အဝေးကပေးစာတစောင်
၂၀၁၃ခုနှစ်၊ ဒီဇင်ဘာ ၁၂ရက်
ကိုဟိုဒင်းရေ-
မိကျောင်းကန် သပိတ်တိုက်ပွဲကြီးဟာ ရက်သတ္တပတ်
သုံးပတ်ထဲ ၀င်လာပြီးနောက် တဆင့်တော့ပြီး သွားပြီဗျနော်။ ကျွန်တော်က သပိတ်တိုက်ပွဲကြီးလို့
တမင်‘ကြီး’ တပ်ပြီး ရေးလိုက်တာ အကြောင်းရှိတယ်ဗျ။ သပိတ်ရဲ့အရွယ်အစား၊ ပမာဏ ကြောင့်ပြောတာမဟုတ်ဘူး။ ဒီတိုက်ပွဲကြီးရဲ့ ဂုဏ်ပြောင်မှုကြောင့် ဂုဏ်ပြုတဲ့ အနေနဲ့ ဒီလို နာမ၀ိသေသန တပ်လိုက်တာဖြစ်ပါတယ်။
ဂုဏ်ပြုမိတာရဲ့ အဓိက အကြောင်းကတော့ သူတို့ရဲ့ တိုက်ပွဲဟာ မှန်ကန်တယ်၊ တရားတယ်ဗျ။ တရားဥပဒေရေးအရ၊ လူမှုရေးအရ၊ သမိုင်းရေးအရ၊ ဘယ်ဘက်က ကြည့်ကြည့် တရားတယ်ဆိုတာ ရှင်းနေတယ်။ နောက် အကြောင်းတချက်က သူတို့ ရင်ဆိုင်တိုက်နေရတာက စစ်တပ် ကိုယ်တိုင်ဗျ။ ခရိုနီတွေရဲ့ နောက်မှာ စစ်တပ်ပါလေ့ ရှိတာမှန်ပေမဲ့ အခုဟာကတော့ စစ်တပ် ကိုယ်တိုင်ကို အလျှော့ပေးဖို့ အရေးဆိုနေ ရတာကိုး။ လက်ပံတောင်း တိုက်ပွဲမှာက စစ်အုပ်စုရဲ့ အဓိက စီးပွားရေး အဆောက်အအုံကြီးဖြစ်တဲ့ ဦးပိုင်ကိုရင်ဆိုင်ရ တာမို့ ဘယ့်ကလောက် ခက်ခက်ခဲခဲ တိုက်နေရတယ်၊ ညစ်ပတ်ယုတ် မာမှုတွေနဲ့ ဘယ်လို ရင်ဆိုင်ရတယ်ဆိုတာ ခင်ဗျားလည်း အသိပဲဗျ။ အခုဟာကတော့ စစ်တပ်ကို ဒုတ်ဒုတ်ထိ တိုက်ရတာဆိုတော့ ပိုပြီး ခက်မှာ သေချာတယ်ဗျ။ ဒါကို ဒီသပိတ်မှောက်သူတွေက မတွက်မိ၊ မသိတာလည်း မဖြစ်နိုင်ဘူးဗျ။ ဒီလို အန္တရာယ်တွေ သိပါလျက်နဲ့ ကိုယ့်ရဲ့ တရားမှန်ကန်တဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေအတွက် တိုက်ပွဲဝင်နေတာကို ချီးကျူး ဂုဏ်ပြုသင့်တာပေါ့ဗျာ။
နောက်တချက်ကတော့ လူထုတိုက်ပွဲတွေကို ခေါင်းဆောင်ရ မယ့်လူတွေ ခေါင်းရှောာင်နေတဲ့ အချိန်မှာ ခရိုနီတွေ၊ ပရိုပိုဆယ် တွေရဲ့ အထောက်အပံ့တွေလည်းမရ၊ NED၊
OSI စတာတွေရဲ့ ထောက်ခံမှုလည်း မပါပဲ ဒီ သင်္ဃန်းကျွန်း၊ မိကျောင်းကန် ရပ်ကွက်
သုံးခုက လူထုတွေဟာ ကိုယ့်ထမင်းကြမ်း ကိုယ်ခဲ၊ ကိုယ့်သျှောင် ကိုယ်ထုံးပြီး တိုက်ပွဲဝင်နေတာဟာ
ဂုဏ်ပြုစရာ မဟုတ်ဘူးလားဗျာ။ အခုလို ကာလမျိုးမှာ နိုင်ငံရေးပါတီ အသင်းအဖွဲများကလည်း
သပိတ်တွေကို အပြတ် သပိတ်မှောက်ထားတဲ့ အလား အနားတောင် မကပ်ကြဘူးဗျား။ ဒီမိကျောင်းကန်
သူရဲကောင်းတွေရဲ့ ဖြူစင်မှု၊ ရဲရင့်မှုကြောင့် လက်ရှိ စစ်အစိုးရကတောင်မှ သူတို့လုပ်နေကျအတိုင်း
“အနောက်မျှော်သမား”၊ “ပြည်ပအားကိုးပုဆိန်ရိုး” ဆိုတာမျိုးတွေ မသမုတ်နိုင်ဘူး ဖြစ်နေတယ်လေ။
ဒါပေမဲ့ ဗမာပြည်ကို“ အပြောင်းအလဲကြီး” တခုဆီ သယ်ဆောင်နေတဲ့၊ “စည်းကမ်းရှိတဲ့ ဒီမိုကရေစီ” တည်ထောင်နေတဲ့ အစိုးရမင်းက လက်ပိုက်ကြည့် မနေဘူးဗျ။ ပထမဆုံးတော့ ခေါင်းဆောင်လို့ ယူဆရသူတွေကို ဖမ်းလိုက်တယ်။
ငါတို့ လက်ပိုက်ကြည့်မနေဘူး၊ မညှာဘူး ဆိုတဲ့ အဓိပ္ပာယ်ပေါ့ဗျာ။ မလှုပ်ပေါင်ဗျာ။ တိုက်ပွဲဝင်နေတဲ့
လူတွေက တုန်လှုပ်ဟန် နည်းနည်းမှ မပြဘူး။ ဒီတော့ စစ်အစိုးရဟာ သူတို့ ဘယ်တုန်းက လက်သပ်မွေးထားမှန်း
မသိရတဲ့ ရှပ်နက်ဝတ် “တပ်မြို့စည်ပင်သာယာရေးအဖွဲ့” ဆိုတာတွေကို လွှတ်ပြီး သပိတ်ကို အကြမ်းဖက် ဖြိုခွဲတော့တာပဲ။ ဟစ်တလာရဲ့ နာဇီပါတီကို စံပြထားတဲ့ ဗမာပြည်က စစ်အာဏာရှင်တွေဟာ လွန်ခဲ့တဲ့ ၇နှစ် ၈နှစ် လောက်ဆီကလည်း ဒီချုပ် လှုပ်ရှားမှုတွေကို အကြမ်းဖက် ဖြိုခွဲဖို့ “စွမ်းအားရှင်” ဆိုတာ ဖော်ထုတ်ပြီး ရမ်းကားခဲ့တယ်။ ဒီ ရပ်ကွက်ထဲ မိုက်ရမ်း ဗိုလ်ကျနေတဲ့ အုတ်ကြား မြက်ပေါက်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကို ဘယ်တုန်းက ဘာဥပဒေနဲ့ ဘယ်သူတွေက အတည်ပြု ဖွဲ့စည်းခဲ့တယ်၊ သင်းတို့မှာ ဘာလုပ်ပိုင်ခွင့်တွေ ရှိတယ် ဆိုတာ ဘယ်တော့မှ မပြောဘူး။ ဒါ့အပြင် ဒီလူမိုက်အဖွဲ့တွေကို ဘယ်သူက အုပ်ချုပ် အမိန့်ပေးတယ် ဆိုတာလည်း မသိရဘူး။ ဒီလို အဖွဲ့အစည်းတွေ၊ ဒီလို လုပ်ရပ်တွေအကြောင်း သူတို့ရဲ့ “ဥပဒေပြု လွှတ်တော်ကြိး” ရဲ့ အတွင်းမှာရော၊ အပြင်မှာပါ ဘာမှ ပြောသံ မကြားရတာလည်း စဉ်းစားစရာပဲ။ ယူနီဖောင်းတွေနဲ့ ဗြုံးကနဲ ရောက်လာ၊ ရိုက်နှက် အကြမ်းဖက်၊ ပြီးတော့ ဗြုံးကနဲ ပျောက်သွား၊ လူထုကို ခြောက်ခြားအောင် တကယ်လုပ်နိုင်တဲ့ တရားမဲ့ အကြမ်းဖက်သမားတွေဗျ။ ဟစ်တလာရဲ့ ရှပ်ညိုတပ်ဖွဲ့ ဆိုတာနဲ့ တူလိုက်သမှ ချွတ်စွတ်ပဲ။ သင်းတို့အဖွဲ့တွေ တည်ရှိနေတယ်ဆိုတာကို အခုလို ရမ်းကားတော့မှ လူထုကရော မီဒီယာကပါ သိကြရတယ်။ နောက်လည်း ဒါမျိုး ဘယ်နှစ်ဖွဲ့၊ ဘယ်နှစ်ယောက် ရှိနေသေးလဲမသိဘူး။ အရင်က စွမ်းအားရှင်၊ အခု တပ်မြို့စည်ပင်သာယာရေး၊ ကျုပ်တို့ တိုင်းပြည်ကြီးမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်နေတာတော့ အမှန်ပဲဗျ။
ဒါပေမဲ့ မိကျောင်းကန် သူရဲကောင်းတွေက နောက်မတွန့်ပါဘူး။ တိုက်ပွဲ အလံကို ဆက်ပြီး မားမားမတ်မတ် လွှင့်ထူထား လိုက်တယ်။ ဒီလို့နဲ့ တနေ့ကတော့ ရာဇသံဆိုတာကြီး
ထုတ်ပြန်လိုက်တယ်။ ၉ရက်နေ့ နောက်ဆုံးထားပြီး သပိတ်စခန်းကို ဖျက်သိမ်းပေးရမယ်လို့ တောင်းဆိုလိုက်တယ်။
မလိုက်နာရင် တည်ဆဲဥပဒေနဲ့ အရေးယူသွားမယ်လို့လည်း ပြောပါတယ်။ စည်ပင်သာယာရေးနဲ့ ရမ်းပြပြီးမှ
ခြိမ်းခြောက်တာနော်၊ အဟုတ်လုပ်မယ် ဆိုတဲ့သဘောက ပါပြီးသား။ နို့ပေမဲ့ ကျုပ်တို့ရဲ့ သူရဲကောင်းများက
မဖြုံပေါင်ဗျား။ အိနြေ္ဒမပျက်ပဲ ဆက်တိုက်ပွဲ ၀င်ကြတယ်။ ဓာတ်ပုံတွေမှာ မြန်မာနိုင်ငံသားစစ်စစ်
အမျိုးသမီးကြီးငယ်တွေ (တချို့များ အိုတောင်အိုပါပြီ) ကျောက်ရုပ်ကြီးတွေလို ထိုင်နေကြတာ
တွေ့ရတော့ ကြက်သီးတောင် ထမိ ပါတယ်။ ဂုဏ်ယူစရာ ကောင်းလိုက်လေ။
ဒီဖြစ်စဉ်တွေ အတွင်း အာဏာရ အစိုးရနဲ့ စစ်တပ်က
သပိတ်သမားတွေနဲ့ စကားပြော လိုဟန် လုံးဝမပြပဲ သပိတ် ပြိုအောင် နည်းမျိုးစုံ လုပ်ကြည့်တယ်။
သူတို့ လုပ်တာ ချော့တာက နည်းနည်း၊ ခြောက်တာက များများ ပေါ့ဗျာ။ သပိတ်သမားတွေ ဘက်က ပြောတာက ရှင်းရှင်းလေးရယ်- သူတို့ကို
ရှင်းလင်း တိကျတဲ့ အဖြေတခု ပေးပါတဲ့။ သူတို့ ပြန်တောင်း နေကြတာက လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော်
ကတည်းက တပြားမှ မပေးပဲ လုယူသွားတဲ့ သူတို့ရဲ့
ဘိုးဘွားပိုင် မြေတွေ နော်။
ဒီနေရာမှာ ဖြတ်ပြောချင်သေးတယ်။ အဲဒီလိုမိကျောင်းကန်တိုက်ပွဲက ခေါင်းဆောင်တွေကို
ဖမ်းသွားတော့ အဖမ်းခံ ရသူတဦးဖြစ်တဲ့ ဦးစိန်သန်းရဲ့ သမီးလေးက “အဖေ့ကို ဖမ်းလာရင် သမီး တက်လာမယ်”လို့ ပြောလိုက်တာကို အင်တာနက် ပေါ်မှာ သူ့ဓာတ်ပုံလေးနဲ့ အတူတွေ့ရတော့ သမီးရှင် တဦးပီပီ ကျွန်တော်ဖြင့် စိတ်လှုပ်ရှား လိုက်တာဗျာ။ နောက်ပြီး ဒါမှ ဒို့ ဗမာပြည်သားကွလို့လဲ ကြုံးဝါးမိတယ်။ နောက်ပြီး ဒီ တိုက်ပွဲဝင်သူတွေဟာ ကိုယ့်ကိုယ်ကို သရဏဂုံ တင်ထားကြတယ် ဆိုတာကိုလည်း ပိုပြီး သဘောပေါက် ယုံကြည်မိသွားတယ်။
ရာဇသံ ရက်လွန်တဲ့အခါ ဘာဖြစ်မလဲလို့ တထင့်ထင့်နဲ့
စောင့်ကြည့်နေတုန်းမှာပဲ ဦးစိန်သန်းတို့ကို လွှတ်လိုက်တယ်။ အဲဒီလို ရာဇသံပေးပြီးနောက် ၁၁ရက်နေ့မှာတော့ ဦးစိန်သန်းတို့ကို လွှတ်လိုက်တယ်။ ဒါပေမဲ့ သပိတ်စခန်းထိပ်မှာ သပိတ်အလံက လွင့်ဝဲနေတုန်းပဲ။ လွှတ်ပေးလိုက်တော့မှ သပိတ်ဟာ စ’ကာစကအခြေအနေကို ပြန်ရောက်ယုံရှိသေးတာ လေဗျာ။ ဘာလျှော့မလဲ။ ‘’
ဒီလိုနဲ့ အခုတော့ လာစေ့စပ်သွားပြီ။ သပိတ်ကို သုံးလ ရွှေ့ဆိုင်းလိုက်တယ်တဲ့။
ဒါဟာ ပဏာမ အောင်ပွဲလို့တော့ပြောနိုင်တာပေါ့ဗျာ။ ဒါပေမဲ့ အဆုံးသတ် အောင်ပွဲမဟုတ်သေးဘူး။ ကိုယ်လိုချင်တာ တခုမှ မရသေးဘူး။ အာဏာပိုင်တွေ အနေနဲ့ ခြိမ်းခြောက်ယုံနဲ့ မရကြောင်း ၀န်ခံသွားရတာကတော့ ကိုယ့်ဘက်က အောင် မြင်မှုပဲ။ ဒါပေမဲ့ ဦးအောင်းသိန်းလင်းရဲ့ အာမခံချက်ဟာ ဘာမှ မရေရာဘူး ဆိုတာကို သတိထားကြရမယ်ထင်တယ်။
ကျွန်တော့် အမြင်မှာတော့ လက်နက်ကိုင် တိုက်ပွဲပဲဖြစ်ဖြစ်၊ လူထုတိုက်ပွဲ ပဲဖြစ်ဖြစ်၊ တိုက်ပွဲတခုကို ဆင်နွှဲတဲ့အခါမှာ အချိန်ဆွဲလိုက်ရင် အားကြီးတဲ့ဘက်က အသာရ တတ်တယ်ဗျ။ သပိတ်တွေ ဘာတွေဆိုရင် အာဏာရ နေတဲ့လူဘက်က အခွင့်အရေးတွေ ပိုရတတ်တာပေါ့ဗျာ။ ဒီကာလအတွင်းမှာ သူတို့က ကြိတ်ပြီး လှုပ်ရှားတာတွေ အမျိုးမျိုး လုပ်လာနိုင်တယ်။ သပိတ်သမားတွေရဲ့ ညီညွတ်မှုကို ဖြိုခွဲတာမျိုး ပေါ့ဗျာ။ သပ်လျှိုတာ၊ ငွေပေး -အခွင့်အရေးပြ မြှူဆွယ်တာ၊ ခြိမ်းခြောက်ပြီး ခွာသွားအောင် လုပ်တာ အမျိုးမျိုး လုပ်တတ်တယ်ဗျ။
ဒါပေမဲ့ ဘာပဲ ပြောပြောဗျာ။ အခုအထိ တွေ့ခဲ့ရသမျှ အတိုင်းဆိုရင်တော့ မိကျောင်းကန်လူထုဟာ ရပ်တည်ချက်ပြတ် သားသလို နိုင်ငံရေးအရလည်း အကင်းပါးပါတယ်။ သူတို့ တောင့်ခံနိုင်မယ်လို့ ယုံကြည်ပါတယ်။
စာရှည်သွားပြီဗျာ။ ဒီတခါ စာမှာတော့ ခါတိုင်း အဆုံးသတ်ရင် ရေးနေကျ ‘ဘယာဘေး ကွာဝေး ကြပါစေ’ လို့မရေးဘူး။ တမျိုးပြောင်း ဆုတောင်း လိုက်တယ်- မိကျောင်းကန် အရပ်သားများ မုချအောင်ပွဲခံရမည်။
ယာတောကသာဗြော
No comments:
Post a Comment