Wednesday, February 12, 2014

အမျိုးသားစိတ် ရေးသူ အောင်ဗလ

"တိုင်းခေတ်သစ်ထူနေဆဲမှာ
ယိုင်းပင်းလို့ကူညီကြပါ။
ကိုယ့်အမျိုးသားချစ်လို့ရယ်.
သူ့အမျိုးလဲ နှစ်ဖို့မရည်ရွယ်.."

၁၉၄၆ ခုနှစ်က ကျွန်တော်တို့ သီဆိုခဲ့ကြသည့် နိုင်ငံရေးတေးပိုဒ်ကလေးသည် ကျွန်တော့်ဦးနှောက်တွင်းသို့ ဝင်လာသဖြင့် ရင့်ကျူးမိပါသည်။ ၁၉၄၆ ခုနှစ်က တေးနှင့်အတူ ၁၉၃၈ ခုနှစ်ဇူလိုင်လအတွင်းက အဖြစ်အပျက်များသည်လည်း ပိတ်ကားကျယ် ရုပ်ရှင်ကြီးကို ကြည့်ရသည့်အလား ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှား မြင်ယောင်လာပါသည်။

ကျွန်တော့်ဇာတိ မြင်းခြံခရိုင် ညောင်ဦးမြို့ကလေးမှာ ဖြစ်ပါသည်။ ကျွန်တော်မှာ ကျောင်းသားအရွယ်ရှိသေးသည်။

"ဒုဌဂါမဏိမင်းကြီးဟာ ကျေးကုလား တဆဲ့ခြောက်ပြည်ထောင်ကို သတ်တာ သာသနာရေးစစ်ပွဲမို့ တယောက်နဲ့ တခြမ်းသာ ငရဲကြီးတယ်" စသည်ဖြင့် သံဃာတပါးက တရားဟောသည်။ ထုံးကို ဂါထာဖြင့်မန်းကာ ကျွန်တော်တို့၏ နဖူးကို တို့ပေးသည်။ မင်းတို့ ဒီညဥ့်အဖို့ ဒုတ်ပြီး၊ ဒါးပြီး၊ သေနတ်ပြီးပြီကွ။ မကြောက်ကြနှင့်ဟု ဆရာတော်က မိန့်ကြားသည်။ ထိုနောက် လူဦးရေ တရာခန့်သော ကျွန်တော်တို့ လူအုပ်သည် ကုလားရပ်ကွက်ဖြစ်သော ဈေးပိုင်းသို့ ချိတက်ကြလေတော့သည်။

ကုလားဆိုင် မှန်သမျှကို ကျွန်တော်တို့ ဖျက်ဆီးကြသည်။ ကျွန်တော်က ဖါလူဒါဆိုင်မှ ပုလင်းတွေကို ရိုက်ခွဲရသည်။ ကျွန်တော်မှာ ထိုစဉ်က အသက်အရွယ် ငယ်လှသဖြင့် ပေါ့ပါးသော ထိုတာဝန်ကို ပေးကြသည်။ လူကြီးများက ထို့ထက်ကြီးမားခက်ခဲသော ဖျက်ဆီးမှုကို ပြုကြသည်။ ဈေးတဝိုက်ရှိ ကုလားဆိုင်မှန်သမျှ ပျက်စီးကျေမွ သွားတော့သည်။

ဈေးတဝိုက်ကို ဖျက်ဆီးပြီးသောအခါ ကျွန်တော်တို့သည် ဈေးနှင့် မလှမ်းမကမ်းရှိ ဗလီဆီသို့ ချီတက်ကြပြန်သည်။ ကုလားကုန်စုံဆိုင် တခုမှ ရခဲ့ရှိသော တူရွင်းများ၊ တူများ၊ ပေါက်ပြားပေါက်ချွန်များ တို့ဖြင့် အသေပိတ်ထားသော ဗလီကြီးကို ဖောက်ကြတော့သည်။

အချို့သော လူအုပ်သည် မြို့ပြင်ဘက်ဆီသို့ ဆက်လက် ချီတက်ကာ၊ ကုလားအမျိုးသား တဦးပိုင်သော ရေနံဆီချက်စက်ရုံသို့ ဝိုင်းကြသည်။ စက်ရုံတွင်းမှ ကုလားက သေနတ်ဖြင့် ပြန်လည် ခုခံသောအခါ စောစောက သေနတ်ပြီးသည်ဆိုသော ကျွန်တော်တို့ ထုံးမန်းဆရာ အတော်များများ ထိကြတော့သည်။ ဒဏ်ရာရ ကြတော့သည်။ ကံအားလျော်စွာ အသေအပျောက်မရှိ။

ကျွန်တော်သည်မူ ဗလီအတွင်းမှ လက်တလုံးခန့်ထူသော ဧရာမကြေးအိုးကြီးကို လှိမ့်၍ထုတ်ကာ ဗလီပြင်ဘက်ရှိ ချောင်းထဲ၌ ချ၍ ဖျက်ဆီးသည့်တာဝန်ကို ယူခဲ့သည်။ ကြေးအိုးကြီးကို ချောင်းထဲ၌ ချကာ ပေါက်ချွန်းနှင့် တအားပေါက်ရသည်။ တညလုံး တဒိုင်းနှင့် ပေါက်ရ၏။ မနက်လင်းသောအခါတွင်မှ ကြေးအိုးမှာ အနည်းငယ်သာ ပျက်၏။ ထို့ကြောင့် ကျွန်တော်မှာ ရေနံဆီချက်စက်ရုံဖက်သို့ လိုက်မသွားနိုင်သောကြောင့် မသေမနာ ကျန်ခဲ့သည်။

နံနက်လင်းသောအခါ ညက အောင်ပွဲ၏ မာန်ယစ်နေသော ကျွန်တော်သည် ကျွန်တော်၏ ဖခင်နှင့် တို့ဗမာ အစည်းရုံးခေါင်းဆောင် သခင်ကြီးတဦး ဆွေးနွေးနေကြသည်ကို ကြားရသောအခါ၌ ညက ကျွန်တော် အမှားကြီး အမှားခဲ့သသည်ကိုလည်း သတိရမိပါသည်။ ထိုအမှားမျိုးမှ ပြန်၍ အဖတ်ဆယ်နိုင်သည်။ အမြတ်ထုတ်နိုင်သည်ကို လည်း သိလိုက်ပါသည်။

ကျွန်တော့်ဖခင်သည် ကုလားအမျိုးသား မိတ်ဆွေများနှင့် အတော်ရင်းနှီးသူ ဖြစ်သောကြောင့် ကုလားတို့၏ ပျက်စီးမှုအတွက် ကြေကွဲဝမ်းနည်းကြောင်း ပြောပါသည်။ သခင်ခေါင်းဆောင်က ပြောသည်မှာ "လူမျိုးရေး အဓိကရုဏ်းဆိုတာ အလွန် မလိုလားအပ်တဲ့ အရာပေါ့ဗျာ၊ မဖြစ်အောင် တားဆီးရမယ်၊ ရှောင်ရမယ်၊ ဖြစ်မိရင်လဲပဲ မီးလောင်မှုကို ငြိမ်းသလို မကြီး မပွါး မကျယ် မပြန့်ပဲနှင့် ပြီးငြိမ်းအောင် အမြန်ငြိမ်းရမယ်"

"မီးကို ငြိမ်းသတ်ပြီးတဲ့အခါ နောက်ထပ်မလောင်အောင် အတားအဆီး အဟန့်အတား လုပ်ဖို့ရာ အရေးအကြီးဆုံးပဲ၊ ဟောဒီလို ကုလား ဗမာ အဓိကရုဏ်းမျိုး နောက်ထပ်မဖြစ်အောင် တားဆီးတဲ့ နည်းတနည်း၊ အကွက်တကွက်ကို ကျွန်တော် မြင်ထားတယ်။ အဲဒါက ဘာလဲဆိုတော့ ဗမာ့စီးပွါးရေး နယ်နမိတ် ကန်ဘောင်ရိုးကို ချဲ့ဖို့ပဲ။ အခု ဖြစ်တဲ့ ကုလားဗမာ အဓိကရုဏ်းဟာ ဦးရွှေဖီ၏ မော်လဝီနှင့် ယောဂီစာတမ်းက စတာဆိုပေမယ့် ဘာသာရေးကြောင့် ဖြစ်ရတာ ဆိုပေမယ့် စင်စစ်တော့ စီးပွါးရေး မခံချင်စိတ်လေးတွေ ပါတယ်ဗျ။ ကုလားတွေက  ဗမာ့စီးပွါးရေး စားကျက်မှန်သမျှ လက်ဝါးကြီး အုပ်ထားတာကို လက်မဲ့ဖြစ်တဲ့ ဗမာတွေရဲ့ အတွင်းစိတ်ထဲမှာ မခံချင်စိတ်လေးတွေ ရှိကြတယ်။ အဲဒီ စီးပွါးရေး မခံချင်စိတ်လေးတွေဟာ ဘာသာရေးပြသနာက မီးပွင့်လိုက်တော့ အဓိကရုဏ်း မီးတောက်ကြီး ဖြစ်ရတာပေါ့"

"အဲဒီတော့ ခင်ဗျားအဖို့ ကုလားအမျိုးသားတွေကို ချစ်လို့ ကုလားတွေကို ထိခိုက်နာကျင်မှုကို မမြင်ချင် မကြားချင်ရင် နောက်ထပ် အဲ့ဒါမျိုး မဖြစ်အောင် ကာကွယ်ရမယ်ဗျ။ ကာကွယ်ဖို့ကတော့ ခင်ဗျားကိုယ်တိုင် သူတို့ စီးပွါးရေးနယ်ထဲ ဝင်လုပ်ပါ။ စီးပွါးရေးလုပ်ငန်းတွေကို ဗမာတွေ ဝင်လုပ်လို့ ရှိရင် လူမျိုးအချင်းချင်း စီးပွါးရေး မကျေနပ်မှု ပြသနာ မရှိဘူး။ ဘာသာရေး၊ နိုင်ငံရေးပြသနာ ပေါ်ခဲ့ရင်လဲ မကြီးထွါးပဲ ပြီးသွားတတ်တယ်"

သခင်ကြီး၏ နိုင်ငံရေး သြဝါဒကို ကျွန်တော်၏ ဖခင်က လေးလေးနက်နက် နာယူပြီး ယုံယုံကြည်ကြည် လက်ခံလိုက်ပါသည်။ ကျွန်တော့်ဖခင်ကိုယ်တိုင် မြန်မာပိုင် ကုန်စုံဆိုင်တဆိုင်ကို တည်ထောင်ခဲ့ပါသည်။ ကျွန်တော်တို့ မြို့ကလေးနှင့်တကွ မြန်မာပြည် တပြည်လုံးတွင် သံဃာသြဝါဒခံ ဆိုင်းဘုတ်ကလေးများနှင့် မြန်မာကုန်စုံဆိုင်၊ မြန်မာဆံပင်ညှပ်ဆိုင်များ၊ မြန်မာလက်ဘက်ရည်ဆိုင်များ၊ မြန်မာထမင်းဆိုင်များ၊ မြန်မာလုပ်ငန်းငယ်များတို့ အမြောက်အမြား ပေါ်ပေါက်ခဲ့ပါသည်။

ကုလားတို့ နေရာယူထားသော စီးပွးရေးလုပ်ငန်းများတို့မှ လုပ်ကိုင်၍ ရနိုင်သမျှသော လုပ်ငန်းမှန်သမျှကို မြန်မာများ ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် ကုလားနှင်မြန်မာ အကြားတွင် စီးပွါးရေး မကျေနပ်မှုများ ကြီးကြီးမားမား မရှိတော့ပဲ ပြေလည်ခဲ့ပါသည်။ ထိုအဓိကရုဏ်း၏ နောက်ပိုင်းတွင် ကြီးမားသော ကုလားဗမာ လူမျိုးရေး ပဋိပက္ခ မရှိခဲ့ရုံမျှမက ညီညွတ်မှုကိုပင် ရခဲ့ကြပါသည်။ အင်္ဂလိပ်နယ်ချဲ့သမားကို တိုက်ခိုက်ရာတွင် ကုလားနှင့် ဗမာတို့သည် ညီရင်းအစ်ကိုများကဲ့သို့ စည်းရုံးမိကြကာ သွေးစည်းညီညွတ်စွာဖြင့် ပုခုံးချင်းယှဉ်၍ တိုက်ခိုက်နိုင်ခဲ့ကြပါသည်။

ထိုနှစ်က ဖြစ်ပွါးသော ကုလားဗမာ ဘာသာရေး အဓိကရုဏ်းသည် ဗမာပြည်၏ ရာဇဝင်၌ ဆုံးရှုံးကွက် တကွက် ဖြစ်ပါသည်။ သို့သော ဥာဏ်အမျှော်အမြင် ကြီးမားသော တို့ဗမာအစည်းအရုံး ခေါင်းဆောင်မှုများ၏ ညွှန်ကြားမှုကြောင့် အရှုံးထဲမှ အမြတ်ထွက်ခဲ့ရပါသည်။ ပျက်စီးသွားသော ကုလားတို့၏ စီးပွါးရေးလုပ်ငန်းများအတွက် ဝမ်းနည်းရသော်လည်း မြန်မာပိုင် စီးပွါးရေးလုပ်ငန်းများကို အစားထိုး ထူထောင်နိုင်သောကြောင့် တိုင်ပြည်တွင်လည်း အမြတ်ရပါသည်။ ကုလားဗမာ ချစ်ကြည်မှုကိုလည်း ရသည်။

ထို့ကြောင့် ကျွန်တော်သည် ၁၉၃၈ ခုနှစ်က ဖြစ်ပွါးခဲ့သည့် ကုလားဗမာအဓိကရုဏ်းကြီးကို ဖြင်ယောင်ရင်း ၁၉၄၆ ခုနှစ်က သီဆိုခဲ့သည့် နိုင်ငံရေး တေးတပိုဒ်ကိုလည်း ရင့်ကျူးမိပါသည်။

"တိုင်းခေတ်သစ် ထူထောင်ဆဲမှာ၊
ယိုင်းပင်းလို့ ကူညီကြပါ။
ကိုယ့်အမျိုးသားချစ်လို့ရယ်
သူ့အမျိုးလဲ နှစ်ဖို့ မရည်ရွယ်.။"

အောင်ဗလ။


[သတင်းစာဆရာကြီး အောင်ဗလ ရဲ့ ကျွန်တော်ကြားဘူးသလို ပြောဆိုပါမည် စာအုပ် - ၁၉၆၈ ခုနှစ်၊ ပထမအကြိမ်ထုတ်ဝေခြင်းမှ ကူးယူဖော်ပြပါတယ်.။]

No comments: