Saturday, January 6, 2018

စောဖိုးကြူး (ခ) ဆရာကြီးပွေး

စောဖိုးကြူး () ဆရာကြီးပွေး

သူသေသွားပြီ၊ မော်တော်ယဉ် မတော်တဆ ထိခိုက်မှုနဲ့ သေပြီလို့ ကျနော်တို့ကို တယောက်သောသူက သတင်းပေးတယ်။ ဒီသတင်းကို ကြားသိရပြီးတဲ့နောက်ပိုင်းမှာ ပြည်တွင်းပြည်ပက ရဲဘော်များ၊ မိတ်ဆွေများနဲ့ သူ့အကြောင်းကို စကားဆုံလို့ မေးကြရင်၊ ပြောကြရင်၊ မပြောချင် ပြောချင် ဒီသတင်းဆိုးကို ကျနော်တို့ ပြောခဲ့ကြရတယ်။ ဘာဖြစ်လို့ မပြောချင် ပြောချင်လို့ ကျနော် ရေးရတာလဲ။ လူတယောက် အသေဆိုးနဲ့ သေရတဲ့သတင်း ဘယ်သူက ပြောချင်မှာလဲ။ အထူးသဖြင့် ချစ်သူခင်သူရဲ့ သတင်းဖြစ်နေရင် ဘယ်ပြော ရက်မှာလဲ။ ဘယ်လိုလုပ်ပြီး ပါးစပ်က ပြောထွက်မှာလဲ။

အကြောင်းကတော့ သူနဲ့ ကျနော်တို့ အဆက်အအသွယ် ပြတ်သွားခဲ့တာ နှစ်ကာလ အတော်ကြာခဲ့ တယ်။ စာမလာ သတင်းမကြားတာ လေးနှစ်လောက် ကြာခဲ့တယ်လေ။ သူ့ကို ကျနော်တို့ အားလုံးက သံယောဇဉ် ရှိကြတယ်။ ချစ်ကြတယ်။ ဘာသတင်းမှ မကြားတော့ ဘာဖြစ်လို့ပါလိမ့် ဘာဖြစ်လို့ပါလိမ့်နဲ့ တွေးတောပူပင် ခဲ့ကြတယ်။

သူက မဟုတ်မခံတတ်သူ၊ စိတ်ဆတ်သူ၊ လက်မြန်ခြေမြန်လုပ်တတ်သူဆိုတော့ တခုခုဖြစ်သလားပေါ့။ အဲဒီလို လေးနှစ်တာလောက် ပူပင်နေရတုန်းမှာ ကျနော်တို့က ကြားလိုက်ရတာကိုး။ ရန်သူ စစ်အစိုးရရဲ့ ညှဉ်းပမ်းနှိပ်စက်မှု အမျိုးမျိုးကို အတော်ခံရပြီး မသေပဲ လွတ်လာသူက ဒီတိုင်းပြည်မှာ ဒီလို ဖြစ်ရတာ ဖြစ်မှ ဖြစ်ရလေပေါ့။

သူနဲ့ ကျနော်တို့ အပြန်အလှန် မေတ္တာတရားတွေ ကြီးစွာ ထားခဲ့ကြလို့ ကျနော်က သူ့အကြောင်းကို ခုလို စာတစောင်ပေတဖွဲ့ ရေးဖြစ်တာပါ။

သူနဲ့ကိုယ် ၁၉၇၆-၇၇-၇၈ အင်းစိန်ထောင်မှာ အတူနေခဲ့ရတယ်။ ထောင်ကထွက်လာပြီးတော့ ၁၉၇၈-ကနေ ၁၉၈၈ အရေးတော်ပုံကာလအထိ တတွဲတွဲပေါ့။ ယုံကြည်သက်ဝင်တဲ့ နိုင်ငံရေးအယူအဆမှာ တူတာလဲ ရှိတယ်။ ကွဲလွဲတာလဲရှိတယ်။ ဒါပေမယ့် ရန်သူစစ်အစိုးကို ဆန့်ကျင်တဲ့၊ မုန်းတီးတဲ့ စိတ်ဓါတ်မှာတော့ တစက်ကလေးမှ မကွဲခဲ့ဘူး။ အဲဒီခေတ်ကာလမှာ အမိုးတခုထဲအောက် အတူအိပ် အတူစားခဲ့ရသူတွေမှာ ဒီအတိုင်းပဲ။

၁၉၈၈ လူထုအုံကြွမှုကြီးကို ရန်သူဖြိုခွဲပြီးတဲ့ အချိန်မှာ ပြင်းထန်တဲ့၊ ရန်သူ့အပေါ် ထားတဲ့ သူသဘောထားနဲ့ သူဟာ လက်နက်ကိုင်တော်လှန်ရေးနယ်ပယ်ကို ကူးပြောင်းသွားတယ်။ သူရောက်သွားတဲ့ နယ်မြေဟာ သူနဲ့ သဟဇာတ မဖြစ်လို့ ရန်ကုန်ကို သူတိတ်တဆိတ် ပြန်ရောက်လာတယ်။ နောက်တော့ အဲဒီနယ်မြေကိုပဲ သူပြန်သွားခဲ့တယ်။

မကြာလိုက်ပါဘူး၊ ကိုယ်လည်း အပြေးကောင်းလို့ ရန်သူ့လက်က သီသီကလေး လွတ်လာခဲ့တယ်။ ကံကြမ္မာလို့ပဲ ဆိုရမလား၊ ဘ၀ရေစက်လို့ ပြောရမလား၊ တဖက်နိုင်ငံရဲ့ နယ်စပ်မြို့ကလေးမှာ မမျှော်လင့်ပဲ ပြန်ဆုံရပါတယ်။ တသက်မှာတော့ ကျနော်တို့နှစ်ယောက် ဘယ်လိုမှ မတွေ့နိုင်တော့ဘူးလို့ အထင်အမှတ်ဟာ ဒုက္ခတွေ၊ အခက်အခဲတွေ အတူတကွ တွန်းလှန်ဖို့ ပြန်ဆုံကြရပြန်ပါတယ်။

သူဆိုတာက ဘယ်သူလဲ။ ပြည်တွင်းက ရဲဘော်တွေထဲမှာ သူ့ကို ချစ်စနိုးနဲ့ ငပွေးလို့ ခေါ်တဲ့လူက ခေါ်တယ်။ ဖိုးကြူလို့ ခေါ်တဲ့လူက ခေါ်တယ်။ ကိုဖိုးကြူးလို့လဲ ခေါ်ကြတယ်။ ကျနော်တယောက်ပဲ သူ့ကို ဆရာကြီးပွေးလို့ ခေါ်တယ်။ နံမည်ရင်း စောဖိုးကြူးပေါ့။

ရန်သူက နှိပ်စက်သတ်ဖြတ်လိုက်လို့ သေရာက ကိုယ်ရောင်လာပြ လေသလားလို့ ကျနော်ထင်ခဲ့တဲ့ ကိုဌေးဝင်းကို နယ်စပ်မြို့ကလေး ကျနော်ရောက်ပြီး နောက်တနေ့ မနက်လင်းမှာ တွေ့လိုက်ရတယ်။ ၀မ်းသာ လိုက်တာ မပြောတတ်လောက်အောင်ပါဘဲ။

ကိုယ့်မှာ ဘယ်သွားရမှန်း၊ ဘာလုပ်ရမှန်း မသိတဲ့ အချိန်မှာ နတ်သားကလေးတပါးကို တွေ့လိုက်ရသလို ပေါ့။ အတိုင်းထက်အလွန် ဖြစ်သွားခဲ့တာက အဲဒီ နတ်သားလေးက ကျနော့်အဖို့တော့ ဒိထက် 'အင်အားကြီးမားတဲ့ နတ်ကြီးတပါး' ကို ဆွဲထုတ်လာတယ်။ "ကျနော်တယောက်ထဲ မဟုတ်ဘူး.... ကိုဖိုးကြူးလဲရှိတယ်" တဲ့။

ကိုယ်က အားရဝမ်းသား "ဒင်းဘယ်မှာလဲ" မေးတယ်။ ကိုဌေးဝင်းက"ခင်ဗျား-ဒီမှာနေခဲ့၊ ကျနော် သွားခေါ်လာမယ်၊ ကျနော်တို့ အေဘီ ရုံးမှာ နေတယ်."။ သူတို့နှစ်ယောက် ရောက်လာတော့ ကျနော်တို့ သုံးယောက်သား ဘုန်းကြီးကျောင်းဝင်းထဲသွားပြီး ခေါင်းချင်းဆိုင်ကြတယ်။ ဒီလိုနဲ့ ကိုယ်တို့ ဘန်ကောက်ကို ရောက်လာတယ်။

ဘန်ကောက်ရောက်ပြီး တပါတ်ဆယ်ရက်မှာ ကိုယ်တို့ သုံးယောက် အသင့်အတင့် ကောင်းမွန်သပ်ရပ်တဲ့ အခန်းတခု ငှားဖြစ်ကြပြီး ဘ၀ရဲ့ တဆစ်ချိုး အပြောင်းအလဲ အဲဒီမှာ ပြောင်းကြတယ်။ သမိုင်းရဲ့ ကဏ္ဍအသစ်တခုကို စခဲ့ကြတယ်။

ဘ၀တက္ကသိုလ်က သင်ကြားပေးလိုက်တဲ့ လောကဓံကို ထုသားပေသားကျ နေထိုင်နည်းနဲ့ နှစ် နှစ်လောက် အတူနေခဲ့ကြပြီး ကျနော်က အရင် အမေရိကကို ရောက်လာတယ်။ မကြာဘူး ကိုဌေးဝင်းက ဂျာမဏီကို ရောက်သွားတယ်။ ကျနော့်ရဲ့ ဆရာကြီးပွေး အမေရိကကို ရောက်လာတယ်။

နယ်စပ်မြို့ကလေးက ဘုန်းကြီးကျောင်းထဲမှာ ခေါင်းချင်းဆိုင်ခဲ့ကြတဲ့ ရည်မှန်းချက်တွေ ပြီးပြည့်စုံခဲ့တယ်။

မနေ့ကတော့ (စက်တင်ဘာ ၂၅၊ ၂၀၁၀) အိမ်တအိမ်ကို အလည်ရောက်သွားတာ 'ဆရာကြီးပွေးသေပြီ.'လို့ ရထားတဲ့ သတင်းကြောင့် စိတ်မကောင်းတွေ ဖြစ်ခဲ့ကြတဲ့ အဖြစ်ဟာ ပြီးဆုံးသွားခဲ့တယ်။ အလည်ရောက်သွားတဲ့အိမ်မှာ အိမ်ရှင်ရဲ့ မောင်ဖြစ်သူ ကိုမောင်မောင်က "ကိုဖိုးကြူးကပြောတယ်၊ ခင်ဗျား အယ်လ်အေ ရောက်လို့ ကိုအေးဝင်းကို တွေ့မိရင် ကျနော်က ရှာဖွေတယ်လို့ ပြောပေးပါ....." တဲ့။

ကျနော့်နားကို ကျနော် မယုံဘူး ဖြစ်သွားတယ်။ ဘယ်တုန်းက ခင်ဗျားနဲ့ တွေ့လိုက်ပါသလဲပေါ့။ သူသေပြီ မဟုတ်လားလို့.....မေးမိတယ်။ ကိုမောင်မောင် ရုတ်တရက် ကြောင်သွားတယ်။ "မသေပါဘူး၊ ကျနော်နဲ့ အဆက်အသွယ် ရှိနေတာပ၊ဲ နယူးယောက်မှာ ကျနော်နဲ့ တနှစ်ခွဲလောက် တူတူနေခဲ့တာ.."

ကျနော်တို့ သတင်းရထားတာက လွန်ခဲ့တဲ့ () နှစ်က.....

မသေပါဘူး။ သူမသေးပါဘူး။ ကျနော့်မှာ သူ့ဖုံးနံပါတ်ရှိတယ်...... တဲ့။ အိမ်ရှင်ရဲ့မောင် 'သိကြားမင်းကြီး' က နတ်ကြီးရဲ့ ဖုံးနံပါတ်ကို ချက်ချင်း ထုတ်ပေးတယ်။ သူ့ ဆီက ရ ရချင်း ကျနော် ဖုံးဆက်လိုက်တာ.....

ဆရာကြီးပွေး... ဆရာကြီးပွေး.... ကျနော်တို့ရဲ့ ဆရာကြီးပွေး......။ ကျနော် ဘယ်လောက်များ ၀မ်းသာသလဲဆိုတာ မဖော်ပြနိုင်လောက်အောင် ပါဘဲ။

သူနဲ့ ဖုံးပြောတာ ချပြီးတာနဲ့ လက်လှမ်းမီရာကို ကျနော် သတင်းပို့လိုက်တာ ကြားကြသူတိုင်း ထခုန်မတတ် ၀မ်းသာသွားကြတယ်။

သူကပြောတယ်..... ခု သူ ဆူရှီလိပ်နေတယ် ည () ဖုံးပြန်ခေါ်မယ်တဲ့။ သူပြန်ခေါ်တဲ့အချိန် ကျနော်က ဈေးပွဲကလေးတခုထဲမှာ ရောက်နေတယ်။ ထခုန်မတတ် ၀မ်းသာတဲ့အထဲက တယောက်ဖြစ်တဲ့ ရဲဘော် တယောက်ဖြစ်တဲ့ မော်ကြီး(ကိုခင်မော်)လည်း ပွဲခင်းထဲမှာ ရောက်နေတယ်။ ကျနော်ခဏ စကားပြောပြီး မော်ကြီးကို ကျနော်က တယ်လီဖုံးကို ပေးလိုက်တယ်။ ပွဲကျင်းပနေတဲ့ နေရာမှာ ဆူညံနေတော့ ကျနော်တို့ လမ်းအပြင်ဘက် မှောင်ရိပ်ခပ်ကျကျမှာ သွားပြောကြတယ်။ သူတို့ နှစ်ယောက် လွတ်လွတ်လပ်လပ် ဆဲဆိုနိုင်အောင် (ရဲဘော်ချင်းမို့ ဒီအသုံးကို သုံးတာ) ကျနော်က ဟိုနား ဒီနား လမ်းလျှောက်ပေးနေလိုက်တယ်။ ကျနော်ပြန်လာတော့ မှောင်ရိပ်ထဲမှာ မော်ကြီး- မျက်စိကို လက်နဲ့ ပွတ်နေတယ်။ ကျနော့်ကို ဖုံးပြန်ပေးတယ်။ ကျနော်နဲ့ ဆက်ပြောတယ်။

ဆရာကြီးပွေးက ကျနော်နဲ့ ပြောနေရင်းက အသံနည်းနည်းတုန်လာတယ်။ ခင်ဗျားနဲ့ ပြန်တွေ့ရတာ ကျနော်တော့ ၀မ်းသာလွန်းလို့ ငိုတောင် ငိုချင်လာပြီတဲ့။ ကိုယ့်လူ ကျနော်လဲ ဒီလိုပဲ..... မော်ကြီးတော့ ခုနက မျက်ရည်သုတ်နေတာ ကျနော်တွေ့တယ်..........

ရဲဘော်စိတ်....၊ ရန်သူနဲ့ ရင်ဆိုင်ခဲ့တုန်းက တယောက်အသက် တယောက်ကို ပေးအပ်လာခဲ့ သူတွေ........ ရှိအတူ မရှိအတူ တလုပ်ရှိရင် တ၀က်ခွဲကျွေးဖို့ ၀န်မလေးခဲ့သူတွေ...... သူတွေ...... သူတွေ.....

အေးဝင်း(လမင်းတရာ)
စက်တင်ဘာ ၂၆ ရက်၊ ၂၀၁၀။
ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲရံပုံငွေ ဈေးရောင်းပွဲပြီး နောက်တနေ့။
၀၁၊ ၀၆၊ ၂၀၁၈ မှာ ပြင်ဆင်တည်းဖြတ်သည်။

No comments: