Sunday, September 21, 2008

လွမ်းရစ်တော့သက်လှယ်ရယ် (၁၉၄၉ ခု၊ ဒီဇင်ဘာလ)


{ပြည်သူ့လွတ်မြောက်ရေး မျှော်မှန်းချက်နှင့်၊
ဖက်ဆစ် အဓမ္မ စနစ်ဆိုးကြီးအား
ခုခံကာကွယ်တိုက်ခိုက်ရင်း
ကျဆုံးခဲ့ရရှာသော
ပြည်သူ့လွတ်မြောက်ရေး စစ်သည်တော်များအား
အစဉ်အမှတ်ရစိမ့်သောငှာ
ဤစာအုပ်ကိုရေးသည်။}


တင်အောင်။
၁၉၄၉ ခု၊ ဒီဇင်ဘာလအတွင်း၊ ရှုမ၀စာအုပ်တိုက်မှ၊ ပထမအကြိမ်၊ ပုံနှိပ်ထုတ်ဝေသည်။




စာရေးသူ၏၀န်ခံချက်

(၁)
မုတ်သုန်ဦး..... ၁၉၄၈။
ပဲခူးရိုးမ၏ မုတ်သုန်တောနှင့်တောင်သည် စိမ်းစိုညို့မှိုင်းနေသည်။ ချောင်းဖျားတွင် မိုးရွာနေသဖြင့် ခပ်လှမ်းလှမ်းမှ န၀င်းချောင်းရေ တဝေါဝေါစီးနေသံကို ကြားရပေသည်။ သင်းသတ်ထားသော ကျွန်းပင်ရင်းဝယ် သစ်ခုတ်သမားများနှင့် ရပ်နေမိသည်။ ရင်ခေါင်းလုံး ပတ် ရှစ်ပေခန့်ရှိမည်။ အမြင့်ပေ ငါးဆယ်ထက် လျော့နည်းမည်မှာ မဟုတ်ဟု ခန့်မှန်းရပေ သည်။
ကျွန်းပင်ကြီးကို လှဲ-ဖြတ်ပိုင်းပေး- ဖြတ်ပြီးတော့ န၀င်းချောင်းမကြီးထဲသို့ ဆင်နှင့်ဆွဲချ။ ဧရာဝတီမြစ်ရောက်၊ ဖောင်ဖွဲ့၊ ရန်ကုန်ပို့။ သစ်စက်တွင်ခွဲ-အိန္ဒိယကိုဖြစ်စေ- အင်္ဂလန်ကိုဖြစ်စေ ရောင်းလိုက်ရရင်တော့.. စိတ်ကူးယဉ်မိသည်။ ဗမာ့ကျွန်းသစ်ကို တကမ္ဘာလုံးမှ အော်၍အော်၍ တောင်းနေကြသည်။
ခုနှစ်ရာ-ရှစ်ရာ-ကိုးရာ-တထောင်- တတန်ကို ပေးပါမည်-တဲ့။ ဘယ်လောက်များ ဟန်ကျလိုက်သလဲ- ပြန်လည်ထူထောင်ရေးလေ....။
ထိုစဉ် အဆက်မပြတ် ပစ်ခတ်လိုက်သော သေနတ်သံများကို နားကွဲလုမတတ် ကြားလိုက်ရပေသည်။
တတောလုံး တတောင်လုံး ဟိန်းသွားသည်။
"ဘုရား....ဘုရား..."
ပဲ့တင်သံက ပြန်၍ ထပ်လာလေသည်။
"အလို.... ဘာသံများပါလိမ့်.." ကျွန်းပင်ရင်းမှ ငြိမ်သက်စွာ နားစွင့်လိုက်မိပေသည်။
"ပြည်သူ့ဒီမိုကရေစီ.."
"ဒီမိုကရေစီသစ်..."
"ပြီးတော့... ဘ၀သစ်တော်လှန်ရေးပါ.... တဲ့....."
သေနတ်ပြောင်းဝ ယမ်းငွေ့များအကြားမှ သည်အသံများကို ကြားလိုက်ရပေသည်။ သူတို့ သည်လဲ "ပြည်သူ့ဒီမိုကရေစီ သို့မဟုတ် ဒီမိုကရေစီသစ်" အတွက် ဘ၀သစ် တော်လှန်ရေးကို ပြုလုပ်လာကြသည်။ သူတို့သည် သူတို့၏ ယုံကြည်ချက်ကို သရုပ်ဆောင်နိုင် ရန် တောကြီး တောင်ကြီးထဲမှာ ခိုအောင်းလာကြသည်။
ကျွန်းပင်အောက်မှ ထွက်လာခဲ့ရပေပြီ။
"ခုမှပင် ဘ၀သစ်၏တော်လှန်ရေးသည် စခဲ့ပေပြီတကား...."

(၂)
တရားဟောစင်မြင့်ပေါ်မှာ လူတယောက်က စကားပြောလျက် ရှိပေသည်။ စကားပြော ကောင်းပုံလည်း ရပေသည်။ ထိုသူသည်- သည်လိုကွင်းပြင်ထဲက စင်မြင့်ပေါ်မှာ စကားပြော နေမည့်အစား ဒေးကာနယ်ဂျီတို့လို တရားဟောဆရာကြီး လုပ်စားမည်ဆိုလျှင် သူ့အဖို့ရော၊ တခြားသူများအတွက်ရော ဘယ်လောက်များ ကောင်းမလဲဘဲ.....။
သို့ရာတွင် သူ့ရှေ့တည့်တည့်မှ လူထုကြီးသည် သူပြောသမျှကို ပျင်းရိပင်ပန်းစွာ နားထောင်နေကြပုံပင် ထင်ရပေသည်။ မိန်းမကြီးနှစ်ယောက်သည် နို့ဆီသကြားရှားသည်မှ အစ ကြက်သားတပိဿာ ၁၀ိ ဖြစ်နေကြသည့်အကြောင်းကို ညည်းညူနေကြသည်။
"သင်္ကြန်အမြောက်ကြီးပါကွာ....." ဟု နောက်ပိုင်းမှ လူရွယ်သုံးလေးယောက်သည် အခြင်းခြင်း တီးတိုးပြောဆိုရင်း ခပ်အုပ်အုပ်ကလေး ရီမောနေကြသည်။
သို့ရာတွင် သူတို့အားလုံးသည် စင်မြင့်ပေါ်ကလူကို စိတ်ပျက်သည်မှအပ ဘာမျှတော့ မပြော။
လူထုကြီးထဲ တိုးဝင်လိုက်သည်။ ငြိမ်သက်စွာ နားစွင့်မိလိုက်သည်။
"ငြိမ်းချမ်းစွာ ရရှိခဲ့တဲ့ လွတ်လပ်ရေးကို ထိမ်းသိမ်းကြပါ...."
"ဒီမိုကရေစီရဲ့ စည်းဝိုင်းအတွင်းကို ၀င်ကြပါ..."
စင်မြင့်ပေါ်မှလူက ခရားမှရေလွှတ်သလို အဆက်မပြတ် ပြောဆိုသွားပေသည်။ သူစကားပြောပုံမှာ အရည်ရွှမ်း၍ စိတ်ဝင်စားဖွယ်ရာ ကောင်းပါသည်။
"ကဲ... ကဲ.. ဒါလောက်တောင် ခေါ်နေတဲ့ ဒီမိုကရေစီ စည်းဝိုင်ကြီးထဲ ၀င်ပြီးတော့ ကြည့်လိုက်စမ်းကြရအောင်ဗျာ.."
"ဟင်.... ထောင်တွေ ရှိရှိသမျှမှာလဲ လူတွေ ပြည့်ကြပ်နေပါပကောလား... ရာဇ၀တ်မှု တွေက ဒါလောက်တောင် များသလားဗျာ.. ဘာဗျ..... သြ ပုဒ်မ ငါးတဲ့လား...."
"အော်..သတင်းစာတိုက်တွေကို အာမခံတောင်းသတဲ့လား ဟင်.... စက်တွေလဲ သိမ်းပြီး အယ်ဒီတာတွေလဲ ဘမ်းထားသေးတယ်... ဘုရားရေ... ဒါနဲ့မပြီးသေးဘဲ.. သတင်းစာတိုက်တွေကို လူမိုက်တွေငှားပြီး၊ ပုဆိန်တွေနဲ့ ၀င်ရိုက်ချိုးကြသတဲ့လား... ဘုရားဘုရား- ဒီမိုကရေစီကို ဘုရားကယ်ပါ...."
"ပီးတော့.. ပြည်သူလူထုရဲ့ ငွေတွေကိုလဲ အရမ်းဘုံးနေကြသတဲ့လား..ခင်ဗျာ.."
"အို ဒါတွေတင်မကသေးဘူးလားဗျာ...."
"ဥပဒေနှစ်မျိုးတဲ့လားဗျာ.. သြော် သူတို့အထဲက လူတွေအတွက်က တမျိုးတဲ့လား...."
"နို့ ဘယ်မှာလဲဗျ ဒီမိုကရေစီဆိုတာ.. စင်မြင့်ပေါ်က စကားပြောကောင်းသူရယ်.."
"ဒီမိုကရေစီ........" ပါတဲ့.....
စင်မြင့်ပေါ်မှ လူကတော့ ဒီမိုကရေစီ စည်းဝိုင်းအတွင်းကိုသာ ဘိတ်ခေါ်လျက် ရှိပေ သည်။

(၃)
စာရေးသူ၌ ရိုးသားသော ယုံကြည်မှုတခု ရှိပေသည်။ ထိုယုံကြည်မှုကို ၀န်ခံလိုပေ သည်။
လူသည် အသက်ရှင်နေဘို့ ဖြစ်သည်။ သို့ရာတွင် လူသည်အသက်ရှင်နေနိုင်ဘို့ သူ၏ ၀မ်းမီးအတွက် အလုပ်လုပ်ရပေလိမ့်မည်။ အလုပ်မလုပ်ဘဲ တခြားသူအများဘဲ ဖြစ်စေ၊ တယောက်ဘဲဖြစ်စေ၏ လုပ်အားအပေါ်တွင် အသက်ရှင်သူသည် အပေါင်းအသင်း မလုပ်အပ်ဘဲ ၀ိုင်းပယ်ထားသင့်သော လူညစ်ပတ်တယောက်သာ ဖြစ်သင့်ပေသည်။ (အိုမင်းသောသူ၊ နာမကျန်းသူ၊ သုတေသီ၊ အရွယ်မရောက်သေးသော ခလေးစသည်တို့ကို ချွင်းချက်ထားသည်) စာရေးသူ၌ ထိုယုံကြည်မှု ရှိခဲ့ပေသည်။
အလုပ်သမား လယ်သမားသည် စက်ရုံနှင့် လယ်ကွင်းပြင်များမှာသူတို့အလုပ်ကို လုပ်၍ စစ်သားသည် သေနတ်ကိုကိုင်ကာ ပြည်သူ့ကာကွယ်မှုတာဝန်ကို ထမ်းဆောင်ရမည်။
ပညာတတ်သုတေသီက သဘာဝ၏လျှိ့ဝှက်သော့ကို ရှာဖွေနေစဉ်၊ သတင်းစာဆရာ သည် မှန်ကန်သောသတင်းများကို ပြည်သူလူထုဆီသို့ ရဲဝံ့စွာ ပို့ဆောင်ရပေမည်။
သြ.... ကျန်သေးသည်။
နိုင်ငံရေးသမားသည် နိုင်ငရေးကို လုပ်ရပေဦးမည်။
သို့ရာတွင် တခုတော့ရှိသည်။
လူသည် မိမိအလုပ်၌ ရိုးဖြောင့်သော ယုံကြည်မှု ရှိရပေလိမ့်မည်။ မိမိအလုပ်ကို သစ္စာရှိရပေလိမ့်မည်။ သို့မှသာ လူသည် အလုပ်လုပ်၍ အသက်ရှင်ခွင့်ကို ရပေမည်။
တောထဲ တောင်ကြားများမှာ သစ်လုပ်ငန်းကို မလုပ်ကိုင်နိုင်သောအခါ အသက်ရှင် နေနိုင်ဘို့အတွက် အလုပ်တခုခုကို ရှာရပေသည်။
မိမိမြတ်နိုးသော စာရေးဆရာအလုပ်ကို တောင်းခံဘို့ စဉ်းစားမိလာသည်။ စာရေး ၀ါသနာပါခဲ့သော လူငယ်တယောက်အနေဖြင့် "ဘုန်းမောင်တယောက်ထဲရယ်" ၀တ္ထုကို ၁၉၄၇ ခုနှစ်လောက်က ရေးစမ်းခဲ့ဘူးသဖြင့် မိမိကိုယ်ကိုတော့ စာရေးဆရာတယောက် ဖြစ်လာနိုင် ကောင်းရဲ့ဟု ယုံကြည်မှုရှိခဲ့ပေသည်။ ပြီးတော့ စာရေးဆရာ သတင်းစာဆရာ ဘ၀များကိုလဲ မြတ်နိုးမိခဲ့သည်။ သို့ရာတွင် အင်မတန် ဆင်းရဲကြောင်းကိုလဲ သိရှိထားပါသည်။
စာရေးသူ၏ ပထမရေးသော "ဘုန်းမောင်တယောက်ထဲရယ်" မှာ ၁၉၂၀ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဗမာပြည်၏ (Struggle) လူးလွန့်ရုန်းကန်မှုကို သရုပ်ဆောင်ထားသော ၀တ္ထုတပုဒ် ဖြစ်ပေသည်။ သရုပ်ဆောင်ထားပုံမှာလည်း အကြမ်းပျင်းနိုင်လှပေသည်။ ပထမအကြိမ် ကျိုးပမ်းမှု......။
ဤ- ဒုတိယရေးသော "လွမ်းရစ်တော့သက်လှယ်ရယ်" မှာ ဗမာပြည်၏ လူးလွန့် ရုန်းကန်မှု၏ အမြင့်ဆုံးတောင်ထိပ်ပေါ်တွင် မှားလိုက်ခဲ့ကြသော အမှားကြီးတခုကို သရုပ်ဖော် ထားသော ၀တ္ထုတပုဒ် ဖြစ်ပေသည်။ ထိုအမှား၏ ပေးအပ်သောဒဏ်ကို ဗမာပြည်ယနေ့ ခံစားနေရ ပါပြီ။
"နှေင်းသော နောင်တရခြင်းသည် လမ်းမှန်ကို ပြန်ရောက်ခဲ့သော်လဲ လမ်းမှန်သော နောင်တရခြင်းသည်တော့ မနှောင်းလှသေးပါ" ဟူသော ဆောင်ပုဒ်ကို ပေးခြင်း ဖြစ်ပါသည်။
ဤ "လွမ်းရစ်တော့သက်လှယ်ရယ်" ၀တ္ထုအား ဘတ်ရှု၍ အသီးသီးသော ထင်မြင်ချက်များကို ပေးခဲ့ကြသော ဒဂုန်တာရာ၊ မောင်စည်သူ၊ သန်းဆွေ၊ ငွေဥဒေါင်းနှင် ပေါက်ခေါင်းမှ ဒေါက်တာသိမ်းမောင်တို့အား ကျေးဇူးဥပကာရ တင်ရှိကြောင်းကို အခွင့်အရေး ယူ ဘော်ပြအပ်သည်ဟုလဲ ထင်မြင်မိပေသည်။

တင်အောင်။
ရန်ကုန်။
၃၀-၁၀-၁၉၄၈။

No comments: