ကိုယ့်လက်ထဲမှာ
အနီရောင် မှာ ရွှေစာလုံးနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်လို့ စာတမ်းခတ်နှိပ်ထားတဲ့
ဗမာ pass port လေး……….။
သူတောင်းစားကို
ဆရာခေါ်၊ ဓါးပြကို ထိုင်ကန်တော့ရတဲ့ အလုပ်လည်း မလုပ်ခဲ့ရဘူး။ လက်မှတ်ပေါင်းများစွာ၊
လျှောက်လွှာပေါင်းများစွာကို ငွေနဲ့ဖို့၊ တံစိုးလက်ဆောင်ပေး၊ မျက်နှာချိုသွေး၊
အအော်အငေါက်ခံ၊ ဟိုက ဒီပြေး..၊ ဒီက ဟိုပြေး… စတဲ့ ဖြစ်စဉ်တွေ မဖြတ်သန်းလိုက်ရဘူး..။
ကိုယ့်ပြေကိုယ့်ရွာမှာ
.. ရွှေစက္ကူလိုအဖိုးတန်ပေမယ့် သူများနိုင်ငံ လေဆိပ်ကို ဝင်ရင်၊ မျက်နှာ
အင်မတန်ငယ်ရတဲ့ ရွှေမြန်မာ pass port လေးကို ကိုယ်က ဂုဏ်ယူဝင့်ကြွားစွာ အိပ်ကပ်ထဲ
ထည့်ပြီး၊ ပတူနမ်ဈေးနားကနေ ဆမွတ်ပကန်၊ ဆမ်လုံး ရပ်ကွက်ကို ဘတ်စ်ကားနဲ့
ပြန်လာခဲ့ပါတယ်။
ငါ..
ရပြီ၊ ငါ…… ရပြီ၊ ဗမာ pass
port ငါရပြီ……။ pass port ကိုင်ပြီး ထိုင်းရောက်လာတာ မဟုတ်ပဲ၊
ပြောင်းပြန် ထိုင်ရောက်ပြီးမှ pass port ကို ရတာ..။ ပတ်စ်စပို့က အသစ်စက်စက်….။ ပတ်စ်စပို့ရုံးက
ထုတ်းပေးတဲ့အတိုင်း…….။
ဒါလေးရဖို့
ပထမ အရစ်မှာ ပတ်စ်စပို့ဓါတ်ပုံ တပုံ၊ ကိုယ်ပေးချင်တဲ့ ကိုယ်ကြိုက်ရာ
ကိုယ့်နာမည်တခုခုနဲ့ ထိုင်းဘတ်ငွေ ၅ ထောင် ပေးရတယ်။ ကိုယ့်ဓါတ်ပုံနဲ့
ကိုယ့်နာမည်ပါတဲ့ အနီရောင် စာအုပ်လေး လက်ထဲရောက်ရင် ကျန်ငွေ ၅ ထောင် ပေးချေရတယ်။
ထိုင်းငွေ
ဘတ်တသောင်းဟာ အဲဒီကာလ (၁၉၉၀ခုနှစ်) မှာ အမေရိကန်ဒေါ်လာ လေးရာနဲ့ ညီမျှတယ်။ ဗမာငွေ
ဘယ်လောက် ရှိလဲ မပြောတတ်ဘူး။ ၁၉၈၉ ခုနှစ် မြဝတီကနေ မဲဆောက်ကူးတော့ ထိုင်းတဘတ် =
ဗမာ သုံးကျပ်။
pass
port မှာ ထိုင်းလူဝင်မှုကြည့်ကြပ်က ထုပေးတဲ့ လေယာဉ်ကွင်းအဝင်တုံးပါတယ်။ အဝင်တုံးက
သတ်မှတ်ရက်ကျော်ရင် သေသွားမှာ..။ သူ့အသက်ကို ဆွဲဆန့်ဖို့ လိုတယ်။ နိုင်ငံခြားမှာ
ဆေးထွက်ကုရမယ်။ ဆေးဆရာအပေါဆုံးက မလေးရှားနိုင်ငံ ပီနန်က ဆရာဝန်က ဈေးပေါတယ်။
ဘာလုပ်မလဲ..။
ထိုင်းနိုင်ငံမှာ နေထိုင်ခွင့် ဗီဇာ သက်တမ်း ခြောက်လကို မလေးရှားနိုင်ငံက
ထိုင်းကောင်စစ်ဝန် ရုံးမှာ သွားယူရမယ်။ မီးရထားတတန်၊ ကားတတန် နဲ့ သွားရင်
ဖုတ်လှိုက်ဖုတ်လှိုက် စာအုပ်နီလေး အသက်ရှင် လာမယ်။ တချို့ လူချမ်းသာ ကိုေ၇ွှဗမာတွေက
လေယာဉ်ပျံနဲ့ ကွာလာလမ်ပူ အထိ သွားကြတယ်။
မောင်အေးဝင်းကတော့
ပေါချောင်ကောင်း လမ်းစဉ်၊ ဟွလန်ဖုံး ဘူတာကနေ မီးရထားနဲ့ ပီနန်ကို သွားမယ်။
ဟွလန်ဖုံး
(Hwalamphong) ဘူတာက ကိုယ်နေတဲ့ နေရာကနေဆို ဟိုဘက်မြို့စွန် နဲ့ ဒီဘက်မြို့စွန်။
လက်မှတ်သွားဝယ်တဲ့နေ့က
ဘူတာကို တယောက်တည်း မသွားရဲလို့ ဘန်ကောက်ကို အလည်ရောက်နေတဲ့ ကိုယ့် ငယ်သူငယ်ချင်း
ဟေမာတိုး ရဲ့ ယောက်ျား ကိုဇော်ထွန်းကို အဖော်ခေါ်သွားရတယ်။ ကိုယ်က မှောင်ကြီး
မဲကြီး နိုင်ငံ ကနေ စစ်ကားကြီးတွေ တဝီဝီပြေးနေတဲ့ ကြားက ပြေးလာရတာလေ……..။
ရထားလက်မှတ်
လိုချင်ရင် ဘူတာမှာ ညအိပ်ပြီး တန်းစီရတယ်။ မှတ်ပုံတင်တို့ ထောက်ခံစာတို့ ပြရတဲ့….. နိုင်ငံကလာတော့ ကြောက်တာပေါ့….။ ထိုင်းမှာက ကိုယ့်ပြေကိုယ့်ရွာနဲ့ တခြားစီ…..။
ဟွလန်ဖုံးဘူတာထဲ
ဝင်သွားပြီး ထိုင်း - အင်္ဂလိပ် နှစ်ဘာသာ ရေးထားတဲ့ ဆိုင်းဘုတ်တွေကို လိုက်ဖတ်တယ်….။ Hadd Yai လို့
ရေးထားတဲ့ လက်မှတ်ပေါက်မှာ ခရီးစဉ်တွေ အများကြီးထဲက ကိုယ်သွားချင်တဲ့ အချိန်နဲ့
ရက်ကို ပြောပြီး ဝယ်လိုက်တာပဲ….။
တနေ့ကို ဘယ် နှစ်စီးတောင် Hadd Yai ကို သွားလဲ မပြောတတ်ဘူး။
ရထားလက်မှတ်
ဝယ်ရတာ ၅ မိနစ်တောင် မကြာဘူး။ လက်မှတ် ဝယ်ပြီးတော့ ကိုဇော်ထွန်းနဲ့ ကိုယ်နဲ့
ဘူတာထဲက စားသောက်ဆိုင်တဆိုင်မှာ beer တယောက် တလုံးစီ သောက်ကြတယ်။
ဇူလိုင်
၁၅ ရက်၊ ၁၉၉၀ ခုနှစ်၊ တနင်းဂနွေနေ့ ညနေ ၃း ၁၅ မှာ ရထားထွက်တယ်။ ရိုးရိုးတန်း ထိုင်ခုံတွဲနဲ့
ကိုယ်လိုက်သွားတယ်။ တွဲကလည်း သန့်သန့်ရှင်းရှင်း သက်တောင့်သက်သာ
ချောင်ချောင်ချိချိပဲ။ ကိုယ်က ပြတင်းပေါက်ဖက်က နေရာထိုင်ခုံ မရဘူး။ ရထားဟာ
နန်းတော်ဘေးက ဖြတ်တယ် ပြောလို့ လှမ်းမျှော်ကြည့် ရသေးတယ်။ ခဏနေတော့ အပြင်ဘက်
ပတ်ဝန်းကျင်လည်း မှောင်သွားတာမို့ ပြတင်းတွေလည်း ပိတ်ကုန်တယ်။
ကိုယ်လည်း
တယောက်တည်း ငူငူငေါင်ငေါင်ကြီး ထိုင်နေ၇တာ ပျင်းလာတာနဲ့ စားသောက်တွဲမှာ ဘီယာသောက်ရင်း
သွားထိုင်နေလိုက်တယ်။
စားသောက်တွဲမှာ
ဘီယာသောက်ရင်းဆိုလို့ ….
ကိုယ့်ပြေကိုယ့်ရွာမှာ အကောင်းဆုံး ရထားဆိုတဲ့ မန္တလေးရထားက စားသောက်တွဲကို
ပြန်စဉ်းစားမိတယ်…။ မန္တလေးရထားမှာ
ရေခဲတွေ ရေမှာ ပေါလောမျောနေတဲ့ သစ်သား စည်ကြီးထဲမှာ ဘီယာတွေ၊ အချိုရည်ပုလင်းတွေကို
စိမ်ထားတယ်။ စားသုံးသူလက်ထဲ အဲဒီ ပုလင်း စိုစိုရွှဲရွှဲတွေကို ဒီအတိုင်း လာချပေးတယ်…။ ရထားကလည်း
လှုပ်လိုက်တာမှ ဘီယာကို ခွက်နဲ့ ပဲ သောက်သောက်၊ ပုလင်းလိုက်ပဲ မော့မော့၊ ပါးစပ်နဲ့
တော်တော်တည့်ယူရတယ်။ ရင်ဘတ်ပေါ်လည်း စီးကျ တတ်သလို၊ ဖန်ခွက်နှုတ်ခမ်း၊
ပုလင်းနှုတ်သီးနဲ့ သွားနဲ့ ခိုက်မိလို့ သွားဖုံးနာရ၊ သွားနာရတာလည်း အကြိမ်ကြိမ်……။
ထိုင်းမှာက
ရထားလမ်းတွေကလည်း ကောင်း၊ ရထားတွဲတွေကလည်း ကောင်းတော့ သူတို့ စားသောက်တွဲတွေများ
စားရသောက်ရတာ အတော် ဇိမ်ရှိတယ်။
နောက်တနေ့
မနက် ရး၀၀ လောက်မှာ ထိုင်း - မလေးရှားနယ်စပ် Hadd Yai ကို ရောက်သွားတယ်။ Hadd Yai
မှာ ပီနန်သွားတဲ့ တက္ကစီတွေက မာစီဒီး ကားတွေ…။ ဗမာအမျိုးသမီးလေး သုံးယောက်၊ အမျိုးသား တယောက်
ရောက်နှင့်နေတဲ့ ကားပေါ် မှာ ခ၇ီးသည် တယောက်ပဲ လိုတော့တာမို့ ကိုယ့်နဲ့
အဆင်ပြေသွားတယ်။
ပီနန်ကို
ဘန်ကောက်နာရီ ညနေ ၄း၀၀ နာရီ မလေးရှားစံတော်ချိန် ၅း၀၀ မှာ ရောက်သွားတယ်။ ကားပေါ်က
ခရီးဖော်တွေ Hadd Yai မှာ ထိုင်းအခွန်ရုံးကို ဝင်နေလို့ ၁၁ နာရီမှ ထွက်ဖြစ်တာ…။ ပီနန်ကို အရောက်
နောက်ကျသွားတယ်။ နောက်တနေ့ မနက်မှ ဗီဇာ သွားတင်ရမယ်။ကိုယ်က Golden Queen Hotel မှာ
တည်းတယ်။
ဟိုတယ်မှာ
ပစ္စည်း အထုတ်အပိုးတွေ ချပြီး အနီးအနား လျှောက်ဖြစ်တယ်။ လာရင်းကိစ္စက pass port
သက်တမ်း ဆွဲဆန့် ရုံပဲဆိုတော့ ဘယ်မှ ထွေထွေထူးထူး မသွားတော့ပါဘူး…။ မသောက်ရတာ ကြာပြီ
ဖြစ်တဲ့ မလေးရှား Tiger Beer ကို ဗိုက်ကား အောင်သောက်၊ ငှက်ပျောဖက်နဲ့ စားရတဲ့
ချစ်တီးထမင်းဆိုင်မှာ ဆိတ်ဦးဏှောက်ဟင်း၊ ချပ်တနီး၊ မနုတ်တာနီ နဲ့ ထမင်းပူပူကို
ဟင်းပူပူကို ပဲဟင်းပူပူ ရွှဲနေအောင်ဆမ်းပြီး၊ ချွေးထွက်၊ နှပ်ထွက်အောင်
စားလိုက်တယ်။ ဒါပါပဲ……။
မနက်နိုးတော့
ကားသမားလာခေါ်လို့ ဗီဇာ သွားတင်တယ်။ ကားဆရာက ပီနန်တောင်ပေါ်ဘုရား ကို ပို့ပေးတယ်…။ ညနေမှာ ဗီဇာ
ရလာတယ်။
ဗီဇာ
၆ လ ရခဲ့ပြီ။ ဒါပေမယ့် ၃လ နှစ်ရစ် ခွဲပေးတာမို့ နောက် သုံးလမှာ တခေါက် ထပ်ထွက်ရမယ်…။ အဲဒီတခေါက်ကတော့ ပီနန်ထိ
သွားစရာ မလိုပါ..။ နှစ်နိုင်ငံ နယ်ခြားမှာ အဝင် အထွက် တိုင်ပတ်ရုံပါပဲ….။
အသွား
ရထားပေါ် တညအိပ်၊ ပီနန်မှာ နှစ်ည အိပ်၊ အပြန်ရထားပေါ် တညအိပ် - ပြီး၊ ၁၉ ဇူလိုင်၊
၁၉၉၀ ခုနှစ်၊ ကြာသာပတေးနေ့ မနက် ၁၀ နာရီ ၂၅ မှာ ဘန်ကောက် ပြန်ရောက်လာတယ်။
နယ်စွန်နယ်ဖျားကနေ ရထားစီးပြီ၊ မြို့စွန်မြို့ဖျားကို ဘတ်စ်ကားနဲ့ ပြန်လာတာ
ဆမ်းလုံအိမ်ကို နေ့လည် ၁၂ နာရီလောက်မှာ ပြန်ရောက်လာတယ်။
No comments:
Post a Comment