ဘီယာအသေးတလုံး
ကိုးဒေါ်လာ…..
ဒီနှစ်ထဲမှာ
(၂၀၁၇ခု)
ခရီး
၂ ခါ သွားဖြစ်ခဲ့တယ်။ မေလထဲမှာတခါ၊
နိုဝင်ဘာထဲမှာ တခါ။ ဟိုတုန်းကဆို
ကိုယ်သွားခဲ့တဲ့ ခရီးတွေအကြောင်း
အတိုအထွာကို ရေးသားမှတ်တမ်းပြုပြီး
facebook တင်ခဲ့တယ်။
ကိုယ့်
fb friend ဆိုတာ
ပြည်တွင်းက ရဲဘော်၊ သူငယ်ချင်း၊
မိတ်ဆွေ နဲ့ ဆွေမျိုးတွေပဲလေ။
သူတို့နဲ့ ကိုယ် ထိတွေ့ဆက်ဆံနိုင်တာလဲ
အင်တာနက် ပဲရှိတာ။
တယောက်နဲ့တယောက်
သာရေး၊ နာရေးကို ဒီပေါ်ကပဲ
ဆက်ဆံရတာ။ သူတို့ သိချင်တာ
ကိုယ်ပြောပြတယ်၊ ကိုယ်သိချင်တာ
သူတို့ကိုမေးတယ်။ နွေးထွေးမှုတွေ
ပိုရလာတယ်။ တယောက် အပေါ် တယောက်
ပိုပြီး ပိုပြီး နားလည်လာတယ်။
ဆင့်ပွါးမိတ်ဆွေတွေ တိုးလာတယ်။
ပျောက်နေတဲ့ သူတွေ ပြန်ရှာလာတွေ့တယ်။
ကွဲနေတဲ့ သူတွေ ပြန်ပေါင်းမိကြတယ်။
အင်တာနက် ထဲကနေ သူတို့နားကို
ကိုယ်သွားတယ်။ ကိုယ့်နားကို
သူတို့ လာကြတယ်။ လက်ချင်းမတွဲ
စိတ်ချင်းတွဲလို့ ခရီးတွေ
အတူသွားတယ်။ အစားတွေ အတူစားကြတယ်။
ဖတ်စရာတွေ ဖလှယ်တယ်။ ဝေဒနာတွေ
မျှဝေ………..။
ခု
နောက်ဆုံးသွားခဲ့တဲ့
ခရီးအကြောင်းကို ရေးမယ်
ကြံထားတာ၊ လက်က တော်တော်နဲ့
ရောက်မလာခဲ့ဘူး။ ဘာဖြစ်လဲ
ဆိုတော့ ဒီနေရာက ရောက်ဖူးတဲ့သူ၊
သိတဲ့လူ များတာမို့ အကျိုးမများ
အရာမရောက် ဖြစ်မှာစိုးတာလဲ
ပါတယ်။ ဒါပေမယ့် ခုရေးလိုက်ပါပြီ။
ကိုယ်တို့
အလုပ်မှာ အရင်တုန်းကဆို
vacation ရက်ကို
vacation မယူဘူးဆိုရင်၊
vacation လုပ်ခ
အပိုရတယ်။ ခု ဥပဒေက ယူကို
ယူရမယ် ဆိုပဲ။ အေးလေ ကိုယ်
ယူလိုက်တယ်။ မေလတုန်းက ၃
ရက်ယူတယ်။ ခု ၂ ရက်တယ်။
ကိုခိုင်ထူး သီချင်းကို
ဆိုလိုက်တယ်။ "..
ရှိတာတွေ
အကုန် လုံး ယူ…
အေးဝင်း…
ရတာတွေ အကုန်လုံးယူ…"
ကြာသာပတေး-သောကြာ
က ကိုယ့် ပုံမှန် နားရက်မှာ
နောက်ထပ် ၂ ရက်ပေး..
စနေ-တနင်းဂနွေပေါင်းပြီး
လေးရက်ယူပစ်လိုက်တယ်။
တနင်းလာနေ့မှ အလုပ်ပြန်ဆင်းမယ်။
သွားတော့မယ်
ဆိုတာနဲ့ ထုံးစံအတိုင်း
google မှာ
ဘယ်သွားမယ်၊ ဘယ်မှာနေမယ်၊
ဘာစား မယ်က အစ အသေးစိတ်
လေ့လာတော့တာ။ လိပ်စာတွေ၊
မြေပုံတွေ ကြည့်၊ print
ထုတ်။
ကိုယ်ခရီးသွားရင် gps
ကိုချည်း
ဘယ်တော့မှ အားမကိုးဘူး။
ဧရိယာကြီးတခုလုံးကို မြေပုံထဲ
သေသေချာချာ ကြည့်ရမှ အားရတာ။
ဒီတခါ
Las Vegas သွားမယ်။
အရင်က ၄ ခါ ရောက်ဖူးပြီးသား။
မစိမ်းဘူး။ နောက်ဆုံး တခေါက်
Utah, Arizona
သွားပြီးအပြန်တောင်
အဲဒီကို လှည့်ဝင်ပြီး
ဆရာမောင်သာရဆီ ဝင်တွေ့ခဲ့သေးတာ။
နိုဝင်ဘာလ
၈ ရက် ကြာသာပတေး မှာ မနက် ၉း၀၀
အိမ်ကထွက်တယ်။ ဟိုတယ်မှာ
check-in time က
ညနေ ၃း၀၀မှ။ ၄ နာရီပဲ ကားမောင်းရတဲ့
ခရီး။ မိုင်အားဖြင့် ၂၈၀
လောက် ရှိတာ။ ဒါပေမယ့်
လမ်းတဝက်လောက်မှာ နားမှ၊
မဟုတ်ရင် ညောင်းလို့ ဒူးနာတာနဲ့
သေမှာ။
လမ်းတဝက်တိတိ
မကျတကျ လောက်မှာ Barstow
ဆိုတာ
ရှိတယ်။ အဲဒီမှာ နားတယ်။
Barstow Station
McDonald မှာ
breakfast
စားလိုက်ကြတယ်။
မိနစ် ၄၀ -
တနာရီလောက်
စားစား နားနား လုပ်ပြီးမှ
ခရီးပြန်ဆက်တယ်။
နောက်ထပ်
၂ နာရီလောက် ထပ်မောင်းလိုက်တော့
Nevada State က
Las Vegas မြို့ကြီးကို
ရောက်သွားတယ်။
Excalibur
Hotel မှာ အင်တာနက်ကနေ
နှစ်ည အတွက်ပေးထားပြီးသား။
နေ့လည် ၂ နာရီ လောက်ရောက်သွားတော့
ကိုယ်တို့အတွက်အခန်းက
ပြင်လို့ဆင်လို့ မပြီးသေးတာမို့
၃ နာရီ မှ ဝင်လို့ ရမယ်တဲ့။
အဲဒီမှာ
ပြသနာက စတာပဲ။ ည စာစားဖို့ကလည်း
စောသေး။ နေ့လည်စာ ထမင်း
မစားရသေး။ ကိုယ်ကလည်း စားရင်
အရည်လေးသောက်ရမှ ဆိုတော့
ကားမမောင်းတော့တဲ့ ဒုံးဒုံးချ
နားပြီဖြစ်တဲ့ ဟိုတယ်မှာ
ကားထားပြီးမှ စားမယ် မှတ်တာ။
ဟိုတယ် valet
parking မှာ
ကားကို တခါတည်း ပေးလိုက်တယ်။
ဗိုက်ကလည်း
တဂျုတ်ဂျုတ် ဆာနေပြီ၊ ဟမ်ဘာဂါတခု
အာလူးကြော်တပွဲကို အဆာပြေ
နှစ်ယောက်သား စားထားမယ်ဆိုပြီး
မှာလိုက်တယ်။ ကိုယ်က Heineken
အသေးတလုံး၊
သူက အချိုရည်တခွက် မှာတယ်။
ဒေါ်လာတရာတန် တရွက် ထုတ်ပေးတာ၊
cash register က
လူမည်းမလေးက ကိုယ့် ဒေါ်လာတရာတန်ကို
မီးရောင်မှာ ထောင်ကြည့်၊
အမြီးပြန် ခေါင်းပြန်ကြည့်၊
အစစ်အတု ခွဲတဲ့ မင်နဲ့
တို့ကြည့်ပြီး သူမဆုံးဖြတ်နိုင်လို့
မန်နေဂျာကို ခေါ်ပြနေတယ်။
ကိုယ်ကတော့
သေချာတယ်လေ၊ ကိုယ့်ပိုက်ဆံ
အသစ်ကျပ်ချွတ် ဘဏ်ကထုတ်လာတာ၊
အတုမဖြစ်နိုင်ဘူး။ ထောင်မလဲသဲကော်
ဗမာပြည်သားတွေ အကြိုက်
တောင့်တောင့်တင်းတင်း
အစစ်ကလေး။ မန်နေဂျာနဲ့ cashier
တိုးတိုးတိတ်တိတ်
ပြောနေကြပြီးမှ ရတယ်ရတယ်
ဖြစ်သွားတယ်။
"ငါ့
ပိုက်ဆံက ခုမှ ဘဏ်ကထုတ်လာတာ၊
ဘာဖြစ်လို့လဲ…."
"အော်…
ဘာမှ မဖြစ်ဘူး၊ ရပါတယ်…"
ဘီယာတလုံး၊
ဟမ်ဘာဂါ၊ အာလူးကြော်၊ အချိုရည်
ဒေါ်လာ နှစ်ဆယ်ကြော်ကျတယ်။
"..
ဟ..
ဘာဖြစ်လို့လဲ၊
ဘီယာတလုံး ဘယ်လောက်မို့လဲ….."
"..
plus tax nine dolar and something…"
သောက်ကျိုးနဲ၊
ကိုယ်တို့ အရပ်ဒေသမှာ ဘီယာ
၆ လုံးတွဲ တတွဲစာ ပေးလိုက်ရတယ်။
ဘယ်တတ်နိုင်မလဲ…
ရွေးစရာလမ်းမရှိဘူး။ ကိုယ်ကလဲ
သောက်ချင်၊ ဆာကလဲ ဆာနေပြီ။
သူပိုက်ဆံ ပြန်အမ်းတယ်။
ဒေါ်လာ နှစ်ဆယ်တန် အသစ်ကလေးတွေ…..
"အင်း…
နင့် နှစ်ဆယ်တန်တွေက တဘက်ပဲ
ရိုက်ထားပါလား၊ တဘက်က
အဖြူဗြောင်ကြီး…"
ဒင်း
မျက်လုံးကြီး အကြီးအကျယ်
ပြူးသွားပြီး သူ့ပိုက်ဆံ
သူပြန်လှန်ကြည့်နေတယ်။ ကိုယ်
ရီလိုက်ပြီး…
"ကျေပြီ..
နင်နဲ့ ငါနဲ့
ကျေပြီ"
"
အမလေး..
လန့်သွားတာပဲ……"
ဘီယာတလုံး
ဘယ်သွားကြားညှပ်သွားမှန်းမသိဘူး။
ခွက်များ ပေါက်နေလို့လား။
မတတ်နိုင်ဘူးလေ…။
ကိုယ်မှ မဝပဲ၊ ဆင့်ပါးစပ်နှမ်းပက်။
တလုံးထပ်ဝယ်ရပြန်ရော..
ကိုးဒေါ်လာ။
အဲဒီမှာ
အုံးစိမ်းရည်လဲ တွေ့တယ်။
"ဘီယာတလုံး
သောက်ရင် အုံးရည်တလုံး
အလကားတိုက်တယ် ဆို…."
"ဒီနေ့
မရဘူး…
မနက်ဖြန်မှ…"
ဒင်းကလေးကလဲ
အလာသား။ ကိုယ်နောက်တာကို
သူ ပြန်နောက်တယ်။ အမည်းဆိုပေယ့်
အမဲချောလေး…..။
ခဏနေတော့
ဆိုင်ထဲမှာ rock
သီချင်း
ဆူဆူညံညံ ကျယ်ကျယ်လောင်လောင်
ထွက်လာပြီး၊ ဆိုင်ထဲက
သူတို့အရွယ် အလုပ်သမား
ကောင်လေးကောင်မလေးတွေ
အဖြူအမည်း ၆ ယောက် လောက်
ထွက်လာပြီး က,
ကြပါလေရော။
သီချင်းဆုံးတော့ တဆိုင်လုံးကို
ဦးညွတ် အလေးပြုသွားတယ်။
ကိုယ့်ကိုတောင် လက်ပြသွားတယ်။
ကိုယ့်စိတ်ထဲမှာတော့…
"..
ပိုကျုံကျွေ့
ပုလင်းလောက်ရှိတဲ့ ဘီယာတလုံး
ကိုးဒေါ်လာနဲ့ အချဉ်ရလိုက်လို့
အောင်ပွဲခံကြတာ နေမှာ……."
အေးဝင်း
(လမင်းတရာ)
၁၂၊
၁၈၊ ၂၀၁၇။
ည
၇း၂၆။
No comments:
Post a Comment