Sunday, January 7, 2018

ခုံဘိနပ်ထက်ပိုင်းပြတ်၊ ခဝဲသီးကြော်ချက်...

ခုံဘိနပ်ထက်ပိုင်းပြတ်၊ ခဝဲသီးကြော်ချက်...

ခုံဘိနပ်ထက်ပိုင်းပြတ၊် ခဝဲသီးကြော်ချက်

ကိုယ်တို့ ထောင်ကလွတ်ပြီး နောက်တသုတ် အစုအလိုက် အပြုံလိုက်လွှတ်တာ ၂/၈၀ လို့ နံမည်ကြီးတဲ့ နိုင်ငံတော်ကောင်စီရဲ့ ၁၉၈၀ အမိန့်နဲ့ လွတ်ကြခြင်းဘဲ။ ကိုယ်တိုင်ကြုံရတာ မဟုတ်လို့ ယခု အော်ရီဂွန်ပြည်နယ်၊ အမေရိကမှာ ရှိနေတဲ့ စောဖိုးကြူးကို တယ်လီဖုံးနဲ့ မေးပါတယ်။ နိုင်ငံရေးမှုမှာ သူတို့က ၂/၈၀ ရဲ့ နောက်ဆုံးလူသားတွေပဲ။ ကျေညာချက်ထုတ်ပြီး လူတွေ လွှတ်တဲ့အချိန်ကနေ ၁၄ ရက် တိတိကြာမှ သူတို့လွတ်တာ။ သူ ကျနော့်ကို အတိအကျ ပြန်ပြောပြပါတယ်။

သူ့ကို ကျနော်တို့က ဆရာကြီးပွေးလို့ ချစ်စနိုး ခေါ်ကြတယ်။ သူက အမှန်ကို ပြောတတ်သူ၊ လုပ်စရာရှိရင် ပြတ်ပြတ်သားသား လုပ်တတ်သူ၊ ကိုယ်ရည်ကိုယ်သွေးပြောတဲ့ အကျင့်မရှိသူမို့ သူပြောပြတာကို ရေးလိုက်ခြင်း ဖြစ်ပါတယ်။

ရာဇဝတ်မှုတွေကို ပြစ်ဒဏ်ရဲ့ တဝက်လွတ်ငြိမ်းခွင့် ပေးပြီး၊ မည်သူမှ ၁၀ နှစ်ထက် ပိုမနေစေရ ဆိုလို့ စိန်ညွန်တို့လို ဓမြအကြီးစားကြီးတွေလဲ လွတ်သွားတယ်။ စိန်ညွန့်က အနှစ် ၅၀ ကျတဲ့ ဓမြ အကြီးစားကြီး။ စိန်ညွန့်ကို  ကျနော် မဆုံလိုက်ပေမယ့် ကိုဖိုးကြူးတို့၊ ငှက်ကြီး မောင်ဌေးတို့ ကောင်းကောင်းဆုံလိုက်တယ်။ သေဒဏ်ကျတဲ့ (၁၈) လမ်းလူသတ်မှု ကိုလှိုင်ကြူတို့ လေးယောက် လွတ်လာတော့ ကျနော့်ကို လာနှုတ်ဆက်ကြ သေးတယ်။ ၁၉၇၃ ခုမှာ အခြေခံဥပဒေ ရာနှုန်းပြည့် အောင်လို့ ဆိုပြီး ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ သူတို့ ပြစ်ဒဏ် တသက်တကျွန်းကို ပြောင်းသွားတာ။  ခုတခါ သံဃာ့ဂိုဏ်းပေါင်းစုံ ဘာညာ ဆိုပြီး ၂/၈၀ မှာ၊ နေသား ၁၀ နှစ်ကျော်ပြီးနေတာမို့ "ပြန်ပေတော့... မစဉ်းစားနဲ့ ပြန်ပေတော့....." ဖြစ်သွားတယ်။

ကိုလှိုင်ကြူက ထောင်ထဲမှာ ကျနော့် ဘော်ဒါ၊ သူတို့ အမှုတွဲမှာ သူက ခေါင်းဆောင်။ သူလာနှုတ်ဆက်တာမို့ ကျန်သုံးယောက်က ပါလာတာ။ လှိုင်ကြူ့ အမှုတွဲတွေက မောင်မောင်(သဂျိုးမောင်မောင်)၊ အထွန်း လို့ ကျနော်တို့ ခေါ်တဲ့ မောင်ထွန်း (မော်ကြီးတို့ အခန်းလူကြီး- လူငယ်စိတ်၊ ကျောင်းသားစိတ်အပြည့် ရှိသူ) နဲ့ ကိုအုန်း။

ကျနော်က ခင်ဗျားတို့ ဘာဖြစ်လို့ ၁၄ ရက် နောက်ကျပြီးမှ လွတ်တာလဲလို့ စောဖိုးကြူးကို မေးတယ်။ ကျနော်တို့ အမှုတွေနဲ့ ဦးနေဝင်းရဲ့ ၂/၈၀ ကို၊ ထောင်က ကောင်းကောင်း အဓိပ္ပါယ် မရှင်းတော့ ပြည်ထဲရေးကို ပြန်မေးနေရတာ၊ အဲဒီမှာ ၁၄ ရက် ကြာသွား ဆိုပဲ။ ဆရာကြီးပွေးကို သူတို့ အမှုမှာ တရားရုံးက ၁၀ နှစ် ချပြီး နောက်တနေ့ပြန်ခေါ် ၅ နှစ်ထပ်တိုးလို့ ၁၅ နှစ်။ သူတို့ခေါင်းဆောင်တွေက ဗုံးတွေ၊ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ဖမ်းမိတာ။ တသက်တကျွန်းလား ဘာလား မသိ ကျတယ်။ ဒါကြောင့် အရေးအခင်းသမားတွေလို၊ ကျောင်းသားတွေလို ချောချောမောမော ထောင်က မလွတ်ဘူး။ သူတို့တင် မဟုတ်ပါဘူး။ ဦးမန်းငွေအောင်၊ ဦးမန်းဒါဝိတ်တို့တတွေ၊ တင်ဝင်း-တင်မာလာ၊ KNU တွေလည်း လွတ်ရေးမှာ နှောင့်နှေးတယ်။

ဆရာကြီးပွေးလွတ်တော့ သူက ဆင်ကြယ်တဆိပ် ရာဘာဖိနပ် ခပ်လတ်လတ်ကို စီးထားတာ။ မလွတ်သေးတဲ့ ရာဇဝတ်မှုနဲ့ ကျတဲ့ လူတယောက်က သူ့ဖိနပ်ကို ကြည့်ပြီး အကိုက လွတ်မှာပဲ ကျနော်ကို အကို့ဖိနပ်လေး ပေးခဲ့ပါတောင်းလို့ ဟိုလူ့ ထက်ပိုင်းပြတ် ခုံဖိနပ်ကို သူ့ ဆင်ကြယ်ဖိနပ်နဲ့ လဲပေးခဲ့တယ်။ သူက ခုံဖိနပ် ထက်ပိုင်းပြတ် စီးပြီး ထွက်လာခဲ့တယ်။

ဗူးဝမှာ သူထောင်ထဲဝင်တုန်းက စာရင်းနဲ့ သိမ်းထားတဲ့ ပိုက်ဆံ တဆယ့်ခြောက်ကျပ်နဲ့ လေးဆယ့် ငါးပြား ကို ပြန်ထုတ်ပေးတယ်။ သူ့အမှုတွဲ ထွန်းကျင်က လမ်းစရိတ် မရှိလို့ သူ့ဆီက ငါးကျပ်တောင်းတာ ပေးလိုက်သေးတယ်။ သူတို့ကို အချုပ်ကားပြာကြီးတွေနဲ့ လိုက်ပို့တယ်။ သူ့အိမ်က အင်းစိန် ဘီအိုစီကွေ့တင်ပဲဟာ။ သူ အရင်ဆုံး ဆင်းရတယ်။ သူအိမ်ကို သူတံခါးခေါက်တော့ ည ၁၂ နာရီကျော်လို့ မနက် တနာရီ ထိုးတော့မယ်။ အမေက တံခါးလာဖွင့်တယ်။ အိမ်မှာက အမေနဲ့ နှစ်မ အငယ်လေးပဲ ရှိတယ်။

ရောက်ရောက်ချင်း အမေ့ကို သူပြောနိုင်တာ အမေ ထမင်းရှိလား၊ ဘာဟင်းရှိလဲ၊ ကျနော် ဗိုက်အရမ်း ဆာနေတယ်။ အမေက ပုဇွန်သေးသေးလေးတွေကို ခဝဲသီးနဲ့ ချက်ထားတဲ့ ဟင်းနဲ့ ထမင်းကျွေးတယ်။ (ဒါက သူ့အကျင့်- မဲဆောက်မှာ သူနဲ့ ကျနော်ပြန်တွေ့တော့- နှုတ်ဆက်စကားက ကိုယ့်လူ ပိုက်ဆံအကြွေ ပါရင်ပေးစမ်းပါ။ ပိုက်ဆံမရှိလို့ ကွမ်းမစားရတာ ကြာပြီ၊ ကွမ်းစားမလို့.... တဲ့။) ထမင်းစားနေတုန်း အိမ်ကို မျက်စိကစားကြည့်လိုက်တာ ပရိဘောဂတွေ ဘာမှမရှိတော့ဘူး။ အိမ်ကြီးက ဟောင်းလောင်း။ အမေက ပြောတယ်။ နင်မရှိတော့ ငါတို့ သားအမိမှာ ဝင်ငွေလဲ မယ်မယ်ရရ ရှိတာမှ မဟုတ်တာ။ ရှိတာတွေ ရောင်းချ စားသောက်ရတာပေါ့ကွယ်တဲ့။

ဆရာကြီးပွေးလို့ ကျနော်ခေါ်တဲ့ စောဖိုးကြူးရဲ့ အဘိုးတွေ၊ အဘတွေဟာ ကရင်တော်လှန်ရေးသမားကြီး တွေ။ သူ့ကို ကိုယ်ဝန်လွယ်ထားတုန်း အမေနဲ့ အဖေ က ဖားအံမှာ လက်နက်ချလိုက်ကြပြီး ဖားအံမှာ သူ့ကို မွေးတာ။ အဖိုးဟာ KNDO က ဗိုလ်မှူးကြီး Oliver တို့နဲ့ အတူတူ တိုက်ခဲ့တဲ့ ကရင်တော်လှန်ရေးသမားကြီးပဲ။ ဆရာကြီးပွေးဟာ ၈၈၈၈ မှာ FFB ကို ဦးဆောင်ဖွဲ့ခဲ့သူထဲက တယောက်ပေါ့။ ၈၈၈၈ အရေးတော်ပုံ ပြိုကွဲတော့ ဆရာကြီးပွေး လက်နက်ကိုင်တော်လှန်ရေးအတွက် လွတ်မြောက်တဲ့ နယ်မြေကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ခုံဖိနပ်ထက်ပိုင်းပြတ်နဲ့ ဘဝတက္ကသိုလ်က ထွက်လာခဲ့တယ်။ မိခင်ဖြစ်သူက ခဝဲသီးကြော်ချက်လေးနဲ့ အားဖြည့်ပေးလိုက်တဲ့ စောဖိုးကြူး.....။

မောင်အေးဝင်း
အောက်တိုဘာ ၃၀၊ ၂၀၁၁ ခုနှစ်။

No comments: