Friday, April 22, 2016

ဒဂုန်တာရာစာ ဒဂုန်တာရာစကား။ စုဆောင်းတင်ပြသူ - အောင်မြင့်ဦး(လူထုစာကြည့်တိုက်)



ဒဂုန်တာရာစာ ဒဂုန်တာရာစကား။
စုဆောင်းတင်ပြသူ - အောင်မြင့်ဦး(လူထုစာကြည့်တိုက်)


အမှာစာ

ဆရာအောင်မြင့်ဦး (လူထုစာကြည့်တိုက်) အပတ်တကုတ် စုဆောင်း ထုတ်ဝေလိုက်သော 'ဒဂုန်တာရာစာ၊ ဒဂုန်တာရာစကား' စာစုကို တစိမ့်စိမ့် ဖတ်ရှုမိပေသည်။ အထပ်ထပ်လည်း ပြန်လည် ဖတ်ရှုမိသည်။ ဤသို့ ဖတ်ရှုမိမှလည်း ဆရာဒဂုန်တာရာ၏ နိုင်ငံရေးဒဿန အစူးအရှ အနက်အရှိုင်းကို (ပိုမို) ဆဝါးမိပေတော့သည်။

ဆရာတာရာသည် မျိုးနွယ်အရ မြေပိုင်ရှင် လယ်ပိုင်ရှင် မျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သည်။ ခေတ်ပညာတတ်တဦး၊ ဘန်ကောက်ပုဆိုး ဝတ်ဆင်တတ်ပြီး နုနုရွရွ ကဗျာအလှများကို တဖက်ကမ်းခတ်အောင် ဖွဲ့သီနိုင်သူ၊ ဆေးပန်းချီ စုတ်ချယ်သရာ၌လည်း ပျော်မွေ့သူ၊ နို့နှစ်ရောင် စန္ဒရားခလုတ်လေးများ ပေါ်၌ သူ၏ အနုပညာ လက်ချောင်းလေးများက ပြေးလွှား ဆော့ကစား တီးခတ်တတ်သေးသူ ဖြစ်ပေသည်။ စွယ်စုံအနုပညာကျော် ဟုဆိုက မလွန်တန်ရာပေ။

ခေတ်သစ် မြန်မာစာပေလောကနှင့် နိုင်ငံရေးနယ်ပယ်တွင် ဦးဆောင်မှုပေးခဲ့သော စာဆိုကြီး သုံးဦး ရှိ၏။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာဒဂုန်တာရာနှင့် ဆရာဗန်းမော်တင်အောင်တို့ ဖြစ်သည်။

အနုအရွ အလှကဗျာ ဖွဲ့သီပြီး၊ ဂီတပန်းချီ အနုအထွေးများကို လိုက်စားသဖြင့် ဆရာတာရာသည် အနုအလှတွင်သာ စီးမျောနေသူဟု မှတ်ယူမိပါက စွဲမှတ်သူအပေါ် အပြစ်မမြင်သာပါပေ။

ဆရာတာရာသည် 'အနုပညာသည် အနုပညာအတွက်' ဆိုသည့် အတွေးအယူသမား တဦး တော့ မဟုတ်ချေ။ ဆရာတာရာသည် စာပေအနုပညာနှင့် နိုင်ငံရေးတိုက်ပွဲအနုပညာကို မှန်ကန်စွာ ပေါင်းစပ်နိုင်သူ ဖြစ်ပေသည်။ မြန်မာစာပေသမိုင်း၌ စာပေသစ် သဘောတရားမှတ်တိုင်ကို ဦးဆောင်စိုက်ထူနိုင်ခဲ့သော စာပေခေါင်းဆောင်တဦးလည်း ဖြစ်ပေသည်။ ဆရာတာရာ၏ စာပေသစ်အလံကို ခိုင်ခိုင်မတ်မတ်ဖြစ်အောင် ဝိုင်းဝန်းထူစိုက် ခဲ့သော ရေးဖော်များမှာ ဆရာဗန်းမော်တင်အောင်၊ အောင်လင်း၊ မြသန်း(မြသန်းတင့်)၊ ကျော်အောင်၊ လင်းယုန်နီ၊ ဘဝင် စသူတို့ ပါဝင်ကြောင်းအား ချန်လှပ်ခဲ့ရန် မသင့်ပေ။

ဆရာတာရာသည် မွှေးရနံ့ သင်းပြီး နုထွတ်လှယဉ်သော နှင်းဆီပန်းပွင့်ကလေးနှင့်လည်း တူသည်။ စာပေ၊ ဂီတ၊ ပန်းချီစသော အနုပညာ အခက်အရွက်များသည် နှင်းဆီပွင့်၏ ပွင့်ဖတ်များပမာ ဖြစ်၏။ သို့သော် နှင်းဆီပွင့်သည် လွယ်လွယ်နှင့်တော့ ဆွဲကိုင်လှုပ်ယမ်း၍  မရပေ။ သူ၌ ထက်မြက်စူးရှသော ဆူးခက်ကလေးများ ရှိနေသောကြောင့်တည်း။

ဆရာတာရာသည် အနုပညာ အလှအပနှင့် တော်လှန်ရေးအတွေးအခေါ်  ဆူးခက်များ ပေါင်းစပ်ထား၏။

ဆရာအောင်မြင့်ဦးသည် ထိုဆူးခက်များကို ရှာဖွေပြုစု ဖော်ထုတ် ပြသလိုက်သည်။

ဆူးခက်များသည် ပြည်သူများကို အကာအကွယ်ပြုသော ဆူးခက်များ ဖြစ်သည်။ ပြည်သူများအတွက် လက်နက်၊ ရန်သူများအတွက် ထိုးနှက်ချက် ဖြစ်ပေသည်။

စာပေအနုပညာ၊ ယဉ်ကျေးမှု ဆိုသည်မှာ ရှင်သန်ကြီးထွား ပွင့်ဖူးရန် ရေခံမြေခံ မြေဆီသြဇာ ကောင်းရန် လိုအပ်ပေသည်။ စာပေအနုပညာယဉ်ကျေးမှု လွတ်လပ်စွာ ဖူးပွင့်ဝေဆာရန်မှာ လွတ်လပ်သော နေရောင်ခြည် မဖြာဆင်းနိုင်ဘဲ၊ ပိတ်ဖုံးမှောင်မည်းသော နိုင်ငံရေးမိုးတိမ်များ လွှမ်းခြုံပါက ဖူးသော ပန်းများ မဖူးနိုင်သကဲ့သို့ ပွင့်သောပန်းများ လန်းဆန်းနိုင်ဖွယ်ရာ မရှိနိုင်ပေ။

လူသားတို့၏ သမိုင်းသည် ကမ္ဘာဦး ဘုံခေတ် ပြိုလဲပြီးနောက် လူလူချင်း သွေးစုပ်ခြယ်လှယ် ဖိနှိပ်စိုးမိုးသော လူတန်းစားခေတ် ထွန်းကားခဲ့သည်။ အဖိနှိပ်ခံ၊ သွေးစုပ်ခံ ကျေးကျွန်များ၊ လယ်သမားများနှင့် အလုပ်သမား လူတန်းစားတို့သည် သွေးစုပ်ဖိနှိပ်မှုကို ပြင်းထန်စွာ ပုန်ကန် အုံကြွ တော်လှန်ခဲ့ကြ၏။ အကြမ်းဖက် တော်လှန်ခဲ့ကြ၏။ သို့နှင့် ခေတ်ဟောင်းတို့ ချုပ်ငြိမ်းပြီး ခေတ်သစ်သို့ ကူးပြောင်းခဲ့ကြရသည်။ မျက်မှောက်ခေတ်ကား အရင်းရှင် လူတန်းစားစနစ် စိုးမိုး ဖိနှိပ်သွေးစုပ်၏။ အလုပ်သမား လူတန်းစားက ဦးဆောင်ပြီး အဖိနှိပ်ခံ ပြည်သူများအား စုစည်းကာ ခေတ်ပြောင်းတော်လှန်ရေး ဆင်နွှဲနေသော ကာလရှည်ကြီးအား ဖြတ်သန်းနေ သော အခါသမယပင် ဖြစ်သည်။

စစ်နှင့် တော်လှန်ရေးခေတ်တွင် ဆရာတာရာသည် မွေးဖွါးခဲ့၏။ ဤခေတ်၏ သမိုင်းတာဝန် သည် ဆရာတာရာ့ ပုခုံးထက် ရောက်လာသည်။ ဆရာသည် ခေတ်တာဝန်ကို နောက်ဆုံး ထွက်သက် ရှူထုတ်လိုက်သည်အထိ ထမ်းရွက်သွားသည်။

ဆရာတာရာကား ကွယ်လွန်ခဲ့ပြီ။ သို့သော် ဆရာတာရာ၏ ထာဝရအသက်ကား ရှင်သန်ဆဲ ဖြစ်သည်။

ဆရာတာရာ၏ တော်လှန်ရေးအသက် ရှိသေးကြောင်း ဆရာအောင်မြင့်ဦးက ဖော်ထုတ်လိုက် ပေသည်။

မျက်မှောက် မြန်မာ့နိုင်ငံရေးသည် စစ်အာဏာရှင်စနစ်အား နောက်ဆုံးပိတ် စစ်ပွဲ ဆင်နွှဲပြီး အပြီးအပိုင် မြေမြှပ်ပစ်ရန် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ အလွှာစုံပြည်သူများ၊ လူမျိုးစုံပြည်သူလူထုကြီးက၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လုံးဝဖျက်ဆီးပစ်ရေး ဒီမိုကရေစီ ဖွဲ့စည်းပုံ ဥပဒေသစ်ဖြင့် အစားထိုးရေး တိုက်ပွဲကိုလှုံ့ဆော်နေကြသည် မဟုတ်ပါလော။

ဤနေရာ၌ ဆရာဒဂုန်တာရာက လူထုနိုင်ငံရေးကိုလည်း ဤသို့ အနက်ဖွင့်ခဲ့သည်ကို အနည်းငယ်ဖော်ပြခြင်းဖြင့် ကျွန်တော်၏ အမှာစာအား နိဂုံးချုပ်လိုပေသည်။ ဆရာဒဂုံတာရာက-
'လူထုသည် အဖိနှိပ်ခံ၊ ခေါင်းပုံအဖြတ်ခံ၊ အအုပ်စိုးခံ ဖြစ်သည်။ ထို့ကြောင့် လူထု၌ ခံစားမှု အစစ် ရှိသည်။ ဆန္ဒအစစ်ရှိသည်။ စားဝတ်နေမှု ကြပ်တည်းခြင်းသည် လူထု၏ ခံစားမှု ဖြစ်သည်။ ယင်းဘဝမှ လွတ်မြောက်လိုခြင်းသည် လူထုဆန္ဒဖြစ်သည်။ ယင်းလူထု၏ ခံစားမှုကို သိမြင်ကာ ယင်းအဖိနှပ်ခံဘဝ၊ ခေါင်းပုံအဖြတ်ခံဘဝ၊ အအုပ်စိုးခံဘဝမှ လွတ်မြောက်အောင် ဆောင်ရွက်ခြင်းသည် လူထုနိုင်ငံရေး ဖြစ်ပေသည်။' ဟု ဖော်ပြခဲ့သည်။

ဆရာတာရာ၏ 'လူထုနိုင်ငံရေး' အတွေးအခေါ်သည် လူငယ်ထု၏ နှလုံးအိမ်တွင်းသို့ တမြေ့မြေ့ စီးဆင်းကိန်းဝပ်ပြီး အင်အားကြီးထွားသွားပါက အဆုံးသပ်တော်လှန်ရေးသည် မုချ အောင်ပွဲဆီသို့ ကူးစက်သွားပေမည်။ ယင်းသို့ ဖြစ်ထွန်းလာပါက 'ဆရာဒဂုန်တာရာစာ ဆရာဒဂုန်တာရာစကား' စာစုငယ် ထုတ်ဝေရကျိုး နပ်ပြီဟု ထင်မြင်ကြောင်းပါဗျား။

ခမ်းဝင်း
၁၇၊ ၁၀၊ ၂၀၁၃။

Wednesday, April 20, 2016

မှိုင်းရိပ် စာရိပ် ကဗျာရိပ်၊ ရေးသူ - ဟံသာဝတီဦးဝင်းတင်



မှိုင်းရိပ် စာရိပ် ကဗျာရိပ်၊ ရေးသူ - ဟံသာဝတီဦးဝင်းတင်


[ဒေါင်းအိုးဝေနှင့်သခင်ကိုယ်တော်မှိုင်း- မောင်မောင်အေး(စစ်ကိုင်း) ရဲ့ စာအုပ်အတွက် ဆရာဦးဝင်းတင် ရေးတဲ့ အမှာစာ]

ကဗျာလို့ ပြောမလား၊ ဝတ္ထုလို့ ပြောမလား၊ ဆောင်းပါးလို့ ပြောမလား၊ စာပေလို့ ပြောမလား၊ သတင်းလို့ ပြောမလား။ ကျွန်တော်ကိုယ်တိုင် ဘာရယ်လို့ ပြောရမှန်း မသိတဲ့ စာတွေ(စာတွေ) နဲ့ ကျွန်တော် စတွေ့တဲ့ အချိန်က ဂျပန်ခေတ်။ ၁၉၄၁။ ကျွန်တော် ၁၁ နှစ်သား အရွယ်လောက်။

ရန်ကုန်မှာ စစ်ရိပ်တွေသန်း၊ စစ်သံတွေ ဟိန်းတော့ ကျွန်တော်တို့ မိသားစု ရန်ကုန်က ပြေးတယ်။ အမေရဲ့ အမေ(အဘွား)၊ အဘွားရဲ့ အဖေ (ဘိုးကြီး) တို့ အရပ်ကို ခိုလှုံခဲ့တယ်။ ရန်ကုန်က မိုင် ၁၀၀ လောက်ဝေးတယ်။ ရန်ကုန်-ပြည်ကားလမ်း၊ ရထားလမ်းပေါ်က မြို့ကလေး။ အဲဒီမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ကျွန်တော်တွေ့တယ်။

ဆရာကြီးနဲ့ ဆိုတာထက် ဆရာကြီးရဲ့ စာတွေ၊ ကဗျာတွေ၊ ဝတ္ထုတွေ၊ ဆောင်းပါးတွေနဲ့ တွေ့တယ်လို့ ပြောရမှာပါ။ ဘိုးကြီးရဲ့ နှစ်ဆောင်ပြိုင်အိမ် အပေါ်ထပ်မှာ ပေစာထုပ်တွေ၊ ကဗျာစာအုပ်တွေ၊ ဝတ္ထုစာအုပ်တွေ၊ ဂျာနယ်မဂ္ဂဇင်းတွေ အပြည့်။ ကျွန်တော့်အဖို့ လောကသစ်နဲ့ တွေ့ဆုံခြင်း။

လောကသစ်နဲ့ တွေ့တော့ ကျွန်တော့်အဖို့ မျက်စိလည်စရာချည်း။ ဒီတော့ ကျွန်တော် မျက်စိလည်တာပေါ့။ တောင်တော့မကွယ်ဘူး၊ တောတော့ မပျောက်ဘူး။ ကျွန်တော် စာဖတ်တတ်တဲ့ အရွယ်ရောက်ပြီး။ စာသဘောကို မစောကြောတတ်တာ ထစ်ထစ်ပဲ ခံနေတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း စာအုပ်တွေက ဗွေဆော်ဦး မိတ်ဆုံတဲ့ စာအုပ်တွေထဲမှာ ပါနေတယ်။ ပိုထစ်တော့တာပေါ့။

ကိုးနှစ်သားလောက်ကတည်းက လယ်တီဆရာတော်ကြီးရဲ့ "သုံးလူ့ရှင်ပင်" တို့ "ပဋိစ္စသမုပ္ပါဒ်" တို့ကို အလွတ်ရွတ်ပြရဲတဲ့ အတွေ့အကြုံက ကျွန်တော့်မှာ ရှိနေပြီ။ ကျောင်းသစ်မှာဆုံတဲ့ ဆရာဦးရွှေဝိုင်း (၂၀၁၄ မှာ စာပေဆု ချီးမြှင့်ခံရတဲ့ ကဗျာဆရာ၊ ဆောင်းပါးဆရာ ရွှေငယ်ဝိုင်း) ရဲ့ ကဗျာနိဿရတွေက ကျွန်တော့်ကို မျက်စိ ဖွင့်ပေးနေပြီ။ ဒီလိုနဲ့ "နဂါးနီ" ဖတ်တတ်လာသလို၊ "ဂျာနယ်ကျော်" မှတ်တတ်လာတယ်။ "ပန်းသာမစာဥ" စွဲသလို၊ "အရေးတော်ပုံတပ်သား" မက်လာတယ်။ နားမလည်လေ သိချင်လေ၊ ဖတ်ရခက်လေ ကျက်ချင်လေ။ တငင်ငင်ဖြစ်ရတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ စာအုပ်တွေကို မျက်နှာနဲ့ မခွါနိုင်အောင် ဖြစ်လာတယ်။

စစ်ပြီးခေတ် တက္ကသိုလ်ရောက်တော့ စာရေးဆရာတွေ ဖြစ်လာမယ့်၊ မြသန်းတင့်တို့၊ အောင်လင်းတို့၊ ကျော်အောင်တို့ အပြင် ကိုထွန်းတင် ဆိုတဲ့ ဘကြီးမှိုင်းအနီးမှာ ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှားမှုဆောင်ရွက်နေသူတွေနဲ့ ရင်းနှီးလာတယ်။ သူတို့နဲ့ အတူ ဘကြီးမှိုင်းအိမ် ဝင်ထွက်လာနိုင်တယ်။ ကျွန်တော့် သားချင်းတွေရဲ့ အိမ်ကလည်း စမ်းချောင်းရပ် မကြီးကြီးလမ်းမှာ ရှိတယ်။ ဆရာကြီး အိမ်နဲ့ နီးတယ်။

ဘကြီးမှိုင်းတို့၊ သူ့သမက် စာရေးဆရာကြီးဇေယျတို့နဲ့ ရင်းနှီးလာလေ၊ စာပေထုံကူးမှု ရှင်သန်တိုးပွါးလေ ဖြစ်လာတယ်။ ဆရာဇော်ဂျီရဲ့ မှိုင်းဋီကာလို စာအုပ်၊ လူထုဒေါ်အမာတို့၊ ဦးသိန်းဖေမြင့်တို့၊ မုံရွာဦးတင်ရွှေတို့ ရဲ့ ဘကြီးမှိုင်းစာပေစွမ်းရည်တွေ အညွှန်းစာတွေ ဖတ်ရှုလေ့လာရတော့ ဆရာကြီးရဲ့ စာတွေကို နားလည်သလိုလို ရှိလာတယ်လို့ ထင်လာတယ်။ နောက်ပိုင်း ကဗျာဆရာကြည်အောင်တို့၊ ကိုလေး(အင်းဝဂုဏ်ရည်)တို့ရဲ့ နှုတ်တက်ရွရွ၊ အာဂမ ရွတ်သံဖတ်သံ သီဆိုသံတွေ ကြားတော့ ဆရာကြီးကဗျာကို နားလည်သလိုလို ထင်လာတယ်။

တကယ်က ကျွန်တော် နားမလည်ပါ။ ကျွန်တော်က သတင်းစာဆရာ ပိုးဝင်နေသူ။ ငယ်ငယ်က စွဲကပ်ခဲ့တဲ့ ကဗျာအဖွဲ့၊ စာအဖွဲ့လေးတွေတောင် ပြယ်စ၊ ကွယ်စပြုလာတယ်။ ဒီနေ့ ပြန်စဉ်းစားမှ ဆရာကြီးက ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာ၊ ဒေါင်ဒေါင်မြည် နိုင်ငံရေးသမားပါ ကလား။ ငါက ကဗျာမဲ့၊ ရသမဲ့ သတင်းမား သက်သက်ပါကလားလို့ သဘောပေါက်လာမိ တယ်။

ဒီအတောအတွင်း "ဒေါင်းအိုးဝေနဲ့ သခင်ကိုယ်တော်မှိုင်း" စာမူကြီး ကျွန်တော့်ဆီ ရောက်လာ တယ်။ ပြုစုရေးသားသူ မောင်မောင်အေး(စစ်ကိုင်း) ဖြစ်ပါတယ်။ ဆရာကြီး၇ဲ့ စာအုပ် စာပေ တွေနဲ့ ပတ်သက်ပြီး ဆောင်းပါးတွေ၊ စာတမ်းတွေ အများကြီး ရေးနေသူ ဖြစ်ပါတယ်။

'ဒေါင်းအိုးဝေ' ရဲ့ တမူထူးခြားချက်က ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို သမိုင်းဝင်ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာ၊ နိုင်ငံရေးသမားများစွာရဲ့ ဘဝရုပ်ပုံလွှာတွေနဲ့ ယှဉ်တွဲ စပ်ဟပ် ရေးဖွဲ့ထားတဲ့ စာတမ်းတွေ အများကြီး ပါဝင်ခြင်းပဲ ဖြစ်ပါတယ်။

ပြည်သူတွေရဲ့ နှုတ်ဖျားမှာ သီးနေတဲ့ -

"ထီမထင် ကျောင်းတော်သားတွေရဲ့
အမည်အစဉ် ခေါင်းအပေါ်ဖျားမှာလ
မင်းတို့ဆရာကို
စာရင်းတို့ကာ ထားလိုက်ကြပေတော့"
ဆိုတဲ့ ကဗျာမျိုးတွေ သူ့စာတမ်းမှာ တွေ့ရတယ်။ လူသိမများတဲ့

"ဘိုင်းဒါမသား မအေ(ရိုး)ရှင်ဘုရင်ကို
အသေဆိုးသေတာ မြင်ချင်သကောရယ်လို့
အတွင်ပြောကာ ကျိန်စာနှံတော့" လို ကဗျာမျိုးကိုလည်း တွေ့ရတယ်။

မောင်မောင်အေး(စစ်ကိုင်း) ရဲ့ စာတမ်းတွေထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ စာတမ်းတစောင် တွေ့ရတယ်။ မြန်မာစာပေ ရေစီးကြောင်း အမှတ်အသားများအရ အစောဆုံး မြန်မာဝတ္ထုတို ကို ဆရာကြီးရွှေဥဒေါင်း ရေးခဲ့တယ်လို့ ယူဆကြတယ်။ ၁၉၁၇ မတ်လထုတ် သူရိယမဂ္ဂဇင်းပါ "မောင်သိန်းတင်၊ မသိန်းရှင်" ဝတ္ထုတိုလို့ ဆိုတယ်။

မောင်မောင်အေး(စစ်ကိုင်း) ၇ဲ့ အမှတ်အသားအရ "မောင်သိန်းတင်၊ မသိန်းရှင်" ဝတ္ထုတိုထက် သုံးနှစ်စောတဲ့ ဝတ္ထုတိုတပုဒ်ကို ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရေးခဲ့တယ်လို့ ဆိုတယ်။ ၁၉၁၄ မတ်လ ၂၄ ရက်ထုတ် သူရိယသတင်းစာမှာ ပါတယ်။ "ဗိုလ်ဋီကာအဆက်" လို့ ခေါင်းစဉ်တပ်ထားတယ်။ မစ္စတာမောင်မှိုင်း အညာသို့ ပြန်သွားရာ ရထားပေါ်က ရေးသား ဗိုလ်ဋီကာအဆက်လို့ ဖော်ပြတယ်။ မောင်မောင်အေး(စစ်ကိုင်း)က "ဝတ္ထုတိုအစ ဗိုလ်ဋီကာအဆက်က" လို့ ဧကန်စကား ဆိုလိုက်တယ်။

ဆယ်ကျော်သက်က ဆရာကြီးသခင်ကိုယ်တော်မှိုင်းစာနဲ့ ရေစက်ဆုံခဲ့ဖူးပါရက်နဲ့က ကဗျာဆရာ၊ စာရေးဆရာ ဖြစ်ခွင့်မကြုံလိုက်ရတဲ့ ကျွန်တော့်အဖြစ်ကို တွေးမိရင်း ကျွန်တော် လွမ်းမောနေမိတယ်။

ဟံသာဝတီဦးဝင်းတင်။
ဖေဖော်ဝါရီ ၂၀၁၄။
[ဒေါင်းအိုးဝေနှင့်သခင်ကိုယ်တော်မှိုင်း၊ မောင်မောင်အေး(စစ်ကိုင်း) ရဲ့ စာအုပ် စာ ၃ -၆]

Sunday, April 10, 2016

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက် အရေးအခင်း ဖြစ်ရပ်မှန်များ -



၁၉၈၈ ခုနှစ်
မတ်လ ၁၃ ရက် အရေးအခင်း
ဖြစ်ရပ်မှန်များ -



၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက် အရေးအခင်း ဖြစ်ရပ်မှန်များ- စာအုပ်ကို ဖတ်ရပါတယ်။ ဒီစာအုပ်ဟာ ရန်ကုန်စက်မှုတက္ကသိုလ် ၂၈ ကြိမ်မြောက်၊ ကိုဖုန်းမော်၊ ကိုစိုးနိုင် နှစ်လည်အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီက စီစဉ်တာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် မတ်လမှာ ယဉ်မျိုးစာပေက ပထမအကြိမ် ထုတ်ဝေတာ ဖြစ်တယ်။ တန်ဖိုး (ရောင်းရန်မဟုတ်) လို့ စာအုပ်မှာ ရိုက်ထားတယ်။

စီစဉ်သူတွေဟာ ၂၀၁၄ ခုနှစ်က ကိုဖုန်းမော်၊ ကိုစိုးနိုင် နှစ်ပါတ်လည် အခမ်းအနား လုပ်ဖို့ တိုင်ပင်တော့ ဗြူးကုန်းတောရ စာသင်တိုက်မှာ ဆွမ်းကပ်ပြီး အခမ်းအနား လုပ်မယ်လို့ စီစဉ်တယ်။ ၁၉၈၈ မတ် ၁၃ ညမှာ ဒဏ်ရာရသူတွေကို ဆေးရုံလိုက်ပို့ ပေးတဲ့ ဆရာတွေကိုလည်း ဖိတ်တယ်။ ဆွမ်းကပ်ပြီးတော့ ဆရာတွေကပဲ ရေစက်ချ အမျှဝေပေးပါတယ်။ ဆရာတွေနဲ့ စကားပြောဖြစ်တော့ မတ်လ ၁၃ ရက်နေ့နဲ့ ပါတ်သက်ပြီး တလွဲရေးနေကြလို့ အဖြစ်မှန်ကို ရေးစေချင်တဲ့ ဆန္ဒရှိတာနဲ့ သတ္တုဗေဒဌာနက ဆရာဦးညွန့်ဌေးက စကားဝိုင်းကို ဆရာဦးသာလှိုင်အိမ်မှာ စီစဉ်ပေးခဲ့တယ်။ ပြောကြတာတွေကို အသံသွင်းထားခဲ့တယ်။ ဆရာဦးသာလှိုင်အိမ်မှာ ဆရာဦးစိန်မောင်၊ ဆရာဦးသိန်းတန်၊ ဆရာဦးညွန့်ဌေး နဲ့ ဆရာလေးဦးသီဟလတ် တို့ပါတယ်။

ဒီစာအုပ်က ကိုယ်တိုင်ကြုံတွေ့ခဲ့သူတွေရဲ့ ကိုယ်တိုင်ရေး မှတ်တမ်းတွေ၊ ဆရာတွေနဲ့ စကားဝိုင်းက အသံသွင်းစကားတွေကို စုဆောင်း ပူးပေါင်းပြီး ထုတ်ဝေထားတာ ဖြစ်ပါတယ်။

မှတ်တမ်းပြုရာမှာ ပါဝင်ရေးသား ပြောကြားသူတွေ စာရင်းပါတယ်။
၁။ ဦးသာလှိုင် - ဌာနမှူး၊ ရူပဗေဒဌာန
၂။ ဦးစိန်မောင် - လ/ထ ကထိက၊ လျှပ်စစ်အင်ဂျင်နီယာဌာန
၃။ ဦးသိန်းတန် - လ/ထ ကထိက၊ လျှပ်စစ်အင်ဂျင်နီယာဌာန
၎။ ဦးစိုးမြင့် - သင်တန်းနည်းပြ၊ သတ္တုတူးဖော်ရေး အင်ဂျင်နီယာဌာန
၅။ ဦးသီဟလတ် - သင်တန်းနည်းပြ၊ ချည်/ထည် အင်ဂျင်နီယာဌာန
၆။ ကိုသောင်း - ဓါတ်ခွဲခန်းလက်ထောက်၊ မြို့ပြအင်ဂျင်နီယာဌာန
၇။ ကိုအောင်မြတ်ထွတ် - BE(EC) ၁၉၈၇
၈။ ကိုခင်မောင်ရီ - BE(EP) ၁၉၈၇
၉။ ကိုကျော်နိုင်မင်း နောက်ဆုံးနှစ်၊ မြို့ပြအင်ဂျင်နီယာ
၁၀။ ကိုမြင့်ဦး နောက်ဆုံးနှစ်၊ စက်မှုအင်ဂျင်နီယာ
၁၁။ ကိုနေမျိုးအောင် ပဉ္စမနှစ်၊ စက်မှုအင်ဂျင်နီယာ
၁၂။ ကိုတင်မောင်လွင် နောက်ဆုံးနှစ်၊ စက်မှုအင်ဂျင်နီယာ
၁၃။ မတင်တင်ထွေး စတ္တုထနှစ်၊ သတ္တုဗေဒ အင်ဂျင်နီယာ
၁၄။ ကိုကျော်စိုး တတိယနှစ်၊ ရေနံတူးဖော်ရေးအင်ဂျင်နီယာ
၁၅။ ကိုသက်နိုင် ဆရာဦးသာလှိုင်၏သား - တို့ ဖြစ်ကြတယ်။

"ဖြစ်မှဖြစ်ရလေ တာဝန်အရ"

ဆရာဦးသိန်းတန် - ဒါနဲ့ ဆက်စပ်ပြီး ပြောရရင်၊ ဒါပြီးတော့ ကျောင်းတွေ ပြန်ဖွင့်တဲ့အခါကျတော့ "မြက်ခင်းသစ်" ထွက်လာတယ်။ အဲဒီမှာ ဘာရေးထားလဲ ဆိုတော့ "ဖုန်းမော်တို့ကို ဆရာတွေက ဖွက်ထားလို့ သွေးလွန်ပြီး သေတာ" ဆိုပြီး ရေးတယ်။ အဲဒီတော့မှ ဘာဖြစ်သလဲ ဆိုတော့ ကျွန်တော်တို့က မနေနိုင်ဘူး။ ကိုယ်က ဒီမှာ  ပါခဲ့တဲ့လူတွေကိုးဒ ဦးသာလှိုင်ကို သွားပြောတယ်။ ဆရာရေ အဲဒီလို ရေးထားတယ် ပြောတော့၊ ဆရာက စိတ်ဆိုးပြီးတော့ class တွေ ပြန်ဝင်တော့ အခန်းထဲမှာ ဆဲတော့တာပဲ။ အဲဒါရဲ့ အကျိုးကျေးဇူးက တပတ်လောက် ရေကြည်အိုင်ထဲ သွားနေရတာပဲ။ သူဆက်ပြောလိမ့်မယ်။ သူလဲ မနေနိုင်ဘူး။ ကျွန်တော်လဲ မနေနိုင်ဘူး။

ကိုသက်နိုင် - အဲဒီ MIက နောက်တော့ အဖေ့ကို လာပြီး တောင်းပန်တယ်။ ကျောင်းသားပဲ။ ကျွန်တော် တာဝန်အရ လုပ်တာပါပေါ့။ ဆရာ့ကို ပြစ်မှားမိပါတယ် ဆိုပြီး လာတောင်းပန်တယ်။ ကျောင်းသား အစစ်ပေါ့။ အဖေကလဲ ကိစ္စမရှိပါဘူး။ မင်းကို ခွင့်လွှတ်ပါတယ်ပေါ့။

ဆရာဦးသာလှိုင် - အတန်းတော့ ဘယ်အတန်းလဲ မမှတ်မိတော့ဘူး။ ရေကြည်အိုင်ကျတော့ သိပ်မမေးတော့ဘူး။ ကျွန်တော် ပြောတာကိုပဲ လိုက်မှတ်တာ။ အမှန်က ကျွန်တော့ကို ဒီလောက်ကြာကြာ (ဆယ်ရက်ကျော်တယ်) မေးစရာမလိုဘူး။ ဗိုလ်ခင်ညွန့်က အဲဒီတုန်းက နိုင်ငံခြား ရောက်နေတာ။ သူပြန်လာမှ ကျွန်တော့်ကို လွှတ် မလွှတ် ဆုံးဖြတ်ရမှာ။

ကိုသက်နိုင် - အဲဒီတုန်းက အဖေ့ကို စစ်တော့ ခုံအမြင့်မှာ ထိုင်ခိုင်းပြီး မီးတွေ ဘာတွေနဲ့ ထိုးထားမှာပေါ့။ ခြေထောက်က လွတ်နေတော့ အဖေညောင်းတဲ့အခါ ခြေထောက်ကို ခုံအမြင့်က အဆင့်လေးမှာ တင်တာကို သူတို့က တင်ခွင့် မပေးဘူး။ တွဲလောင်းချထားရတာ။ အဖေလုပ်ပြတာ၊ အထဲမှာ အဲဒီလို နေရတာ၊ အထဲမှာ ဖျာတချပ်ပဲ ရှိတာ။ ပြောပြတယ်။ ဖျာစလေးတွေ ချိုးပြီး ပုတီးစိတ်တဲ့အကြောင်း။

ဆရာဦးသာလှိုင် - အဲဒီမှာက တဖက်ကို ၄ ခန်း၊ သံတိုင်တွေ ကာထားတယ်။ သီဟိုသရက်ပင်လေးတွေ ရှိတယ်။ ဗိုလ်ခင်ညွန့်နဲ့ တွေ့ရတော့မယ် ဆိုတဲ့ အခါကျမှ ကျွန်တော့ကို ထုတ်ပြီး တွေ့ပေးတယ်။ တေါ့တော့မှ သူက တောင်းပန်တယ်။ ကျွန်တော် မရှိလို့ပါပေါ့။ ကျွန်တော်မရှိရင် သူတို့ ဘာမှ လုပ်လို့ မရဘူး ဆရာတဲ့။ ဒါကြောင့် ဒီလောက်ကြာသွားတာပါတဲ့။ ကျွန်တော်က ပြောလိုက်ပါတယ်။ ကိစ္စမရှိပါဘူးဗျာ၊ ဒီမှာ အေးအေးဆေးဆေး နေရတော့ ပိုတောင် ကောင်းသေးတယ်။ နားရတာပေါ့ဗျာလို့။ သူ ရီနေတယ်။ ၁၀ ရက်ကျော် ကြာတယ်။

ဆရာဦးသိန်းဒန် - ကျွန်တော်တို့က စိတ်ပူတာပေါ့။ ဘယ်ရောက်နေတယ် ဆိုတာလဲ လာမပြောဘူး။ ထောက်လှမ်းရေးက လာခေါ်သွားတယ် ဆိုတာလောက်ပဲ သိတာ။ ဌာနကနေ လာခေါ်သွားတာ။

ကိုသက်နိုင် - ရေကြည်အိုင်ကို တိုက်ရိုက်ခေါ်သွားတာ။ အဖေပြောတာ မှတ်မိတယ်။ မျက်လုံးကို နေကာမျက်မှန် တပ်ပေးထားတာ။ တကယ်က အပြင်ကို ဘာမှ မမြင်ရဘူး။ အပြင်က ကြည့်ရင်တော့ နေကာမျက်မှန် တပ်ထားတာပဲ မြင်ရတယ်။ နေကာမျက်မှန်တပ်ပြီး ဆရာ ကားထဲ ပါသွားတယ်ပေါ့။ အမှန်က ဘာမှ မမြင်ရဘူး။
+++++++++++++++++++++++                         ============             ++++++++++++++++

၁၉၈၈ မတ်လ ၁၃ ရက်။

ကိုအောင်မြတ်ထွဋ် (ကဗျာ - ညီလင်းညို) မှတ်တမ်းမှ …….

" မှတ်မှတ်ရရ အဲသည်နေ့ ညနေ ၇း၀၀ နာ၇ီကျော်လောက်လို့ ထင်တယ်။ ကျွန်တော်ရယ်၊ ရဲမင်းဌေးရယ်၊ အောင်စိုး(မောင်နိုင်လတ် ပျော်ဘွယ်) ရယ် သုံးယောက်သား  ကျောင်းဘေးက ခြံမှာ မလေးရှား စုံးကား ဝင်ကြည့်နေတာ။ ကျွန်တော်က ကျောင်းပြီးပြီးသား အနောက်ကြို့ကုန်း၊ ဘီပီအိုင် အဝိုင်းနား ဇေယျာ လမ်းထဲက အဆောင်မှာ နေတာပါ။ ကျန် နှစ်ယောက်က Mechanical က နောက်ဆုံးနှစ်သမားတွေ။
……………………………………………………………
ကျောင်းဝင်းထဲမှာတော့ အဆောင်မီးနဲု့ လမ်းမီးတိုင်တွေ လင်းနေပြီ။ အဆောင်ပေါ်မှာ ကျောင်းသားတွေ စုစု မြင်ရသလို ကျောင်းဝင်းထဲက ကားလမ်း ပလက်ဖောင်းပေါ်မှာရော အဆောင် (၁) ပေါ်တီကို အောက်မှာပါ ထိုင်သူ ထသူ စုရုံး စကားပြောသူတွေနဲ့ ကျွန်တော်တို့လည်း ဟိုမေး သည်မေးနဲ့ ဇာတ်ရည်လည်အောင် လုပ်နေကြတာ၊ သေချာတာကတော့ ကျွန်တော့်အဆောင်ရှိရာ ဘီပီအိုင် လမ်းထဲ ပြန်သွားလို့ မရတာပါပဲ။ ဘီပီအိုင် အဝိုင်းထောင့်က သမဝါယမဆိုင်လည်း မီးလောင်သွားပြီတဲ့။ အင်းစိန်လမ်းမဟာ အလစ်ချောင်းနေတဲ့ မြွေတကောင်လို၊ လမ်းမီးတိုင်တွေက စိုးထိတ်မှုနှဲို့င် အ အ ရပ်နေကြပြီး ရောက်လာမယ့် ကံကြမ္မာ မုန်တိုင်းတခုကို ငေးကြည့်နေကြရဲ့။……"


မုန်တိုင်းထန်တဲ့ည


" မကြာပါဘူး သမိုင်းဘက်ကနေ မီးသတ်ကားတွေ ၂ စီးတွဲ ယှဉ်ပြီး ကျောင်းဘက်ကို မောင်းလာကြတယ်။ ဖြည်းဖြည်းမောင်းလာတဲ့ မီးသတ်ကားတွေနဲ့ အတူ လုံထိန်းတွေ ပါလာကြတယ်။ ကျောင်းသားထုက သည်မြင်ကွင်းကို အေးအေးဆေးဆေးပဲ ထိုင်ကြည့်နေ ကြတာပါ။ အင်းစိန်လမ်းတဖက် စိုက်ပျိုးရေးရုံးဘက်မှာ လုံထိန်း ရှိ မရှိ မသေချာဘူး။ သေချာတာကတော့ ကျောင်းဝင်းဘက်မှာတော့ ပါလာတဲ့ လုံထိန်းမှန်သမျှက ကျောင်းဝင်းထ၇ံအတိုင်း ဂိတ်ပေါက်မကြီးကနေ ကျောင်းသားတွေအခေါ် ဆင်းရဲသား ဂိတ်အထိ တန်းစီ နေရာယူနေကြပါပြီ။ သည်အထိတော့ ပြသနာ မဖြစ်သေးဘူး။ ဖြစ်ချင်တော့ သေနတ်(အမျိုးအစားမသိ) ကိုင်ထားတဲ့ လုံထိန်းတွေက သေနတ်ပြောင်းတွေကို ကျောင်းသားတွေဘက် ထိုးချိန်ထားရာက စတာပါပဲ။

ကျောင်းသားတွေ ရင်ထဲမှာ ဒါဟာ တဖက်သတ် ဖိနှိပ်မယ့် သဘောလို့ ယူဆ လိုက်ကြပြီ။ ကျွန်တော့်အမြင် ပြောရရင် ၁၉၈၇ စက်တင်ဘာလ ငွေစက္ကူတွေ ဖျက်သိမ်းချိန် အာရ်အိုင်တီ ကျောင်းသားထုနဲ့ အရပ်သားတွေ သမိုင်းလမ်းဆုံအထိ ချီတက်ဆန္ဒပြတာကို အညှိုးအတေးနဲ့ ခုကိစ္စမှာ ပိုဖိနှိပ်ဖို့ ကြံရွယ်တယ် ထင်ပါတယ်။

သေနတ်ပြောင်းကို ထိုးအချိန်ခံရတာကြောင့် ကျောင်းသားတွေရဲ့ ဆဲဆိုသံ၊ မကျေနပ်သံတွေ ပေါက်ကွဲထွက်လာပါတယ်။ အတင်းမာဆုံးနေရာက ဆင်းရဲသား ဂိတ်ပေါက်နားမှာပါ။………….
ရုန်းရင်းဆန်ခတ် အခြေအတင် အော်ဟစ်မှုက ပြင်းထန်လာပြီး ကျောင်းသားတွေက ခဲနဲ့ ပေါက်ကြပြီ။……
ရှုတ်ထွေးမောပန်းနေတဲ့ အချိန်မှာ မီးသတ်ကားက ရေနဲပ စပက်ပါပြီ။ ပထမတော့ အားနည်းနည်း၊ ကျောင်းသားကလည်း သိတဲ့အတိုင်း ခပ်ကဲကဲ ရေပန်းအောက်မှာ ကပြနေသေး။ နောက်တော့ ရေပန်းက ပြင်းလာပြီ။ ကိုယ်တော် လွင့်ပါသွားလေရဲ့။ မကြာခင်ပဲ အနီရဲရဲ အတန်းတတန်းဟာ ကျွန်တော်နဲ့ ဝါးတရိုက် ကျော်ကျော်အကွာ ခါးလယ်အနေအထားလောက်က ဖြတ်ဝင်လာတာ တွေ့လိုက်ရတယ်။ ပေါက်ကွဲသံတွေလည်း မရှေးမနှောင်းမှာ ကြားလိုက်ရပြီ။

ပေါက်ကွဲသံတွေ(သေနတ်သံတွေ)က ညံနေပြီ လုံထိန်းတွေက ပစ်လည်းပစ်၊ ကျောင်းဝင်းထရံကိုလည်း ကျော်ဝင်လိုက်ကြပြီ။ ကျွန်တော်နဲ့ အနီးဆုံးက သူငယ်ချင်း ရဲမင်းဌေး။ ပထမတော့ UTC မှာ သင်ခဲ့ရသလို မိချောင်တက်နဲ့ နှစ်ယောက်သား စဆုတ်တယ်။ ဒါက ကြာကြာ အလုပ်မဖြစ်တော့ဘူး။ ကျောင်းရေပန်းအဝိုင်းကို ပတ်စိုက်ထားတဲ့ ပုဏ္ဏရိပ်ပင်တွေကြား ခေါင်းကို ထိုးမိတော့ နှစ်ယောက်သား ထပြေးရတာပါပဲ။ ဘာမှ မစဉ်းစားနိုင်ဘူး။ သူတို့ကလည်း ဆင်း၇ဲသား ဂိတ်ကစပြီး ကျောင်းပေါ်တီကိုနဲ့ ကျောင်ဆောင်တွေကြား ကွက်လပ်ဂွင်ထဲကိုပဲ အဓိက ထားပစ်တာပေါ သူတို့က မုဆိုး၊ ကျွန်တော်တို့က သားကောင်အနေအထား၊ မှန်သူ၊ လဲသူ၊ ကွဲပြဲသူ အားလုံး ရှုတ်ထွေးတဲ့ အနေအထားပါ။."

ဆက်လက်ဖော်ပြပါဦးမည်။