Tuesday, September 23, 2008

မှောင်မိုက်သောညများ
ရေးသူ- ဗန်းမော်တင်အောင်

(က)

သူပုန်ကြီးပထမနှင့် ဒုတိယပုံနှိပ်ခြင်းများနှင့် ပြည်တော်သာခင်ခင်ဦး စာအုပ်များအား ရာဇသတ် ကြီး ပုဒ်မ၁၂၄ (က) နှင့် စွဲဆို၏။ ထိုအချိန်က ပုဒ်မ ၁၂၄ (ခ) ကို နောက်ထပ်၍ အစိုးရသည် မပြုလုပ်ရသေးပေ။
ပြည်တွင်းစစ်၊ ပြည်တော်သာ၏နေ့တနေ့နှင့် သူပုန်ကြီးစသော အမှုအခင်းများအတွက် ကျွန်တော်သည် တရားဥပဒေ၏ လမ်းကြောင်းအတိုင်း နိုင်ငံတော် အစိုးရ၏ စွပ်စွဲချက်များကို တရားရုံးတော်၌ ခုခံထုချေခြင်းပြုခဲ့၏။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အကို ဦးအောင်သန်းနှင့် ရက္ကန်းဦးလှထွန်းဖြူ (ယခု ဘဏ္ဍာရေးဋ္ဌာန ပါလီမန်အတွင်းဝန်) စသော ပုဂ္ဂိုလ်ကြီးများက ကျွန်တော်၏ ဘက်မှ ဝိုင်းဝန်း၍ သက်သေခံခဲ့ကြ၏။
သို့ရာတွင် ဤအမှုအခင်းများ ပြီးသည့်နောက်၌လည်း တရားလိုဖြစ်သော နိုင်ငံတော်အစိုးရသည် ကျွန်တော့်အပေါ်၌ ရန်ငြိုးမပြေနိုင်သေးသကဲ့သို့ နောက်ထပ်၍ တမှုပြီးတမှု တရားစွဲဆိုခြင်းပြုလာပြန်၏။ "အမေ" ဆိုသော စာအုပ် တအုပ်တည်းကိုပင် စာအုပ်တအုပ်တည်းဖြစ်ပါလျက် နှစ်ကြိမ်ပုံနှိပ်ခြင်းပြုရ သဖြင့် အမှု (၂) မှုခွဲ၍ တရားစွဲဆိုသည်အထိ ပြုလုပ်လာ၏။
အားထားစရာဆို၍ ကျွန်တော်အတွက် တရားရုံးမင်းသာလျှင် ရှိတော့၍ တရားလိုဖြစ်သော နိုင်ငံတော် အစိုးရမင်းများက ဤကဲ့သို့ တမှုပြီးတမှု အလီလီအလာလာ ပြုလုပ်နေသောကိစ္စကို တားမြစ်၍ တရားစွဲဆိုရန်ရှိသော ကိစ္စများအားလုံးကို တပြိုင်တည်း တရားစွဲဆိုခြင်း ပြုရစေရန် တောင်းပန်ပြောဆိုခြင်း ပြုရတော့၏။ သို့ရာတွင် တရားရုံးမင်းသည် ကျွန်တော်၏ တောင်းဆိုချက်ကို မကြားယောင် မသိယောင်ပြုလုပ်နေခဲ့၏။ ထို့ကြောင့် အမေနှင့် ပြည်တော်သာခင်ခင်ဦးစသော စာအုပ်များကို တရားစွဲဆိုသောအခါ ကျွန်တော်သည် တရားရုံးတော်သို့ တက်ရောက်ထုချေခြင်း အလျဉ်းမပြုခဲ့တော့ပေ။ ကျွန်တော်၏ မျက်ကွယ်ရာ၌သာလျှင် ထိုအမှုများကို စစ်ဆေး၍ အပြစ်ပေးခြင်း ခံခဲ့ရ၏။



တရားရုံးမင်းက ကျွန်တော့်တွင် ပြစ်မှုထင်ရှားသည်ဟုဆိုကာ ပြည်တွင်းစစ်အတွက် ထောင်ဒဏ် (၂) နှစ်၊ သူပုန်ကြီးအတွက် ထောင်ဒဏ် (၁) နှစ်၊ အမေအတွက် ပထမပုံနှိပ်ခြင်း (၂) နှစ်၊ ဒုတိယနှိပ်ခြင်း (၂) နှစ်နှင့် ပြည်တော်သာခင်ခင်ဦးအတွက် (၂) နှစ်၊ သုံးခုပေါင်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၉) နှစ်မျှ အပြစ်ပေးလိုက်၏။ သို့အတွက် ပြည်တွင်းစစ်နှင့် သူပုန်ကြီးပြစ်မှုများ၊ အမေပထမနှိပ်ခြင်းနှင့် ဒုတိယနှိပ်ခြင်း အမှုများအား တပါတည်း ပေးလိုက်သဖြင့် သုံးခုပေါင်း ထောင်ဒဏ် (၆) နှစ်မျှ သက်ညှာစွာဖြင့်ပင် ပေးလိုက်၏။
သို့ရာတွင် ကျွန်တော်သည် တရားရုံးမင်း၏ စီရင်ချက်အတိုင်း (၆) နှစ်မျှ ရန်ကုန်ထောင်ကြီး အတွင်း၌ နေထိုင်ခြင်းကား မပြုခဲ့ရပေ။ ပဲခူးရွှေမော်ဓော ဘုရားထီးတင်ပွဲတော်ကြောင့်လည်းကောင်း၊ သာသနာတော် (၂၅ဝဝ) ပွဲတော်ကြောင့်လည်းကောင်း၊ အကျင့်စာရိတ္တကောင်းမွန်သော အကျဉ်းသားများအား ပေးရိုးပေးစဉ်လျှော့ရက် (ဆုမှတ်ရက်ဟုလည်းခေါ်သည်) များကြောင့်လည်း ကောင်း၊ ကျွန်တော့်အား စတင်ဖမ်းဆီးခြင်းပြုခဲ့သော (၁၉၅၂) ခုနှစ်၊ သြဂုတ်လ (၂၉) ရက်နေ့မှစ၍ ကျွန်တော် ပြန်လည်လွတ်လပ်ခွင့်ရရှိခဲ့သော (၁၉၅၇) ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့အထိ စုစုပေါင်း (၄) နှစ်၊ (၄) လနှင့် (၆) ရက်ကြာမျှသာ နိုင်ငံတော်အစိုးရ၏ အကျဉ်းသားဖြစ်ခဲ့ရ၏။ ထိုအကျဉ်းခံခဲ့ရသော အချိန်ကာလကို လက်ချိုးရေတွက်မည်ဆိုလျှင် ရက်ပေါင်း (၁၅၆၉) ရက်မျှရ၏။

(ခ)

ဘားလမ်းအချုပ်နှင့် ရန်ကုန်ထောင်ကြီးများအတွင်း၌ နိုင်ငံတော်အစိုးရ၏ ရာဇဝတ်သား တယောက် အဖြစ်ဖြင့် အကျဉ်းခံနေခဲ့ရသော ထိုရက်ပေါင်း (၁၅၆၉) ရက်သည် ကျွန်တော်၏အတွက် မှောင်မိုက်သော ညများသာဖြစ်သည်ဟု ဆိုရလိမ့်မည်ထင်၏။ ထိုနေ့ရက်များသည် အလင်းရောင်မရှိ၊ သာယာမှုမရှိ။
မိမိ၏ ယုံကြည်မှုကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ခွင့်မရတော့ဘဲ လက်ချိုးခြေ ချိုးခြင်းခံနေခဲ့ရသော နေ့ရက်များသည် မည်သူတဦးအတွက် အလင်းရောင်ရှိသော နေ့ရက်များ ဖြစ်နိုင်ပါဦးမည်နည်း။ သားမယား၊ ဆွေမျိုးညာတကာ တို့နှင့်လည်းကောင်း၊ အပေါင်းအသင်း မိတ်သဟာအများနှင့်လည်း ကောင်း အသက်ရှင်လျက်နှင့် ကွေကွင်း၍ နေထိုင်ခြင်း ပြုလာခဲ့သော နေ့ရက်များ၌ သာယာမှုသည် မည်ကဲ့သို့များ ရှိနိုင်ပါဦးမည်နည်း။
ထိုနေ့ရက်ပေါင်း (၁၅၆၉) ရက်သည် မှောင်မိုက်သောညများ သာလျှင် ဖြစ်၏။ ကျွန်တော့်အား လူ့လောကနှင့် လုံးဝဖြတ်တောက်ထားသော နေ့ရက်များဖြစ်၏။ အုတ်နံရံလေးဘက်ချ၍ ပိတ်လှောင် ထားခြင်းခံခဲ့ရသော နေ့ရက်များလည်းဖြစ်၏။ မိမိနှစ်သက်၍ ဖတ်ရှုလိုသော သတင်းစာများနှင့် စာရွက် စာတမ်းများကိုပင်လျှင် မိမိသဘောနှင့်မိမိ၊ မိမိပိုက်ဆံနှင့်မိမိ လွတ်လွတ်လပ်လပ် ဖတ်ခွင့်မရှိ။ မိမိနှင့် လာရောက်တွေ့ဆုံ၍ စကားပြောဆိုခြင်း ပြုလိုကြသော အသိမိတ်ဆွေများကိုလည်း အေးအေးချမ်းချမ်းနှင့် လွတ်လွတ်လပ်လပ် ပြောဆိုခွင့်မရ။ ဖခင်တရားလို၏ စုံထောက်များက ဘေးမှကြည့်နေ၏။ နား ထောင်နေ၏။ ထို့နောက် မှတ်နေ၏။
သဘာဝကပေးထားသော လရောင်ကိုပင်လျှင် လွတ်လွတ်လပ်လပ် ကြည့်ခွင့်မရ။ လ၏ မွန်းတည့်ခြင်းကို ထိုရက်ပေါင်း (၁၅၆၉) ရက်အတွင်း ကျွန်တော်သည် တကြိမ်တခါမျှ မတွေ့မမြင်ခဲ့ရပေ။ ည (၆) နာရီမှ နံနက် (၆) နာ ရီအထိ (၁၂) နာရီတိတိမျှ သော့ပိတ်ထားခြင်းကိုခံရ၏။ လဝင်လထွက်ကိုပင် လျှင် သံတိုင်များအကြားမှ မနည်းသွားဖြဲ၍ ကြည့်ရ၏။ သို့ရာတွင် ရေးရေး လောက်သာမြင်နိုင်၏။ ကျဉ်းမြောင်းလှသော အုတ်ရိုးကာအတွင်း လူပေါင်းမြောက်မြားစွာ စုဝေးနေထိုင်ခြင်း ပြုရသဖြင့် စိတ်နှလုံးနောက်ကျိစရာများနှင့် နားမချမ်းမြေ့စရာ သတင်းများကို တဦးမဟုတ်လျှင် တဦးထံမှ နေ့စဉ်နေ့တိုင်း ဆိုသလို ကြားရ၏။ တွေ့နေမြင်နေရ၏။ သို့ရာတွင် မိမိကလည်း ဘာမှတတ်နိုင် သည်မဟုတ်။ လက်ပိုက်၍သာ ကြည့်နေရ၏။
ကျွန်တော်နှင့် ပြည်တော်သာခင်ခင်ဦးဝတ္ထုတွင် အမှုတွဲဖြစ်သော ဆန်းညွန့်ဦး၊ ဦးလှခင်၏ မိခင်သည် သားဖြစ်သူ အချုပ်ခံနေရခိုက် လူကြီးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်သွား၏။ သို့ရာတွင် မိခင်တယောက်လုံး အပြင်ဘက်တွင် သေဆုံးနေရသည်အခိုက် အပြင်သို့ ခေတ္တခဏလောက်မျှထွက်၍ မိခင်ဖြစ်သူ၏ အလောင်းကို ဦးလှခင်သည် ဝတ္တရားရှိသည့်အတိုင်း သင်္ဂြိုဟ်ခွင့်မရရှိခဲ့ပေ။ ဦးလှခင် အတွက် ကျွန်တော်သည် စိတ်မကောင်းဖြစ်နေရသည့်အခိုက် ကျွန်တော်နှင့်အတူ အမှတ် (၅) အဆောင် တွင် နေထိုင်လျက်သော အထူးတန်းအကျဉ်းသား လူကြီးလူကောင်းတဦးသည် ၎င်းထောင် ကျနေခိုက် ၎င်း၏ဇနီးက နောက်အိမ်ထောင်ပြုလိုက်၍ ကွာရှင်းစာ လာတောင်းသောကြောင့် ၎င်းကိုယ်ကို သေကြောင်းကြံလျက်ရှိ၏။
သို့ရာတွင် ဤလူ့လောကနှင့် သဘာဝကြီးအတွင်း၌ အဆိုးနှင့်အကောင်းတို့သည် ဒွန်တွဲလျက် ရှိနေ ဖြစ်နေတတ်သည့်အတိုင်း ထိုမှောင်မိုက်သောညများကို ကုန်လွန်နေထိုင်ခဲ့ရစဉ် အချိန်ကာလက အဆိုးများကို တွေ့ကြုံခြင်းပြုခဲ့ရသည့်နည်းတူ အကောင်းများနှင့်လည်း တွေ့ဆုံခဲ့ရ၏။ အမိုက်များနှင့် လည်း ကျွမ်းဝင်ခဲ့ရသည့်နည်းတူ အလိမ္မာများနှင့်လည်း ရင်းနှီးခွင့်ကို ကျွန်တော် ရရှိခဲ့၏။ ကျွန်တော့်အတွက် အရှုံးထဲက အမြတ်များဟူ၍ ဆိုရလိမ့်မည်ထင်၏။

(ဂ)

ရန်ကုန်ထောင်ကြီးအတွင်း၌ ချစ်စရာကောင်းလှသော သဘာဝတခုသည်ကား အကျဉ်းထောင် အတွင်းသို့ ကျရောက်လာခဲ့ပြီးနောက် လူတို့သည် ပြင်ပ လောကမှာတုန်းကကဲ့သို့ ဘာမျှ ဟန်လုပ် ဖုံးကွယ်ခြင်း မရှိကြတော့ဘဲ မိမိတို့၏ စိတ်ပကတိအတိုင်း ရိုးရိုးသားသားနှင့် ပွင့်ပွင့်လင်းလင်း ဆက်ဆံနေထိုင်တတ် ကြခြင်းပင်ဖြစ်၏။ ဤအရပ်၌ ရေဆေး၍ ဆေးခြယ်သော အတတ်ပညာနှင့် အလေ့အထသည် မရှိ။ နှုတ်ဖျားကလေးမှ မထွက်ချင်မထွက်ချင်နှင့် ထွက်လာသောစကားကိုလည်း အလျဉ်းကြားရလိမ့်မည်မဟုတ်။ လူတို့သည် မိမိတို့၏ သဘာဝနှင့် ပင်ကိုယ်ဇာတိကို လျှို့ဝှက်ခြင်း အလျဉ်းမပြုတတ်ဘဲ တင်းပြည့်ကျပ်ပြည့် နေထိုင်ခြင်းသာ ပြုကြ၏။ အင်မတန်လူဆန်သည်ဟု ပြောဆိုရလိမ့်မည် ထင်၏။
အကျဉ်းအကြပ် အတွင်းသို့ အတူတကွ ကျရောက်နေရသူများ အချင်းချင်း ဖြစ်ကြ၍ တဦးနှင့်တဦး ခင်မင်၍ သက်ညှာတတ်ကြ၏။ တဦးတယောက်၌ ဝမ်းနည်းစရာရှိလာသောအခါ ဘေးကဝိုင်းအုံ၍ ဝမ်းနည်းကူကြ၏။ ထို့အတူ တဦးတယောက်၌ ဝမ်းမြောက်စရာရှိသောအခါလည်း အနားက ဝိုင်း၍ ဝမ်းမြောက်ကူကြ၏။
ရန်ကုန်ထောင်ကြီးအတွင်း၌ တရုတ်၊ ကုလား၊ မြန်မာ၊ ရှမ်း၊ ကရင်æ စသော လူမျိုးပေါင်းစုံရှိကြ၏။ သို့ရာတွင် အစ္စလာမ်ဘာသာဝင်များ၏ 'အစ်' နေ့သို့ရောက်ရှိသောအခါ ရန်ကုန်ထောင်ရှိ အကျဉ်းသား အားလုံးကို တမန်တော်မိုဟာမက်၏ နောက်လိုက်များဖြစ်ကြ၏။ ထို့အတူ ရန်ကုန်ထောင်တွင်း သင်္ကြန်ပွဲတော်၌ အိုးစည်ဗုံမောင်းတီး၍ မြူးတူးကခုန်ခြင်းပြုကြကာ ဖထီးနှင့်အပ္ပဒူကရင်တို့ကို လွမ်းဆွတ် ဖွယ်ရာတွေ့မြင်ရ၏။ ကရင်အမျိုးသားများ၏ နှစ်သစ်ကူး ပွဲတော်နေ့များရောက်ရှိ လာသော အခါ၌လည်း ရန်ကုန်ထောင်ကြီးအတွင်း၌ အကျဉ်းသား အားလုံးလိုလို ဖထီးလုပ်ကာ သင်တိုင်း ဝတ်ကုန်ကြ၏။
ထို အားလပ်ခွင့် ပေးအပ်ခြင်းခံခဲ့ရသော နေ့ရက်ကာလများ အတွင်းက ကျွန်တော်သည် ရန်ကုန် ထောင်ကြီးအတွင်း၌ အမျိုးမျိုးသော အကြောင်းများကြောင့် ဒေသအသီးသီးနှင့် ဘဝအသီးသီးများမှ ရောက်ရှိလာကြသော ဘဝတူ လူသားများနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ရ၏။ ထိုလူသားတို့၏ သဘာဝနှင့် ဇာတ် ကြောင်းတို့ကိုလည်း ၎င်းတို့၏ ဇာတိ ပကတိအတိုင်း ကျွန်တော်သည် ချဉ်းကပ် လေ့လာခွင့်ကို ရခဲ့၏။ ထိုကဲ့သို့သော အခွင့်အရေးကို ကျွန်တော်သည် ရန်ကုန်ထောင်ကြီး၏ အပြင်ဘက်၌ကား မည်သည့်နည်းနှင့်မျှ ရရှိနိုင်ဖွယ်ရာ အ ကြောင်း မမြင်မိပေ။
သွင်းကုန်လိုင်စင်များထုတ်ပေးနိုင်သော တန်ခိုးအာဏာရှိသည့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးကျော်မြင့်ကလေးအား ယခင်ဝန်ကြီးဘဝနှင့်တုန်းက ရန်ကုန်ထောင်၏ အပြင်ဘက်တွင် လူချင်းတွေ့ဆုံ၍ စကားပြောဆိုရမည့် အရေးသည် အဘယ်မျှ ကြပ်တည်းခက်ခဲလှသည့်အကြောင်းကို လိုင်စင်တောင်းရသော ကုန်သည်ကြီးငယ်တိုင်း သိရှိကြ၏။ သို့ရာတွင် ရန်ကုန်ထောင် အတွင်း၌ကား ဦးကျော်မြင့်ကလေးကို မည်သည့် အကျဉ်းသားမဆို အချိန်မရွေး ဝင်ရောက်တွေ့ဆုံနိုင်၏။ လိုင်စင်တောင်း၍ မရတော့စေကာမူ မိမိပြောလိုသော စကားကို လွတ်လွတ်လပ်လပ် ပြောဆိုခြင်း ပြုနိုင်၏။ ဦးကျော်မြင့်ကလေးကလည်း အယုတ်အလတ်အမြတ်မရွေး လူတိုင်းအားအတွေ့ခံ၏။ ကော်ဖီတိုက်၍ ဧည့်ခံ၏။ ရေဒီယိုဖွင့်ပြ၏။ ထိုမျှသာလျှင်မကသေး၊ သူကိုယ်တိုင် သီချင်းတပုဒ် တလေကို ဆိုပြလိမ့်ဦးမည်ဖြစ်၏။ ယခင်တုန်းကကဲ့သို့ ဦးကျော်မြင့်ကလေးနှင့် တွေ့ဆုံလိုသူ၏ အကြားတွင် သံဆူးကြိုးအကာအရံများ၊ သက်တော်စောင့်၊ လက်နက်ကိုင်များနှင့် သူ၏ အတွင်းရေး အတွင်းဝန် ဦးတင်လှတို့သည်လည်း မရှိကြတော့ပေ။ သူ့အား သာမန်လူတယောက်ကဲ့သို့သာ တွေ့ရတော့ မည်ဖြစ်၏။ သူသည်လည်း သာမန်အကျဉ်းသားတဦးကဲ့သို့ နေထိုင်လျက် ရှိသည်ကိုသာ တွေ့ရ၏။ ဘာမျှဟန်လုပ်ခြင်းမရှိ။ ဘဝတူ အကျဉ်းသားများနှင့်အတူ ရောထွေးသွားလာ၏။ ဆက်ဆံပေါင်းသင်း၏။
ဝန်ကြီးဟောင်း ဦးကျော်မြင့်ကလေးနည်းတူ ရန်ကုန်ထောင်ကြီးအတွင်းသို့ ရောက်ရှိလာ ခဲ့ကြသော အစိုးရ အထက်တန်းအရာရှိကြီးများကိုလည်း တွေ့ဆုံခဲ့ရ၏။ ကျွန်တော့် အားဖမ်းဆီးခြင်း ပြုခဲ့သော ရန်ကုန်ရဲမင်းကြီး ဦးကျော်မြင့်သည် ရန်ကုန်ထောင် အပြင်ဘက်၌သာ ကျွန်တော့်အား ဖမ်းဆီးခဲ့သော်လည်း ရန်ကုန်ထောင်အတွင်း၌ကား ကျွန်တော်နှင့် မိတ်ဆွေဖြစ်ခဲ့၏။ သူသည် ပျဉ်းမနား၌ ရာဇဝတ်ဝန်ကြီးဘဝနှင့် အစိုးရ၏ တာဝန်ဝတ္တရားများကို ထမ်းရွက်ခဲ့ရစဉ်က ကျွန်တော်၏ မိတ်ဆွေများဖြစ်ကြသော ကွန်မြူနစ်ခေါင်းဆောင်များအား တိုက်ခိုက် နှိမ်နင်းခဲ့ရဖူးသည့် သူ၏ စွန့်စားခန်း များကိုပင် ရင်းရင်းနှီးနှီး ဖွင့်ဟပြောဆိုသွား၏။ ဘာမျှဖုံးကွယ် ဟန်လုပ်ခြင်းကိုကား ဦးကျော်မြင့်ကြီး၌ ကျွန်တော် ရှာဖွေ၍မတွေ့ခဲ့မိပေ။ သူသည်လည်း သာမန်လူတယောက်လို ဘဝတူ အကျဉ်းသားများနှင့် နေထိုင်သွားခဲ့၏။
ရဲမင်းကြီးဦးကျော်မြင့်ကဲ့သို့ပင် အစိုးရအထက်တန်း အရာရှိကြီးများဖြစ်ကြသော အတွင်းဝန် အိုင်စီအက်စ် ဦးကျော်သိန်း၊ ကူးသန်းရောင်းဝယ်ရေးခွန်မင်းကြီး ဦးဘတူ၊ မကွေးတိုင်းမင်းကြီးဟောင်း ဦးဘစိန်နှင့် တိရစ္ဆာန်ဆေးဝါးကုသရေးဘက်ဆိုင်ရာမင်းကြီး မစ္စတာဘာတာချာဂျီæ စသူတို့ကိုလည်း လူချင်း ရင်း ရင်းနှီးနှီးပေါင်းသင်းဆက်ဆံခွင့်နှင့် လေ့လာခွင့်များကို ရရှိခဲ့၏။ ရန်ကုန်ထောင် အပြင်ဘက်၌ ဤ ဧရာမပုဂ္ဂိုလ်ကြီးများသည် အဘယ်ကဲ့သို့သော အဆောင်အယောင် အခမ်းအနားနှင့် နေထိုင် ကြသည်ကို ကျွန်တော် မသိရှိသော်လည်း ရန်ကုန်ထောင်ကြီးအတွင်း၌ကား ဘဝတူ အကျဉ်းသားများ အားလုံးနှင့် ပခုံးချင်း တိုးဝှေ့ရောထွေးကာ ရင်းရင်းနှီးနှီးပေါင်းသင်းဆက်ဆံ နေထိုင်သွားကြသည်ကိုသာ တွေ့ရ၏။ သူတို့၏ ပင်ကိုယ်သဘာဝများကိုလည်း ချဉ်းကပ်လေ့လာ ခွင့်ရခဲ့၏။
ဤကဲ့သို့သော ပုဂ္ဂိုလ်ကြီးများအပြင် ကျွန်တော် တွေ့ဆုံသိကျွမ်း၍ ရင်းနှီး ခင်မင်ခွင့်ရရှိခဲ့သော ပုဂ္ဂိုလ် အများအပြားသည်ရှိသေး၏။ ရန်ကုန်ရဲအဖွဲ့ကြီး၏ လူဆိုးစာရင်းဝင် နာမည်ကြီးများ ဖြစ်ကြကုန် သော ဗိုလ်ထိန်ဝင်း၊ ဦးနီ၊ ဂျော့ထွန်းလွင်စသော သူများကိုလည်းကောင်း၊ ဣတိပိတော ခင်မောင်၊ ကြပ်ငခွေး၊ မင်းညို၊ ကျင်စိန်နှင့် ဒေါက်တာအုန်းမောင်တို့ကိုလည်းကောင်း ကျွန်တော်သည် သူတို့၏ ရှိရင်းစွဲ သဘာဝအတိုင်း တွေ့မြင် လေ့လာခွင့်ကို ရရှိခဲ့၏။ ရန်ကုန် ရဲအဖွဲ့ကြီးက ဤ မိတ်ဆွေများကို ရန်ကုန်ထောင်ကြီး၏ အပြင်ဘက်ရှိ ဧရာမလူဆိုးကြီးများ အဖြစ်ဖြင့် စာရင်းသွင်း သတ်မှတ်ထား စေခဲ့ကာမူလည်း ရန်ကုန် ထောင်အတွင်း၌ကား ထိုပုဂ္ဂိုလ်များအား အင်မတန်ခင်မင်စရာ၊ သနားစရာ ကောင်းသော လူသားများ အဖြစ်ဖြင့်သာလျှင် ကျွန်တော် တွေ့မြင်လေ့လာခဲ့ရ၏။ ရန်ကုန်ထောင်အုတ်ရိုး အပြင်ဘက်၌ အကြောင်းအမျိုးမျိုးကြောင့် သူတို့သည် တရားဥပဒေကို ချိုးဖျက်ကောင်း ချိုးဖျက် ခဲ့ကြလိမ့်မည်။ သို့ရာတွင် ရန်ကုန်ထောင်၏ အုတ်ရိုးအတွင်း၌ကား ထိုလူသားများကို လူဆန်ဆန် လူပီပီ သာ တွေ့မြင်ခဲ့ရ၏။
ထိုမျှသာလျှင်မကသေး၊ တိုင်းပြည်၏ ကောင်းစားရာ ကောင်းစားကြောင်းနှင့် တိုးတက်ရာ တိုးတက်ကြောင်းအတွက် ၎င်းတို့၏ ခံယူချက်များအတိုင်း လုပ်ဆောင်ရင်း ရန်ကုန်ထောင်ကြီး အတွင်း သို့ ရောက်ရှိနေကြသော နိုင်ငံရေးခေါင်းဆောင် အများအပြားနှင့် ကျွန်တော်သည် တွေ့ဆုံသိကျွမ်းခွင့်၊ ခင်မင်ရင်းနှီးခွင့်နှင့် ၎င်းတို့အား လေ့လာနိုင်ခွင့်များကိုပါ ရရှိခဲ့သေး၏။ ထိုနိုင်ငံရေး ခေါင်းဆောင်များ ထဲတွင် ဘကြီးဘဖေကဲ့သို့သော ပုဂ္ဂိုလ်ကြီးကအစ ကွန်မြူနစ်ပါတီမှ သခင်အုန်းမောင်၊ အလံနီပါတီမှ သခင်ဖေဌေး၊ ပြည်သူ့ရဲဘော်အဖွဲ့မှ ဗိုလ်စက်စိန်နှင့် ဗိုလ်မြင့်သိန်းစသော ပုဂ္ဂိုလ်များလည်း ပါဝင်၏။ ယခင် ဗိုလ်ချုပ်အောင်ဆန်းတို့ကို ဂဠုန်ဦးစော လုပ်ကြံသတ်ဖြတ်ခြင်းပြုစဉ်က မှားယွင်း ပါဝင်မိခဲ့ကြသော ကိုခင်မောင်ရင်၊ ကိုသုခနှင့် ကိုနီစသော ပုဂ္ဂိုလ်များနှင့်လည်း ကျွန်တော်သည် တွေ့ဆုံရင်းနှီးခွင့် လေ့လာခွင့်များကို ရရှိခဲ့သေး၏။
ရက်ပေါင်း (၁၅၆၈) ရက်မျှ ရန်ကုန်ထောင်ကြီးအတွင်း၌ နေထိုင်ကုန်လွန်ခဲ့ ရသည့်အချိန်ကာလ အတွင်း ကျွန်တော် တွေ့ဆုံသိကျွမ်းခွင့်နှင့် လေ့လာခွင့်ရရှိ ခဲ့သော ဘဝတူလူသားများ၏ အကြောင်းကို ကျွန်တော်သည် ရေးသားဖော်ပြခြင်း ပြုလို၏။ ကျွန်တော်နှင့် အရင်းနှီးဆုံး လူသားတဦးဖြစ်သော အညတြ အောင်သန်း၏ အကြောင်းကိုကား ကျွန်တော်သည် ရန်ကုန်ထောင်မှ လွတ်မြောက်ကာစကပင် ရှုမဝမဂ္ဂဇင်း၌ ရေးသား ဖော်ပြခဲ့ပြီးလေပြီ၊။ သို့အတွက် ဖော်ပြသင့် ဖော်ပြထိုက်သော ဘဝတူများ၏ အကြောင်းကား အများအပြားပင် ရှိနေသေး၏။ သို့ရာတွင် ရန်ကုန်ထောင်ကြီးအတွင်း၌ အသက်အရွယ် အားဖြင့်လည်းကောင်း၊ လူ့လောကအတွေ့အကြုံအားဖြင့် လည်းကောင်း၊ အရင့်ကျက်ဆုံးနှင့် အကြွယ်ဝ အများပြားဆုံးဖြစ်သော ဘကြီးဘဖေ၏ အကြောင်းမှ စတင်၍ ကျွန်တော်သည် မိမိ လေ့လာတွေ့မြင်ခဲ့ ရသမျှလောက်ကို ရေးသားဖော်ပြလို၏။


ဘကြီးဘဖေ
(၁)

ဘကြီးဘဖေအား ဖမ်းဆီး၍ ရန်ကုန်ထောင်ကြီးသို့ ပို့လိုက်ပြီဆိုသော သတင်းကို ကြားသိရလျှင် ကြားသိရချင်း၊ ထို အဘိုးကြီးအား သွားရောက် ကြိုဆိုခြင်းနှင့် နှုတ်ဆက်ခြင်းပြုရန်အတွက် ကျွန်တော် သည် မိမိနေထိုင်ရသော (၅) အဆောင်မှ ဆင်းလာခဲ့ပြီးလျှင် ရန်ကုန်ထောင်အတွင်းဘက် ဘူးဝသို့ သွား ရောက်စောင့်ဆိုင်းခြင်းပြုခဲ့၏။ သို့ရာတွင် ဖမ်းဆီးလာခဲ့ပြီဖြစ်သော ထိုအဘိုးကြီးအိုအား ရန်ကုန် ထောင်ကြီးအတွင်းသို့ ထောင်အာဏာပိုင်များက တော်တော်နှင့် မသွင်းနိုင်ကြသေးဘဲ ထောင်မှူးကြီး၏ ရုံးခန်းထဲ၌ ဟိုမေးဒီမေး လုပ်နေကြပြန်သေးသဖြင့် ကျွန်တော်သည် အတွင်းဘက် ဘူးဝမှနေ၍ အတော်ကြာကြာကလေးရပ်၍ စောင့်ရ၏။ လူတဦးတယောက်အား ဖမ်းဆီးချုပ်နှောင်ခြင်း မပြုမီက ဝတ္တရားအလျောက် စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်လေ့ရှိသည်ကိုသာ တွေ့ဖူးခဲ့သော ကျွန်တော်၏ အတွက် ထို အဘိုးကြီးအိုအား ဖမ်းဆီးခေါ် ဆောင်လာခဲ့၍ ထောင်ဘူးအတွင်းသို့ ရောက်ရှိကာမှ ရှည်ရှည်ဝေးဝေး စစ်ကြောမေးမြန်းနေကြခြင်းကိုကား နားမလည်မိပေ။
ဘကြီးဘဖေအား ကြိုဆိုနှုတ်ဆက်ခြင်းပြုရန်အတွက် အတွင်းဘက် ဘူးတံခါးမှ သည်းညည်းခံ စောင့်ဆိုင်း၍နေရစဉ် ရှေးလွန်လေပြီးသော နှစ်ပေါင်းအစိတ်ခန့်လောက်က ဘကြီးအား ယခုကဲ့သို့ပင် ကြိုဆိုနှုတ်ဆက်ခြင်း ပြုခဲ့ရသောအဖြစ်အပျက်တရပ်ကို ကျွန်တော်သည် ရုတ်တရက် ပြန်လည်သတိရ လာ၏။ စဉ်းစားလာမိ၏။
ထိုသို့ ကြိုဆိုနှုတ်ဆက်ခြင်းပြုခဲ့ရစဉ်က ဘကြီးဘဖေသည် ယခုခေတ် ကျွန် တော်တို့ လူငယ်များက ချစ်ခင်လေးမြတ်စွာ ခေါ်ဝေါ်ခြင်း ပြုနေကြသော ဘကြီးဘဖေကား မဟုတ်သေးပေ။ ဒိုင်အာခီခေတ် သစ်တောရေးဝန်ကြီး ဦးဘဖေမျှသာလျှင် ဖြစ်၏။ ထိုအချိန်က ငါးထောင်စားဟူ၍လည်း ခေါ်ဝေါ်ကြသည်ဟု ကျွန်တော်ထင်၏။ ကျွန်တော်သည်လည်း ထိုစဉ်က ဆယ်နှစ်သား သာသာခန့် မျှသာရှိသေးသော ကျောင်းသားကလေးတယောက်ဖြစ်၏။ ဘာမျှ မသိတတ်သေးပေ။
လေဒီအင်းနစ်(စ်) အမည်ရှိ အစိုးရသင်္ဘောသည် ကျွန်တော်တို့နေထိုင်လျက်ရှိသော မြို့ကလေး သို့ ဆိုက်ရောက်လာသောအခါ အော်နာရေဘီ သစ်တောရေးဝန်ကြီး ဦးဘဖေအား သွားရောက်စီတန်း၍ နှုတ်ဆက်ခြင်း ပြုရန်အတွက် ကျွန်တော်တို့ကျောင်းမှ ကျောင်းအုပ်ဆရာကြီးက ကျွန်တော်တို့ ကျောင်းသားများ အားလုံးကို သင်္ဘောဆိပ်သို့ အဆင်းခိုင်း၏။ ထိုစဉ်က ကျွန်တော်သည် လူမမယ် ကျောင်းသားအရွယ်မျှသာဖြစ်သေး၍ ဘာမျှကား နားမလည်ခဲ့ပေ။ အကယ်၍သာ နားလည်ခဲ့လျှင် ထို ငါးထောင်စား ဒိုင်အာခီ အော်နာရေဘီ သစ်တောရေးဝန်ကြီးဆိုသူအား အထက်ဆရာကြီးများက သွန်သင်စေ ခိုင်းသည့်အတိုင်း သွားရောက်ကြိုဆိုမိချင်မှ ကြိုဆိုမိလိမ့်မည်ဖြစ်၏။
လေဒီအင်းနစ်(စ်) အမည်ရှိသော အစိုးရသင်္ဘောပေါ်မှ သစ်တောရေး ဝန်ကြီးဦးဘဖေတို့ ဇနီးမောင်နှံနှင့် နောက်လိုက်နောက်ပါများ တခမ်းတနားဆင်း၍ လာကြသည်ကို သင်္ဘောဆိပ်၏အတက်၊ လမ်းမကြီး ဘေးတဖက် တချက်စီတွင် စီတန်း၍ ရပ်စောင့်နေကြရသော ကျောင်းသားတန်းကြီးထဲမှ ကျွန်တော်သည် ဘုမသိဘမသိနှင့် ငေးမောကြည့်နေခဲ့မိသည်ကိုလည်း ခပ်ရေးရေးလောက် မှတ်မိ၏။ ကုန်းထိပ်ပေါ်သို့ ရောက်ရှိလာကြပြီးနောက် အသင့်ပြင်၍ထားသော မော်တော်ကားသစ်ကြီးကို တက်ရောက်စီးနင်းကာ လိုက်ပါသွားသော အော်နာရေဘီ သစ်တောရေးဝန်ကြီးအား လမ်းမကြီး၏ ဘေးတဖက်တချက်စီတွင် စီတန်း၍ ရပ်နေကြရသော ကျွန်တော့်တို့ကျောင်းသားများက ယခင် ခေတ္တဘုရင်ခံ ဆာဂျေအေမောင်ကြီး တိုင်းခန်းလှည့်လည်လာစဉ်တုန်း က "ဟစ် ဟစ် ဟူရေး" ဟု ဝိုင်းဝန်းကြိုဆို နှုတ်ဆက်ကြရသကဲ့သို့ ဆရာ ဆရာမများက သင်ကြားထားသည့်အတိုင်း ဝိုင်းဝန်း အော်ဟစ်ကြသောအခါ၌ ကျွန်တော်သည်လည်း အများနည်းတူ ရောယောင်၍သာ အော်ဟစ်လိုက်ရ၏။ သို့ရာတွင် ဘာမှန်းကား မသိခဲ့ပေ။ ကလေးသူငယ်တို့ဘာဝ သစ်တောရေးဝန်ကြီး အငြိမ့်သားစီးနင်း လိုက်ပါ၍သွားသော မော်တော်ကားသစ်ကြီးကိုသာ သဘောကျနေ၏။
ထိုနေ့ညနေ၊ နေအိမ်သို့ ပြန်ရောက်၍ ညစာစားသောက်သောအခါ ထမင်းစားပွဲဝိုင်းတွင် ကလေးသူငယ်တို့ ဘာသာဘာဝ သစ်တောရေးဝန်ကြီးကို သင်္ဘောဆိပ်သို့ သွားရောက်ကြိုဆိုခဲ့ရသည့် အကြောင်းနှင့် အော်နာရေဘီ သစ်တောရေးဝန်ကြီး ဦးဘဖေအား ကျွန်တော်တို့ကျောင်းသားများက အင် မတန် ကြောက်ရွံ့ကြရသော ကျောင်းအုပ်ဆရာကြီး ကိုယ်တိုင်က တဖန် အင်မတန်ကြောက်ရွံ့ ရိုသေ ရသော မျက်နှာဖြူ အရေးပိုင်ကပင်လျှင် ခါးကုန်း၍ ဆလံ ပေးရသည့် အကြောင်းများကို အားရသလိုလို၊ ဂုဏ်ယူသလိုလိုနှင့် ပြောဆိုလိုက်မိ၏။ "ထမင်းစားနေတုန်း စကားမပြောရဘူးကွ။ ထမင်းကိုသာ ဝအောင် စားရတယ်" ဟု ကျွန်တော်၏ ဖခင်က ခပ်မှန်မှန်ကလေး ပြောဆိုလိုက်သဖြင့် ကျွန်တော်သည် ဖခင်၏မျက်နှာကို တချက်မျှလှမ်း၍ လှမ်း၍ကြည့်လိုက်ပြီးနောက် ငြိမ်နေလိုက်ရ၏။ ကျွန်တော်၏ ဖခင်သည် (၂၁) ဦးဂိုဏ်းသားများကို အလွန်တရာ မုန်းတီးလျက်ရှိသော ဝံသာနုဂိုဏ်းသားများ တဦးဖြစ်သည်ကိုလည်း ထိုစဉ်က ငယ်ရွယ်သော ကျွန်တော်သည် နားလည်ခြင်း မရှိသေးပေ။
ရှေးလွန်လေပြီးသောနှစ်ပေါင်း အစိတ်ခန့်လောက်က ကျောင်းသားအရွယ် လူမမယ်ဘဝနှင့် အော်နာရေဘီ သစ်တောရေးဝန်ကြီး ဦးဘဖေအား ကြိုဆိုနှုတ်ဆက်ခြင်းပြုခဲ့ရ ဖူးသော အဖြစ်အပျက်များကို ပြန်လည်သတိရလာကာ စဉ်းစားလျက်ရှိစဉ်၊ ရန်ကုန်ထောင် အတွင်းဘက် ဘူးတံခါးကလေးသည် ရုတ်တရက် ပွင့်လာသဖြင့် ကျွန်တော်သည် လှမ်း၍ကြည့်လိုက်မိ၏။ လူတဦးတယောက်ကို ခွေးလိုတိုး၍ ဝင်ထွက်ခိုင်းလေ့ရှိသော ဘူးတံခါးပေါက်ကလေးအတွင်းမှ ယခင် ဒိုင်အာခီခေတ်တုန်းက ငါးထောင်စား သစ်တောရေးဝန်ကြီးသည် သာမန်အကျဉ်းသားတဦး တယောက် ကဲ့သို့ပင် ဦးခေါင်းကိုလျှို၍ တိုးဝှေ့ကာ ရန်ကုန်ထောင်ကြီးအတွင်းသို့ ဝင်လာ၏။ သို့ရာတွင် ယခင် အော်နာရေဘီ သစ်တောရေးဝန်ကြီး ဦးဘဖေသည် ယခုအခါတွင် ဦးခေါင်းတခုလုံး ဖွေးဖွေးဖြူလျက် သက်ရွယ် အိုမင်းမစွမ်းရှိလေပြီ။ ယခင် ဒိုင်အာခီခေတ် အော်နာရေဘီ ဝန်ကြီးဘဝနှင့်တုန်းက မျက်နှာဖြူ အရေးပိုင်မင်းကပင်လျှင် ခါးကုန်း၍ ဆလံပေးခြင်းပြုခဲ့ရသော ဤခေါင်းမွေးဖြူနှင့် အဘိုးကြီးအိုအား ရန်ကုန် ဗဟိုစံပြထောင်ကြီးအတွင်းသို့ အဝင်တွင် အဘယ်ထောင်မှူး ထောင်ပိုင်နှင့် ထောင်ကြပ် ပြာတာတို့ကမှလည်း အလေးမပြုကြတော့ချေ။ ခွေးတိုးပေါက်မှသာလျှင် ဖမ်း၍ သွင်းလိုက်ကြသည် တကားæ။
"နိပ်ကဲ့လားဟေ့ ဗန်းမော်" ဟု ခွေးတိုးပေါက်မှ တိုးဝှေ့၍ ဝင်လာသော ဘကြီးဘဖေက ကျွန်တော့် အပြုံးမပျက်၊ အရယ်မပျက် လှမ်း၍ စုံစမ်းမေးမြန်းရင်း နှုတ်ဆက်လိုက်သောအခါ "ဟစ် ဟစ် ဟူးရေး" ဟူ၍ ဒိုင်အာခီခေတ် ဝန်ကြီးဘဝနှင့်တုန်းက နှုတ်ဆက်ခြင်း ပြုခဲ့ရသလို ပြန်လည်၍ ဂုဏ်ပြု နှုတ်ဆက်ချင်စိတ်များ အမှတ်မထင် ပေါ်၍လာမိသော်လည်း အကျဉ်းအကြပ်ထဲမှာပင်လျှင် ဟာသကို ဆက်လက် ထိန်းသိမ်းထားနိုင်သေးသော အဘိုးကြီးအိုအား "အပြင်မှာလိုတော့ သိပ်မစားသာလှဘူး ဘကြီး" ဟု မချိသွားဖြီး ပြောဆိုခြင်း ပြုလိုက်ရ၏။
"အပြင်ဘက်မှာတော့ ကိုယ်တော်တွေ ဆူကျန်ရစ်ခဲ့တာပဲဟေ့၊ ပြီးတော့မှ အေးအေးဆေးဆေး စကားပြောကြသေးတာပေါ့ကွာ" ဟု ၎င်းအား သီးသန့်ချုပ်နှောင် ထားရှိမည့် ကြိုးတိုက်ဘက်သို့ ထောင်အာဏာပိုင်များက ခေါ်ဆောင်၍ သွားစဉ် ဘကြီးက ပြောဆိုသွား၏။
အသက်အရွယ်ကြီးရင့်လျက် အိုမင်းမစွမ်းရှိပါကာမှ ယခုကဲ့သို့ ဖမ်းဆီးချုပ် နှောင်ခြင်းနှင့် ညှဉ်းပန်းခြင်းခံရရှာသော ထိုအဘိုးကြီးအား ကျွန်တော်သည် နောက်မှငေးမော၍ ကြည့်ရှုရင်း ရင်တွင်း၌ လှုပ်ရှားကျန်ရစ်၏။ ထိုသို့ ငေးမော ကျန်ရစ်ခဲ့စဉ် ရှေးလွန်လေပြီးသော နှစ်ပေါင်းအစိတ်ခန့်လောက် ကြိုဆိုနှုတ် ဆက်ခဲ့ရခြင်းနှင့် ယခုအကြိမ် ရန်ကုန်ထောင်ဘူးဝ၌ ကြိုဆိုနှုတ်ဆက်ရခြင်း နှစ်ခုကိုလည်း နှိုင်းယှဉ် စဉ်းစားမိ၏။

(၂)

ရန်ကုန်ထောင်ကြီးအတွင်း၌ မှောင်မိုက်သောညများကို ကုန်လွန်ခဲ့ရသော အချိန်ကာလအတွင်း က ဘကြီးဘဖေကဲ့သို့ ပုဂ္ဂိုလ်ကြီးတဦးနှင့် နီးနီးကပ်ကပ် ရင်းရင်းနှီးနှီးဆက်ဆံ နေထိုင်ခွင့်ကို ကျွန်တော်သည် ရရှိခဲ့၏။ ကျွန်တော် ချဉ်းကပ်၍ လေ့လာဆည်းပူးရသလောက် ဤအဘိုးကြီးကား အင်မတန်လေးစား ချစ်ခင်စရာကောင်းသော နိုင်ငံရေးသမားကြီးတဦးအဖြစ်ဖြင့် လည်းကောင်း၊ များစွာ စိတ်ဝင်စားစရာ ကောင်းလှသော ပညာတတ်ကြီး တဦးအဖြစ်ဖြင့် လည်းကောင်း၊ အလွန်တရာ သနားစရာကောင်းသော လူသားအဘိုးအိုကြီး အဖြစ်ဖြင့် လည်းကောင်း၊ တွေ့ရှိမှတ်သားလာခဲ့ရ၏။
ဤကဲ့သို့ ဆိုလိုက်သည့်အတွက် ဘကြီးနှင့် ကျွန်တော်၏ အကြားတွင် ကွဲလွဲမှုများ အများအပြား ပင်ရှိ၏။ တောင်နှင့်မြောက်လိုဖြစ်နေသော ကွဲလွဲမှုများ အထိပင်ရှိ၏။ ထိုကဲ့သို့ ရှိခဲ့သော ကွဲလွဲမှုများနှင့် ပတ်သက်၍ မျက်နှာများ နီမြန်းလာကြသည်အထိ အကြောက်အကန်နှင့် ပြင်းပြင်းထန်ထန် ငြင်းခုံမှုများ သည်လည်း မကြာခဏရှိခဲ့၏။ ကျွန်တော်နှင့် ဘကြီးတို့သည် ကွဲလွဲမှုတခု အတွက် ငြင်းခုံခြင်းပြုရာ၌ အနီးအနားက လူများပင် လန့်ဖြန့်ကြသည်အထိ ငြင်းခုံမှုများရှိခဲ့၏။ ဘကြီးဘဖေနှင့် ကပ်၍ နေသော အခန်းများတွင် နေထိုင်ကြသော ယခင် မကွေးတိုင်းမင်းကြီး ဦးဘစိန်နှင့် သထုံခရိုင်ဝန်ဟောင်း မစ္စတာ စတူးဝပ်တို့သည်ပင် အလန့်တကြားထ၍ လာနားထောင်တတ်ကြ၏။
ဤကဲ့သို့ အပြင်းအထန် ငြင်းခုံကြရာ၌ ဘကြီးကလည်း ငယ်ရွယ်သော ကျွန်တော့်အား တရွေးသားမျှ မသက်ညှာတတ်သကဲ့သို့၊ ကျွန်တော့်ဖခင် ထက်ပင် ကြီးသော ထိုအဘိုးကြီးအပေါ်၌လည်း ကျွန်တော်က တဆံခြည်မျှင်လောက်မျှ အလျှော့ပေးခြင်း မပြုတတ်ပေ။ ငြင်း၍ မောသဖြင့် နားလိုက်ကြ သောအခါများ၌ "ဗန်းမော်ဆိုတဲ့ အကောင်က တော်တော်ခေါင်းမာတယ်၊ မင်းလဲ သန်းထွန်းတို့ အောင်ဆန်းတို့လို အစားထဲက အကောင်ပဲ ထင်ပါရဲ့ကွာ" ဟု ဘကြီးက ရီမောပြောဆိုလေ့ရှိ၏။
ဘကြီးဘဖေသည် ၎င်းနှင့် နိုင်ငံရေး အယူအဆချင်းကွဲပြားစေကာမူ ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်သန်းထွန်းတို့ နှစ်ဦးကိုမူကား များစွာလေးစား၏။ လေးစားသည့်အကြောင်းကိုလည်း စကား အလျဉ်းသင့်သောအခါတိုင်း ထုတ်ဖော် ပြောဆိုလေ့ရှိ၏။
နိုင်ငံရေးပြဿနာရပ်များနှင့် ပတ်သက်၍ ၎င်း၏ ခံယူထားပြီး အချက် တချက်ကို တရွေးသားမျှ မလျှော့ပေးတတ်ဘဲ တနေကုန် တနေခန်း ထောင်တံခါးများ ပိတ်သည်အထိ ဇွဲကောင်းကောင်းနှင့် ခုခံကာကွယ်တတ်၏။ ၎င်း၏ ခံယူချက်ခိုင်လုံသည့်အကြောင်းကို ၎င်းကို များပြားလှစွာသော အတွေ့အကြုံ နှင့် အခြားအမြင်များထဲမှ အထောက်အထားများကို ထုတ်ယူ၍ ကျားကန် ပေးခြင်းလည်း ပြုတတ်၏။ ဘကြီးနှင့် ငြင်းခုံရသောအခါတိုင်း လူငယ်တဦး မျှသာဖြစ်သော ကျွန်တော်၏အတွက် တထိုင်တည်းလောက်နှင့် ဗဟုသုတအများကြီး ရရှိလိုက်၏။ အလွန်မြတ်၏။ မကြားဖူးသော အကြောင်း အရာများကိုလည်း ကြားလိုက်ရ၏။ မဖတ်ဖူးသော စာအုပ်များ အကြောင်းကိုလည်း လွယ်လင့် တကူကြားနာ သိရှိခဲ့ရ၏။
အခြားအကြောင်းကိစ္စများနှင့် ပတ်သက်၍ ဘကြီးဘဖေသည် စိတ်ရှည် တတ်သလော၊ သို့မဟုတ် စိတ်တိုတတ်သလော ဆိုသည်ကိုကား ကျွန်တော်သည် မသိရှိပေ။ သို့ရာတွင် နိုင်ငံရေးနှင့်ပတ်သက်၍ ငြင်းခုံရမည်ဆိုလျှင် ဤ အဘိုးကြီးများသည် အလွန်တရာစိတ်ရှည်၏။ စိတ်ထက်သန်ခြင်း လည်းရှိ၏။ ခက်ထန်တက်ကြွခြင်းကိုလည်း ဤ အဘိုးကြီးတို့၌ တွေ့ရလိမ့်မည် ဖြစ်၏။
ဘကြီးသည် "လစ်ဘရယ်ဒီမိုကရေစီ" ခေါ် အနောက်တိုင်း ဓနရှင်ဒီမိုကရေစီဝါဒကို နှစ်သက်၏။ ကျွန်တော်က ဆိုရှယ်လစ်ဒီမိုကရေစီကို မြှော်မှန်း နေသူဖြစ်၏။ သို့ရာတွင် နှစ်ဦးစလုံး မြန်မာအမျိုးသား များဖြစ်ကြ၍ အမိနိုင်ငံတော်နှင့် အမျိုးသားများ၏ တိုးတက်ရာတိုးတက်ကြောင်းနှင့် ကြီးပွားရာ ကြီး ပွားကြောင်းအတွက် စေတနာထားရှိကြပုံ တွင်ကား ကွဲလွဲမှုများ မရှိကြပေ။ တူညီ၏။ ယခင် ရန်ကုန်ထောင်ကြီးအတွင်းသို့ မရောက်ရှိကြမီကလည်း တရုတ်ဖြူတပ်များ မောင်းထုတ်ရေးကိစ္စတွင် အတူတကွပူးပေါင်း လုပ်ဆောင်ခဲ့ကြဖူးပြီ မဟုတ်သလော။ သို့ရာတွင် အစစအရာရာ၌ အောက်ကျ နောက်ကျ ဖြစ်နေသော အမိတိုင်းပြည်အား ကြီးပွားရာကြီးပွားကြောင်းအတွက်ထားရှိ လုပ်ကိုင်ကြသည့် ဝါဒနှင့် လုပ်နည်းများတွင်ကား ကွဲလွဲကြ၏။ တိုင်းပြည်အတွက် အရေးကြီးလှသော စီးပွားရေးနှင့် စီးပွားရေးတွင် အရေးကြီးလှသော စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးဝါဒများတွင် တက်တက်စင်ကွဲလွဲကြ၏။ ထိုကွဲလွဲချက်များနှင့် ပတ်သက်၍ ရန်ကုန်ထောင်ကြီးထဲ၌ အားအားရှိတိုင်း ဘကြီးနှင့်ကျွန်တော်တို့ သည် ငြင်းခုံခဲ့ကြ၏။ ထိုသို့ငြင်းခုံခြင်းပြုရာ၌ ဘကြီးအတွက် အမောသာ အဖတ်တင်လိမ့်မည် ဖြစ်သော်လည်း ငယ်ရွယ်သော ကျွန်တော့် အတွက်ကား မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ပတ်သက်၍ သိသင့် သိထိုက်သော အချက်အလက်နှင့် အကြောင်းအရာ များစွာတို့ကို အဘိုးကြီးအိုထံမှ ကြားနာ လိုက်ရ၏။
မျက်နှာများနီမြန်းလာကြသည်အထိ အကြောက်အကန်ငြင်းခုံ၍ မောပန်းလာကြသောအခါ ဘကြီးအား စောင့်ရှောက်ပေးနေသော ဦးစိန်ကြီးဆိုသော အကျဉ်းသားကြီးတဦးက ကော်ဖီဖျော်၍ မုန့်များနှင့် တိုက်၏။ ထိုကဲ့သို့ ကော်ဖီသောက်၍ ပြီးစီးသောအခါ တော်တော်ကလေးလည်း အမေပြေလာကြပြီဖြစ် ၍ ဆက်လက်ကာ ငြင်းခုံကြပြန်၏။
ရန်ကုန်ထောင်ကြီးမှသာ ကျွန်တော်သည် လွတ်လာခဲ့၏။ ထိုအငြင်းအခုံ သည် ပြီးပြတ်ခြင်းမရှိခဲ့ပေ။
(၁၉၅၇) ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ နံနက်က ကျွန်တော်သည် ဘကြီးဘဖေအား သွားရောက်၍ ကန်တော့၏။ နှုတ်ဆက်စကားလည်း ပြောကြား၏။ သို့ရာတွင် ထိုအဘိုးကြီးအား ထားပစ်ခဲ့ရသည့်အတွက် ကျွန်တော်စိတ်မကောင်းပေ။ ဘကြီးအား ကန်တော့ပြီးနောက် ၎င်း၏အခန်းထဲမှ ထွက်လာစဉ် အဘိုးကြီးအိုသည် ကျွန်တော့်အား ကြိုးတိုက်တံခါးဝအထိ လိုက်၍ပို့ရင်း "ထောင်ထဲမှာ ငါမသေသေးလို့ အပြင်ဘက်ထွက်လာနိုင်ကြတဲ့ တနေ့ကျတော့မှပဲ တို့ ဆက်ငြင်းကြသေး တာပေါ့၊ ဗန်းမော်ရာ" ဟု ကျွန်တော်၏ ပခုံးကို ရင်းရင်းနှီးနှီးပုတ်ကာ ရယ်မောပြောဆိုရင်း ကျွန်တော့်အား ရက်ချိန်း ပေးလိုက်ချေ သေးတော့၏။
ကျွန်တော်သည် ကောင်းစွာ စိတ်ချယုံကြည်၏။ ဤခေါင်းမွေးများ ဖွေးဖွေးဖြူနေပြီဖြစ်သော အဘိုးကြီးအိုသည် ၎င်း၏ခံယူချက်ကို အသက်သာလျှင် အသေခံလိမ့်မည်။ တရွေးမျှ၊ တဆံချည်မျှင်မျှ အလျှော့ပေးလိမ့်မည်ကား မဟုတ်ပေ။ ထို့ကြောင့် မိမိနှင့်အယူအဆချင်း မတူညီ၍ ကွဲပြားစေကာမူ လည်း ၎င်း၏ ယုံကြည်ချက်ကို အသက်သေသည်အထိ ဆုပ်ကိုင်ထားမည့် ထိုအဘိုးကြီးအိုအား အင်မတန်ချစ်ခင် လေးစားစရာကောင်းလှသည့် နိုင်ငံရေးသမားကြီးတဦးဖြစ်သည်ဟု ကျွန်တော် ဆိုလိုက်ခြင်းသာဖြစ်၏။

(၃)

မှောင်မိုက်သောညများကို ရန်ကုန်ထောင်ကြီးအတွင်း၌ ကုန်လွန်ခြင်းပြုလာ ခဲ့ရသော အချိန်ကာများတလျှောက်လုံး ကျွန်တော်တို့သည် နိုင်ငံရေးကိစ္စတခုတည်းကိုသာ ပြောဆို ငြင်းခုံနေခဲ့ကြ သည်တော့ကား မဟုတ်ပေ။ အခြားထွေရာလေးပါးအကြောင်းနှင့် ကိစ္စများကိုလည်း ပြောဆို ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြ၏။ မည်သည့်ဘက်ကစမ်းစမ်း လွတ်နေသည်ဟူ၍ မရှိဘဲ ယခုကဲ့သို့ မျက်စိ များမှုန်နေပြီဖြစ်သော အသက်အရွယ်၌မှာပင် စာဖတ်မလျှော့သေးသော ဘကြီးဘဖေနှင့် မည်သည့် အကြောင်းကို ပြောဆိုရ ပြောဆိုရ များစွာစိတ်ဝင် စားစရာကောင်း၏။ အထူးသဖြင့် ဘာသာတရားနှင့် ပတ်သက်သော စာအုပ်စာတမ်းများနှင့် အကြောင်းအရာများကို ဘကြီးဘဖေသည် ပြောဆိုလေ့ရှိ၏။ အထူးစိတ်ဝင်စားပုံလည်းရ၏။ ဗလပ်ဗတ်စကီး၊ အင်နီဘီးစင့်၊ ရာမကရစ်ရှနား၊ မက်စ်မူလာနှင့် အက်ဒဝင်းမာနိုးလ်တို့ရေးသားခဲ့ကြသော အိန္ဒိယပြည်ကြီး၏ ရှေးဟောင်းဘာသာတရားများနှင့် ယဉ်ကျေးမှုများအကြောင်းကို ပြောဆိုကြရင်း "ဝေဒခေတ်အိန္ဒိယပြည်" ဆိုသော စာအုပ်ကို ဘကြီးက ကျွန်တော့်အား ဖတ်ရှုဖြစ်အောင် ဖတ်ရှုရန် တိုက်တွန်း၍ စာအုပ်ကိုပါ ၎င်း၏နေအိမ်မှ မှာယူ၍ ပေးသဖြင့် ဖတ်ကြည့်ခဲ့ရ၏။ ကျွန်တော်ကလည်း ဂျာနယ်ကျော် ဦးချစ်မောင် မကွယ်လွန်မီက ဝယ်ယူဖတ်ရှုရန် တိုက်တွန်းခဲ့သဖြင့် ဝယ်ထားခဲ့သော "ဘာသာတရား ပေါ်ပေါက်လာရခြင်းအကြောင်းရင်းများနှင့် ပေါ်ပေါက် နေသော ဘာသာတရားကြီးများ" ဆိုသောစာအုပ်ကို ဘကြီးအား ငှားပေးလိုက်၏။ "ဝေဒခေတ်အိန္ဒိယ ပြည်" ဆိုသော စာအုပ်ကို ကျွန်တော်သည် ဖတ်ရှုပြီးစီး၍ ဘကြီးထံသို့ ပြန်ပေးလိုက်သည်မှာ ကြာပြီဖြစ်သော်လည်း ယခုတိုင် ကျွန်တော်၏စာအုပ်ကို အဘိုးကြီးအိုထံမှ ပြန်မရသေးပေ။ စာကြမ်းပိုးကြီးဖြစ်သော ဘကြီးသည် ကျွန်တော်၏ စာအုပ်ကိုတော့ အပျောက်မရိုက်တန်ကောင်းဟူ၍ အောက်မေ့မိ၏။
များပြားလှသော လူ့ရေးလူ့ရာကိစ္စများ၌ ဘာသာတရားသည်လည်း အရေးကြီးလှသော လူ့ကိစ္စ လူ့အမှုကြီးတခုဖြစ်၍ ထိုဘာသာတရားပေါ်ပေါက် လာခဲ့ရခြင်း၏ အကြောင်းရင်းနှင့် အခြေခံများကို ဘကြီးနှင့် ပြောဆိုဆွေးနွေး ကြည့်ခဲ့ရ၏။
"သဘာဝကြီးကို လူတွေမသိကြသေးလို့ နားမလည်ကြသေးလို့ ကြောက်ရွံ့ခဲ့ကြရာ၊ နားမလည် ကြရာကစပြီး ဘာသာတရားနှင့် ဝတ်ðပကိုးကွယ်မှုတို့၊ အားထုတ်မှုတို့ဆိုတာတွေဟာ ပေါ်လာရတာပဲလို့ ကျနော်ထင်တယ်" ဟု ကျွန်တော်၏ ခံယူချက်ကို ဘကြီးအား ထုတ်ဖော်ပြောဆိုလိုက်မိ၏။
"တို့ဘုရားကလဲ အဝိဇ္ဇာလို့ ဟောထားခဲ့သားဘဲ မဟုတ်လားကွ" ဟု ဘကြီးက တခွန်းတည်း သော စကားဖြင့် အဖြေပေး၏။
ဘာသာတရားအပြင် မြန်မာနိုင်ငံတော်သမိုင်းနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာစာပေနှင့် ပတ်သက်၍လည်းကောင်း၊ ဘကြီးနှင့် တော်တော် ပြောဆိုခြင်းðပခဲ့ရသည်များကို မှတ်မိ၏။ ထိုသို့ပြောဆိုခြင်း ပြုခဲ့ရသည်များကို မှတ်မိ၏။ ထိုသို့ ပြောဆိုကြသောအခါတိုင်း နှစ်ပေါင်းလေးငါးဆယ် ကြာမှ သူ စုဆောင်းထားခဲ့ရသော ပေထုပ်များ၊ စာအုပ်စာတမ်းများ၊ ဒုတိယကမ္ဘာ စစ်ကြီးအတွင်းက ပျက်စီးဆုံးပါး သွားခဲ့ရသည့်အကြောင်းကို ညည်းတွားပြော ဆိုလေ့ရှိ၏။ ကျွန်တော်က ဂါယာ၌ အိမ်ဆောက်ပြီးစီး သွားခဲ့ပြီဖြစ်သော ဘကြီးဘဖေအား မြန်မာပြည်၌ စာကြည့်တိုက်ကြီးတတိုက်လောက် ဆောက်လုပ်၍ နှောင်းလူများအတွက် လှူဒါန်းထားရှိပေးခဲ့ဖို့ကို တိုက်တွန်းကြည့်ခဲ့၏။ အဘိုး ကြီးအိုသည် ထိုတိုက်တွန်းချက်ကို လေးလေးနက်နက်စဉ်းစားခြင်းပြုသည်ဟု ကျွန်တော်ထင်၏။
မြန်မာပြည်အကြောင်းနှင့် ပတ်သက်၍ စာအုပ်တအုပ်ရေးသားရန်အတွက် ဗြိတိန်မှထုတ်ဝေ လျက်ရှိသော "သည်နယူးစတိတ်စ်မင်းမ်နေးရှင်း" သတင်းစာမှ အယ်ဒီတာအဖွဲ့ဝင်တဦးဖြစ်သူ မစ္စဒေါ်ရော်သီဝဒ်မင်း (Dorothy Woodman) သည် တကြိမ်က ဘကြီးဘဖေနှင့် တွေ့ဆုံရန် ရန်ကုန်ထောင်ကြီးသို့ လာရောက်၏။ ရန်ကုန်ထောင်သို့ ရောက်သောအခါ ရန်ကုန်ထောင်ကြီး အတွင်းက လက်ဝဲဂိုဏ်းသား သတင်းစာဆရာများနှင့် စာရေးဆရာများရှိနေ ကြသည်ကို ကြားသိရဟန် တူ၍ ထောင်မှူးကြီးထံ ခွင့်တောင်းကာ ကျွန်တော်တို့အား ခေါ်ယူတွေ့ဆုံ၏။ မစ္စဝဒ်မင်းသည် မြန်မာပြည် နိုင်ငံရေးသမိုင်းနှင့် ပတ်သက်၍ စာအုပ်တအုပ်ရေးသားနိုင်ရန်အတွက် မြန်မာပြည်၏ နိုင်ငံရေးသမိုင်း စာအုပ်ကြီးဟူ၍ ခေါ်ဆိုကောင်း ခေါ်ဆိုနိုင်လိမ့်မည်ဖြစ်သော ဘကြီးဘဖေထံမှ ၎င်းသိရှိလိုသော အချက်အလက်များနှင့် အဖြစ်အပျက်များကို စုံစမ်းမေးမြန်း သွား၏။ မစ္စဝဒ်မင်းပြန်သွားသောအခါ ကျွန်တော်က ဝိုင်အမ်ဘီအေခေတ်မှ ဖဆပလခေတ်အထိ နိုင်ငံရေးသမိုင်းတလျှောက်လုံးတွင် မင်းသားကြီးတပါးအဖြစ် ပါဝင်ခဲ့သော ဘကြီးဘဖေအား နှောင်းလူများအတွက် ထိုအကြောင်း အရာ အဖြစ်အပျက်များကို စာအုပ်တအုပ် ရေးသားခြင်းပြုပါရန် တောင်းပန်တိုက်တွန်းမိ၏။ မန္တလေး လူထုဦးလှကလည်း တိုက်တွန်းခဲ့၏။
မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီသမားများ လက်အောက်သို့ ကျရောက်ခဲ့ ပြီးနောက်၊ ထိုဗြိတိသျှကိုလိုနီသမားများ၏ လက်အောက်မှ လွတ်မြောက်ရေး တိုက်ပွဲအတွင်း တလျှောက်လုံးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရသည်သာမက ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့ကြသော သက်ရွယ်ကြီးရင့် သည့် ပုဂ္ဂိုလ်ကြီးများ ယခုအခါတွင် အနည်းအကျဉ်းမျှလောက်သာ ရှိကြတော့မည်ဖြစ်၏။ ကျွန်တော် သိရှိသလောက် ပုဂ္ဂိုလ်ကြီးများထဲတွင် ဘကြီးမှိုင်းနှင့် ဘကြီးဘဖေတို့သာ ရှိကြတော့၏။ ထို ပုဂ္ဂိုလ်ကြီးနှစ်ဦးသာ ကျန်ရှိတော့သည့်အနက် ရန်ကုန်ထောင် အပြင်ဘက်တွင် တိုင်းပြည်၏ ငြိမ်းချမ်းရေး အတွက် ဟို ပြေးဒီပြေးဆောင်ရွက်ရင်း ခဲပေါက်ခံနေရသော ဘကြီးမှိုင်းထက်စာလျှင် ရန်ကုန်ထောင်ကြီး အတွင်း၌ အငြိမ်းစားယူနေရသော ဘကြီးဘဖေသည် ထိုကဲ့သို့သော စာအုပ်များကို ရေးသားခြင်း ပြုရန် ပို၍ပင် အခွင့်အရေး ရနိုင်လိမ့်မည်ဟုထင်၏။


(၄)

လူတယောက်အဖြစ်နှင့်ကား ဘကြီးဘဖေသည် အလွန်တရာ သနားစရာ ကောင်းသော အဘိုးကြီးအိုတဦးမျှသာဖြစ်၏။ အသက် (၇ဝ) ပင်ကျော်လွန်၍ လာခဲ့လေပြီ။ (၇၄) နှစ်ဟု ကျွန်တော်ထင်၏။ ထိုအိုမင်းလှပြီဖြစ်သော အဘိုးကြီးအိုအား ကြိုးတိုက်ထဲသို့သွင်းကာ ကြိုးစင်နှင့် ချောက်လှန့်ခြင်းကို ပြုနေကြ၏။ မှားပါပြီဟု ဝန်ချတောင်းပန်မှ ချမ်းသာပေးမည်ဟု ပြောနေဆိုနေကြ၏။ ထိုကိစ္စသည် နိုင်ငံရေးကိစ္စမျှသာဖြစ်၍ ကျွန်တော်သည် တရားလိုနှင့် တရားခံတို့၏ အကြားတွင် ဘာမျှ ဝင်ရောက် စွက်ဖက်ပြောဆိုခြင်း မပြုလိုလှပေ။ တရားကို နတ်စောင့်ပါစေသတည်း ဟုသာ ရှေးလူများ ကဲ့သို့ အော်ဟစ်ဆုတောင်း ရုံမျှ ပြုနိုင်လိမ့်မည်ဖြစ်၏။
ဇရာကထောင်းနေပြီဖြစ်၍ ထိုအဘိုးကြီးအိုသည် ခါးပင်ကိုင်းလျက် တခေါင်းလုံးလည်း ဖွေးဖွေးဖြူ၍နေလေပြီ။ မျက်စိများ၌လည်း အလင်းရောင်သည် မရှိလှတော့။ ပါစက ဓာတ်အားသည်လည်း ဆုတ်ယုတ်နေပြီဖြစ်၍ အစာကိုလည်း စားသင့်သလောက် စားနိုင်ခြင်းကို မတွေ့ခဲ့ရ။ တို့ကာ သပ်ကာနှင့် တလုပ် တဆုပ်လောက်သာ စားနိုင်တော့၏။
ဘကြီးဘဖေသည် ဤကမ္ဘာမြေပြင်၌ သက်ရွယ်အိုမင်းကာမှ အထီးကျန် ရစ်နေခဲ့သော အဘိုးကြီးအိုဖြစ်၏။ သူ့ဇနီးသည်လည်း မရှိတော့၊ ကွယ်လွန် သွားလေပြီ။ သားနှစ်ယောက်တို့သည် လည်း သူ့အား ပြုစုစောင့်ရှောက်ကြရန် သူနှင့်အတူမရှိကြတော့၊ ကွယ်လွန်သွားကြချေပြီ။ ဘကြီးဘဖေ၌ သူ့အား ပြုစု စောင့်ရှောက်မည့် အခြားရင်းချာထဲက ဆွေမျိုးညာတိကာများလည်း ရှိတော့ ဟန်မတူ၊ သူ၏ တပည့်ကြီးဖြစ်သူ ဦးစံမြကသာ စောင့်ရှောက်နေ၏။ ဘကြီးဦးဘဖေအား ဖမ်းဆီးခြင်းမပြုမီကပင် ကောင်းစွာကျန်းမာလှသည်တော့ မဟုတ်ပေ။ ဒူးများ၊ လက်များနှင့်ခြေသလုံးများ မကြာခဏ ဖောရောင် တတ်၏။ တခါ တခါ ရောဂါထ ဖောလာရောင်လာလျှင် အဘိုးအိုသည် အလူးအလိမ့်ခံရ၏။
ရန်ကုန်ထောင်ကြီးသို့ ဘကြီးဘဖေအား ဖမ်းဆီးပို့ဆောင်လိုက်ပြီးနောက်၊ အနေအထိုင်က ကျဉ်းကျပ်ဆင်းရဲလှသဖြင့် ဘကြီး၏ ဒူးနာသော ရောဂါသည် မကြာခဏဖြစ်ပွား၏။ ရန်ကုန်ထောင်ဆေးရုံ၌ကား ဆေးကောင်းဝါးကောင်းများ မရှိလှပေ။ ငယ်ရွယ်၍ သင်ခါစ သမားကလေး များသာ ရှိ၏။
ကျွန်တော် ရန်ကုန်ထောင်မှ မလွတ်မီကလေးတွင် ဘကြီးဘဖေ၏ ရောဂါတော်တော်ဆိုးဝါး လာသည်ကို တွေ့မြင်ခဲ့ရ၏။ ဒူး၊ ခြေသလုံးနှင့် လက်များသာလျှင် မကတော့ဘဲ တကိုယ်လုံးလိုလို ဖောရောင်လာ၏။ ရောဂါက ပြင်းပြင်းထန်ထန် နှိပ်စက်သဖြင့် အဘိုးကြီးအိုသည် အတော်ပင်ခံရ၏။ သုံးလေးရက်မျှ အိပ်၍မရ၊ ဘာမှလည်း မျိုချ၍ မရ၊ ရောဂါက ပြင်းထန်နေရသည့်အထဲ အအိပ်ကလည်း ပျက်၍ အစားကလည်း မဝင်တော့သဖြင့် ဤအဘိုးကြီးသည် ယခု တခေါက် ရန်ကုန်ထောင် အုတ်ရိုးကြီးကို ကျော်ထွက်နိုင် ပါတော့မည်လားဟု ကျွန်တော်သည် စိုးရိမ်ခဲ့မိ၏။ ဤကဲ့သို့ အဘိုးကြီးအို၏ ရောဂါအခြေအနေ ဆိုးဝါးပြင်းထန်၍ စိုးရိမ်နေရသည့်အချိန်တွင် ရန်ကုန် ထောင်ဆရာဝန် ကလေးများကလည်း ဘာမျှ မပြုလုပ်ပေးနိုင်ကြသဖြင့် သမားကောင်းများ ပေါများ၍ ဆေးဝါးကရိယာ လည်း စုံလင်သော ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်၍ ကုသပေးရန် ထောင်အာဏာပိုင်များကို တိုက်တွန်းပြောဆိုကြ၏။ ထောင်အာဏာ ပိုင်များကလည်း ၎င်းတို့ပါ တာဝန်မကင်းဖြစ်နေကြမည့် အရေးကို စဉ်းစားမိ၍ သက်ဆိုင်ရာအကြီးအကဲများကို အစီရင်ခံကြသည်ဟုလည်း ကြားသိရ၏။
သို့ရာတွင် (၇) ရက်တပတ်ခန့်မျှ သေမလောက်ဖြစ်နေသော အဘိုးကြီးအို အား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကာ ကုသခြင်းပြုရမည့်အရေးနှင့် ပတ်သက်၍ ဘာမျှလည်း မကြားရ၊ အကြောင်းလည်း မထူးပေ။ ဤကဲ့သို့ ရန်ကုန် ဆေးရုံကြီးကိုလည်း မပို့ပေးဘဲ ကြိုးတိုက်အတွင်း၌ ဘကြီးဘဖေ၏ ရောဂါ ပြင်းထန်နေသော တနံနက်ခင်းက အိပ်ဆောင်တံခါးများကို သော့ဖွင့်ပေးလျှင် ပေးချင်း ကျွန်တော်သည် မျက်နှာကိုသစ်၍ ကော်ဖီကိုပင်လျှင် သောက်မနေနိုင်အားဘဲ ကြိုးတိုက် ဖက်ကို ပြေးလာခဲ့၏။
အိပ်ဆောင်များ ဖွင့်ခါစဖြစ်၍ ကြိုးတိုက်တခုလုံးတိတ်ဆိတ်နေ၏။ ထို့ကြောင့် ဘကြီးဘဖေများ အိပ်ရ၍ အိပ်ပျော်နေမည်လားဟု သိလိုဇောဖြင့် ကျွန်တော်သည် အခန်းတွင်းသို့ ခြေဖျားထောက်၍ ဖြည်းညင်းစွာ ဝင်ကြည့်မိ၏။ ထိုသို့ဝင်ကြည့်လိုက်စဉ် အခန်းတံခါးဝ၌ ကျွန်တော်၏ ခြေလှမ်းများသည် အကြောဆိုင်းသွားသကဲ့သို့ ရုတ်တရက် ရပ်တန့်၍ သွားကြ၏။ အဘယ့်ကြောင့်ဆိုသော် မနေ့ညက တညလုံးအိပ်စက်ခဲ့ရဟန်မရှိသော ထိုအဘိုးကြီးအိုသည် သူ၏ကုတင်ပေါ်တွင် စောင်ခြုံကာ ငုတ်တုတ်ကြီးထိုင်လျက် သူ၏ ကုတင်ဘေးရှိ စာရေးစာပွဲကလေးပေါ်တွင် အမြတ်တနိုးထားရှိသော ကြီးတော် ဒေါ်ဖွားမှီ၏ ဓာတ်ပုံကြီးကို ကလေးသူငယ်တယောက်ကဲ့သို့ ငေးမောကြည့်ရှု နေသည်ကို ရုတ်တရက် တွေ့မြင်လိုက် ရသောကြောင့်ဖြစ်၏။
ကျွန်တော်သည် ဘကြီးဘဖေ၏ အခန်းတံခါးဝ၌ ရပ်ကာ အတန်ကြာမျှ ငြိမ်သက်စွာ ကြည့်ရှုနေမိ၏။ ထိုသို့ ငြိမ်သက်စွာ ကြည့်ရှုနေမိစဉ် ဟိုလွန်လေ ပြီးသော နှစ်ပေါင်းအစိတ်ခန့်လောက် ဒိုင်အာခီခေတ် အော်နာရေ သစ်တောရေး ဝန်ကြီးဘဝနှင့်တုန်းက သင်္ဘောဆိပ်တွင် စီတန်းကြိုဆို ရသော ကျောင်းသားတန်းကြီးထဲမှနေ၍ ကျွန်တော်တွေ့မြင်လိုက်ခဲ့ရသော ဦးဘဖေနှင့် ဒေါ်ဖွားမှီတို့ ဇနီးမောင်နှံ ဘဝနှင့် ယခုရန်ကုန်ထောင်ကြီး၏ ကြိုးတိုက်အတွင်း၌ ကျွန်တော် တွေ့မြင်နေရသော ဘကြီးဘဖေတို့၏ ဇနီးမောင်နှံဘဝတို့ကို နှိုင်းယှဉ်စဉ်းစား နေမိပါသတည်း။


ဗန်းမောင်တင်အောင်
ရှုမဝမဂ္ဂဇင်း
(ထုတ်ဝေသည့်ခုနှစ်နှင့် လ မသိရ)

No comments: