Wednesday, January 29, 2014

မေမေရဲ့ အစားထိုး - 'သား' ရေးသူ - လှကျော်ဇော

မေမေရဲ့ အစားထိုး - 'သား'

ရဲဘော်ထွန်းမြတ် (ခ) မြတ်ကျော်

အချိန်က. ၁၉၇၆ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက် နံနက်ပိုင်း
နေရာက. စမ်းချောင်း၊ မြောင်းမြလမ်း၊ အိမ်အမှတ် ၃၀။ အပေါ်ထပ် ဧည့်ခန်း


အဲဒီနေ့က ဖေဖေက မေမေ့ကို ကိုကျော်ဇောဦး တောခိုသွားတာ လမ်းမှာ ဖျားနေလို့ ကျမတို့တတွေ သူ့ကို လိုက်ခေါ်မလို့ ဆိုပြီး အကြောင်းအမျိုးမျိုးပြပြီး ပြောဆိုနေပါတယ်။ စစ်တပ်နဲ့ တိုးရင် အသတ်ခံရမှာ စိုးလို့ ဖေဖေပါလိုက်မှ ဖြစ်မယ်တို့ ဖျားနေလို့ ဆေးလည်း ကုဖို့လိုလို့ ကျမလည်း ပါရမယ်လို့ စသဖြင့်ပေါ့လေ.။ (ဖေဖေက ကျန်တဲ့သူတွေ ဒုက္ခရောက်မှာစိုးလို့ ဒီလိုပြောတာပါ)

ဒါပေမယ့် မေမေက အင်မတန် ပါးပါတယ်။ ဒီကြားထဲ ကျမတို့ သားအဖ တတွေ ညတညမှာ မြေပုံတချပ်နဲ့ စကားပြောနေတာ သူတွေ့ထား ပြီးပါပြီ။ ဒါကြောင့် သူက သူပါလိုက်မယ်လို့ ဆိုလာပါတယ်။ ကျမကပဲ  "မေမေ - အားလုံး ပျောက်သွားရင် သူတို့ ချက်ချင်း သိမှာ၊ ဘယ်သူမှ မလွတ်နိုင်ဘူး၊ မေမေက ဟန်မပျက် နေခဲ့ပါ။ မေမေ - သူတို့ကို ၅ ရက် တပါတ် ဆွဲထားနိုင်ရင် လှလှတို့ လွတ်ပြီ၊ လှလှတို့ ဟိုမှာ အခြေကျရင် မေမေ့ကို ပြန်လာခေါ်မယ်" လို့ ဖျောင်းဖျရပါတယ်။

ဒီတင် မေမေက "သိပါတယ်၊ သိပါတယ်။ မေမေ့ကို ဒီလိုပဲ တနေ့ ပစ်သွားကြမယ်ဆိုတာ တွက်ထားပြီးသားပါ။ သူတို့ ပစ်သွားရင် ငါ့သားလေးနဲ့ပဲ နေမယ်လို့ စဉ်းစားထားတာ..၊ သူက အရင် မေမေ့ကို ပစ်သွားတယ်" လို့ ဆိုပြီး.. ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ အငယ်ဆုံးသားလေး တွတ်တွတ်ကို တပြီး ငိုပါတော့တယ်။

တွတ်တွတ်က ၁၉၇၂ ခုနှစ်၊ သြဂုတ်လထဲမှာ သူအသက် ၂၀ မပြည့်ခင်၊ ကျမတို့ ဘဝထဲက ရုတ်တရက် ထွက်ခွါ သွားခဲ့ ပါတယ်။ မေမေရဲ့ အချစ်ဆုံးသား၊ လက်ကတုံး တောင်ဝှေးသားပါ။ ဒါကြောင့် မေမေက ဘာကိစ္စနဲ့ ကြုံလာ ကြုံလာ သူ့သားလေးကို တ,တ ပြီး ငိုတတ်ပါတယ်။

ဒါပေမယ့် သူ့မှာ အစားထိုးသားလေး ရထားပါတယ်။

တွတ်တွတ်ဆုံးပြီး မကြာခင်မှာပဲ ကျမတို့အိမ်မှာ မောင်အစား၊ သားလေးအစားတယောက် ရောက်လာပါတယ်။ ဖေဖေ့ ညီအငယ်ဆုံး ဦးသိန်းရွှေရဲ့ သား မောင်မြတ်ကျော်ပါ။ ရန်ကုန်မှာ ကျောင်းနေဖို့ပါ။ ကျမတို့မှာ တွတ်တွတ် ဆုံးသွားပြီးစ ဖြစ်လို့ သူရောက်လာတော့ တအိမ်လုံး ဝိုင်းပြီး ချစ်ကြပါတယ်။ အမေကတော့ အသဲဆုံးပေါ့။ မောင်မြတ်ကျော်ကလည်း အလွန် လိမ္မာရေးခြား ရှိပါတယ်။ မေမေ့ အိမ်အလုပ်တွေကို တွတ်တွတ်လိုပဲ အမြဲ ကူလုပ်ပေးပါတယ်။

မောင်မြတ်ကျော် ကျမတို့ အိမ်ကပဲ ၁၀ တန်းအောင်ပြီး တက္ကသိုလ် ရောက်ပါတယ်။ ဒီတင် ၇၄ - ၇၅ - ၇၆ အရေးအခင်းများနဲ့ တန်းတိုးပါတယ်။ အဲဒီကာလ ကျမ မောင်နှစ်ယောက်ဖြစ်တဲ့ ကိုအောင်ကျော်ဇောနဲ့ ကိုကျော်ဇောဦးတို့တတွေ ဗမာပြည်ကွန်မြူနစ်ပါတီ မြေအောက်ကလပ်စည်းနဲ့ ဆက်စပ်မိပြီး မြေအောက်လှုပ်ရှားမှုများ လုပ်နေချိန်ပါ။ သူတို့က ဆက်သားအဖြစ် မောင်မြတ်ကျော်ကို ဟိုခိုင်း ဒီခိုင်း လုပ်ပါတယ်။ မောင်မြတ်ကျော်ကလည်း အစောပိုင်းကတော့ သူ့အစ်ကိုတွေ ခိုင်းသမျှ လုပ်နေပေမယ့် နောက်ပိုင်း သူ့တက်ကြွမှုနဲ့သူ  လှုပ်ရှားမှုတွေထဲမှာ ပါဝင်လာဟန် ရှိပါတယ်။ မေမေက ဒါတွေ ရိပ်မိပြီး သူ့သားတွေကို ဆူဆူပူပူ လုပ်လာပါတယ်။ မောင်မြတ်ကျော်ကိုလည်း သူ့မိဘတွေရှိရာ သုံးဆယ်ကို ပြန်ပို့မယ်လို့ လုပ်လာပါတယ်။ "ကျွန်တော်တို့ နောက်ဘာမှ မခိုင်းတော့ပါဘူး" လို့ သူ့သားတွေက ကတိပေးမှ သက်သာရာ ရကြပါတယ်။

ကျမတို့ တောခိုဖို့ ပြင်ဆင်တော့ ကျမက မောင်မြတ်ကျော်ပါ တပါတည်း ခေါ်သွားဖို့ ဖေဖေနဲ့ တိုင်ပင်ပါတယ်။ ဖေဖေက လူသိတ်များရင် အန္တရာယ်ကြီးတယ်။ အခု ကျောင်းတွေလည်း ပိတ်ထားလို့  လွတ်လွတ်ကျွတ်ကျွတ် ဖြစ်အောင် သူ့မိဘများရှိရာ သုံးဆယ် ပြန်ခိုင်းထားတာ ကောင်းမယ်ဆိုပြီး သုံးဆယ်ပြန် လွှတ်ထားပါတယ်။ အဲဒီကာလက မှိုင်းရာပြည့်လှုပ်ရှားမှုအပြီး ကျောင်းတွေ ပိတ်ထားချိန်ပါ။ ဒါပေမယ့် ကျမတို့  မထွက်ခင်တရက်မှာပဲ မောင်မြတ်ကျော် သုံးဆယ်မှာ အဖမ်းခံရပါတယ်။ အဲဒီကနေ ထောင်ကျသွားတာ ၁၉၈၀ ခုနှစ် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပါတယ်။

ပြန်လွတ်လာတော့ သူက မေမေနဲ့ပဲ စမ်းချောင်းအိမ်မှာ နေပါတယ်။ သုံးဆယ်ရှိ မိဘများထံပြန်လည်း ခဏပဲ ပြန်ပါတယ်။ ဘဘတို့ မမလှတို့ မရှိတော့ဘူး၊ ကြီးကြီးကို စောင့်ရှောက်ဖို့ တာဝန် ကျနော့်မှာ ရှိတယ်ဆိုပြီး နေပါတယ်။ (သူက ဖေဖေနဲ့ မေမေကို ဘဘနဲ့ ကြီးကြီးလို့ ခေါ်ပါတယ်)။ မေမေက တွတ်တွတ်အစား လက်ကတုံးတောင်ဝှေးသားအဖြစ် အတော်တွယ်တာပါတယ်။ အဲဒီကာလအတွင်း မေမေ မကျန်းမမာ ဖြစ်တော့ သူပဲ ပြုစုရပါတယ်။

၁၉၈၀ ခုနှစ် မေမေ ကျမတို့နောက် လိုက်လာတော့လည်း သူ့ဟာသူ နောက်ကလိုက်လာတာ မေမေနဲ့ ရှေ့ဆင့် နောက်ဆင့်ပဲ ပါတီဌာနချုပ် ပန်ဆန်းကို ရောက်လာပါတယ်။

ဖေဖေက ကျမတို့ မောင်နှမတွေ ပါတီကို ပြန်ရောက်ပြီး ကတည်းက ပါတီကို အပ်ပါတယ်။ ကျမတို့အတွက် ပါတီက တာဝန်တွေ ခွဲပေးရာမှာ တလုံးမှ ဝင်မပြောပါဘူး။ ကျမတို့ကိုလည်း ပါတီကို လာဖို့ ပြင်ဆင်ကတည်းက ဟိုရောက်ရင် ပါတီက ဘာတာဝန်ပေးပေး လုပ်ရမယ်။ ဆေးပဲ ကုမယ်လို့ မပြောရဘူး။ ပါတီက ဈေးရောင်းခိုင်း လည်းရောင်း၊ ကင်းစောင့်ခိုင်းလည်း စောင့်လို့ ပညာပေးပါတယ်။ ဒါကြောင့် ဖေဖေမေမေတို့ ဗဟိုရုံးမှာ နေကြရပြီး ကျမတို့ မောင်နှမတွေက ကိုယ်တာဝန်ကျရာဌာနမှာပဲ နေပါတယ်။ ကျမက ဆေးရုံတို့ ဆေးကျောင်းတို့မှာပဲ နေပြီး ကျမ မောင်နှစ်ယောက်ကတော့ တပ်တွေထဲမှာပဲ နေပါတယ်။

မောင်မြတ်ကျော် ပါတီထဲရောက်လာတော့ ဗဟိုရုံးက ခေါင်းဆောင်ရဲဘော်များက ဖေဖေနဲ့ မေမေကို အထူးထောက်ထားပြီး ဗဟိုရုံးမှာပဲ တာဝန်ခွဲပေး လိုက်ပါတယ်။ ဗဟိုရုံးမှာ တာဝန်ကျဖို့ ဆိုတာ မလွယ်ပါဘူး။ အလွန် ယုံကြည်စိတ်ချရတဲ့၊ မြေအောက်လုပ်ငန်းတွေမှာ အစမ်းသပ်ခံပြီးသား လူတွေတောင် ပါတီကို ရောက်ရောက်ချင်း ဗဟိုရုံးကို မရောက်နိုင်ပါဘူး။ အောက်ခြေစခန်းတွေ၊ ရှေ့တန်းဌာနတွေမှာ ကာလတပိုင်း ဖြတ်သန်းရပါတယ်။ အဲဒီမှာ ဖော်ပြချက်တွေ ကောင်းမှ ဗဟိုရောက်တာပါ။ ထို့အတူ ဗဟိုမှာ ကြီးပြင်းတဲ့ ဗဟိုခေါင်းဆောင် သားသမီး များဟာလည်း အရွယ်ရောက်လာရင် မိဘများနဲ့ ခွဲပြီး အောက်ခြေဌာနတွေ၊ ရှေ့တန်းတပ်တွေမှာ တာဝန် သွားထမ်းရတာပါ။ ဒါဟာ ဗဟိုက ချမှတ်ထားတဲ့ စည်းကမ်းပါ။

ဒါကို မောင်မြတ်ကျော်ကိစ္စမှာ ချွင်းချက် ထားပါတယ်။ ကျမတို့ကလည်း ဒီအစီအစဉ်ကို အတော် ကျေးဇူးတင် ပါတယ်။  နို့မို့ရင် ကျမတို့မှာ (ဖေဖေနဲ့မေမေ မကျန်းမမာ ဖြစ်တဲ့အခါများဆိုရင်) တာဝန်၇ှိလို့သာ လုပ်ကိုင်နေရပေမယ့် စိတ်ကို မဖြောင့်ပါဘူး။ အခုတော့ ဖေဖေတို့ အနားမှာ မောင်မြတ်ကျော် ရှိနေတော့ အလုပ်တွေ စိတ်ချလက်ချ လုပ်နိုင်ပြီး ခ၇ီးတွေ ဘာတွေ မကြာခဏ ထွက်နိုင်သွားပါတယ်။ မောင်မြတ်ကျော်ကလည်း ဆက်ဆံရေး အလွန်ဖြောင့်ဖြူးပါတယ်။ ဗဟိုရုံးက ဌာနအသီးသီးက ရဲဘော်များနဲ့လည်း ပြေပြေပြစ်ပြစ် ပြောဆိုဆက်ဆံကြလို့ မနေ့တနေ့ကပဲ တောထဲရောက်လာပြီး ဒီနေ့ ဗဟိုရုံးလာ အလုပ်တက်နေတဲ့ သူ့ကို ဘယ်သူကမှ ထင်မြင်ချက်ရှိတယ်လို့ မကြားရပါဘူး။ သူရောက်ပြီး မကြာမီမှာပဲ အားလုံးနဲ့ အသားကျ ပြေလည်သွားပါတယ်။ သူက အလုပ်လုပ်ရာမှာ လက်ကြောတင်းတင်း ပေါ့ပါးဖြတ်လတ်သူ ဖြစ်တော့ စခန်း ထုတ်လုပ်ရေး၊ မွေးမြူရေးတွေမှာ သူ့ပဲ အားကိုးလာရပါတော့တယ်။

အဲဒီ ဗဟိုစခန်းမှာ မေမေဟာ မောင်မြတ်ကျော် အကူအညီနဲ့ ကြက်မွေး၊ စားပင်သောက်ပင်လေးတွေ စိုက်နဲ့ အတော် ပျော်ရွှင်ပါတယ်။ မောင်မြတ်ကျော် အလုပ်စခန်းက ဗဟို အလုပ်ရုံးထဲမှာပဲ ရှိတာကြောင့် သူက အလုပ်အားတာနဲ့ အိမ်ပြန်ပြီး မေမေနဲ့ နေပါတယ်။ အိမ်အလုပ်လည်း ကူလုပ်ပေါ့။ မောင်မြတ်ကျော် အလုပ်များလို့ အချိန်တန်လို့ အိမ်ပြန်မလာရင် မေမေက သူ့အလုပ်စခန်းရှိရာ တောင်ကုန်းလေးကို တက်တက်လာတတ်လို့ ကျန် ရဲဘော်များက အလုပ်များနေရင် သူ့ကို အိမ်ခဏပြန် အကျိုးအကြောင်း ပြောခိုင်းတတ်ပါတယ်။

ဗဟိုရုံးကို တခါတရံမှ ရောက်ကြတဲ့ နယ်ခေါင်းဆောင်တချို့၊ နယ်ကေဒါတချို့က မောင်မြတ်ကျော်ကို ဖေဖေမေမေတို့ သားလို့ပဲ ထင်နေပါတယ်။ ကျမတို့ကို သိတ်မသိကြပါဘူး။ ကျမတို့ကို သိသူများကလည်း မောင်နှမအရင်းတွေလို့ ထင်နေပါတယ်။

တခါလည်း မောင်မြတ်ကျော် (တောတွင်းအမည် ရဲဘော်ထွန်းမြတ်) အလယ်ပိုင်းဗျူရိုသို့ ခရီးထွက်ဖို့ ကိစ္စပေါ်လာပါတယ်။ မြို့က ရောက်လာတဲ့ ရဲဘော်အများစုဟာ ရုံးအလုပ် မလုပ်ချင်ကြပါဘူး။ ရှေ့တန်းထွက်ဖို့ပဲ အကွက်ချောင်းနေကြတာပါ။ သူလည်း ရောက်ကတည်းက ရှေ့တန်းတပ် သွားရဖို့ပဲ တောင်းဆိုနေတာပါ။ ဗဟိုရုံးကော်မတီက သူ့ကို ရုံးတာဝန်အပြင် ဖေဖေမေမေတို့ကို စောင့်ရှောက်ဖို့ ဒီတာဝန်ကို ပေးထားလို့၊ သူ့ကို ရှင်းပြထားလို့ သူ အောင့်အီးနေတာပါ။ အလယ်ပိုင်းကို ဆက်သားလွှတ်ဖို့ ကိစ္စပေါ်လာတော့ သူက တောင်းဆိုပြီး ဆင်းသွားပါတယ်။ သူက ကျမကို ကြီးကြီးကိုတော့ မပြောပါနဲ့။ ကျနော်ဟိုမှာ ၁ နှစ် ၂ နှစ်လောက်ကြာမယ် ပြောသွားပါတယ်။

ဒါပေမယ့် မောင်မြတ်ကျော် ၃ - ၄ လနဲ့ ပြန်ရောက်လာပါတယ်။ ကျမက ဘယ်လို ဖြစ်တာလဲ မေးတော့၊ မသိပါဘူး မမလှရယ်။ ကျနော် ဟိုရောက်ပြီး မကြာပါဘူး။ ဗဟိုက ကြေးနန်းလာတယ်။ ရဲဘော်ထွန်းမြတ်ကို ကြုံတဲ့ စစ်ကြောင်းနဲ့ အမြန်ဆုံး ပြန်လွှတ်ပါဆိုလို့ ကျနော်ပြန်လာရတာ။ အလယ်ပိုင်းဗျူရို ရဲဘော်များက ဗဟိုကို စိတ်ဆိုးကြတယ်။ သူတို့ လူကြတော့ သိပ်သိတာပဲ။ သိပ်စေးနှဲတာပဲလို့ ဆိုကြတယ်လို့ ပြောပါတယ်။ သူ့မိခင်ဌာနကို မေးတော့လည်း သူတို့ ပြန်ခေါ်တာ မဟုတ်ဘူးတဲ့။

နောင် နှစ်အတန်ကြာမှ တရားခံ ပေါ်ပါတယ်။

၁၉၈၆ ခုနှစ်မှာ ကျမ အတော်မကျန်းမမာဖြစ်လို့ တဖက်နိုင်ငံ ဆေးရုံတက်ရပါတယ်။ အဲဒီမှာ ပါတီရဲ့ ထောက်ပံ့ရေးဌာနကြီး တာဝန်ခံလည်းဖြစ်၊ ဒုဥက္ကဌလည်းဖြစ်တဲ့ သခင်ဖေတင့်လည်း ဆေးရုံတက်နေရပါတယ်။ ကျမတို့ တနေ့ ထိုင်စကားပြောရင်းက မေမေ့အကြောင်းရောက်သွားရာမှာ သူက "မင်းတို့ အမေကြီးက ရဲဘော်ထွန်းမြတ်ကို တော်တော်သံယောဇဉ် ကြီးရှာတယ်" လို့ အစချီပြီး ကျမတို့တတွေအတွက် ပဟေဠိဖြစ်နေတဲ့ ကိစ္စကို ပြောပြပါတယ်။

"ရဲဘော်ထွန်းမြတ် အလယ်ပိုင်းဆင်းသွားရစဉ်က ဒေါ်သန်းစိန်လာပြီး ဒီလိုပြောတယ်။ အစ်ကိုကြီးရယ်.. ကျမက သားတွေကိုတော့ ကိုယ့်အနီးအနားမှာ ထားပြီး( တကယ်တော့ သူတို့ နှစ်ယောက်လည်းအခြေခံစခန်းထဲမှာ ဖြစ်ပေမယ့် ရှေတန်းတပ်တွေမှာ နေတာပါ) ဒီတူလေးကျမှ ဟိုအောက်ဖက်၊ ပျောက်ကျားဒေသ လွှတ်ထားတော့ ဒီကလေးတခုခုဖြစ်ရင် ကျမ သူ့မိဘတွေကို ဘယ်လို ပြောရမလဲ။ သူ့ကို ပြန်ခေါ်ပေးပြီး ကျမသား တယောက် ယောက်ကို အဲဒီ တာဝန် ပေးပါလို့ လာပြောတယ်လေ။ ဒါကြောင့် ရဲဘော်ထွန်းမြတ်ကို ပြန်ခေါ်ပေးလိုက်ရတာ.." တဲ့။

ကဲ. အဲသလောက် မေမေဟာ ဒီအစားထိုးသားလေးကို ချစ်ရှာပါတယ်။ ဒါတွေကို သိလို့ပဲ ၁၉၈၉ ခုနှစ် ဗဟိုရုံး အာဏာသိမ်းခံရစဉ်က တရုတ်ပြည်ဘက်ကမ်း ထွက်ပြေးကြရတဲ့ ဗဟိုရုံးက ရဲဘော်တွေကို နေရာချ၊ ထိန်းသိမ်း၊ စောင့်ရှောက်လုပ်ကိုင်ပေးနေတဲ့ ရဲဘော်ထွန်းမြတ်ကို နေရာချရေး တာဝန်ခံခေါင်းဆောင် (နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်) ရဲဘော်တင်ရီ (ပဲခူးနေဝင်း)  က "ကဲ ကဲ - ရဲဘော်ထွန်းမြတ်၊ ဒီအလုပ်တွေ အသာထား၊ သွား၊ ခင်ဗျား အမေကြီးနားပဲနေ၊ ဟိုမှာ တရူံ့ရှုံ့ ငိုနေတာ၊ ခင်ဗျားသွားစောင့်ရှောက်ချေ" ဆိုပြီး မေမေ့အနားသွားနေဖို့ တာဝန်ပေးလိုက်သတဲ့။ မေမေကလည်း အဲဒီတုန်းက ကျမတို့ မောင်နှမသုံးယောက်စလုံး ပန်ဆန်းမှာ ကျန်ခဲ့ပြီး၊ ဘာသတင်းမှ မရလို့ တငိုငို တယိုယို ဖြစ်နေတာပဲ။ အဲဒီတုန်းကလည်း ဖေဖေနဲ့ မေမေနောက် ကိုထွန်းမြတ်ပဲ သားအဖြစ် လိုက်ပါပြီး စောင့်ရှောက်နေထိုင်ခဲ့ရပါတယ်။

ဒါကြောင့် မေမေ့ဘဝမှာ အခက်အခဲ အကြပ်အတည်းတွေနဲ့ ကြုံတိုင်း သူရဲ့ လက်ကတုံးတောင်ဝှး သားလေးအဖြစ် ကိုထွန်းမြတ်ကိုပဲ အားကိုးအားထားပြုပြီး ဒုက္ခတွေကို ကျော်လွှားခဲ့ရပါတယ်။ မြို့ပေါ်မှာ သူတယောက်တည်း ကျန်ခဲ့စဉ် မမာမချာဖြစ်ပြီး အိပ်ရာထဲ လဲသွားတော့ ကိုထွန်းမြတ် ဘယ်လောက်သူ့ကို စောင့်ရှောက်ပေးခဲ့ကြောင်း၊ ထမီကအစ လျှော်ပေးခဲ့ကြောင်း၊ မစားချင် မသောက်ချင် ဖြစ်နေရင်လည်းပူတင်းလေး လုပ်ကျွေးပြီး "ကြီးကြီး အားရှိအောင် စားလိုက်၊ ကြီးကြီး အားရှိမှ၊ နေကောင်းမှ ဘဘနောက် လိုက်နိုင်မှာ" လို့ အားပေးပြီး ချော့ကျွေးတတ်ကြောင်း ပြောပြတတ်ပါတယ်။ ဒါတွေအတွက်လည်း မေမေက သူ့ အစားထိုး သားလေးကို ချစ်မဝ ကျေးဇူးတင်မဆုံး ဖြစ်ခဲ့ဟန် ရှိပါတယ်။


{ကျမဆက်၍ရေးချင်သော မေမေ့အကြောင်းများ အမှတ် (၄)}  မှ.


No comments: