Monday, January 8, 2018

ဘီးစိပ်ကြီး

ဘီးစိပ်ကြီး

အင်းစိန်ထောင်မှာ (၁၉၇၆ - ၁၉၈၀ ဝန်းကျင်) ထောင်ပိုင်ကြီးက အစ၊ မိလ္လာဘုတ်အထိ သူ့ကို နာမည်ရင်း မခေါ်ပဲ နာမည်ပြောင်ပဲ ခေါ်ကြတဲ့ တထောင်လုံးကျော် နာမည်ကြီး တယောက်ရှိတယ်။ သူက ကျနော့် ဘော်ဒါ - သူ့နာမည် "ဘီးစိပ်"…… တဲ့။

ကျနော် ထောင်ကျတဲ့ နှစ်နှစ်မှာ သုံးပုံနှစ်ပုံက အထူးအနေ နဲ့ နေခဲ့ရပြီး တပုံက ပုံစံအနေနဲ့ နေရတယ်။ အထူး ဆိုတာက ထောင်ကျတဲ့ နံပါတ်မှာ S စာလုံး ရှေ့က ပါတယ်။ Special ဖြစ်မှာပေါ့။ နေရတာလည်း အထူးဆောင်လို့ ခေါ်တဲ့ သီးသန့်ဆောင်။ တိုက်ပိတ်ခံရရင်လည်း အထူးတိုက် မှာပဲ ထားတယ်။ ထောင်ဝင်စာကို တနင်းဂနွေနေ့ မှာ နှစ်ပါတ်တခါ တွေ့ရတယ်။ ထောင်ကခိုင်းတဲ့ အလုပ် ဘာမှ မလုပ်ရဘူး။ ကိုယ့်အခန်းထဲမှာဘဲ ကိုယ်နေရတယ်။ ရေချိုးဆင်းတဲ့ အခါမှ အခန်းပြင် ထုတ်ပေးတာ။

အထူးဆောင်တွေကို ဖျက်သိမ်းပြီး ပုံစံဆောင် ဖြစ်လာတော့ ကျနော့်မှာ မိတ်ဆွေတွေ အများကြီး တိုးလာတယ်။ အဲဒီထဲ အရင်းအချာဆုံး မိတ်ဆွေဖြစ်လာတဲ့ သူတယောက်က 'ဘီးစိပ်'။ ကျနော်တို့က ကျောင်းသားတွေ၊ အသက် အားဖြင့် နှစ်ဆယ်ကျော်ကျော်……။ သူက ထောင်ကျ၊ တွံတေး ရဲဘက်စခန်း ရောက်၊ ရဲဘက်ကမှတဖန် အင်းစိန်ထောင် ပြန်ရောက်လာတယ်။ အသက် ၃၅ နဲ့ ၄၀ ကြားလောက် ရှိမလား မပြောတတ်ဘူး။

ပုံစံဆောင် လုပ်တော့ ရာဇဝတ်မှုနဲ့ ကျတဲ့ ထောင်သားတွေကို ကျနော်တို့ အထူးတွေနဲ့ လာရောထားတယ်။ အဲဒီမှာ လူပေါင်းစုံပဲ။ ခိုးဆိုး တိုက်ခိုက်စားတဲ့သူ၊ ရိုက်နှက် လူသတ် လုပ်တဲ့သူ- စသဖြင့် အမှုပေါင်းစုံတွေထဲ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်ရင်း က မတော်တဆ အမှုဖြစ်သွားသူ၊ နေဝင်းစစ်အစိုးရနှင့် အပေါင်းအပါတွေ မတရားလုပ်လို့ တရားလိုက တရာခံဖြစ်သွားသူ၊ အမှုဆင်ပြီး ပစ္စည်းသိမ်းလူဖမ်းခံရ(ဦးသန်းဝင်း-ဆွေသန်း အောင်) လို လူကြီးလူကောင်းတွေလည်း အများကြီး။ ဘိုးတော်တွေလည်းပါတယ်။

နဂိုက အထူးဆောင်မှာ တခန်းကို လူ နှစ်ဆယ်အများဆုံးထားတဲ့ အခန်းမှာ ပုံစံလုပ်တော့ လူ တရာ့ငါးဆယ် လောက် လာထားတယ်။ ကျနော်တို့ အိပ်တဲ့ ကုတင်တွေကို ဖျက်လိုက်ပြီး အားလုံး သံမံတလင်းပေါ် ဖျာကြမ်းခင်းပြီး အိပ်ကြရတယ်။

တနေ့တော့ ညဘက် "အိပ်ချိန်" . မအော်ခင် အခန်းထဲမှာ ကိုယ့်အုပ်စုလေးနဲ့ကိုယ် ဝိုင်းဖွဲ့ စကားပြော နေကြတယ်။ ဘီးစိပ်က ကျောင်းသားအုပ်စုထဲက ဗလကြီး ကိုတင်မြတ်တို့ ဆရာကြီး အောင်ကိုကို တို့နဲ့ ရေနွေကြမ်းသောက်ရင်း ဝိုင်းဖွဲ့ စကားပြောနေတယ်။ ဝိုင်းချင်း ကျောချင်းကပ်မှာ ကျနော်က အခန်းလူကြီး ကိုလှိုင်ကြူ (မိုးညိုလူသတ်မှု)၊ ဒုတိယ အခန်းလူကြီး ချီးမြင့်သိန်း (မင်္ဂလာဒုံ လူမိုက်)၊ တင်မောင်ဌေး (သိမ်ကြီးဈေး အပေါ်ထပ် စစ်စခန်းကို ဗုံးပစ်သူ) တို့ နဲ့ စကားပြောနေတယ်။

ကျနော် နဲ့ ကျောချင်းကပ် ကျောပေးထိုင်သူက သူ့ စကားဝိုင်းတော်သားတွေကို မေးနေတယ်။

"မင်းတို့ ကျောင်းသားတွေထဲမှာ အေးဝင်းဆိုတာ ကြားဖူးလား" တဲ့။ အဲဒီမှာ ဗလကြီးတင်မြတ်နဲ့ ဆရာကြီးအောင်ကိုက ပြိုင်တူ "အဲဒီမှာ ခင်ဗျားကျောပေးထားတာ အေးဝင်းပဲပေါ့".။ မေးခွန်းရှင်က သေချာအောင် "RIT ကလေ." ထပ်မေးနေတယ်။ ကျနော်ကောင်းကောင်း ကြားတဲ့။

သူက ကျနော်ဘက်ကို ကိုယ်လှည့်ထိုင်လိုက်ပြီး သူ့ကိုသူ မိတ်ဆက်လိုက်တယ်။ သူ့နာမည် ဦးအောင်ဌေး လို့ ခေါ်တယ်။ အဲဒါကို ကျနော်တို့ စကားဝိုင်းက မင်္ဂလာဒုံ လူမိုက်ကြီး ချီးမြင့်သိန်းက ထပ်ဖြည့်တယ်။ "ဘီးစိပ် လို့လဲ ခေါ်တယ်." တဲ့။

ဦးအောင်ဌေး (ခေါ်) ဘီးစိပ် ဆိုတဲ့ လူကြီးဟာ ကိုယ်တို့ဘက်ကို လှည့်ထိုင်ပြီး ကျနော်တို့ စကားဝိုင်းထဲ ဝင်လိုက်တယ်။

"ငါ ကိုကျော်ထွန်းနဲ့ ရဲဘက်မှာ တွေ့ခဲ့တယ်။ အင်းစိန်ရောက်ရင် မင်းကို ရှာတွေ့ဘို့ မှာလိုက်လို့ ငါရောက်ကတည်းက မေးနေတာ. " တဲ့။

ကျနော့်ဝိုင်းက လူတွေကို ကြည့်ပြီး ဘီးစိပ်ကပြောတယ်.."မင်း ဒီကောင်တွေနဲ့ ပေါင်းရင် ကြည့်ပေါင်း.." တဲ့။ လှိုင်ကြူနဲ့ ချီးမြင့်သိန်းက သူ့ကို ဘာမှ စောဒက တက်မနေပဲ ပြုံးပြုံး ပြုံးပြုံးနဲ့ ကြည့်နေကြတယ်။ ပထမတော့ ကျနော် အံ့သြတယ်။ ရာဇဝတ်မှုနဲ့ ထောင်ကျတဲ့ အခန်းထဲကလူတွေ ဒီလူမိုက်ကြီး နှစ်ယောက်ကို ပြားပြားမှောက် ကြောက်ကြရတယ်။ နောက်ပြီး လှိုင်ကြူက တန်းစီး။ ချီးမြင်သိန်းဆိုတာ အင်မတန် လက်ယဉ်တာ။ ဒီအခန်းလူကြီး နှစ်ယောက်ကို ဘီးစိပ်က ဘာလို့ မမှုပါလိမ့်……ပေါ့။

သူ့လိုပဲ အခန်းလူကြီးကို လုံးဝ မမှုတဲ့ လူတယောက် ကျနော် စစ်ခွေးတိုက်က ပြန်ရောက်ရောက်ချင်း ကျနော့်ကို မိလ္လာချောင်ကို ပို့ထားတုန်းက တွေ့ဖူးတယ်။

အာဏာပိုင်တွေက ဟန်ရှင်ဝင်းရယ်၊ ထွန်းသန်းရယ်၊ ကျနော်ရယ်ကို စစ်ခွေးတိုက်က ထုတ်လာပြီး ၃ ဆောင်မှာ ပြန်ထည့်တော့ လှိုင်ကြူကို တုတ်ပေးပြီး ကျနော့်ကို ရိုက်ခိုင်းတယ်။ ပြီးတော့ မိလ္လာချောင်မှာ သိပ်ခိုင်းတယ်။ အခန်းထဲက လူတွေကို ကျနော်နဲ့ စကားမပြောရဘူးလို့ အာဏာပိုင်တွေက အခန်းလူကြီးကတဆင့် အမိန့်ပေးခိုင်ထားတယ်။ အခန်းလူကြီးကလည်း တုတ်တပြင်ပြင်နဲ့ စကားပြောတဲ့ ကောင် အပြတ်ကိုင်မယ်ဆိုတဲ့ သဘောနဲ့ ချောင်းနေကြတယ်။ အဲဒီ အချိန်မှာ ကျနော့်ဘေးမှာ နေရာကျတဲ့ လူက ကျနော် သူဘေးမှာ နေရာယူလိုက် ပြီးတာနဲ့ ဒူးယားတလိပ် ထုတ်တိုက်တဲ့ အပြင် ဒီကောင်တွေ ဂရုစိုက်စရာမလို လို့ ပြောပြီး ကျနော့်ကို စကားတွေ လက်ဆုံကျနေတယ်။

အခန်းလူကြီး လှိုင်ကြူက ဘာမှ မပြောတဲ့ အပြင်၊ တော်နေကြာတော့ မတ်ခွက်လေးတလုံး ကိုင်လာပြီး ကျနော်နဲ့ စကားပြောတဲ့ လူဆီမှာ ရေနွေးကြမ်း လာတောင်းသောက်တယ်။ သူ့အကြောင်း နောက်မှ ရေးမယ်။ ဘီးစိပ်ကို အရင်ရေးလိုက်အုန်းမယ်။

ဦးအောင်ဌေး ခေါ် ဘီးစိပ်ကြီးဟာ ထောင်စာတိုက် မှာ လုပ်တယ်။ သူနဲ့ စ သိတဲ့နေ့က စ ပြီး ကိုယ့်ကို တူ-သား တယောက်လို စောင့်ရှောက်တယ်။ သူက ထောင်ထဲမှာ အထူးတိုက်တွေ၊ အထူးအိမ်တွေနဲ့ မိန်းမဆောင်က လွဲလို့၊ တထောင်လုံး သူမရောက်တဲ့နေရာမရှိ လျှောက်သွား တတ်တယ်။

မနက်ဆိုရင် ထောင်ဖွင့်လို့ တန်းစီပြီးတာနဲ့ ဂျိုင့်ပုံးတလုံးဆွဲပြီး ဘီးစိပ် အဆောင်ပြင် ထွက်သွားပြီ။

ဖိုထဲမှာ- အထူးအိမ်တွေမှာ နေရတဲ့ VIP တွေအတွက် ချက်တဲ့၊ မနက်စာထဲက သူ သွားကဲ့ မယ်။ တခါတလေ သူက ဟိုမှာ စားလာတယ်။ ကျနော့်အတွက် ဂျိုင့်နဲ့ သယ်လာပြီး ကျွေးတယ်။

ဘီးစိပ်ဟာ ထောင်ပြင်မှာတုန်းက စစ်တပ်တို့ ဘာတို့က ကားဟောင်း၊ ကားပျက်တွေကို လေလံဆွဲပြီး ပြုပြင်မွမ်းမံ ပြန်ရောင်းစားတဲ့ သူ။ သမိုင်းကျိုက်ဝိုင်းဘုရာနားမှာ သူ့လုပ်ငန်းကြီး အကြီးအကျယ် ရှိတယ်။

သူ့အမှုက လဘ်ပေးလဘ်ယူ မှု။

တနေ့တော့ စစ်တပ်က ကားတွေ လေလံတင်မယ် သတင်းကြားလို့ ဘီအီးအင်အီး (B E M E) က သက်ဆိုင်ရာတွေကို လေလံရဖို့အတွက် လဘ်ပေးတယ်။ 'လဘ်ပေးလဘ်ယူ ဒို့ ရန်သူ' ဆိုပြီး အကြီးအကျယ် သံကောင်း ဟစ်နေတုန်းမှာပဲ လာဘ်ယူသူ စစ်ဗိုလ်တွေနဲ့ လာဘ်ပေးသူ ဘီးစိပ်တို့ အဖမ်းခံရတယ်။ ဒို့ရဲ့ ရန်များက ဘီးစိပ်ကို ထောင်ချလိုက်တယ်။

စစ်တပ် မတရားရုံးကနေ မသထာရေစာကို ဝါးလိုက်တဲ့ နေဝင်းကြေးစားတွေက ထောင်ချမခံရပဲ ဘီးစိပ်ကြီးကတော့ ပိုက်ဆံလည်း ပေးရ ထောင်လည်းကျ..

ထောင်ထဲမှာ သူသွားချင်တဲ့ နေရာသွားပြီး သူပြန်ရင် အဲဒီနေရာက ပစ္စည်းတခုခု သူမရ အရ ယူလာတတ်တယ်။ တောင်ယာထဲသွားရင် တောင်ယာထဲက တောင်ယာထွက် အသီးအနှံ သူ မ, တတ်တယ်။ အလုပ်ကြီးတွေထဲ သွားရင်လည်း အလုပ်ကြီးထဲက တခုခုတော့ ရအောင် သူတောင်းလာတယ်။ အထူးသဖြင့်တော့ ဖိုကြီးကို သူအသွားဆုံး။ ဖိုထဲသူ လိုချင်စရာတွေက များတယ်။ တာဝန်ကျတွေက 'ဘီးစိပ် မိန်းဂျေးမှာ ခင်ဗျားအဘ တွေ အများကြီး ထိုင်နေတယ်၊ မယူသွားနဲ့ .' ဆိုရင်တောင် ထင်းခြမ်းတခြမ်း လောက်တော့ ဂျိုင်းကြား ညှပ်လာတတ်တယ်။ ဒါကြောင့် သူမှာ 'ဘီးစိပ်' နာမည် အပေးခံရတာ။

သူက ထောင်စာတိုက်မှာ လုပ်တော့ သူ့ဆီက ပစ္စည်းတွေကို ဆီပေးဆန်ရလုပ်တယ်။ တခြားဌာနက ပစ္စည်းနဲ့ ပေါ်ပေါ်တင်တင် လဲတယ်။ ဖိုထဲက လူက 'ဘီးစိပ်.. ငါ့ကို ကော်ပီစာအုပ် တအုပ်ပေး.' ဆိုရင် သူက ဆီ၊ လက်ဘက်ခြောက်၊ ငရုပ်ကြက်သွန်၊ ဟင်းချက်စရာ မ,တယ်။ မရတဲ့အဆုံး ထင်းခြမ်းခွဲ ဖြစ်ဖြစ် ရအောင် ပြန်ယူတတ်တယ်။

သူက ကျနော်တို့ ထမင်းစား အုပ်စု မဟုတ်ဘူး။ သူတို့က အဆောင်အပြင်မှာ အလုပ်လုပ်ရ သူတွေ ဆိုတော့ သူ့ နေ့လည်စာ ညနေစာကို အလုပ်ကြီးဖက်မှာ သူကောင်းကောင်း ချက်စားတယ်။ ဖိုထဲက ရသလောက် သူအကုန် ယူလာတတ်ပြီး သူမလိုတာ၊ သူပိုတာကို တောင်ယာတို့ ဘာတို့မှာ သူလိုတဲ့ ပစ္စည်းနဲ့ ပြန်လဲတယ်။ အထူးဖိုမှာ ချက်တဲ့ ဟင်းတွေ သူကောင်းကောင်းစားရင် ကျနော့်ဖို့လည်း ယူလာပေးတတ်တယ်။

သရဲကြီး (အညာတမာ) တို့ ပိတောက်တစ္ဆေ အုပ်စုတွေ လွတ်တော့မယ် ကြားတော့ အဲဒီငနဲတွေ အဆောင်ကို အပြေးအလွှား သူရောက်သွားပြီး "ဟေ့ကောင် သရဲ အေးဝင်း ဟိုမှာ ဖျာကြမ်းပေါ် ဒီတိုင်း အိပ်နေတာ မင်းမွှေ့ယာ အေးဝင်းကို ပေးလိုက်." ဆိုပြီး သရဲဆီက အိပ်ရာ သူ မ, လာခဲ့တယ်။

ကျနော်တို့ကို နိုင်ငံတော်စီလွှတ်မိန့်နဲ့ လွှတ်မယ့်နေ့က၊ ထုံးစံအတိုင်း သူနဲ့ ကျနော် မနက်စောစောစာ စားဖို့ ဂျိုင့်တလုံးဆွဲ ထွက်သွားတယ်။ ချက်ချင်းဆိုသလို သူ ပြန်ပြေးဝင်လာတယ်။ မိန်းဂျေးမှာ အပွင့်တွေရော အခက်တွေရော အများကြီး ရှုတ်ရှက်ခတ်နေတယ်။ မင်းတို့ကို လွှတ်တော့မယ် ထင်တယ် လို့ သုတ်သီးသုတ်ပြာ အပြေး လာပြောတယ်။ ငါသေချာအောင် သွားစနဲနာ အုန်းမယ် ပြောပြီး ပြန်ထွက်သွားတယ်။

သူပြန်ရောက်လာတယ်။ သေချာတယ်၊ လွတ်မယ်ကွတဲ့။ သူပြောသလိုပဲ အဲဒီနေ့က ကျနော်တို့ လွတ်ခဲ့ပါတယ်။

ညနေစောင်း ကျနော်တို့ကို စစ်ကြောရေးဝင်းကနေ တန်းစီထုတ်သွားတော့ () ဆောင်အပေါ်ထပ် လှေကားကနေ ငေးမျှော်ကြည့်နေကြတဲ့ အထဲ သူလည်းပါတယ်။

လွတ်ခါစ (၁၉၈၀-၁၉၈၁) လောက်မှာ သူနဲ့ တိုကျိုပုလဲစားသောက်ဆိုင်မှာ ရံဖန်ရံခါ ဆုံတယ်။ ကိုယ့်ဝိုင်းကို သူမြင်ရင် မသိမသာ ပိုက်ဆံပေးတဲ့ ကောင်တာကို ထသွားပြီး ပိုင်ရှင်ဆီ သူသွားပြီး ကပ်မှာထား လိုက်တယ်။ ကျနော့်ဝိုင်းက ပိုက်ဆံရှင်းရင် မယူနဲ့- သူပေးမယ်။ သူတို့ စားတဲ့ဝိုင်းမှာ ပေါင်းမှတ်ထားလိုက်တဲ့။ တွေ့တိုင်း သူ လုပ်တတ်တဲ့အကျင့်။

ဘီးစိပ်ကြီး ခုဆို ရှိမှ ရှိပါတော့မလား။ ရှိရင်တောင် အသက် (၈၀) လောက်ရှိပြီ။ ဘီးစိပ် (ခေါ်) ဦးအောင်ဌေးကို ဒီနေရာကနေ ဂါရဝပြုလိုက်ပါတယ်။

အေးဝင်း(လမင်းတရာ)
၀၁၊ ၀၆၊ ၂၀၁၈ မှာ ပြင်ဆင်တည်းဖြတ်သည်။

No comments: