Monday, April 7, 2008

၈၈-နှစ်မြောက်ဂါရဝ
အဝေးရောက်တပည့်သားမြေးများ-ရေးသည်။


[၁၃၆၅ ခု၊ နတ္တော်လဆန်း၊ ၂၀၀၃ နိုဝင်ဘာလ ၈၈နှစ်မြောက်အမေမာ(လူထုဒေါ်အမာ) မွေးနေ့အတွက်၊ ရည်စူးထုတ်ဝေခဲ့တဲ့ မာယာမဂ္ဂဇင်းမှ ပြန်လည်ကူးယူဖော်ပြပါတယ်။]


နှစ်စဉ်နိုဝင်ဘာ၊ ဒီလိုခါရောက်လေတိုင်း
အင်းရေပတ်လည်ဝိုင်း၊ မယ်ဇယ်ပင်ကြီးတွေဆိုင်း
ဒို့တိုင်းပြည်တနံတလျား၊ တပည့်သားမြေးများ
သွားရောက်စုဝေးကြ၊ ဂါရ၀ပြုစမြဲပ။



ဒီလိုချိန်ဒီလိုခါ၊ အခွင့်မသာ လမ်းမသာလို့
တခေါက်တခါမျှမရောက်ဖူး၊ ဦးမချရပေမဲ့
ချောင်တချောင်ကလို့ပဲပြောပြော
အမှောင်ထဲကလို့ပဲဆိုဆို
ကျနော်တို့တတွေဟာ၊ နတ်ကရာကြည့်မော
အနုမောဒနာခေါ်ရုံမဟုတ်ပါ။
လူ့ကမ္ဘာနဲ့ဗမာပြေ
အမေပြုခဲ့တဲ့ဒါနတွေကို
အနုလုံပဋိလုံ၊ ခြုံငုံစဉ်းစား
မုဒိတာပွားကာ၊ ကိုယ်ရှိရာအရပ်ကနေ
တောင်လေးလုံးကျောင်းဆီ
ရော်ရည်မျှော်မှန်း၊ နှလုံးသားမှတမ်းတရင်း
ထိခြင်းငါးပါးနဲ့၊ ကျနော်များကန်တော့ကြပါတယ်။

မနှိုင်းကောင်းနှိုင်းကောင်း၊ ပုံခိုင်းကောင်းလို့ ခိုင်းပါ့မယ်၊
တိုင်းတယ်လို့ မထင်စေချင်၊ (ကန်တော့ပါပဲ)
ဘုရားလောင်းပင်လျှင်၊ အမှီကောင်းရှိမှ
ဘုရားအဖြစ်ရောက်ရသလို-
မာက်စ်တို့၊ လီနင်တို့ဟာ
သူတို့အိမ်သားတွေရဲ့
ပါရမီဖြည့်ချက်ကြောင့်သာ
အိမ်တာဝန်တွေစွန့်ပစ်၊ ယုံကြည်ရာကိုဇွတ်နှစ်လို့
ကွန်မြူနစ်ကြီးတွေဖြစ်ခဲ့ကြသလို-
လူထုတိုက်နဲ့ ဦးလှ ဒေါ်အမာ
မတင်ဝင်းတို့ကိုပါ အမှီပြုလို့
မနည်းလှတဲ့ စာပေအနုပညာသည်တွေ၊
တော်လှန်ရေးသမားတွေ၊ ကျနော်တို့တိုင်းပြည်မှာ
ပေါ်ထွန်းလာရတာပ။

စိတ်ချပါအမေ-
အမေလျှောက်တဲ့လမ်းနဲ့ ကျနော်တို့ လှမ်းတဲ့ဘက်
ဆုံချက်တခုမှာ၊ မုချဆုံတွေ့ကြမှာပါ။
အမေဟာစာပေလောကမှာ၊ ဆင်မကြီးတကောင်လို
ထောင်ထောင်-ထောင်ထောင်နဲ့
တောင်မြောက် ပမာမထား၊ ရဲရဲကြီးသွားနိုင်ခဲ့သလို
ကျွန်တော်တို့လဲ၊ ကိုယ့်ဇွဲကိုယ့်မာန်နဲ့
ဆင်တကောင်မဟုတ်သေးတောင်
မြင်းကောင်းတစီးဖြစ်အောင်
ကြိုးစားနေကြပါတယ်အမေ။

အဝေးရောက် တပည့်သားမြေးများ။
နိုဝင်ဘာ ၂၀ ရက်၊ ၂၀၀၂ ခုနှစ်။

No comments: