မီးသွေးခဲမို့
မဲသကိုး ဒို့ကျောင်းသားမို့ ရဲသကိုး
အရင်တုန်းက
တက္ကသိုလ်ပေါင်းစုံဟာ ကျောင်းဖွင့်ရက်၊ ပိတ်ရက်တွေကို ပုံသေ သတ်မှတ်ထားပါတယ်။ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေ ဖွင့်ရက်က
နှစ်စဉ် ပုံမှန် စက်တင်ဘာ (၁) ရက်နေ့ပါ။ ရန်ကုန် စက်မှုတက္ကသိုလ် မြို့ပြအင်ဂျင်နီယာ
ပထမနှစ်ကို ခုံနံပါတ် (အဆင့်) ၄၀ {C-40} နဲ့ ၁၉၆၉ စက်တင်ဘာ (၁) ရက်နေ့မှာ စတင်
တက်ရောက် ပညာသင်ကြားခွင့် ရခဲ့ပါတယ်။
ပထမနှစ်
ကျောင်းသားတွေဟာ သမိုင်း ဥပစာ ကောလိပ်ဝင်းအတွင်းက အဆောင်နံပါတ် (၁) စဥ့်ကူဆောင်မှာ
နေကြရပါတယ်။ တိမွေးကု နှစ်ကြီးကျောင်းသား
တချို့တော့ အောက်ဆုံးထပ်မှာ ရှိနေရဲ့။
အဲဒီ သမိုင်းဥပစာ ကောလိပ်ဆိုတာ အမေရိကန် အကူအညီနဲ့ ဆောက်ခဲ့တာ။ ကျောင်းသားအဆောင် (၁၀) ဆောင် အပြီး
စာသင်ဆောင်တွေ ကိုတော့ အုတ်မြစ်သာ ချထားတယ်။
ဆက်မဆောက် ဖြစ်တော့ပါဘူး။
ကျွန်တော်တို့
ရောက်တော့ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ စီမံကိန်းအရ ကျွန်းဆွယ် အားကစားရွာ
အဆောင် (၅) ဆောင်နဲ့ အားကစားရုံ ဆောက်လုပ်ရေး အပြီးသတ် ခါနီးပါပြီ။
အင်းစိန်လမ်းမ
ဘုရားလမ်းမှတ်တိုင်ထိပ်က ဆောက်လုပ်ဆဲ စီမံကိန်းဆိုင်းဘုတ်ဟာ ခဏခဏ
ပြောင်းပါတယ်။ သမိုင်းဥပစာကောလိပ်
စီမံကိန်း၊ ကျွန်းဆွယ်အားကစားရွာ ဆောက်လုပ်ရေး၊ သဘာဝသိပ္ပံတက္ကသိုလ် စီမံကိန်း၊
နောက်တော့…. ကွန်ပြူတာတက္ကသိုလ်
ဆောက်လုပ်ရေး။ နောက် လှိုင်ဒေသကောလိပ်။
အိမ်ငှားတွေရဲ့ ဆိုင်းဘုတ်တွေသာ ပြောင်းနေပေမယ့် အိမ်ရှင်ကတော့
တိုးတိုးပြီးရနေတဲ့ ပုံစံမျိုး။ Issue
Based C.S.O (Proposal တင်ပြီး ဒေါ်လာစားနေသူများ လောက်တော့ လွန်ခဲ့တဲ့ နှစ် ၄၀
ကျော်က ဗိုလ်နေဝင်းက ပျင်းတောင် ပျင်းသေးတယ်။
ကျွန်တော်တို့
တက္ကသိုလ်စရောက်တဲ့ နှစ် ၁၉၆၉ မှာ အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပွဲကို
ဗမာပြည်မှာ ဒုတိယအကြိမ် ကျင်းပပါတယ်။ ၁၉၆၀
မှာ ဒုတိယကျွန်းဆွယ်ပွဲ။ ၆၉ မှာ
ပဉ္စမကျွန်းဆွယ်ပွဲပါ။ အဲဒီ ကာလက
