Sunday, May 31, 2015

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ နယ်စပ်တလျှောက်က ရွေ့လျားဒုက္ခသည်များ ရေးသူ - နီမော်

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ နယ်စပ်တလျှောက်က ရွေ့လျားဒုက္ခသည်များ



ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ စစ်ရေးအခြေအနေဟာ အမြဲတမ်း ခံစစ်အနေအထားမှာ ရှိနေတယ်။  သူတောင်းစားနဲ့ နဂါးမင်းစစ်ခင်းရသလို ဖြစ်ကာ ၂၆ နှစ်ကြာ သက်တမ်းကြာ အုပ်ချုပ်သွားတဲ့ ဦးနေဝင်းရဲ့ မဆလ စစ်တပ်နဲ့ သူမနိုင် ကိုယ်မနိုင်၊ ရှည်ကြာတဲ့ ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့တာ လူတိုင်း အသိပါ။  ဒါပေမယ့် မိမိရဲ့ အတွင်းပိုင်း    အကြောင်းရင်း ပြိုကွဲမှုကြီး ဖြစ်တဲ့ ကိုးကန့်၊ 'ဝ'၊ ရှမ်း၊ ကချင်၊ အခါ စတဲ့ တိုင်းရင်းသားများရဲ့ ပုန်ကန်ခွဲထွက်မှုကိုတော့ ဘယ်လိုမှ မတုံ့ပြန် နိုင်တော့ရုံမက ကမ္ဘာ့လက်ဝှေ့ အကျော်အမော် မိုက်တိုင်စင်ရဲ့ လက်သီးချက်လို ပြင်းထန်အားကောင်းစွာ တချက်တည်း အထိုးခံလိုက်ရတယ်။

အခြေခံဒေသနောက်ကျောက အစ်ကိုကြီး တရုတ်ပြည်ကွန်မြူနစ်ပါတီကလည်း ဒုက္ခသည် အင်အားစု တရာကျော်ကိုတော့ သူ့တိုင်းပြည် နယ်စပ်ဒေသမှာ လက်ခံထားနိုင်ပါတယ်။  ဒါကြောင့် တရုတ်ပြည် ရှမ်းရွာ မုန်းမဒုက္ခသည်စခန်းနဲ့ မုန်းလျင်ဒုက္ခသည်စခန်းတို့ ပေါ်ပေါက် လာရတော့တာပါ။

ဒုက္ခသည်စခန်းများ ကချင်ဒေသသို့ ပြောင်းရွှေ့ခြင်း

ရဲဘော်တိုင်း လွတ်လပ်စွာ ဆုံးဖြတ်နိုင်မှုအရ ပေါ်လစ်ဗျူရို ရဲဘော်ထွန်း(ခေါ်) ဗိုလ်ကျင်မောင်နဲ့ လိုက်ပါမယ့် ဒုက္ခသည် ရဲဘော်တချို့ဟာ မုန်းမရွာကနေ (၁၀၁) စစ်ဒေသ ကချင်လူမျိုးတို့ရဲ့ ကံပိုင်တီး ဒေသကို သွားရောက်ကြတော့တယ်။

ဒီနောက် အိမ်ထောင်သည်နဲ့ ကလေးမိခင်များ၊ ကလေးများက (၁၀၁) စစ်ဒေသ ဖီမော်ဒေသ ကို သွားရောက်ကြမယ်။  မုန်းလျင်စခန်းရှိ ဒုက္ခသည် ဗဟိုခေါင်းဆောင် မိသားစုကတော့ (၁၀၁) စစ်ဒေသရှိ ဦးဇခုန်တင့်ယိန်း ထံ သွားရောက် စခန်းချကြပါမယ်။

ဒီဒုက္ခသည် အဖွဲ့သုံးဖွဲ့လုံးကို တရုတ်ပြည်ရဲ့ အထူးအစီအစဉ်နဲ့ တရုတ်ပြည်တွင်းကနေ ဘတ်စ်ကားကြီးများနဲ့ ပို့ဆောင်ပေးခဲ့ခြင်းပါ။  စာရေးသူတို့လည်း မုန်းမဒုက္ခသည်စခန်းက အိုးခွက်ပန်းကန် အိပ်ယာများကို သိမ်းဆည်းထုတ်ပိုးကာ နောက်စခန်းတခုကို ရွှေပြောင်းကြရ တော့မယ်။  ဒုက္ခသည်ဘဝ ရောက်နေတဲ့အပြင် ကလေးတိုးလိုးတွဲလောင်းနဲ့ နိုင်ငံရေး မိုးလေဝသ ကြမ်းတမ်းမှု အောက်မှာ ရှေ့ခရီးကြမ်းကြီးကို ဘယ်လို ဆက်ကြရမလဲ။

ရဲဘော်အားလုံးဟာ ကွန်မြူနစ်တပ်သားတွေလို စိတ်ရောခန္ဓာပါ လေ့ကျင့်ထားကြလို့သာ။  မဟုတ်ရင် ရူးသွပ်သွားလောက်တယ်။  အများစုကြီးနဲ့ ဆိုတော့လည်း ခံနိုင်ရည် ရှိနေကြတယ်။ မိုးဦးကာလမို့ တော်ပါသေးရဲ့။  ၈၉ ခု မေလကုန်လောက်မှာ ဘတ်စ်ကားကြီးတွေ စီးကာ မုန်းမ ဒုက္ခသည်စခန်းက စတင်ထွက်ကြတော့ မုန်းလျင်ရှိ ဗဟိုဒုက္ခသည် ကားတွေနဲ့ သွားရောက် ပူးပေါင်းကြတယ်။  တခ၇ီးတည်း ဆက်ထွက်ကြတော့ လင်ချန်းမြို့ကို ဖြတ်ကျော်ကာ လန်ချန်းမြို့ကို ရောက်ပါတယ်။

လန်ချန်းမြို့မှာ တရုတ်ပြည် နိုင်ငံတကာ ဆက်သွယ်ရေးဌာနက စီစဉ်ထားတဲ့ တည်းခိုရိပ်သာ များ၊ ဟိုတယ်များမှာ ဖြန့်ကျက်တည်းခို ကြရတယ်။  လမ်းခ၇ီးမှာ တရုတ်ပြည် နယ်စပ် တလျှောက်က တောလမ်း၊ တောင်ပတ်လမ်းတွေကို ကျော်ဖြတ်ကြရတယ်။  တရုတ်ပြည်ရဲ့ ကားလမ်းတွေဟာ ကျောက်တုံးကြီးတွေကို အုတ်နီခဲအရွယ် ထွင်းကာ လမ်းခင်းထားလို့ တောင်ပတ်လမ်းတွေမှာ ကား စလစ်ဖြစ်မှာ မပူရပါ။

တောင်ပတ်လမ်းတလျှောက်က စိမ်းစိုသာယာတဲ့ သစ်တောသစ်ပင်တွေကို မငြီးငွေ့စတမ်း ကြည့်ရတော့ ဒုက္ခသည်ဘဝကို တခဏ မေ့ထားလို့ ရတယ်။  စာရေးသူတို့ အားလုံးဟာ တရုတ်ပြည်ထဲမှာ နိုင်ငံခြားသားအဖြစ် ဖြတ်သန်းကြ၊ တည်းခိုကြဆိုတော့ တရုတ်ပုလိပ်များက လုံခြုံရေး အပြည့်ပေးကာ စောင့်ရှောက်ကြပါတယ်။  ဒီခ၇ီးမှာ မကျန်းမာသူတွေ အတွက်၊ တရုတ်ဆရာဝန်များ စောင့်ရှောက်ပေးကြကာ စားချိန်တိုင်းမှာ ရိက္ခာအစို၊ အခြောက်၊ ရေနွေး မုန့်ကအစ လိုလေးသေးမရှိ စီစဉ်ပေးပုံက "မင်းတို့ အေးအေးချမ်းချမ်း နေကြစမ်းပါ" ဆိုတဲ့ သဘောလားတော့ မပြောတတ်ပါ။

နကျန်းခေါ်သံလွင်ဖြစ်သို့

လန်ချန်းမြို့က ခရီးဆက်ကြရာမှာ စစ်မောင်မြို့မှာ တညအိပ် ရပ်နားပါတယ်။  စစ်မောင်မြို့မှာ လည်း လိုလေသေးမရှိ ပြုစုစောင့်ရှောက်ပြီးနောက် ပေါက်စန်းမြို့ကို ခ၇ီးဆက်ပါတယ်။  ပေါက်စန်းမြို့ဟာ တရုတ်ပြည်ရဲ့ အတန်အသင့် ဖွံ့ဖြိုးတဲ့ တိုင်းမြို့ကြီး တမြို့ပါ။  ပေါက်စန်းမြို့ကြီး ရောက် ဒုက္ခသည်တွေဟာ ပေါက်စန်းဟိုတယ်ကြီးတွေမှာ တညအိပ် တည်းခိုကြရတယ်။  ထမင်းစားခန်းမကြီးမှာ တရုတ်တို့က ထူးထူးရှယ် ညနေစာတွေနဲ့ ဧည့်ခံကြတော့ ဒုက္ခသည် ဖြစ်နေလို့သာပေါ့။  တရုတ်ပြည် အလည်အပတ် ခ၇ီးများဆို ဘယ်လောက် စားကောင်း အိပ်ဝင် ဖြစ်လိုက်မလဲလို့။

စာရေးသူ မှတ်မိသလောက်တော့ အကောင်းဆုံး ဟိုတယ်ကြီးတွေ ဖြစ်ပုံရတယ်။  အတော်ခမ်းနား လှပတယ်။  ပေါက်စန်းမှာ ဒုက္ခသည် ဗဟိုခေါင်းဆောင် အားလုံးနဲ့ ခဏ ဆုံတွေ့ နှုတ်ဆက်ကြတယ်။ နောက်နေ့ မနက်မှာတော့ ဖီမော်ဒေသ အိမ်ထောင်သည် စခန်းချမယ့် ဒုက္ခသည်များက လုခိုမြို့ကို ခရီးဆက်ကြပြန်ပါတယ်။  တရုတ်ပြည် နယ်စပ်မြို့ကြီး လုခိုဟာ သံလွင်မြစ်ကမ်းဘေးမှာ ရှိတာမို့ ခရီးစဉ်တလျှောက်လုံး အဆင်းချည်းပါ။  တောင်ပတ် တောင်ဆင်းလမ်းအတိုင်း နေ့ဝက်လောက် ကားဆင်းရတာပါ။

နူကျန်း(တရုတ်အခေါ် သံလွင်မြစ်)ကို တောင်ဆင်းလမ်းပေါ်က ဆီးမြင်ရတယ်။  တိဘက်ဒေသ ရဲ့  ဟိမဝန္တာရေခဲတောင်တွေကနေ မြစ်ဖျားခံလာတဲ့ မြစ်သံလွင်ရယ်၊ ဒေါမန်ပြင်းလှချည်လား။  ဒို့မြန်မာပြည် ကချင်ဒေသ မေခ၊ မလိခ မြစ်ဆုံကနေ တငြိမ့်ငြိမ့်ညင်သာ စီးဆင်းလာတဲ့ မြစ်ဧရာလောက် သဘောမကောင်းပါလား နုကျန်းရယ်။  ဒါကြောင့်လည်း စာရေးသူတို့ ငယ်ငယ်က ကျောင်းသုံးဖတ်စာမှာ ကျောက်တောင် ကျောက်ဆောင် ပေါများပြီး ရေစီးအလွန် သန်သောကြောင့် သစ်ဖောင်ဝါးဖောင် မျှောရန်အတွက်သာ အသုံးဝင်သည်လို့ သင်ခဲ့ကြရ တာပေါ့။

၇၇ ခုနှစ်အကုန်မှာ  စာရေးသူတို့တတွေ ပြည်သူ့အသံအတွက် လူထုဘဝ လေ့လာစူးစမ်းရေး တပ်ဖွဲ့ ခ၇ီးထွက်တုန်းက ဒီသံလွင်မြစ်ကြီးကို မြစ်ဟိုဘက် သည်ဘက် ကျောက်နံရံကြီး နှစ်ဖက်ကို သွယ်တန်းထားတဲ့ ကြီးမားတုတ်ခိုင်တဲ့ သံမဏိကြိုးကြီးမှာ သစ်ဖောင်ကို ချိတ်ဆွဲလို့ ကန့်လန့် ကျော်ဖြတ်ခဲ့ကြဖူးတယ်။

အခု မြစ်ကြီးရဲ့ အထက်ဘက် မြစ်ညှာကို ရောက်နေပြန်ပြီ။  ရေခဲရေတမျှ အေးတဲ့ နီတီတီ ဝါကျင့်ကျင့် အရောင် မြစ်ကြီးရဲ့ ကမ်းနှစ်ဖက်ကို ကြိုးတံတားကြီးက ပေါင်းကူးပေးနေတယ်။  လုခိုမြို့ဟာ သံလွင်မြစ်ကမ်းဘေးက လီရှောကိုယ်ပိုင်အုပ်ချုပ်ရေး တိုင်းဒေသကြီးလေ

လုဆိုတာ တရုတ်လို ဂဏန်းနံပါတ် ၆ ဆိုတော့ လုခိုဟာ နံပါတ် ၆ တံခါးပေါက်မြို့လို့ အဓိပ္ပါယ်ရတယ်။  မြစ်ကမ်းနဘေး သောင်ခုံပေါ်က ပြောင်းဖူးခင်းက စိမ်းစိုနေတယ်။  ပြောင်းဖူး ကြိုက်တဲ့ လီရှောလူမျိုးတို့ဟာ မြစ်ကမ်းနဘေး နုန်းမြေရှိတဲ့ သောင်ကျွန်းကို မက်ကြပါသတဲ့။  စာရေးသူတို့လည်း နယ်စပ်တကြောက သံလွင်မြစ်ကြီးကို ၇၇ ခုနှစ်တုန်းက ကချင်ပြည်နယ် ဖောင်းဆိုင်ရွာကနေ နေ့ဝက်ခရီး တောင်ဆင်းလမ်းအတိုင်း ဆင်းကာ မြစ်ဟိုဘက်ကမ်းကို တခါ ဖြတ်ဖူးသလို၊ တန့်ယန်းမြို့အောက်က တာကော် အောက်တံတားကလည်း ဖြတ်ဖူးတယ်။

အခုလည်း ကြီးမားခန့်ထည်တဲ့ သံမဏိကြိုးတံတားကြီးကို ကျော်ဖြတ်ကာ မြစ်ဒီဘက်ကမ်း လုခိုမြို့ကို ရောက်ကြပါပြီ။

တရုတ်ပြည်ဟာ ၁၉၄၉ ခုနှစ်က နှစ် ၄၀ အကြာ ဖြစ်တဲ့ ၁၉၈၉ ခုနှစ်မှာ အရှိန်အဟုန် ကောင်း ကောင်းနဲ့ ဖွံ့ဖြိုးနေပြီဆိုတော့ နယ်စပ်မြို့တော်ကြီးတွေဟာလည်း လျှပ်စစ်မီး တထိန်ထိန်၊ တိုက်တာကြီးတွေ ပေါများတဲ့အပြင် ထူးခြားမှုက တရုတ် ရုပ်မြင်သံကြား ဝါဒဖြန့် ချိရေး အသံလွှင့်ဌာနတွေ လောက်စပီကာကတဆင့် လုခိုတမြို့လုံး ဟိန်းဟိန်းညံနေတာပါပဲ။

စာရေးသူကတော့ ဒုက္ခသည်ဘဝမှာ ရဲဘော်အားလုံး နည်းတူ ကောင်းတာတွေ့လည်း မခံစားနိုင်တော့ပါ။  'ဝ' တပ်သားတွေ ပါတီကို အာဏာသိမ်းတုန်းက ခုခံရင် သေမှာ အမှန်ပဲလို့ နောက်ကြောင်းပြန် စဉ်းစားမိတော့ အခုဘဝဟာ နေပျော်သလို ဖြစ်လာပြန်ပါတယ်။  ဒီလိုနဲ့ နောက်နေ့ခရီး ဆက်ကြရာမှာ တောင်တက်ခ၇ီးအတိုင်း ကားတက်ရပါတယ်။

လုခိုက ဖီမော်သို့

မန္တလေးမြို့နဲ့ ပထဝီမျဉ်းတပြေးတည်းမို့ 'ဝ'နယ် ပန်ဆန်းဒေသနဲ့ လီရှောတိုင်းဒေသ လုခိုမြို့တို့ဟာ ရာသီဥတု တထပ်တည်း တူညီတာမို့ ပူအိုက်စွတ်စိုပါတယ်။  ဖီမော်ဒေသကို သွားတဲ့ခရီးဟာ မြစ်ဘေးကနေ တက်တော့ တောင်တက်ခရီးပါ။  နယ်ခြားအမှတ်အသားအဖြစ် ကျောက်စာတိုင် စိုက်ထူထားတာ ဖတ်လိုက်တော့ ယားခိုတဲ့လေ။  ယားခိုခေါ် နယ်စပ် တောင် ထိပ် နေရာဟာ မြင့်လွန်း အေးလွန်းပါတယ်။  ယားခိုကနေ တောင်ပတ်လမ်းအတိုင်း ကားလမ်းပြေပြေ သွားပြန်တော့ တရုတ်ပြည် ဖီမော(ဖျင့်မာ) မြို့ကို ရောက်ပါပြီ။  ဖီမော်ဟာ ရှေးယခင် ပထစ အစိုးရ ဦးနုလက်ထက်မှာ မိုင်းမော၊ ပန်ဝိုင်ဒေသကို တရုတ်တို့က ပေးကာ ဖီမော်၊ ဂေါ်လန်၊ ကန့်ဖန် ကို မြန်မာတို့က တရုတ်ကို ပေးလိုက်ရတဲ့ေးသတွေ ဖြစ်တဲ့ လဝေါ် (လချိတ်) လီရှောတို့ရဲ့ ဒေသပါ။  တရုတ်ပြည် ဖီမော်နဲ့ ဗမာပြည် ဖီမော်ရယ်လို့ ကွဲပြားပါ သေးတယ်။  ကျွန်မတို့ စခန်းချရမယ့် ဒုက္ခသည်စခန်းက ဗမာပြည် ဖီမော်ဒေသ လိုင်ကန်ရွာမှာပါ။



No comments: