Saturday, June 16, 2018

ထင်းခုတ်စားကြတယ်

ထင်းခုတ်စားကြတယ်

ထင်းခုတ်စားကြတယ်..


ဂေါ်ကီပြောသလို (ဂေါ်ကီ ရေးတဲ့ အမေဝတ္ထုထဲမှာလို့ ထင်တာပဲ) ထောင်ဆိုတာ အစိုးရက စေတနာ ဗလပွနဲ့ ဆောက်ပေးထားတဲ့ ပြည်သူတွေအတွက် နားခိုရာ ဇရပ်ကြီးလို.... လူပေါင်းစုံ၊ အလွှာပေါင်းစုံက လာရောက် တည်းခို ကြတယ်။

ကျနော်တို့တုန်းကတော့ ဒီဇရပ်ကြီးမှာ နားခိုလာသူ အများစုက ကျောင်းသားတွေ။ နောက်တော့ အထူးဆောင်ကို ပုံစံဆောင် ပြောင်းတော့ ဝန်းကျင်ကို လူပေါင်းစုံ ရောက်လာတယ်။ ကျောင်းသား၊ အလုပ်သမား၊ အရပ်သား (လူကောင်း လူဆိုး)။ စစ်တပ်ထဲက လူတွေလဲ ပါတယ်။ ဗိုလ်တွေ ရာထူးကြီးသူတွေတော့ မပါဘူး။ ဗိုလ်တွေက ထောင်ဝင်ဒါမီယာမှာ နေရတယ်။ အပြင်မှာ အခွင့်ထူးခံ၊ ထောင်ကျတော့လည်း အခွင့်ထူးခံ....။ သူ့အိမ်ယာ သူ့ဝင်း သူ့ခြံနဲ့...။

ကျနော်တို့ ဇရပ်ကြီးမှာ အချင်းချင်း တယောက်ဆီက တယောက် သင်ကြတယ်။ ကိုယ်မတတ်တာ သူ့ဆီက ကိုယ်သင်၊ သူမတတ်တာ သူ့ကို ကိုယ်က သင်ပေး... အချင်းချင်း ယိုင်းပင်းကြတယ်။ သင်ကြားခြင်းနဲ့ သင်ယူခြင်း...။ နောက်ပီး ရှိအတူ မရှိအတူ။ တလုပ်ရှိရင် တဝက်ခွဲပေးဖို့ ဘယ်သူမှ ဝန်မလေးကြဘူး..။

ကြည့်လေ.. တိုက်မှာ ကြုံရတာ၊ ပဲကြီးလှော် တထုတ်ရတဲ့ အခန်းက မရတဲ့ တခြားအခန်းတွေကို လက်တဆုပ်စာစီ ခွဲပေးတယ်။ လက်တဆုတ်စာ ရတဲ့အခန်းကလည်း ကိုယ့်အခန်းထဲ လူရှိသလောက် အညီအမျှ ခွဲကြတာချည်းပဲ။ ကျနော်တို့လို လေးယောက်ရှိတဲ့ အခန်းမှာ ပဲကြီးလှော် တယောက် ၈ စေ့လောက် ဝေပုံကျ ရတယ်။ ကိုယ်က ၈ စေ့ကို ခြမ်းတော့ ၁၆ ခြမ်း ရတယ်။ ထမင်းလေးနဲ့ ဟင်းအဖြစ် တနပ်စာ ချိုးချိုးခြံခြံ။ ထညက်ခဲလေး တလုံးရတော့လဲ တခါတည်း ကိုက်မစားလိုက်ပဲ သွားနဲ့ နဲနဲ နဲနဲ ခြစ်စားရင် ထမင်းတခါစာ ရအောင်စားရတယ်။ ဝါဒါတွေဆီက ဆေးပေါ့လိပ်တောင်းရမ်းလို့ ရရင် တိုတို ရှည်ရှည်၊ တယောက်နှစ်ဖွာဆို နှစ်ဖွာ။ အစီခံစက္ကူ မီးလောင်တဲ့အထိ မျှမျှတတ။

ဘဝတက္ကသိုလ်က သင်ပေးလိုက်တဲ့ သင်ခန်းစာတွေ ဘယ်မှာ တန်ဖိုးဖြတ်လို့ ရနိုင်မှာလဲ။

ဒီကျောင်းသားတွေဟာ ထောင်ကထွက်လို့ မိဘရင်ခွင်ကို ပြန်ရောက်တော့ ကိုယ့်ဝမ်းအတွက် ကိုယ်ကျောင်းတယ်။ ကိုယ့်လမ်း ကိုယ်လျှောက် ကြတယ်။ မိဘက တောင့်တောင့်တင်းတင်း ဟန်ကျပန်ကျ ရှိရင်တောင် "ပန်းပန်လျက်ပါ" ရုပ်ရှင်ထဲမှာ ကောလိပ်ဂျင်နေဝင်း ပြောသလို... "မိဘက အသင့်ခင်းထားတဲ့ ပန်းမွှေ့ယာ ရွှေကော်ဇောပေါ် အသင့်...." ခင်းထိုင်မချ လိုက်ကြဘူး။

ခုခေတ် ခုခါမှာ လူတလုံး သူတလုံး နေနိုင်ကြတဲ့၊ နေနေကြတဲ့ ဟိုတုန်းက ထောင်ထွက် ကျောင်းသားတွေဟာ၊ မိမိဘဝ ရပ်တည်ခိုင်မာဖို့ ကာလတခုကို တစုံတရာ ဖြတ်သန်းခဲ့ရတာ ချည်းပါပဲ။ ထောင်ကျလို့ ကိုယ့်ကို ဘယ်သူမှ ဆုလာမချဘူး။ ထောင်ကျလက်မှတ်နဲ့ ဘယ်သူ့ ဆီကမှ လက်ဖြန့် မတောင်းကြဘူး။ လက်ဝေမခံဘူး။ ကိုယ့်ဘာသာကိုယ် ရှာဖွေရလို့ ဖြစ်ဖြစ်၊ ရန်သူနဲ့ ပူးပေါင်းပြီး ရှာဖွေ စားသောက်လို့ပဲ ဖြစ်ဖြစ်၊ တခုခုကိုတော့ လုပ်ကိုင်စားသောက်ကြတာချည်းပဲ။

ကျောင်းသားတွေ (ငယ်၊ လတ်၊ ကြီး) မည်သူမျှ ကျောင်းပြန်တက်ခွင့် မရခဲ့ဘူး။ ကိုယ့်ဝမ်းကိုယ် ကျောင်းပီး ရှာဖွေလုပ်ကိုင် စားသောက်ကြရတယ်။ မှတ်မိသလောက် ပြန်ရေးကြည့်ချင်တယ်။

ကျော်မြင့်... တဲ့။ ကျောင်းသားငယ်လေးတယောက်။ ရွှေတိ၈ုံအရေးအခင်းမှာ ရွှေတိဂုံဘုရားပေါ်ကနေ အဖမ်းခံသွားရတာ။ ထောင်ထဲမှာ အစ်ကိုကြီးတွေနဲ့အတူ တိုက်ပွဲဝင်တယ်။ အတူ တိုက်ပိတ်ခံရတယ်။ ကျနော်တို့ စစ်ကြောရေးဝင်ခံနေရတုန်းမှာ ၅ တိုက်ကို ဘိုးတော်ခင်ဝင်း၊ ကိုဦးလှစော (ယခု The Wave) တို့နဲ့ ရောက်လာတယ်။ တိုက်ကာလကို ဖြတ်သန်းပြီး အဆောင်ရောက်တော့ ဒီကလေးက မီးမောင်းတွေနဲ့ တခန်းတည်း ကျပြန်တယ်။ အစ်ကိုကြီးတွေက သူ့ကို စာသင်ပေးတယ်။ ကကြီး ခခွေး သင်ပုန်းကြီးကို သင်ပေးတယ်။ သူ့ စာအံသံ ကျနော်တို့ အခန်းဆီကို ပျံ့လွင့်လာတတ်တယ်။ သူ့ဦးဏှောက်က သာမန်လို ဖွံ့ဖွံ့ဖြိုးဖြိုးတော့ မဟုတ်ဘူး။ အပြင်ရောက်တော့ ဒီကလေးကို ကျနော်ပြန်တွေ့တယ်။ တက္ကသိုလ် ဝန်းကျင်မှာ မြေပဲလှော် လိုက်ရောင်းတယ်။ ကျနော့ကို မြင်တော့ သူ့ မြေပဲလှော်ပုံးထဲက မြေပဲလှော်တထုပ် ထုတ်ကျွေး ရှာတယ်။

ကျော်မြင့်လိုပဲ.. ရွှေတိဂုံပေါ်က မိလာတဲ့ ကျောင်းသားလေးတွေ အများကြီး။ အဲဒီမှာ ခင်မောင်လွင် ဆိုတဲ့ ကျောင်းသားလေး.....။ ငယ်ငယ်က ပိုလီယို ရောဂါကြောင့် ခြေထောက်လေးတဖက်က မသန်ရှာဘူး။ သူထောင်ထဲ ရောက်နေတုန်း သူ အပြင်မှာ ဖြေခဲ့တဲ့ ၁၀ တန်းစာမေးပွဲက အောင်စာရင်းထွက်တယ်။ ဂုဏ်ထူးနဲ့ အောင်တယ်။ ထောင်က ပြန်ထွက်တော့ (၁၉၈၀ ဝန်းကျင်) သူ့ကို ရန်ကုန်ဘူတာကြီးမှာ တွေ့တယ်။ ရထားဘူတာ စင်္ကြန်တွေမှာ သတင်းစာတွေ၊ စာစောင်တွေ လက်ပွေ့ လိုက်ရောင်းတယ်။ နောက်တော့ ပလက်ဖောင်း (၁) မှာ စာအုပ်တွေ မဂဇင်းတွေကို ဖြန့်ခင်းရောင်းနေတာ တွေ့တယ်။ သူဘဝ အဆင့်ဆင့် တိုးတက်လာတာ ခု သူ စီးပွါးရေးလုပ်ငန်းတခုနဲ့ အောင်မြင်ကြီးပွါးနေတယ်လို့ ကြားမိတယ်။

အဲဒီတုန်းက ဖော်မြူလာရှိတယ်။ ထောင်ထွက် အထူးသဖြင့် ကျောင်းသားတွေဟာ ကျောင်းပြန်တက်ခွင့် မရကြတော့ အပြင်ရောက်လာတော့ စာအုပ်အငှားဆိုင် ဖွင့်တယ်၊ ဒါမှမဟုတ် နယ်ဘက်တွေ ဆင်းပြီး တွဲဘက်ကျောင်းဆရာ (ဆွဲခန့်ကျောင်းဆရာ) လုပ်တယ်၊ ဒါမှမဟုတ် အထက်တန်းရှေ့နေ စာမေးပွဲဖြေပြီး ရှေ့နေလုပ်ကြတယ်။

ကျနော်က ထောင်ကျမဲ့ ဆဲဆဲမှာ စာအုပ်အငှားဆိုင်ကလေးတခု အစပျိုးထားခဲ့တော့ နှစ်နှစ်ကြာ ထောင်ကအထွက်မှာ ဒီဆိုင်ကလေးက အရှိန်တော်တော် ရနေပြီ။ ထောင်ထဲမှာ ရဲဘော်အတော်များများက ကျနော့်စာအုပ်ဆိုင်ကလေးကို စိတ်ဝင်စားကြတယ်။ တချို့ အားကျကြတယ်။ အပြင်ရောက်ရင် သူတို့လဲ ဖွင့်မယ်ဆိုပြီး စိတ်ကူးတွေ ထုတ်ခဲ့ကြတယ်။ ထွက်လာတော့ ကျနော့်ဆိုင်ကို ရောက်လာကြတယ်။ တချို့ စာဖတ်ချင်လို့၊ တချို့ စာအုပ်အငှားဆိုင် ဖွင့်ဖို့ လာတိုင်ပင်ကြတာ။ ၂၉ လမ်းမှာ ဖွင့်တဲ့ ရှင်နေမင်းစာပေ ကိုစံမင်း(ပန်းချီစံမင်း)၊ လမ်း ၅၀ ထိပ်က အမေ့အိမ်စာအုပ်အငှားဆိုင် ကိုစန္ဒာထူးမင်းဝင်း၊ သင်္ဃန်းကျွန်း လမ်းမကြီးပေါ်ဖွင့်တဲ့ ကိုမြတ်ခိုင် (ယခု မီဒီယာဂုရုကြီး ကိုမြတ်ခိုင်)။

စီးပွါးရေးလောကမှာ မာစတာဘရိန်း အောင်မိုးသူ (ခေါ်) အေးကြည်။ စီးပွါးရေးဥာဏ်သွက်လို့ ကျနော်တို့က တိန်ရှောက်ပိန် လို့ နာမည်ပေးထားတယ်။ ထောင်ကထွက်တော့ သူ့ တက်လက်စ ဆေးတက္ကသိုလ်လဲ တက်ခွင်မရတော့ သူ့ဇာတိ မော်လမြိုင်ကို ပြန်တယ်။ အိမ်ရှေ့မှာ 'စိတ်တိုင်းကျ' လက်ဘက်ရည်ဆိုင်ဖွင့်တယ်။ ကျောင်းနေဘက် သူငယ်ချင်းတွေ ဆရာဝန်ပေါက်စတွေက၊ မော်လမြိုင်က ဆေးရုံတွေမှာ ဟောက်စ်ဆာဂျင် ဆင်းနေကြပြီ။ သူ့ဆိုင်ကို အဲဒီ သူငယ်ချင်းတွေက အလုပ်အားတဲ့အချိန်မှာ အကူ လုပ်အားလာပေးကြတယ်။ စပွဲထိုးပေးတယ်၊ ကောင်တာ ထိုင်ပေးတယ်။ ဆရာဝန်လေးတွေ စပွဲထိုးလုပ်နေတဲ့ လက်ဘက်ရည်ဆိုင် ဆိုပြီး မော်လမြိုင်မှာ နာမည် ကြီးသွားတာပေါ့။ သခင်သင်းလှိုင် တို့လို ရှေးတုန်းက သခင်လက်ဟောင်းကြီးတွေ၊ မောင်စူးစမ်းလို့ ခေါ်တဲ့ ရဲဘော်ချမ်းအေးတို့ လာပြီး သူ့လက်ဘက်ရည်ဆိုင်မှာ စတည်းချကြတယ်။ ထောက်လှမ်းရေးကလဲ ကွက်ကြည့် ကွက်ကြည့်။ ခုတော့ စိတ်တိုင်းကျ ဆိုင်က ဗမာပြည်မှာတွင်းမှာသာမက ထိုင်းနိုင်ငံ ဘန်ကောက်မှာတောင် ဖွင့်ထားတယ်။

ရဲဘော်တွေ အလုပ်မျိုးစုံ လုပ်ကြတယ်။ ရေတွက်ကြည့်ရင် ကီလီဘောတံတားမှာ ကုန်ထမ်းတယ်၊ ဘတ်စ်ကားလက်မှတ်ရောင်း လုပ်တယ်၊ ဆိုက်ကားနင်းတယ်၊ ဘဲဥရောင်းတယ်၊ အသုဘ ပွဲစားလုပ်တယ် ( ကျနော့်ကို လာပြောတယ် အသုဘအတွက် အကူညီ လိုရင်ပြောတဲ့)၊ ဘုရားပွဲတွေ လိုက်ပြီး ပြက္ခဒိန်တွေ ဗေဒင်စာအုပ်တွေ ရောင်းတယ်၊ ပလာတာ ရိုက်တယ်၊ လေးကောင်ဂျင်ဒိုင်အတွက် အော်ဂနိုက်ဇာ လုပ်ပေးတယ်... ။ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း (ခ) ကျောင်းသားက နယ်ဘက်ရွာတွေ သွားပြီး ဆေးကုစားတယ်၊ မင်္ဂလာဈေးမှာ ဆေးဆိုင်ဖွင့်ပြီး ဆေးရောင်းတယ်။ ရေးဘက်ကို သွားပြီး မှောင်ခို ကယ်ရီလုပ်တယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြောသလို ထမင်းတလုပ်အတွက် ထင်းခုတ်ကြတဲ့ လူတွေ...။

အလုပ်မျိုးစုံ လုပ်ကြရင်းပဲ အရေးကြုံလာတော့ နိုင်ငံရေးပွဲထဲ ဝင်နွှဲကြပြန်တယ်။ ထောင်ထဲကို ဒုတိယ၊ တတိယ၊ စတုတ္ထ အထိ ဝင်ကြရတယ်။ လွတ်မြောက်တဲ့ နယ်မြေကို ရောက်သွားပြီး လက်နက်ကိုင်စွဲ တိုက်ပွဲ ဝင်ကြတယ်။

ဒီ ထောက်ထွက်တွေဆီက မျိုးဆက်သစ်တွေ ပေါက်ဖွားလာကြပြန်တယ်။ မဆုံးနိုင်တဲ့ တော်လှန်ရေး သံသရာမှာ ကျင်လည်ကြရင်း......

မောင်အေးဝင်း။
နိုဝင်ဘာ ၆ ရက်၊ ၂၀၁၁။

Friday, June 1, 2018

ကျွန်မ၏ မောင်ငယ် မောင်အေးဝင်း ရေးသူ - မမြင့်ခိုင်


ကျွန်မ၏ မောင်ငယ် မောင်အေးဝင်း 

ရေးသူ - မမြင့်ခိုင်






 

သည်ခေါင်းစဉ်ကို ဖတ်မိလိုက်သည်နှင့် ကာယကံရှင်မှအပ (ကာယကံရှင်လည်း ပါကောင်းပါမည်) ဘဝင်မကျ ဖြစ်မိမည် ထင်ပါသည်။ မှန်ပါသည်။ လုံခြုံရေးအရာအရှိ ပုဂ္ဂိုလ်တဦး၊ အသက် ၆၆ နှစ်အရွယ် ဂုဏ်သရေရှိ လူသားတဦးဖြစ်သော "အေးဝင်း(လမင်းတရာ)" အား ကလေးသူငယ်တဦးသဖွယ်၊ စာမျက်နှာထက်တွင် မောင် - တပ်၍ ခေါ်ဝေါ်သုံးစွဲ လိုက်ခြင်းသည် အ-ဂါရဝတရား ဖြစ်သွားသည်လား မပြောတတ်ပါ။ သို့သော် ကျွန်မကတော့ သူ့အမည်ကို သည်လိုဘဲ ခေါ်ပြီး နှုတ်ဆက်လိုက်ပါသည်။

+++++ +++++ +++++ +++++

၁၉၇၉- ခုနှစ်အကုန်၊ ၈၀- ခုနှစ်အစ၊ လွန်ခဲ့သော နှစ်ပေါင်း ၄၀ နီးပါး ကာလက သူ့ကို ကျွန်မ စ၍ တွေ့ဘူးခဲ့သည်။ သည်တုန်းက ကျွန်မ၏ "အတုံ့ရှိလျှင် ကြေစေသား" စာအုပ် ထွက်ပြီးချိန်။ ကျွန်မထံ သူရောက်လာသည်။ ရွှေဘုံသာလမ်း အလယ်ဘလောက်တွင် "လမင်းတရာစာပေ" အမည်ဖြင့် စာအုပ်အငှားဆိုင်ဖွင့်ထားသော လူငယ်ကလေး။ သည်တုန်းက ကျွန်မတို့ နှစ်ယောက်စလုံး လူကြီး မဖြစ်ကြသေးသော အသက်အရွယ်။ ကျွန်မထက်လည်း အတော် အတန် ငယ်ပုံရသည်။ သို့သော် သူစိမ်းတယောက်၊ သူ့အလုပ်အကိုင် သူ့ဂုဏ်သိက္ခာနှင့် ဆိုရင်တော့ "ကိုအေးဝင်း"။ သူလည်း စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းဖြစ်ကြောင်း၊ ကျွန်မစာအုပ်ကို ထုတ်ချင်ကြောင်း၊ သူက ပြောသည်။ အလှမ်းဝေးသော မြို့လည်ခေါင်မှ သူ၏ "လမင်းတရာ" စာအုပ်အငှားဆိုင်ကို ကျွန်မ မသိပါ။ သူ့ကိုလည်း ကျွန်မ မသိပါ။ သို့သော် ကျောင်းဆွေ ကျောင်းမျိုး၊ အပြောအဆို အေးဆေးယဉ်ကျေးခြင်း၊ ယခင်ထုတ်ဝေသူနှင့် မည်သည့် စာချုပ်စာတမ်းမျှ ရှိမနေခြင်း စသောအချက်များကြောင့် စာအုပ်ရေးပေးရန် ကျွန်မ သဘောတူလိုက်ခဲ့သည်။

ပထမစာအုပ် "အမှောင်မှလွန်မြောက်ခြင်း" (၁၉၈၀ - ဇူလိုင်)

စာအုပ်ထုတ်ဝေသူဆိုတိုင်း စာပေအနုပညာဟူသည် ဘာမှန်းသိသည်မဟုတ်ကြောင်း ထုတ်ဝေသူအချို့နှင့် ဆက်ဆံဘူးပြီး ဖြစ်သော ကျွန်မက အနည်းငယ် သဘောပေါက်ခဲ့ ပြီးပါပြီ။ ယခု လုပ်ငန်းအရ ပြောဆိုဆက်ဆံလာရသောအခါ "ကိုအေးဝင်း" ၏ စာပေဟူသော အနုပညာ အပေါ် နားလည်လေးစား မြတ်နှိုးမှု ကို ခန့်မှန်း၍ ရလာသည်။ သည်တော့ ယခင်ထုတ်ဝေသူ များကဲ့သို့ သူက စာမူလာယူ၊ ကျွန်မက စာမူပေးလိုက်၊ စာအုပ်တိုက်ကို သွားစရာမလိုသော ပုံစံ မဟုတ်တော့ဘဲ အလှမ်းဝေးသော မြို့လည်ခေါင်မှ သူ၏ "လမင်းတရာ" သို့ ကျွန်မ တကူးတက အလည် ရောက်ရောက် သွားခဲ့ပါသည်။ သည်မှာ သူ၏ စာပေစိတ်ကို တွေ့ရခြင်းပါဘဲ။ စာအုပ် အငှားဆိုင်ဟု အမည်တပ်ထားသော အခြား စာအုပ်ဆိုင်များကဲ့သို့ အဖတ်များသော ဝတ္ထု မဂ္ဂဇင်း၊ ကာတွန်းစာအုပ်များသာမကဘဲ၊ နိုင်ငံရေး၊ သမိုင်း၊ သုတေသန၊ အတ္ထုပ္ပတ္တိ၊ ဂန္ထဝင် ဝတ္ထုစာအုပ်ကောင်း များစွာကို "လမင်းတရာ" တွင် ကျွန်မ တွေ့ရပါသည်။ သူ့ဆိုင်သို့ မကြာခဏရောက်၊ ဝတ္ထုအကြောင်း၊ စာအုပ်အကြောင်းများ ပြောဖြစ်ရာမှ သူသည် ကျွန်မနှင့် စကားပြော၍ရသော မိတ်ဆွေတယောက် ဖြစ်လာခဲ့သည်။ သည်လိုနှင့် "အမှောင်မှ လွန်မြောက်ခြင်း" ရေးပြီးသွားပြီ။ အချို့ ထုတ်ဝေသူများကတော့ သူတို့ အပ်ချင်သော ပန်းချီ ဆရာနှင့် အဖုံးပန်းချီ အပ်ကြသည်။ သူကတော့ ကျွန်မဆန္ဒကို မေးပါသည်။ ကျွန်မကြိုက်သော ပန်းချီဆရာ အမည်ကိုပြောတော့ သူလက်ခံပါသည်။ ပန်းချီဆရာ "ကိုစံတိုး" ထံ ကျွန်မတို့ နှစ်ယောက် ပုံသွားအပ်ကြသည်။ ကိုစံတိုးက ဝတ္ထုနောက်ဆုံးပိုင်း အကြောင်းအရာကို သိရလျှင် ပုံဆွဲရတာ ပိုကောင်းသည်ဆို၍ ဝတ္ထုနိဂုံးပိုင်း မူရင်းကို ပေးခဲ့ပါသည်။ သည်မှလည်း ကိုစံတိုးကို ကျွန်မ အလွန်လေးစားသွားသည်။ ဒါကြောင့်လည်း သူ့ပုံတွေ အသက်ဝင်သည် မဟုတ်လား။

အဖုံးပန်းချီ ကိစ္စပြီးတော့ ဝတ္ထုကြော်ငြာ။ နာမည်ကြီး စာပေအနုပညာမဂ္ဂဇင်း "ရှုမဝ" တွင် သူထည့်ပေးပါသည်။ မှတ်မိနေပါသည်။ ကြော်ငြာကိစ္စအတွက် ရှုမဝမဂ္ဂဇင်းတိုက်တွင် ကဗျာဆရာ "မောင်မြင့်မြတ်" က ကျွန်မတို့ကို လက်ခံတွေ့ဆုံပါသည်။ "မောင်ဆွေတင့်" "မောင်မြင့်မြတ်" တို့၏ ကဗျာများကို ကျွန်မ ကောင်းကောင်း ဖတ်ဖူးခဲ့သောကြောင့် လူကိုယ်တိုင် တွေ့ဆုံလိုက်ရသောအခါ အလွန်ဝမ်းသာခဲ့ရသည်။

၁၉၈၀ - ခုနှစ်၊ ဇူလိုင်တွင် "အမှောင်မှလွန်မြောက်ခြင်း" ထွက်ပြီးနောက်၊ နောက်တအုပ် အတွက် သူ စီစဉ်ပါသည်။ ပထမဦးဆုံး ရေးခဲ့သော လုံးချင်း "မောင့်ကိုစိမ်းကား မယ်နှမက ဆိုသလား" ကို ကျွန်မ စိတ်တိုင်းကျ မဖြစ်ခဲ့ပါ။ အလွန်ရေးချင်သော လူတန်းစားတခု အကြောင်းကို ရေးခဲ့သော်လည်း လုံးချင်းရေးပါး မဝသေးသော အချိန်က ရေးခဲ့သောကြောင့် အဓိကဇာတ်ကောင် အချို့၏ ဇာတ်ရုပ်ကို ဖေါ်ပြရာတွင် အားနည်းချက် များရှိခဲ့သည်။ လူတန်းစားသရုပ်ကို တတ်နိုင်သမျှ အပီပြင်ဆုံး ဖေါ်ပြနိုင်လိုသောကြောင့် ယင်းဝတ္ထုကို ပြန်လည်ချဲ့ထွင် အသစ်ရေးသားပြီး၊ "အနီးဆုံးအဝေးဆုံး အဝေးဆုံးအနီးဆုံး" ဟု အမည်ပေးပါသည်။ ရှေး အိုင်ချင်းတခုမှ ကျွန်မအလွန်ကြိုက်သော စာသား "မောင့်ကိုစိမ်းကား" ကို အလွန်နှမြောစွာဖြင့် သူ့ပထမစာအုပ်တွင်သာ နေရာမပျက် ပြန်ထားခဲ့ပါသည်။

"အနီးဆုံးအဝေးဆုံ." အတွက် အဖုံးပန်းချီကိုတော့ ကိုအေးဝင်းဆန္ဒအရ "မောင်မောင်သိုက်" ကို ရွေးချယ်ပါသည်။ ကျွန်မက "ဇာတ်ကောင်အမျိုးသမီးကို အရမ်းလှအောင် မရေးပါနဲ့၊ သာမန်ဘဲ ရေးပေးပါ" ဟု ပြောသောအခါ ကိုမောင်မောင်သိုက်က "ကျွန်တော့်ကို ဘယ် စာရေးဆရာမှ ဒီလို မပြောဖူးဘူး" ဟု အလွန်တအံ့တသြ ပြောပါသည်။ တောင်းဆိုချက်အတိုင်း ဆွဲပေးလိုက်သော ကိုမောင်မောင်သိုက်လက်ရာကို မြင်လိုက်ရသောအခါ ကျွန်မ အလွန် ကျေးဇူးတင်သွားပါသည်။

၁၉၈၀ ခုနှစ်၊ ဒီဇင်ဘာလတွင် "အနီးဆုံး အဝေးဆုံး." ထွက်ပြီးနောက် ကိုအေးဝင်းက "ကျွန်တော်တို့ ခဏနားရအောင်" ဟု ဆိုပါသည်။ ဘာကြောင့်ဟု မပြောသော်လည်း ကျွန်မ ကောင်းစွာ သဘောပေါက်ပါသည်။ အလွန်အားနာသွားပါသည်။ သူလုပ်ချင်၍ လုပ်လိုက်သော အလုပ်တခုသည် သူ့အတွက် စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှုတခုကို ဖြစ်ကောင်း ဖြစ်စေနိုင်ခဲ့ပါလိမ့် မည်။ သို့သော် ကျန်သောအပိုင်းကဏ္ဍ တခုအတွက်မူ မျှော်လင့်သလောက် အကျိုးဖြစ်ထွန်းမှု ရှိဟန်မတူပါ။ သူကလည်း မပြော၊ ကျွန်မကလည်း မမေး။ သို့နှင့် "လမင်းတရာ" ထုတ်ဝေရေး နှင့် ကျွန်မသည် စာအုပ်နှစ်အုပ်နှင့် ရပ်သွားခဲ့သည်။ သို့သော် ရပ်သွားခဲ့သည်မှာ စာအုပ်ထုတ်ဝေရေးဟူသော သာမန်ကိစ္စလေးတခု မျှသာပါ။ ထုတ်ဝေသူနှင့် စာရေးသူအကြား ယင်းကိစ္စသည် ဘာမျှဆန်းပြားသော အရာမဟုတ်။ ယခင်ထုတ်ဝေသူများနှင့်လည်း သည်လို ကြုံခဲ့ ဆုံခဲ့ ဘူးသည်သာ။ "လမင်းတရာ" နှင့် ကျွန်မတို့ အကြား ဆက်သွယ်မှုသည် စာအုပ်ထုတ်ဝေရေး ကိစ္စတခုတည်းမဟုတ်။

ကျွန်မအတွက် ရောက်ရန် သွားရန် မလိုအပ်လှသော မြို့လည်ခေါင်ဒေသသို့ ၁၉၈၁ ခုနှစ် နောက်ပိုင်း မကြာခဏ ရောက်ရောက်သွားပါသည်။ ရွှေဘုံသာလမ်း အလယ်ဘလောက်မှ "လမင်းတရာ" သို့ပါဘဲ။ ထုတ်ဝေသူနှင့် စာရေးသူအကြား လုပ်ငန်းဆက်ဆံမှု မလိုအပ်တော့ သော အချိန်တွင် စာပေအနုပညာကို လေးနက်စွာ စိတ်ဝင်စားသူ နှစ်ဦးအကြား နွေးထွေးသော မိတ်ဆွေဆက်ဆံရေးနှင့်သာပင်။

သူ့ဆိုင်တွင် စာအုပ်များကို သွားကြည့်သည်။ တခါတရံ ယူဖတ်သည်။ သူနှင့် စကားပြောသည်။ သူနှင့်ကျွန်မသည် အနုပညာရပ် အတော်များများကို လေးနက်စွာ စိတ်ဝင်စားခြင်းတွင် ထူးခြားစွာ လာတိုက်ဆိုင်နေသည်။ စာပေ၊ ဂီတ၊ ရုပ်ရှင်။ ယင်းအနုပညာများနှင့် ပတ်သက်၍ ကျွန်မတို့နှစ်ယောက် သူ့ဆိုင်တွင် အကြာကြီး ပြောဘူး ဆိုဘူးကြသည်။ ကဗျာနှင့် ပတ်သက်၍လည်း တခါက မေးဘူးပါသည်။

"ကျွန်တော် အင်တာဗျူး လုပ်အုန်းမယ်၊ မော်ဒန်ကဗျာကို ကြိုက်သလား"
ကျွန်မလည်း အရှင်းဆုံး ဖြေလိုက်ပါသည်။
"တချို့ကဗျာတွေက တည့်တည့်ရေးလို့ မရလို့ သွယ်ဝိုက်ပြီး ရေးတာကို နားလည်တယ်။ ဒါပေမယ့် တချို့ကျတော့ ဖွက်ထားတာ နက်လွန်းလို့ ဘာကို ရေးချင်တာမှန်းကို မသိဘူးလေ။ နားမလည်ဘူး။ ခံစားလို့ မရဘူး။ အနုပညာဆိုတာ ခံစားလို့ ရ ရမယ်လေ"
သူက ပြုံးနေပါသည်။ ဘာမှတော့ မပြောပါ။

သည်လိုနှင့် သူသည် တဖြည်းဖြည်း ကျွန်မနှင့် စကားပြော၍ရသော မိတ်ဆွေရင်းတဦး ဖြစ်လာသည်။ ကျွန်မဘေးတွင် သည်လိုမိတ်ဆွေ မရှိသလောက် ရှားသည်။ မရှိဘူးဟုပင် ပြော၍ ရသည်။ ကျွန်မတို့ နှစ်ဦးကြားမှ ထုတ်ဝေသူနှင့် စာရေးသူဆက်ဆံရေးဘဝသည် ဝေးသော အတိတ်တွင် မှိန်ပျပျသာ ကျန်ခဲ့ပြီ။ လက်ရှိ အနုပညာခံစားချက်၊ ခံယူချက် တူညီသော မိတ်ဆွေရင်းဘဝသည် အလွန်နှစ်လိုဘွယ် ကောင်းသောဘဝပင်။

ကျွန်မတို့ နှစ်ယောက်စလုံး မော်လမြိုင်သူ/သားများ ဆိုသည်က လွဲ၍ မည်သူ့ သားသမီး၊ မည်သည့် အဆင့်အတန်းဟူသည်ကို မည်သူမျှ စိတ်မဝင်စား၊ မစူးစမ်းကြပါ။ လိုမှ မလိုအပ်ဘဲ။ သည်လိုနှင့် စကားပြော၍ ရသော ကျွန်မထက်ငယ်သော လမင်းတရာကိုအေးဝင်းသည် "မောင်အေးဝင်း" ဖြစ်လာခဲ့သည်။ သည်လိုခေါ်ခြင်းကို သူ လက်ခံ မခံ ကျွန်မခွင့်မတောင်းခဲ့ ဟု ထင်ပါသည်။ သူကလည်း ဘာမှ မပြောပါ။

ပို၍ ရင်နှီးသော မိတ်ဆွေဘဝသို့ ရောက်ရန် ဖန်တီးလာသော အကြောင်းတခုက သူ့ဇနီး လှသိင်္ဂီသည် ကျွန်မ၏ ဂျာမန်ဘာသာတပည့် ဖြစ်လာခဲ့ခြင်း။ သည်တော့ ကျွန်မတို့ သုံးဦးသည် ဆရာတပည့် မိတ်ဆွေ မောင်နှမများဟု ကျွန်မခံယူသည်။

ကျွန်မသည် ကိုယ်တိုင်ကသာ စာရေးသော်လည်း၊ အနုပညာကို အလေးအနက် စိတ်ဝင်စား သော်လည်း၊ ကိစ္စတစုံတရာ ရှိလျင်မှလွဲ၍ ကျွန်မအလွန် လေးစားကြည်ညိုသော မည်သည့် အနုပညာရှင် တဦးထံကိုမျှ သွားရောက်လည်ပတ်ခြင်း မရှိခဲ့ပါ။ ထိုသို့သော ကျွန်မသည် မောင်အေးဝင်း၏ ကျေးဇူးဖြင့် ဆရာဒဂုန်တာရာ၊ ဆရာမြသန်းတင့်တို့ထံ ရောက်ခဲ့ဘူးပါသည်။ ကျွန်မအား ဆရာဒဂုန်တာရာ ပြောခဲ့ဖူးသော စကားတခွန်းကိုတော့ ယခုထိ မမေ့နိုင်ပါ။

" အတုံ့ရှိလျှင်ကြေစေသား ဝတ္ထုကို ဖတ်ရတုန်းက ဒီဝတ္ထုကို ရေးတဲ့ မမြင့်ခိုင်ဆိုတာ အမျိုးသမီးနာမည်ခံပြီး ရေးတဲ့ အမျိုးသား စာရေးဆရာတယောက်ဘဲ လို့ ယူဆလို့ ဒီစာအုပ်နဲ့ ပတ်သက်ပြီး ဘာမှ မရေးခဲ့တာ"

ဆရာက နောက်ပိုင်းကျတော့ ကျွန်မ၏ "အမှောင်မှလွန်မြောက်ခြင်း" နှင့်ပတ်သက်၍ မိုးဝေမဂ္ဂဇင်း စာပေစစ်တမ်းကဏ္ဍတွင် "ဗညားသီဟ" အမည်နှင့် "မိုးရာသီတွင်တွေ့ခဲ့ရသော အချစ်ဝတ္ထုတပုဒ်" အမည်ပေး၍ ရေးခဲ့ပါသည်။ ကျွန်မရေးခဲ့သမျှ လုံးချင်းစာအုပ်များတွင် ကျွန်မကိုယ်တိုင်အကြိုက်ဆုံး (မောင်အေးဝင်း၏ လမင်းတရာစာပေမှ ထုတ်ဝေခဲ့သော) စာအုပ်နှင့် ပတ်သက်၍ ဆရာ အလေးအနက် ရေးသားပေးခဲ့သည်ကို ဝမ်းသာကြည်နူး၍ မဆုံးပါ။

သည်လောက် ရင်းနှီးခင်မင်ခဲ့ကြသော်လည်း သူ့ကို "လမင်းတရာ" စာပေ၊ စာအုပ်ဆိုင်ပိုင်ရှင် အဖြစ်မှ လွဲ၍ ဘာမျှမသိခဲ့။ ကျွန်မ၏ ပင်ကိုယ်ဗီဇကလည်း စပ်စပ်စုစု လုံးဝမလုပ်တတ်၊ သူကလည်း အနုပညာ ကိစ္စရပ်များမှ လွဲ၍ ဘာမျှမပြော။ သည်လိုနှင့် ကိုယ်ပိုင်ဘဝကို ကိုယ်ပိုင်ခံယူချက်များဖြင့် တည်ဆောက်ကြရင်း ကျွန်မတို့ ကွဲကွာခဲ့ကြရာမှ တနေ့တော့ လုံးဝမမျှော်လင့်ဘဲ ပြန်ဆုံတွေ့ကြရသည်။ ရန်ကုန်တွင်မဟုတ်။ မြေကြီးပေါ်တွင်မဟုတ်။ အမေရိကဟူသော ကမ္ဘာမြေတနေရာမှ ပို့လိုက်သည့် စာကလေးတစောင်မှ တဆင့်။ သို့သော် သည်လို ပြန်ဆုံကြခြင်းသည်လည်း ခဏကလေးမျှသာ။ တဖန် ပြန်၍ ဝေးသွားကြပြန်သည်။ ရှားပါးလှသော မိတ်ဆွေကောင်းများ ဆုံးရှုံးလိုက်ရပြီ ဟုဘဲစိတ်မကောင်းစွာ မှတ်ယူလိုက်ရသည်။

ကုန်လွန်ခဲ့သော အချိန်တွေ များစွာ။ ပြောင်းလဲမှုတွေ များစွာ၊ များစွာ၊ များစွာ။

၂၀၁၆ ခုနှစ်။ မိုးတွေရွာနေသော ကာလ။ ဇူလိုင်လကုန်လောက်ဟုထင်သည်။ ရန်ကုန်နှင့် အတန်ငယ်အလှမ်းဝေးသော နေရာတခုတွင် အင်္ဂလိပ်စာသင်ကြားရေး ကိစ္စတခုဖြင့် ကျွန်မ ရောက်ရှိနေချိန်။ မကြားသည်မှာ ကာလမည်မျှ ကြာခဲ့ပြီ ဟုပင် မတွက်ဆနိုင်တော့သော အသံကို တယ်လီဖုံးပေါ်တွင် ကြားလိုက်ရပါ၏။ လုံးဝပင် မယုံနိုင်လောက်စွာ။

သူ မည်မျှဝမ်းသာကြောင်း သူ့အသံတွင် ပေါ်လွင်နေသလို ကျွန်မလည်း သည့်နှယ်ပင်ဟု တယ်လီဖုံးထဲမှ သူတို့ ဇနီးမောင်နှံ နှစ်ယောက်စလုံး သိကြပါလိမ့်မည်။ သူတို့ နှစ်ယောက်စလုံးပုံ တွေ မြင်ရတော့ ငယ်ရုပ်တော့ မပျောက်သေး။

သူရေးသားခဲ့သော "ကျွန်တော်ဝရမ်းပြေး၊ ကျွန်တော်ဒုက္ခသည်" စာအုပ်အဖုံးကို viber တွင် မြင်လိုက်ရသည်။ ထုတ်ဝေသူထံမှ "ကျွန်တော်." စာအုပ်ကို ဖတ်ရသောအခါမှ မောင်အေးဝင်းသည် ဘာလဲ ဟူသည်ကို ကျွန်မသိရခြင်း ဖြစ်ပါ၏။ အခြား စာဖတ်သူများလည်း ကျွန်မနည်းတူ ရှိလိမ့်မည်ဟု ယုံကြည်သည့်အတွက် ဒုတိယစာအုပ် ရေးဖြစ်အောင်ရေး၊ ထုတ်ဖြစ်အောင် ထုတ်စေချင်ပါသည်။ ဖတ်ချင်လှပါသည်။

တခါက facebook ပေါ်တွင် သူတင်ခဲ့သော ငှက်ကလေးများအကြောင်း၊ ယင်းငှက်ကလေးများ အချင်းချင်း ပြောကြသော စကားများအကြောင်းကို ဖတ်ရသောအခါ "ဒါဟာ စာရေးဆရာတယောက်ရဲ့ အနုပညာအတွေးအခေါ်ဘဲ" ဟု မှတ်ချက်ချခဲ့မိသည်။ သူ့ကိုတော့ မပြောဖြစ်ခဲ့ပါ။

အိမ်ထောင်သက် ၄၅ နှစ်တွင် ဇနီး၊ သမီး မြေးတွေနှင့် ဘဝကို ဖြတ်သန်းနေသူ မောင်အေးဝင်းက တနေ့ ပြောလာသည်။

"ကျွန်နော့် အသက် ၆၆ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ်၊ မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ ကျွန်နော့်အတွက် အမှတ်တရ ဆောင်းပါးတွေကို အမှတ်တရ ထုတ်ဝေမယ်။ မချိုရေးပေးပါ" လိုလား ဝမ်းမြောက်စွာပင် ကျွန်မ သဘောတူလိုက်ပါသည်။

အခြားဘာမျှ မလုပ်ပေးနိုင်သော်လည်း သည်အရာကတော့ ကျွန်မ တတ်နိုင်သောအရာ။ ပြီးတော့ သူသည် အခြားသော သူမဟုတ်။ မောင်အေးဝင်း။ ကျွန်မ၏ ရှားပါးသော မိတ်ဆွေ လမင်းတရာ မောင်အေးဝင်း။

၆၆ နှစ်မြောက် မွေးနေ့တွင် ရရှိလာမည့် စာပေလက်ဆောင်များသည် မောင်အေးဝင်းအတွက် တကယ့် အမှတ်တရပစ္စည်းများ ဖြစ်ပါစေသတည်း။ ။

မမြင့်ခိုင်
မေလ ၁၇ ရက်၊ ၂၀၁၈ခု။