Friday, August 14, 2009

ငါဆိုတဲ့တေး
ရေးသူ- ဖိုးသံ(လူထု)


{သြဂုတ်လ၊ ၁၅ရက်၊ ၂၀၀၉ မှာ ကျရောက်တဲ့ အနှစ်(၇၀) ပြည့် ဗမာပြည်ကွန်မြူနစ်ပါတီမွေးနေ့အတွက် ဖိုးသံ(လူထု) သီဆိုဟစ်ကြွေးတဲ့ ကဗျာတေး ဖြစ်ပါတယ်။}

ဒီတေးကိုငါဟစ်
တိုင်းပြည်ကိုချစ်လို့
ဒီတေးကိုငါဆို
အမှန်တရားကိုလိုလို့
ဒီတေးကိုငါဟစ်ကြွေး
လွတ်မြောက်ရေးကိုမျှော်သမို့။





ဒီတေးကိုငါဆိုရင်း
ထောင်တွင်းမှာအရိုက်ခံ
တောင်ယံမှာကျည်ဆံတိမ်း
ကျွန်းပေါ်မှာအောင်လံလွှင့်ခဲ့။

ဒီတေးကိုဆိုရင်း
ကြက်သီးတဖြန်းဖြန်းထဖူး
အားမာန်တွေတက်ဖူး
မပျော်စဖူးပျော်ဖူးသလို
မျက်ရည်တွေလည်းကျဖူးတယ်။

ဒီတေးကိုငါ
မိဘအတွက်ဆိုတယ်
ချစ်သူအတွက်ဆိုတယ်
သူတို့အတွက်ဆိုတယ်
အားလုံးအတွက်ဆိုတယ်
ငါ့အတွက်ငါလည်းဆိုတယ်။
အတိတ်နဲ့လည်းအတူဆိုဖူး
အနာဂတ်နဲ့လည်းအတူဆိုဖူး
တယောက်တည်းလဲဆိုဖူး
တရာနဲ့လည်းဆိုဖူး
တကမ္ဘာလုံးနဲ့လည်း
လက်တွဲဆိုခဲ့တယ်။

ဒီတေးကိုငါ
ကျောင်းသားဆိုတာကြားရ
အလုပ်သမားဆိုတာကြားရ
လယ်သမားဆိုတာကြားရ
စစ်သားဆိုတာကြားရ
တပ်ဦးမှာ၊ တပ်ဖျားမှာ
တောင်ထိပ်မှာ၊ တောင်ခြေမှာ
လမ်းမမှာ၊ လမ်းကြားမှာ
လယ်ထဲမှာ၊ မီးဖိုချောင်မှာ
နေရာတကာမှာ
အော်- ဗမာပြည်ကြီးသီချင်းဆိုနေပါကလား။

ဖိုးသံ(လူထု)
(၁၅-၈-၀၉)

1 comment:

Anonymous said...

လေးစားပါတယ်။ အဖြေတွေရှိရာကို လာခဲ့ဖို့ လည်းဖိတ်ခေါ်ပါတယ်၊ စိတ်လေစွာ ပိတ်မသေနေချင်ပါဘူး။ light age ကိုဖြတ်သန်းပါ။postmodernity ဖြတ်သန်းပါ။ လေးစားပါတယ်။