Sunday, October 12, 2008

ကျနော့ဆရာများ
ရေးသူ- မောင်အေးဝင်း

၁။ Master Jack

လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော်၊ ထောင်ထဲမှာတုန်းက(၁၉၇၆-၁၉၇၈)၊ တယောက်ထဲ တိုက်ထဲမှာ နေရစဉ်မှာ စဉ်းစားစိတ်ကူးခဲ့တာတွေ ခုထိ မှတ်မှတ်ရရ ရှိနေတာတွေလဲ ရှိသလို၊ မေ့ပျောက်ကုန်တာတွေလဲ အများကြီးပေါ့။ ကျောင်းတက်နေတုန်း ထောင်ကျခဲ့တော့၊ စဉ်းစား တဲ့အထဲမှာ ကျောင်းအကြောင်းတွေ၊ ကျောင်းနဲ့ ဆက်စပ်မှုတွေ အများကြီးပါပဲ။ ကိုယ့်ဆရာ တွေအကြောင်းက ထိပ်ဆုံးက......။ ငါ...ထောင်က ထွက်ရင် ငါ့ဆရာတွေ ဆရာမတွေ အကြောင်း ရေးရင်ကောင်းမှာလို့ အတွေးတရပ် ပေါ်ခဲ့တယ်။ ဒါပေမယ့် ကိုယ်ထွက်တဲ့ မရှေး မနှောင်းမှာ စာပေဗိမန်ကလားမပြောတတ်ဘူး။ စာအုပ်တအုပ်ထွက်လာတယ်။ မင်းကျော် (ဦးကျော်ဆွေ) ရေးတဲ့ "ကျွန်တော့်ဆရာများ" တဲ့။ ဒါနဲ့ ကိုယ့်အကြံအစည်လဲ နဲနဲလျော့လျဲသွား တယ်။ မြုပ်ချည်ပေါ်ချည် ဒီအကြံဟာ ဘန်ကောက်မှာ ၀ရမ်းပြေးဘ၀က တော်တော် သည်းသည်းထန်ထန် ဖြစ်လာသေးတယ်......။



ကိုယ်က.. မော်လမြိုင်ဇာတိ။ မော်လမြိုင် စိန့်ပက်ထရစ်ကျောင်းမှာ သူငယ်တန်း (K.G. C) ကနေ ၅ တန်းအထိ နေခဲ့တယ်။ ကိုယ်ရေးရမယ့် ဆရာစာရင်းထဲမှာ ပထမနေရာမှာ ယူထားတာ၊ ၅တန်းတုန်းက အတန်းပိုင်ဆရာ Master Jack ပဲ။ အဲဒီတုန်းက ဆရာဂျက် အသက် ဘယ်လောက်များ ရှိမလဲလို့ ခန့်မှန်းချင်လို့ ခု Las Vegas မှာနေ, နေတဲ့ မော်လမြိုင်သား ဗမာ့လက်ရွေးစင်ဘောလုံးသမားဟောင်း ဦးကိုကိုကြီးကို မေးကြည့်တာ 'Master Jack က ငါတို့ သုံးတန်းတုန်း က ဆရာလေ.......ခု ငါပဲ ၇၁ ရှိပြီဥစ္စာ....' တဲ့။
ဆရာ့နံမည်အပြည့်အစုံက Jack Than Lwin ။ သူက အင်္ဂလိပ်ကုလားကပြား။ တောင်ရိုးတန်းလို့ခေါ်တဲ့ အရပ်မှာ နေတယ်။ ဆရာဂျက်ဆိုတာနဲ့ကို သူ့တပည့်တွေ အရင်ဆုံး ပြောကြမှာ သူ့ရဲ့ အင်မတန်လှပတဲ့ လက်ရေးလက်သားပဲ။ စာသင်ပုန်းပေါ်မှာ မြေဖြူနဲ့ပဲ ရေးရေး၊ စာရွက်မှာ ဖောင်တိန်နဲ့ပဲရေးရေး သူ့ရဲ့ အင်္ဂလိပ်စာလက်ရေးဟာ...... အင်္ဂလိပ်ကဗျာ စာအုပ်တွေမှာ တွေ့ရတတ်တဲ့ ပန်းချီဆန်တဲ့ ကဗျာလက်ရေးပဲ။
ကိုယ်က လက်ရေးဆိုးတော့ ဆရာဂျက်က ကိုယ့်ကို ကျောင်းစာအုပ်ဆိုင်မှာ သူငယ်တန်းတွေ လက်ရေးလှကျင့်တဲ့ မျဉ်းလေးကြောင်းစာအုပ်ကို ၀ယ်ခိုင်းပြီး၊ လက်ရေးလှ ရေးခိုင်းတာ၊ ၅တန်း တနှစ်လုံးပဲ။
ဆရာက အင်္ဂလိပ်ကုလားကပြား။ အသားအရေက အညိုနဲ့အမဲကြား။ ဒါပေမယ့် အမြဲတမ်း သပ်သပ်ရပ်ရပ် ရိတ်ထားတဲ့ ပြောင်နေတဲ့ ပါးသိုင်းမွေးမုတ်ဆိတ်မွေးတွေဟာ စိမ်းစိမ်းထနေတယ်။ ပုဆိုးဝတ်တာ သိတ်မတွေ့ရဘူး။ အမြဲတမ်း ရှပ်အဖြူနဲ့ ဘောင်းဘီရှည်ပဲ။ သစ်သစ်လွင်လွင် မဟုတ်ပေမယ့်၊ လျှော်ပြီးသား ကော်တင် မီးပူတိုက်ထားတာ အမြဲ တောင့်တောင့်တင်းတင်း။ နွမ်းနွမ်းကြေကြေ ဘယ်တော့မှ မရှိဘူး။
သူက ကျောင်းအုပ်ဆရာကြီး အင်္ဂလိပ်ဘုန်းကြီးရဲ့ အားကိုးရာ လက်ထောက် တယောက်လိုပဲ။ တလတခါပြတဲ့ ကျောင်းကရုပ်ရှင်ပွဲမှာလဲ ကျောင်းကရုပ်ရှင်စက်ကို သူပဲ ကိုင်ရတာ။ အဲဒီတုန်းက ရုပ်ရှင်ပြစက်က တလုံးထဲဆိုတော့၊ ရုပ်ရှင်ပြနေတုန်း ဖလင်တလိပ် ကုန်တိုင်း တခါ လဲရတယ်။
ဆရာဂျက်က ကိုယ်တို့ အတန်းပိုင်လဲ ဖြစ်သလို၊ ကျောင်းရုံးက အလုပ်တွေမှာလဲ သူဝင်လုပ်လုပ်ရတာမို့ အတန်းထဲက ကိစ္စတွေမှာ ကိုယ်က သူ့လူယုံ၊ သော့ကိုင်။ register စာအုပ်တွေ၊ report card လို့ခေါ်တဲ့ ကျောင်းသားတိုးတက်မှုမှတ်တမ်းတွေထားတဲ့၊ စာသင်တဲ့ သင်ပုန်းနောက်က ဘီဒိုသော့ကို ကိုယ်က ကိုင်ရတယ်။ မြေဖြူတွေ ဘာတွေကုန်ရင်လဲ ကိုယ်ကပဲ ထုတ်ပေးရတယ်။ ကိုယ်က မေ့တတ်တော့ အိမ်မှာ သော့ကျန်ရစ်တတ်လို့ သော့ကျန်ခဲ့တိုင်း အဆူခံရတယ်။ ကျောင်းခေါ်စာရင်းလဲ သူမအားရင် တခါတလေ ကိုယ်ခေါ် ပေးပြီး စာအုပ်ထဲ ရေးမှတ်ပေးရတယ်။ ကျောင်းမလာတဲ့လူဆိုရင် မလာတဲ့လူရဲ့ နာမည်နဲ့နေ့စွဲ ရေးထားတဲ့ တည့်တဲ့အကွက်မှာ အင်္ဂလိပ်အက္ခရာ a ရေးရတယ်။ လာရင်တော့ အကွက်မှာ စောင်းစောင်း ဒေါင်လိုက် ခြစ်ပေးရုံပဲ။
သူ့အတန်းက အောင်ပြီး ၆တန်းကို တက်ရမယ့်နှစ်မှာ ကိုယ့်မိဘတွေ ရန်ကုန်မှာလာပြီး စီးပွါးလုပ်ကိုင်ကြလို့ ကိုယ်တို့ ရန်ကုန်ကို ပြောင်းလာရတယ်။ အဲဒီနှစ် ကျောင်းတွေကို ပြည်သူပိုင်သိမ်းတယ်။ သာသနာပြုကျောင်းတွေ ပြည်သူပိုင်သိမ်းတော့ ဘုန်းကြီးတွေ ကျောင်းက ထွက်ပေးရပေမယ့် ဆရာဂျက်ကတော့ ကျောင်းမှာ တနှစ်၊ နှစ်နှစ် ဆက်လုပ်နေ သေးတယ်။ နောက်တော့ ပြည်သူပိုင်သိမ်းတော့ ကျောင်းကို လာအုပ်ချုပ်တဲ့စစ်ဗိုလ်ဆိုလား၊ စစ်ဗိုလ်လူထွက်ဆိုလားနဲ့ အဆင်မပြေဖြစ်တာနဲ့ အလုပ်က ထွက်သွားတယ်။ နောက်တော့ သြစတြေးလျားကို ထွက်သွားတယ်လို့ ကြားလိုက်တယ်။
ကိုယ်ဗမာပြည်က ထွက်ပြေးလာရပြီးတော့ စိန်ပက်ထရစ်ကျောင်းသားဟောင်းတွေ ဆရာပူဇော်ပွဲနဲ့ re-union လုပ်တယ်ကြားတယ်။ ကျောင်းသားဟောင်းတွေထဲက တတ်နိုင်တဲ့ သူတွေက ဆရာဂျက်ကို ဖိတ်လို့ သြစတြေးလျားက သူခဏပြန်လာတယ်ကြားတယ်။ ကိုယ်မတွေ့လိုက်ရဘူး။

၂။ Brother James

သူကတော့ ကက်သလစ်ဘုန်းကြီး။ ခရစ်ယန်ဘုန်းကြီးပေမယ့် ဗမာနိုင်ငံသား၊ ကရင် ဗမာစပ် ကက်သလစ် ရဟန်းတပါးပဲ။ ကျနော်တို့က Brother James လို့ ခေါ်ရတယ်။ ကိုယ်တို့ ၅ တန်းမှာ သင်္ချာသင်တယ်။ ပြည်သူပိုင်သိမ်းတော့ နိုင်ငံခြားသား ဘုန်းကြီးတွေ ကိုယ့်ပြေကိုယ့်ရွာ ပြန်ကြပေမယ့် Brother James က ဗမာပြည်ပေါက်ဆိုတော့ နိုင်ငံခြား ထွက်မသွားရဘူး။ သူနဲ့ ကျနော်နဲ့ ၁၀တန်းအောင်တဲ့အထိ စာချင်းအဆက်အသွယ် ရှိခဲ့တယ်။
မေမြို့က La Sa-le Juniorate (စာလုံးမှန်မမှန်တော့ မပြောတတ်တော့ဘူး) ဘုန်းကြီးဖြစ်သင်တန်းကျောင်းတခု ကို ရောက်သွားတယ်။ သူက ကိုယ့်ဆီစာရေးရင် air letter မှာ အင်္ဂလိပ်လက်နှိပ်စက်ရိုက်ပြီး ရေးတာ များတယ်။ သူက ကျနော့်ကို (အဲဒီတုန်းက ၆တန်း- ၇တန်း ကျောင်းသား) မင်းကတော့ အခက်ခဲ ရှိမှာမို့ ဗမာလိုပဲ ရေးပါ။ ငါက မင်းအင်္ဂလိပ်စာ တိုးအောင် စာရေးတဲ့အခါ အင်္ဂလိပ်လိုရေးမယ်ပြောတယ်။
ကိုယ် ၁၀ တန်းအောင်တော့ မိတ္ထီလာ ရှမ်းတဲမှာနေတဲ့ အကိုဝမ်းကွဲတယောက်ဆီ သွားလည်ရင်း ညီအစ်ကိုနှစ်ယောက် ခြေရှည်ပြီး မေမြို့ သွားတက်လည်ကြတယ်။ မေမြို့မှာ အသိ မိတ်ဆွေဆိုလို့ Brother James ပဲ ရှိတော့ သူ့လိပ်စာအတိုင်း သူ့ဆီတည့်တည့်မတ်မတ် ရောက်သွားတယ်။ သူက ကျနော်တို့ ချာတိတ်နှစ်ယောက်ကို ချာတိတ်လို မဆက်ဆံဘူး။ အရွယ်ရောက်သူ လူကြီးတယောက်လိုဆက်ဆံပြီး၊ သူ့ကျောင်းနဲ့ မျက်နှာချင်းဆိုင်က ကျောင်းကပိုင်တဲ့ အိမ်တအိမ်မှာ နေရာချပေးတယ်။
အိမ်ရဲ့နောက်မှာ အင်္ဂလိပ်သင်္ချိုင်းလားမသိဘူး ရှိတယ်။ လက်ဝါးကပ်တိုင်လေးတွေ အများကြီးပဲ။ အိမ်က အင်္ဂလိပ်သရဲရုပ်ရှင်တွေထဲက အင်္ဂလိပ်တောအိမ်မျိုး။ သူက အိမ်သော့လိုက်ဖွင့်ပြီး သူ့တပည့်တွေက ကျနော်တို့ နှစ်ယောက်နေဖို့ လှဲကျင်း သန့်စင် ကြတယ်။ ကုတင်တွေ အိပ်ယာတွေက အပျံစားပဲ။ ကိုယ်တို့ ညီအစ်ကိုနှစ်ယောက်က သရဲ ခပ်ကြောက်ကြောက်။
သူ့တပည့်တွေ အိမ်ရှင်းနေတုန်း ကိုယ်တို့နှစ်ယောက်ကို သူ့ကျောင်းထဲ ခေါ်သွားပြန် တယ်။ ရေခဲသေတ္တာကြီးတလုံးကို ဖွင့်ပြီး ကြိုက်တာသောက်တဲ့။ အထဲမှာ ဘီယာတွေ၊ ၀ီစကီတွေ၊ အချိုရည်ပုလင်းတွေ အများကြီးပဲ။ ကိုယ်တို့နှစ်ယောက် ဆရာကို ကြောက်ရွံ့ လေးစားသမှုနဲ့ အချိုရည်ပဲ ယူသောက်လိုက်ကြတယ်။ တကယ်တော့ အဲဒီအချိန်မှာ ဘီယာတော့ ကောင်းကောင်းသောက်တတ်နေပါပြီ။ (ကိုယ်က ဆယ်တန်းကျောင်းသားပေမယ့် စက်မှုမှာ ကျောင်းတက်နေတဲ့ အကိုတယောက်နဲ့ မောင်ခိုင်လမ်းက ခိုင်ရွှေဝါ၊ လွစ်လမ်းက သင်းမာလာတို့ကို သွားတတ်နေပြီ)။ Brother James အနေနဲ့ကတော့ အလည်လာတဲ့ သူ့တပည့်ကို လူကြီးတယောက်လို အခွင့်အရေးပေးပြီး ဆက်ဆံတာ။ နောက်တော့ အခန်းတခန်းကို ဖွင့်ပြတယ်။ ဟာ့..... အဲဒီအထဲမှာ စက်ဘီးတွေ အစီး သုံးဆယ်လောက် ရှိမလား မပြောတတ်ဘူး။ ယူစီးကြ....... လို့ ခွင့်ပေးတယ်။
Brother James ဆီမှာ တညပဲ အိပ်ဖြစ်တယ်။ လျှောက်လည်ရင်း မေမြို့ဈေးထဲမှာ ရန်ကုန်က အလည်ရောက်နေတဲ့ ရှေ့နေချုပ်ကြီး ဦးဘစိန်ရဲ့ မြေးနဲ့သွားတွေ့တော့ သူတို့အိမ်တည်းဖို့ ခေါ်တာနဲ့၊ မေမြို့မှာနေတဲ့ ကျန်တဲ့ရက်တွေမှာ ကျောက်တောင်ဘုရားနားက သူငယ်ချင်းအိမ်ကို ရောက်သွားတယ်။ စက်ဘီးတွေကတော့ ပြန်မယ့်ရက်ကျမှ ပြန်သွားပေး ဖြစ်တယ်။
ကိုယ်ထောင်ကထွက်တော့ မိဘတွေက ဂျူးဘန်းလမ်းထဲနေတော့ Brother James နဲ့ ဆုံရပြန်တယ်။ အဲဒီအချိန်မှာ သူက ဂျူးဘန်းလမ်းထဲက သာသနာပြု ခရစ်ယန်ဘုန်းကြီးဖြစ် တက္ကသိုလ်မှာ ကျောင်းအုပ် ဖြစ်နေတယ်။
ခုပြန်စဉ်းစားတော့ အနန္တောအနန္တ ဂိုဏ်းဝင် ငယ်ဆရာထဲက ဒီနှစ်ယောက်ကို ငါဘာမျှ ထိုက်ထိုက်တန်တန် ကျေးဇူးပြန်မပြုခဲ့ရပါလား.........။ သူတို့ ရှိမှ ရှိကြသေးရဲ့လား။

မောင်အေးဝင်း။
၂၀၀၈၊ အောက်တိုဘာလ။

No comments: