Showing posts with label သတင်းပြတိုက်. Show all posts

Wednesday, May 7, 2008
သတင်းပြတိုက် (၀၀၀၃)
ရှာဖွေစုဆောင်းသူ- ဘိုဘိုလန်းစင်
စ၀်ခွန်ချိုအဆက်အသွယ်ရပြီ
(၁၄) နိုင်ငံကွန်ဖရင့်သို့ ၀န်ကြီးစ၀်ခွန်ချိုကိုပင် လွှတ်မည်
ရန်ကုန်၊ မေလ (၆) ရက်၊ ၁၉၆၁
မြန်မာနိုင်ငံခြားရေးဝန်ကြီး စ၀်ခွန်ချိုနှင့် မြန်မာနိုင်ငံရှိ နိုင်ငံခြားရေးဌာနတို့ အဆက်အသွယ် ပြတ်နေ၍ ရှာပုံတော် ဖွင့်ခဲ့ရသည်၌ ယနေ့ အဆက်အသွယ်ရရှိပြီဟု သိရသည်။
အင်္ဂလန်တွင်ရှိပါသည်
ဝန်ကြီးစ၀်ခွန်ချိုက မိမိအင်္ဂလန်တွင် ရှိနေပါသည်။ ထို့ကြောင့် ဂျီနီဗာကွန်ဖရင့်သို့ တက်ရောက်ရန် မြန်မာနိုင်ငံတော်အစိုးရက ပေးအပ်မည့်တာဝန်ကို မိမိလက်ခံပါသည်။ ထမ်းဆောင်ပါမည်ဟူ၍ ထိုကြေးနန်း၌ ဖော်ပြပါရှိပြီး နိုင်ငံခြားရေးရုံးသို့ ကြေးနန်းကို ပို့ပေးလာသည် ဟုဆိုသည်။
အစီရင်ခံ၏
ထို့ကြောင့် နိုင်ငံခြားရေးဌာနအတွင်းဝန် မစ္စတာဂျိမ်းဘဲရင်တန်က ၀န်ကြီးဒေါက်တာ ဦးအေးမောင်ထံ ကြေးနန်းရရှိကြောင်း လာရောက်အစီရင်ခံသွားသည်ဟု သိရသည်။
အခြားလူမလွှတ်တော့
မြန်မာနိုင်ငံတော်အစိုးရသည် လောပြဿနာငြိမ်းချမ်းစွာ ဖြေရှင်းရေး ဂျီနီဗာ (၁၄) နိုင်ငံ အစည်းဝေးသို့ မူလက စီစဉ်သည့်အတိုင်း ၀န်ကြီးစ၀်ခွန်ချိုကိုပင် တက်ရောက်စေတော့မည်။ ၀န်ကြီးစ၀်ခွန်ချိုနှင့် အဆက်ပြတ်နေချိန်က တခြားပုဂ္ဂိုလ်တဦးအား ရာထားချက်ကို ပြန်လည် ပယ်ဖျက်လိုက်ပြီဟု သိရသည်။
(လူထု၊ အမှတ်- ဃ (၃၄၆)၊ ၁၉၆၁ ခု၊ မေလ၊ ၇)
xxxx xxxx xxxx
မြန်မာနိုင်ငံခြားရေးဝန်ကြီးတွေထဲမှာ ၀န်ကြီးသက်အရှည်ဆုံး (၁၁ နှစ်) စ၀်ခွန်ချို (၁၉၁၂- ?) ဟာ တော်တော်နောက်တဲ့သူပဲလို့ ဆိုရမယ်။ ပုထုဇဉ်ပီပီ မဟာဒေ၀ီနဲ့ တွေ့တုန်းတွေ့ခိုက် နိုင်ငံခြားရေးနဲ့ ရှမ်းပြည်နယ်ဝန်ကြီးဆိုတဲ့ တာဝန်တွေကို မေ့ထားချင်မှာ ပေါ့။ ဒီ မေဘယ်လ် ဆိုတဲ့ အင်္ဂလိပ်အမျိုးသမီးနဲ့ လက်ထပ်တုန်းကလည်း သူ့ဖခင်က သဘောမတူလို့ မိုးမိတ်ပြန်သွားရသတဲ့။ ရောက်ပြီးမကြာမီ ခမည်းတော်ဆုံးလို့ စော်ဘွား အရိုက်အရာ ဆက်ခံရပြီး ဇနီးသည်ကိုလည်း ဒီခေါ်လိုက်ရော။ ဒါပေမယ့် နောက်ပိုင်းကျတော့ မေဘယ်က ဘိလပ်ပြန်နေပါတယ်။ စ၀်ခွန်ချို တော်လှန်ရေးကောင်စီက ထိမ်းသိမ်းရာက ပြန်လွှတ်ပေးလိုက်တဲ့ နောက်လည်း ဇနီးသည်ရှိရာ အင်္ဂလန်လိုက်သွားပြီး ဟိုမှာပဲ ဆုံးတယ်လို့ ဆိုပါတယ်။ မဟာသရေစည်သူ ဂျိမ်းစ်ဘဲရင်တန် (ICS)(၁၉၁၁-?) ဟာ အမြဲတမ်းအတွင်းဝန်၊ သံအမတ်စတဲ့ ရာထူးတွေနဲ့ မြန်မာ့နိုင်ငံခြားရေးဌာနမှာ အနှစ် နှစ်ဆယ်ခန့် (၁၉၄၂- ၁၉၆၅) ထမ်းဆောင်သွားတဲ့ ၀ါရင့်အမှုထမ်းပါ။ ဒေါက်တာဦးအေးမောင် (၁၈၈၉-?) ကတော့ ရှေ့နေချုပ်၊ တရားဝန်ကြီး၊ ၀န်ကြီး စတဲ့ ရာထူးကြီးတွေ ကိုင်သွားတဲ့ ဥပဒေပါရဂူပဲ။
ဘိုဘိုလန်းစင်
ဖေဖော်ဝါရီ ၂၀၀၂
{၂၀၀၄၊ စက်တင်ဘာလထုတ် ရွက်နုဝေ မဂ္ဂဇင်းမှ ကူးယူဖော်ပြပါတယ်။}
သတင်းပြတိုက် (၀၀၀၂)
ရှာဖွေစုဆောင်းသူ- ဘိုဘိုလန်းစင်
နိုင်ငံခြားရေးဝန်ကြီးရှာပုံတော်
သံကြိုးလည်းမရ၊ ဘယ်ရောက်နေမှန်းလည်းမသိ ဖြစ်နေခြင်း
ရန်ကုန်၊ မေလ (၂) ရက်၊ ၁၉၆၁
နိုင်ငံခြားရေးဝန်ကြီး စ၀်ခွန်ချိုအား ရှာပုံတော်ကြီးဖြင့် ရှာခဲ့လေသည်။ ယနေ့အထိ ၀န်ကြီးစ၀်ခွန်ချို ဘယ်ရောက်နေသည် မသိရ။ စုံစမ်း၍မရပါဟူ၍ နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဂျိမ်းဘဲရင်တန်က ခေတ္တနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဦးအေးမောင်ထံ အစီရင်ခံရှာသည်ဟု သိရသည်။
သံကြိုးလည်းမပြန်လာ
ဝန်ကြီးစ၀်ခွန်ချိုမှာ အင်္ဂလန်ပြည်ရှိ ၀န်ကြီးကတော် ကားတိုက်ခံရသည်ဆို၍ ခွင့်ယူပြီး အင်္ဂလန်သို့ လိုက်ပါသွားခဲ့သည်။ ထိုအချိန်နောက်ပိုင်း ကာလကြာသောအခါ၌ မြန်မာပြည် အတွင်း၊ ၀န်ကြီးနှင့်ပတ်သက်သည့် ပြဿနာများပေါ်လာ၍ အစိုးရက သံကြိုးရိုက်၍ ခေါ်ခဲ့သည်။ သို့သော်လည်း သံကြိုးစာ ပြန်မရခဲ့။
လက်လျှော့ပြီ
ထို့ကြောင့် ခေတ္တနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဦးအေးမောင်က ၀န်ကြီး စ၀်ခွန်ချို ဘယ်အရပ်သို့ ရောက်နေသည်။ တွေ့သော် ပြန်လာရန်အတွက် နိုင်ငံခြားရေးဌာနသို့ တာဝန် ပေးသည်။ ၀န်ကြီးဦးအေးမောင်၏ တာဝန်ပေးချက်အရ စုံစမ်းခဲ့သော်လည်း ဘယ်ရောက်နေ သည်လဲ မသိရ။ သံကြိုးလည်း မပြန်လာနှင့် နောက်ဆုံးလက်လျှော့ရသော အခြေအနေသို့ ရောက်ရှိလာပြီး ယနေ့တွင် နိုင်ငံခြားရေးဌာန အမြဲတမ်း အတွင်းဝန်က အထက်ပါအတိုင်း အစီရင်ခံလာခြင်းဖြစ်သည်ဟု သိရသည်။
(လူထု၊ အမှတ်-ဃ) (၄၃၁)၊ ၁၉၆၁ ခု၊ မေလ ၃ ရက်)

သတင်းပြတိုက် (၀၀၀၁)
ရှာဖွေစုဆောင်းသူ- ဘိုဘိုလန်းစင်
ဆရာမြမျိုးလွင် အိမ်အဖောက်ခံရခြင်း။
၂ ထောင်ကျော်ဘိုး ပါသွားသော်လည်း ရဲကိုမတိုင်လိုတော့
မန္တလေး၊ ဒီဇင်ဘာ ၁၃၊ ၁၉၅၆။
ဒီဇင်ဘာလ ၁၂ ရက်နေ့ ညပိုင်းအချိန်က မန္တလေးမြို့ ညွန့်ပေါင်းဈေး၊ ရဲဌာနာအပိုင် ၃၄ လမ်း၊ ညောင်ဇင်တန်းရပ်ရှိ အထက်ဗမာနိုင်ငံ စာရေးဆရာများအသင်းနှင့် အထက်ဗမာနိုင်ငံ သတင်းစာဆရာများအသင်း ဥက္ကဌကြီး ဆရာကြီးမြမျိုးလွင်၏ နေအိမ် အရှေ့ဘက်ခေါင်းရင်းမှ ဆရာကြီး မြမျိုးလွင်နှင့် ဆရာကတော် ဒေါ်ဒေါ်သောင်းတို့ အိပ်ပျော်နေခိုက် ထုထရံကို ထက်မြက်သော် ဓားဖြင့်လှီးဖောက်၍ အိမ်အတွင်းရှိ အဘိုးငွေ စုစုပေါင်း ၂ ထောင်ကျော်တန် ငွေဖလာကြီးများနှင့် အဘိုးတန် အ၀တ်အထည်များအား ဖောက်ထွင်းခိုးယူသွားခြင်း ခံရ ကြောင်း။
အမောအဖတ်တင်မည်
ဆရာကြီးကမူ အမှုကို ဌာနသို့ မတိုင်လိုတော့ကြောင်း။ တိုင်တန်းကလည်း အမောသာ အဖတ်တင်မည် ဖြစ်ကြောင်း။
မနှစ်ကလည်း ခံခဲ့ရသည်
မည်သို့ကြောင့်ဆိုသော် ပြီးခဲ့သော နှစ်ကလည်း ဖောက်ထွင်းခိုးယူခြင်းခံရသဖြင့် သက်ဆိုင်ရာ ရဲဌာနသို့ သွားရောက်တိုင်တန်းသော်လည်း မည်သို့မျှ ထူးခြားမှု မရှိခြင်းကြောင့် ပင်ဖြစ်ကြောင်းနှင့် တပည့်တပမ်း သတင်းထောက်များအား ပြောပြကြောင်း။
(၁၄၊ ၁၂၊ ၅၆ လူထုသတင်းစာ အမှတ် ၈၇၁)

Subscribe to:
Posts (Atom)