(ကျွန်တော်မေ့မရသောအဆောက်အဦများ)
မှောင်နဲ့မည်းမည်းထဲကတဲကလေး
ကျွန်တော်တို့ အက်စ်အက်စ်ပီပီ (ရှမ်းပြည်တိုးတက်ရေးပါတီ)
ဌာနချုပ်က ထွက်လာပြီးနောက် လမ်း လျှောက်နေတာဟာ ၅ရက် ၆ရက်လောက် ရှိသွားပါပြီ။ မနက်ကနေ
နေ၀င်အထိ လျှောက်ကြတာ ဖြစ်ပါတယ်။ တခါတလေများဆိုရင် (ဥပမာ မိုင်းရယ် မော်တော်ကားလမ်းကို
ဖြတ်တုန်းက) ကားလမ်းနဲ့ မလှမ်းမကမ်း တနေရာမှာ ၀ပ်နေပြီး ညကျမှ ကားလမ်းကို သုတ်သုတ်
ဖြတ်ကြရပါတယ်။ များသောအားဖြင့်တော့ မနက်အစောကြီးထ၊ ချက်ပြုတ်စားပြီး တနေကုန်လောက် လမ်းလျှောက်ကြတာပါ။
တောင်စောင်းမှာ၊ ပြန့်မှာ၊ တခါတလေ ချောင်းရိုးအတိုင်း ရေထဲမှာ လျှောက်ရတာလည်း ရှိပါတယ်။
ဒီလိုနဲ့ပဲ သံလွင်မြစ်ကြီးနဲ့ နီးသထက် နီးလာခဲ့ပါတယ်။
ဒီ မြစ်ကြီးရဲ့ တဘက်မှာက ရန်သူ လုံးဝမရှိဘူး။
ကိုယ့်လူတွေချည့်ဖြစ်တယ်။ လွတ်လွတ်လပ်လပ် သွားနိုင်၊ လာနိုင်၊ ပြောနိုင် ဆိုနိုင်တယ်။
ကိုယ်လေးစားတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့နိုင်တယ်။ ကိုယ့်အရင် သွားနှင့်ကြတဲ့ မန္တလေး
ပလိုင်းရပ်က ကိုသန်းမောင် (ကိုကိုးကျွန်းပြန်)လို၊ ဦးလေးဗိုလ်ချုပ်ကျော်ဇော ရဲ့သား
ကိုကျော်ဇောဦးလို ကိုယ်သိတဲ့ လူတွေနဲ့ တွေ့နိုင်တယ် စတဲ့ အသိတွေနဲ့ လူဟာ သိတ်တက်ကြွ
လန်းဆန်းပြီး ခြေလှမ်းတွေ သွက်နေတာပါ။
ဒါပေမဲ့ သံလွင်မြစ်ကြီးကို ဖြတ်ရတာ အန္တရာယ်
သိပ်ရှိပါတယ်။ အဲဒီ ဒေသ (သံလွင်မြစ် အနောက် ဘက်) ဟာ အက်စ်အက်စ်ပီပီအဖွဲ့က လွှမ်းမိုးတဲ့
ဒေသမို့ သူတို့က လိုက်ပို့၊ သူတို့က ကူးတို့သမားစီစဉ်၊ သူတို့က ကူးတို့ဆိပ်ရွေး စတာတွေ
လုပ်ပေးပါတယ်။ ကျွန်တော်တို့ကတော့ သူတို့ စီစဉ်သမျှကို လိုက်နာရုံပါပဲ။ ဒီလိုနဲ့ ကူးတို့နဲ့
မလှမ်းမကမ်း နေရာတခုမှာ ကျွန်တော်တို့က နေ၀င်အောင်၊ မှောင်အောင် စောင့်ကြပါတယ်။ ည ခွန်နှစ်နာရီ၊
ရှစ်နာရီလောက်ကျမှ လူတယောက်က သွားလို့ရပြီဆိုတဲ့ သဘောနဲ့ လာခေါ်ပါတယ်။ သူတို့ချင်း ရှမ်းလို
ပြောကြတာပါ။ ကျွန်တော်က သူတို့ အမူအရာကို မှန်းပြီး နားလည်ယူတာပါ။ ဒါနဲ့ အဲဒီနေရာက
ထလာပြီး တောင်ကုန်း (တောင်ရိုး?) ကို ကျော်လိုက်တယ်ဆိုတာနဲ့ သံလွင်မြစ်က ရေသံတွေ တဝေါဝေါ
ကြားရပါတော့တယ်။ တကယ့်ကို အားတက်စရာကြီးပါ။ ဒါပေမဲ့ ဒီနေရာဟာ အန္တရာယ်ရှိတဲ့ နေရာဆိုတာ
သိနေတော့ ဘယ်သူမှ စကားတခွန်းမပြော၊ လက်နှိပ်ဓာတ်မီး တချက်မထိုးပဲ လျှောက်ခဲ့ကြပါတယ်။
ခဏနေတော့ တောင်နှစ်ခု အကြားမှာ တသွင်သွင် စီးဆင်းနေတဲ့ သံလွင်မြစ်ကြီးရဲ့ တပိုင်းတစကို
မြင်ရပါတယ်။ ညဆိုတော့ မသဲမကွဲပဲပေါ့။ ဒါပေမဲ့ ကျက်သရေ ရှိလိုက်တာ။
မြစ်ကမ်းကို ရောက်တော့ လှေငယ်တစ်စီးနဲ့
လူတယောက် အသင့်စောင့်နေတာ တွေ့ရပါတယ်။ ကြို စီစဉ်ထားတဲ့ အဓိပ္ပာယ်ပါ။ လရောင်ကို သတိမထားမိပါဘူး။
ဒါပေမဲ့ ကြယ်ရောင်တွေ အောက်မှာကိုပဲ သံလွင်မြစ်ကြီးဟာ တင့်တယ်ချင်တိုင်း တင့်တယ်နေပါတယ်။
ကျွန်တော်တို့ အားလုံးပဲ အချိန်မဖြုန်းးပဲ လှေပေါ်ကို အမြန် တက်လိုက်ကြပါတယ်။ ပြီးတော့
လှေက ချက်ခြင်းပဲ ထွက်ပါတယ်။ လွတ်မြောက်ဒေသ၊ ၀နယ်ကို ရောက်တော့မယ်။
ရေလယ်နား ရောက်တာနဲ့ပဲ ကျွန်တော်က ရေတလက်ခုပ်
ခပ်ပြီးမျက်နှာ သစ်လိုက်ပါတယ်။ သံလွင် မြစ်ကြီးကို နမ်းရှုတ်တဲ့ သဘောပေါ့။ မကြာပါဘူး။
၁၀မိနစ် လောက်ပဲရှိမယ် ထင်ပါတယ်၊ တဘက်ကမ်းကို ရောက်သွားပါတယ်။ အဲဒီ တဘက်ကမ်းကို ခြေချလိုက်တယ်
ဆိုတာနဲ့ စိတ်တက်ကြွနေတဲ့ လူငယ်တယောက်ရဲ့ စိတ်ထဲ၊ ခေါင်းထဲမှာ ဘယ်လို ခံစားမှုတွေ ပေါ်လာမယ်ဆိုတာ
အလွယ် စဉ်းစားနိုင်ပါတယ်။ ဒါပေမဲ့ စိတ်ကူးယဉ် မနေနိုင်ပါဘူး။ တဘက်ကမ်းက နေလှမ်းပစ်လို့
ရနေသေးတာမို့ မှုံရေးရေး လူသွား လမ်းကလေးအတိုင်း ခပ်သုတ်သုတ်ပဲ တောင်စောင်းကို တက်ကြပါတယ်။
ဒီလိုနဲ့ အတော်လေးတက်လိုက်တော့ အမှောင်ထဲမှာ မှောင်မှောင်မည်းမည်း တည်ရှိနေတဲ့ တဲကုပ်လေးတလုံးကို
တွေ့တယ်။ အလျားနဲ့ အနံက အလွန် ၁၀ ပေ - ၁၂ ပေ စီလောက် ရှိပါလိမ့်မယ်။
ဒါဟာ ကင်းစောင့်တဲ့ တဲပဲလို့ အတူသွားသူတွေက
ပြောပြပါတယ်။ သံလွင်မြစ်ဆိုတာက ဖြတ်ကူးနိုင်တဲ့ နေရာတွေက မများ၊ ဖြတ်ကူးပြီးတော့လည်း
တောင်စောင်းကို တက်လို့ရတဲ့ လမ်းကတခု၊ နှစ်ခုပဲ ရှိတာ။ ဒီတော့ ဒီလိုနေရာမှာ ကင်းထိုး
ထားလိုက်ရင် ဒီတက် လမ်းကို စိုးမိုးလို့ ရပြီပေါ့။
တဲအလယ်မှာ မီးဖိုထားတဲ့ နေရာတကွက် တွေ့ပါတယ်။
လောင်ပြီးသား ထင်းတို ထင်းစနဲ့ ပြာတွေကို တွေ့လို့ ပြောတာပါ။ နောက်ပြီး ခေါင်းအထက်က
သက်ကယ်မိုးမှာလည်း ကြပ်ခိုးစွဲနေတာ တွေ့ရပါတယ် (နောက် မနက်မိုးလင်းမှ သတိထားမိတာပါ)။
ကျွန်တော့်တို့ရဲ့ ၀နယ်ရောက် ပထမဆုံးညကို ဒီတဲကလေးမှာပဲ အိပ်လိုက်ကြပါတယ်။ လွတ်မြောက်နယ်မြေမှာ
ပထမဆုံး အိပ်စက်ခြင်း။ ပန်ဆန်းအထိ သွားကြမှာဆိုတော့ နောက်ထပ် ၄ရက်လောက် ဆက်လျှောက်ရဦးမှာလေ။
ဒါပေမဲ့ စိုးတထိတ်ထိတ် ရက်များကတော့ အဆုံးသတ်သွားပါပြီ။
အိပ်ကာနီးကျတော့ ”ဒီနေရာမှာ ဒီလို စိတ်ချလက်ချ
အိပ်လို့ရအောင် ရဲဘော်တွေရဲ့ အသက် သွေးတွေ ဘယ်လောက်များ ပေးခဲ့ကြသလဲ” ဆိုပြီး တောင်တောင်အီအီ
စဉ်းစားမိနေပါတယ်။
ဖိုးသံ(လူထု)