သမိုင်းထဲကသီချင်း
သီချင်းထဲကသမိုင်း
ကျွန်တော်
အလယ်တန်း ကျောင်းသားလောက်မှာ နွေကျောင်းပိတ်ရက်ဆိုရင် အဖေ့အမျိုးတွေ ရှိရာ
စစ်ကိုင်း အိမ်တွေကို ပို့ထားတတ်ပါတယ်။
တခေါက်သား တက္ကသိုလ်တက်နေတဲ့ မမသန်းနု(ဒေါ်သန်းသန်းနု၊ ဇောတိကစတိုး)
အိမ်ပြန်အလာ ပါလာတဲ့ ဆဲဗင်းဇူလိုင် ဓါတ်ပုံအယ်လ်ဘမ်ကို မှတ်မှတ်ရရ စပြီး
ကြည့်ဖူးခဲ့ ရပါတယ်။ ကျွန်တော်နဲ့
ဆဲဗင်းဇူလိုင်ရဲ့ မိတ်ဆက်ပွဲပါ။
၁၉၆၂
ကျွန်တော့် တံတားဦးအိမ်နဲ့ မျက်နှာချင်းဆိုင်မှာ မင်္ဂလာဆောင် ရှိပါတယ်။ မန္တလေးဆေးတက္ကသိုလ် ကျောင်းသား ကိုကြီးလှသန်း
(ဒေါက်တာလှသန်း၊ မလေးရှား) ရဲ့ မင်္ဂလာပွဲပါ။
ကျောင်းတက်နေဆဲ မင်္ဂလာဆောင် တော့ မန္တလေးက ဆေးကျောင်းသား၊ ဆေးကျောင်းသူတွေ
အများကြီး တက်တဲ့ပွဲပါ။ မင်္ဂလာဆောင်
အသံချဲ့စက် က တခြားသီချင်း မဖွင့်ဘဲ "ပုဂံမြို့ဟောင်းတနေရာ" ချည်း
ဖွင့်နေတော့ သတို့သမီး အဖွားက မင်္ဂလာမရှိဘူးဆိုပြီး ပိတ်ခိုင်းလိုက်၊ ကျောင်းသားတွေရဲ့
ဆန္ဒအရ သတို့သားက ပြန်ဖွင့်ခိုင်းလိုက်နဲ့ အကြိမ်ကြိမ် ဓါတ်စက်ဆရာ တော်တော်
ဓါတ်ပျက်ရမယ်။
ကျွန်တော်လည်း
အရွယ်ရလာမှ သမဂ္ဂဝိညာဉ် ဝင်လာတော့မှ အဲဒီ ကိစ္စကို ပြန်စဉ်းစားရင်း သဘောပေါက်မိ
ပါတယ်။ အသံချဲ့စက်က
"ပုဂံမြို့ဟောင်းတနေရာ" ဖွင့်နေပေမယ့် ကျောင်းသားတွေကတော့ "ယူနီယံအဆောက်
အဦတနေရာ" ကြားနေကြ ပေလိမ့်မယ်။
စိတ်ထဲက ဆိုနေကြ ပေလိမ့်မယ်။
သတ်လို့ မသေတဲ့ ဖြိုလို့ မပြိုတဲ့ ကျောင်းသားထုရဲ့ ရင်ထဲက သမဂ္ဂစိတ်ဓါတ်။
၁၉၆၈၊
ရန်ကုန်ကို အလည်ရောက်တော့ သစ်တော မေဂျာတက်နေတဲ့ ဦးလေးလေး ကိုတွတ်(ဥိးမျိုးသိန်း၊
သစ်တောငြိမ်း)က သူနေတဲ့ ရန်ကုန်တက္ကသိုလ် ဝင်းထဲကို လိုက်ပြပါတယ်။ ပဲခူးဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၊ ဂျပ်ဆင်တာဝါ၊
အင်းယားကန်၊ သမဂ္ဂသင်းချိုင်း။ ဗမာပြည်ရဲ့
နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးမှာ ပြည်သူချစ်တဲ့ ခေါင်းဆောင်တွေကို
မွေးထုတ်ပေးရာ၊ ဗမာပြည်သမိုင်းနဲ့ ခွဲခြားမရတဲ့ အဆောက်အဦဟာ အုတ်ကျိုးအုတ်ပဲ့
ဘဝနဲ့ မြက်ပင်ရိုင်းတွေကြားမှာ ပြားပြားဝပ်နေလေရဲ့။ ဗိုလ်အောင်ကျော် ကျောက်တိုင်မှာလည်း
ကြေးသွန်းပန်းပုရုပ်တုမရှိ၊ ငုံးတိ။
ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် ကျောက်တိုင်လည်း မရှိတော့။ အဲဒီ ကျောက်တိုင်ကို ဖျက်ဆီးပြီး ကျောက်တိုင်နေရာ
မြေကျင်းထဲမှာ ပုလိပ်မင်းကြီးရုံး(မဆလဌာနချုပ်ရုံး၊ ကမ်းနားလမ်း) ရှေ့က
ကုက္ကိုပင်ကြီးကို အမြစ်က အုံလိုက်နှုတ်ပြီး အရေးပေါ် ရွှေ့စိုက်ခဲ့ကြကြောင်း
ကိုယ်တိုင် စိုက်ခဲ့ရသူ ဦးလေးရဲမြင့် (အရာခံဗိုလ်၊ လေတပ်)က
ပြောပြခဲ့ဖူးပါတယ်။ အခုတော့ ဆဲဗင်းဗူလိုင်
ကျောက်တိုင်လည်း မရှိတော့၊ ကုက္ကိုပင်ကြီးလည်း မရှိတော့။
၆၂
မတ်လ ၂ ရက်နေ့ည။ ဗိုလ်နေဝင်း
အာဏာသိမ်းကြောင်း ကြေညာပြီးပြီးချင်းပဲ တကသ ကျောင်းသားထုဟာ အဓိပတိလမ်းမတလျှောက်
မီးတုတ် ကိုယ်စီကိုင်ပြီး စစ်အာဏာရှင်စနစ်ကို ဗွေဆော်ဦး ကန့်ကွက် ဆန္ဒပြခဲ့ကြ
ပါတယ်။ ဗိုလ်နေဝင်း အံကြိတ်
မျက်စောင်းခဲပြီး နှိပ်ကွပ်ဖို့ ကြံစည်ပေမပေါ့။
၁၉၆၉
ရန်ကုန် စက်မှုတက္ကသိုလ်ကို ရောက်တော့ သမိုင်းကျောင်းဆောင်ဝင်းထဲက စဥ့်ကူးဆောင်မှာ
ကျွန်တော်တို့ ပထမနှစ် ကျောင်းသားတွေ နေရတယ်။
တနေ့တော့ အခန်းကပ်လျက် မုံရွာသား ကိုဌေးအောင်က ကဗျာစာအုပ်တအုပ် လာရောင်းလို့
ဝယ်လိုက်တယ်။ ဒေါင်းအိုးတဝေဝေ။ ၁၉၇၀ တက္ကသိုလ် ရွှေရတုသဘင် အကြိုအဖြစ်
တပြည်လုံးရှိ တက္ကသိုလ်ပေါင်းစုံက ကျောင်းသား ကဗျာဆရာတွေ စုပြီးထုတ်တဲ့ စာအုပ်ပါ။
အဖုံးမှာ ခွပ်ဒေါင်းက ဝိုက်ပြီး ခွပ်နေတဲ့ ပန်းချီပုံနဲ့။ ( အဲဒီအချိန်က
ခွပ်ဒေါင်းပုံဟာ ဆင်ဆာထိပါတယ်။
ဝိုက်ပြီးခွပ်နေတော့ ကနေ သယောင်ယောင်) တင်သန်းနီ၊
မောင်စန်းတင်(မန်းတက္ကသိုလ်)၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ …. လူစုံ။ တက္ကသိုလ်စုံပါပဲ။ ကျောင်းသားတွေရဲ့ ရင်ထဲက ခွပ်ဒေါင်းစိတ်ဓါတ်
သမဂ္ဂစိတ်ဓါတ် တွေပါ။
၇၀
ပြည့်လွန် နှစ်များရဲ့ ရန်ကုန်စာအုပ် အဟောင်းတန်းတွေမှာ ဆဲဗင်းဇူလိုင် အထိမ်းအမှတ်
ကဗျာစာအုပ်တွေ ပလူပျံနေတာပါပဲ။
ခင်မောင်မြင့် ပြွန်တန်ဆာ (အောင်ပြည့်) လက်ရာ ပန်းချီပုံ မျက်နှာဖုံးတွေနဲ့
ပေါ့။
ကျွန်တော်တို့
စဥ့်ကူးဆောင်ရဲ့ မြေညီထပ် တခြမ်းမှာတော့ တိမွေးကုက နှစ်ကြီးကျောင်းသားတွေ
နေရတယ်။ အဲဒီထဲက စစ်ကိုင်းသား
ကိုစိုးဝင်းနဲ့ သိကျွမ်းရပြီး သူ့ အစ်ကိုရင်းဟာ ဆဲဗင်းဇူလိုင်မှာ
ကျဆုံးသွားကြောင်း သိခဲ့ရတယ်။
ကိုစိုးဝင်းကို ၆၉ ကျွန်းဆွယ် အရေးအခင်းမှာ ခွပ်ဒေါင်းအလံကိုင်ပြီး
အဓိပတိလမ်းတလျှောက် ဆန္ဒပြနေကြတဲ့ ကျောင်းသားထုထဲမှာ တွေ့ရပြီး နောက်ထပ်
မတွေ့ရတော့ပါဘူး။
ကျွန်တော်တို့
ကျောင်းနဲ့ အဆောင်တွေရဲ့ အုတ်နံရံပေါ်မှာ စာသင်ခုံတွေပေါ်မှာ ပြတင်းဘောင်
သစ်သားတွေပေါ်မှာ ဆဲဗင်းဇူလိုင်ကို မမေ့ကြနဲ့ ဆိုတဲ့ ထွင်းစာလုံးတွေဟာ နေရာ
အနှံ့ပါပဲ။ ဒီလိုနဲ့ ဆဲဗင်းဇူလိုင်
ဝိညာဉ်ဟာ မျိုးဆက်သစ် ကျောင်းသားတွေရဲ့ နှလုံးသားထဲကို စူးစူးရှရှ
ပူးဝင်ကုန်ကြပါတော့တယ်။ ၁၉၇၂ ရန်ကုန်စက်မှု
တက္ကသိုလ် ကျောင်းသား (၆)ယောက် စုပေါင်းထုတ်တဲ့ 'အပြာရောင်မီးတောက်' ကဗျာစာအုပ်မှာ ကျွန်တော့ ကဗျာတွေထဲက တပုဒ်က -
"သွေးစကား"
ကြည့်စမ်း
ကြည့်စမ်း
ပန်းခင်းလမ်းဖြောင့်၊
လေကြမ်းနှောင့်လို့
ပန်းညှောက်ဖူးတွေ
ကြွေကျနေလိုက်တာ။
မပွင့်ပန်းကြွေ
သည်လမ်းမြေမှာ၊
မြင်ရပါလျှင်
ရင်မှာစွဲပြီး
ဖွဲပြာမီးကြောင့်
လက်သီးကျစ်ကျစ်
ဆုပ်မိတယ်။
ကျွန်တော်တို့
မျိုးဆက်ကိုလည်း ဆဲဗင်းဇူလိုင် ဝိညာဉ် ထဲထဲဝင်ဝင် နက်နက်ရှိုင်းရှိုင်း
ပူးကပ်ခဲ့ပြီ။ အဲဒီလိုနဲ့ ၆၉ ကျွန်းဆွယ်၊
၇၀ ရွှေရတု၊ လှိုင်ရဲစခန်း၊ ကမာရွတ်ရဲစခန်း၊ နိုင်ငံတော်ကောင်စီဂိတ်တံခါး၊ ၇၄ - ၇၅ -
၇၆ အရေးအခင်း စတာတွေဟာ ဆဲဗင်းဇူလိုင် အရိုးတွန်တာပါပဲ။
အဲဒီလိုနဲ့
ကျွန်တော်လည်း ၇၆ မှိုင်းရာပြည့်မှာ တကြိမ်၊ ၈၉ ရှစ်လေးလုံးမှာတကြိမ်။ ပေါင်း နှစ် ၂၀ လျော့လျော့ နိုင်ငံရေး
အကျဉ်းသားအဖြစ် အင်းစိန်၊ နန်းတွင်း နဲ့ အိုးဘို မှာ နေခဲ့ရတယ်။ အထဲမှာ ဖိနှိပ်မှုကို အံတုနေထိုင် ကြရင်း
သမိုင်းကို လက်ဆင့်ကမ်းကြ၊ အနုပညာ ဖလှယ်ကြ။
အတွေးအခေါ် မြှင့်တင်ကြ။ ဒီလိုနဲ့
ကိုကိုးကျွန်းတိုက်ပွဲသီချင်းတွေ၊ သမဂ္ဂသီချင်းတွေ၊ ဆင်ဆာထိတဲ့ သီချင်းတွေ၊ ကဗျာတွေ
ရေးကြ၊ စပ်ကြ၊ ဆိုကြ၊ ဝေကြ မျှကြ။
"ပါတော်မူ" "သုံးရောင်ခြယ်" "ဒို့ဗမာ"
"လယ်ဝေးသူပုန်" မှ "ခေတ်သစ်ကမ္ဘာမကြေ" ထိ။ အဲဒီထဲမှာ မှ ဆဲဗင်းဇူလိုင်သီချင်းဟာ
အများဆုံး။ အများဆုံးဆိုတဲ့ သီချင်းတွေထဲကမှ သမိုင်းအချက်အလက် အပြည့်စုံဆုံး
အနုပညာအား အကောင်းဆုံး စိတ်ဓာတ်ခွန်အား အပေးနိုင်ဆုံး ရင်ဘတ်ကို အထိဆုံး
သီချင်းကတော့…….
"ဇူလိုင်
(၇) ရက် သွေးစက်သမိုင်း"
စိန်ပန်းတွေငို… ကံ့ကော်ငို..
သစ်ပုတ်ပင်အိုမရဲ့ ရှိုက်သံကို မကြားလိုက်ဘူးလား (ရဲဘော်ရေ)၎
အဓိပတိလမ်းက
.. ကတ္တရာလမ်းတွေ .. ခွါကြည့်စမ်းတော့လေ..
စီးထန်းသွေးတွေ
မြစ်မရေလိုပေ… အင်းယားရေ
မခြောက်သမျှ..
မပျောက်နိုင်တော့ပေ..
ဇူလိုင် (၇) ရက်ရဲ့ သွေးစက်သမိုင်းကြောင်းကို ပြန်ပြောင်းပြောနေ….
ရာဇဝင်
အမှောင်ကျတဲ့ မတ်လရဲ့ (၂) ရက်နေ့ မလေ.. ဗမာတခွင် ခေါင်ကြတဲ့ တပ်မရဲ့ စစ်ဘီလူး
သဘက်တွေ ..
ရာဇာပလ္လင်
ဗြောင်ကျကျနဲ့ အာဏာလုတက်နေ ….
ဒီမိုကရေစီဆိုတာဟာလေ … မူးလို့မှ ရှူစရာ
မရှိပေ (တို့ပြည်သူတွေ)၂ စစ်ဘိနပ်
သံခွါအောက် ကျရောက်နေပြီလေ .. ကယ်တင်ကြ၊ ကာကွယ်ကြစို့လေ … ဖိနှိပ်မှု
မှန်သမျှတွေ .. ခေါင်းငုံ့လို့ တို့ဖြင့်မခံပေ … တုန့်ပြန်ဆန့်ကျင်မှုဟာ တို့ကျောင်းသားထု တော်လှန်သမိုင်း
ဖြစ်ပေ….
မုတ်သုန်ဦးရဲ့
တိမ်ဦးလေပြေ .. ခွပ်ဒေါင်းမြူးကြွနေ .. ရွှေဘို ပင်းယ ရာမည မန္တလေးဆောင် … မီးတောင်တွေ ပေါက်ကွဲ
တိုက်ပွဲ စခဲ့ပေ။ တဖက်သပ်
အဆောင်စည်းကမ်းတွေ ရိုက်ချိုးပစ်ရမလေ။
ကျောင်းသားအခွင့်အရေး .. ကာကွယ်ရေး.. ပေး … ပေးရမလေ။
တို့တောင်းဆိုနေ ကြွေးကြော်နေ .. ရဲဘော်ရေ .. ထောင်နဲ့ မခြားတဲ့ အဆောင်ရဲ့
တံခါးတွေ … ကြွေးကြော်သံ
ဒီလှိုင်း .. ခုတ်ပိုင်း ချိုးဖျက်ချေ … တက္ကသိုလ်နယ်မြေ လူပင်လယ်ကြီး ဖုံးလွှမ်းနေ ..
စစ်အုပ်စုရဲ့ ထိပ်သီးတွေ .. အရှက်ကြီးရလို့ .. အမျက်မီး ထနေ …
မင်းသားခေါင်းဆောင်း ကျွတ်ကျပလေ .. ဘီလူး အစွယ်ရုပ် .. ငုတ်တုတ် ပေါ်လာပေ ..။
ဂျီသရီးမောင်ပြန်
.. ပစ်ခတ်သံတွေ .. စစ်ဖိနပ်သံတွေ ဟိန်းညံ တကျောင်းလုံး ယမ်းငွေ့မီးခိုး
ဖုံးလွှမ်းနေ အောင်ကျော်ကြီး
ကျောက်တိုင် သွေးပတ်လည် အိုင်နေ .. ရင်ပြင်နီ မြက်ခင်းလမ်းတို့ နီမြန်းသွေးပေ ..
မသေ .. မသေ .. ရဲဘော်တို့ မသေနိုင်ပေ .. မကြေ .. မကြေ .. ရဲဘော်တို့ မကြေနိုင်ပေ။
(ဓါး
ဓါးချင်း ရှင်းရမည်။ လှံ လှံချင်းရှင်းရမည် .. ဖက်ဆစ်နေဝင်း ကြိမ်းဝါးသည်..
ပြည်သူတွေကို စစ်ကြေညာလိုက်ပြီ)၂ ယုတ်မာကောက်ကျစ် .. စစ်အာဏာရူး အရိုင်းတို့သည်
.. သမိုင်းကို ဖျက်ဆီးဖို့ ကြံစည် .. ဇူလိုင် (၈) ရက် မနက် (၅) နာရီ ..
တော်လဲသံကြီး။ မြည် ဟီး သိမ့်တုန် .. သမဂ္ဂအဆောက် အအုံ .. အုတ်ပုံ ဖြစ်ရပြီ .. သမဂ္ဂ
ရဲ့ အုတ်မြစ်ကို ကျွဲရိုင်းစက်နဲ့ ထိုးဖျက်ဖြို .. မပြို .. မပြို .. တ က သ
မပြိုနိုင်ပြီ .. မဖြို .. မဖြို .. သမဂ္ဂဖြိုနိုင်ပြီ။
တို့
အဓိဌာန် ဆိုမည် ငါတို့တွေ အဓိဌာန် ဆိုပါမည် တို့ ကျောင်းသူ ကျောင်းသားများသည်
တူတံစဉ် အလံတော်အောက်ဆီ ညီရင်းအကို မောင်နှမပမာညီ .. တို့ခေတ်ရောက်ရမည် .. စနစ်သစ်
ဆောက်ရမည် .. ဒီမိုကရေစီပညာရေး.. တို့သွေးချွေးကို စတေးမည် (အရေးတော်ပုံ)၃
အောင်ပါစီ …
အမှောင်ညတွေရဲ့
သော့အထပ်ထပ်ခတ်ထားတဲ့ တံခါးသံတိုင်ကို ကိုင်ပြီး သီချင်းဆိုရတဲ့အခါ အေးစက်နေတဲ့
အုတ်နံရံကိုမှီပြီး သီချင်း ဆိုသံ နားထေခာင်ရတဲ့အခါ မျက်စိထဲမှာ မြင်ယောင်လာအောင်
ပြောင်မြောက်တဲ့ သီချင်းပါ။ သမိုင်းထဲက
ရင်ထဲက သမိုင်းရဲ့ နှလုံးသားထဲက ပေါက်ဖွားလာတဲ့ သီချင်းမို့ သမိုင်းကိုလည်း
အပြည့်စုံဆုံး လှစ်ပြနိုင်ပါတယ်။
နိုင်ငံရေးမှုနဲ့
ထောင်ကျလာတဲ့ သစ်တောဝန်ထောက်တယောက်က သီချင်းကို ကြိုက်လွန်းလို့ ဆိုပါရစေ ဆိုပြီး
ကျွန်တော့်ဆီ သီချင်းစာသား လာတောင်းတယ်။
သူက အဆိုကောင်းပါ။ သူလည်း (၆၂) ကို
သိမီပုံ ပါပဲ။ ဒါပေမယ့် တူတံစဉ် အလံတော်အောက်ဆီဆိုတဲ့
စာသားကိုတော့ ပြင်ဆိုချင်ပါတယ်တဲ့။
အစ်ကိုကြီးရေ…. သမိုင်းဆိုတာ
ပြင်လို့မှ မရတော့ဘဲ သီချင်း စာသားကျမှတော့
ပြင်ချင်မနေပါနဲ့ဗျာ။ သူ့ အဖြစ်မှန်
အတိုင်း ရှိပါစေ။
ကိုတင်အေးကြူ
၂၈
- ၆ - ၂၀၁၃
No comments:
Post a Comment