အို.... အသင်လောက...။ ယခု ကျွန်မကား ကျွန်မ၏ မနက်လက်ဘက်ရည်ချိန်လေးကို ပြန်လည်ရရှိပေပြီ....။
အသင်လောက....၊ ကျွန်မ၏ ကိုးရီးယားစာ သူငယ်တန်းကျောင်းသူဘ၀ ပြီးဆုံးသွား လေပြီ။
အဟောသုခံ... ချမ်းသာစွ...။ လာကြလော့.. ဒေါ်ရီသန့်တို့၊ ဒေါ်ချိုပြုံးတို့၊ ကိုသုမောင်တို့၊ စိန်မောင်ကိုကြီးတို့၊ စိန်မွတ်တားတို့၊ ဦးအံ့ကြီးတို့ရေ.. စိမ်းမြတဲ့ တောအုပ်ကလေးကို ကြည့်ရင်း လက်ဘက်ရည်တူတူ သောက်ကြရအောင်... လာကြလော့..။
မကြာမတင်မှာလဲ ကျွန်မသည် အိမ်လက်ဘက်ရည်လေးကို ချစ်တဲ့သူနဲ့ အတူ သောက်ရပေတော့မည်။
ကျွန်မ အိမ်ပြန်ရတော့မှာလေ...။
သူစိမ်းတွေကြားမှာ ကျွန်မ နေခဲ့ရှာတာ ငါးလကျော်ကြီးများတောင် ရှိခဲ့ပြီလေ။
နိုဝင်ဘာ သုံးဆယ်ရက်နေ့ဆို.... ကျွန်မ အိမ်ပြန်ရတော့မှာ...။
နောက်တလနေရင်ပေါ့...၊ တလဆိုတာ ခဏလေးပါ..၊ ခဏလေးပဲ စောင့်ရတော့မှာပါ.. လို့ အားတင်းစကား ဆိုတတ်တဲ့ ချစ်တဲ့သူ ပြောသလိုပါပဲပေါ့။
ခုဆိုရင် ဂျူမုံတို့ ရှေးဂျိုဆောင်နယ်မြေကလဲ အေးစိမ့်စ ပြုလာနေပြီ..။
စိမ်းမြတဲ့ သစ်ရွက်တွေက အရောင်ပြောင်းစ ပြုပြီ။ မကြာခင်မှာ ဆောင်းဦးရွက်ကြွေ လေးတွေကို မြင်ရတော့မယ်...။ ပြီးတော့မှ အရိုးပြိုင်းပြိုင်း သစ်ပင်တွေဘဝနဲ့ အင်မတန် အေးလှတဲ့ ဆောင်းရာသီကို ဖြတ်သန်းရရှာတော့မယ်။
သူတို့ ဆောင်းရာသီမှာ ဘယ်လောက်များ အေးသလဲဆိုရင် ဆိုလ်းမြို့ကို ဖြတ်သန်းစီး ဆင်းနေတဲ့ ဟန်မြစ်ဟာ ရေခဲသတဲ့။ ဟန်မြစ်ရေခဲပြင်ပေါ်မှာ လမ်းလျှောက်သွားလို့ ရသတဲ့။ အဆိုးဝါးဆုံးက 'ရေခဲလေ' ပဲတဲ့။ ရေခဲလို အေးစိမ့်နေတဲ့ လေတိုက်ထဲမှာ လှုပ်ရှားသွားလာ ရတာဟာ အဆိုးဝါးဆုံးပဲတဲ့။ အိမ်ထဲမှာလဲ အပူငွေ့ လွှတ်မထားရင်၊ Heater မရှိရင် ဘယ်လိုမှ နေလို့ မရ၊ အိပ်လို့မရအောင် အေးတာပေါ့..။ သူတို့ပြောတဲ့ ရေခဲလေကို ၁၉၉၈ ခုနှစ် အင်္ဂလန်နွေရာသီမှာ ကျွန်မခံစားဖူးခဲ့ပြီ။ ကျွန်မ ကိုယ်ချင်းစာနိုင်ပါတယ်။
သူတို့က ဒီ အောက်တိုဘာလ အေးစိမ့်စိမ့်ကလေးကို အင်မတန်ကြိုက်ကြတယ်။ သူတို့အတွက် မပူမအေး၊ အနေတော်လေးနဲ့၊ အဲယားကွန်းမလို၊ ဟီတာ Heater မလို။ ပိုက်ဆံလဲ ချွေတာလို့ ရတာကိုး...။ အဲယားကွန်းခ၊ ဟီတာခက ဈေးသိပ်ကြီးတယ်လေ။ သူတို့အတွက် အေးစိမ့်စိမ့်ကလေးပေမယ့် ကိုယ့်အတွက်ကတော့ တော်တော်ကလေးကို အေးစိမ့်ပါတယ်။ အပြင်ထွက်ရင် ဂွမ်းကပ် ဆွယ်တာ ထူထူနဲ့ ခြေအိတ်စွပ်၊ ခြေနင်းစီးထွက်တဲ့ ကျွန်မကို အင်္ကျီလက်ရှည် အပါးလေးတွေနဲ့ သူတို့က အထူးအဆန်း ကြည့်ကြတယ်။ ဈေးတွေ၊ စူပါမားကက်တွေ၊ မောလ် Mall တွေမှာလဲ ဖြတ်ဆို နွေရာသီသုံး ပစ္စည်းတွေ အကုန်ပျောက်ကုန်ပြီ။ ဆောင်းရာသီသုံးပစ္စည်းတွေ အကုန်ရောက်လာတော့တာပဲ။
နွေအ၀တ်အစားတွေ၊ ဖိနပ်တွေ၊ ဘယ်မှာမှ ရှာလို့ မတွေ့တော့ဘူး။ အနွေးထည်တွေ..၊ လည်ပင်းစီ စကပ်ပုဝါနဲ့။ ဖိနပ်တွေကလဲ အားလုံး ထိပ်အလုံတွေနဲ့ ဝေါ့ကင်းရှူးတွေချည့်ပဲ။ ပြီးတော့ သူတို့ဆီမှာ ဈေးဝယ်ရတာ ထူးဆန်းတာ တခုက တွေ့ရင်ဝယ်ထား၊ ဈေးမများဆိုသလိုပဲ။ ပစ္စည်းတခုကို တွေ့လို့ ကြိုက်ရင် ၀ယ်ပစ်လိုက်ပေတော့...။ မဟုတ်လို့ ကတော့ နောက်နေ့မှ စဉ်းစားအုံးမယ်လေဆိုရင်တော့ နောက်နေ့မှ နောက်တခါမှာ မရှိတော့ ဘူးသာ၊ မှတ်ပေတော့။ ချီတုံချတုံ လုပ်တတ်တဲ့ ကျွန်မ ခဏခဏ ကြုံဖူးပြီ။
ပြီးတော့ ဈေးထဲက ဈေးဝယ်နဲ့ ဈေးသည်ဆက်ဆံရေးကိုလဲ ခဏခဏ နားမလည်နိုင် ဖြစ်ရဖူးပြီ။ ဈေးဝယ်တဲ့သူက ပစ္စည်းတခုကို အကြာကြီးရွေးနေရင် သူတို့ စိတ်မရှည်တော့ဘူး။ စိတ်တိုနေတဲ့ အမူအရာ၊ သည်းမခံတော့ဘူးဆိုတဲ့ အမူအရာကို ခပ်ရိုင်းရိုင်းပဲ ပြတတ်တယ်။ ပြီးတာနဲ့ မရောင်းတော့ဘူး ဆိုတာမျိုးလဲ လုပ်တတ်တယ်။ သူတို့ လူမျိုးအချင်းချင်းကိုရော၊ နိုင်ငံခြားသားကိုရောပဲ။
'မြောင်ဒုံ' လို့ခေါ်တဲ့ နံမည်ကျော် ဈေးအကြီးကြီးထဲမှာ မောင်ငယ် ဦးမြတ်ထွန်းအောင် (မန္တလေးယဉ်ကျေးမှုတက္ကသိုလ်၊ ပန်းချီတွဲဖက်ပါမောက္ခ) တွေ့ခဲ့တာဆို...၊ အရုပ်ရောင်းတဲ့ ဆိုင်ရှင်ယောက်ျားက ဈေးဝယ်အမျိုးသမီးတယောက် (သူတို့လူမျိုးပဲ) ကို သူ့ဆိုင်က မြေကြီး ပေါ်ပေါက်ကြည့်ရတဲ့ ပလပ်စတစ်ပျော့ ဘောလုံးအရုပ်လေးကို မပြောမဆို မြေကြီးပေါ် ပေါက်ကြည့်လိုက်တဲ့ အမှုနဲ့ 'ပါး' ကို ဖျန်းကနဲ ရိုက်ထည့်လိုက်သတဲ့။
ပြီးတော့ သူတို့တွေ (sub way) ပေါ်မှာ တယောသံစုံနောက်ခံတေးဂီတနဲ့လဲ ရန်ဖြစ်၊ နပန်းလုံးတတ်ကြတယ်။ အစိုးရ အစည်းအဝေးတွေမှာလဲ ဖိနပ်ချွတ်ပြီး ဖိနပ်နဲ့ ထပေါက်ကြ တာမျိုးလဲ ရှိတယ်။
ဘယ်လိုလဲ မသိပါဖူး။ တခုတော့လဲ ကျွန်မတွေးမိပါတယ်။ သူတို့တွေလဲ အာရှတိုက် သားတွေပီပီ၊ သွေးပူ၊ သွေးဆူလွယ်၊ စိတ်လှုပ်ရှားလွယ်ကြတာလဲ ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ ဒီက 'ရွှေမြန်မာတွေ၊ (ရွှေ)တွေ' ရဲ့အခေါ် 'ကကြီးသား' တိုင်းတော့ မဟုတ်ပါဖူး။ တချို့သော 'ကကြီးသား' တွေကျတော့လဲ သူတို့ခင်မိရင် ဇွတ်ကို ခင်နေတော့တာပဲ။ ကျွန်မတို့ ကျောင်းနားက 'ဆန်ဝဲကုတ်' ဈေးကလေးထဲမှာတင်ကို ဈေးလေး အလည်တန်းက ကိုးရီးယားမိတ် ဖိနပ်တွေ ရောင်းတဲ့ 'ကကြီးသား' ဆို ကျွန်မတို့ကို 'ဖတ်စ်ကပ်ချင်းဂု' တဲ့၊ 'ပထမတန်းစာသူငယ်ချင်း' ပေါ့လေ။ 'ချင်းဂု' ဆိုတာ ကိုးရီးယားလို 'သူငယ်ချင်း' ကို ပြောတာ။ ကျွန်မတို့ သူ့ဆိုင်ရှေ့က ဖြတ်သွားတာနဲ့ 'ဟေး' ဆိုပြီး ၀မ်းသာအားရ အော်နှုတ်ဆက်တော့တာပဲ။ သူ့ဆီက ဖိနပ်ဝယ်ရင်လဲ ဈေးအမြဲလျှော့ပေးတယ်။ ကုန်စုံဆိုင်က 'အိုမား(အမေ)' တယောက်နဲ့ 'အိုနီး(အမ)' တယောက်လဲ အဲလိုပဲ။ သဘောကောင်းပြီး အမြဲကူညီတယ်။ ဈေးလဲ အမြဲ လျှော့ပေးတယ်။ အဲဒီကျွန်တို့ ဈေးလေးထဲမှာပဲ နဲနဲလေး ပစ္စည်းရွေးတာ ကြာတာနဲ့ 'ရှူးရှူး' 'ရှူးရှူး' ဖြစ်ပြီး စိတ်တိုမောင်းထုတ်တတ်တဲ့ သူတွေလဲ ရှိတယ်။
ကိုးရီးယားလူမျိုးတိုင်းဟာ 'ဂျွန်စော' တို့၊ 'အွန်စော' တို့၊ 'ဂျူမုံ' တို့၊ 'ဒါရိုက်တာရင်' တို့ 'ချန်ဂင်' တို့လိုတော့ မဖြစ်နိုင်ဘူးလေ။ ရုပ်ရှင်ထဲက ဘ၀တွေနဲ့ အပြင်လောက က ဘ၀တွေဟာ ထပ်တူထပ်မျှ ဘယ်လိုတူနိုင်ပါ့မလဲ..။ သူတို့ မင်းသား မင်းသမီးလေးတွေ တောင်မှ သူတို့သရုပ်ဆောင်နေရတဲ့ ဘ၀နဲ့ အပြင်ဘ၀တွေက တူနိုင်ရှာကြတာမှ မဟုတ်တာ။
အခု... ဒီ အောက်တိုဘာလဆန်းမှာတင် ကိုယ့်ကိုယ်ကို သတ်သေသွားရှာတဲ့ နံမည်ကြီး မင်းသမီးလေးတယောက် ရှိတယ်လေ။ 'Choi' တဲ့။ ကျွန်မတို့ဆီက ကိုးရီးယားရုပ်ရှင် ပရိသတ်တွေ ကောင်းကောင်းသိတဲ့ မင်းသမီးလေးတယောက်ပေါ့။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလဲ မင်းသားတယောက် အဲလိုပဲ။ (suicide) ပဲ။
ကိုးရီးယားမင်းသား မင်းသမီးတွေကြားမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့ suicide ဟာ ဖက်ရှင်တခုလို ဖြစ်နေတာဟာလဲ ကြောက်စရာကောင်းပါတယ်။ သူတို့ စာရင်းမှာ ကျွန်မဖတ်ကြည့်တာ ရုပ်ရှင်လောကသားတွေရဲ့ (suicide) ဟာ ၁၉၆၀ ခုနှစ်ပိုင်းကနေ စလိုက်တာ ၁၉၉၀ လောက်ကစပြီး ဒီနှစ်ထိ နှစ်တိုင်း၊ နှစ်ယောက်နဲ့သုံးယောက်ကြာမှာ ဖြစ်နေတာပဲ။
ကျွန်မထင်တော့ ဘာသာရေးအဆုံးအမ မရှိတာလဲ ပါမယ်ထင်တယ်။ ဒီနေ့ခေတ် မျိုးဆက်သစ် ကိုးရီးယားလူငယ်တော်တော်များများက ဘယ်ဘာသာကိုမှ မကိုးကွယ်တဲ့၊ ဘာသာမရှိတဲ့ 'ဘာသာမဲ့' တွေ ဖြစ်ကုန်ကြပြီလေ။
ဘာသာရှိတဲ့ လူနည်းစု ကိုးကွယ်ကြတာက ခရစ်ယန်ဘာသာပေါ့။ ဗုဒ္ဓဘာသာဝင်က သိပ်နည်းတယ်။ ပြီးတော့ မဟာယနပဲ။ ကျွန်မတို့ ထေရ၀ါဒ ကိုးကွယ်သူ ရှားတယ်။ ဆိုးလ်မြို့တ၀ိုက်မှာ နေကြတဲ့ မြန်မာတွေရဲ့ ကြိုးစားမှုနဲ့ မြန်မာဘုန်းကြီးကျောင်း ၃ ကျောင်း ရှိတယ်။ မြန်မာပြည်က တကူးတက ပင့်ပြီးကိုးကွယ်ထားတဲ့ ဥာဏ်တော်၊ တော်တော်မြင့်တဲ့ ရုပ်ပွါးတော် တဆူလဲ ရှိတယ်။ ကိုးရီးယားမှာ တောင်တွေ အလွန်ပေါပေမယ့် စေတီပုထိုးကတော့ အလွန်ရှားတာကိုး။
အံ့သြစရာကောင်းပြီး ထူးခြားတာတခုကတော့ ကျွန်မတို့နိုင်ငံကို 'မြန်မာ' လို့ ပြောလိုက်တာနဲ့ ချက်ချင်းသိပြီး 'မြန်မာ' အကြောင်းကိုပါ သိနေတဲ့ 'ကကြီးသား ကကြီးသူ' တွေဟာ အခြေခံလူတန်းစားတွေ ဖြစ်နေတာပါပဲ။
ကိုးရီးယားရဲ့ ဒုတိယမြို့တော် ပူဆန် (Pusan) ကို ( cultural field trip ) သွားရတုန်းက ပုဆန်ရဲ့ ပင်လယ်ကမ်းခြေ၊ မီးပြတိုက်က သန့်ရှင်းရေး အလုပ်သမကြီး 'ချွဲစုအီ' က ကျွန်မကို 'မြန်မာ' မှန်း သိတာနဲ့၊ အင်္ဂလိပ်လို ပြောတတ်တဲ့ ကိုးရီးယားမလေးကနေ တဆင့် တန်းပြောတာ..၊ 'နာဂစ်' အကြောင်းကိုလေ...။ 'နာဂစ်' မုန်တိုင်းဒဏ်ကို ခံကြရတဲ့ မြန်မာပြည်အကြောင်းကို သူ တီဗွီမှာကြည့်ရတယ်တဲ့..။ သူအများကြီး စိတ်မကောင်း ဖြစ်တယ်တဲ့..။ ခုကော ဘယ်လိုနေသေးလဲလို့ မေးရှာတယ်။ ပြီးတော့ ကျွန်မကို...၊ စာရေးဆရာမှန်းလဲ သိသွားရော (women right) ကို သူသိသလို ပြောပြခဲ့သေးတယ်။ သူ့ရဲ့ဇာတိမြို့ (ပူဆန် မလာခင် ကျွန်မတို့ တည၀င်အိပ်ခဲ့ရတဲ့မြို့) 'ဂျောင်ဂျူး (Gyeongju)' မြို့က ကိုးရီးယားအမျိုးသမီးတွေမှာ လွတ်လပ်စွာ ကွာရှင်းခွင့် မရှိဘူးတဲ့။ အဲဒါကြောင့် သူဟာ ပူဆန်သားကို လက်ထပ်ပြီး၊ ပူဆန်ကို လိုက်လာခဲ့တာတဲ့။
နောက်.. ပူဆန် ဟိုတယ်က လုံခြုံရေး ၀န်ထမ်း အလုပ်သမားကြီးတယောက်..။ ဓါတ်လှေကားထဲမှာ 'မြန်မာ' မှန်း သိတာနဲ့ 'နာဂစ်' အကြောင်းရော၊ သူမြင်ဖူးတဲ့ တီဗွီသတင်း တွေထဲက မြန်မာအကြောင်းတွေကိုရော မေးတော့တာပဲ။ ပြီးတော့...၊ ကျွန်မတို့ ဈေးသွားဝယ် ရာ လမ်းကလေးဘေးက စားသောက်ဆိုင် သေးသေးလေးမှာ အမြဲချွေးတလုံးလုံးနဲ့ ကြော်လှော်နေတဲ့ 'ကကြီးသူ' ကြီးတယောက်...၊ မြန်မာဆိုတာနဲ့ သူသိထားတဲ့ မြန်မာနံမည်တခုကို ချက်ခြင်းပြောလိုက်တာ အံ့သြသွားတာပဲ။ ကျွန်မနဲ့ တွေ့ရတဲ့ ပညာတတ် လူတန်းစားတွေထဲက 'နာဂစ်' အကြောင်း တခုတ်တရ မေးသူ တယောက်မှ မရှိပါဘူး။ 'မြန်မာ' ဆိုတာနဲ့ ချက်ခြင်းမသိဘဲ 'မြန်မာ မြန်မာ' ဆိုပြီး မျက်တောင် ပုတ်ကလပ် ပုတ်ကလပ် လုပ်နေတဲ့ သူတွေ များတယ်။ အော်... ကိုယ့်စိတ်ထဲမှာတင် မျိုးဆက်သစ်တွေဆိုတော့ မေ့ကြပြီပေါ့။ တကယ်တော့ မမေ့စကောင်းပါဖူးကွယ်။ ၁၉၅၀ ခုနှစ်များဆီတုန်းက.. အစာရေစာ ပြတ်လပ်နေတဲ့ မင်းတို့ အဖိုးအဖွားတွေအတွက် တို့မြန်မာပြည်က ဆန်တန်ချိန်များစွာ ထောက်ပံ့ခဲ့ဖူးပါတယ်လို့....။ ၁၉၇၃ မှာလဲ ကိုးရီးယားသမတ ပတ်ချုံဟီးရဲ့ 'ပတ်ချုံဟီးဖလား' ကို အနိုင်ရ ဗိုလ်စွဲယူနိုင်ခဲ့တဲ့ ဘော့လုံးအသင်းဟာ မြန်မာဘော့လုံးသင်း ပါလို့....။
အင်း... ကျွန်မလဲ ရွှေရောင်ရက်တွေကို တမ်းတတတ်တဲ့.. 'တို့ငယ်ငယ်တုန်းကပေါ့' ဆိုတဲ့ 'အဖွားကြီးလေသံ' မျိုးပေါက်နေပြီလားမသိ..။ မကြာခင် ကျွန်မမြေး စကားပြောတတ် ရင် 'အဖွားတို့ ငယ်ငယ်တုန်းကပေါ့' ဆိုတဲ့ စကားကို ကျွန်မမပြောခင် ကြိုပြောပြီး နောက်ပြောင်ခံရတော့မှာ အသေအချာပေါ့။
ကျွန်မ ဒီမှာနေရတဲ့ အတောအတွင်းအမှာ၊ သူတို့ လိုက်ပို့ပေးတဲ့ ယဉ်ကျေးမှု လေ့လာရေးခရီး ခေါ်မှာပေါ့။ (cultural field trip) တွေကိုတော့ အကြိုကပ်ဆုံးပဲ။ ကိုးရီးယား နိုင်ငံထဲက သွားသင့်တဲ့ မြို့တွေကို နှစ်ညအိပ်၊ သုံးညအိပ် လျှောက်သွားကြည့်တာပေါ့...။ အဲဒီမှာ ကျွန်မ စိတ်ဝင်စားတဲ့ တခုက တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယားနဲ့ နယ်စပ်ဘော်ဒါ၊ စစ်မဲ့ဇုံ ( Demiliterized zone DMZ) လို့ သူတို့ခေါ်တဲ့၊ လွမ်းစရာ၊ ကြေကွဲဖွယ်ရာ နေရာလေးပဲ။
လူမျိုးလဲ အတူတူ၊ ဘာသာစကားလဲတခုတည်း၊ ဒါပေမယ့် တောင်နဲ့ မြောက် နှစ်ခြမ်းကွဲပြီး၊ ရန်သူကြီးတွေလို အသေအကြေ တိုက်ခိုက်ခဲ့ကြပြီး၊ ခုချိန်ထိလဲ အညှိုးအတေး၊ အမုန်းတွေနဲ့ ပြန်လည်ပေါင်းစည်းလို့ မရသေးဘူးလေ။ အဖေနဲ့သား၊ အမေနဲ့သမီး၊ အစ်ကိုနဲ့ နှမ၊ ဘယ်တော့မှ ပြန်မတွေ့ရတော့တဲ့ ကြေကွဲဖွယ်ဇာတ်လမ်းတွေဟာ အများကြီး ရှိမှာပေါ့။ အဲဒီ စစ်မဲ့ဇုံ ဘော်ဒါမှာ တန်းစီချထားတဲ့ မှန်ပြောင်းလေးတွေ ရှိတဲ့နေရာကို သူတို့က 'အမျိုးကြည့်တဲ့နေရာ' တဲ့...။ အဲဒီ မှန်ပြောင်းလေးတွေကနေ ကိုယ့်ဆွေကိုယ့်မျိုးကို အလွမ်းပြေ လာကြည့်ကြသတဲ့။ ရာသီဥတုကောင်းရင် ဟိုဖက် မြောက်ကိုရီးယားဘက်က လယ်ကွင်းတွေ ထဲမှာ အလုပ်လုပ်နေတဲ့ သူတွေကို ဒီတိုင်း လှမ်းမြင်ရတာကိုး။ ကျွန်မတို့ သွားတဲ့နေ့ကတော့ မိုးတွေက သဲသဲမဲမဲ ရွာနေလေတော့ လှမ်းကြည့်လို့ ဘာမှ မမြင်ရဘူး။ မှတ်မှတ်ရရ ကျွန်မတို့ (၆၁) နှစ် မြောက် အာဇာနည်နေ့ပေါ့။ မိုးရွာကြီးထဲမှာ မျက်နှာသေကြီးတွေနဲ့ တောင့်တောင့်ကြီး ရပ်နေတဲ့ စစ်သားအစောင့်တွေကို ကျွန်မတို့ကို လိုက်ပို့တဲ့ တာဝန်ရှိတဲ့သူတွေက 'ကျေးဇူးပြုပြီး ပြုံးမပြပါနဲ့၊ စကားလှမ်းမပြောပါနဲ့....' တဲ့။ ကြောက်နေရပါလား။ ဟုတ်တော့လဲ ဟုတ်ပါတယ်။ ဒီနယ်စပ် ဘော်ဒါတ၀ိုက်ကို စစ်မဲ့ဇုံလို့ နှစ်ဖက်သဘောတူ သတ်မှတ်ထားပေမယ့် မသွားရတဲ့နေရာတွေ ရှိတယ်တဲ့။ လွန်ခဲ့တဲ့ နှစ်ပါတ်ကပဲ မသွားရတဲ့ နေရာကို သွားမိတဲ့ တောင်ကိုးရီးယား အမျိုးသမီးကြီးတယောက်ကို ဟိုဖက် မြောက်ကိုးရီးယားတပ်က သေနတ်နဲ့ ပစ်ချလိုက်လို့ သေရှာပါရော့လား..။ ကျွန်မတို့မှာ တာဝန်ရှိသူများနဲ့ တလက်မမှ မခွါရဲပါဘူး။
အဲဒီ စစ်မဲ့ဇုံမှာ ဒီဖက် တောင်ကိုးရီးယားက ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်မှုတရပ် အနေနဲ့ လုပ်စားနေတာ တခုကတော့ မြောက်ကိုးရီးယားများအတွက် မခံချိ မခံသာ ဖြစ်ဖွယ်ပါဘဲ။ ၁၉၇၈ မှာ မြောက်ကိုးရီးယားက ဒီဖက် ဆိုးလ်မြို့လည်ခေါင်ထိ ဥမင်လှိုင်ခေါင်းတူးပြီး တိုက်ခိုက်မဲ့အကြံအစည်ကို တောင်က သိသွားတာလေ။ ဥမင် လှိုင်ခေါင်းက သုံးခုတောင်တူးတာ။ တောင်ကိုးရီးယားထဲကို တော်တော်ရောက်နေပြီ။ လယ်သမားတယောက်နဲ့ တက္ကစီသမားတယောက်က သတိထားမိရာက ပေါ်သွားတာ။ အဲဒီ လှိုင်ခေါင်းတွေကို ထရော်လီတွေ၊ ကားလေးတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ပြပြီးတော့ တောင်ကိုးရီးယားက လုပ်စားတော့တာကိုး။ အိုး ကျွန်မဖြင့် အေးစိမ့်နေတဲ့ အဲဒီလှိုင်ခေါင်းရှည် တွေကို ဖြတ်ရင်း မြောက်ကိုးရီးယားများကိုလဲ ချီးကျူးမိပါတယ်။ မပြေနိုင်တဲ့ အညှိုးအတေး၊ အမုန်းတွေက ပေးတဲ့ အားအင်တွေနဲ့ ဒီဥမင်တွေကို တူးနိုင်ခဲ့တာ ထင်ပါရဲ့။
စစ်မဲ့ဇုံ (DMZ) နယ်ခြားမြေရဲ့ နောက်ထပ် လွမ်းမောကြေကွဲစရာ နေရာလေးက 'ဒိုရာဆန်ဘူတာရုံ' (Dorasan station) ကလေးနဲ့ မီးရထားလေးပါ။ ဒီရထားလေးဟာ တောင်နဲ့မြောက် နှစ်နိုင်ငံက ကွဲကွာနေသူများ ပြန်လည်ဆုံတွေ့ကြမဲ့နေ့ကို စောင့်နေရတာ (၅၂) နှစ်တောင် ရှိပါပြီတဲ့...။ ဒီဖက် ဟိုဖက် ကွဲကွာနေသူများကို တင်ဆောင်လို့ ဟိုဖက်ဒီဖက် လွန်းထိုးပြေးချင်လွန်းလို့ စောင့်နေရှာပါတယ်တဲ့လေ။ ဆိုးလ်မြို့ကလာတဲ့ မီးရထားလမ်းဟာ ဒီ 'ဒိုရာဆန်' ဘူတာကလေးမှာ ခရီးဆုံးပါတယ်။
နောက် ကျွန်မ သဘောကျတဲ့ နေရာလေးတခုက (DMZ) နဲ့ တနေ့ထဲ သွားခဲ့တဲ့ 'ဟေရီ (Heyri)' ဆိုတဲ့ အနုပညာရွာလေး (Art village) ပေါ့။ ဆိုးလ် ကနေ (၉) မိုင်ကျော်ပဲ ဝေးတယ်။ ဟေရီ အနုပညာရွာလေးက အနုပညာသမားတွေချည်း သီးသန့်နေထိုင်ကြတဲ့ ရွာလေး လေ...။ စာရေးဆရာ၊ ကဗျာဆရာ၊ အဆိုတော်၊ သီချင်းရေးဆရာ၊ ရုပ်ရှင်မင်းသား၊ ရုပ်ရှင်မင်းသမီး၊ ဒါရိုက်တာ၊ ပန်းချီဆရာ၊ ဒီဇိုင်းဆရာ၊ အတီးအမှုတ်ဆရာ၊ အက မင်းသား မင်းသမီး စတဲ့ စတဲ့ အနုပညာသမားတွေ စုပြီး နေထိုင်ကြသတဲ့။ နေထိုင်သူပေါင်း သုံးရာကျော်၊ လေးရာနီးပါး ရှိသတဲ့။ ဒီနေရာမှာ တယောက်က စနေရင်း သဘောကျကြပြီး လိုက်နေကြရင်းနဲ့ များများလာတာလို့ ပြောတယ်။ ခုဆိုရင် ဒီနေရာက ဈေးလဲ သိပ်ကြီးသွားပြီ၊ ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားတဲ့ နေရာလဲ ဖြစ်သွားပြီတဲ့။
အိမ်တွေက တောင်ကုန်းလေးတွေပေါ်မှာရော၊ ချိုင့်တွေထဲမှာရော၊ တောင်ကြားမှာ ခပ်စောင်းစောင်း ကန့်လန့်ဖြတ်တင်ထားတာရော၊ ရှည်မျောမျော၊ ၀ိုင်းတိုင်းတိုင်း၊ မျှောင်းမျှောင်းကလေးတွေမျိုးလဲ ပါရဲ့....။ အိမ်ပုံစံတွေကတော့ အမျိုးစုံပါပဲ။ စိတ်ထင်ရာတွေ လုပ်ထားကြတာလေ။ တကယ်တော့ ကျွန်မတို့လို လူစားမျိုးတွေရဲ့ 'အရူးရွာ' ပေါ့။
အဲဒီ 'ဟေရီ' ဆိုတဲ့ နံမည်ကတော့ ကိုးရီးယားရိုးရာသီချင်းခေါင်းစဉ် 'The Sound of Heri' ကနေ ယူထားတာတဲ့။ အဲဒီမှာ စာအုပ်ဆိုင်တွေလဲ ရှိတယ်။ (ထုတ်ဝေသူတွေလဲ နေတာကိုး)။ ပန်းချီပြခန်းတွေလဲ ရှိတယ်။ အတီးအမှုတ်ဂီတဆရာတွေ အိမ်ကျတော့ နိုင်ငံတကာ တူရိယာပစ္စည်းတွေနဲ့ ဆင်ယင်ထားလိုက်တာ။ ကြည့်လို့ရတယ်လို့ ရေးထားလို့ ၀င်မသွားလိုက်နဲ့၊ တယောက်ကို ၀မ် ငါးထောင် ရှင်းရပြီးသာမှတ်။ အဲလိုပဲ ပန်းချီပြခန်းလဲ ကြည့်ချင်ရင် ပိုက်ဆံပေးရတယ်။ ကျန်တဲ့ အိမ်တွေလဲ အဲလိုပဲ၊ ဘာမှ အလကားကြည့်လို့ မရဘူး။ စာအုပ်ဆိုင်တခုပဲ အလကား ၀င်ကြည့်လို့ ရတယ်။ စာအုပ်ကြိုက်ရင် ၀ယ်ပေါ့။ စားသောက်ဆိုင်လေး တွဲဖွင့်ထားတယ်။ စားချင်ရင် ၀ယ်စားပေါ့။ 'ဟေရီ' ဟာ ကမ္ဘာလှည့် ခရီးသည်စိတ်ဝင်စားတဲ့ နေရာတနေရာ ဖြစ်နေပြီလေ။ 'ဟေရီရွာ' ကလေးရဲ့ တောင်စောင်းတခု ပေါ်ကနေ ကာလာရောင်စုံရွာလေးကို စီးမိုးကြည့်ရင်း ကျွန်မ စိတ်ကူးယဉ်မိတယ်။ ဒို့တတွေလဲ မြေကျယ်ကျယ်နဲ့ အေးအေးချမ်းချမ်း ရှိတဲ့နေရာလေး၊ တနေရာမှာ ဒို့လူတွေ ဒီလိုမျိုးလေး စုနေကြရင် ကောင်းမှာပဲလို့။
ကျွန်မ စဉ်းစားကြည့်မိတယ်။
ကျွန်မအိမ်ပုံစံကို ကျွန်မတို့ရဲ့ ပိသုကာ (ဆရာရွှေ)ကို အဆန်းတကာ့ အဆန်းဆုံး ထွင်ခိုင်ပြီး ဆောက်မယ်လေ...။
ပြီးတော့ ကျွန်မ ဘယ်သူတွေနဲ့ အိမ်နီးနာချင်း နေရင်ကောင်းမလဲ။
အင်း.... ကျွန်မကို မြောက်ဒဂုံပစ္စန္တရာဇ်အရပ်မှာ အိမ်နီးနာချင်းနေဖို့ ဆွယ်တရားဟော ဖူးတဲ့ ကျွန်မ အကိုကြီး ဆရာမောင်ကျောက်မဲ (ဒါရိုက်တာကြည်စိုးထွန်း) (အဲလေ.. မောင်ကျောက်ခဲ ပါ။ အသားအရေက မျက်လုံးထဲ အရင်ပေါ်လာလို့ပါ...) ဆိုရင်ရော... မဖြစ်ဖူး...မဖြစ်ဖူး...။ ဒင်းက အညာစာက အင်မတန်ငတ်ပါဘိသနဲ့...၊ ကျွေးရတာက ကိစ္စမရှိဘူး၊ မောင်ကျောက်မဲနဲ့ ဘာမှမဆိုင်အောင် ဖြူဖွေးသဘောကောင်းတဲ့ ကျွန်မအစ်မ မဂွမ်းပုံလေးက ပြောဖူးတယ်။ မောင်ကျောက်မဲ ဗိုက်ကြီး အင်မတန် စူထွက်လာလို့ ၀ိတ်လျှော့တာ၊ ညနေစာမစားဘူး။ အသုပ်ကလေးပဲ စားမယ်ဆိုလို့ သုတ်ပေးရတာ၊ 'ဇလုံ' အကြီးကြီးနဲ့ အပြည့်အမောက်တဲ့။ မဖြစ်ဖူး..။ မဖြစ်ဖူး..။
မောင်ဂွစာ(ပုတီးကုန်း) ကျတော့လဲ နေ့စဉ်နဲ့အမျှ 'နှလုံး' (နှလုံးသားမဟုတ်) ဝေါဟာရတွေ..၊ နားညီးအောင် လာပြောနေမှာ။ ပြီးတော့ သူ့ခွေးတွေ ရန်ကလဲ ရှိသေးတယ်။ ဆရာမောင်ဘိုချစ် (ချစ်ဦးညို) ကျတော့လဲ ယောင်းမ 'မယ်မြင့်ကြီး' က စေတနာကောင်းပြီး၊ အချက်အပြုတ်ကောင်းတော့ (ကိုယ်စာရေးနေတဲ့အချိန်၊ အိုးပျောက်ခွက်ပျောက် ဖြစ်တဲ့အချိန် မှာ) အရှည်ကို မျှော်တွေးပြီး စဉ်းစားမိပေမဲ့ ညနေတိုင်း ရင်ဆိုင်ရမယ့် အရေးဟာ ဘယ်လိုမှ စိတ်အေးနိုင်စရာ မရှိဘူး။ အက၊ အဆို၊ အငို မြိုင်ဆိုင်စွာနဲ့ စတိတ်ရှိုး၊ အော်ပရာ၊ ပြဇာတ်၊ နှစ်ပါး၊ နောက်ပိုင်း စုံနေအောင် (သမီးယောက်ဖနှစ်ယောက်) မိုးအလင်းခင်းပစ်မှာ.. တော်၊ တော်၊ မဖြစ်ဖူး...။
ကိုယ့်ကို ချစ်ခင်ပြီး ကိုယ့်အတွက် အဆင်ပြေမယ့် စေတနာကောင်းပြီး အချက်အပြုတ် ကောင်းတဲ့ မတင်တင်ရီလေး(ဦးသွေးဆိုသူ၏ဇနီးလေး) ကိုလဲ ခေါင်းထဲရောက်လာပေမယ့်၊ ကဗျာဆရာမောင်သွေးသစ် ဆိုသူသည်လဲ နဲနဲလေးမှ ရီဝေလာပလားဆို 'ညီမလေး.. ငါပြောမယ်' ဆိုပြီး ဘာမှလဲ မပြောပဲ အလကားနေရင်း မျက်နှာကြီးက အရင် 'မဲ့' လာပြီး မျက်ရည်တွေ...၊ တွေတွေ တွေတွေ စီးကျလာတဲ့ ဒဏ်၊ တဖြည်းဖြည်း ပြင်းထန်လာပြီး ဘာမှန်းမသိ ရှိုက်ငို၊ နှပ်တွေ တရွှီးရွှီး ညှစ်တဲ့ဒဏ်ကို ဘယ်လိုမှ မခံနိုင်ပါဘူး...။ မဖြစ်ဘူး..မဖြစ်ဘူး..။
အင်း ကိုသုမောင်တို့၊ ကိုမင်းလူတို့ ဆိုရင်ရော...၊ မအေးဘုံတို့၊ မစန်းစန်းအောင်တို့က ကျွန်မနဲ့ ချစ်ခင်တဲ့သူတွေ၊ ကိုမင်းလူရဲ့ မစန်းစန်းအောင်ဆို ကျွန်မနဲ့ စာကြည့်တိုက်ဆွေမျိုး လေ။ ဒါပေမယ့် မဖြစ်နိုင်..။ ဒင်းတို့ ညီအကို နှစ်ယောက်လုံးဟာ အိမ်နီးချင်း လှုပ်သမျှကို၊ ၀တ္ထု လုပ်စားတတ်တဲ့လူတွေ၊ ပြီးတော့ တောင်ကျောင်းဘုန်းကြီး မောင်မင်းလူတယောက်၊ မစန်းစန်းအောင်ရဲ့ စီမံခန့်ခွဲ ညွှန်ကြားမှု အောက်မှာ ရေခပ်၊ ထင်းခွဲ၊ အ၀တ်လျှော်၊ ကြမ်းတိုက်၊ ခြင်ရိုက်၊ ခွေးမောင်း၊ ဈေးဝယ်၊ ထမင်းချက်၊ ဇက်ကြောဆွဲ စတဲ့ စတဲ့ တောက်တိုမယ်ရတွေ လုပ်နေရတာကို ကိုယ့်အချင်းချင်းဆိုတော့ မကြည့်ရက်ပါဘူး။
သူတို့ အကိုကြီး ဟိုပိန်တာရိုး လူကြီး (ချစ်ခင်တဲ့ မချိုရီလေးအတွက် စဉ်းစားမိတိုင်း ရင်ထုမနာ ဖြစ်ရတဲ့) ဒါရိုက်တာ မောင်ဝဏ္ဏ ဆိုတဲ့သူတော့ ( အခုလောလောဆယ် ကျွန်မနဲ့ မခေါ်တဲ့အတွက်) လုံးဝကို မစဉ်းစားဘူး။
နေအုန်း...၊ အိမ်နီးနာချင်းအဖြစ် အသင့်တော်ဆုံးဟာ ဘာမှဇယား မရှုပ်တဲ့၊ ကျွန်မအကို လူပျိုကြီး ရွှေ (ရွှေကိုဝင်းငြိမ်း) ဆိုဘယ်နှယ်လဲ။ စာမူခတွေ ဘာတွေ ကြိုထုတ်လို့ရမယ်။ ပြီးတော့ ဒင်းက စာနယ်ဇင်းခေါင်ချုပ်ကြီး ဖြစ်တဲ့အပြင်၊ မိတ်ဆွေတွေလဲ ပေါများတော့ စားစရာ၊ သောက်စရာ၊ လက်ဆောင်ပဏ္ဏာတွေလဲ ပေါများတယ်။ ဒင်းတယောက်ထဲဆို အလျှံပယ်ဖြစ်နေတာ...။ ကိုယ်သွားစားရုံပဲ။ မကောင်းဖူးလား..။ ဟင့်အင်း မကောင်းသေးဘူး၊ မဖြစ်ဘူး၊ ဒင်းရဲ့ လက်သုံးစကားကြီး ရှိတယ်လေ..။ "ဒီမယ် ငါ့နှမ..၊ စာမူမပါရင် တိုက်ကို မလာနဲ့" ဆိုတဲ့ စကားကြီးလေ။ 'စာမူမပါရင် အိမ်ကိုမလာနဲ့.. ငါ့နှမရေ' လို့ ပြောမဲ့လူမျိုးကြီးနဲ့လဲ နေလို့မဖြစ်နိုင်။
သူနဲ့တွဲရက် စဉ်းစားမိတဲ့ ဇမ္ဗူတလူ (ရွှေမောင်ဇော်) (ဆိုက်ကားတစီးနဲ့ တမြို့လုံး လှည့်တဲ့ ဇမ္ဗူတလူ (ရွှေဦးဥာဏ်လှိုင်) ရဲ့ သားချစ်ကလေး) ကျတော့လဲ ငယ်ငယ်ကတည်းက ချစ်ခင်တဲ့ ကလေး၊ ကိုယ့်စာအုပ်တွေကိုလဲ ဂရုတစိုက် လုပ်ပေးရှာတဲ့ ကလေးပေမယ့်.. ဒင်းကလေးကလဲ 'ထုတ်ဝေသူ is ထုတ်ဝေသူကလေး'....။ (ဒီကိုမထွက်ခင် ဒင်းမှာတဲ့ စကား က 'အမ ကိုးရီးယားမှာ လုံးချင်းတအုပ် ပီးအောင်ရေးခဲ့၊ ကျွန်တော်ထုတ်မှာ' တဲ့) ဆိုတော့ အိမ်နီးနားချင်းဆိုလို့ကတော့ ကျွန်မ ဘယ်လောက်များ နားညီးရမလဲ..။ တော်သေးပြီ။
အင်း... ရေးတေးတေးရှိတာကတော့ 'ရွှေ'ရဲ့ ညီလေးတွေ၊ ကိုဆန်နီငြိမ်းတို့၊ ကိုမျိုးမြင့်ငြိမ်းတို့တွေပဲ။ ကျွန်မ၀တ္ထု မျက်နှာဖုံးအတွက် ကိုဆန်နီကို အချိန်မရွေး အပူကပ်လို့ ရမယ်။ ပြီးတော့ သူ့ချစ်ဇနီးကလေး 'အေမီ'လေးက စစ်ကိုင်းသူပီပီ ကျွန်မကြိုက်တဲ့ အညာစာတွေ အကုန်ချက်တတ်တယ်။ မဆိုးဖူးနော်။ ဒါတောင် ဆရာမျိုးမြင့်ငြိမ်းကို (ပေဖူးလွှာ သံယောဇဉ် ဘယ်လောက်ကြီးပေမယ့်) စဉ်းစားရမဲ့ထဲမှာ ပါတယ်။ ကျွန်မ နေရဲပါ့မလား...။
အိုတော်ပြီ..၊ အကောင်းဆုံးကတော့ လူကြီးတွေနဲ့ နီးနီးနေတာ အကောင်းဆုံးပဲ။ ဆရာပါ၊ ဆရာတာ၊ မေဦး၊ မမ၀င်း၊ ကျွန်မဦးလေးကဗျာဆရာကြီးတွေ၊ ဆရာနိုး (ဆရာနိုးကတော့ သူ့ကို ဇာတ်လိုက်လုပ်မှာစိုးလို့ ကျွန်မနားမှာ နေချင်မယ်မထင်)။ ဘာပဲဖြစ်ဖြစ် လူကြီးတွေ နားမှာ နေတာပဲ ကောင်းမယ်။
အင်း.... ကျွန်မ မြင်ယောင်သေးတော့တယ်...။
ရွာလမ်းမပေါ်မှ ကဗျာကို အော်ဟစ်ရွတ်နေမယ့်သူတွေ။ 'ဘယ်သူပြောလဲ တတောလုံးကြွေ' တွေလေ..။ ဆွေးနွေးငြင်းခုန် ရန်ဖြစ်သံတွေ..။ ရီဝေသီဆို ကခုန်သံတွေ။ အိုး.. ကိုယ့်လူတွေကတော့ လူဂုဏ်တန်တွေချည့်ပဲ။
ပြောရင်းဆိုရင်းနဲ့ ကိုယ့်လူ၊ လူဂုဏ်တန်တွေကို ကျွန်မ လွမ်းလိုက်တာ။
လွမ်းအောင်လဲ ကျွန်မကို ရွာစားကျော် စိန်မောင်ကိုကြီးနဲ့ ကိုအံ့ကြီးတို့ရဲ့ နံမည်ကျော် 'မြိုင်ဟေမ၀န်' မြိုင်ထနှစ်ပါးသွားက ဖေးကူနေတယ်လေ...။
'xx လွမ်းစရာ့ မြိုင်ကုန်းဗွေxx တခိုင်လုံးရွှေ' တဲ့...။
တခိုင်လုံးရွှေ..၊ ဟုတ်တာပေါ့..။ ကြည့်ပါအုံး.. တကယ့်ကို တခိုင်လုံးရွှေ။ ကျွန်မရှေ့က ခူနွာ တောအုပ်ကလေး လေ..။ ကျွန်မရောက်စတုန်းက အစိမ်းရောင်တွေနဲ့ ကျွန်မကို ကြိုဆိုခဲ့တဲ့ စိမ်းမြမြ တောအုပ်ကလေးက လွမ်းစရာ အ၀ါရောင်တွေနဲ့ ကျွန်မကို နှုတ်ဆက်နေပါပေါ့လား။
'xx သင်း၍ပျော်ကျူးဝေ.. ညှင်းလေ့ဆော်ဦးနွေxx သင်း၍xx သင်း၍ ပျော်ကျူးဝေ..၊ နွေဦးဆန်း.. သမို့xx'
လွမ်းဖွယ့် ဦးအံ့ကြီးရဲ့အသံ..။ မြန်မာဆန်လှတဲ့ အသံ၊ အလွန်ဆွဲဆောင်မှု ရှိတဲ့အသံ။ ထပ်တလဲလဲ နားထောင်လို့ မ၀တဲ့အသံ။
အိုး ရွာစားစိန်မောင်ကိုကြီးရဲ့ လက်သံကရော၊ ကောင်းလိုက်တာ၊ တ၀ိုင်းလုံးကလဲ မြိုင်နေတာပဲ၊ 'ချွင်' ဆိုတဲ့ စည်းသံလေးကလဲ လွင်နေတာပဲ၊ ၀ါးလက်ခုပ်သံလေးကလဲ ချိုနေတာပဲ။ ဆိုင်းနောက်ထကြီး ပြောသလို 'ပါရမီ့ရှင်' နှစ်ဦးတွေ့တဲ့ ပွဲပေကိုး။
ကျွန်မငယ်ငယ်တုန်းက၊ ဂါဝန်ဝတ်အရွယ်တုန်းက၊ ဘာမှန်းညာမှန်း မသိပဲ၊ ဒီမြိုင်ဟေမ၀န် မြိုင်ထကို မပီကလာ ပီကလာဆိုပြီး ကတန်းခုန်တန်း ကစားခဲ့ဖူးတယ်။ သီချင်းထဲက 'တောင်ဝဏ္ဏဗွေတခွင်မှာxx မောင်လှဖေ မြင်ရုံနဲ့မော' ဆိုတာကို 'မောင်လှဖေ မြင်ရုပ်ကြီးနဲ့..' လို့ပဲ ကျွန်မက ဆိုတယ်လေ။ ပြီးတော့ ကျွန်မစိတ်ထဲမှာ ကျွန်မအဖိုးရဲ့ ကူးတို့ဆိပ်က ရထား(မြင်းလှည်း) မောင်းတဲ့ ကိုလှဖေကြီးကို ပြောတယ်လို့ ထင်နေတာ။ အဲဒီခေတ်အခါက အင်မတန် ခေတ်စားပြီး လူတိုင်းပါးစပ်ဖျား ရောက်ခဲ့တဲ့ သီချင်းမို့၊ ကလေးတွေ ပါးစပ်ထဲအထိ ရောက်သွားတာပေါ့....။
နဲနဲကြီးလာတော့ ဒီသီချင်းကို ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ 'သူငယ်ချင်းလို့ပဲဆက်၍ခေါ် မည်ခိုင်' ၀တ္ထုထဲက 'ကြိုင် လှိုင် ခိုင်လုံးရယ်၊ မြိုင်လုံးရယ်' ဆိုတာနဲ့ ထပ်ပြီး သိတယ်။ သေသေချာချာ ခံစားဖူးတာက ကိုအံ့ကြီးသီချင်းတွေကို ကျွန်မ အရူးအမူး စွဲလန်းသွားတဲ့ အချိန်။ ကျွန်မ အကြိုက်ဆုံး၊ အနှစ်သက်ဆုံးနဲ့ အစွဲလန်းဆုံး သီချင်းနှစ်ပုဒ်က 'မြိုင်ဟေမ၀န်' မြိုင်ထနဲ့ ဆရာကြီးဦးဘသိန်း(မန္တလေး)ရဲ့ 'စိမ့်ကြီးမြိုင်ကြီး' ပြည်တော်ပြန် နှစ်ပါးသွားပေါ့..။
ဝေးမြေရပ်ခြား ရောက်နေတဲ့ အချိန်မို့လေလား..၊ မပြောတတ်ပါဘူး...၊ နားထောင်ရ တာ ပိုလို့ အရသာ ရှိနေသလိုပဲ။ လွမ်းစရာလဲ ပိုတောင်ကောင်းနေသလိုပဲ။ အခုဒီမှာ ကျွန်မတယောက် ဘယ်လိုဖြစ်နေလဲ မသိ။ မနက်စာစားလဲ ဒီသီချင်းနှစ်ပုဒ်...။ ညစာစားလဲ... ဒီသီချင်းနှစ်ပုဒ်နဲ့။ စာရေးတော့လဲ ဒီသီချင်းနှစ်ပုဒ်နဲ့..။ အငိုဆရာတွေရဲ့ နှမပီသစွာ မျက်ရည်ကလဲ ကျရသေးတာ။ ကျွန်မရူးလောက်အောင်လဲ သီချင်းက ကောင်းပေတာကိုး။ အဆိုက ကောင်းပေတာကိုး။
'စိမ့်ကြီးမြိုင်ကြီး' ထဲက ဆရာကြီးဦးဘသိန်းရဲ့ စကားလုံး အနု၊ အနွဲ့၊ အလှလေးတွေ ကိုလဲ ကြည့်စမ်းပါအုန်း...။
'xxx ဖိုးရွှေခေါင် ငှက်ငယ်ကရယ်... မလေးကို မြည်ကာချော့တယ်...
ရီကာချော့တယ်xxx ရီပါတော့ကွယ်...၊ မြည်ကာချော့တယ်လေး...' တဲ့။
ပြည်တော်ပြန်လမ်း ခရီးကြမ်းမှာ...၊ ပင်ပန်းရှာတဲ့ ချစ်သူမင်းသမီးလေးကို မင်းသားလေးက ချော့တဲ့ အချော့လေး လေ..။ စကားလုံးလေးတွေ ထပ်ထားတာများ ဘယ်လောက်လှလဲ။ ကြင်နာ ညှာတာတတ်တဲ့ ယောက်ျားကောင်းတို့ရဲ့ စိတ်ကိုလဲ ကြည်နူး စရာ မြင်ရတယ်။ မလေးရယ်၊ မင်းမျက်နှာလေး ညှိုးနေလို့၊ ရွှေဖိုးခေါင်ငှက်ကလေးက၊ ပြုံးကာရီကာနဲ့ အော်မြည်လို့ ချော့နေရှာတာ.... ရီလိုက်ပါတော့ကွယ်တဲ့။
'ဟောဒီ ကုန်းအတက်ကလေးက ချော်မယ်.. မောင်ပုခုံးကို မှီတွဲလိုက်ပါ့ကွယ်' ဆိုတဲ့ အဖွဲ့လေး ကိုများ ကြည့်ပါအုန်း..။ 'ချော်မယ်' ဆိုတဲ့ စကားလုံးမျိုးလေးကို လူတိုင်း သုံးနိုင်ဖို့ မလွယ်ပါဖူး။
'တလှမ်းမကွာတယ်၊ ဘယ်ဆီ မြန်းပါစေတော့ရယ်xx၊ နန်းညာနွယ် တွယ်မှီကာ လိုက်ရှာလေတဲ့ မယ်' တဲ့။
'ကန္တာမဆုံးမီမှာကွယ်... တလမ်းလုံး သီကရီ... မဒီပန်းရှာရော့မယ်' တဲ့။
'ရှာ' ဆိုတဲ့ စကားထောက် လှလှလေးကို မန္တလေးသားဆရာကြီးက သုံးသွားတာလေး များ လှလိုက်တာ။
ကျွန်မကြိုက်သလောက်သာ ပြောရမယ် ဆိုရင်ဖြင့် ဒီသီချင်းနှစ်ပုဒ်ကို နားမထောင်ဘူး သေးရင်၊ နားထောင်ပြီးတော့လဲ မခံစားရဖူးဆိုရင် အဲဒီသူဟာ မြန်မာမဟုတ်ဖူး။
'မြိုင်ဟေမ၀န်' ကို တစိမ့်စိမ့် နားထောင်ရင်းနဲ့ မြိုင်ဟေမ၀န်စပါယ်ရှယ်လစ် ဆရာနိုး (ဆရာမောင်သာနိုး) ရဲ့ အသံဝါကြီးကိုလဲ လွမ်းပါ့ ဆရာနိုးရယ်။ အိုး.. ပြီးတော့ ခုမှ သိတယ်။ ကိုအံ့ကြီး ဆိုပေါက်တွေကို.. ဆရာနိုးက အပီရတာပဲ။ 'နွေဦးဆန်း... သမို့' 'ဆန်း' ဆိုတဲ့ နေရာမှာ လည်ချောင်သံလေးနဲ့ 'ဆန်း' လိုက်တာကအစ အပီပါပဲလား။
တောရိပ်တောင်ရိပ်တွေအောက်မှာ အသံကုန် ဟစ်အော်တတ်တဲ့ ဆရာနိုးရဲ့ 'မြိုင်ဟေမ၀န်' သံကို နားမထောင်ရတာ ကြာပြီ။
ကျွန်မ ပြန်လာရင် တောရိပ်တောင်ရိပ် တနေရာကို ကျွန်မတို့သွားပြီး အော်ကြရအောင် ဆရာနိုးရေ...။
ဒါပေမယ့် မမခင်လေးနွယ်ရေ...။ ကျွန်မတို့မှာ ဆရာနိုးအော်ရင် လိုက်အော်မဲ့ အဖွဲ့က နည်းသွားပြီနော်။ လက်ခုပ်သံတွေက သိပ်မြိုင်မှာ မဟုတ်တော့ဘူး။
'မောင်မင်းတို့ရေ' လို့ တိုင်လိုက်တဲ့နေရာရောက်ရင် 'ဘုရား' ဆိုတဲ့ အသံကုန် အော်လိုက်မယ့် အသံတွေက အားပျော့နေတော့မှာ....။
လက်ခုပ်တီးနေရာက စိတ်ပါလာရင် ခါးထောက်ပြီး ကဗျာလွတ်ထ 'က' တတ်သူ တယောက်လဲ ပါမှာမဟုတ်တော့...။
ပြုံးချိုမြမြနဲ့ လပ်ခုပ်တီးရင်း ပြာလဲ့လဲ့အသံနဲ့ လိုက်အော် ပျော်ရွှင်တတ်ရှာသူ တဦးဟာလဲ ကျွန်မတို့နဲ့ ဘယ်တော့မှ ပြန်မတွေ့နိုင်တော့တဲ့ ဟို... အဝေးကြီးကို ထွက်သွားခဲ့ပြီ။
'ကမ္ဘာတ၀ှမ်းမှာ
ငါအလွမ်းဆုံး ရိပ်မြုံ
ရွှေတိဂုံစေတီရှိရာ
ကိုယ့်ပြည်ကိုယ့်ရွာသို့
ဘယ်ခါကျမှ ပြန်နိုင်ပါ့
လေယဉ်ဘယ်တော့မှ ဆိုက်နိုင်ပါ့
သည်မှာ မင်္ဂလာဒုံ
သည်မှာ ရွှေတိဂုံ လို့
အာရုံညွှတ်တမ်း
စိတ်ကပဲ မှန်းလိုက်ရ
အိမ်ပြန်လမ်းစ... မှုန်ပျပျ....' တဲ့....။
ကျွန်မ စိတ်ထိခိုက်လှတဲ့ ဒီကဗျာအပိုင်းအစလေးကို ပြီးခဲ့တဲ့ အပါတ်တနင်္ဂနွေ စာအုပ်ဂုဏ်ပြုပွဲမှာ ကျွန်မ ရွတ်ပြမိတော့၊ မျက်ရည်သုတ်ရှာတဲ့.. မြန်မာလူငယ်လေးတွေ...။
အိမ်ပြန်ချင်နေကြရှာတဲ့ ကျွန်မတို့ လူမျိုးတွေ...။
ကျွန်မမှာ အိမ်ပြန်ချိန် နီးပေမဲ့ ဒီမှာ ကျွန်မကို တုပ်နှောင်ထားတဲ့ သံယောဇဉ်ကြိုးတွေ ကလဲ အများကြီးရယ်...။
ညနေစောင်းလို့ အလုပ်သိမ်းချိန်ရောက်တာနဲ့ ကွန်ပြူတာ မျက်နှာပြင်ပေါ်မှာ တဖျပ်ဖျပ် စိမ်းလာကြတဲ့ G Talk ရဲ့ သံယောဇဉ် မီးစိမ်းလေးတွေ....။
'ဆရာမ နေကောင်းပါရဲ့လားခင်ဗျာ...၊ ရာသီဥတု အေးလာလို့ နွေးနွေးထွေထွေ ၀တ်ပြီး နေပါခင်ဗျာ..'
'လိုတာရှိရင်လဲ အားမနာပဲ မှာစေချင်ပါတယ်ခင်ဗျာ..၊ ရာသီအကူးအပြောင်းမှာ ဖျားနာ တတ်တဲ့အတွက် ကျန်းမာရေး ဂရုစိုက်ပါခင်ဗျာ..'
'ဆရာမ ဒိနေ့ ကျောင်းမသွားရဖူးလား၊ မီးစိမ်းနေတာ မြင်လို့၊ နေမှ ကောင်းရဲ့လားလို့...၊ ဘာပဲဖြစ်ဖြစ် အကြောင်းကြားစေချင်ပါတယ် ခင်ဗျာ..'
'ဆရာမရေ.. ခုတလော အဖမ်းအဆီးတွေ ကြမ်းနေတယ်၊ အသွားအလာခက်နေလို့ တနင်္ဂနွေ ဆရာမဆီ လာလို့ မရတော့ဘူး၊ စိတ်မပူပါနဲ့ ဆရာမ'
'ကျွန်တော်က ကျွန်ဇာတာပါတယ် ထင်ပါရဲ့ ဆရာမရယ်၊ ဆယ့်လေးနှစ်ရှိပြီ၊ ခုထိတော့ အဖမ်းမခံရသေးဘူး ဆရာမရဲ့...'
'ဆရာမ.. ကိုးရီးယားမှာ မြင်းခွါရွက်နဲ့ နံနံပင်ကို ခွဲလို့ရရဲ့လား၊ ဆရာမ ဒီလို ခရီးတွေ လျှောက်သွားနေတာကို အဖိုး (ဘိုးကျောက်ကြီး) များသိရင် သိပ်ဝမ်းသာမှာပဲနော်၊ သမီးက ငယ်ငယ်လေးကတည်းက ဆရာမရဲ့ စာဖတ်ပရိသတ်ပါ၊ စင်္ကပူကပါ၊ သမီး ဆရာမကို မအိပ်ခင် စင်္ကပူပုံပြင်တွေ ပြောပြမယ်နော်..'
'ဆရာမရေ.. ဟိုတခါ.. ဘောကျော်မွေးနေ့မှာ မုန့်ဟင်းခါး တူတူစားတဲ့ 'ကိုဘိုးသာ' တယောက် ပြေးရင်လွှားရင်း နှလုံးသွေးရပ်ပြီး ဆုံးသွားရှာပြီ.. ဆရာမရယ်'
'ဆရာမက ကြွက်နီ ကျတော့ သတိရ၊ မိုးဇော်ကျတော့ သတိရ ကျနော့်ကျတော့မေ့...၊ ချင်းမိုင်က.. ကြွက်ဖြူလေ..၊ ခုတော့ ချင်းမိုင်ကို မေ့ပြီပေါ့....'
ကျွန်မမှာ သူတို့လေးတွေရဲ့ မေတ္တာတွေနဲ့လဲ နွေးထွေးလှပါရဲ့...။
စိတ်ထိခိုက်စရာကျတော့လဲ စိတ်ထိခိုက်ပါရဲ့။
ညဖက်ရောက်လို့ တယောက်ယောက်ရဲ့ မီးစိမ်းလေး တက်မလာရင်.. ရင်ပူရပြီ..။ ကလေးတွေ ပါသွားပြီလား။ ဘာများဖြစ်ပါလိမ့်ဆိုပြီး ဖုံးဆက်ချင်ပြီ။
မီးစိမ်းလေးတွေနဲ့အတူ တင်ထားတတ်တဲ့ သူတို့ပြောချင်တာ၊ သတင်းပေးချင်တာ၊ ဝေမျှချင်တာ၊ ခံစားရတာလေးတွေကို ဖတ်ရတာကလဲ တခါတရံ စိတ်ဝင်စားစရာ၊ တခါတရံ ပြုံးစရာ၊ တခါတရံကျတော့လဲ မျက်ရည်ဝဲချင်စရာပါ။
'ကိုဘိုးသာ' လေး ဆုံးတဲ့နေ့က သူတို့တင်ထားတဲ့ စာလေးတွေလေ...။
'စနေနေ့တိုင်း သတိရနေတယ် ဘိုးသာရာ' တဲ့။
'ငါတို့အားလုံး စိတ်မကောင်းကြပါဖူးကွာ.. ဘိုးသာရာ၊ ကောင်းရာသုဂတိလားပါစေ' တဲ့။
ဒီက သံယောဇဉ်တင်မကပါဖူး..။ ဟိုး..... ကမ္ဘာအနောက်ခြမ်းမှာ နေထိုင်တဲ့ ကျွန်မရဲ့ ချစ်သူငယ်ချင်း အကိုကြီး မောင်မာယာ တယောက်ကလဲ အလွန်စိတ်ထိခိုက်အောင် ပြောတတ်တာ....။
'မြန်မာပြည်က ထညက်ခဲကို လွမ်းတယ်ဗျာ... မစားရတာ ဘယ်လောက် ကြာသွားပြီလဲ တောင် မပြေတတ်တော့ဘူး....'
'.... သူနဲ့ ငရံ့ အူနဲ့ မစားရတဲ့ သက်တမ်း၊ အတူတူလောက်ရှိမှာ.....'
'ဒီနေ့ တခုသတိရတယ်၊ '၀ရောင်းချဉ်'၊ မစားရတာ နှစ်နှစ်ဆယ် ကျော်သွားပြီ..'
' '၀ရောင်းချဉ်' ဆိုတာ သိလား၊ မော်လမြိုင်က။ ဒေါင်းခြေရောပဲ'
'အညာက နွားနို့ခဲ၊ ကျွဲနို့ခဲ ကိုလဲ လွမ်းတယ်....'
'စားချင်တာတွေ၊ သွားချင်တာတွေ၊ ကျန်းမာတုန်း၊ စားနိုင်တုန်း၊ သွားနိုင်တုန်း၊ ပြန်နိုင်ရင် ကောင်း မှာနော်...၊ ကပ်ပေါ်တင်ပြီး ပက်လက်ပြန်သွားရလို့ ဘာလုပ်ရမှာလဲ...'
'ဘယ်လိုမှ မတတ်နိုင်ပါဖူး.....'
ဘယ်လိုမှ မတတ်နိုင်ပါဘူးတဲ့.....။ မပြောပါနဲ့...။ အဲလို မပြောကြပါနဲ့...။
အိမ်ပြန်ချိန်ဆိုတာ ရောက်လာမှာပါ...။
ပျော်စရာ အကောင်းဆုံးနဲ့ ကြည်နူးစရာအကောင်းဆုံး အိမ်ပြန်ချိန်ဟာ တနေ့နေ့မှာ ရောက်ကိုလာမှာပါ..........။
နုနုရည် အင်းဝ။