Wednesday, June 15, 2011

ဝသန်အတွေး မိုးအငေး
ရေးသူ- ဖိုးသံ (လူထု)



ဒီလိုမိုးတစွေစွေ
လေတဖြူးဖြူး
ဝသန်ဦးကာလမှာ
ငွေစင်ငွေမှုန်တွေကိုငေး
အတွေးကိုချွန်းဖွင့်
ဘ၀အပြင်ကိုရွက်လွှင့်ကြတာဟာ
ဗမာပြည်သားတွေအဖို့
ဓမ္မတာလိုကိစ္စပါ။


အညာမိုးမို့
မစို့မပို့၊ မခို့တရို့
တို့ကနန်းဆိတ်ကနန်း
ပက်ဖျန်းလို့ရွာနေတုန်းမှာ
တံခါးသံတိုင်တွေကိုကိုင်
ငေးငေးငိုင်ငိုင်နဲ့
ထောင်ရဲ့အပြင်ကိုမှန်းဆ
လွမ်းလျခဲ့သလို
မိုးနဲ့အပြိုင်၊ လေနဲ့ဆိုင်လျက်
ကျောက်ဆောင်ကိုထုထောင်း၊
ရန်တခြောင်းခြောင်းနဲ့
လှိုင်းခေါင်းဖြူများကို
ရန်သူလိုသဘောထားပြီး
နာကျည်းခဲ့တာဟာလည်း
ဒီလိုမိုးတဖွဲဖွဲထဲမှာပါပဲ။

အထက်မှာမိုး
အောက်မှာရွှံ့
တလွန့်လွန့်ကျွတ်
တ၀ီဝီဖြုတ်နဲ့
ကတုတ်ကျင်းထဲမှာ
မိုးကာစကိုခြုံ
ထမင်းကြမ်းကိုငုံရင်း
တဘက်မှာကင်းစောင့်
တဘက်မှာ
“တော်လှန်ရေးအောင်ပြီးတဲ့နောက်မှာ- - -”
ဆိုတဲ့အတွေးမျိုးကို
သေနတ်ပွတ်ရင်းတွေးရတဲ့အရသာ
ဘာနဲ့မှနှိုင်းစာလို့မရပါဘူး၊

ဒီလိုနဲ့
မုတ်သုန်ကလည်းဒီမုတ်သုန်
မိုးကလည်းဒီမိုး
ကာလသာခြား
ဒေသပြားသွားတဲ့
ဒီနေ့အခါ
တပြေတရွာမှာ
တဖွဲဖွဲမိုးကိုကြည့်
တွေးမိတာဟာဖြင့်
- - - - - - -
ဒီဇာတိမြေ
ဒီနာကျည်းချက်နဲ့
ဒီမျှော်မှန်းချက်ပါပဲ
ဘာမှမပြောင်းလဲဘူးဗျာတို့။

ဖိုးသံ(လူထု)

Thursday, June 9, 2011

မုန်း မှသည် ကယ်လီဖိုးနီးယားသို့
ရေးသူ - မာလုစံ



[မုန်းမှသည်ကယ်လီဖိုးနီးယားကို မကေသီ(မာလုစံ) ရဲ့ ခွင့်ပြုချက်ဖြင့် မာလုစံ blog မှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်မကေသီ။]


လွန်ခဲ့သော အနှစ်သုံးဆယ်ခန့်က ချစ်သောသူငယ်ချင်းက ခေါ်၍ ကွယ်လွန်သူ နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီး ကောလိပ်ဂျင်(ဦး)နေဝင်း ၏ အိမ်သို့ တခါတခေါက် အလည် ရောက် သွားခဲ့ပါတယ်။

အဲဒီ အချိန်တုန်းက ကောလိပ်ဂျင်ကြီးရဲ့သမီးအလတ် ဟေမာလေးတောင် သီချင်း စ မဆိုသေး၊ ဆယ်ကျော်သက် အရွယ် အပျိုပေါက် ကလေး သာရှိသေးသည်။ ဟေမာတို့ ညီအမ တတွေရဲ့ ဧည့်ဝတ် ပြူဌာမှုနဲ့ အတူ တွေ့သိခဲ့ ရသူက ဦးလေးအရွယ် အမျိုးသားတဦး။

“ဒါ ကိုကို ဌေးမြိုင်” တဲ့။
သူကတော့ သူ့အကို တဝမ်းကွဲမို့ အကိုလို့ မိတ်ဆက်ပေးပေမဲ့ ကျွန်မကတော့ ကိုယ့်အဖေထက် တနှစ်သာငယ်မယ့် အရွယ်ကို အကိုခေါ်ရမှာ နှုတ် မရဲခဲ့ပါဘူး။ အထူးသဖြင့် ငယ်ငယ်ကတည်းက သူ့စာတွေဖတ်ပြီး လေးစားခဲ့ရတော့၊ ကျွန်မအတွက် သူဟာ ဟိုး ... အထက် စင်မြင့်ပေါ်မှာ တလေးတစား မော့ကြည့်ရတဲ့သူပါ။

သူက တရင်းတနှီး သူ့ကိုယ်သူ ကိုကိုလို့ နာမ်စားသုံးပြီး ရယ်မော စကားပြောခဲ့ပေမယ့် ကျွန်မကတော့ ပါးစပ်က ကိုကို တခွန်းခေါ်တိုင်း ရင်ထဲမှာ ဆရာလို့ ကြိတ်ပြီး ပဲ့တင်သံ ထပ်ခဲ့မိပါတယ်။

အမ အကြီးဆုံးက မွေးတဲ့သား နဲ့ အမကြီးရဲ့ မောင် အငယ်ဆုံးမို့၊ တူနဲ့ ဦးလေး က အသက် တနှစ်ပဲ ကွာသတဲ့။ ငယ်ငယ်ကတည်းက ယောင်ပေစူး ကိုယ်စီနဲ့ အဖေ့ရဲ့ ကစားဘော် ကစားဘက်၊ တက္ကသိုလ် ကျောင်းတော်သား ကြီးတွေ ဖြစ်တဲ့အထိ တပူး တွဲတွဲနဲ့ ပညာ သင်ဘော်သင်ဘက် ဆိုတော့ ဦးလေးရဲ့ကလေးတွေအတွက် အကိုဝမ်းကွဲ ဖြစ်တဲ့သူက ဦးလေးအရွယ်၊ အသက်ကမငယ်။ ဒါပေမယ့် အသက် ဘယ်လောက် ကွာကွာ ညီ၊ ညီမတွေက သူ့ကို ကိုကို လို့ပဲ ချစ်စနိုး ခေါ်ခဲ့ကြပါတယ်။

မျက်မှန်ထူထူကြီးနဲ့ သူ့ညီ၊ ညီမတွေကို အမြဲရယ်ပြီး အားပါးတရ စကားပြော တတ်တဲ့ အဲဒီကိုကို ကို လူတွေ အသိများတာကတော့ ဒဂုန်တာရာ ပါ။

---------xxx--------xxx---------xxx---------

ကိုကို စာရေးကောင်းတာ၊ ကဗျာရေးတော်တာ လူတိုင်းသိပြီးမို့ အထူး မရေးတော့ပါဘူး။ စန္ဒယားတီး ကျွမ်းကျင် တာလည်း လူသိရှင်ကြားပါ။

နာမည်ကျော်ကြား အထင်ကရလူ တဦးမို့ ကိုကို့အကြောင်း လူသိများပါတယ်၊ တမှတ်တရ မွေးနေ့တွေမှာလဲ ဂုဏ်ပြုမဲ့သူ အပြည့်မို့ ဆွေမျိုး သားချင်းများ အနေနဲ့ ဘာမှ ထပ် ရေးပြ စရာ မလိုတော့ ပါဘူး။

ဒါပေမယ့် လူတွေ မသိသေးတဲ့ ကိုကို့အကြောင်း ပြောချင်တာလေး တခုရှိပါတယ်။

အဲဒါကတော့ ကိုကို့မှာ အနာဂတ်ကို ကြိုမြင်တဲ့ အမျှော်အမြင်အာရုံလည်း ရှိနေသလား ဆိုတာပါပဲ။

လွန်ခဲ့တဲ့ အနှစ်အစိတ်ကျော်ကျော်က ကျွန်မ ဗမာပြည်က ထွက်ကာနီးမှာ ယောင်းမ ဖြစ်သူက ဖုန်းဆက် လာ ပါတယ်။ သူ့ညီ 'အငယ်လေး' နိုင်ငံခြား သွားအပြီးမှာ သူ အမှတ်တရ စပ်ခဲ့တဲ့ကဗျာလေး ၁၉၈၅ ခုနှစ် မေလ ဒဂုန်မဂ္ဂဇင်းမှာ ပါလာလို့ လူကြုံ ပေးလိုက်ချင်တယ် တဲ့။ စာအုပ်လိုက်ပေးယင် လေးနေမှာ စိုးလို့ လက်နှိပ်စက်နဲ့ ရိုက်ထားတဲ့ ကဗျာမိတ္တူကို သူ့ ညီလေး ဆီကို ယူသွားပေးပါ တဲ့။

သူ မပြောခင်ကတည်းက အဲဒီ မဂ္ဂဇင်းကို ကျွန်မသေတ္တာထဲ ထည့်ပြီးသားပါ။ ယောင်းမကို ပြန် ပြောလိုက်ပါတယ်။၊ စိတ်ချပါ၊ သေသေချာချာယူသွားပါ့မယ်လို့။

ကဗျာအဆုံးမှာ သူရေးခဲ့ပါတယ် ... ရုပ်မြင်သံကြား တယ်လီဖုန်းမှ တွေ့ကြရအောင် ... ... တဲ့။

၁၉၈၄-၈၅ ခုနှစ်လောက်မှာ သူစပ်ခဲ့တဲ့ ကဗျာပါ။
အမေရိကားမှာတောင် ကွန်ပြူတာတလုံး ထောင်ပေါင်းများစွာ ပေးရတဲ့အချိန်။ အခုခေတ်လို လူတိုင်း ကိုယ်ပိုင် ဝယ်သုံးနိုင်ဘို့ အသာထား၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ဆိုင်တွေ မပြောနဲ့ ကုမ္ပဏီကြီး တွေတောင် အလုပ်သမား တိုင်းကို မပေးနိုင်သေးတဲ့ အချိန်။

အီးမေးလ်လဲ မပေါ်သေး၊ အင်တာနက်ဆိုတာ စိတ်ကူးထဲတောင် မလည်သေးတဲ့ အချိန်မှာ ဗမာပြည်ကနေ Webcam အကြောင်း သူ ဘယ်လို ကြို သိခဲ့ပါလိမ့်။

ထိုစဉ်အခါက ဂျိမ်းစ်ဘွန်း ရုပ်ရှင်တွေထဲမှာပဲ သွားရည်ယိုခဲ့ရတဲ့ ဒီ ဗီဒီယိုဖုန်း ဆိုတာ ကိုယ်နဲ့ ဘာမှ မနီးစပ်သလိုပါပဲ။ သူပဲ အတွေးအခေါ် အာရုံကောင်းတာလား၊ ကျွန်မပဲ အမျှော်အမြင် ဗဟုသုတ နည်းပါးတာလား။ (အဖြေကတော့ ရှင်းပါတယ်။ ကျွန်မနဲ့ သူ ဘာ ယှဉ်နိုင်စရာ ရှိလို့လဲ။)

တဖြေးဖြေးနဲ့ သူချစ်တဲ့ညီ ညီမတွေနဲ့ ဝေးကွာရတော့မှာ၊ တယောက်ပြီး တယောက် ထွက်သွားကြတော့မှာကို သူ ကြိုမြင်ခဲ့တာကို သူ့ကဗျာလေးနဲ့ ရင်ဖွင့်ခဲ့ ရှာပါတယ်။

အဲဒီကဗျာလေးကတော့ လော့စ်အိန်ဂျယ်လီရောက် ဆွေမျိုးများသို့ လို့ ခေါင်းစီး တပ် ရေးစပ်ခဲ့တဲ့ ... ... ...
မုန်း မှ ကယ်လီဖိုးနီးယား သို့ ...

မုန်းချောင်းဘေးမှ
အညာဒေသ၊ ရွာကလေးများ
ဘိုးဘွားစဉ်ဆက်၊ ဆင်းသက်လာရာ
ကြည်လင်စိမ်းပြာ၊ နွေခါ ဒူးဆစ်
ကျောက်စရစ်ခဲ၊ စိန်ခဲမြခဲ၊ ပုလဲပက်ကြဲ
လက်လက်ရေတွင် မြင်ရ၏။

ဗုဒ္ဓကြွလာ
ကျောင်းတော်ရာမြတ်၊ ဘုရားပတ်လည်
ပိဋကတ်တိုက်၊ တည်ဆောက်ခိုက်တွင်
ဖခင် ခေါ်ရာ၊ လိုက်ပါလာစဉ်
ဝန်းကျင်ရွာများ၊ လှည့်လည် သွားကြ
အဘွား ပြောဖူး၊ ဗူးသယ်ဇောင်းချမ်းကုန်း
မုန်းချောင်း မန်းချောင်း
ကျောင်းထိုင်ဦးပဏ္ဍိ၊ ရှိရာတည်းခို
စိုရွဲဆီများ၊ ရေမုန့် ဖဲ့စား
တမာရိပ်ကြား၊ ကွေ့ပတ်ပြေးလွှား
ကစားသည့်ရွယ်၊ မျိုးရိုးနွယ်စ
မြင်ရကြားရ၊ တွေ့ခဲ့ရလေ
မုန်းချောင်းရပ်မြေ ပုံကားချပ်။

သီပေါနန်းကျ
တိုင်းပြည်ပျက်စ၊ မုန်းမှ စွန့်ခွာ
ဧရာဝတီ၊ စုန်လာလိုက်ကြ
မြစ်ဝကျွန်းပေါ်၊ ရေဝန်းကမ်းညို
ကနစို တောအုပ်၊ ရှင်းလင်းခုတ်တူး
ဓါးမဦးချ၊ မြေဆွထွန်ယက်
မျိုးဆက်ပြန့်ပွား၊ လယ်သမားများ
အိမ်ခြေများလာ၊ ဖွဲ့စည်းကါလျှင်
ထိုင်ကူဆိုသော ရွာကလေး။

လယ်ကွင်းရေပြည့်
လှေဖြင့်ထိုးသွား၊ ဝါးလုံးကျိုးကျ
ရယ်ကြမောကြ၊ စပါးပင်ကြား
ရေထဲဆင်းမှ၊ လှေထွက်ရတော့
မြှော့နက်တွယ်ကပ်၊ ရယ်ရာမှငို
မိုးညိုလာပြီ၊ ရွာဆီမည်းမှောင်
မိုးထဲလေထဲ၊ လှေကိုပစ်ထား
ပြေးကြလွှားကြ ပျော်စရာပ။

လရောင်ကြိုးကြဲ
ရွာထဲလျှောက်လည်၊ ပိတောက်ကိုင်းအောက်
မြေဝိုင်းချောမွတ်၊ မောင်းထောင်းဆန်ဖွပ်
လွတ်လပ်တေးဆို၊ ပျိုအိုတသင်း
အတင်းပြောယင်း ဝိုင်းလုပ်ကြ။

နှင်းခတလင်း
ရွှေရောင်ဝင်းပ၊ လှုပ်လှုပ်ရွရွ
လေက အဝေ့၊ စပါးလှေ့ကြ
ကွေ့ကာပိုက်ကာ၊ ကောက်လှိုင်းပုံဘေး
ပြေးကာ ဆော့ကာ၊ လဝါဝါလေး
တိမ်ပြာမဟူရာ၊ ဇာပါးအသွေး
ညဉ့်ဦးလေအေး၊ ကောက်နံ့မွှေးမွှေး
ပြေးလိုက်ပုန်းလိုက်၊ ကောက်ရိုးပုံနွေး
တိုးဝင်အကွေး၊ လမြရေးရေး
စပါးပေါ်ချိန် လွမ်းမိသေး။

မြစ်လက်တက်တွင်
စီးဝင်ချောင်းကလေး၊ ကွမ်းသီးခြံဘေးမှာ
တဗာလှေပျက်၊ လဲလျောင်းလျက်တည့်
မောင်းသံဒူဒူ၊ ထုသူကင်းမဲ့
ပဲ့နင်းလှေသူကြီး၊ ဖိစီးဇရာ
ပုံပြင်မျှသာ၊ တုန်ရီစွာဖြင့်
ပြောပြရရှာ၊ ယခုခါမူ
ဘောက်တူပေါ်တွင်၊ ဆွမ်းအုပ်တင်၍
ကိုယ်ရင်တပါး၊ လှော်ခတ်သွားသည်
ကမ်းပါးကပ်လိုက်၊ ကိုင်းငိုက်ရွတ်တွ
လှိုင်းထပုတ်ထိ၊ လှုပ်မိရာမှ
မလပ်သီးကြွေကျ၊ ဒင်ကြီးငှက်က လန့်ပြန်ပြေး။

မော်တော်ပေါ်တွင်
ရှင်လောင်းတင်၍၊ ဗီယင်နာကာဖေး
ကိတ်မုန့်ကျွေးခဲ့၊ ရေခဲမုန့်နှင့်
ဘင်ဂျိုဝိုင်းနှင့်၊ ဟွန်းတယောနှင့်
ရေတွင်မျောပါ၊ ငှက်ပျောတုံးထက်
ဗျိုင်းငှက်တကောင်အံ့သြငေး။

ငယ်စဉ်ဘဝ
ဒုတိယမျိုးဆက်၊ ကောက်ရိုးရနံ့
နွားချေးနံ့နှင့်၊ ပဲရစ်ညခင်း ရေမွှေးနံ့
ရောထွေး မတူ၊ ကျေးလက်နှင့် မြို့ပြ
ဘုန်းကြီးကျောင်းမှ တက္ကသိုလ်
ကိုလိုနီခေတ်၊ ကြီးပြင်းဖြစ်ခဲ့
မုန်းကျောက်စရစ်ခဲ၊ သဲပွင့်ရွေ့လျှား
သစ်သားပန်းပု၊ ထုဆစ်ပန်းကွက်
လှေပျက်ယွင်းကျန်၊ ရွှေရောင်ယွင်းလွင့်
ပင့်ကူအိမ်မြှေး၊ လိမ်ယှက်ရစ်ကာ
ပြစရာတည့်၊ အမည်စာလုံးသာ
ပထမမျိုးဆက်ပုံပြင်များ။

ဒုတိယမျိုးဆက်
ငါတို့လက်ထက်၊ သည်မျိုးဆက်ကား
မြေများ ခြံများ၊ ပိုင်ဆိုင်ထားသည့်
အမွေဆက်ခံ၊ ကြွင်းကျန်ပစ္စည်း
ထိုင်ပြီး စားကြ၊ မတိုးပွားခဲ့
နှစ်များ ကြာလျှင်၊ မြေရှင်စနစ်
ခေတ်နှင့် ကွာဝေး၊ တဖြည်းဖြည်းချင်း
သက်ဆင်း ရွေ့လျော၊ တိမ်ကောလာစဉ်
ဖွားမြင်ရှာကြ၊ တတိယမျိုးဆက်
လက်ထက်ရောက်ခါ၊ ပြစရာကား
စိန်ခြယ်မြကွင်း၊ စိမ်းဝင်းဖျပ်ဖျပ်
ကြောင်လက်စွပ်နှင့်၊ ငွေကွပ်ဓါးမြှောင်
မဟော်ဂနီရောင်ဗီရို၊ ရွှေတိုရွှေစ
သက္ကလပ်စ၊ ရှံဟဲဖဲစ
ဇင်းမယ်ထဘီစ၊ ဘန်ကေါက်လုံချည် မြင်းချေးရောင်စ
သည်မျှလောက်သာ၊ ကြည့်စရာလေ
မျက်စေ့ပေကလပ်၊ တဖျတ်ဖျတ်နှင့်
ရင်သပ်ရှုမော၊ အံ့သြတွေဝေ
ဘာတွေပါလိမ့်၊ ခုခေတ်ခါသစ်
ခရစ်ပြိုးပြက်၊ ပက်ဂီပါတိတ်
ပေါ်လီယက်စတာ၊ ဖိတ်လက်ပွင့်စုံ
အိတုံရှံ၊ မလေးရှံတဲ့
ရှေးနဲ့မတူ သူတို့ခေတ်။

သူတို့မေးကြ
ဒုတိယမျိုးဆက်၊ ကျွန်တော်တို့လက်ထက် အကြောင်း
ကျောင်းသားဘဝ၊ စာသင်စ အခါ
ကိုလိုနီ ပညာရေး၊ တိုက်ဖျက်ပေးဖို့
အရေးတော်ပုံများ အကြောင်း
ဆောင်းလဟေမန္တ၊ နှင်းခညတွင်
မောင်းနှင်ခုတ်သွား၊ မီးရထားက
ရိုးမကိုဖြတ်၊ နှင်တရစပ်
တောအထပ်ထပ်၊ ပတ်သန်းခရီး
တောင်တွင်းကြီးလမ်း၊ တောပန်းမြူနံ့
သင်းပျံ့ကြိုင်လှောက်၊ ရေနံချောင်း ချောက်
ရေနံမြေတလျောက်၊ နှင်းပေါက်ဇာပါး
လူထုကြားတွင်၊ တရားဟောကြ
သွားလာကြနှင့်၊ အလယ်ပစ္စယံ
အရံဇရပ်၊ သတ်မှတ်စခန်း
ထန်းပင်ရိပ်ကြား၊ အုတ်ခုံနားတွင်
အလုပ်သမား၊ လယ်သမားများနှင့်
ထမင်းထုပ်အတူ စားကြသည့် အကြောင်း
သောင်းပြောင်းထွေလီ၊ ကိုလိုနီခေတ် ဖက်ဆစ်ခေတ်
စစ်နှင့်တော်လှန်ရေး၊ အဝေးကျန်ရစ်
သက်သေခံပစ္စည်း၊ ကြီးကြီးမားမား
ထောက်ထားမရှိ၊ တိုတိတိုစ
ပုံတိုပတ်စ၊ ကဗျာစ ဝတ္ထုစ
မှတ်မိသမျှ၊ ပြောပြနေစဉ်
မျက်စေ့ပေကလပ်၊ တဖျတ်ဖျတ်နှင့်
ရင်သပ်အံ့သြ၊ ငေးမောပန်းလျ
ဒုတိယမျိုးဆက်ပုံပြင်များ။

နယ်ချဲ့အပြေး
မင်းမဲ့ဘေးရန်၊ အန္တရာယ်လျှင်
ကြုံတွေ့စဉ်မှ၊ ပူပင်သောက
ထိတ်လန့်ကြစဉ်၊ ပင်လယ်ပြင်မှ
ကယ်တင်မည့်သူ၊ ဆင်တူကြောင်ကြား
ဆင်ယင်ထားသော၊ မြို့သိမ်းတပ်သား
မျက်နှာထားချို၊ ကြိုဆိုခဲ့ရ
ဗမာ့လွတ်လပ်ရေးတပ်မတော်
ရောက်လာသည့် အကြောင်း

တတိယမျိုးဆက်
သည်လက်ထက်ကား၊ ရုန်းကန်မှုများ
လှုပ်ရှားမှုများ၊ အဟုန်ကြီးမား
အမျိုးအစား၊ ထွေပြားယှက်သန်း
နက်နဲရှုတ်ထွေး၊ အမေးပုစ္ဆာ
အဖြေရှာကြ၊ များလှစွာပင်
လူငယ်သဘာဝ၊ တွေးဆစဉ်းစား
ဥာဏ်အားရှိသမျှ၊ ကြိုးစားအားထုတ်
စာအုပ်ရှာလဲ၊ မတွေ့ဘဲလျင်
ကျောင်းနံရံ ပြင်ပ၊ မြင်ရ ကြားရ
တွေ့ရ ကြုံရ၊ သံပြိုင်ယိမ်းက
တီးကြ မှုတ်ကြ၊ ကော်ပီ ဂီတ
ဗွီဒီယိုမှ၊ ပစ်ကြခတ်ကြ
ချွတ်ကြ ဖေါ်ကြ၊ ပျော်ကြ ပါးကြ
သူရဲကား ဓါးကား၊ နံချပ်ကူကား
မှောင်ခိုယူသွင်း၊ ဂျင်းအင်္ကျီများ
အသံသွင်းတိတ်ခွေများ၊ နေကာ မျက်မှန်စိမ်းများ၊
သံလိုက်ထိန်းချုပ်၊ ကစားစရာရုပ်များ
ဈေးကွက်စည်ကား၊ ဆူးလေ ဘုရားလမ်းဘေး
ဟေးဟေး ညာသံ၊ ဆူညံအော်လျက်
လက်မှတ်ရုံပေါက်၊ တယောက်ကိုတယောက်တွန်း
ဂျိမ်းစ်ဘွန်းကား၊ သိုင်းဇာတ်ကား။

ဤ ပတ်ဝန်းကျင်
တွေ့မြင်ခံစား၊ အာရုံများစွာ
လှုပ်ရှားလူးလွန့်၊ ရေသေကူးခတ်
ကမ်းစပ်မရောက်၊ အခေါက်ခေါက်တည့်
တပြောက်ပြောက်လျှင်၊ မိုးပေါက်သံထင်
မှန်ရိပ်ဖိတ်စင်၊ ကြည်လင်သံမြှင်း
‘'လေဆိပ်ဆင်းတော့မယ်' ဟု အငယ်လေးထံမှ
နှုတ်ဆက်သံကြား၊ စိတ်မှာလှုပ်ရှား
ဘာမှာမလဲ' မေး၊ ရင်ထဲတုန်ရီ
'ပန်းချီဆေး' ဟု၊ နွမ်းလျသံဖြင့်
ဖြည်းညှင်းပြန်ပြော၊ စကားသံအဆုံး
ဖုန်းချသွားပြီ၊ အဝေးဆီလွင့်
ညီမများ ရှိရာ၊ ထွက်ခွာသွားစဉ်
မိုးသားညိုဆင်၊ မျောပါလေနှင်
ငါလျင်ငေးမော၊ မုတ်သုံကြားမှ
မျိုးဆက်များကား
ဝေးကွာသွားကြ၊ မုန်းမှ ကယ်လီဖိုးနီးယားသို့
ရေကြည်ရာကမ်း၊ ငြိမ်းချမ်းပင်လယ်
ကျယ်လည်းတမုဟုတ်၊ ခလုတ်နှိပ်ရုံ
ရုပ်မြင်သံကြားတယ်လီဖုန်းမှ တွေ့ကြရအောင်။ ။ ။


(ကယ်လီဖိုးနီးယားရောက်ဆွေမျိုးများသို့)


၂ဝဝ၉ ကိုကို့ အသက် ၉ဝ ပြည့် မွေးနေ့အမှတ်တရ ရေးထားခဲ့တဲ့ စာစုလေးပါ။ အဲသည်အချိန်က ကိုယ်ပိုင်ဘလော့ဂ်လည်းမရှိ၊ ဘယ်ကို ပို့ရမယ်မှန်း မသိ ဖြစ်နေချိန်၊ နေရာတိုင်းမှာလည်း ကိုကို့အတွက် မွေးနေ့အမှတ်တရ စာတွေ ပလူပျံနေတာမို့ ဘယ်မှ မပို့ဖြစ်၊ မဝေငှ ဖြစ်ခဲ့တာပါ။

ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့် နီးစပ်သူများ ကျေးဇူးပြီး ကိုကို့ထံ သည်စာကလေး ပို့ပေးပါ။ ကျေးဇူးအထူး တင်ပါသည်။


မာလုစံ
ဇွန်လ ၁ ရက်၊ ၂ဝ၁၁

[မုန်းမှသည်ကယ်လီဖိုးနီးယား ကဗျာသည် ဆရာတာရာရဲ့ လက်ရေးမူ(လက်နှိပ်မူ) ဖြစ်ပါတယ်။ စာပေစိစစ်ရေးဖြတ်သန်းရတဲ့ စာအုပ်မူနဲ့ အတန်ငယ် ကွဲလွဲမှု ရှိပါတယ်။]

Wednesday, June 8, 2011

ကိုစိန်ဝင်းနဲ့ကျနော်
ရေးသူ- ဖိုးသံ (လူထု)

{၆၀ စာအုပ်အတွက် ရဲဘော်ဖိုးသံ ပို့တဲ့ ကဗျာလက်ဆောင် ဖြစ်ပါတယ်။}

ကျနော်တို့နှစ်ယောက်
အသက်မတူ၊ ရုပ်မတူပေမဲ့
ဝါသနာတူ၊ အကြိုက်တူ
ယုံကြည်ချက်တူ
စဉ်းစားမှုတွေတူ
လေးစားသူလည်းတူ၊ အားကျသူလည်းတူ
ပြောရရင် နာကျည်းသူလည်းတူ
မုန်းတာလည်းတူတယ်
တခြားတူတာတွေကအများကြီး။



တကယ်ကျ
အတူနေရတဲ့ကာလနည်းနည်း
မှန်းပြီးလွမ်းရတာများများ
မုန်တိုင်းထဲ၊ လေညှင
်းထဲ
တတွဲတွဲနေခဲ့တဲ့
မမေ့နိုင်တဲ့ရက်တွေကို
ဖြတ်သန်းကြတုန်းက
မတူတာတွေငြင်းကြ
တူတာတွေအင်းလိုက်
ရေနွေးတကြိုက်နဲ့
ကြေအေးလိုက်တာတွေလည်းရှိရဲ့
ဟိုလူ့မေး ဒီစာအုပ်လှန်
အဖြေမှန်ရှာခဲ့ကြတာတွေလည်းမနည်းဘူး
အတူနေကာလများကို
အတူတန်ဘိုးထား
အတူလွမ်းလိုက်ကြတာလည်းအလွန်။

မန္တလေးသားနှစ်ယောက်
မြို့ပြခံစားမှုမ၀င်ပဲ၊ ကိုယ့်မြို့ကိုယ်မင်ရင်း
မြို့မဘောသင်းနဲ့ မြို့မငြိမ်း
မြို့မရုပ်ရှင်ရုံနဲ့ မြို့မတူရိယာအဖွဲ့
မြို့မဆံသဆိုင်၊ မြို့မလက်ဘက်ရည်ဆိုင်
မရိုးနိုင်တဲ့ စကားဖောင်ဖွဲ့စရာတွေကို
တောရမ်းမယ်ဖွဲ့လို့ပဲဆိုဆို
တောင်စဉ်ရေမရလို့ပြောပြော
မြိန်မှမြိန်ပ၊ အော် ဘာကမှမကျန်ဘူး
ရူးတာလား၊ ထူးတာလား
ဆုံးဖြတ်ရတောင်အခက်သား
တခါတလေမှာနှစ်ယောက်သား
“ခါတော်ရောက်ချိန်၊ နီးလို့လာပလေ
ဒေါ်ဒေါ်မမ နှမတို့ရေ”ဆိုပြီး
ပြည်တော်ဝင်သီချင်းကို
တမ်းတမ်းတတ၊ ဟစ်ဆိုမိကြတယ်။

ရေပတ်လည်ဝိုင်းနေတဲ့
ကျုံးနဲ့ကျွန်း
ထောက်လှမ်းရေးပတ်လည်ဝိုင်းနေတဲ့
လူထုတိုက်နဲ့အင်းစိန်ထောင်တို့မှာ
ကျနော်တို့နှစ်ယောက်
အမောက်မထောင်ပေမဲ့
မကြောက်ပေါင် မကြောက်ပေါင်နဲ့
လက်ခမောင်းဖောင်ဖောင်ခတ်ခဲ့ကြ
ဒီလိုနဲ့ကာလတွေညောင်းတော့
တယောက်ကကလောင်ဆွဲ
တယောက်ကသေနတ်ချီ
တရပ်စီနေကြကာ
ပြေရွာအကျိုး၊ သယ်ဆောင်ပိုးရင်း
ရင်ပပ်ချင်း မိုင်တထောင်ကွာပေမဲ့
ကျောချင်းကစေ့နေအောင်ကပ်ထားတယ်
အကိုဒုက္ခိတမလုပ်နိုင်တာကို ညီသူပုန်ကလုပ်
ညီသူပုန်မလုပ်နိုင်တာကို အကိုဒုက္ခိတကလုပ်
တယောက်လုပ်တာ တယောက်ကသာဓုခေါ်
မောင်းမဆော်စည်မတီး
ရွှေပြည်ကြီးအနာဂါတ်အတွက်
ကြာရဟတ်လို တလစပ်လုပ်ခဲ့ကြတယ်
မောတယ်လည်းမညည်း
ငြီးဟန်လည်းမပြ
ငါ့တာဝန်မကြေသေးလို့ပဲပြောကြ။

ငါ့အကိုရဲဘော်ကြီး
အိုကြီးအိုမအရွယ်မှာ
တဒီးဒီအလုပ်လုပ်နေတာ
လူတကာကမုဒိတာပွားရ
အားကျစံပြုကြ
အတ္တကိလကထာ
အကျင့်လွန်ရာများကျနေမလား
တားမြစ်သူ၊ စိုးရိမ်သူတွေကြားမှာ
ရထားကြီးလို၊ တင့်ကားကြီးလို
ဝင့်ကြွားစွာချီတက်
ခုတ်မောင်းနေလျက်ပဲ
တစ္ဆေသူရဲတွေ
ရှောင်စေ ရှားစေလော။ ။
ဖိုးသံ(လူထု)
[ကိုစိန်ဝင်းအသက်(၇၀) ပြည့်တုန်းက စထားခဲ့တဲ့ ကဗျာ အခုမှအဆုံးသတ်နိုင်ပါတယ်။]
(ဓါတ်ပုံစာ-
လူထုတိုက်မှာ လူထုစိန်ဝင်း၊ ဓါတ်ပုံသတင်းထောက် ကိုရွှေနဲ့ ဖိုးသံ(လူထု)