ကျွန်တော်မေ့မရတဲ့အဆောက်အဦများ
၁၉၈၅ခု ကွန်ဂရက်ခန်းမ
အချိန်က ၁၉၈၅ခုနှစ် စက်တင်ဘာလပါ။ ဆိုတော့
ဒါဟာဗမာပြည်ကွန်မြူနစ်ပါတီ ထူထောင်ပြီးလို့ ၄၆နှစ်မြောက်ကာလ၊ ပါတီရဲ့ ဒုတိယကွန်ဂရက်ကျင်းပပြီးလို့
အနှစ် ၄၀ကြာတဲ့၊ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခဲ့တာ ၃၇နှစ်ရှိတဲ့ကာလ ဖြစ်ပါတယ်။ နောက်ပြီး
ပြည်တွင်းစစ် ဖြစ်နေခဲ့တာ ၃၇နှစ်မြောက်တဲ့နှစ်လည်း ဖြစ်ပါတယ်။ ဒီလိုအခါမှာ ဗမာပြည်
ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကနေ ပါတီရဲ့ တတိယ အကြိမ်မြောက် ကွန်ဂရက်ကို ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာ
ဖြစ်ပါတယ်။
ကွန်ဂရက်ကို
စက်တင်ဘာလ ၉ရက်နေ့ကနေ အောက်တိုဘာလ ၂ရက်နေ့အထိ၊ မနက်ပိုင်းနဲ့ ညနေပိုင်း၊ တနေ့ ၇နာရီလောက်၊၂၄ရက်ကြာ
ကျင်းပခဲ့ပါတယ်။ ဦးစီးကျင်းပတာက အဲဒီတုန်းက လက်ရှိဗဟိုကော်မတီအဖွဲ့နဲ့ ယူနစ် အသီးသီးက ကိုယ်စားလှယ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ကွန်ဂရက် သဘာပတိအဖွဲ့က
ဦးစီးကျင်းပတာ ဖြစ်ပါတယ်။ စုစုပေါင်း ကိုယ်စားလှယ်
၁၉၆ယောက် တက်ရောက်ခွင့်ရှိပြီး နေ့စဉ်တက်သူက ၁၇၀ကျော်လောက် ရှိပါတယ်။ ကိုယ်စားလှယ်တွေဟာ
ဗဟိုနဲ့ နောက်တန်း လွတ်မြောက်ဒေသ ဌာနအသီးသီးက၊ ပျောက်ကြားဒေသက၊ ရှေ့တန်းတပ်များက မြေအောက်လုပ်ငန်းက၊
အမျိုးသား အမျိုးသမီးတွေ ရဲဘော်တွေ၊ လူမျိုးအားဖြင့် ဆိုရင်လည်း ဆယ်မျိုးထက် မနည်းပါဝင်ပါတယ်။
လူတန်းစားအားဖြင့်တော့ ကျေးလက်ဆင်းရဲသားကအများဆုံးဖြစ်ပြီး၊ အလုပ်သမား၊ ကျောင်းသား
ပညာတတ်တွေလည်း ပါပါတယ်။ နောက်ပြီး ပြည်သူ့တပ်မတော်သားတွေပေါ့။
ကွန်ဂရက် ဖြစ်မြောက်အောင်မြင်ရေးအတွက်
လက်တွေ့လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ ဆပ်ကော်မတီတွေ၊ တခြား အဖွဲ့ငယ်တွေဖွဲခဲ့ပါတယ်။
မှတ်မိသလောက်ဆိုရင် အဲဒီအထဲမှာ တည်ဆောက်ရေး၊ ဧည့်ခံရေး၊ ကြိုဆိုရေး၊ ကျန်းမာရေး၊ ချက်ပြုတ်ရေး၊
လုံခြုံရေးစတဲ့ ဆပ်ကော်မတီ စတာတွေ ပါဝင်ပါတယ်။ လုပ်အားကို ပြည်သူ့တပ်မတော်သားတွေ သာမက
ပန်ဆန်းမှာ ရောက်ရှိနေကြတဲ့ တပ်ပေါင်းစု အမျိုးမျိုးက ရဲဘော်တွေနဲ့ ပန်ဆန်းမြို့နယ်ကော်မတီက
တာဝန်ရှိသူ တွေနဲ့ပန်ဆန်း တ၀ိုက်က ဒေသနေ လူထုဆီက ယူကြရပါတယ်။
ကွန်ဂရက်ကို ကျင်းပတာက ၀နယ်တောင်ပိုင်း၊
ပန်ဆန်းမှာရှိတဲ့ ပြည်သူ့အသံ တောင်ကုန်းပေါ်မှာ ဖြစ်ပါတယ်။ အကာမပါတဲ့ ဧရာမ တဲကြီးတလုံးကို
ယာယီထိုးခဲ့တာပါ။ အကာမပါဘူးဆိုပေမဲ့ မိုးမပက်အောင်လို့ သက်ကယ်မိုးကို အင်မတန် နိမ့်တဲ့နေရာအထိ
အဖီတွေ ချထားတာမို့ (ကွန်ဂရက်ကျင်းပချိန်ကမိုးတွင်းကြီးပါ) ပုံမှန်တံခါးကမဟုတ်ပဲ အမိုးအောက်က
ဝင်ချင်ရင် ခါးကုန်း၊ ခေါင်းငုံ့ ၀င်ရပါတယ်။ ပြည်သူ့အသံဝင်းရဲ့ အ၀င်ပေါက်မှာတော့ အ၀ါရောင်
တူတံဇင်ပုံကြီးကို ၀ါးနဲ့ ကပ်နဲ့လုပ်ပြီး မုခ်ဦးကြီးလို ဆင်ထားပါတယ်။ ဒီအောက်က ဖြတ်ဝင်သွားတယ်ဆိုရင်ပဲ
ကွန်မြူနစ်တွေရဲ့ အခမ်းအနားကြီး တခုကို ၀င်သွားရတယ်လို့ ခံစားရစေပါတယ်။ ကွန်ဂရက်မှာ
တင်မယ့်စာတန်းတွေ၊ အထူးသဖြင့် အတွင်းရေးမှူး အစီရင်ခံစာကို ကွန်ဂရက်ကိုယ်စားလှယ်တွေဟာ
အစုတွေခွဲပြီး တင်ကြိုဆွေးနွေးကြပါတယ်။ ဒီလို အင်မတန် နက်နဲတဲ့ အကြောင်းအရာတွေကို ရက်နဲ့ချီ
ဆွေးနွေးရတဲ့ ကွန်ဂရက်ကိုယ်စားလှယ်တွေကို မငြီးငွေ့၊ စိတ်မပျက်အောင်လည်း တဘက်မှာ စီစဉ်ပေးရပါသေးတယ်။
ဒါကြောင့် ကွန်ဂရက် ကာလတ၀ိုက်၊ ပန်ဆန်းမှာ ဘော်လီဘောပြိုင်ပွဲတွေ၊ အဆိုအက အဖွဲ့ဖြေဖျော်မှုတွေ၊
ရုပ်ရှင်ပြတာတေဟွာ နေ့စဉ်လို၊ တရက်ခြားလို ရှိခဲ့ပါတယ်။ ကွန်ဂရက် မတိုင်မီကတည်းက ဗဟိုဝါဒဖြန့်ချိရေးဌာန
တီးဝိုင်းကနေ ကွန်ဂရက် အကြိုသီချင်းတွေ စပ်ထားခဲ့ပြီး အဲဒါတွေနဲ့ ဖျော်ဖြေတာ၊ ပြည်သူ့အသံကနေ
အသံလွှင့်တာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဓာတ်ပုံပြပွဲဆိုပြီး ကွန်ဂရက် လှုပ်ရှားမှုတွေ ဓာတ်ပုံတွေ၊
မိတ္တူကူးပုံတွေကို ကိုယ်စားလှယ်တွေကိုရော တခြားလူတွေကို ပါပြသပါတယ်။ ဘော်လီဘောပွဲဆိုရင်
တက်လာတဲ့ ကိုယ်စားလှယ်တွေထဲက အသင်း၎သင်းနဲ့၊ ပန်ဆန်းတ၀ိုက်မှာရှိတဲ့ နောက်တန်းဌာနတွေ၊
လူထုအဖွဲ့ အစည်းတွေက အသင်း၉သင်း၊ စုစုပေါင်း ၁၃ သင်း တောင် ပြိုင်ကြတာပါ။
ကျွန်တော်က သတင်းနဲ့ပြန်ကြားရေး အဖွဲ့မှာ
တာဝန်ကျ ပါတယ်။ ကျွန်တော်တို့ အဖွဲ့မှာ ကျွန်တော်အပါ မြို့ကလာတဲ့ ရဲဘော်၅ဦး ပါဝင်ပြီး
ကျွန်တော်က တာဝန်ခံဖြစ်ပါတယ်။
ခန်းမဆာင်ကြီးထဲမှာ ၀ါးထိုင်ခုံနဲ့ ၀ါးစားပွံတွေ
မြေစိုက်ခင်း ထားပါတယ်။ တစ်ဖက်ထိပ်မှာတော့ နှစ်ပေလောက်မြင့်တဲ့ သဘာပတိစင်မြင့်ရှိပါတယ်။
စင်မြင့်ရဲ့ နောက်ခံဟာ အစိမ်းရောင် (စစိယူနီဖောင်းချုပ်တဲ့ ပိတ်စတွေနဲ့ လုပ်ထားတာပါ)
နောက်ခံကားကြီးရှိပြီး အဲဒီအပေါ်မှာ “ဗမာပြည်ကွန်မြူနစ်ပါတီ၊
တတိယအကြိမ်မြောက် ပြည်လုံးကျွတ် ပါတီကွန်ဂရက် ၁၉၈၅” လို့ ရွှေစလုံးတွေနဲ့ ရေးထားပါတယ်။ စင်မြင့်ပေါ်မှာ ပုံမှန်အားဖြင့်
ကွန်ဂရက်သဘာပတိအဖွဲ့ဝင် ဗဟိုကော်မတီ အဖွဲ့ဝင် ရဲဘော်ကြီးတွေ ထိုင်ကြပါတယ်။ ကွန်ဂရက်ရဲ့
သဘာပတိအဖြစ် ဥက္က္ထဋ္ဌသခင်ဗသိန်းတင်က ဆောင်ရွက်ပြီး ဗဟိုကော်မတီ၊ နိုင်ငံရေးဦးဆောင်မှု အဖွဲ့ဝင် ရဲဘော်ကြင်မောင်က
အခမ်းအနားမှူး အဖြစ် တာဝန်ယူပါတယ်။ ဗဟိုကော်မတီ အစီရင်ခံစာကို ဥက္ကဋ္ဌသခင်ဗသိန်းတင်ကပဲ
ဖတ်ကြားတင်သွင်းပါတယ်။ ကျွန်တော်တို့ သတင်းနဲ့ပြန်ကြားရေးအဖွဲ့လေးကတော့ စင်မြင့်ရဲ့အရှေ့က
ထောင့်တထောင့်မှာ စာပွဲနှစ်လုံးနဲ့ ထိုင်ရပါတယ်။ ဒီအဖွဲ့က ကွန်ဂရက်နဲ့ ကွန်ဂရက် ကိုယ်စားလှယ်များရဲ့
လုပ်ကိုင် လှုပ်ရှားမှုတွေကို နေ့စဉ်ပဲ သတင်းလွှာတွေ ထုတ်ပြီးဖော်ပြ၊ ဖြန့်ချိရပါတယ်။
အဲဒီအချိန်က ကျွန်တော် တို့မှာ ကော်ပီယာ မိတ္တူကူးစက် ရှိနေပြီမို့ အဲဒီ သတင်းလွှာမှာ
ဓာတ်ပုံတွေ၊ ကာတွန်းတွေပါ ပါဝင်ပါတယ်။
ဒီကွန်ဂရက်မှာ (၁) ဗဟိုကော်မတီရဲ့ နိုင်ငံရေးအစီရင်ခံစာနဲ့
ပါတီဗဟိုကော်မတီရဲ့ ပါတီဘဏ္ဍာရေး အစီရင်ခံစာတို့ကို ဆွေးနွေး အတည်ပြုခဲ့ကြပြီး ဗဟိုကော်မတီအသစ်ကို
ကိုယ်စားလှယ်များက မဲပေးပြီး ရွေးခြယ်တင်မြှောက်ခဲ့ကြပါတယ်။ မဲတွေကိုလည်း အားလုံးရှေ့မှာပဲ
ရေတွက်ပြီး ကျောက်သင်ပုန်းကြီးပေါ်မှာ ရေးပြပါတယ်။
တတိယကွန်ဂရက်မှာ ပြောစမှတ်ပြုလောက်တဲ့
ထူးခြားချက်တခုကတော့ ကွန်ဂရက်ကို တနှစ်လောက် အချိန်ယူပြီး အကြို ဆွေးနွေးပွဲတွေ၊ တနည်း
အောက်ခြေကွန်ဂရက်တွေကို စနစ်တကျ လုပ်ခဲ့တာပါပဲ။ အဲဒီ ကွန်ဂရက်တွေကို တာဝန်ပေးထားတဲ့
လူတွေ၊ တခါတလေ ဗဟိုကော်မတီလူကြီးတွေ ကိုယ်တိုင် သွားရောက် နားထောင်ကြပါတယ်။ အဲဒီလို
တာဝန်ပေးခံရလို့ သွားပြီး ကြီးမှူးကျင်းပ၊ ရှင်းပြသူတွေဟာ တက်ရောက်သူ ကိုယ်စားလှယ်တွေ
ပြောတာတွေကို သေသေချာချာ နားထောင်ယုံမက သေသေချာချာ ပြန်ဖြေကြ၊ ရှင်းပြတာလည်း တွေ့ရပါတယ်။
ဒီနယ်ကွန်ဂရက်ဆိုတာတွေက ၀နယ်မြောက်ပိုင်း၊ ၀နယ်တောင်ပိုင်း၊ ကျိုးတုံမြောက်ပိုင်း၊
ကိုးကန့်၊ ကျိုင်းတုံအရှေ့ပိုင်း စတဲ့ ဒေသတွေဖြစ်ပါတယ်။ သက်ဆိုင်ရာဒေသမှာ ကြီးမှူး
ကျင်းပနိုင်တဲ့ ခေါင်းဆောင်အဆင်မပြေရင် သက်ဆိုင်ရာစစ်ဒေသ ဗဟိုကနေ တာဝန်ယူမယ့် ရဲဘော်တွေ
လွှတ်ပေးရပါတယ်။ တခါတလေ တနင်္သာရီတိုင်းက ရဲဘော်စောဟန်လို ဗဟိုကော်မတီ လူကြီးတွေလည်း အဲဒီလို
ဆွေးနွေးပွဲတွေကို လိုက်သွားပြီး ပါဝင်ကူညီပါတယ်။
မှတ်လောက်သားလောက်ကတော့ ဒီကွန်ဂရက်မှာ
နိုင်ငံရေး ဦးဆောင်မှုအဖွဲ့ဝင်တွေက ရဲဘော်တွေ ရှေ့မှာ သူတို့ကိုယ်သူတို့ ဝေဖန်ရေး လုပ်ပြတာပါပဲ။
ဥပမာဆိုရင် နိုင်ငံရေးဦးဆောင်မှုအဖွဲ့ဝင် ရဲဘော်ကျော်မြက သူ့အနေနဲ့ အရင်ပဲခူရိုးမ ဗဟိုကော်မတီမှာ မှားယွင်းတဲ့ ပါတီတွင်း အရေးယူမှုတွေ
လုပ်တော့ သူလည်း လိုက်ပြီးမှားမိတယ်ဆိုတာကို ၀န်ခံပြောပြတာနဲ့ ဗဟိုကော်မတီအဖွဲ့ဝင်
(နောင်မှာ နိုင်ငံရေးဦးဆောင်မှုအဖွဲ့ဝင်) ဖြစ်တဲ့ ရဲဘော်ဖေသောင်းက လက်နက် ကိုင်တော်လှန်ရေ
းအစောပိုင်းတုန်းက သူ အလံနီထဲ ပါသွားတာ (နောက်တော့ပါတီကို ပြန်ပြောင်းလာတယ်) မှားတဲ့
အကြောင်း ၀န်ခံပြောဆိုတာ ဖြစ်ပါတယ်။ ဒီလို ကိစ္စတွေကို ဒီဘက်က ဒေသခံရဲဘော်အများစုက အရင်က
ကြားတောင်ကြားဖူးတာ မဟုတ်ပါဘူး။ အခုလို ရဲဘော်ကြီးတွေက ကိုယ့်ထက်အများကြီး အသက်ရော၊
ဝါပါငယ်တဲ့ ကိုယ် စားလှယ် ရဲဘော်တွေရှေ့မှာ ရဲဘော်တွေရဲ့ ဝေဖန်ချက်တွေကို အင်မတန် နှိမ့်နှိမ့်ချချနဲ့
နားထောင်ယုံမက အင်မတန် ရိုရိုကျိုးကျိုးနဲ့ ကိုယ့်ကိုယ်ကိုဝေဖန် ပြတာကိုမြင်ရ ကြားရတော့
ရဲဘော်တွေက အင်မတန် ကျေနပ် ပီတိ ဖြစ်ခဲ့ကြပါတယ်။ မြို့ကလာတဲ့ ရဲဘော်တွေဆိုရင်လည်း ပုံပြင်ထဲ
ရောက်နေသလိုလို၊ နဂိုက စာအုပ်ထဲမှာပဲ တွေ့ဖူးတာတွေကို လက်တွေ့ တွေ့ကြရလို့ အံ့သြ၀မ်းသာ
ဖြစ်ကြပါတယ်။
ကွန်ဂရက်ကြီးက ရလိုက်တဲ့ အသိတရားတွေထဲမှာ ပါတီလမ်းစဉ်၊
ပါတီလုပ်ငန်းတို့အပြင် မျက်မှောက်ခေတ် နယ်ချဲ့စနစ်ပြဿနာနဲ့ ဗမာပြည်တော်လှန်ရေး ဒီရေမြင့်ရဲ့
ပြဿနာတို့ အကြောင်း သက်ဆိုင်ရာ ခေါင်းဆောင်တွေက ရှင်းပြတာပါပဲ။ နက်ရှိုင်းတဲ့ သဘောတရားကို
လက်တွေ့နဲ့ယှဉ် နားလည်လိုက်ရလို့ အလွန်ကျေနပ်မိကြတာပါ။
ဒီလိုနဲ့ ကွန်ဂရက်ကြီးပြီးတော့ ကိုယ်စားလှယ်တွေ
ကိုယ့်တာဝန်ရှိရာကို တဖွဲဖွဲ ပြန်ကြပါတယ်။ လိုက်ပို့နိုင်သူတွေကို လိုက်ပို့ကြ၊ နှုတ်ဆက်ကြနဲ့
ရှေ့လုပ်ငန်းတွေ အတွက် စဉ်းစားရင်း အားတက်ကြရပါတယ်။ ဒါပေမဲ့……….
ကွန်ဂရက် ကျင်းပခဲ့တဲ့ စင်မြင့်ကြီးနဲ့
စင်မြင့်ကြီး၊ နောက်ပြီး အ၀င်မုခ်ကြီးကို ပြန်ဖျက်ရတဲ့အခါမှာတော့ အင်မတန်မှ ၀မ်းနည်းခံစားမိတာကို မှတ်မိနေပါတယ်။
စတုတ္ထ အကြိမ်မြောက် ပါတီကွန်ဂရက်ကို ဘယ်တော့မှများ
ကျင်းပနိုင်မှာပါလိမ့်လို့လည်း တွေးနေမိတာပေါ့။
ဖိုးသံ
(လူထု)
No comments:
Post a Comment