အရှေတောင်အာရှ ကျွန်းဆွယ် ငါးနိုင်ငံတည်း ပြိုင်တဲ့ ပွဲ S.E.A.P Game - South East
Asia Peninsula Game ။ နောက်မှ အရှေ့တောင်အာရှနိုင်ငံတွေ အားလုံး ပါဝင် ယှဉ်ပြိုင်
နိုင်အောင် ကျွန်းဆွယ်ဆိုတာကို ဖြုတ်ပြီး S.E.A Game ရယ်လို့ ဖြစ်လာခဲ့တာပါ။ မနေ့တနေ့က ဗမာပြည်မှာ လက်ခံ ကျင်းပလိုက်တဲ့ ၂၇
ကြိမ်မြောက် ဆိုတာ ဒီပွဲရဲ့ အဆက်ပါပဲ။
ဒါပါနဲ့ဆို ဗမာပြည်မှာ ကျင်းပတာ တတိယ အကြိမ်ပေါ့။
၆၉
ကျွန်းဆွယ်ပွဲ ဗမာပြည်မှာ ပြိုင်ကြတော့ အဓိက ဖွင့်ပွဲ ပိတ်ပွဲ၊ ပြေးခုန်ပစ်နဲ့
ကြက်တောင်ကို အောင်ဆန်းကွင်း၊ တင်းနစ်က သိမ်ဖြူကွင်း၊ ရေကူးက အမျိုးသားရေကူးကန်၊
ဂျူဒိုက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၊ ဘော်လီဘောနဲ့ လက်ဝှေ့က
သမိုင်းအားကစားရုံမှာ ယှဉ်ပြိုင်ကြရပါတယ်။
အဲဒီအချိန်က
မော်ဒယ်ခေတ် မဟုတ်တော့ နိုင်ငံဆိုင်းဘုတ်ကို တက္ကသိုလ်ကျောင်းသူတွေထဲကပဲ
ရွေးရပါတယ်။ ကြည်ကြည်ညွန့်၊ ထာနီ၊ ရှားလက်ချို… စသူတွေပေါ့။ သူ့ခေတ်နဲ့ သူတော့ နာမည်ကြီးကြတာပေါ့။ ကျွန်တော်တို့ကလည်း စိတ်ကူးတည့်ရာ
အားကစားပွဲတွေလိုက်ပြီး ဝေလေလေ လုပ်ရတာပဲ။
တပြည်သူပေမယ့် ရုပ်ကလည်း ချော၊ အားကစားလည်း စွမ်းတဲ့ ပက်ထရစ်ရှာချမ်းရဲ့
ချမ်းမိသားစု ရေကူးပြိုင်ပွဲတိုင်းမှာတော့ အားပေးသူ တက္ကသိုလ်ကျောင်းသားတွေ
အပြည့်။ ကျောင်းဆောင်မှာ
အခန်းချင်းကပ်လျက် တောင်ငူသား စောထိန်ဝင်းဟာ ခင်တာမင်တာ တလ နှစ်လပဲ ရှိသေးပေမယ့်
တကယ့်ကို ညီအစ်ကို အရင်းလို။ ကျွန်းဆွယ်
ကြက်တောင်ရိုက် ပြိုင်ပွဲ ဝင်ခွင့်လက်မှတ် (ပွဲစပွဲဆုံး) တအုပ်လုံးကို
ကျွန်တော့်အတွက် လက်ဆောင် ဝယ်ပေးထားရဲ့။
ကျွန်တော်တို့လည်း
တောသားမြို့ရောက်၊ လူငယ်ဘဝ တက်ကြွလန်းဆန်း နိုင်ငံစုံပွဲနဲ့ တိုးတော့ အတိုင်းမသိ
ပျော်ကြတာပေါ့။ နောက်တော့
သမိုင်းကောလိပ်ဝင်းထဲက သဇင်၊ နှင်းဆီ၊ ကံ့ကော်၊ ဂန္ဓမာ ဆိုပြီး အမျိုးသမီးဆောင်
လုပ်ပစ်လိုက်တဲ့ စဥ့်အုပ်နဲ့ အဆောင် (၅)ဆောင်ဟာ အဲဒီတုန်းက အားကစားရွာ။ အားကစားသမားနဲ့ တာဝန်ရှိသူကလွဲပြီး အပြင်လူ
မဝင်ရဘူး။ ကန့်သတ်နယ်မြေ။ ကျွန်တော်တို့ အဆောင်က မန္တလေးသား
မောင်မောင်ကြီး(ပနှစ်ပိသုကာ) ဆိုတာ တရုတ်ပုံ၊ ဝင်းဦးဂိုက်၊ သူက ရှပ်အဖြူ
ဘောင်ဘီရှည် အဖြူ ဝတ်ပြီး အသားဖြူဖြူနဲ့ အားကစား ရွာထဲကို သားသားနားနား ခပ်တည်တည်
ဝင်သွားတော့ နိုင်ငံခြားသားထင်ပြီး လုံခြုံရေးတွေက အမှတ်တမဲ့။ အထဲမှာ ဝေတဲ့ လက်ဆောင်တွေယူ ကျွေးတာမွေးတာတွေ
တဝတပြဲ စားပြီး ပြုံးပြုံးကြီး ပြန်ထွက်လာတော့ ကျွန်တော်တို့က bravo။
ညပိုင်းမှာ
သမိုင်းအားကစားရုံထဲ ဝင်ကြေး တကျပ်နဲ့ လက်ဝှေ့ပွဲ သွားကြည့်ကြတယ်။ အုပ်လိုက်။
အဲဒီ ခေတ်ကတော့ သိတဲ့အတိုင်း ဗမာက ရွှေခေတ်။ ပြိုင်ပွဲတိုင်းလိုလို ပထမ။ ပွဲတပွဲပြီးတိုင်း ချက်ချင်း ဆုပေးတော့ ဗမာအလံက
ထိပ်ဆုံး။ ဗမာနိုင်ငံတော်သီချင်းဖွင့်။ အားလုံး မတ်တပ်ရပ်။ အလေးပြု။
အဲဒီမှာ ဘာအခံ ရှိကြ သလဲ မသိ။
ထိုင်းအုပ်စုက မတ်တပ်မရပ်ကြဘူး။
အားပေးသံတွေငြိမ်။
နိုင်ငံတော်သီချင်းသံနဲ့ အားကစားရုံတရုံလုံး တိတ်ဆိတ်နေချိန်မှာ
ကျွန်တော်တို့ ကျောင်းသားအုပ်က တတ်သမျှ မှတ်သမျှ ဘာသာမျိုးစုံနဲ့ အဲဒီမောင်တွေကို
ဝိုင်းပြီး ကလော်ကြတာပေါ့။ ပရိသတ်အားလုံးက
သူတို့ကို ဝိုင်းကြည့်ကြတော့မှ အဲဒီမောင်တွေ အခြေအနေကို သဘောပေါက်သွားပြီး
မတ်တပ်ထရပ်ကြရတယ်။ ကျွန်တော်တို့တွေလည်း
ပျော်ရပါးရ အော်ရလွန်းတော့ အသံတွေ ပြာလို့။
ပွဲအပြီးမှာ
တံခါးမကြီးက မထွက်ရဘဲ မလွယ်ပေါက်ကပဲ ထွက်ခွင့်ပေးတော့တယ်။ အားကစားရုံ အပြင်ဘက်လည်း ရောက်ရော ဂျီသရီးကိုင်
စစ်သားတွေ နှစ်တန်းတန်းပြီးဖွင့်ပေးထားတဲ့ လမ်းအတိုင်းပဲ အင်းယားလေးဘက်အထိ
ထွက်ခဲ့ရတယ်။ ဘာဖြစ်ကြတာပါလိမ့်။
အဆောင်ပြန်ရောက်တော့မှ
သတင်းစုံ ကြားရတော့တာပါပဲ။ လက်ဝှေ့ရုံထဲ
လူပြည့်သွားတာနဲ့ ဝင်ခွင့်ပိတ်လိုက် တာတဲ့။
ကျောင်းသားတွေ ဝင်ပေါက်မှာ တအုံတမကြီး ဝင်ခွင့် မရဂကြဘူး။ ရုံစောင့်ရဲနဲ့ တာဝန်ရှိသူတွေရဲ့
ပတ်သက်တွေကိုတော့ မသိမသာ ရုံထဲ ဝင်ခွင့် ပေးနေကြတုန်းပဲ။ ကျောင်းသားတွေကလည်း ကိုယ့်အဆောင်ဝင်းထဲ
လာလုပ်တဲ့ပွဲ ကိုယ်မကြည့်ရတော့ ဘယ်ကျေနပ်မှာလဲ။
အဲဒါနဲ့ ရဲနဲ့ကျောင်းသား စကားများ။
ခြေပါ လက်ပါ။ ပိုဆိုးသွားတာက ရဲတွေ
အုပ်စုလိုက် ကျောင်းဆောင်ပေါ်ထိ ကျူးကျော် ဝင်ရောက်လာပြီး ကျောင်းသားတွေကို
လိုက်ရိုက် ဖမ်းဆီးတဲ့ ကိစ္စပဲ။ ဒီအရင်က
တက္ကသိုလ်ကျောင်းဝင်းထဲ ရဲကား စစ်ကားတွေ ညပိုင်းဆို မဝင်ရဲကြပါဘူး။ သူခိုးဖမ်းမိထားလို့ လာခေါ်လှည့်ပါ
ဖုန်းဆက်တာတောင်မှ စခန်းလာပို့လှည့်ပါ။
ကျွန်တော်တို့ ရဲကား ကျောင်းဝင်းထဲ မလာပါရစေနဲ့ ဆိုတာမျိုး။ ကျောင်းဝင်းထဲမှာ ရဲကား စစ်ကားမြင်ရင်
မြင်တဲ့ကျောင်းသားက ခဲနဲ့ ပေါက်လွှတ်ကြလို့ပါ။
သမိုင်းဥပစာကောလိပ်ဝင်းထဲက
အမေရိကန်ဒီဇိုင်း အဆောင်တွေရဲ့ ဝရံတာတွေဟာ သံပိုက်လုံးတွေ တိုင်ထူပြီး
ဆောက်ထားတာပါ။ ပြသနာတခုခုပေါ်ရင်
အဲဒီသံတိုင်တွေကို သံချောင်းခေါက်ပြီး အရေးပေါ် လူစုတဲ့ ဓလေ့ ရှိကြပါတယ်။ ဇွဲကပင် မေခဆောင်မှာ ပြသနာ ဖြစ်လို့ သံချောင်း
ခေါက်သံလည်း ကြားရော အဆောင် (၁၀) လုံးက ကျောင်းသားတွေ အရေးပေါ် ရောက်လာကြတယ်။
ကျောင်းသားတွေ
စုမိတော့ အားကစားရုံပေါက်မှာ ရပ်ထားတဲ့ ရဲကားကို မီးတင်ရှို့ပစ်လိုက်ကြပါတယ်။ အပြင်မှာ အဲဒီလောက်ကြီး ဖြစ်နေကြတာကို
ကျွန်တော်တို့က အားကစားရုံထဲမှာ ကိုယ့်အော်သံတွေနဲ့ ကိုယ် ပိတ်မိနေတော့ အပြင်ကအသံ
ဘာသံမှ မကြားရပါ။ တံခါးမကြီးရှေ့မှာ ရဲကား
မီးတင်ရှို့ ခံထားရလို့ ပွဲအပြီး မလွယ်ပေါက်က ထွက်ခိုင်းကြတာကိုး။
ကျောင်းသားတွေက
ကျွန်းဆွယ်ရွာကို သွားဝိုင်းပြီး ကြွေးကြော်သံတိုင် ဆန္ဒပြကြပါတော့တယ်။ သမိုင်းကျောင်းဝင်းထဲမှာ အားကစားရွာ၊
အားကစားရုံဆောက်ပြီင်္း ပွဲလာလုပ်လို့ အိပ်ရေးပျက် စာကျက်ပျက် ငြိမ်းချမ်းစွာ
ပညာသင်ကြားရေးကို လာနှောက်ယှက်နေတာက အဓိက ပြသနာ မဟုတ်ဘူး။ တက္ကသိုလ်တခုရဲ့ အထွတ်အမြတ်ထားရာ သမိုင်းဝင်
ဘွဲ့နှင်းသဘင်ခန်းမမှာ ဂျူဒိုပွဲ လုပ်ကြတာ။
နောက်ပြီး ဘွဲ့ယူကျောင်းသားနဲ့ မိသားစုတွေ အမြတ်တနိုးထားပြီး ဓါတ်ပုံရိုက်
မင်္ဂလာယူလေ့ရှိတဲ့ ဘွဲ့နှင်းသဘင် မြက်ခင်းပြင်ပေါ်မှာ (ဂျူဒိုပွဲပရိသတ်အတွက်)
ယာယီအိမ်သာတွေ ဆောက်တာကတော့ ဗိုလ်နေဝင်းရဲ့ ကျောင်းသားတွေအပေါ် ပညာရေးအပေါ်
တက္ကသိုလ်သမိုင်းအပေါ် ထားတဲ့ သဘောထား။
အဲဒါတွေကို ကျောင်းသားတွေကလည်း မခံနိုင်တာ။ အဲဒါကို ခွင့်ပြုခဲ့တဲ့ ပညာရေးဝန်ကြီး
ဒေါက်တာညီညီကို မကျေနပ်တာ။
သပိတ်
သပိတ် မှောက် မှောက်
ညီညီ
ညီညီ အို့ အို့
ငြိမ်းချမ်းစွာ
ပညာ သင်ကြားရေး ဒို့အရေး
ကျောင်းသားသမဂ္ဂ
ဖွဲ့စည်းရေး ဒို့အရေး
ကျွန်တော်တို့လည်း
အဆောင်ဝရံတာပေါ်ကနေ မြင်နေရတယ်။
အားကစားရုံရှေ့က မီးဖုတ်ခံ ရဲကားရဲ့ မီးတောက်တွေ။ ကျောင်းသားတွေရဲ့ ကြွေးကြော်သံတွေ။ ကျွန်နော်တို့တွေ မျက်စေ့သူငယ်
နားသူငယ်နဲ့။ စောစောက လက်ဝှေ့ပွဲအပေါ်တွေ
စားမြုံ့မပြန်နိုင်အား။ တက္ကသိုလ်ရောက်စ
အခါမလည်ခင် ကျောင်းသားသပိတ်နဲ့ စတိုးတော့တာပါပဲ။
အဲဒီပွဲမှာ
ကျွန်တော်တို့ စဥ့်ကူးဆောင်က RIT ပထမနှစ် ကျောင်းသား ကိုကိုကြီး(ရေစကြို)၊ နဲ့
မြင့်သန်း(မန္တလေး) တို့ အဆောင်ထုတ်ခံရတယ်။
မြင့်သန်းဆိုတာ မန္တလေး အထက (၁) ရဲ့ ၆၈ - ၆၉ စာသင်နှစ်မှာ RIT ကို ကျွန်တော်နဲ့
အတူ နှစ်ယောက်ထဲ အပို့ခံရတဲ့အထဲက တယောက်ပါ။
မနက်လည်း
လင်းရော ကျွန်တော့်အဖွား ဖွားဖွားရှိက ကျွန်တော့်ညီ မောင်သန်းဦးကို ကားနဲ့ လွှတ်
လိုက်ပြီး ပစ္စည်းရော လူပါ တပါတည်း ပြန်ခေါ်ခိုင်းတော့တာပါ။ ဖွားဖွားရှိဟာ ဦးကာက(လက်ဖက်ခြောက်)ရဲ့
ချွေးမကြီး။ ခင်ပွန်းဆုံးင်္ပြီးနောက်ပိုင်း
လောကဓံရိုက်ပုတ်ချက်ကို ခါးစည်းခံနေရပေမယ့် စေတနာကတော့ မပျက်။ ရန်ကုန်တက္ကသိုလ် တံတားဦး ကျောင်းသားများအတွက်
တည်းအိမ်လို စားအိမ် သောက်အိမ်။
ဧည့်သည်လာပြီ ဆိုရင်ပဲ ထမင်းပွဲက ပြင်ပြီးသား။ အဲဒီလောက် သဒ္ဓါတရားက ထက်သန်တာ။ အဖွားက ပြည်လမ်းနဲ့ အင်းစိန်လမ်းဆုံ
ကြက်လျှာစွန်းက ကမာရွတ်ရဲစခန်းရဲ့ နောက်ကျော ရွာသစ် ၂ လမ်းမှာ နေတာ။ တက္ကသိုလ် နားမှာ နေတာကြာတော့ ကျောင်းသားနဲ့
ဗိုလ်နေဝင်းရဲ့ တခြိမ်းခြိမ်းပွဲတွေ မမြင်ချင် မကြားချင် အဆုံး။ ကျောင်းသားထုရဲ့ မဟုတ်မခံ ရဲစွမ်းသတ္တိ။ ဗိုလ်နေဝင်းရဲ့ အကြမ်းဖက် ရက်စက်ရမ်းကားမှု။
ကျွန်တော်
တက္ကသိုလ်တက်ဖို့ အဖွားရဲ့ ရန်ကုန်အိမ်ကို ရောက်ရောက်ချင်း အဖွားက
သူ့အတွေ့အကြုံတွေ၊ ကောလဟလတွေ သတင်းတွေ ပြောပြပြီး ပညာရေးဆုံးခန်းတိုင်အောင်
လိမ္မာဖို့ နိုင်ငံရေး မလုပ်ဖို့ သွန်သင်ရှာတယ်။
ငါ့မြေး လူစုစု စုစု ဆိုရင် ယောင်လို့မှ သွားပြီး ရပ်မကြည့်လေနဲ့နော်။ သူတို့ဆီမှာ မှောင်ထဲရိုက်တဲ့ ကင်မရာတွေ
ရှိတယ်တဲ့။ အာဏာရှင်တစုရဲ့
ခြိမ်းခြောက်အုပ်ချုပ်ခံ ပြည်သူတဦးရဲ့ ရိုးသားမှု အကြောက်တရား။
အဆောင်ကနေ
အဖွားအိမ်ကို ပြန်ရောက်တော့ ဦးလေးလေး ကိုမျိုးသိန်းကို ကျွန်တော်တို့ ညီအစ်ကို
သွားခေါ်ကြပါတယ်။ ဦးလေးက သစ်တောကျောင်းသား
ပဲခူးဆောင်မှာ။ တက္ကသိုလ်အားလုံး
ကျောင်းပိတ်လိုက်ကြောင်း ကြေညာပြီး ကျောင်းသားတွေ ပြန်ဖို့ ခြင်္သေ့တံခါ
ဖွင့်ပေးထားကာ တံခါးဝမှာ စစ်တပ်ကို စောင့်ချထားလိုက်ပါတယ်။ ကျန်တဲ့ တက္ကသိုလ်ဝင်ပေါက် အားလုံး
ပိတ်ထားကြတာနဲ့ ကျွန်တော်တို့ ညီအစ်ကို သံဝင်းထရံကို ကျော်တက်ပြီး ကျောင်းဝင်းထဲ
ဝင်ခဲ့ကြတယ်။ အဓိပတိလမ်းကိုလည်း ရောက်ရော
ခွပ်ဒေါင်းအလံကိုင် ကျောင်းသားကြီးတွေ ကြွေးကြော်သံတိုင်ပြီး ချီတက်
ဆန္ဒပြနေကြတာနဲ့ ပက်ပင်းတိုးတော့တာပဲ။
အဲဒီကာလ
အရှေ့တောင်အာရှ အကောင်းဆုံးတက္ကလိုလ်ရဲ့ ဘွဲ့နှင်းသဘင်ခန်းမ ဥပဓိရုပ်ကို ပျက်စေတဲ့
ဂျူဒိုဖုံတွေ။ မော်ကွန်းဝင် တက္ကသိုလ်
အလှကို အကျည်းတန်ရုပ်ဆိုးစေတဲ့ ယာယီအိမ်သာတွေ… အားလုံး အားလုံး တစစီမွကြေ။ ကျောင်းသားသပိတ်တပ်ဦးမှာ ထိပ်ဆုံးက
ကြွေးကြော်သံတိုင်ပေးနေတဲ့ အစ်ကိုကြီးဟာ ကျွန်တော်နဲ့ တဆောင်တည်း။ တိမွေးကုက စစ်ကိုင်းသား ကိုစိုးဝင်း။ သူပြောပြဘူးလို့
သူ့အစ်ကိုဟာ ဂျူလိုင်ဆဲဗင်းမှာ ကျဆုံးခဲ့တဲ့ ကျောင်းသား အာဇာနည်တဦးဆိုတာ
သိခဲ့ရတယ်။ သူလည်း လွယ်လွယ်နဲ့တော့
ဘယ်ကြေမလဲ။ အဲဒီနောက်တော့ ကိုစိုးဝင်းကို
ထပ်မတွေ့ ရတော့ဘူး။
ကျွန်တော်တို့လည်း
ဦးလေးလေး ပစ္စည်းတွေကို ကူသိမ်းပေးပြီး အဖွားအိမ်ကို ပြန်ခဲ့ကြတယ်။ ရန်ကုန်မှာ တရက် နှစ်ရက် နေပြီး အညာကို
ပြန်ရင်း သံယောဇဉ်တနွယ်ငင်လို့ မန္တလေးတက္ကသိုလ်ထဲ ဝင်ခဲ့မိပါရဲ့။ မန္တလေးမှာလည်း ကျွန်းဆွယ်သပိတ်က
ကူးစက်နေပြီ။ ကျောင်းသားတွေ ဆန္ဒပြနေကြပြီ။ Main ရှေ့မှာ အသားညိုညို ခပ်ပိန်ပိန်
ဆံပင်မသပ်မရပ် မျက်မှန်တပ် ကျောင်းသားကြီးတယောက် စစ်အာဏာရှင်တစုရဲ့
ယုတ်မာရက်စက်မှုတွေကို ဌာန်နဲ့ မာန်နဲ့ အာဝဇ္ဇာန်းကောင်းကောင်း သပိတ်တရား
ဟောနေလေရဲ့။ ကျောင်းသားထုကြီးက လက်ခုပ်သံ
တဖြောင်းဖြောင်း လက်ခမောင်းတခတ်ခတ်။
ကျွန်တော်မြို့သား အစ်ကိုကြီး ကိုတင်ထွန်း ပြောမှ အဲဒါ
မောင်စန်းတင်(မန်းတက္ကသိုလ်) နောင်မှာ မောင်မြတ်မှိုင်း(လမင်းတရာ) ဆိုတာ
သိလိုက်ရတယ်။ သူတို့ အတန်းထဲကတဲ့။ ကိုစန်းတင်ဆို ကျွန်တော် သိတာပေါ့။
တက္ကသိုလ်ရောက်စ
စဥ့်ကူဆောင်မှာ အဆောင်ဖော် မုံရွာသား ကိုဌေးအောင်က အခန်းထဲ ဝင်လာပြီး ကဗျာစာအုပ်
လာရောင်းဖူးတယ်။ တက္ကသိုလ်ရွှေရတုသဘင်
အကြိုအဖြစ် ထုတ်ဝေတဲ့ ဒေါင်းအိုးတဝေဝေ။
ခွပ်ဒေါင်းပုံ ဆင်ဆာထိခံနေရတဲ့ ကာလမှာ ခွပ်ဒေါင်းက ဝိုက်ပြီး ခွပ်နေတော့
တောင်ပံတွေက ဝဲပြီး ကနေသယောင်ယောင်။
အနုပညာ မှော်ဝင်လက်ကြောင့် ဆင်ဆာလွတ်။
ဆရာကြီးမှိုင်းရဲ့ သြါဒ လေးချိုး အဖွင့်နဲ့။ မောင်သိင်္ဂါရဲ့ မလင်းပြာ… သို့နဲ့
မောင်ယဉ်ဆန်းရဲ့ ရဲဘော်… သို့ ကဗျာနှစ်ပုဒ်က
တင်ကျန်ခဲ့တယ်။ တင်သန်းနီ၊ မြစိန်မိုး၊
မောင်စိန်ဝင်း(ပုတီးကုန်း) တို့နဲ့ တက္ကသိုလ်စုံ၊ ကလောင်စုံ။ အဲဒီထဲမှာ ကျွန်တော်စွဲနေတဲ့ မောင်စန်းတင်(မန်းတက္ကသိုလ်) ရဲ့ကဗျာ။
တုံးအောက်ကဖား
ဖိကားဖိ၏
မကြွ
ပိကားပိ၏
မမျှ။
ထိတဲ့နေရာက
ကားယားညှပ်
မထိတဲ့နေရာက
များများလွတ်။
ပိတဲ့နေရာက
ထွားထွားမွတ်။
တုံးညီပြန်တော့
မြေကမညီ
မြေညီပြန်တော့
တုံးကမညီ။
သည်မှာအတူနေ
သည်မှာ အတူအောင်း
ပြားတဲ့ဖားက
ပြား
ဖောင်းတဲ့ဖားက
ဖောင်း။
မနေ့တနေ့က
ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်(ယာယီ/မန္တလေး) မှာ တွေ့ကြရာက
သေချာအောင် မေးကြည့်တော့မှ အဲဒီကဗျာစာအုပ် စီစဉ်သူဟာ အခု တရားရုံးချုပ်ရှေ့နေကြီး
ဦးထွန်းအောင်ကျော် ပါတဲ့။ ရှေ့နေကြီးကိုယ်တိုင်
ဖြောင့်ချက် ပေးသွားပါတယ်။
ကိုတင်အေးကြူ
၆
- ၃ - ၂၀၁၄
(ဒေါင်းအိုးတဝေဝေကို
အမြတ်တနိုး သိမ်းဆည်းထားပေးတဲ့ ကိုခင်မောင်တင့်(တံတားဦး) ကို ကျေးဇူး)
No comments:
Post a Comment