Monday, November 24, 2014

ဆင်သွားလမ်းကိုဖောက်ခဲ့ကြတယ် - ရေးသူ ဖိုးသံ(လူထု)

{ဒီအပတ် အလင်းတန်းဂျာနယ် မှာဖော်ပြတဲ့ ကိုဖိုးသံ ဆောင်းပါးကို စာရေးသူ ထံမှ ရရှိလို့ ဖော်ပြလိုက်ပါတယ်။ အလင်းတန်းဂျာနယ်အနေနဲ့ နားလည်ပေးပါ။ ခွင့်ပြုပါ ခင်ဗျာ။


ဆင်သွားလမ်းကိုဖောက်ခဲ့ကြတယ်



            ၁၉၆၅ခုနှစ်မှာထင်ပါတယ်။

            အနှစ်ငါးဆယ်တင်းတင်းပြည့်ပြီပေါ့။

            အထက်ဗမာနိုင်ငံစာရေးဆရာအသင်းက မန္တလေးကျုံးအနောက်ဖက်ဓမ္မဗိမာန်မှာ စာဆိုတော်နေ့စာပေဟောပြော ပွဲလုပ်တော့ “ဗမာစာအရေးအသားသစ်”ဆိုတဲ့စာတန်းကို ဖတ်ကြားခဲ့ပါတယ်။ စာတန်းရဲ့အဓိကဆိုလိုရင်း အဓိပ္ပာယ် ကတော့ အဲဒီအခါတုန်းက ဗမာစာကိုရေးသားကြတာမှာ ရှေးတုန်းကလိုပဲ‘၏’ ၊ ‘သည်’ စတာတွေနဲ့ရေးနေကြ တာကို ခေတ်လူတွေပြောဆိုသုံးနှုန်းနေကြတဲ့‘တယ်’၊ ‘မယ်’စတာတွေနဲ့ပြောင်းရေးသင့်တယ်လို့ တင်ပြလိုက်တာ ပါပဲ။ သိမှီသူတွေအားလုံးမှတ်မိကြပါလိမ့်မယ်။ ဒီစာတမ်းကို လူထုသတင်းစာထဲမှာလည်းဖော်ပြလိုက်တော့ ချက်ခြင်း ဆိုသလိုပဲ ဗမာစာပေလောကတခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားခဲ့ပါတယ်။ စာတန်းဖတ်ပွဲမှာစာတမ်းကို ဖတ်ကြား သူက (ဦး)မောင်သာနိုးပါ။ သူကစာတမ်းဖတ်သူဖြစ်ပေမဲ့ တကယ်ကအဲဒီစာတမ်းကို ကျွန်တော့်မိဘများ အပါအ၀င် အထက်ဗမာနိုင်ငံစာရေး ဆရာအသင်းက အမှုဆောင်အဖွဲ့ဝင်တွေအားလုံး ဆွေးနွေးကြပြီးဖြစ်ပါတယ်။ ဒီစာတမ်းကို အဲဒီတုန်းကမန္တလေးတက္ကသိုလ်မှာ ပါမောက္ခချုပ်လုပ်နေတဲ့ ဆရာဦးကျော်ရင်က “ဆင်သွားရင်လမ်းဖြစ်တယ်”ဆိုတဲ့ စကားပုံနဲ့ထောက်ခံလိုက်တော့ ဂယက်ဟာပိုတောင်ကြီးသွားပါတယ်။ သူ့လိုပဲ အဲဒီတုန်းက ဒီစာတမ်းကို တက်တက် ကြွကြွအားပေးထောက်ခံသူ နောက်တစ်ယောက်ကတော့ သမိုင်းပါမောက္ခဆရာဒေါက်တာသန်းထွန်းပဲဖြစ်ပါတယ်။ အဲဒီ အချိန်တုန်းက ဆရာဟာဆောင်းပါးတွေမပြတ်ရေးနေပြီး သူ့ဆောင်းပါးတွေထဲမှာ ပြောစကား အရေးအသားနဲ့ချည်း ရေးပါ တော့တယ်။ ဒါကြောင့်နောင်မှာ ဒီစာတမ်းပါအယူအဆကိုမနှစ်သက်သူတွေက မန္တလေးသား မဟုတ်သူတွေ ဝင်လုပ်တာ ဆိုတာမျိုးရေးကြ၊ ပြောကြတာရှိခဲ့ပါတယ်။

            အဲဒီတုန်းက ဒီအယူအဆကိုဆန့်ကျင်သူတော်တော်များများဟာ ဒေသစွဲတွေပါနေတာသတိပြုမိပါတယ်။ အဲဒီခေတ် က မီဒီယာ ၉၀%ကျော်လောက်ဟာ ရန်ကုန်မှာပဲရှိနေတာဆိုတော့ အထက်ဗမာနိုင်ငံစာရေးဆရာအသင်းကိုရော၊ လူပုဂ္ဂိုလ်တွေကိုပါ ဆောင်းပါးတွေ၊ ကာတွန်းတွေနဲ့အပြတ်ဆန့်ကျင်ကြ (တချို့ဆိုရင်လှောင်ပြောင်သရော်၊ အပုပ်ချကြ) ပါတယ်။ အဲဒီနောက် အဲဒီစာတမ်းအပါ တချိန်တည်းဖတ်ကြားခဲ့တဲ့ စာတမ်းတွေကိုစုပြီး ဗမာစာပေအရေးအသားသစ်နဲ့ အခြားစာတမ်းများ ဆိုတဲ့စာအုပ်(စာအုပ်မည်နည်းနည်းလွဲချင်လွဲပါလိမ့်မယ်)ကို လူထုတိုက်ကစုပေါင်းပြီးရိုက်ထုတ်တော့ ကျွန်တော်ကစာအုပ်အဖုံးကို ဆွဲရပါတယ်။

            ဒီအချိန်မှာကျွန်တော်တို့အိမ်မှာကြုံတွေ့ရတဲ့လက်တွေ့ပြဿက ကိုယ်တိုင်ကနေ့စဉ်သတင်းစာထုတ်နေရတာပါပဲ။ သတင်းစာထဲမှာသတင်းတွေနဲ့ ရေးနေကျဆောင်းပါးတွေကို ဘယ်လိုပုံစံနဲ့ရေးမလဲဆိုတာစဉ်းစားစရာဖြစ်လာပါတယ်။ ဒီလိုနဲ့ သတင်းအရေးအသားနဲ့ခေါင်းကြီးပိုင်းကို မူလအတိုင်းပဲရေးသားဖော်ပြပါတယ်။ အဖေကသူ့သောင်းပြောင်းထွေလာ ဆောင်းပါးတွေကို‘တယ်’-‘မယ်’နဲ့ရေးပါတယ်။ အမေကတော့ သူ့ရဲ့လှုပ်ရှားနေသောကမ္ဘာ့ရေးရာအခန်းကို ‘၏- သည်’နဲ့ပဲဆက်ရေးပါတယ်။ ဘာပဲဖြစ်ဖြစ်အပြောတော့မလွတ်ပါဘူး။

            ကျွန်တော်မှတ်မိသလောက်ဆိုရင် အဲဒီတုန်းကဗမာစာပေလောကမှာ အားလုံးအသိအမှတ်ပြုထားကြတဲ့ ဆရာ့ ဆရာကြီးတွေက ဒီကိစ္စကိုမှတ်ချက်မပေးကြပါဘူး။ စောင့်ကြည့်လိုကြတယ်လို့ထင်ပါတယ်။ ‘၏-သည်အရေးအသားနဲ့
            အဲဒီနောက်ကျွန်တော်ထောင်ထဲကိုရောက်သွားတော့ အဲဒီကိစ္စကိုကျွန်တော်မျက်ခြေပြတ်သွားပါတယ်။ ကျွန်တော် တို့အချင်းချင်းတခါတလေ စကားစပ်မိရင်တော့ ဒီဗမာစာအရေးအသားသစ်ဆိုတာကို အားလုံးလိုလိုကပဲ သဘောတူ ထောက်ခံကြတာကို သတိထားမိပါတယ်။ တချိန်တည်းမှာ ‘၏-သည်’ရေးတာကိုလည်း မဆန့်ကျင်ကြောင်း ဖော်ပြ ကြပါတယ်။ မန္တလေးထောင်ထဲမှာနေတုန်းက အိမ်သာသုံးဖို့အတွက် ထောင်ဗူးဝကဖတ်ပြီးတဲ့ သတင်းစာတွေကို ကတ်ကြေးနဲ့ဖြတ်ပြီး ကျွန်တော်တို့ထိန်းသိမ်းခံတွေကို ဖတ်ဖို့ပေးပါတယ်။ အဲဒီသတင်းစာအတိုအစတွေကို ကျွန်တော်တို့ က ပြန်စဉ်ပြီးထမင်းလုံးနဲ့ကပ်လိုက်တော့ သတင်းစာလိုဖတ်လို့ရပါတယ်။ အဲဒီလိုဖတ်ရတဲ့သတင်းစာတွေထဲမှာ တခါ တလေ ဒီကိစ္စအကြောင်းပြောကြရေးကြတုန်းပဲဆိုတာ သတိထားမိပါတယ်။ ဒီလိုနဲ့ ၁၉၆၇ခုနှစ်ထဲမှာထင်ပါရဲ့ အိမ်ကပို့ လာတဲ့စာအုပ်တွေအထဲမှာ အမေ့ရဲ့“အောင်ဗလ-ဖိုးစိန်-စိန်ကတုံး”စာအုပ်ကြီးပါလာပါတယ်။ အဲဒီစာအုပ်မှာတော့ အမေက‘တယ်’-‘မယ်’နဲ့ပဲအပြတ်ရေးတော့တာပါ။ ဒိအရင်ကထုတ်တဲ့အမေ့ရဲ့ “ပြည်သူချစ်သော အနုပညာ သည်များ” စာအုပ်မှာတော့ အမေက‘၏-သည်’နဲ့ပဲရေးခဲ့ပါတယ်။ ဒီလိုစကားပြောအရေးအသားနဲ့ရေးတော့ အမေ့ရဲ့ အရေးအသားပြောင်မြောက်မှုနဲ့ မြန်မာဘာသာစကားအသုံးအနှုန်းပေါကြွယ်မှုတို့ဟာ ကခုန်ပြီးထွက်လာသလို ဖတ်ရ ပါတယ်။ မကြာပါဘူး။ ဒီလိုရေးနည်းကို သဘောမကျကြောင်းဖော်ပြလေ့ရှိတဲ့ ဦးကြီးမောင် (အဖေနဲ့အမေတို့ကသူ့ကို ကိုကြီးမောင်လို့ ခေါ်ပါတယ်)ရဲ့ စာကြေးမုံအခန်းမှာ အမေ့ရဲ့ဒီစာအုပ်ကိုဝေဖန်ချက်ရေးသားတော့ သူက “ဆင်မကြီး တစ်ကောင်ထောင်ထောင်-ထောင်ထောင်နဲ့ထွက်လာတယ်”လို့မှတ်ချက်ပြုပါတယ်။ သူဘယ်လိုအဓိပ္ပာယ်နဲ့ဒီလိုရေးတယ် ဆိုတာကို အခုအထိ ကျွန်တော့်ခေါင်းထဲမှာမရှင်းပါဘူး။ ဒါပေမဲ့ အသိအမှတ်ပြုရာတော့ရောက်တယ်လို့ ထင်မိပါတယ်။

            ဒီလိုနဲ့ ကိုကိုးကျွန်းပေါ်ကိုရောက်တော့ ကျွန်တော့်အရင်ထောင်ထဲကိုရောက်သူတွေအထဲက စိတ်ဝင်စားသူတွေက ကျွန်တော့်ကိုဒီအယူအဆအကြောင်းမေးကြလို့ ကျွန်တော်နားလည်သမျှပြောပြရပါတယ်။ ကျွန်တော်နဲ့ပါသွားတဲ့ အမေ့ “အောင်ဗလ-ဖိုးစိန်-စိန်ကတုံး”စာအုပ်ကိုလည်းပေးဖတ်ပါတယ်။ အဲဒီနောက် ကျွန်းပေါ်မှာမဂ္ဂဇင်းနှစ်ကြိမ်ထုတ်တော့ ကျွန်တော်က‘တယ်’- ‘မယ်’နဲ့ဆောင်းပါးရေးပါတယ်။ မှတ်မှတ်ရရ ကိုအုန်းမြင့်လှိုင်နဲ့ ကဗျာဆရာမောင်လေးမွန်၊ ကိုကြည်မောင်ညွန့်တို့က ကျွန်တော့်ဆောင်းပါးဖတ်ပြီး ခင်ဗျားရေးတာ မန္တလေးလေအစစ်ပဲဗျာလို့ ထောပနာပြုပါတယ်။ တချို့ရဲဘော်တွေကလည်း ကိုယ့်လောကထဲမှာ ပထမဆုံးတွေ့ရတဲ့ ‘တယ်’- ‘မယ်’အရေးအသားရယ်လို့ အသိ အမှတ်ပြုခဲ့ကြပါတယ်။

            ၂ဝရာစုနှစ်အကုန်ပိုင်းကိုရောက်တဲ့အခါကျတော့ ကျွန်တော်တရုတ်ပြည်ထဲကိုရောက်ပါတယ်။ ရောက်ပြီးမကြာခင်ပဲ အင်တာနက်ပေါ်လာတော့ ဦးလေးဦးသောင်း(စာရေးဆရာအောင်ဗလ)နဲ့ အဆက်အသွယ်ရပါတယ်။ သူနဲ့ကျွန်တော်နဲ့ အရင်ကလုံးဝမသိပါဘူး။ အရွယ်ချင်းကလည်းအလွန်ကွာပါတယ်။ သူကကျွန်တော့မိဘထက် ဆယ်နှစ်လောက်ပဲငယ် မှာပါ။ သူနဲ့သိတဲ့အချိန်ကျတော့ ကျွန်တော်တို့နှစ်ယောက်စလုံးဟာ ကတုတ်ကျင်းတစ်ခုထဲ ရောက်နေသလိုဖြစ်နေကြ ပါပြီ်။ တချိန်တုန်းကတော့ သူနဲ့သူတို့ရဲ့ကြေးမုံသတင်းစာက ဒီ“ဗမာစာအရေးအသားသစ်”စာတမ်းကိုအတော် ဆန့် ကျင်ခဲ့ကြဖူးတယ်လို့ ကျွန်တော့်ခေါင်းထဲမှာစွဲနေပါတယ်။ ဒါပေမဲ့ အဲဒီတုန်းကထိုင်းကနေထုတ်နေတဲ့ ‘လွတ်မြောက် ရေး’ အပတ်စဉ်ဂျာနယ်ထဲမှာ ကျွန်တော်ရေးတဲ့ “ယာတောကသာဗြောရဲ့အဝေးကဆောင်းပါတစ်စောင်” ဆောင်းပါး တွေကိုဖတ်ပြီးသူက မိဘခြေရာကိုနင်းနိုင်သူပါလို့ ကျွန်တော့်ဆီကိုအီးမေးလ်ပို့ပြီးချီးမွမ်းပါတယ်။ သူလိုပုဂ္ဂိုလ်ကြီးက ဒီလို ပြောတာခံရတော့ ကျွန်တော့်မှာ ၀မ်းသာလိုက်တာ မပြောပါနဲ့တော့။

            ဦးလေးဦးသောင်းက ၂၀၀၈ခုနှစ်မှာဆုံးတာဆိုတော့ သူမဆုံးမီတစ်နှစ်၊ နှစ်နှစ်လောက်ကထင်ပါတယ်၊ သူက သူ့ဆောင်းပါးတစ်ပုဒ်ထဲမှာ အဲဒီအရေးအသားသစ်အကြောင်းကို သူတို့ဆန့်ကျင်ခဲ့ကြဘူးကြောင်း၊ ဒါပေမဲ့အခုတော့ လူတွေထဲမှာ ဒီအရေးအသားဟာကျသွားပြီ၊ တွင်ကျယ်သွားပြီဖြစ်ကြောင်းရေးခဲ့ပါတယ်။ စာသားအတိအကျတော့ ကျွန်တော်မမှတ်မိပါ။ သူ့ရဲ့ပြည့်ဝမှုပဲလို့ အောက်မေ့လိုက်ပါတယ်။

            အခုပြန်စဉ်းစားလိုက်တော့ ဆရာဦးကျော်ရင်၊ ဒေါက်တာသန်းထွန်း၊ ကျွန်တော့်မိဘများ၊ ကိုစောလွင်၊ ကိုကြည်လင် (ကဗျာဆရာကြည်အောင်) စတဲ့ပုဂ္ဂိုလ်တွေမရှိကြတော့ပါဘူး။ ဒီစာတမ်းအကြောင်းကိုသေသေချာချာပြောနိုင်သူဆိုလို့ ကိုသာနိုးနဲ့ကိုဝင်းဖေ(မောင်စွမ်းရည်)တို့လောက်ကျန်မယ်ထင်ပါတယ်။ အဲဒီတုန်းက ကုလားထိုင်သယ်၊ ကားမောင်း လုပ် ခဲ့တဲ့ကျွန်တော်ကရေးတာဆိုတော့ ဟာကွက်တွေအများကြိးဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် အထိမ်းအမှတ်ပြုရာတော့ရောက်  လိမ့်မယ်ထင်ပါတယ်။

ဖိုးသံ(လူထု)


Monday, November 3, 2014

ထီ ထီ ထီ - ရေးသူ လူထုဒေါ်အမာ



ချဲ-ထီလို့ ခေါ်တဲ့ ၁၅ ရက်တကြိမ်ဖွင့် ထိုင်းထီဟာ မြန်မာနိုင်ငံထဲ ဝင်လာပြီး ထိုးတဲ့လူက ထိုးနေကြလို့ တချို့မြို့တွေမှာ ရဲက ဖမ်းဆီးအရေးယူနေတယ် ကြားတော့ ရှေးက ထီတော်ကို သတိရမိတယ်။

ထီတော်ဆိုတာ ဒီနိုင်ငံမှာ ပထမဆုံးပေါ်တဲ့ ထီ ဖြစ်ပြီး ရှင်ဘုရင်က ခွင့်ပြု ဖွင့်လှစ်စေတာမို့ ထီတော် ခေါ်တာပဲ။  ဖွင့်တာက မန္တလေးမှာ၊ ခွင့်ပြုတဲ့ ဘုရင်က သီပေါမင်းမို့ မန္တလေးမှာ အဲဒီ ထီတော်ရဲ့ အငွေ့အသက်တွေ ကျွန်မတို့ ငယ်ငယ်တုန်းက အများကြီး ရှိသေးတာပေါ့။  ကျွန်မတို့ အမေရဲ့ အမ အကြီးဆုံးနာမည်က မထီ တဲ့။  ထီတော်ဖွင့်တုန်းက မွေးလို့ မထီလို့ မှည့်တာ တဲ့။  ကျွန်မတို့ မိတ်ဆွေ အဒေါ်ကြီးတယောက်ကတော့ ဒေါ်တုတ်တဲ့။  ဘာလို့ ဒေါ်တုတ် မှည့်သလဲ ဆိုတော့ ထီသောင်းထုပ် ပေါက်လို့ ဝမ်းသာပြီး သူဌေးဖြစ်တဲ့ အမေက အဲဒီနှစ်မှာ သူ့ကို မွေးလို့ မသောင်းထုပ် လို့ မှည့်ခဲ့တာ၊ ထုပ်ဆိုတာ အခေါ်ခက်လို့ နောက်တော့ မသောင်းတုတ် ဖြစ်သွားတာလို့ ပြောပါတယ်။

ထီတော်ဖွင့်တုန်းက ရုံတော်ကြီးမှာ ကြိတ်ကြိတ်တိုး ထီထိုးကြပုံတွေ နောင်တော့ လူတွေ အလွန်အမင်း ပျက်စီးလာလို့ ထီကို ပိတ်ပစ်လိုက်ရပုံတွေလည်း ပြောလေ့ရှိတယ်။  ထီ စဖွင့်တဲ့ နေရာ ရုံတော်ကြီးနဲ့ ကျွန်မတို့ နေတဲ့ ဂုန္တာန်ဝင်းနဲ့ ကလည်း လေးပြဝေးတာကိုး။  အဲဒီတော့ ထီတော်နဲ့ ပတ်သက်တာတွေက သိပ်ကြား သိပ်မြင် နေရတာနဲ့ တူပါရဲ့။  လူတွေ ဘာမှ မလုပ်တော့ဘဲ ထီချည်း စိတ်ဝင်စားပြီး သဲသဲမဲမဲ ထိုးနေကြတာတွေ။ ကြွေးတင် ကျွန်ဖြစ်ကုန်ကြတာတွေလည်း ပါရဲ့။  ကျွန်မတို့ ငယ်ငယ်က အမျိုးစုံ ကြားရဖူးတယ်။

ဒါကြောင့် ချဲထီရောဂါ ထနေသူတွေအကြောင်း ကြားရတဲ့အခါ ဟိုတုန်းက ထီတော်ရဲ့ အကြောင်း ပြန်ပြောပြချင်လို့ စာပေါ် ပေပေါ် တင်ထားတာ ဘာတွေများ ရှိသလဲလို့ လိုက်ရှာမိတယ်။  ရှာတော့ ရာဇဝင်စာအုပ်တွေမှာ ထီတော်ရဲ့ အကြောင်း စာအုပ်တိုင်း မပါပါကလား။  ပါတဲ့ စာအုပ်မှ ပါတယ်။  တချို့က ထီတော်ကို စာရေးပြီး မှတ်တမ်း တင်မထားဘူး။  ဦးတင်ရေးတဲ့ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးမှာသာ -

"ယင်းသည့် တပေါင်းလ (၁၂၄၀ ခု) ရွှေမြို့တော်အတွင်း ထီရုံတည်ပြီးလျှင် တလက်မှတ်ကို ငွေဒင်္ဂါး ငါးကျပ်ထည့် ဝင်စေ၍၊  လက်မှတ်ပေါင်း တသောင်း နှစ်ထောင်၊ ငွေ ခြောက်သောင်း ပြည့်သောအခါ၊ ထီဖွင့်လှစ်ပြီးကာလ၊ အောင်ဘာလေ ရွှေသီးနှင့် တိုက်ဆိုင်သူ ဂဏန်းရှင်ကို ခိုင်ငွေ တသောင်းနှုတ်၍ ကျန်ငွေ ငါးသောင်း ပေးပြီးလျှင် သူဌေးအရာ ခန့်ထားက နိုင်ငံတော်အတွင်း ပစ္စည်းပေါများသော သူဌေးအများ ပေါ်ထွန်းနိုင်ရန် ရှိကြောင်း မှူးတော် မတ်တော်တို့နှင့် ညှိနှိုင်း တိုင်ပင်၍  အမိန့်တော်မြတ်ခံပြီးလျှင် ရွှေမြို့တော် အနောက်ပြင် ဈေးကြိုကြီး တောင်ဘက်ထောင့် ကိုးခန်းအုတ်တိုက်ကြီးတွင် အများပြည်သူတို့ကို ကြော်ငြာ၍ မဲလက်မှတ်ခံယူရာ၊ ငွေခြောက်သောင်း ပြည့်သည်နှင့် မှူးတော်မတ်တော်တို့ ကြီးကြပ်၍ ပထမ ထီဖွင့်ရာ ကွမ်းရေးတန်းရပ်နေ စာရေးမောင်ဦး နှင့် သမီး မအုံ မဲလက်မှတ်နှင့် တိုက်ဆိုင်၍ မအုံက ငွေ ငါးသောင်း ရရှိသည်။  နောက်ကိုလည်း ထီပွဲများ မပြတ် ဆက်လက်၍ လုပ်သည်။ မအုံမှာ မိန်းမငယ်လေး ဖြစ်၍ သူဌေးရာထူးကို မခန့် မထားရ။ ယင်းကဲသို့ ထီဖွင့်သော ကိုးခန်းအုတ်တိုက်ကြီးနေရာကို ယခု ရုံတော်ကြီးဟု တွင်လေသည်။"
(ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး စာမျက်နှာ ၅၁၄) လို့ မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။

ထီတော်ကြီးအကြောင်း မှတ်တမ်းတင်တဲ့ ရာဇဝင်စာအုပ် နောက်တအုပ်ကတော့ နဂါးဗိုလ်ထိပ်တင်ထွေး ရေးတဲ့ ရတနာသိင်္ခ ကုန်းဘောင်မဟာရာဇဝင် အကျဉ်းပါ။  ဒီစာအုပ်မှာက -

ထီရုံတော်များအကြောင်း

မှူးတော် မတ်တော် တို့သည် နိုင်ငံတော် စည်ပင်ဝဖြိုးရန်နှင့် တိုင်းသူပြည်သားတို့ ငွေကြေးစုဆောင်း ရစိမ့်သောငှာ အချင်းချင်း ညှိနှိုင်းတိုင်ပင်၍ ဘုရင်မင်းမြတ်ထံ အမိန့်တော်မြတ် ခံယူပြီးလျှင် မြို့တော် အနောက်ပြင်ရှိ တိုက်ကြီးတတိုက်တွင် ထီလက်မှတ်များကို တစောင်လျှင် ငွေ ၅ိ နှင့် လက်မှတ်ပေါင်း ၁၂၀၀၀ ကို မှူးတော် မတ်တော်တို့ ကိုယ်တိုင် ကြပ်မတ်၍ ရောင်းကြသည်။

လက်မှတ်ပေါင်း          ၁၂၀၀၀     ရောင်းရငွေ          ၆၀၀၀၀
၎င်းအပေါ်၌     ငွေတော်     ၁၀၀၀၀    မှတ်ယူ           ၁၀၀၀၀

                                                ကျန်ငွေ           ၅၀၀၀၀
ကို ပထမ ပေါက်သူအား ဆင်ပေါ်တွင် ငွေထုပ်ကို တင်၍ ပေါက်သူ နေရပ်ကို သွားရောက် ပေးပို့ လေသည်ကို အများပြည်သူတို့ မြင်ကြ သိကြလေသော်၊ တနေ့တခြား ထီထိုးသူတို့ တိုးတက်ပွါးများလာ၍ ဆက်လက်ကာ ထီဖွင့်ရလေတော့သည်။  ထီထိုးသူတို့ သည်လည်း များ၍များ၍ လာရာ မဲလက်မှတ်ယူရာ၌ တိုးခွေ့၍ ယူရခြင်း၊ ၎င်းပြင် ထီရုံကလည်း တရုံတည်း ဖြစ်၍ လာရသော ခရီးမှာလည်း ဝေးခြင်းကြောင့် ပြည်သူအများ စိတ်ငြိုငြင် ပင်ပန်း သဘော မကျေနပ်သည်ကို အတွင်းဝန် ယောမင်းကြီး၊ အတွင်းဝန် ရေနံချောင်းမင်းကြီး၊ မြို့ဝန်၊ တောင်ဝန်၊ စလေမြို့ဝန်၊ တောင်ခွင် မြို့ဝန်တို့ သိ၍ တဖန် တိုင်ပင်နှီးနှော သဘောညီညွတ်ကြ၍၊ တိုင်းနေမပြည်သူများ မကြပ်မတည်းဘဲ လက်မှတ် ဝယ်ယူနိုင်ရန် လက်မှတ်တစောင် ၂ိ ကျနှင့် လက်မှတ်ပေါင်း ၆၀၀၀ ၊ ၎င်းပြင် အသွားအလာ လွယ်ကူစေရန် ထီရုံ ၁၀ ရုံ ထားလေသည်။  ထီရုံ ၁၀ ရုံ၌ တလလျှင် ၁၀ ကြိမ်ကျ ဖွင့်လေသည်။

ထီရုံတော်များကို ရုပ်သိမ်းခြင်း

တိုင်းသူပြည်သား အပေါင်းတို့သည် ထီကိုသာ ဂရုစိုက်ပြီး နေကြရာ၊ စီးပွါးရေး၌ များစွာ ဆုတ်ယုတ် ပျက်စီးခြင်း၊ ကြွေးများတင်ခြင်း၊ တရားတဘောင် ဖြစ်ခြင်းများကို ဘဝရှင် မင်းတရားကြီး ရွှေနားတော် ကြားတော်မူလျှင် တိုင်းသူ ပြည်သားတို့ စီးပွါးရေး ဆုတ်ယုတ်ပျက်စီးခြင်း အကြောင်းဖြစ်၍ ထီရုံများကို ရုတ်သိမ်းရန် အမိန့်တော်မြတ် မှတ်တော်မူလေသည်။  ထီကြွေးတင်ရှိသူများကိုလည်း ငွေတော် ထုတ်၍ ဆပ်ပေးတော်မူသည်"  လို့ ရေးသား ဖော်ပြထားပါတယ်။
(နဂါးဗိုလ် ထိပ်တင်ထွေး ရေးတဲ့ ရတနာသိင်္ခ ကုန်းဘောင် မဟာရာဇဝင်အကျဉ်း၊ စာမျက်နှာ ၄၃၈၊ ၄၃၉)

နှစ်တရာ မန္တလေးစာအုပ်ကိုရေးတဲ့ ရွှေကိုင်းသား အမည်ခံ ဆရာတော် ဦးသောဘိတကတော့ -

" ထို့ပြင် ၁၂၄၀ ပြည့် တပေါင်းလတွင် နေပြည်တော်၌ ထီရုံများ မှိုလို ပေါက်လာခြင်းသည်လည်း တိုင်းပြည်၏ စီးပွါးရေး အခြေအနေ ဘယ်အဆင့်တွင် ရောက်ရှိနေသည်ကို တိုင်းတာပြသကဲ့သို့ ရှိနေပေသည်။  ပထမ ထီ တရုံမှ ဆယ်ရုံအထိ တိုးတက်လာပြီး ထိုထီရုံက တလလျှင် ဆယ်ကြိမ်ကျစီ အကြိမ်တရာ ဖွင့်ရသည်။  တကြိမ်လျှင် ငွေ ၁၂၀၀ နှင့် ခွန်ငွေတော် တသိန်း နှစ်သောင်း (၁၂၀၀၀၀) ကို လစဉ် ဆက်ရသည်။  ဘုရင့်ငွေတိုက်တော်ကို တလ တလ ဘဏ္ဍာတော် တသိန်းနှစ်သောင်း မှန်မှန် ဝင်နေသလောက် တိုင်းသူပြည်သား ဆင်းရဲသားတို့ မှာကား ထီကို အကြောင်းပြု၍ လုံးပါးပါးပြီး ကြွေးတင်ကျွန်ြ့ဖစ် ဘဝသို့ ရောက်ကြ ကုန်တော့ရာ  ၁၂၄၃ ခု၊ ပြာသိုလတွင် ထီရုံများကို ပြန်လည် ရုပ်သိမ်းပစ်လိုက်တော့သည်။
ထီ စတင် ဖွင့်လှစ်သော ဈေးချိုတော် ကိုးခန်းအုတ်တိုက်မှာ ယခု ရုံတော်ကြီး ခေါ်သော နေရာပင် ဖြစ်လေတော့သည်"
(အနှစ်တရာပြည့် မန္တလေး၊ စာမျက်နှာ ၂၀၅)

ထီရုံတွေ တရုံကနေ ဆယ်ရုံ၊ တရုံမှာ တလ ဆယ်ကြိမ် အားလုံး တလ အကြိမ်တရာ ထီဖွင့်တဲ့အခါ  တိုင်းသူပြည်သားတွေ ဘယ်အဖြစ် ရောက်ကုန်သလဲဆိုတာကိုလည်း ဦးတင်ရဲ့ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးက တော်တော်လေး စုံစေ့အောင် ဖော်ပြထားပါတယ်။

ဒီကိစ္စမှာ ထီထိုးသူတွေကသာ လောဘ မသတ်နိုင်တာ မဟုတ်ဘူး။  ခိုင်ကြေးနှုတ်ယူတယ်ဆိုတဲ့ ဖွင့်သူကလည်း လောဘ မသတ်နိုင်တာကို မြင်တွေ့ နေရပါတယ်။  ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး စာမျက်နှာ ၅၆၆ မှာ -

"ထိုနှစ် ပြာသိုလ  ဘဝရှင်မင်းတရားကြီး ဘုရားအမိန့်တော်ရှိသည်ကား..
ယခု ထီရုံများ တည်ဆောက်ခြင်း အမှုမှာ အထက်ရည်ရွယ်ရင်းအတိုင်း အကျိုး ပြီးမြောက်သည် မဟုတ်၊ ပြည်သူ ဆင်းရဲသားတို့သည် ကံစမ်းရုံမျှသာမက အကြိမ်ကြိမ် ထည့်ဝင်ကြလေသည်။ တကြိမ် နှစ်ကြိမ် လက်မှတ်တိုက်ဆိုင်၍ ငွေရသူတို့သည်လည်း မရောင့်ရဲနိုင်၊ အထပ်ထပ် ထည့်ဝင်၍ ရပြီးသော ပစ္စည်း ကုန်ကြခြင်း ဖြစ်ရလေသည်။  မရသေးသော သူတို့လည်း အာသာငင်းငင်း ချင်ခြင်း မပြေ ရှိလေသည်နှင့် အခါခါ အထပ်ထပ် ထည့်ဝင်လေ၍ ကြေးငွေများစွာ ကုန်ကျ ကြွေးတင် ကျွန်ဖြစ်ရသည့်အပြင် ထီရုံ အကြီးအကြပ်တို့ထံ ရှုံးကြေးငွေများကို မပေးနိုင်၍ ချုပ်ထားတောင်ခံခြင်း ရှိကြောင်းများကို ကြားသိတော် မူရသဖြင့် ဤအမှုသည် လောဘနိုင်ငံကို လိုက်၍ ကစားပွဲ ကဲ့သို့ တစတစ ကြီးပွါးကြလျှင် ဥစ္စာပစ္စည်း ကုန်ခန်း ပျက်စီးခြင်း အကြောင်း ဖြစ်သည်။  ငါအရှင် ဧကရာဇ်မင်းမြတ်၏ အကျိုးကို ထောင့်မြော်ငဲ့ညှာ၍ အရှည်သဖြင့် ပြုလုပ်သင့်သည့် အရာ မဟုတ် ဖြစ်သည်။  ထီရုံများကို ရုပ်သိမ်းပြီးလျှင်  ခိုင်ငွေနှင့် စပ်၍ ရရန် ငွေတော်များကို အချုပ်အနှောင် အတောင်းအခံမရှိ ချမ်းသာစေရမည်။  ပြည်သူ ဆင်းရဲသားတို့သည် အချင်းချင်း ထီကြွေးနှင့် စပ်၍ ထီရုံး အကြီးအကြပ်တို့က ချုပ်တောင်းရှိသည့် ငွေများကိုလည်း  ငွေတော်ထုတ်၍ ပေးဆပ်တော်မူမည်။  နောင်ကိုလည်း ထီကြွေးနှင့် ဆပ်သည်ကို လွှတ်တော် ရုံးတော်များက လက်ခံ၍ အတောင်းအခံမရှိ။  ချမ်းသာသဖြင့် လွတ်လွတ် ကူးသန်းရောင်းဝယ်ခြင်း အမှုများကို ပြလုပ်နေထိုင်စေရမည်။

အမိန့်တော်ရှိ၍ ထီရုံတော်များကို ရုပ်သိမ်းရသည်။  ထို့နောက် ထီရုံ အကြီးအကြပ်တို့ စာရင်း ဆက်သွင်းရာပါ ဆင်းရဲသားတို့ အချင်းချင်း ယှက်တင်သည့် ထီကြွေးငွေ နှစ်သောင်းကျော်များကိုလည်း ရွှေတိုက်တော်က ထုတ်၍ ဆပ်ပေးသနားတော်မူသည်"
လို့ ရေးသားထားပါတယ်။  ဒီ ထီတော်ဟာ ဘယ်တုန်းက စဖွင့်တယ်၊ ဘယ်လောက်ကြာတော့ ဖျက်သိမ်းတယ် ဆိုတဲ့ အချိန်ကာလကိုတော့ ဒေါက်တာသန်းထွန်းရဲ့ နယ်လှည့်ရာဇဝင်မှာ ဒီလို တွေ့ရပါတယ်။

"သီပေါမင်း လက်ထက် မန္တလေးမှာ ဖွင့်တဲ့ ထီတော်ဟာ ၁၂၄၀ ပြည့် တပေါင်းလဆန်း ၆ ရက်၊ ၂၅ ဖေဖော်ဝါရီ ၁၈၇၉ မှ စဖွင့်တယ်။  ၁၂၄၃ ခု ပြာသိုလ၊ ဒီဇင်ဘာ ၁၈၈၁ မှာ ထီရုံတွေ ပိတ်၊ ထီကြွေး ငွေ နှစ်သောင်းကို ရွှေတိုက်တော်က  ထုတ်ပေးစေ လို့ အမိန့်ချတယ်"  ဆိုပြီး ဒေါက်တာသန်းထွန်းရဲ့ နယ်လှည့်ရာဇဝင် မန္တလေးရက်စဉ် သမိုင်းမှာ ဖော်ပြထားတာကြောင့် ထီဟာ ဖွင့်နေတာ ၂ နှစ်နဲ့ ၁၀ လ ကြာတယ်လို့ သိရပါတယ်။

နှစ်တရာမန္တလေး စာအုပ်မှာပဲ သီပေါမင်း လက်ထက် ပြုလုပ်ခဲ့တဲ့ ဥပဒေများအကြောင်း ရေးသားရာမှာ ထီဥပဒေကို ဘယ်လို ဖော်ပြသလဲ ဆိုတော့……..
"(၁၉) မှတ်ဖြင့် ပြထားသော ဥပဒေကား ငွေပင် စိုက်ရန် ခေါ်သော ထီရုံးဥပဒေဖြစ်၍ ၎င်း ဥပဒေမှာ နောင်တွင် ဖျက်ပစ်ရသည် ဟု ဖော်ပြထားသည်။  ၁၂၄၀ ပြည့် တပေါင်းလတွင် စတင် ဖွင့်လှစ်ခဲ့သည့် ရတနာပုံ သောင်းထိသည် ၁၂၄၃ ခု၊ ပြာသိုလသို့ ရောက်သော ကာလ ထီကို အလောင်းအစားသဖွယ် ပြုလုပ်၍ ကြွေးတင် ကျွန်ဖြစ် ရှိကြောင်းမှ စ၍ ထီပွဲ၏ အဖြစ်အပျက်များကို သိတော်မူသဖြင့် ထီရုံအားလုံးကို ပြန်လည် ရုတ်သိမ်းစေပြီးသော် ထို ကြွေးတင်သူများအတွက် ရွှေတိုက်တော်မှ ငွေတော် ထုတ်၍ ဆပ်ပေး စေရ၏။  သို့ဖြစ်၍ ထီရုံဥပဒေလည်း ပြန်လည်ရုတ်သိမ်းရာတွင် ပါဝင်သွားခြင်း ဖြစ်လေသည်။"  လို့ စာမျက်နှာ ၁၇၇ မှာ ဖော်ပြထားပါတယ်။

ဒီမှာ ကြွေးတင် ကျွန်ဖြစ် ဆိုတဲ့ စကား ပါနေတာကို ရှင်းဖို့ လိုပါလိမ့်မယ်။  ဟို ပဒေသရာဇ်ခေတ်တုန်းက ပစ္စည်း ဥစ္စာကို ရောင်းချ ပေါင်နှံစရာ မရှိရင် လူကို ကျွန်အဖြစ် ရောင်းနိုင် ပေါင်နိုင်ပါတယ်။  နို့ပေမယ့် ဒီလို ရောင်းလို့ တသက်လုံး ကျွန်ဖြစ်သွားရတယ် တော့လည်း မဟုတ်ဘူး။  ပြန်ေ၇ွးနိုင်ရင် ပြန်ပြီး လွတ်လပ် သွားပါတယ်။  မြန်မာကျွန်က Slave လို့ ခေါ်တဲ့ တိုင်းတပါးက ကျွန်တွေလို တသက်လုံးရော သားစဉ်မြေးဆက်ရော ကျွန်ဖြစ်ရမယ် လို့လည်း မဟုတ်ဘူး။  သခင်က ရက်ရက်စက်စက် ရိုက်နှက် စေခိုင်းတယ်၊ အငတ်ထားတယ်၊ ခြေကျဉ်းခတ်တယ် ဆိုတာ မျိုးလည်း မရှိဘူး။  ကိုယ့်မှာ မချောင်လည်ရင် မိမိကိုယ်ကို ကျွန်အဖြစ်ခိုင်းပါ၊ စေပါ။ ကိုယ်နေကြေး  ဘယ်ရွေ့ ဘယ်လောက် ပေးပါ ဆိုပြီး ရောင်းကြရတယ်။  အဲဒါ ကိုယ်နေကြေး ပြန်ပေးနိုင်ရင် လွတ်လပ်သွားတာပဲ။  သီပေါမင်း လက်ထက်မှာ ငွေတော်နဲ့ ကျွန်တွေကို ရွေးနှုတ်ပြီး လွတ်လပ်ခွင့် ပေးတာတွေ ရှိပါတယ်။

နောက်ပြီး ကျွန်မတို့ ပြောဆို သုံးနှုန်းနေတဲ့ စကားတွေ ထဲမှာ အကြွေးကို ပြန်ဆပ်ရချေရဲ့လို့ မပူမပင် ယူငင်သုံးစွဲ တတ်တဲ့ လူကို  "ဒီလူတော့ ကြွေးတင်ရင် ရှင်ဘုရင် ဆပ်လိမ့်မယ် ဆိုတဲ့ လူသားမျိုး"  လို့ ပြောလေ့ရှိပါတယ်။  အဲဒါဟာ တကယ်ပဲ ရှင်ဘုရင်က ဆပ်ဖူးလို့ သုံးနှုန်းတဲ့ စကားပါ။  ဒီကိစ္စမျိုးကတော့ ပဒေသရာဇ်ခေတ်မှာ သဘောကောင်းတဲ့ သနားကြင်နာတတ်တဲ့ ရှင်ဘုရင်များ လုပ်လေ့ရှိတဲ့ ကိစ္စမျိုးပေါ့။  သီပေါမင်းဟာ ထီတော်ကြောင့် တိုင်းသူပြည်သားတွေ ဒုက္ခရောက်မှန်း သိတဲ့အခါ အကြွေးဝင်ဆပ်တဲ့ ဘုရင်တပါးပါကလား။

ထီတော်ကြီး ဖွင့်တဲ့ ရုံတော်ကြီးဆိုတဲ့ အဆောက်အဦကြီးကတော့ ၁၉၅၆ ခုနှစ်အထိ ဈေးချို ရုံတော်ကြီးမှာ တွေ့မြင်နေရပါသေးတယ်။  ဒီရုံတော်ကြီးကို ဗြိတိသျှ အစိုးရက တနေ့တော့ လေလံတင် ရောင်းချလို့ ဘီကြင် ဟော်တယ် ဖွင့်လိုသူနဲ့ ဒေါ်တင့်ဆိုသူတို့ အပြိုင် လေလံဆွဲတဲ့အခါ ဒေါ်တင့်က ရသွားသတဲ့။  ဒါနဲ့ ဘီကြင်ဟော်တယ်ဖွင့်လိုသူ လင်ကြည်ဆေးက ဒေါ်တင့်ဆီက ငှားရမ်း ဖွင့်လှစ်တယ်။  ကိုးခန်းရှိတဲ့အနက် ဘီကြင်က ခြောက်ခန်း၊ တုံဝှါ ခေါက်ဆွဲဆိုင်က သုံးခန်း ငှားရမ်း ဖွင့်လှစ်ခဲ့ကြတယ်။  ၁၉၅၆ ခုနှစ်မှာ စစ်ကိုင်းငလျင်လှုပ်တော့ ဒီအဆောက်အဦကြီး နည်းနည်း အက်ကွဲသွားတာနဲ့ ဖြိုဖျက် ပစ်လိုက် ကြရတယ်။

မြန်မာ့သွေးထဲ ထီမျိုးစေ့ အဲဒီအချိန်က စပြီး ကျရောက်သွားခဲ့တယ် ထင်ပါတယ်။


[ရတနာပုံမန္တလေး၊ မန္တလေး၊ ကျွန်မတို့ မန္တလေး - လူထုဒေါ်အမာ၊ ၁၉၉၃ ခု၊ နိုဝင်ဘာလ၊ ပထမအကြိမ် မှ ကူးယူဖော်ပြပါတယ်]