ်လို့ ဆိုရပါမယ်။

ကိုကိုးကျွန်း အာဇာနည်များရဲ့ စွန့်လွှတ်တိုက်ပွဲဝင် စိတ်ဓာတ် အဓွန့်ရှည်ပါစေ။

ရဲဘော်ဖိုးသံချောင်း


Thursday, June 9, 2011

မုန်း မှသည် ကယ်လီဖိုးနီးယားသို့
ရေးသူ - မာလုစံ



[မုန်းမှသည်ကယ်လီဖိုးနီးယားကို မကေသီ(မာလုစံ) ရဲ့ ခွင့်ပြုချက်ဖြင့် မာလုစံ blog မှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်မကေသီ။]


လွန်ခဲ့သော အနှစ်သုံးဆယ်ခန့်က ချစ်သောသူငယ်ချင်းက ခေါ်၍ ကွယ်လွန်သူ နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီး ကောလိပ်ဂျင်(ဦး)နေဝင်း ၏ အိမ်သို့ တခါတခေါက် အလည် ရောက် သွားခဲ့ပါတယ်။

အဲဒီ အချိန်တုန်းက ကောလိပ်ဂျင်ကြီးရဲ့သမီးအလတ် ဟေမာလေးတောင် သီချင်း စ မဆိုသေး၊ ဆယ်ကျော်သက် အရွယ် အပျိုပေါက် ကလေး သာရှိသေးသည်။ ဟေမာတို့ ညီအမ တတွေရဲ့ ဧည့်ဝတ် ပြူဌာမှုနဲ့ အတူ တွေ့သိခဲ့ ရသူက ဦးလေးအရွယ် အမျိုးသားတဦး။

“ဒါ ကိုကို ဌေးမြိုင်” တဲ့။
သူကတော့ သူ့အကို တဝမ်းကွဲမို့ အကိုလို့ မိတ်ဆက်ပေးပေမဲ့ ကျွန်မကတော့ ကိုယ့်အဖေထက် တနှစ်သာငယ်မယ့် အရွယ်ကို အကိုခေါ်ရမှာ နှုတ် မရဲခဲ့ပါဘူး။ အထူးသဖြင့် ငယ်ငယ်ကတည်းက သူ့စာတွေဖတ်ပြီး လေးစားခဲ့ရတော့၊ ကျွန်မအတွက် သူဟာ ဟိုး ... အထက် စင်မြင့်ပေါ်မှာ တလေးတစား မော့ကြည့်ရတဲ့သူပါ။

သူက တရင်းတနှီး သူ့ကိုယ်သူ ကိုကိုလို့ နာမ်စားသုံးပြီး ရယ်မော စကားပြောခဲ့ပေမယ့် ကျွန်မကတော့ ပါးစပ်က ကိုကို တခွန်းခေါ်တိုင်း ရင်ထဲမှာ ဆရာလို့ ကြိတ်ပြီး ပဲ့တင်သံ ထပ်ခဲ့မိပါတယ်။

အမ အကြီးဆုံးက မွေးတဲ့သား နဲ့ အမကြီးရဲ့ မောင် အငယ်ဆုံးမို့၊ တူနဲ့ ဦးလေး က အသက် တနှစ်ပဲ ကွာသတဲ့။ ငယ်ငယ်ကတည်းက ယောင်ပေစူး ကိုယ်စီနဲ့ အဖေ့ရဲ့ ကစားဘော် ကစားဘက်၊ တက္ကသိုလ် ကျောင်းတော်သား ကြီးတွေ ဖြစ်တဲ့အထိ တပူး တွဲတွဲနဲ့ ပညာ သင်ဘော်သင်ဘက် ဆိုတော့ ဦးလေးရဲ့ကလေးတွေအတွက် အကိုဝမ်းကွဲ ဖြစ်တဲ့သူက ဦးလေးအရွယ်၊ အသက်ကမငယ်။ ဒါပေမယ့် အသက် ဘယ်လောက် ကွာကွာ ညီ၊ ညီမတွေက သူ့ကို ကိုကို လို့ပဲ ချစ်စနိုး ခေါ်ခဲ့ကြပါတယ်။

မျက်မှန်ထူထူကြီးနဲ့ သူ့ညီ၊ ညီမတွေကို အမြဲရယ်ပြီး အားပါးတရ စကားပြော တတ်တဲ့ အဲဒီကိုကို ကို လူတွေ အသိများတာကတော့ ဒဂုန်တာရာ ပါ။

---------xxx--------xxx---------xxx---------

ကိုကို စာရေးကောင်းတာ၊ ကဗျာရေးတော်တာ လူတိုင်းသိပြီးမို့ အထူး မရေးတော့ပါဘူး။ စန္ဒယားတီး ကျွမ်းကျင် တာလည်း လူသိရှင်ကြားပါ။

နာမည်ကျော်ကြား အထင်ကရလူ တဦးမို့ ကိုကို့အကြောင်း လူသိများပါတယ်၊ တမှတ်တရ မွေးနေ့တွေမှာလဲ ဂုဏ်ပြုမဲ့သူ အပြည့်မို့ ဆွေမျိုး သားချင်းများ အနေနဲ့ ဘာမှ ထပ် ရေးပြ စရာ မလိုတော့ ပါဘူး။

ဒါပေမယ့် လူတွေ မသိသေးတဲ့ ကိုကို့အကြောင်း ပြောချင်တာလေး တခုရှိပါတယ်။

အဲဒါကတော့ ကိုကို့မှာ အနာဂတ်ကို ကြိုမြင်တဲ့ အမျှော်အမြင်အာရုံလည်း ရှိနေသလား ဆိုတာပါပဲ။

လွန်ခဲ့တဲ့ အနှစ်အစိတ်ကျော်ကျော်က ကျွန်မ ဗမာပြည်က ထွက်ကာနီးမှာ ယောင်းမ ဖြစ်သူက ဖုန်းဆက် လာ ပါတယ်။ သူ့ညီ 'အငယ်လေး' နိုင်ငံခြား သွားအပြီးမှာ သူ အမှတ်တရ စပ်ခဲ့တဲ့ကဗျာလေး ၁၉၈၅ ခုနှစ် မေလ ဒဂုန်မဂ္ဂဇင်းမှာ ပါလာလို့ လူကြုံ ပေးလိုက်ချင်တယ် တဲ့။ စာအုပ်လိုက်ပေးယင် လေးနေမှာ စိုးလို့ လက်နှိပ်စက်နဲ့ ရိုက်ထားတဲ့ ကဗျာမိတ္တူကို သူ့ ညီလေး ဆီကို ယူသွားပေးပါ တဲ့။

သူ မပြောခင်ကတည်းက အဲဒီ မဂ္ဂဇင်းကို ကျွန်မသေတ္တာထဲ ထည့်ပြီးသားပါ။ ယောင်းမကို ပြန် ပြောလိုက်ပါတယ်။၊ စိတ်ချပါ၊ သေသေချာချာယူသွားပါ့မယ်လို့။

ကဗျာအဆုံးမှာ သူရေးခဲ့ပါတယ် ... ရုပ်မြင်သံကြား တယ်လီဖုန်းမှ တွေ့ကြရအောင် ... ... တဲ့။

၁၉၈၄-၈၅ ခုနှစ်လောက်မှာ သူစပ်ခဲ့တဲ့ ကဗျာပါ။
အမေရိကားမှာတောင် ကွန်ပြူတာတလုံး ထောင်ပေါင်းများစွာ ပေးရတဲ့အချိန်။ အခုခေတ်လို လူတိုင်း ကိုယ်ပိုင် ဝယ်သုံးနိုင်ဘို့ အသာထား၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ဆိုင်တွေ မပြောနဲ့ ကုမ္ပဏီကြီး တွေတောင် အလုပ်သမား တိုင်းကို မပေးနိုင်သေးတဲ့ အချိန်။

အီးမေးလ်လဲ မပေါ်သေး၊ အင်တာနက်ဆိုတာ စိတ်ကူးထဲတောင် မလည်သေးတဲ့ အချိန်မှာ ဗမာပြည်ကနေ Webcam အကြောင်း သူ ဘယ်လို ကြို သိခဲ့ပါလိမ့်။

ထိုစဉ်အခါက ဂျိမ်းစ်ဘွန်း ရုပ်ရှင်တွေထဲမှာပဲ သွားရည်ယိုခဲ့ရတဲ့ ဒီ ဗီဒီယိုဖုန်း ဆိုတာ ကိုယ်နဲ့ ဘာမှ မနီးစပ်သလိုပါပဲ။ သူပဲ အတွေးအခေါ် အာရုံကောင်းတာလား၊ ကျွန်မပဲ အမျှော်အမြင် ဗဟုသုတ နည်းပါးတာလား။ (အဖြေကတော့ ရှင်းပါတယ်။ ကျွန်မနဲ့ သူ ဘာ ယှဉ်နိုင်စရာ ရှိလို့လဲ။)

တဖြေးဖြေးနဲ့ သူချစ်တဲ့ညီ ညီမတွေနဲ့ ဝေးကွာရတော့မှာ၊ တယောက်ပြီး တယောက် ထွက်သွားကြတော့မှာကို သူ ကြိုမြင်ခဲ့တာကို သူ့ကဗျာလေးနဲ့ ရင်ဖွင့်ခဲ့ ရှာပါတယ်။

အဲဒီကဗျာလေးကတော့ လော့စ်အိန်ဂျယ်လီရောက် ဆွေမျိုးများသို့ လို့ ခေါင်းစီး တပ် ရေးစပ်ခဲ့တဲ့ ... ... ...
မုန်း မှ ကယ်လီဖိုးနီးယား သို့ ...

မုန်းချောင်းဘေးမှ
အညာဒေသ၊ ရွာကလေးများ
ဘိုးဘွားစဉ်ဆက်၊ ဆင်းသက်လာရာ
ကြည်လင်စိမ်းပြာ၊ နွေခါ ဒူးဆစ်
ကျောက်စရစ်ခဲ၊ စိန်ခဲမြခဲ၊ ပုလဲပက်ကြဲ
လက်လက်ရေတွင် မြင်ရ၏။

ဗုဒ္ဓကြွလာ
ကျောင်းတော်ရာမြတ်၊ ဘုရားပတ်လည်
ပိဋကတ်တိုက်၊ တည်ဆောက်ခိုက်တွင်
ဖခင် ခေါ်ရာ၊ လိုက်ပါလာစဉ်
ဝန်းကျင်ရွာများ၊ လှည့်လည် သွားကြ
အဘွား ပြောဖူး၊ ဗူးသယ်ဇောင်းချမ်းကုန်း
မုန်းချောင်း မန်းချောင်း
ကျောင်းထိုင်ဦးပဏ္ဍိ၊ ရှိရာတည်းခို
စိုရွဲဆီများ၊ ရေမုန့် ဖဲ့စား
တမာရိပ်ကြား၊ ကွေ့ပတ်ပြေးလွှား
ကစားသည့်ရွယ်၊ မျိုးရိုးနွယ်စ
မြင်ရကြားရ၊ တွေ့ခဲ့ရလေ
မုန်းချောင်းရပ်မြေ ပုံကားချပ်။

သီပေါနန်းကျ
တိုင်းပြည်ပျက်စ၊ မုန်းမှ စွန့်ခွာ
ဧရာဝတီ၊ စုန်လာလိုက်ကြ
မြစ်ဝကျွန်းပေါ်၊ ရေဝန်းကမ်းညို
ကနစို တောအုပ်၊ ရှင်းလင်းခုတ်တူး
ဓါးမဦးချ၊ မြေဆွထွန်ယက်
မျိုးဆက်ပြန့်ပွား၊ လယ်သမားများ
အိမ်ခြေများလာ၊ ဖွဲ့စည်းကါလျှင်
ထိုင်ကူဆိုသော ရွာကလေး။

လယ်ကွင်းရေပြည့်
လှေဖြင့်ထိုးသွား၊ ဝါးလုံးကျိုးကျ
ရယ်ကြမောကြ၊ စပါးပင်ကြား
ရေထဲဆင်းမှ၊ လှေထွက်ရတော့
မြှော့နက်တွယ်ကပ်၊ ရယ်ရာမှငို
မိုးညိုလာပြီ၊ ရွာဆီမည်းမှောင်
မိုးထဲလေထဲ၊ လှေကိုပစ်ထား
ပြေးကြလွှားကြ ပျော်စရာပ။

လရောင်ကြိုးကြဲ
ရွာထဲလျှောက်လည်၊ ပိတောက်ကိုင်းအောက်
မြေဝိုင်းချောမွတ်၊ မောင်းထောင်းဆန်ဖွပ်
လွတ်လပ်တေးဆို၊ ပျိုအိုတသင်း
အတင်းပြောယင်း ဝိုင်းလုပ်ကြ။

နှင်းခတလင်း
ရွှေရောင်ဝင်းပ၊ လှုပ်လှုပ်ရွရွ
လေက အဝေ့၊ စပါးလှေ့ကြ
ကွေ့ကာပိုက်ကာ၊ ကောက်လှိုင်းပုံဘေး
ပြေးကာ ဆော့ကာ၊ လဝါဝါလေး
တိမ်ပြာမဟူရာ၊ ဇာပါးအသွေး
ညဉ့်ဦးလေအေး၊ ကောက်နံ့မွှေးမွှေး
ပြေးလိုက်ပုန်းလိုက်၊ ကောက်ရိုးပုံနွေး
တိုးဝင်အကွေး၊ လမြရေးရေး
စပါးပေါ်ချိန် လွမ်းမိသေး။

မြစ်လက်တက်တွင်
စီးဝင်ချောင်းကလေး၊ ကွမ်းသီးခြံဘေးမှာ
တဗာလှေပျက်၊ လဲလျောင်းလျက်တည့်
မောင်းသံဒူဒူ၊ ထုသူကင်းမဲ့
ပဲ့နင်းလှေသူကြီး၊ ဖိစီးဇရာ
ပုံပြင်မျှသာ၊ တုန်ရီစွာဖြင့်
ပြောပြရရှာ၊ ယခုခါမူ
ဘောက်တူပေါ်တွင်၊ ဆွမ်းအုပ်တင်၍
ကိုယ်ရင်တပါး၊ လှော်ခတ်သွားသည်
ကမ်းပါးကပ်လိုက်၊ ကိုင်းငိုက်ရွတ်တွ
လှိုင်းထပုတ်ထိ၊ လှုပ်မိရာမှ
မလပ်သီးကြွေကျ၊ ဒင်ကြီးငှက်က လန့်ပြန်ပြေး။

မော်တော်ပေါ်တွင်
ရှင်လောင်းတင်၍၊ ဗီယင်နာကာဖေး
ကိတ်မုန့်ကျွေးခဲ့၊ ရေခဲမုန့်နှင့်
ဘင်ဂျိုဝိုင်းနှင့်၊ ဟွန်းတယောနှင့်
ရေတွင်မျောပါ၊ ငှက်ပျောတုံးထက်
ဗျိုင်းငှက်တကောင်အံ့သြငေး။

ငယ်စဉ်ဘဝ
ဒုတိယမျိုးဆက်၊ ကောက်ရိုးရနံ့
နွားချေးနံ့နှင့်၊ ပဲရစ်ညခင်း ရေမွှေးနံ့
ရောထွေး မတူ၊ ကျေးလက်နှင့် မြို့ပြ
ဘုန်းကြီးကျောင်းမှ တက္ကသိုလ်
ကိုလိုနီခေတ်၊ ကြီးပြင်းဖြစ်ခဲ့
မုန်းကျောက်စရစ်ခဲ၊ သဲပွင့်ရွေ့လျှား
သစ်သားပန်းပု၊ ထုဆစ်ပန်းကွက်
လှေပျက်ယွင်းကျန်၊ ရွှေရောင်ယွင်းလွင့်
ပင့်ကူအိမ်မြှေး၊ လိမ်ယှက်ရစ်ကာ
ပြစရာတည့်၊ အမည်စာလုံးသာ
ပထမမျိုးဆက်ပုံပြင်များ။

ဒုတိယမျိုးဆက်
ငါတို့လက်ထက်၊ သည်မျိုးဆက်ကား
မြေများ ခြံများ၊ ပိုင်ဆိုင်ထားသည့်
အမွေဆက်ခံ၊ ကြွင်းကျန်ပစ္စည်း
ထိုင်ပြီး စားကြ၊ မတိုးပွားခဲ့
နှစ်များ ကြာလျှင်၊ မြေရှင်စနစ်
ခေတ်နှင့် ကွာဝေး၊ တဖြည်းဖြည်းချင်း
သက်ဆင်း ရွေ့လျော၊ တိမ်ကောလာစဉ်
ဖွားမြင်ရှာကြ၊ တတိယမျိုးဆက်
လက်ထက်ရောက်ခါ၊ ပြစရာကား
စိန်ခြယ်မြကွင်း၊ စိမ်းဝင်းဖျပ်ဖျပ်
ကြောင်လက်စွပ်နှင့်၊ ငွေကွပ်ဓါးမြှောင်
မဟော်ဂနီရောင်ဗီရို၊ ရွှေတိုရွှေစ
သက္ကလပ်စ၊ ရှံဟဲဖဲစ
ဇင်းမယ်ထဘီစ၊ ဘန်ကေါက်လုံချည် မြင်းချေးရောင်စ
သည်မျှလောက်သာ၊ ကြည့်စရာလေ
မျက်စေ့ပေကလပ်၊ တဖျတ်ဖျတ်နှင့်
ရင်သပ်ရှုမော၊ အံ့သြတွေဝေ
ဘာတွေပါလိမ့်၊ ခုခေတ်ခါသစ်
ခရစ်ပြိုးပြက်၊ ပက်ဂီပါတိတ်
ပေါ်လီယက်စတာ၊ ဖိတ်လက်ပွင့်စုံ
အိတုံရှံ၊ မလေးရှံတဲ့
ရှေးနဲ့မတူ သူတို့ခေတ်။

သူတို့မေးကြ
ဒုတိယမျိုးဆက်၊ ကျွန်တော်တို့လက်ထက် အကြောင်း
ကျောင်းသားဘဝ၊ စာသင်စ အခါ
ကိုလိုနီ ပညာရေး၊ တိုက်ဖျက်ပေးဖို့
အရေးတော်ပုံများ အကြောင်း
ဆောင်းလဟေမန္တ၊ နှင်းခညတွင်
မောင်းနှင်ခုတ်သွား၊ မီးရထားက
ရိုးမကိုဖြတ်၊ နှင်တရစပ်
တောအထပ်ထပ်၊ ပတ်သန်းခရီး
တောင်တွင်းကြီးလမ်း၊ တောပန်းမြူနံ့
သင်းပျံ့ကြိုင်လှောက်၊ ရေနံချောင်း ချောက်
ရေနံမြေတလျောက်၊ နှင်းပေါက်ဇာပါး
လူထုကြားတွင်၊ တရားဟောကြ
သွားလာကြနှင့်၊ အလယ်ပစ္စယံ
အရံဇရပ်၊ သတ်မှတ်စခန်း
ထန်းပင်ရိပ်ကြား၊ အုတ်ခုံနားတွင်
အလုပ်သမား၊ လယ်သမားများနှင့်
ထမင်းထုပ်အတူ စားကြသည့် အကြောင်း
သောင်းပြောင်းထွေလီ၊ ကိုလိုနီခေတ် ဖက်ဆစ်ခေတ်
စစ်နှင့်တော်လှန်ရေး၊ အဝေးကျန်ရစ်
သက်သေခံပစ္စည်း၊ ကြီးကြီးမားမား
ထောက်ထားမရှိ၊ တိုတိတိုစ
ပုံတိုပတ်စ၊ ကဗျာစ ဝတ္ထုစ
မှတ်မိသမျှ၊ ပြောပြနေစဉ်
မျက်စေ့ပေကလပ်၊ တဖျတ်ဖျတ်နှင့်
ရင်သပ်အံ့သြ၊ ငေးမောပန်းလျ
ဒုတိယမျိုးဆက်ပုံပြင်များ။

နယ်ချဲ့အပြေး
မင်းမဲ့ဘေးရန်၊ အန္တရာယ်လျှင်
ကြုံတွေ့စဉ်မှ၊ ပူပင်သောက
ထိတ်လန့်ကြစဉ်၊ ပင်လယ်ပြင်မှ
ကယ်တင်မည့်သူ၊ ဆင်တူကြောင်ကြား
ဆင်ယင်ထားသော၊ မြို့သိမ်းတပ်သား
မျက်နှာထားချို၊ ကြိုဆိုခဲ့ရ
ဗမာ့လွတ်လပ်ရေးတပ်မတော်
ရောက်လာသည့် အကြောင်း

တတိယမျိုးဆက်
သည်လက်ထက်ကား၊ ရုန်းကန်မှုများ
လှုပ်ရှားမှုများ၊ အဟုန်ကြီးမား
အမျိုးအစား၊ ထွေပြားယှက်သန်း
နက်နဲရှုတ်ထွေး၊ အမေးပုစ္ဆာ
အဖြေရှာကြ၊ များလှစွာပင်
လူငယ်သဘာဝ၊ တွေးဆစဉ်းစား
ဥာဏ်အားရှိသမျှ၊ ကြိုးစားအားထုတ်
စာအုပ်ရှာလဲ၊ မတွေ့ဘဲလျင်
ကျောင်းနံရံ ပြင်ပ၊ မြင်ရ ကြားရ
တွေ့ရ ကြုံရ၊ သံပြိုင်ယိမ်းက
တီးကြ မှုတ်ကြ၊ ကော်ပီ ဂီတ
ဗွီဒီယိုမှ၊ ပစ်ကြခတ်ကြ
ချွတ်ကြ ဖေါ်ကြ၊ ပျော်ကြ ပါးကြ
သူရဲကား ဓါးကား၊ နံချပ်ကူကား
မှောင်ခိုယူသွင်း၊ ဂျင်းအင်္ကျီများ
အသံသွင်းတိတ်ခွေများ၊ နေကာ မျက်မှန်စိမ်းများ၊
သံလိုက်ထိန်းချုပ်၊ ကစားစရာရုပ်များ
ဈေးကွက်စည်ကား၊ ဆူးလေ ဘုရားလမ်းဘေး
ဟေးဟေး ညာသံ၊ ဆူညံအော်လျက်
လက်မှတ်ရုံပေါက်၊ တယောက်ကိုတယောက်တွန်း
ဂျိမ်းစ်ဘွန်းကား၊ သိုင်းဇာတ်ကား။

ဤ ပတ်ဝန်းကျင်
တွေ့မြင်ခံစား၊ အာရုံများစွာ
လှုပ်ရှားလူးလွန့်၊ ရေသေကူးခတ်
ကမ်းစပ်မရောက်၊ အခေါက်ခေါက်တည့်
တပြောက်ပြောက်လျှင်၊ မိုးပေါက်သံထင်
မှန်ရိပ်ဖိတ်စင်၊ ကြည်လင်သံမြှင်း
‘'လေဆိပ်ဆင်းတော့မယ်' ဟု အငယ်လေးထံမှ
နှုတ်ဆက်သံကြား၊ စိတ်မှာလှုပ်ရှား
ဘာမှာမလဲ' မေး၊ ရင်ထဲတုန်ရီ
'ပန်းချီဆေး' ဟု၊ နွမ်းလျသံဖြင့်
ဖြည်းညှင်းပြန်ပြော၊ စကားသံအဆုံး
ဖုန်းချသွားပြီ၊ အဝေးဆီလွင့်
ညီမများ ရှိရာ၊ ထွက်ခွာသွားစဉ်
မိုးသားညိုဆင်၊ မျောပါလေနှင်
ငါလျင်ငေးမော၊ မုတ်သုံကြားမှ
မျိုးဆက်များကား
ဝေးကွာသွားကြ၊ မုန်းမှ ကယ်လီဖိုးနီးယားသို့
ရေကြည်ရာကမ်း၊ ငြိမ်းချမ်းပင်လယ်
ကျယ်လည်းတမုဟုတ်၊ ခလုတ်နှိပ်ရုံ
ရုပ်မြင်သံကြားတယ်လီဖုန်းမှ တွေ့ကြရအောင်။ ။ ။


(ကယ်လီဖိုးနီးယားရောက်ဆွေမျိုးများသို့)


၂ဝဝ၉ ကိုကို့ အသက် ၉ဝ ပြည့် မွေးနေ့အမှတ်တရ ရေးထားခဲ့တဲ့ စာစုလေးပါ။ အဲသည်အချိန်က ကိုယ်ပိုင်ဘလော့ဂ်လည်းမရှိ၊ ဘယ်ကို ပို့ရမယ်မှန်း မသိ ဖြစ်နေချိန်၊ နေရာတိုင်းမှာလည်း ကိုကို့အတွက် မွေးနေ့အမှတ်တရ စာတွေ ပလူပျံနေတာမို့ ဘယ်မှ မပို့ဖြစ်၊ မဝေငှ ဖြစ်ခဲ့တာပါ။

ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့် နီးစပ်သူများ ကျေးဇူးပြီး ကိုကို့ထံ သည်စာကလေး ပို့ပေးပါ။ ကျေးဇူးအထူး တင်ပါသည်။


မာလုစံ
ဇွန်လ ၁ ရက်၊ ၂ဝ၁၁

[မုန်းမှသည်ကယ်လီဖိုးနီးယား ကဗျာသည် ဆရာတာရာရဲ့ လက်ရေးမူ(လက်နှိပ်မူ) ဖြစ်ပါတယ်။ စာပေစိစစ်ရေးဖြတ်သန်းရတဲ့ စာအုပ်မူနဲ့ အတန်ငယ် ကွဲလွဲမှု ရှိပါတယ်။]

Saturday, May 28, 2011

၁၀၈ စစ်ဒေသသို့
ရေးသူ- ဖိုးသံ (လူထု)




[ '၆၀' စာအုပ်အတွက် ရဲဘော်ဖိုးသံချောင်း မွေးနေ့လက်ဆောင် ပေးတာ ဖြစ်ပါတယ်။ မာယာမှာ ဦးစွာ တင်ပြလိုက်ခြင်းပါ။]


ကျနော် အိမ်က ထွက်ပြေးလာကတည်းက တောခိုဖို့ ထွက်ပြေးလာတာပါ။ ဒါပေမဲ့ အခုအထိ ဆိုရင် ၉လလောက်ရှိ သွားပါပြီ။ အစိုးရအုပ်ချုပ်တဲ့ နယ်မြေထဲမှာပဲ ပြန်ရောက် နေရပါတယ်။ မဲနယ်တောင်က ထွက်လာပြီးတဲ့နောက် ရှမ်းပြည်နယ် တောင်ပိုင်းထဲက နေရာ တနေရာမှာ ကျနော်ဝပ် နေရပါတယ်။ သုံးလေးလ ကြာတယ် ထင်ပါတယ်။ ဒီလိုနဲ့ တနေ့မှာတော့ မြေအောက်တာဝန်ယူထားတဲ့ ရဲဘော်တယောက် ရောက်လာပြီး ကျနော်တို့ကို ခေါ်သွားတော့မယ့် အကြောင်းပြောပါတယ်။


အမေက အိမ်ကိုပြန်ခဲ့လို့ ခေါ်လိုက်တာကို ကြားလိုက်ရတာလို ချက်ခြင်းပဲ ထွက်ခဲ့ပါတယ်။ ကန်တော့ထိုက်သူကို ကန်တော့၊ နှုတ်ဆက်တန်သူကို နှုတ်ဆက်ပြီး လွယ်အိတ်ကလေး ပုခုံးပေါ်တင် ထွက်ခဲ့ပါတယ်။ ကျနော်ရယ်၊ ကိုတော်ဝင်းရယ်၊ မြေအောက်က ရဲဘော်ရယ်၊ ကားမောင်းသူရယ်။ ဒတ်ဆန်းကား နောက်ပွင့်လေးနဲ့ပါ။

ဦးတည်ချက်က ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ၁၀၈ စစ်ဒေသ။ စခန်းထောက်က ဗထူးမြို့နဲ့ ကျောက်ဂူ။ သူတို့ နှစ်ယောက်က ကားရှေ့ခန်းထဲမှာထိုင်၊ ကျနော်တို့ နှစ်ယောက်က ကားနောက်ပိုင်းမှာ ထိုင်။ ဘယ်သူ့ဘယ်သူမှ စကား မပြောကြပါဘူး။ ကားအပြင် ရှုခင်းက ခြောက်သယောင်းလှတယ်။

တနာရီကျော်လောက် မောင်းမိတော့ သာစည်ရွှေညောင် မီးရထားလမ်း အကူးမှာ မီးရထား လာကာနီးလို့ မောင်းတံကြီး ချပိတ်ထားတာ တွေ့ရပါတယ်။ နောက်ပြီး အဲဒီအနားမှာ ကိုယ့်အရင် ရောက်နှင့် နေသူတွေ စောင့်နေကြတာကိုလည်း တွေ့ရပါတယ်။ သူတို့ အနားနီးတော့မှ သတိပြုမိတယ်၊ ဆင်အက အဖွဲ့တဖွဲ့။ ဆင်ရုပ်ကြီး ကျောပေါ်က နာမည်ကို ကြည့်လိုက်တော့ ‘ရတနာမင်း’ တဲ့။ အဲဒါမှ ဒုက္ခ။ ရတနာမင်း ဆိုတာက မန္တလေး တမာကုန်းက၊ နောက်ပြီး ကျနော့်မိဘများဆီ မကြာခဏ၀င် ထွက်သွားလာ နေကြသူတွေ။ အဲဒီ အရင်တနှစ်တုန်းကပဲ ဒီအဖွဲ့အကြောင်း ကျနော့်မိဘတွေက ဦးနေ၀င်းကို ပြောပြတော့ သူက ကြည့်ချင်တယ်ဆိုလို့ ပုဂံသီရိပစ္စယာမှာ သွားဖျော်ဖြေနိုင်အောင် စီစဉ်ပေးခဲ့ရသေးတယ်။ ကိုယ့်ကို မှတ်မိတဲ့လူများ ပါနေရင် ဒုက္ခပဲ။ ကိုတော်ဝင်းကလည်း တမာကုန်းအရပ်ထဲမှာ အသိမိတ်ဆွေတွေ ပေါသမို့ နှစ်ယောက်စလုံး မီရထားဂိတ်မှာ ခေါင်းတွေ ငုံ့နေကြရတယ်။

ဗထူးမြို့ကို ရောက်တော့ နေအတော် စောင်းနေပါပြီ။ ကျနော်တို့ကတော့ ထားရာနေ၊ ကျွေးတာစား၊ ခင်ပေးရာအိပ် လိုက်ကြပါတယ်။ နောက်တနေ့က ကျောက်ဂူဈေးပါ။ ကျနော်တို့က ဈေးကားနဲ့ ကျောက်ဂူကို လိုက်သွားပြီး ဟိုက လာကြိုတဲ့ လူနဲ့အတူ သူတို့ဈေးပြန်တွေ အထဲရောပြီး လိုက်သွားကြတာပါ။ တောဈေးဆိုတော့ ဈေးသယ်တွေ ဈေးဝယ်တွေဟာ အစောကြီးလာ၊ အစောကြီး ပြန်ကြပါတယ်။ ဒါကြောင့် ဗထူးမြို့ကနေ စောစောထပြီး သုံးတန်ကားကြီးတစင်းပေါ်မှာ လူ၎-၅၀နဲ့ ရောပြီး လိုက်သွားကြတာပါ။

ကျောက်ဂူ ဈေးကွဲချိန်ကျတော့ ဈေးပြန် ဒေသခံတွေနဲ့ရောပြီး လှည်းပေါ် ထိုင်လိုက်သွားကြပါတယ်။ အင်ပင်ကြီးတွေ၊ ကျွန်းပင်ကြီးတွေ ထီးထီးမားမား အပြိုင်းအရိုင်းနဲ့၊ ချိုးသံ၊ ငှက်တော်သံ၊ ယောက်ဖခွေးခေါ်သံ တွေနဲ့။ သာယာချင်တိုင်း သာယာနေတဲ့ တောကြီးပါ။ ကျနော်သာ အဖြစ်ရှိရင် တောလား လှလှတပုဒ်တောင် ရေးထွက် လာနိုင်လောက်ပါတယ်။ လှည်းပေါ်မှာတော့ သူတို့ချင်းပြောနေတဲ့ ဓနုစကား၊ ရှမ်းစကားကိုလည်း ကျနော်တို့က နားမလည်၊ ကိုယ်က ပြောရင်လည်း ဗမာမှန်းပေါ်သွားမှာမို့ တောအလှ၊ ငှက်ဂီတကို ခံစားရင်းသာ လိုက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ညနေ သုံး-လေးနာရီ လောက်မှာ ရွာတရွာကို ရောက်လို့ ကျနော်တို့ ဆင်းလိုက်ကြပါတယ်။ ရေးမထားတဲ့ စည်းကမ်းအတိုင်း ရွာနာမည်ကို ကျနော် စနည်း မနာမိပါ။ လိုက်ပို့တဲ့လူ၊ လာကြိုတဲ့ လူတွေရဲ့ နာမည်ဆိုတာတော့ ဝေလာဝေး။ ပြောမထွက်တဲ့ ကျေးဇူးတင်စကားတွေကို မျက်လုံးက ပြောရင်းသာ နှုတ်ဆက်ခွဲခွာရတာချည်းပါပဲ။

ကျနော်တို့ ရွာထဲက အိမ်တအိမ်မှာ ထိုင်စောင့်ကြပါတယ်။ အဲဒီက အိမ်တွေဟာ ဗမာပြည် ကျေးလက် အနှံ့အပြားက အိမ်တွေလိုပါပဲ၊ ခြေတံရှည်၊ ၀ါးကပ်ကာ အိမ်တွေပါ။ ပျဉ်ထောင်အိမ်လည်း ရှိသလောက် ရှိပါတယ်။ ညနေစောင်းတော့ အိမ့်ရှင်များနဲ့အတူ ထမင်းစားရပါတယ်။ အဲဒီနောက် အခန်းအလယ်က မီးဖိုဘေးမှာထိုင် စကားစမြည် ပြောကြပါတယ်။ ပြောတယ်ဆိုတာ သူတို့ချင်းပါ။ တခြားအိမ်တွေက လူတွေ ထင်ပါတယ်။ လူကြီးလူငယ် ၇ယောက် ၈ယောက်လောက် တက်လာပြီး ၀ိုင်းဖွဲ့ စကားပြောကြပါတယ်။ သူတို့ အစဉ်အလာ အတိုင်းဖြစ်ပါလိမ့်မယ်။ ကျနော်တို့ကိုတော့ ဘယ်သူကမှ မမေးပါဘူး။ နောက်နားမှာ ထရံမှီပြီး တေမိဇာတ်ခင်းနေသူ နှစ်ယောက်အကြောင်းကို သူတို့က မစပ်စုပါဘူး။ သူတို့အဖို့ ရိုးနေပြီဆိုတဲ့ သဘောများလား မသိပါ။

ဒီလိုနဲ့ ညဘက် ကူးလာပါတယ်။ အခန်းထဲမှာ ဘာမှ အပြောင်းအလဲမရှိပါ။ စကားဝိုင်းကတော့ လူတိုးလိုက်၊ လျော့လိုက်နဲ့ ပါပဲ။ ကျနော့်အထင် ည၈နာရီလောက် ဖြစ်ပါမယ်။ သေနတ် ထမ်းထားတဲ့ လူငယ်နှစ်ယောက် အိမ်ပေါ်ကို တက်လာပြီး စကားဝိုင်းထဲ ၀င်ထိုင်လိုက်ပါတယ်။ အိမ်ရှင်နဲ့ သူတို့ချင်း တီးတိုးပြောပြီး အိမ်ရှင်က ကျနော်တို့ဘက်ကို မေးထိုးပြ လိုက်ပါတယ်။ နောက်ပြီး ကျနော်တို့ကိုလည်း တချက်ကြည့်ပြီး ‘သူတို့ပဲ’ ဆိုတဲ့ အဓိပ္ပာယ်နဲ့ ခေါင်းငြိတ်ပြပါတယ်၊ ကျနော်တို့ကလည်း ထိုင်ရာကနေ ငေါက်ကနဲ ထလိုက်ပါတယ်ဲ။ နောက်ပြီးအားလုံးကို လေးစား ကျေးဇူးတင်တဲ့ သဘော ခါးညွှတ်ပြုံးပြပြီး ရှေ့က လူနှစ်ယောက် - အော် ရဲဘော်နှစ်ယောက်ရဲ့ နောက်ကနေ ကောက်ကောက်ပါ လိုက်သွားခဲ့ ကြပါတယ်။

အပြင်မှာ လသာနေပါတယ်။ လပြည့်မဟုတ်လို့ ထိန်ထိန်လင်းနေတာတော့ မဟုတ်ပါဘူး။ ညီအစ်ကို သဲသဲကွဲကွဲ မြင်နိုင်တဲ့ အလင်းရောင်မျိုး ရှိနေပါတယ်။ ကျနော်တို့ စကားတခွန်းမှ မပြောပဲ သုတ်သုတ် လျှောက်ကြပါတယ်။ ရွာက ထွက်တယ်ဆိုတာနဲ့ တောတန်းထဲကို တန်းဝင်တာပါပဲ။ တောလမ်းလေး တခုအတိုင်း ခပ်ပြေပြေ တက်ခဲ့ကြပါတယ်။ လမ်းကလေးဖုံဖုံက လရောင်အောက်မှာ ကိုယ့်ကို ခေါ်သွားပါတယ်။ နာရီဝက်လောက် လျှောက်မိတော့ လမ်းအတိုင်း ထိုင်စောင့်နေကြတဲ့ သေနတ်ကိုင် ရဲဘော် ၇ယေက် ၈ယောက်ကို ဘွားကနဲ တွေ့ရပါတယ်။ ၀တ္ထုတွေ၊ ရုပ်ရှင်တွေထဲကလို အချက်ပေးသံတို့ ဘာတို့ ဘာမှ သတိမထားမိပါဘူး။ ကျနော်တို့ အဲဒီနေရာမှာပဲ ထိုင်ချလိုက်ပြီး လက်ဆွဲနှုတ်ဆက်ကြ၊ မိတ်ဆက်ကြပါတယ်။ ကျနော့်ကို လာကြိုတဲ့အဖွဲ့ကို ခေါင်းဆောင်လာသူက ၁၀၈ စစ်ဒေသ ကော်မတီ ရဲဘော်(ဦး) သောင်းတင်ဖြစ်ပါတယ်။ အဲဒီအချိန်က အသက်၅၀ ကျော်ပြီဖြစ်တဲ့ သူ့ကို အများက ဦးလေးသောင်းလို့ ခေါ်ကြပါတယ်။ ကျနော်တို့ကို ရွာမှာလာကြိုတဲ့ ရဲဘော်နှစ်ယောက်ရဲ့ နာမည်တွေက ရဲဘော်ဝင်းအောင်နဲ့ ရဲဘော်လှတင့်တို့ ဖြစ်ပါတယ်။ သူတို့နဲ့ အဲဒီလို စကားပြောနေကြတုန်းမှာ ကျနော့် မျက်စိတွေက သူတို့ ဦးထုပ်ပေါ်က ကြယ်နီနဲ့ သူတို့ လက်ထဲက သေနတ်တွေဆီကိုပဲ ရောက်နေပါတယ်။ ဒါကို သတိထားမိတဲ့ ဦးလေးသောင်းက ပြုံးပြီး သူ့ရဲ့ ဦးထုပ်ကို ချွတ်ပေး၊ ရဲဘော် တယောက်ဆီက အမ်-၂၃ သေနတ်တလက်ကို ယူပေးပါတယ်။ လရောင်လေး မှိန်မှိန်အောက်မှာပေမဲ့ ကြယ်နီရော သေနတ်ရောပါ တလက်လက် တောက်နေတယ် ထင်ရပါတယ်။ အင်မတန် ထူးခြားတဲ့ ခံစားမှုတခု ပေါ်လာပါတယ်။

ကျနော်ေ တာခိုခဲ့ပါပြီ။ သူပုန် - အဲ- လက်နက်ကိုင်တော်လှန်ရေးသမား ဖြစ်ပါပြီ။

ဖိုးသံ(လူထု)

Friday, May 6, 2011

ဆရာဒဂုန်တာရာ
ရေးသူ-ပထ၀ီမောင်တင်


[၁၃၆၂ ခု၊ တန်ဆောင်မုန်းလ။ ၂၀၀၀ ခု၊ နိုဝင်ဘာထုတ် မာယာမဂ္ဂဇင်း ပြန်လည်ကူးယူ ဖော်ပြပါတယ်]
ဒဂုန်တာရာကို ကျွန်တော်က ကိုဌေးမြိုင်လို့ပဲ ခေါ်တယ်။ သူနဲ့ ကျွန်တော်က ရန်ကုန် ၁၄ လမ်းမှာ နေတုန်းကတည်းက၊ တာရာမဂ္ဂဇင်း စထုတ်လာ ကတည်းက သိတယ်။ ရင်းနှီးခဲ့တယ်။ အထူးသဖြင့် သူဝတ်စားတာကို ကြည့်ပြီး နောက်ပြောင်နေတော့ ပိုရင်းနှီးတယ်။ သူက ဘယ်တော့မှ ဘန်ကောက်လုံချည် ခါးကချတာ မဟုတ်ဘူး။ စကားပြောရင်လည်း အေးအေးနဲ့ ပြောတယ်။ သူ ဒီလိုနေ၊ ဒီလိုဝတ်၊ ဒီလိုပြောတာကို နောက်ပြောင်နေရင် သူက သူ့ဟာသူ နေတယ်။ အင်မတန် သည်းခံနိုင်တယ်။ ဒါကြောင့် ပိုရင်းနှီးတယ်။


သူက ဗိုလ်ချုပ်အောင်ဆန်း၊ ကိုလှဖေ(ဗိုလ်လက်ျာ)၊ သခင်သန်းထွန်း၊ ကိုဗဟိန်းတို့နဲ့ တော် တော် ရင်းတယ်။ တတွဲတွဲလဲ နေတယ်။ ကိုဗဟိန်းနဲ့ကတော့၊ အရင်းနှီးဆုံး အတွဲဆုံးပဲ။ နှစ်ယောက်စလုံးက စာသမားချင်းဆိုတော့ သိပ်အတွဲညီတယ်။ ဒါကြောင့် ရှမ်းပြည်နယ်က ပြန်လှဲ့ခဲ့ရတဲ့ တရုတ်ပြည်ခရီးမှာ သူတို့နှစ်ယောက် သွားခဲ့ကြတာပေါ့။
ဗိုလ်ချုပ်တို့ ဂျပန်ပြည်က ပြန်လာပြီး BIA ရုံးမှာ သူ့ကို ခေါ်ထားသေးတယ်။ တပ်မတော်ဝါဒ ဖြန့်ချိရေးအနေနဲ့ ထားတာ ဖြစ်မယ်။ အဲဒါ ခဏပဲ လုပ်ပြီး ထွက်သွားတယ်။ ကြာကြာ မလုပ်ဘူး။သူက စာသမား၊ စစ်ရေးသမား မဟုတ်ဘူး။ ဟို ကျောင်းသားဘ၀ ကတည်းက အိုးဝေမဂ္ဂဇင်းမှာ သူတို့ လုပ်ခဲ့ကြတာ မဟုတ်လား။
၁၉၃၇ ခုနှစ်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂမှ ထုတ်ဝေတဲ့ 'မျိုးညွန့်' မဂ္ဂဇင်းမှာ သူ အယ်ဒီတာ လုပ်ဖို့ပဲ။ သူ လုပ်မဲ့အလှည့်ကျမှ မဂ္ဂဇင်းက ရပ်သွားတယ်။ မျိုးညွန့်မဂ္ဂဇင်းကို ခုခေတ်လူငယ်တွေ သိကြမှာ မဟုတ်ဘူး။ ကျောင်းသားသမဂ္ဂကနေ ထုတ်ခဲ့တယ်လို့လဲ သိကြမှာ မဟုတ်ဘူး။ မျိုးညွန့်မဂ္ဂဇင်းကို ၁၉၃၇ ခုနှစ် စက်တင်ဘာလမှာ အတွဲ ၁၊ အမှတ် ၁ စ ထုတ်ခဲ့တယ်။ အမှတ် ၂ က ဒီဇင်ဘာလမှာ ထုတ်ခဲ့တယ်။ အမှတ် ၃ ကို ထုတ်တယ်။ ပြီးတော့ ရပ်သွားတယ်။ ကျွန်တော့်ဆီမှာ မျိုးညွန့်မဂ္ဂဇင်း အမှတ် ၂ ရှိတယ်။ မဂ္ဂဇင်းတည်းဖြတ်သူ (အယ်ဒီတာ) မောင်ဘဟိန်း၊ အတိုင်ပင်ခံ ဦးကျော်မြင့် ၀တ်လုံတော်ရ။ တန်ဖိုး လေးပဲ။ မဂ္ဂဇင်းကို ရန်ကုန်မြို့ မြန်မာ့ဇေယျာ စာပုံနှိပ်တိုက်မှာ ရိုက်၍၊ မောင်ဘေသန်းက ထုတ်ဝေသည်လို့ ရေးထားတယ်။ အမှတ် ၂ မဂ္ဂဇင်းမှာ ကိုနု၊ ကိုဘဟိန်း၊ ကိုသိန်းဖေ၊ ကိုညိုမြ၊ သခင်လေးမောင်နဲ့ သုပဏ္ဏက (သခင်သန်းထွန်း) တို့က ပါဝင် ရေးသားကြတယ်။ ဒါက ကြုံလို့ ပြောတာပါ။
ကိုဌေးမြိုင်က ကျောင်းသား လှုပ်ရှားမှုတွေမှာ ပါခဲ့တယ်။ ၁၉၃၈ ခုနှစ် ဒီဇင်ဘာ ၁၅ ရက် ကျောင်းသားတွေ ပုဒ်မ ၁၄၄ ဖီဆန်ပြီး ဆန္ဒပြပွဲလုပ်တဲ့အခါ၊ တူတဇင် အမှတ်အသားနဲ့ အလံနီကြီးကို ကိုင်ပြီး ကိုယ်တိုင် ပါဝင်ခဲ့တဲ့လူ ဖြစ်တယ်။ ၂၀ ရက်နေ့ အတွင်းဝန်ရုံး ၀ိုင်းတုန်းကလဲ ပါဝင်ခဲ့တယ်။ ဒီပွဲမှာ ကိုအောင်ကျော် ကျဆုံးခဲ့တယ်။
၁၃၀၀ ပြည့် အရေးတော်ပုံနဲ့ ပါတ်သက်ပြီး ကိုဌေးမြိုင် ကိုယ်တိုင်သိတာတွေ အများကြီးပါ။ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ သူက တွဲနေခဲ့၊ အတူနေခဲ့သူပါ။ ကိုသိန်းဖေ(ဦးသိန်းဖေမြင့်) အရှေ့ကနေ၀န်းထွက်သည့်ပမာရေးတော့ ၁၃၀၀ပြည့်အခန်းမှာ ကိုဌေးမြိုင် စာတွေ ကိုးကားခဲ့ရတာ ကြည့်ပါလား။
သူကိုယ်တိုင်သိ၊ သူကိုယ်တိုင် ပါဝင်ပါတ်သက်တာတွေ အများကြီး ရှိပါတယ်။ သူက ပြောခဲပါတယ်။
ဂျပန်ခေတ်မှာ သူက တော်လှန်ရေးခေါင်းဆောင်တွေနဲ့ အတူနေတယ်။ ရန်ကုန်မှာ အနေများ တယ်။ ဗိုလ်လက်ျာအိမ်မှာ အနေများတယ်။ သခင်သန်းထွန်းအိမ်မှာနေတယ်။ ဗိုလ်ချုပ်အိမ်မှာလဲ ၀င်လိုက်ထွက်လိုက် နေလိုက်ပါပဲ။
ကိုဗဆွေကြီးနဲ့လဲ ရင်းနှီးပါတယ်။ ကိုကျော်ငြိမ်းထက် ပိုရင်းနှီးပါတယ်။ သူက အဲဒီလို နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ သိသလို နိုင်ငံရေးပါတီတိုင်း ပါတီတိုင်း အကြောင်းတွေကို လေ့လာတယ်။ သုံးသပ်တယ်။ သိတယ်။ သူကြိုက်ရင် ကြိုက်တယ်။ မကြိုက်ရင် မကြိုက်ဘူး ပွင့်ပွင့်လင်းလင်း ပြောတယ်။ ဆိုရှယ်လစ်တွေ မှားရင် မှားတာကို ပြောတယ်။ ကွန်မြူနစ်ပါတီ လွန်ရင်လဲ လွန်သွားတာ ပြောတယ်။ ပြောရဲတယ်။ လူတွေကလဲ ရင်းနှီးကြတယ်။ သူက သူ့ ရပ်တည်ချက်နဲ့ သူနေတယ်။ စစ်ပြီးစ လောက်မှာ ကျွန်တော်ဆီမှာ စာပေသစ်မဂ္ဂဇင်း လာရိုက်တယ်။ ကျော်အောင်ရယ်၊ မြသန်း(မြသန်းတင့်) ရယ်၊ ကိုသန်းတင်ရယ်ပေါ့ဗျာ။ ကိုသန်းတင်က အင်မတန် သည်းခံနိုင်တဲ့လူ။ စာပေသစ်မ၈္ဂဇင်းကို သူကပဲ အကုန်အကျခံပြီး ထုတ်ခဲ့တာ၊ နှစ်အုပ် သုံးအုပ်မှာပဲ ရပ်သွားတယ်။ ရပ်ရတဲ့ အကြောင်းလဲ ရှိတယ်။ ထားတော့။
နိုင်ငံရေး၊ ကျောင်းသားလှုပ်ရှားမှု၊ စာပေ၊ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ သူက အာရုံစိုက် ထားတယ်။ စာပေကို သိပ်မြတ်နိုးတယ်။ စာပေမြတ်နိုးလို့ အမြတ်အစွန်းအတွက်၊ ငွေကြေးအတွက် မဟုတ်ပဲ၊ စာအုပ်ထုတ်တဲ့လူဆိုတာ အတော်နည်းပါတယ်။ သူက တာရာ မဂ္ဂဇင်းထုတ်တာ။ ဂန္ထ၀င်ဂျာနယ်ထုတ်တာလုံးလုံး အမြတ်အစွန်းအတွက် မဟုတ်ဘူး။ စာပေကို မြတ်နိုးလို့ ထုတ်ခဲ့တာ။ ဒီစာအုပ်တွေမှာ သူဘာတွေ ရေးခဲ့သလဲ။ ဖတ်ကြည့်ပါလား။ တိုင်းချစ်ပြည်ချစ်စိတ်၊ နိုင်ငံရေးလှုပ်ရှားမှု၊ ကျောင်းသားလှုပ်ရှားမှု၊ စာပေရေးရာ ဒါတွေ သူရေးခဲ့တာပဲ။
ကိုဌေးမြိုင်က ပင်ကိုယ်က သိပ်ရိုးတယ်။ ရိုးရိုးစင်းစင်းပဲ ပြောတတ်၊ နေတတ်၊ စားတတ်တယ်။ ဘာဟိတ်ဟန်မရှိပါဘူး။ သူ့မှာ ရင်းနှီးတဲ့ ကျောင်းနေဖက် သူငယ်ချင်း သုံးယောက်ရှိတယ်။ မင်းနဲ့ ငါနဲ့ တရင်းတနှီး ပြောကြ ခင်ကြတဲ့ လူတွေ။ ကနေ့ထိ သက်ရှိထင်ရှား ရှိကြသေးတယ်။ ဘီဘီစီ ဦးမောင်မောင်ရယ်၊ ဆရာတိုက်စိုးရယ်ပဲ။ သူတို့က ငယ်ပေါင်းကြီးဖော်။ သိပ်ရင်းနှီးတဲ့လူတွေ။ သိပ်ခင်မင်ကြတဲ့ လူတွေ။
ကိုဌေးမြိုင်ဟာ စစ် နဲ့ ငြိမ်းချမ်းရေးမှာ သူက ငြိမ်းချမ်းရေးသမားလို့ ကျွန်တော်မြင်တယ်။ ဟိုတုန်းက ဗိုလ်ချုပ်ရဲ့ စစ်ရုံးက ဆင်းပြေးလာတာလဲ ဒါပဲ။ ဗိုလ်ချုပ်နဲ့ ဗိုလ်လက်ျာနဲ့ ပတ်သက်တဲ့လူတွေ တော်တော်များများ စစ်ထဲရောက်ကုန်ကြတာပဲ။ စစ်ထဲဝင်သွားကြတာပဲ။ သူတယောက်ပဲ စစ်ထဲမ ရောက်တာ။ စစ်ထဲမ၀င်တာ။ နောက်ပိုင်း သူငယ်ချင်းတွေ အချင်းချင်း လက်နက်ကိုင် တိုက်ခိုက်ကြ တော့လဲ တောက်လျှောက် သူဆန့်ကျင်ခဲ့တာပဲ မဟုတ်လား။ လူမျိုးစု အခွင့်အရေးတွေမှာ သူ အတော်တော် မှန်မှန်ကန်ကန် ရပ်တည်ခဲ့တယ်။
ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ တန်းတူရေးတွေ သူ စွဲစွဲမြဲမြဲ သုံးခဲ့တာပဲ။ ကိုဌေးမြိုင် စာတွေဖတ် ပြီး တချို့လူတွေက ပြောကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ ဗိုလ်လက်ျာ ကိုဘဟိန်းတို့ အကြောင်း၊ စစ်နဲ့ငြိမ်းချမ်းရေးအကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးခရီးတွေအကြောင်း၊ စာပေရေးရာ အကြောင်း၊ သူရေးနေတာ ဖန်တရာ တေနေပြီ။ အပ်ကြောင်းထပ်နေပြီတဲ့။ ဒီလို ထင်ကြတယ်။ ဒါပေမယ့် ကျွန်တော်သိတယ်။ သူက ဒါတွေကို အလကားရေးနေတာ မဟုတ်ဘူး။ အဓိပ္ပါယ်မရှိနေရး နေတာ မဟုတ်ဘူး။ အဓိပ္ပါယ်ရှိရှိ ရေးနေတာ၊ သမိုင်းဖြစ်ရပ်တွေကို မျက်ခြေမပြတ် မလစ်လပ်အောင် ရေးနေတာလို့ ကျွန်တော်မြင်တယ်။ သူ ထောင်က လွတ်လာတော့ သူ့ကို ကျွန်တော် တော်တော် လေးစားတယ်။ သူက ထောင်ထဲမှာ တော်တော် တည်တည်ငြိမ်ငြိမ် နေခဲ့တာ။ မှန်မှန်ကန်ကန် ရပ်တည်ခဲ့တာကို ကျွန်တော် သိပါတယ်။
ဒါ ကိုဌေးမြိုင်ကို ကျွန်တော်သိတာ၊ မြင်တာ ပြောတာ။ နောက် ပြောရင်၊ ပြောစရာတွေ အများကြီး ရှိပါတယ်။ နောက်ဆုံး ပြောချင်တာက သူ့ခမျာ အခု အသက်က ရလာ၊ မျက်စိကလဲ ဒုက္ခပေးလာပြီး၊ မမြင်မကန်းပေါ့ဗျာ။ မြင်လဲ ကောင်းကောင်း မမြင်ရှာပါဘူး။ ကန်းလဲမကန်းဘူး။ ခမျာ မျက်စိ ဒုက္ခခံနေရရှာတယ်။
ကျွန်တော် သူ့ကို မေတ္တာရပ်ခံထားတယ်။ 'တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ' ရေးပြီးပြီ။ 'တို့ကိုယ်ကျိုး လုံးလုံးမပါ' ဆိုတဲ့ ၀တ္ထုရေးပါလို့ ပြောတာ ကြာလှပြီ၊ ခုထက်ထိ မရေးသေးဘူး။
[ဦးအုန်းမြင့် တိုးတက်ရေး]
ကိုဌေးမြိုင်ကို ကျွန်တော် စသိတာလား။ နေဦးဗျ။ ဂျပန်ဝင်ကာစလေးမှာ ကျိုက်လတ်ကို BIA ကသိမ်းတော့ ဗိုလ်ရန်နိုင် တပ်က သိမ်းတယ်။ ဗိုလ်ရန်နိုင် (ကိုထွန်းရှိန်)က ကိုဌေးမြိုင်နဲ့ သိပ်ခင်တယ်။ တက္ကသိုလ်မှာ အတူတူ။ သူတို့ သူငယ်ချင်းတွေ ဆိုတော့ ကျိုက်လတ်သိမ်းပြီး ဗိုလ်ရန်နိုင်က ကိုဌေးမြိုင်အိမ်မှာ တည်းနေပါတယ်။
တနေ့တော့၊ ဒီသတင်း ဖျာပုံကနေ ကျွန်တော်တို့ သိတယ်။ သိတော့ ကျွန်တော်ရယ်၊ ကိုလှရွှေရယ်၊ ဖျာပုံကနေ ကျိုက်လတ် သွားကြတယ်။ ဗိုလ်ရန်နိုင်နဲ့ သွားတွေ့ကြတယ်။ အဲဒီမှာ ကိုဌေးမြိုင်ကို စတွေ့တယ်။ စပြီး သိရတယ်။ ကျွန်တော်က ဒီတုန်းက သူ့စာတွေ ဖတ်နေပြီ။ ဒဂုန်တာရာရဲ့ ပရိသတ်ပေါ့ဗျာ။ သူ့စာတွေနဲ့ အရင်သိပြီးမှ လူကို အဲဒီမှာ စသိတာ။
သူ့ကို မှတ်မှတ်ရရ အဖြစ်ဆုံးတွေ့ခဲ့ရတဲ့ နောက်တနေရာဟာ ရန်ကုန်ထောင်ကြီးထဲမှာ တွေ့ရတာပဲ။ ဒီတုန်းက သူက ထောင်မကျပဲ ထောင်ထဲရောက်လာပြီး တနေကုန် စကားတွေ ပြောခဲ့ရတာ။ ခင်ဗျားကို ကျွန်တော်ပြောဖူးတယ်။ ကျွန်တော်တို့ လေးယောက်ရိုက်ထားတဲ့ ဓါတ်ပုံလေ။ ကိုဌေးမြိုင်(ဒဂုန်တာရာ)ရယ်၊ ကျွန်တော်ရယ်၊ မောင်နေ၀င်းရယ်၊ ဗန်းမော်တင်အောင်ရယ် ရိုက်ထား တဲ့ပုံ။ အဲဒါ ကျွန်တော်၊ ကိုနေ၀င်းနဲ့ဗန်းမော်တင်အောင်က ထောင်ကျနေတာ။ သူက အပြင်ကလာတာ။ ဓါတ်ပုံကို ရိုက်တာက လူထုဦးလှရဲ့တူ ၀င်းမော်ဦး ကိုတင်မောင်။ ဓါတ်ပုံရိုက်တဲ့နေရာက ကျွန်တော့် အခန်းမှာ။ ဒီတုန်းက ရန်ကုန်ထောင်ကြီးမှာ နိုင်ငံရေးအကျဉ်းသမားတွေကို အထူးတန်းထားသေးတယ်။ အဲဒါ ၁၉၅၃ ခုနှစ်လို့ မှတ်မိတာပါပဲ။
ကိုဌေးမြိုင် ထောင်ထဲ ရောက်လာပုံက ဒီလိုဗျ။ ပထမ အကြိမ်က ကျွန်တော်တို့က ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ကန်တော့ချင်တယ်ဆိုပြီး သက်ဆိုင်ရာကို တောင်းဆိုကြတယ်။ ခွင့်ပြုချက် ရတယ်။ ခွင့်ပြုချက်ရတော့ ဆရာကြီးကို ကိုဌေးမြိုင်က ထောင်ဗူးထဲ ခေါ်လာတယ်။ ထောင်ဗူးထဲမှာပဲ ကျွန်တော်တို့က ပုတီးလေးတွေ၊ ဘာလေးတွေနဲ့ ကန်တော့ကြတယ်။ အဲဒါတခါ။
နောက်တခါက ဒီဇင်ဘာ အားကစားပွဲတွေ လုပ်တဲ့အခါ ထောင်တွင်းမှာလဲ အားကစားပွဲတွေ ဘာတွေ လုပ်တယ်။ အပြင်လူလဲ ဖိတ်တယ်။ ဒီတုန်းက ထောင်ကော်မတီကို အလံနီ၊ ပြည်သူ့ရဲဘော်၊ ကွန်မြူနစ်ပါတီ သုံးပါတီ အကျဉ်းသားကော်မတီက ကိုင်ထားတယ်။ နိုင်ငံရေး အကျဉ်းသားတွေကိစ္စ အာဏာပိုင်များနဲ့ ပြောဖို့ ဆိုဖို့ပေါ့ဗျာ။ အဲဒီမှာ အားကစားကော်မတီ ဥက္ကဌက ထောင်ကျနေတဲ့ လူထုဦးလှ။ အဲဒီ အားကစားပွဲကို အပြင်လူ ဖိတ်တဲ့အခါ ကိုဌေးမြိုင်ပါလာတယ်။ အဲဒီလိုနည်းနဲ့ သူထောင်ထဲ ရောက်လာတာ။
ကျွန်တော် မှတ်မိတယ်။ ဗန်းမော်တင်အောင်က သူ့ကိုပြောတယ်။ (ကိုဌေးမြိုင်) ကို ပြောတယ်။ "ခင်ဗျားက ဘယ်တော့မှ ထောင်ကျမယ့်လူမဟုတ်ဘူး။ ဒါကြောင့် ထောင်ထမင်း ထောင်ဟင်းစားရမှာ မဟုတ်ဘူး။ ဒါကြောင့် အခု ခင်ဗျားကို ကောင်းကောင်းမကျွေးဘူး၊ ထောင်ထမင်း၊ ထောင်ဟင်းပဲ ကျွေးလွှတ်မယ်" စားဖူးအောင်ဆိုပြီး တကယ်ပဲ ထောင်ထမင်း၊ ထောင်ဟင်းကျွေးလွှတ်လိုက်တယ်။ သူကလဲ စားသွားတယ်ဗျ။
နောက်တခု ထောင်ထဲမှာ အားကစားသမားတွေ ချီတက် အလေးပြုပွဲ လုပ်တယ်။ ထောင်ပိုင်က သူအလေးပြု ခံချင်တယ်။ ဒီကလဲ အားကစားကော်မတီ ဥက္ကဌဦးလှကိုပဲ အလေးပြု ကြမယ်ဆိုပြီး ဖြစ်ကြတယ်။ တော်တော်နဲ့ မဆုံးဖြတ်နိုင်ဘူး။ နောက်ဆုံးမှ စေ့စပ်ကြတော့ ဦးလှကို ချီတက် အလေးပြုမယ်၊ ဦးလှက အလေးပြုခံမယ်၊ ထောင်ပိုင်က ဦးလှဘေးမှာ ရပ်နေရမယ်။ အဲဒါနဲ့ ပြတ်သွားတယ်။ အဲဒီနေ့ သူရောက်လာတာ မနက်ကိုးနာရီ သာသာ ၁၀နာရီ လောက်ကရောက်တာ ညနေ ၃နာရီကျော် လေးနာရီ လောက်မှ ပြန်သွားတာပဲ။
နောက် ဗန်းမော်တင်အောင် အခန်းမှာတောင် ကျွန်တော်နဲ့ဗန်းမော်တင်အောင်တို့ တွဲပြီး ဓါတ်ပုံ ရိုက်ကြသေးတယ်။ အဲဒီပုံလဲ ရှိတယ်။
အဲဒီတုန်းက စာအကြောင်း၊ နိုင်ငံရေးအကြောင်း၊ လူပုဂ္ဂိုလ်တွေအကြောင်း တနေကုန် ပြောကြ တာ မှတ်မှတ်ရရပါပဲဗျာ။ အဲဒါ သူ ထောင်မကျပဲ ထောင်ထဲ ရောက်လာခဲ့တာ။
နောက်ပိုင်း ဗိုလ်လက်ျာကိစ္စနဲ့မှ ထောင်ကျတော့တာ။ သူ့ကို ကျွန်တော်မြင်တာက သူဟာ စာပေသမား၊ ငြိမ်းချမ်းရေးသမားလို့ မြင်ပါတယ်။ သူဟာ တချိန်လုံး ယုံကြည်ချက်ပေါ်မှာ သစ္စာရှိရှိ ရပ်တည်တဲ့ ပုဂ္ဂိုလ်ပါ။
[လေထီးအုန်းမောင်]

တနေ့ ၁၉၉၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှာ ဦးလေး(ဦးအုန်းမြင့်-တိုးတက်ရေး) က ခေါ်လို့ သူ့အိမ် ကျွန်တော် ရောက်သွားပါတယ်။ အဲဒီမှာ ဆရာဒဂုန်တာရာ၊ ဦးအုန်းမောင်(လေထီး)၊ ဦးအုန်းမြင့် (တိုးတက်ရေး)တို့နဲ့ ဆုံဖြစ်ပါတယ်။ လူကြီးတွေ ဆုံတဲ့အခါ အင်မတန် မှတ်စရာ သားစရာ အကြောင်း အရာတွေ စကားတွေကို ကြားရတတ်ပါတယ်။ အခုလဲ ဒီပုဂ္ဂိုလ်ကြီးတွေ ဆုံတဲ့အခါ သူတို့ ကြုံခဲ့ တွေ့ခဲ့ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းဖြစ် ရပ်ဇာတ်ကွက်တွေ၊ ခေတ်ကာလရဲ့ အခြေအနေတွေ၊ သမိုင်းဇာတ်ဆောင် များရဲ့ အကြောင်းတွေကို နားထောင်ရတာ အင်မတန်မှ အဖိုးတန်လှ ပါတယ်။
နက်ဖန်ဆိုရင် ဆရာဒဂုန်တာရာ ကလောမြို့ကို ပြောင်းဖို့ ရွှေ့ဖို့ ပြင်ဆင်နေပါပြီ။ အဲဒီလို မပြောင်းခင် မရွှေ့ခင် သူတို့ လူကြီးများဆုံပြီး စကားပြောကြတဲ့ ၀ိုင်းပါ။ ကျွန်တော်က နာယူရတဲ့ သူပါ။ အင်မတန် ကံကောင်းလှပါတယ်လို့ ကျွန်တော်ခံစားရပါတယ်။
ကျွန်တော် မရှင်းမလင်းဖြစ်နေတဲ့ သမိုင်းအချက်အလက်တခုကိုလဲ လူကြီးများ ခွင့်ပြုလို့ မေးခွင့်ရလိုက်ပါတယ်။ အဲဒါကတော့
"ကျွန်တော် စာအုပ်များမှာ ဖတ်ရတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဖွဲ့တဲ့ နေရာဌာနဟာ သုံးနေရာ လောက် ဖြစ်နေတာ တွေ့ရပါတယ်။ တနေရာက ရန်ကုန်မြို့၊ စမ်းချောင်းရပ်၊ မြေနုလမ်း အိမ်အမှတ် ၁၁ မှာလို့ ဆိုပါတယ်။
နောက်တနေရာက ရန်ကုန်မြို့။ ၄၉ လမ်း အမှတ် ၁၈၈ လို့ ဆိုတယ်။ (ဘုံဘ၀မှာဖြင့် စတုတ္ထတွဲ စာ-၃၀၆)။
နောက်တခုက ကုလားရဲဘော်များ စုပေါင်းနေထိုင်တဲ့ ဘားလမ်း (ယခု မဟာဗန္ဓုလပန်းခြံ လမ်း)၊ ရန်ကုန် လို့ ဆိုပါတယ်။ ဘယ်ဟာ အမှန်ဖြစ်ပါသလဲ ခင်ဗျာ" လို့ မေးတဲ့အခါ ဆရာဒဂုန်တာရာ က "သခင်စိုးကိုယ်တိုင် ပြောခဲ့ ရေးခဲ့တာတော့၊ မြေနုလမ်း အမှတ်၁၁၊ စမ်းချောင်းမှာလို့ ပြောပါတယ်။ အဲဒီအိမ်က ကိုဗဟိန်းနဲ့ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) အတူငှားနေတဲ့အိမ်၊ မျက်နှာချင်းဆိုင်မှာ မခင်ကြီး အိမ်ရှိတယ်။ ကိုဗဟိန်းနဲ့ မခင်ကြီးက ကြိုက်နေကြတုန်း။ ကိုထွန်းရှိန်ကတောင် စနေပြီလေ။ ကလေး တယောက် အဲဒီအိမ် လာလာနေတယ်။ ကိုဗဟိန်းက ကလေးချစ်တတ်တယ်။ ဓာတ်စက်လဲ သိပ် ၀ါသနာပါတယ်။ ဓာတ်ပြားသီချင်းတွေ ဖွင့်ဖွင့်ပြီး နားထောင်ကြလေ့ရှိတယ်။ သီချင်းသိပ်ကြိုက်တယ်။ ဒါကြောင့် ကိုဗဟိန်းကို ကျွန်တော်က သိပ်ခင်တာ။ အဲဒီအိမ်မှာ ဖွဲ့တယ်လို့ မှတ်မိတယ်" လို့ ပြောပါတယ်။
နောက်စကားတွေ ဆက်ပြောကြရင်း ဆရာက စကားတလုံး ဆက်ပြောပါတယ်။ "အကြောင်း အရာတခုကို စဉ်းစားတဲ့အခါ အချက်အခိုင်ဆုံး ပြောနိုင်သူဟာ ခေါင်းဆောင်ဖြစ်တာပဲဗျ။ ကျွန်တော်က ကမ္ဘာ့ငြိမ်းချမ်းရေးကိစ္စ လုပ်တုန်းက အတွေ့အကြုံအရ ပြောရရင် တချို့ပဂ္ဂိုလ်တွေဟာ အစည်းအဝေး တက်သာလာတာ ဘာမှ ပြောစရာမရှိ ဆိုစရာ မပါကြဘူး မပြောကြဘူး။ မပြောနိုင်ကြဘူး။ ကမ္ဘာငြိမ်းချမ်းရေး ကိစ္စတွေ သိပ်မလေ့လာတော့ သိပ်မပြောနိုင်ကြဘူးပေါ့။ လေ့လာတဲ့လူ၊ စာများများ ဖတ်တဲ့လူက ပြောနိုင်တယ်။ ဆိုနိုင်တယ်။ ပြောနိုင် ဆိုနိုင်သူက ခေါင်းဆောင်ဖြစ်သွားတာပဲဗျ" စတဲ့ စတဲ့ စကားတွေ ကြားနာခဲ့ရတယ်။
ကျွန်တော့်မှာ အဲဒီနေ့က မှတ်စရာတွေ မကုန်နိုင်အောင် ကြားရတယ်။ ပညာရခဲ့ပါတယ်။ ဆရာကျန်းမာပါစေ။ အသက်ရာကျော် ရှည်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ပထ၀ီမောင်တင်
စာပေဂျာနယ်၊ အတွဲ ၃၊ အမှတ် ၄၊ ၁၉၉၅ ဒီဇင်ဘာ။