ဒေါ်သန်းစိန်ကြီးများ သိရင်…
မေမေက
ကျမတို့ရှိရာ (ပါတိဌာနချုပ်) ပန်ဆန်းကို ၁၉၈၀ အောက်တိုဘာလထဲမှာ ရောက်ရှိလာပါတယ်။
မေမေ ရောက်လာချိန်ဟာ ပါတီတွင်း အတွေးအခေါ် အရှုပ်အထွေးများ စပေါ်ပေါက်နေတာနဲ့
တန်းတိုးပါတော့တယ်။
ပါတီက
အရှေ့မြောက်စစ်ဒေသကို စတင်ထူထောင်တဲ့ ၁၉၆၈ ခုနှစ်က ဗမာပြည်တွင်း ဝင်လာကြတဲ့
ပါတီတပ်များ မှာ ထိပ်ဆုံးဦးဆောင်သူများသာ ဗမာလူမျိုးတွေ ဖြစ်ကြပါတယ်။
ဒီရဲဘော်ကြီးတွေဟာ ၁၉၅၀ ခုနှစ်များက တရုတ်ပြည် မာ့က်စ်လီနင်ဝါဒ တက္ကသိုလ်များမှာ
သဘောတရားရေးပညာ လေ့လာဖို့ စေလွှတ်ခြင်း ခံရသူများပါ။ ၁၉၅၅ ခုနှစ်
ဘန်ဒေါင်းအစည်းအဝေးက ချမှတ်လိုက်တဲ့ မူ ၅ ချက်နဲ့ ခြေချုပ်မိပြီး တရုတ်ပြည်မှာ
သောင်တင်နေ သူများပါ။
ကျန်
အများတကာ့ အများစုကြီးကတော့ ရဲဘော်နော်ဆိုင်း (ဗိုလ်နော်ဆိုင်း) (၁၉၅၀ -၅၂ က ဖဆပလ
အစိုးရက လိုက်တိုက်လို့ တရုတ်ပြည်ထဲ ပြေးဝင်လာတဲ့ လူမျိုးစု တပ်များခေါင်းဆောင်)
ဦးစီးတဲ့ ကရင်၊ ကချင် ရဲဘော်များ၊ ၁၉၇၆ ခုနှစ် ဗိုလ်နေဝင်း ဖန်တီးခဲ့တဲ့ တရုတ် -
ဗမာ အရေးအခင်းအတွင်း တရုတ်ပြည် ပြန်ပြေးလာတဲ့ ပင်လယ်ရပ်ခြား တရုတ်အမျိုးသားများ
(ဗမာပြည်ပေါက်များဖြစ်ပြီး တရုတ်လို ဟွာချောင် လို့ ခေါ်ပါတယ်)၊ တရုတ်ပြည်
ယဉ်ကျေးမှုတော်လှန်ရေးကြီးအတွင်း တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့တဲ့ တပ်နီရဲဘော်များ၊
တရုတ်-ဗမာ နယ်စပ် အဲဒီဒေသများအတွင်း အစောပိုင်းကတည်းက ရှိနေခဲ့တဲ့ လယ်သမား
ပြောက်ကျားသူပုန်အုပ်စုလေးများ (ဥပမာ - ဝ၊ ကိုးကန့်၊ အခါ၊ ရှမ်း) စတဲ့
လူမျိုးပေါင်းစုံ ပါဝင်ခဲ့ကြပါတယ်။ အဲဒီ လူမျိုးပေါင်းစုံ (အားလုံးနီးပါး
လူမျိုးစုတွေ) တပ်ကြီးနဲ့ ကျမတို့ရဲ့ အရှေ့မြောက်စစ်ဒေသကြီးကို တည်ဆောက်ခဲ့ကြတာပါ။
ဗမာပြည်တော်လှန်ရေးကြီးရဲ့
အချိုးအကွေ့ တကွက်မှာ ပြုခဲ့ကြတဲ့ သူတို့ရဲ့ ကောင်းမှုပြုချက်တွေကို ဗမာပြည်သူ
တရပ်လုံးက အမြဲသတိရ ကျေးဇူးတင် ဂုဏ်ပြုနေကြမှာပါပဲ။
၁၉၇၂
ခုနှစ် အဲဒီလို နယ်စပ်ဒေသ ဖွင့်လှစ်ပြီးမှသာ ဗမာရဲဘော်တွေ ဖြိုးဖြိုးဖြောက်ဖြောက်
စတင်ရောက်ရှိလာပြီး ၁၉၇၄ - ၇၅ -၇၆ အရေးတော်ပုံများ အပြီးမှာတော့ အတော်အတန်
ရောက်လာကြ ပါတော့တယ်။
အရှေ့မြောက်စစ်ဒေသ
တည်ထောင်ရာမှာ နိုင်ငံတကာ့အကူအညီ အများအပြား ရခဲ့ပါတယ်။ အဲဒီ အကူအညီတွေ
ကြောင့်ရော၊ ဗမာပြည်တွင်း နိုင်ငံရေးလှုပ်ရှားမှု ပြင်းထန်လို့ရော၊
ပဲခူးရိုးမကျအပြီး ဗဟိုကော်မတီ အသစ်ကို ထူထောင်လိုက်နိုင်တာကြောင့်ရော၊
အင်ဒိုချိုင်းနားပြည်သူတွေရဲ့ တော်လှန်ရေးအောင်ပွဲ အရှိန်အဟုန်ကလည်း ကောင်းနေတော့၊
အဲဒီကာလ တော်လှန်ရေး အခြေအနေဟာ တစုံတရာ ကောင်းမွန်နေပြီး တပါတီလုံးတက်ကြွ လှုပ်ရှားနေကြပါတယ်။
၁၉၇၀
ခုနှစ်မှာ တရုတ်ပြည်က နိုင်ငံရေးပေါ်လစီတွေ စတင် ပြောင်းလဲပါတယ်။
ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့် ပေါ်လစီ ချမှတ်လာပါတယ်။ တရုတ်ပြည်ကလည်း
ကမ္ဘာ့ကုလသမဂ္ဂမှာ ရိုးရိုးအဖွဲ့ဝင်တောင်မက ကြီး ၅ ကြီးထဲ ပါသွားပါပြီ။ ဒီမှာတင်
နိုင်ငံတကာက ကွန်မြူနစ်လှုပ်ရှားမှုနဲ့ တော်လှန်ရေးတွေကို ပေးနေတဲ့ အကူအညီများကို
စတင် လျှော့ချလာပါတော့တယ်။ တခြားနိုင်ငံ တော်လှန်ရေးထဲ ပါဝင်နေတဲ့ သူတို့
နိုင်ငံသားတွေကိုလည်း စတင်ပြန်လည် ခေါ်ယူနေပါပြီ။
ကျမတို့
ပါတီထဲက ဟွာချောင်များ၊ တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေး အတွင်း ပေါ်ထွက်လာခဲ့တဲ့
လက်ဝဲ ကူညီရေး တပ်နီလူငယ်များ စတဲ့ တရုတ်အမျိုးသားများ ပြည်တော်ပြန်သွားကြပါတယ်။
အများစုကြီးဟာ ကျမတို့ ပါတီအပေါ် သံယောဇဉ်ကြီးမားကြတုန်းပါ။ ဘာအကူညီလိုလို
စိတ်အားထက်သန်စွာ ပေးမြဲပါ။ ပါတီထဲက ထွက်သွားကြစဉ်ကလည်း အပ်တိုတချောင်းတောင် မယူဘဲ
လက်ချည်းဗလာနဲ့ ထွက်သွားခဲ့ကြတာပါ။ တရုတ်ပြည် ပြန်ရောက်တော့လည်း သူတို့ခမျာ အစက
ပြန်စပြီး ဘဝကို ရုန်းကန်ရပါတယ်။
ဒါပေမယ့်
ဘယ်အဖွဲ့အစည်းမှာမဆို အနှုတ်လက္ခဏာဆောင်သူ အချို့ အနည်းစုလည်း ရှိပါတယ်။
"ပြည်တော်ပြန်ရေး" လှိုင်းထ ကတည်းက အတွေးအခေါ်မှား (ဥပမာ - 'ရိုးသားသူ
နစ်နာတယ်' ဆိုတဲ့ အယူအဆမျိုး) တွေ လွှင့်ပြီး အိမ်အပြန် အိတ်အပြည့်ပါရေး
ကြိုးစားသူများကလည်း သူတို့ ဒီလို အိမ်ပြန်တာ တရားကြောင်း၊ ရနိုင်သမျှ
အခွင့်အရေးယူမှာ ဖြစ်ကြောင်း စတဲ့ အတွေးအခေါ် အယူအဆ အမျိုးမျိုးနဲ့ ပါတီတွင်း
အတွေးအခေါ် ရှုပ်ထွေးအောင် လုပ်ကြပါတယ်။
အဲဒီလို
ပါတီတွင်းပြသနာ စုပုံကျနေပြီး ပုံစံတွေ စတင် ပျက်လာတဲ့ အချိန်မှာ မေမေ
ရောက်လာတာပါ။
မေမေက
အဲသလို မတော်မတရား ပြောတာတွေ လုပ်တာတွေ တွေ့ရင်တော့ သူက ဒိုးကနဲ ဒေါက်ကနဲ
ပြောချတတ်ပါတယ်။ ဗဟိုရုံး နေထိုင်စားသောက်ရေး စခန်းထု အစည်းအဝေးတွေမှာသူက
အမြင်မတော်တာတွေ ထည့်ပြောတတ်ပါတယ်။ ဥပမာ ခြင်ထောင်မရှိဘူးလို့ တင်ပြလာသူကို အရင်
ခြင်ထောင်ဟောင်း တင်ပြလာသူကို အသစ်ထုတ်ပေးသင့်တယ် ဆိုတာမျိုးလိုပေါ့။ သူက
သူဖြတ်သန်းခဲ့တဲ့ စစ်တပ်က အင်္ဂလိပ်စည်းကမ်းတွေနဲ့ (အဲဒီကာလက) စနစ်တကျ
လုပ်ခဲ့တာတွေကို သူမြင်သမျှ ပြန်မိတ်ဆက်ပေးတာပါ။ တချို့က ပြည်တော်ပြန် ခရီး သယ်နိုင်သမျှ
သယ်ဖို့ လုပ်နေတာပါ။ ဒီအခါ သူ့ ပြောဆိုချက်တွေအပေါ် မကြည်မလင် ဖြစ်လာကြပါတယ်။
သူကလည်း
"အားလုံး မသိကြလို့သာပေါ့အေ။ သိများသိလို့ကတော့ ဘယ်ကောင်းနိုင်မှာတုန်း"
လို့ ကျမတို့ကို မကြာခဏ ခနဲ့တဲ့တဲ့ ပြောတတ်ပါတယ်။
ဒါကြောင့်
ဗဟိုခေါင်းဆောင်ကြီးများက တချို့ကိစ္စတွေ ပေါ်ရင် "မင်းတို့ အမေကြီး
မသိစေနဲ့နော်" တို့၊ "အမလေး ဒေါ်သန်းစိန်ကြီးများသိရင် ဘာပြောမလဲ
မသိဘူး" တို့ ပြောလာကြတာ ထုံးစံလို ဖြစ်လာပါတယ်။ မေမေပြောတာ တွေကလည်း
အမှန်တွေ ဖြစ်တော့ ဘယ်သူမှလည်း ပြန်မချေပနိုင်ဘဲ မေမေပြောသမျှတွေကို ဖေဖေကအစ၊
အားလုံး ပြုံးဖြဲဖြဲနဲ့ ခေါင်းငုံ့ခံနေရပါတယ်။
မေမေက
ပါတီတွင်းမှာ နေစဉ် တွေ့ရတဲ့ အနိဌာရုံတွေကို အဲသလို ရယ်သလို မောသလိုနဲ့
ဖေန်ပြောဆိုခဲ့ ပေမယ့် ပါတီရဲ့ ကောင်းကွက်နဲ့ ပါတီအပေါ် ကျေးဇူးတင်စကားကိုလည်း
ဆိုခဲ့ပါသေးတယ်။ ဒီအကြောင်းကိုလည်း ထည့်သွင်းဖော်ပြ ပြောဆိုမှသာလျှင် မေမေဟာ
ဘာမဆို ဘက်စုံ ကြည့်မြင်တတ်သူတဦး ဖြစ်ပြီး ပါတီကို ကောင်းစေချင်လွန်းလို့၊
တော်လှန်ရေး အောင်မြင်စေချင်လွန်းလို့ ဒီလို ဝေဖန်ရေးတွေ ပေးသွားတာ ဖြစ်တယ် ဆိုတာ
သိနိုင်မှာပါ။
၁၉၈၉
ပါတီတွင်း ဖရိုဖရဲ ဖြစ်သွားပြီးနောက် ၁၉၉၀ ခုနှစ်မှာ ကျမတို့ မိသားစု တရုတ်ပြည်ကို
ရောက်လာပါတယ်။ ကျမတို့ နေထိုင်ရတဲ့ဌာနရဲ့ စာကြည့်တိုက်မှာ Far Eastern Economic
Review (အရှေ့ဖျား စီးပွါးရေးဂျာနယ်) စာအုပ်အဟောင်းတွေ ရှိပါတယ်။ အဲဒါတွေကို
ကျမတို့က ယူယူ ကြည့်ကြပါတယ်။ တနေ့တော့ ၁၉၈၃ ခုနှစ်က လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့
ဖိလစ်ပိုင် အတိုက်အခံခေါင်းဆောင် အကွီနိုရဲ့ ရုပ်အလောင်းပုံ ပါလာတဲ့
မျက်နှာဖုံးနဲ့ စာအုပ်ကို မေမေက ယူကြည့်ပြီး "ဒါကတော့ ပါတီကို
ကျေးဇူးတင်ရမှာပါ၊ ဖေဖေ ပင်စင်ယူပြီး ကတည်းက တနေ့တနေ့ ဖေဖေကို ဒီလိုမျိုး
တွေ့ရနိုင်တယ်ဆိုပြီး အမြဲ စိတ်တပူပူ တပန်ပန် ဖြစ်နေရတာ၊ ပါတီရောက်မှ
စိတ်အေးရတော့တာ" လို့ ဆိုပါတယ်။
သြော်
…. ဒါကြောင့်ပဲ
မေမေဟာ ပါတီထဲမှာ ဒီလောက် အစားဆင်း၇ဲ အနေဆင်းရဲရပေမယ့် ပျော်ပျော်ရွှင်ရွှင်ကြီး
ဖြတ်ကျော်နိုင်ခဲ့တာကိုးလို့ ကျမ သဘောပေါက်မိပါတော့တယ်။
'ဒေါ်သန်းစိန်ကြီးများသိရင်'
ဆိုပြီး တလန့်လန့် တထိတ်ထိတ်ဖြစ်ခဲ့ရတဲ့ ရဲဘော်ကြီးများကိုလည်းဒီအကြောင်း ကျမ ပြောပြချင်လိုက်တာလေ။
လှကျော်ဇော
အောက်တိုဘာ
(၄)ရက်၊ ၂၀၁၃
{ကျမဆက်၍
ရေးချင်သော မေမေ့အကြောင်း အမှတ် (၅)}
No comments:
Post a Comment